← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း ၂၇၃ - ချက်ချင်း သတ်ဖြတ်ခြင်း

"ဟွမ့်သွမ်... မင်း ကူညီနိုင်တယ် မဟုတ်လား..."

ရှန်းယွီက ဇီယုံထံသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရချိန်တွင် ဝူယိတောက်၏ အမူအရာမှာ တည်ကြည်လေးနက်သွားပြီး ဟွမ့်သွမ်ကို လှမ်းပြောလိုက်သည် ။

ဟွမ့်သွမ်၏ ထွက်ပေါ်လာခြင်းနှင့်အတူ အပြင်ဘက်ရှိ အရာအားလုံးမှာ ရပ်တန့်သွားခဲ့သည်။ နတ်ဘုရား အရှင်သခင်အဆင့်ရှိ စွမ်းအားကို ပိုင်ဆိုင်ထားသူအဖို့ သေးငယ်သော အထက်ကမ္ဘာတွင် အချိန်စီးဆင်းမှုကို ရပ်တန့်ရန်မှာ အလွန်လွယ်ကူလှပေသည်။

"သေချာတာပေါ့... လှုပ်ရှားမှု တစ်ချက်တည်းနဲ့ သူ့ကို ငါ ချက်ချင်း သတ်ပစ်နိုင်တယ်..."

ဟွမ့်သွမ်က ရှန်းယွီကို မထင်မဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒါဆို မင်း ဘာစောင့်နေတာလဲ..."

ဝူယိတောက်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

"ဒါပေမဲ့ မင်းရဲ့ ကိုယ်ပိုင်လက်နဲ့ သူ့ကို သတ်တာကိုပဲ ငါ ပိုသဘောကျတယ်..."

"ငါလား... ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် အင်မော်တယ် အရှင်မြတ်အဆင့်အထိ ကျင့်ကြံဖို့ အနည်းဆုံး အနှစ်တစ်ထောင် ကြာလိမ့်မယ်..."

ဤသည်ကို ကြားချိန်တွင် ဝူယိတောက်က မျက်မှောင်ကြုတ်သွားပြီး ပြောဆိုလိုက်သည်။

ဟွမ့်သွမ်က ခေါင်းခါလိုက်ပြီး ။

"ဒါဆိုရင်လည်း ကျွန်မရဲ့ စွမ်းအားတွေကို ရှင့်ကို ခဏငှားပေးမယ်..." ဟု ဆိုကာ သူမ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

အလွန်သန့်စင်သော စွမ်းအားတစ်ခုသည် ဟွမ့်သွမ်၏ ခန္ဓာကိုယ်မှ ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။

ဝူယိတောက်၏ နယ်ပယ်သည်လည်း ဤအချိန်တွင် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ အင်မော်တယ်ဘုရင် နှောင်းပိုင်းအဆင့်၊ အထွတ်အထိပ်အဆင့်၊ ထို့နောက် အင်မော်တယ် အရှင်မြတ် အဆင့်များကို ကျော်ဖြတ်သွားပြီး နောက်ဆုံးတွင် 'အင်မော်တယ် မဟာဧကရာဇ်' ကနဦးအဆင့်တွင် ဖြည်းညင်းစွာ ရပ်တန့်သွားလေ၏။

"ဒါက..." ဝူယိတောက်မှာ မယုံနိုင်စွာဖြင့် ပြောဆိုလိုက်သည်။

ဟွမ့်သွမ်က လက်ကိုဝှေ့ယမ်းကာ ရှင်းပြလိုက်သည်။

"ဒါက သေးငယ်တဲ့ လျှို့ဝှက်နည်းလေးတစ်ခုပါပဲ ၊ ဒီစွမ်းအားက ယာယီပဲ ၊ အလင်းရောင်သိမ်းငှက်ကို သတ်ပြီးတာနဲ့ စွမ်းအားတွေက အလိုအလျောက် ပြန်ပျောက်သွားလိမ့်မယ်..."

