← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅)

နှုတ်ဆက်ခြင်း

ယောင်ရန် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေသည်။

အစိုးရက အထပ်မြင့်အဆောက်အအုံတွေနဲ့ ဟိုတယ်တွေကိုပဲ ကယ်ဆယ်ရေးစခန်းအဖြစ် သုံးနိုင် မယ်လို့ ကျွန်မ ခန့်မှန်းထားတယ်…။

လက်ရှိအခြေအနေမှာ ကယ်ဆယ်ရေးစခန်းအဖြစ် သုံးလို့ရနိုင်တဲ့နေရာက အရမ်းနည်းနေတယ်၊ ကယ်ဆယ်ဖို့နဲ့ နေရာရွှေ့ပြောင်းဖို့ကို လိုအပ်နေတဲ့သူတွေက အများကြီးပဲ။ အဲဒီနေရာတွေမှာ အစား အသောက်၊ သောက်ရေနဲ့ သန့်ရှင်းရေး အတွက်ပြဿနာတွေဟာလဲ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာ လိမ့်မယ်…။

လှေကားထစ်ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ရင်း သူမက ထပ်ပြောလိုက်သည်မှာ -

မုန်တိုင်းတော့ ရပ်သွားပြီ၊ ဒါပေမဲ့ မိုးက မရပ်သေးဘူး။ မိုးမရပ်သရွေ့ ရေတွေက တစ်စက္ကန့်ချင်းကို တက်လာနေမှာပဲ၊ ရေကြီးတာ လပေါင်းများစွာ ကြာနိုင်သေးတယ်….။

အဆောက်အအုံတွေလည်း ရေထဲမှာ ပိုပိုပြီး နစ်မြုပ်လာလိမ့်မယ်၊ လူတွေလည်း နေစရာပျောက်ကုန် ကြလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ကယ်ဆယ်ရေးစခန်းတွေက ပိုပြီးကျပ်တည်းလာလိမ့်မယ်။

အဲဒီအချိန်ကျရင် လူတွေဟာ နေစရာ နေရာအနည်းငယ်နဲ့ အစားအစာအတွက် အချင်းချင်း သတ်ဖြတ် လာကြတော့မှာ….။

ယောင်ရန်သည် မျက်လွှာချလိုက်ပြီး သူမ၏ ယခင်ဘဝမှာ ဖြစ်ခဲ့သည်များကို ပြန်တွေးနေမိလေသည်။ လန်ကွမ်းဟွေ့ က သူမကို ဂရုမစိုက်ခဲ့သောကြောင့် ကယ်ဆယ်ရေးစခန်းကို သွားရန်ကလွဲပြီး သူမ အတွက် ရွေးချယ်စရာ မရှိခဲ့ပေ။ ထို့ကြောင့် သူမအတွက် အလွန်ကို ခက်ခဲခဲ့ပေသည်။

လူထောင်ပေါင်းများစွာကို တစ်နေရာတည်းမှာ ကျပ်တည်းစွာ ထားထားသည်။ အစားသောက် စားခြင်း၊ အပေါ့အလေးသွားခြင်း၊ အိပ်စရာအပြင် မတ်တပ်ရပ်စရာနေရာပင် မရှိခဲ့ပေ။ အမှိုက်များနှင့် လူတွေ၏ အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်စရာနေရာမရှိသဖြင့် အနံ့အသက်များက သည်းမခံ နိုင်အောင် ဆိုးရွားခဲ့လေသည်။

မကြာခင်မှာပဲ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြီး၊ ခိုးမှု၊ လုယက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများက နေရာတိုင်းမှာ ဖြစ်ပွားခဲ့လေတော့သည်။

