ငအလေး
Vol. 12 Ch. 174
ချီရွှဲ့ထုံဂိုဏ်း ပင်မမြို့ကြီး၏ ဆိပ်ကမ်း၌ နူးညံ့ညင်သာခြင်းကို ဆောင်ကြဉ်းလာသော ဆောင်းလေပြေက လမ်းကြိုလမ်းကြားများပါမကျန် တိုက်ခတ်နေသည်။
အနီရောင်လွင်ပြင်နှင့် အအေးဓာတ်ချင်း ကွာခြားသွားသည်မှာ ပထမတွင် အအေးဓာတ်ကို ခွဲခြားရန် ခက်ခဲမည်ဖြစ်ပြီး အရိုးများထဲသို့ စိမ့်ဝင်ကာ တဖြည်းဖြည်း အေးလာသောအခါမှသာ အအေးဓာတ်ကို ခံစားမိကြမည်ဖြစ်သည်။
ထိုအခါတွင် အအေးဓာတ်ကို အံတုရန် နောက်ကျသွားမည် ဖြစ်ပေသည်။
ယင်းသည် ဝါဂွမ်းထဲတွင် ကွယ်ဝှက်ထားသော အပ်များပမာ အပြင်ပန်းတွင် ပြုံးရွှင်နေပြီး စိတ်ထဲတွင် ကောက်ကျစ်တတ်သော ချီရွှဲ့ထုံဂိုဏ်း၏ သာမန်ဂိုဏ်းသားများနှင့် ဆင်တူသည်။
အထူးသဖြင့် သတ္တမမြောက်တောင်ထိပ်တွင် ထိုကဲ့သို့ အခြင်းအရာကို အထင်အရှား တွေ့နိုင်သည်။
သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများက ထိုအပိုင်းတွင် အနည်းငယ် ပါရမီပါကြဟန်တူသည်။ သူတို့က စိတ်ရင်းအမှန်ကို ဖုံးကွယ်ရာတွင် ထူးချွန်ကြ၏။ သူတို့၏ ဂုဏ်သိက္ခာများကို စွန့်ပစ်ကာ သူတို့အကျိုးရှိရေးကိုသာ ရှေ့တန်းတင်ထားကြသည်။ ထိုအကြောင်းကို ရွှီချင်း ကောင်းကောင်း သိသည်။
ချီရွှဲ့ထုံဂိုဏ်းရှိ ပင်မမြို့ကြီးထဲတွင် သူ အသားကျနေခဲ့ပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ ခြေကုပ်ကောင်းကောင်းရရန် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့သည်။ သူ ထိပ်တိုက်ရင်ဆိုင်ရသည့် အန္တရာယ်များ လျော့ပါးလာပြီး အနည်းငယ် နာမည်ကြီးလာခဲ့သည်။
သို့သော်လည်း အသိနှင့် သတိကို သူ အမြဲ လွတ်မသွားခဲ့ပေ။
သတ္တမမြောက်တောင်ထိပ်မှ ချီစုစည်းခြင်းအဆင့်ဂိုဏ်းသားများထဲတွင် တစ်ယောက်ကိုတစ်ယောက် သတ်ချင်နေကြသည့် ဂိုဏ်းသားများစွာ ရှိနေသည်ကို သူ သိနေသည့်အတွက်ကြောင့် ထိုသို့ သတိထားနေရခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် ချီစုစည်းခြင်းအဆင့်ကိုး သို့မဟုတ် အဆင့်တစ်ဆယ်သို့ ရောက်နေကြသော အဆင့်မြင့် ကျင့်ကြံသူများအနက် အများစုက အကြံသမားများ ဖြစ်ကြသည်။
သူတို့က ဟန်ဆောင်ရာတွင် ထူးချွန်ကြသလို ကြိတ်မှိတ်သည်းခံရာတွင်လည်း ပို၍ ထူးချွန်သည်။ သူတို့က အမှောင်ထဲတွင် ပုန်းအောင်းနေသော မြွေဆိုးများပမာပင်။ သူတို့၏ပစ်မှတ်ထားခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ဘယ်သူ သတ်သွားမှန်း မသိလိုက်ဘဲ သေသွားရနိုင်သည်။
