အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း(၄၅)
အဲဒီအချိန်မှာ မာရူးက အိမ်သာမှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်နေမိတယ်။
‘ဒါပေမဲ့ သရုပ်ဆောင်တာကို စွဲလမ်းသွားတဲ့သူတွေကျတော့ ခံစားချက်ချင်း မတူတော့ဘူး။ သူတို့က ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားကြရတာ။’
ဂွန်ဆူရဲ့ စကားလုံးတွေက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတုန်းပဲ။
ရင်ခုန်စိတ်လှုပ်ရှားမှု တဲ့လား။
မာရူးက သူ့ရင်ဘတ်ပေါ် လက်တင်ကြည့်လိုက်တယ်။ နှလုံးခုန်သံကတော့ အေးအေးဆေးဆေးပါပဲ။ သူ့အလုပ်သူ တည်တည်ငြိမ်ငြိမ်လေး လုပ်နေသလိုမျိုးပေါ့။
“ရင်ခုန်စိတ်လှုပ်ရှားမှု ...”
သူ ခဏလောက် ပြန်စဉ်းစားကြည့်မိတယ်။ အထက်တန်းကျောင်းတုန်းက သူ့ကို ရင်ခုန်အောင် လုပ်နိုင်ခဲ့တဲ့ အရာတစ်ခုခု ရှိခဲ့လား။
‘ဘတ်စကက်ဘော၊ ဗီဒီယိုဂိမ်း ... ပြီးတော့ ရံဖန်ရံခါ စာမေးပွဲအမှတ်ကောင်းတာမျိုးပေါ့။ မုန့်ဖိုးရတဲ့ အချိန်တွေရောလား’
သေချာတာကတော့ အဲဒီအရာတွေက အဲဒီအချိန်တုန်းက သူ့ကို တက်ကြွအောင် လုပ်ပေးနိုင်ခဲ့တာပါပဲ။ အချိုရည်တစ်ဘူးအတွက်နဲ့ ဘတ်စကက်ဘောပွဲ နိုင်လိုက်တာက တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းခဲ့သလို၊ ဂိမ်းထဲမှာ ရှားပါးပစ္စည်းတစ်ခု ရလိုက်တာကလည်း တကယ့်ကို ကျေနပ်စရာကောင်းခဲ့တာလေ။
အဲဒါတွေက သူ့ကို ရင်ခုန်စေခဲ့တဲ့ အရာတွေပေါ့။
ဒါပေမဲ့ အခုကော ဘာမှမရှိတော့ဘူး။ ခံစားချက်တွေအပေါ် ထုံထိုင်းသွားသလိုမျိုးတောင် ခံစားနေရတယ်။ ဒီနေ့လည်း မှန်ထဲက မာရူးက ဘာကိုမှ စိတ်မဝင်စားတဲ့ အေးစက်စက် မျက်နှာပေးနဲ့ပဲ။ အရင်ဘဝက အထက်တန်းကျောင်းသား မာရူးက ဘယ်လို အမူအရာမျိုးတွေ လုပ်ခဲ့ပါလိမ့်။
ရံဖန်ရံခါ ပြုံးတတ်အောင် ကျင့်ယူနေရတဲ့ အခြေအနေအထိ ရောက်နေပြီ။ အချိန်တွေက မာရူးအပေါ်မှာ သိပ်ပြီး ကြင်နာခဲ့ပုံမရဘူး။
မိနစ်အနည်းငယ်လောက် ငေးကြည့်နေပြီးမှ မာရူး မှန်ရှေ့ကနေ ထွက်လာခဲ့တယ်။ ပြန်သွားဖို့ အချိန်တန်ပြီလေ။ ဝတ်စုံပြည့်လေ့ကျင့်ခန်းက မကြာခင် စတော့မှာ။ တကယ်တော့ မာရူး သူ့နေရာကို ပြန်ရောက်တာနဲ့ မီဆိုက အချက်ပြပြီး စခိုင်းလိုက်တော့တာပဲ။
“ပရိသတ်တွေ အကုန် ငြိမ်သွားကြပြီ။ မီးတွေလင်းလာမယ်၊ ပြီးတော့ တီဗီသံတွေ စထွက်လာမယ်"
မီဆိုက စပီကာကနေတစ်ဆင့် တီဗီအသံတွေကို ဖွင့်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဂျောင်ချန်ဟူးက ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး၊ မင်းဆောင်က အခန်းထဲကို ဝင်လာခဲ့တယ်။ ပထမပိုင်း စပြီ။
* * * * * * * * *
အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ဇာတ်ကောင်တွေကြားက တင်းမာမှုတွေကလည်း တဖြည်းဖြည်း မြင့်တက်လာတယ်။ မကြာခင်မှာပဲ ပထမနှစ် သရုပ်ဆောင်တွေ အားလုံးက ကုန်စုံဆိုင်ရှေ့ကို ရောက်လာကြတယ်။
ပတ်ဒေးမြောင်က လျော့တိလျော့ရဲ ဖြစ်နေတဲ့ နက်ကတိုင်နဲ့အတူ ဝင်လာခဲ့တယ်။ သူ ဆိုင်ဘေးနားကို လျှောက်သွားရင်း ထောင့်မှာ ဆေးလိပ်သောက်နေတဲ့ ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရတယ်။
အဖွဲ့လိုက် စကားစပြောကြပြီ။
တေဂျွန်းက စိတ်ပျက်နေတဲ့ မျက်နှာပေးနဲ့ ပထမဆုံး ပေါက်ကွဲထွက်လာတယ်။ ဒိုဂျင်ကလည်း အလားတူ အမူအရာနဲ့ပဲ ရှေ့ကို တိုးလာတယ်။ သူတို့တွေ တော်တော်လေး လေ့ကျင့်ထားကြမှန်း သိသာလှပါတယ်။
စကားပြောပုံတွေက သဘာဝကျတယ်။ ပြီးတော့ ပတ်ဒေးမြောင်ကလည်း တကယ့်ကို အေးအေးဆေးဆေးရှိလှတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်လို ဖြစ်နေတာ။ သူက ဒိုဂျင်ကို ရန်မဖြစ်အောင် တားနေရင်းနဲ့မှ ကျောင်းသားတွေက သူ့ကိုပါ ပစ်မှတ်ထားလာတဲ့အခါမှာတော့ သူပါ ပေါက်ကွဲထွက်သွားတော့တာပဲ။
တကယ်တော့ အဲဒီကောင်လေးက လမ်းပေါ်မှာ တွေ့ရတတ်တဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်နဲ့တောင် တူနေသေးတယ်။
“သူ တော်သားပဲ” လို့ ဂွန်ဆူက တိုးတိုးလေး ပြောလိုက်တယ်။
မာရူးလည်း ဒါကို လက်ခံရမှာပဲ။ ပတ်ဒေးမြောင်က မထင်မှတ်ထားလောက်အောင် သရုပ်ဆောင်တာ ကောင်းလွန်းနေတာကိုး။
‘ဒါပေမဲ့ ဟောင်ဂွန်ဆော့ကတော့ တကယ်ကို ထင်ပေါ်နေတာပဲ’
ပတ်ဒေးမြောင်ရဲ့ သရုပ်ဆောင်မှုက ကြည့်ရတာ ကျေနပ်စရာကောင်းတယ်ဆိုရင်၊ ဟောင်ဂွန်ဆော့ရဲ့ သရုပ်ဆောင်မှုကတော့ ဒါဟာ ပြဇာတ်တစ်ခုဆိုတာကိုတောင် မေ့သွားစေလောက်တယ်။ အဲဒီကောင်လေးက စကားပြောနေရင်းနဲ့ ရံဖန်ရံခါ ပရိသတ်ဘက်ကို လှမ်းကြည့်တတ်သေးတယ်။ ဒါကို သူ့ဘာသာသူ သီးသန့်လေ့လာထားပုံရတယ်။
ပြီးတော့ သူ့ရဲ့ တစ်ကိုယ်တော် စကားပြောခန်း စလာခဲ့တယ်။
ကောင်လေး စကားပြောလိုက်တာနဲ့ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့တာပဲ။ သူ့အသံက သိပ်မကျယ်ပေမဲ့ ဘယ်လိုမှ ငြိမ်သက်မနေခဲ့ဘူး။
“ဟင်း ...”
