← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇)

အချိန်မှီကြိုးစားခြင်း (၂)

ကမ္ဘာပျက်ချိန်တွင် ဤအရာအားလုံးသည် ကောင်းမွန်သော ပစ္စည်းများဖြစ်လေသည်။ ၎င်းတို့ကို ရယူ ရန် ခက်ခဲမည်ဖြစ်ပြီး နောင်တွင် ဈေးကြီးပေးလျှင်ပင် ဝယ်ယူနိုင်မည်မဟုတ်ပေ။ သူမသည် ဟိုဟိုဒီဒီ ပြေးလွှားနေရင်း အားလုံးကို ယူဆောင်သွားခဲ့လိုက်သည်။

ဒုတိယထပ်နှင့် တတိယထပ်ကို ရှင်းလင်းပြီးနောက် စူပါမားကတ်ရှိရာ ပထမထပ်သို့ သွားခဲ့သည်။ ရေ သည် လျင်မြန်စွာတက်လာပြီး မိုးမလင်းမီတွင် အရာအားလုံး ရေမြုပ်တော့မည်ဖြစ်သည်။

ပထမထပ်သို့ လျှောက်ဝင်လာသောအခါ စင်များ၏ တစ်ဝက်ခန့် ရေမြုပ်နေသည်ကို ယောင်ရန် မြင် လိုက်ရသည်။ နောင်တွင် ကန့်သတ်ထားသော အရင်းအမြစ်များအကြောင်းကို တွေးမိရင်း သူမသည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ သူမ၏ နေရာလွတ်ထဲသို့ ဝင်လိုက်သည်။ ရေငုပ်ဝတ်စုံနှင့် ရေငုပ်ပစ္စည်း ကိရိယာများကို ဝတ်ဆင်ပြီး နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။

ယောင်ရန်သည် နောက်ကျိနေသော ရေထဲသို့ ငုပ်ဆင်းကာ ထိုနေရာရှိ အရာအားလုံးကို ယူဆောင်ခဲ့ သည်။ ရေအောက်၌ နစ်မြုပ်နေသော်လည်း အချို့အရာများသည် စားသုံးနိုင်ပြီး အသုံးပြုနိုင်ဆဲပင် ဖြစ်သည်။

ယနေ့ခေတ်တွင် ထုတ်ကုန်အများစုသည် လေလုံအောင် ထုပ်ပိုးထားခြင်း သို့မဟုတ် လေစုပ်စနစ်ဖြင့် ထုပ်ပိုးထားခြင်းဖြစ်သည်။ ထုပ်ပိုးမှု မပျက်စီးသရွေ့ အတွင်းရှိ ပစ္စည်းများလည်း ပျက်စီးမည်မဟုတ် ချေ။

ရေသည် ပထမထပ်၏ မျက်နှာကျက်အထိ ရောက်နေပြီဖြစ်ရာ ယောင်ရန်သည် စင်ပေါ်ရှိ ပစ္စည်းများ ကို စစ်ဆေးရန် အချိန်မရှိခဲ့ပေ။ ပစ္စည်းများ ရေကြောင့်ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ ယောင်ရန်သည် အားလုံးကို ယူဆောင်ခဲ့လေသည်။ နောက်ပိုင်းတွင် သူမ မသုံးဖြစ်လျှင်တောင် အခြား သော ရှင်သန်ကျန်ရစ်သူများနှင့် လဲလှယ်နိုင်လေသည်။

ရေများက ဒုတိယထပ်သို့ စတင်လွှမ်းမိုးလာသည်ကို မြင်သောအခါ ယောင်ရန် အရှိန်ကိုမြှင့်လိုက် သည်။ ရေများက နောက်ကျိနေသောကြောင့် သူမ မည်သည့်နေရာတွင် ရှိသည်ကို မြင်ရရန် ခက်ခဲ သော်လည်း ပစ္စည်းများကို အလွယ်တကူ ရယူနိုင်သည့် သူမ၏ နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် အရှုံးမပေးချင်ပေ။

ရေကြီးရေလျှံမှု ဖြစ်လာသောအခါ ရေအောက်ရှိ ပစ္စည်းများကို ဆယ်ယူရန် ပိုမိုခက်ခဲနိုင်သည်။ ရေဖိ အားကြောင့်ပင် ရေငုပ်ကျွမ်းကျင်မှုနှင့် အဆင့်မြင့် ပစ္စည်းကိရိယာများမပါဘဲ သာမန်လူများ ရေထဲသို့ ဆင်းရန် မဖြစ်နိုင်ပေ။ ရေကပိုနက်လေ အန္တရာယ် ပိုများလေဖြစ်သည်။