အမှန်စင်စစ် ထိုလူများသာ မဟုတ်သေးပေ၊ ပင်မမြို့ကြီးထဲတွင် ရုန်းကန်လှုပ်ရှားရင်း အခြေတည်အဆင့်သို့ ရောက်သွားကြသည့် ကျင့်ကြံသူများက ထိုအပိုင်းတွင် ပို၍ ထူးချွန်ကြသည်။
ဥပမာအနေဖြင့် တတိယမင်းသားပင်။
ရွှီချင်းသည် ပင်မမြို့ကြီးတစ်လျှောက် သွားနေသည်။ သူ၏အမူအရာက တည်ငြိမ်နေဟန် ရှိပါသော်လည်း စိတ်ထဲတွင် သတိထားနေသည်။ သူက ရုပ်ပြောင်းထားဆဲပင် ဖြစ်၏။
သူက ပင်မမြို့ကြီးထဲတွင် နေ့ဝက်ကျော်ကြာသည်အထိ လျှောက်သွားနေခဲ့သည်။ သူ သွားခဲ့သည့်နေရာများမှာ အများအားဖြင့် လူရှုပ်သောနေရာများသာ ဖြစ်သည်။ သူက ဘေးပတ်ဝန်းကျင်ကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး နားစွင့်နေခဲ့သည်။
တတိယမင်းသားနှင့် ရေသူမမျိုးနွယ်အကြား ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်သမျှ အရာအားလုံးကို စစ်ဆေးရန် သဲလွန်စများကို သူ ရှာဖွေနေ၏။ သူက အလွန် စိတ်ရှည်ပြီး နေ့မှ ညရောက်သည့်တိုင်အောင် လျှောက်သွားနေသည်။
ညအချိန် ရောက်သောအခါ ရွှီချင်းက သူ၏မူလပုံပန်းသွင်ပြင်ကို မပြောင်းလဲသေးပေ။ အမှန်စင်စစ် သူ ပြန်လာခဲ့စဉ်အခါက ဂိုဏ်းတံဆိပ်ပြားကို အသုံးမပြုခဲ့ဘဲ နာမည်ဝှက် ကျောက်စိမ်းပေလွှာကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ နာမည်ဝှက်ကျောက်စိမ်းပေလွှာများက ဈေးကွက်တစ်ခုလိုမျိုးဖြစ်လာပြီဖြစ်ပြီး ဝယ်လိုအား များပြားကာ ရာဇဝတ်ကောင်များနှင့် လူမသိစေချင်သည့်လူများအတွက် ဦးစားပေးရွေးချယ်စရာ ဖြစ်လာခဲ့သည်။
၎င်းက ဈေးခေါင်ခိုက်နေပါသော်ငြား ရလာမည့်အကျိုးကျေးဇူးက အလွန် များပြားသည်။ ထိုအကျိုးကျေးဇူးများအနက် စွဲဆောင်နိုင်ဆုံးတစ်ခုမှာ လူမသိအောင် ဖုံးကွယ်နိုင်ခြင်းဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းက ထိုကိစ္စကို မျက်ကွယ်ပြုထားသည်။ ရံဖန်ရံခါ ထိုနာမည်ဝှက်ကျောက်စိမ်းပေလွှာများကို စစ်ဆေးတတ်ပါသော်လည်း အချိန်အများစုတွင် လျစ်လျူရှုထားသည်။ အမှန်စင်စစ် အရေးအကြီးဆုံးမှာ ချီရွှဲ့ထုံဂိုဏ်း၏ အခြေခံဂိုဏ်းစည်းမျဉ်းများကို မဖောက်ဖျက်ရန်သာ ဖြစ်သည်။
ရွှီချင်းက ရာဇဝတ်ကောင်များစွာကို သတ်ခဲ့ဖူးသည်ဖြစ်၍ ထိုကဲ့သို့ ကျောက်စိမ်းပေလွှာအနည်းငယ် ရှိသည်။ သူက ဖွင့်ထားသော တည်းခိုခန်းတစ်ခုကို တွေ့သွားပြီး ထိုတည်းခိုခန်းတွင် နေခဲ့သည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာခဲ့ပြီး မကြာခင် သုံးရက် ကျော်လွန်သွားသည်။
