ပထမဆုံးအကြိမ်နီးနီးကပ်ကပ်
Vol. 25 Ch. 345
အခန်း (၃၄၅) ပထမဆုံးအကြိမ်နီးနီးကပ်ကပ်
"လူကြီးဖြစ်ပြီတဲ့လား…"
အတွေးနှင့်အတူ ကျန်းလန် ရှောင်ယွိ၏ ရင်ဘတ်ကို လှမ်းကြည့်လိုက်သည်။
လူကြီးသာဖြစ်သည် အရင်ကနှင့်လည်း ဘာမှ မထူးခြား ၊ ပြားချပ်ချပ်ပဲ ရှိနေသည်။
ကျန်းလန် ရှောင်ယွိကို ခြေဆုံးခေါင်းဆုံး တစ်ချက်အကဲခတ်လိုက်သည်။ ရှောင်ယွိကို ကြည့်ရသည်မှာ တစ်လက်မပင် အသက်ကြီးလာပုံမပေါ်ပေ။
သို့သော် သူမ၏ လုန်ယွိပုံစံက အရွယ်ရောက်သည့် မိန်းမပျိုတစ်ယောက် ပုံစံ ဖြစ်ခဲ့သည် မဟုတ်လား။ ထို့ကြောင့် သူမအနေဖြင့် လူကြီးဖြစ်လိုလျှင် လုန်ယွိအသွင်ပြောင်းလိုက်ရန်သာ ရှိလေသည်။
ကျန်းလန်က ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ရင်း ခြံဝင်းကို အကဲခတ်လိုက်သည်။
အတော်လေး သန့်ရှင်းနေသည်ကို တွေ့ရသည်။
ရှောင်ယွိ သူ့ကိုစောင့်ရင်း အချိန်အတော်ကြာအောင် သန့်ရှင်းရေး လုပ်ထားဟန် ရှိသည်။
"ဂိုဏ်းတူမောင်လေး"
ကျန်းလန်က ထိုင်ခုံတွင်ထိုင်ရင်း သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးနေစဉ် ရုတ်တရက် ရှောင်ယွိ ခေါ်သံ ကြားလိုက်ရသည်။
ကျန်းလန်ခေါင်းမော့ကြည့်လိုက်တော့ ရှောင်ယွိက လုန်ယွိပုံစံပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ရှောင်ယွိ၏အရပ်က တဖြည်ဖြည်းမြင့်လာပြီး ခန္ဓာကိုယ်သည်လည်း စတင်ပြောင်းလဲလာသည်။
မကြာမီ ကျန်းလန်ရှေ့တွင် လုန်ယွိအသွင်ပေါ်လာတော့သည်။
မျက်ဝန်းလေးများက တောက်ပလျှက် ၊ သွားတန်းဖွေးဖွေးလေးများက လှပလွန်းလှသည်။ အသားအရေက ကြည်လင်ဝင်းပပြီး ခန္ဓာကိုယ်ကလည်း ပြီးပြည့်စုံလွန်းသည်။
သူမသည်ကား အလွန်တရာချောမောလှပသည့် အလှဧကရီတစ်ပါးပင်။
သူမ အရင်ကထက် အရပ်အနည်းငယ် မြင့်လာပြီး အသားအရေကလည်း ပိုမိုနူးညံ့ဖြူစင်လာသည်။
လုန်ယွိက…
"ကြည့်လေ ၊ ကျွန်မ အရင်ကနဲ့ မတတော့ဘူး မဟုတ်လား"
ကျန်းလန်က သူမအပေါ် မည်သို့တွေးထင်သည်ကို သူမ အရေးစိုက်ဟန် ရှိသည်။
သို့သော် ကျန်းလန်မှာ လုန်ယွိအလှတွင် နစ်မျောငေးမောသွားရင်း သူမ၏ စကားကို မတုံ့ပြန်နိုင်တော့ပေ။
ကျန်းလန် စကားပြန်မပြောသည့်အခါ လုန်ယွိက အော်တော့သည်။
"ဂိုဏ်းတူမောင်လေး"
ထိုအခါမှ ကျန်းလန် အသိစိတ်ပြန်ဝင်လာသည်။
သူက တိုးလျသည့် လေသံဖြင့်…
"ကိုယ် သတိလက်လွတ်ဖြစ်သွားလို့ပါ"