ဤသည်ကို ကြားချိန်တွင် ဝူယိတောက်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း အလျင်အမြန်ပင် စိတ်ပြန်တည်ငြိမ်သွားသည်။

သူသည် အလွန်အမင်း မြန်ဆန်စွာ ကြီးထွားလာရသည့် ခံစားချက်ကိုလည်း မနှစ်သက်ချေ။ သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့်သို့ ခိုင်မာစွာ ချိုးဖောက်ဝင်ရောက်နိုင်မှသာ သူ ပိုမို စိတ်သက်သာရာ ရပေလိမ့်မည်။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဝူယိတောက်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားသစ်ကို ထိန်းညှိလိုက်ပြီး ရှန်းယွီ၏ ရှေ့၌ ချက်ချင်း ပေါ်လာခဲ့သည်။

ရှန်းယွီတစ်ယောက် မတုံ့ပြန်နိုင်မီမှာပင် လက်သီးတစ်ချက်တည်းဖြင့် သူ့ကို အပြတ်သတ်လိုက်လေသည်။

ရှန်းယွီကို သတ်ဖြတ်ပြီးနောက် ဝူယိတောက်သည် သူ၏ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဤအရာအားလုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှန်းယွီကို သတ်ဖြတ်ခဲ့သူမှာ ဝူယိတောက် ဖြစ်ကြောင်း မည်သူမျှ သတိမပြုမိခဲ့ကြချေ။

အင်မော်တယ်ဘုရင် နှောင်းပိုင်းအဆင့်သာ ရှိသေးသော ဝူယိတောက်တွင် အင်မော်တယ် မဟာဧကရာဇ်ကို ချက်ချင်း သတ်ပစ်နိုင်သည့် စွမ်းအားရှိသည်ဟု မည်သူက ယုံကြည်မည်နည်း။

ထို့အပြင် ရှန်းယွီကို သတ်ဖြတ်ပြီးနောက် ဝူယိတောက်၏ နယ်ပယ်မှာ တဟုန်ထိုး ကျဆင်းသွားပြီး မူလအဆင့်သို့ ပြန်လည်ရောက်ရှိသွားရာ သဲလွန်စများကို ရှာတွေ့ရန်မှာ ပို၍ပင် ခက်ခဲသွားခဲ့သည်။

အခြားတစ်ဖက်တွင် ဝူဟောက်သည် မိမိ၏ ကျင့်ကြံခြင်းအဆင့်မှာ 'နတ်ဘုရား အလယ်အလတ်အဆင့်' မှ 'စစ်မှန်နတ်ဘုရား အထွတ်အထိပ်အဆင့်' သို့ တဟုန်ထိုး တက်သွားသည်ကို ကြည့်ကာ တိတ်ဆိတ်သွားခဲ့သည်။

"ဒါဆို... ကျင့်ကြံခြင်းအဆင့်ကို ယာယီ မြှင့်တင်ပေးတဲ့ လျို့ဝှက်နည်းအတတ်ကို သုံးတာကလည်း ငါ့ရဲ့ စွမ်းအားကို အမြဲတမ်း တိုးလာစေနိုင်တာပေါ့..."

အချိန်အတော်ကြာပြီးနောက် ဝူဟောက် ဤသို့ ကောက်ချက်ချလိုက်သည်။ သူသည် နောက်မျိုးဆက်များကို မထိခိုက်စေမည့် လျှို့ဝှက်နည်းအတတ်များ သို့မဟုတ် ဝင်္ကပါများကို အသုံးပြု၍ သူတို့၏ နယ်ပယ်ကို ယာယီ မြှင့်တင်ရန် ကြိုးစားနိုင်ပေတော့မည်။

ထိုအတွေးဖြင့် ဝူဟောက်သည် စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် မဟာဝင်္ကပါတစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ကျွန်းသို့ ချက်ချင်း ပြန်သွားလေသည်။

အခြားတစ်ဖက်တွင် ဆယ်စက္ကန့်အချိန် ကုန်ဆုံးသွားပြီး ဇီယုံ၏ အာရုံများ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် ရှန်းယွီ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် ဇီယုံ၏ အမူအရာမှာ အလွန်တည်ကြည် လေးနက်သွားခဲ့သည်။

"ရှန်းယွီက ဒီသိုင်းကွက်ကို သုံးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ငါ့ကို တိုက်ခိုက်မယ့်အစား ထွက်ပြေးသွားတာလား..."

