← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁)

မျောက်ကို ခြောက်လှန့်ရန် ကြက်ကို သတ်ခြင်း (၁)

လူတစ်ယောက်က ဒေါသတကြီးဖြင့် သူမကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

လိမ်မနေနဲ့…။ စားစရာ မရှိဘူးဆိုရင် မင်းတို့ ဘာလို့ လှေကားကို ပိတ်ထားတာလဲ…။

ခေါင်းဆောင်ဖြစ်ဟန်တူသူက ဓားကို ဝှေ့ယမ်းပြလိုက်ပြီး ခြိမ်းခြောက်ပြောဆိုလိုက်လေသည်။

ငါတို့အားလုံးက ငတ်သေတော့မယ်၊ ဒါပေမဲ့ မင်းတို့ကတော့ ကိုယ့်ဘာသာ တံခါးပိတ်ပြီး စားနေတယ်။ ငါတို့ အသက်ရှင်တာ၊ သေတာကို မင်းတို့က ဂရုမစိုက်ဘူး။ မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ…။

နောက်လူတစ်ယောက်ကလည်း ထပ်ဖြည့်ပြောလိုက်သည်။

သူတို့နဲ့ စကားများမနေနဲ့တော့….။ မပေးရင် လုရုံပဲ…၊ စားစရာတွေကို ယူလိုက်….။

ထိုသူက ယောင်ရန်နှင့် အဖွဲ့ကို စိုက်ကြည့်ရင်း ခြိမ်းခြောက်လိူက်လေသည်။

စားစရာတွေ အပ်လိုက်၊ မဟုတ်ရင် မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်…။

သူတို့ ပြောဆိုသည်များကို ကြားသောအခါ ယောင်ရန်သည် ရယ်မောလိုက်၏။ လုံယုက သူမအား ပြက်ရယ်ပြုသည်ဟု ထင်မှတ်ပြီး လှမ်းကြည့်လိုက်သော်လည်း သူမသည် ထိုလူများ၏ စကားကြောင့် တကယ်ပင် ရယ်မောနေသည်ကို တွေ့လိုက်ရသည်။ သူက စဉ်းစားဟန်ဖြင့် သူမကို စိုက်ကြည့်နေပြီး မည်သည့်စကားမျှတော့ မပြောတော့ပေ။

ယောင်ရန်သည် မျက်ရည်ကျလောက်အောင်အထိ ရယ်နေသည်ကို မြင်သောအခါ ခေါင်းဆောင်က ပို၍ပင် ဒေါသထွက်လာကာ အော်လိုက်လေသည်။

ဘာလို့ ရယ်နေတာလဲ…။

သူမ၏ မေးခွန်းကို ကြားသောအခါ ယောင်ရန်သည် လက်ဝှေ့ယမ်းကာ ရယ်မောမှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ နောက်ဆုံးတွင် ရယ်မောခြင်း ရပ်သွားသောအခါ ယောင်ရန် မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပြီး အကူအညီမဲ့စွာ လက်ကို ဖြန့်ပြလိုက်သည်။

ကျွန်မ ရယ်မိတာကို ခွင့်လွှတ်ပါ။ ရှင်တို့ ပြောနေတာတွေက အရမ်း ရယ်စရာ ကောင်းနေလို့ပါ။ ကျွန်မ တို့က ဘာလို့ ရှင်တို့ကို စားစရာ ပေးရမှာလဲ။ ရှင်တို့က ကျွန်မတို့နဲ့ ဘာတော်လို့လဲ…။

ထို့နောက် သူမသည် ခေါင်းဆောင်ကို လက်ညှိုးထိုးပြီး မေးလိုက်လေသည်။

ရှင်တို့ ဗိုက်ဆာနေချိန်မှာ ကျွန်မတို့ စားစရာ ရှိတာက ရှင်တို့နဲ့ ဘာဆိုင်လို့လဲ။ မမျှတဘူးလို့ ထင်ရင် ကိုယ့်ဘာသာ ထွက်ပြီး အစားအစာ ရှာကြပေါ့။ ကျွန်မတို့ တံခါးမှာ လာပြီး အော်ဟစ်နေလို့ ဘာအကျိုး ရှိမှာလဲ…။

