အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁) ဒီချန်လျိုရွာမှာ အခြားအရာများ သိပ်မရှိသော်လည်း တစ္ဆေများစွာ ရှိတယ်
အနီးတွင် ရပ်နေသော စုလီယန်၏မိခင်က သူမခင်ပွန်း၏စကားကို ကြားလိုက်ရသည်။
သူမက ချက်ချင်းပင် ခင်ပွန်းဖြစ်သူ၏ လက်မောင်းကိုရိုက်ကာ အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
စုလီယန်၏ဖခင်က သူစကားမှားသွားကြောင်း သိလိုက်သည်။
သူက အနေခက်စွာဖြင့် လက်ကာပြပြီး တိတ်ဆိတ်နေလိုက်သည်။
စုလီယန်၏မိခင်က အိမ်ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားပြီး ပင်မခန်းမ၏အလယ်တွင် ချိတ်ဆွဲထားသော ပုံမပါသည့် ပုံတူပန်းချီကားတစ်ချပ်ရှေ့တွင် ဒူးထောက်ကာ ရွတ်ဆိုလိုက်သည်။
"အရှင်မင်းကြီး... ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့... အရှင်မင်းကြီး... ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့..."
"အရှင်မင်းကြီးရဲ့ ကျေးဇူးကို အမြဲတမ်း သတိရနေမှာပါ..."
"..."
သူမဘာသာ ရေရွတ်ပြီးနောက် စုလီယန်၏မိခင်က နောက်ဆုံးတွင် ထရပ်လိုက်သည်။
လှည့်ကြည့်လိုက်သောအခါ ခြံဝင်းအတွင်း စည်ကားနေသည်ကို တွေ့လိုက်ရသည်။
မီးရှူးတိုင်တစ်ဒါဇင်ခန့်၏ အလင်းရောင်အောက်တွင် အမျိုးသားတစ်စုက ဆန်နှင့် ကောက်ပဲသီးနှံအိတ်များကို သယ်ဆောင်ကာ ခြံဝင်းငယ်လေးထဲသို့ အဝင်အထွက် လုပ်နေကြသည်။
ထိုသို့ စည်ကားနေသော မြင်ကွင်းက သဘာဝကျကျပင် ရွာရှိ အခြားသူများအားလုံး၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
"စုမိသားစုရဲ့ သမီးက... မိသားစုကောင်းကောင်းတစ်ခုနဲ့ တကယ်ပဲ လက်ထပ်လိုက်တာများလား..."
"ကျွတ်... ဘာပြောစရာရှိသေးလဲ အဲ့ဝက်သားတွေကို ကြည့်လိုက်စမ်းပါ အလကားရသလိုမျိုး အိမ်ကိုသယ်လာကြတာ..."
"ငါ့ဘဝတစ်သက်တာမှာ အဲ့လောက်အများကြီး တစ်ခါမှမစားဖူးဘူး..."
"အဲ့လောက်ကြီးတဲ့ အဆီတုံးကြီးကနေ ဆီဘယ်လောက်တောင် ထွက်လာမလဲ ဒါတွေအကုန်စားဖို့ နှစ်ဘယ်လောက်တောင် ကြာမလဲ..."
ရွာသူရွာသားများက စုလီယန်တို့အိမ်အပြင်ဘက်မှနေ၍ ဤမြင်ကွင်းကို ကြည့်နေကြပြီး သူတို့၏မျက်နှာများတွင် မနာလိုမှုများနှင့် ပြည့်နှက်နေလေသည်။
စုလီယန် လက်ထပ်သွားကြောင်းကို ယခင်က ကြားခဲ့ရသည်။
ထို့အပြင် ထိုအချိန်က စုလီယန်နှင့်အတူ အပြင်ထွက်ခဲ့သော အိမ်နီးချင်းရွာများမှ လူအတော်များများလည်း ရှိခဲ့သည်။
ပြန်လာသူတိုင်းက စုလီယန်က အလွန်ကောင်းမွန်စွာ လက်ထပ်ခဲ့ကြောင်း ပြောကြသည်၊ အမျိုးသားက ရုပ်ချောပြီး ယဉ်ကျေးသိမ်မွေ့ကာ ပညာရှိတစ်ယောက်ဖြစ်သည်ဟု ဆိုကြသည်။
သူက စုလီယန်အပေါ် အထူးပင်ကြင်နာပြီး ရောက်ရောက်ချင်း မြို့ထဲရှိ စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။
ပစ္စည်းတွေလည်း အများကြီးဝယ်ပေးခဲ့သည်။
သို့သော် လူများက ဤအရာကို တကယ်မယုံကြည်ကြပေ။
ဘာလို့ ယုံရမှာလဲ။
သူမက မြွေအမျိုးသမီးတစ်ယောက်ပဲလေ နည်းနည်းလေးပဲ လှတာပါ။
ချမ်းသာတဲ့ မိသားစုတွေအားလုံးက သူတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မတွက်ရဘူးလား လူတစ်ဝက် နတ်ဆိုးတစ်ဝက်ကို လက်ထပ်ဖို့ ဘယ်သူ့မှာ ပိုက်ဆံရှိလို့လဲ။
ဒါပေမဲ့ အခု ဒီမြင်ကွင်းကို မြင်လိုက်ရတော့ လူတိုင်းက မယုံဘဲမနေနိုင်တော့ပေ။
ဤအခိုက်အတန့်တွင် ခြံဝင်းအတွင်းရှိ မြင်ကွင်းကိုကြည့်နေသော စုလီယန်၏မိခင်က ရုတ်တရက် သူမ၏မျက်လုံးများ နီရဲလာသည်ကို ခံစားလိုက်ရပြီး ရေရွတ်လိုက်သည်။
"ကောင်းတယ်.. ကောင်းတယ်..."
