← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇)

အမြွှာလေဆင်နှာမောင်းများ

အမှိုက်များကို စွန့်ပစ်ပြီးသည့်နောက် ထိုအမျိုးသားက ပြောလိုက်လေသည်။

ကျွန်တော့်ဆီမှာ အပို လုံခြုံရေးတံခါး တစ်ချပ် ရှိတယ်။ အဲဒါကို တပ်ပြီး စင်္ကြံကို ပိတ်ထား လိုက်ရင် ကောင်းမလား။ အောက်ထပ်ကလူတွေက ရက်အနည်းငယ်အတွင်း အပေါ်ထပ်ကို ပြောင်းတက်လာကြ လိမ့်မယ်လို့ ကျွန်တော် ထင်တယ်….။

ယောင်ရန်သည် အပြင်ဘက်မှ မိုးရေကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက်၊ ဒုတိယထပ် စင်္ကြံမှ နံစော် နေသည့် အနံ့ဆိုးများကို သတိရလိုက်သည်။ မိုးသည် ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ ဆက်လက်၍ ရွာသွန်းနေသည်ဖြစ်ရာ ရေမျက်နှာပြင် မြင့်တက်လာပြီး အောက်ထပ်များကို ရေလွှမ်းမိုးရန်မှာ မကြာမီ ဖြစ်ပေါ်လာမည့် ကိစ္စပင်ဖြစ်သည်။

နေထိုင်စရာမရှိ၊ စားစရာမရှိသည်နှင့်အမျှ မကြာမီ သို့မဟုတ် နောက်ကျသော်လည်း ပြဿနာရှာတတ် သူအချို့ ရောက်လာပြီး ၎င်းတို့၏ နေအိမ်များကို လုယက်ကြပေလိမ့်မည်။ ထိုသူတို့ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေမည့်အစား အလွှာ (၂၀) ၏ လုံခြုံရေးကို ကြိုတင်ပြင်ဆင်၍ အားဖြည့်ထားခြင်း သည် ပို၍ သင့်လျော်ပေလိမ့်မည်။

ခဏတာ စဉ်းစားဆင်ခြင်ပြီးနောက် ယောင်ရန် ခေါင်းညိတ်၍ သဘောတူကြောင်းပြောလိုက်သည်။

ကျွန်မ သဘောတူပါတယ်…။

ထို့နောက် ကျိုးရွေလင်းဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

ရှင်ရော ဘယ်လိုသဘောရလဲ…။

ကျိုးရွေလင်းက ကန့်ကွက်ခြင်းမရှိဘဲ ပြန်ဖြေလိုက်လေသည်။

ကျွန်မ ရှင်တို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါမယ်…။

ဆုံးဖြတ်ချက်ချပြီးနောက် ထိုအမျိုးသားက မိတ်ဆက်ရင်း စကားဆက် ပြောလိုက်လေသည်။

ကျွန်တော့်နာမည်က လုံယုပါ။ ငါတို့ သုံးယောက် အလွှာ (၂၀) ကို ကာကွယ်ဖို့ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြတာပေါ့…။

ယောင်ရန်က သူ့အား ခေါင်းညိတ်ပြပြီး မိမိကိုယ်ကို မိတ်ဆက်လိုက်လေသည်။

ကျွန်မကို ယောင်ရန်လို့ ခေါ်လို့ရပါတယ်…။

ကျိုးရွေလင်းကလည်း မိတ်ဆက်လိုက်လေသည်။

ကျွန်မ နာမည်က ကျိုးရွေလင်းပါ။ ကျွန်မခင်ပွန်းက မီးသတ်သမားတစ်ယောက်ဖြစ်ပြီး ကျွန်မတို့မှာ သားလေး တစ်ယောက် ရှိပါတယ်…။

လုံယု ခေါင်းညိတ်ပြီး၊

ကျွန်တော် တံခါးသွားယူလိုက်ပါဦးမယ်…။

ထိုသို့ပြောပြီးနောက် သူသည် သူ၏တိုက်ခန်းအတွင်းသို့ ပြန်ဝင်သွားခဲ့လေသည်။ ကျိုးရွေလင်း၏ ဖြူဖျော့၍ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို မြင်သောအခါ ယောင်ရန်က ပြောလိုက်လေသည်။