အမှန်တကယ်တော့ ယောင်ရန်သည် ထမင်းတစ်နပ်ကို (၇၀) ရာခိုင်နှုန်းသာ ပြည့်အောင် စားပြီး သူမ၏ စွမ်းအင်များ အားလုံးကို လေ့ကျင့်မှုများ၊ စွမ်းရည်များကို မြှင့်တင်ရာတွင်သာ သုံးစွဲနေခြင်း ဖြစ်သည်။

ယောင်ရန်သည် လူများကို ရှောင်ရှားနေစရာ အကြောင်းမရှိသော်လည်း သူတို့ကို ကူညီပေးရလောက် မည့် အကြောင်းလည်း မရှိပေ။ သူတို့အားလုံး ဆာလောင်မှုကြောင့် ဖြူဖျော့ပြီး ပိန်ပါးနေကြသော်လည်း သူမကမူ ကျန်းမာနေဆဲပင်။ သူမ၏ ကျန်းမာရွှင်လန်းသော မျက်နှာ အသွင်အပြင်သည် လူအများကြား တွင် ထင်ရှားနေပြီး ထိုအကြောင်းကြောင့်သာ အိမ်တွင် အစားအစာ အများအပြား ရှိသည်ဟု ထိုသူတို့ ထင်နေကြသည်ကို သူမ သိပေသည်။

ဤလူများသည် ဆာလောင်လွန်း၍ လူသားတစ်ဦး၏ အခြေခံ စည်းမျဉ်းများကိုပင် မေ့လျော့နေကြပြီ ဖြစ်သည်။ ထိုသူတို့အား ဆင်ခြင်တုံတရားဖြင့် စကားပြောခြင်းသည် နံရံနှင့် စကားပြောနေသကဲ့သို့ပင် ဖြစ်နေပေမည်။

ယောင်ရန်သည် ထိုသူတို့နှင့် အဓိပ္ပာယ်မဲ့စကားများ ဆက်ပြောရန် ပျင်းရိလာပြီဖြစ်၍ ပေါ့ပါးစွာပင်ပြော လိုက်သည်။

ကောင်းပြီလေ။ ရှင်တို့ စွမ်းနိုင်ရင် ကျွန်မရဲ့ အစားအစာကို လာယူပါ။ ဘယ်သူ လုယူနိုင်မလဲ၊ အဲဒီသူ ပိုင်တာပေါ့…။

သူမ၏ ပေါ့ပေါ့ပါးပါး အသွင်အပြင်ကို မြင်သောအခါ ခေါင်းဆောင်က အံကြိတ်လိုက်ပြီး ပြောလိုက် သည်။

မင်းက တကယ့်ကို သတ္တိရှိတဲ့ မိန်းမပဲ….။ သေမှာ မကြောက်ဘူးလား…။

ယောင်ရန် ခေါင်းခါပြီး စိတ်ရင်းမှန်ဖြင့် ပြန်ဖြေလိုက်သည်မှာ

မကြောက်ပါဘူး…။

ခေါင်းဆောင်ဖြစ်သူအား

...

သူမ၏ အဖြေကြောင့် ခေါင်းဆောင်ဖြစ်သူ စကားပြောရန် ဆွံ့အသွားပြီးနောက် ယောင်ရန်သည် အောက်ထပ်ကို လှမ်းကြည့်လိုက်သည်။

တံခါးခေါက်သူ အနည်းငယ်သာ ရှိသော်လည်း မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသူများမှာ မရေမတွက် နိုင်အောင် ရှိနေခဲ့သည်။ ယနေ့ မျောက်ကို ခြောက်လှန့်ရန်အတွက် ကြက်ကို မသတ်လျှင် နောင်တွင် မျောက်များ ဆက်လက် ရောက်လာနေဦးမည် ဖြစ်သည်။

ယောင်ရန်သည် သူတို့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ခေါင်းဆောင်က ဒေါသတကြီးဖြင့် အော်လိုက်လေသည်။