ထိုသုံးရက်တာအတောအတွင်း ရွှီချင်းက ကြိမ်ဖန်များစွာ စစ်ဆေးခဲ့ပြီး နည်းလမ်းအသီးသီးမှတစ်ဆင့် ကိစ္စအားလုံးကို နားလည်သဘောပေါက်လာခဲ့သည်။ ဂိုဏ်းနှင့်ပတ်သက်သည့် သတင်းအနည်းငယ်ကိုပင် သူ ဝယ်ယူခဲ့ပါသော်လည်း မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။
ရေသူမမျိုးနွယ်ကိစ္စကို စုံစမ်းသူ တစ်ယောက်မှ မရှိသလို ဒုတိယမင်းသားသည်လည်း ထိုကိစ္စကို နောက်ယောင်ခံလိုက်မနေခဲ့သည့်အလားပင်။
ထိုအတောအတွင်း ချီရွှဲ့ထုံဂိုဏ်းသားများအကြား ရေပန်းစားနေသည်မှာ သတ္တမမြောက်တောင်ထိပ်၏ ပြိုင်ပွဲကြီးအကြောင်း ဖြစ်သည်။
ပြီးခဲ့သည့် သုံးရက်အတွင်း ထိုအကြောင်းကို ရွှီချင်း ကြိမ်ဖန်များစွာ ကြားခဲ့ရသည်။ သူ ဝယ်ခဲ့သည့် သတင်းအချက်အလက်အများစုတွင် ထိုပြိုင်ပွဲအကြောင်း ပါဝင်သည်။
ချီရွှဲ့ထုံဂိုဏ်းသားအားလုံး၏ စိတ်အာရုံက ထိုကိစ္စအပေါ် ရောက်နေဟန်တူသည်။
ရွှီချင်းက ထိုအကြောင်းကို တွေးတောပြီးနောက် သူ၏မျက်နှာပေါ်တွင် လေးနက်သောအကြည့်တစ်ခု ပေါ်လာသည်။
သတ္တမမြောက်တောင်ထိပ်၏ ပြိုင်ပွဲကို နှစ်သုံးဆယ်ပြည့်လျှင် တစ်ကြိမ် ကျင်းပပြီး အလွန် ခမ်းနားကြီးကျယ်သည်။ ပြိုင်ပွဲနေရာကို အပြင်လောကရှိ နေရာတစ်ခုခုတွင် ရွေးချယ်လေ့ရှိုပြီး ပြိုင်ပွဲက အလွန် ရက်စက်ကြမ်းကြုတ်သည်။
ဥပမာအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က ရေသူမကျွန်းကို တိုက်ပွဲကွင်းပြင်အဖြစ် ရွေးချယ်ခဲ့ကြသည်။
ပြင်းထန်ရက်စက်သော ထိုပြိုင်ပွဲကြီးပြီးနောက် ရေသူမမျိုးနွယ်က လူသားမျိုးနွယ်၏ မဟာမိတ်ဖြစ်လာခဲ့သည်။
ယခုတစ်ခေါက်အတွက် ပစ်မှတ်ကိုလည်း သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းသည် အနောက်ဘက်ကျောက်တန်းကျွန်းစုအပေါ်ရှိ လူသားမဟုတ်သော မျိုးနွယ်လေးတစ်ခု ဖြစ်သည်။ ထိုလူသားမဟုတ်သော မျိုးနွယ်ကို မြောက်ဝိညာဉ်မျိုးနွယ်ဟူ၍ ခေါ်ကြသည်။ ထိုမျိုးနွယ်ဝင်အများစုက ရက်စက်ကြမ်းကြုတ်ကြပြီး ထိုမျိုးနွယ်တစ်ခုလုံးတွင် ပင်လယ်ဓားပြများဖြင့် ပြည့်နှက်နေသည်။
သူတို့က လူသားမဟုတ်သော မျိုးနွယ်ကြီးများကို အကာအကွယ်အတွက် ဆက်ကြေး တောင်းခံကြသည်။ တချိန်တည်းမှာပင် တားမြစ်ပင်လယ်တွင်လည်း လှုပ်ရှားကြသည်။
သူတို့က ကုန်တင်သင်္ဘောကြီးများအတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာခဲ့ပြီး အထူးသဖြင့် ချီရွှဲ့ထုံဂိုဏ်းမှ ကုန်တင်သင်္ဘောကြီးများအတွက်ပင် ဖြစ်သည်။ မကြာသေးခင်က ကုန်တင်သင်္ဘောတချို့ကို ၎င်းတု့ိက ကြားဖြတ်လုယူသွားခဲ့သည်။