မာရူးက ဂွန်ဆူကို လှမ်းကြည့်လိုက်တယ်။ သူက သူ့ညီရဲ့ သရုပ်ဆောင်မှုကို ကြည့်ပြီး တကယ့်ကို ကျေနပ်အားရနေတဲ့ အပြုံးမျိုးနဲ့ ကြည့်နေတာ။ သူ့ညီရဲ့ သရုပ်ဆောင်မှုကို တော်တော်လေး သဘောကျနေပုံရတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း သူ့ဆီကနေ စိုးရိမ်စိတ်တွေ အနည်းငယ် ခံစားနေရတယ်။ ဘာလို့ပါလိမ့်
* * * * * * * * *
စင်ပေါ်က မိသားစုဝင်တွေဟာ သူတို့ကြားက ရန်ငြိုးတွေကို အဆုံးသတ်ပြီး ပြန်လည်ပေါင်းစည်းသွားကြတယ်။ အမေက သူ့သားအပေါ် အားမလိုအားမရ ဖြစ်နေတုန်းပဲ ဆိုပေမဲ့ သားဖြစ်သူကို ထပ်ပြီး မအော်နိုင်တော့ဘူး။ အဖေကလည်း ခွင့်ပြုချက်ပေးလိုက်တဲ့အခါ ကောင်လေးက တစ်ကိုယ်တော် စကားပြောခန်းတိုလေးနဲ့ နောက်ဆုံးအခန်းကို အဆုံးသတ်လိုက်တယ်။ တီဗီက ထွက်လာတဲ့ ဆူညံသံတွေ ပိုကျယ်လာတာနဲ့အမျှ ပြဇာတ်ကလည်း ပြီးဆုံးသွားခဲ့ပါပြီ။
ပြီးတော့ ဇာတ်ကောင်တွေ တစ်ယောက်ချင်းစီ စင်ပေါ်ပြန်တက်လာပြီး နှုတ်ဆက်ကြတယ်။ ဟောင်ဂွန်ဆော့က နောက်ဆုံးမှ ထွက်လာပြီး ပရိသတ်ကို ဦးညွှတ်နှုတ်ဆက်လိုက်တော့တယ်။
ဖြောင်း ဖြောင်း ဖြောင်း
ကန်ဆွန်ဂျီနဲ့ မာရူးက လက်ခုပ်တီးပေးလိုက်ကြတယ်။ လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ ကလပ်အဖွဲ့ဝင်တွေ ဘယ်လောက်တောင် ကြိုးစားခဲ့လဲဆိုတာ အသိသာကြီးပါ။ သရုပ်ဆောင်တွေကတော့ မီဆိုကို ကြည့်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်ကြတယ်။
မီဆိုက ခဏလောက် တွေဝေနေပြီးမှ သူကိုယ်တိုင်လည်း လက်ခုပ်တီးပေးလိုက်တော့တယ်။
“တကယ်တမ်း ပြိုင်ပွဲကျရင်လည်း အခုထက် နည်းနည်းလောက် ပိုကောင်းအောင် လုပ်ကြနော်။ အဲဒီလိုဆိုရင်တော့ ဆုရဖို့ အခွင့်အရေး အပြည့်ရှိတယ်"
“ဟူး ...”
ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသားတွေ အားလုံး သက်ပြင်းအကျယ်ကြီး ချလိုက်ကြတယ်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကျေနပ်တဲ့ မျက်နှာပေးတွေနဲ့ လှည့်ကြည့်နေကြတာပေါ့။
“လုပ်နိုင်ခဲ့ပြီပဲ”
“ပင်ပန်းသွားကြပြီ”
“အားလုံးပဲ ကြိုးစားခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"
မာရူးက ကလပ်အဖွဲ့ဝင်တွေ အချင်းချင်း စကားပြောနေကြတာကို ကြည့်နေရင်း သူ့ရင်ဘတ်ပေါ် လက်တင်ကြည့်လိုက်ပြန်တယ်။ အခန်းထဲမှာ အပူချိန်က ခဏလောက် မြင့်တက်သွားသလို ခံစားရပေမဲ့ ... သူ့နှလုံးခုန်သံကတော့ အရင်အတိုင်းပါပဲ။
“သူတို့တွေ တော်ကြတယ် မဟုတ်လား” လို့ ဂွန်ဆူက မေးတယ်။
“ဟုတ်ကဲ့။ အရင်က လေ့ကျင့်ခဲ့တာတွေနဲ့စာရင် အများကြီး ကွာသွားပြီ"
“ဝတ်စုံပြည့်လေ့ကျင့်တာကို မြင်ဖူးတာ ပထမဆုံးလား”
“ဟုတ်ကဲ့။ သူတို့တွေက သူတို့ဇာတ်ကောင်တွေနဲ့ တကယ်ကို လိုက်ဖက်နေကြတာ"
ဂွန်ဆူက ခေါင်းညိတ်ပြတယ်။
“အင်း ... တကယ့်ကို ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပဲ။ ဒါနဲ့ စကားမစပ်၊ ဟိုမှာ ဝတ်ထားတဲ့ ဝတ်စုံလေ ... အဲဒါ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ငါ ယူလာပေးခဲ့တဲ့ဟာ"
ဂွန်ဆူက ပတ်ဒေးမြောင်ရဲ့ ဝတ်စုံကို ညွှန်ပြရင်း ပြုံးလိုက်တယ်။
“ငါ့ဦးလေးက ရပ်ကွက်ထဲမှာ ဆိုင်ဖွင့်ထားတာလေ။ ငါ အဲဒီမှာ ဝတ်စုံတစ်စုံရဖို့ အသေအလဲ လုပ်ပေးခဲ့ရတာ။ အခုချိန်ထိ သေချာသုံးနေကြတာ မြင်ရတော့လည်း အဲဒီတုန်းက ကြိုးစားခဲ့ရတာတွေအတွက် နောင်တမရပါဘူး။ ဟို ဖိနပ်တွေကလည်း ငါ ပေးခဲ့တာပဲ"
“စီနီယာကတော့ ကလပ်အတွက် တကယ်ကို ကြိုးစားပေးခဲ့တာပဲ”
“ငါ သုံးနှစ်လုံးလုံး ကျောင်းမတက်ခဲ့ဘူး။ ကလပ်ကိုပဲ သုံးနှစ်လုံးလုံး တက်ခဲ့တာ။ စာမေးပွဲတွေမှာ အမှတ်မကောင်းလို့ ဆရာတွေရော မိဘတွေဆီကပါ အထိုးခံခဲ့ရပေမဲ့ ငါ ဘာတတ်နိုင်မှာလဲ။ ငါက ကလပ်အလုပ်တွေကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့တာကိုး"
“အဲဒီအတွက် နောင်တရဖူးလား”
“နောင်တလား အင်း ... ရနိုင်တာပေါ့ ... ဒါပေမဲ့ မမှတ်မိတော့ဘူး။ ငါ့ဦးနှောက်က အဲဒီလို အသုံးမကျတဲ့ မှတ်ဉာဏ်တွေကို သိမ်းထားပြီး နေရာမဖြုန်းချင်ဘူးလေ"
ဂွန်ဆူက လျှာလေးတစ်ချက် သပ်လိုက်တယ်။ အရာတစ်ခုတည်းအပေါ်မှာ ဒီလောက်အထိ အာရုံစိုက်ထားတဲ့သူကို ကြည့်ရတာ တကယ့်ကို အထင်ကြီးစရာပါပဲ။
“ငါ အဲဒီတုန်းက တော်တော်တော့ ရူးခဲ့တာ"
ဂွန်ဆူက ပြုံးလိုက်တယ်။ သူက မာရူးရဲ့ စိတ်ကို ထွင်းဖောက်မြင်နေသလိုမျိုးပါပဲ။
“အဲဒီတုန်းက သရုပ်ဆောင်တာကို စွဲလမ်းလွန်းလို့ တခြားဘာကိုမှ မမြင်နိုင်ခဲ့ဘူး။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုတောင် ဂရုမစိုက်ခဲ့ဘူးလေ"
“အဲဒီလို လုပ်လို့ရလို့လား”
“ကြိုးစားကြည့်ရင်တော့ ထင်တာထက် အများကြီး ပိုလွယ်ပါတယ်"
သူ့ကို အရူးလို့ ခေါ်ခဲ့ကြတာ အလကားတော့ မဟုတ်လောက်ဘူး။
ကလေးတွေမှာ စဉ်းစားစရာ ပူပန်မှုတွေ အများကြီး ရှိပါတယ်။ သေချာတာကတော့ အဲဒီပူပန်မှုတွေက လူကြီးတွေရဲ့ ပူပန်မှုတွေနဲ့ ယှဉ်ရင်တော့ သိပ်မပေါ့ပါဘူး။
ကစားစရာလေး ပျက်စီးသွားတဲ့ ကလေးတစ်ယောက်။
အိမ်စာလုပ်ဖို့ မေ့သွားတဲ့ ကျောင်းသားတစ်ယောက်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနေ့မှာ အိပ်ပျော်သွားတဲ့ ကျောင်းသားတစ်ယောက်။
အလုပ်အင်တာဗျူးမှာ အင်တာဗျူးစစ်တဲ့သူနဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့တဲ့သူတစ်ယောက်။
အထက်လူကြီးဆီမှာ အဆူခံလိုက်ရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်။
လင်ယောက်ျား ဖောက်ပြန်နေတာကို သိလိုက်ရတဲ့ ဇနီးသည်တစ်ယောက်။