သူတို့အားလုံးကို သတ်ပစ်…။

သူ အမိန့်ပေးလိုက်သည့် အချိန်တွင်ပင် လူများက သတ္တုတံခါးကို ကန်ဖွင့်၊ လက်နက်များကို မြှောက်ပြီး ရှေ့သို့ ပြေးလာခဲ့ကြလေသည်။

ယောင်ရန်သည် ကျိုးရွေလင်းကို ကြည့်ပြီး ပြောလိုက်သည်။

အစ်မကျိုး၊ ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ…။

နောက်တစ်စက္ကန့်တွင် သူမသည် ခါးမှ ဓားမြှောင်ကို ဆွဲထုတ်ပြီး ရှေ့သို့ ပြေးဝင်သွားသည်။ ခန္ဓာကိုယ်ကို နှိမ့်ချကာ လူသုံးယောက်၏ ဝမ်းဗိုက်များကို လျင်မြန်စွာ ခုတ်ထစ်လိုက်ပြီးနောက် သူတို့ကို ကန်ထုတ် လိုက်လေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်လူများအားလုံး ယောင်ရန်၏ လေ့ကျင့်ပါးဝနေသည့် လှုပ်ရှားမှု များကြောင့် ထိတ်လန့်သွားကြပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နောက်ဆုတ်လိုက်ကြသည်။

ခေါင်းဆောင်က အံကိုကြိတ်ပြီး အော်လိုက်လေသည်။

ဘာကို စောင့်နေကြတာလဲ….။ သူက မိန်းမတစ်ယောက်ပဲ၊ မင်းတို့ မနိုင်ကြဘူးလား…၊ အစာမစားချင် ကြဘူးလား….။ ဘယ်သူ အစားအစာ လုယူနိုင်လဲ၊ အဲဒီသူ ပိုင်ရမယ်…။

အိမ်တွင် စောင့်ဆိုင်းနေသော မိသားစုများကို တွေးမိကြသောအခါ လူများက သူတို့၏ လက်နက်များကို တင်းတင်းဆုပ်ကိုင်ကာ ယောင်ရန်ဆီသို့ ပြေးဝင်လာခဲ့ကြသည်။ သို့သော် လုံယုက သူတို့ကို စိတ်ကြိုက် လုပ်နိုင်ရန် လွှတ်ပေးထားမည်မဟုတ်ပေ။

သူတို့ အလွှာ(၂၀) ကို ခြေချရန် မလုပ်နိုင်ခင်မှာပင် လုံယုက သူတို့ထဲမှ တစ်ယောက်ကို ဖမ်းဆွဲကာ လက်မောင်းများကို လိမ်ချိုးလိုက်ပြီး လှေကားပေါ်မှ ကန်ချလိုက်သည်။

အား…။

ထိုလူ နာကျင်စွာ အော်ဟစ်ပြီး လှေကားပေါ်မှ လိမ့်ဆင်းသွားကာ အခြားလူအချို့နှင့် တိုက်မိသွားသည်။ ခဏတာအတွင်း အလွှာ(၂၀) တွင် အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီး ညဉ့်နက်ပိုင်း ပတ်ဝန်းကျင်သည် ထူးထူးခြားခြား ထိတ်လန့်စရာ ကောင်းစေခဲ့သည်။ အောက်ထပ်များတွင် နေထိုင်သူများမှာ နားများကို အုပ်၊ မျက်လုံးများကို မှိတ်ပြီး အပြင်ဘက်မှ ဆူညံသံများနှင့် အော်ဟစ်သံများကို လျစ်လျူရှုရန်အတွက် ကြိုးစားနေကြရုံသာ တတ်နိုင်ကြလေသည်။

ယောင်ရန်သည် ထိုလူများကို အရေးကြီးသော နေရာများကို ရှောင်ပြီး အကြိမ်များစွာ ခုတ်ထစ်လိုက် သည်။ သို့သော် သူမ၏ ဓားမြှောင်က အသားကို ဖြတ်သွားတိုင်း သွေးများ ပန်းထွက်လာပြီး လှေကားကို နီရဲသွားစေခဲ့သည်။

