အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅)
စူးစမ်းလိုစိတ်
ကျွင်းချန် ရှေးဟောင်းပစ္စည်းမြို့တော်သည် ဆေးတက္ကသိုလ်နှင့် အနည်းငယ်မျှ အလှမ်းဝေးလေသည်။ ယောင်ရန်မှာ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သောကြောင့် လမ်းကိုပတ်ကာ မောင်းနှင်သွားရသဖြင့် နှစ်နာရီခန့်ကြာပြီးမှ ကျွင်းချန် ရှေးဟောင်းပစ္စည်းမြို့တော်သို့ ရောက်ရှိခဲ့လေသည်။
ယောင်ရန်သည် ဧရိယာ (က) အတွင်း ထဲသို့ ဝင်ရောက်ပြီးနောက် အရိပ်ထဲတွင် ခဏမျှပုန်းကွယ်ကာ ပတ်ဝန်းကျင် အခြေအနေကို ခဏတာ စောင့်ကြည့်လိုက်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ မရှိသည် ကို သေချာသောအခါမှ အဆောက်အအုံဆီသို့ မောင်းနှင်သွားကာ ဟိုက်ဒရောလစ်ညှပ်ကို ထုတ်ယူ၍ လုံးခြုံရေးသော့ကို ဖြတ်တောက်လိုက်သည်။
လှေနှင့် ဟိုက်ဒရောလစ်ညှပ်ကို သိမ်းဆည်းပြီးနောက် ယောင်ရန်သည် အဆောက်အအုံအတွင်းထဲသို့ ဝင်ရောက်ခဲ့သည်။ ရေသည် ပေါင်လယ်အထိ ရှိသော်လည်း အတွင်းရှိ ပစ္စည်းများသည် အကောင်း ပကတိအတိုင်း ရှိနေဆဲဖြစ်သည်။
သူမသည် ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့ရာ ရှေးဟောင်းပစ္စည်း အများစုမှာ ကောင်းမွန်စွာပင် ထိန်းသိမ်းထားသည်ကို တွေ့ရှိရသည်။ စားပွဲများပေါ်တွင် ပြသထားသည့် ပစ္စည်းများသည် ရေထဲတွင် နစ်မြုပ်နေသော်လည်း ပျက်စီးနေခြင်းမရှိပေ။ နံရံများတွင်မူ ပန်းချီကားများနှင့် အခြားသော အနုပညာ လက်ရာများကို ချိတ်ဆွဲထားလေသည်။
လူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးများကိုသာ ရှာဖွေခြင်းဖြင့် အလုပ်များ နေကြသဖြင့် ဤကဲ့သို့ ရှေးဟောင်းပစ္စည်းများကို စုဆောင်းရန် မည်သူမျှ မလာကြပေ။ ထို့ကြောင့် ယောင်ရန်သည် ဂရုမထား တော့ဘဲ ထိုနေရာရှိ အရာအားလုံးကို သိမ်းယူလိုက်သည်။ ပင်မပြခန်းမကို ရှင်းလင်းပြီးနောက် အခြား ဧရိယာတစ်ခုသို့ ဆက်သွားကာ တန်ဖိုးရှိပုံရသည့် အရာအားလုံးကို စုဆောင်းခဲ့သည်။
ဧရိယာ (က) တွင် ဂန္ထဝင်ပရိဘောဂများ၊ ရှေးဟောင်းနာရီများ၊ ကြွေထည်မြေထည်များ၊ ကျောက်စိမ်း များ၊ မြစိမ်းများ၊ ဝါးထည်များ၊ ဆင်စွယ်များ၊ ဦးချိုထွင်းထုထားသည့် ပစ္စည်းများ၊ စာရေးကိရိယာများ၊ လက်ရေးစာများနှင့် ပန်းချီကားများ အပါအဝင် အခြားအရာများစွာကို ပြသထားသည်။
