အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉)
စူပါမားကတ်သို့ သွားခြင်း (၁)
လုံယုသည် အခြားသူများကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
သူမ သဘောတူတယ်။ ဒီအထပ်မှာ အခန်းလွတ်တစ်ခု ရှိတယ်။ မင်းတို့ အဲဒီမှာ နေလို့ရတယ်။ ဒါပေမဲ့ မင်းတို့ အခန်းကိုတော့ ဂရုစိုက်ရမယ် ဘာတစ်ခုမှ မဖျက်ဆီးရဘူး။ ပိုင်ရှင်က မကြာခင် ပြန်လာနိုင် တယ်။ သူတို့ ပြန်လာရင် ငါ မင်းတို့ နေဖို့ကို တခြားနေရာ ရှာပေးမယ်….။
ထိုစကားကို ကြားသောအခါ လူငါးဦးသည် သက်ပြင်းချကာ ခေါင်းညိတ်လိုက်ကြသည်။ မကြာမီ ယောင်ရန်သည် အခန်း (၂၀၀၁) သော့နှင့်အတူ ရောက်လာခဲ့လေသည်။
သူမသည် သော့ကို လုံယုအား ပေးလိုက်ပြီး ပြောလိုက်လေသည်။
ဒါက သော့တွေ၊ ပြီးတော့ ဒီသံတံခါးနှစ်ခုအတွက် အပိုသော့တွေ…။
လုံယုသည် သော့များကို ယူလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်-
ကျေးဇူးတင်ပါတယ်…။
အမျိုးသားနှစ်ဦးသည် သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်ကို မြင်သောအခါ အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ လုံယုက သူတို့အား တစ်ချက်ကြည့်လိုက်ပြီး ယောင်ရန်နှင့် မိတ်ဆက်ပေးလိုက်သည်။
သူမ နာမည်က ယောင်ရန်ပါ။ အခန်း (၂၀၀၃) ရဲ့ ပိုင်ရှင်ပဲ….။
ပညာတတ်ပုံရသော အမျိုးသားက ယောင်ရန်ထံ လက်ကမ်းလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်သည်၊
ကျွန်တော့် နာမည်က ရှီရွှမ်းပါ။ အသက် (၂၅) နှစ်ပါ အခုထိ လူပျိုပဲ ရှိပါသေးတယ်။ အခုကစပြီး ကျွန်တော်တို့ သူငယ်ချင်း ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်….။
ယောင်ရန်သည် သူ၏လက်ကို လှုပ်ယမ်းနှုတ်ဆက်လိုက်ရာ အခြားအမျိုးသားက အလျင်အမြန် ပြောလိုက်လေသည်၊
ကျွန်တော့် နာမည်က ဟွမ်ချန်ပါ။ အသက်က (၂၄) နှစ်ရှိပါပြီ….။
သူသည် သူနှင့် ရုပ်ခြင်းဆင်တူသော အမျိုးသမီးငယ်တစ်ဦးကို ဆွဲကာ ဆက်ပြောလိုက်လေသည်။
ဒါက ကျွန်တော့် ညီမလေး ဟွမ်ကျိဟွေးတဲ့ အသက်က(၁၉) နှစ်ပါ….။"
သူမ၏ အစ်ကိုကဲ့သို့ပင် ဟွမ်ကျိဟွေးက ယောင်ရန်ကို ပြုံးပြပြီး မိတ်ဆက်လိုက်သည်။
မင်္ဂလာပါ အစ်မယောင်…..။ေ
ယောင်ရန်က သူမကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆံပင်ရှည်နှင့် အပြာရောင် စကတ်ဝတ် အမျိုးသမီး တစ်ဦး ထပ်မံ ထွက်လာခဲ့လေသည်။
မင်္ဂလာပါရှင်။ ကျွန်မ နာမည်က တန်ချီချီပါ။ ဟွေးဟွေးနဲ့ ကျွန်မက ကောလိပ် အခန်းဖော်တွေပါ…။
