← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉)

သန်းခေါင်ယံ တိုက်ခိုက်မှု

သူတို့ထဲက လေးယောက် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ တစ်ယောက်ဆိုလျှင် ကြောက် လန့်လွန်းသောကြောင့် မြေပြင်ပေါ် သို့ဖင်ထိုင်ကျသွားခဲ့လေသည်။ သူတို့၏ ရန်သူ ဘယ်သူလဲဆိုသည် ကိုပင် မမြင်လိုက်ရခင်မှာပင် ယောင်ရန်က ခံစားချက်ကင်းမဲ့စွာဖြင့် ထိုသူ၏ခေါင်းကို သံမှိုပစ်သေနတ် ဖြင့်ပစ်လိုက်လေတော့သည်။

ထိုလူကို ရှင်းပြီးသည့်နောက် ယောင်ရန် မော့ကြည့်လိုက်သောအခါ အစ်ကိုမာတို့သည် တစ်စုံတစ် ယောက်နှင့် တိုက်မိသည်ကို တွေ့လိုက်ရသည်။ သူတို့လမ်းကို ပိတ်ဆို့ထားသောသူ ဘယ်သူလဲဆိုသည် ကို မမြင်ရသေးခင်မှာပဲ လည်ပင်းကို အေးစက်သောအရာတစ်ခုက ထိသွားသလို ခံစားလိုက်လေ၏။

အား…။

ခဏအကြာတွင် သူတို့၏လည်ပင်းမှ သွေးများ ပန်းထွက်လာခဲ့ပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့လေသည်။ ယောင်ရန်က သံမှိုပစ်သေနတ်ကို ချပြီး သူ့အား ကူညီခဲ့သောလူဆီသို့ လျှောက်သွားလိုက်လေသည်။

သူမက အစ်ကိုမာတို့ကို ခဏကြည့်ပြီး လုံယုကို ကြည့်ကာ ပြောလိုက်လေသည်။

ကျေးဇူးတင်ပါတယ်…။

ဟင်း….။

လုံယုက လှေကားပေါ်က သတ္တုတံခါးများကို လှည့်ကြည့်ပြီး ငြီးတွားလိုက်လေသည်။

သူတို့ သော့ကို ဖျက်လိုက်တာပဲ…။

ယောင်ရန်သည် သူ့အကြည့်နောက်ကို လိုက်ကြည့်သောအခါ တံခါးနှစ်ချပ်ပေါ်ရှိ သော့များသည် အမှန် တကယ်ပင် ကျိုးနေသည်ကို တွေ့လိုက်ရပေသည်။ သူမ ခဏမျှလောက် စဉ်းစားပြီး မေးလိုက်သည်။

ကျွန်မဆီမှာ သော့အပိုတွေ ရှိတယ်။ သော့တွေ လဲပေးလို့ ရမလား…။

အင်း…။

သူမကို ခေါင်းညိတ်ပြပြီးနောက် လုံယုက အစ်ကိုမာတို့အဖွဲ့၏ အလောင်းများကို ပြတင်းပေါက်ဆီ ဆွဲယူသွားလိုက်သည်။ သူ ဘာလုပ်ချင်လဲဆိုသည်ကို သိသောကြောင့် ယောင်ရန်လည်း စင်္ကြံလမ်း၏ အဆုံးရှိ ပြတင်းပေါက်ဆီသို့ အလောင်းများကို ဆွဲယူသွားလိုက်လေသည်။

အလောင်းများကို စွန့်ပစ်ပြီးသည့်နောက် သူတို့သည် အခန်းသို့ ပြန်ပြီး ကြမ်းတိုက်တံနှင့် ရေပုံးများ ယူလာခဲ့ကြပေသည်။ ထို့နောက် နှစ်ယောက်သား စင်္ကြံလမ်းကို သန့်ရှင်းရေးလုပ်ပြီး တံခါးသော့ကို ပြင်လိုက်ကြလေသည်။