အစိုးရက ဘေးအန္တရာယ်ကယ်ဆယ်ရေးတွေ လုပ်ပေးရပြီး ထောက်ပံ့ရေးပစ္စည်းများ ရှာရန် လူများ စေလွှတ်ရသဖြင့် ထိုရာဇ၀တ်ကောင်များကို ကိုင်တွယ်ရန် အချိန်မရခဲ့​ပေ။ နောက်ဆုံး၌ ဘာကိုမှ ရှာမတွေ့သောအခါ ရေအောက်မှ စားစရာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကိုပင် ပြန်ဆယ်ယူခဲ့ရသည်။

သို့သော်လည်း အစားအစာများက ရေထဲမှာ အကြာကြီး စိမ်ထားခြင်းဖြစ်သောကြောင့် အများစုက ပုပ်သိုးကုန်ပြီပင်။ လူတွေကို (၃၀%) လောက် ဗိုက်ပြည့်အောင် ကျွေးနိုင်လျင်တောင် ကံကောင်းလှပြီ။ အများအားဖြင့် ရဲအရာရှိတွေ၊ ကယ်ဆယ်ရေးသမားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အသက်ရှင် ကျန်ရစ်သူတွေဟာ အနည်းငယ်မျှသော အစားအစာကို ရရှိနိုင်ရန်အတွက် ရက်ပေါင်းများစွာ အငတ်ခံခဲ့ ကြရလေသည်။

နေရာတိုင်းမှာ လူအင်အား ပြတ်လပ်မှုဖြစ်ပွားပြီး စစ်တပ်က တာဝန်ယူလိုက်ရသည်အထိ အခြေအနေ က ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရလေသည်။ ထိုအချိန်မှစ၍ သဘာဝတရား၏ နိယာမက ကမ္ဘာကြီးကို တဖြည်းဖြည်း အုပ်စိုးလာခဲ့ပြီး အင်အားနဲ့ ထောက်ပံ့ရေးပစ္စည်းရှိသူများသာ ကောင်းမွန်သောဘဝတွင် နေထိုင်နိုင်ခဲ့ကြလေသည်။

ယောင်ရန် ရုတ်တရက် စကားပြောရပ်သွားသည်ကို မြင်သောအခါ လုံယု ကပြောလိုက်သည်။

မင်း မသွားချင်ဘူးဆိုရင် လှေကားတံခါးကို အလှည့်ကျ စောင့်ကြတာပေါ့….။

ယောင်ရန် အတိတ်ကို ပြန်လည်တွေးတောနေခြင်းမှ နိုးလာခဲ့ပြီး ခေါင်းညိတ်လိုက်တယ်။

အင်း၊ ကောင်းပြီလေ…။

အစောကြီး ရှိနေသေးသဖြင့် လုံယုက ယောင်ရန်အား အရင်စောင့်ရန်ပြောလိုက်လေသည်။

မင်း အရင်စောင့်နေလိုက်ပါ။ ညဘက်ကျရင် ကျွန်တော် တာဝန်ယူလိုက်မယ်…။

ယောင်ရန် ဘာမှ ပြန်မပြောလိုက်ခင်မှာ သူ အခန်းထဲကို ပြန်ဝင်သွားခဲ့လေသည်။ အခန်း (၂၀၀၂) ၏ ပိတ်ထား သောတံခါးကို ကြည့်ရင်း ယောင်ရန် စိတ်ထဲ တွေးတောနေမိသည်။ ဘဝနှစ်ခုမှာ သူမကို ဂရုစိုက်သူ ဆို၍ သူမ၏ မွေးစားအဘိုးအဘွားများနှင့် သူမ၏အဖိုးသာ ရှိခဲ့လေသည်။

ယခုကဲ့သို့ လူစိမ်းတစ်ယောက်က ဂရုစိုက်ပေးခြင်းကို ခံရသောအခါ ယောင်ရန် ထူးဆန်းပြီး စိတ်ထဲမှာ မလုံမလဲ ဖြစ်နေမိပေသည်။ သူမ ခေါင်းကို ကုတ်ပြီး ရေရွတ်လိုက်လေသည်။