ဒီလူတွေရဲ့ နာကျင်မှုကို ဘယ်သူကမှ လိုက်ပြီး အတိုင်းအတာတစ်ခုနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ သေချာတာကတော့ ဒီလိုအရာတွေကို တကယ်ကြုံဖူးတဲ့သူတွေကတော့ ပျက်စီးသွားတဲ့ ကစားစရာလေးတစ်ခုနဲ့ သေဆုံးသွားတဲ့သူတစ်ယောက်ကို နှိုင်းယှဉ်နေတာက အဓိပ္ပာယ်မရှိဘူးလို့ ပြောကြမှာပါ။
ဒါပေမဲ့ ကလေးတစ်ယောက်အတွက်တော့ အဲဒီပျက်စီးသွားတဲ့ ကစားစရာလေးက လူတစ်ယောက်လောက်ကို တန်ဖိုးရှိနေနိုင်တာလေ။ သူတို့ရဲ့ နာကျင်မှုက လူကြီးတွေ နားလည်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ကလေးတစ်ယောက်အတွက်တော့ အဲဒီကစားစရာလေးဟာ သူ့ရဲ့ ကမ္ဘာတစ်ခုလုံး ဖြစ်နေနိုင်လို့ပါ။
သရုပ်ဆောင်တာတစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့အတွက် သုံးနှစ်လုံးလုံး စာသင်တာကို လက်လွှတ်လိုက်ဖို့ဆိုတာ ... လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဂွန်ဆူအနေနဲ့ ဒါကို တကယ်လုပ်ဖြစ်ဖို့အတွက် မယုံနိုင်လောက်အောင် သတ္တိတွေ အများကြီး မွေးခဲ့ရမှာပါ။
ဂွန်ဆူက သူ့အဖေကို ပုန်ကန်တဲ့အနေနဲ့ သရုပ်ဆောင်တာကို စလုပ်ခဲ့တာလို့ ပြောဖူးတယ်။ အဲဒါက သူ့အိမ်မှာ သူက သိပ်ပြီး နေရာမရခဲ့ဘူးဆိုတဲ့ သဘောပေါ့။
ကျောင်းသားတစ်ယောက်အတွက် ကျောင်းက သူ့ဘဝရဲ့ တစ်ဝက်ဖြစ်ပြီး ကျန်တဲ့တစ်ဝက်က မိသားစုပေါ့။ အဲဒီအုပ်စု နှစ်ခုစလုံးက ကျောင်းသားတစ်ယောက်ဆီကနေ လိုချင်တာက စာကျက်ဖို့ပဲလေ။ ဂွန်ဆူကတော့ အဲဒီမျှော်လင့်ချက်တွေကို နင်းခြေပြီး သရုပ်ဆောင်လောကထဲကို ခြေစုံပစ် ဝင်ခဲ့တာ။
အဲဒါက ... သတ္တိရှိရုံတင် မဟုတ်ဘူး။ လူတစ်ယောက်က အရူးတစ်ယောက်လို ဖြစ်နေဖို့ကို လိုတာပါ။
“အဲဒါက လုံးဝကို မလွယ်ဘူးလို့ ထင်ပါတယ်"
“ဒါပေါ့၊ မင်းကိုယ်တိုင် တကယ်မကြုံဖူးသေးလို့ပါ"
“ဒါဆို ဆုံးဖြတ်ချက်ချရမယ့်အချိန်ကျရင် အဲဒီဆုံးဖြတ်ချက်က တကယ်ပဲ ချရလွယ်တယ်လို့ ပြောတာလား”
“မဟုတ်ဘူး။ ငါ မင်းကို ပြောပြီးပြီလေ။ သရုပ်ဆောင်ခြင်းဆိုတဲ့ ဘီလူးကြီးက မင်းကို မျက်စိကျသွားပြီဆိုရင် မင်းမှာ ရွေးချယ်စရာ မရှိတော့ဘူး"
“ဒါဆို သရုပ်ဆောင်တာက မွေးရာပါ ပါရမီ ပါရမယ်လို့ ပြောတာလား”
“အဲဒီလိုပဲ ငါ ထင်တယ်။ သေချာတာကတော့ အဲဒီဘီလူးကြီး နေထိုင်တဲ့ အခန်းထဲကို မင်းက ကိုယ့်ဆန္ဒနဲ့ကိုယ် အရင်ဝင်သွားရမှာပါ။ ဒါပေမဲ့ မင်းကို ကြိုဆိုဖို့၊ မကြိုဆိုဖို့ကတော့ ဘီလူးကြီးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ ကြိုးစားတာက အရေးကြီးတာ မှန်ပေမဲ့ လူတိုင်းကတော့ တန်းတူ မမွေးဖွားလာကြဘူးလေ။ ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မိုက်ကယ်ဂျော်ဒန် ဖြစ်လာဖို့ ဘယ်လိုမှ မမျှော်လင့်နိုင်သလိုမျိုးပေါ့"
“ပါရမီ ... ပေါ့”
“မင်းလည်း ဒါကို နည်းနည်းတော့ ရိပ်မိနေလောက်ပါပြီ"
ဂွန်ဆူက မီဆိုဘက်ကို လှည့်ပြီး ထွက်ပေါက်ဘက်ကို လက်ဟန်ပြလိုက်တယ်။
“ငါ အပြင်ကို ခဏသွားလိုက်ဦးမယ်။ မင်းတို့တွေ ချက်ချင်း ပြန်မလေ့ကျင့်ကြသေးဘူး မဟုတ်လား”
“ခဏတော့ နားကြဦးမှာပါ"
“ကောင်းပြီ၊ ကောင်းပြီ။ ဒါဆို ဒီကလေးကို ငါ ခဏလောက် ငှားသွားမယ်နော်"
ဂွန်ဆူက မာရူးရဲ့ ပခုံးကို ဖက်လိုက်တယ်။ မာရူးက မီဆိုကို လှမ်းကြည့်လိုက်တော့ သူက ဘာမှမပြောဘဲ ခေါင်းပဲ ညိတ်ပြတယ်။
“သွားကြစို့”
ဂွန်ဆူက မာရူးကို ထွက်ပေါက်ဆီ ခေါ်သွားတော့တယ်။ ဒါပေမဲ့ အပြင်မထွက်ခင်လေးမှာတင် “အာ ... ခဏလေး” ဆိုပြီး ဟောင်ဂွန်ဆော့ဆီကို လျှောက်သွားခဲ့တယ်။
ဟောင်ဂွန်ဆော့က တစ်မျိုးကြီး စိတ်လှုပ်ရှားနေပုံပဲ။ အံ့ဩစရာပဲ။
“တော်တယ်” လို့ ဂွန်ဆူက ပြောလိုက်တယ်။ ပြီးတော့ သူ့ညီရဲ့ ကျောကို ခပ်ဖွဖွလေး ပုတ်ပေးပြီးမှ လှည့်ထွက်လာခဲ့တော့တယ်။
အဲဒီစကားကြောင့် ကောင်လေးရဲ့ နှုတ်ခမ်းတွေ ပြုံးယောင်သန်းသွားတာကို သတိထားမိဖို့ သိပ်မခက်ပါဘူး။
“ခေါင်မိုးထပ်က တံခါးပွင့်နေတယ်လို့ ကြားတယ်။ အဲဒီကို သွားကြရအောင်"
“စီနီယာရော၊ နည်းပြပါ စကားပြောဖို့ဆိုရင် ခေါင်မိုးထပ်ကို သွားရတာ တော်တော်ဝါသနာပါကြတာပဲနော်"
“ငါ ဆိုလိုတာက အဲဒီနေရာက ငါတို့ရဲ့ စခန်းဟောင်းလေ။ ပြဇာတ်ကလပ်ရဲ့ စခန်းပေါ့။ အဲဒီမှာ ငါတို့ အများကြီး လေ့ကျင့်ခဲ့ကြတာ။ တကယ်တော့ ငါတို့ဆီမှာ အဲဒီနေရာရဲ့ သော့တောင် ရှိခဲ့သေးတယ်"
“အော် ... အဲလိုလား"
ဂွန်ဆူက ခေါင်မိုးထပ် တံခါးကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ခဏလောက် ဝေ့ကြည့်လိုက်တယ်။
“အရင်အတိုင်းပါပဲလား” လို့ သူ မှတ်ချက်ပေးတယ်။
“ဒါက ကွန်ကရစ်တွေပဲဟာ"
“မင်းကတော့ကွာ ... နည်းနည်းလောက်တောင် ခံစားချက်ပါအောင် မလုပ်နိုင်ဘူးလား”
ဂွန်ဆူက လက်ရန်းဘေးက ထောက်တိုင်တန်း ဆီကို မာရူးကို လှမ်းခေါ်လိုက်တယ်။ အဲဒီပစ္စည်းက တော်တော်လေး ဆွေးမြည့်နေပြီး ပြိုကျတော့မယ့် အခြေအနေမှာ ရှိနေတာ။
“ဟား ... ဒါကြီးကလည်း ဘယ်မှမရောက်သေးပါလား။ တို့တွေ ဒါကို ထိုင်ခုံအဖြစ် သုံးဖို့ ဒီမှာ လာထားခဲ့ကြတာလေ"
“ဪ ... ဟုတ်ကဲ့"
“ဝိုး ဒီမှာ ဘာမှမပြောင်းလဲသေးပါလား”
“စီနီယာ ဒီကို မလာဖြစ်တာ တော်တော်ကြာပြီ ထင်တယ်နော်"
“ငါလား ဆယ်နှစ်တိတိ ရှိသွားပြီလေ"
“ကျောင်းဆင်းပြီးကတည်းက ဒီကို တစ်ခါမှ မလာခဲ့ဘူးလား”
“ဘာလို့ လာရမှာလဲ ငါ ဒီကိုလာမယ့် တစ်ခုတည်းသော အကြောင်းပြချက်က အစ်ကိုကြီး ပတ်တေးဆစ်ကို လာတွေ့ဖို့ပဲ ရှိတာ။ ဒါပေမဲ့ သူ့ကို ကျောင်းပြင်ပမှာလည်း အမြဲတမ်း တွေ့နေရတာပဲကို"
မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီလူက သူ့အမြင်မှာတော့ တကယ့်ကို လွတ်လပ်နေတဲ့သူပဲ။ လေလိုမျိုး လွတ်လပ်နေတာ။ လေတိုက်ရာကို လွင့်ပါသွားတဲ့ သစ်ရွက်တစ်ရွက်လိုမျိုး မဟုတ်ဘဲ၊ ကိုယ်သွားချင်တဲ့နေရာကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ လေညင်းကိုယ်တိုင် ဖြစ်နေသလိုမျိုးပေါ့။