အခန်းပြန်ရောက်သောအခါ ယောင်ရန်သည် လုံယုအကြောင်း စဉ်းစားနေခဲ့မိသည်။

ဒီလူက အသတ် အပုတ်မှာ သပ်သပ်ရပ်ရပ်နဲ့ ထိရောက်တယ်။

သူမ၏ အတွေ့အကြုံအရ ကမ္ဘာ မပျက်ခင်ကတည်းက လုံယု လူသတ်ဖူးသည်ကို သိနိုင်ပေသည်။

ယခုညတွင် အစ်ကိုမာတို့အဖွဲ့ကို ရှင်းရာ၌ သူမအား ကူညီပေးသည်ကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး တော့ ထိုသူသည် သူမ ၏ ရန်သူ မဟုတ်သည်ကတော့သေချာပေသည်။ သူက သူမကို မထိခိုက်သရွေ့ သူတို့နှစ်ယောက်၏ ကောင်းမွန်သောဆက်ဆံရေးကို ဆက်ထိန်းထားနိုင်မည်ဖြစ်သည်။

စဉ်းစားပြီးနောက် ယောင်ရန်သည် ရေချိုးပြီး သွေးစွန်းနေသော အဝတ်အစားများ လဲရန်အတွက် နေရာ လွတ်ထဲကို ဝင်သွားလိုက်သည်။ အဝတ်များကို အဝတ်လျှော်စက်ထဲ ပစ်ထည့်ပြီး နေရာလွတ်ထဲမှ ပြန် ထွက်လာခဲ့၏။ နွေးထွေးသော အိပ်ရာကို ပြန်ရောက်သည်နှင့် သူမ အလျင်အမြန်ပင် အိပ်ပျော်သွား တော့သည်။

မနက်စောစောမှာပင် (၉) လွှာမှ လူတစ်ယောက်သည် သူ၏အခန်းကို တစ်စုံတစ်ယောက်က ဖောက် ထွင်းပြီး အစားအစာတွေ အကုန်လုံး ခိုးသွားမှန်း သိလိုက်ရ၏။ အပြင်မှာ မုန်တိုင်းက တိုက်နေဆဲပင်၊ အစား အစာသည် လူတွေ၏အသက်ပင်။ အခုမှာတော့ ယုတ်မာသည့် လူတွေက ယူသွားခဲ့လေပြီ။

ပထမနဲ့ ဒုတိယထပ်ရှိ လူများက (၉) လွှာ စင်္ကြံလမ်းတွင် နေထိုင်နေကြသည်မို့ သူတို့ရှိနေသောအချိန် ညဘက်တွင် တစ်စုံတစ်ယောက် အခန်းထဲ ဖောက်ထွင်းဝင်တာကို မသိလိုက်ဘူးဆိုသည်က ဖြစ်နိုင်ချေ မရှိပေ။

လူပြိန်းတယောက်ပင် စဉ်းစားကြည့်ပါက( ၉) လွှာက လူများသည် အစားအစာ လုယက်သွားသော တရားခံများသည် သူတို့တံခါးအပြင်ဘက်မှာ နေနေသောသူတွေ ဖြစ်ရမည်ဆိုသည်ကို သိနိုင်ပေသည်။

နှစ်ဖက်စလုံးက ဒေါသထွက်နေကြပြီး ကိုယ်စီ သံသယများ ရှိနေခဲ့ကြသည်။ သူတို့ အော်ဟစ်ပြီး ရန်ဖြစ် ကြသဖြင့် ဆူညံသံတွေသည် အချိန်အကြာကြီး ကြာပြီး နောက်ဆုံးမှာ ငြိမ်သက်သွားခဲ့သည်။ (၉ )လွှာက များတင်မကဘဲ တခြားအထပ်တွေရှိ အခန်းများလည်း ညက ဖောက်ထွင်းခံခဲ့ရပေသည်။

ဆူညံသံကြောင့် အချို့ ပိုင်ရှင်တွေ နိုးလာသော်လည်း မီးမရှိသောကြောင့် ဓားပြကို မမြင်ရသကဲ့သို့၊ ဓားပြများသည် မျက်နှာကိုလည်း ဖုံးအုပ်ထားလေသည်။ ဤသည်မှာ လူအုပ်စုတစ်စုက စနစ်တကျ စီစဉ် ထားသော လုယက်မှု ဖြစ်သည်ဆိုခြင်းမှာ ရှင်းနေပေသည်။