လေးယောက်စလုံးက ယောင်ရန်ကို မိတ်ဆက်ပြီးနောက် ဆံပင်တိုနှင့် နောက်ဆုံးအမျိုးသမီးက ယောင်ရန်ထံ လက်ကမ်းလိုက်ပြီး မိတ်ဆက်လိုက်လေသည်။
ကျွန်မ နာမည်က ကျားရှန်းပါ။ ကျွန်မက အားရွှမ်းနဲ့ အသက်တူတူပါပဲ….။
ယောင်ရန်သည် သူမ၏လက်ကို ဆွဲယူနှုတ်ဆက်ပြီး ပြုံးလိုက်လေသည်။
ယောင်ရန်ပါ…။
သူမသည် ကျားရှန်း၏ ခပ်မိုက်မိုက်ပုံစံကို မြင်သည်နှင့် သဘောကျသွားခဲ့သည်။ လန်လီဖေးကဲ့သို့သော လှည့်စားတတ်သည့် ကြာဖြူမလေးများနှင့် နှစ်ပေါင်းများစွာ ပတ်သက်ခဲ့ပြီးနောက် ယောင်ရန်သည် ကျားရှန်းကဲ့သို့ သန်မာပြီး ကိုယ်ပိုင်ရပ်တည်နိုင်သည့် အမျိုးသမီးများနှင့် သူငယ်ချင်းဖွဲ့ရန် ပိုနှစ်သက် ခဲ့ပေသည်။
ယခုအခါ တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ပြီးပြီ ဖြစ်သောကြောင့် ယောင်ရန်သည် လုံယုကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။
ဒါဆို ကျွန်မ အရင်ပြန်လိုက်ပါဦးမယ်။ အကူအညီ လိုအပ်ရင် ကျွန်မကို ခေါ်လိုက်ပါ…။
လုံယုသည် သူမကို ခေါင်းညိတ်ပြပြီး ယောင်ရန် ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ သူမ အခန်းတံခါး ပိတ်ပြီးနောက် သူသည် ကျန်လူငါးဦးဘက်သို့ လှည့်ကြည့်လိုက်သည်။
သူသည် မျက်နှာသေဖြင့် ပြောလိုက်လေသည်။
ဒီသော့တွေ ယူထားလိုက်ပါ။ အရေးကြီးတဲ့ ကိစ္စမရှိရင် ယောင်ရန်နဲ့ ငါ့ကို အနှောင့်အယှက် မပေးကြပါ နဲ့…။
သူတို့၏ ခေါင်းဆောင်က သူတို့ကို ထားခဲ့သည်ကို မြင်သောအခါ ဟွမ်ချန်သည် ရှီရွှမ်းကို ကြည့်ပြီး မယုံနိုင် စွာ မေးလိုက်လေသည်၊
အစ်ကို ရွှမ်း၊ ခေါင်းဆောင်ရဲ့ မျက်နှာပေါ်က အပြုံးကို မင်း မြင်လိုက်လား….။
ရှီရွှမ်းသည် သူ၏လက်ထဲမှ သော့များကို ယူကာ အခန်း (၂၀၀၁) တံခါးဆီသို့ လျှောက်သွားလိုက်သည်။ တံခါးဖွင့်လိုက်ရင်း ပြောလိုက်သည်။
အားချန်၊ စပ်စုချင်စိတ်က ကြောင်ကို သေစေတယ်ဆိုတာ မင်း မသိဘူးလား…။
အမျိုးသမီးသုံးဦး အကြည့်ချင်း ဖလှယ်ပြီး အံ့အားသင့်နေသော ဟွမ်ချန်ကို ထားခဲ့ကာ ရှီရွှမ်းနောက်သို့ လိုက်သွားခဲ့ကြသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူသည် အအေးဒဏ်ကြောင့် တုန်ယင်သွားပြီး အခြားသူများနောက်သို့ လိုက်သွားလေသည်။
ဟေး…၊ ငါ့ကို စောင့်ဦးလေ…။