သူမသည် နောက်ဆုံးစင်ကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်စဉ်တွင် မလှမ်းမကမ်းမှ မီးရောင် အနည်းငယ်ကို လက်သွားသည်ကို ယောင်ရန် မြင်လိုက်ရသည်။ ရောက်လာသူသည် တစ်ယောက် တည်းမဟုတ်ကြောင်း သိရသောအခါ ယောင်ရန်သည် နောက်ဆုတ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ် လိုက်သည်။

ရေထဲတွင် တိုက်ခိုက်ခြင်းသည် သူမအား အားနည်းနိုင် စေမည်ဖြစ်သည်။ ထို့အပြင် သူမသည် ထို အဆောက်၏အအုံရှိ ပစ္စည်းအားလုံးကို ယူဆောင်ပြီးပြီဖြစ်သောကြောင့် ထိုသူများ မတွေ့မီ ထွက်ခွာ ခြင်းက အကောင်းဆုံးပင်ဖြစ်သည်။

ယောင်ရန်သည် ရေထဲကပင် အရေးပေါ်ထွက်ပေါက်ဆီသို့ ကူးခတ်သွားသည်။ တံခါးကို တွန်းဖွင့်ကာ ရေငုပ်ဝတ်စုံနှင့် ပစ္စည်းကိရိယာများကို လဲလှယ်ရန် နေရာလွတ်ထဲသို့ ဝင်လိုက်သည်။ သူမ ပြန်ထွက် လာပြီးသောအခါ တိတ်ဆိတ်စွာ လှေကားအတိုင်း တက်သွားခဲ့ပေသည်။

ကားပါကင်၏ ထိပ်ဆုံးထပ်သို့ ပြန်ရောက်သောအခါ လမ်းတွင် ယောင်ရန် ရုတ်တရက် ရပ်တန့်သွား သည်။ သူမသည် ထောင့်တွင် ရပ်ထားသော Hummer နှင့် SUV ကားများကို ခဏမျှ ကြည့်လိုက်ပြီး နောက် ၎င်းတို့ကိုပါ ယူဆောင်သွားလိုက်လေသည်။

ရေမျက်နှာပြင်များ မြင့်တက်လာပြီး ရေစီးကလည်း အလွန်သန်လာသောကြောင့် လေထိုးလှေကို အလွယ်တကူ မျောပါသွားစေနိုင်ပေသည်။

ထို့ကြောင့် လေထိုးလှေကို အသုံးမပြုဘဲ ယောင်ရန်သည် မော်တော်ဘုတ်တစ်စီးကို ထုတ်လိုက်သည်။ မော်တော်ဘုတ်ကို မောင်းနှင်နေစဉ်တွင် ရေအောက်၌ ပစ္စည်းများစွာ ရှိနေသည်ကို မြင်ရသောကြောင့် အရှိန်လျှော့ကာ နစ်မြုပ်နေသော အတားအဆီးများကို ဂရုတစိုက် ရှောင်ရှားခဲ့ရလေသည်။

မြို့တော်သည် အမှောင်ထုထဲတွင် နစ်မြုပ်နေပြီး သည်းထန်စွာရွာသွန်းသော မိုးကြောင့် သူမ၏ မြင်ကွင်း ကို ကန့်သတ်ထားသည်။ ယောင်ရန်သည် မိုင်းတွင်းသုံးဓာတ်မီးကို အသုံးပြုသော်လည်း ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

စူပါမားကတ်မှ ထွက်ခွာပြီးနောက် ယောင်ရန်သည် အခြားနေရာတစ်ခုသို့ မောင်းနှင်ရန် အချိန်မှီ ကြိုးစား အားထုတ်ခဲ့လေသည်။