ဇီယုံ၏ အမြင်တွင် ရှန်းယွီသည် ဤသိုင်းကွက်ကို ထုတ်လွှတ်ပြီးနောက် ထွက်ပြေးသွားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ အင်မော်တယ် မဟာဧကရာဇ်ကို ဆယ်စက္ကန့်အတွင်း သတ်နိုင်မည်ဟု သူမ မယုံကြည်သောကြောင့်ဖြစ်ပြီး ၊ ထို့အပြင် မည်သူကမျှ လှုပ်ရှားရန် အကြောင်းပြချက် မရှိပေ။

ဇီယုံ အနည်းငယ် အံ့အားသင့်သွားသော်လည်း နောက်ဆုံးတွင် သိပ်ပြီး မသင်္ကာမဖြစ်ခဲ့ချေ။ သူမသည် မျက်စိကန်းနေသေးသော ဇီလဲ့နှင့် အခြားသူများကို အလျင်အမြန် ကူညီပေးလိုက်သည်။

စွမ်းအားကွာဟချက်ကြောင့် အင်မော်တယ် အရှင်မြတ်အဆင့်များသည် ပြန်လည်ကောင်းမွန်ရန် ရက်အတော်ကြာ အချိန်ယူရနိုင်ပေသည်။

ရှန်းယွီသည် ထိုသိုင်းကွက်ကို အသုံးပြုပြီးနောက် အမှန်တကယ် ထွက်ပြေးသွားခဲ့ကြောင်း ဇီယုံထံမှ သိလိုက်ရသဖြင့် ဇီလဲ့နှင့် အခြားသူများမှာ အလွန်အမင်း အံ့ဩသွားကြသည်။

မဟာအကြီးအကဲက ခေတ္တစဉ်းစားပြီးနောက် ကောက်ချက်တစ်ခု ချလိုက်သည်။

"ရှန်းယွီက မျိုးနွယ်စု ခေါင်းဆောင်ဆီမှာ တခြား လျှို့ဝှက်ဖဲချပ်တွေ ရှိနေမှာကို စိုးရိမ်နေတာ ဖြစ်မယ်၊ အဲဒီသိုင်းကွက်က သူ့ရဲ့ အစွမ်းအထက်ဆုံး လျှို့ဝှက်ဖဲချပ် ဖြစ်နေမှာပေါ့၊ တကယ်လို့ မျိုးနွယ်စု ခေါင်းဆောင်ဆီမှာ တခြား လျှို့ဝှက်ဖဲချပ်တွေ ရှိနေသေးရင် သူ ဒီနေ့ ဒီမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ သူ တွက်လိုက်တာ ဖြစ်မယ်..."

"ဒါ့အပြင် အစောပိုင်း အခြေအနေအရ ကြည့်ရင် ရှန်းယွီက မျိုးနွယ်စု ခေါင်းဆောင်ကို လုံးဝ မယှဉ်နိုင်ဘူး။ တကယ်လို့ ဒီနေ့သာ သူ သေသွားရင် အလင်းရောင်သိမ်းငှက်မျိုးနွယ်က လုံးလုံးလျားလျား ဖျက်ဆီးခံရမှာကို သူ ကြောက်သွားပုံရတယ်..."