သူ့ကို ဟင်းသီးဟင်းရွက်နည်းနည်း ပေးလိုက်သင့်လား…။

ဆုံးဖြတ်လိုက်ပြီဖြစ်သောကြောင့် သူမ အခန်းထဲကို ပြန်ဝင်ပြီး လသာဆောင်နှင့် စိုက်ပျိုးခန်းထဲမှ ဟင်းသီးဟင်းရွက်အချို့နှင့် မှိုတချို့ကို လုံယုအတွက် ခူးလိုက်လေသည်။

မိနစ်အနည်းငယ်ကြာသောအခါ၌ သူမတံခါးကို လာခေါက်သံကိုကြားလိုက်ရသည်။ ယောင်ရန် သွားဖွင့် ကြည့်လိုက်သောအခါ ကျောပိုးအိတ်တစ်လုံး လွယ်ထားပြီး ရွှီရွှီကို ပွေ့ထားသော ကျိုးရွေလင်းကို တွေ့လိုက်ရလေသည်။

ယောင်ရန် ကျိုးရွေလင်းကို ကြည့်ပြီး မေးလိုက်လေသည်။

အခု ထွက်သွားတော့မလို့လား…။

ကျိုးရွေလင်းက ခေါင်းညိတ်လိုက်ပြီး

ဟုတ်တယ်…။ ကျွန်မခင်ပွန်းရဲ့ အသင်းဖော်တစ်ယောက်က ဒီနေ့လာမယ့် ကယ်ဆယ်ရေးအဖွဲ့ဝင်ထဲက တစ်ယောက်လေ။ သူက ကျွန်မခင်ပွန်း အဆင်ပြေပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ ခေါင်းဆောင် က ပြန်လာခွင့် မပြုသေးဘူးတဲ့။ ဒါကြောင့် ကျွန်မခင်ပွန်းရဲ့ အသင်းဖော်က ကျွန်မတို့ကို သူတို့ရဲ့ ဌာနချုပ် ကို ခေါ်သွားလိမ့်မယ်။ အဲဒီမှာ ကျွန်မခင်ပွန်းနဲ့ တွေ့နိုင်မယ်ပြောတယ်…။

ဤသည်ကို ကြားတော့ ယောင်ရန်က ပြောလိုက်သည်။

ဒါဆို ကောင်းတာပေါ့။ လမ်းမှာ သတိထားပါ၊ လူတွေရဲ့ စိတ်ကိုလည်း သတိထားပါ…။

ကျိုးရွေလင်းက သူမ၏ သတိပေးစကားအတွက် အလွန်ပင် ကျေးဇူးတင်ခဲ့သည်။ သူမက လှေကား တံခါးသော့နှင့် သူမအခန်းသော့ကို ထုတ်ပေးလိုက်ပြီး ပြောလိုက်လေသည်။

ဒီသော့တွေကို ညီမကိုပဲ ပြန်ပေးခဲ့ပါမယ်….။

ယောင်ရန်သည် အခန်း (၂၀၀၁) သော့ကို ကြည့်ပြီး မျက်ခုံးပင့်လိုက်လေသည်။

အစ်မရဲ့ တိုက်ခန်းသော့ကို ဘာလို့ ကျွန်မကို ပေးတာလဲ….။

ကျိုးရွေလင်းက ပြုံးလိုက်ပြီး၊

ကျွန်မ ဒီရက်တွေမှာ အခြေအနေကို လေ့လာကြည့်ပြီး ဒီသဘာဝဘေးအန္တရာယ်တွေက အချိန်တိုတွင်း မပြီးဆုံးသေးဘူးဆိုတာ သိတယ်။ ကျွန်မတို့ ပြန်လာနိုင်မှာ မဟုတ်ဘူး။ အခန်းကို ပစ်ထားမယ့်အစား ညီမကို ပေးလိုက်တာက ပိုကောင်းတယ်။ ညီမ ကြိုက်သလို သုံးနိုင်ပါတယ်….။