ကျွန်မ သူ့ကို ကူညီပေးလိုက်ပါ့မယ်…။ ရှင် ပြန်ပြီး သားလေးကို ဂရုစိုက်လိုက်ပါ…။

ကျိုးရွေလင်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြုံးလျက် ပြောလိုက်လေသည်။

ကျေးဇူးတင်ပါတယ်၊ မစ္စယောင်….။

ယောင်ရန် ခေါင်းညိတ်ပြီး သူမ၏ တိုက်ခန်းသို့ ပြန်ဝင်သွားခဲ့လေသည်။ တံခါးပိတ်ပြီးနောက် သူမသည် လေထိုးလှေနှင့် ကျောပိုးအိတ်ကို ယူဆောင်ကာ နေရာလွတ် ထဲသို့ ဝင်ရောက်ခဲ့သည်။ သူမ ရေနွေး ပူပူ ဖြင့် ရေချိုးပြီး ခန္ဓာကိုယ် နွေးထွေးစေရန် ဂျင်းပြုတ်ရေတစ်ခွက် သောက်ပြီးမှ ပြန်ထွက်လာခဲ့လိုက်လေ သည်။

ဧည့်ခန်းထဲ ရောက်လာသောအခါ ယောင်ရန်သည် သတ္တုတံခါးတစ်ချပ်ကို သူမ၏ တိုက်ခန်းမှ ဆွဲထုတ် လိုက်လေသည်။ လုံယု တံခါးတပ်ဆင်နေသည်ကို မြင်သောအခါ သူမက ပြောလိုက်၏။

လုံယု၊ ကျွန်မဆီမှာ အပိုသတ္တုတံခါးတစ်ချပ် ရှိသေးတယ်။ တံခါးနှစ်ချပ် တပ်ကြရအောင်…။

လုံယု လှည့်ကြည့်လိုက်သောအခါ သူမ လေးလံသော သတ္တုတံခါးကို ဆွဲယူလာသည်ကို တွေ့လိုက်ရ သည်။ သူသည် ကိရိယာများကို ချ၍ သူမကို ကူညီရန် သွားခဲ့လိုက်၏။ လုံယုသည် ထိုလေးလံသော သတ္တုတံခါး ကို အလွယ်တကူ မတင်နိုင်သည်ကို မြင်သောအခါ ယောင်ရန် ပိုမို ကြိုးစား၍ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်မိသည်။

ထို့နောက် သူတို့နှစ်ဦးသည် သတ္တုတံခါးများကို အတူတကွ တပ်ဆင်ခဲ့ကြသည်။ အဓိကအားဖြင့် အလုပ် လုပ်သည်မှာ လုံယုဖြစ်ပြီး ယောင်ရန်က ကိရိယာများကို ကမ်းပေးရုံသာဖြစ်လေသည်။

တစ်နာရီခန့်ကြာပြီးနောက် လုံယုက သူမအား သော့တစ်ချောင်း ပေးအပ်ရင်း ပြောလေသည်။

ဒါက တံခါးသော့ပါ…။

ယောင်ရန်သည် သော့ကို ယူလိုက်ပြီး သူမ၏ သတ္တုတံခါးသော့ကို သူ့အား ပြန်ပေးလိုက်သည်။ သော့ များကို လဲလှယ်ပြီးနောက် လုံယုက သူမအား သော့နောက်တစ်ချောင်း ထပ်ပေးပြီး (၂၀ဝ၁) တံခါးကို လက်ညှိုးထိုးပြကာ သူ့အခန်းသို့ ပြန်သွားတော့သည်။

ပိတ်ထားသော (၂၀ဝ၂) တံခါးကို ကြည့်ပြီး ယောင်ရန် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

စကားနည်းတယ်…။ ဒါပေမယ့် အလုပ်လုပ်တာတော့ တော်တယ်။ မဆိုးဘူး…။

အိမ်မပြန်မီ ယောင်ရန်သည် (၂၀ဝ၁)၏ တံခါးကို ခေါက်လိုက်သည်။ ကျိုးရွေလင်း တံခါးဖွင့်ပေးပြီး သူမ ကို မြင်သောအခါ ပြုံး၍ မေးလေသည်။

