အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း (၄၃)
ကယ်ဆယ်ရေးရောက်လာပြီ
မွန်းတည့်ခါနီးအချိန်တွင် ယောင်ရန်၏ အခန်းတံခါးကို တစ်စုံတစ်ယောက်က ခေါက်လာခဲ့လေသည်။ သူမလည်း လုပ်လက်စအလုပ်များကို ရပ်လိုက်ပြီး တံခါးသွားဖွင့်လိုက်သောအခါ ကျိုးရွေလင်းကို တွေ့လိုက်ရလေသည်။
အစ်မကျိုး၊ ဘာများ အခက်အခဲရှိလို့လဲ….။ ဟူ၍ သူမက မေးလိုက်လေသည်။
ကျိုးရွေလင်းက စိုးရိမ်ပူပန်နေသော မျက်နှာနှင့် အကူညီတောင်းခံလိုက်သည်၊
မစ္စယောင်၊ ရွှီရွှီကို ကျေးဇူးပြုပြီး ကြည့်ပေးပါဦး။ ကလေးက အဖျားပြန်တက်နေတယ်…။
ယောင်ရန်လည်း ခေါင်းငြိမ့်ပြပြီး ဆေးအိတ်ကို သွားယူပြီး ပြန်ထွက်လာခဲ့လေသည်။
သွားကြရအောင်…။
တံခါးကို သေချာသော့ခတ်ပြီး ကျိုးရွေလင်းနောက်မှနေ၍ သူမ၏အခန်းကို လိုက်သွားခဲ့လိုက်လေ သည်။ ယောင်ရန် က ရွှီရွှီကို စစ်ဆေးကြည့်သောအခါ ဖျားနေရုံမက အနီစက်တွေပါ ထွက်နေသည်ကို တွေ့လိုက်ရသည်။ အသက်ငါးနှစ်အရွယ် ကောင်လေးသည် သူ့ကုတင်သေးသေးလေးပေါ်မှာ လဲလျောင်းနေပြီး အင်မတန် အားနည်းနွမ်းနယ်နေရှာပေသည်။
ယောင်ရန်က သူ့ကို စောင်ပါးလေးဖြင့် ဂရုတစိုက် ဖုံးပေးပြီး ကျိုးရွေလင်းကို ကြည့်ပြီးမေးလိုက်သည်။
ရွှီရွှီက ကိုယ်ခံအားနည်းပြီး ဖျားတာ၊ အအေးမိတာ ဖြစ်နေတယ်။ အိမ်မှာ ဆေးဝါးတွေ အဆင်သင့် ရှိလား…။
ကျိုးရွေလင်းက ခေါင်းညိတ်ပြပြီး ဆေးသေတ္တာကို အလျင်အမြန် သွားယူပေးလေသည်။ ယောင်ရန်က သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ကလေးတွေအတွက် ဆေးဝါးများ လုံလုံလောက်လောက် ပါဝင် နေသည်ကို တွေ့ရသဖြင့် အံ့ဩမိပေသည်။
ယောင်ရန် စကားမပြောဘဲ ငြိမ်နေသည်ကို မြင်တော့ ကျိုးရွေလင်းက လက်နှစ်ဖက်ကို ဆုပ်နယ်ရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်၊
မစ္စယောင်၊ ဒီဆေးတွေ သုံးလို့ရပါ့မလားရှင်….။
ယောင်ရန်က ခေါင်းငြိမ့်ပြီး ကလေးအတွက် အအေးမိပျောက်ဆေးကို ထုတ်ယူကာ ရွှီရွှီကို တိုက်လိုက် လေသည်။
ရွှီရွှီ အဖျားကျသွားရင် သူ့ခန္ဓာကိုယ်ကို အားပြန်ပြည့်လာအောင် ဂရုစိုက်ရမယ်။ ခန္ဓာကိုယ်က ကိုယ်ခံ အား မရှိရင် ကျန်းမာရေး ပြန်ကောင်းဖို့ ခက်ခဲနိုင်တယ်….။