“ငါ တကယ်တော့ ကလေးတွေကို ဒါမျိုးတွေ မပြောချင်ပါဘူး။ ဒါပေမဲ့ မင်းက ကြည့်ရတာ တော်တော်လေး တည်ငြိမ်တဲ့သူမို့လို့ ငါ ပြောပြမယ်။ ငါ သိပ်ပြီး အသက်မကြီးသေးပေမဲ့ ငါ့ရဲ့ အတွေ့အကြုံအရတော့ ... ဘယ်သူမှ တန်းတူ မမွေးဖွားလာကြဘူး"
“ဘယ်သူမှ တန်းတူ မမွေးဖွားလာကြဘူး ဟုတ်လား”
“အေးလေ။ မင်း လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ကြည့်ပြီး ဆုံးဖြတ်ရင်တောင် သိသာပါတယ်။ အရပ်ရှည်တဲ့သူ၊ ပုတဲ့သူ၊ ရုပ်ချောတဲ့သူ၊ ရုပ်ဆိုးတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူ ... လူမှုပတ်ဝန်းကျင်က လူတွေကို ဘယ်လောက်ပဲ တန်းတူညီမျှဖြစ်အောင် လုပ်ဖို့ ကြိုးစားနေပါစေ၊ ဘယ်နေရာမှာ ကြည့်ကြည့် လူတန်းစား ကွဲပြားမှုကတော့ အထင်အရှား ရှိနေမှာပဲ"
မာရူးက ခေါင်းညိတ်လိုက်တယ်။ ဒီအချက်ကတော့ သူလည်း အနည်းငယ် သဘောတူပါတယ်။ အဲဒီအချက်ကြောင့်ပဲ သူ ၄၅ နှစ်တာ ကုမ္ပဏီဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလေ။ သူ့ထက် အလုပ်နည်းနည်းပဲ လုပ်တဲ့ သူ့ရဲ့ ဂျူနီယာက သူ့ထက် ရာထူးတက်တာ မြန်နေတာကို မြင်လိုက်ရတဲ့အခါ သူ ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ အထူးသဖြင့် သူက သူ့ဂျူနီယာထက် အလုပ်ကို ပိုပြီးတော့ သိသိသာသာ လုပ်ပေးခဲ့တာလေ။
‘ငါက ရိုးအခဲ့တာပဲ။’
အဲဒီတုန်းကတော့ ဒါဘာကြောင့်လဲဆိုတာ သူ လုံးဝ မသိခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှ အဲဒီဂျူနီယာက ဥက္ကဋ္ဌရဲ့ သားဖြစ်နေမှန်း သူ သိလိုက်ရတာ။ နောက်ဆုံးတော့ ဆွေမျိုးကောင်းတာက တကယ့် ရလဒ်ကောင်းတွေထက် ပိုပြီး အစွမ်းထက်နေခဲ့တာပေါ့။
“လူတွေက ဘယ်တော့မှ မတူညီနိုင်ကြဘူး။ အဲဒါကြောင့်လည်း လူတိုင်းမှာ သူတို့ ကျွမ်းကျင်တဲ့ မတူညီတဲ့ ပါရမီတွေ ရှိနေကြတာပေါ့"
ဂွန်ဆူက အောက်က ကွင်းပြင်ကြီးကို ငုံ့ကြည့်လိုက်တယ်။ မာရူးလည်း လိုက်ကြည့်လိုက်တာပေါ့။
“ဟိုမှာ ရှိနေတဲ့ ကလေးက ဘောလုံးကန်တာ ပါရမီ ပါနိုင်သလို၊ ဟို ဘတ်စကက်ဘော ကစားနေတဲ့ ကောင်လေးက တကယ်တော့ စားပွဲတင်တင်းနစ် ပါရမီရှင် ဖြစ်နေနိုင်တယ်။ ဟိုမှာ ထိုင်နေတဲ့ ကောင်လေးကတော့ အနာဂတ်ရဲ့ Shaquille O'Neal ဖြစ်လာနိုင်တာပေါ့"
ဂွန်ဆူက လက်တွေကို နည်းနည်းလောက် ဆန့်ထုတ်လိုက်ရင်း စကားကို ဆက်ပြောတယ်။
“ဒါပေမဲ့ ဘယ်သူကမှ သူတို့မှာ ဘယ်လို ပါရမီ ရှိလဲဆိုတာ မသိကြဘူး။ ကျောင်းတွေက သူတို့ရဲ့ ပါရမီတွေကို ရှာဖွေနိုင်အောင် တည်ဆောက်ထားတာဆိုပေမဲ့ ... ကျောင်းတွေက အကူအညီဖြစ်တာထက် ဒုက္ခပေးတာက ပိုများတယ်ဆိုတာကိုတော့ မင်းက ငါ့ထက်တောင် ပိုသိနေလောက်မှာပါ"
ဂွန်ဆူက လမ်းထလျှောက်လိုက်တယ်။
“မူလတန်းကျောင်းကတော့ ... မူလတန်း ပညာရေးအတွက်ပေါ့။ ပြီးရင် အလယ်တန်းကျောင်း။ အလယ်တန်းကျောင်းကတော့ မင်း ဘာကို တကယ် ကျွမ်းကျင်လဲဆိုတာ စပြီး သိလာနိုင်ဖို့ အတွက်ပေါ့။ အနည်းဆုံးတော့ အဲဒါက အစိုးရက အမြဲပြောနေတဲ့ ကျောင်းတွေရဲ့ ရည်ရွယ်ချက်ပေါ့။ ဒါပေမဲ့ လက်တွေ့မှာကော မင်းတို့ကို ကြက်ခြံထဲ ထည့်ထားသလိုမျိုး တစ်နေ့လုံး စာချည်းပဲ ထိုင်လုပ်ခိုင်းနေတာလေ။ အဲဒီကြားထဲမှာ မင်းတို့ရဲ့ ပါရမီတွေကို ဘယ်လိုလုပ် ရှာနိုင်မှာလဲ အဲဒါက ခက်ပါတယ်။ တကယ်ကို ခက်တာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အရူးတွေကတော့ အဲဒီလူအုပ်ကြားထဲကနေ ထင်ပေါ်လာတတ်ကြတယ်။ ငါ့လိုမျိုးပေါ့။ အော် ... ဒါက ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်တာနော်၊ သိသာတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ်၊ ပြန်စဉ်းစားကြည့်ရင် အရူးတွေကမှ ကျောင်းကနေ တကယ် သင်ယူနိုင်တဲ့သူတွေ ဖြစ်နေတာ"
ဂွန်ဆူက ပြုံးလိုက်တယ်။ သေချာတာကတော့ အဲဒီလူက ကျောင်းတွေအကြောင်းကို အများကြီး စဉ်းစားခဲ့ပုံရပါတယ်။ သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့အတွက် ဉာဏ်ရည်ထက်မြက်ဖို့ လိုအပ်တယ်ဆိုတဲ့ မီဆိုရဲ့ စကားက လုံးဝ မမှားပါဘူး။
“ဟန်မာရူး၊ ဟုတ်တယ်မလား”
“ဟုတ်ကဲ့"
“မင်း ဘာလုပ်ချင်လဲ”
“ကျွန်တော်လား”
မာရူး ဘာလုပ်ချင်တာလဲ သူ ရိုးရိုးသားသားပဲ ဖြေဖို့ ဆုံးဖြတ်လိုက်တယ်။
“ကျွန်တော်ကတော့ ကျွန်တော့်မိသားစုကို ဘာမှ ပူစရာမလိုဘဲ ကျွေးမွေးထားနိုင်မယ့် အလုပ်တစ်ခုကိုပဲ ရှာချင်တာပါ"
ဂွန်ဆူက ဒါကို နားလည်သွားတဲ့ ပုံစံနဲ့ လက်ချောင်းလေးတွေကို တစ်တောက်တောက် ခေါက်လိုက်တယ်။
“အဲဒါကြောင့်ပဲ မင်း တွေဝေနေတာကိုး။ အခုတော့ ငါ နားလည်သွားပြီ"
“ကျွန်တော့်ကို ပေးစရာ အကြံဉာဏ် တစ်ခုခု ရှိလားဟင်”
“ဟင့်အင်း၊ လုံးဝ မရှိဘူး"
“ဗျာ”
“တခြားလူတစ်ယောက်ရဲ့ ဘဝအကြောင်းကို တစ်ခုခု ပြောနိုင်မယ့် အနေအထားမှာ ငါ မရှိဘူးလို့ ထင်လို့ပါ။ ငါ လုပ်နိုင်တာဆိုလို့ လူတွေကို သရုပ်ဆောင်လောကထဲ ဆွဲခေါ်ဖို့ ကြိုးစားတာပဲ ရှိတာ။ လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ငါ လုပ်ခဲ့သလိုမျိုးပေါ့။ ဒါပေမဲ့ မင်းက ပြဇာတ်ကလပ်ထဲ ရောက်နေပြီဆိုတော့ ငါ ထပ်ပြီး ဘာမှ လုပ်ပေးစရာ မလိုတော့ဘူးလေ"
ဂွန်ဆူက တံခါးဆီကို ပြန်လျှောက်သွားတယ်။
“ဆက်ပြီး စဉ်းစားနေလိုက်ပါ။ ဆက်ပြီး တွေဝေနေပါဦး၊ ပြီးမှ မင်းရဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ မင်း နောင်တရနေဦးမှာပါပဲ၊ ဒါဟာ ဘဝပဲလေ"
* * * * * * * * *
သုံးသပ်ချက်
အခန်း(၄၅)ထိပြီးပြီဆိုတော့ ဒီစာစဉ်လေးနဲ့ပတ်သက်တာလေး နည်းနည်းပွားကြည့်ရအောင်….