ယောင်ရန် သော့များကို လက်ခံလိုက်ပြီး ပြောလိုက်သည်။

ခဏစောင့်ပါဦးနော်…။

ထိုသို့ ပြောပြီးနောက် သူမ မီးဖိုချောင်ကို သွားပြီး အာလူး (၅) ကီလိုဂရမ်၊ ဟင်းသီးဟင်းရွက် (၀.၅) ကီလိုဂရမ်၊ ကလေးအတွက် ဗီတာမင်ဆေးပုလင်း အနည်းငယ်တို့ကို သူမရဲ့နေရာလွတ်ထဲမှ ထုတ်ယူ ခဲ့လိုက်သည်။ ယောင်ရန်က ထိုအရာများကို အနက်ရောင်ပလတ်စတစ်အိတ် တစ်ခုထဲ ထည့်ပြီး ကျိုးရွေလင်းကို ပေးလိုက်လေသည်။

ဒါကို ယူသွားပါ…။

ကျိုးရွေလင်းက ပလတ်စတစ်အိတ်ထဲမှ အရာများကို မြင်သောအခါ လက်မခံချင်ခဲ့ပေ။သို့ပါသော် လည်း သူမသားလေး၏ ပိန်လှီနေတဲ့ ကိုယ်ခန္ဓာနဲ့ နေမကောင်းပုံရတဲ့ အသွင်အပြင်ကို မြင်ရသောအခါ သူမ ပလတ်စတစ်အိတ်ကို တင်းတင်းဆုပ်ကိုင်ပြီး ယောင်ရန်ကို ဦးညွှတ်လိုက်လေသည်။

ကျေးဇူးပါ၊ ညီမရယ်….။ တစ်နေ့နေ့တော့ အစ်မတို့ ပြန်ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်….။

ယောင်ရန် သူမကို ကြည့်ပြီး ပြုံးလိုက်လေသည်။

နှုတ်ဆက်ပါတယ်၊ အစ်မကျိုး….။

ကျိုးရွေလင်း ထွက်သွားပြီးနောက် ယောင်ရန် တံခါးပိတ်ပြီး လုံယုအတွက် ဟင်းသီးဟင်းရွက်နှင့် မှိုများ ကို သွားယူလိုက်တယ်။ ပလတ်စတစ်အိတ် အနက်ရောင်ကြီးကို သယ်ပြီး အခန်းကနေ ထွက်ကာ အခန်း (၂၀၀၂)၏ တံခါးကို ခေါက်လိုက်လေ၏။

မကြာခင်မှာပင် လုံယုက တံခါးဖွင့်လာခဲ့ပြီး မေးလိုက်သည်။

ဘာဖြစ်လို့လဲ….။

ယောင်ရန် ပလတ်စတစ်အိတ် အနက်ရောင်ကို လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။

ဒါက ရှင့်အတွက်ပါ….။

လုံယု သူမဘာပေးသည်လဲဆိုသည်ကို ကြည့်ရန် အချိန်မရခင်မှာ ယောင်ရန်က လှည့်ပြီး အခန်းထဲသို့ ပြန်ဝင်သွားခဲ့ပြီဖြစ်သည်။

ရုတ်တရက် သူ့အား တစ်ခုခု လာပေးသဖြင့် လုံယု နားမလည်နိုင်ဖြစ်နေခဲ့သည်။ သူ အနက်ရောင် ပလတ်စတစ်အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် မှိုများ ဖြင့်ပြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် အံ့သြသွားမိခဲ့သည်။

သူ အခန်း (၂၀၀၃) ၏ သတ္တုတံခါးကို ခဏတာ ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်လေးမှာ အနည်းငယ် ကွေးညွတ်သွားခဲ့လေသည်။

သူမ အခန်းထဲကို ပြန်ရောက်သောအခါ လသာဆောင်မှာ ထိုင်ပြီး အပြင်မှ ရွာနေသော မိုးကို ကြည့်ရင်း သူမ၏ သစ်စွမ်းရည်ကို လေ့ကျင့်နေခဲ့သည်။ မိုးက ပိုပို၍သည်းလာခဲ့ပြီး ကောင်းကင်သည်လည်း မည်းမှောင်လာခဲ့လေသည်။

