အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁)
ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း
ယောင်ရန် သည် လသာဆောင်ပေါ်တွင် ထိုင်ချလိုက်ပြီး စိုက်ပျိုးရန် အိုးများ၊ မြေဆွေးများ နှင့် အညှောင့် ပေါက်နေသော အာလူးအချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် အာလူးအညှောင့်များကို လှီးဖြတ်ကာ သစ်သားပြာမှုန့်ကို ရေနှင့်ရော၍ ဖြတ်ထားသည့် နေရာများတွင် သုတ်လိမ်းပြီးနောက် အိုးများထဲတွင် စိုက်ပျိုးလိုက်လေသည်။
ကျယ်ဝန်းသော လသာဆောင်တွင် အာလူးအိုး (၂၀)ကို စိုက်ပျိုးပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန် မြိတ်၊ မုန်ညင်း၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်နှင့် ကြက်မွေးဟင်းရွက်တို့ကို ဆက်လက် စိုက်ပျိုးသည်။ ထို့ နောက် အပေါက်ပါသော သံလက်ရန်းများတွင် ချိတ်များကို အသုံးပြု၍ အိုးများကို ချိတ်ဆွဲထားလိုက် သည်။
လသာဆောင်တစ်ခုလုံး စိုက်ပျိုးအိုးများဖြင့် ပြည့်သွားသောအခါ ယောင်ရန်သည် အလွတ်အခန်း တစ် ခန်းသို့ သွားခဲ့သည်။ ထိုအခန်းတွင် ပြတင်းပေါက်မရှိသည်ကို မြင်သောအခါ မှိုစိုက်ပျိုးရန် ဆုံးဖြတ် လိုက်လေသည်။
မှိုသည် အရသာကောင်းမွန်ပြီး အသားနှင့်တူသော အရသာနှင့် အသားမျှင်များ ရှိပေသည်။ ၎င်းတို့တွင် အမျှင်ဓာတ်၊ ဗီတာမင်များ၊ ဇင့်၊ ပိုတက်စီယမ်နှင့် အာဟာရဓာတ်များလည်း ကြွယ်ဝပေသည်။ အစား အစာ ရှားပါး ပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးများ စိုက်ပျိုးရန် ခက်ခဲသည့် ကမ္ဘာတွင် မှိုသည် ဗီတာ မင်နှင့် သတ္တုဓာတ် ဖြည့်စွက်စာအဖြစ် အလွန်ရေပန်းစားလေသည်။
ယောင်ရန်သည် ယခင်က ဟိုင်ချန် မြို့ တွင် မှိုစိုက်ပျိုးရန် ကိရိယာများနှင့် စိုက်ပျိုးပစ္စည်း အစုံအလင်ကို ဝယ်ယူထားခဲ့ပြီး ယခုအခါ ၎င်း တို့ကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။
အတွင်းပိုင်းတွင် မှိုစိုက်ပျိုးရန် အလွယ်ကူဆုံးနည်းလမ်း မှာ မျိုးစေ့ထည့်ပြီးသား သစ်လုံးများကို အသုံး ပြုခြင်း ဖြစ်ပေသည်။ မှိုသည် ဆယ်ရက်အတွင်း ခူးဆွတ်နိုင်ပြီး၊ ခူးဆွတ်ပြီးနောက် သဘာဝအတိုင်း ပြန် ပေါက်လာစေကာ ထပ်မံ ခူးဆွတ်နိုင်ပေသည်။ သူမ ဝယ်ယူထားသော အရည်အသွေးမြင့် မှိုစိုက်ပျိုးရေး ပစ္စည်း အစုံသည် မျိုးစေ့ထည့်ပြီးသား သစ်လုံးများကို နှစ်ပေါင်းများစွာ မှိုပေါက်စေနိုင်သည်။