ကျတော်ဒီစာစဉ်ကိုရွေးဖြစ်တာက Time Travellingဇာတ်လမ်းတွေသဘောကျတာလည်းပါတယ်… KDramaတွေထဲမှာ Reborn Richတို့ Again My Lifeတို့လိုမျိုးတွေလိုမျိုး vibeခံစားလို့ရလို့ပဲ။ ၂၀၀၀ဝန်းကျင်ပြန်ရောက်သွားပြီး လူငယ်ကိုယ်နဲ့လူကြီးစိတ်ဖြစ်နေတဲ့ မာရူးပုံစံက ခံစားကြည့်လို့ရတယ်။ တကယ်လို့များ ကျတော်တို့တွေတွေးထားသလို အတိတ်ကိုပြန်သွားဖြစ်ခဲ့ရင် မာရူးလိုပဲခံစားမိမယ်ထင်တယ်။ ပြီးတော့ ကျတော်တို့တွေရဲ့ပန်းတိုင်ကဘာလဲဆိုတာ ညဘက်ရောက်ရင် စီးယူအပ်သည်တော့စိတ်တွေဝင်ပြီး ဒီ ဝင်ပြီး မနက်ကျ ဟီးဟီးဟားဟားလုပ်နေတဲ့ ကျတော်တို့တွေရော ဘာလုပ်ချင်တာလဲဆိုတာ တွေးမိမလားမသိဘူး။ မာရူးအဖေရဲ့အတွေးကိုတော့ သဘောကျမိတယ်။
ခင်ဗျားတို့ရော…….
* * * * * * * * *
အခန်း(၄၆)
"နောင်တဆိုတာ ရှိနေဦးမှာပဲ။ ဒါပေမဲ့ ဒါကလည်း ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ"
"ဟေ့ ... ဂျာကြီး"
"ဗျာ"
"ဘာလို့ ဒီလောက် ငိုင်နေရတာလဲ"
"စဉ်းစားစရာလေးတွေ ရှိလို့ပါ"
"မင်းကလည်း တွေးလွန်းတယ်"
ယန်မီဆိုက သူ့ဆီကို ဖျော်ရည်တစ်ဘူး လှမ်းပစ်ပေးလိုက်တယ်။ မာရူးတစ်ယောက် ခေါင်မိုးပေါ်မှာ ဟောင်ဂွန်ဆူနဲ့ စကားပြောပြီးတဲ့နောက် ကလပ်အဖွဲ့ဝင်တွေဟာ ပြဇာတ်တိုက်တာကို နောက်ထပ် နှစ်ချီ ထပ်လုပ်ခဲ့ကြတယ်။ ဒီတစ်ခါမှာတော့ သူတို့တွေ တစ်ချက်ကလေးတောင် မမှားခဲ့ကြဘူး။ သူတို့ရဲ့ အသံတွေထဲမှာ ယုံကြည်မှုတွေ စတင်ပေါ်ပေါက်လာပြီး လှုပ်ရှားမှုတွေမှာလည်း အထစ်အထစ် မရှိတော့ဘူး။
ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုဆီကို ခြေတစ်လှမ်း ထပ်နီးသွားပြီပေါ့။
လေ့ကျင့်ခန်းတွေ ပြီးသွားတဲ့အခါမှာတော့ ညစာစားဖို့ အချိန်ရောက်လာပါပြီ။ ဟောင်ဂွန်ဆူနဲ့ ကန်ဆွန်ဂျီတို့က ကလပ်အဖွဲ့ဝင် အားလုံးကို အသားကင်ဘူဖေး ကျွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားတွေကတော့ အသားတွေကို စူဇကာပုဏ္ဏားလိုမျိုးကို အငန်းမရ စားနေကြတော့တာပေါ့။
မာရူးကတော့ သူ့သူငယ်ချင်းတွေအတွက် အသားကင်ပေးရင်းနဲ့ အလုပ်ရှုပ်နေတယ်။ သူ ကင်လိုက်သမျှ အသားတွေကလည်း ကင်ပြီးတာနဲ့ ချက်ချင်းဆိုသလို ပျောက်ပျောက်သွားတာပဲ။ ယန်မီဆိုက သူ့နားကို ခပ်ကပ်ကပ်လေး တိုးလာပြီး ခေါင်မိုးပေါ်မှာ ဟောင်ဂွန်ဆူနဲ့ ဘာတွေပြောခဲ့လဲဆိုတာကို စပ်စုပါတော့တယ်။
"ဟောင်ဂွန်ဆူက မင်းကို ဘာပြောလိုက်လဲ"
"အမြဲတမ်း တွေးနေ၊ တွန့်ဆုတ်နေဖို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ နောင်တရမှာပဲတဲ့"
"အဲဒီအရူးကတော့ မဟုတ်တာတွေ ထပ်လျှောက်ပြောပြန်ပြီ"
ယန်မီဆိုက စိတ်ပျက်သလိုနဲ့ လျှာတစ်ချက် သပ်လိုက်တယ်။ မာရူးက သူ့ကို ပြန်ကြည့်လိုက်တော့ ယန်မီဆိုက ဘာမှမဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ မျက်နှာလွှဲသွားတယ်။
မာရူးက ယန်မီဆိုရဲ့ နောက်ဘက်က ကလပ်အဖွဲ့ဝင်တွေကို လှမ်းကြည့်လိုက်တယ်။ သူတို့အားလုံး ပျော်ပျော်ပါးပါး စားသောက်နေကြပေမဲ့ သူတို့ကြားမှာ စိုးရိမ်စိတ် အနည်းငယ်တော့ ရှိနေမှန်း မာရူး ခံစားနေရတယ်။
"သူပြောတာတွေကို အလေးအနက်ကြီး မတွေးပါနဲ့။ သူက တကယ့်အရူးပဲ။ သူက ငါတို့လို သာမန်လူတွေလိုမှ မတွေးတတ်တာ"
"ဒါပေမဲ့ ဆရာမကရော သာမန်လူနဲ့ တူလို့လား"
"မင်းကတော့ နောက်ထပ် စကားနိုင်လုပြန်ပြီ။ ‘ဟုတ်ကဲ့’ လို့ တစ်ခွန်းလောက် မပြောနိုင်ဘူးလား။ မင်းက လူပျိုဖော်ဝင်တာတွေ ဖြစ်နေတာလား ဘာလား"
"ဘယ်သူသိမှာလဲ။ ကျွန်တော်က ဒုတိယအချီ ပြန်စနေတာ ဖြစ်နိုင်တာပဲလေ"
"ဘာ"
"ဟားဟား"
မာရူးက အသားတွေကို လှန်ပေးရင်း ပြုံးလိုက်တယ်။ သူ ဘာလို့ အရာရာမှာ ဒီလောက်အထိ တွန့်ဆုတ်နေရသလဲဆိုတာမှာ အကြောင်းပြချက် တစ်ခုတည်းပဲ ရှိပါတယ်။
အဲဒါကတော့ အနာဂတ်က သူ့မိန်းမနဲ့ သမီးလေးကြောင့်ပါပဲ။
သူတို့ရဲ့ နာမည်တွေ ဒါမှမဟုတ် သူတို့ ဘယ်လိုပုံစံလဲဆိုတာကို သူ မမှတ်မိတော့ပေမဲ့ သူတို့အပေါ်ထားတဲ့ အချစ်တွေကတော့ မပြောင်းလဲပါဘူး။
အချက်အလက်တွေ မရှိပေမဲ့ ခံစားချက်တွေကတော့ အပြည့်အဝ ရှိနေတုန်းပဲ။
ဒါပေမဲ့ ‘အဲဒီအမျိုးသမီး’ ပြောခဲ့တာကို သူ မှတ်မိနေတယ်။ အချိန်တန်ရင် သူ သေချာပေါက် ပြန်မှတ်မိလာလိမ့်မယ်တဲ့။ ဒါကြောင့် သူ အဆင်သင့် ဖြစ်နေဖို့ လိုတယ်။ သူ့မိသားစုကို ဆင်းဆင်းရဲရဲ မနေစေချင်ဘူး။
‘အချစ်ရှိရင် ပျော်ရွှင်နိုင်ပါတယ်’ ဆိုတဲ့ စကားက မှန်ပေမဲ့ ပိုက်ဆံပါ ရှိမယ်ဆိုရင်တော့ ‘ပိုပြီး’ ပျော်ရွှင်နိုင်တာပေါ့။ ဒါက အရင်းရှင်စနစ်ရဲ့ သဘောတရားပဲလေ။