အိမ်ပြန်ရောက်ပြီးနောက် ယောင်ရန်သည် သူမ၏ နေ့စဉ် လေ့ကျင့်ခန်းများကို စတင်ခဲ့သည်။ သူမသည် အပြေးလေ့ကျင့်ရေးစက်ပေါ်တွင် နှစ်နာရီ ပြေးပြီးနောက် အလေးမ လေ့ကျင့်ခန်းကို တစ်နာရီကြာ လုပ် ခဲ့လေသည်။ ထို့နောက်တွင် သူမ၏ သစ်နှင့် ရေစွမ်းအင်များကို လေ့ကျင့်ခဲ့သည်။ သူမ လေ့ကျင့်နေစဉ် အချိန်များ ကုန်ဆုံးသွားသည်ကို သတိမထားမိခဲ့ပေ။
သူမသည် နေ့စဉ် လေ့ကျင့်ခန်း ပြီးစီးချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ ယောင်ရန် ညကြည့်မှန် ပြောင်း ဖြင့် လသာဆောင်မှ အပြင်သို့ လှမ်းကြည့်လိုက်သောအခါ လူအများအပြား လှေများနှင့် ကယက်လှေများကို လှော်ခတ်နေကြသည်ကို တွေ့လိုက်ရသည်။
သူမသည် ခဏမျှ စဉ်းစားပြီးနောက် ရေချိုးရန်နှင့် အဝတ်လဲရန် နေရာလွတ်ထဲသို့ ဝင်သွားခဲ့လိုက်သည်။ နေရာလွတ်ထဲမှ ထွက်လာပြီးနောက် ပိုက်ဆံအချို့ကို ယူကာ အပြင်သို့ ထွက်သွားလိုက်သည်။
ယောင်ရန် အခန်း (၂၀၀၂) တံခါးကို ခေါက်လိုက်ပြီး ခဏမျှစောင့်ဆိုင်းပြီးနောက် လုံယုက တံခါးဖွင့်ပေး လာခဲ့သည်။
သူက သူမကို ကြည့်ပြီး မေးလိုက်သည်။
ဘာဖြစ်လို့လဲ….။
ယောင်ရန်က ပြောလိုက်သည်။
ဒီမနက် ကျွန်မ ပြန်လာတုန်းက ကျွင်းချန် တက္ကသိုလ်နားက စူပါမားကတ်ကို ဖြတ်မောင်းလာခဲ့တယ်။ အဲဒီနေရာက ကုန်းမြင့်ပိုင်းမှာ ရှိလို့ အခုချိန်ထိ လုံးဝရေမမြုပ်သေးတာ ဖြစ်နိုင်တယ်။ အဲဒီ စူပါမားကတ် နားက ဖြတ်လာတုန်းက လှေအချို့ကို ကျွန်မ တွေ့ခဲ့တယ်….။
သူတို့က စူပါမားကတ်ကို လူထုအတွက် ဖွင့်ထားဆဲ ဖြစ်နိုင်တယ်။ ရှင့်သူငယ်ချင်းတွေမှာ ပစ္စည်း အများ ကြီး ပါမလာတာကို ကျွန်မ သတိထားမိတယ်။ ရှင် သူတို့ကို စူပါမားကတ်ကို သွားပြီး ဈေးကြီး ပေးရ ရင်တောင် ကြာရှည်ခံမယ့် ပစ္စည်းတွေ ဝယ်ဖို့ ပြောသင့်တယ်…။
ယောင်ရန်၏ စကားကို နားထောင်ပြီးနောက် လုံယုသည် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
မင်း ပြောတာ မှန်တယ်။ အတူတူ သွားကြမလား…။
ယောင်ရန်သည် ခေါင်းခါပြီး ပိုက်ဆံအပြည့်ပါသည့် ပလတ်စတစ်အိတ်တစ်လုံးကို ထုတ်ကာ ပြောလိုက် လေသည်။
ကျွန်မကတော့ အထပ် (၂၀) ကို စောင့်ကြည့်နေပေးပါ့မယ်။ ရှင် သူတို့နဲ့အတူ သွားပြီး လမ်းကြုံရင် ကျွန်မအတွက် တစ်ခုခု ဝယ်ခဲ့ပေးပါ….။
လုံယုသည် ပလတ်စတစ်အိတ်ကို ယူလိုက်ပြီး ပိုက်ဆံအပြည့်ပါနေသည်ကို တွေ့သောအခါ အံ့အား သင့်သွားခဲ့သည်။ သူသည် ယောင်ရန်ကို ကြည့်ပြီး အံ့ဩစွာမေးလိုက်သည်။
မင်း ဒါတွေ အကုန်သုံးချင်တာလား….။
ယောင်ရန်သည် ခေါင်းညိတ်ပြီး ပြောပြလိုက်သည်။