ယခုညတွင် တိုက်ခိုက်သူ ခြောက်ယောက် ရှိခဲ​့၏။ သုံးယောက်မှာ ယောင်ရန်၏ ခုတ်ထစ်ခြင်းကို ခံရ ပြီး သွေးများ အများအပြား ထွက်နေခဲ့သည်။ လုံယုက တစ်ယောက်၏ လက်မောင်းများကို ချိုးပစ်လိုက် ပြီး ကျန်နှစ်ယောက်ကိုလည်း အရေခွံခွာလိုက်သကဲ့သို့ ရိုက်နှက်ပစ်လိုက်လေသည်။

ကျိုးရွေလင်းကမူ မျက်နှာဖြူဖျော့လျက် သူ၏ သားလေးကို ဖက်ထားပြီး နောက်တွင်သာ ရပ်နေနိုင်ခဲ့ သည်။ ယောင်ရန်သည် သွေးစွန်းနေသော ဓားမြှောင်ကို ကိုင်လျက် လှေကားထိပ်တွင် ရပ်နေကာ ခေါင်းဆောင်ကို အောက်သို့ ငုံ့ကြည့်ပြီး ပြုံးပြလိုက်သည်။

စားစရာ လိုချင်လား၊ ဒါမှမဟုတ် အသက် ပေးမလား။ ခင်ဗျား စိတ်ကြိုက် ရွေးချယ်နိုင်တယ်…။

ခေါင်းဆောင်က သွေးထွက်နေသော ဝမ်းဗိုက်ကို ဖိကိုင်ပြီး ယောင်ရန်ကို စိုက်ကြည့်ရင်း အော်ဟစ်ပြော ဆိုလိုက်လေသည်။

ဒါ ဥပဒေမဲ့လုပ်ရပ်ပဲ…။ မင်း လူသတ်မှု ကျူးလွန်နေတာ….။

ဤစကားကို ကြားသောအခါ ယောင်ရန်သည် အားရပါးရ ရယ်မောလိုက်လေသည်။

လူသတ်မှု…ဟုတ်လား…။

ရှင်တို့ ခုနက ကျွန်မတို့ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ မဟုတ်ဘူးလား။ အခု ကျွန်မ အလှည့်ကျမှ ဘာလို့ ရုတ်တရက် ဥပဒေမဲ့ ဖြစ်သွားရတာလဲ…။

ခေါင်းဆောင်သည် ယောင်ရန်၏ ပြုံးနေသော မျက်နှာကို မြင်သောအခါ မနေနိုင်ဘဲ တုန်ယင်သွားခဲ့ သည်။ သူမ၏ ချိုသာပုံရသော မျက်နှာလေးတွင် သွေးများ စွန်းထင်းနေပြီး အေးစက်သော မျက်လုံး တစ်စုံက သူ့ကို စိုက်ကြည့်နေသောကြောင့် ခေါင်းဆောင်သည် ကြောက်လန့်တကြား တုန်နေခဲ့သည်။

သူ တကယ်ပင် မှားသွားခဲ့ပြီ။ ဤအမျိုးသမီးသည် ပြုံးနေရင်းနှင့်ပင် လူသတ်နိုင်သူ ဖြစ်သည်။ သူတို့က ဘယ်လိုလုပ် အားနည်းသောသူဟု ဆိုနိုင်မည်နည်း။ သူမသည် ရှင်းရှင်းလင်းလင်း နတ်ဆိုးဝင်စားသူပင်။

ခေါင်းဆောင်သည် ယခုည လာရန် ဆုံးဖြတ်ခဲ့ခြင်းကို တကယ်ပင် နောင်တရနေသော်လည်း နောင်တရ လည်း ပျောက်ကင်းအောင် ကု၍ မရနိုင်တော့ပေ။ သူ စကားမပြောသည်ကို မြင်သောအခါ ယောင်ရန် လှေကားမှ ဆင်းသွားပြီး သူတို့၏ မျက်နှာဖုံးများကို တစ်ယောက်ချင်းစီ ချွတ်လိုက်သည်။