ဘာများ ကူညီပေးဖို့ ရှိသေးလဲ မစ္စ…။

ယောင်ရန်သည် သော့နှစ်ချောင်းကို ကမ်းပေးပြီး ပြောလိုက်လေသည်။

ဒါတွေက သတ္တုတံခါးသော့တွေ။ အပြင်သွားတိုင်း ဒါမှမဟုတ် ပြန်လာတိုင်း သော့ခတ်ဖို့ မမေ့ပါနဲ့ နော်..။

ကျိုးရွေလင်းသည် သော့များကို ယူလိုက်ပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလေသည်။

ကျွန်မ မမေ့စေရပါဘူး…။​ေ

သော့များ ပေးပြီးနောက် ယောင်ရန်သည် အနားယူရန် အခန်းသို့ ပြန်လာခဲ့သည်။ သုံးနာရီကြာပြီးနောက် ဗိုက်ဆာ၍ နိုးလာသောကြောင့် တစ်ခုခု ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

တစ်ညလုံး အလုပ်လုပ်ခဲ့ရသောကြောင့် ယောင်ရန်သည် ချက်ရလွယ်သော အစားအစာကို စားသုံးချင် နေသည်။ စဉ်းစားပြီးနောက် သူမသည် ဝမ်တန်ဟင်းချို တစ်ပန်းကန်နှင့် သခွားသီးသုပ်အစပ် တစ်ပွဲ ပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

ဝမ်တန်ဟင်းချိုအတွက် ဟင်းရည်ကိုသာ ပြင်ဆင်ရန် လိုအပ်ပြီး ကြိုတင်ပြင်ဆင်ထားသော ဝမ်တန် ထုပ်ကို ထည့်လိုက်ရုံပင်။ ဟင်းရည် ဆူပွက်နေစဉ် ယောင်ရန်က သခွားသီးများကို ပြင်ဆင်၏။

သခွားသီးများကို ဆေးကြောပြီးနောက် မီးဖိုချောင်သုံးဓားဖြင့် အခွံချွတ်လိုက်သည်။ ထို့နောက် စားသုံး နိုင်သော အရွယ်အစားအတုံးများ လှီးဖြတ်၍ ဘေးဖယ်ထားလိုက်၏။

သခွားသီးသုပ်အတွက် ဆော့စ် ပြင်ဆင်နေချိန်တွင် ဟင်းရည် ကျိုပြီးသွားသဖြင့် ယောင်ရန်သည် ဝမ်တန်ထုပ်ကိုဖောက် ထည့်လိုက်သည်။ ဝမ်တန်များ တစ်ဝက်ကျက်သောအခါ ယောင်ရန်သည် သခွားသီး များကို ဆော့စ်နှင့် ရောစပ်လိုက်သည်။ နောက်ဆုံးတွင် သခွားသီးသုပ်ပေါ်တွင် နှမ်းစေ့ အနည်းငယ် ဖြူးလိုက်လေသည်။

သခွားသီးသုပ် အဆင်သင့်ဖြစ်ပြီ၊ ဝမ်တန်များလည်း ကျက်ပြီဖြစ်သည်။ ယောင်ရန်သည် ဝမ်တန် ဟင်းချိုကို ပန်းကန်ထဲ လောင်းထည့်ပြီး ဟင်းချိုပန်းကန်နှင့် သခွားသီးသုပ်တစ်ပွဲကို ယူဆောင်၍ မီးဖိုချောင်မှ ထွက်လာခဲ့လေသည်။

ယောင်ရန် သူမ၏ နေ့လယ်စာ စားသုံးနေစဉ် တိတ်နေသော မိုးက တစ်ဖန် ပြန်လည်သည်းထန်လာပြီး ရေမျက်နှာပြင်ကလည်း ဆက်လက် မြင့်တက်လာခဲ့လေသည်။

ယောင်ရန်သည် ပြင်ဆင်ထားသော နေ့လည်စာကို စတင် စားလိုက်သည်နှင့် အပြင်ဘက်မှ အော်ဟစ် သံများ ထွက်ပေါ်လာခဲ့လေသည်။ တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိ၍ သူမ တူကို ချလိုက်ပြီး လေသာ ဆောင်သို့ အမြန်သွားလိုက်သည်။