ယောင်ရန်၏ စကားကို ကြားလိုက်ရတော့ ကျိုးရွေလင်း၏ မျက်နှာသွင်ပြင် မှိုင်းညို့သွားလေသည်။ သူတို့၏ လက်ရှိအခြေအနေမှာ စားစရာလေး ရှိနေတာကိုတောင် ကံကောင်းလှနေပြီဖြစ်သည်။ သား ဖြစ်သူ၏ ကိုယ်ခန္ဓာကို အားဖြည့်ပေးဖို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဘယ်ကများ ရှာဖွေ ရတော့မည်ကိုမသိတော့ပေ။
ကျိုးရွေလင်း၏ စိတ်ဆင်းရဲနေသော မျက်နှာကို ကြည့်ရင်း ယောင်ရန်က မေးလိုက်သည်။
အစ်မကျိုး၊ အစ်မခင်ပွန်းဆီက ဘာမှ သတင်း မရသေးဘူးလား…။
ကျိုးရွေလင်း၏ မျက်လုံးများ နီရဲလာပြီး အကြည့်လွှဲသွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာတော့ သူမ ၏အသံက တုန်ယင်စွာဖြင့် ပြန်ဖြေလေသည်၊
ဘာသတင်းမှ မရသေးပါဘူးရှင့်….။
ယောင်ရန်က ဖျားနာနေတဲ့ ကလေးကို တစ်ချက်ကြည့်ပြီး ကျိုးရွေလင်းကို မေးလိုက်သည်။
အိမ်မှာ စားနပ်ရိက္ခာတွေ လုံလောက်ရဲ့လား…။
ကျိုးရွေလင်းက မျက်ရည်တွေကို သုတ်လိုက်ပြီး ယောင်ရန်ဘက် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
စိတ်မပူပါနဲ့။ ကျွန်မတို့ အိမ်မှာ စားစရာတွေတော့ ရှိပါသေးတယ်…။
သူမက ထိုကဲ့သို့ပြောလိုက်သောအခါ ယောင်ရန်လည်း ခေါင်းညိတ်ပြီး ဆေးအိတ်ကို ပြန်လည် သိမ်းဆည်း လိုက်လေသည်။ ထို့နောက် မတ်တပ်ရပ်ပြီး ကျိုးရွေလင်းကို ကြည့်လိုက်လေသည်။
အစ်မကျိုး၊ ကျွန်မ ပြန်လိုက်ပါဦးမယ်။ ကလေးက တစ်ခုခု ထူးခြားရင် ကျွန်မကို လှမ်းခေါ်လိုက် ပါနော်…။
သူမ ထွက်ခွာတော့မည့်အချိန်၌ ကျိုးရွေလင်းက အလျင်အမြန် တားလိုက်ပြီး၊
မစ္စယောင်၊ ခဏလေး စောင့်ပါဦး….။
ယောင်ရန်က လှည့်ကြည့်လိုက်သောအခါ ကျိုးရွေလင်းသည် အခြားအိပ်ခန်းတစ်ခန်းထဲကို ဝင်သွား ခဲ့လေသည်။ ခဏအကြာတွင် ပလတ်စတစ်အိတ်ငယ်တစ်ခုကို ကိုင်ပြီး ပြန်ထွက်လာခဲ့လေသည်။
သူမက ပလတ်စတစ်အိတ်ကို ယောင်ရန်ဆီ လှမ်းပေးရင်း ကျေးဇူးတင်သောအပြုံးဖြင့် ပြောရှာသည်။
မစ္စယောင်၊ ဒါလေး လက်ခံပေးပါ။ ရှင်က ကျွန်မသားကို နှစ်ကြိမ်တိုင်တိုင် ကုသပေးခဲ့တာ ငွေကျေး လည်း မပေးရသေးဘူး။ ဒီအချိန်တွေတစ်လျှောက်လုံး ကျွန်မတို့ကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါ တယ်ရှင်….။
ယောင်ရန်က ပလတ်စတစ်အိတ်ထဲကို ကြည့်လိုက်သောအခါ ခေါက်ဆွဲထုပ် အများအပြားကို တွေ့ရ လေသည်။ အရင်တုန်းက ထိုခေါက်ဆွဲထုပ်များက ဈေးပေါခဲ့သော်လည်း ကမ္ဘာပျက်နေသောကာလ မှာတော့ အသက်ကယ်နိုင်သော အဖိုးတန်ပစ္စည်းတွေ ဖြစ်နေပေပြီ။