စင်္ကြံလမ်းမှာ နေသောသူများသည် ဓားပြများ လာနေသည်ကို မြင်ရသော်လည်း တောက်ပြောင်နေ သော ဓား သို့မဟုတ် တခြားလက်နက်တွေကို မြင်ပါက မည်သူမျှ ဝင်ရောက်တားမြစ်ရဲခြင်းမရှိနိုင်ပေ။

ဓားပြများက တံခါးတွေ ဖျက်ဆီးနေသည်ကို ကြည့်ရင်း သူတို့၏ မျက်လုံးများတွင် ရှုပ်ထွေးမှုနှင့် မှောင်မိုက်မှုများဖြင့် ပြည့်နေခဲ့သည်။ တချို့ဆိုပါက သူများဒုက္ခရောက်သည်ကို မြင်ပြီး မကောင်းသည့် ပျော်ရွှင်မှု ကိုတောင် ခံစားနေကြရပေသည်။

အစားအစာ များကို ဝေမျှပေးခြင်းမရှိသောကြောင့် လုယက်ခံရသူများသည် ယခုကဲ့သို့ ခံသင့်သည်ဟု ယူဆကြလေသည်။

အခုတော့ အားလုံး အတူတူ အငတ်ခံကြပေါ့…။

အကူအညီတောင်းသံ ကြားရသော တခြားသူများသည်လည်း ထွက်ကူရန် ကြောက်ရွံ့နေခဲ့ကြသည်။ ထိုအစား သူတို့သည် ရေခဲသေတ္တာ၊ ဆိုဖာနှင့် တခြား လေးလံသော ပရိဘောဂများကို ဆွဲယူပြီး တံခါးကို ပိတ်ဆို့ထားခဲ့လေကြသည်။ အခန်းထဲမှာ ပုန်းနေပြီး အသံမထွက်ရဲဘဲ ဓားပြများ သူတို့အခန်းကို ပစ်မှတ်မထား လာစေရန် ဆုတောင်းနေကြလေသည်။

ခဏတာအတွင်းမှာပင် အဆောက်အအုံတစ်ခုလုံး ရှုပ်ထွေး၍ ပရမ်းပတာ ဖြစ်သွားသည်။ လုယက်ခံရ သောသူများလည်း မျက်နှာဖုံးတွေ တပ်၊ ဓားတွေယူပြီး တခြားသူများကို လုယက်တဲ့အထဲ ပါဝင်လာခဲ့ ကြပေသည်။ မုန်တိုင်းကျသော ရာသီဥတု၌ လူသားတွေ၏ ရင်ထဲတွင် မကောင်းမှုများက အပြင်းအထန် ရှင်သန်လာခဲ့လေသည်။

ယောင်ရန်သည် အပြင်ဘက်ရှိ အခြေအနေကို ဂရုမစိုက်ဘဲ သူမ၏ အချိန်ဇယားကို ချိန်ညှိနေခဲ့သည်။ ညစာ စောစောစား၊ စောစော အိပ်ရာဝင်ပြီး ညသန်းခေါင်မှာ သူမ၏ ကိုယ်ကာယ လေ့ကျင့်ခန်းတွေနဲ့ စွမ်းရည်တွေကို လေ့ကျင့်ရန် ဖြစ်သည်။

သူမ အပြင်က ဆူညံသံတွေ ပြန်ကြားရသည်မှာ မုန်တိုင်းတိုက်ပြီး ငါးရက်သာ ရှိပေသေးသည်။

သူမ သံမှိုပစ်သေနတ်နှင့် တိုက်ခန်းက ထွက်လာပြီး လုံယုနဲ့ ဆုံခဲ့လေသည်။ နှစ်ယောက်သား ခေါင်းချင်း ညိတ်ပြပြီး တိတ်ဆိတ်စွာဖြင့် လှေကားရှိ တံခါးဆီကို လျှောက်သွားလိုက်ကြလေသည်။