ယောင်ရန်သည် ဖွင့်နိုင်၊ ဝင်နိုင်သရွေ့ အရာအားလုံးကို ယူဆောင်ခဲ့သည်။ နောက်ဆုံး ဧရိယာ (က) မှ ထွက်လာသည့်အခါ နံနက် (၂) နာရီပင် ရှိနေပြီဖြစ်သည်။
ယောင်ရန်သည် အချိန်မဖြုန်းဘဲ ဧရိယာ (ခ) နှင့် ဧရိယာ(ဂ)သို့ ဆက်သွားကာ ရှေးဟောင်းပစ္စည်းများကို စုဆောင်းသည်။ သူမ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ရှေးဟောင်းပစ္စည်းများ ရှာဖွေပြီး သူမ ၏ နေရာလွတ်ကို ချဲ့ထွင်ရန် ဖြစ်သည်။ ကျွင်းချန် ရှေးဟောင်းပစ္စည်းမြို့တော်အတွင်း၌ အခြားထောက်ပံ့ ရေးပစ္စည်းများ ရှိ၊ မရှိကိုမူ ယောင်ရန်သည် အချိန်ပေး၍ မရှာဖွေနေတော့ပေ။
ကျွင်းချန် ရှေးဟောင်းပစ္စည်းမြို့ရှိ အရာအားလုံးကို ရှင်းလင်းပြီးနောက် ယောင်ရန်သည် လေထိုးလှေကို ထုတ်လိုက်သည်။ လှေပေါ်သို့ မတက်မီတွင် မော်တော်ဘုတ်တစ်စီး၏ အသံကို ကြားလိုက်ရလေသည်။ ယောင်ရန်သည် အချိန်မဆွဲဘဲ လှေပေါ်သို့ တက်ကာ အရိပ်ထဲတွင် ပုန်းကွယ်နေလိုက်သည်။
ညကြည့်မှန်ပြောင်းဖြင့် ထိုလူများကို စောင့်ကြည့်နေစဉ် ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ်ထဲသို့ ပို့လိုက်သည်။ သူမ၏ စိတ်ဝိညာဉ်သည် နေရာလွတ်ထဲသို့ ရောက်ရှိသွားသော အခါ သူမအလွန်အမင်း အံ့အားသင့်သွားခဲ့ရလေသည်။
နှစ်ကြိမ် ချဲ့ထွင်ပြီးနောက် လယ်မြေ၊ ဂိုဒေါင်ဧရိယာ၊ အိုင်နှင့် ရေကန်တို့သည် မူရင်းအရွယ်အစားထက် လေးဆ ချဲ့ထွင်ခဲ့ပြီး ဖြစ်သည်။ သို့သော် ယခုအခါ အိမ်အပါအဝင် အရာအားလုံးသည် အရွယ်အစား နှစ်ဆ ဖြစ်လာခဲ့လေသည်။
ယောင်ရန် အိမ်ထဲသို့ ဝင်ရောက်သွားရာ စတုရန်းမီတာ (၅၀) ကျယ်ဝန်းသည့် မီးဖိုချောင်ကို တွေ့လိုက် ရသည်။ ဘေးဘက်တွင် တံခါးတစ်ချပ် တွေ့သဖြင့် ဖွင့်ကြည့်ရာ အတွင်းတွင် စတုရန်းမီတာ (၃၀၀) ကျယ်ဝန်းသည့် သိုလှောင်ခန်း တစ်ခု ရှိနေခဲ့သည်။
သူမ၏ အံ့အားသင့်မှု မပြီးသေးမီ မီးဖိုချောင်ထဲတွင် အခြားတံခါးတစ်ချပ်ကို ထပ်တွေ့လိုက်သည်။ ထို တံခါးဆီသို့ လျှောက်သွားကာ ဖွင့်ကြည့်လိုက်သည်။ တံခါးဖွင့်လိုက်သည့် အချိန်တွင် အေးစက်သော လေသည် မျက်နှာကို ရိုက်ခတ်လာကာ သူမကို ချမ်းတုန်သွားစေသည်။ ၎င်းမှာ ရေခဲခန်း ဖြစ်နေသည်။
မီးဖိုချောင်မှ ထွက်လာပြီးနောက် ယောင်ရန်သည် ဧည့်ခန်းတွင် လှေကားထစ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်သည်။ သို့သော် လှေကားထစ်၏ ထိပ်တွင်တော့ ဘာမျှမရှိပေ။