ထိုကိစ္စကြောင့် ချီရွှဲ့ထုံဂိုဏ်းမှာ အကြီးအကျယ် ဒေါပွခဲ့ရသည်။ ထိုမျိုးနွယ်က ချီရွှဲ့ထုံဂိုဏ်းအား လုယူခဲ့သော ပစ္စည်းများအား ချက်ချင်း ပြန်ပေးခဲ့ပါသော်လည်း သတ္တမမြောက်တောင်ထိပ်၏ ပြိုင်ပွဲကြီးကို စီစဉ်ရန် ဆုံးဖြတ်ထားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ထိုပြိုင်ပွဲတည်နေရာက မြောက်ဝိညာဉ်ကျွန်း ဖြစ်သွားရခြင်း ဖြစ်သည်။
ယင်းကိစ္စက ချီရွှဲ့ထုံဂိုဏ်းထဲတွင် ပွက်လောရိုက်သွားပြီး သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများက လက်သီးတပြင်ပြင် ဖြစ်နေကြသည်။ ပြိုင်ပွဲဝင်ရန် အရည်အချင်း ပြည့်မီသည့်လူအားလုံး ပြင်ဆင်နေကြပြီဖြစ်သည်။ တခဏလေးအတွင်း ဆိပ်ကမ်း၌ ကျင့်ကြံခြင်းရင်းမြစ်ပစ္စည်းများ၏ တန်ကြေးက နှစ်ဆယ်ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။
ထို့ပြင် ဂိုဏ်းသည်လည်း ပါဝင်ယှဉ်ပြိုင်ရန်အတွက် စည်းမျဉ်းများနှင့် အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။
သတ္တမမြောက်တောင်ထိပ်၌ ဌာနစုစုပေါင်း တစ်ဆယ့်သုံးခုရှိသည်။ ဌာနတစ်ခုချင်းစီက လူလေးရာရွေးချယ်ကြမည်ဖြစ်၍ ထိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များက လူငါးထောင်ကျော်ဖြစ်သွားမည် ဖြစ်သည်။
ဌာနဆယ့်သုံးခုအတွက် လူလေးရာရွေးချယ်ရန်မှာ ခက်ခဲသည်။ ဌာနများအတွက် အရေအတွက်မှာ ပြဿနာ မဟုတ်ချေ။
ဌာနတစ်ခုစီ၌ ဂိုဏ်းသားများစွာ ရှိပြီး ဌာနကြီးများတွင် ဂိုဏ်းသားထောင်ချီ၍ ရှိကြပြီး ဌာနအငယ်များတွင်လည်း ဂိုဏ်းသားတစ်ထောင်ခန့် ရှိသည်။
အခက်ခဲဆုံးမှာ ပြိုင်ချင်နေသည့် ဂိုဏ်းသားများ လွန်စွာ များပြားနေခြင်း ဖြစ်သည်။
ပြိုင်ပွဲအတွက် ဆုကြေးများက အလွန် မက်မောစရာကောင်းလှသည်။ သူတို့ သတ်လိုက်သည့် ကျင့်ကြံသူတိုင်းအတွက် စွမ်းဆောင်မှုရမှတ်တစ်သောင်းရရှိမည်ဖြစ်ပြီး ယင်းက အခြေခံ ဆုကြေးသာ ရှိသေးသည်။ သူတို့ သတ်လိုက်သည့်ရန်သူ၏ ကျင့်ကြံခြင်းအဆင့်အလိုက် သူတို့ ဆုကြေးငွေများ လက်ခံရရှိမည်ဖြစ်သည်။
ဂိုဏ်းတံဆိပ်ပြားများက ရမှတ်များကို အလိုအလျောက် မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးပါက ရရှိမည်ဖြစ်သည်။ ထိုကဲ့သို့ မက်မောစရာဆုကြေးငွေက ကျင့်ကြံခြင်းရင်းမြစ်များကို ပင်ပင်ပန်းရှာဖွေနေသည့် ဂိုဏ်းသားများ၏ မျက်လုံးများကို နီမြန်းသွားစေရန် လုံလောက်သည်။