မိသားစု ရန်ပွဲ အတော်များများက ပိုက်ဆံကြောင့်ပဲ စတာ။ သူ့အရင်ဘဝမှာလည်း ဒီအတိုင်းပါပဲ။ သူ့မိသားစုက ဆင်းရဲမွဲတေနေတာမျိုးတော့ မဟုတ်ပေမဲ့ အလွန်အမင်း ချမ်းသာကြွယ်ဝတာမျိုးလည်း မဟုတ်ခဲ့ဘူး။
အခုဆိုရင်တော့ လူလတ်တန်းစား ဘဝမျိုးနဲ့ ရှင်သန်ကြည့်ဖို့ အချိန်တန်ပါပြီ။ သူက အရမ်းကြီး ချမ်းသာဖို့အထိ မမျှော်လင့်ပါဘူး။ သူ့ကလေးတွေကို ပိုက်ဆံမရှိလို့ အခက်အခဲ မဖြစ်စေချင်ရုံ သက်သက်ပါ။
"သရုပ်ဆောင်လုပ်ပြီး ပိုက်ဆံရှာရတာ ခက်မှာပဲနော်၊ ဟုတ်တယ်မလား"
". . . "
ယန်မီဆိုက ဆလတ်ရွက်ထုပ်ကို ပါးစပ်ထဲ ထည့်မလို့ လုပ်နေရာကနေ မျက်မှောင်ကြုတ်ပြီး ရပ်လိုက်တယ်။
"မင်းက လက်တွေ့ဘဝအကြောင်းကို ကြားချင်တာလား၊ ဒါမှမဟုတ် စိတ်ကူးယဉ် အိမ်မက်အကြောင်းကို ကြားချင်တာလား"
"အဆိုးဆုံးကို အရင်ကြားရတာ ပိုကောင်းတယ်လို့ ပြောကြပေမဲ့ ... ကောင်းတဲ့ဘက်ကိုပဲ အရင်ပြောပြပါဦး"
"မင်းသာ နာမည်ကြီး ပြဇာတ်အဖွဲ့တစ်ခုမှာ သရုပ်ဆောင်ဖြစ်လာရင်တော့ လစာကောင်းကောင်း ရလိမ့်မယ်။ အထူးသဖြင့် အဓိကဇာတ်ဆောင်နေရာ ရရင်ပေါ့။ ပြီးတော့ မင်းကို ရုပ်ရှင်ဒါရိုက်တာတွေ ဒါမှမဟုတ် နာမည်ကြီး ကုမ္ပဏီက မန်နေဂျာတွေ သတိထားမိဖို့ အခွင့်အရေး အများကြီး ရှိတယ်။ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်နိုင်သလို၊ ဆရာလုပ်တာပဲဖြစ်ဖြစ် မင်းလုပ်ချင်တာ အကုန်လုပ်လို့ရတယ်။ ပိုက်ဆံရှာနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိတယ်"
"ဒါကတော့ စိတ်ကူးယဉ်ဖို့ ကောင်းသားပဲ။ လက်တွေ့ဘဝကရော"
ယန်မီဆိုက အသားထုပ်ကို ပါးစပ်ထဲ အတင်းထိုးထည့်လိုက်တယ်။ ပြီးတော့ ဝါးရင်းနဲ့ စောင့်ဆိုင်းနေတဲ့ မာရူးကို ဒေါသတကြီး ကြည့်လိုက်တယ်။
"ပြဇာတ်အဖွဲ့ အတော်များများကတော့ ဒေဝါလီခံရဖို့ နားနီးနေကြတာပဲ။ စောစောက ပြောတာတွေက နာမည်ကြီး အဖွဲ့တွေအတွက်ပဲလေ။ ကျန်တဲ့အဖွဲ့တွေကတော့ ရုန်းကန်နေကြရတာ။ အဖွဲ့အသေးလေးတွေဆိုရင်တော့ ကလေးပြဇာတ်တွေ ဒါမှမဟုတ် စေတနာ့ဝန်ထမ်း ပြဇာတ်တွေပဲ ကနေကြရတာ။ အဲလိုမှ မလုပ်ရင် ပြဇာတ်ရုံဖိုးတောင် ပေးနိုင်မှာ မဟုတ်ဘူး"
ယန်မီဆိုက အအေးကို ဒေါသတကြီး တစ်ငုံ သောက်လိုက်တယ်။
"အဲလိုအချိန်တွေဆိုရင် လစာတောင် ရချင်မှ ရမှာ" လို့ ဟောင်ဂွန်ဆူက ဝင်ပြောလိုက်တယ်။
ယန်မီဆိုက ‘ဖယ်စမ်း’ ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ ဟောင်ဂွန်ဆူကတော့ လုံးဝ ဂရုမစိုက်ပါဘူး။
"မင်းက ဘေးကင်းတဲ့ အလုပ်လို့ ပြောရင် ဘာကို အရင်ဆုံး ပြေးမြင်လဲ" လို့ သူက မေးတယ်။
မာရူးက “အစိုးရဝန်ထမ်း” လို့ ချက်ချင်းပဲ တွန့်ဆုတ်မနေဘဲ ပြန်ဖြေလိုက်တယ်။
"မှန်တယ်၊ ကွက်တိပဲ။ သရုပ်ဆောင်တွေအတွက်လည်း အဲဒါက အဖြေပဲ။ အစိုးရက ထောက်ပံ့တဲ့ ပြဇာတ်အဖွဲ့တွေပေါ့။ မင်းသာ အရမ်း ရူးနှမ်းတဲ့ အလုပ်မျိုး မလုပ်သရွေ့ အလုပ်ပြုတ်မှာ စိုးရိမ်စရာ မလိုဘူး။ ဒါပေမဲ့ အဲဒီလို အလုပ်မျိုး ရဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် အရေအတွက်ကတော့ ... ဒီထမင်းပန်းကန်ထဲက ထမင်းစေ့တွေထက်တောင် များဦးမယ်"
ဟောင်ဂွန်ဆူက အသက်တစ်ချက် ပြင်းပြင်းရှူပြီး စကားကို ဆက်ပြောတယ်။
"မင်းသာ အစိုးရထောက်ပံ့တဲ့ အဖွဲ့ထဲ ဝင်နိုင်ရင်တော့ ကံကောင်းတာပေါ့။ အဲဒါက တကယ့် အိမ်မက်အလုပ်ပဲ။ ဒါပေမဲ့ အဲဒီကို ဝင်ဖို့က နာမည်ကြီး အဖွဲ့တွေမှာ ဝင်ဖို့ထက်တောင် ခက်သေးတယ်။ ကဲ ... အခုတော့ တကယ့် လက်တွေ့အကြောင်း ပြောရအောင်"
ဟောင်ဂွန်ဆူက လက်ခုပ်တစ်ချက် တီးလိုက်တယ်။ ယန်မီဆိုကတော့ ဒေါသထွက်နေတုန်းပဲ၊ ဒါပေမဲ့ သူကတော့ လျစ်လျူရှုထားဆဲပါပဲ။
"၉၀ ရာခိုင်နှုန်းသော အချိန်တွေမှာ မင်း လစာကောင်းကောင်းရဖို့ဆိုတာ စိတ်ကူးတောင် မယဉ်နဲ့။ သရုပ်ဆောင် အသစ်တွေ အကုန်လုံးက ဟျဲဟွာ ဘူတာရုံနားက အနိမ့်ဆုံး အခြေအနေကနေ စကြရတာ"
"အနိမ့်ဆုံး အခြေအနေ"
"ဟုတ်တယ်။ ပြဇာတ်ရုံက သူတို့ကို စာရွက်ပေါ်မှာတော့ ‘သရုပ်ဆောင်’ လို့ ခေါ်ပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့က သန့်ရှင်းရေး လုပ်ပေးရတဲ့ လစာမရတဲ့ အလုပ်သင်တွေပဲ။ အနည်းဆုံးတော့ ထမင်းတော့ ကျွေးပါလိမ့်မယ်။ ဒါပေမဲ့ ဘာအတွေ့အကြုံမှ မရှိဘဲ ပြဇာတ်အဖွဲ့ထဲ ဝင်မယ်ဆိုရင်တော့ ကျွန်တစ်ယောက်လို ခိုင်းခံရဖို့သာ ပြင်ထားပေတော့။ တစ်ခါတလေဆိုရင် မင်း လစာရဖို့ အခွင့်အရေး မရခင်မှာတင် အဲဒီကုမ္ပဏီတွေက အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်သွားတတ်ကြသေးတယ်"
"ဟေ့ ... အကုန်လုံးက အဲလို မဟုတ်ပါဘူး။ ကလေးကို မခြောက်ပါနဲ့" လို့ ယန်မီဆိုက ပြန်ပြောတယ်။ ဒါပေမဲ့ သူ့အသံကတော့ အရင်ကလို ယုံကြည်မှု မရှိတော့ပါဘူး။