တကယ်တော့ စုလီယန်၏မိခင်ကလည်း အစပိုင်းတွင် မယုံကြည်ခဲ့ပေ။
သူမ၏ အစေခံလေး(တစ္တေမလေး)ကို မေးမြန်းရန် လွှတ်လိုက်ပြီးနောက်တွင်ပင် တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်နေဆဲဖြစ်သည်။
အဓိကပြဿနာမှာ သူမ၏သားမက်က အရမ်းကို ရုပ်ချောနေခြင်းပင်ဖြစ်သည်။
သူမ၏ အကောင်ပေါက်လေး ပြန်လာသောအခါ သားမက်ဖြစ်သူက အုတ်အိမ်တစ်လုံးတွင် နေထိုင်ကြောင်း ပြောပြခဲ့သည်။
အခန်းကျယ်ကြီးသုံးခန်းရှိပြီး ခြံဝင်းကိုပင် ကျောက်အုတ်များဖြင့် ခင်းထားသည်။
မီးဖိုချောင်တွင် ဆန်နှင့် ဂျုံမှုန့်များ အထပ်လိုက်ပုံထားပြီး အားလုံးက ဂျုံမှုန့်အဖြူများဖြစ်ကာ ပြောင်းဖူးမှုန့် တစ်စေ့မှပင် မတွေ့ရပေ။
၎င်းတို့အပြင် ပို၍အံ့သြစရာကောင်းသည်မှာ မီးဖိုချောင်အပြည့် အသားများရှိနေခြင်းပင်ဖြစ်သည်။
သူမ၏သားမက်က သဘောကောင်းကြောင်း၊ စကားပြောချိုသာကြောင်းနှင့် သူမ၏သမီးကို အလွန်အလိုလိုက်ကြောင်းလည်း သူမက ပြောပြခဲ့သေးသည်။
လူတွေနဲ့ အဲဒီလိုအရာတွေကို နည်းနည်းကြောက်တာကလွဲရင်...။
*ငါ့ရဲ့ တစ္ဆေလေးက ပါးစပ်ထဲမှာ သကြားလုံးတစ်လုံးငုံပြီး ဒီနဲ့ဟိုကိုဆွဲကာ သူ့ဘာသာသူ ရေရွတ်ရင်း ပြန်လာခဲ့တယ်*
*ငါ ပြောခဲ့ပေမဲ့လည်း အဲဒါက သိပ်ပြီး ယုံကြည်စိတ်ချရတယ်လို့ မခံစားရဘူး*
ဤရက်ပိုင်းတွေမှာ ထိုအကြောင်းကို အများကြီး တွေးနေမိသည်။
*အခုတော့ ငါ့နှလုံးသားထဲက ဝန်ထုပ်ဝန်ပိုးက နောက်ဆုံးတော့ ပေါ့ပါးသွားခဲ့ပြီ*
*ဒါ တကယ်ပဲ*
*ရှောင်ယွမ်ယွမ်ပြောတာ လုံးဝမှန်တယ် သံသယဖြစ်စရာမရှိဘူး*
"အစ်ကို အစ်မ ဒီမှာ ဘယ်သူက တာဝန်ခံလဲ..."
"သမီးဝိုင်အနီအိုးခြောက်ဆယ်( ဝိုင်နာမည်ပါ) ကို အစ်ကိုတို့ စစ်ဆေးဖို့ ထောင့်မှာ စီထားပါတယ်..."
"ပြဿနာမရှိရင် ဒီပုံစံမှာ လက်မှတ်ထိုးပေးပါ ဒါမှ ကျွန်တော်တို့ ပြန်ပြီး သတင်းပို့လို့ရမှာပါ..."
ဆိုင်ရှင်တစ်ဦးက ပြုံးလျက် သက်ကြီးရွယ်အိုဇနီးမောင်နှံထံသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။
သတိပြန်ဝင်လာသောအခါ စုလီယန်၏မိဘများက ခေါင်းကိုဆက်တိုက်ညိတ်ပြလိုက်ကြသည်။ စုလီယန်၏မိခင်က သူမဘေးရှိ ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။
"မြန်မြန် မြန်မြန် မင်းရဲ့စုတ်တံနဲ့ မှင်ကို ယူခဲ့ သူတို့ကို ပုံစံတစ်ခု လက်မှတ်ထိုးခိုင်းရအောင်..."
စုလီယန်၏မောင်ဖြစ်သူ စုချန်းလျန်က ချက်ချင်းခေါင်းညိတ်ကာ စုတ်တံနှင့် မှင်ယူရန် သူ၏အခန်းသို့ ပြေးသွားခဲ့သည်။
ယုတ္တိတန်တန် စဉ်းစားရလျှင် ဤအရာကို အိမ်ထောင်ဦးစီးက လက်မှတ်ထိုးရမည်ဖြစ်သည်။
သို့သော် စုလီယန်၏ဖခင်က စာမတတ်သဖြင့် စာမရေးနိုင်ဘဲ သူ၏နာမည်ကိုပင် သူ မသိပေ။
ထို့ကြောင့် သူတို့က စုလီယန်၏မိခင်ကိုသာ သဘောရှိလုပ်ခိုင်းရတော့သည်။
လူတိုင်း ပြင်ဆင်နေစဉ် သူတို့၏ကုန်ပစ္စည်းများ သယ်ယူပြီးသော ဆိုင်ရှင်အချို့က အမှာစာလက်မှတ်ထိုးရန် စောင့်ဆိုင်းရင်း ရောက်လာကြသည်။
သူတို့အားလုံးက ပြုံးရွှင်စွာဖြင့် မင်္ဂလာရှိသောစကားများကို ပြောဆိုကြသည်။
"အစ်မရေ အစ်မသမီးရဲ့ ယောက်ျားက တကယ့်ကို ရက်ရောပြ ပွဲက တကယ့်ကို ခမ်းနားကြီးကျယ်တာပဲ..."
