← Chapters

အရုပ်အိမ်

Vol. 16 Ch. 236

အရုပ်အိမ်

Vol. 16 Ch. 236

သူမ မူးဝေနေသည်။

ခေါင်းက တစစီကွဲထွက်မတတ် နာကျင်နေပြီး တစ်စုံတစ်ယောက်က သံတူရွင်းနှင့် ထုနေသလိုပင်။

ရှန်မို၏အသံကို သဲ့သဲ့လေး ကြားလိုက်ရသည်။ တိုးတိုးနှင့် ရိုးရိုးရှင်းရှင်းပဲ။ သူ့အသံ၏ လေလှိုင်းတိုင်းမှာ သံလိုက်ဓာတ်လို ဆွဲဆောင်မှုလေးများ ပါဝင်နေပြီး နားထဲမှာ ဂစ်တာကြိုးတီးသလိုပင်။

ဟင်း...ဒါက ချဲလို (cello) မှာ အသံအကောင်းဆုံး G ကြိုး ဖြစ်သည်။

ပိုင်ယို့ဝေ၏ စိတ်ထဲမှာ ရှုပ်ထွေးနေသည်။

ခဏကြာ မူးဝေနေပြီးမှ နောက်ဆုံးတော့ မျက်လုံးဖွင့်လိုက်သည်။ သူမ၏ မျက်လုံးထဲ အရင်ဆုံးရောက်လာသည်မှာ ရှေးဟောင်းမျက်နှာကျက်။ နောက်တော့ ကျေးလက်ပုံစံ မီးအိမ်ငယ်လေး။ ပန်းပုံစံ အဆင်တန်ဆာများနှင့် အလှဆင်ထားသည့် နံရံကပ်စက္ကူ... ပြီးတော့ ရှေးဟောင်း မီးလင်းဖို ဖြစ်သည်။

မီးလင်းဖိုထဲမှ မီးတောက်များသည် သူမဆီက အအေးဓာတ်များကို အနည်းငယ် ဖယ်ရှားပေးလိုက်သည်။

“နိုးပြီလား။” ရှန်မိုက ရေတစ်ခွက်နှင့် သူမဘေးမှာ ထိုင်လိုက်သည်။

ခွက်ထဲက ရေက ပူနေတုန်းမို့ အအေးခံရန် စားပွဲပေါ် တင်ထားလိုက်သည်။

သူက သူမကို နည်းနည်းထူမပြီး ခေါင်းအုံးတစ်ခုကို အောက်မှာ ထိုးထည့်ပေးလိုက်သောအခါ ပိုပြီး သက်တောင့်သက်သာ ရှိသွားသည်။

“ကျွန်မတို့ ဘယ်ရောက်နေတာလဲ။” ပိုင်ယို့ဝေက မေးလိုက်သည်။ သူမ စကားပြောလိုက်သည်နှင့် သူမအသံက အရမ်း အက်ကွဲနေသည်ကို တွေ့လိုက်ရသည်။

ရှန်မိုက ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးပြောလိုက်သည်။ “ငါတို့ တောင်ပေါ်က အိမ်တစ်အိမ်မှာ ရောက်နေကြတယ်။ ဆရာချန်းနဲ့ ရှောင်ရှင်းကို အရင်တွေ့တယ်။ ပြီးတော့ တောင်အလယ်လောက်မှာ မင်းကို ရှာတွေ့ခဲ့တယ်။ တန်ရှောင်ကတော့ ပျောက်နေတုန်းပဲ... ရန်ချင်ဝမ်နဲ့ လုအန်းက လူရှာဖို့ ထွက်သွားကြပြီ။”

ခေတ္တရပ်နားပြီးနောက် သူက ပိုင်ယို့ဝေကို ကြည့်လိုက်သည်။ “မင်း အဖျားတက်နေတယ်။”

ပိုင်ယို့ဝေသည် သူမ၏ နဖူးကို အားနည်းစွာ ထိကြည့်လိုက်သော်လည်း ဘာမှ မခံစားရပေ။ သူမသည် တစ်ကိုယ်လုံး အားနည်းပြီး မူးဝေနေသည်ဟုသာ ခံစားရသည်။

“သူ ရေချိုးပြီး အဝတ်အစား လဲသင့်တယ်။ ဆံပင်ကိုလည်း အခြောက်ခံရမယ်။” ကျူရှူးက ပြောသည်။ “ဒီမှာ ဆေးမရှိဘူး။ ဖျားတာကို အမြန်ဆုံး သက်သာအောင် လုပ်ဖို့ လိုတယ်။”

ဆူးမန်က စိတ်တိုစွာဖြင့် ပြောလိုက်သည်။ “ဟာ ရှင်ကလည်း အခု ကျွန်မတို့ ဒုက္ခရောက်နေတာ။ ဘယ်နေရာမှာ သူ့ကို ရေချိုးပေးရမှာလဲ! ပြီးတော့ ဒါက အရုပ်တွေရဲ့ နယ်မြေပဲ။ ဒီအခန်းက ဘေးကင်းတယ်လို့ ဘယ်သူမှ အာမခံနိုင်တာ မဟုတ်ဘူး!”