ယောင်ရန်သည် လှေကားထစ်ကို အလေးအနက် စဉ်းစားဟန်ဖြင့် ကြည့်ပြီး ဒုတိယထပ် ရှိလိမ့်မည်ဟု ခန့်မှန်းသည်။ သူမ၏ နေရာလွတ်ကို အဆင့်မြှင့်တင်ရန် ရှေးဟောင်းပစ္စည်းများ ပိုမို ရှာဖွေရန် လိုအပ် မည်ဟု တွေးလိုက်မိသည်။
နေရာလွတ်အတွင်းရှိ အရာအားလုံးကို စစ်ဆေးပြီးနောက် ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို ပြန်ပြီး ရုပ်သိမ်းလိုက်လေသည်။ သူမ၏ နေရာလွတ်ကို ချဲ့ထွင်လာသည်နှင့်အမျှ ပစ္စည်းများ စုဆောင်း ရန်နေရာလွတ် ပိုမို များပြားလာခဲ့လေသည်။
ယောင်ရန် သူမ၏ နေရာလွတ်ကို စစ်ဆေးရန် မိနစ်အနည်းငယ်သာ အချိန်ယူခဲ့ရပြီး မော်တော်ဘုတ် သည် ကျွင်းချန် ရှေးဟောင်းပစ္စည်းမြို့တော်၏ အဝင်ဝကို ဖြတ်ကျော်သွားရုံသာ ရှိသေးသည်။ ထိုသူတို့ ၏ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ဤအမျိုးသားအုပ်စုသည် စစ်သားများဖြစ်ပုံရသည်။
ဒီလူတွေက ဘာလို့ ဒီကိုလာတာလဲ၊အခု အရေးကြီးဆုံးက စားနပ်ရိက္ခာနဲ့ ဆေးဝါး လုံလောက်မှု ရှိစေဖို့ မဟုတ်ဘူးလား….။
စူးစမ်းလိုစိတ်ကြောင့် ယောင်ရန်သည် ထိုလူများ ထွက်လာသည်အထိ ဤနေရာတွင် ဆက်နေခဲ့သည်။ သူမသည် ထိုသူတို့၏ ဖောင်းနေသော စစ်သုံးကျောပိုးအိတ်များကို မြင်လိုက်သော်လည်း အတွင်းထဲ တွင် မည်သည့်အရာများ ပါသည်ကိုမူ ခွဲခြားမသိနိုင်ပေ။
ယောင်ရန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး စဉ်းစားလိုက်သည်၊
ငါမသိသေးတဲ့ လျှို့ဝှက်အခန်း ဒါမှမဟုတ် သိုလှောင်ခန်း တစ်ခုခု ရှိပုံရတယ်။ သူတို့ ဒီမှာ ဘယ်လို အရာမျိုးတွေကို ဖွက်ထားတာလဲ မသိဘူး…။
သူမတွင် မေးခွန်းများစွာ ရှိသော်လည်း ဖြေပေးနိုင်မည့်သူ မရှိပေ။ စစ်သားများ ထွက်သွားသည့်အခါ ကောင်းကင်သည် ဖြည်းဖြည်းချင်း အရောင်ပြောင်းလာခဲ့သည်။ ယောင်ရန်သည် သူမ၏ ဘယ်ဘက် လက်ရှိ ရေစိုခံနာရီကို ကြည့်ပြီး မိုးမလင်းမီ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ယောင်ရန် အဆောက်အအုံ (၃)သို့ ရောက်ရှိသောအခါ လူအများအပြား အပြင်ထွက်ရန် ပြင်ဆင်နေ သည်ကို တွေ့လိုက်ရသည်။ ယင်းကို မြင်သဖြင့် သူမသည် အဆောက်အအုံတစ်ခု၏ နောက်တွင် ပုန်း ကွယ်ကာ လေထိုးလှေ၏ အင်ဂျင်ကို ဖြုတ်လိုက်လေသည်။ လှော်တက် နှစ်ချောင်းကို အသုံးပြုကာ တိုက်ခန်း အဆောက်အအုံဆီသို့ ဖြည်းဖြည်းချင်း လှော်ခတ်လာခဲ့လေသည်။