လက်ရှိ အခြေအနေအရ ပိုက်ဆံက မကြာခင်မှာ စက္ကူစုတ်သာသာ ဖြစ်သွားနိုင်တယ်။ ဖြစ်နိုင်တုန်းမှာ အဲဒါတွေကို ပစ္စည်းတွေအဖြစ် ပြောင်းလဲတာ အကောင်းဆုံးပဲ….။
မနက်က ပြန်လာစဉ်က ယောင်ရန်သည် စူပါမားကတ်နားမှ တမင်တကာ မောင်းလာခဲ့သည်။ သည်းထန် စွာရွာသွန်းသော မိုးကြောင့် စူပါမားကတ်များနှင့် လက်ကားဈေးများ ရေလွှမ်းမိုးခဲ့ပြီး မြို့တော်၏ အမျိုးသား စပါးအရန်များပါ ရေလွှမ်းမိုးခံရနိုင်ချေ အလွန်မြင့်မားလေသည်။
ယခုအချိန်တွင် အစားအသောက်အားလုံးနီးပါးသည် ရေအောက်တွင် ရှိနေသည်။ စစ်တပ်နှင့် အစိုးရက ကယ်ဆယ်ရန် ဆန္ဒရှိလျှင်ပင် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ မရှိလျှင် ဘာကိုမှ လုပ်နိုင်မည် မဟုတ်ပေ။
ယောင်ရန်သည် သူမ၏ ယခင်ဘဝတွင် စူပါမားကတ်အများစုကို အစိုးရမှ သိမ်းယူခဲ့သည်ကို ရှင်းလင်း စွာ မှတ်မိနေသည်။ ၎င်းကို စောစောဖွင့်ပြီး ဝယ်ယူမှုများ ကန့်သတ်ထားသောကြောင့် ငွေသားရှိသူများ သာ ဝယ်ယူနိုင်မည်ဖြစ်သည်။
အီလက်ထရွန်းနစ် ငွေပေးချေမှုခေတ်တွင် ငွေသားကို မည်သူက သုံးစွဲနေသေးသနည်း။ မုန်တိုင်းမချဉ်း ကပ်မီ ငွေသား ထုတ်ယူသူ ဘယ်နှစ်ယောက် ရှိနိုင်မည်နည်း။
ထို့ကြောင့် ငွေကြေးမရှိသော်လည်း ရှင်သန်လိုသူများအတွက် အကြမ်းဖက်ခြင်းနည်းလမ်းကိုသာ အသုံးပြုနိုင်ကြတော့သည်။
အခန်း (၅၀)
စူပါမားကတ်သို့ သွားခြင်း (၂)
ရဲများတွင် လက်နက်အပြည့်အစုံ ရှိသော်လည်း ဆာလောင်နေသည့် အရပ်သားများကို ဘယ်သူကများ ပစ်ရဲမည်နည်း။ ရဲများတွင်လည်း ကျည်ဆန် အနည်းငယ်လေးပဲ ရှိ၏။ မည်သူ့ကို ပစ်ရမည်နည်း။
နေရာတိုင်းတွင် လူများ ပြည့်နှက်နေပြီး ထိုသူများလည်း ရာဇဝတ်မှုကို မကျူးလွန်ချင်ကြကေ။ သို့ပေမဲ့ ဘဏ်များ သို့မဟုတ် ငွေပေးချေမှု အက်ပ်တွေမှာ ဒစ်ဂျစ်တယ်နည်းနဲ့သာ ရယူနိုင်တဲ့ ငွေတွေ အများကြီး ရှိနေသောကြောင့် သူတို့သည် တခြားသူများကို လုယက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
သူမ၏ အရင်ဘဝတုန်းက ယောင်ရန်သည် နေ့လယ်ဘက်မှ သတင်းရခဲ့ပြီး ပလတ်စတစ် ပုံးအကြီးကြီး ကိုသုံး၍ စူပါမားကတ်ဆီ လှေလှော်သွားခဲ့သည်။ သို့ပေမဲ့ အရာအားလုံး လုယက်ခံထားရပြီး ကြမ်းပြင်နဲ့ နံရံများမှာ စွန်းထင်းနေသောသွေးများကိုသာ တွေ့ခဲ့ရ၏။ သွေးစွန်းရာများကိုကြည့်၍ အခြေအနေသည် အဘယ်မျှ ဆိုးရွားခဲ့သည်ကို သူမ သိနိုင်ပေသည်။
အတွေးများမှ နိုးထလာသောအခါ ယောင်ရန်သည် လုံယုက သူမကို စဉ်းစားဟန်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ ခဏမျှစဉ်းစားပြီး ပြောလိုက်သည်။