ယောင်ရန်သည် သတ္တုတံခါးနား ကပ်ပြီး သေချာ နားထောင်လိုက်သည်။ တစ်စုံတစ်ယောက်က သော့ကို တိတ်တဆိတ် ဖျက်ရန် ကြိုးစားနေသည်မှာ သေချာပေသည်။

ယခုရက်ပိုင်းအတွင်း အခြေအနေများက ရှုပ်ထွေးနေခဲ့သည်။ နေ့ခင်းဘက်မှာ လူအုပ်စုတွေက လှေကား တံခါးကို လာခေါက်ပြီး အခန်းက ကလေးတွေနဲ့ လူကြီးတွေ ငတ်သေပါတော့ မယ်ဆိုပြီး အစားအစာရရှိ ရန် လာရောက်တောင်းပန်ကြလေသည်။

မီးမရှိဘဲ၊ အစားအစာ ရဖို့ နည်းလမ်းမရှိဘဲ ဆယ်ရက်ကြာ ပိတ်မိနေပြီးနောက် မည်သူကမှ အခန်းတွင် အစားအစာ ကျန်နိုင်တော့မည်မဟုတ်ပေ။

အခန်းမှာ အစားအစာ ရှိနေလျင်တောင်မှ မိသားစုတစ်စုကို ပေးလိုက်ပြီး တခြားသူတွေကို မပေးပါက သူတို့ သည် ဗိုက်ဆာခြင်း၊ မနာလိုခြင်းဖြစ်ပြီး ဝိုင်းလုကြပေလိမ့်မည်ဖြစ်သည်။

ဤသို့ ရှုပ်ထွေးသော အခြေအနေမှာ ဘယ်သူကမှ တခြားသူများကို အစားအစာ မချေးရဲကြဘဲ လူတိုင်း က ဆင်းရဲချို့တဲ့ဟန် ဆောင်နေခဲ့ကြသည်။

လုံယုကို ကြည့်ပြီးနောက် ယောင်ရန် နောက်ကို တစ်လှမ်း ဆုတ်လိုက်ပေသည်။ သူမ ခေါင်းညိတ်ပြပြီး အတွင်းတံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီးနောက် အပြင်တံခါးကို မြန်မြန်ဆန်ဆန် ဖွင့်လိုက်သည်။ အပြင်ဘက်တွင် သော့ဖြုတ်နေသောလူသည် တံခါး ရုတ်တရက် ပွင့်လာလိမ့်မယ်ဟု မျှော်လင့်ထားပုံ မရပေ။

ထိုသူသည် အော်ဖို့ရန် အခွင့်ရေးမရခင်မှာပဲ လုံယုက သူ့ပါးစပ်ကို ပိတ်လိုက်ပြီး ဓားမြှောင်နှင့် လည်ပင်း ကို လှီးဖြတ်လိုက်လေသည်။ နောက်တစ်စက္ကန့်မှာပင် ကျန်သောသူများသည် သတိပြန်ဝင်လာပြီး လုံယုကို တိုက်ခိုက်ခဲ့ကြလေသည်။ သို့သော်လည်း သူတို့ ခြေတစ်လှမ်းမလှမ်းနိုင်ခင်မှာပင် ယောင်ရန် က ထိုသူတို့၏ ခေါင်းများကို ချိန်ရွယ်ပြီး ပစ်သတ်လိုက်ပေတော့သည်။

ဓာတ်မီး လှုပ်ခါသွားချိန်၌ လုံယု၏ လက်ထဲမှ သွေးစွန်းနေသည် ဓားမြှောင်ကို ဓာတ်မီး ရောင်ဖြင့် မြင် လိုက်ရပေသည်။

အခန်း (၄၀)

နောက်ထပ် တိုက်ခိုက်မှု

ထိုလူမှာ အလွန်တုန်လှုပ်သွားပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း လုံယုက ပိုမြန်နေပြီး နောက်မှနေ၍ သိုင်းဖက်ကာ ရင်ဘတ်ကို ဓားဖြင့် ထိုးသွင်းလိုက်သည်။