ဂိုဏ်းသားများကို ပို၍ပင် ရူးသွပ်သွားစေသည်မှာ ပြိုင်ပွဲ၏ ပထမဆုအတွက် ဆုကြေး ဖြစ်သည်။
ယင်းမှာ အဓိကဂိုဏ်းသားတံဆိပ်ပြား ဖြစ်သည်။
သတ္တမမြောက်တောင်ထိပ်မှ မရေမတွက်နိုင်သော သာမန်ဂိုဏ်းသားများအတွက် ခရမ်းရောင်ဖျော့ဖျော့ တာအိုဝတ်ရုံများကို ဝတ်ဆင်ထားသည့် အဓိကဂိုဏ်းသားများက နတ်ဘုရားသားတော်များကဲ့သို့ ကြီးကျယ်မြင့်မြတ်ကြသည်။ သူတို့အဆင့်အတန်းက အလွန် မြင့်မားသည်။
ယခင်က ခေါင်းဆောင်ပြောသကဲ့သို့ သာမန်ဂိုဏ်းသားတစ်ရာသေသွားခဲ့ပါက ဂရုစိုက်မည် မဟုတ်သော်လည်း အဓိကဂိုဏ်းသားတစ်ယောက် သေဆုံးသွားခဲ့ပါက မိုးမီးလောင်မည့်ကိစ္စကြီး ဖြစ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ဌာနအသီးသီးမှ ဂိုဏ်းသားများ၏ ရူးသွပ်ခြင်းများကို နားလည်နိုင်သည်။
သို့သော်လည်း ရွှီချင်းက အဓိကဂိုဏ်းသားဆိုသည့်ဂုဏ်ပုဒ်ကို များစွာ ဆန္ဒမရှိလှပေ။
ချီရွှဲ့ထုံဂိုဏ်းကို ရောက်ခါစက အဓိကဂိုဏ်းသားဆိုသည့်ဂုဏ်ပုဒ်က သူ့စိတ်ကို ဆွဲဆောင်နေခဲ့သေးသည်။ ယခုတွင် သူက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေသည်ဖြစ်ရာ သူ့အတွက် အခြေတည်အဆင့်သို့ တတ်နိုင်သမျှ မြန်မြန် ရောက်ရှိရန်မှာ အဓိကဦးစားပေးဖြစ်သည်။
ထို့ပြင် ထိုပြိုင်ပွဲက ထိုမျှ မရိုးရှင်းကြောင်း ရွှီချင်း ခံစားမိနေသည်။ ပြိုင်ပွဲတည်နေရာကို မြောက်ဝိညာဉ်ကျွန်းဟု ကြေညာခဲ့ရခြင်းမှာ အပြင်လောကကြီးကို လိမ်ညာရန် ဖြစ်ပုံရသည်။ ယခင်လေ့လာတွေ့ရှိချက်များကို သူ တွေးမိသောအခါတွင် တိုက်ပွဲမြေပြင်က ရေသူမမျိုးနွယ်ပိုင်နက်၌ ဖြစ်နိုင်ကြောင်း ခံစားရသည်။
ထိုအတွေးကို သူက စိတ်ထဲတွင် ထားလိုက်ပြီး တခြားဂိုဏ်းသားများ အရည်အချင်း ပြည့်မီစေရေးအတွက် အကောင်းဆုံး တိုက်ခိုက်နေကြစဉ် ဘေးပတ်ဝန်းကျင်ကို သတိကြီးကြီးထား၍ လေ့လာနေသည်။
ဂိုဏ်းထဲတွင် ရေသူမမျိုးနွယ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းများ မရှိသလို တတိယမင်းသားသည်လည်း နောက်ယောင်ခံမလိုက်ကြောင်း အတည်ပြုပြီးနောက် သူ့မူလရုပ်သွင်ကို ပြန်လည်ပြောင်းလဲလိုက်သည်။ သူက ရက်အနည်းငယ် ကြာသည်အထိ သတိထား၍ နေပြီးနောက် စိတ်တည်ငြိမ်သွားသည်။
ယခုအချိန်တွင် ရွှီချင်းသည် မလိုအပ်ဘဲ ချီရွှဲ့ထုံဂိုဏ်းမှ ထွက်မသွားချင်ပေ။ ယင်းမှာ အခြေတည်အဆင့်သို့ သူ ရောက်ရန် မလိုတော့သည့်အတွက်ကြောင့် ဖြစ်သည်။ အခြေတည်အဆင့်ဂိုဏ်းသားများအတွက် ပေးအပ်သော လစဉ်ဝိညာဉ်ကျောက်တုံးငါးထောင်ကို သူ အမှန်တကယ် ရယူချင်သည်။