"ဒီလူတွေ အတော်များများက စင်ပေါ်တက်ရဖို့ တစ်ခုတည်းအတွက် အချိန်ရော ပိုက်ဆံရော အကုန်စွန့်လွှတ်ကြတာ။ နောက်ဆုံးတော့ သူတို့ အောင်မြင်သွားကြတာမျိုး ရှိသလို၊ စိတ်ကုန်ပြီး ဒီလောကထဲက ထွက်သွားကြတာမျိုးလည်း ရှိတယ်။ ငါ့သူငယ်ချင်း တစ်ယောက်ဆိုရင် အသက် ၃၅ နှစ်အထိ ပြဇာတ်အဖွဲ့တစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ ပထမတစ်နှစ်လုံး လစာမရခဲ့ပေမဲ့ စင်ပေါ်တက်ရဖို့အတွက်ပဲ သူ ဆက်နေခဲ့တယ်။ ညဘက်ဆိုရင် အချိန်ပိုင်း အလုပ်ဆင်းပြီး နေ့ဘက်မှာ လေ့ကျင့်တယ်။ သူ ဟျဲဟွာ ဘူတာရုံမှာ ဆက်နေနိုင်ဖို့အတွက် သူ့ရည်းစား၊ မိသားစုနဲ့ သူငယ်ချင်းတွေကိုပါ စွန့်လွှတ်ခဲ့ရတာ။ သူက သူ့ဘဝကို ဒီလုပ်ငန်းပေါ်မှာ ပုံအောထားခဲ့တာ"
"ဒါနဲ့ ... သူ အခု ဘာလုပ်နေလဲ"
"သူ စက်ရုံတစ်ခုထဲ ဝင်သွားပြီ။ အခုထိတော့ အဲဒီမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေတုန်း ဖြစ်မှာပါ။ ဒါပေမဲ့ မင်း သိလား သူ အခုထိ သရုပ်ဆောင် လုပ်ချင်နေတုန်းပဲ။ သရုပ်ဆောင်ခြင်း ဆိုတဲ့ အရာရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတဲ့ လူတွေက အဲလိုမျိုး ဖြစ်သွားကြတာ"
ဟောင်ဂွန်ဆူက စကားပြောရင်း ဆိုဂျူးတစ်ခွက် သောက်လိုက်တယ်။ သူ့ကိုယ်မှာ အရက်နံ့တွေ ထွက်နေပေမဲ့ သူကတော့ နည်းနည်းလေးတောင် မူးနေတဲ့ ပုံမပေါ်ဘူး။
"ငါ သရုပ်ဆောင် လုပ်ခဲ့တာက အနာဂတ် ဘေးကင်းဖို့အတွက် မဟုတ်ဘူး။ ပိုက်ဆံအတွက်လည်း မဟုတ်ဘူး။ ငါ့ရဲ့ သွေးတွေ ပွက်ပွက်ဆူလာစေတဲ့ အရာမို့လို့ ငါ လုပ်ခဲ့တာ။ ပိုက်ဆံလား အဲဒီတုန်းက ငါ ပိုက်ဆံကို ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ မင်းကတော့ ဂရုစိုက်တယ်။ အဲဒီလိုဆိုရင်တော့ ငါ မင်းကို ဒါပဲ ပြောနိုင်မယ်။ မင်း အချိန်ပိုင်း အလုပ် နှစ်ခုကို တစ်ပြိုင်တည်း လုပ်ရင်တောင် ပိုက်ဆံ ပိုရလိမ့်မယ်။ ဒါမှမဟုတ် စာပဲ ကြိုးစားပေါ့။ ဒါပေမဲ့ မင်းက စာနဲ့တော့ သိပ်မကိုက်ဘူး ထင်တယ်။ မင်းက အထက်တန်းကျောင်းမှာ ပျော်ရုံသက်သက် ဆိုရင်တော့ မင်းလုပ်ချင်တာ လုပ်ဖို့ ငါ ပြောမှာပါ။ ဒါပေမဲ့ မင်းက ပိုက်ဆံရှာဖို့အတွက် သက်သက် ဒီကို ရောက်နေတာဆိုရင်တော့ မင်း သရုပ်ဆောင်လုပ်မှာကို ငါ တားရလိမ့်မယ်။ သရုပ်ဆောင်လောကမှာ အောင်မြင်ဖို့ဆိုတာ တကယ်ကို ရွံစရာကောင်းလောက်အောင် ခက်ခဲတာ။ မင်း ဘယ်လောက် ကြိုးစားခဲ့လဲ၊ မင်း ဘယ်လောက် သရုပ်ဆောင်ကောင်းလဲဆိုတာ ဘယ်သူမှ ဂရုမစိုက်ဘူး။ ဘယ်သူ အောင်မြင်မလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒီလောကမှာ တည်ငြိမ်တဲ့ လစာကို ရှာနေတာလား ဟက် ... အဲဒါက ဝက်တွေကို ပျံတတ်အောင် သင်ပေးတာကမှ ပိုလွယ်ဦးမယ်"
ဟောင်ဂွန်ဆူက ဆိုဂျူးနောက်တစ်ခွက် ထပ်သောက်လိုက်တယ်။ မာရူး သူ့ရဲ့ စောစောက အတွေးကို ပြန်ရုပ်သိမ်းလိုက်ရတယ်။ ဒီလူကတော့ နည်းနည်း မူးနေပြီပဲ။ သူ့ရဲ့ စကားလုံးတွေက ခံ့ညားထည်ဝါနေပြီး သူကတော့ ဇဝေဇဝါနဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေတယ်။
"ဉာဏ်ကောင်းတဲ့ လူတွေက အောင်မြင်ဖို့အတွက် ထီမထိုးကြဘူး။ သူတို့က ဘဝမှာ အပျော်လေး တစ်ခုအနေနဲ့ပဲ ထိုးကြတာ။ မာရူး ... မင်းက ဉာဏ်ကောင်းတဲ့ ကလေးပဲ၊ ဟုတ်တယ်မလား အဲဒီတော့ မင်း စဉ်းစားဖို့ လိုတယ်။ မင်း ဒီကလပ်မှာ ရှိနေတာက အထက်တန်းကျောင်း အမှတ်တရတွေ ဖန်တီးဖို့လား၊ ဒါမှမဟုတ် ငါတို့လိုမျိုး အရူးတစ်ယောက် ဖြစ်လာဖို့လား ဆိုတာကိုပေါ့"
ဟောင်ဂွန်ဆူက သူ့နေရာကနေ ဟောင်ဂွန်ဆော့ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူ့ညီကို ပြောချင်တဲ့ စကားတွေ အများကြီး ရှိပုံရတယ်။ မာရူး အခုမှပဲ သဘောပေါက်သွားတော့တယ်။ ဘာလို့ ပြဇာတ်တိုက်နေတုန်းက ဒီလူက သူ့ညီကို အဲဒီလောက်အထိ တင်းမာတဲ့ အကြည့်နဲ့ ကြည့်နေရတာလဲ ဆိုတာကိုပေါ့။ သူက သူ့ညီကို သူ့ရဲ့ ခြေရာအတိုင်း လိုက်လာမှာကို စိုးရိမ်နေတာပဲ။
ဘာပဲဖြစ်ဖြစ်၊ ဒီလောကမှာ အောင်မြင်ဖို့ဆိုတာ ထီပေါက်သလိုပဲလို့ သူ ကိုယ်တိုင် ပြောခဲ့တာကိုး။ မင်းမှာ ပါရမီရှိရမယ်၊ ရုပ်ချောရမယ်၊ ပြီးတော့ ကံလည်း ကောင်းရဦးမယ်။
မာရူးက သူ ရှုတင်မန်နေဂျာအဖြစ် လုပ်ခဲ့တုန်းက နေ့ရက်တွေကို ပြန်သတိရသွားတယ်။ အဲဒီတုန်းက သူ စောင့်ရှောက်ခဲ့ရတဲ့ သရုပ်ဆောင် အတော်များများဟာ ဒီလောကကို စွန့်လွှတ်ပြီး သာမန်ဘဝဆီကို ပြန်သွားခဲ့ကြတာ။ သူတို့ထဲက အနည်းငယ်သာ တကယ် အောင်မြင်ခဲ့ကြတာလေ။
‘အဲဒီတုန်းက အိုင်ဒေါတွေ တကယ် များခဲ့တာပဲ’