ယောင်ရန် သည် ဦးစွာ အခန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် မှိုစိုက်ပျိုးရေးပစ္စည်း အစုံများကို ထုတ်ယူ လိုက်သည်။ သူမသည် ကမာမှို၊ ရှီတာကေမှို ၊ အီနိုကီမှို ၊ မှိုဖြူ နှင့် အနက်ရောင် ဗျိုင်းတူမှို အပါအဝင် အမျိုးမျိုးသော မှိုများ စိုက်ပျိုးရန် မျိုးစေ့ထည့်ပြီးသား သစ်လုံးများကို အခန်းပတ်လည်တွင် နေရာချ ထားလိုက်သည်။ ထို့နောက် စိုထိုင်းဆကို ထိန်းသိမ်းရန်အတွက် ထိုသစ်လုံးများကို သန့်ရှင်းသော အိတ် ကြမ်းများဖြင့် ဖုံးအုပ်ပေးခဲ့သည်။ ပြီးစီးသောအခါ ယောင်ရန် သည် နောက်ထပ် အလွတ်အခန်းတစ်ခန်း သို့ သွားလိုက်လေသည်။
ဒုတိယအခန်းတွင် သူမသည် ခရမ်းချဉ်သီး၊ သခွားသီး၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအပူနှင့် အခြားသော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလိုက်သည်။ အလင်းရောင်နှင့် အပူချိန်ကို ချိန်ညှိပြီးနောက် ယောင်ရန် တံခါးကို ပိတ်လိုက်သည်။
သူမ ထွက်လာသောအခါ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာနေခဲ့လေသည်။ လသာဆောင်သို့ သွားပြီး အပြင်ကို လှမ်းကြည့်လိုက်မိသည်။ လေဆင်နှာမောင်း ပျောက်ကွယ်သွားသည် ကို မြင်သောအခါမှသာ ယောင်ရန် သက်ပြင်းချလိုက်မိလေသည်။
သို့သော်လည်း ရေမျက်နှာပြင်သည် လင်ယွမ်တိုက်ခန်းအဆောက်အအုံ ဝင်ပေါက်အထိ ရောက်နေ သည်ကို မြင်သောအခါ ရေဆင်းပိုက်များကို ဘိလပ်မြေဖြင့် ပိတ်စို့ထားရန် ဆုံးဖြတ်လိုက်လေသည်။ ရေဆင်းပိုက်များမှ ရေများ အိမ်ထဲသို့ ဝင်မလာခင် ကြိုတင်ပြင်ဆင်ထားခြင်းက ပို၍ ကောင်းပေသည်။ ရှုပ်ထွေးမှုနှင့် ဆိုးဝါးလှသောအနံ့အသက်များကို တွေးလိုက်ရုံနှင့်ပင် သူမ တုန်လှုပ်သွားခဲ့သည်။
အလုပ်ပြီး သွားသောအခါ ယောင်ရန် သည် သူမ၏ နေရာလွတ်ထဲသို့ သွားရန်အတွက် ရေအမြန်ချိုး လိုက်လေသည်။ ရက်ပေါင်းများစွာကြာပြီးနောက်၊ သူမသည် အချိန်များစွာကို စုဆောင်းမိခဲ့ပေသည်။ ကျန်ရှိသောအချိန်ထဲကို နေ့တိုင်း (၁၂) နာရီစီ အလိုအလျောက် ပေါင်းထည့်ပေးခဲ့လေသည်။ ယောင်ရန် သည် ရေချိုးရန် ငါးမိနစ်ယူပြီးနောက် အရေး ပေါ်အခြေအနေများအတွက် အချိန်စုဆောင်းရန် လိုအပ် သော ကြောင့် နေရာလွတ်ထဲမှ အမြန် ထွက်လာခဲ့လိုက်ပေသည်။
