← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁) ဧည့်ခံပွဲမတိုင်မီ ဖြစ်ပွားခဲ့သော ပြဿနာငယ်လေး

"ဘာလဲ... ငါတို့က စကားပြောခွင့် မရှိဘူးလား..."

ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးက နှာခေါင်းရှုံ့လိုက်ပြီး စောစောက စကားပြောခဲ့သော မိန်းကလေးကို အထင်သေးစွာ ကြည့်လိုက်လေသည်။

"အရာရှိဖြစ်တော့ရော ဘာဖြစ်လဲ... ဘာတွေများ ကြီးကျယ်နေလို့လဲ... ဒီလောက်ထိ ကြောက်စရာမလိုပါဘူး..."

“သူမလို ကလေးလေးတစ်ယောက်က ဘာအသိပညာများ ရှိနိုင်မှာလဲ... သူမရဲ့ ဖခင်ကောင်းကို အားကိုးနေတာပဲလေ…”

ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးသည် မထီမဲ့မြင်ဖြင့် နှုတ်ခမ်းကို တွန့်လိုက်ပြီး ယွင်ဟွားကဲ့သို့ လူကပ်ပါးများကို လုံးဝ ရွံရှာကြောင်း ပြသလိုက်လေသည်။

ထိုမိန်းကလေး၏ မျက်နှာမှာ တင်းမာသွားပြီး စကားများလွန်းသော မိမိကိုယ်ကိုယ် ပါးရိုက်ပစ်ချင်စိတ် ပေါ်လာလေသည်။

ဇာတ်လမ်းကို တိတ်တဆိတ်ကြည့်နေခြင်းက ပိုမကောင်းပေဘူးလောဟု သူမ တွေးလိုက်မိလေသည်။

နားပါးသော ယွင်ဟွားသည် ဤခနဲ့တဲ့တဲ့ စကားများကို ကြားသည်နှင့်တစ်ပြိုင်နက် မည်သူပြောသည်ကို လျင်မြန်စွာ သိရှိသွားလေသည်။

သူမ လှည့်ကြည့်လိုက်ရာ မိခင်ဖြစ်သူမှာ သိကျွမ်းသူတစ်ဦးနှင့် စကားပြောနေသည်ကို မြင်လိုက်ရသဖြင့် ထင်ရှားသော မိသားစုများမှ သခင်မလေးများ စုဝေးရာသို့ တိတ်တဆိတ် ချဉ်းကပ်သွားလေသည်။

ယွင်ဟွားသည် ခေါင်းကို မော့ကာ ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်လေသည်။

“ငါက တကယ့်ကို ကြီးကျယ်တဲ့သူပဲ...နင်ရော နင်သာ အဲ့လောက် အရည်အချင်းရှိနေရင် ဘာလို့ ကိုယ်တိုင်အရာရှိမလုပ်တာလဲ..."

"အရည်အချင်းမရှိရင် လိမ္မာပါးနပ်စွာ ပါးစပ်ပိတ်ထားလိုက်ပါ... ပါးစပ်မပိတ်နိုင်ဘူးဆိုရင်လည်း ငါ မကြားနိုင်တဲ့ နေရာမှာသွားပြီး အော်နေစမ်းပါ.."

ယွင်ဟွားသည် ရင်ဘတ်တွင် လက်ပိုက်ကာ မည်သည့် ယဉ်ကျေးမှုမျှမပါဘဲ ပြောလိုက်လေသည်။ ရောက်ရောက်ချင်း ဤကဲ့သို့သော ခနဲ့တဲ့တဲ့ စကားများကို ကြားရလောက်အောင် သူမ ဘာများ လုပ်ခဲ့မိသနည်း။

သူမသည် မျက်နှာချင်းဆိုင်ရှိ ဒေါသထွက်နေသော ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးကို ကြည့်လိုက်သော်လည်း မည်သည့် ကြောက်ရွံ့မှုမျှ မပြသခဲ့ပေ။

အကယ်၍ သူမ အရည်အချင်းရှိပါက မျက်နှာချင်းဆိုင် ရင်ဆိုင်လိမ့်မည်ဖြစ်ပြီး ရန်ဖြစ်ခြင်းနှင့် ဆံပင်ဆွဲခြင်းတို့တွင် သူမက အလွန်အတွေ့အကြုံရှိလေသည်။

ယွင်ဟွား၏ မျက်နှာပေါ်ရှိ လှောင်ပြောင်နေသော အပြုံးကို မြင်သောအခါ ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးသည် ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ ခါးသီးစွာ ပြောလိုက်လေသည်။

"နင်က ဖခင်ကောင်းတစ်ယောက် ရှိနေတာကို အားကိုးနေတာပဲလေ... မဟုတ်ရင် နန်းတော်မှာ နင် ဘယ်လိုလုပ် အရာရှိဖြစ်လာနိုင်မှာလဲ..."

ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးသည် မျက်ခုံးပင့်လိုက်ပြီး သူမ၏ မျက်လုံးများမှာ မနာလိုမှုကြောင့် နီရဲနေကာ သူမ၏ စစ်မှန်သော ခံစားချက်များကို မစဉ်းစားဘဲ ထုတ်ပြောလိုက်လေသည်။

ဤစကားများသည် လူအုပ်ကြားတွင် ဆူညံပွက်လောရိုက်သွားစေခဲ့လေသည်။

ယွင်ဟွားက မျက်လုံးများကို မှေးကြည့်လိုက်ပြီး သူမကို ပေါင်းရမည်လော သို့မဟုတ် ကြော်ရမည်လောဟူသည်ကို စဉ်းစားနေလေသည်။

"ဟုတ်တယ်... ငါက ဖခင်ကောင်းတစ်ယောက် ရှိလို့ ကံကောင်းနေတာလေ... နင် မနာလိုဖြစ်နေတာလား..."