ပစ္စည်းတွေကို ကျွန်မတို့ တဝက်စီ ခွဲယူနိုင်ပါတယ်။ ကျွန်မက ငွေပေးမယ် ရှင်က အလုပ်လုပ်ပေါ့…။
လုံယု သူမကို နောက်ထပ် ခဏကြာစိုက်ကြည့်ပြီး ပြောလိုက်လေသည်။
ပစ္စည်းတွေ ခွဲစရာ မလိုပါဘူး။ ငါလည်း အပြင်ထွက်ပြီး အခြေအနေကို ကြည့်ချင်တယ်။ မင်းပေးတဲ့ ပိုက်ဆံနဲ့ မင်းအတွက် ဘာတွေ ဝယ်လို့ရမလဲဆိုတာ ငါ ကြည့်လိုက်မယ်…။
သူတို့ စကားပြောပြီးနောက် ခဏအကြာတွင် ယောင်ရန် အခန်းသို့ပြန်သွားပြီး လုံယုကတော့ သူမ၏ ပိုက်ဆံကိုယူ၍ မိုးကာဝတ်စုံ ဝတ်ဆင်လိုက်လေသည်။
သူ အခန်း (၂၀၀၁) တံခါးကို ခေါက်သောအခါ ကျားရှန်းက တံခါးဖွင့်ပေးပြီး သူက မိုးကာဝတ်စုံ ဝတ် ထားကာ ကျောပိုးအိတ် လွယ်ထားသည်ကို တွေ့လိုက်ရသည်။
ခေါင်းဆောင်၊ အပြင်ထွက်မလို့လား…။
လုံယုက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ကျန်တဲ့သူတွေကို သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ယူခိုင်းလိုက်။ နောက်မကျခင် စူပါမားကတ်ကိုသွားပြီး ပစ္စည်းတွေ ဝယ်ဖို့လိုတယ်….။
ကျားရှန်း ထိုစကားကို ကြားသောအခါ ရုတ်တရက် သတိရှိလာပြီး မေးလိုက်သည်။
ခေါင်းဆောင်၊ လျှို့ဝှက်သတင်း ဘာများ သိထားလို့လဲ…။
လုံယု ခေါင်းခါရင်း ပြောလိုက်လေသည်။
ငါ မသိဘူး။ ဒါပေမဲ့ ဒီမှာ ဒီတိုင်းထိုင်စောင့်နေလို့တော့ မဖြစ်ဘူး….။
သူမ တွေဝေနေသေးသည်ကို မြင်သောအခါ လုံယုက တိုက်တွန်းလိုက်သည်။
မြန်မြန်လုပ်။ အရမ်း နောက်ကျသွားရင် ကွတ်ကီးတစ်ချပ်တောင် ဝယ်လို့ရနိုင်မှာ မဟုတ်ဘူး…။
ကျားရှန်း၏ မျက်လုံးများတွင် နားလည်မှုအရိပ်အယောင်တစ်ခု လျင်မြန်စွာ လင်းလက်သွားပြီး အလျင် အမြန် ပြောလိုက်သည်။
ဟုတ်ကဲ့၊ ခေါင်းဆောင်….။
မကြာမီပင် သူမသည် ဟွမ်ချန်နှင့် ရှီရွှမ်းတို့နှင့်အတူ အပြင်ထွက်လာခဲ့သည်။ ထိုသုံးယောက် ကျောပိုး အိတ်များနှင့် လက်နက်များ သယ်ဆောင်လာသည်ကို မြင်သောအခါ လုံယုက ထွက်ခွါရန် ပြောလိုက် သည်။
သွားကြမယ်…။
သူမ၏ တိုက်ခန်းထဲတွင် ယောင်ရန်သည် ဝရံတာမှ အပြင်ကို ကြည့်လိုက်သောအခါ လုံယုနှင့် အခြား သူများ မော်တော်ဘုတ်ဖြင့် ထွက်ခွာသွားသည်ကို တွေ့ရသည်။ သူမသည် ယခုအခါ သူတို့နှင့်အတူအတူ နေရတော့မည်ဟု စဉ်းစားမိ၍သာ သတိပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တခြားလူများတွင် ပစ္စည်းများ အလုံအလောက် ရှိနေသရွေ့ သူမကို လုယက်ဖို့ စဉ်းစားတော့ မည် မဟုတ်ချေ။ ပစ္စည်းများ ရသွားလျင်လည်း သူမကို ကျေးဇူးတင်ကြပေလိမ့်မည်။ သူငယ်ချင်း တစ်ယောက် ပိုလာခြင်းသည် ရန်သူတစ်ယောက် လျော့သွားခြင်းပင်ဖြစ်သည်။