လူလေးယောက် လုယက်ရန် ရောက်လာခဲ့ကြခြင်းဖြစ်ပြီး နောက်ဆုံးလူမှာ သူ၏ အဖော်သုံးယောက် စက္ကန့်ပိုင်းအတွင်း မြေပြင်ပေါ် လဲကျသွားသည်ကို မြင်သောအခါ လှည့်ကြည့်လိုက်လေသည်။ သို့သော် ယောင်ရန်၏ လက်ချောင်းများက သူ၏ ခြေထောက်များထက် ပိုမိုလျင်မြန်နေခြင်းမှာ ဝမ်းနည်းစရာ ပင်။

ဝှစ်…

စွပ်…

ဒုန်း…

သံမှိုက ထိုသူ၏ ဦးခေါင်းနောက်ဘက်ကို ဖောက်ဝင်သွားခဲ့လေသည်။ ထိုလူသည်လည်း နောက်ဆုံး ထွက်သက်ကို ရှူထုတ်လိုက်ပြီး လှေကားပေါ်မှ လိမ့်ဆင်းသွားခဲ့လေတော့သည်။

ဤလူလေးယောက်ကို ရှင်းလင်းပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် ထိုသူတို့၏ အလောင်းများကို စိတ်အေးလက်အေးဖြင့် စွန့်ပစ်လိုက်ကြသည်။ သူတို့ အလောင်းများကို ရှင်းနေစဉ်မှာပင် နောက်ထပ် လူအုပ်စုတစ်စု ရောက်လာခဲ့ကြပြန်သည်။

ဤသည်ကို မြင်လိုက်ရသောအခါ ယောင်ရန်သည် လုံယုနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်သား နောက်တစ်ကြိမ် သတ်ဖြတ်ခြင်းကို စတင်ခဲ့လိုက်ကြသည်။

တိုက်ခန်းအဆောက်အအုံတွင် အခန်းနံပါတ် (၂၀၀၃) တွင် တစ်ယောက်တည်း နေထိုင်သော မိန်းမပျို လေးဆီတွင် အစားအစာများ အများအပြား သိုလှောင်ထားသည်ဟူသော ကောလာဟလတစ်ခု ပျံ့နှံ့ နေခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူမ ကျောပိုးအိတ် ဖောင်းဖောင်းကြီးဖြင့် ပြန်လာသည်ကို လူအများ အပြား မြင်လိုက်ကြရသည်။ ထိုအချိန်မှစ၍ သူမ အိမ်ထဲမှ တစ်ခါမှ မထွက်ခဲ့ပေ။ စဉ်းစားစရာပင် မလို ဘဲအိမ်တွင် အစားအစာများ အများအပြား ရှိနေသေးသည်ကို လူတိုင်း သိကြပေသည်။

ဤလူများ ညဘက် လာရောက်ကြခြင်းမှာ ယောင်ရန်၏ အစားအစာကို လုယူရန်သာမကဘဲ သူမ၏ ခန္ဓာကိုယ်ကို လိင်ပိုင်းဆိုင်ရာ အသာစီးယူရန်ပါ ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။ သူမသည် အသားအရေ ဖြူစင်နူးညံ့ပြီး အမျိုးသားများ မြင်ရုံဖြင့် သရေကျစေနိုင်သည့် လှပမှုရှိသော အားနည်းသော အမျိုး သမီးတစ်ဦးသာ ဖြစ်သည် မဟုတ်ပါလား။

သို့သော်လည်း သူတို့ မမျှော်လင့်ထားသည်မှာ ဤသို့ အားနည်းပုံရသော အမျိုးသမီးတစ်ဦးသည် အမှန် တကယ်တွင်တော့ နတ်ဆိုးတစ်ကောင်လို ဖုံးကွယ်ထားသူ ဖြစ်နေခြင်းပင် ဖြစ်သည်။

