← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇) ပြီးဆုံးနိုင်ခြင်းမရှိသော အတင်းအဖျင်းများ

ကျိုးချန်ရူခမျာ ယိမ်းယိုင်သွားပြီး သူမ၏ မျက်လုံးများရှေ့တွင် အရာအားလုံး မှောင်မိုက်သွားလေသည်။

သူမသည် ခေါင်းကို လှည့်ကာ ကြမ်းပြင်ပေါ်ရှိ သူမ၏ သားကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများက ရှောင်လွှဲနေသည်ကို သတိပြုမိလိုက်လေသည်။ ကျိုးချန်ရူ၏ စိတ်ထဲတွင် တစ်ခဏမျှ ဗလာကျင်းသွားပြီး ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရလေသည်။

နယ်စားကြီးမှာ မိန်းမလိုက်စားသူဖြစ်ကြောင်း သူမ အမြဲတမ်း သိထားခဲ့လေသည်။ သူ၏ ကိုယ်လုပ်တော်များ သားယောက်ျားလေး မွေးဖွားခြင်းကို တားဆီးရန်အတွက် သူမ၏ လက်များကို သွေးများစွာဖြင့် စွန်းထင်းစေခဲ့လေသည်။ သူ၏ တရားမဝင် သမီးများမှလွဲ၍ နယ်စားအိမ်တော် တစ်ခုလုံးတွင် တရားမဝင် သားများ လုံးဝမရှိခဲ့ပေ။

ထို့ပြင် ထိုကိုယ်လုပ်တော်များဆိုသည်မှာလည်း မည်သူက သူမ၏ နှိမ်နင်းမှုအောက်သို့ မရောက်ဘဲ နေမည်နည်း။

သူမသည် အရာအားလုံးကို အစီအစဉ်ဆွဲထားခဲ့ပြီး ဖြစ်လေသည်။ သူမ မေ့လျော့သွားခဲ့သော တစ်ဦးတည်းသော သူမှာ သူမ၏ သားကောင်းလေးပင် ဖြစ်လေသည်။ သူက သူ၏ ကိုယ်ပိုင်ဇနီးကိုပင် ဖခင်၏ ကုတင်ပေါ်သို့ အမှန်တကယ် ပို့ဆောင်ပေးခဲ့လေသည်။ သူ့တွင် တရားမဝင် မွေးဖွားလာသော သားတစ်ယောက်ပင် ရှိနေသေးလေသည်။

ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူက ထိုတရားမဝင် ကလေးကို ရတနာတစ်ပါးကဲ့သို့ သဘောထားကာ အလိုလိုက်၊ ချစ်ခင်ပြီး ကြွားလုံးထုတ်နေခဲ့ခြင်းပင် ဖြစ်လေသည်။

ကျိုးချန်ရူ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေပြီး သူမသည် အသက်ပြင်းပြင်း ရှူနေလေသည်။ သူမသည် သူမ၏ သားအကြီးဆုံးကို စူးရဲစွာ ကြည့်လိုက်လေသည်။ သူမသည် သူ၏အကျိုးအတွက် သူမ၏ တစ်ဘဝလုံးကို ပေးဆပ်ကာ အကြံအစည်များ ကြံစည်ပေးခဲ့ရလေသည်။

သူမသည် ရှေ့သို့ ပြေးသွားပြီး ကြမ်းပြင်ပေါ်မှ ဖုန်းချန်ယွဲ့ကို ဆွဲထူကာ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ငါက မင်းရဲ့ အရင်းအချာ အမေလေ... မင်းက ငါ့ကို ခုလိုမျိုး ဆက်ဆံရက်တယ်ပေါ့..."

ယွင်ဝေက ကိစ္စရပ်များကို ပိုမို စိတ်ဝင်စားစရာ ကောင်းလာစေရန် ရည်ရွယ်လျက် ပေါ့ပေါ့ပါးပါးပင် ဝင်ပြောလိုက်လေသည်။

"အဲ့မင်ယွမ်နယ်စားကလည်း သူ၏ အရင်းအချာ ဖခင်ပဲလေ... ဖုန်းမိသားစုရဲ့ မျိုးဆက်ကိုတော့ ပြတ်တောက်သွားအောင် အဖြစ်ခံလို့ မရဘူးပေါ့..."

"ဟုတ်တယ်... ဟုတ်တယ်..."

ယွင်ဟွားက အလျင်အမြန် ဝင်ပြောလိုက်လေသည်။

"သေချာပေါက် ရှင့်ရဲ့ အမှားပဲလေ... ရှင်သာ ခုလောက်အာဏာရှင်မဆန်ခဲ့ဘူးဆိုရင် နယ်စားကြီးမှာ ကိုယ်လုပ်တော်က မွေးတဲ့ သားတစ်ယောက်ရှိနေပြီး မျှော်လင့်စရာ ရှိနေမှာပေါ့… အဲ့လိုဆိုရင် သားဖနှစ်ယောက်က ရှင့်ရဲ့ ချွေးမနဲ့ ပူးပေါင်းပြီး ဒီလိုကိစ္စကို ဘယ်လိုလုပ် ကြံစည်နိုင်ပါ့မလဲ..."

"ရှင့်ရဲ့ ချွေးမကို အိမ်ကြီးထဲမှာ အထီးကျန်စွာ ပစ်ထားလို့မှ မရတာလေ... စကားပုံတောင် ရှိသေးတယ် မဟုတ်လား... ကောင်းတဲ့အရာတွေကို အပြင်လူတွေဆီ မရောက်ပါစေနဲ့တဲ့... ရှင့်ရဲ့ သားအတွက် အကျိုးမရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ ရှင့်ရဲ့ ခင်ပွန်းအတွက် အကျိုးရှိသွားတာပဲ မဟုတ်လား..."