မျက်စိတစ်မှိတ်အတွင်းမှာပင် လုန်ယွိက ရှောင်ယွိပုံစံ ပြောင်းလဲသွားပြီး မျက်နှာထက်တွင်လည်း အပြုံးတစ်စကို ဆင်မြန်းထားသည်။
"အခု ရှောင်ယွိ ပုံစံနဲ့ဆိုရင်ရော ဂိုဏ်းတူမောင်လေးက သတိလက်လွတ် ဖြစ်ဦးမှာလား”
"ဒီပုံစံနဲ့တော့ ဘာမှကို မခံစားရတာ"
ကျန်းလန် စိတ်ထဲက တွေးလိုက်ခြင်း ဖြစ်သည်။
လုန်ယွိက ရှောင်ယွိပုံစံပြောင်းလိုက်တော့မှ ကျန်းလန် စိတ်ထဲ အနည်းငယ် တည်ငြိမ်သွားသည်။
ဟုတ်ပေ၏။
သူ့ကို သတိလက်လွတ်ဖြစ်အောင် ပြုစားနိုင်သူဆို၍ လောကတွင် လုန်ယွိတစ်ယောက်သာလျှင် ရှိလေသည်။
အခြားမိန်းမပျိုများဆိုလျှင်တော့ ပြုစားရန် မဆိုထားနှင့် သူက ပိုပြီး သတိထား ဆက်ဆံမည် ဖြစ်သည်။
လုန်ယွိကို ငေးမောသလို ငေးမောမိမည် ဖြစ်သည်။
ရန်သူတစ်ယောက်ဆိုလျှင်တော့ ကျန်းလန်က ချက်ချင်း သတ်ဖြတ်ပစ်မည် ဖြစ်၏။
ရန်သူဆိုပါက မည်သို့သော လူစားမျိုး ဖြစ်ပါစေ သွေးမှုံများအဖြစ် အဆုံးသတ်သွားမည်ပင်။
ကျန်းလန်က မည်သည့်စကားမှမဆိုတော့ဘဲ သစ်သားဓားလေးအတွင်းသို့သာ ဓားဝိညာဉ်ကို ဆက်လက်ထည့်သွင်းပေးနေသည်။
ရှောင်ယွိ၏ ကျင့်ကြံခြင်းအဆင့်က ယခုဆိုလျှင် လူသားအင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိပြီ ဖြစ်သည်။
သူမ အစစ်အမှန်အင်မော်တယ်ဖြစ်လာရန် နှစ်ပေါင်းရာနှင့်ချီပြီး အချိန်ကြာမြင့်ဦးမည် ဖြစ်သည်။
ကျောက်စိမ်းရေကန်မှ စွမ်းအားများကို စုပ်ယူကျင့်ကြံမည်ဆိုလျှင်တောင်မှ အနည်းဆုံး နှစ်ပေါင်း (၂၀၀) ခန့် လိုအပ်လေသည်။
အချိန်တိုအတွင်း အစစ်အမှန်အင်မော်တယ် ဖြစ်လာရန်ကတော့ သူမအတွက် ခက်ခဲမည် ဖြစ်သည်။
သူမအနေဖြင့် ကျန်းလန်ကဲ့သို့ မိုးကောင်းကင်စမ်းသပ်ခံရပြီးသည်နှင့် လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် တန်းရောက်သွားလျှင်တောင်မှ အစစ်အမှန်အင်မော်တယ်အဆင့်သို့ ရောက်ရှိရန်မှာ အတော်လေး အချိန်ယူရဦးမည် ဖြစ်၏။
ကျန်းလန်အနေဖြင့် လုန်ယွိ အစစ်အမှန်အင်မော်တယ်အဆင့်သို့ မရောက်ခင် သူက အများအမြင်တွင် အင်မော်တယ်အဆင့်သို့ ရောက်ရှိသည်ကို ပြသရမည် ဖြစ်သည်။
အမှန်တော့ သူတို့ (၂)ယောက် ကျင့်ကြံခြင်းအဆင့် သိပ်မကွာရခြင်းမှာ လုန်ယွိက သူမ၏ ကျင့်ကြံခြင်းအဆင့်ကို တမင်တကာ ဖိနှိပ်ထားခဲ့သောကြောင့် ဖြစ်သည်။
သူ အင်မော်တယ်တစ်ယောက် ဖြစ်မလာခင် လုန်ယွိက သူ့ကို ဖိအားများခံစားရမည်ကို စိုးရိမ်ခဲ့သည်။