နောက်ဆုံးလူကို သတ်ပြီးနောက် ယောင်ရန် ထိုသူ၏ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သောအခါ ဤလူသည် အခန်းနံပါတ် (၁၂၀၂) တွင် နေထိုင်သူ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူမက ထိုလူကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လုံယုက နှစ်သိမ့်စကားပြောလိုက်သည်။

မင်း ဘာမှ မှားတာ မလုပ်ခဲ့ဘူး။ ဒီလိုလူမျိုးကို အသက်ရှင်ခွင့် ပေးထားတာက မင်းအတွက်ရော၊ ကမ္ဘာ လောကအတွက်ပါ ဘေးဒုက္ခတွေပဲ ယူလာပေးလိမ့်မယ်…။

ယောင်ရန် မော့ကြည့်ပြီး သူ့ကို ပြုံးပြရင်း မေးလိုက်သည်။

ရှင် ကျွန်မကို နှစ်သိမ့်နေတာလား….။

လုံယု မျက်နှာလွှဲသွားပြီး စိတ်မသက်မသာဖြင့် ပြောလိုက်သည်။

ကြမ်းတိုက်တံ သွားယူလိုက်အုန်းမယ်…။

သူ၏ မတ်မတ်တောင့်တောင့် ကျောပြင်ကို ကြည့်ပြီး ယောင်ရန်သည် ခပ်ပြုံးပြုံး ရယ်မောလိုက်ကာ အလောင်းများကို ပြတင်းပေါက်မှ စွန့်ပစ်ရန် စတင်လုပ်ဆောင်လိုက်သည်။ သူတို့ စင်္ကြံလမ်းများကို ရှင်းလင်းပြီး တံခါးများကို သော့ခတ်ပြီးနောက် အခန်းကို အသီးသီး ပြန်ခဲ့ကြလေသည်။

အိမ်ပြန်ရောက်ပြီးနောက် ယောင်ရန် ရေချိုးရန် နေရာလွတ်ထဲသို့ ဝင်သွားကာ သွေးစွန်းနေသော အဝတ် အစားများကို အဝတ်လျှော်စက်ထဲ ပစ်ထည့်ပြီး နေရာလွတ်မှ ထွက်လာခဲ့လေသည်။

သူမသည် ကမ္ဘာပျက်ခြင်းနှင့် ပတ်သက်၍ ကြောက်မက်ဖွယ်အကောင်းဆုံး အရာများကို ကြုံတွေ့ခဲ့ပြီး ဖြစ်သောကြောင့် ဤကဲ့သို့သော အရာမျိုးသည် သူမအတွက် ဘာမှ မဟုတ်ပေ။ ယောင်ရန် သက်တောင့် သက်သာရှိသော နူးညံ့သည့် အိပ်ရာပေါ် လှဲချလိုက်ပြီး ခဏလေးအတွင်းမှာပင် အိပ်ပျော်သွားတော့ သည်။

နောက်တစ်နေ့ ယောင်ရန် ပြန်နိုးလာသောအခါ ရေမျက်နှာပြင်က အတော်လေး မြင့်တက်နေသည်ကို တွေ့လိုက်ရပေသည်။

သူမ လသာဆောင်တွင် ရပ်ကာ မနက်စာအဖြစ် ပေါက်စီကြော်နှင့် ပဲနို့ကို သောက်နေခဲ့သည်။ ပေါက်စီ ကြော်များသည် ရွှေရောင်သန်းပြီး ကြွပ်ရွနေကာ ပဲနို့သည်လည်း နွေးထွေးပြီး မွှေးကြိုင်နေသည်။ နံနက် စာသည် အထူးပင် အရသာရှိနေပြီး သူမ စိတ်ထဲတွင်လည်း ကြည်နူးနေခဲ့သည်။

နံနက်စာ စားနေစဉ် ယောင်ရန်သည် လူအများအပြား ရေထဲသို့ ခုန်ဆင်းကာ ကူးခတ်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ တွေးနေစရာပင်မလိုလှပေ သူတို့အားလုံးသည် အစားအစာ ရှာဖွေရန်အတွက် မုန်တိုင်းဒဏ်ကို ရင်ဆိုင်ကာ ထွက်ခွာသွားသူများချည်း ဖြစ်သည်။