နေရာလွတ်ထဲမှ ထွက်လာပြီးနောက် သူမသည် ခုတင်ပေါ်တွင် ထိုင်လိုက်ကာ ဖုန်းကို ယူ၍ အင်တာနက် ကြည့်ရှုနေလိုက်သည်။ ရာစုနှစ်အတွင်း တစ်ကြိမ်သာ ဖြစ်ဖူးသော မိုးသည်းထန်၍ရေကြီးခြင်း နှင့် မြို့ များစွာတွင် ရုတ်တရက် ပေါ်ပေါက်လာသည့် လေဆင်နှာမောင်းများသည် စိတ်ဝင်စားမှုအများဆုံး သတင်းခေါင်းစဉ်များ ဖြစ်နေခဲ့လေသည်။
လူပေါင်းများစွာက ညည်းညူကြသည်၊ အချို့က ကျိန်ဆဲကြပြီး အချို့က သူတစ်ပါး၏ ကံဆိုးမှုကို သဘောကျနေကြသည်။
မှတ်ချက်များကို ကြည့်နေစဉ် သူမ၏ နှလုံးသားထဲ၌မူ တည်ငြိမ်နေခဲ့သည်။ ၎င်းသည် အစသာရှိသေး ပြီး လူများလက်ခံနိုင်လောက်သော အခြေနေတစ်ခု၌ သာရှိနေပေသေးသည်။ ဥပဒေနှင့် စည်းကမ်းများ ပျက်စီးပြိုလဲသွားသောအခါ လူသားများသည် ပြောင်းလဲ သွားကြပေလိမ့်မည်။ ထိုအခါ၌ သူတို့၏ အတွင်းစိတ်မှ မိစ္ဆာသရုပ်နှင့် စစ်မှန်သော သဘာဝများ ပေါ်ထွက်လာပြီး ထိုအချိန်မှာပင် ကမ္ဘာလောက ကြီး၏ ငရဲသည် စတင်တော့မည်ဖြစ်သည်။
ယောင်ရန် သည် browser ကို ပိတ်ကာ ရပ်ကွက် ချက်တင်အဖွဲ့ ကို ဖွင့်လိုက်သည်။ လူများစွာသည် သူတို့၏ အိမ်တွင် သိုလှောင်ထားသော အစားအစာများအကြောင်း ပြောဆိုနေကြပြီး အချို့က ဓာတ်ပုံ နှင့် ဗီဒီယိုများ ရိုက်ယူကာ ကြွားလုံးထုတ်နေခဲ့ကြလေသည်။
ငကြောင်တွေ…။ ဟုယောင်ရန်က ရေရွတ်ရင်း ရယ်မောလိုက်လေသည်။
အစားအစာ ပြတ်လပ်မှုက လူတို့၏ အသက်ကို ခြိမ်းခြောက်လာသောအခါ ဤလူများသည် ခိုးယူခြင်း အတွက် အဓိကပစ်မှတ်များ ဖြစ်လာပေလိမ့်မည်။ ၎င်းတို့၏ ကြွယ်ဝမှုကို ကြွားဝါသူများအပြင် ချက်တင် အဖွဲ့ ထဲတွင် အကူအညီ တောင်းခံနေသူ အချို့လည်း ရှိကြပေသည်။
ထိုသူများ အားလုံးနီးပါးသည် စားသောက်ခြင်းအတွက် ဗိုက်ဆာသောအခါ၌ အစားအစာ ပို့ဆောင်ရေး ဝန်ဆောင်မှုများကိုသာ အားထားခဲ့ကြသော လူငယ်များသာ ဖြစ်ကြလေသည်။
ထိုလူများသည် အခြားအရာအားလုံးတွင် ငွေကို သုံးဖြုန်းကြသော်လည်း မည်သည့်အခါမျှ ချက်ပြုတ် စားသောက်ခြင်း မရှိခဲ့ပေ။ သူတို့အိမ်တွင် ခေတ်မီအဝတ်အစားများ၊ အလှကုန်များ၊ အိတ်များ၊ ဖိနပ်များ နှင့် မျက်နှာဖုံးများ ရှိသော်လည်း စားစရာ ဘာမှ မရှိပေ။
ယနေ့သည် ကမ္ဘာပျက်ခြင်း၏ ပထမဆုံးနေ့ သာ ရှိသေးသော်လည်း အချို့လူများသည် စားစရာ မရှိ တော့ပေ။ အစိုးရက စောစီးစွာ သတိပေးချက် များ ထုတ်ပြန်ခဲ့သော်လည်း လူတိုင်းက ညွှန်ကြားချက် များကို လိုက်နာခဲ့ခြင်းမရှိသောကြောင့် လက်ရှိ အခြေအနေကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