ကျူရှူးသည် သူမ၏နှုတ်ခမ်းကို စေ့လိုက်ပြီးပြောလိုက်သည်။ “ဒုတိယထပ်မှာ ရေပူပါတဲ့ ရေချိုးခန်း ရှိတယ်။ အိပ်ခန်းဗီရိုထဲမှာလည်း သန့်ရှင်းတဲ့ အဝတ်အစားတွေ ရှိတယ်။ အကယ်၍ ဘေးအန္တရာယ်ကို စိုးရိမ်ရင်... ကျွန်မ အရင်သွားပြီး စမ်းကြည့်ပေးနိုင်ပါတယ်။”

ဆူးမန်က မျက်မှောင်ကြုတ်ပြီးမေးသည်။ “ဒီမှာ ရှင် ကိုယ့်ဘာသာ ရေချိုးချင်နေတာ မဟုတ်လား။”

ကျူရှူးသည် အကူအညီမဲ့‌နေသော်လည်း ပြန်မချေပပေ။ “ကျွန်မကိုယ်လုံးလည်း စိုနေပြီး တကယ်ကို မသက်မသာဖြစ်နေတာ။”

“မသိဘူး။” ဆူးမန်သည် သူမ၏မျက်နှာ အေးစက်စွာဖြင့် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ “ကျွန်မ သဘောမတူဘူး။ အစ်ကိုရန်က မသွားခင် လူတိုင်းရဲ့ ဘေးကင်းရေးကို သေချာစေဖို့ ကျွန်မကို ပြောခဲ့တယ်။ ပြီးတော့ ဗီရိုထဲက အဝတ်အစားတွေက အရုပ်တွေ အ၀တ်လိုမျိုး ထူးဆန်းနေတယ်။ ကျွန်မတို့ ဘယ်လိုဝတ်နိုင်မှာလဲ။”

ပိုင်ယို့ဝေသည် သူမတို့ပြောသည်ကို တိတ်ဆိတ်စွာ နားထောင်ရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

သူမသည် ဧည့်ခန်းနံရံကို ကျောမှီထားသော ဆိုဖာရှည်ပေါ်တွင် လဲလျောင်းနေသည်။ ၎င်းသည် အပြာရင့်ရောင်ဖြစ်ပြီး ပန်းရောင်နှင့် အဖြူရောင် နှင်းဆီပုံများ ရိုက်နှိပ်ထားသည်။ ဆိုဖာပေါ်တွင်လည်း ပုံစံတူ ခေါင်းအုံးများစွာ ရှိသည်။ ဧည့်ခန်းတစ်ဝိုက်ရှိ ထောင့်များတွင် အရုပ်များကို မရေမတွက်နိုင်အောင် စုပုံထားသည်။

ဝက်ဝံရုပ်များ၊ ယုန်ရုပ်များ၊ ကြောင်ရုပ်များနှင့် ခွေးရုပ်များ...

သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ ထုံထိုင်းနေသော စိတ်က တန်ရှောင် ဂိမ်းထဲမဝင်မီ ပြောခဲ့သည့် စကားများကို သတိရလိုက်သည် - အရုပ်အိမ်သို့ ကြိုဆိုပါသည်။

ဒီနေရာက အရုပ်အိမ်လား...

ဆရာချန်းသည် လက်ဖက်ရည်ကို ဖျော်ပြီး ယူလာကာ ခွက်များကို စားပွဲပေါ် တင်လိုက်သည်။ “အားလုံးပဲ။ အအေးမိတာ သက်သာအောင် လက်ဖက်ရည်ပူပူလေး သောက်ကြပါ။”

“အားရှူး!” ပန်ရှောင်ရှင်းသည် ရုတ်တရက် နှာချေလိုက်သည်။

လူတိုင်းက သူ့ဘက်ကို ကြည့်လိုက်ကြသည်။

ရှောင်ရှင်းသည် ရှက်ရွံ့စွာဖြင့် သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။

ဆရာချန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “ဒီနေရာက အပူချိန် အရမ်းနိမ့်တယ်။ အပြင်က မိုး‌ပြင်းပြင်းထန်ထန်ရွာပုံနဲ့ သက်ဆိုင်မှုရှိမရှိတော့ မသိဘူး။ နွေဦး ဒါမှမဟုတ် ဆောင်းဦးလို ခံစားရတယ်။ ငါတို့အားလုံး မိုးမိထားကြပြီး အဝတ်အစား သိပ်မရှိကြဘူး။ ဒီလိုဆက်လုပ်နေရင် အလွယ်တကူ အအေးမိသွားလိမ့်မယ်။”

ဆူးမန်၏ ပြင်းထန်သော သဘောထားသည် အနည်းငယ် လျော့ကျသွားသည်။အဘိုးအိုကို ရင်ဆိုင်နေရသောကြောင့်ဖြစ်နိုင်သည်။ သူမသည် တုံ့ဆိုင်းစွာဖြင့်ပြောလိုက်သည်။ “ဒါမှမဟုတ်... ကလေးတွေကို အပေါ်ထပ် ခေါ်သွားပြီး ရေချိုးခိုင်းလိုက်ပါ။ ကျွန်မ တံခါးအပြင်မှာ စောင့်ပေးမယ်။”

“မလိုပါဘူး။” ပန်းရှောင်ရှင်းသည် သူ၏နှာခေါင်းကို ပွတ်သပ်ကာ မီးလင်းဖိုသို့ သွားပြီး ထိုင်လိုက်ကာ တိုးတိုးလေးဖြင့် ပြောလိုက်သည်။ “ဒီမှာပဲ အဝတ်အစားတွေ အခြောက်ခံလိုက်လို့ ရပါတယ်...”

All Chapters