“အိုး... မှန်တာပေါ့…”

ယွင်ဟွားသည် ကျိုးချန်ရူကို လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်လေသည်။

"တကယ်တော့ ရှင့်ရဲ့တူမဖြစ်တဲ့ ချွေးမက ရှင့်ရဲ့ ခင်ပွန်းကို အစကတည်းက သဘောကျနေခဲ့တာလေ... သူမက လက်ထပ်ဖို့ သဘောတူခဲ့ရတဲ့ အကြောင်းရင်းက ရှင့်သားကို သူနဲ့ တူတယ်လို့ ထင်ခဲ့လို့ပဲ... ရှင့်ရဲ့ သားက... အင်း... ရှင်လည်း သိတဲ့အတိုင်းပဲလေ... ခုလိုဖြစ်နေမယ်မှန်း ဘယ်သူက သိမှာလဲ..."

"ဒါကြောင့် သူတို့က ဒီအကြံအစည်ကို စဉ်းစားမိသွားကြတာပေါ့..."

ယွင်ဟွားက သက်ပြင်းချလိုက်လေသည်။

"အာ... ဒါကိုပဲ ကံကြမ္မာလို့ ခေါ်တာပေါ့..."

ဤစကားကို ကြားသောအခါ ကျိုးချန်ရူမှာ ဒေါသထွက်လွန်းသဖြင့် အနောက်သို့ပင် လန်ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။

*ကံကြမ္မာတဲ့လား... အဓိပ္ပာယ်မရှိလိုက်တာ…*

ကျိုးချန်ရူသည် ယွင်ဟွားကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှောင်မိုက်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ ယွင်ဟွားက ကြောက်သွားမည်လား။ သူမက ဤကိစ္စကြီး တစ်ခုလုံး လုံလောက်အောင် မပေါက်ကွဲသေးဘူးဟုသာ တွေးနေလိမ့်မည် ဖြစ်လေသည်။

"ဟွားဟွားလေး... မြန်မြန်... နောက်ထပ် ဖရဲသီးတစ်လုံး ရောက်လာပြန်ပြီ... အိမ်နောက်ဖေးက ဝါးရုံတောလေးထဲမှာ..."

"ယောက္ခမက ချွေးမကို ခိုးယူနေတာ... သူတို့က တကယ့်ကို ရင်းနှီးကျွမ်းဝင်နေကြပြီ..."

လူတိုင်း၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားကြလေသည်။ ဤနယ်စားအိမ်တော်တွင် အတင်းအဖျင်းများ အလွန်များပြားလွန်းသဖြင့် ဗိုက်တင်းလုနီးပါး ဖြစ်နေပြီ။

ယွင်ဟွားသည် သူမ၏ လက်များကို ပွတ်သပ်ကာ ကျိုးချန်ရူကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။

"အင်း... ကျွန်မ အခုလေးတင် နောက်ထပ် တွက်ကြည့်လိုက်တာ..."

"ပါးစပ်ပိတ်ထားစမ်း... ကလေးယုတ်..."

ကျိုးချန်ရူသည် သူမ၏ သွေးနှင့် လေများ ဆောင့်တက်လာသည်ကို ခံစားလိုက်ရလေသည်။ သူမသည် အလွန်အမင်း ထိတ်လန့်နေခဲ့လေသည်။ ထိုကျိန်စာသင့်နေသော ကလေးမလေး၏ ပါးစပ်မှ ထွက်လာသမျှ မည်သည့်အရာကမျှ ကောင်းသောအရာ ဖြစ်လာနိုင်မည် မဟုတ်ပေ။

ယွင်ဟွားသည် သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးမည် မဟုတ်ဘဲ သူမ၏ နှုတ်ခမ်းများပေါ်တွင် နက်ရှိုင်းသော အပြုံးတစ်ခု ပေါ်လာလေသည်။

"အို... ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာမှတော့ ရှင်က ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမှာပေါ့... ရှင့်ရဲ့ ချွေးမက ရှင့်ရဲ့ ညီမ ဖြစ်သွားတော့ရော ဘာဖြစ်လဲ... ဘာတွေများ ဒေါသထွက်စရာ ရှိလို့လဲ..."

ယွင်ဟွားက သူမကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။

"အဒေါ်နဲ့ တူမက အမျိုးသားတစ်ယောက်တည်းကို တစ်ပြိုင်နက်တည်း အလုပ်အကျွေးပြုတာက အရင်ခေတ်တွေမှာတောင် မကြားဖူးတဲ့ အရာမှ မဟုတ်တာ..."

"ကြည့်ပါဦး... ရှင်ကိုယ်တိုင်ပဲ ဒေါသထွက်အောင် လုပ်နေတာ..."

"ရှင်က နည်းနည်းလေးမှ သဘောထားမကြီးဘူးပဲ... ဒေါသထွက်နေတာက ရှင့်ကို ဖျားနာစေရုံပဲရှိမှာ... ပြီးတော့ ရှင့်ကိုယ်ရှင်ပဲ ထိခိုက်စေလိမ့်မယ်..."

ယွင်ဟွားသည် ခေါင်းခါမ်းလျက် သူမ၏ ကြင်နာတတ်သော နှစ်သိမ့်စကားများကို ပြောကြားလိုက်လေသည်။ ကျိုးချန်ရူမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ ဤသို့ ဖြစ်လာမည်ကို သူမ သိထားခဲ့လေသည်။

ထို့နောက် ယွင်ဟွားက အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် သူမ၏ ခေါင်းကို ကုတ်ကာ ပြောလိုက်လေသည်။

"အင်း..."

"ကျွန်မက အိမ်နောက်ဖေးက ဝါးရုံတောလေးထဲမှာ ဖရဲသီး သွားစားမလို့... ရှင့်ခင်ပွန်းရဲ့ ဖရဲသီးလေ... ရှင်... ရှင် လိုက်ခဲ့ချင်လား..."

ယွင်ဟွားသည် သူမ၏ သဘောထားကိုပင် မေးမြန်းပေးနေသဖြင့် သူမကိုယ်သူမ အတော်လေး ကြင်နာတတ်သည်ဟု ခံစားနေရလေသည်။

လူတိုင်း…...။

*သခင်မလေးယွင်…အဲ့တာက တကယ်ပဲ အဆင်ပြေရဲ့လား…*

ကျိုးချန်ရူသည် ရုတ်တရက် ယွင်ဟွားကို ကြည့်လိုက်ပြီး သူမကို သစ္စာဖောက်ခဲ့သော သားအတွက် ဂရုမစိုက်နိုင်တော့ပေ။ မှောင်မိုက်နေသော မျက်နှာနှင့် သွားကို ကြိတ်လျက် သူမသည် ယွင်ဟွား ညွှန်ပြခဲ့သော နေရာဆီသို့ ပြေးထွက်သွားလေသည်။

"အဲ... အဲ..."