သူမ အနားသို့မရောက်သေးမီ အရင်က ဓာတ်လှေကားထဲတွင် သူမကို မေးခွန်းမေးခဲ့ဖူးသည့် အသက် အလယ်ပိုင်းအရွယ် အမျိုးသမီးက သူမကို မြင်သွားသည်။ သူမသည် ယောင်ရန်ကို လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။
ကြည့်စမ်း… ၊ သူ့မှာ လှေရှိတယ်။
သူမ ပြောပြီးသည်နှင့် ပြတင်းပေါက် ကျိုးနေသည့်နေရာတွင် ရပ်နေသည့် လူတိုင်း လှည့်ကြည့်လိုက် ကြသည်။ လာနေသူမှာ အလွှာ ( ၂၀) တွင် တစ်ဦးတည်းနေထိုင်သည့် အမျိုးသမီးငယ်မှန်း သိလိုက် သောအခါ သူတို့၏ မျက်လုံးများ အရောင်တောက်လာခဲ့သည်။
ယောင်ရန်သည် သူတို့၏ မျက်လုံးထဲမှ လောဘနှင့် စိတ်လှုပ်ရှားမှုကို သတိထားမိကာ စိတ်ထဲမှနေ၍ လှောင်ပြုံး ပြုံးလိုက်လေသည်။
ရေသည် မနေ့ညက သူမ ထွက်သွားသည်ကထက် ပိုမြင့်တက်နေပြီး ရေမျက်နှာပြင်မှ ပြတင်းပေါက် အထိ အမြင့်မှာ တစ်ပေခွဲ (တစ်မီတာ၏ တစ်ဝက်) ခန့်သာ ရှိတော့သည်။ ထိုလူများ လမ်းမပိတ်ထား လျှင် ယောင်ရန်သည် စင်္ကြံထဲသို့ အလွယ်တကူ ခုန်ဝင်နိုင်မည်သာဖြစ်သည်။
ထိုလူများ စကားမပြောမီတွင်ပင် ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ကို ကောက်ကိုင်ပြီး အေးဆေး တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
လမ်းဖယ်ပေး…။
အလယ်အလတ်အရွယ် အမျိုးသမီးသည် ထိုစကားကို ကြားရသောအခါ မျက်နှာပျက်သွားသည်။ သူမ က ယောင်ရန်ကို လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။
ဒါက မင်းရဲ့ လူကြီးတွေကို စကားပြောတဲ့ပုံစံလား…။
သူမ၏ စကားကို ကြားသောအခါ ယောင်ရန်သည် ရယ်မောလိုက်ပြီး၊
လူကြီးတွေလား၊ ကျွန်မရဲ့ လူကြီးတွေကတော့ ယမမင်းကြီးထံကို အလည်ပတ် ရောက်နေကြပြီ။ ဒါမှ မဟုတ် ရှင်ကရော ကျွန်မရဲ့ လူကြီးဖြစ်ပြီး ယမမင်းကြီးထံကို အလည် သွားချင်တာလား၊ သွားချင် တယ်ဆိုရင် ကျွန်မ ပို့ပေးနိုင်ပါတယ်…။
ဟု ပြောလိုက်လေသည်။
သူမ ပြောပြီးသည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ယောင်ရန်၏ စကားကြောင့် ဆွံ့အသွားခဲ့ လေသည်။ ခဏတာမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားပြီးမှ အခြားသူများကို ကြည့်ကာ ဒေါသ တကြီးဖြင့် ပြန်ပြောလာလေသည်။
သူ့ကို ကြည့်ကြစမ်းပါ….၊ ရိုင်းစိုင်းလိုက်တာ…။"