အပြင်ဘက်မှ လူများ ထိတ်လန့်တကြား အော်ဟစ်နေရသည့် အကြောင်းရင်းကို သိရှိရသောအခါ အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ပေသည်။ သူမ မှန်ပြောင်းကို လျင်မြန်စွာ ထုတ်ယူပြီး အခြေ အနေကို စောင့်ကြည့်လိုက်သည်။

ထိုအချိန်တွင် အမြွှာ လေဆင်နှာမောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်သို့ လှည့်ပတ်နေကြပြီး အချင်းချင်း ကခုန်နေကြသကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သစ်ပင် များကို ဆုတ်ဖြဲ၊ အဆောက်အအုံများကို ပြိုကျစေကာ၊ ကားများကို လေထဲသို့ ပစ်တင်ပြီး ရေလွှမ်းမိုး ထားသော ရေများကိုပင် စုပ်ယူသွားကြလေသည်။

ထိုလေဆင်နှာမောင်းနှစ်ခုသည် လျင်မြန်စွာ ချဉ်းကပ်လာနေပြီး လျင်မြန်စွာ လည်ပတ်နေသော လေ သည် ၎င်းတို့၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ကြေမွစေသော ဓားသွား အမြောက်အမြား နှင့်ပင် တူနေတော့သည်။

အား…၊ ကယ်ကြပါဦး…။

ယောင်ရန်သည် လေဆင်နှာမောင်းအတွဲသည် မျက်စိတစ်မှိတ်အတွင်း အဆောက်အအုံတစ်ခုပြီးတစ်ခု ဖျက်ဆီး၍ လူများ မရေမတွက်နိုင်အောင် သေဆုံးစေသည်ကို ကြည့်နေမိသည်။ ၎င်းတို့၏ ဦးတည်ရာ ကို ခန့်မှန်းကြည့်လျှင် ဦးတည်ချက်မပြောင်းလဲပါက အဆောက်အအုံနံပါတ် (၃) သည် မိနစ်အနည်းငယ် အတွင်းမှာပင် ပျောက်ကွယ်သွားပေလိမ့်မည်။

ယခုအချိန်တွင်သာ တိုက်ခန်းမှ ထွက်ခွာမည်ဆိုလျှင် အသက်ရှင်ရန် အခွင့်အရေးရှိနိုင်သေးသည်။ သို့သော် အလွန်အမင်း အေးခဲသော ရာသီဥတု ရောက်လာတော့မည်ဖြစ်ပြီး၊ အအေးဒဏ်မှ ကာကွယ် ပေးမည့် အိမ်မရှိပါက သူမ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်မှာ သေချာသည်။ ယောင်ရန်သည် အံကို ကြိတ်ကာ သူမ၏ စိတ်သည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချရန် လည်ပတ်နေခဲ့သည်။

သူမ ဆုံးဖြတ်ချက်မချနိုင်မီ လေဆင်နှာမောင်းနှစ်ခုသည် ပြင်းထန်စွာ တိုက်မိသွားကြသည်။ ၎င်းတို့ တိုက်ခိုက်မိပြီး စွမ်းအားများကို ပေါင်းစည်းမိကာ မိုးမျှော်တိုက်ကြီးတစ်ခုကို လှီးဖြတ်၊ မြိုချလိုက်ရာ ထိုအဆောက်အအုံကြီးသည် အရိပ်အယောင်ပင်မကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။

အခန်း (၃၈)

စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်ရွံ့ခြင်း

စက္ကန့်သုံးဆယ်ပင် မပြည့်မီ၊ အထပ်သုံးဆယ်မြင့်သော မိုးမျှော်တိုက်ကြီးတစ်ခုလုံး လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ ပေါင်းစည်းသွားသော လေဆင်နှာမောင်းကြီးသည် ၎င်း၏ဖျက်ဆီးမှုများကို ဆက်လက် လုပ်ဆောင်ရင်း လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ရက်ရက်စက်စက် ချေမှုန်း၍ ဝါးမျိုနေခဲ့သည်။