"ဒီလိုသားမက်မျိုးနဲ့ဆိုရင် အစ်မတို့တော့ အရမ်းပျော်ရွှင်စရာကောင်းတဲ့ဘဝကို ခံစားရတော့မှာပဲ..."
စုလီယန်၏မိခင်က ဤမင်္ဂလာရှိသောစကားများကြောင့် အလွန်ဝမ်းသာသွားခဲ့သည်။
သူမ၏မျက်နှာပေါ်ရှိ တောက်ပသောအပြုံးကို ဖုံးကွယ်ထား၍မရနိုင်ပေ။
သို့သော် သူက လက်ကာပြကာ ပြုံး၍ ပြောလိုက်သေးသည်။
"အိုး... ဘယ်လိုပျော်ရွှင်မှုမျိုးလဲ မိန်းကလေးတစ်ယောက်က အိမ်ထောင်ကျသွားရင် အခြားတစ်ယောက်နဲ့ သက်ဆိုင်သွားပြီလေ..."
"သူမ အဆင်ပြေသရွေ့ ဒါက အရေးအကြီးဆုံးပဲ..."
"သူမရဲ့ နာမည်ကျော်ကြားမှုကနေ ငါက အကျိုးကျေးဇူးမရပါဘူး..."
စုလီယန်၏ဖခင်က တံခါးဘောင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သူ၏ဆေးတံကို ဖွာနေလေသည်။
စုလီယန်၏ဖခင်က ရိုးသားပြီး စကားပြောမကောင်းသောကြောင့် ဤအချိန်တွင် ဇနီးဖြစ်သူသာလျှင် စကားပြောနိုင်လေသည်။
သို့သော် သူက စကားမပြောသော်လည်း သူ၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကိုတော့ ငြင်းဆို၍မရနိုင်ပေ။
စုတ်တံနှင့် မှင်ယူလာသော စုချန်းလျန်သည် ခြံဝင်းအတွင်းရှိ စည်ကားနေသောမြင်ကွင်းကို ကြည့်ကာ သူ၏အစ်မအတွက် ဝမ်းသာကြည်နူးစွာ ပြုံးလိုက်သည်။
မည်သို့ပင်ဖြစ်စေ အပြင်လူများက သူတို့၏အစ်မအကြောင်း ပြောဆိုနေကြသည်မှာ အားလုံးက အဓိပ္ပာယ်မရှိပေ။
အစ်မဖြစ်သူက ဘယ်လိုပုံစံလဲဆိုတာကို မောင်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် မသိဘဲနေပါ့မလဲ။
စုချန်းလျန်က သူ၏အစ်မသည် ယခင်က အခြားသူများပြောခဲ့သလို ခြေမသန်သော အဘိုးကြီးတစ်ဦး သို့မဟုတ် ခေါင်းမိုးပင်မရှိလောက်အောင် ဆင်းရဲလွန်းသူတစ်ဦးနှင့် လက်ထပ်ရမည်ကို တကယ်ပင် စိုးရိမ်ခဲ့သည်။
သူက အရက်မူးပြီး သူ၏အစ်မအပေါ် အမျက်ဒေါသများ ပုံချလိမ့်မည်။
စုချန်းလျန်က သူ၏အစ်မသည် အလွန်သနားစရာကောင်းလိမ့်မည်ဟု ခံစားခဲ့ရသည်။
*အခုတော့ ငါ တကယ်ပဲ စိတ်အေးသွားပါပြီ*
...
တစ်ချိန်တည်းမှာပင်။
တိုင်နင်းမြို့၊ ကျောက်မိသားစု။
ထိုအဖွဲ့သည် ဝိညာဉ်ရေးရာစွမ်းအင်များဖြင့် တောက်ပနေသော မီးအိမ်အချို့ ထွန်းညှိထားသည့် ပင်မခန်းမတွင် ညစာစားနေကြသည်။
"မင်းတို့နှစ်ယောက် ဘယ်လိုတွေ့ခဲ့တာလဲ ဘယ်လိုလက်ထပ်ဖြစ်သွားတာလဲ..."