အခန်း (၄၆)

အချိန်မှီ ကြိုးစားခြင်း (၁)

ညနေ လေးနာရီလောက်တွင် မှောင်စပြုနေပြီဖြစ်သော်လည်း မုန်တိုင်းကတော့ ရပ်တန့်သွားခဲ့လေပြီ။ ကယ်ဆယ်ရေးလှေများသာ ဆက်တိုက်ဖြတ်သန်းသွားလာနေသည်မှအပ မြို့တစ်မြို့လုံးသည် ထူးဆန်း စွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့လေ၏။

ယောင်ရန်သည် ညစာကို စောစီးစွာ စားသောက်ပြီး အိပ်ရာမဝင်မီ နှိုးစက်ပေးထားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ပိတ်မိနေသူအားလုံးကို တစ်ညလုံး ကယ်ဆယ်နေခဲ့ကြသည်။ နံနက် တစ်နာရီအချိန်တွင် လင်ယွမ်တိုက်ခန်းအဆောက်အအုံသည် အလွန်တိတ်ဆိတ်နေပြီး ခေါင်မိုးနှင့် ပြတင်းပေါက်များကို မိုးရေများ ရိုက်ခတ်နေသည့်အသံသာ ရှိနေခဲ့လေသည်။

နှိုးစက်သံမြည်လာသောအခါ ယောင်ရန်သည် အိပ်ရာမှထကာ ကြည်ကာအင်္ကျီကို ဝတ်ဆင်လိုက်သည်။ ခဏမျှ စမ်းသပ်ကြည့်လိုက်ရာ အင်္ကျီက သူမ၏ စိတ်ကြိုက် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ကြောင်း စိတ်ကျေနပ်သောအခါ အပေါ်ဝတ်အင်္ကျီနှင့် တစ်ကိုယ်လုံးဖုံးသော မိုးကာအင်္ကျီကို ထပ်ဝတ်လိုက် သည်။

ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ ယောင်ရန်သည် တံခါးဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။ လုံယု မရှိသည်ကို မြင်သောအခါ တိတ်ဆိတ်စွာ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

လှေကားထစ်များနှင့် စင်္ကြံများတွင် လူသူကင်းမဲ့သော်လည်း အမှိုက်များနှင့် ပြည့်နှက်နေခဲ့ပြီး အနံ့ အသက်များမှာလည်း မခံနိုင်လောက်အောင် ဖြစ်နေသည်။ ယောင်ရန်သည် မျက်မှောင်ကြုတ်ကာ လေသန့်စင်သည့် နှာခေါင်းစည်းကို ဝတ်လိုက်လေသည်။

သူမသည် တတိယထပ်စင်္ကြံ၏ အဆုံးထိ လျှောက်သွားပြီး ပြတင်းပေါက်ကို ဖွင့်လိုက်လေ၏။ အပြင် ဘက်တွင် မှောင်နေပြီး မိုးသည်းထန်စွာ ရွာနေသည်ကို မြင်သောအခါ ယောင်ရန်သည် ရေစိုခံမျက်မှန် နှင့် မိုင်းတွင်းသုံးဓာတ်မီးကို တပ်ဆင်လိုက်သည်။

အသင့်ဖြစ်သောအခါ ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ လေထိုးလှေကို ထုတ်ယူလိုက်သည်။ လှေကို ရေပေါ်ချကာ ညင်သာစွာ ခုန်ဆင်းလိုက်လေသည်။ လှေလှော်တံနှစ်ခုဖြင့် လှော်ခတ်လိုက်ရာ လှေသည် အမှောင်ထုထဲတွင် ဖြည်းညင်းစွာ ရွေ့လျားသွားလေတော့သည်။

မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရေစီးကလည်း မြန်လှသည်။ ရေပေါ်တွင် မြင့်မားသောအဆောက်အအုံ အနည်းငယ်သာ ကျန်တော့ပြီး မြို့တော်သည်လည်း ပုံပျက်ပန်းပျက် ပြောင်းလဲသွားခဲ့လေပြီ။

ကျွင်းချန်မြို့မြေပုံကို မထွက်ခွာမီက ယောင်ရန်သည် လေ့လာခဲ့ပြီး မြို့တစ်ဝိုက်ရှိ အထင်ကရနေရာ များကို မှတ်သားထားခဲ့လေသည်။ လင်ယွမ်တိုက်ခန်းအဆောက်အအုံနှင့် အတော်အသင့် ဝေးကွာသွား သော အခါ သူမသည် လေထိုးလှေအတွက် အထူးအင်ဂျင်တစ်ခုကို တပ်ဆင်လိုက်သည်။ အင်ဂျင် အသံမှာ ကျယ်သော်လည်း မိုးသံက ဖုံးလွှမ်းသွားခဲ့လေသည်။

သူမသည် ကျွင်းချန်မြို့ရှိ အကြီးဆုံး စူပါမားကတ်သို့ ရောက်ရန် နှစ်နာရီကြာခဲ့လေသည်။

စူပါမားကတ်သည် သုံးထပ်သာမြင့်သော်လည်း ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ အထပ်တိုင်းသည် စီးပွားရေး သို့မဟုတ် လူနေအဆောက်အအုံများထက် ပိုမိုမြင့်မားသည်။ လက်ရှိတွင် ရေကြီးရေလျှံမှု သည် ပထမထပ်၏တစ်ဝက်သာ ရောက်ရှိနေသေးပြီး ဒုတိယထပ်ကို မရောက်သေးပေ။

ခက်ခဲသော်လည်း သူမသည် လေထိုးလှေကို ကားပါကင်မတွင် ရပ်နိုင်ခဲ့သည်။ ခဏမျှ စောင့်ဆိုင်းပြီး ပတ်ဝန်းကျင် အခြေအနေကို လေ့လာကာ အနီးအနားတွင် မည်သူမျှ မရှိကြောင်း သေချာမှ လှေကို သိမ်းဆည်းလိုက်သည်။

ထို့နောက် ယောင်ရန်သည် ကားပါကင်၏ ထိပ်ဆုံးထပ်သို့ သွားခဲ့သည်။ ကားပါကင်တွင် ကားများပြည့် နေပြီး အများစုမှာ ဈေးကြီးသော ကားများဖြစ်သည်။ မုန်တိုင်းသတိပေးချက် ရရှိပြီးနောက် ကားပိုင်ရှင် များသည် ၎င်းတို့၏ကားများကို ဤနေရာသို့ ရွှေ့ထားပုံရလေသည်။

ပစ္စည်းများ မဖြုန်းတီးရေးမူအရ ယောင်ရန်သည် ဆီပန့်တစ်ခုထုတ်ကာ ကားများအားလုံးမှ ဆီများကို စုပ်ထုတ်လိုက်သည်။ အလုပ်ရှုပ်နေစဉ်တွင် RV ကားတစ်စီးက သူမ၏အာရုံကို ဖမ်းစားခဲ့လေသည်။

ကိုယ်ထည်နှင့် ပြတင်းပေါက်များမှာ ကျည်ကာဖြစ်ပြီး တာယာများမှာ ပေါက်ကွဲမှုဒဏ်ခံနိုင်ပြီး ပွန်းပဲ့ ဒဏ်ကို ခံနိုင်ရည်ရှိသည်။ အရေးအကြီးဆုံးမှာ ၎င်းသည် အမိုးပေါ်တွင် ခေါက်သိမ်းနိုင်သော နေရောင် ခြည်စွမ်းအင်သုံးပြားများပါသည့် ဓာတ်ဆီ-ဓာတ်ငွေ့နှစ်မျိုးသုံး ယာဉ်ဖြစ်သည်။ စွမ်းအင်ရှားပါးပြီး ဓာတ်ဆီကို တင်းကျပ်စွာ ထိန်းချုပ်ထားသော ကမ္ဘာတွင် လူတိုင်းက ဤကားမျိုးကို ဝယ်ယူနိုင်စွမ်း မရှိကြပေ။