ယွင်ဟွားသည် သူမ၏ လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်လိုက်လေသည်။

“ငါက အရင်ဘဝတည်းက ထူးချွန်တဲ့သူဖြစ်လို့ ဘဝပြန်လည်ဝင်စားတဲ့အခါမှာတောင် ဖြတ်လမ်းကနေ သွားနိုင်တယ်လေ... နင်ကတော့..."

ယွင်ဟွားသည် မထီမဲ့မြင်ဖြင့် ခေါင်းယမ်းလိုက်လေသည်။

"ကျွတ် ကျွတ် ကျွတ်... ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါ့ကို မယှဉ်နိုင်ပါဘူး...အဲ့တာကိုပဲ နောက်ခံအင်အားလို့ ခေါ်တာပေါ့..."

"နင်... နင်..."

ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးသည် ယွင်ဟွား၏ စကားများကြောင့် အလွန် ဒေါသထွက်သွားလေသည်။ သူမသည် ယွင်ဟွားကို လက်ညှိုးထိုးကာ စကားထစ်နေပြီး စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။

ယွင်ဟွားသည် တစ်စုံတစ်ယောက်က သူမအား လက်ညှိုးထိုးခြင်းကို အမုန်းဆုံးဖြစ်ရာ သူမ၏ လက်ကို ပုတ်ချလိုက်လေသည်။

သူမ နန်းတွင်းသို့ အရာရှိတစ်ဦးအဖြစ် စတင်ဝင်ရောက်လာခြင်းတွင် သူမ၏ ဖခင်သည် အမှန်တကယ် အကြောင်းရင်းတစ်ခု ဖြစ်သော်လည်း ၎င်းမှာ မည်သူမျှ မေးခွန်းထုတ်နိုင်သော အရာ မဟုတ်ပေ။

“ရှောင်ရှူးရှူး... သူမကို မှတ်လောက်အောင် လုပ်ပေးလိုက်မယ်…”

ယွင်ဟွားသည် ပြုံးလျက် ရှေ့သို့ တက်လာသော်လည်း သူမ၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ကျန်ရစ်နေလေသည်။

နောက်တစ်စက္ကန့်တွင်...

သူမသည် ထိုနေရာတွင်ပင် အေးခဲသွားလေသည်။

ကျစ်... အရပ်မရှည်သည့် ဒုက္ခကို သူမ ထပ်ခံစားနေရပြန်ပြီ ဖြစ်လေသည်။

သို့သော်လည်း သူမသည် မျက်နှာသေဖြင့်သာ နေပြီး အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။

ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေး တုန်လှုပ်သွားပြီး သူမ၏ စိတ်များ ချက်ချင်း ကြည်လင်သွားလေသည်။

"နင်... နင် ဘာလုပ်ချင်လို့လဲ..."

"ငါ နင့်အတွက် ဗေဒင်တွက်ပေးမလို့လေ..."

ယွင်ဟွားက သွားဖြီးလိုက်ပြီး သူမ၏ လက်သေးသေးလေးများက ဟိုဟိုဒီဒီ စတင်ရှာဖွေနေကာ သူမ၏ မျက်နှာပေါ်တွင် အဆိုးအသွမ်း အပြုံးတစ်ခု ပေါ်လာလေသည်။

"နက္ခတ်တာရာ လေ့လာရေးဌာနက ငါ့ရဲ့ ရာထူးအသစ်ဟာ အစစ်အမှန် အရည်အချင်းကြောင့်လား ဒါမှမဟုတ် ငါ့ရဲ့ အဖေကြောင့်လားဆိုတာ နင့်ကို ပြသရသေးတာပေါ့..."

အဘယ်ကြောင့်မှန်း မသိပေ။

ဝါဂွမ်းဝတ်စုံနှင့် မိန်းကလေးသည် ယွင်ဟွား၏ မျက်နှာပေါ်ရှိ အပြုံးကို သတိပြုမိသွားပြီး သူမ၏ မျက်ဆန်များ ရုတ်တရက် ကျုံ့ဝင်သွားလေသည်။

“ဟွားဟွားလေး... ငါ ရောက်လာပြီ…”

ရှင်ခြင်းသေခြင်းစာအုပ်၏ အသံက လူအုပ်ကြီးကို ဆွဲဆောင်သွားလေသည်။

'”ဟွားဟွားလေး... သူမရဲ့ နာမည်က ကုန်းကျန်းကျူတဲ့... ကိုယ်လုပ်တော်က မွေးတဲ့ သမီးပါ... သူမရဲ့ ဖခင်က တော်ဝင်ယဇ်ပူဇော်ရေးရုံးတော်ရဲ့ ဒုတိယဝန်ကြီးဖြစ်ပြီး စတုတ္ထအဆင့် အရာရှိတစ်ဦးပါ…”

“ဒါပေမယ့်လည်း သူမရဲ့ ဖခင်က ဇနီးသည်ထက် ကိုယ်လုပ်တော်ကို ပိုချစ်မြတ်နိုးပြီး တရားဝင်ဇနီးသည် အိပ်ရာထဲလဲနေချိန်မှာ ကိုယ်လုပ်တော်ကို အိမ်တော်ကို စီမံခန့်ခွဲခွင့် ပေးထားတယ်... တရားဝင်သမီးကို ကိုယ်လုပ်တော်ရဲ့ သမီးအဖြစ် ကြီးပြင်းစေပြီး ကိုယ်လုပ်တော်ရဲ့ သမီးကိုတော့ တရားဝင်သမီးအဖြစ် ကြီးပြင်းစေခဲ့တယ်... သူတို့ နှစ်ယောက်က လဝက်လောက်ပဲ ကွာခြားပြီး ကြီးပြင်းလာခဲ့ကြတော့ အပြင်လူတွေ အကုန်လုံးက ကုန်းကျန်းကျူကို တရားဝင်သမီးလို့ ထင်နေကြတာ…”

