← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇) ကောင်စုတ်လေး နောက်ဆုံးတော့ မင်းကို ဖမ်းမိပြီ

သူ့မျက်နှာပေါ်သို့ ခုန်အုပ်တော့မည့် သတ္တဝါငယ်လေးအား ကြည့်လိုက်ရင်း လုယွမ်က သွားကိုကြိတ်ကာ ထိုးချလိုက်သည်။ ထိုခုန်ဆွခုန်ဆွတစ္ဆေမှာ ယခင်အတိုင်းပင်ဖြစ်သည်။ သို့သော်... မဟုတ်သေးပေ။ ဤအရာက မှားယွင်းနေသေးသည်။

အခန်းထဲတွင် တာအိုဆရာလုံချွမ်း ချန်ထားခဲ့သော အဝါရောင်အဆောင်များ ပြည့်နှက်နေပေသည်။ ဤတစ္ဆေလေး ဝင်လာချင်သည်ဆိုလျှင်တောင် မည်သို့လုပ်၍ ဤမျှလွယ်ကူနေရမည်နည်း။ ထို့အပြင် အဆောင်များမှာလည်း ပျက်စီးသွားခြင်းမရှိပေ။ ယုတ္တိအရဆိုရလျှင် ဤခုန်ဆွခုန်ဆွတစ္ဆေများက ဝင်လာနိုင်စရာအကြောင်းမရှိသလို ဤမျှများပြားနေစရာအကြောင်းလည်း မရှိပေ။ ဖြစ်နိုင်သည်က... ဤအရာအားလုံးသည် ထင်ယောင်ထင်မှားဖြစ်ခြင်းများပင် ဖြစ်ရမည်။

ထိုစဉ် လုယွမ်က ကောင်းကင်ဆရာသခင်ကို ဖတ်ရှုခဲ့စဉ်က မကောင်းဆိုးဝါးဝိညာဉ် တစ်ခုအကြောင်း ဖော်ပြထားသည်ကို ရုတ်တရက် မှတ်မိသွားခဲ့သည်။ ထိုအရာက အမွှေးနံ့တစ်ခုဖြစ်သည်။ ၎င်းက လူများကို မသိလိုက်မသိဘာသာဖြင့် ထင်ယောင်ထင်မှားဖြစ်စေနိုင်ပေသည်။

*ခုနက ငါမြင်လိုက်ရတဲ့ ခုန်ဆွခုန်ဆွတစ္ဆေအကြောင်းကို ပြန်တွေးကြည့်မယ်ဆိုရင်... ပထမဆုံး ငါကိုယ်တိုင်မြင်ခဲ့ရတယ်... ပြီးတော့ ကျောက်ချောင်အာ... ပြီးတော့ တခြား ခရီးသွားတွေ...ဒါဆိုရင်.. အစကတည်းက ခုန်ဆွခုန်ဆွတစ္ဆေကို ငါမြင်နိုင်ခဲ့တာ ကောင်းကင်ဆရာသခင် ကြောင့်မဟုတ်ဘူးပဲ။ ကောင်းကင်ဆရာသခင် ရှိနေရုံနဲ့ တခြားသူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တယ်ဆိုတာမျိုး မဟုတ်ဘူး။ အဲ့ဒါက ငါ့ကိုယ်ငါကြောင့် သီးသန့်ဖြစ်နေတာပဲ…*

*ဒါက တော်တော်လေးကို မြှူဆွယ်နိုင်လွန်းတယ်။ ငါက ပထမဆုံး ကူးစက်ခံလိုက်ရတာပဲ။ ပြီးတော့ ကျောက်ချောင်အာ အဲဒီနောက် တခြား ခရီးသွားတွေနဲ့ သက်တော်စောင့်တွေ ကူးစက်ခံရတာပေါ့…*

ထိုအကြောင်းကို စဉ်းစားကြည့်ပါက အဓိပ္ပာယ်ရှိပေသည်။ သူက ကောင်းကင်ဆရာသခင်ကို ကြည့်နေခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်မဟုတ်ပါလော။ အားလုံးပေါင်းလိုက်လျှင် ခုနစ်ရက် ရှစ်ရက်ခန့်သာ ရှိသေးသည်။ ဤအရာလေး အနည်းငယ်ကို ကြည့်ရုံဖြင့် ကိုယ့်ကိုယ်ကိုယ် အစွမ်းထက်လှပြီဟု ထင်နေလျှင်တော့ သူ့ကိုယ်သူ လှည့်စားနေခြင်းသာဖြစ်သည်။ စနစ်က ပေးထားသည်ဆိုလျှင်တောင်မှ ဤသို့ လိမ်လည်၍ မရနိုင်ပေ။

ယခု လုယွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ ကျောက်ချောင်အာမှာ လုံးဝကို အသိစိတ်လွတ်နေပြီဖြစ်သည်။ ခရီးသွားများနှင့် သူ၏သက်တော်စောင့်များကလည်း စတင်ကာ ဝေခွဲမရဖြစ်လာကြသည်။ ယခုတိုင် အသိစိတ်မလွတ်သေးသူများမှာ လုယွမ်နှင့် အိမ်တော်ထိန်းအိုကြီးတို့သာ ရှိတော့သည်။ အိမ်တော်ထိန်းအိုကြီးအကြောင်းကိုတော့ ထည့်မပြောကြစို့နှင့်။ သူက လက်တွေ့တွင် ခြေတစ်လှမ်းဝက် ကောင်းကင်ဆရာသခင် အဆင့်တွင် ရှိနေသူဖြစ်သည်။ လုယွမ် အသိစိတ်မလွတ်ရခြင်းမှာ မြင့်မြတ်သောခန္ဓာကိုယ်ကြောင့်သာ သက်သက်ဖြစ်သည်။ ခုန်ဆွခုန်ဆွတစ္ဆေများကို မမြင်ရသေးသော်လည်း အိမ်တော်ထိန်းအိုကြီးက တစ်ခုခုမှားယွင်းနေကြောင်းကို ရှင်းလင်းစွာ ရိပ်မိနေပေသည်။

သို့သော် သူ၏ပတ်ဝန်းကျင်ရှိ အသိစိတ်လွတ်နေသော လူအုပ်ကြီးက အိမ်တော်ထိန်းအိုကြီးအား ချက်ချင်းသတိဝင်သွားစေခဲ့သည်။

"ပြဿနာပဲ... အဲ့တာက အသိစိတ်ကိုဖျက်ဆီးတဲ့ အမွှေးနံ့တစ်ခုပဲ..."