ယောင်ရန်၏ နေရာလွတ်ထဲတွင် အကောင်းစား RV များ ရှိနေသော်လည်း ဤနေရာသည် မကြာမီ ရေလွှမ်းမိုးခံရတော့မည် ဖြစ်သည်။ ဤကောင်းမွန်သော မိုဘိုင်းအိမ်လေးကို ရေအောက်အမှိုက်များ အဖြစ် ပြောင်းလဲစေရန် သူမသည် ခွင့်မပြုသင့်ပေ။ ထို့ကြောင့် သူမနှင့်အတူ ယူသွားသင့်သည်။

တံခါးမှာ သော့ခတ်ထားသည်ကို ကြည့်ကာ ယောင်ရန်သည် ခဏမျှစဉ်းစားပြီး အီလက်ထရွန်နစ် ဂျမ်မာ တစ်ခုကို ထုတ်လိုက်သည်။ အဘိုးရှုုသည် သူမဝယ်ယူခဲ့သည့် ပစ္စည်းများနှင့်အတူ ၎င်းကို လက်ဆောင် ပေးခဲ့ခြင်းဖြစ်သည်။ အဘိုးရှုု၏ လက်ဆောင်ကြောင့် သူမသည် ယခုအခါ ဤဇိမ်ခံ RV ကားကို ငွေတစ်ပြားမှ မကုန်ဘဲ ရရှိနိုင်ပြီဖြစ်သည်။

ယောင်ရန်သည် အီလက်ထရွန်နစ်ဂျမ်မာကို တံခါးတွင် တပ်ဆင်ပြီး ဖွင့်လိုက်သည်။ စက်သည် စက္ကန့် အနည်းငယ်ကြာအောင် တဝီဝီမြည်ပြီးနောက် တံခါးပွင့်သည့် အသံကို သူမကြားလိုက်ရသည်။ သူမ သည် အီလက်ထရွန်နစ်ဂျမ်မာကို သိမ်းဆည်းပြီး တံခါးကို ဖွင့်လိုက်သည်။

RV သည် အလွန်ကျယ်ဝန်းပြီး မီးဖိုချောင်၊ ဧည့်ခန်း၊ ရေချိုးခန်း၊ အိပ်ခန်းနှစ်ခန်း ပါရှိသည့်အပြင် မီးဖို၊ အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာအသေးစားတို့ပါ တပ်ဆင်ထားသည်။ ယောင်ရန်သည် ပတ်ပတ် လည်ကို ကြည့်ပြီး ဇိမ်ခံအတွင်းခန်းနှင့် နည်းပညာမြင့် ပစ္စည်းကိရိယာများကို အလွန်စိတ်ကျေနပ် နေမိသည်။

RVထဲ မှ ထွက်လာပြီးနောက် ယောင်ရန်သည် ကားကို သူမ၏ နေရာလွတ်ထဲသို့ ယူဆောင်ကာ အခြား ယာဉ်များနှင့်အတူ ရပ်ထားခဲ့သည်။ အခြားကားများမှ ဆီများကိုလည်း ဆက်လက်ထုတ်ယူခဲ့သည်။

ပြီးစီးသောအခါ ယောင်ရန်သည် အရေးပေါ်ထွက်ပေါက်ဘက်သို့ လျှောက်သွားသည်။ တံခါးကို တွန်းဖွင့် ကြည့်လိုက်ရာ သော့မခတ်ထားသည်ကို တွေ့လိုက်ရသည်။