“ဂိုဏ်းတူမောင်လေး ၊ အဲဒီ အလင်းရောင်က ဘာကြီးလဲဟင်”
ရှောင်ယွိက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်တွင် ထွန်းလင်းနေသည့် အလင်းရောင်ကို ညွှန်ပြရင်း မေးလိုက်သည်။
ကျန်းလန်က…
"အဲဒါက တောင်ထွတ်တွေက ပြင်ဆင်ထားတာလို့ ပြောတာပဲ ၊ ပြောကြတာတော့ မီးတိုင် (၉)ခုတိတိ ထွန်းညှိမယ်တဲ့"
ထိုအရာက မင်္ဂလာပွဲအတွက်ရည်ရွယ်ပြီး တစ်စုံတစ်ခု ပြင်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း ကျန်းလန် ခန့်မှန်းမိသည်။
သို့သော် ဆရာဖြစ်သူကတော့ သူ့ကို ဘာမှ ပြောမပြခဲ့ပေ။
သူက ကျန်းလန်ကို ဖိအားမပေးချင်သောကြောင့် ဖြစ်ပေလိမ့်မည်။
ကျန်းလန်က လူသားအင်မော်တယ်ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ပြီးလျှင်တော့ သူ လက်ထပ်ရမည် ဖြစ်သည်။
ပြောရမည်ဆိုလျှင် မင်္ဂလာကိစ္စက အနည်းနှင့်အများ ဖိအားရှိမည်မှာ အမှန်ပင်။
ဖိအားက အလွန်များပြားပါက လူတစ်ယောက်၏စိတ်အခြေအနေကို လွယ်လွယ်ပင် ထိခိုက်စေမည် ဖြစ်သည်။
သို့ဆိုလျင် မင်္ဂလာပွဲနှင့်ပတ်သက်ပြီး မမြင်ရသည့် ပြဿနာများလည်း ရှိလာနိုင်သည်။
"ဂိုဏ်းတူမောင်လေး ၊ ဒီ သားရဲဥလေးက ဘယ်တော့အကောင်ပေါက်မှာလဲဟင်"
ရှောင်ယွိက ထိုင်ရာမှ ခုန်ထလိုက်ရင်းက မေးလိုက်သည်။
ကျန်းလန်က...
“အဲဒါလေးက အကောင်မပေါက်တော့ဘူး ထင်တယ်”
အကောင်ပေါက်မည်ဆိုလျှင် စောစောစီးစီးကပင် အကောင်ပေါက်လာမည် ဖြစ်သည်။
အဘယ့်ကြောင့် နှစ်ပေါင်းရာနှင့်ချီပြီး ကြာနေရပါသနည်း။
အိပ်နေသူကိုပင် နှိုးရခက်သည်ဖြစ်ရာ သားရဲဥလေးအကောင်ပေါက်လာရန်မှာတော့ ပြောနေစရာ မလိုတော့ပေ။ကျန်းလန်မှာ အကောင်မပေါက်သည်ကို အပြစ်မဆိုရက်ဘဲ ပုပ်မသွားသည်ကိုပင် ကျေးဇူးတင်နေရသည်။
ထို့နောက် ရှောင်ယွိက ပန်းခင်းထဲမှပန်းများကို ခူးနေစဉ် ကျန်းလန်ကတော့ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးနေခဲ့သည်။
"ဒါနဲ့ ဂိုဏ်းတူမောင်လေး ၊ နောက်ထပ် နှစ် (၄၀)ဆိုရင် ကျွန်မ ရှင့်စကားနားထောင်မယ်လို့ ကတိပေးထားတာ နှစ် (၁၀၀) ပြည့်ပြီနော် ၊ အဲဒီအချိန်ကျ ထပ်ပြီးစိန်ခေါ်ပွဲလုပ်ကြမယ် ၊ ရှင်ရှုံးရင်တော့ ကျွန်မစကားကို နှစ်ပေါင်း (၁၀၀) နားထောင်ရမှာနော်"
ရှောင်ယွိက ပန်းပင်များရှေ့တွင်မတ်တတ်ရပ်ရင်း ကျန်းလန်ကို ပြောလိုက်သည်။
