← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း(၄၉)

“ပူလိုက်တာ”

ကောင်းကင်ကြီးကို မော့ကြည့်ရင်း မာရူး တစ်ယောက်တည်း ရေရွတ်မိတယ်။ တောက်ပလွန်းတဲ့ နေရောင်ခြည်အောက်မှာ သူ့ရဲ့အရိပ်ဟာ ပုံမှန်ထက် ပိုရှည်နေသလိုပဲ။ အရောင်ကလည်း ပိုရင့်နေတယ်။ နေရှိန်က ပြင်းလွန်းတော့ အရိပ်တွေတောင် ဝေဝါးနေသလို ခံစားရတယ်။

ကျောင်းသားတချို့ဆိုရင် အားကစားဝတ်စုံတွေနဲ့ ကျောင်းတက်နေကြပြီ။ ကျောင်းက ဘောင်းဘီတို ဝတ်ခွင့်မပြုတော့ အားကစားဝတ်စုံကိုပဲ ပြောင်းဝတ်လာကြတာ ဖြစ်မယ်။ မာရူးလည်း သူတို့လိုပဲ ဝတ်လာခဲ့တာပဲလေ။

ဇူလိုင်လလယ်ဆိုတော့ နွေရာသီကျောင်းပိတ်ရက် ရောက်ဖို့ တစ်ပတ်ပဲ လိုတော့တယ်။ ရာသီဥတုကတော့ ကျောင်းကြီးတစ်ခုလုံးကို ပေါင်းအိုးကြီးထဲ ထည့်ထားသလို အိုက်စပ်နေတာပဲ။ ဘယ်လောက်တောင် ပူသလဲဆိုရင် စည်းကမ်းထိန်းသိမ်းရေး ဆရာတောင် တစ်နေကုန် အဆောက်အအုံထဲကနေ အပြင်မထွက်ဘူး။ အဲဒါကြောင့် ဆံပင်ပုံစံ အလန်းစား လုပ်လာတဲ့ ကျောင်းသားတွေကတော့ ဘာမှပူစရာမလိုဘဲ ယုံကြည်မှုအပြည့်နဲ့ လျှောက်သွားနေကြတာပေါ့။

“နွေရာသီ ကျောင်းပိတ်ရက် မြန်မြန်ရောက်ရင် ကောင်းမှာပဲ”

တကယ်တော့ ကျောင်းသားဘဝရဲ့ အပျော်ဆုံးအချိန်က ကျောင်းပိတ်ရက်ပဲလေ။ မာရူး သူ့စက်ဘီးကို ရပ်နားခဲ့ပြီး အဆောက်အအုံထဲကို ပြေးဝင်လာခဲ့တယ်။ အဲကွန်းအအေးဓာတ်လေး ထိလိုက်ရတော့မှပဲ လူက အသက်ရှူချောင်သွားတော့တယ်။

“ဟူး... အခုမှပဲ နေသာထိုင်သာ ရှိတော့တယ်”

မာရူး ထိုင်ခုံမှာ ဝင်ထိုင်ရင်း ဘေးနားက ခုံကို ကြည့်လိုက်တယ်။ ဒိုဂျင် တစ်ယောက် ကျောင်းမရောက်သေးဘူး ထင်တယ်။

“အူး... ပူလိုက်တာကွာ”

ဒေးမြောင်က သူ့ခုံကနေ ထလာပြီး ဒိုဂျင်ခုံမှာ လာထိုင်တယ်။ ပြဇာတ်ကပြပြီးကတည်းက ဒေးမြောင်က ဝိတ်ပြန်တက်လာတာ။ ဒါပေမဲ့ အရမ်းကြီး ဝနေတာမျိုးတော့ မဟုတ်ဘဲ နည်းနည်း ဖိုင့်လာတာပါ။

“ရှေ့ဆုံးက ပန်ကာကလည်း မလည်ဘူးကွာ”

“မင်းနားမှာ ပြတင်းပေါက်ရှိသားပဲ”

“အဲဒီပြတင်းပေါက်က လေပူတွေပဲ ဝင်နေတာလေ၊ ရူးတောင်သွားချင်တယ်”

ဒေးမြောင်က ပါးစပ်လေးဟပြီး ယပ်တောင် ခပ်နေတယ်။ ယပ်တောင်ပေါ်မှာတော့ ကွန်ပျူတာပုံစံ စတစ်ကာလေး ကပ်ထားတာကို တွေ့ရတယ်။ အီလက်ထရောနစ်ပစ္စည်း ရောင်းတဲ့နေရာ တစ်ခုခုကနေ ရလာတာ ဖြစ်မှာပါ။

“မင်းမှာ အပိုယပ်တောင် ပါသေးလား”

“မပါဘူး၊ မင်း ဒါကို သုံးမလား”

ဒေးမြောင်က သူ့ယပ်တောင်ကို ကမ်းပေးပေမဲ့ မာရူးက ခေါင်းခါပြလိုက်တယ်။

“မင်း ဒီရက်ပိုင်း အစားကောင်းတွေ အများကြီး စားနေတာလား” မာရူးက မေးလိုက်တယ်။

“ဟဲဟဲ... ဟုတ်တယ်၊ နည်းနည်းတော့ စားဖြစ်နေတယ်။ ဘာစားစား အရသာရှိနေလို့”

“လျှော့စားဦးလေ၊ အခုပုံစံက ကွက်တိပဲဟာကို”

“အေးပါ၊ တကယ်လို့ လေ့ကျင့်ခန်းတွေ ပြန်လုပ်ပြီး ဝိတ်ပြန်ချရမယ်ဆိုရင်တော့...”