သူတို့၏ မျက်နှာများကို ကြည့်ပြီး ယောင်ရန် မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။

အော်၊ စွန်းကျိုးဖိန် ဖြစ်နေတာကိုး။ ဒါကြောင့် သူတို့ ရှင့်စကား နားထောင်ကြတာပေါ့။ ဘယ်လိုဖြစ် တာလဲ။ ရပ်ရွာမန်နေဂျာအလုပ်က ထွက်ပြီး ဓားပြခေါင်းဆောင် လုပ်နေတာလား…။

အခန်း (၄၂)

မျောက်ကို ခြောက်လှန့်ရန် ကြက်ကို သတ်ခြင်း (၂)

စွန်းကျိုးဖိန် ရှက်ရွံ့စွာ ခေါင်းငုံ့ပြီး အံကိုကြိတ်ပြီး၊

မင်း ဘာလုပ်ချင်တာလဲ…။

ယောင်ရန် သူ့ကို ပြန်မဖြေဘဲ သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်သည်။ ကင်မရာ ဖွင့်ပြီး သူတို့ အားလုံးကို တစ်ယောက်ချင်း ဓာတ်ပုံရိုက်ယူလိုက်လေသည်။

ရိုက်ပြီးသောအခါ ဓာတ်ပုံများကို စွန်းကျိုးဖိန်ကို ပြပြီး ပြောလိုက်လေသည်။

နင်တို့ အားလုံးက ရပ်ရွာရုံးမှာ အလုပ်လုပ်နေကြတဲ့လူတွေ မဟုတ်လား။ ပုံမှန်ဆိုရင် ကိုယ့်ရဲ့ စိတ် ကောင်းစေတနာကောင်းတွေကို ပြသချင်ကြတယ်။ အခုတော့ မျက်နှာဖုံးစွပ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေကြပြီ….။

သူမ သက်ပြင်းချပြီး ထပ်ပြောလိုက်လေသည်။

ဒီပုံတွေကို ရဲကို ပြလိုက်ရင် သူတို့က ဘယ်သူ့ကို ဘာလုပ်မလဲ မသိနိုင်ဘူးနော်….။

သူမ ပြောလိုက်သည်နှင့် ကျန်လူများမှာ ကိုယ်နာကျင်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလျင် အမြန် တောင်းပန်ကြတော့လေသည်။

မစ္စယောင်၊ ကျွန်တော့်ကို သနားပါဦး…..၊ နောက်ဆို အတင့်မရဲတော့ပါဘူး….။

ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျွန်တော်တို့ကို လုယက်ဖို့ တိုက်တွန်းခဲ့တာ စွန်းကျိုးဖိန်ပါ….။

ဟုတ်တယ်၊ ကျွန်တော်တို့ ဗိုက်ဆာလွန်းလို့ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်ခဲ့တာပါ! ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ….။

ဟုတ်ပါတယ်…။ ခင်ဗျားမှာ စားစရာတွေ အများကြီး ရှိတယ်၊ တစ်ယောက်တည်း နေတာလို့ ပြောခဲ့တာ သူပဲ။ ကျွန်တော်တို့ရဲ့ ပျင်းရိမှုကို ပြေပျောက်ဖို့ ခင်ဗျားကို ရက်အနည်းငယ် ထိန်းထားလို့ရတယ် လို့ လည်း သူ ပြောခဲ့တာပါ….။

ဤနောက်ဆုံးစကားကို ကြားလိုက်သောအခါ လုံယု မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူက ယောင်ရန်ကို ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်ပြီး ဤညစ်ညမ်းသော စကားလုံးများကို ဂရုမစိုက်ဟန် ရှိပေသည်။

ယောင်ရန်သည် သူတို့၏ အနှစ်သာရမဲ့ ကတိများနှင့် ဆင်ခြေများကို နားထောင်ရန် ပျင်းရိနေခဲ့သည်။ စွန်းကျိုးဖိန်၏ မျက်လုံးများတွင် ကြမ်းတမ်းမှု အရိပ်အယောင် စက္ကန့်ပိုင်းမျှ လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ သူမက ပြောလိုက်သည်။