“သူမက မြို့တော်မှာ အရည်အချင်းရှိတဲ့ အမျိုးသမီးလို့ ကိုယ့်ကိုယ်ကိုယ် သမုတ်နေပေမယ့် တကယ်တော့ သူမက လုံးဝ ဦးနှောက်မရှိတဲ့သူပါ... အဲ့ကဗျာတွေနဲ့ စာစီစာကုံးတွေ အားလုံးက သူမရဲ့ အစ်မဖြစ်သူ ရေးသားထားတာတွေချည်းပဲ... ဟွားဟွားလေး... သူမမှာ အရှက်မရှိဘူးလို့ မထင်ဘူးလား…”

*အရှက်မရှိလိုက်တာ……*

လူတိုင်းက သူမကို စိတ်ထဲမှ ပြစ်တင်ရှုတ်ချနေကြပြီး ကုန်းကျန်းကျူဆီသို့ ကြည့်သော သူတို့၏ အကြည့်များတွင် အထင်အမြင်သေးမှုနှင့် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေလေသည်။

သူမသည် ကိုယ်လုပ်တော်၏ သမီးဖြစ်သည်မှာ ရှင်းလင်းနေသော်လည်း တရားဝင်သမီးအဖြစ် ဟန်ဆောင်ကာ အခြားသူများ၏ စာမူများကိုပင် ခိုးချခဲ့လေသည်။ သူမသည် အဆုံးစွန်ထိ အရှက်မရှိသူ ဖြစ်လေသည်။

ပတ်ဝန်းကျင်ရှိလူများ သူမကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားသည်ကို ကုန်းကျန်းကျူ သတိပြုမိလိုက်လေသည်။

သူမ ထိတ်လန့်ခြင်းကို မထိန်းနိုင်ခဲ့ပေ။

သူမ ထွက်သွားချင်သော်လည်း ယွင်ဟွားက သူမကို ပြန်ဆွဲထားလိုက်လေသည်။

"မသွားနဲ့ဦး...ငါ နင့်အတွက် ဗေဒင်မတွက်ပေးရသေးဘူးလေ..."

"လွှတ်စမ်း..."

ကုန်းကျန်းကျူ၏ လက်ကို ယွင်ဟွားက နာကျင်စွာ ဆုပ်ကိုင်ထားသဖြင့် သူမ၏ အသံမှာ အလိုအလျောက် စူးရှသွားလေသည်။

"မိန်းမယုတ်လေး... နင် ငါ့ကို မလွှတ်ပေးရင် ငါ ရိုင်းစိုင်းတယ်လို့ မပြောနဲ့နော်..."

ဤမျှ အရပ်ပုသော မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် ဤမျှကြီးမားသော ခွန်အားရှိနေရသနည်း။ သူမသည် လုပ်စရာမရှိသည့်အခါ အစ်မဖြစ်သူအား ထိုးရန် အသုံးပြုလေ့ရှိသော ငွေအပ်များကို လက်စွပ်အတွင်း၌ ဖွက်ထားလေသည်။

ကုန်းကျန်းကျူ၏ မျက်လုံးများ ဟိုဟိုဒီဒီ ရွေ့လျားသွားပြီး မကောင်းဆိုးဝါး ရည်ရွယ်ချက်တစ်ခု သူမ၏ အတွင်းစိတ်၌ ထွက်ပေါ်လာလေသည်။

“ဟွားဟွားလေး... အဲ့မိန်းမက နင့်ကို ထိုးတော့မယ်…”

“ငါ့ကို ထိုးမယ်ဟုတ်လား…”

ယွင်ဟွားသည် သူမ၏ လက်လှုပ်ရှားမှုများကို သတိပြုမိသွားပြီး မျက်ခုံးပင့်လိုက်လေသည်။

ဓားများနှင့် လက်နက်များသည် သူမကို လုံးဝ အန္တရာယ်မပေးနိုင်ဘဲ သေးငယ်သော ငွေအပ်လေးတစ်ချောင်းကသာ အန္တရာယ်ပေးနိုင်မည်လော။

"နင်သာ ငါ့ကို ရဲရဲဝံ့ဝံ့ ထိုးလိုက်ရင် မနက်ဖြန် နန်းတော်မှာ နင့်ရဲ့ ဖခင်ကို ကိုယ်လုပ်တော်ကို ဇနီးသည်ထက် ပိုချစ်ပြီး ကိုယ်ကျင့်တရားကို လျစ်လျူရှုကာ တရားဝင်သမီးနဲ့ ကိုယ်လုပ်တော်ရဲ့ သမီးကို ခွဲခြားမသိဘူးလို့ ငါ စွပ်စွဲပစ်မယ်... နင်က ကိုယ်လုပ်တော်ရဲ့ သမီးဖြစ်ပေမယ့် လူတွေကို လှည့်စားဖို့အတွက် တရားဝင်သမီးရဲ့ အဆင့်အတန်းကို ရယူထားတာပဲ..."

"အော်... စကားမစပ်... နင့်ရဲ့ အစ်မက ကဗျာတွေနဲ့ စာစီစာကုံးတွေကို ဘယ်လောက်ကောင်းကောင်း အသုံးချနိုင်လဲ... နင့်အနေနဲ့ သူမရဲ့ အနှစ်သာရကို တစ်စိတ်တစ်ပိုင်းလောက်ပဲဖြစ်ဖြစ် သင်ယူထားဖူးရဲ့လား..."

လူတိုင်း ကြားနိုင်လောက်အောင်ပင် ယွင်ဟွား၏ အသံမှာ ကျယ်လောင်နေလေသည်။

ကုန်းကျန်းကျူ၏ လက်က ရုတ်တရက် ရပ်တန့်သွားလေသည်။

သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သူမသည် ယွင်ဟွားကို ထိတ်လန့်တကြား ကြည့်လိုက်လေသည်။

"နင်... နင်..."