ကျောက်ချောင်အာက မေးရင်း လုယွမ်၏ပန်းကန်ထဲသို့ အသားတုံးကြီးတစ်တုံး ထည့်ပေးလိုက်သည်။
ကျောက်ချောင်အာက စုလီယန်က မြွေအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိပြီးဖြစ်သည်။
အိမ်တော်ထိန်းအိုကြီး ပြန်ရောက်လာသည့်နေ့က ကျောက်ချောင်အာ သိရှိခဲ့ခြင်းဖြစ်သည်။
စုလီယန်သည် မျိုးရိုးဗီဇပြန်ပေါ်လာနိုင်သော မြွေအမျိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် သူမ၏ မျိုးရိုးဗီဇပြန်ပေါ်လာပြီးနောက် အကြည့်က သူ့ကို ကျောချမ်းသွားစေကြောင်းလည်း သူက ပြောပြခဲ့သေးသည်။
ကျောက်ချောင်အာက ဤအရာကို သိပ်ဂရုမစိုက်ခဲ့ပေ။ ဤလူတစ်ဝက်၊ နတ်ဆိုးတစ်ဝက် သတ္တဝါများသည် ပုံမှန်လူများနှင့် မတူသောကြောင့် သူတို့ အနည်းငယ်ထူးဆန်းနေခြင်းမှာ သာမန်သာဖြစ်သည်။
ကျောက်ချောင်အာက သိချင်ရုံသက်သက်သာဖြစ်သည်။
*ငါ့တူလေးက မြွေအမျိုးသမီးတစ်ယောက်ကို ဘယ်လိုများ လက်ထပ်နိုင်ခဲ့ရတာလဲ…*
မည်သို့ပင်ဖြစ်စေ သူမ၏ တူလေးသည် မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးဖြင့် အလွန်ရုပ်ချောပြီး ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်လည်း မရှိပေ။
အထူးသဖြင့် သူမ၏မိသားစုက အတော်လေးချမ်းသာပေသည်။
ယခင်ခရိုင်ဝန်သည် တိုင်နင်းမြို့၏ ခရိုင်ဝန်ဖြစ်သည်။
ယုတ္တိတန်တန် စဉ်းစားရလျှင် သူမတူလေး၏ အခြေအနေအရ သူက ရွာထဲတွင်ပင် အဆင်ပြေနိုင်သင့်ပေသည်။
တိုင်နင်းမြို့မှာ သူကြိုက်တဲ့ မိန်းကလေးကို ရွေးလို့ရ၏။
သူက ဘာလို့ မြွေအမျိုးသမီးတစ်ယောက်နဲ့ ဇာတ်သိမ်းသွားရတာလဲ။
သေချာသည်မှာ ကျောက်ချောင်အာက စုလီယန်ကို အထင်သေးသည်ဟု ဆိုလိုခြင်းမဟုတ်ပေ၊ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးက လက်ထပ်ပြီးသားဖြစ်နေပြီဖြစ်သည်။
စုလီယန်က သူမ၏တူဇနီးဖြစ်ပြီး သူတို့က မိသားစုတွေဖြစ်နေပြီလေ။
ကျောက်ချောင်အာက အနည်းငယ် သိချင်ရုံသာဖြစ်သည်။
သူ ဒါကို မြိုသိပ်ထားတာ ကြာပြီဖြစ်ပြီး မမေးဘဲမနေနိုင်တော့ပေ။
ကျောက်ချောင်အာ၏ မေးခွန်းအတွက် လုယွမ်က အလွန်ရိုးရှင်းဖြူစင်စွာ ပြုံးဖြီးဖြီးလုပ်ကာ ပြောလိုက်သည်။
"ထူးထူးခြားခြားတော့ မရှိပါဘူး သူမကို ပွဲစားက ကျွန်တော်တို့ရွာကို ခေါ်လာခဲ့တာပဲ..."
"သူမကို မြင်မြင်ချင်း ချစ်မိသွားတာပဲ အချစ်စစ်ပေါ့..."
"အဲ့နောက် ဘိုးဘေးတွေကို အရိုအသေပေးပြီး လက်ထပ်လိုက်ကြတယ်..."
လုယွမ်၏စကားများက ညစာစားပွဲရှိ အမျိုးသမီးနှစ်ဦးကို တကယ့်ကို လှုပ်ရှားသွားစေခဲ့သည်။
ကျောက်ချောင်အာက အထင်ကြီးလေးစားစွာ သက်ပြင်းချရင်း သူမ၏တူသည် အမျိုးသမီးတိုင်း၏ အိပ်မက်ထဲက ယောက်ျားတစ်ယောက်ဖြစ်ကြောင်း ပြောလိုက်သည်။
ထိုစကားတွေက ဘယ်လောက်တောင် ချိုမြိန်လိုက်သလဲ ကြည့်စမ်း မြင်မြင်ချင်းအချစ်တဲ့။
ဘယ်လောက်တောင် ရိုမန်းတစ်ဆန်လိုက်လဲ။ (ဒီခေတ် စကားနဲ့ပြောရရင်ပေါ့)
ထို့အပြင် လုယွမ်၏ဘေးတွင် ထိုင်နေသော စုလီယန်က ပို၍ပင် ခြားနားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
ယခုအခါ စွဲမက်ဖွယ်ကောင်းသော အလှတရားများဖြင့် ပြည့်နှက်နေသည့် စုလီယန်၏မျက်လုံးများက သူမ၏ခင်ပွန်းထံသို့ စူးစိုက်ကြည့်နေလေသည်။
သူမ၏မျက်လုံးထဲမှ အချစ်များက လက်တွေ့တွင် ပြည့်လျှံနေလေသည်။
...