"စောင့်ပါဦး... စောင့်ပါဦး... ကျွန်မပါ..."

ယွင်ဟွားသည် သူမ၏ ဝတ်ရုံအောက်နားကို မ,ကာ သူမနောက်သို့ လိုက်ပြေးသွားပြီး ပြေးရင်း အော်ပြောလိုက်လေသည်။

"နယ်စားကတော်... စိတ်အေးအေးထားပါ... စိတ်အေးအေးထားပါ... ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့..."

"ဘာပဲဖြစ်ဖြစ် သူမက ရှင့်ရဲ့ တူမရော ချွေးမပါ ဖြစ်သလို အနာဂတ်မှာ ရှင့်ရဲ့ အချစ်ဆုံးညီမလည်း ဖြစ်လာဦးမှာလေ..."

"အားလုံးက မိသားစုတစ်ခုတည်းပဲ... မိသားစုတစ်ခုတည်းလေ..."

လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြလေသည်။

"ဘာစောင့်နေကြတာလဲ... ဘာဖြစ်နေလဲဆိုတာ သိချင်ရင် ပြဇာတ်သွားကြည့်ကြလေ..."

ယွင်ဝေက စကားတစ်ခွန်း ပစ်ချခဲ့ပြီး ပထမဆုံး ပြေးထွက်သွားလေသည်။ အတင်းအဖျင်း ကြည့်ရှုရန်ပင် သူမက စိတ်အားထက်သန်မှု မရှိလျှင် သူမ အခြားဘာလုပ်နိုင်မည်နည်း။

ကျိုးချန်ရူသည် ဝါးရုံတောအနီးသို့ ရောက်ရှိလာချိန်တွင် အမျိုးသားနှင့် အမျိုးသမီးကြားရှိ ဖော်ပြ၍မရနိုင်သော အသံများကို ကြားလိုက်ရလေသည်။

"နယ်စားကြီး... ဘာလို့ ကျွန်မကို ဒီနေရာကို ထပ်ခေါ်ရတာလဲ..."

ကျေနပ်ဖွယ်ကောင်းသော တွေ့ဆုံမှုတစ်ခုအပြီးတွင် ၎င်းတို့နှစ်ဦးသည် အချင်းချင်း ပွေ့ဖက်ကာ ဝါးရုံတောကို မှီလျက် အသက်ပြင်းပြင်း ရှူနေကြလေသည်။ မင်ယွမ်နယ်စားသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း သူမက သူ့ကို တွေ့ရန် ဆင်ခြေရှာနေခြင်းသာဖြစ်သည်ဟု ယူဆကာ အများကြီး ဂရုမစိုက်ခဲ့ပေ။

"ကိုယ် မင်းကို လွမ်းလို့လေ... အဲ့လောက်ဆို မလုံလောက်ဘူးလား..."

သူမက သရုပ်ဆောင်ချင်နေမှတော့ သူကလည်း အလိုက်သင့်လေး သရုပ်ဆောင်ပေးလိုက်ပြီး ရိုမန်တစ်ဆန်တဲ့ အချိန်လေးတစ်ခုအဖြစ် သတ်မှတ်ပေးလိုက်မည် ဖြစ်လေသည်။

"အိုး... ရှူရှူလည်း နယ်စားကြီးကို လွမ်းနေတာပါ..."

"ဒါပေမယ့်... ကျွန်မတို့ ဘယ်တော့လောက်မှ ပွင့်ပွင့်လင်းလင်း အတူတူ နေနိုင်မှာလဲ... ကျွန်မ... ကျွန်မက အမြဲတမ်း ခိုးကြောင်ခိုးဝှက် မနေချင်တော့ဘူး..."

ထိုအမျိုးသမီး၏ အသက်ရှူသံမှာ ချိုမြိန်နေပြီး သူမ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်ကာ နားရွက်ဘေးတွင် ကျဆင်းနေလေသည်။

"မလောပါနဲ့... ကိုယ် နည်းလမ်းတစ်ခု စဉ်းစားပေးပါ့မယ်..."

မင်ယွမ်နယ်စားသည် သူ၏ ရင်ခွင်ထဲရှိ အမျိုးသမီးကို စွဲလန်းစွာ စိုက်ကြည့်နေလေသည်။ သူ၏ တူမဖြစ်သူ သခင်မကျိုးမှာ ထူးကဲစွာ လှပပြီး ငယ်ရွယ်နုနယ်ကာ ထိလိုက်ရုံဖြင့် ကျိုးပဲ့သွားတော့မတတ် ချောမွေ့သော အသားအရေရှိလေသည်။ သူမသည် နယ်စားအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာသည့် နေ့ကတည်းက သူ့ကို ဖမ်းစားထားခဲ့လေသည်။

ကံမကောင်းစွာဖြင့် သူမက သူ၏ ချွေးမ ဖြစ်လာခဲ့လေသည်။

သူသည် လွန်ခဲ့သော အချိန်တိုလေးအတွင်းကပင် နောင်တရနေခဲ့သော်လည်း ထိုအချိန်တွင် သူ့သားက သူ၏ ဇနီးအသစ်ကို သူ့ထံ ပေးအပ်မည်ဟု ပြောလာခဲ့လေသည်။ ထိုအချိန်ကျမှသာ သူ၏ တစ်ဦးတည်းသော သားမှာ မစွမ်းဆောင်နိုင်သူဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။ သူသည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် ထိုနေရာတွင်ပင် သူ၏ သွေးပေါင်ချိန်များ ဆောင့်တက်သွားခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ သားမှာ နယ်စားမိသားစု၏ သွေးသားကို ရှုပ်ထွေးသွားစေရန် သူ့ကိုယ်စား အစားထိုးမည့် အခြားတစ်ယောက်ကို မရှာဖွေခဲ့ပေ။ ကိစ္စက ဤသို့ဖြစ်နေမှတော့ သူသည်လည်း အားနာမနေတော့ဘဲ မင်္ဂလာဦးအခန်းထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

သို့သော်လည်း သူ့ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ကျိုးဆွေမျိုးမှ တူမဖြစ်သူက သူ့ကို အမှန်တကယ် သဘောကျနေခြင်းပင် ဖြစ်လေသည်။

"ရှူရှူ... လိမ္မာပါတယ်... ကိုယ့်ကို အရင်ဆုံး အမောဖြေခွင့်ပေးပါဦး..."