မဟာအကြီးအကဲ၏ စကားကို ကြားချိန်တွင် လူတိုင်း မှန်ကန်ကြောင်း သဘောပေါက်သွားကြသည်။

"အတိုချုပ်ပြောရရင် ဒီနေ့တော့ အလင်းရောင်သိမ်းငှက်မျိုးနွယ်ဘက်က ငြိမ်သွားလောက်ပြီ ၊ ရှန်းယွီက သူ့ပိုင်နက်ကို ပြန်ရောက်သွားရင်တောင် ဒဏ်ရာတော်တော်ရသွားလောက်ပြီ ဆိုတော့ လောလောဆယ်တော့ ငါတို့ဆီ ပြန်လာမှာ မဟုတ်ဘူး..."

ဇီယုံက တည်ကြည်စွာ ပြောဆိုလိုက်သည်။

ထိုအချိန်တွင် ဝူယိတောက်က စကားပြောလာခဲ့သည်။

"လူကြီးမင်းတို့... ဟင်းလင်းပြင် တည်ငြိမ်မှု မဟာဝင်္ကပါ တည်ဆောက်ပြီးပါပြီ၊ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်းဟာ တစ်နှစ်လောက်အတွင်းမှာ တည်ငြိမ်သွားပါလိမ့်မယ်”

“ အဲဒီအချိန်ကျရင် အထက်ကမ္ဘာကနေ ထွက်သွားလို့ ရပါပြီ၊ ဒါပေမဲ့ အဲဒီလမ်းက အရမ်း အန္တရာယ်များတယ်၊ အထဲက မိစ္ဆာသားရဲတွေရဲ့ အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်က အင်မော်တယ် အရှင်မြတ်အဆင့်မှာ ရှိတယ် ၊ ဒါကြောင့် အဲဒီအဆင့်အောက် ရှိသူတွေ မဝင်ဖို့ အကြံပြုပါရစေ..."

ဤသည်ကို ကြားချိန်တွင် မဟာအကြီးအကဲနှင့် အခြားသူများသည် ဝမ်းသာသွားကြသော်လည်း အန္တရာယ်များကို သတိထားမိကာ အမူအရာများမှာ တည်ကြည်သွားပြန်သည်။

အတန်ကြာပြီးနောက် မဟာအကြီးအကဲက ဆိုလေသည်။

"အထက်ကမ္ဘာမှာ အခွင့်အရေးသစ်တွေ မကျန်တော့ဘူး၊ ငါတို့ မဟာဧကရာဇ်အဆင့်ကို တက်ချင်ရင် တခြားထွက်ပေါက်တစ်ခု ရှာရမယ်။ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်းက အန္တရာယ်များပေမဲ့ အခု တခြားနည်းလမ်း မရှိတော့ဘူး..."

ဇီယုံကလည်း သူတို့ကို မတားဆီးခဲ့ချေ။ ထိုအချိန်တွင် ဝူယိတောက်က တောင်းဆိုလိုက်သည်။

"လူကြီးမင်းတို့... ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်းကနေ ထွက်သွားဖို့ စီစဉ်ထားတယ်ဆိုရင် ကျွန်တော့်ကိုပါ တစ်ခါတည်း ခေါ်သွားပေးပါ..."

"မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မင်းကို ငါတို့ စောင့်ရှောက်ဖို့ ခက်ခဲလိမ့်မယ်..."

မဟာအကြီးအကဲက ဝူယိတောက်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်သော်လည်း သူ၏ လေသံမှာ အရင်ကလောက် မထင်မဲ့မြင် ပြုနေခြင်း မရှိတော့ချေ။

"အဲဒီလိုဆိုရင် ကျွန်တော့်ကို အနှစ်တစ်ရာလောက် အချိန်ပေးရင်ရော ဘယ်လိုလဲ အနှစ်တစ်ရာ အတွင်းမှာ ကျွန်တော် အင်မော်တယ် အရှင်မြတ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်တယ် ပြီးရင် ခင်ဗျားတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ပါဘူး..."