ကုန်တိုက်သို့ ရောက်ရန် သူမသည် နာရီဝက်ကြာခဲ့သည်။ တတိယထပ် ရေလွှမ်းနေသည်ကို တွေ့ရသော အခါ ယောင်ရန်သည် စတုတ္ထထပ်ရှိ ပြတင်းပေါက်ကို မှန်ချိုးကိရိယာဖြင့် လျင်မြန်စွာ ဖျက်ဆီးကာ ဝင် လိုက်သည်။ ထို့နောက် နေရောင်ခြည်စွမ်းအင်သုံး နည်းပညာကုမ္ပဏီ၏ လက်လီအရောင်းဆိုင်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် ဘာဂျာတံခါးကို ဖောက်ထွင်း၍ဖွင့်ကာ အတွင်းသို့ ဝင်ခဲ့သည်။ ဆိုင်သည် ကျယ်ဝန်းသော်လည်း ယောင်ရန်သည် နောက်ဖေးတံခါးသို့တန်း၍ လျှောက်သွားခဲ့သည်။ တံခါးနောက်တွင် ကုမ္ပဏီက ၎င်း၏ထုတ်ကုန်များကို ခင်းကျင်းထားသည့် နေရာဖြစ်သည်။

သူမလိုချင်သော နေရောင်ခြည်စွမ်းအင်သုံးမီးစက် ရှိနေသည်ကို တွေ့သောအခါ လျင်မြန်စွာ သိမ်းဆည်း လိုက်သည်။ သူမသည် အခန်းကို ရှာဖွေကြည့်သော်လည်း ဘက်ထရီဘောက်စ်တစ်ခုနှင့် ကွန်ဗာတာ တစ်ခုသာ တွေ့ရှိခဲ့သည်။ ဆိုင်ပတ်ပတ်လည်ကို ရှာဖွေပြီးနောက် ဂိုဒေါင်တစ်ခုကို တွေ့ရှိခဲ့ပြီး ထိုနေရာ တွင် နေရောင်ခြည်စွမ်းအင်သုံး မီးစက်များ၊ ဘက်ထရီဘောက်စ်များနှင့် ကွန်ဗာတာများကို ထပ်မံ တွေ့ရှိခဲ့သည်။

အချို့သော အစိတ်အပိုင်းများသည် အစွန်းရောက် ရာသီဥတုတွင် အသုံးပြုပါက ပျက်စီးသွားမည်ကို စိုးရိမ်ခဲ့သောကြောင့် အပိုပစ္စည်းများအားလုံးကို ယူဆောင်ခဲ့သည်။ ဂိုဒေါင်ထောင့်တွင် တွေ့ရှိရသော မိုဘိုင်းဘက်ထရီဘောက်စ်များအားလုံးကိုလည်း ယူသွားခဲ့သည်။

အဆောက်အအုံတွင် ဈေးကြီးသော အိမ်သုံးပစ္စည်းများစွာ ရှိသော်လည်း သူမတွင် အချိန်ကုန်နေပြီဖြစ် သည်။ နံနက် ငါးနာရီ ရှိနေပြီဖြစ်သည်ကို မြင်သောအခါ ယောင်ရန်သည် တုန့်ဆိုင်းမနေတော့ဘဲ ချက်ချင်းထွက်ခွာလာခဲ့သည်။

မိုးမလင်းမီ သူမ ပြန်သွားရမည်ဖြစ်သည်။ ရေစီးက ပိုသန်လာသောကြောင့် မိုးနှင့် ရေစီးကြောင်းကို ဆန့်ကျင်၍ မော်တော်ဘုတ်ကို မောင်းနှင်ခဲ့ရသည်။

လင်ယွမ်တိုက်ခန်းအဆောက်အအုံသို့ နီးကပ်လာသောအခါ ယောင်ရန်သည် ရေစီးအား မပြင်းထန်သော နေရာသို့ မော်တော်ဘုတ်ကို မောင်းနှင်ပြီး အင်ဂျင်ကို ပိတ်လိုက်သည်။ မည်သူမျှမရှိကြောင်း အတည်ပြု ပြီးနောက် မော်တော်ဘုတ်နှင့်အတူ နေရာလွတ်ထဲသို့ ဝင်လိုက်သည်။

နေရာလွတ်ထဲမှ မထွက်ခွာမီ ယောင်ရန်သည် လှော်တက်နှစ်ခုပါသော လေထိုးလှေပေါ်တွင် ထိုင်လိုက် သည်။ သူမသည် အပြင်လောကသို့ ပြန်ထွက်လာသောအခါ အဆောက်အအုံ (၃) ဘက်သို့ ဖြည်းညင်း စွာ လှော်ခတ်လာခဲ့လေသည်။