လူများသည် နေ့တိုင်း ထွက်သွားကြသော်လည်း ယောင်ရန်သည် မည်သူမျှ ပြန်လာသည်ကို မမြင်ရဘူး ပေ။ အချို့လူများ ပြန်လာခဲ့ကြသည်ဆိုလျှင်လည်း သူမ မမြင်ခဲ့ခြင်းသည်လည်း ဖြစ်နိုင်ပေသည်။

လှေကားထိပ်တွင် နောက်ထပ် အသံကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။ ယောင်ရန် ဂရုမစိုက်ဘဲ သွားတိုက်ပြီး အစားအစာကြောင့် ကျန်ခဲ့သည့် အနံ့များကို ဖယ်ရှားရန်အတွက် ပါးစပ်ကို ဆေးကြော လိုက်သည်။

မွန်းတည့်ခါနီးအချိန်တွင် ကျိုးရွေလင်း ရောက်လာပြီး တံခါးခေါက်လာခဲ့လေသည်။

ယောင်ရန်၊ တံခါးခေါက်တဲ့လူတွေက ပိုများလာပြီ။ ဒီရက်ပိုင်း သတိရှိရှိ နေဖို့ လိုမယ်ထင်တယ်…။

ကျိုးရွေလင်းသည် ရန်ဖြစ်ခြင်းများတွင် မကူညီနိုင်သော်လည်း တံခါးစောင့်ရာတွင် ကူညီပေးခဲ့သည်။ သူမ၏ အိမ်သည် လှေကားနှင့် အနီးဆုံးဖြစ်သောကြောင့် နေ့ခင်းဘက်တွင် စောင့်ရန် သူမက စေတနာ့ ဝန်ထမ်း လုပ်ပေးခဲ့ခြင်း ဖြစ်ချေသည်။

သူမ ဒီမနက် လှေကားနားတွင် ခဏနားထောင်ရင်း သတင်းအချို့ ကြားခဲ့ရလေသည်။

လွန်ခဲ့သော ညအနည်းငယ်က အောက်ထပ်တွင် နေထိုင်သော မိန်းမပျိုလေးတစ်ဦး ဒုက္ခရောက်ခဲ့ရပေ သည်။ ညသန်းခေါင်တွင် သူမ၏ တံခါးကို အတင်း ဖျက်ဝင်ခံရသည့်အပြင် အမျိုးသားတစ်စု ကလည်း သူမကို မတရား ပြုကျင့်ခဲ့ကြလေသည်။ ထိုသူတို့၏ မျက်နှာများကို ဖုံးအုပ်ထားသောကြောင့် မည်သူ များ ဖြစ်သည်ကို ဘယ်သူမျှ မသိကြပေ။

ကျိုးရွေလင်းက ယောင်ရန်ကို စိုးရိမ်တကြီး ကြည့်ပြီး စိတ်ပူစွာဖြင့် ပြောလိုက်သည်၊

ညီမ တစ်ယောက်တည်း နေတာဆိုတော့ သူတို့ ညီမကို အရင် ပစ်မှတ်ထားနိုင်တယ်။ ညီမနဲ့ လုံယု ဒီရက်ပိုင်း ဂရုစိုက်ကြပါ။ အစ်မတို့ အထပ်က လုံခြုံမှု မရှိတော့ဘူး…။

ညက ဆူညံသံများ ရှိခဲ့သည်ကို ယောင်ရန် မသိပေမဲ့ ကျိုးရွေလင်း အဘယ်ကြောင့် သတိမထားမိသည် ကို သူမ သိလိုက်ရသည်။ ကျိုးရွေလင်း၏ မျက်နှာ ဖြူဖျော့နေသည်ကို မြင်သောအခါ သားလေး ရွှီရွှီကို ပြုစုရသည်မှာ ပင်ပန်းလွန်းသဖြင့် အိပ်မောကျသွားခြင်း ဖြစ်ရမည်ကို သူမ သိလိုက်သည်။