ယောင်ရန်လည်း ခေါက်ဆွဲထုပ်တွေကို လက်ခံလိုက်လေသည်။ ကျိုးရွေလင်းကို ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
ရွှီရွှီရဲ့ အခြေအနေ ပိုဆိုးလာရင် ကျွန်မဆီ လာခဲ့ပါ…။
ကျိုးရွေလင်းက ထပ်မံ ကျေးဇူးတင်စကားပြောပြီး သူမကို အပြင်အထိ လိုက်ပို့ပေးခဲ့ပေသည်။ အိမ်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် သူမ၏ လသာဆောင်နှင့် စိုက်ပျိုးခန်းတွေရှိ ဟင်းသီးဟင်းရွက် နှင့် မှိုများကို ရိတ်သိမ်းခဲ့သည်။ သူမက သူမ၏ သစ်သားစွမ်းရည်နှင့် ရေစွမ်းရည်များကို နေ့စဉ် မပြတ် လေ့ကျင့် နေသောကြောင့် ဟင်းသီးဟင်းရွက်နဲ့ မှိုများက လျင်မြန်စွာ ကြီးထွားလာပြီး ရက်အနည်းငယ် အတွင်းမှာပင် ထပ်မံ ရိတ်သိမ်းရန်အတွက် အဆင်သင့် ဖြစ်နေနိုင်ပေသည်။
ဟင်းသီးဟင်းရွက်နှင့် မှိုများကို ရိတ်သိမ်းပြီးတဲ့နောက် ပြန်လည်စိုက်ပျိုးခဲ့သည်။ ထို့နောက် ဝိုင်များ စတင်ပြုလုပ်သည်။ ဆေးဝိုင်၊ ဆန်ဝိုင်၊ သစ်သီးဝိုင် စသဖြင့် သူမ စဉ်းစားနိုင်သော ဝိုင်အမျိုးမျိုးကို ထည့်သွင်းပြုလုပ်ခဲ့သည်။
ယောင်ရန်သည် ကိုယ်လက် သန့်စင်ဆေးကြောပြီး နေရာလွတ်ထဲကနေ ထွက်လာသောအခါ အပြင် ဘက်က လေမုန်တိုင်းက ပြန်လည် ပြောင်းလဲလာသည်ကို သတိထားမိလိုက်သည်။ ဤတစ်ကြိမ်မှာ သူမတစ်ယောက်တည်း မဟုတ်ဘဲ လူအများအပြားပါ သတိထားမိပြီး စိတ်လှုပ်ရှားလာကြသည်။
လူများသည် သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းမနိုင်တော့ဘဲ သဘာဝဘေးအန္တရာယ် ပြီးဆုံးတော့မည်ဟု ယူဆကာ သူတို့၏ ပြတင်းပေါက်များမှနေ၍ အော်ဟစ် အားပေးနေကြပေသည်။
ယောင်ရန်က သူတို့၏ အပြုံးတွေကို ကြည့်ပြီး တွေးနေမိလိုက်လေသည်။
ဒါက အစပဲ ရှိသေးတယ်။ နောင်မှာ သူတို့ထဲက ဘယ်နှစ်ယောက်များ ပြုံးနိုင်ပါဦးမလဲ…။
ယောင်ရန်သည် ဗိုက်ဆာလာသဖြင့် ဧည့်ခန်းကို ပြန်လာပြီး ထမင်းဘူးတစ်ဘူးကို ထုတ်လိုက်သည်။ ထမင်းဘူးထဲတွင် ထမင်း၊ ဝက်သားဆီပြန်၊ ဟင်းသီးဟင်းရွက်ကြော်နှင့် အာလူးကြော်တို့ ပါဝင်လေ သည်။ ထိုပမာဏက သူမအတွက် လုံလောက်ပြီး အရသာလည်း ရှိလှသည်။
သူမက အပြင်ဘက်မှ မှိုင်းညို့နေသော ကောင်းကင်ကို ကြည့်ရင်း စားပြီးသောနောက် ဗလာဖြစ်နေ သောထမင်းဘူးကို နေရာလွတ်ထဲကို ပြန်ထည့်လိုက်သည်။ အသစ်တွေ အများကြီးရှိနေသော်လည်း ထိုပစ္စည်းများကို ယခုချိန်မှာ ဝယ်ယူလို့မရတော့သည့်အတွက် ဆေးကြောပြီး ပြန်သုံးဖို့ ဆုံးဖြတ်လိုက် သည်။