‘လေ့ကျင့်ခန်း’ ဆိုတဲ့ စကားလုံးကို ပြောလိုက်တဲ့အချိန်မှာပဲ ဒေးမြောင်ရဲ့ မျက်နှာက နည်းနည်း ညှိုးသွားတယ်။ အဲဒီစကားလုံးကို သူတို့ မပြောဖြစ်ကြတာ တော်တော်ကြာပြီလေ။ အဲဒီအချိန်မှာပဲ အတန်းတံခါးက တကျိကျိနဲ့ ပွင့်လာပြီး ဒိုဂျင် ဝင်လာတယ်။ ဒေးမြောင်လည်း ပြုံးပြုံးလေးနဲ့ ခုံကနေ ထပေးလိုက်တယ်။

“မင်းကတော့ ကွက်တိပဲနော်”

“မပြောပါနဲ့ကွာ၊ ငါ့မှာ အသည်းအသန် ပြေးလာရတာ။ နှိုးစက်ပေးထားတယ် ထင်တာ၊ နိုးလာတော့ ၈ နာရီ ထိုးနေပြီ။ မနက်စာတောင် မစားနိုင်ဘဲ ပြေးလာရတာ”

ဒိုဂျင်က သူ့ခုံမှာ ပစ်ထိုင်ချလိုက်တယ်။ ဒေးမြောင်ကတော့ ဘေးကနေ ယပ်တောင်လေး ခပ်ပေးနေတုန်းပဲ။

“မင်း မနေ့ညက ဂိမ်းဆော့နေတာလား” မာရူးက မေးလိုက်တယ်။

“မနေ့ညက အခြေအနေက တော်တော်ကြမ်းတာကွ၊ ဟုတ်တယ်မလား ဒေးမြောင်”

ဒေးမြောင်က စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြတယ်။

“ငါတို့ စောင့်နေတဲ့ Boss ကို နောက်ဆုံးတော့ သတ်နိုင်ခဲ့ပြီလေ။ အဲဒါက လူကြိုက်များတော့ သတ်ရတာ တော်တော်ခက်တာ”

“မနေ့ကတော့ ငါတို့ ကံကောင်းတယ် ပြောရမယ်၊ ဒိုဂျင်က အရင်ဆုံး ရှာတွေ့ခဲ့တာလေ”

အဲဒီအချိန်မှာ တခြားကျောင်းသားတွေလည်း သူတို့နားကို စုရုံးလာကြတယ်။ သူတို့လည်း အတူတူ ဆော့ခဲ့ကြပုံပဲ။ ရင်းနှီးနေကျ မြင်ကွင်းလေးကို ကြည့်ပြီး မာရူး ပြုံးမိတယ်။

“ပစ္စည်းတွေ ကျတာကတော့ စုတ်ပြတ်နေတာပဲ”

“အေးလေ၊ ငါ့မှာ ဆေးတွေ ဘယ်လောက်တောင် ကုန်သွားလဲ မသိဘူး”

“ဟုတ်ပကွာ”

“ဒါပေမဲ့ ပိုက်ဆံတော့ အတော်လေး ရခဲ့တယ်လေ၊ နောက်မှ ထပ်ကြိုးစားကြတာပေါ့”

“မာရူး၊ မင်းလည်း ငါတို့နဲ့ အတူတူ ဆော့ပါလား” ဒိုဂျင်က ခေါ်တယ်။

မာရူး ဒီလိုအပြောခံရတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး။ သူ့ရဲ့ အရင်ဘဝမှာသာဆိုရင်တော့ ဒီဂိမ်းကို သူ အရူးအမူး ဆော့နေမိမှာ သေချာတယ်။ အခုလည်း ဆော့တော့ ဆော့နေပါသေးတယ်၊ ဒါပေမဲ့ တစ်နေ့ကို တစ်နာရီ၊ နှစ်နာရီလောက်ပဲ။ အဲဒါကြောင့် တခြားသူတွေကို မမီတော့ဘူး။ သူ့သူငယ်ချင်းတွေကတော့ သူ့ထက် အဆင့်တွေ အများကြီး မြင့်နေကြပြီ။

“RPG ဂိမ်းတွေက ငါနဲ့ သိပ်မကိုက်ပါဘူးကွာ၊ အချိန်အများကြီး ပေးရလွန်းတယ်။ အားတဲ့အချိန်မှပဲ ဆော့တော့မယ်”

“ဟာ... ငါ မင်းအတွက် ဆော့ပေးမယ်လို့ ပြောထားသားပဲကို”

“ငါ့ကိုပဲ Carryပေးကွာ”

ကျောင်းသားတွေ အားလုံး တပြိုင်တည်း ရယ်မောလိုက်ကြတယ်။ မာရူးက သူ့သူငယ်ချင်း နှစ်ယောက်ကို ခဏလောက် ကြည့်နေမိတယ်။ လွန်ခဲ့တဲ့ တစ်လက ဇာတ်ညွှန်းတွေကို အပူတပြင်း ကျက်မှတ်ခဲ့ကြတဲ့ အခြေအနေနဲ့စာရင် အခုမြင်ကွင်းက သူတို့ရဲ့ ပုံမှန်နေ့စဉ်ဘဝ ပြန်ဖြစ်သွားခဲ့ပြီ။

“ဘာတွေ စဉ်းစားနေတာလဲ မာရူး”

ဒိုဂျင်က မာရူးမျက်နှာရှေ့မှာ လက်ယမ်းပြရင်း မေးလိုက်တယ်။

မာရူးလည်း သူ့စိတ်ထဲရှိတဲ့အတိုင်း မစဉ်းစားဘဲ ပြောချလိုက်မိတယ်။

“မင်းတို့ ကလပ်အတွက် ဇာတ်ညွှန်းတွေကို ဘယ်လောက်အထိ ဒီအတိုင်းပဲ ဖတ်နေဦးမှာလဲ”