မှန်ပေသည်။ ထိုအရာက လုယွမ် ပြောချင်နေသောအရာပင်ဖြစ်သည်။ ကောင်းကင်ဆရာသခင် ဇာတ်လမ်းတွဲထဲတွင် ပြသထားသည်မှာလည်း ထိုအကြောင်းပင်ဖြစ်သည်။ ယခုမြင်နေရသမျှအရာအားလုံးမှာ ထင်ယောင်ထင်မှားဖြစ်ခြင်းများသာ ဖြစ်ပေသည်။

"သခင်လေးက ဘယ်လိုလုပ်ပြီး အဆင်ပြေနေရတာလဲ..."

အိမ်တော်ထိန်းအိုကြီးက လုံးဝပုံမှန်အတိုင်းဖြစ်နေသော လုယွမ်အား ကြည့်လိုက်ပြီး အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လုယွမ်က သူတို့ထဲတွင် အားအနည်းဆုံးဖြစ်ပြီး လက္ခဏာများကို ပထမဆုံး စတင်ပြသခဲ့သူဖြစ်သည်။ အခြားသူများအားလုံး စတင်ကာ အသိစိတ်လွတ်လာချိန်တွင် လုယွမ်က လုံးဝပုံမှန်အတိုင်း ဖြစ်နေဆဲဖြစ်သည်။

လုယွမ်က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူ၏လက်ထဲရှိ ကောင်းကင်ဆရာသခင် ဓားကို ချက်ချင်းမြှောက်လိုက်ကာ စကားလုပ်ကြံပြောလိုက်သည်။

"ကျွန်တော့်လက်ထဲက မိသားစုလက်ဆင့်ကမ်းလာတဲ့ ဒီပစ္စည်းဟောင်းလေးကြောင့် ဖြစ်နိုင်တယ်..."

*ဒါပေမဲ့ ငါ လုံးဝ အထိအခိုက်မရှိတာတော့ မဟုတ်ဘူး။ အခုချိန်မှာ ငါမြင်နေရတာက အခန်းထဲမှာ ဟိုခုန်ဒီခုန်လုပ်နေကြတဲ့ ခုန်ဆွခုန်ဆွတစ္ဆေတွေချည်းပဲ*

အိမ်တော်ထိန်းအိုကြီးက သွားကိုကြိတ်ကာ ပြောလိုက်သည်။

"မလှုပ်နဲ့... သခင်လေးမြင်နေရတာတွေအကုန်လုံးက ထင်ယောင်ထင်မှားတွေချည်းပဲ။ သခင်လေးသာ ရမ်းသန်းခုတ်ပိုင်းနေမယ်ဆိုရင် သခင်မလေးကို ထိခိုက်မိသွားနိုင်တယ်..."

"အဲ့အရိုးစားအမွှေးနံ့သာကို ချိုးဖျက်ဖို့ဆိုရင် ငါတို့တွေ ၎င်းကိုလွှတ်လိုက်တဲ့သူကို ရှာရမယ်။ အဲဒီလူက အနီးအနားမှာပဲ ရှိနေလောက်တယ်..."

လုယွမ်က ထိုနေရာတွင် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ရပ်နေပြီးနောက် လုံးဝစကားဆွံ့အစွာဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး... အစ်ကိုကြီးက အဲ့အကြောင်းကို ဘယ်သူ့ကို ရှင်းပြနေတာလဲ..."

*ကျွန်တော့်ကို ပြောပြနေစရာမလိုဘူးလေ မြန်မြန်သာ သွားလိုက်ပါတော့လား*

ကောင်းကင်ဆရာသခင် စာအုပ်ထဲတွင် ဤအရိုးစားအမွှေးနံ့သာ၏ ကျိန်စာကို ချိုးဖျက်ရန် တစ်ခုတည်းသောနည်းလမ်းရှိသည်ဟု ဆိုထားပေသည်။ ထိုနည်းလမ်းမှာ အမွှေးနံ့သာကို လွှတ်လိုက်သူအား ရှာဖွေရန်ပင်ဖြစ်သည်။ သို့မဟုတ်ပါက အမွှေးနံ့သာများ ပျောက်ကွယ်သွားသည်အထိ သုံးရက်ခန့် စောင့်ဆိုင်းပြီးမှသာ ကိုယ်တိုင်ဖွင့်နိုင်မည်ဖြစ်သည်။ သို့သော် ထိုအချိန်ရောက်သည်အထိ စောင့်နေရမည်ဆိုပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

အိမ်တော်ထိန်းအိုကြီး သတိပြန်ဝင်လာပြီးနောက် သူက ခေါင်မိုးပေါ်သို့ခုန်တက်ကာ တစ်စုံတစ်ယောက်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့သော် သူက အထက်သို့ မော့ကြည့်လိုက်သည်နှင့် ရုတ်တရက် အေးခဲသွားခဲ့သည်။

အိမ်ထဲမှနေ၍ ဤအခြေအနေကို မြင်လိုက်ရသောအခါ လုယွမ်မှာ လုံးဝကို အူကြောင်ကြောင်ဖြစ်သွားပြီး ပြောလိုက်သည်။

"ဘာလုပ်နေတာလဲ... ဘာလို့ မသွားသေးတာလဲ..."