ယောင်ရန်သည် သူမ၏ ဘဝနှစ်ခုလုံးတွင် အမြွှာ လေဆင်နှာမောင်းကို တစ်ခါမျှ မမြင်ဖူးခဲ့သလို၊ အမြွှာ လေဆင်နှာမောင်းများ ပေါင်းစည်းကာ စက္ကန့်အနည်းငယ်အတွင်း အဆောက်အအုံများကို ဤကဲ့သို့ ဖျက်ဆီးပစ်သည်ကိုလည်း မမြင်ဖူးခဲ့ပေ။ အမြွှာလေဆင်နှာမောင်းသည် သာမန် လေဆင်နှာမောင်း ထက် နှစ်ဆပို၍ ပျက်စီးစေနိုင်သော်လည်း၊ ၎င်း၏ ကြာချိန်မှာမူ ပုံမှန်ထက် တစ်ဝက်သာ ရှိသည်။

ကျွင်းချန်မြို့ တစ်ဝက်ကို ဖျက်ဆီးပြီးမှ ပျောက်ကွယ်သွားသော ထိုဧရာမ လေဆင်နှာမောင်းကြီးကို ယောင်ရန်မှာ မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေမိခဲ့သည်။

လေဆင်နှာမောင်း ပျောက်ကွယ်သွားပြီးနောက် ယောင်ရန်သည် စိတ်မတည်ငြိမ်နိုင် ဖြစ်နေဆဲပင်။ ဤ တစ်ကြိမ်တွင်မူ အမှန်တကယ်ပင် အသက်ဘေးနှင့် နီးကပ်သွားခဲ့ရသည်ပင်။

ထိုလေဆင်နှာမောင်းနှစ်ခုသည် မိုးမျှော်တိုက်များကို ဝါးမျိုဖျက်ဆီးရုံသာမကဘဲ၊ ပတ်ဝန်းကျင် ဒေသ များကိုပါ ပျက်စီးစေခဲ့သည်။ ၎င်းတို့သည် ကျွင်းချန်မြို့၏ လူနေရပ်ကွက်များအနက် လူနေအထူထပ် ဆုံးဖြစ်သော မြို့လယ်ဧရိယာ၏ တစ်ဝက်ခန့်ကို ဖျက်ဆီးပစ်ခဲ့ပေသည်။

လေဆင်နှာမောင်း၏ အင်အား ပြင်းထန်ပုံအရ၊ ထိုလူများ အသက်ရှင်ကျန်ရစ်နိုင်ပါဦးမည်လား ဆိုသည်ကိုမူ မသိနိုင်တော့ပေ။

အကယ်၍ လေဆင်နှာမောင်းများ မပေါင်းစည်းခဲ့ပါက လင်ယွမ်တိုက်ခန်းအဆောက်အအုံဆီသို့ ဦးတည် ရွှေ့လျားလာမည်ကို ယောင်ရန် သေချာပေါက် သိသည်။ ထိုအချိန်တွင် သူမ ထွက်ခွာသွားရန် မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုသို့ဖြစ်ပါက သူမ၏ အသက်ရှင်နိုင်ခြေသည် အလွန် နည်းပါးသွား ပြီး အလွန်အမင်း အေးခဲသော ရာသီဥတုသို့ ရောက်သည်နှင့် သေဆုံးရနိုင်ပေသည်။

ယောင်ရန် သည် ကြာမြင့်စွာ ရပ်နေမိပြီးမှ စိတ်တည်ငြိမ်သွားခဲ့သည်။ သူမ ပြန်လည်မွေးဖွားလာခဲ့ပြီး နောက် သဘာဝ ဘေးအန္တရာယ်များကို ကျော်လွှားနိုင်လိမ့်မည်ဟူသော ယုံကြည်မှုမှာ သူမ၏ စွမ်းရည် သုံးမျိုး၊ ရိက္ခာများနှင့် အနာဂတ်အသိတို့မှ ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ မကြာသေးမီက မြင်တွေ့ ခဲ့ရသည့် အရာအပေါ် အခြေခံ၍ ယခုမှမူ ထိုယုံကြည်မှုမှာ သေချာခြင်းမရှိတော့ပေ။