ယခု အရာအားလုံးက ပုံမှန်ဖြစ်နေသည်ဖြစ်ရာ ရွှီချင်းက သူ၏ပုံမှန်ဘဝကို သတိထား၍ ပြန်ယူလိုက်ပြီဖြစ်သည်။ ရက်အနည်းငယ်အကြာတွင် ခေါင်းဆောင်ထံမှ အသိပေးစာတစ်စောင်ကို လက်ခံရရှိလိုက်သည်။
ယင်းမှာ ညဉ့်ငှက်စစ်ဆင်ရေးအတွက် ဒုတိယမြောက်ဆုကြေးငွေ ပေးအပ်လိုက်ခြင်း ဖြစ်သည်။
သူ့ကိုလည်း လူဆိုးထိန်းဌာနရှိ ရွှမ်အမှတ်ခြောက်အသင်း၏ လက်ထောက်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သည်။
သူ့လစာသည်လည်း စွမ်းဆောင်မှုရမှတ်သုံးထောင်မှ ခြောက်ထောင်အထိ မြင့်တက်သွားသည်။
“ ရွှီချင်း၊ မင်း ငါ့ကို ကျေးဇူးတင်ရမှာနော်။ ငါသာ အစွမ်းကုန် လုပ်မပေးရန် မင်း ရာထူးတိုးမှာ မဟုတ်ဘူး ”
လူဆိုးထိန်းဌာန၌ ခေါင်းဆောင်က ဘေးတွင်ထိုင်ချလိုက်ပြီး ပန်းသီးတစ်လုံးကို စားရင်း ရွှီချင်းကို ပြုံး၍ ပြောလိုက်သည်။
သူက ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်၏။ ရွှီချင်း၏ ကျင့်ကြံခြင်းအငွေ့အသက်များကို သူ အာရုံခံမိသည်မှာ ထင်ရှားသည်။ သို့သော်လည်း သူက ပြုံးနေဆဲဖြစ်ပြီး ပန်းသီးကို အားရပါးရ စားနေလေသည်။
“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ”
ထိုစကားကို ရွှီချင်း ကြားသောအခါ ပြုံး၍ ပြောလိုက်သည်။ ချီရွှဲ့ထုံဂိုဏ်းသို့ သူ ရောက်ကတည်းက အမူအရာတချို့ကို သင်ယူခဲ့ရပါသော်လည်း လက်တွေ့တွင် အနည်းငယ် သဘာဝမကျသေးပေ။
“ ဒီတော့ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးတစ်ထောင် အကြွေးတင်နေတာ မေ့မနေနဲ့ဦးနော် ”
ခေါင်းဆောင်က ပြုံးရွှင်စွာ ပြောသည်။
ရွှီချင်း၏အပြုံးက ချက်ချင်း ရပ်သွားသည်။
“ ဝိညာဉ်ကျောက်တုံးတစ်ရာပါ။ ကျနော် ခေါင်းဆောင်ကို ပေးပြီးသွားပြီလေ ”
“ အာ … မင်း ပေးပြီးသွားပြီလား။ အိုက်ယား၊ ငါ့မှတ်ဉာဏ်တွေလည်း မကောင်းတော့ဘူး။ ငါ ပြန်မှတ်မိပြီ။ ဟုတ်တယ် ဟုတ်တယ် … ဒါဆို မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးကိုးရာ ပေးရဦးမှာ ”
ခေါင်းဆောင်က နဖူးကို ပိတ်ရိုက်ပြီး မှတ်မိသွားဟန်ဖြင့် ဆိုသည်။ ရွှီချင်းက မျက်နှာပျက်သွားပြီး ညာလက်က ဘေးရှိ သားရေအိတ်ထဲသို့ပင် အလိုလိုရောက်သွားသည်ကို ခေါင်းဆောင်မြင်၍ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြောသည်။
“ ပြိုင်ပွဲမှာ မင်း ဝင်ပြိုင်ဦးမှာလား ”
ရွှီချင်းက စကားမပြောပေ။