လုံယုနှင့် အခြားသူများ သူမ၏ အမြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ယောင်ရန် နားမနေဘဲ နေရာ လွတ်ထဲရှိ ပစ္စည်းများကို စတင် စီစစ်ခဲ့သည်။ နေရာလွတ်သည် သူမ စတင်ရရှိချိန်ကထက် ရှစ်ဆ ပိုကြီး လာပြီး ယောင်ရန်တွင် ပစ္စည်းများကို စီစစ်သိုလှောင်ရန် နေရာလုံလောက်စွာ ရှိနေသည်။
စူပါမားကတ်မှ သူမ ရရှိခဲ့သော ပစ္စည်းပုံကြီးကို ကြည့်ရင်း ယောင်ရန် သက်ပြင်းချပြီး ဖြည်းဖြည်းချင်း စီစစ်ဖို့ စတင်လိုက်သည်။ သူမသည် ရေနစ်မြုပ်ခဲ့သော ပစ္စည်းများကို အရင်ဆုံး စစ်ဆေးရန် ဆုံးဖြတ် လိုက်သည်။
ပစ္စည်းများ ကောင်းနေသေးပါက သူမ အထုပ်များကို ဆေးကြောပြီး ကျန်ပစ္စည်းများနှင့်အတူ သိုလှောင် ထားနိုင်သည်။ ပစ္စည်းများ ပျက်စီးနေပါက အပုံလိုက် စုပုံထားပြီး နောက်မှ အပြင်ထွက်တဲ့အခါ လွှင့်ပစ် မည်။
ယောင်ရန်သည် အထုပ်ကို မဖွင့်ခင် ရေစိုပြီးနောက် စားသုံးနိုင်သေးသည့် အစားအစာများကို စစ်ကြည့် သည်။ ထို့နောက် တာပေါ်လင် အစကြီးများစွာကိုယူပြီး မြက်ခင်းပေါ်တွင် ဖြန့်ခင်းသည်။ ထို့နောက် ဆန်၊ ပြောင်း၊ နှံစားပြောင်းနှင့် အခြားသော သီးနှံနှင့် ပဲအမျိုးမျိုးတို့ကို နေလှန်းရန် တာပေါ်လင်များပေါ်တွင် ဖြန့်ခင်းလိုက်သည်။
ဤစိုစွတ်နေသော ပစ္စည်းများက အရသာ မကောင်းတော့ပေ။ ယောင်ရန် စားမည် မဟုတ်ပေ။ သို့သော် ကမ္ဘာပျက်ချိန်တွင် လူများ စားစရာ ဘာမျှမရှိတော့သည့်အခါ ဤရေစိုနေသော ပဲနှင့် သီးနှံများသည်ပင် အလွန်တန်ဖိုးရှိနေဦးမည်ဖြစ်သည်။
တစ်ခါက သူမသည် အဘိုးအိုတစ်ဦးက ရေထဲမှ ဆယ်ထားသော ဆန်ကွဲတစ်ပေါင်နှင့် ရှေးဟောင်း ပစ္စည်းတစ်ပုံးကို လဲလှယ်သည်ကို မျက်မြင်တွေ့ခဲ့ရဖူးသည်။ ဤသီးနှံနှင့် ပဲများကိုသုံး၍ ရှေးဟောင်း ပစ္စည်းများ ဝယ်နိုင်မည်ဆိုပါက ကြီးမားသော အကျိုးအမြတ်ရလိမ့်မည်ဟု ယောင်ရန် တွေးမိသည်။
လိုအပ်လာပါက သူမသည် အစားအစာများကို အခြား အသက်ရှင်ကျန်ရစ်သူများနှင့် လဲလှယ်နိုင်သည် သို့မဟုတ် အစိုးရကို ပြန်ရောင်းချနိုင်သည်။ အတိုချုပ်အားဖြင့် အသုံးပြုနိုင်သည့် မည်သည့်အရာကိုမှ သူမ စွန့်ပစ်မည် မဟုတ်ပေ။ အသုံးပြုနိုင်သရွေ့ သိမ်းထားမည်ပင်။