*အခု အရာအားလုံးက အစ်ကိုကြီးအပေါ်မှာပဲ မူတည်နေတာလေ*

အဒေါ်ကျောက်၏ ကိစ္စကို နေရာနှစ်ခုခွဲ၍ ဖြေရှင်းခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အဒေါ်ကျောက်နှင့် အိမ်တော်ထိန်းအိုကြီးတို့ လျိုမိသားစုရွာသို့ ပထမဆုံးရောက်ရှိလာချိန်ကတည်းက သူတို့ သိရှိထားပြီးဖြစ်သောကြောင့်ပင်။ တစ်စုံတစ်ယောက်က သူမ၏ နောက်ကွယ်မှနေ၍ ဒုက္ခပေးရန် ကြိုးစားနေပေသည်။ ယနေ့ ညစာစားနေစဉ်အတွင်း လုယွမ်က ထိုအကြောင်းကို ထပ်မံမေးမြန်းခဲ့သည်။ တာအိုဆရာလုံချွမ်းက ထိုအရာကို ရှာဖွေတွေ့ရှိခဲ့သည်။

ယနေ့ညသည် သူတို့ လှုပ်ရှားမည့်ညပင်ဖြစ်သည်။ တစ်ယောက်မှာ ယခင်က လျိုမိသားစုဝင်ဖြစ်ပြီး ယခုအခါတွင် တာအိုဆရာလုံချွမ်းက ထိုလျိုမိသားစုမှ ရှင်းကျီအား မြို့ပြင်၌ ဖြေရှင်းနေပေသည်။ တာအိုဆရာလုံချွမ်းက လျိုမိသားစုမှ ရှင်းကျီအား ဖမ်းဆီးနိုင်သမျှ ကာလပတ်လုံး သူက မည်သူဖြစ်ကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်းကို စုံစမ်းစစ်ဆေးနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မြို့ထဲရှိလူများက အခြားတစ်ဖက်၏ ယုတ်မာသော လှည့်ကွက်များကို ကာကွယ်ရမည်ဖြစ်သည်။ ယနေ့ည ကုန်ဆုံးသွားပါက ကိစ္စအားလုံး ပြီးပြတ်သွားလိမ့်မည်ဟု ယုံကြည်စိတ်ချစွာ ပြောနိုင်ပေသည်။ သို့သော် ပြဿနာမှာ ဤမြို့ထဲတွင် မည်သည့်အရာမှ မှားယွင်းသွား၍ မရခြင်းပင်ဖြစ်သည်။ လူတိုင်းက ဤမြို့သည် မတော်တဆမှုများ ဖြစ်ပွားနိုင်ခြေ အနည်းဆုံးနေရာဟု မူလက ထင်မှတ်ထားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဤနေရာက တိုင်နင်းမြို့ မဟုတ်ပါလော။ ယနေ့ညတွင် ခြံဝင်းအပြင်ဘက်၌ ရုံးစေတစ်စု ရှိနေသေးပေသည်။

တာအိုဆရာလုံချွမ်းသည် မြို့ပြင်တွင်ရှိနေပြီး လျိုမိသားစုမှ ရှင်းကျီက များစွာပို၍ အစွမ်းထက်လာသောကြောင့် ထိုနေရာတွင် လက်တွေ့အားဖြင့် ပို၍ခက်ခဲပေသည်။ ပြည်နယ်မြို့တော်မှ စောစောက ရောက်လာသော တာအိုဆရာနှစ်ဦးတွင် တစ်ဦးသေဆုံးပြီး အခြားတစ်ဦးမှာ ဒဏ်ရာရသွားခဲ့သည်။ ထို့ကြောင့် ဤနေရာတွင် တစ်ခုခုဖြစ်ခဲ့ပါက တာအိုဆရာလုံချွမ်းက သူတို့ကို ပြန်လာပြီး မကယ်တင်နိုင်ပေ။ အရိုးစားအမွှေးနံ့သာ၏ အဆိပ်သင့်ခံရသူများသည် ၎င်းကို လွှတ်လိုက်သူအား မည်သည့်အခါမျှ ရှာတွေ့နိုင်မည်မဟုတ်ပေ။ ဤအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည့် တစ်ဦးတည်းသောသူမှာ အိမ်တော်ထိန်းအိုကြီးပင်ဖြစ်သည်။

သေချာပေါက်ပင် ထိုရုံးစေတစ်စုလည်း ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေ ရုံးစေများသည် အင်ပါယာ၏ ကံကြမ္မာအထောက်အပံ့ဖြင့် ကာကွယ်ထားခြင်းခံရပြီး အရိုးစားအမွှေးနံ့သာကဲ့သို့သော မကောင်းဆိုးဝါးအရာဝတ္ထုက သူတို့၏ အသိစိတ်ကို ဖျက်ဆီးနိုင်မည်မဟုတ်ပေ။

သို့သော်... ရုံးစေများမှာ ရာဇဝတ်ကောင်များကို ကိုင်တွယ်ဖြေရှင်းရန် သီးသန့်တာဝန်ရှိသူများ မဟုတ်ကြပေ။ သူတို့ သိရှိသွားချိန်တွင် အရာအားလုံးက ခက်ခဲသွားလိမ့်မည်။ ထို့ကြောင့် သူတို့သည် ဤအိမ်တော်ထိန်းအိုကြီးကိုသာ အားကိုးရတော့မည်ဖြစ်သည်။

သို့သော် အိမ်တော်ထိန်းအိုကြီးက အဘယ်ကြောင့် မလှုပ်ရှားရသနည်း။ ဤအခိုက်အတန့်တွင် အိမ်တော်ထိန်းအိုကြီးက လုယွမ်အား ခါးသီးစွာပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"...ကျွန်တော်လည်း ခုန်ဆွခုန်ဆွတစ္ဆေကို မြင်နေရပြီ..."

စောစောက အိမ်တော်ထိန်းအိုကြီး အထက်သို့ မော့ကြည့်လိုက်ချိန်တွင် ထိုကောင်စုတ်လေးက ခေါင်မိုးပေါ်၌ ဟိုခုန်ဒီခုန် လုပ်နေသည်ကို မြင်လိုက်ရပေသည်။ သို့သော် ဤသို့ဆိုလျှင်... ၎င်းက... ဆိုလိုသည်မှာ အိမ်တော်ထိန်းအိုကြီးလည်း အဆိပ်မိသွားပြီဟူသောအဓိပ္ပာယ်ပင်။

“ဟူး…”

ထိုစကားကို ကြားလိုက်ရသောအခါ လုယွမ်မှာ လေပူတစ်ချက် မမှုတ်ထုတ်ဘဲ မနေနိုင်တော့ပေ။

...