ဝူယိတောက်၏ စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ သို့သော်လည်း အင်မော်တယ်ဘုရင် ကနဦးအအဆင့်မှ နှောင်းပိုင်းအဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့သည့် ဝူယိတောက်၏ ပါရမီကြောင့် သူတို့ မငြင်းရဲကြချေ။

အတန်ကြာပြီးနောက် ဇီယုံက ဝင်ရောက်‌ဆုံးဖြတ်ပေးလိုက်သည်။

"ကောင်းပြီ... မဟာအကြီးအကဲ... ဝူယိတောက်သာ မရှိရင် ဒီလမ်းက တည်ငြိမ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ့ကို ခေါ်သွားလိုက်ပါ..."

နောက်ဆုံးတွင် သူတို့သည် အနှစ်တစ်ရာ ပြင်ဆင်ရန် သဘောတူညီခဲ့ကြပြီး အနှစ်တစ်ရာအကြာတွင် အထက်ကမ္ဘာမှ တိုက်ရိုက် ထွက်ခွာကြမည်ဖြစ်သည်။ ရာစုနှစ်တစ်ခု ဆိုသည်မှာ အင်မော်တယ် အရှင်မြတ်အဆင့်သို့ တက်လှမ်းရန် လုံလောက်သော အချိန်ဖြစ်သည်။

ဝူယိတောက်က မိမိဘာသာ တွေးတောလိုက်၏။

"အင်မော်တယ် အရှင်မြတ်အဆင့်ကို ရောက်မှ ဝင်ဖို့ ဆုံးဖြတ်တာက ဖရိုဖရဲ ခေါင်းလောင်းရဲ့ စွမ်းအားကို အလွန်အကျွံ အားမကိုးချင်လို့ပဲ၊ ကိုယ်ပိုင် စွမ်းအားကို အသုံးပြုတာကမှ စစ်မှန်တဲ့ စွမ်းအားကြီးသူတစ်ယောက်ရဲ့ လမ်းကြောင်းပဲ..."

အခန်း ၂၇၄ - အလင်းရောင်သိမ်းငှက်မျိုးနွယ် အကျပ်ရိုက်ခြင်း၊ ရှန်းယွီ အမှန်တကယ် သေဆုံးသွားပြီလား

ဤအချိန်တွင် အလင်းရောင်သိမ်းငှက်မျိုးနွယ်၏ ပိုင်နက်အတွင်း၌ အလင်းရောင်သိမ်းငှက်များ အားလုံး မှင်သက်နေကြပြီး ငြိမ်းသွားပြီဖြစ်သော ရှန်းယွီ၏ 'ဝိညာဉ်မီးအိမ်' ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်နေကြသည်။

အတန်ကြာပြီးနောက် အားလုံး စုပေါင်းငိုကြွေးလိုက်ကြသည်။

"မဟုတ်ဘူး... မျိုးနွယ်စု ခေါင်းဆောင်..."

မကြာမီကမှ တိုက်ပွဲသို့ ထွက်ခွာသွားစဉ် မျိုးနွယ်စုခေါင်းဆောင်၏ ယုံကြည်ချက်အပြည့်ဖြင့် ပြောခဲ့သော စကားများကို သူတို့ ကြားယောင်နေကြဆဲ ဖြစ်သည်။

"ငါ အလင်းရောင်သိမ်းငှက်မျိုးနွယ်ရဲ့ သိုင်းကွက်ကို အပြည့်အဝ ကျွမ်းကျင်သွားပြီ။ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်က ငါ့အတွက် ဘာမှမဟုတ်ဘူး၊ ငါတစ်ယောက်တည်းနဲ့ သူတို့ကို အနိုင်ယူပြမယ် သတင်းကောင်းကိုသာ စောင့်နေကြ..."