စားပြီးသောအခါ ယောင်ရန် အိပ်ချင်လာခဲ့သည်။ နေ့ခင်းဘက် ခဏတာ အိပ်စက်နေစဉ် အပြင်ဘက်မှ အင်ဂျင်သံ ကျယ်လောင်စွာ မြည်လာဖြင့် အိပ်ရာကနေ နိုးလာခဲ့လေသည်။
သူမက ပြတင်းပေါက်ဆီ လျှောက်သွားပြီး၊ လိုက်ကာကို ဖွင့်ကာ မှန်ပြောင်းကို ထုတ်ယူလိုက်သည်။သူမ သည် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လိမ္မော်ရောင် လေထိုးရော်ဘာလှေ သုံးစင်း ချဉ်းကပ် လာ သည်ကို တွေ့ရသည်။ လှေတစ်စင်းစီမှာ လိမ္မော်ရောင် ဂျာကင်အင်္ကျီဝတ်ထားသော ကယ်ဆယ်ရေး သမားများ တစ်ဖွဲ့စီ ပါလာပေသည်။
လေမုန်တိုင်းက မထွက်ခွာသေးသော်လည်း တဖြည်းဖြည်း သိသိသာသာ အားနည်းနေပြီဖြစ်သည်။ ဂရုတစိုက် မောင်းနှင်ပြီး ရေဝဲတွေကို ရှောင်နိုင်ပါက လှေမောင်းနှင်ခြင်းက ပြဿနာမရှိနိုင်ပေ။
ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေသည်မှာ တစ်ဆယ့်ရှစ်ရက် ကြာပြီးသည့်နောက်၌ သူတို့ သည် နောက်ဆုံး ကယ်ဆယ်ရေးအဖွဲ့တွေကို တွေ့မြင်ခဲ့ရလေပြီ။
ကယ်ဆယ်ရေးလှေများနှင့် မီးသတ်သမားတွေကို မြင်လိုက်ရသောအခါ လူအများအပြားသည် သူတို့၏ လသာဆောင်များတွင် ဒူးထောက်ငိုကြသည်။ တချို့က ပျော်ရွှင်လွန်းသဖြင့် တစ်ချိန်တည်းမှာပင် ရယ်မောခြင်း ငိုယိုခြင်းတို့ ဖြစ်နေခဲ့ကြလေသည်။
ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီ….။ အစိုးရက ငါတို့ကို စွန့်ပစ်မထားခဲ့ဘူး….။
ငါတို့ အသက်ရှင်ပြီ….။
ယောင်ရန်က အောက်ဘက်က ကယ်ဆယ်ရေးလှေသုံးစင်းကို ကြည့်လိုက်သောအခါ မီးသတ်သမား တစ်ဦးက အသံချဲ့စက်ကို ထုတ်ယူပြီး ပြောနေသည်ကို တွေ့လိုက်ရလေသည်။
ကျေးဇူးပြုပြီး မထိတ်လန့်ကြပါနဲ့၊ ကျွန်တော်တို့ရဲ့ ညွှန်ကြားချက်တွေကို ဂရုတစိုက် နားထောင်ပေး ပါ။ ကျွန်တော်တို့ လူတိုင်းကို ကယ်ဆယ်ပါ့မယ်၊ အဆောက်အအုံတစ်ခုချင်းစီကို သွားပါ့မယ်။ မရှိ မဖြစ် ပစ္စည်းများကိုသာ ယူဆောင်လာပြီး ကျွန်တော်တို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေးပါ။ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးသူငယ်များကို ဦးစားပေးပြီး ရွှေ့ပြောင်းပေးပါ့မယ်….။
လူအင်အားနဲ့ အထောက်အပံ့ပစ္စည်းတွေ ချို့တဲ့မှုကြောင့် ရေလွှမ်းမိုးနေတဲ့ အောက်ထပ်တွေမှာ နေထိုင် သူတွေကို ဦးစားပေး ကယ်ဆယ်ပါ့မယ်…။