ယွင်ဟွား၏ နားလည်ရခက်သော အပြုံးကို မြင်လိုက်ရချိန်တွင် ကုန်းကျန်းကျူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရလေသည်။

ယွင်ဟွားသည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ ခဏတာ ထိတ်လန့်နေမှုကို အခွင့်ကောင်းယူကာ သူမ၏ ကော်လာကို ဆုပ်ကိုင်ပြီး အောက်သို့ ဆွဲချလိုက်လေသည်။

သူမနှင့် မျက်လုံးချင်းဆုံစေရန် အတင်းအကျပ် ပြုလုပ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများတွင် ခပ်ရေးရေး အပြုံးတစ်ခု ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် အသံဖြင့် မေးလိုက်လေသည်။

"သခင်မလေးကုန်း... ငါ့ရဲ့ တွက်ချက်မှုတွေ တိကျရဲ့လားဆိုတာ ပြောပြပါဦး..."

"ပြီးတော့ ငါ အရာရှိရာထူးကို ရခဲ့တာက ငါ့အဖေကြောင့်လို့ နင် ထင်သေးလား..."

"ဟင်..."

ယခုအချိန်တွင် သူမသည် ရှောင်ရှူးရှူးကို အားကိုးနေရသော်လည်း သူတို့နှစ်ဦးမှာ တစ်သွေးတည်း တစ်သားတည်း ဖြစ်လေသည်။

ယွင်ဟွားသည် ပြုံးလိုက်ပြီး သူမ၏ လက်ကို လွှတ်ပေးလိုက်ကာ ကျေမွသွားသော ကော်လာကို ပြန်လည် ပြင်ဆင်ပေးလိုက်လေသည်။

ကုန်းကျန်းကျူ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် သူမသည် ဖြူရော်နေသော မျက်နှာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် အမြန်ဆုတ်သွားလေသည်။

သူမ၏ မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး သူမ၏ နှုတ်ခမ်းများ ဆက်တိုက် တုန်ယင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။

*မိစ္ဆာမ…*

*သူမက မိစ္ဆာမပဲ…*

မျက်လုံးချင်းဆုံလိုက်ရသော ထိုခဏတာ အချိန်လေးအတွင်း သူမသည် ငရဲပြည်၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ကုန်းကျန်းကျူသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားပြီး ပတ်ဝန်းကျင်ကို အလိုအလျောက် အကဲခတ်ကြည့်လိုက်လေသည်။ မြင့်မြတ်သော မိသားစုများမှ ထိုသခင်မလေးများက သူမကို မထီမဲ့မြင်ဖြင့် စိုက်ကြည့်နေကြသည်ကို မြင်သောအခါ သူမ သတိလစ်လုနီးပါး ဖြစ်သွားလေသည်။

အချိန်အတော်ကြာအောင် ကြိုးစားပမ်းစား ဖုံးကွယ်ထားခဲ့ရသော သူမ၏ ဇာစ်မြစ်မှာ ယခုတော့ ပေါ်ပေါက်သွားခဲ့လေပြီ။

"မဟုတ်ဘူး... မဟုတ်ဘူး... သူမ အမှန်ကို ပြောနေတာ မဟုတ်ဘူး... ကျွန်မက..."

"နင်က ဘာဖြစ်လဲ..."

သူမ မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုရန် ကြိုးစားနေဆဲဖြစ်သည်ကို မြင်သောအခါ ယွင်ဟွားက သူမကို ဖြတ်ပြောလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။

"သေချာစဉ်းစားပါ… နင့်ရဲ့ အနာဂတ်ကို ငါ ဟောကိန်းထုတ်နိုင်သေးတယ်..."

ကုန်းကျန်းကျူမှာ အံ့အားသင့်သွားလေသည်။

*လာပြန်ပြီ... လာပြန်ပြီ…*

*အရင်က ခံစားချက်မျိုးပဲ…*

သူမ၏ နဖူးပေါ်တွင် ချွေးပေါက်သေးသေးလေးများ တဖြည်းဖြည်း ပေါ်လာလေသည်။

နောက်တစ်စက္ကန့်တွင် ကုန်းကျန်းကျူသည် ရုတ်တရက် လှည့်ကာ နယ်စားအိမ်တော်၏ ဂိတ်တံခါးဆီသို့ ပြေးထွက်သွားလေသည်။

“အိုး…”

ယွင်ဟွားက တိုးတိုးလေး နှာခေါင်းရှုံ့လိုက်လေသည်။

သူမကို စိန်ခေါ်ဖို့ ဤမျှလောက် သတ္တိလေးပဲ ရှိတယ်ဆိုရင် ကြောက်လန့်ပြီး သေသွားလိမ့်မည်။

ရှင်ခြင်းသေခြင်းစာအုပ်က ကူကယ်ရာမဲ့စွာဖြင့် ပျံသန်းလာကာ ယွင်ဟွား၏ ပခုံးပေါ်တွင် နားလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။

“ဟွားဟွားလေး... ဒီနေရာက လူ့ပြည်နော်…”

“ငါ သိပါတယ်... ဒါပေမယ့်လည်း ငါ အများကြီး လျှော့ချထားတယ်လို့ ခံစားရတယ်…”

သူမသည် ငရဲပြည်မှ သိုင်းပညာရပ် တစ်ဆယ့်ရှစ်ခုလုံးကို အသုံးမပြုရသေးပေ။

ဖရိုဖရဲ ပြေးထွက်သွားသော ကုန်းကျန်းကျူကို ကြည့်ကာ ယွင်ဟွားသည် မျက်လုံးများကို မှေးလိုက်လေသည်။