သူမသည် ပြတင်းပေါက်သို့ လှော်ခတ်လာစဉ် တစ်စုံတစ်ယောက်သည် မော်တော်ဘုတ်ပေါ်မှ ပစ္စည်း များကို ပြတင်းပေါက်မှတစ်ဆင့် ရွှေ့ပြောင်းနေသည်ကို မြင်လိုက်ရသည်။ ကိုယ်လုံးကိုယ်ထည်အရ ထိုသူသည် အမျိုးသားတစ်ဦးဖြစ်သည်။ ယောင်ရန် မပုန်းကွယ်သေးမီ ထိုလူသည် လှည့်ကြည့်လိုက် သည်။

ယောင်ရန်သည် ထိုသူ၏ မော်တော်ဘုတ်ပေါ်တွင် သူမထက် ပစ္စည်းပိုများနေသည်ကို မြင်သောအခါ သူနှင့် ပိုမိုနီးကပ်အောင် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ တိုက်ခိုက်မှုဖြစ်ခဲ့လျှင် သူမမှာ ကျောပိုးအိတ်တစ်လုံးသာ ရှိသောကြောင့် သူသည် ပစ္စည်းများ ပိုမိုဆုံးရှုံးရမည်ဖြစ်သည်။

သူမ ပိုမိုနီးကပ်လာသောအခါ နောက်ဆုံးတွင် ထိုသူကို ကောင်းစွာ မြင်လိုက်ရသည်။ ထိုသို့သော ပုံပန်း သဏ္ဍာန်နှင့် အရပ်အမောင်းကြောင့် ယောင်ရန်သည် သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လုံယုဖြစ် ကြောင်း တန်း၍ မှတ်မိလိုက်လေသည်။

လုံယုကလည်း သူမကို မှတ်မိသွားပြီး မေးလိုက်သည်-

မင်းလည်း ပစ္စည်းတွေရှာဖို့ ထွက်လာတာလား…။

ယောင်ရန်က ခေါင်းညိတ်ပြီးပြန်ဖြေလိုက်သည်။

ဟုတ်ပါတယ်…။

မော်တော်ဘုတ်ကို ပြုပြင်ပြီးနောက် သူသည် ယောင်ရန်ကို ကူညီရန် လက်ကမ်းပေးလိုက်သည်။ သူမ တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ ကမ်းပေးသောလက်ကို ဆွဲကိုင်လိုက်ပြီး သူမအား ဆွဲတင်စေခဲ့လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် သူမ၏ လေထိုးလှေကို ဆွဲတင်လိုက်ကြသည်။

သူပြန်သယ်လာသည့် ပစ္စည်းများစွာကို ရွှေ့ပြောင်းရန် အကြိမ်များစွာ သယ်ရမည်ဟု သူမ တွေးမိလိုက် သည်။

အခန်း (၄၈)

အခန်းနီးချင်း အသစ်များ

ယောင်ရန် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

ရှင် ပစ္စည်းတွေ သယ်တင်နေတုန်း ကျွန်မ ဒီမှာနေပြီး စောင့်ပေးမယ်လေ….။

လုံယုလည်း သူမ၏ အကူအညီကို ငြင်းဆန်ခြင်းမရှိဘဲ ပစ္စည်းများကို အလျင်အမြန် သယ်ယူခဲ့သည်။ သူ ပစ္စည်းများ သယ်နေစဉ် အဆောက်အအုံ (၃) မှ ကျန်ရှိသူများ ထွက်လာ၍ကြည့်ကြလေသည်။

စင်္ကြံတစ်လျှောက် ပုံနေသည့် ပစ္စည်းပုံကြီးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများတွင် လောဘ ရိပ်များ တောက်ပသွားသည်။ သို့သော် ယောင်ရန်၏ အေးစက်သော မျက်လုံးများကို မြင်လိုက်ရသော အခါ ပစ္စည်းလုယူရန် အစီအစဉ်ကို လက်လျှော့လိုက်ကြရလေသည်။

လုံယု အကြိမ်ကြိမ် အသွားပြန်လုပ်ပြီးနောက်တွင် ပစ္စည်းများ အနည်းငယ်သာ ကျန်တော့သည်။ ယောင်ရန် ပြတင်းပေါက်မှ မော်တော်ဘုတ်ကို ကြည့်ရင်း မေးလိုက်သည်။