မင်ယွမ်နယ်စား၏ အသက်ရှူသံမှာ သိသိသာသာ ပြင်းထန်လာလေသည်။ သူသည် ထိုဖြူဖွေးပြီး သွယ်လျသော လက်လေးကို ဆုပ်ကိုင်ကာ နမ်းလိုက်လေသည်။

"ကိုယ်ကတိပေးပါတယ်... အနှေးနဲ့အမြန် အဲ့မိန်းမအိုကြီးကို ကိုယ်ကွာရှင်းပစ်မှာပါ... သူမက ဘာမှအသုံးမကျဘူး... ပြီးတော့ သူမ သားမွေးရင်တောင် အဲဒီသားက မသန်မစွမ်းပဲ ဖြစ်လာမှာ..."

မင်ယွမ်နယ်စားသည် သူ၏ ဖုန်းမိသားစု မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရပုံကို တွေးမိသောအခါ သူ၏ မျက်လုံးများထဲတွင် လူသတ်ချင်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

"ဒါပေမယ့် ကျွန်မ ဆက်ပြီး မစောင့်ချင်တော့ဘူး..."

ကွမ်ရှူသည် သူမ၏ မျက်လွှာကို အနည်းငယ် ချလိုက်ပြီး ထိုမသန်မစွမ်းနှင့် နေ့တိုင်း အခန်းတစ်ခုတည်း အတူတူနေရမည်ကို တွေးမိကာ ကံဆိုးသည်ဟု ခံစားလိုက်ရလေသည်။ သူမသည် သူမ၏ အဒေါ်နေရာကို အစားထိုးပြီး မင်ယွမ်နယ်စားအိမ်တော်၏ အစစ်အမှန် သခင်မကြီး ဖြစ်လာချင်ခဲ့လေသည်။

ကွမ်ရှူသည် သူမ၏ လက်ကို ပြန်ရုပ်လိုက်ပြီး မင်ယွမ်နယ်စား၏ ရင်ဘတ်ပေါ်တွင် သူမ၏ ဖြူဖွေးသော လက်ညှိုးလေးဖြင့် စက်ဝိုင်းများ ရေးဆွဲကာ ချွဲနွဲ့စွာ ပြောလိုက်လေသည်။

"နယ်စားကြီးက ကျွန်မနဲ့ နေ့တိုင်း အတူတူ မနေချင်ဘူးလား... ကျိုးကျိုးက နယ်စားကြီးကို အဖေလို့ ခေါ်တာကို မကြားချင်ဘူးလား..."

မင်ယွမ်နယ်စားသည် တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်ပြီး အငြိမ်မနေသော ထိုလက်လေးကို ဖိထားလိုက်လေသည်။

"သေချာပေါက် ကိုယ်လိုချင်တာပေါ့... ကျိုးကျိုးက ကိုယ့်ကိုအဘိုးလို့ ခေါ်တာ ကြားရတဲ့အခါ ကိုယ်အမြဲတမ်း နည်းနည်း ထူးဆန်းသလို ခံစားရတယ်..."

သူသည် တဖြည်းဖြည်း ချဉ်းကပ်သွားကာ ကွမ်ရှူထံမှ ထွက်ပေါ်နေသော သင်းပျံ့သည့် ရနံ့ကို ရှူရှိုက်လိုက်ပြီး မိမိကိုယ်မိမိ ပို၍ ထိန်းချုပ်မရဖြစ်လာကာ သူ၏ လက်ကြီးများမှာ လွတ်လပ်စွာ လှည့်လည်သွားလာနေလေတော့သည်။

"ရှူရှူ... အဲ့မိန်းမကြီးရဲ့ အစားအစာထဲမှာ တစ်ခုခုလုပ်ဖို့ ကိုယ် လူတစ်ယောက်ကို စီစဉ်ထားပြီးပါပြီ... သူမက ခြောက်လမပြည့်ခင်မှာ ရုတ်တရက် သေဆုံးသွားလိမ့်မယ်... အဲ့အခါကျရင် မင်းကို သူမနေရာမှာ အစားထိုးဖို့ ကိုယ် ထောက်ခံပေးမယ်..."

သူ စကားပြောနေစဉ် သူ၏တစ်ကိုယ်လုံးကို သူမအပေါ်သို့ မှီချလိုက်လေသည်။

"ဒါဆို... ဒါဆိုရင် ရှူရှူက... နောက်ထပ် ခြောက်လလောက် စောင့်ရဦးမှာပေါ့..."

ထို့နောက် တရှဲရှဲ မြည်သံများ ထွက်ပေါ်လာပြီး တောအုပ်ထဲရှိ ဝါးပင်များမှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။

မလှမ်းမကမ်းတွင်။

လူရိပ်တစ်ခုသည် ကျိုးချန်ရူကို လှမ်းကြည့်လိုက်ပြီး သူတို့၏ နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ကစားသွားကာ လှည့်ထွက်သွားလေသည်။

အခန်း (၅၈) ရန်ပွဲ စတင်ခြင်း

ယွင်ဟွားသည် ထိုသူ၏ နောက်သို့ အပြေးလိုက်သွားပြီးနောက် ကျိုးချန်ရူမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လျက် ဘေးတစ်ဖက်တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် နားကို စောင်းကာ သေချာစွာ နားစွင့်လိုက်လေသည်။

“အိုမိုး….အခြေအနေက အတော်လေး ပြင်းထန်နေပါလား…”

“မဖြစ်ဘူး…”

"ရှောင်ရှူးရှူး... ကျိုးချန်ရူက ဘာလို့ အရူးတစ်ယောက်လို အဲ့နေရာမှာ ရပ်နေသေးတာလဲ... ဒါက ဖောက်ပြန်နေတာကို မိသွားတာလေ... ဘာလဲ... သူမက အစောင့်အဖြစ် ကူညီဖို့ ရောက်လာတာလား..."