တစ်ချိန်တည်းမှာပင် အပြုံးမျက်နှာဖြင့် တစ်စုံတစ်ယောက်အတွက် ပုံစံများ လက်မှတ်ထိုးပေးနေသော စုလီယန်၏မိခင်က ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသည်။
*အိုး...ငါ့သားမက်က အရာအားလုံးကောင်းတယ်၊ သူက နည်းနည်းကြောက်တတ်ပြီး ရှင်းကျီကို မြင်ရမှာ ကြောက်တာကလွဲရင်ပေါ့*
*အဲ့လိုဆိုမဖြစ်ဘူး ငါကိုယ်တိုင် အပြင်ထွက်ပြီး သူတို့ကို လိုက်ရှာရမယ်*
ချန်လျိုရွာတွင် အခြားအရာများ သိပ်မရှိသော်လည်း တစ္ဆေများစွာ ရှိသည်မှာ သေချာပါသည်။
အဓိကအချက်က ထိုအရာများအားလုံးကို သူကိုယ်တိုင် မွေးမြူထားတာပင်။
{သမီးဝိုင်နီ_ ရှေးခေတ်တရုတ်ပြည် (အထူးသဖြင့် ရှောက်ရှင်း ဒေသမှာ) မိသားစုတစ်ခုက သမီးမိန်းကလေး မွေးဖွားလာတဲ့အခါ ဖခင်ဖြစ်သူက အကောင်းဆုံးဆန်အရက် အိုးအချို့ကို မြေအောက်မှာ မြှုပ်နှံပြီး သိမ်းဆည်းလေ့ရှိပါတယ်။
အဲ့သမီးငယ်လေး အရွယ်ရောက်လို့ မင်္ဂလာဆောင်တဲ့နေ့ ရောက်မှသာ အဲ့ဒီမြေမြှုပ်ထားတဲ့ အရက်အိုးတွေကို ပြန်ဖော်ပြီး ဧည့်သည်တော်တွေကို တိုက်ကျွေးလေ့ရှိပါတယ်။
ဒါကြောင့် သမီးဝိုင်နီ လို့ အမည်တွင်ရခြင်း ဖြစ်ပါတယ်။ (အနီဆိုတာ တရုတ်ယဉ်ကျေးမှုမှာ မင်္ဂလာရှိခြင်းနဲ့ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပါတယ်)}
အခန်း (၃၂) ဒါတွေနဲ့ ကလေးတွေကို လှည့်စားဖို့ ကြိုးစားနေတုန်းပဲလား
တိုင်နင်းမြို့၊ ကျောက်မိသားစု။
လုယွမ်နှင့် သူ၏အဖော်နှစ်ဦး ထမင်းစားပြီးနောက် တာအိုဆရာလုံချွမ်း၏ ပူဇော်ပွဲမစတင်မီ အချိန်အနည်းငယ်ကျန်သေးသည်။
သူတို့အဖွဲ့က စကားစမြည်ပြောဆိုနေကြသည်။
လင်းဖူရှင်းလည်း ပြန်ရောက်လာခဲ့သည်။
မှတ်စုစာအုပ်ငယ်လေးကို ကိုင်ထားရင်း ပစ္စည်းအားလုံး ဝယ်ပြီးပြီဖြစ်ကြောင်း လုယွမ်ကို ပြောပြလေသည်။
သူက နောက်ဆုံး နွားလှည်း မြို့ဂိတ်တံခါးမှ ထွက်ခွာသွားသည်ကို ကြည့်ပြီးမှသာ ပြန်လာခဲ့ခြင်းဖြစ်သည်။
လုယွမ်က အရာအားလုံးကို အမှန်ခြစ်ပေးထားသော မှတ်စုစာအုပ်ကိုကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဘေးတွင်ရပ်နေသော စုလီယန်သည် သူမ၏ခင်ပွန်းက လင်းဖူရှင်းကို ဘာတွေဝယ်ခိုင်းခဲ့မှန်း လုံးဝမသိခဲ့ပေ။
လင်းဖူရှင်းက ဘာကြောင့် တစ်နေကုန် ပစ္စည်းတွေဝယ်ဖို့ အချိန်ဖြုန်းနေရသလဲဆိုတာကိုတောင် စဉ်းစားမနေခဲ့ဘူး။
စုလီယန်သည် အာရုံလွင့်နေပြီး သူမ၏စိတ်ထဲတွင် နောက်မှဘာလုပ်ရမည်ကိုသာ တွေးတောနေခဲ့သည်။
လုယွမ်က မှတ်စုစာအုပ်ငယ်ကို ကြည့်နေစဉ် ရုတ်တရက် ပေါင်ကိုပုတ်ကာ ပြောလိုက်သည်။
"အိုး ပြောဖို့မေ့နေတာ ကျွန်တော်တို့ ခဏလောက် ပြန်သွားလို့မရသေးဘူး၊ နောက်ရက်အနည်းငယ်ကြာမှ ပြန်ဖြစ်မယ်ဆိုတဲ့အကြောင်း သတင်းပို့ဖို့ လိုတယ်..."
ဘေးတွင်ရပ်နေသော ကျောက်ချောင်အာက ခေါင်းငုံ့ကာ လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး၊ လီဖူ... တစ်ယောက်ယောက်ကို ချန်လျိုရွာကို အမြန်သွားခိုင်းပြီး ငါတို့တူမရဲ့မိဘတွေကို ပြောပြခိုင်းလိုက်ပါ..."
"ငါတို့တွေ ပွဲအတွက် ပြင်ဆင်ဖို့ ရက်အနည်းငယ်နေရင် ပြန်သွားကြမယ်..."
အပြင်ဘက်တွင် စောင့်နေသော အိမ်တော်ထိန်းအိုကြီးက ပြန်ဖြေပြီး တစ်ယောက်ယောက်ကို သွားလုပ်ခိုင်းလိုက်သည်။
ခဏအကြာတွင် အိမ်တော်ထိန်းအိုကြီး ပြန်ရောက်လာပြီး ပြောလိုက်သည်။
"သခင်မ... အချိန်နီးနေပြီ၊ ကျွန်တော်တို့ စောင့်ရမယ်..."
ကျောက်ချောင်အာက ခေါင်းညိတ်လိုက်ပြီးနောက် ဘေးရှိ လုယွမ်နှင့် စုလီယန်တို့ကို ကြည့်လိုက်သည်။
ကျောက်ချောင်အာက ဘာမှပြောစရာမလိုဘဲ လုယွမ်က ချက်ချင်းမတ်တတ်ရပ်ကာ ပြောလိုက်သည်။
"အဒေါ် ကျွန်တော့်ဇနီးကို တည်းခိုခန်းအရင် လိုက်ပို့လိုက်ဦးမယ်..."