ရှင် အဲဒီမော်တော်ဘုတ်ကို ဘယ်လိုလုပ်မှာလဲ…။

လုံယုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်။

ငါ ဖွက်ထားရမယ်….။

ယောင်ရန် ခေါင်းညိတ်လိုက်ပြီး၊

ကောင်းပြီ။ ဒါဆို ရှင် အရင် သွားဖွက်လိုက်ပါ။ ကျွန်မ ဒီမှာ စောင့်နေမယ်….။

ကျေးဇူးတင်ပါတယ်….။

လုံယု ထွက်သွားပြီး မကြာမီပင် လူအချို့ ရောက်လာပြီး ယောင်ရန်ကို စောင့်ကြည့်ကြသည်။ အချို့က ရဲရဲတင်းတင်း အစာတောင်းခံခဲ့ကြသော်လည်း သူမက သံမှိုရိုက်သေနတ်ကို ထုတ်ပြလိုက်သည့်အခါ ကြောက်လန့်ပြီး ထွက်ပြေးသွားကြသည်။ လုံယု ပြန်ရောက်လာချိန်တွင် မိနစ်နှစ်ဆယ်ခန့် ကြာသွားပြီ ဖြစ်သည်။

သူ ပြတင်းပေါက်မှ အလွယ်တကူ တက်လာပြီး ယောင်ရန်ကို ကြည့်ကာ ပြောလိုက်လေသည်။

သွားကြမယ်…။

ယောင်ရန်လည်း ပစ္စည်းအိတ်အချို့ကို ကူသယ်ပေးလိုက်ပြီး လူအများ၏ မနာလိုသော အကြည့်များ အောက်တွင် နှစ်ဦးသား အထပ် (၂၀) သို့ ပြန်လာခဲ့ကြသည်။

အထပ် (၂၀) သို့ ပြန်ရောက်သော် ယောင်ရန် ပစ္စည်းများကို အခန်း (၂၀၀၂) တံခါးဝတွင် ချထားပြီး နှုတ်ဆက်လိုက်လေသည်။

ကျွန်မ အရင် ပြန်တော့မယ်…။

လုံယုက ခေါင်းညိတ်ရင်း ကျေးဇူးတင်ကြောင်းပြောလိုက်လေသည်။

ကျေးဇူးတင်ပါတယ်….။

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီးနောက် လှည့်ကာ ကိုယ့်အခန်းကိုယ် ပြန်ဝင်ခဲ့ကြလေသည်။ ယောင်ရန် ကျောပိုးအိတ်နှင့် လေထိုးလှေကို သိမ်းဆည်းပြီးနောက် ရေနွေးပူပူဖြင့် ရေချိုးရန် နေရာ လွတ်ထဲသို့ ဝင်လိုက်သည်။ ညအိပ်ဝတ်စုံ ဝတ်ကာ ကိုယ်ကိုနွေးစေရန် ဂျင်းပေါင်စွပ်ပြုတ် တစ်ပန်းကန် သောက်လိုက်သည်။

ဂျင်းပေါင်စွပ်ပြုတ် အနည်းငယ် ကျန်နေသေးသည်ကို မြင်တော့ သူမ စဉ်းစားမိသည်။ အခု အထပ် (၂၀) တွင် သူမနဲ့ လုံယု နှစ်ယောက်တည်း နေကြခြင်းဖြစ်သောကြောင့် ထိုသူနှင့် ကောင်းမွန်သော ဆက်ဆံ ရေးတစ်ခု တည်ဆောက်ထားသင့်ပေသည်။ မဟုတ်လျင် ထိုသူက ရန်သူဖြစ်လာပါက ဒုက္ခရောက်ပေ လိမ့်မည်။

ယောင်ရန် ခေါင်းညိတ်လိုက်ပြီး ကျန်နေသော ဂျင်းပေါင်စွပ်ပြုတ်ကို ဗူးထဲသို့ထည့်ကာ နေရာလွတ်ထဲမှ ထွက်လာလိုက်သည်။ အပေါ်ဝတ်အင်္ကျီဝတ်ပြီး ဂျင်းပေါင်စွပ်ပြုတ်နှင့်အတူ တိုက်ခန်းထဲမှ ထွက်လာ ခဲ့သည်။ တံခါးကို ပိတ်ပြီးနောက် အခန်း (၂၀၀၂) တံခါးကို ခေါက်ကာ ခဏစောင့်ဆိုင်းပြီးနောက် တံခါး ပွင့်လာခဲ့သည်။