လူတိုင်း ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး အလျင်အမြန် အောက်ထပ်သို့ ပြေးဆင်းကြ လေသည်။ သူတို့က ကယ်ဆယ်ရေးသမားများကို လက်ဝှေ့ယမ်းပြီး ပြတင်းပေါက်တွေမှ ထိတ်လန့် တကြား မေးနေခဲ့ကြလေသည်။
ဆရာကြီး၊ ကျွန်တော်တို့ကော ဘယ်လိုလုပ်မလဲ…။ ကျွန်တော်တို့ ရေမလွှမ်းပေမယ့် ဘာမှ စားစရာမရှိ တော့ဘူး…။
အခန်း (၄၄)
ဆုံးဖြတ်ခြင်း
ထိုသူ၏ မေးခွန်းစကားကို ကြားသည်နှင့် ကျန်လူများကပါ ကယ်ဆယ်ရေးများကို ဝိုင်းအုံမေးမြန်းကြ တော့သည်။
ဟုတ်တယ်၊ ကျွန်မတို့မိသားစုဘာမှ မစားရသေးတာ သုံးရက်ရှိပြီ။ စားစရာလေး တစ်ခုခု ယူလာ ပေးလို့ မရနိုင်ဘူးလား…။
ဘာလို့ လက်ဗလာနဲ့ ရောက်လာရတာလဲ…။ ကျွန်တော်တို့အတွက် စားစရာ ဘာကြောင့် မပါလာရ တာလဲ….။
ကျွန်တော်တို့အားလုံး အခွန်ဆောင်တဲ့သူတွေပဲ။ အစိုးရက ကျွန်တော်တို့ကို ဂရုစိုက်သင့်တာ မဟုတ် ဘူးလား…။
ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ အခွန်မပါဘဲ ဘယ်လိုများ စားသောက်နေကြလဲ၊ ဒီလို အငတ်ထားပြီး သေခွင့်တော့ မပေးသင့်ဘူး….။
သူတို့၏ မေးခွန်းများ များလာလေ၊ မေးခွန်းတွေက ရှုပ်ထွေးပြီး အဓိပ္ပာယ်မဲ့လာလေဖြစ်သည်။ အစက ကျေးဇူးတင်ချီးမွမ်းသည့် စိတ်အခံမှ မကျေနပ်မှုများအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကြသည်။ လူ အများစုမှာ ကယ်ဆယ်ရေးသမားများက ကျေနပ်လောက်သော ရှင်းပြချက်မပေးမချင်း ဖက်တွယ် ထားပြီး လုံးဝ လွှတ်မပေးတော့ချေ။
ယောင်ရန်သည် သူမ၏ လသာဆောင်မှ ထိုမြင်ကွင်းကို ကြည့်နေစဉ် တစ်စုံတစ်ယောက်က အခန်း တံခါးကို ခေါက်လာခဲ့လေသည်။ တံခါးဖွင့်လိုက်သောအခါ လုံယုကို တွေ့ရလေသည်။
သူက သူမကို ကြည့်ပြီး မေးလိုက်သည်၊
အောက်က အခြေအနေကို ဆင်းပြီး စစ်ဆေးကြည့်ချင်လား…။
ယောင်ရန်သည် ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။
ကောင်းပြီလေ…။
သူတို့နှစ်ဦးသည် မထွက်ခွာမီ ကျိုးရွေလင်းအား အသိပေးခဲ့ကြသည်။ လှေကားမှ ဆင်းလာနေစဉ် လူအများအပြားက သူတို့ကို မြင်လိုက်ကြသော်လည်း မည်သူမျှ ချဉ်းကပ်ဝံ့ခြင်းမရှိဘဲ မုန်းတီးသည့် မျက်လုံးများဖြင့် ယောင်ရန်နှင့် လုံယုကို အဝေးမှသာ စိုက်ကြည့်နေခဲ့ကြသည်။
ယောင်ရန်နှင့် လုံယုတို့ ရောက်လာသည်ကို မြင်လိုက်သောအခါ အဆောက်အအုံ (၃) မှ ဆူညံစွာ အော်ဟစ်နေသော လူများသည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး ဘေးသို့ ရှောင်ပေးလိုက်ကြသည်။ ဤ နတ်ဆိုးနှစ်ယောက်နှင့် ဝေးဝေးနေခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူတို့ ကောင်းစွာ သိရှိကြ လေသည်။