အရေးပေါ် ထွက်ပေါက်မှ ထွက်လာပြီးနောက် အဝတ်အစားများရှိရာ ဒုတိယထပ်သို့ သွားခဲ့သည်။ ရေ က ဒုတိယထပ်ကို မရောက်သေးဘဲ အဝတ်အစားများမှာ သန့်ရှင်းခြောက်သွေ့နေဆဲပင်ဖြစ်သည်။ ယောင်ရန်သည် အချိန်မဖြုန်းဘဲ အရာအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

အဝတ်အစားများအားလုံးကို ယူပြီးနောက် တစ်ရှုး၊ အချိုရည်၊ ကိတ်မုန့်၊ သရေစာများနှင့် တစ်ကိုယ်ရေ သုံးပစ္စည်း အမျိုးမျိုးကို ခင်းကျင်းထားသည့် အရောင်းမြှင့်တင်ရေးဧရိယာသို့ သွားခဲ့သည်။

အိမ်သုံးပစ္စည်း ဧရိယာသည် မျက်နှာချင်းဆိုင်တွင်ရှိပြီး ရေခဲသေတ္တာများ၊ လေအေးပေးစက်များနှင့် အဝတ်လျှော်စက်များ ပါဝင်သည်။ ယောင်ရန်သည် အချို့ကို ယူကာ ဒိန်ချဉ်စက်၊ ရေခဲမုန့်လုပ်စက်၊ ပဲပင်ပေါက်စက်၊ ဥဖောက်စက်နှင့် ဒယ်အိုး၊ အိုး အချို့ကဲ့သို့သော အိမ်သုံးပစ္စည်းသေးသေးလေးများကို စင်ပေါ်မှ ရွေးချယ်ယူခဲ့သည်။

နောက်တစ်ခုမှာ နေ့စဉ်သုံးပစ္စည်းများ ဧရိယာဖြစ်ပြီး အရည်အသွေးမြင့် လေအေးပေးစက်သုံး စောင် များ၊ ဖဲသားစောင်များ၊ ခေါင်းအုံးစွပ်များ၊ အိပ်ရာခင်းများနှင့် အခြားပစ္စည်းများကို ခင်းကျင်း ထားသည်။ ယောင်ရန်သည် အရာအားလုံးကို ယူသွားခဲ့ပြီး ဘာတစ်ခုမျှ မချန်ခဲ့ချေ။

အခြားဧရိယာတစ်ခုတွင် အမှတ်တံဆိပ်အမျိုးမျိုးသော ဖိနပ်အမျိုးအစားများစွာ ရှိသည်။ ယောင်ရန် တွင် ရွေးချယ်ရန် အချိန်မရှိသောကြောင့် အားလုံးကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်သည်။ နောက်မှ အချိန်ရသည့်အခါ ဖြည်းဖြည်းချင်း စီစဉ်နိုင်သည်။ မည်သို့ပင်ဆိုစေ သူမတွင် သိုလှောင်ရန် နေရာများစွာရှိနေသည်ပင်။

သူမသည် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အရေပြားထိန်းသိမ်းမှု ပစ္စည်းများ၊ Maskများ၊ မျက်လုံးလိမ်းဆေးများ၊ Cream များ စသည့် အသေးစားပစ္စည်းများကို တွေ့လိုက်ရသည်။ ဒုတိယထပ်ရှိ ပစ္စည်းများကို ရှင်းလင်းပြီးနောက် တတိယထပ်သို့ အလျင်အမြန် သွားခဲ့သည်။

ယောင်ရန်သည် လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးရွက်ကြီး၊ အရက်နှင့် အခြားဈေးကြီးသော ပစ္စည်းများကို ခင်းကျင်းထားသည်ကို မြင်သောအခါ ညှာတာခြင်းမရှိဘဲ ယူခဲ့သည်။ အမှတ်တံဆိပ်များမှာ များပြားလှ ပြီး အချို့မှာ ဈေးကြီးသလို အချို့မှာ ဈေးပေါသော်လည်း သူမသည် တစ်ခုမှ မချန်ဘဲ အားလုံးကို ယူဆောင်သွားခဲ့ပေသည်။

All Chapters