သူမ၏ အချိန်များကို ဖြုန်းတီးနေသောကြောင့် စိတ်ဆိုးလာသည့် ယောင်ရန်၏ မျက်နှာသည် အေးစက် သွားသည်။ သူမ ကျောပိုးအိတ်ထဲသို့ လက်လှမ်းကာ စိတ်ဝိညာဉ်ဖြင့် နေရာလွတ်ထဲမှ သံမှိုပစ်သေနတ် ကို သူမက ဆွဲထုတ်လိုက်လေသည်။
လူအုပ်ကြီးဆီသို့ သံမှိုပစ်သေနတ်ဖြင့် ချိန်ပြီး အေးစက်စွာ ပြောလိုက်လေသည်။
လမ်းဖယ်ပေး။ တတိယအကြိမ် ထပ်မပြောတော့ဘူး…။
သူမ သံမှိုပစ်သေနတ်ကို ထုတ်လိုက်သည့်အချိန်တွင်ပင် လူအုပ်ကြီးသည် ကြက်သေသေသွားကြလေ တော့သည်။
အခန်း (၃၆)
ဒီအမျိုးသမီး ရူးနေပြီ
မိုးရေထဲ၌ ရပ်နေသော အပြစ်ကင်းဟန်ပေါ်သော မိန်းမပျိုလေးသည် စိတ်တိုလာသည်နှင့် တစ်ပြိုင်နက် သံမှိုပစ်သေနတ်ကို ထုတ်ယူသုံးစွဲလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်၊ ခန္ဓာကိုယ် တောင့်တင်းထွားကြိုင်းသော အမျိုးသား တစ်ဦး ထွက်လာကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ပိုက်၍ မေးဖျားကို မော့ကာ ဂုဏ်ယူဟန်ဖြင့် ပြောဆိုလိုက်လေသည်။
မင်း အထဲကို ဝင်ချင်တယ်ဆိုရင်တော့ မင်းရဲ့လှေကို ငါတို့ကိုအရင်ဆုံး ပေးရလိမ့်မယ်…။
အခြားသူများလည်း ဤစကားကို ကြားသည်နှင့် ချက်ချင်း ထောက်ခံအားပေးကြလေသည်။ မျောက်ရုပ် နှင့်တူသော လူငယ်တစ်ဦးကလည်း လျင်မြန်စွာ ပံ့ပိုးပြောဆိုလိုက်လေသည်။
အစ်ကိုမာ ပြောတာ မှန်တယ်။ ဝင်ချင်ရင်တော့ မင်းလှေကို ပေးလိုက်…။
သူ၏ အမြင်ကို ထောက်ခံကြသည်ကို မြင်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ယောင်ရန် အား ကြည့်ရှု၍ ရန်တွေ့လေတော့သည်။
ငါတို့အားလုံးက တိုက်ခန်းတစ်ခုတည်းမှာ နေထိုင်ကြတဲ့ အိမ်နီးချင်းတွေပဲ။ ဒါကြောင့် နင့်မှာရှိတာကို ဝေမျှပေးသင့်တယ်။ ငါတို့အားလုံး ဆာလောင်နေကြတာကို နင်မမြင်ဘူးလား။ နင့်ရဲ့လှေကို ငါတို့က နာရီအနည်းငယ်လောက်ပဲ ငှားချင်တာပါ။ ဒုက္ခရောက်ရင် အချင်းချင်း ကူညီရမယ်လေ။ ကလေးမ နင်က အရမ်းကို တွန့်တိုလွန်းပါတယ်…။
ထိုသူတို့၏ ပြောစကားများကို ကြားရသောအခါ ယောင်ရန်မှာ ရယ်ချင်စိတ် ဖြစ်ပေါ်လာမိသည်။ ဤ လူများသည် လုယက်ခြင်းကိုပင် ဤမျှ တရားမျှတ၍ မှန်ကန်သည့် အသွင်ဖြင့် ပြောဆိုနိုင်စွမ်းရှိကြလေ သည်ပင်။
လူအုပ်ကြီးက ယောင်ရန် မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ပို၍ပင် ရဲတင်းလာကြသည်။ ယခင်က သူတစ်ပါးနောက်တွင် ပုန်းအောင်းနေ၍ စကားမပြောရဲသူများပင် နောက်ကွယ်မှ လိုက်ပါ၍ ယောင်ရန်အား ဆဲဆိုကြိမ်းမောင်းကြတော့သည်။