သူတို့သည် မျိုးနွယ်စုခေါင်းဆောင်ထံမှ သတင်းကောင်းကိုသာ စောင့်မျှော်နေခဲ့ကြသော်လည်း ၊ ယခုကဲ့သို့ ထာဝရခွဲခွာသွားရမည့် ကြေကွဲဖွယ်သတင်းနှင့် ရင်ဆိုင်ရမည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

သို့သော် ဝမ်းနည်းနေရုံနှင့် မပြီးပေ။ မကြာမီ မဟာအကြီးအကဲ က ရှေ့ထွက်လာပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။

"အားလုံး နားထောင်ကြ။ အခု မျိုးနွယ်စုခေါင်းဆောင် အသတ်ခံလိုက်ရပြီဆိုတော့ ငါတို့မှာ အင်မော်တယ်မဟာဧကရာဇ် တစ်ဦးမှ မရှိတော့ဘူး၊ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်က ဒီအခွင့်အရေးကို သုံးပြီး ငါတို့ကို အမြစ်ဖြတ် တိုက်ခိုက်လာနိုင်တယ်..."

"ဒါကြောင့် ငါတို့ရဲ့ အကောင်းဆုံးရွေးချယ်မှုကတော့ မျိုးနွယ်စုတစ်ခုလုံး ပြောင်းရွှေ့ဖို့ပဲ၊ ငါတို့ဆီက နောက်ထပ် အင်မော်တယ်ဧ မဟာကရာဇ်တစ်ပါး ပေါ်မလာမချင်း သူတို့ ရှာမတွေ့နိုင်တဲ့နေရာမှာ ပုန်းနေကြရမယ်..."

မဟာအကြီးအကဲ၏ စကားကို ကြားချိန်တွင် သူတို့ သည် ကန့်ကွက်ချင်ခဲ့သော်လည်း လက်ရှိအခြေအနေအရ မည်သို့မှ မတတ်နိုင်သဖြင့် သက်ပြင်းချကာ မျိုးနွယ်စုတစ်ခုလုံး ပြောင်းရွှေ့ရန် ပြင်ဆင်ကြတော့သည်။

မကြာမီ ထိုသတင်းသည် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်ထံသို့ ရောက်ရှိသွားသည်။ ဇီယုံသည် မိမိမျိုးနွယ်ဝင်များကို စုဝေးစေပြီး ထိုသတင်းကို ကြေညာလိုက်သည်။

"ထင်တဲ့အတိုင်းပဲ... ရှန်းယွီ အခု ဒဏ်ရာရနေပြီ၊ ငါတို့က သူ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်မှာကို သူ ကြောက်နေလို့ မျိုးနွယ်စုတစ်ခုလုံးနဲ့ အဝေးကို ပြောင်းပြေးတာပဲ..."

"ဒါဆို မျိုးနွယ်စုခေါင်းဆောင်... အမိန့်ပေးလိုက်ပါ၊ အခုက အလင်းရောင်သိမ်းငှက်မျိုးနွယ်ကို အစအနမကျန် အမြစ်ဖြတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ..."

အကြီးအကဲများအားလုံးက ဇီယုံကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ကြသည်။

ဇီယုံသည် ပြတ်သားပြီး ရက်စက်သော စိတ်နေသဘောထား ရှိသူဖြစ်ရာ ချက်ချင်းပင် အမိန့်ချမှတ်လိုက်သည်။

"ငါ့အမိန့်ကို နားထောင်ကြ။ အင်မော်တယ်အရှင်မြတ် အဆင့်နဲ့ အထက်မှာ ရှိတဲ့သူတွေအားလုံး စုဝေးပြီး သူတို့ကို လုံးလုံးလျားလျား ရှင်းလင်းပစ်လိုက်..."

"ဟုတ်ကဲ့ပါ မျိုးနွယ်စုခေါင်းဆောင်..."