ကယ်ဆယ်ရေးများသည် လူများ ရုတ်တရက် အငြင်းပွားခြင်း ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ယောင်ရန်နှင့် လုံယုတို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။
ကပ္ပတိန်သည် သက်ပြင်းချပြီး ပြောလိုက်သည်။
အားလုံး စိတ်အေးအေးထားကြပါ။ အစိုးရက လူတိုင်း သွားရောက်နိုင်မယ့် ကယ်ဆယ်ရေးစခန်း အချို့ ကို ပြင်ဆင်ထားပါတယ်…။
သူ၏စကားကို နားထောင်ပြီးနောက် တစ်စုံတစ်ယောက်က ပြန်မေးသည်။
လှေမပါဘဲ ကျွန်တော်တို့ ဘယ်လိုသွားရမှာလဲ၊ ကယ်ဆယ်ရေးစခန်းဆီ ရေကူးပြီး သွားခိုင်းမှာလား..။
ဤစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း ပြန်လည်၍ စတင် ဆူညံလာကြပြန်သည်။
ယောင်ရန်သည် သူတို့၏ အော်ဟစ်သံများကြောင့် စိတ်တိုလာပြီး မျက်မှောင်ကို အနည်းငယ်ကြုတ် လိုက်သည်။
ဆူညံနေတာပဲ…။
သူမ၏ အေးစက်စက် အသံကို ကြားလိုက်ရသောအခါ လူတိုင်း ချက်ချင်းပါးစပ်ပိတ်သွားပြီး လည်ပင်း နင်ကာ လူသေကောင်ကဲ့သို့ ငြိမ်သွားကြတော့သည်။
ပတ်ဝန်းကျင်သည် ပြန်လည် တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က ကပ္ပတိန်ကို ကြည့်၍ ပြောလိုက် သည်။
ကပ္ပတိန်၊ ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါ…။
ကပ္ပတိန်က ယောင်ရန်နှင့် လုံယုတို့ကို တစ်ချက်ကြည့်ပြီး
ကယ်ဆယ်ရေးစခန်းတွေကို လူတိုင်းအတွက် ဖွင့်ပေးထားပါတယ်။ အစိုးရက နေ့စဉ် စားရေရိက္ခာ ထောက်ပံ့ပေးပါတယ်၊ ဒါပေမယ့် ပစ္စည်းကန့်သတ်ချက်များ ရှိသလို အချိန်အကန့်အသတ်နဲ့ လုပ်ရ တာဖြစ်လို့ နေထိုင်ရတဲ့ အခြေအနေကတော့ နည်းနည်း ဆိုးရွားနိုင်ပါတယ်…။
ကယ်ဆယ်ရေးစခန်းတွေကို သွားချင်တယ်ဆိုရင် နာမည်စာရင်း ပေးသွင်းပြီး ကျွန်တော်တို့ လာခေါ်တာ ကို စောင့်နေရုံပါပဲ။ အခုချိန်မှာတော့ ရေလွှမ်းမိုးနေတဲ့ အောက်ထပ်တွေမှာ နေထိုင်သူတွေကို ဦးစား ပေးပါ့မယ်….။
ကပ္ပတိန်သည် ရှင်းပြပြီးနောက် လူတိုင်းကို ကြည့်ပြီး ပြောလိုက်လေသည်။
အခု၊ ခင်ဗျားတို့ ပစ္စည်းတွေကို ထုပ်ပိုးကြပါ။ တစ်ယောက်ကို အိတ်တစ်လုံးပဲ သယ်ခွင့်ပြုပါတယ်…။
အိတ်တစ်လုံးတည်းလား….။