သူမကို ကြည့်ရသည်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိနေဟန်ပင်။ အင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း သူမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာသည်။
သို့သော် ဒီကောင်မလေးသည် တန်ခိုးစွမ်းအကြောင်း ဘာမှနားမလည်သေးသည့် နဂါးမလေးသား ဖြစ်သည်။
ကျန်းလန်က သူမစကားကို ခေါင်းညိတ်သဘောတူလိုက်၏။ ရှောင်ယွိက သူနှင့်ယှဉ်ပြိုင်ချင်သည်ဆိုလျှင် ယှဉ်ပြိုင်ကြရုံပေါ့လေ။
မဟုတ်ပါက သူ၏ နဂါးသုတ်သင်ဓားသိုင်းမှာ မည်သည့်နဂါးကိုမှ မတိုက်ခိုက်ရသဖြင့် သံချေးတက်နေပေတော့မည်။
***
နောက်တစ်နေ့နံနက်။
ကျန်းလန်က သူ့နံဘေးတွင် အိပ်ပျော်နေသည့် ရှောင်ယွိကို အသာနှိုးလိုက်သည်။
ဤမိန်းကလေးငယ်သည် စားပွဲပေါ်မှောက်ပြီး အိပ်စက်ရသည်ကို အလွန်သဘောကျဟန် ရှိသည်။ သူမက အမြဲတမ်း သူ့နံဘေး ၊ သို့မဟုတ် သူနှင့်မျက်နှာချင်းဆိုင်တွင် စားပွဲပေါ်မှောက်ရင်း အိပ်စက်တတ်သည်။
ရှောင်ယွိက ကျန်းလန်ကို မျက်လုံးများပြူးကာ ကြည့်လိုက်ရင်း…
"မိုးတောင်လင်းနေပြီလား ၊ ကျွန်မ မနေ့ညက ဘယ်လိုအိပ်ပျော်သွားတာလဲ"
ကျန်းလန်က မအိပ်ဘဲ သူမကို စောင့်ကြည့်နေသူဖြစ်လေရာ သူမ မည်သို့အိပ်ပျော်သွားကြောင်း သိရှိလေသည်။
သူက…
"ဂိုဏ်းတူအစ်မ ကြယ်တွေကိုကြည့်ရင်း အိပ်ပျော်သွားတာလေ"
မနေ့ညက ရှောင်ယွိသည် တိုက်ခတ်လာသည့် ညလေပြေအေးလေးကို ခံစားရင်း ကောင်းကင်ထက်မှ ကြယ်များကိုကြည့်ရင်း အိပ်ပျော်သွားခြင်းပင်။
ထိုခဏတွင် ကျန်းလန်သည်လည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
"သူ့ကို အမြဲတမ်းကာကွယ်ပေးမည်" ဟု ပြောလေ့ရှိသည့် ဤမိန်းကလေးငယ်သည် သူ့ကို ကာကွယ်ပေးဖို့အနေသာသာ သူ့ဘေးနားတွင် အိပ်ပုတ်လျှက်ရှိသည်ဆိုသည့် အချက်ပင် ဖြစ်၏။
ပြီးတော့ ရှောင်ယွိက ဘာကိုမှလည်း မကြောက်ရွံ့သလို ဘာကိုမှလည်း စိတ်ပူပင်ဟန် မရှိပေ။
"ကျွန်မ ဆရာနဲ့ အခြားသူတွေကို သွားရှာလိုက်ဦးမယ် ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်း ဖြတ်ကျော်နိုင်တဲ့အကြောင်း ဆရာ့ကို မပြောရသေးဘူး"
ရှောင်ယွိက တစ်ချက်သမ်းဝေလိုက်ရင်း ဆိုသည်။
ကျန်းလန်က သစ်သားဓားလေးကို ရှောင်ယွိထံ လှမ်းပေးလိုက်ရင်း…
"ဒါဖြင့် သွားကြရအောင်"
ရှောင်ယွိ တတိယတောင်ထွတ်သို့ သွားသည့်အခါ သူက လိုက်ပို့လေ့ရှိသည်။