ဤစကားကို ကြားသောအခါ နောက်မှ လိုက်လာကြသူများ၏ ပါးစပ်များမှာ တွန့်ကွေးသွားကြလေသည်။

၎င်းက အဓိပ္ပာယ်ရှိသလိုပင်။

ဒါပေမယ့်...။

*သခင်မလေးယွင်... နင်ပဲ သူတို့ကို အရင်ဆုံး စိတ်အေးအေးထားဖို့ ပြောခဲ့တာက နင်ပဲလေ... ပြီးတော့ ငါတို့အားလုံးက မိသားစုပါလို့တောင် ပြောခဲ့သေးတယ် မဟုတ်လား…*

ရှင်ခြင်းသေခြင်းစာအုပ်က ၎င်း၏ ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်လေသည်။

"ဟွားဟွားလေး... သူမက ဒေါသထွက်လွန်းလို့ အေးခဲသွားပြီး မလှုပ်နိုင်တာလည်း ဖြစ်နိုင်တာပဲ..."

ယွင်ဟွား၏ မျက်လုံးဝိုင်းလေးများက ဟိုဟိုဒီဒီ ရွေ့လျားသွားပြီး ပြုံးဖြီးဖြီး လုပ်လိုက်လေသည်။ ထိုသို့ဆိုလျှင် အဆင်မပြေပေ။ သူတို့ တိုက်ခိုက်ကြလျှင် ပို၍ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

ထို့နောက် သူမသည် ခြေလှမ်းများကို ဂရုတစိုက် ရွှေ့လိုက်ပြီး ရုတ်တရက် အော်ပြောလိုက်လေသည်။

"နယ်စားကတော်က ရှင်တို့ကို ဖောက်ပြန်နေတာ ဖမ်းဖို့ ရောက်လာပြီ... ဝါးရုံတောထဲမှာ ဖောက်ပြန်နေတဲ့ ရှင်တို့နှစ်ယောက် အခုချက်ချင်း အဝတ်အစားတွေဝတ်... လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး လက်နက်ချလိုက်စမ်း..."

လူတိုင်း….။

ယွင်ဟွား၏ ဟိန်းဟောက်သံကြောင့် ထိုနေရာတစ်ဝိုက်ရှိ ငှက်များအားလုံး လန့်ဖျပ်သွားကြလေသည်။ တစ်ချိန်တည်းမှာပင် ဝါးရုံတောထဲမှ ဖရိုဖရဲ လှုပ်ရှားသံများ ထွက်ပေါ်လာလေသည်။

ယွင်ဟွားသည် ကျိုးချန်ရူ၏ လက်ထဲသို့ တုတ်တစ်ချောင်းကို တိတ်တဆိတ် ထည့်ပေးလိုက်ပြီး သူမကို မျက်စိမှိတ်ပြကာ မီးလောင်ရာ လေပင့်လိုက်လေသည်။

"ရှင် အခု အရမ်း ဒေါသထွက်နေတယ်ဆိုတာ ကျွန်မ သိပါတယ်... ဒါပေမယ့် ရှင့်ရဲ့ ဒေါသကို ဖွင့်မထုတ်ဘူးဆိုရင် ရှင့်ကိုယ်ရှင်ပဲ ဖျားနာစေလိမ့်မယ်..."

လူတိုင်းမှာ ထုံကျဉ်သွားကြလေသည်။

သခင်မလေးယွင်: ငါ့သမီးရဲ့ စိတ်ကိုက အပြောင်းအလဲက နည်းနည်းလေး မြန်လွန်းနေပြီ။

ထို့နောက် ယွင်ဟွားသည် ကျိုးချန်ရူကို နောက်ထပ် အားပေးစကား ဆိုလိုက်ပြန်လေသည်။

"နယ်စားကတော်... သွားလိုက်... ယောက္ခမနဲ့ ဖောက်ပြန်နေတဲ့ အဲ့အရှက်မရှိတဲ့ မိန်းမကို သင်ခန်းစာ ပေးလိုက်စမ်းပါ... သူမက အိမ်ထောင်ကျပြီးတာတောင် ရိုးရိုးသားသား မနေဘူး... ရှင့်ရဲ့ သားကို ဖောက်ပြန်ပြီး ရှင့်ကို ဒုက္ခပေးတဲ့အပြင် ရှင့်ရဲ့ ခင်ပွန်းကိုတောင် ဖြားယောင်းသွေးဆောင်ပြီး ရူးသွပ်သွားအောင် လုပ်ထားသေးတယ်..."

ကျိုးချန်ရူသည် ယွင်ဟွားကို ဗလာကျင်းနေသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ပေ။

ယွင်ဟွားမှာ အနည်းငယ် စိတ်ပျက်သွားပြီး တိတ်တဆိတ် လှောင်ပြောင်လိုက်လေသည်။

"ဟေး... နယ်စားကတော်... အဲ့ကြီးမားတဲ့ ဝါးရုံတောကြီးကို မော့ကြည့်လိုက်စမ်းပါ... အဲဒါက စိမ်းလန်းနေတယ် မဟုတ်လား... အဲဒါက ရှင့်ကို စိတ်ဓာတ်ကျမသွားစေဘူးလား..."

"စိမ်းလန်းလွန်းလို့ တောက်ပတဲ့အထိတောင် စိမ်းနေသေးတယ်..."