အိမ်တော်ထိန်းအိုကြီး၏ ရုတ်တရက်စကားကြောင့် ကျောက်ချောင်အာက အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း လုယွမ်ပြောနေသည်ကို သိပ်ဂရုမစိုက်ခဲ့ပေ။
သူက ရိုးရှင်းစွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"အဒေါ် လိုက်မပို့တော့ဘူး ပြင်ဆင်စရာရှိသေးလို့..."
လုယွမ်က အံ့အားသင့်သွားသည်။
*ပြင်စရာဘာရှိလို့လဲ။ ကျွန်တော်က ပြန်လာရဦးမယ်လေ….*
လုယွမ်က ဘာမှမပြောဘဲ စုလီယန်ကို ခေါ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် စုလီယန်သည် လုံးဝစိတ်ရှုပ်ထွေးနေသောအခြေအနေတွင် ရှိနေပြီး ခင်ပွန်းဖြစ်သူ၏နောက်သို့ နာခံမှုရှိစွာ လိုက်ပါသွားကာ သူမ၏စိတ်များက ရှုပ်ထွေးနေလေသည်။
သူတို့နှစ်ဦး ကျောက်မိသားစု၏အိမ်မှ ထွက်ခွာလာစဉ် အေးစက်သောလေပြေက သူတို့၏မျက်နှာများကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။
ထိုလေပြေက စုလီယန်ကို အနည်းငယ်သတိဝင်လာစေရန် ကူညီပေးခဲ့သည်။
*ဟင်…*
သူမက နေ့တိုင်း၊ အချိန်တိုင်း ခင်ပွန်းဖြစ်သူရဲ့ဘေးမှာ ရှိနေဖို့ မလိုအပ်ပုံရသည်။
...
လုယွမ်က သူ၏ဇနီးအတွက် တိုင်နင်းမြို့ရှိ အကောင်းဆုံးတည်းခိုခန်းတွင် အကောင်းဆုံးအခန်းကို ရွေးချယ်ပေးခဲ့သည်။
ညွှန်ကြားချက်အချို့ ပေးပြီးနောက် သူ ထွက်ခွာသွားခဲ့သည်။
အဒေါ်ကျောက်၏ အစီအစဉ်က စတင်တော့မည်ဖြစ်သဖြင့် အမြန်ပြန်သွားရန် လိုအပ်သည်။
ဤတစ်ကြိမ်တွင် စုလီယန်က အတူတူနေရန် ခင်ပွန်းဖြစ်သူအား မည်သည့်တောင်းဆိုမှုမျှ ထပ်မလုပ်တော့ပေ။
သူမက ခင်ပွန်းဖြစ်သူကို ဂရုစိုက်ရန်သာ သတိပေးလိုက်သည်။
ဇနီးဖြစ်သူအား နေရာချထားပေးပြီးနောက် လုယွမ်က ကျောက်မိသားစုအိမ်သို့ လမ်းတစ်လျှောက်လုံး ပြေးလာခဲ့သည်။
ဤအချိန်တွင် အစောင့်များက ဂိတ်တံခါးကို ပိတ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
လုယွမ်ကို မြင်လိုက်ရသောအခါ လူတိုင်းက အံ့သြသွားကြသည်။ ဤသခင်လေးက ဘာလို့ ပြန်ရောက်လာတာလဲ။
သို့သော် မည်သူကမျှ သူ့ကို မတားရဲကြပေ။
ကျောက်မိသားစုတွင် ဤအကြောင်းကို မည်သူကမသိဘဲ နေမည်နည်း။
ဤသခင်မလေးက သူမ၏တူအပေါ် အလိုလိုက်မှုမှာ သားအရင်းတစ်ယောက်နှင့် ဘာမှမကွာခြားပေ။
လုယွမ်က မည်သည့်အဟန့်အတားမျှမရှိဘဲ ပင်မခန်းမသို့ ပြန်ပြေးလာခဲ့သည်။
အိမ်တော်ထိန်းအိုကြီးနှင့် ကိစ္စများကို ဆွေးနွေးနေသော ကျောက်ချောင်အာကလည်း လုယွမ် ပြန်ပြေးလာသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။
"ဟင်..."
"ငါ့တူလေး မင်းက ဘာလို့ ပြန်လာတာလဲ..."
လုယွမ်က မျက်တောင်ခတ်ကာ ပြောလိုက်သည်။
"ကျွန်တော် ထွက်သွားမယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး ကျွန်တော့်ဇနီးကို တခြားနေရာမှာ နေဖို့ စီစဉ်ပြီးတာနဲ့ ကျွန်တော် ပြန်လာခဲ့တာ..."
ကျောက်ချောင်အာ - "..."
...
ဤအချိန်တွင် ချန်လျိုရွာ၌...
တကယ့်ကို စည်ကားနေလေသည်။
ပုံမှန်အားဖြင့် ညဘက်တွင် လုံးဝတိတ်ဆိတ်နေတတ်သောရွာသည် ယနေ့တွင် နွားများနှင့် မြင်းများ၏ လည်ပင်းမှ ခေါင်းလောင်းသံများဖြင့် ပြည့်နှက်နေလေသည်။
"ကောင်းပြီ အစ်မကြီး ကျွန်တော်တို့ အခု ပြန်တော့မယ်..."
"ဒီညတော့ အစ်မကြီး နည်းနည်းပိုပြီး အလုပ်ကြိုးစားရလိမ့်မယ် အစ်မကြီးရဲ့ သားမက်က အများကြီးဝယ်ထားတယ် နောက်ထပ်လည်း လာစရာရှိသေးတယ်..."