“ဟွန့်... သူမရဲ့အဖေက ကိုယ်လုပ်တော်ကို ဇနီးသည်ထက် ပိုချစ်မြတ်နိုးတဲ့အတွက် မနက်ဖြန် နန်းတော်မှာ သေချာပေါက် စွပ်စွဲခံရလိမ့်မယ်... ဒါက လုံးဝကို ဘောင်ကျော်နေပြီ... အဲ့အမတ်ကုန်းကလည်း ပိုကောင်းမယ်လို့ ငါ မထင်ဘူး... ရှောင်ရှူးရှူး... နောက်မှ သူရဲ့ အတိတ်က လုပ်ရပ်တွေ အားလုံးကို ငါ့အတွက် တူးဖော်ပေးစမ်း…”

“ကောင်းပါပြီ…”

ယွင်ဝေသည် ယခင်က အိမ်တော်မှ အပြင်ထွက်လေ့မရှိသောကြောင့် ချွေ့ဝမ်ရှင်း၏ ဘေးတွင် အမြဲတမ်း ရှိနေတတ်လေသည်။ အချိန်တိုလေးအတွင်းမှာပင် ပြဿနာရှာတတ်သော သူမ၏ ညီမလေးမှာ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။

သူမသည် မိခင်ဖြစ်သူကို နှုတ်ဆက်ကာ ညီမလေးကိုရှာရန် အမြန် ထွက်သွားလေသည်။

ထိုစဉ် ဝါရောင်ပုံရိပ်တစ်ခု သူမ၏အနားမှ ဖြတ်ပြေးသွားပြီးနောက် ယွင်ဝေသည် ရှောင်ရှူးရှူး၏ အသံနှင့်အတူ သူမ၏ ညီမလေး မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ရလေသည်။

သူမ……။

သူမ အတင်းအဖျင်းတစ်ခုခုကို နားထောင်ဖို့ လွတ်သွားခဲ့လေသလော...။

အခန်း (၅၂) ရင်ဖွင့်စကားပြောခြင်း

"ဟွားဟွားလေး..."

ကြင်ယာတော်စုသည် မင်ယွမ်နယ်စားအိမ်တော်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အမျိုးသမီးတစ်စု၏ ဝိုင်းရံစကားပြောဆိုခြင်းကို ခံလိုက်ရလေသည်။ ထိုရည်ရွယ်ချက်ရှိရှိ မြှောက်ပင့်ပြောဆိုနေသော စကားသံများသည် သူမ၏နားထဲတွင် သစ်ပင်ပေါ်မှ စာကလေးများ မရပ်မနား အော်မြည်နေသကဲ့သို့ ဖြစ်နေပြီး အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပေသည်။

သို့သော်လည်း ယွင်ဟွား လျှောက်လာသည်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မနှစ်မြို့ဖွယ်ဖြစ်နေသော သူမ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် လင်းလက်သွားပြီး ပြုံးရွှင်သွားခဲ့လေသည်။

သူမသည် ပွဲလမ်းသဘင်များသို့ တက်ရောက်ရခြင်းကို အမုန်းဆုံးပင် ဖြစ်သည်။ ယနေ့ ယွင်ဟွားသည် သူမ၏ မိခင်နှင့်အတူ လာရောက်မည်ဆိုသည်ကို မသိခဲ့ပါက ဤကောက်ကျစ်စဉ်းလဲသော အမျိုးသမီးများနှင့် အပြင်ထွက်၍ ရင်ဆိုင်ရမည့်အစား အိမ်တော်ထဲတွင်သာ နေကာ သိုင်းပညာကျင့်ကြံနေရန် ပို၍ နှစ်သက်မိမည် ဖြစ်လေသည်။

"ကြင်ယာတော်စု…”

ယွင်ဟွား၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး သူမက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။

“ပန်းကလေး... အဲ့ဖျားနာနေတဲ့ မင်းသား မလာဘူး..”

ရှင်ခြင်းသေခြင်းစာအုပ်က သက်ပြင်းချလိုက်လေသည်။

ယွင်ဟွားသည် ဂရုမစိုက်ခဲ့ပေ။ သူ မလာလျှင်လည်း မလာပါစေ။ ယနေ့ သူမ၏ ရည်ရွယ်ချက်မှာ မိခင်အတွက် လက်စားချေရန်သာ ဖြစ်လေသည်။

ကြင်ယာတော်စုက ယွင်ဟွားကို ချစ်ခင်ကြင်နာစွာဖြင့် ဆွဲယူလိုက်လေသည်။

"ဟွားဟွားလေး... သမီးရဲ့ အရာရှိဝတ်စုံအသစ်က ကြည့်ကောင်းလှချည်လား..."

ဧကရာဇ်က ယွင်ဟွားအား နက္ခတ်တာရာ လေ့လာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေးလိုက်ကြောင်း သူမ၏ ခင်ပွန်းပြောသည်ကို သူမ ကြားခဲ့ရလေသည်။

သူမ၏ ထူးဆန်းသော အတွင်းစိတ်အသံများကို ဖုံးကွယ်ရန်အတွက် ကံကြမ္မာဟောကိန်းထုတ်ခြင်းနှင့် ဗေဒင်တွက်ခြင်းတို့ကို အသုံးပြုနိုင်ပေလိမ့်မည်။

ချွေ့ဝမ်ရှင်း၏ မျက်နှာအမူအရာမှာ ခံစားချက်မဲ့နေလေသည်။ ထို့နောက် ထိုနေ့က မီးလောင်မှုကို ပြန်လည်သတိရသွားပြီး သူမသည် မကျေမနပ်ဖြင့် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်လေသည်။

ယွင်ဟွားသည် လှည့်ကြည့်လိုက်ရာ ချွေ့ဝမ်ရှင်း နေမကောင်းဖြစ်နေပုံကို မြင်လိုက်ရလေသည်။ သူမသည် မိခင်၏ဘေးသို့ ချက်ချင်း ပြေးသွားကာ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

“အမေ... နေမကောင်းဘူးလား..."