သူမသည် မှန်ပြောင်းကို တင်းတင်းဆုပ်ကိုင်၍ အသက်ပြင်းပြင်း ရှူလိုက်သည်။ ၎င်းကို ချရန် ပြင်ဆင် နေစဉ်တွင် ယောင်ရန်သည် အခြားတိုက်ခန်းအဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် အမျိုးသမီးတစ်ဦး ရပ် နေသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးသည် လက်တစ်ဖက်တွင် ကလေးငယ်တစ်ဦးကို ချီထားပြီး ကျန်လက်တစ်ဖက်တွင် သားယောက်ျားလေးကို ကိုင်ထားသည်။

ရှုပ်ထွေးနေသော ဆံပင်များနှင့် ထိုအမျိုးသမီးသည် သည်းထန်စွာရွာသွန်းနေသော မိုးရေထဲတွင် ရပ်၍ စိတ်မထိန်းနိုင်စွာ အော်ဟစ်လိုက်သည်။

ယောက်ျားရေ၊ ကျွန်မတို့ ရှင်နဲ့အတူ နေဖို့ လိုက်လာပြီ…။

ကြောက်လန့်နေသော ကောင်လေးသည် မိခင်၏ လက်မှ ရုန်းကန်၍ အော်ဟစ်ငိုယိုသည်။ မိုးရေသည် သူ့မျက်နှာလေးကို ရိုက်ခတ်နေသဖြင့် မျက်လုံးပင် ဖွင့်၍မရနိုင်ပေ။ မိခင်၏လက်ထဲရှိ ကလေးငယ်မှာ အသံပင် မထွက်နိုင်သည်ကို မြင်သောအခါ ထိုကောင်လေးသည် မိခင်၏ လက်ကို အသည်းအသန် ဆုပ်ကိုင်၍ တောင်းပန်သည်။

မေမေ၊ မေမေ၊ ပြန်ကြရအောင်။ သား ကြောက်တယ်...။ မေမေ၊ သား ဗိုက်ဆာတယ်၊ ချမ်းတယ်...။

အခြားအဆောက်အအုံများမှ လူများက ဤမြင်ကွင်းကို မြင်သောအခါ အချို့မှာ တုန်လှုပ်စွာ အော်ဟစ် ကြပြီး အချို့မှာ ထိုအမျိုးသမီးကို ဖြောင့်ဖျရန် ကြိုးစားကြသည်။ သို့သော် သူတို့၏ စကားများ သူမ၏ နားထဲ မရောက်မီမှာပင် မိုးရေက သူတို့အသံများကို မြုပ်သွားစေပြီး အရိပ်အယောင်ပင်မကျန်ပဲ ပျောက်ကွယ်သွားစေခဲ့သည်။

ထိုအမျိုးသမီးသည် ထိုသူများကို ဂရုမစိုက်ဘဲ သူမ၏ သားကို ကြည့်၍ ပြုံးကာ ချော့မော့ပြောလိုက် သည်။

မကြောက်ပါနဲ့။ ဖေဖေ့ဆီ သွားကြည့်ရအောင်လေ…။

ထိုကောင်လေးမှာ တွေဝေသွားပြီး ခေါင်းညိတ်လိုက်လေသည်။

ဟုတ်။ သား ဖေဖေ့ကို လွမ်းတယ်….။

သားဖြစ်သူ၏ စကားနားထောင်သော ပုံစံကို မြင်သောအခါ ထိုအမျိုးသမီး ပြုံး၍ သားသမီးများနှင့်အတူ ခုန်ချ လိုက်လေတော့သည်။

အား…။

ဝုန်း…။

ကောင်လေးသည် ရေထဲတွင် ရုန်းကန်၍ လက်များကို ကောင်းကင်သို့ ဆန့်တန်းကာ ကြောက်လန့်တ ကြား အော်ဟစ်လိုက်လေသည်။

ကယ်... ကယ်ပါဦး…၊ မေ... မေမေ… ကယ်ပါ...။

တစ်စက္ကန့်အကြာတွင် ထိုကောင်လေးသည် ရေထဲ နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။ လူတိုင်း ထိတ်လန့်တကြား အော်ဟစ်ကြပြီး ထိုအမျိုးသမီးနှင့် သူမ၏ ကလေးများ ရွှံ့ရေထဲ ပျောက် ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်ကြတော့သည်။