အစိုးရခြံဝင်းအတွင်းရှိ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါက... စံအိမ်ကြီးအပြင်ဘက်ရှိ အခြေအနေမှာလည်း သိပ်တော့ ပိုမကောင်းလှပေ။ ဤနေရာတွင် အရိုးစားအမွှေးနံ့သာ မရှိပေ။ မည်သို့ပင်ဖြစ်စေ စံအိမ်ကြီးအပြင်ဘက်နေရာသည် ကျယ်ဝန်းသော လမ်းကြောင်းတစ်ခုဖြစ်ပြီး ယနေ့ညတွင် လေတိုက်နေပေသည်။ မည်မျှပင်များပြားသော အမွှေးနံ့သာများဖြစ်စေ ဤနေရာတွင် အလုပ်ဖြစ်မည်မဟုတ်ပေ။

သို့သော် ဤနေရာတွင် အရိုးစားအမွှေးနံ့သာ မရှိသော်လည်း ဖျံမြွေပါတစ်စုက အစားထိုး ရောက်ရှိလာခဲ့သည်။ ဤဖျံမြွေပါများက မည်သည့်နေရာမှ ရောက်လာမှန်းမသိဘဲ သူတို့၏ လှုပ်ရှားမှုများမှာ အထူးသွက်လက်နေပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက လူတစ်ယောက်၏ လည်ပင်းဆီသို့ ပြေးဝင်သွားကာ ကိုက်လိုက်ပြီး သွေးများ ချက်ချင်းပန်းထွက်လာစေသည်။ အဆိုးဆုံးအပိုင်းမှာ သူတို့က သင့်ကို ကိုက်ပြီးသွားပါက သူတို့၏ တင်ပါးကိုထုတ်ကာ သင့်မျက်နှာတည့်တည့်သို့ လေလည်ချလိုက်ခြင်းပင်ဖြစ်သည်။

စွမ်းရည်အဆင့်နိမ့်သူများမှာ ကျော့ကွင်းထဲသို့ တိုက်ရိုက်ကျရောက်သွားကာ လဲကျသွားလိမ့်မည်ဖြစ်သည်။ အကယ်၍ စွမ်းရည်မြင့်မားသူတစ်ယောက်က ပြန်လည်တိုက်ခိုက်ရန် ကြိုးစားပါက ၎င်းတို့က ရိုးရှင်းစွာပင် ပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မှ ရှာတွေ့နိုင်တော့မည်မဟုတ်ပေ။ ခဏတာမျှတော့ စံအိမ်ကြီးအပြင်ဘက်တွင် ပရမ်းပတာအခြေအနေများ ဖြစ်ပွားသွားခဲ့သည်။

လင်းဖူရှင်းသည်လည်း စံအိမ်ကြီးအပြင်ဘက်ရှိ ပင်မလမ်းကြောင်းတွင် ရှိနေပေသည်။ သူ၏ညာဘက်လက်ထဲရှိ သစ်သားဓားနှင့် ဘယ်ဘက်လက်ထဲရှိ သံဓားတို့ဖြင့် ဘယ်ညာခုတ်ပိုင်းနေသော်လည်း အားလုံးက အလဟဿပင်ဖြစ်သည်။ ထို့အစား သူ၏လက်များ၊ လက်မောင်းများနှင့် ပေါင်များမှာ အကြိမ်များစွာ ကိုက်ခံလိုက်ရသည်။

လင်းဖူရှင်း၏ အဖွဲ့ထဲမှ ဤနေရာအနီးတစ်ဝိုက်ရှိ လူအတော်များများမှာ လဲကျနေကြပြီဖြစ်သည်။ လင်းဖူရှင်းမှာလည်း ခေါင်းမူးပြီး လူက ပေါ့ပါးနေသလို ခံစားနေရကာ သူ၏လက္ခဏာများကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးတော့မည်ဖြစ်သည်။ သူ၏မျက်ခွံများ မှိတ်ကျသွားတော့မည့်အချိန်လေးမှာပင် ရေရာမှုမရှိသော လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် လင်းဖူရှင်းက အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ယောက် သူ့ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။

သူ၏ လမ်းလျှောက်နေသော ကိုယ်နေဟန်ထားက အလွန် ထူးဆန်းနေပေသည်။ သူတို့ အနီးကပ်ရောက်လာသောအခါမှသာ လူတစ်ယောက်အား ဖျံမြွေပါတစ်ကောင်က စီးနင်းထားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ကျေးလက်ဒေသများတွင် ညအချိန်၌ ဖျံမြွေပါများ ကြက်သူခိုးနှင့် တူပေသည်။ ၎င်းက ကြက်၏အပေါ်မှစီးကာ လည်ပင်းကိုကိုက်ထားပြီး ကြက်ကို အလိုအလျောက် ထွက်ပြေးစေရန် ထိန်းချုပ်ထားခြင်းဖြစ်သည်။

ဖျံမြွေပါက ထိုလူ၏ပုခုံးပေါ်တွင် နေရာယူထားပြီး သူ၏လည်ပင်းကို တင်းကျပ်စွာ ကိုက်ထားသည်။ ထိုလူ၏ မျက်လုံးများက အပေါ်သို့ လန်နေပြီး မျက်နှာတွင်လည်း သွေးရောင်မရှိတော့ပေ။ သူ သေဆုံးနေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်ပေလိမ့်မည်။ သူ၏လက်ထဲတွင်လည်း ဗန်းတစ်ခုကို ကိုင်ထားပြီး ထိုအပေါ်၌ ဖြူဖျော့ဖျော့ အမွှေးတိုင်တစ်ခွက် ရှိနေသည်။ အမွှေးတိုင်များက အဖြူရောင်ဖြစ်သော်လည်း ယင်းတို့မှ ထွက်ပေါ်လာသော အခိုးအငွေ့များကတော့ အနီရောင်ဖြစ်သည်။

လင်းဖူရှင်းက အရိုးစားအမွှေးနံ့သာ ဆိုသည်ကို မသိသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူခိုးကိုဖမ်းရန် အရင်ဆုံး ခေါင်းဆောင်ကို ဖမ်းရမည် ဟူသောအဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။ လင်းဖူရှင်း၏ ကျန်းမာရေးက ယခုအခါတွင် ဆုတ်ယုတ်နေပြီဖြစ်သည်။ သို့သော် လင်းဖူရှင်းသည် သိုင်းလောကတွင် ကျင်လည်ခဲ့သော ဝါရင့်တစ်ဦးဖြစ်ပြီး အတော်လေးကို ပါးနပ်ပေသည်။