ကပ္ပတိန်၏ ရှင်းပြချက်ကို ကြားသောအခါ အဖွားအိုတစ်ဦးက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ကျွန်မတို့ ပိုင်ဆိုင်မှုတွေကို ပစ်ထားခဲ့ရတော့မှာလား….။
သို့သော်လည်း သူတို့ ပြဿနာမရှာမီမှာပင် ယောင်ရန်က သူတို့ကို တစ်ချက်ကြည့်လိုက်ခြင်းဖြင့် သူတို့ ၏ စကားများကို အောင်မြင်စွာ ပိတ်ဆို့လိုက်သည်။ ထိုကဲ့သို့ သတင်းအချက်အလက်များ ရရှိပြီးနောက် ယောင်ရန် နှင့် လုံယုတို့ အလွှာ ( ၂၀ ) သို့ ပြန်တက်လာခဲ့ကြသည်။
အလွှာ (၂၀) သို့ ပြန်ရောက်သောအခါ ယောင်ရန်က (၂၀၀၁)၏ အခန်းတံခါးကို သွားခေါက်လိုက်သည်။ မကြာခင်မှာပင် ကျိုးရွေလင်းက တံခါးဖွင့်ပေးပြီး သူတို့နှစ်ဦးကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက် အတူတူရှိနေသည်မှာ ထူးဆန်းလွန်းလှသဖြင့် သူမက အံ့ဩစွာဖြင့် မေးလိုက်သည်။
တစ်ခုခု ထူးခြားတာ ရှိလို့လား…။
ယောင်ရန်က ခေါင်းခါပြီး ပြောလိုက်လေသည်။
ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီလေ….။
ကျိုးရွေလင်းက ခေါင်းညိတ်ပြီး ဖြေလိုက်လေသည်။
သိပါတယ်…။
အစ်မတို့ ဘယ်လို ဆုံးဖြတ်ထားလဲ…။ ဟု ယောင်ရန်က တည်ငြိမ်စွာ မေးလိုက်သည်။
အဆောက်အအုံထဲတွင် တစ်ဆယ့်ရှစ်ရက်ကြာ ပိတ်မိပြီးနောက် ကျိုးရွေလင်း၏ စားနပ်ရိက္ခာအများစု ကုန်ဆုံးနေပြီဖြစ်သည်။ ဆန်တစ်အိတ် ကျန်သေးသော်လည်း လျှပ်စစ်မီးနှင့် ဓာတ်ငွေ့မရှိတော့သဖြင့် အရက်ပြန်ခဲ အနည်းငယ်သာ ကျန်တော့သည်။
လောင်စာဆီချွေတာရန်အတွက် သူမသည် ထမင်းကို ရေနွေးဘူး ထဲတွင် အချိန်အကြာကြီး စိမ်ထားပြီး နောက် ရေနွေးပူလောင်းထည့်ကာ အထဲတွင် နူးအိအောင် အချိန်ယူ၍ ချက်ပြုတ် စားသောက်ရသည်။
ထို့အပြင် စိုထိုင်းသော ရာသီဥတုကြောင့်လည်း သူမ၏ အဝတ်အစားများ မခြောက်ဘဲ မီးယပ်ရောဂါနှင့် အနီစက်များပါ ဖြစ်ပေါ်နေခဲ့သည်။ ကျိုးရွေလင်းအနေဖြင့် ခံနိုင်ရည်ရှိသော်လည်း သူမ၏သားလေးက တော့ ခံနိုင်ရည်မရှိပေ။ သို့သော် ခင်ပွန်းဖြစ်သူ ပြန်လာမည့်အရေးကို စောင့်ရဦးမည်ဖြစ်ပြီး သားလေး ကလည်း ဖျားနာနေသေးသည်။ အချိန်အကြာကြီး စဉ်းစားပြီးနောက် ကျိုးရွေလင်းသည် ကယ်ဆယ်ရေး စခန်းသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ သားဖြစ်သူအတွက် စားစရာနှင့် ဆေးဝါး ရရန် နည်းလမ်းရှာဖွေရပေမည်။
စဉ်းစားပြီးနောက် ကျိုးရွေလင်းက မေးလိုက်သည်။
ကယ်ဆယ်ရေးစခန်းမှာ စားစရာနဲ့ ရေနွေးလောက်တော့ ရနိုင်မယ်လို့တော့ ထင်တာပဲ…။