ရဲကို ခေါ်လို့ရပါတယ်။ သူတို့ ဘယ်သူ့ကို အရင် ဖမ်းမလဲဆိုတာ ကြည့်ကြတာပေါ့….။

အလွှာ (၂၀) မှနေသူများကို မနိုင်တော့သည်ကို သိသောကြောင့် စွန်းကျိုးဖိန်တွင် လက်နက်ချ အရှုံးပေး ရုံအပြင် အခြားရွေးချယ်စရာ မရှိတော့ပေ။

ကျွန်တော်တို့ ရွေးချယ်စရာ မရှိလို့ပါ။ မစ္စယောင်၊ ဒီလိုလုပ်ဖို့ အတင်းအကျပ် စေခိုင်းခံရတာပါ။ ခင်ဗျား ဘာမှ မဆုံးရှုံးခဲ့ပါဘူး။ ကျွန်တော်တို့ကို လွှတ်ပေးလို့ မရဘူးလား…။

သူမက သူ့ကို မျက်လုံးလှန်ကြည့်ပြီး မေးလိုက်လေသည်။

ရှင် ပြောချင်တာက ကျွန်မတို့ ဘာမှ မဆုံးရှုံးသရွေ့ ရှင်တို့ မမှားဘူးပေါ့၊ ဟုတ်လား…။

ယောင်ရန် မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တောင်းပန်နေသော လူများကို ကြည့်လိုက်ပြီးနောက် လုံယု ဘက် လှည့်ကာ မေးလိုက်လေသည်။

ရှင် ဘယ်လိုထင်လဲ။ သူတို့ကို ဘာလုပ်သင့်လဲ…။

လုံယု အောက်ထပ်ကို ခဏကြည့်ပြီး ပြန်ဖြေလိုက်လေသည်။

မင်း ဆုံးဖြတ်နိုင်ပါတယ်…။

လုံယုသည် သူမနည်းတူ စဉ်းစားသည်ကို သိလိုက်ရသောအခါ ယောင်ရန်သည် ကျိုးရွေလင်းကို ကြည့် ပြီး မေးလိုက်လေသည်။

အစ်မကျိုး၊ အစ်မကော…။

ကျိုးရွေလင်းက၊

အစ်မကတော့ ယောင်ရန်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ…။

ဆုံးဖြတ်ပိုင်ခွင့်ကို သူမအား ပေးခဲ့ကြသောကြောင့် ယောင်ရန် စွန်းကျိုးဖိန်ဘက်သို့ လှည့်ကာ ခပ်ပြတ် ပြတ် ပြောလိုက်လေသည်။

နင်တို့ ကံကောင်းတယ်၊ ဒီနေ့ ငါ စိတ်ကောင်းဝင်နေလို့။ ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုရင်တော့ အသက် ချမ်းသာမပေးနိုင်ဘူး။ ထွက်သွားကြ…။

အလွှာ (၂၀) မှာ ဆူညံသံတွေ အများကြီး ရှိခဲ့သော်လည်း ဘယ်သူမှ တံခါးဖွင့်ပြီး လာကြည့်ဖို့ မဝံ့ရဲကြ ပေ။ ယောင်ရန် ဓားမြှောင်ပေါ်က သွေးတွေကို ခါထုတ်လိုက်ပြီး လှေကားပေါ် တက်သွားခဲ့သည်။ သူတို့ ကြမ်းပြင်ပေါ်က သွေးများကို မရှင်းလင်းတော့ဘဲ သတ္တုတံခါးနှစ်ချပ်ကို သော့ခတ်လိုက်ကြ၏။

ယောင်ရန်နှင့် လုံယုတို့ ထိုလူများကို တိုက်ခိုက်နေသည်ကို ကြည့်ပြီးနောက် ကျိုးရွေလင်းသည် အိမ်နီး ချင်းများကို သိကျွမ်းချင်စိတ် ဖြစ်ပေါ်လာခဲ့လေသည်။