သူမ ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။

သိပါတယ်။ အစ်မကျိုးလည်း သတိထားပြီး အနားယူပါ။ တစ်ခုခု ဖြစ်လို့ ရွှီရွှီကို ဂရုမစိုက်နိုင်လောက် အောင် ပင်ပန်းနေရင် မကောင်းဘူး….။

ကျိုးရွေလင်းက ပြုံးပြီး ခေါင်းညိတ်ရင်း ပြောလိုက်သည်။

ဟုတ်ကဲ့၊ သိပါတယ်။ ဒါဆို အစ်မ ပြန်တော့မယ်…။

ကျိုးရွေလင်း အိမ်ပြန်သွားပြီးနောက် ယောင်ရန်သည် အခန်းနံပါတ် (၂၀၀၂) ၏ ပိတ်ထားသော တံခါးကို စက္ကန့်အနည်းငယ် ကြည့်လိုက်ပြီးမှ သူမ၏ တံခါးကို ပိတ်လိုက်လေသည်။

ညနေပိုင်းတွင် မည်သူမျှ လှေကားပေါ် တိတ်တဆိတ် မတက်လာနိုင်ခင် ကျိုးရွေလင်းက သူမ၏ တံခါး ကို လာခေါက်ခဲ့လေသည်။ ယောင်ရန် တံခါးဖွင့်လိုက်သောအခါ ကျိုးရွေလင်းသည် မီးဖိုချောင်သုံး ဓား တစ်ချောင်း ကိုင်ထားပြီး သူမ၏ သားလေးက နောက်တွင် မတ်တပ်ရပ်ကာ မိခင်၏ အကျီစကို တင်းတင်းဆွဲထားသည်ကို တွေ့လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် အခန်းနံပါတ် (၂၀၀၂) တံခါး ရုတ်တရက် ပွင့်လာခဲ့သည်။ လုံယုသည် သူတို့ကို မြင် သောအခါ လှေကားကို ပိတ်ဆို့ထားသည့် သတ္တုတံခါးကို လက်ညှိုးထိုးပြလိုက်လေသည်။ လူကြီး သုံးယောက် နှင့် ကလေးတစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး တိတ်ဆိတ်စွာဖြင့် တံခါးဆီသို့ လျှောက် သွားခဲ့လိုက်ကြသည်။

လုံယုက ယောင်ရန်၊ ကျိုးရွေလင်းနှင့် ရွှီရွှီတို့ကို နောက်ဆုတ်ဖို့ အချက်ပြပြီး သတ္တုတံခါးကို ရုတ်တရက် ဖွင့်လိုက်လေသည်။

အလွှာ(၂၀) မှ နေသူများ အားလုံးကို ရင်ဆိုင်လိုက်ရသောအခါ တံခါးကို ဖျက်ဖို့ ကြိုးစားခဲ့သည့် လူ အနည်းငယ်သည် ပထမတော့ အပြစ်ရှိသလို ခံစားရသော်လည်း နောက်ပိုင်းတွင် ယုံကြည်မှု ရှိလာပြီး ယောင်ရန်တို့အဖွဲ့ကို ဆိုးဝါးသော စကားလုံးများဖြင့် ခြိမ်းခြောက်လာခဲ့ကြလေသည်။

စားစရာတွေကို အေးအေးဆေးဆေး အပ်လိုက်၊ ဒီလိုမှမဟုတ်ရင် ငါတို့ ရိုင်းသွားတာကို အပြစ်မတင် ကြနဲ့….။

ထိုသူ၏ စကားကို ကြားသောအခါ ယောင်ရန် ခပ်ပြုံးပြုံး ရယ်မောလိုက်ပြီး ပျင်းရိစွာ မေးလိုက်လေ သည်။

ဘာလို့ အဲဒီလောက်တောင် သေချာနေရတာလဲ။ ငါတို့ဆီမှာ အစားအစာတွေ ရှိတယ်လို့ ဘယ်သူက ပြောလို့လဲ…။

All Chapters