ငါတို့ ပြောနေတာ မင်းကြားလား…။ မင်းလှေကို ပေးလိုက်၊ မပေးရင် မင်းကို အထဲဝင်ခွင့်ပေးမှာ မဟုတ်ဘူး…။
ဟုတ်တယ်။ မင်းလှေကို ပေးလိုက်…။
လူတိုင်း ပို၍ ရဲတင်းလာကာ ဆဲဆိုသံများ ပိုမိုကျယ်လောင်လာချိန်တွင် ယောင်ရန်မှာ ရုတ်တရက် အသံ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အား ရဲရဲတင်းတင်း ဆဲဆိုရဲသူနှင့် မတွေ့ရသည်မှာ တော်တော် ပင် ကြာမြင့်ခဲ့လေပြီဖြစ်သည်။
လူတို့က သူ့အား အနိုင်လိုမင်းက်ပြုကျင့်ခြင်း ခံစားချက်သည် မည်သို့ရှိသည်ကိုပင် သူမ မေ့လုနီးပါး ဖြစ်ခဲ့ ရသည်။ ဤသည်မှာ မကောင်းပေ။ ဤခံစားချက်များကို သူမ မမေ့သင့်ပေ။ မဟုတ်ပါက သူမ၏ စိတ်နှလုံးသည် ပျော့ပျောင်းသွား၍ ခိုင်မာသော ဆုံးဖြတ်ချက်များ ပျောက်ကွယ်သွားပေလိမ့်မည်။
ဟား ဟား ဟား….၊ ကောင်းလိုက်တာ။ နင်တို့အားလုံး ကျေးဇူးနဲ့ ဒီခံစားချက်ကို ငါ ပြန်မှတ်မိသွားပြီ။ တကယ်ပါပဲ၊ ဒီလို ရင်ထဲမှာ တစ်ဆို့ပြီး စိတ်တိုစရာကောင်းတဲ့ ခံစားချက်မျိုးကို ငါ မမေ့သင့်ဘူး…။
ယောင်ရန် ရယ်မောပြီး ကိုယ့်ဘာသာ စကားပြောနေသည်ကို လူတိုင်း မြင်သောအခါ စကားမပြောနိုင်ဘဲ တောင့်တောင့်ကြီး ဖြစ်သွားကြသည်။
ဒီအမျိုးသမီး ရူးနေတာလား…။ ဒီခေတ်ကာလမှာ စိတ်ကျန်းမာရေး ချို့ယွင်းသူတွေ များပါဘိနဲ့ သူမက လည်း သူတို့အထဲက တစ်ဦးများလား…။
သို့သော်၊ အစ်ကိုမာ စကားပြောရန် ပြင်ဆင်နေချိန်တွင် ယောင်ရန်၏ ရယ်သံ ရုတ်ချည်း ရပ်တန့်သွားပြီး မာအစ်ကို၏ ပေါင်ကို ပစ်ခတ်လိုက်လေသည်။
စွပ်….
အား….
ဝုန်း…
တစ်စက္ကန့်မျှ ကြာပြီးနောက် အစ်ကိုမာ သည် ညစ်ပတ်နေသော မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သံမှို ရှည်ကြီးသည် သူ၏ပေါင်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး ထိုနာကျင်မှုကြောင့် သူ အော်ဟစ်လိုက်လေသည်။ ခဏကြာသော် သူ၏သွေးများက မြေပြင်ကို လွှမ်းခြုံ၍ နီရဲသွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်နေသူများမှာ သတိပြန်ဝင်လာပြီး ကြောက်ရွံ့ တကြား အော်ဟစ်ရင်း ထွက်ပြေးကြလေတော့သည်။
လူသတ်နေပြီဟေ့…။
ပြေးကြ…၊ ဒီမိန်းမ ရူးနေပြီ….။
အား….။ သွေးတွေ…။