ပထမဆုံးအနေဖြင့် သူက တကယ်သေတော့မည့်သူလို သေအံ့ဆဲဆဲ အခြေအနေမျိုး ဟန်ဆောင်လိုက်သည်။ သို့သော် အမှန်တကယ်တွင်မူ သူသည် သူ၏ဒန်တျန်ထဲ၌ မှော်ကျင့်စဉ်တစ်ခုကို စုစည်းနေခြင်းဖြစ်သည်။ အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က သူ့ထံသို့ ရောက်ရှိလာတော့မည့် အချိန်လေးမှာပင်။ လင်းဖူရှင်းက ထိုလူ၏ပုခုံးပေါ်ရှိ ဖျံမြွေပါကို ရည်ရွယ်၍ ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။

သို့သော် ရလဒ်ကတော့... သစ်သားဓားက ဖျံမြွေပါကို ထိုးဖောက်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးပဲ့သွားခဲ့ပြီး မည်သည့်ရည်ရွယ်ချက်ကိုမျှ အထမြောက်စေခြင်းမရှိခဲ့ပေ။

လင်းဖူရှင်း၏ မျက်နှာတွင် အကြောက်တရားများ ပြည့်နှက်သွားပြီး တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် ဖျံမြွေပါက အနက်ရောင်ဝတ်ရုံနှင့် လူ၏လည်ပင်းကို လွှတ်ပေးလိုက်သည်။ သူက လင်းဖူရှင်းအား ဆိုးယုတ်သော အပြုံးဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဟမ့်.. ဒီကောင်က ဖက်တီးကြီး.. တခြားစီးစရာလူကို သွားရှာလိုက်ကြရအောင်..."

ရှူး…

ထိုစကားကို ကြားလိုက်ရသောအခါ လင်းဖူရှင်းမှာ မှင်သက်သွားခဲ့သည်။ ဤသူက လူစကားပြောနိုင်ပြီး သူ၏ဓားချက်မှလည်း အထိအခိုက်မရှိဘဲ လွတ်မြောက်သွားခဲ့သည်။ ဤ... ဤသည်က အနည်းဆုံး နှစ်ရှစ်ဆယ်ကြာ ကျင့်ကြံထားပြီး လုံးဝကို ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီဖြစ်ရမည်။

ထိုသို့ပြောပြီးနောက် ဖျံမြွေပါက လင်းဖူရှင်းဆီသို့ ခုန်အုပ်လာခဲ့သည်။ ဤအခိုက်အတန့်တွင် လင်းဖူရှင်းမှာ လုံးဝကို မျှော်လင့်ချက်မဲ့သွားခဲ့သည်။ သို့သော် ထိုအချိန်လေးမှာပင် ငွေရောင်အကြေးခွံများ တလက်လက်တောက်ပနေသော နှင်းပွင့်ကဲ့သို့ ဖြူဆွတ်နေသည့် လက်မောင်းတစ်ဖက်က ဘေးဘက်မှ ရုတ်တရက် ဆန့်ထွက်လာခဲ့သည်။

ဖျံမြွေပါက လင်းဖူရှင်းဆီသို့ ခုန်အုပ်လာချိန်မှာပင် ဤအနည်းငယ် ချွန်ထက်သော ကျောက်စိမ်းလက်ကလေးက ကြားဖြတ်ဟန့်တားလိုက်သည်။ ထိုငွေရောင်လက်ကလေးက လူအသွင်ဆောင်ကာ အကြောက်တရားများ ပြည့်နှက်နေသော ထိုဖျံမြွေပါ၏ခေါင်းကို ဖမ်းဆုပ်လိုက်ပြီး ဘေးဘက်ရှိ ကျောက်မိသားစုအိမ်၏ အပြင်ဘက်နံရံနှင့် ဆောင့်ပစ်လိုက်သည်။

"ကောင်စုတ်လေး... နောက်ဆုံးတော့ မင်းကို ငါဖမ်းမိပြီပေါ့..."

ဘေးဘက်တွင် ရပ်နေသော လင်းဖူရှင်းက ရောက်လာသောသူများကို မြင်လိုက်ရသောအခါ…

"???"

အခန်း (၃၈) ဘိုးဘေး... ကျွန်တော့်ကို ကယ်ပါဦး

လင်းဖူရှင်းက သူ၏ရှေ့မှ ပုံရိပ်ကို ငေးမောစွာ ကြည့်နေခဲ့သည်။

ရွာတွင်ရှိစဉ်ကနှင့် အခြေအနေများ ကွာခြားနေသော်လည်း လင်းဖူရှင်းက မှတ်မိနေဆဲဖြစ်သည်။

ဤသူမှာ စုလီယန်ပင်ဖြစ်သည်။

သူမသည် လုယွမ်၏ရှေ့တွင် အလွန်ချိုသာကာ ဆွဲဆောင်မှုရှိပြီး လှပသော ဇနီးလေးဖြစ်ပြီး အမြဲတမ်း ချိုသာမြှူဆွယ်သောအသံဖြင့် အစ်ကိုဟု ခေါ်တတ်သူဖြစ်သည်။

လင်းဖူရှင်းက ဘာဖြစ်နေသည်ကိုပင် တုံ့ပြန်နိုင်ခြင်းမရှိခင်မှာပင်...