မဟာအကြီးအကဲနှင့် အခြားသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

အလင်းရောင်သိမ်းငှက်မျိုးနွယ်သည် ယခင်က သူတို့ကို ကြီးမားသော ထိုးနှက်ချက်များ ပေးခဲ့ဖူးသဖြင့် ယခုအခါ ကလဲ့စားချေရန် အကောင်းဆုံးအချိန် ဖြစ်သည်။

အခြားတစ်ဖက်တွင် ဝူယိတောက်သည်လည်း ထိုသတင်းကို သိရှိခဲ့သော်လည်း ထိုနေရာသို့ လိုက်သွားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ယခု သူ၏ အဓိကတာဝန်မှာ တံခါးပိတ်ကျင့်ကြံပြီး အင်မော်တယ်အရှင်မြတ် နယ်ပယ်သို့ ရောက်ရှိရန် ကြိုးပမ်းရန်သာ ဖြစ်သည်။

ထို့အပြင် ရှန်းယွီ သေဆုံးသွားပြီဖြစ်ကြောင်း သူ သိထားသဖြင့် ဇီယုံ တစ်ယောက်တည်းဖြင့်ပင် အလင်းရောင်သိမ်းငှက်မျိုးနွယ်ကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဟု သူ ယုံကြည်သည်။

ဇီယုံသည် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်၏ အထက်တန်းလွှာ စစ်သည်များကို ဦးဆောင်ကာ ထွက်ပြေးနေကြသော အလင်းရောင်သိမ်းငှက်မျိုးနွယ်ကို လမ်းခုလတ်၌ ကြားဖြတ်တိုက်ခိုက်လေတော့သည်။

" ကွမ်ချန် ရပ်လိုက်တော့ ငါတို့မျိုးနွယ်နှစ်ခုကြားက ရန်ငြိုးကို ဒီနေ့ပဲ အပြီးသတ်ကြရအောင်..."

မဟာအကြီးအကဲက အလင်းရောင်သိမ်းငှက်မျိုးနွယ်၏ မဟာအကြီးအကဲကို ကြည့်ကာ ပြောလိုက်သည်။

ဤအချိန်တွင် ကွမ်ချန်၏မျက်နှာအမူအရာမှာ အလွန်ပျက်ယွင်းနေသည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဇီယုံကို ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် ဇီ... ငါတို့ စွမ်းအားကြီးသူတွေကြားက ရန်ငြိုးမှာ မျိုးဆက်သစ်တွေကို ဘာလို့ ပါဝင်ပတ်သက်စေချင်ရတာလဲ..."

"ဒီနေ့ ငါတို့ အလင်းရောင်သိမ်းငှက်မျိုးနွယ်ရဲ့ အင်မော်တယ်အရှင်မြတ်တွေအားလုံး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး သေပေးမယ်။ ကျန်ခဲ့တဲ့ မျိုးဆက်သစ်တွေက ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်ကို ဘယ်တော့မှ ပြန်မတိုက်ပါဘူးလို့ 'ကောင်းကင်တာအိုသစ္စာဆိုခြင်း' နဲ့ ကျိန်ဆိုပေးရင်ရော.... အဲဒါဆိုရင် လုံလောက်ပြီလား ၊ ခင်ဗျားတို့လည်း လက်ဖျားနဲ့တောင် မထိရဘဲ အေးဆေးဖြစ်သွားတာပေါ့..."

ကွမ်ချန်၏ စကားကို ကြားချိန်တွင် အလင်းရောင်သိမ်းငှက်မျိုးနွယ်မှ အခြားအင်မော်တယ် အရှင်မြတ်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

"မဟာအကြီးအကဲ... ခင်ဗျား ဘာကို ကြောက်နေတာလဲ တိုက်ကြတာပေါ့၊ ငါတို့ဆီမှာလည်း အင်မော်တယ်အရှင်မြတ်တွေ အများကြီး ရှိတာပဲ၊ တိုက်ရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်..."

သို့သော် အနည်းငယ်သော သူများသာ ကန့်ကွက်ကြပြီး အများစုမှာ တိတ်ဆိတ်နေကြသည်။ အကြောင်းမှာ မဟာဧကရာဇ်အဆင့်ရှိသော ဇီယုံကို သူတို့ မည်သို့မှ မယှဉ်နိုင်ကြောင်း သိနေကြသောကြောင့် ဖြစ်သည်။

သူတို့၏ သေဆုံးမှုက မျိုးနွယ်စုကို ကယ်တင်နိုင်မည်ဆိုပါက တန်ဖိုးရှိသော စတေးမှုဟု ယူဆနေကြသည်။

ထိုအချိန်တွင် ကွမ်ချန်က ဟိန်းဟောက်လိုက်သည်။

"အခြေအနေကို မမြင်ကြဘူးလား၊ ခေါင်းမာမာနဲ့ ခုခံနေရင် မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးသွားလိမ့်မယ်..."