ယောင်ရန် သည် စကားပြောဆိုမှုများကို ခဏတာ ဖတ်ရှုပြီးနောက် အိပ်ရာဝင်ခဲ့လိုက်သည်။ ညသန်း ခေါင်ယံတွင် အောက်ထပ်မှ သဲ့သဲ့မျှကြားရသော အော်ဟစ်သံများကြောင့် သူမ နိုးလာခဲ့လေသည်။
သူမသည် ကုတင်မှ ထ၍ အထူစားလိုက်ကာ များကို ဖွင့်လိုက်သောအခါ အောက်ဘက်ရှိ မည်းမှောင် နေသောရေ ပေါ်တွင် အလောင်းများ ပေါ်လောပေါ်နေသည်ကို မြင်လိုက်ရပြီး ထိုအလောင်းများသည် ရေဝဲထဲသို့ ဆွဲချခံရကာ ပျောက်ကွယ်သွားခဲ့လေသည်။
စုတ်ပြတ်နေသော အဝတ်အစားများနှင့် မည်းနက် နေသည့် ကိုယ်ခန္ဓာများကို ကြည့်ခြင်းအားဖြင့် ထိုသူ များသည် ရေထဲဆင်းမိပြီးနောက် ဓာတ်လိုက်၍ သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းမိလိုက် သည်။
ရေမျက်နှာပြင်သည် လွန်ခဲ့သော နာရီအနည်းငယ်ကထက် ထပ်မံမြင့်တက်လာကာ ပထမထပ်ကိုပင် ရေလွှမ်းမိုး နေခဲ့ပြီဖြစ်လေသည်။ ယောင်ရန်သည် ညကြည့် မှန်ပြောင်း ကို ထုတ်ယူကာ ပတ်ဝန်းကျင် အခြေ အနေကို စောင့်ကြည့်ခဲ့လိုက်သည်။ အော်ဟစ်သံများကြောင့် လူအများအပြား နိုးလာသည်ကို မြင်သောအခါ သူမသည် လိုက်ကာကို ပြန်ချကာ မှန်ပြောင်းကို သိမ်းဆည်းလိုက်တော့သည်။
သူမသည် အိပ်ရာသို့ ပြန်သွားပြီး ဖုန်းကို ဖွင့်ကာ ချက်တင်အဖွဲ့ကို စစ်ဆေးလိုက်သည်။ သူမ မျှော်လင့် ထားသည့်အတိုင်းပင် လူတိုင်းသည် ခုနက ဖြစ်ပျက်သွားသည့် ကိစ္စကို ပြောဆိုနေကြလေသည်။
[၀၅၀၁: ခုနက ဖြစ်တာ ဘယ်သူများ မြင်လိုက်သေးလဲ။]
[၀၂၀၃: မြင်လိုက်တယ်။ သေချာပေါက် မြင်လိုက်တာ။ ငါ့ဘုရားရေ၊ တကယ်ကို ကြောက်စရာကောင်း လိုက်တာ၊ လူငယ်တစ်စု အဲဒီလိုပဲ သေသွားကြတာ။]
[၁၂၀၂: အပြင်မှာ မိုးက အရမ်းသည်းနေတာကို ညဘက် ဘာတွေ တွေးပြီး ထွက်သွားကြတာလဲ။ မိုးရေ က ဦးနှောက်ထဲကိုပါ ရေလွှမ်းမိုးသွားတာလား။]
[၀၇၀၁: အပေါ်ထပ်ကလူတွေ၊ ပြောတာကို ဂရုစိုက်ပါ။ အခြေအနေကြောင့် မဖြစ်မနေ အပြင်ထွက်ရတဲ့ အချိန် ဘယ်တော့ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။]
[၀၉၀၄: အိမ်မှာ ဆေးဝါးရှိသူ ရှိပါသလား။ ကျွန်မသား ဖျားနေလို့ပါ။ ကူညီပါဦး။ ပေါက်ဈေးရဲ့ နှစ်ဆ- မဟုတ်ဘူး၊ သုံးဆ ပေးပါ့မယ်။]
ယောင်ရန် သည် စကားပြောဆိုမှုများကို ခဏတာ ဖတ်ရှုပြီးနောက် အွန်လိုင်းသတင်းများကို ပြောင်း ကြည့်လိုက်သည်။
ရေမျက်နှာပြင် မြင့်တက်လာပြီးနောက် အင်တာနက်ပေါ်တွင် အကူအညီ တောင်းခံသည့် တောင်းဆို ချက်များစွာ ပေါ်ထွက်လာသည်။ ကံမကောင်းစွာဖြင့်၊ အရေအတွက် အလွန်များပြားသော ပို့စ်အသစ် များက ထိုအကူအညီတောင်းခံမှုများကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့လေသည်။