တကျီကျီမြည်သံများကို ကြားလိုက်ရသည်။

ဖျံမြွေပါက စုလီယန်၏ ကျောက်စိမ်းကဲ့သို့သော လက်ထဲတွင် ရူးသွပ်စွာ ရုန်းကန်နေသော်လည်း စုလီယန်က ၎င်းကို မည်သည့်ကရုဏာမှ မပြခဲ့ပေ။

တဖျပ်ဖျပ် အသံတိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။

စုလီယန်က လင်းဖူရှင်း၏ ရှေ့တည့်တည့်မှာပင် ဖျံမြွေပါ၏ခေါင်းကို လက်တစ်ဖက်တည်းဖြင့် ချေမွပစ်လိုက်သည်။

ထို့နောက် ကြီးမားသော ငွေရောင်မြွေမြီးကြီးတစ်ခုက ရုတ်တရက် ရိုက်ခတ်လာခဲ့သည်။

မြေပြင်ပေါ်သို့ ကျသွားသော ဗန်းမှာ ချက်ချင်းပင် လွင့်စင်သွားခဲ့သည်။

၎င်းက ဘေးဘက်ရှိ နံရံကို ဝင်တိုက်သွားပြီး အမွှေးတိုင်လည်း ငြိမ်းသွားခဲ့သည်။

အမွှေးတိုင်ငြိမ်းသွားပြီးနောက် တစ်စက္ကန့် နှစ်စက္ကန့်အကြာတွင် ခြံဝင်းအတွင်းမှ သေနတ်ပစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤအသံကို စုလီယန်နှင့် လင်းဖူရှင်းတို့ နှစ်ဦးစလုံးက ရင်းနှီးနေကြသည်။

ယနေ့နံနက်ကမှ ဤအကြောင်းကို ကြားခဲ့ရခြင်းဖြစ်သည်။

ခဏတာ အံ့အားသင့်သွားပြီးနောက် နှစ်ယောက်စလုံးက အသံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြသည်။

သေချာပေါက် ဘာကိုမှ မမြင်ရပေ။

ဤနေရာက ကျောက်မိသားစုအိမ်၏ အပြင်ဘက်ရှိ ပင်မလမ်းကြောင်းဖြစ်သည်။

သို့သော် လင်းဖူရှင်းက ဘာကိုမှ မမြင်နိုင်သလို မသိနိုင်ပေ။

စုလီယန်က တစ်စုံတစ်ရာကို သိရှိသွားသည့်အလား ခေတ္တမျှ စဉ်းစားလိုက်သည်။

သူမက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတိုးတိုးချလိုက်သည်။

ထို့နောက် စုလီယန်က ဘေးဘက်ရှိ လင်းဖူရှင်းအား ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် လင်းဖူရှင်းမှာ လုံးဝကို အူကြောင်ကြောင်ဖြစ်သွားပြီး သူ၏ရှေ့မှ စုလီယန်ကို စိုက်ကြည့်ကာ စကားတစ်ခွန်းမှပင် မပြောနိုင်တော့ပေ။

ဤသူက တကယ်ပဲ စုလီယန်ဖြစ်နေသည်လား။

သေချာပေါက်ပင် ဤသူမှာ စုလီယန်မှန်း လင်းဖူရှင်း သိပေသည်။

သို့သော် လင်းဖူရှင်းက တကယ်ကို မမှတ်မိဝံ့ခဲ့ပေ။

သူမက လက်တစ်ဖက်တည်းနှင့် အနည်းဆုံး နှစ်ရှစ်ဆယ်ကြာ ကျင့်ကြံထားသော ဝိညာဉ်ကို ချေမွပစ်လိုက်၏။

*ငါ အစွမ်းကုန်တိုက်ခိုက်တုန်းက ငါ့ရဲ့သစ်သားဓားကျိုးသွားတာတောင် အဲ့ဖျံမြွေပါက လုံးဝအထိအခိုက်မရှိခဲ့ဘူးလေ…*

*ပြီးတော့ ငါ့ကိုကြည့်နေတဲ့ အေးစက်ပြီး ခံစားချက်မရှိတဲ့ အကြည့်တွေ…*

*သူက ချိုသာဆွဲဆောင်မှုရှိပြီး စကားနားထောင်တဲ့ ဇနီးငယ်လေး တကယ်ရောဟုတ်ရဲ့လား…*

*အဝတ်လျှော် ထမင်းဟင်းချက် အိမ်သန့်ရှင်းရေးလုပ်ပြီး နေ့တိုင်း လုယွမ်ကို အဝတ်အစားဝတ်ပေး ဖိနပ်စီးပေးနဲ့ ပြုစုယုယပြီး မယုံနိုင်လောက်အောင် အိမ်ထောင်ရှင်မပီသတဲ့ စုလီယန်ရော ဟုတ်ပါလေစ…*

*သူက အရင်ကနဲ့ လုံးဝကို ကွဲပြားခြားနားနေတဲ့ တခြားလူတစ်ယောက်ပဲ…*

*ဒီကိစ္စကို... လုယွမ်တောင် သိမှာမဟုတ်ဘူးထင်တယ်…*

*မှန်တယ်... သူတို့ သေချာပေါက် သိမှာမဟုတ်ဘူး…*

*လုယွမ်သာ သိခဲ့မယ်ဆိုရင် ဒီနေ့ညမှာ စုလီယန်ကို ပြနါလွှတ်လိုက်မှာမဟုတ်ဘူး…”

*အိုး..ငါ မယုံနိုင်စရာ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားပြီထင်တယ်…*

သို့သော် လင်းဖူရှင်းက ပျော်ရွှင်မနေခဲ့ပေ။

ဤသို့သော အခြေအနေမျိုးမှာ သခင်မလေးကလည်း ဘာမှပြောမှာမဟုတ်သလို သခင်မလေးရဲ့ ယောကျ်ားကိုလည်း သိစေချင်မှာမဟုတ်ဘူးလေ။

လင်းဖူရှင်းက ဤသို့သောအဓိပ္ပာယ်မရှိသည့်စကားများကို မည်သည့်အခါမျှ ထုတ်ပြောမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လင်းဖူရှင်းသည် စုလီယန်၏ အေးစက်သောအကြည့်ထဲတွင် ရန်လိုမှုအရိပ်အယောင်တစ်ခုကို ခံစားနေရပြီဖြစ်သောကြောင့်ပင်။

ညည်းသံတစ်ချက်နှင့်အတူ...