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ သူ့သူငယ်ချင်း နှစ်ယောက်လုံး တိတ်ဆိတ်သွားကြတယ်။ ငါ ပြောတာ မှားသွားပြီလို့ မာရူး ချက်ချင်း သိလိုက်တယ်။ လွန်ခဲ့တဲ့လက ပြဇာတ်ကပြခဲ့တဲ့ အရှိန်က သူတို့ဆီမှာ မကုန်သေးဘူးလေ။

ပထမဆုံး စကားပြန်ပြောတာက ဒေးမြောင်ပါ။

“ငါတို့ ဂွမ်ဟိုတက္ကသိုလ်က လုပ်မယ့် လူငယ်သရုပ်ဆောင် ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စဉ်းစားနေကြတာ”

“အခုထိလုပ်နေကျတုန်းလား”

“အင်း”

“ဂွန်ဆော့ကြောင့်လား”

“ . . . ”

သူတို့တွေ ထပ်ပြီး တိတ်ဆိတ်သွားကြပြန်တယ်။ အဲဒီအချိန်မှာပဲ ပထမအချိန် တက်ဖို့ ခေါင်းလောင်းသံ မြည်လာတယ်။ ဒေးမြောင်က အားနာတဲ့ အပြုံးလေးနဲ့ သူ့ခုံကို ပြန်သွားတယ်။ မာရူးလည်း ဒိုဂျင်ဘက်ကို လှည့်ကြည့်လိုက်တော့ ဒိုဂျင်ကလည်း အလားတူပဲ ပြုံးပြရင်း ချိုချဉ်တစ်လုံး ထုတ်ပေးလာတယ်။

“စားမလား”

“ပေး”

“ရော့”

ဒိုဂျင်က သူ့ပါးစပ်ထဲကိုလည်း တစ်လုံးထည့်ပြီး ငြိမ်သွားတယ်။ မာရူး သူ့သူငယ်ချင်း နှစ်ယောက်ကို ကြည့်လိုက်မိတယ်။ ပြီးခဲ့တဲ့လက ဒေသတွင်းပြိုင်ပွဲပြီးကတည်းက သူတို့ရဲ့ စိတ်တွေက တစ်နေရာမှာ ရပ်တန့်နေခဲ့ကြပုံပဲ။

* * * * * * * * *

လွန်ခဲ့တဲ့ တစ်လက ပြဇာတ်ပြိုင်ပွဲရဲ့ အနားယူခန်းထဲမှာ မာရူး အရင်ဆုံး မြင်လိုက်ရတာက နံရံကို မှီပြီး ပြိုလဲနေတဲ့ ဂွန်ဆော့နဲ့ သူ့ကို ဝိုင်းကြည့်နေကြတဲ့ ကလပ်အဖွဲ့ဝင်တွေပဲ။

“အဲဒီကလေးသာ မရှိရင်... သူသာ မဟုတ်ရင်... ဒိုင်လူကြီးတွေက...”

ဂွန်ဆော့ ခေါင်းမဖော်နိုင်ဘူး။ အဲဒီစကားတွေကိုပဲ ထပ်ခါတလဲလဲ ပြောနေခဲ့တာ။ ကလပ်အဖွဲ့ဝင်တွေကတော့ သူ့ကို စိတ်ဆိုးနေတဲ့ပုံ မပေါက်ပါဘူး၊ သူတို့ သိချင်နေကြတာက ‘ဘာဖြစ်လို့လဲ’ ဆိုတာပါပဲ။ ဘာကိစ္စကြောင့် တော်လွန်းတဲ့ ဂွန်ဆော့က ဒီလိုအခြေခံအမှားမျိုး လုပ်ခဲ့ရတာလဲဆိုတာ သူတို့ နားမလည်နိုင်ကြဘူး။

အဲဒီနေ့မှာပဲ ကလပ်အဖွဲ့လေး ပြိုကွဲသွားခဲ့တယ်။ မီဆိုလည်း အဖွဲ့ဝင်တွေကို ပြန်စုစည်းဖို့ မကြိုးစားခဲ့ဘူး။

“ဒီလိုနေ့မျိုးမှာ လူစုခိုင်းတာက အဲဒီကလေးအတွက် အရမ်းရက်စက်ရာ ကျလွန်းတယ်” လို့ မီဆိုက ပြောခဲ့တယ်။

နောက်တစ်နေ့မှာတော့ ကလပ်ခန်းထဲမှာ သူတို့ ပြန်ဆုံဖြစ်ကြတယ်။ နောက်တစ်ကြိမ်ကျရင် ပိုကောင်းအောင် လုပ်ကြမယ်ဆိုပြီး အချင်းချင်း အားပေးကြပေမဲ့ သူတို့မျက်လုံးထဲမှာတော့ ‘ဘယ်လိုမျိုးလဲ’ ဆိုတဲ့ သံသယတွေက ရှိနေတုန်းပဲ။ ဂွန်ဆော့ရဲ့ အမှားက သူတို့အတွက် တော်တော်လေး တုန်လှုပ်စရာ ဖြစ်ခဲ့တာကိုး။

အဲဒီနောက်ပိုင်း ဘာမှ ထူးမခြားနားပါပဲ။ တစ်ပတ်လုံးလုံး အချင်းချင်း အားပေးနှစ်သိမ့်ရင်း အချိန်ကုန်ခဲ့ကြတယ်။ ပြိုင်ပွဲရလဒ် ထွက်တဲ့နေ့မှာတော့ ကလပ်အဖွဲ့ဝင်တွေ ပြန်ဆုံကြပြန်တယ်။ ဆရာ တေးဆစ်က ရလဒ်ကို လာပြောပြတယ်။ ဒါဟာ ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပဲလို့ သူက အားပေးပေမဲ့ တကယ်တမ်းမှာတော့ သူတို့အဖွဲ့ အရည်အချင်းစစ် မအောင်ခဲ့ပါဘူး။