အခန်း (၃၂)
မီးပျက်သွားခြင်း
လင်ယွမ်တိုက်ခန်းအဆောက်အအုံတွင် နေထိုင်သူများသည်လည်း လူများသေဆုံးသည်ကို မြင်တွေ့ရပြီး နောက် အခြေအနေများက ပို၍ဆိုးလာတော့မည်ဆိုသည်ကို သဘောပေါက်လာခဲ့ကြပြီး သူတို့၏ စားစ ရာများအကြောင်းကို ကြွားဝါပြောဆိုခြင်းများ ရပ်တန့်သွားခဲ့ကြလေပြီဖြစ်၏။
ယောင်ရန်သည် ဖုန်းကိုသိမ်းလိုက်ပြီး သူမ၏ အပင်များကို ပြုစုရန် သွားခဲ့ကာ နောက်တစ်နေ့အတွက် ချက်ပြုတ်ခြင်းကို စတင်လိုက်သည်။ နေ့လယ်အထိ ချက်ပြုတ်ပြီးသည့်နောက် သူမသည် ကြက်သား ခေါက်ဆွဲ တစ်ပန်းကန်ကို စားလိုက်သည်။
စားနေရင်းနှင့်ပင် သူမသည် စိတ်ဝိညာဉ်စွမ်းအားဖြင့် နေရာလွတ်ထဲမှ သီးနှံများကို ဂရုစိုက်ပြီး မွေးမြူ ထားသော တိရစ္ဆာန်များကိုလည်း အစာကျွေးနေခဲ့လိုက်ပေသည်။ အားလုံးပြီးစီးသည့်အခါမှာတော့ သူမသည် ချတ်တင်အုပ်စုကို ဖွင့်ကြည့်လိုက်လေသည်။
မနက်တုန်းကထက် အကူအညီတောင်းသူများနှင့် အစားအသောက်ဝယ်လိုသူများ ပိုများလာခဲ့လေ သည်။ သို့သော်လည်း မိုးက ပိုမိုသည်းထန်လာပြီး ရေမျက်နှာပြင်တွေလည်း ဆက်တိုက် မြင့်တက်လာ ခြင်းကြောင့် ဘယ်သူကမှ ကိုယ့်ဆီမှာရှိနေသော အစားအသောက်များကို ရောင်းချရန်အတွက် ဆန္ဒမရှိ ကြတော့ပေ။
သူမ နေ့လယ်စာ စား၍မပြီးဆုံးသေးခင်မှာပင် မီးက ရုတ်တရက် ပျက်သွားခဲ့ပြီး ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုများကြောင့် ထွက်လာသော အော်သံတိုးတိုးလေးများကို ကြားလိုက်ရလေသည်။ ယောင်ရန် သည် သူမ၏ မိုဘိုင်းဖုန်းဖြင့် အခန်းကို အလင်းပေးပြီး လသာဆောင်ဆီကို လျှောက်သွား လိုက်လေသည်။
မှောင်မဲနေသောကောင်းကင်နှင့် သည်းသည်းမည်းမည်းရွာနေသော မိုးရေများအောက်တွင် ကမ္ဘာကြီး က မှောင်မိုက်သွားခဲ့ပြီဖြစ်ပေသည်။ စက္ကန့်အနည်းငယ်အကြာမှာတော့ အဆောက်အအုံများ၏ အတွင်း ပိုင်းမှ မှိန်ဖျော့ဖျော့ အလင်းရောင်လေးများသည် ဖြည်းဖြည်းချင်း လင်းလာခဲ့လေသည်။ အဝေးမှနေ၍ လှမ်းကြည့်လိုက်သောအခါ စိန်တွေဖုံးအုပ်ထားသော ကော်ဇောတစ်ချပ်လိုပင် လှပသော မြင်ကွင်း တစ်ခု ဖြစ်နေခဲ့တော့သည်။
သူမသည် ဆိုဖာဆီကို ပြန်လာလိုက်ပြီး မျက်မှောင်ကြုံ့ကာ တွေးနေမိခဲ့လေသည်၊
မီးပျက်တာတောင်ဒီလောက်စောစော ဖြစ်လာရတယ်လို့။ မနေ့က လေဆင်နှာမောင်းကြောင့်များ လားမသိဘူး….။