စက္ကန့်အနည်းငယ်အတွင်း၌ပင် အစ်ကိုမာ နှင့် ယောင်ရန် နှစ်ဦးတည်းသာ နေရာတွင် ကျန်ရစ်ခဲ့တော့ ၏ ။ အစ်ကိုမာသည် မျက်လုံးကို မော့၍ ယောင်ရန်၏ အေးစက်သော အကြည့်နှင့် ဆုံလိုက်သောအခါ သူ သေးပင် ထွက်ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။ ဤအမျိုးသမီးသည် အန္တရာယ်ရှိသည် ၊ အလွန်ပင် အန္တရာယ်ရှိသည်၊ ဆိုသည်ကို သူ၏ဗီဇအရ သိလိုက်လေသည်။
သူသည် လက်များဖြင့် ခဏတာ အသည်းအသန် တွားသွားနေပြီးနောက် ခြေတစ်ချောင်းသာ ဒဏ်ရာရ သည်ကို သတိရ၍ နံရံကို ကိုင်ကာ အမြန် ထရပ်လိုက်လေသည်။
အစ်ကိုမာ အမြီးကျုံ့၍ ထွက်ပြေးသွားသည်ကို မြင်သောအခါ ယောင်ရန် နှာခေါင်းရှုံ့လိုက်ပြီး တီးတိုး ရေရွတ်လိုက်လေသည်။
တစ်ယောက်ယောက်ကို လုယက်ဖို့ ဒီလောက်တောင် သတ္တိနည်းပြီး သွေးနည်းနည်းလေး မြင်တာနဲ့ ထွက်ပြေးရတယ်လို့… ။ နင်တို့နဲ့ ခဏလောက် သွေးပူလေ့ကျင့်ခန်းများလုပ်ရမလားလို့ ငါက ထင်ခဲ့မိ တာ။ တော်တော် စိတ်ပျက်စရာကောင်းတာပဲ..။"
လူတိုင်းကို ကြောက်လန့်စေပြီးနောက် ယောင်ရန်သည် စင်္ကြံအတွင်းသို့ ခုန်ဝင်သွားပြီး လေထိုးလှေကို ဆွဲသွင်းလိုက်၏။ လက်တစ်ဖက်တွင် သံမှိုပစ်သေနတ် ကျန်တစ်ဖက်တွင် လှေကို ကိုင်၍ လှေကား များအတိုင်း ဖြည်းဖြည်းမှန်မှန် တက်သွားလေတော့သည်။
သူမကို မိမိတို့အခန်းများအတွင်းမှ ချောင်းမြောင်းကြည့်ရှုနေသူများသည် ယောင်ရန်၏ အကြည့်ကို ခံလိုက်ရသောအခါ သူတို့၏ တံခါးများကို အလျင်အမြန် ပြန်ပိတ်လိုက်ကြသည်။ မရနိုင်သော အရာ အတွက် သူတို့၏ အသက်ကို စွန့်လွှတ်ရခြင်းမှာ တကယ်ပင် မတန်လှပေ။
ယောင်ရန် ထွက်သွားပြီးနောက် မျောက်မျက်နှာနှင့် လူက အစ်ကိုမာ ကို ကူညီရန် ထွက်လာခဲ့လေသည်။ သူသည် အစ်ကိုမာကို ပြန်သယ်သွားရင်း သူ ကြောက်ရွံ့ထိတ်လန့်စွာ ပြောဆို လိုက်လေသည်။
ဒီမိန်းမ ရူးနေတာပဲ…။
အစ်ကိုမာက နာကျင်မှုဖြင့် မျက်နှာကို ရှုံ့မဲ့၍ အံကြိတ်ကာ ပြောလိုက်လေသည်။
ဒီနေ့ သူ လုပ်ခဲ့တာအတွက် ပြန်ပေးစပ်ရစေမယ်။ ရှောင်ဇီ၊ ငါတို့ ညီအစ်ကိုတွေကို စုထားလိုက်။ အဲဒီ ခွေးမကို ဒီည ယောကျ်ားတွေရဲ့ အရသာကို မြည်းစမ်းခိုင်းရမယ်…။
ရှောင်ဇီသည် အစ်ကိုမာ ၏ သွေးထွက်နေသော ပေါင်ကို တစ်ချက်ကြည့်ပြီး စကားမပြောဘဲ နေလိုက် သည်။
အလွှာ (၂၀) သို့ ပြန်ရောက်သောအခါ ယောင်ရန် တံခါးဖွင့်ရန် ပြင်ဆင်နေစဉ် အခန်း (၂၀ဝ၂)၏ တံခါး သည် ရုတ်တရက် ပွင့်လာခဲ့သည်။ ထိုအမျိုးသားက သူမကို မြင်သောအခါ ခဏမျှ စဉ်းစား ပြီးနောက် သူမထံ လျှောက်လာခဲ့လေသည်။