ဂွန်ဆော့ ငိုချလိုက်တယ်။ သူ တောင်းပန်ပါတယ်ဆိုပြီး ရှိုက်ကြီးတငင် ပြောနေရှာတယ်။ ဒေးမြောင်ကလည်း လိုက်ငိုတယ်၊ ပြီးတော့ ယွန်ရင် လည်း လိုက်ငိုတယ်။ အဖွဲ့ဝင် ၁၁ ယောက်စလုံး စုပြီး အချင်းချင်း နှစ်သိမ့်ပေးနေကြချိန်မှာ မာရူးကတော့ ဘေးကနေပဲ ကြည့်နေခဲ့တယ်။

သူကတော့ အဲဒီအထဲမှာ ပါဝင်စရာ နေရာမရှိသလိုပဲ။ သုံးလလုံးလုံး အတူတူ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြတဲ့ သူတို့တွေမှသာ အချင်းချင်း နှစ်သိမ့်ပိုင်ခွင့် ရှိကြတာလေ။ မာရူးမှာတော့ သူတို့နဲ့အတူတူ လိုက်ငိုဖို့ ဒါမှမဟုတ် စိတ်ဆိုးဖို့ အခွင့်အရေး မရှိဘူး။

ဂျောင်ချန်ဟူး ကတော့ အရင်ဆုံး စိတ်ကို ပြန်စုစည်းပြီး ဒီနှစ်နှောင်းပိုင်းမှာရှိမယ့် တခြားပြိုင်ပွဲတွေအတွက် ပြင်ဆင်ကြဖို့ ပြောတယ်။ အထူးသဖြင့် တက္ကသိုလ် သရုပ်ဆောင်ပြိုင်ပွဲပေါ့။ နိုင်ငံတော်အဆင့် ပြိုင်ပွဲနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ပေမဲ့ ဒေသတွင်းပြိုင်ပွဲပြီးရင် အမြန်ဆုံး စတင်မယ့် ပြိုင်ပွဲတစ်ခုပေါ့။

ဒါပေမဲ့ အဲဒီပြိုင်ပွဲကို လူတွေက ‘အရှုံးသမားတွေရဲ့ ပွဲတော်’ လို့လည်း ခေါ်ကြတယ်။

အဖွဲ့ဝင်တွေက ဂျောင်ချန်ဟူး ရဲ့ စကားကို ခေါင်းညိတ် ထောက်ခံနေကြတုန်းမှာ ဂွန်ဆော့ကတော့ ထောင့်တစ်နေရာကနေ တိုးတိုးလေး ပြောနေတာကို မာရူး သတိထားမိလိုက်တယ်။

“အဲဒီကလေးသာ မရှိရင်...”

သူက အရင်စကားကိုပဲ ထပ်ပြောနေတာ။ တခြားသူတွေတော့ သတိထားမိပုံ မရဘူး။ အဲဒီအချိန်မှာ မာရူးနဲ့ သူနဲ့ မျက်လုံးချင်း ဆုံသွားတယ်။ ဂွန်ဆော့ လန့်သွားပြီး ခေါင်းငုံ့သွားခဲ့တယ်။ ဖြစ်နိုင်တာက အဲဒီစကားဟာ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရင်ထဲက တကယ့်ခံစားချက် အစစ်အမှန် ဖြစ်လိမ့်မယ်။

အဲဒီနေ့ပြီးကတည်းက ကလပ်အဖွဲ့ဝင်တွေဟာ ခန်းမထဲမှာ မတွေ့ရတော့ဘူး။ ပိတ်ရက်တွေမှာ ဇာတ်ညွှန်းဖတ်ဖို့ ရံဖန်ရံခါ တွေ့ဖြစ်ကြပေမဲ့ တခြားဘာမှ ထွေထွေထူးထူး မရှိပါဘူး။ အရင်ပြဇာတ်နဲ့ပဲ ပြန်ပြိုင်မှာဆိုတော့ အထူးတလည် လေ့ကျင့်စရာလည်း မလိုတော့ဘူးလေ။

ဒါပေမဲ့ ပြောင်းလဲသွားတာ တစ်ခုရှိတယ်။ အဲဒါကတော့ မီဆို မလာတော့တာပါပဲ။

ဒါဟာ ဖြစ်သင့်တဲ့ အပြောင်းအလဲတစ်ခုပါပဲ။ သူက ဒေသတွင်းပြိုင်ပွဲအထိပဲ ကူညီပေးဖို့ လာခဲ့တာကိုး။

“ငါ ဒီတစ်ခါတော့ တခြား ပရောဂျက်တစ်ခုမှာ ပါဝင်ဖို့ ရှိတယ်၊ မလုပ်တော့ဘူးလို့ စဉ်းစားထားပေမဲ့ အခုတော့ အချိန်ရသွားပြီလေ” လို့ မီဆို ပြောခဲ့တာကို မာရူး မှတ်မိနေတယ်။

သူမက ဖုံးကွယ်ထားပေမဲ့ သူမရဲ့ မျက်နှာပေါ်က စိတ်ပျက်မှုတွေကိုတော့ မာရူး မြင်နေရတယ်။ သူမဟာ ဒီကလပ်အဖွဲ့ကို ဘယ်သူ့ထက်မဆို ပိုချစ်မြတ်နိုးခဲ့တာလေ။ အခုလို အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာက သူမအတွက်လည်း တော်တော်လေး ဝမ်းနည်းစရာ ဖြစ်မှာပါ။

မာရူး ဒီအကြောင်းတွေကို စဉ်းစားနေတုန်းမှာပဲ တံခါးပွင့်လာပြီး ဆရာ ဝင်လာတယ်။ ဆရာက ဝင်လာတာနဲ့ “စာအုပ်တွေ ဖွင့်ကြ” လို့ အရင်ဆုံး ပြောလိုက်တော့တယ်။

ကဲ... အတန်းထဲမှာ စာကိုပဲ အာရုံစိုက်ရတော့မယ်။ မာရူးလည်း သူ့စားပွဲထဲက စာအုပ်ကို ထုတ်လိုက်တယ်။

* * * * * * * * *

နေ့လယ်စာ စားချိန် ရောက်ပြီ။ ပုံမှန်ဆိုရင်တော့ ကျောင်းသားတွေက ထမင်းစားဆောင်ဆီကို အပြေးအလွှား သွားကြမှာ ဖြစ်ပေမဲ့ အခုတော့ အားလုံးက ဇွန်ဘီတွေလိုပဲ တရွေ့ရွေ့ လျှောက်နေကြတယ်။

ပူလိုက်တာမှ လွန်ရောပဲ။

“ဘုရားရေ... အရမ်းပူတာပဲ”

“တကယ်ပါပဲကွာ...”