ရှောင်ယွိက သစ်သားဓားလေးကို လှမ်းယူရင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်…"
သူတို့ (၂)ယောက် အတူတူ ထွက်ခွာလာကြသည်။
နဝမတောင်ထွတ်၏ တောင်ခြေသို့ ရောက်သည့်အခါ ရှောင်ယွိခြေလှမ်းများ ရုတ်တရက ်ရပ်တန့်သွားသည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ဘာများမေ့ကျန်ခဲ့လို့လဲ"
ရှောင်ယွိက ကျန်းလန်ကို မော့ကြည့်ရင်း နူးညံ့သည့်လေသံလေးဖြင့်…
"ဟုတ်တယ်… ၊ ကျွန်မ တစ်ခု မေ့သွားတယ်"
သူမက ဆက်ပြောသည်။
"အရမ်းအရေးကြီးတာတစ်ခု ကျွန်မ မေ့သွားတယ် ၊ ဂိုဏ်းတူမောင်လေးက ကျွန်မကို တုတ်ထိုးသကြားလုံးတွေ ဝယ်ကျွေးပေမယ့် ကျွန်မကတော့ ဘာလက်ဆောင်မှ ရှင့်ကို ပြန်မပေးရသေးဘူးလေ ၊ ဒါက တရားမျှတတဲ့ အပေးအယူ ဘယ်ဟုတ်တော့မလဲ"
"တရားမျှတဲ့ အပေးအယူတဲ့လား"
ကျန်းလန်မှာ နားမလည်နိုင်ဘဲ အူကြောင်ကြောင် ဖြစ်သွားရသည်။
ယခုအချိန်မှာ ရှောင်ယွိက အဘယ့်ကြောင့် ဒီလိုစကားမျိုး ပြောရပါသနည်း။
သူ တွေးနေစဉ်မှာပင် ရှောင်ယွိက သူ့ရင်ခွင်ထဲ တိုးဝင်လာပြီး သူ့ကို ရုတ်တရက် ပွေ့ဖက်လိုက်လေရာ ကျန်းလန်မှာ အံ့အားသင့်သွားရသည်။
ရှောင်ယွိက အနည်းငယ်အရပ်နိမ့်လေရာ သူ့ပခုံးလောက်ပင် အရပ်က မရှည်ပေ။
"ခြေတိုနဂါးလေး" ဟု ကျန်းလန် စိတ်ထဲက တွေးလိုက်၏။
ရှောင်ယွိက ကျန်းလန်ကို ဖက်ထားရင်းဖြင့်ပင် သူ့ရင်ခွင်ထဲမှနေပြီး ခေါင်းမော့ကြည့်လာသည်။ ထို့နောက် သူမက ဖက်ထားသည်ကို လွှတ်လိုက်ပြီး နောက်သို့ အနည်းငယ် ပြတ်ဆုတ်လိုက်၏။
"ကျွန်မ ဂိုဏ်းတူမောင်လေးကို ဖက်လိုက်တာက တရားမျှတတဲ့ အပေးအယူပဲ ၊ ဒီနေ့ကစပြီး ရှင်ပေးတဲ့ တုတ်ထိုးသကြားလုံးတွေအတွက် ဘအကြွေးမှ တင်မနေဘူးနော် ၊ ကဲ… ကျွန်မ ဆရာ့ကို သွားရှာတော့မယ်"
ပြောပြီးသည်နှင့် သူမက ဓားကို စီးနှင်ကာ တတိယတောင်ထွတ်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
သူမက လျှင်မြန်လွန်းလေရာ ကျန်းလန်မှာ မှီအောင်မလိုက်နိုင်တော့ဘဲ နေရာတွင်သာ မတ်တတ်ရပ်ရင်း ကျန်ရစ်ခဲ့ရတော့၏။
"တရားမျှတတဲ့ အပေးအယူတဲ့လား"
ကျန်းလန် ခေါင်းငုံ့ရင်း တိုးလျစွာ ရေရွတ်လိုက်သည်။
"ဒါက ဘယ်လိုလုပ် တရားမျှတတဲ့ အပေးအယူ ဖြစ်ရမှာလဲ ၊ ငါက သူ့အတွက် ပိုက်ဆံအကုန်ခံပြီး တုတ်ထိုးသကြးလုံး ဝယ်ကျွေးရတာ ၊ သူ ငါ့ကို ဖက်လိုက်တာက ပိုက်ဆံဖြင့် တစ်ပြားမှ မကုန်ဘူး ၊ ဘာမှ တရားမမျှတဘူး ၊ ဒါပေမဲ့..."