ဆိုင်ရှင်တစ်ဦးက စုလီယန်၏မိခင် လက်မှတ်ထိုးပေးထားသော စာရွက်ကိုကိုင်ကာ သေချာခေါက်ပြီး ပြုံးလျက် ရင်ခွင်ထဲသို့ ထည့်လိုက်သည်။
စုလီယန်၏မိခင်ကမူ ကျယ်လောင်စွာပြုံးကာ လက်ကာပြရင်း ပြောလိုက်သည်။
"အိုး... ဒါက ပျော်စရာကိစ္စပဲ ပင်ပန်းတယ်ဆိုတာ မရှိပါဘူး အမှောင်ထဲ ပြန်ရမှာဆိုတော့ ဂရုစိုက်သွားပါဦး..."
ဆိုင်ရှင်အား နှုတ်ဆက်ပြီးနောက် အခြားသူများအားလုံး ပစ္စည်းများ သယ်နေဆဲဖြစ်ပြီး အခြားမည်သူမျှ ဘေလ်ကို လက်မှတ်မထိုးတော့ကြောင်း မြင်သောအခါ စုလီယန်၏မိခင်က မတ်တတ်ရပ်လိုက်သည်။
တံခါးဘောင်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်သောက်နေဆဲဖြစ်သော အမျိုးသားကို ကြည့်ကာ သူမက ပြောလိုက်သည်။
"ဆေးလိပ်သောက်တာ ရပ်ပြီး ဒုတိယနဲ့ တတိယအစ်ကိုတွေကို သွားနှိုးချေ..."
"ငါတို့သားမက်က ပစ္စည်းတွေ အများကြီးဝယ်ထားတယ် နောက်မှ နောက်ထပ် သေချာပေါက် ရောက်လာဦးမှာ သူတို့ကို ရေတွက်ဖို့ လာကူညီခိုင်းလိုက်..."
"နောက်ပြဿနာတစ်ခုက ဒီမှာ မှောင်နေတော့ တန်ဖိုးကြီးပစ္စည်းတွေကို အိမ်ထဲမှာ ထားသင့်တယ် တခြားပစ္စည်းတွေကိုတော့ ခြံထဲကနေ လက်လှမ်းမမီတဲ့ နေရာမှာ ထားသင့်တယ်..."
"ဘယ်သူ့ကိုမှ ယူခွင့်မပေးနဲ့..."
ထိုစကားကို ကြားလိုက်ရသောအခါ စုလီယန်၏ဖခင်က ခေါင်းကို ဆက်တိုက်ညိတ်ပြပြီး ဆေးတံကို သိမ်းကာ ပြောလိုက်သည်။
"ငါ အခုချက်ချင်း သွားလိုက်မယ် ငါ အခုချက်ချင်း သွားလိုက်မယ်..."
ထို့နောက် စုလီယန်၏မိခင်က ဘေးရှိ သားဖြစ်သူ စုချန်းလျန်ကို ကြည့်ကာ ပြောလိုက်သည်။
"ချန်းလျန်... လက်မှတ်ထိုးဖို့ အမှာစာတွေရှိသေးရင် မင်း လက်မှတ်ထိုးလိုက် ဒါပေမဲ့ ပမာဏတွေကို သေချာစစ်ဆေးဦးနော် ဒါမှ ငါတို့ ဘာမှလွတ်မသွားမှာ..."
"ဒါတွေအကုန်လုံး မင်းရဲ့ယောက်ဖ ဝယ်ထားတာ..."
စုချန်းလျန်က ခေါင်းကိုဆက်တိုက်ညိတ်ပြလိုက်သည်။
“ဒါက သဘာဝပါပဲ..."
စုလီယန်၏မိခင်က အိမ်ထဲသို့ဝင်ကာ ထောင့်ရှိ ခြင်းတောင်းတစ်ခုကိုရှာတွေ့ပြီး အပြင်ထွက်တော့မည်ပြုသည်။
ဖခင်နှင့်သားက ဤမြင်ကွင်းကိုမြင်သောအခါ အံ့အားသင့်သွားကြသည်။
"ဘယ်သွားမလို့လဲ..."
စုလီယန်၏မိခင်က လက်ကာပြကာ တိုးတိုးလေးပြောလိုက်သည်။
"ငါ့သားမက်က တစ္ဆေတွေကို စိတ်အနှောင့်အယှက်ဖြစ်တယ်တဲ့ ဒါကြောင့် ငါတို့ရွာက တစ္ဆေတွေအားလုံးကို လမ်းမကြီးဆီကို မောင်းထုတ်မယ်..."
"သားမက်ရောက်လာရင် သူ့ကို မလန့်စေနဲ့..."
ထိုစကားကို ကြားလိုက်ရသောအခါ ဖခင်နှင့်သားက ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်ကြသည်။
စုလီယန်၏ဖခင်က အမြန်ပြောလိုက်သည်။
"ဒါဆို မြန်မြန်သွားတော့ ငါ ဒုတိယနဲ့ တတိယအစ်ကိုတွေအိမ်ကို ချက်ချင်းသွားလိုက်မယ် ချန်းလျန်... မင်း နေရာထိုင်ခင်းတွေကို ဂရုစိုက်လိုက်..."