သူမကို မြင်သောအခါ လုံယု မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး မေးလိုက်သည်။

မင်း ဘာလိုချင်လို့လဲ…။

ယောင်ရန်က ဗူးကို ကမ်းပေးရင်း ပြောလိုက်သည်။

ကျွန်မ ဂျင်းပေါင်စွပ်ပြုတ်လုပ်တာများသွားလို့ ။ ရှင် သောက်လို့ရအောင်လာပေးတာပါ….။

လုံယု ဗူးကိုယူလိုက်ပြီး အနည်းငယ် ပြုံးကာပြောလိုက်လေသည်။

ကျေးဇူးတင်ပါတယ်ဗျာ…။

ဂျင်းပေါင်စွပ်ပြုတ် ပို့ပေးပြီးနောက် ယောင်ရန် သူ့အား လက်ပြနှုတ်ဆက်ကာ ကိုယ့်တိုက်ခန်းဆီ ပြန် လာခဲ့သည်။ တံခါးပိတ်ပြီး ဝရံတာသို့ သစ်သားစွမ်းအင် လေ့ကျင့်ရန် ထွက်ခွာစဉ် လှေကားအတား အဆီးမှ သံတံခါးကို ခေါက်သံ ကြားလိုက်ရလေသည်။

ယောင်ရန် မျက်မှောင်ကြုတ်ရင်း တီးတိုးရေရွတ်လိုက်သည်။

နောက်ထပ် ပြဿနာရှာတဲ့လူလား…။

သူမ နာရီကို ကြည့်လိုက်တော့ မနက် ခုနစ်နာရီသာ ရှိသေးသည်။ ယောင်ရန် သက်ပြင်းချပြီး ထပ်မံ ထွက်လာခဲ့သည်။ နေ့ဘက်တွင် တံခါးစောင့်ရန်မှာ သူမ၏ တာဝန်ဖြစ်ပြီး တံခါးခေါက်သံကလည်း မရပ်သေးသောကြောင့် သွားကြည့်ရတော့ပေမည်။

သူမ အပြင်ရောက်သောအခါ လုံယု စစ်ဆေးရန် ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူမ သူ့နား လျှောက်သွားပြီး မေးလိုက်သည်။

ဘယ်သူက အတင့်ရဲပြီး ထပ်လာတာလဲ…။

လုံယု သူမဘက် လှည့်ကြည့်ရင်း ဖြေလိုက်လေသည်။

ငါ့သူငယ်ချင်းတွေနဲ့ သူတို့မိသားစုတွေပါ….။

သူ၏ အဖြေကို နားထောင်ပြီး သူမ အနည်းငယ် စပ်စုချင်လာသည်။ ယောင်ရန် ပိုနီးကပ်စွာ လျှောက် သွားပြီး သူ၏ နောက်ကျောဘက်မှနေ၍ ခေါင်းပြူကြည့်လိုက်သည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး သုံးဦးကို မြင်လိုက်ရသောအခါ မျက်ခုံးပင့်လိုက်ပြီး စပ်စုသည့် မျက်လုံးများဖြင့် လုံယုကို ကြည့်လိုက် လေသည်။

သူက သူမကို ခဏကြည့်ပြီးနောက် သူငယ်ချင်းများဘက် လှည့်ကာ ပြောလိုက်သည်။

ဒီမှာ ခဏစောင့်နေကြ။ ငါ သူမနဲ့ စကားပြောစရာရှိသေးလို့…။

အမျိုးသားတစ်ဦးက ပြုံးပြီး ပြောလိုက်လေသည်။

ဟုတ်ကဲ့၊ ခေါင်းဆောင်….။

ထိုစကားပြောပြီးသည်နှင့် လုံယုက စပ်စုနေသော ယောင်ရန်၏ လက်ကို ဆွဲကိုင်လိုက်သည်။ သူမကို သူ့အခန်းထဲသို့ ခေါ်ဆောင်ပြီး တံခါးပိတ်လိုက်သည်။ သူက သူမဘက် ပြန်လှည့်ကြည့်လိုက်သောအခါ ယောင်ရန်က သူ့အခန်းထဲကို လှည့်ပတ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဒီကို ခေါ်လာရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငါ ပြောစရာတစ်ခု ရှိတယ်…။