ယောင်ရန်သည် ညိုမှိုင်းသော ကောင်းကင်နှင့် သူမရှေ့မှ ဖျက်ဆီးခံထားရသော မြို့ကို မော့ကြည့်လိုက် သည်။ သူမ၏ အေးစက်သော မျက်လုံးများသည် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေခဲ့သည်။ အပြင်ဘက်တွင် တိတ်ဆိတ်သွားပြီးနောက် သူမ ဧည့်ခန်းသို့ ပြန်ဝင်၍ မှန်ပြောင်းကို သိမ်းလိုက်လေ၏။

ယောင်ရန်သည် နေ့လည်စာကို အေးဆေးစွာ ဆက်စားနေစဉ် မုန်တိုင်းက တစ်ဖန် ပြန်လည်ရောက်ရှိ လာပြီး မိုးကလည်း ပို၍ ပို၍ သည်းထန်လာခဲ့တော့သည်။

မကြာသေးမီက ဘေးအန္တရာယ်မှ အသက်ရှင်ကျန်ရစ်သူများသည် အပြင်ဘက်မှ သည်းထန်နေသော မိုးကို ကြည့်ရင်း သူတို့၏ စိတ်နှလုံးများက စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာကြသည်။ အရာအားလုံးသည် အရင်ကနှင့် မတူတော့ဘဲ၊ ကမ္ဘာကြီးသည် ပြောင်းလဲသွားခဲ့သည်ဟု ထင်ရသည်။

ဤသဘာဝဘေးအန္တရာယ်များသည် အမှန်တကယ် အဆုံးသတ်နိုင်ပါမည်လား။

လူတိုင်း၏ စိတ်ထဲတွင် တူညီသော မေးခွန်းရှိသော်လည်း မည်သူမျှ အဖြေပေးနိုင်သူ မရှိချေ။

အပြင်ဘက်တွင် မုန်တိုင်း ဆက်လက် တိုက်ခတ်နေပြီး ယောင်ရန်သည် တစ်နေ့တာလုံး ချက်ပြုတ်ခြင်း နှင့် လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။ ညအချိန် လူတိုင်း အိပ်ပျော်နေချိန်၌ သူမသည် အပြင်ဘက်မှ သတ္တုတံခါးကို တစ်စုံတစ်ဦးက ချဉ်းကပ်နေသည့် အသံကြောင့် နိုးလာခဲ့လေသည်။

လျှပ်စစ်မီး ပြတ်တောက်သွားသည့်အချိန်မှစ၍ တိုက်ခန်းအဆောက်အအုံ၏ အသံကာသည် အရင် ကလောက် ထိရောက်မှု မရှိတော့ကြောင်း ယောင်ရန် သတိပြုမိသည်။ ၎င်းသည် သူမ၏ စွမ်းရည်များ တိုးတက်လာခြင်းကြောင့် အာရုံငါးပါး ပိုမို ထက်မြက်လာခြင်းကြောင့် ဖြစ်နိုင်သည်။ သို့တည်းမဟုတ် အဆောက်အအုံ၏ အသံကာပစ္စည်းများသည် လျှပ်စစ်ဓာတ်အား လိုအပ်သော နည်းပညာတစ်မျိုးကို အသုံးပြုထား၍ ဖြစ်နိုင်သည်။

ယခုအခါ သူမသည် အပြင်ဘက်မှ စကားပြောသံများကို မှိန်ပြပြ ကြားနေရပြီး လူအုပ်စုတစ်စုသည် သူမ၏ သတ္တုတံခါးသော့ကို ဖွင့်ရန် ကြိုးစားနေကြောင်း သိလိုက်သည်။

ယောင်ရန်သည် ချက်ချင်းပင် လျှပ်စစ်တုတ်နှင့် သံမှိုပစ်သေနတ်ကို ထုတ်ယူပြီး၊ ဖိနပ်စီးကာ ညကြည့် မျက်မှန်ကို တပ်လိုက်သည်။ သူမသည် အိပ်ခန်းမှ ဖြည်းညှင်းစွာ ထွက်လာပြီး အပြင်ဘက်မှ ဆူညံသံ အချို့ ကြားလိုက်ရလေသည်။