“ ရွှီချင်း၊ ငါ မင်းကို ပြောရဦးမယ်ကွ။ ဂိုဏ်းရဲ့အကျင့်တွေကို ငါ နားလည်ရသလောက် ဒီတစ်ခေါက် ပြိုင်ပွဲက မြောက်ဝိညာဉ်မျိုးနွယ်မှာ မဟုတ်လောက်ဘူး ”
ခေါင်းဆောင်က အနည်းငယ် စိတ်လှုပ်ရှားလာဟန်တူသည်။ သူက ကုလားထိုင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လိမ္မော်သီးနှစ်လုံး ထုတ်လိုက်သည်။ တစ်လုံးကို ရွှီချင်းကို ပစ်ပေးပြီးနောက် တစ်လုံးကို အခွံခွာလိုက်ရင်း ပြောလိုက်သည်။
ရွှီချင်းက လိမ္မော်သီးကို ဖမ်းလိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ ငါ ထင်တာတော့ ပိုကြီးတဲ့ လူသားမဟုတ်တဲ့မျိုးနွယ်ရဲ့ ကျွန်းတစ်ကျွန်း ဖြစ်လောက်တယ်။ ပြီးတော့ အဲဒီလူသားမဟုတ်တဲ့မျိုးနွယ်က အင်မတန် ကြွယ်ဝနေရမယ်။ ဒါကြောင့် ဂိုဏ်းက အပြင်လောကကို အာရုံထွေပြားသွားအောင် လျှောက်သတင်းလွှင့်လိုက်တာ ဖြစ်မယ်။ သိပ်မကြာသေးခင်တုန်းက တခြားဌာနက နာမည်ကြီးတဲ့ သွေးဆိုးတဲ့ ဂိုဏ်းသားနည်းနည်းပါးပါးကို ငါ လေ့လာကြည့်ရသလောက် သူတို့တွေအကုန်လုံး တိတ်တိတ်လေး စာရင်းပေးထားကြတယ် ”
ခေါင်းဆောင်သည် စကားပြောနေရင်း ပို၍ စိတ်လှုပ်ရှားလာဟန်တူပြီး မျက်လုံးများသည်ပင် ဝင်းလက်လာဟန်တူသည်။
“ တကယ်တော့ အဲဒီလူညစ်ပတ်တွေက အခြေတည်အဆင့်ဆေးလုံး ဝယ်ဖို့ ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက်ရှိတယ်။ အဲ့ကောင်တွေက ကြိုက်တဲ့အချိန် အဆင့်တက်နိုင်တာတောင် ကျင့်ကြံခြင်းကို ချိုးနှိမ်ပြီး အဆင့်မတက်အောင် လုပ်ထားတာကွ။ ဒီအခွင့်အရေးကို အဲ့ကောင်တွေ စောင့်နေတာ သိသာတယ်။ အဲ့ကောင်တွေက သိပ်အနံ့ခံကောင်းတွေ ခွေးတွေ။ အရင်လတွေကတည်းက အခြေတည်အဆင့်ကို တက်လို့ရတာတောင် မတက်ဘဲနေတော့ ဒီကောင်တွေရဲ့ ရည်ရွယ်ချက်က အဲဒီထက်တောင် မြင့်မှာပဲ။ ဒီတော့ ဒီတစ်ခေါက်ပြိုင်ပွဲက ကျင့်ကြံခြင်းရင်းမြစ်တွေ ရနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးကြီး ဖြစ်လောက်မယ် ”
“ အရင်နှစ်သုံးဆယ်လောက်က ဒီပြိုင်ပွဲကြီးကနေ လူအတော်များများ ကံကောင်းသွားတာကို မင်း သိတယ်မလား။ အဲဒီပြိုင်ပွဲကနေ မိန်းကလေးတစ်ယောက်က ဒုတိယမင်းသမီးဖြစ်သွားတာလို့ ငါ ကြားတာပဲ။ သူ ရခဲ့တဲ့ ပစ္စည်းတွေကို အကြီးအကဲတွေတောင် မနာလိုကြတယ်ဆိုပဲ။ အခြေတည်အဆင့်ဆေးလုံးတင် ရှစ်လုံးလောက် သူ ရသွားတာ ”
“ ပြီးတော့ ဂိုဏ်းထဲက အခြေတည်အဆင့်ကို ရောက်ခါနီးနေပြီဆိုပေမဲ့ ဝိညာဉ်ကျောက်တုံး အလုံအလောက်မရှိသေးတဲ့ လူတော်တော်များများလည်း ဝိညာဉ်ကျောက်တုံးတွေရဖို့ ဒီပြိုင်ပွဲကြီးကို စောင့်ကြည့်နေကြတာကွ ”