သူမက သူတို့နှစ်ဦးကို ပြုံးပြုံးရွှင်ရွှင် ကြည့်ပြီး မေးလိုက်သည်။

မင်းတို့နှစ်ယောက် တကယ် တိုက်ခိုက်တာ ကောင်းတာပဲ မင်းတို့ အရင်က ရဲအရာရှိတွေလား…။

ယောင်ရန် ပြုံးပြီး ရွှင်ပြစွာ ပြန်ဖြေလိုက်သည်မှာ

အစ်မကျိုး ခန့်မှန်းကြည့်ပါလား….။

ကျိုးရွေလင်းသည် ပထမတော့ သိချင်ခဲ့သော်လည်း ယောင်ရန်က မပြောပြချင်ဘူးဆိုသည်ကို သိလိုက် ရသောအခါဆက်ပြီး မမေးတော့ပေ။

သူမ၏ ဖျားနေသော သားလေးကို ပွေ့ဖက်ပြီး နှုတ်ဆက်လိုက်လေသည်။

ဒီညအတွက် မစ္စယောင်နဲ့ လူငယ်မောင်လုံကို ကျေးဇူးတင်ပါတယ်။ ရွှီရွှီလေးက ဖျားနေတုန်းဆိုတော့ အစ်မ အရင် ပြန်လိုက်ပါဦးမယ်နော်…။

ကျိုးရွေလင်း ရွှီရွှီ နှင့်အတူ အိမ်ပြန်သွားပြီးနောက် ယောင်ရန်က လုံယုကို လက်ဝှေ့ယမ်းပြကာ အခန်း ထဲသို့ပြန်ဝင်သွားခဲ့လေသည်။ ရေချိုး၊ အဝတ်လဲပြီး ဓားမြှောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် သူမ အိပ်ရာဝင်ခဲ့လိုက်သည်။

ထိုညက သတိပေးခြင်း၏ အကျိုးသက်ရောက်မှုမှာ အလွန် ပြင်းထန်သောကြောင့် ရက်ပေါင်းများစွာ ကြာအောင် မည်သူမျှ လှေကားတံခါးကို ခေါက်ဝံ့ခြင်း မရှိကြတော့ပေ။

မနက်စောစောတွင် ယောင်ရန် နိုးလာပြီး ပြတင်းလိုက်ကာများကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် မုန်တိုင်းက ဆက်လက် တိုက်ခတ်နေဆဲဖြစ်ပြီး တံခါးများနှင့် ပြတင်းပေါက်များကို မြည်ဟီး ရိုက်ခတ် နေသဖြင့် အဆောက်အအုံတစ်ခုလုံး တုန်ခါနေသလို ခံစားနေရသည်။

မုန်တိုင်းက စောစီးစွာ ရောက်လာပြီး ပျောက်ကွယ်သွားမည့် လက္ခဏာမရှိဘဲ (၁၅) ရက်ကြာ တိုက်ခတ် နေခဲ့သည်။ လူတို့၏ ကြောက်ရွံ့မှုများ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။ သဘာဝဘေးအန္တရာယ်များ ပိုမို ဆိုးရွားလာရုံသာမက ဘယ်တော့ ပြီးဆုံးမည်ဆိုသည်ကိုပါ မသိနိုင်တော့ပေ။

သို့သော်လည်း ဘဝက ဆက်သွားနေရမည်ဖြစ်ပြီး ယောင်ရန်သည် သူမ၏ စွမ်းရည်များကို မြှင့်တင်ရန် နှင့် ခန္ဓာကိုယ်ကို သန်မာစေရန်အတွက် နေ့စဉ် လေ့ကျင့်မှုများစွာ လုပ်ဆောင်နေခဲ့သည်။ နေရာလွတ်၊ စိုက်ပျိုးခန်းနှင့် လသာဆောင်တွင် စိုက်ပျိုးထားသော သီးနှံများအားလုံး စိမ်းစိုနေပြီး မြင်ရုံနှင့်ပင်သက် သောင့်သက်သာ ဖြစ်မှုကို ခံစားရစေခဲ့သည်။