"သမီးတို့ အိမ်ပြန်ပြီး သမားတော် အရင်သွားပြရအောင်လား..."

သူမသည် သခင်မမင်ယွမ်ကို ပြဿနာရှာချင်နေသော်လည်း မိခင်၏ ကျန်းမာရေးမှာ သူမအတွက် အရေးကြီးဆုံးပင် ဖြစ်လေသည်။

“အမေ အဆင်ပြေပါတယ်... စောစောက..."

ချွေ့ဝမ်ရှင်းသည် ကြင်ယာတော်စုကို တစ်ချက်ကြည့်လိုက်ပြီး ယွင်ဟွား၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ရယ်မောလိုက်လေသည်။

“အမေ စောစောက တံတွေးသီးသွားလို့ပါ..."

"တကယ်လား..."

ယွင်ဟွားသည် ချွေ့ဝမ်ရှင်းကို သံသယဖြင့် ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်နေဆဲပင် ဖြစ်လေသည်။

ချွေ့ဝမ်ရှင်းက ပြုံး၍ ပြန်ဖြေလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် ကြင်ယာတော်စုက လျှောက်လာခဲ့လေသည်။

"သခင်မယွင်..."

ချွေ့ဝမ်ရှင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် တောင့်တင်းသွားပြီး သူမက ညင်သာစွာ အရိုအသေပေးလိုက်လေသည်။

"ဂါရဝပြုပါတယ် ကြင်ယာတော်စု..."

ကြင်ယာတော်စုက သူမ ဘာတွေးနေသည်ကို မသိဘဲ နေမည်လား။ သူမသာ ထိုနေရာတွင် ရှိနေပါက တစ်ဖက်လူအပေါ် ဤသို့ပင် ခံစားရပေလိမ့်မည်။

"သခင်မယွင်... ကျွန်မ သခင်မနဲ့ သီးသန့် စကားနည်းနည်းလောက် ပြောလို့ရမလား..."

ချွေ့ဝမ်ရှင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာသွားလေသည်။ အချိန်အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူမက ယွင်ဟွားဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ဟွားဟွား... သမီး ဒီနေရာမှာပဲ စောင့်နေနော်... ဟိုဟိုဒီဒီ လျှောက်မသွားနဲ့..."

ထို့နောက် သူတို့နှစ်ဦးသည် အခြားတစ်ဖက်သို့ လျှောက်သွားခဲ့ကြလေသည်။

“ပန်းကလေး... ငါ သွားပြီး အတင်းအဖျင်း နားထောင်ရမလား..”

ပျံထွက်သွားတော့မည့် ရှင်ခြင်းသေခြင်းစာအုပ်ကို ယွင်ဟွားက အလျင်အမြန် ဖမ်းဆွဲလိုက်ပြီး ၎င်း၏ခေါင်းကို ပုတ်ကာ သဘောမတူသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

“မသွားနဲ့... သူတို့မှာ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိနေပုံရတယ်..”

ယွင်ဟွားသည် ထွက်ခွာသွားသော သူမမိခင်၏ ကျောပြင်ကို ကြည့်ရင်း အတွေးနက်နေမိလေသည်။ ကြင်ယာတော်စု ပေါ်လာချိန်တွင် သူမ၏ မိခင်မှာ အနည်းငယ် စိုးရိမ်တကြီးဖြစ်သွားပြီး သူမ၏ လက်ကို ဆုပ်ကိုင်ထားမှုမှာလည်း အနည်းငယ် တင်းကျပ်သွားခဲ့လေသည်။

"ကြင်ယာတော်စု..."

"သခင်မယွင်..."

သူတို့နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း စကားပြောလိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ပြန်လည်တိတ်ဆိတ်သွားကြလေသည်။

ပွင့်လင်းမြင်သာသော ကြင်ယာတော်စုက တိတ်ဆိတ်မှုကို အရင်စတင်ဖြိုခွဲလိုက်လေသည်။

"သခင်မယွင်... သခင်မ ဘာကို စိုးရိမ်နေတယ်ဆိုတာကို ကျွန်မ သိပါတယ်... ရိုးရိုးသားသားပြောရရင် ကျွန်မက ရှောင်ဟွားဟွားလေးအပေါ် အကြံအစည်တစ်ခု ရှိခဲ့တာ အမှန်ပါပဲ... ဒါပေမယ့်..."

"ကြင်ယာတော်စု..."

ကြင်ယာတော်စု ဤမျှ တိုက်ရိုက်ပြောသည်ကို ကြားလိုက်ရချိန်တွင် ချွေ့ဝမ်ရှင်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူမက စကားဖြတ်ပြောလိုက်လေသည်။

"ကြင်ယာတော်စု... ဟွားဟွားက ဘယ်လိုပဲတွေးတွေး သူမက ကျွန်မရဲ့ သမီးပါ... ကျွန်မရဲ့ ရင်သွေးလေးဖြစ်တဲ့အတွက် သူမရဲ့ ဘဝအတွက် ကျွန်မ စဉ်းစားပေးရမှာပါ..."

"သူမရဲ့ ထူးဆန်းမှုတွေကြောင့် ဒီဘဝမှာ အိမ်ထောင်မပြုနိုင်ဘူးဆိုရင်တောင် သူမကို မုဆိုးမတစ်ယောက် ဖြစ်ခွင့်မပေးနိုင်ပါဘူး... ဆိုလိုတာက ကျွန်မတို့ ယွင်မိသားစုက သူမကို တစ်သက်လုံး ကျွေးမွေးစောင့်ရှောက်နိုင်စွမ်း ရှိပါတယ်..."