ခဏမျှ တိတ်ဆိတ်ပြီးနောက် သူ ဆက်ပြောလိုက်သည်။

ယောင်ရန် သန့်ရှင်းသပ်ရပ်သော ဧည့်ခန်းမှ အကြည့်လွှဲလိုက်ပြီး သူ့အား ကြည့်ကာမေးလိုက်သည်။

ဘာကိစ္စလဲ…။

သူမ၏ တည်ငြိမ်သော အမူအရာကို ကြည့်ကာ လုံယုက ရှင်းပြသည်။

သူတို့က ဒီအထပ် (၂၀) မှာ လာနေချင်နေကြတယ်…။

သူမ ခဏမျှစဉ်းစားပြီးနောက် မေးလိုက်သည်။

ရှင် သူတို့ကို ယုံကြည်လို့လား…။

လုံယုက ခေါင်းညိတ်၍ အဖြေပေးသည်။ သူမ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက ထပ်ပြော သည်။

မင်း သဘောမတူဘူးဆိုရင်လည်း တခြားနေရာရှာဖို့ ငါ သူတို့ကို ပြောလိုက်ပါမယ်…။

ယောင်ရန် မျက်လွှာချကာ စဉ်းစားလိုက်သည်။

ကမ္ဘာပျက်ပြီးနောက် ဘယ်နေရာမှ မလုံခြုံနိုင်ဘူး။ ဒီလူတွေကို ယုံကြည်လို့ ရနိုင်မယ်ဆိုရင် ဒီလူတွေ ဒီမှာ လာနေတာကို ကိစ္စမရှိဘူး။ ရုပ်ပိုင်းဆိုင်ရာအရ ကြည့်ရင် ဒီအမျိုးသားနှစ်ယောက်က လုံယုထက် မနိမ့်လှဘူး။ သူတို့ ရှိနေရင် အထပ် (၂၀) ရဲ့ လုံခြုံရေး ပိုကောင်းလာနိုင်တယ်….။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယောင်ရန် မျက်လုံးများ မော့ကာ ပြောလိုက်သည်။

ရှင်တောင်းဆိုတာကို ကျွန်မ သဘောတူနိုင်တယ်။ သူတို့ကို ဒီမှာ နေခွင့်ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်မကို လာနှောင့်ယှက်တာမျိုးတော့ မကြိုက်ဘူး….။

သူမ၏ အဖြေကို ရရှိပြီးနောက် လုံယု အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ကတိပေးလိုက်သည်။

စိတ်မပူပါနဲ့။ သူတို့ မင်းကို လာမနှောင့်ယှက်စေရဘူးလို့ ငါ ကတိပေးပါတယ်။ နှောင့်ယှက်ရင် ငါ သူတို့ကို ကန်ထုတ်လိုက်မယ်….။

ယောင်ရန် ခေါင်းညိတ်ပြီး မေးလိုက်သည်။

ရှင်က သူတို့ကို ရှင့်နဲ့ အတူ ပေးနေမှာလား….။

ငါတို့ အထပ်မှာ အခန်းလွတ် မရှိဘူးလား….။ ဟု လုံယုက ပြန်မေးလိုက်သည်။

သူက ကျိုးရွေလင်း၏ အခန်းတွင် ထိုသူများကို နေစေချင်ကြောင်း သိသောအခါ ယောင်ရန်က ပြော လိုက်သည်။

ကျွန်မ သော့ သွားယူလိုက်မယ်။ ပြီးတော့ ကျေးဇူးပြုပြီး သူတို့ကို အခန်းကို ဂရုစိုက်ဖို့ ပြောပေးပါ။ နောင်တချိန်မှာ အစ်မကျိုးတို့ မိသားစု ပြန်လာရင် သူတို့ ချက်ချင်း အခန်းက ထွက်သွားပေးရမယ်….။

လုံယုက ခေါင်းညိတ်ပြီး လက်ခံလိုက်သည်။

နားလည်ပါပြီ…။

သဘောတူညီမှု ရပြီးနောက် နှစ်ယောက်သား တိုက်ခန်းမှ ထွက်လာကြပြီး ယောင်ရန်က အခန်း (၂၀၀၁) သော့ကို ယူရန် သူမ၏ တိုက်ခန်းသို့ ပြန်သွားခဲ့သည်။

လုံယု ပြန်ရောက်လာသည်ကို မြင်သောအခါ အမျိုးသားတစ်ဦးက မေးလာသည်။

ခေါင်းဆောင်… အခြေနေဘယ်လိုရှိလဲ…။

All Chapters