ယောင်ရန်သည် ဆိုလာမီးကို ထုတ်ပြီး ဖွင့်ကာ နေ့လယ်စာကို ဆက်စားနေခဲ့၏။ စားနေရင်းဖြင့်ပင် သူမသည် ချတ်တင်အဖွဲ့ကို ထပ်ကြည့်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ ချက်ဂရု ထဲကိုဝင်ရောက် ဆွေးနွေးသူက ပိုများလာခဲ့လေသည်။
[၀၃၀၂- အို...ဘုရားရေ… ဘာလို့ မီးက ရုတ်တရက် ပျက်သွားတာလဲ။ ဘာလုပ်ရမလဲ…၊ ဘယ်တော့မှ ငါတို့ကို ကယ်ဆယ်ဖို့ လူလွှတ်ပေးမှာလဲ။ ငါ တတိယထပ်မှာနေတာ၊ အရမ်းဆိုးတယ်။ ရေက ပထမ ထပ် ကိုတောင် လွှမ်းနေပြီ၊ အခု မီးကလဲပျက်သွားပြန်ပြီ။ ငါကြောက်တယ်…။]
[၀၅၀၄- မင်းဖုန်းထဲက သတိပေးချက်ကို မမြင်ဘူးလား။ ဒါက ကမ္ဘာလုံးဆိုင်ရာ သည်းထန်တဲ့မိုးပဲ၊ ကျွင်းချန်မြို့မှာတင် ဖြစ်နေတာမဟုတ်ဘူး။ ကယ်ဆယ်ရေးဆိုတာလား။ သူတို့လာဖို့ ငါတို့ အကြာကြီး စောင့်ရနိုင်တယ်။]
[၀၆၀၁- မင်းတို့ဆီမှာ ရိက္ခာ ဘယ်လောက်ကျန်သေးလဲ။ ငါ့မှာ ဂေါ်ဖီထုပ်နှစ်လုံးပဲ ကျန်တော့တယ်။]
[၁၄၀၆- မနေ့က ငါ စူပါမားကတ်သွားခဲ့ပေမဲ့ ပစ္စည်းတင်တဲ့စင်တွေက ဗလာပဲ။ သုံးနာရီကြာ လှည့်ပတ် ရှာခဲ့တာတောင် ချောကလက်နှစ်ချောင်းပဲ ရခဲ့တယ်…။]
[၁၇၀၁- ငါလည်း မနေ့က အများကြီး မရခဲ့ဘူး။ ဂျုံမှုန့်နှစ်ထုပ် ဝယ်ခဲ့ပေမဲ့ ချက်လို့ မရဘူး…။]
[၀၁၀၄- ငါ ခိုလှုံစရာနေရာရှာနေတယ်။ ဈေးကောင်းပေးဖို့ ဆန္ဒရှိတယ်…။]
[၀၆၀၁- မင်း အပြင်ထွက်ပြီး အထပ်မြင့်ဟိုတယ်တစ်ခုကို ကြိုတင်ဘွတ်ကင်လုပ်တာ ပိုကောင်းမယ်။ သူတို့က အစားအသောက်ပါ ပေးတယ်…။]
တစ်ယောက်စပြောသည်နှင့် တခြားလူ အများအပြားကလည်း လိုက်ပါလာခဲ့ကြသည်။ တချို့လူများ က လှပသော မိန်းကလေးများကို ဟော့ပေါ့ အတူတူစားဖို့ ဖိတ်ခေါ်ခဲ့သော်လည်း ရက်ရက်စက်စက် ငြင်းပယ်ခြင်းသာ ခံခဲ့ရလေသည်။
ကြည့်ရှုသူ အများကြီးရှိနေသော်လည်း မည်သူကမှ အလကား ကူညီရန် ဆန္ဒမရှိကြပေ။ သို့ပေမဲ့ တစ်စုံ တစ်ယောက်က ပစ္စည်းတွေ လဲလှယ်ဖို့ ကမ်းလှမ်းလိုက်တဲ့အခါမှာတော့ လဲလှယ်မှုများ စတင်ပေါ် ပေါက်လာခဲ့လေသည်။
စျေးကြီးသော မျက်နှာဖုံးငါးခုကို အသင့်စားခေါက်ဆွဲတစ်ထုပ်နဲ့ လဲလှယ်ခဲ့ပြီး မကြာခင်မှာပင် နောက်တစ်ယောက်က တုံ့ပြန်ခဲ့လေသည်။ အောင်မြင်သော လဲလှယ်မှုတစ်ခုကို စံနမူနာ ယူပြီး လူများသည် သူတို့၏ ပစ္စည်းများကို ထုတ်ယူပြီး လဲလှယ်ရန် စတင်ခဲ့ကြတော့သည်။
မက်ဆေ့ချ်များသည် အရမ်းကို များပြားလွန်းခြင်းကြောင့် ယောင်ရန်သည် အမြန်ဆွဲချ ကြည့်လိုက် သည်။ သူမသည် တစ်စုံတစ်ယောက် တင်ထားသော ဗီဒီယိုတစ်ခုကို မြင်လိုက်ပြီး ဖွင့်ကြည့်လိုက် လေသည်။