“ပူတယ်လို့ ပြောနေရင် ပိုပူလာမှာပေါ့၊ အေးနေတယ်လို့ပဲ စိတ်ထဲမှာ မှတ်ထားလိုက်”

“မင်း ပြောတာ ငါ့အဖေ ပြောသလိုပဲ”

“လူကြီးတွေ ပြောတယ်ဆိုတာ အကြောင်းရှိလို့ပေါ့ကွာ”

မာရူးက စကားပြောရင်း လက်နဲ့ ယပ်ခပ်နေတယ်။ နွေရာသီ အပူရှိန်ကြောင့် အစားလည်း သိပ်မဝင်ချင်ဘူး၊ ဒီနေ့ နေ့လယ်စာ မီနူးကလည်း သိပ်ပြီး စားချင်စရာ မကောင်းဘူး။ ဒီနေ့ အသားဟင်းလေးများ ပါမလားလို့ မျှော်လင့်ထားပေမဲ့... ကျောင်းကတော့ ‘အသီးအရွက် ပွဲတော်’ လုပ်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ။

“အာလူးချက်နဲ့ ကြာစွယ်ချက်တဲ့... ဘယ်သူ လဲစားချင်လဲ”

“ကျော်လိုက်တော့”

“အင်း... ငါလည်း လက်လျှော့လိုက်ပြီ”

ဒီကျောင်းက ထမင်းဟင်းတွေက တော်တော်များများ စားလို့ရပေမဲ့ အာလူးချက်ကတော့ အညံ့ဆုံးပဲ။ အာလူးကလည်း နူးမနေဘဲ တကျွတ်ကျွတ် ဖြစ်နေသလို အရည်ကလည်း ကျဲနေတော့ စားချင်စရာ မရှိဘူး။ တကယ်တမ်း စားလိုက်ရင် အာလူးအစိမ်းကို ဝါးနေရသလိုပဲ။

“ဟင်”

ဒေးမြောင်က သူ့ရှေ့က ဂွန်ဆော့ကို လက်ညှိုးထိုးပြတယ်။ ဂွန်ဆော့က သူ့သူငယ်ချင်းတွေနဲ့အတူ ထမင်းစားဆောင်ကို သွားနေတာ။ သူ့နောက်မှာတော့ ယွန်ရင် နဲ့ ဆိုယွန်း တို့ ပါလာတယ်။

“ငါပဲ ထင်နေတာလား၊ သူတို့ သုံးယောက်က ဘာလို့ အဝေးကြီး ခွာပြီး လျှောက်နေကြတာလဲ” ဒိုဂျင်က မျက်မှောင်ကြုတ်ပြီး ပြောတယ်။

မာရူးလည်း အဲဒီလိုပဲ ခံစားရတယ်။ သူတို့ သုံးယောက်က တကယ့်သူငယ်ချင်း အရင်းအခြာတွေလေ။ ဒါပေမဲ့ ဒီနေ့တော့ သူတို့ကြားမှာ နေရခက်တဲ့ အခြေအနေတစ်ခု ရှိနေသလိုပဲ။ ယွန်ရင် နဲ့ ဆိုယွန်း ကတော့ အရင်အတိုင်း ခင်ခင်မင်မင် ရှိနေကြပေမဲ့ ဂွန်ဆော့ဆီမှာတော့ တစ်ခုခု ဖြစ်နေတာ သေချာတယ်။

ဒိုဂျင်ကတော့ လူမှုရေး ကောင်းသူပီပီ ယွန်ရင် နဲ့ ဆိုယွန်း ကြားထဲကို ပြေးဝင်သွားတယ်။ ပြီးတော့ ဒေးမြောင်နဲ့ မာရူးကို လက်လှမ်းပြတယ်။ မိန်းကလေး နှစ်ယောက်ကလည်း သူတို့ကို လက်ပြန်ပြကြတယ်။

“သွားကြရအောင်”

“အေး... သွားမယ်”

မာရူးနဲ့ ဒေးမြောင်လည်း သူတို့ သုံးယောက်ဆီကို လျှောက်သွားလိုက်တယ်။

“ဒီနေ့က အာလူးချက်ကြီးကွ”

“ဆိုယွန်း၊ ငါ့အာလူးတွေ မင်း ယူမလား”

“ငါ အစားစားတာ ဝါသနာပါပေမဲ့ ဒါကိုတော့ အပြတ်ငြင်းတယ်နော်”

သူတို့တွေလည်း အာလူးအကြောင်းပဲ ပြောနေကြတာ။ မာရူးက သူ့ရှေ့က ဂွန်ဆော့ကို လှမ်းကြည့်လိုက်တယ်။ ဂွန်ဆော့က သူ့သူငယ်ချင်းတွေနဲ့ စနောက်နေရင်းကနေ နောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့ နှစ်ယောက် မျက်လုံးချင်း ဆုံသွားတယ်။ မာရူးက နှုတ်ဆက်တဲ့အနေနဲ့ လက်ပြလိုက်တော့ ဂွန်ဆော့ကလည်း နေရခက်တဲ့ပုံစံနဲ့ လက်ပြန်ပြတယ်။