ယောင်ရန်က ခေါင်းညိတ်ပြီး ပြန်ဖြေလေသည်။
ဟုတ်ပါတယ်။ ဒါပေမယ့် ပစ္စည်းကန့်သတ်ချက်တွေ ရှိသလို အသက်ရှင်ကျန်ရစ်သူ အရေအတွက်ကို လည်း တိတိကျကျ မသိရဘူး။ အစ်မတို့ကို ပေးမယ့် အစားအစာ ပမာဏက များများစားစား မရှိနိုင် ပေမယ့် အသက်ရှင်သန်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ကိုတော့ အစိုးရက ထောက်ပံ့ပေး ပါလိမ့် မယ်…။
ကျိုးရွေလင်းက လက်များကို ဆုပ်ကိုင်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
ကျွန်မ ခင်ပွန်းကို ရှာတွေ့မလားဆိုတာ သွားကြည့်မယ်…။
သူမ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်၍ ယောင်ရန်လည်း စည်းရုံးမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။
ကောင်းပါပြီ။ ကယ်ဆယ်ရေးအဖွဲ့က သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ဦးစားပေးမှာမို့ အစ်မ အရင် ဆုံး ဆင်းပြီး စာရင်းပေးသွင်းလိုက်ပါ။ ပြီးရင် ပစ္စည်းတွေ ထုပ်ပိုးပါ။ တစ်ယောက်ကို အိတ်တစ်လုံးပဲ သယ်ခွင့်ရှိလို့ အရေးကြီးဆုံး ပစ္စည်းတွေကိုပဲ ယူသွားပါ…။
ကျိုးရွေလင်းက ယောင်ရန်၏ ရှင်းပြချက်ကို ဂရုတစိုက် နားထောင်ပြီး ပြုံးလိုက်သည်။
ကျေးဇူးတင်ပါတယ် မစ္စယောင်နဲ့ သခင်လေးလုံ။ ရှင်တို့နှစ်ယောက်သာ မရှိရင် ကျွန်မတို့ သားအမိ မနေ့ညက အဲဒီလူတွေရဲ့ လက်ထဲမှာ သေရမှာ။ ကျွန်မ ခင်ပွန်းကို ရှာတွေ့ရင် သေချာပေါက် ပြန်လာပြီး ကျေးဇူးဆပ်ပါ့မယ်….။
ဤသို့ ကမ္ဘာပျက်နေသည့်ကာလတွင် နှုတ်ဆက်လိုက်ခြင်းသည် တစ်သက်တာ ခွဲခွာခြင်းကို ဆိုလိုနိုင်ပေ သည်။ ယောင်ရန်လည်း ကျိုးရွေလင်း၏ စကားကို ပြန်မတုံ့ပြန်တော့ဘဲ
လမ်းမှာ ဂရုစိုက်ပါ….။ ဟုသာ သတိပေးလိုက်လေေသည်။
ထိုသို့ ပြောပြီးနောက် သူမနှင့် လုံယုတို့ ထွက်ခွာလာခဲ့ကြသည်။ သတ္တုတံခါးကို ဖွင့်လိုက်သည်ကို မြင် သောအခါ လုံယုက သူမကို တားပြီး မေးလိုလေသည်။
ကယ်ဆယ်ရေးစခန်းကို သွားဖို့ စဉ်းစားနေတာလား…။
ယောင်ရန်က ခေါင်းခါပြီး ပြန်ဖြေလိုက်လေသည်။
မသွားပါဘူး။ ကျွန်မတို့ရဲ့ ဒီနေရာက ကျွင်းချန်မြို့မှာ အမြင့်ဆုံး ဧရိယာဖြစ်ပေမယ့် ဒုတိယထပ်အထိ ရေလွှမ်းနေတုန်းပဲ။ တခြား နိမ့်တဲ့နေရာတွေဆို ပိုဆိုးဦးမယ်။ ရေမျက်နှာပြင်ကို ကြည့်ရတာ အားက စားရုံနဲ့ စာကြည့်တိုက်တွေပါ ရေလွှမ်းနေပြီထင်တယ်….။