အတင်းအဖျင်း၏ ရှေ့တန်းတွင် နေရာယူရန် အမြဲတမ်း စိတ်အားထက်သန်နေသော ယွင်ဝေသည် ယွင်ဟွား၏ ဘေးသို့ ပြေးသွားပြီး ထိုစကားကို ကြားလိုက်သောအခါ မစဉ်းစားတော့ဘဲ နောက်ထပ် စာကြောင်းတစ်ကြောင်းကို ထပ်ဖြည့်လိုက်လေသည်။

လူတိုင်း….။

ချွေ့ဝမ်ရှင်းသည် သူမ၏ နဖူးကို အားနည်းစွာ ပွတ်သပ်လိုက်လေသည်။

ယွင်မိသားစုမှာ ပြဿနာရှာတတ်သော သမီး နောက်တစ်ယောက် ထပ်ရပြန်ပြီ။

ကျိုးချန်ရူသည် သူမ၏ လက်ထဲရှိ တုတ်ကို ကြည့်ပြီး စောစောက သူမ ခိုးနားထောင်ခဲ့ရသည့် စကားများကို ပြန်လည် သတိရသွားလေသည်။ ဤမြေခွေးမနှစ်ကောင်က သူမကို အဆိပ်ခတ်ဖို့ အမှန်တကယ် ကြိုးစားခဲ့ကြလေသည်။

အဆိပ်ခတ်ခြင်း...။

တစ်ယောက်က သူမ၏ ခင်ပွန်းဖြစ်ပြီး နောက်တစ်ယောက်က သူမ သေသေချာချာ ရွေးချယ်ထားသော သူမ၏ တူမဖြစ်သူ ချွေးမဖြစ်လေသည်။

ကျိုးချန်ရူ၏ မျက်နှာမှာ သေသူတစ်ယောက်ကဲ့သို့ ဖြူလျော့သွားပြီး သူမ၏ မျက်လုံးများထဲတွင် ပြင်းထန်သော လူသတ်ချင်စိတ်များ ပေါ်လာလေသည်။ သူမသည် တုတ်ကို ဆုပ်ကိုင်ကာ ဝါးရုံတောထဲသို့ ပြေးဝင်သွားလေသည်။

"အမေ... အမေ..."

"သခင်မကြီး... ဇနီး..."

ဝါးရုံတောထဲရှိ လူနှစ်ဦးမှာ ထိတ်လန့်နေပုံပေါက်လေသည်။ တစ်စုံတစ်ယောက်၏ အော်သံကြောင့် သူတို့သည် ကြောက်လန့်သွားကြပြီး အဝတ်အစားများကို အမြန်ဝတ်ကာ အပြင်သို့ ပြေးထွက်လာခဲ့ကြလေသည်။

မင်ယွမ်နယ်စား၏ အပြင်ဝတ်ရုံမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကျနေဆဲဖြစ်ပြီး သူသည် ခါးပတ်ကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်လေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကွမ်ရှူမှာမူ ဆံပင်များ ဖရိုဖရဲဖြစ်နေကာ ရမ္မက်ဆန္ဒကြောင့် သူမ၏ မျက်နှာမှာ နီမြန်းနေဆဲဖြစ်ပြီး အဝတ်အစားများကို ဖြစ်သလို ဝတ်ဆင်ထားလေသည်။ သူမသည် ကျိုးချန်ရူကို မြင်သောအခါ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားလေသည်။

ဤမြင်ကွင်းက ကျိုးချန်ရူကို ရူးသွပ်လုနီးပါး ဖြစ်သွားစေလေသည်။

"ငါ နင်တို့ ဖောက်ပြန်နေတဲ့ နှစ်ယောက်စလုံးကို သေအောင် ရိုက်သတ်ပစ်မယ်..."

ကျိုးချန်ရူ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေပြီး သူမ၏ အော်သံက ဝါးရုံတော တစ်ခုလုံး၏ တိတ်ဆိတ်မှုကို ချိုးဖျက်သွားလေသည်။

"သူတို့ တိုက်ခိုက်နေကြပြီ... သူတို့ တိုက်ခိုက်နေကြပြီ..."

ယွင်ဟွားသည် စိတ်လှုပ်ရှားစွာဖြင့် မှောက်ခုံအိပ်နေပြီး သူမ၏ နောက်တွင် ပွဲကြည့်ပရိသတ် အရှည်ကြီး တစ်တန်း ရပ်နေကြလေသည်။

မလှမ်းမကမ်းတွင် ကျိုးချန်ရူသည် တုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ မင်ယွမ်နယ်စားဆီသို့ ဦးတည်သွားရာ သူ့ကို အလွန်အမင်း ကြောက်လန့်သွားစေသဖြင့် ခေါင်းကို အုပ်ကာ ထိတ်လန့်တကြား ပြေးသွားလေသည်။

"ကျိုး... မင်းက ဘယ်လိုလုပ် ခုလောက်ရိုင်းစိုင်းရဲရတာလဲ..."

အခွင့်အရေးရသောအခါ မင်ယွမ်နယ်စားသည် သူမ ရမ်းခါနေသော တုတ်ကို လုယူကာ ဘေးသို့ ပစ်ချလိုက်လေသည်။ ထို့နောက် မှောင်မိုက်နေသော မျက်နှာဖြင့် သူမ၏ ပါးကို ရိုက်ချလိုက်လေသည်။

"ဖြန်း..."

ကျိုးချန်ရူ၏ ပါးပြင်များမှာ ချက်ချင်းပင် နီရဲရောင်ရမ်းသွားပြီး သူမ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

"ရှင်က ကျွန်မကို ရိုက်တယ်ပေါ့..."

ယွင်ဟွားသည် မျက်လုံးများကို လှန်လိုက်ပြီး ကျိုးချန်ရူ၏ တွေးတောပုံမှာ တကယ့်ကို ထူးခြားသည်ဟု တွေးကာ အော်ပြောလိုက်လေသည်။

"သူက ရှင့်ကို သတ်ချင်နေတာလေ... ရှင့်ကို ရိုက်တာက... အင်း... အင်း..."