ဂွန်ဆော့ တော်တော်လေး ပြောင်းလဲသွားတာပဲ။ ကလပ်အပြင်ဘက်မှာဆိုရင် သူက အမြဲပြုံးနေတတ်ပြီး ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူ။ စကားတွေ အများကြီး မပြောပေမဲ့ အရင်ကထက်စာရင်တော့ လူမှုရေး ပိုရှိလာတယ်။ ဒါပေမဲ့ အခုကြည့်ရတာတော့ အမှားတစ်ခုခု လုပ်ထားမိလို့ ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ ကလေးတစ်ယောက်လိုပဲ။

မာရူးက ယွန်ရင် နဲ့ ဆိုယွန်း ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူတို့ နှစ်ယောက်လည်း နေရခက်တဲ့ အပြုံးလေးတွေ ပြုံးနေကြတယ်။ သူတို့ သုံးယောက်ကြားမှာ ကြီးမားတဲ့ အတားအဆီးတစ်ခု ရှိနေတာတော့ သေချာနေပြီ။

“မင်းတို့ ရန်ဖြစ်ထားကြတာလား” မာရူးက မေးလိုက်တယ်။

ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးကို မမေးသင့်ဘူးဆိုတာ သိပေမဲ့ သူတို့ကြားက အခြေအနေက တစ်ခုခု ထူးခြားနေလို့ မေးမိလိုက်တာပါ။

မိန်းကလေး နှစ်ယောက်လုံးက ခေါင်းတွေကို အသည်းအသန် ခါပြကြတယ်။ အထူးသဖြင့် ယွန်ရင် ကတော့ ဆံပင်တွေ တလွင့်လွင့် ဖြစ်သွားတဲ့အထိ ခါပြနေတာ။

“ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ဘူး”

ယွန်ရင် က စကားပြောနေရင်း သူမရဲ့ ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘာမှမဖြစ်ဘူးဆိုတာ ဘယ်လိုမှ မယုံကြည်နိုင်စရာပဲ။ ဒါပေမဲ့ ထပ်ပြီး မေးနေရင်လည်း ရိုင်းရာကျမှာစိုးလို့ ဘာမှမပြောဘဲ ထမင်းစားဆောင်ထဲကိုပဲ တိတ်တိတ်ဆိတ်ဆိတ် ဆက်လျှောက်လာခဲ့ကြတယ်။

“တစ်ခုခုတော့ ဖြစ်နေတာ သေချာတယ်၊ ဟုတ်တယ်မလား” ဒိုဂျင်က တိုးတိုးလေး ကပ်မေးတယ်။

“လောလောဆယ်တော့ ဘာမှမပြောဘဲ နေလိုက်ပါဦး၊ သူတို့ဘာသာသူတို့ ရှင်းကြလိမ့်မယ်”

“အင်းပါ”

မာရူး သူ့ရှေ့က ဂွန်ဆော့ကို ကြည့်လိုက်မိတယ်။ ပြုံးနေတဲ့ အဲဒီကောင်လေးရဲ့ ပုံစံက ကြည့်ရတာ သူ ဟန်ဆောင်နေသလောက် သက်သောင့်သက်သာ မရှိနေတာတော့ အမှန်ပဲ။

* * * * * * * * *

အခန်း(၅၀)

“အပေါ်တက်ကြရအောင်"

ကျောင်းတက်ခေါင်းလောင်း မမြည်ခင်မှာပဲ သူတို့သုံးယောက်သား စတင်လှုပ်ရှားလိုက်ကြတယ်။ အပေါ်ကို တက်လာတဲ့လမ်းမှာ တေဂျွန်းနဲ့ အီဆိုးလ်တို့နဲ့ ဆုံဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက်ကလည်း ကောင်လေးတွေကို တက်တက်ကြွကြွနဲ့ လက်လှမ်းပြ နှုတ်ဆက်ကြတာပေါ့။

“ကျောင်းဆင်းရင် တစ်ခုခုလုပ်ဖို့ ရှိလား” အီဆိုးလ်က မေးလိုက်တယ်။

သူတို့သုံးယောက်လုံးကတော့ ခေါင်းခါပြလိုက်ကြတာပေါ့။

“ဒါဆိုရင် ကာရာအိုကေ သွားကြမယ်လေ။ ဘယ်လိုလဲ”

အီဆိုးလ်က သူတို့ကို စူးစူးစိုက်စိုက် ကြည့်နေတယ်။ ဒီကောင်မလေးက သူလိုချင်တာကို အမြဲတမ်း ရအောင်ယူတတ်တဲ့ အကျင့်ရှိတာလေ။ အခုပုံစံအတိုင်းဆိုရင်တော့ သူတို့သုံးယောက်သား ဒီညနေမှာ ဘာပဲဖြစ်ဖြစ် ကာရာအိုကေကို မလိုက်လို့ မရတော့မယ့်ပုံပဲ။

သူတို့တွေ စကားပြောရင်းနဲ့ ငါးထပ်က အားကစားခန်းမဆီကို ရောက်လာခဲ့ကြတယ်။ လွန်ခဲ့တဲ့ တစ်လလောက်တုန်းကဆိုရင်တော့ ဒီခန်းမကြီးထဲမှာ မီဆိုရဲ့ အော်ဟစ်သံတွေနဲ့ ပြည့်နေမှာဖြစ်ပေမဲ့ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ တံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ ဒုတိယနှစ်စီနီယာတွေက သူတို့ကို ဆီးကြိုနေကြတယ်။

“ဒီကို လာဟေ့”

ပထမနှစ်တွေက ဝိုင်းဖွဲ့ပြီး ထိုင်လိုက်ကြတယ်။ မာရူးလည်း သူတို့နဲ့အတူ ဝင်ထိုင်လိုက်တာပေါ့။ အခုချိန်မှာ လေ့ကျင့်တာတွေလည်း အတော်လေး ရပ်နားထားတာဆိုတော့ တခြားနေရာမှာ သီးသန့်ထိုင်နေစရာ အကြောင်းမရှိဘူးလေ။ သူတို့တွေ ဒီမှာပဲ စကားစမြည် ပြောနေကြတာ။