ကားတစ်စီးသည် ရေစီးကြောင်းထဲတွင် ပိတ်မိနေပြီး မီးသတ်သမားများက သူတို့၏ အသက်ကိုစွန့်ပြီး မုန်တိုင်းထဲမှ လူများကို ကယ်တင်နေခဲ့သည်ကို တွေ့လိုက်ရသည်။ သို့ပေမဲ့ ရေစီးကြောင်းက အရှိန်ဖြင့် ဝင်တိုက်လိုက်သောအခါ ကားသည်လည်း ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ရလေသည်။
ထိုဗီဒီယို၏ နောက်တွင် လူတော်တော်များများက ချက်ဂရုထဲတွင် ဗီဒီယိုတွေ ဆက်တိုက်တင်ခဲ့ကြပြီး ယောင်ရန်ကတော့ တည်ငြိမ်စွာပင် ကြည့်ရှုနေခဲ့၏။ တချို့လူများသည် ကယ်တင်ခြင်း ခံခဲ့ရပြီး တချို့ ကတော့ ဆိုးရွားသော ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ကြရလေသည်။
ထိုဗီဒီယိုများကို ကြည့်နေသော်လည်း သူမ၏ မျက်နှာအမူအရာသည် လုံးဝပြောင်းလဲခြင်းမရှိပေ။ သူမ အတွက် ရှင်သန်မှုနှင့် လက်စားချေမှုထက် ပို၍အရေးကြီးသောအရာ မရှိပေ။ သူမသည် ထိုမီးသတ် သမားများ၊ အရာရှိများနှင့် ကယ်ဆယ်ရေးသမားများကို လေးစားသော်လည်း ထိုသူတို့အား လုံးဝ အပြည့်အဝ ယုံကြည်၍မရနိုင်ပေ။
နောက်ဆုံးမက်ဆေ့ချ် ပို့ပြီးသည့်နောက်မှာတော့ အချက်ပြစနစ်သည် ရုတ်တရက် ပျောက်ကွယ်သွား ခဲ့လေသည်။ မိနစ်အနည်းငယ်ကြာပြီးမှ ပြန်ကောင်းလာခဲ့သော်လည်း ယောင်ရန်ကတော့ အချက်ပြ စနစ် လုံးဝပျောက်ကွယ်မသွားရန်မှာ အချိန်သိပ်မကျန်တော့ဘူးဆိုသည်ကို သိနေခဲ့ပေသည်။
ထိုအချိန် ရောက်လျင် လူများ၏ တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိနေနိုင်သော အခြေအနေသည် တစ်ခဏ အတွင်း မှာပင် ပြိုကွဲသွားပေလိမ့်မည်။
ယောင်ရန်သည် ခဏမျှစဉ်းစားပြီးသည့်နောက်၌ ချက်ဂရုထဲသို့ အစားအသောက်တောင်းခံသော မက်ဆေ့ချ်တစ်စောင် ပို့လိုက်လေသည်။ သူမ အကူအညီတောင်းသည်ကို မည်သူကမျှ တုံ့ပြန်ခြင်း မရှိ သည်ကို မြင်သောအခါ သူမသည် အသင့်စားခေါက်ဆွဲတစ်ထုပ်ကို (၅) ယွမ်နှင့် ဝယ်ယူရန် တောင်းဆို ခဲ့သော်လည်း ပြန်ဖြေသူ မရှိခဲ့ပေ။
ဤသည်ကိုမြင်သောအခါ သူမ၏ မျက်ခုံးက အနည်းငယ် ပင့်တက်သွားခဲ့သည်။ သူမထင်ထားသည် ထက် အစားအသောက်မရှိတဲ့သူများ ပို၍များနေပုံရပေသည်။
မည်သူကမျှ သူမကို အစားအသောက်မရောင်းခြင်းသည် သူမအတွက် အရေးမကြီးပေ။ သူမသည် အပျော်သဘောဖြင့် ဝင်ရောက်ဆွေးနွေးပြီး တခြားသူများကို သူမ၏ အိမ်တွင် စားစရာ မရှိဘူးဟု ထင်စေချင်ရုံသက်သက်ပင်ဖြစ်သည်။