“ဘယ်သူလဲ…”

“ငါ့ရဲ့ ပါးစပ်ကို ထပ်ပိတ်ရဲတဲ့ အဲ့လူယုတ်မာက ဘယ်သူလဲ…”

ယွင်ဟွားက မော့ကြည့်လိုက်လေသည်။

“အိုး… အမေပါလား…”

တစ်ခဏအတွင်းမှာပဲ ငုံးလေးတစ်ကောင်လို ပြန်ဖြစ်သွားလေသည်။

ယွင်ဟွားက မျက်တောင်ခတ်ကာ ခေါင်းကို လှည့်ကြည့်လိုက်ရာ သူမ၏ တတိယအစ်မသည်လည်း ကြင်ယာတော်စု၏ ပါးစပ်ပိတ်ခြင်းကို ခံထားရလေသည်။ သူတို့နှစ်ယောက်သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့နေသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရလေသည်။

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် မင်ယွမ်နယ်စားမှာ လန့်သွားလေသည်။ စောစောက "ဖောက်ပြန်နေတာကို ဖမ်း" ဟု အော်ပြောခဲ့သော အမျိုးသမီး၏ အသံနှင့် အတူတူပင်ဖြစ်ကြောင်း သူ မှတ်မိလိုက်လေသည်။ ဒါပေမယ့်... ဘာကြောင့် ဤအသံက ရင်းနှီးနေရသနည်း။

သူက မော့ကြည့်လိုက်လေသည်။

သူ၏ မျက်လုံးအိမ်များမှာ ရုတ်တရက် ကျဉ်းမြောင်းသွားလေသည်။

*ဘုရားရေ... အဲဒါ... အဲဒါ... အမတ်ငယ်ယွင် မဟုတ်ဘူးလား…*

*ပြီးတော့ အမျိုးသမီးတွေကရော ဘာတွေလဲ... သူတို့အားလုံးက ဖောက်ပြန်တာကို ဖမ်းဖို့ ရောက်လာကြတာလား…*

မင်ယွမ်နယ်စားသည် မူးဝေသွားသည်ဟု ခံစားလိုက်ရပြီး ဒေါသကြောင့် တောက်လောင်နေသော မျက်လုံးများဖြင့် ကျိုးချန်ရူကို ကျိန်ဆဲလိုက်လေသည်။

"မိန်းမယုတ်... မင်းက နယ်စားအိမ်တော်ကို အရှက်ခွဲချင်နေတာလား..."

မိသားစု အရှုပ်တော်ပုံများကို အများပြည်သူရှေ့တွင် မဖွင့်ချသင့်ပေ။ သူမက လူအများအပြားကို အမှန်တကယ် ခေါ်ဆောင်လာခဲ့လေသည်။ မင်ယွမ်နယ်စားအိမ်တော်မှာ မျက်နှာ လုံးဝ မရှိတော့ဘူးလား။

တစ်ချိန်တည်းမှာပင် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသော ကွမ်ရှူမှာ လူအများအပြားကို မြင်လိုက်ရသောအခါ မျက်နှာပြာနှမ်းသွားပြီး သတိလစ်လုနီးပါး ဖြစ်သွားလေသည်။

*ပြီးသွားပြီ...အရာအားလုံး လုံးဝ ပြီးဆုံးသွားပြီ…*

သူမ၏ ယောက္ခမနှင့် သူမကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်းနှင့် ပတ်သက်၍ မနက်ဖြန်တွင် မည်ကဲ့သို့သော ကောလာဟလများ ပျံ့နှံ့သွားမည်ကို သူမ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

ကျိုးချန်ရူသည် သူမ၏ ပါးပြင်ကိုအုပ်ကာ ရုတ်တရက် ရယ်မောလိုက်လေသည်။

သူမ၏ ကိုယ်ပိုင်သားက သူမကို သစ္စာဖောက်ခဲ့လေသည်။

သူမ၏ ခင်ပွန်းက သူမကို သတ်ချင်နေလေသည်။

ထိုမြေခွေးမလေးက သူမ၏ နေရာကို ယူချင်နေလေသည်။

သူမသည် ဤနေ့တွင် မျက်နှာအားလုံးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်ရာ နယ်စားအိမ်တော်၏ ဂုဏ်သိက္ခာကို သူမ အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။

မတ်မတ်ရပ်နိုင်ရန် ရုန်းကန်နေရသော ကျိုးချန်ရူသည် လှည့်ကြည့်လိုက်ရာ ကွမ်ရှူ လစ်ထွက်သွားရန် ကြိုးစားနေသည်ကို မြင်လိုက်ရလေသည်။ သူမသည် မုန်းတီးမှုဖြင့် အံကို ကြိတ်လိုက်လေသည်။

"မိန်းမယုတ်... မိန်းမယုတ်... နင်က အရာအားလုံးကို ဖြစ်စေခဲ့တာပဲ..."

သူမသည် "ဟူး" ဟူသော အသံကို ပြုလုပ်လိုက်ပြီး ကွမ်ရှူကို ကန်လိုက်လေသည်။ ကွမ်ရှူမှာ အပြစ်ရှိသလို ခံစားနေရပြီဖြစ်ပြီး စောစောက သူမ ပြုလုပ်ခဲ့သော လှုပ်ရှားမှုများကြောင့် အလွန်အမင်း အားနည်းနေလေသည်။ သူမသည် ကြမ်းပြင်ပေါ်သို့ ပြိုကျသွားပြီး သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေကာ သူမ၏ ကော်လာမှာ ကျယ်ဟနေလေသည်။

သူမ၏ လည်ပင်းဘေးရှိ နီညိုရောင် အမှတ်အသားက ကျိုးချန်ရူ၏ အမြင်အာရုံကို ဝေဝါးသွားစေလေသည်။ ၎င်းမှာ မင်ယွမ်နယ်စား၏ ထူးခြားသော အလေ့အထတစ်ခုဖြစ်ပြီး ရင်းနှီးကျွမ်းဝင်သော အချိန်များတွင် သူ အမြဲတမ်း ပြုလုပ်လေ့ရှိသည့် အရာတစ်ခုပင် ဖြစ်လေသည်။

မုန်းစရာကောင်းလိုက်တာ…။

ကျိုးချန်ရူ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေပြီး သူမ၏ လက်သည်းများက လက်ဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသော်လည်း နာကျင်မှုကို မခံစားရပေ။

"ငါ… တရားဝင်ဇနီးဖြစ်တဲ့ ငါက... ဒီနေ့ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်..."