ထိုသို့ပြောပြီးနောက် သက်ကြီးရွယ်အိုဇနီးမောင်နှံက အတူတူ အပြင်ထွက်သွားကြသည်။
စုလီယန်၏မိခင်က ခြင်းတောင်းတစ်လုံးကိုကိုင်ကာ ရွာအပြင်သို့ လျှောက်သွားပြီး စုလီယန်၏ဖခင်က ရွာထဲသို့ လျှောက်သွားခဲ့သည်။
ချန်လျိုရွာတစ်ဝိုက်တွင် စီးပွားရေးလုပ်ငန်း အတော်များများရှိသည်။
မဟုတ်ဘူး... တိတိကျကျပြောရရင်...။
အများကြီးရှိသည်။
ထိုအရာများကို စုလီယန်ရဲ့မိခင်က မွေးမြူထားတယ်လို့ ပြောရင်တော့ အနည်းငယ် လွဲချော်နေလိမ့်မည်။
တိတိကျကျပြောရလျှင် ဤလူဆိုးများကို ရွာတစ်ဝိုက်တွင် လှုပ်ရှားခွင့်ပြုခဲ့သူမှာ စုလီယန်၏မိခင်ပင်ဖြစ်သည်။
မဟုတ်ပါက စုလီယန်၏မိခင်သည် တာအိုဆရာသခင်တစ်ပါးဖြစ်သည့်အလျောက် ဤအလေ့အကျင့်များကို ကုသပျောက်ကင်းစေခဲ့သည်မှာ ကြာပြီဖြစ်သည်။
၎င်းကို မကုသနိုင်ရသည့်အကြောင်းရင်းမှာ ဤလောကတွင် လူယုတ်မာများ အလွန်များပြားနေသောကြောင့် သူတို့အားလုံးကို သင်ဘယ်လိုလုပ် ကုသနိုင်မည်နည်း။
ယနေ့ ဤလူကို သင်ကုသပေးလိုက်ပါက နောက်ထပ်တစ်ယောက်က ဘယ်အချိန် လျှို့ဝှက်ရောက်လာမည်ကို မည်သူသိနိုင်မည်နည်း။
သူတို့အားလုံးကို မကုသနိုင်ပေ။
ထိုသို့လုပ်မည့်အစား ဤလူများနှင့် စကားပြောဆိုဖြေရှင်းခြင်းက ပိုကောင်းပေသည်။
ငါတို့က မင်းတို့ကို ရွာတစ်ဝိုက်မှာထားပြီး အပြစ်ပေးမှာမဟုတ်ဘူး ဒါပေမဲ့ မင်းတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးရဘူး။
ထို့အပြင် ဤဆိုင်များကို အနီးအနားတွင်ထားရှိခြင်းက နောက်ထပ် အကျိုးကျေးဇူးတစ်ခုရှိသေးသည်။
အဲဒါက တစ်နေ့ကျရင် ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါတစ်ကောင်က လျှို့ဝှက်ရောက်လာပြီး တစ်ယောက်ယောက်ကို ဒုက္ခပေးချင်ရင် ဘယ်လိုလုပ်မလဲ။
ရွာပတ်ဝန်းကျင်မှာ ရှိနှင့်ပြီးသား ထိုအရာတွေကတော့ သေချာပေါက် လက်ခံမှာမဟုတ်ပေ။
ဤအကြောင်းရင်းကြောင့်ပင် နှစ်များတစ်လျှောက် ချန်လျိုရွာတွင် မည်သည့်မကောင်းဆိုးဝါးဝိညာဉ်ကမျှ လူများကို ဒုက္ခမပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ချန်လျိုရွာက တရားဝင်လမ်းမကြီးနှင့်ဝေးကွာပြီး အလွန်ခေါင်လွန်းသည်။
၎င်းက ဆင်းရဲလွန်းသည်။ ရွာထဲသို့ လက်ထပ်ဝင်လာလိုသော အမျိုးသမီးများ သိပ်မရှိသလို ရွာသူရွာသားများကလည်း ထွက်ခွာသွားချင်ကြသည်။
ချန်လျိုရွာသည် ရှီကဲရွာကဲ့သို့ ရွာကြီးတစ်ရွာ ဘယ်တုန်းကမှ မဖြစ်လာခဲ့ပေ။
ထို့ကြောင့် ဤရွာတစ်ဝိုက်တွင် အလုပ်လုပ်နေသူအားလုံးကို(တစ္ဆေတွေမွေးတာပါ) စုလီယန်၏မိခင်က မွေးမြူထားခြင်းဖြစ်သည်ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။
ရွာမှမထွက်ခွာမီ စုလီယန်၏မိခင်က ဆောင့်ကြောင့်ထိုင်ကာ ခြင်းတောင်းထဲသို့ သဲများဖြည့်လိုက်သည်။
ထို့နောက် သူက ပတ်ဝန်းကျင်ကို ကြည့်ကာ ကျောက်ခဲများကို ကောက်ယူလိုက်သည်။
ထိုအခိုက်အတန့်တွင် အနီးနားရှိ မိုးမခပင်ကြီးတစ်ပင်မှ သစ်ရွက်လှုပ်သံ ထွက်ပေါ်လာခဲ့သည်။
သစ်ပင်ပင်စည်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေမျက်နှာတစ်ခု ပေါ်လာခဲ့သည်။
"အစ်မကြီး ခင်ဗျားက အရမ်းကို ကပ်စေးနဲလွန်းတယ်..."
"အစားအစာတွေ ဒီလောက်အများကြီး ဝင်လာနေတာကို ဒီလိုအသေးအဖွဲလေးတွေနဲ့ ကလေးလေးတွေကို လှည့်စားဖို့ ကြိုးစားနေတာလား..."
မိုးမခပင်ပေါ်ရှိ တစ္ဆေမျက်နှာက ပေကျင်းလေယူလေသိမ်းဖြင့် ပြောလိုက်သည်။