အဲဒီခေတ်တုန်းက တီဗီပေါ်မှာ အိုင်ဒေါတွေချည်းပဲ၊ အဲဒါတောင် တော်တော်လေး အခြေအနေကောင်းတဲ့ သူတွေပဲ။ ၉၀ ရာခိုင်နှုန်းသော အိုင်ဒေါတွေကတော့ တီဗီပေါ်မှာ တစ်စက္ကန့်တောင် ပေါ်လာဖို့ အခွင့်အရေး မရခဲ့ကြဘူး။ တကယ်တော့ သူ လမ်းဘေးမန်နေဂျာ လုပ်နေတုန်းက တစ်နှစ်တည်းမှာတင် မိန်းကလေးအဖွဲ့ ပေါင်း ၂၀၀ ကျော်တောင် စတင်ပွဲထွက်ခဲ့ကြတာ။
‘မအောင်မြင်ဘဲနဲ့ လူစုကွဲသွားတဲ့ အဖွဲ့တွေလည်း အများကြီးပဲ’
မှတ်ဉာဏ်တွေက ထပ်ပြီး ပြန်ပေါ်လာပြန်ပြီ။ သူ စဉ်းစားလေလေ၊ မှတ်ဉာဏ်တွေက အုပ်စုလိုက်ကြီး ပေါ်ပေါ်လာလေပဲ။ ကောင်းကင်ဘုံက သူ့ကို အရင်ကလိုပဲ ဘဝကို ဖြတ်သန်းဖို့ ပြောနေသလိုမျိုးပါပဲ။
"ကဲ ... ပျော်ပျော်နေတာက အကောင်းဆုံး ဖြစ်မှာပေါ့၊ ဟုတ်တယ်မလား" လို့ မာရူးက ပြောလိုက်တယ်။
ယန်မီဆိုရဲ့ မျက်နှာက သိသိသာသာကို ပုံပျက်သွားတာ မြင်ရတာ နည်းနည်းတော့ အနေရခက်ပေမဲ့ သူပဲ လျစ်လျူရှုလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ငါလည်း မသိဘူး ကောင်လေး။ အဲဒါက မင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ မင်း ဘာလုပ်ချင်လဲဆိုတာကို ဆက်ရှာနေဖို့ လိုတယ်၊ မင်း တွေ့သွားတဲ့ အခါကျရင်တော့ တတ်နိုင်သလောက် အဲဒါကိုပဲ ဆွဲကိုင်ထားပေါ့။ အကယ်၍ သရုပ်ဆောင်ခြင်း ဆိုတဲ့ ဘီလူးကြီးက မင်းကို ဖမ်းမိသွားပြီဆိုရင်တော့ မင်းရဲ့ သာမန်ဘဝကို နှုတ်ဆက်လိုက်ရုံပဲ။ ယန်မီဆိုက မင်းနားမှာ ကပ်နေတာဟာ အဲဒီဘီလူးကြီးက မင်းကို သတိထားမိနေပြီဆိုတဲ့ လက္ခဏာပဲ။ ယန်မီဆိုက ဒီလို အရာတွေကို အကဲခတ် တော်တယ်။ မင်းက ဘေးကင်းတာကို ကြိုက်တယ်၊ ဟုတ်တယ်မလား ဒါဆိုရင်တော့ မင်း ဆုံးဖြတ်ချက်ကို မြန်မြန်ချလိုက်။ အဲဒီဘီလူးကြီး မင်းဆီကို ရောက်မလာအောင် တားလိုက်ပေတော့"
ဟောင်ဂွန်ဆူက စကားအဆုံးမှာတင် အဲဒီနေရာမှာတင် မှောက်သွားတော့တယ်။ ဒါနဲ့ပဲ ညစာစားပွဲကတော့ ပြီးဆုံးသွားသလောက်ပါပဲ။ ဒီလူက ကြမ်းပြင်ပေါ်မှာ တစ်ယောက်တည်း တဟားဟား ရယ်နေတော့ သူတို့တွေ ဆက်စားလို့ မရတော့ဘူးလေ။ ကလပ်အဖွဲ့ဝင်တွေကတော့ ယန်မီဆိုနဲ့အတူ ကျောင်းဘက်ကို လျှောက်သွားကြတယ်။
"ငါတို့ ဒီနေ့ည ကျောင်းမှာပဲ အိပ်ကြမှာ" လို့ ဂျောင်ချန်ဟူးက မာရူးကို ပြောတယ်။
ပြိုင်ပွဲအတွက် နောက်ထပ် တစ်ရက်ပဲ လိုတော့တာကိုး။ သူတို့တွေ အချိန်ကုန် သက်သာအောင် လုပ်နေကြတာ ဖြစ်မှာပါ။ မာရူးက ဟောင်ဂွန်ဆူကို ကန်ဆွန်ဂျီရဲ့ ကားထဲကို ထည့်ပေးရင်း အဖွဲ့သားတွေကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်တယ်။
"အဆင်ပြေပါ့မလား"
"ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ။ အဆင်ပြေပါတယ်။ ဒီလူက အမြဲတမ်းပဲ ... အရက်ကလည်း သိပ်မသောက်နိုင်ဘဲနဲ့ အတင်းတွေ သောက်တော့တာပဲ"
ကန်ဆွန်ဂျီက မျက်မှောင်ကြုတ်ရင်း ဟောင်ဂွန်ဆူကို ခပ်ဖွဖွလေး ရိုက်လိုက်တယ်။
"မင်းလည်း သတိထားဦးနော်။ ဒီနေ့အတွက် ပင်ပန်းသွားပြီ"
"ကျေးဇူးတင်ပါတယ်ဗျာ။ ဂရုစိုက်သွားပါဦး"
"အေးပါ၊ နှစ်ရက်နေရင် ပြန်တွေ့ကြတာပေါ့"
အနီရောင် ကားလေးက စက်နှိုးပြီး ထွက်သွားတော့တယ်။ မာရူးက ကားလေး သူ့မျက်စိထဲက ပျောက်သွားတဲ့အထိ ကြည့်နေပြီးမှ သူ့စက်ဘီးကို စနင်းလိုက်တယ်။ အခုတော့ သူ့စိတ်ထဲမှာ တော်တော်လေး ကြည်လင်သွားပြီ။ ဟောင်ဂွန်ဆူရဲ့ စကားတွေက တကယ်ကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
"ဒါဆို အခုလောလောဆယ်တော့ ဒီလောက်ဆို အဆင်ပြေမှာပါ"
ကန်ဆွန်ဂျီနဲ့အတူ ရုပ်သေးပြဇာတ် ကတာတွေ၊ ကလပ်မှာStaff အဖြစ် လုပ်တာတွေ။
"ဝါသနာတစ်ခု အနေနဲ့ဆိုရင်တော့ မဆိုးပါဘူး"
ဒီလိုမျိုး တွေးလိုက်တာက သူ့အတွက် တကယ့်ကို စိတ်သက်သာရာ ရစေပါတယ်။ သူ့ဘဝကို ဘယ်လို ရှေ့ဆက်ရမလဲဆိုတာကို အခုထိ သေသေချာချာ မသိသေးတာက နည်းနည်းတော့ စိတ်ထဲမှာ ခုနေပေမဲ့ ဒါကလည်း တိုးတက်မှုတစ်ခုပါပဲ။
သူက သီချင်းလေး တညည်းညည်းနဲ့ စက်ဘီးကို နင်းပြီး ထွက်လာခဲ့တယ်။
အဲဒီနေ့ညမှာ မာရူး အိပ်မက်မက်တယ်။
အဖြူအမည်း မျက်နှာဖုံး စွပ်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဟာ လိုက်ကာတွေ ပိတ်ခါနီးမှာ စင်ပေါ်က ပရိသတ်တွေကို ဦးညွှတ် နှုတ်ဆက်နေတယ်။ လိုက်ကာတွေ လုံးဝ ပိတ်ခါနီး အချိန်မှာပဲ မာရူးရဲ့ မျက်လုံးတွေက အဲဒီသရုပ်ဆောင်နဲ့ ဆုံသွားတယ်။
အဲဒီလူရဲ့ နှုတ်ခမ်းတွေက ပြုံးသွားတာကို မာရူး မြင်လိုက်ရတယ်။
"မင်း ဆုံးဖြတ်ချက်ကို မင်း ချလို့ရပါတယ်၊ ဒါပေမဲ့ မင်းကို ရွေးချယ်စရာတွေ ပေးမယ့်သူကတော့ ငါပဲ ဖြစ်လိမ့်မယ်"
ပြီးတော့ ... မှောင်အတိ ကျသွားတော့တယ်။
* * * * * * * * *