"သူမဆီကနေ ကျွန်မ အများကြီး မတောင်းဆိုပါဘူး... သူမ ပျော်ပျော်ရွှင်ရွှင်နဲ့ ပူပင်သောကကင်းကင်း နေထိုင်သွားဖို့... တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနိုင်ဖို့နဲ့ ကွယ်လွန်သွားပြီးရင်တောင် သူမပိုင်ဆိုင်တဲ့ နေရာဆီကို ပြန်သွားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."

ဤသည်မှာ ဟွားဟွားအတွက် သူမ၏ အကြီးမားဆုံးသော မျှော်လင့်ချက်ပင် ဖြစ်လေသည်။

"သခင်မယွင်... သခင်မ အထင်လွဲနေပါပြီ..."

ချွေ့ဝမ်ရှင်း၏ လေသံမှာ အနည်းငယ် ကြမ်းတမ်းနေသော်လည်း ကြင်ယာတော်စုက လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူမကိုယ်တိုင်လည်း မိခင်တစ်ဦးဖြစ်သည့်အတွက် မိခင်တစ်ဦးဖြစ်ရခြင်း၏ အခက်အခဲများနှင့် ဇွဲလုံ့လတို့ကို ကောင်းစွာ နားလည်ထားလေသည်။

"ကျွန်မအရင်က အဲ့လိုအတွေးမျိုး တွေးခဲ့ဖူးတာ အမှန်ပါပဲ... ဒါပေမယ့် နောက်ပိုင်းမှာ မင်းသားက ကျွန်မကို ဖျောင်းဖျခဲ့ပြီး ယွမ်အာကိုယ်တိုင်ကလည်း သူ အိမ်ထောင်ပြုမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တဲ့အတွက် ကျွန်မ လက်ခံလိုက်ပါပြီ... ကျွန်မရဲ့ သားအတွက်ကတော့..."

ဝမ်းနည်းကြေကွဲနေသော်လည်း ကြင်ယာတော်စုက ပြုံးကာ ပြောလိုက်လေသည်။

"သူ အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ ကံကြမ္မာရဲ့ အဆုံးအဖြတ်ကိုသာ ခံယူရမှာပါပဲ... နောင်လာမယ့် နေ့ရက်တွေမှာ သူ ပျော်ရွှင်နိုင်ဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်..."

"ကြင်ယာတော်စု... ကျွန်မ..."

ချွေ့ဝမ်ရှင်းက စကားပြောရန် ပြင်လိုက်သော်လည်း သူမကို မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိတော့ပေ။

ကြင်ယာတော်စုက ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ချွေ့ဝမ်ရှင်း၏ လက်ကို မိတ်ဆွေကောင်းတစ်ဦးကဲ့သို့ ဆုပ်ကိုင်လိုက်လေသည်။

"သခင်မယွင်... ရှောင်ဟွားဟွားလေး ဘာတွေးနေတယ်ဆိုတာကို ခန့်မှန်းရတာ လွယ်ကူပါတယ်... သူမက ထူးကဲစွာ မွေးဖွားလာသူဖြစ်လို့ အိမ်ထောင်ပြုဖို့ ကိစ္စကို ဘယ်တုန်းကမှ ထည့်မတွေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်...အခု ဒီလောကထဲကို ရောက်လာချိန်မှာတော့ သူမက သာမန်လူတစ်ယောက်မျှသာ ဖြစ်ပါတယ်..."

ကြင်ယာတော်စုသည် သူမ၏ အစ်မဖြစ်သူနှင့် ဆော့ကစားနေသော ရှောင်ဟွားဟွားလေးကို အပြုံးလေးဖြင့် လှမ်းကြည့်လိုက်လေသည်။ လွန်ခဲ့သောအချိန်က မင်းသားသာ ဒဏ်ရာမရခဲ့ပါက သူမတွင်လည်း ဤကဲ့သို့ နူးညံ့သိမ်မွေ့သော သမီးလေးတစ်ဦး ရှိလာနိုင်ကောင်းပေသည်။

"ရှောင်ဟွားဟွားလေးက သူမ အိမ်ထောင်မပြုတဲ့အတွက် သခင်မ စိုးရိမ်ပူပန်နေရမှာကို ကြောက်လို့ မုဆိုးမတစ်ယောက်ဖြစ်ဖို့ တွေးခဲ့တာပါ... အဟွတ် အဟွတ်... အဲ့ဒီအမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် သခင်မလည်း သူမကို ထပ်ပြီး တိုက်တွန်းတော့မှာ မဟုတ်ဘူးလေ..."

ချွေ့ဝမ်ရှင်းက တစ်စုံတစ်ရာကို သဘောပေါက်သွားပုံရလေသည်။

ကြင်ယာတော်စုက ဆက်ပြောလိုက်လေသည်။

"ရှောင်ဟွားဟွားလေး ပြောနေတဲ့ကိစ္စကို သခင်မကလည်း သဘောမတူဘူး... ကျွန်မသားကလည်း သဘောမတူဘူး... ကျွန်မကလည်း လူဆိုးမဖြစ်ချင်တဲ့အတွက် သခင်မ စိတ်ချလက်ချ နေလို့ရပါပြီ..."

သူမ၏ သဘောထားကို ပြသရန်အတွက် ချွေ့ဝမ်ရှင်း၏ လက်ကို သူမက ပုတ်ပေးလိုက်လေသည်။

အမှန်တကယ်တော့ သူမ သဘောပေါက်သွားပြီးနောက် ရှောင်ဟွားဟွားလေးကို သူမ၏ မွေးစားသမီးအဖြစ် အသိအမှတ်ပြုချင်ခဲ့လေသည်။ သူမသည် ပွင့်လင်းမြင်သာပြီး ရှောင်ဟွားဟွားလေးနှင့်လည်း ကောင်းစွာ အဆင်ပြေလေသည်။ ယွမ်အာသာ ဤလောကမှ တကယ်ထွက်သွားခဲ့လျှင် အနည်းဆုံးတော့ သူမ မှီခိုအားထားစရာ လူတစ်ယောက် ရှိနေဦးမည် ဖြစ်လေသည်။

ကြင်ယာတော်စုသည် အနည်းငယ် နီရဲနေသော မျက်ဝန်းများကို ဖုံးကွယ်ရန် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်လေသည်။

ဤစကားကို ကြားသောအခါ ချွေ့ဝမ်ရှင်းက နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့လေသည်။ သူမက အရိုအသေပေးကာ ရိုးသားစွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်လေသည်။

"ကြင်ယာတော်စု... ကျေးဇူးတင်ပါတယ်..."