လင်းဖူရှင်းမှာ စုလီယန်၏ လည်ပင်းညှစ်ခြင်းကို ချက်ချင်းခံလိုက်ရသည်။

ထို့နောက် သူက အပေါ်သို့ မြှောက်တင်ခံလိုက်ရသည်။

လင်းဖူရှင်း၏ တုတ်ခိုင်သည့် ခြေထောက်လားက ကန်ကျောက်နေပြီး သူ၏မျက်နှာကြီးမှာလည်း အသက်ရှူအောင့်ထားရသဖြင့် နီရဲနေပေသည်။

သို့သော် လင်းဖူရှင်းက ရုန်းကန်ရန် မဝံ့ရဲခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ လင်းဖူရှင်းက အတော်လေးကို ပါးနပ်ပေသည်။

ယခုအချိန်တွင် အတိအကျ ဘာတွေဖြစ်နေမှန်း မသိရသော်လည်း…

နောက်တစ်စက္ကန့်တွင် လင်းဖူရှင်းက သူ၏မျက်လုံးများကို လက်တစ်ဖက်ဖြင့် ကွယ်လိုက်ပြီးနောက် ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။

"ကျွန်တော် ဘာမှမမြင်ရဘူး ဘာမှမမြင်ရဘူး..."

"ဖျံမြွေပါရဲ့ အခိုးအငွေ့တွေကြောင့် ကျွန်တော့်မျက်လုံးတွေ စပ်နေပြီး ဒီအကြောင်းကို ဘာမှမသိဘူး..."

"ကျွန်တော် ဘာမှမမြင်ရဘူး..."

ဤစကားကို မိနစ်အနည်းငယ်ကြာအောင် အပြန်ပြန်အလှန်လှန် ပြောပြီးနောက်...။

လင်းဖူရှင်းက နောက်ဆုံးထွက်သက်ကို ရှူထုတ်ရတော့မည့်ပုံ ပေါ်လာချိန်မှာပင်။

အေးစက်စွာ နှာမှုတ်သံတစ်ချက်နှင့်အတူ လင်းဖူရှင်းမှာ အောက်သို့ ပစ်ချခံလိုက်ရသည်။

ဤအခိုက်အတန့်တွင် လင်းဖူရှင်းမှာ ခြံဝင်းနံရံကို မှီကာ မြေပြင်ပေါ်၌ ခွေခွေလေးကျနေပြီး သူ၏လည်ပင်းကို ဆုပ်ကိုင်လျက် အပြင်းအထန် အသက်ရှူနေရသည်။

ဖျံမြွေပါ၏ သွေးများပေကျံနေသော ကျောက်စိမ်းကဲ့သို့သော လက်တစ်စုံက လင်းဖူရှင်း၏ အဝတ်အစားများပေါ်တွင် သုတ်လိုက်သည်။

ဓားသွေးကျောက်ပေါ်တွင် ဓားတစ်ချောင်းကို အပြန်ပြန်အလှန်လှန် သွေးနေသည်နှင့်တူပြီး အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

"ကျွန်မအိမ်ကနေ ထွက်သွားဖို့ အကြောင်းပြချက်တစ်ခုခုရှာ.. နေ့တိုင်း ဒီနေရာမှာ လာပတ်သက်ပြီး နှောင့်ယှက်မနေနဲ့..."

ထိုသို့ပြောပြီးနောက် စုလီယန်က လှည့်ထွက်သွားခဲ့သည်။

လင်းဖူရှင်းမှာ မြေပြင်ပေါ်တွင် ခွေခွေလေးထိုင်နေပြီး ငိုလုနီးပါးဖြစ်နေခဲ့သည်။

*ငါက ကြားလူ မဖြစ်ချင်ပါဘူး ပြီးတော့ နေ့တိုင်း ချစ်ကြည်နူးနေကြတဲ့ သခင်မလေးတို့ လင်မယားနှစ်ယောက်ကိုလည်း မနှောင့်ယှက်ချင်ပါဘူး…*

*တခြားနည်းလမ်းမှ မရှိတာကိုး…*

သေချာပေါက်ပင် လင်းဖူရှင်းက ဤကဲ့သို့သောအရာမျိုးကို ပြောရန် မဝံ့ရဲသဖြင့် သူက အမြန်ပြန်ဖြေလိုက်သည်။

"သိပါပြီ သိပါပြီ..."

လင်းဖူရှင်းက ပြောနေစဉ်မှာပင် စုလီယန်အား တိတ်တဆိတ် မော့ကြည့်လိုက်သည်။

စုလီယန်က မြို့ပြင်ဘက်သို့ အလျင်အမြန် ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။

...

တစ်ချိန်တည်းမှာပင်။

ကျောက်မိသားစုအိမ်မှာ လုံးဝကို ပရမ်းပတာဖြစ်နေခဲ့သည်။

ဘာဖြစ်သွားမှန်း မသိရသော်လည်း ခုန်ဆွခုန်ဆွတစ္ဆေများအားလုံးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် အရှေ့မှ မြင်ကွင်းက လင်းလက်သွားပြီး လုံးဝပျောက်ကွယ်သွားခဲ့သည်။

လုယွမ်က ကြည့်လိုက်သောအခါ အခန်းထဲရှိ အဝါရောင်အဆောင်အများစုမှာ ဖယ်ရှားခံလိုက်ရသည်ကို မြင်လိုက်ရသည်။

ဖယောင်းတိုင်များအားလုံးက ငြိမ်းသွားပြီး အခန်းထဲတွင် ဝိညာဉ်မီးအိမ်မှ အလင်းရောင်သာ ကျန်ရှိတော့သည်။

အကြောက်မက်ဖွယ်အကောင်းဆုံး မြင်ကွင်းမှာ ယဇ်ပလ္လင်အလယ်တွင် တစ်ကိုယ်တည်း ထိုင်နေပြီး အနည်းငယ် ဝေခွဲမရဖြစ်နေခဲ့သော ကျောက်ချောင်အာမှာ ယခုအခါတွင် ထိုနေရာ၌ ထိုင်နေခြင်းဖြစ်သည်။

ရုတ်တရက် သူမ၏ဘေးတွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။

အလွန်ရှည်လျားသောလည်ပင်းနှင့် လျှာထွက်နေသော တစ္ဆေတစ်ကောင်က ကျောက်ချောင်အာ၏ ကျောပေါ်တွင် မှီနေပေသည်။