တိတ်တိတ်နေစမ်း…။

ဖတ်၊ ဖတ်….။

အို…၊ အစ်ကိုမာ ကျွန်တော့်ခေါင်းကို ရိုက်နေတာကို ရပ်လိုက်လို့မရဘူးလား….။

စကားမများနဲ့ မြန်မြန်လုပ်…။

ယောင်ရန်သည် သတ္တုတံခါးနောက်တွင် ရပ်၍ ဂရုတစိုက် နားထောင်လိုက်သည်။ အပြင်ဘက်မှ လူများမှာ အစ်ကိုမာနှင့် သူ၏ ညီအစ်ကိုများ ဖြစ်နေကြောင်း သိလိုက်ရလေသည်။

သူမ ပြုံး၍ လျှပ်စစ်တုတ်ကို အမြင့်ဆုံးသို့ ဖွင့်လိုက်၏။ ဝယ်ယူစဉ်က ရောင်းသူက ဤလျှပ်စစ်တုတ် သည် ပြုပြင်မွမ်းမံပြီးနောက် သာမန် လျှပ်စစ်တုတ်ထက် အဆပေါင်းများစွာ ပိုမို အားကောင်းကြောင်း အာမခံပေးခဲ့လေသည်။

ယောင်ရန်သည် ညကြည့်မျက်မှန်ကို တပ်ပြီး လျှပ်စစ်တုတ်ဖြင့် သတ္တုတံခါးကို ထိလိုက်သည်။ နောက် တစ်စက္ကန့်တွင် တံခါး၏ တစ်ဖက်ခြမ်းမှ လည်ချောင်းဆို့နင့်သံကို သူမ ကြားလိုက်ရလေသည်။

အီး…၊ အူး…။

စက္ကန့်အနည်းငယ်ကြာပြီးနောက် အစ်ကိုမာ၏ ဒေါသတကြီး အသံနှင့် တစ်စုံတစ်ဦး မြေပြင်ပေါ် သို့ လဲကျသွားသံကို သူမ ကြားလိုက်သည်။

ဒုန်း…။

ပြဿနာပဲ…။ ဘာလို့ ဒီကောင်က ရုတ်တရက် လဲကျပြီး တက်သွားရတာလဲ….။

လျှပ်စစ်တုတ်ကို သိမ်းလိုက်ပြီးနောက် ယောင်ရန်သည် သတ္တုတံခါးသုံးချပ်ကို အမြန်ဖွင့်ကာ အပြင် ဘက်မှ လူများကို သံမှိုများဖြင့် ပစ်ခတ်လိုက်လေသည်။

စွပ်..စွပ်…စွပ်

အား

အ

အာ့

သုံးစက္ကန့်အတွင်း လူသုံးယောက် ထပ်မံ မြေပြင်ပေါ် လဲကျသွားသည်။ မီးမရှိသဖြင့် စင်္ကြံသည် အလွန် မှောင်မည်းနေဋ္ဌ။ ယောင်ရန်သည် အစ်ကိုမာနှင့် သူ၏ ညီအစ်ကိုများကို ကြည့်လိုက်ရာ သူတို့၏ မျက်နှာကို ဖုံးကွယ်ဖို့ပင် မကြိုးစားထားကြ သည်ကို တွေ့ရသည်။ သူတို့၏ ဒီညအစီစဉ်မှာ အောင်မြင် လိမ့်မည်ဟူ၍ တစ်ထစ်ချ ယုံကြည်မှု ရှိနေကြပုံပေါ်ပေသည်။

ဤညတွင် သူမ၏ တံခါးဆီကို လူဆယ်ယောက် ရောက်လာပြီး ယောင်ရန်က ထိုထဲက လေးယောက်ကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။အစ်ကိုမာနှင့် အခြားသူများ ခဏတာ တွေဝေသွားပြီးမှ သတိပြန်ဝင်လာခဲ့ ကြလေသည်။

All Chapters