မိခင်တစ်ဦး၏ နှလုံးသားကို နားလည်ပေးသည့်အတွက် ကျေးဇူးတင်ရခြင်း ဖြစ်လေသည်။

"အဲ့လောက်လည်း အားနာမနေပါနဲ့..."

ချွေ့ဝမ်ရှင်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး သူမတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြလေသည်။

သူမ၏ မိခင်နှင့် ကြင်ယာတော်စုတို့ စကားစမြည်ပြောကာ ရယ်မောလျက် ပြန်လျှောက်လာသည်ကို ယွင်ဟွား မြင်လိုက်ရချိန်တွင် သူမ အံ့သြမှင်တက်သွားခဲ့လေသည်။

အချိန်သိပ်မကြာလိုက်ပေ သူမ၏ မိခင်မှာ လုံးဝ မတူညီသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်မဟုတ်ပါလော။

ထိုစဉ်...

မင်ယွမ်နယ်စား၏ ဇနီးဖြစ်သော သခင်မ ကျိုးချန်ရူသည် သူမ၏ မြေးအကြီးဆုံးနှင့်အတူ အလျင်စလို ရောက်ရှိလာလေသည်။ သူမ၏ မူလရန်သူတော်ဖြစ်သော ချွေ့ဝမ်ရှင်းကို မြင်လိုက်ရချိန်တွင် သူမက စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာအမူအရာကို ပြောင်းလဲကာ ကြင်ယာတော်စုအား နှုတ်ဆက်လိုက်လေသည်။

"အိုး... ကျွန်မတို့က ကြင်ယာတော်စုကို စောင့်နေခဲ့တာပါ..."

သူမသည် မူလက ချွေ့ဝမ်ရှင်းကို အချိန်အနည်းငယ် ပို၍ စောင့်ခိုင်းထားရန် ရည်ရွယ်ခဲ့သော်လည်း ကြင်ယာတော်စု ရောက်ရှိလာကြောင်းကို အစေခံတစ်ဦးက သတင်းပို့လာခဲ့လေသည်။

မင်းသားစုအိမ်တော်သည် မြင့်မားလှသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ကြင်ယာတော်စုသည် မည်သည့် ပွဲလမ်းသဘင်များကိုမျှ တက်ရောက်လေ့ မရှိပေ။

ယခု မင်ယွမ်နယ်စားအိမ်တော်သို့ သူတို့ လာရောက်လည်ပတ်ရခြင်းမှာ အသေအချာပင် သူမ၏ ဩဇာလွှမ်းမိုးမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဤအရာကို တွေးမိသောအခါ သူမ၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် မြင့်တက်သွားလေသည်။

ကြင်ယာတော်စုသည် ကျိုးချန်ရူ၏ ခံစားချက်များကို လုံးဝ ဂရုမစိုက်ဘဲ "အင်း" ဟု တိုတောင်းစွာ တုံ့ပြန်လိုက်လေသည်။

သူမက မိုက်မဲသူမှ မဟုတ်ပေ။ ဤအမျိုးသမီးက မည်သူ့ကို မလေးမစား လုပ်နေသည်ဆိုသည်မှာ ချက်ချင်းပင် သိသာထင်ရှားနေလေသည်။

ကြင်ယာတော်စုက ချွေ့ဝမ်ရှင်း၏ လက်မောင်းကို ကိုင်ကာ ပြုံး၍ ပြောလိုက်လေသည်။

"သဘောတူပြီးသားနော်... နောက်တစ်ခါ အတူတူ လက်ဖက်ရည်သောက်ပြီး သီချင်းနားထောင်ဖို့ အချိန်တစ်ခု သတ်မှတ်ကြတာပေါ့..."

နယ်စားအိမ်တော်၏ အရှင်သခင်မဖြစ်သော သင်သည် ချွေ့ဝမ်ရှင်းကို မနှစ်သက်ပါက သူမက ချွေ့ဝမ်ရှင်းအတွက် ချက်ချင်း မျက်နှာသာပေးမည်သာ ဖြစ်လေသည်။

လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တွေဝေသွားကြလေသည်။

ကျိုးချန်ရူ၏ မျက်နှာမှာ နီရဲသွားပြီးနောက် ဖြူလျော့သွားကာ အနေရခက်သော အပြုံးတစ်ခုကို အတင်းအဓမ္မ ပြုံးပြလိုက်လေသည်။

သူမ လှည့်ကြည့်လိုက်ရာ ယွင်ဟွား၏ အရာရှိဝတ်စုံကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ ပို၍ပင် မနှစ်မြို့ဖွယ် ဖြစ်သွားလေသည်။

ကြွားလုံးထုတ်နေတာပဲ... အသေအချာကို ကြွားလုံးထုတ်နေတာပဲ...။

သူမက မျက်လုံးများကို လှန်လိုက်လေသည်။

"သခင်မယွင်... ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်... ကျွန်မရဲ့ မြေးအကြီးဆုံးက နည်းနည်း ဆော့လွန်းလို့ အချိန်နည်းနည်း ယူလိုက်ရတယ်... ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့..."

*ဟွန်း... သူမက တမင်သက်သက် လုပ်ခဲ့တာပဲ…*

All Chapters