၎င်းက ပါးစပ်ကြီးကိုဟကာ လည်ပင်းကိုဆန့်ထုတ်ပြီး ကျောက်ချောင်အာ၏ ခေါင်းပေါ်မှ တစ်စုံတစ်ရာကို စုပ်ယူနေပေသည်။

ထို့အပြင် ကျောက်ချောင်အာ၏ နဖူးကို ရည်ရွယ်ကာ လက်တစ်ဖက်တွင် သစ်သားစူးကို ကိုင်ထားသည့် ခါးကုန်းကုန်း အဘွားအိုတစ်ဦးလည်း ရှိနေသည်။

သူမ၏ အခြားလက်တစ်ဖက်က သစ်သားတူကို ကိုင်ထားပေသည်။

သူတို့က စတင်ကာ ထုခွဲတော့မည်ဖြစ်သည်။

ရုတ်တရက် လုယွမ်က သူ၏နောက်ကျောမှ မီးခတ်သေနတ်တစ်လက်ကို ထုတ်ယူလိုက်သည်။

သူက အဘွားအို၏ နဖူးကို ပစ်ခတ်လိုက်သည်။

အသိစိတ်ပြန်ဝင်လာသော အိမ်တော်ထိန်းအိုကြီးကလည်း ချက်ချင်း ပြေးဝင်လာခဲ့သည်။

သူ၏လက်ထဲရှိ သစ်သားဓားက လည်ပင်းရှည်တစ္ဆေကို အဝါရောင်အဆောင်များ ပြည့်နှက်နေသည့် အနောက်ဘက်နံရံတွင် တွယ်ကပ်သွားစေသည်။

စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက်…

ထို့နောက် ခါးကုန်းကုန်းအဘွားအိုမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အစိမ်းရောင်ရေများအဖြစ် ပြောင်းလဲသွားခဲ့သည်။

အခန်းတစ်ခန်းလုံး အပုပ်နံ့များ ပြည့်နှက်သွားခဲ့သည်။

နံရံတွင် သံမှိုစွဲခံထားရသော လည်ပင်းရှည်တစ္ဆေမှာလည်း ခြောက်သွေ့တွန့်လိပ်နေသော လူ့အရေခွံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

...

တစ်ချိန်တည်းမှာပင်။

မြို့ပြင်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေပေသည်။

ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုဆရာလုံချွမ်းက ယဇ်ပလ္လင်ရှေ့တွင်ရပ်ကာ သစ်သားဓားကို ဝှေ့ယမ်းရင်း အကျယ်ကြီး ကျိန်ဆဲလိုက်သည်။

"လျိုမိသားစုဝင်က အစိမ်းရောင်ဖုတ်ကောင်အဆင့်ပဲ ရှိသေးတယ်လို့ မင်းတို့ ပြောခဲ့တယ်မဟုတ်ဘူးလား..."

"ဒီအကောင်က တစ်ကိုယ်လုံး အမွှေးတွေဖုံးနေပြီ လုံးဝကို တောင့်တင်းတော့မယ်..."

သူ၏ဘေးတွင်လည်း ပြည်နယ်မြို့တော်မှ လာသော တာအိုဆရာတစ်ဦး ရှိနေပေသည်။

သူက ဒဏ်ရာရထားသော်လည်း ယမန်နေ့က ဤလူဆိုးများနှင့် အမှန်တကယ် တိုက်ခိုက်ခဲ့ဖူးသူဖြစ်သည်။

ယနေ့တွင် သူက တာအိုဆရာလုံချွမ်းနှင့် သဘာဝကျစွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

မနေ့ကဖြစ်ခဲ့သမျှကို ပြောပြမှသာ တာအိုဆရာလုံချွမ်းက ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ဤသည်မှာ မနေ့ညကတည်းက အစိမ်းရောင်ဖုတ်ကောင် တာအိုကျင့်စဉ်ကို ကျင့်ကြံနေဆဲဖြစ်သော လျိုမိသားစုဝင် ပင်ဖြစ်သည်။

ယနေ့ညတွင်တော့ သူက အသွင်ပြောင်းသွားပြီး အမွှေးထူဖုတ်ကောင် အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဤမျှ သိသာထင်ရှားစွာ စွမ်းအားတိုးလာခြင်းကို မည်သူကမျှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြပေ။

ထို့အပြင် ဤနေရာက မြို့တွင်းမဟုတ်ပေ။

ဤနေရာက မြို့ပြင်ရှိ မြေရိုင်းတစ်ခုဖြစ်ပြီး အရပ်မျက်နှာအသီးသီးတွင် အနည်းဆုံး လူရှစ်ဆယ်မှ တစ်ရာအထိ ပြည့်နှက်နေပေသည်။

အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည်။

ညအချိန် မည်မျှပင် ရှိနေပြီနည်း။

ထိုအခြေအနေမျိုးတွင် သူတို့ကို တားဆီးရန် နည်းလမ်းမရှိသလို သူတို့ပင် အသက်ရှင်နိုင်မည်မဟုတ်ပေ။

အနီးတွင် ရပ်နေသော ပြည်နယ်မြို့တော်မှ တာအိုဆရာက သွားကိုကြိတ်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"မနေ့ကအတိုင်းပဲလေ ငါတို့က မင်းကို တမင်သက်သက် လိမ်ပြောပါ့မလား..."

"ငါတို့လည်း ဒီနေရာမှာပဲ ရှိနေတာမဟုတ်ဘူးလား..."

ထိုစကားကို ကြားလိုက်ရသောအခါ တာအိုဆရာလုံချွမ်းက ထပ်မံကျိန်ဆဲလိုက်ပြီးနောက် ပြောလိုက်သည်။

"မင်းတို့က ငါ့ကို တကယ် သေတွင်းပို့နေတာပဲ..."

ကျိန်ဆဲပြီးနောက် တာအိုဆရာလုံချွမ်းက သူ၏ဘယ်ဘက်လက်ချောင်းကို သွေးထွက်လာသည်အထိ ကိုက်လိုက်ပြီး သူ၏မျက်ခုံးကို ညင်သာစွာပုတ်ကာ အော်ဟစ်လိုက်သည်။

"ဘိုးဘေး... ကျွန်တော့်ကို ကယ်ပါဦး..."

All Chapters