ကျန်းလန် မိန်းကလေး၏ အပွေ့အဖက်လေးကို မငြင်းဆန်နိုင်သလို သဘောမကျခြင်းလည်း မဖြစ်မိပေ။
ရှောင်ယွိကို တတိယတောင်ထွတ်သို့ လိုက်မပို့ရတော့လေရာ ကျန်းလန် တောင်ပေါ်ပြန်လာပြီး စာအုပ်ဖတ်နေလိုက်သည်။
သူက နတ်ဘုရားရာထူးကို အပြည့်အဝထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးစားနေပြီး မကြမီ ခွန်လွန်တောင်မှ ထွက်ခွာသွားရန် စီစဉ်ထားသည်။
ပြင်ပလောကသို့ ထွက်ခွာရန် သင့်တော်သည့်အချိန်ကာလနှင့် အကြောင်းပြချက်တစ်ခုခုကို ရှာဖွေရမည် ဖြစ်သည်။ ပြီးလျှင် တစ်လက်စတည်း အများအမြင်တွင် အင်မော်တယ်အဆင့်အဖြစ် အဆင့်တက်ရောက်ရမည် ဖြစ်၏။
လောလောဆယ်တွင်တော့ သူ တံခါးပိတ်ကျင့်ကြံရမည် ဖြစ်သည်။
သို့ရာတွင် တံခါးပိတ်မကျင့်ကြံမီ ပျက်သုဉ်းတစ်စပြင်လောကကြီး၏ အခြေအနေမည်သို့ရှိသည်ကို စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
တပည့်များအချင်းချင်း ပြောဆိုနေကြသည့် သတင်းစကားများကို သူ သွားရောက်နားထောင်ရန် လိုအပ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒုတိယတောင်ထွတ်က သူလျိုများ၏အမည်စာရင်း ပေးပို့လာခြင်း မရှိပေ။
သို့ဖြစ်ရာ ခွန်လွန်တောင်တွင် ရှင်းမပစ်ရသေးသည့် သူလျိုများစွာ ရှိနေနိုင်သည်။ ထို့ကြောင့် သတင်းများလည်း ပိုမိုစုံလင်မည် ဖြစ်သည်။
ထို့ပြင် ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားများနွယ်များ၏ တိုက်ပွဲကိုလည်း ကျန်းလန် နားလည်ခြင်း မရှိသေးပေ။ ထိုအုပ်စု (၂)ခုမှာ အပြင်းအထန် တိုက်ခိုက်နေကြသည့်တိုင် နတ်ဘုရားရာထူးကို ရရှိခြင်း မရှိသည်မှာ တစ်ခုခု လွဲနေသည်။
နှစ်ပေါင်းရာချီ တိုက်ပွဲဆင်နွှဲနေခဲ့ကြသည့် အထင်ကရမျိုးနွယ်များဖြစ်သည့်တိုင် နတ်ဘုရားရာထူးတစ်ခုကို အဘယ့်ကြောင့် မရယူနိုင်ခဲ့ကြပါသနည်း။
***
နောက်တစ်နေ့…။
ရှောင်ယွိ နဝမတောင်ထွတ်သို့ ရောက်မလာကြောင်း သေချာသည်နှင့် ကျန်းလန် ခွန်လွန်တောာင်တစ်လျှောက် လှည့်လည်သွားလာရန် ဆုံးဖြတ်လိုက်သည်။
သူက တာအိုတရားဟောပြောသည့် နေရာအချို့သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
သူ တောင်အောက်မဆင်းသည်မှာ နှစ်ပေါင်း (၆၀)ခန့် ရှိပြီ ဖြစ်လေရာ အချိန်အတော်လေး ကြာမြင့်သွားပြီဟု ဆိုနိုင်သည်။
နဝမတောင်ထွတ်တွင်လည်း မည်သည့်ထူးခြားမှုမှ မဖြစ်လေရာ လူအများလည်း သူ့ကို မေ့လျော့နေမည်သာပင်။
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)အတွင်း ခွန်လွန်တောင်သို့ ရောက်လာကြသည့် တပည့်များဆိုလျှင် သူ့အကြောင်းကို ကြားဖူးရုံမျှသာရှိကြပေတော့မည်။