အပြင်ဘက်မှာတော့ မုန်တိုင်းက ဒေါသတကြီး တိုက်ခတ်နေပြီး ပြတင်းပေါက်များစွာကို ကွဲကြေစေခဲ့ လေသည်။ လေပြင်းသံများနှင့်အတူ မိုးရေများသည် အိမ်တွေထဲကို ဝင်လာပြီး ထိတ်လန့် နေသော အိမ်ပိုင်ရှင်များသည် သူတို့၏ ကံဆိုးမိုးမှောင်ကျခြင်းကို ကျိန်ဆဲနေကြပေတော့သည်။
တစ်ချိန်တည်းမှာပဲ ရေမျက်နှာပြင်က ဆက်လက်မြင့်တက်နေခဲ့ပေသည်။ လူအများအပြားသည် စိတ်မ သက်မသာဖြစ်လာပြီး ချတ်ဂရုထဲမှ တက်ကြွနေသောအသံများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ် ၏။
အကူအညီဖြစ်စေနိုင်မည့် အချက်အလက်များ ထပ်မရနိုင်တော့သည်ကို မြင်သောအခါ ယောင်ရန်သည် ဖုန်းကိုသိမ်းလိုက်လေသည်။ သူမသည် မတ်တပ်ရပ်လိုက်ပြီး အရေးပေါ်မီးဖြင့် မီးဖိုချောင်ဆီကို ပြန်သွားခဲ့လိုက်သည်။
မီးပျက်ပြီးသည့် နောက်ပိုင်းတွင် ဓာတ်ငွေ့နှင့် ရေပါ ပြတ်တောက် လာပေလိမ့်မည်။ ဘယ်ချိန်တွင် ပျက်မည်ဆိုသည်ကို သူမ မသိနိုင်ခြင်းကြောင့် ထိုအချိန်မတိုင်ခင်မှာ အစားအသောက်များကို ပိုပြီး ချက်ပြုတ်ထားရပေလိမ့်မည်။
အပြင်ဘက်က လက်ရှိအခြေအနေကို တွေးပြီး ယောင်ရန်သည် ဟင်းလျာစာရင်းကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ အနံ့ပြင်းသော အစားအသောက်များကို မလုပ်တော့ဘဲ ပေါက်စီ၊ အသားပေါက်စီ၊ ကြက်သွန်မြိတ်ပန်ကိတ်၊ ကြက်ဥပန်ကိတ် နှင့် တခြားသော အဆင်ပြေသည့် အစားအစာများကိုသာ ပြုလုပ်ရန်ဖြစ်သည်။
သူမ အစားအသောက်များကို ပြင်ဆင်ပြီး ထမင်းဘူးများထဲတွင် ထည့်ထားလိုက်သည်။ သူမသည် နေ့လယ်စာဘူး ထောင်ပေါင်းများစွာ ဝယ်ထားသည်မို့ အစားအသောက်များကို ထိုနေ့လယ်စာဘူးများ ထဲ ထုပ်ပိုးပြီး သူမ၏ နေရာလွတ်ထဲ၌ သိမ်းထားလိုက်သည်။ ထိုမှသာ နောင်အချိန် ချက်ပြုတ်၍ မရတော့သည့်အခါ၌ စားသောက်ရန် ပိုပြီး လွယ်ကူမည် ဖြစ်သည်။
ယောင်ရန်သည် မီးဖိုချောင်ထဲ၌ အလုပ်များနေချိန်မှာတော့ လူအများစုသည် သူတို့၏ ဆာလောင်နေ သော ဗိုက်ဟောင်းလောင်းတွေကို ပွတ်သပ်ရင်းဖြင့် အပြင်ဘက်က သည်းထန်စွာရွာသွန်းနေသော မိုးရေကို စိုက်ကြည့်နေကြပြီး ကယ်ဆယ်ရေးတွေ အမြန်ဆုံး ရောက်လာဖို့ မျှော်လင့်နေခဲ့ကြ၏။
မီးဖိုချောင်ထဲမှာ တစ်နေကုန် အချိန်ဖြုန်းပြီးသည့်နောက်တွင် ယောင်ရန်သည်အစားအသောက်များ အများကြီးကို ချက်ပြုတ်ပြီးသွားခဲ့လေပြီဖြစ်၏။ သူမသည် အမြန်ရေချိုးပြီးတဲ့နောက်မှာတော့ သူမ၏ နေရာလွတ်ထဲကို ဝင်လိုက်ပြီး ရေနှင့် သစ် စွမ်းရည်တို့ကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်လေတော့သည်။