“တော်တော်လေး ပူလာပြီနော် ခန်းမကြီးကို သုံးလို့ရတာ တော်သေးတာပေါ့။ ဒီအချိန်မှာ ကလပ်အခန်းထဲမှာသာဆိုရင်တော့ တွေးကြည့်ရုံနဲ့တင် ကြောက်စရာကြီး” ဂျောင်ဟော့ခ်က ပြုံးဖြီးဖြီးနဲ့ ပြောလိုက်တယ်။

တစ်ဖွဲ့လုံးကလည်း အဲဒီစကားကို ရယ်ရယ်မောမောနဲ့ ပြန်တုံ့ပြန်ကြတာပေါ့။ ပြုံးနေကြပေမဲ့လည်း မာရူးကတော့ လေထုထဲမှာ မသက်မသာဖြစ်နေတဲ့ အငွေ့အသက်လေးတစ်ခုကို ခံစားမိနေတယ်။ အားလုံးက တကယ်စိတ်ပါလက်ပါ ရယ်နေကြတာ မဟုတ်လို့လည်း ဖြစ်မှာပါ။

“ကဲ... ဒါဆိုရင် တို့ရဲ့ သူဌေးကြီး စီနီယာ ဂျောင်ဟော့ခ်က ကလပ်အတွက် အအေးတွေ ပြန်တိုက်ဦးမှာပါ”

မင်းဆောင်က အော်ဟစ်ပြီး ထရပ်လိုက်တယ်။ သူလည်း ကလပ်ထဲက လေးလံနေတဲ့ လေထုကို သတိထားမိလို့ ဖြစ်မှာပါ။ ဂျောင်ဟော့ခ်ကတော့ မင်းဆောင်က ဘာလို့ သူ့ကိုယ်သူ ‘ဂျောင်ဟော့ခ်ရဲ့ ဂျူနီယာ’ အုပ်စုထဲ ထည့်ထားရတာလဲဆိုပြီး ချက်ချင်းပဲ ပြန်ငြင်းတော့တာပေါ့။ မင်းဆောင်ကတော့ ဘာမှမသိသလိုမျိုးနဲ့ ရယ်ပြနေတယ်။ ပထမနှစ်တွေလည်း ပြုံးမိသွားကြပြီး အခြေအနေက နည်းနည်းတော့ ပြန်ပွင့်လင်းလာခဲ့တယ်။

အဲဒီအချိန်မှာပဲ ဒီဇိုင်းဌာနက ပထမနှစ်တွေ ဝင်လာကြတယ်။ ဂွန်ဆော့က အရင်ဆုံးဝင်လာပြီး ဆိုယွန်းနဲ့ ယွန်ရင်တို့က နောက်ကနေ ကပ်ပါလာကြတာပေါ့။

“ကြိုဆိုပါတယ်” ယွန်ဂျုံက သူတို့သုံးယောက်ကို နှုတ်ဆက်လိုက်ပြီး နေရာရအောင် နည်းနည်းလောက် ဖယ်ပေးလိုက်တယ်။

မာရူးက ယွန်ရင်ကို ခဏလောက် အကဲခတ်ကြည့်မိတယ်။ ကောင်မလေးက ရှက်တတ်တဲ့ ကလေးတစ်ယောက်လိုမျိုး ကြမ်းပြင်ကိုပဲ ငုံ့ကြည့်နေတာ။ စောစောက ဖြစ်ခဲ့တဲ့ကိစ္စကြောင့်လည်း ဖြစ်နိုင်ပါတယ်။

“ဟေး”

“အာ... အင်း၊ ဟေး”

မာရူးက စပြီးနှုတ်ဆက်တော့မှ ကောင်မလေးက ပြန်ထူးရှာတယ်။ ထုံးစံအတိုင်း သူမက ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြန်တာပေါ့။

“ကဲ... ဒီနေ့လည်း ဇာတ်ညွှန်းဖတ်တာလေးနဲ့ပဲ စလိုက်ကြရအောင်” ယွန်ဂျုံက လက်ခုပ်တီးရင်း ပြောလိုက်တယ်။

ဒေသန္တရပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် သူတို့လုပ်နိုင်တာဆိုလို့ ဇာတ်ညွှန်းဖတ်တာလေးပဲ ရှိတော့တာလေ။ အဲဒါကိုတောင် အကြာကြီး မလုပ်ဖြစ်ကြဘူး။ များသောအားဖြင့် တစ်ခေါက်ပဲ လုပ်ကြပြီး အခြေအနေကောင်းရင် နှစ်ခေါက်ပေါ့။ ဒါဟာ သူတို့ရဲ့ တစ်ပတ်တာ လေ့ကျင့်ခန်း အကုန်လုံးပါပဲ။

ဇာတ်ညွှန်းဖတ်ပြီးသွားတဲ့အခါမှာတော့ အားလုံး ခဏလောက် စကားပြောဖြစ်ကြတယ်။ မတွေ့ဖြစ်တဲ့ အတောအတွင်း ဘာတွေထူးလဲ၊ တစ်ပတ်တာကို ဘယ်လိုဖြတ်သန်းခဲ့လဲ ဆိုတာတွေကိုပေါ့။ ကလပ်အဖွဲ့ဝင်တွေကြားက သာမန် လက်ဖက်ရည်ဝိုင်းလေး တစ်ခုလိုပါပဲ။

အရင်တုန်းက ရှိခဲ့တဲ့ စိတ်အားထက်သန်မှုတွေကတော့ ဘယ်ပျောက်ကုန်မှန်း မသိတော့ဘူး။

မာရူးကတော့ ဒါကို ကောင်းကောင်းနားလည်ပါတယ်။ အားလုံးက ပင်ပန်းနေကြပြီလေ။ လူဆိုတာ အမြဲတမ်း ပြေးနေလို့မှ မရတာ။ သူတို့အတွက် အနားယူဖို့ လိုအပ်တယ်။