ကျိုးချန်ရူသည် ကွမ်ရှူ၏ အပေါ်သို့ တက်ခွလိုက်ပြီး သူမ၏ နူးညံ့သော မျက်နှာကို အရူးအမူး ရိုက်နှက်လေတော့သည်။ သူမ၏ လက်သည်းများက ကွမ်ရှူ၏ အသားအရေထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ချက်ချင်းပင် သွေးထွက်သံယို အမှတ်အသားများ ကျန်ရစ်စေလေသည်။

သူမက သူမအပေါ် လုံလောက်အောင် မကောင်းခဲ့ဘူးလား...။

သူတို့ စားသောက်၊ ဝတ်ဆင်၊ အသုံးပြုသမျှ အရာအားလုံးက အကောင်းဆုံးတွေချည်းပဲလေ...။

"ဝိုး... ဟွားဟွားလေး... ကျိုးက လူတွေကို ရိုက်နှက်ရာမှာ မင်းထက်တောင် ပိုပြီး ရက်စက်သေးတယ်... သူမက မျက်နှာကို ပျက်စီးသွားအောင် ရည်ရွယ်ပြီး ရိုက်နေတာပဲ..."

ရှင်ခြင်းသေခြင်းစာအုပ်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး ယွင်ဟွား၏ ပခုံးပေါ်သို့ ခုန်တက်သွားလေသည်။

ယွင်ဟွား၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်နေပြီး သူမ၏ လက်သီးကို ဆုပ်ထားလိုက်လေသည်။

"ရှောင်ရှူးရှူး... ပါးရိုက်တာနဲ့ ဆံထိုးတွေကို ဆွဲနုတ်တာအပြင် ဒီလှည့်ကွက်လည်း ရှိသေးတာကိုး... ငါ အသစ်တစ်ခုကို သင်ယူလိုက်ရပြီ... နောက်တစ်ခါကျရင် ငါ သေချာပေါက် အသုံးချရမယ်..."

ယွင်ဟွားသည် သူမ၏ လက်ကို မြှောက်ကာ ကြည့်လိုက်ပြီးနောက် ထပ်မံ ပြောလိုက်လေသည်။

"မနက်ဖြန်ကစပြီး ငါလည်း လက်သည်းရှည်တွေ ထားတော့မယ်..."

လူတိုင်း…..။

သခင်မလေးယွင်ကို ဘယ်တော့မှ ထပ်ပြီး မစော်ကားတော့ဘူးဟု သူတို့ ဆုံးဖြတ်လိုက်ကြလေသည်။

ကွမ်ရှူမှာ နာကျင်စွာ အော်ဟစ်နေပြီး ကျိုးချန်ရူကို တွန်းဖယ်ရန် ကြိုးစားလျက် လက်များကို အရူးအမူး ရမ်းခါနေကာ ထပ်ခါတလဲလဲ အော်ဟစ်နေလေသည်။

"နယ်စားကြီး... နယ်စားကြီး... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး... ကယ်ပါဦး..."

ဤစကားကို ကြားသောအခါ ကျိုးချန်ရူ၏ မျက်နှာမှာ အလွန်အမင်း အရုပ်ဆိုးသွားလေသည်။ သူမက 'နယ်စားကြီး'ဟု ဤမျှ ချွဲနွဲ့သော အသံဖြင့် အကူအညီတောင်းရဲတယ်ပေါ့။

သူမ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူမ၏ လက်များမှာ ပိုမို ရက်စက်လာလေသည်။

မင်ယွမ်နယ်စားမှာ မှုန်ကုပ်နေသော မျက်နှာရှိလေသည်။ သူသည် ယခုလက်ရှိတွင် ကွမ်ရှူကို အလွန်စိတ်ဝင်စားနေပြီး သူ၏ နှလုံးသားမှာ နူးညံ့သိမ်မွေ့ကာ ချိုသာစွာ စကားပြောတတ်သော သူမထံသို့ သဘာဝကျကျ တိမ်းညွတ်နေလေသည်။

"တော်လောက်ပြီ..."

သူသည် ဟိန်းဟောက်လိုက်ပြီး ကျိုး၏ လက်ကို ဆွဲဖမ်းလိုက်လေသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ပန်းတစ်ပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့သော လှပသည့် အမျိုးသမီးမှာ သွေးစွန်းနေသော နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။ ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် မင်ယွမ်နယ်စား၏ သွေးပေါင်ချိန်များ ဆောင့်တက်သွားလေသည်။

သူ့ရဲ့ အလှလေး...။

ထို့နောက် ချက်ချင်းပင် သူသည် ကျိုးချန်ရူကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး နာကျင်နေသော အမူအရာဖြင့် ကွမ်ရှူကို ထူပေးလိုက်လေသည်။

ယွင်ဟွား၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားလေသည်။

"ရှောင်ရှူးရှူး... ဒီအဘိုးကြီးက ရူးသွားပြီလား... သူက ခုလိုအချိန်မျိုးမှာတောင် သူ့ရဲ့ ချစ်သူငယ်လေးကို ဂရုစိုက်ဖို့ အချိန်ရနေသေးတယ်... သံသယဖြစ်စရာတွေကို ရှောင်ရှားရမယ်ဆိုတာ သူ မသိဘူးလား..."

လူတိုင်းက အပြင်းအထန် ခေါင်းညိတ်လိုက်ကြလေသည်။ ဤအရာက မှန်ကန်သည် မဟုတ်ပါလား။

ဤမြင်ကွင်းက ကျိုးချန်ရူ၏ သွေးများကို ဆူပွက်လာစေပြီး သူမ၏ စိတ်မှာ ဒေါသများကြောင့် လုံးဝ ဖုံးလွှမ်းသွားလေသည်။

သူမ၏ အကြည့်များက မလှမ်းမကမ်းရှိ ကျောက်တုံးကြီး တစ်တုံးပေါ်သို့ ကျရောက်သွားလေသည်။

All Chapters