"ငါ ဂရုမစိုက်ဘူး... ငါ အသက်ရှင်ချင်တာပဲ သိတယ်..."

အင်မော်တယ်အရှင်မြတ် အလယ်အလတ်အဆင့်ရှိသော အလင်းရောင်သိမ်းငှက်တစ်ဦးက ထွက်ပြေးရန် ကြိုးစားသော်လည်း ကွမ်ချန်၏ ဓားချက်ဖြင့် ချက်ချင်း အသတ်ခံလိုက်ရသည်။

ဤသည်ကို မြင်သောအခါ ကျန်ရှိနေသူများမှာ ယနေ့ ကျိန်းသေပေါက် သေဆုံးရတော့မည်ကို သဘောပေါက်သွားကြသည်။

ကွမ်ချန်က ဇီယုံဘက်သို့ လှည့်ကာ မေးလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် ဇီ... ကျွန်တော့်အကြံပြုချက်ကို ဘယ်လိုမြင်လဲ..."

"အင်း... မင်းရဲ့ အကြံပြုချက်က တော်တော်ကောင်းပါတယ်၊ ဒါပေမဲ့ ငါ သိချင်တာက ရှန်းယွီကရော ဘယ်လိုနေလဲ..."

ဇီယုံက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

ဤသည်ကို ကြားချိန်တွင် ကွမ်ချန်၏ အမူအရာမှာ ပိုမိုဆိုးရွားသွားကာ ပြန်ပြောလိုက်သည်။

"ဘာလို့ ကျွန်တော့်ကို လှောင်ပြောင်နေရတာလဲ၊ မျိုးနွယ်စုခေါင်းဆောင်က ခင်ဗျားရဲ့လက်ချက်နဲ့ သေသွားတာ မဟုတ်ဘူးလား..."

"ဘာ... ရှန်းယွီ သေသွားပြီလား..."

ဇီယုံနှင့် သူမ၏ နောက်ကွယ်ရှိ မဟာအကြီးအကဲတို့ အံ့အားသင့်သွားကြသည်။

ရှန်းယွီကို ဇီယုံ မသတ်ခဲ့ကြောင်း သူတို့ အသိဆုံးဖြစ်သည်။ သို့သော် ကွမ်ချန်၏ အမူအရာမှာ လိမ်နေပုံ မရပေ။

"ရှန်းယွီကို ငါ မသတ်ခဲ့ပါဘူး။ တကယ်လို့ ရှန်းယွီ သေသွားပြီဆိုရင် မင်းတို့ ကောင်းကင်တာအိုသစ္စာဆိုခြင်းနဲ့ ကျိန်ဆိုရဲလား..."

ဇီယုံက မေးလိုက်သည်။

ကွမ်ချန်သည် သံသယဖြစ်သွားသော်လည်း မျိုးနွယ်စုခေါင်းဆောင်၏ 'ဝိညာဉ်မီးအိမ်' မှာ အမှန်တကယ် ငြိမ်းသွားခဲ့ပြီဖြစ်ရာ တွေဝေမနေတော့ဘဲ ကျိန်ဆိုလိုက်သည်။

ထိုအခါမှသာ ဇီယုံသည် ရှန်းယွီ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း ယုံကြည်သွားလေသည်။

သို့သော် ယခု ပို၍ ထူးဆန်းသွားသည်မှာ ရှန်းယွီကို မည်သူက သတ်ဖြတ်ခဲ့သနည်း ဆိုသော အချက်သာပင်။

All Chapters