လသာဆောင်တွင် ပေါက်နေသော ဟင်းသီးဟင်းရွက်များကို မြင်သောအခါ ယောင်ရန်သည် ကြက်မွှေး ဟင်းရွက် တစ်ဆုပ်ကို ခူး၊ ဆေးကြောပြီး ခေါက်ဆွဲပြုတ်ရာတွင် အသုံးပြုလိုက်သည်။ ကြွပ်ဆတ်ပြီး ချိုမြိန်သော ဟင်းသီးဟင်းရွက်များကို မြည်းစမ်းလိုက်ရသောအခါ ယောင်ရန်၏ မျက်လုံးများ လခြမ်းပုံ သဏ္ဌာန် ဖြစ်သွားခဲ့လေသည်။

အရာအားလုံး မှန်ကန်သော လမ်းကြောင်းပေါ် ရောက်နေပုံရသည်။ နေရာလွတ်ထဲမှ တိရစ္ဆာန်တွေနှင့် သီးနှံတွေကို ဂရုစိုက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ စားသောက်ခြင်း၊ အိပ်စက်ခြင်းများသည် ပြီးပြည့်စုံသော လုပ်ဆောင်မှုများ ဖြစ်နေပေသည်။

မကြာမီပင် ယောင်ရန်သည် အစောကြီး ထပြီး အပြင်ဘက် မိုးရွာနေသည်ကို ကြည့်ရှုသည့် အလေ့ အကျင့် ရလာခဲ့လေသည်။ မိုးကို အချိန်အကြာကြီး နားထောင် ကြည့်ရှုပြီးနောက် အနည်းငယ်မျှသော ပြောင်းလဲမှုများကိုပင် သူမ ခံစား၍ ရနိုင်ခဲ့သည်။

(၁၈) ရက်မြောက်နေ့တွင် လေတိုက်နှုန်းက အနည်းငယ် ကွာခြားနေပုံရသည်။

ယောင်ရန်သည် နေရာလွတ်ထဲတွင် ရေချိုးပြီးနောက် လသာဆောင်သို့ သွားလိုက်သည်။ အပြင်ဘက် တွင် မုန်တိုင်းက ဆက်လက် တိုက်ခတ်နေဆဲဖြစ်ပြီး လေတိုက်နှုန်း အနည်းငယ် လျော့သွားသော်လည်း မိုးက ပိုမို သဲလာခဲ့လေသည်။

ရေသည် ဒုတိယထပ်တစ်ခုလုံးကို လွှမ်းမိုးခဲ့ပြီး ယခု တတိယထပ်သို့ တက်လာနေသဖြင့် စင်္ကြံလမ်းများ တွင် ရှုပ်ထွေးပြီးပရမ်းပတာ ဖြစ်နေခဲ့သည်။

ယောင်ရန်သည် ယနေ့ မနက်စာအတွက် အသားပေါက်စီများကို စားခဲ့လေသည်။ သူမ တစ်ကိုက် ကိုက်လိုက်သောအခါ အသားနှင့် မှိုနံ့တို့သည် ပါးစပ်ထဲ ပျံ့နှံ့သွားပြီး အရသာခံအာရုံကို လှုံ့ဆော်ပေး သည်။ သူမသည် အဆာသွပ်ထားသော ပေါက်စီအမျိုးမျိုးကို များစွာ ပြုလုပ်ပြီး နေရာလွတ်တွင် သိုလှောင်ထားသဖြင့် အချိန်ကြာမြင့်စွာ စားသုံး၍ ရနိုင်ပေသည်။

အသားထုပ်ပေါက်စီများ စားနေရင်း ယောင်ရန်သည် နွေးထွေးသော ပဲနို့တစ်ခွက် ငှဲ့လိုက်လေသည်။ သူမ ဆိုဖာပေါ် ထိုင်ရင်း မနက်စာကို စားသောက်ရင်း ဆေးပညာဆိုင်ရာ စာအုပ်တစ်အုပ်ကို ဖတ် နေခဲ့လိုက်သည်။

All Chapters