ယောင်ရန်က ထိုသူ သူမထံ ချဉ်းကပ်လာ သည်မှာ ပြောစရာ တစ်စုံတစ်ရာ ရှိပေလိမ့်မည်။ ဤသို့ တွေး၍ ယောင်ရန် လေထိုးလှေကို ချလိုက်ပြီး ထိုသူ့အား ကြည့်လိုက်သည်။ ထိုသူသည် သူမနှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး ယောင်ရန်၏ တံခါးဘေး နှင့် သူ၏ တံခါးဘေးရှိ အမှိုက်အိတ်များကို လက်ညှိုးထိုးပြလိုက်လေသည်။
အိမ်ယာာစီမံခန့်ခွဲရေးအဖွဲ့က အမှိုက်လာမသိမ်းဘူး။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဆွေးနွေး ဖို့ လိုတယ်…။
သူ၏ နက်ရှိုင်းပြီး စွဲမက်ဖွယ်ကောင်းသော အသံကို နားထောင်ရင်း ယောင်ရန်သည် ထိုသူ့အသံမှာ ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူမ စဉ်းစား၍မရနိုင်မီ အခန်း(၂၀ဝ၁) ၏ တံခါး ပွင့်လာ ခဲ့လေသည်။ သူတို့နှစ်ဦး ရပ်နေသည်ကို မြင်သောအခါ ကျိုးရွေလင်း အနည်းငယ် အံ့အားသင့်သွား ခဲ့လေသည်။
ထိုအမျိုးသားက သူမကို ကြည့်ပြီး ပြောလိုက်လေသည်။
ရွှေလင်း၊ မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ ငါတို့ အမှိုက်ကို ဘာလုပ်ရမလဲဆိုတာ ဆွေးနွေးနေတာ..။
ကျိုးရွေလင်းသည် သူတို့ထံ လျှောက်လာပြီး ပြောလိုက်လေသည်။
ကျွန်မ အိမ်ယာစီမံခန့်ခွဲရေးအဖွဲ့ကို အကြိမ်ကြိမ် ဖုန်းဆက်ခဲ့ပေမယ့် သူတို့ရဲ့ အဖြေက အတူတူပဲ…။ သူတို့ လာလို့မရဘူး၊ အမှိုက်ကို ကိုယ့်ဘာသာ ကိုယ် ရှင်းဖို့ပဲ ပြောတယ်…။
ထို့နောက် ကျိုးရွေလင်းက မေးလိုက်လေသည်။
ငါတို့ တခြားသူတွေလိုပဲ အမှိုက်တွေကို အပြင်ဘက်ကို ပစ်ချသင့်လား…။
ထိုအမျိုးသားက သူမ၏ အကြံပြုချက်ကို ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်လေသည်။
တခြားနည်းလမ်း မရှိတော့ရင် အမှိုက်တွေကို အပြင်ဘက်က ရေထဲကိုပဲ ပစ်ချကြတာပေါ့…။
ထိုသို့ပြောပြီးနောက် ထိုအမျိုးသားသည် သူ၏တံခါးဘေးရှိ အမှိုက်အိတ်များကို ကောက်ယူ၍ စင်္ကြံ၏ အဆုံးရှိ ပြတင်းပေါက်ဆီ လျှောက်သွားလေသည်။ စကားတစ်ခွန်းမျှ မပြောဘဲ ပြတင်းပေါက်တံခါးကို ဖွင့်ကာ အမှိုက်အိတ်များကို အောက်သို့ ပစ်ချလိုက်ပေတော့သည်။
ကျိုးရွေလင်းလည်း ထိုအတိုင်းပင် လုပ်ဆောင်သည်ကို မြင်သောအခါ ယောင်ရန်လည်း အမှိုက်အိတ် များကို ကောက်ယူ၍ ပြတင်းပေါက်ဆီ ဆွဲယူသွားလိုက်တော့သည်။