“ အနာဂတ်ကောင်းရမယ့် ဒီလိုအခွင့်အရေးကြီးကို မင်း မယူတော့ဘူးလား ”
ခေါင်းဆောင်က ရွှီချင်းကို ပြုံး၍ ကြည့်လိုက်သည်။
ရွှီချင်းက စကားမပြောသေးပေ။ ပြိုင်ပွဲ၏ တည်နေရာနှင့်ပတ်သက်၍ သူ၏မှန်းဆချက်က ခေါင်းဆောင်၏ ယူဆချက်နှင့် တသွေမတိမ်းပင်။ ထို့ပြင် နောက်ဆုံး တိုက်ပွဲမြေပြင်ဖြစ်မည့်နေရာကိုပင် သူ ခန့်မှန်းပြီးသွားပြီ ဖြစ်သည်။
“ ဒီတော့ ဒီတစ်ခေါက် မင်း သွားပြီး ကံကြမ္မာဖန်တီးရမယ်။ မင်းက အခြေတည်အဆင့်ရောက်ဖို့ ရင်းမြစ်ပစ္စည်းတွေပဲ လိုတော့တာ ”
“ အသင်းထဲမှာ လူသစ်လေးတစ်ယောက်လည်း ရှိတယ်ကွ။ ငါ မင်းကို အဲဒီကောင်လေးနဲ့ မိတ်ဆက်ပေးမယ် ”
ခေါင်းဆောင်က ပြောရင်းဆိုရင်း ဂိုဏ်းတံဆိပ်ပြားကို ထုတ်၍ အသံလွှင့်လိုက်သည်။ မကြာခင် အခန်းအပြင်ဘက်မှ ခြေသံသဲ့သဲ့ ထွက်ပေါ်လာသည်ကို ရွှီချင်းနှင့် ခေါင်းဆောင်တို့ ကြားလိုက်ရသည်။
ထို့နောက် တံခါးပွင့်သွားပြီး လူငယ်တစ်ယောက် ပေါ်လာသည်။
ထိုလူငယ်၏ ဆံပင်များက အနည်းငယ် ရှုပ်ပွနေပြီး မျက်နှာလေးက ညစ်ပတ်နေသည်။ သူက ဖောင်းပွနေသော မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ထိုတာအိုဝတ်ရုံအောက်တွင် အနက်ရောင်ခွေးသားရေအနွေးထည်တစ်ထည်ရှိသည်။
မျက်စိကို ဖမ်းစားနိုင်ဆုံးအရာမှာ လူငယ်၏ မျက်လုံးများ ဖြစ်သည်။ သူ့မျက်လုံးများက စူးရှပြတ်သားလွန်းနေ၍ လူသားစစ်စစ်မဟုတ်ဘဲ ဝံပုလွေလိုက်ခွေးကြီးအလား ထင်ရသည်။
ရန်သူကို အချိန်မရွေး ဝါးမျိုပစ်နိုင်သည့်အလား သူ၏ခန္ဓာကိုယ်တွင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထူထပ်သိပ်သည်းစွာ ရှိနေသည်။ အခန်းထဲတွင် ခေါင်းဆောင်နှင့် ရွှီချင်းကို မြင်သောအခါ သူက သွားဖြဲ၍ ပြုံးပြလိုက်ပါသော်ငြား သူ့တွင် လျှာမရှိပေ။
သူက လူအ တစ်ယောက်ပင်။
သို့သော်လည်း ရွှီချင်းက လူအကို ကြည့်လိုက်သည့်အခါ လူအ၏ အပြုံးက တစ်ဝက်တပျက်နှင့် ရပ်သွားပြီး ရွှီချင်း၏ထိုင်ခုံအောက်ရှိ အရိပ်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်လိုက်သည်။ အလွန် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်ကို သူ မြင်နေရသည့်အလား ဆိုးဆိုးဝါးဝါး မျက်နှာပျက်နေသည်။
သူ့တစ်ကိုယ်လုံး တုန်ရီနေပြီး သူ့အသက်ရှူသံများ မြန်ဆန်လာသည်။ သာမန်လူတစ်ယောက်က နတ်ဘုရားတစ်ပါးကို မြင်တွေ့နေရသည့်အလားပင်။
အခန်းတစ်ခန်းလုံး ချက်ချင်းပင် ငြိမ်ကျသွားသည်။