ပစ္စည်းများ စီစစ်ပြီးနောက် ယောင်ရန်သည် စိုက်ပျိုးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ပြီး နေရာလွတ်ထဲရှိ တိရစ္ဆာန်များကို အစာကျွေးသည်။ သူမ အလုပ်များနေစဉ် အချိန်များ လျင်မြန်စွာ ကုန်လွန်သွားသည်။ သူမ မသိလိုက်ခင်မှာပင် တစ်ညလုံး အလုပ်လုပ်ပြီးသွားပြီဖြစ်သည်။
ယောင်ရန် နေရာလွတ်ထဲရှိ သူမ၏ စိတ်ဝိညာဉ်ကို ရုပ်သိမ်းပြီး ကော်ဖီတစ်ခွက် ဖျော်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။ ပုံးထဲရှိ ရေများ ကုန်နေသည်ကို မြင်သောအခါ သူမသည် စိတ်စွမ်းအင်ကိုသုံး၍ နေရာလွတ်ထဲရှိ ရေကန်မှ ရေကို ပုံးထဲသို့ ပြောင်းရွှေ့လိုက်သည်။
အရင်က ရေကန်ရေကို မတော်တဆ သောက်မိပြီးနောက် ယောင်ရန်သည် ၎င်းသည် ပိုချိုပြီး ကုသနိုင် သည့် စွမ်းရည်များ ရှိကြောင်း သိရှိခဲ့သည်။ တစ်နေ့တွင် သူမ သစ်စွမ်းအင်ကို အလွန်အကျွံ အသုံး ပြုမိ ကာ ခေါင်းကိုက်ပြီး မေ့မြောလုနီးပါး ဖြစ်ခဲ့ဖူးလေ၏။
သို့သော် မေ့မြောမသွားမီ ရေကန်မှရေကို မတော်တဆ သောက်မိလိုက်သောအခါ ယောင်ရန်၏ စွမ်းရည်များရုတ်တရက် ပြန်လည်ကောင်းမွန်လာပြီး ခေါင်းကိုက်ခြင်းသည်လည်း ပျောက်သွားခဲ့သည်။
ထို့အပြင် ရေကန်မှရေကို လဝက်ခန့် သောက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် ပိုမို သန်မာလာပြီး စွမ်းရည်များလည်း လျင်မြန်စွာ တိုးတက်လာကြောင်း ခံစားခဲ့ရသည်။ ထိုအချိန်မှစ၍ ယောင်ရန်သည် ရေကန်မှရေကို ချက်ပြုတ်ရန်နှင့် သောက်သုံးရန်အတွက် အမြဲတမ်း ကျိုထားခဲ့မသည်။
ရေကန်မှရေဖြင့် ချက်ပြုတ်ထားသော အစားအစာသည် ပို၍အရသာရှိရုံသာမက ၎င်းဖြင့် ရေချိုးသော အခါ သူမ၏ ခန္ဓာကိုယ်ကို သန့်စင်စေသည်။
ရေကန်ရေသည် အညစ်အကြေးများကို ဖယ်ရှားပေးပြီး သူမ၏ သွေးကြောများကို ကျယ်ပြန့်စေကာ သန်မာစေသည်။ သန့်စင်ပြီးနောက် သူမ၏ စွမ်းရည်များကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်လာသည်။
ကော်ဖီဖျော်နေစဉ် သူမသည် အောက်ထပ်တွင် အလွန်ဆူညံနေသည်ကို သတိပြုမိလိုက်သည်။ ယောင်ရန်သည် ကော်ဖီပူတစ်ခွက်ဖြင့် ဝရံတာသို့ လာကာ မှန်ပြောင်းကို ထုတ်လိုက်သည်။
ဤရက်ပိုင်းအတွင်း မုန်တိုင်းရပ်သွားသော်လည်း မိုးက ပိုသည်းလာခဲ့သည်။
အန္တရာယ်များနှင့် ခြိမ်းခြောက်မှုများ လျော့နည်းလာသည်နှင့်အမျှ ရေကူးတတ်သော လူငယ်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ အချို့က ပလတ်စတစ်ပုံးကြီးထဲ ထိုင်လျက် လက်ဖြင့် လှော်ခတ်နေကြပြီး အချို့က အသက်ကယ်အင်္ကျီ ဝတ်ထားကာ သစ်သားပြားများကိုပင် လှေအဖြစ် အသုံးပြုနေကြသည်။