‘ငါ ဝင်ပါလို့ ရတဲ့ကိစ္စလည်း မဟုတ်ဘူးလေ။’

အနားယူတာ ကြာသွားရင် အလေးအနက် ပြန်စဖို့ ပိုခက်သွားမယ်ဆိုတာကို သူ သိနေပေမဲ့လည်း အဲဒါတွေကို သူတို့ကို ရှင်းပြနေဖို့ မလိုအပ်ဘူးလို့ သူ ခံစားရတယ်။ ပြီးခဲ့တဲ့ သုံးလလုံးလုံး ကလပ်က ဘယ်သူ့ထက်မဆို ပိုပြီး ကြိုးစားခဲ့ကြတာပဲလေ။

ရှုံးနိမ့်မှု၊ အရှက်ရမှုနဲ့ ဝမ်းနည်းမှု ခံစားချက်တွေကို တစ်ချိန်ချိန်မှာတော့ သူတို့ ကျော်လွှားနိုင်ကြမှာပါ။ လေ့ကျင့်ခန်းတွေ ပြန်စလာမယ်၊ ပြီးရင် သူတို့ရဲ့ စိတ်အားထက်သန်မှုတွေလည်း ပြန်ပေါ်လာဦးမှာပေါ့။

မာရူးက သူတို့ကို ယုံကြည်တာကြောင့် စိုးရိမ်မနေတော့ပါဘူး။ ယွန်ဂျုံ လက်ခုပ်တီးလိုက်ပြီးတဲ့နောက်မှာ စာဖတ်တာကို စတင်လိုက်ကြတယ်။ ကလပ်အဖွဲ့ဝင်တွေက ဟန်အမူအရာတွေ မလုပ်ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းတော့ ဆုံကြပါတယ်။ မျက်လုံးချင်း စကားပြောပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အသံထဲမှာ ခံစားချက်တွေ ပါဝင်လာတော့တာပေါ့။

တည်တည်ငြိမ်ငြိမ် ရှိနေတဲ့ သူတို့ရဲ့ အမူအရာတွေက သူတို့ရဲ့ အရည်အချင်းကို သက်သေပြနေတာပါ။ ပြီးခဲ့တဲ့ သုံးလတာ အတွေ့အကြုံတွေက သူတို့အတွက် တကယ်ကို အကျိုးရှိခဲ့ပါတယ်။ အမျိုးသားအဆင့် ပြိုင်ပွဲအတွက် အရည်အချင်းမပြည့်မီခဲ့ပေမဲ့ ကောလိပ်အဆင့် ပြိုင်ပွဲမှာတော့ ဆုတစ်ခုခု ရအောင် ယူနိုင်မှာ သေချာပါတယ်။

နောက်ဆုံးတော့ ဂွန်ဆော့ ပြောရမယ့်အလှည့် ရောက်လာခဲ့ပြီ။

“ဟုတ်ကဲ့။ နားလည်ပါပြီ။ ကျွန်တော် လုပ်ပါ့မယ်"

ဂွန်ဆော့ ပြောလိုက်တဲ့ စကားလုံးတွေရဲ့ အသံထွက်၊ အသံအတိုးအကျယ်နဲ့ ခံစားချက်တွေက ပြစ်ချက်မရှိအောင်ကို ကောင်းမွန်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ လိုနေသေးတယ်။ ကောင်လေးရဲ့ မျက်လုံးတွေက ကြမ်းပြင်ပေါ်မှာပဲ ကပ်နေတာ။ ယွန်ဂျုံကတော့ စိတ်ပျက်သွားတဲ့ပုံနဲ့ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူမ တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ ဂျောင်ဟော့ခ်က လှမ်းတားလိုက်တာကြောင့် ရပ်သွားရတာပေါ့။

ဒီအခြေအနေက လွန်ခဲ့တဲ့ တစ်လလုံးလုံး ထပ်ခါတလဲလဲ ဖြစ်နေခဲ့တာလေ။ အကယ်၍ တစ်ယောက်ယောက်က ဂွန်ဆော့ရဲ့ အမှားကို ထောက်ပြလိုက်ရင် ကလပ်အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ တစ်လက ဖြစ်ရပ်ကို မလွဲမသွေ ပြန်ပြောကြရတော့မှာ။ ဒါက ကလပ်ထဲက ဘယ်သူ့အတွက်မှ မခံစားနိုင်တဲ့ အရာပဲလေ။ ဒါကို ပြန်ပြောလိုက်ရင် ကလပ်ထဲမှာ အက်ကြောင်းတွေ ထပ်ဖြစ်လာမှာကို ဂျောင်ဟော့ခ်က ရိပ်မိသွားပုံရတယ်။

မာရူးရဲ့ အကြည့်က ဂျောင်ဟော့ခ်နဲ့ ဆုံသွားတယ်။ စီနီယာရဲ့ မျက်လုံးတွေက ဂွန်ဆော့ကို အချိန်နည်းနည်း ထပ်ပေးသင့်လားလို့ မေးနေသလိုပဲ။ အဲဒီအချိန်မှာပဲ ဘယ်သူမှ မမျှော်လင့်ထားတဲ့ နေရာကနေ ဒေါသသံတစ်ခု ထွက်လာတယ်။

ဆိုယွန်း ဆီကပါ။

“ဟေ့၊ ဂွန်ဆော့၊ ငါတို့ အခု ဇာတ်ညွှန်းဖတ်နေကြတာလေ"

“ဟင် အင်းလေ။ ငါလည်း ဖတ်နေတာပဲ။ ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့လဲ ဟုတ်လား ဘာတွေဖြစ်နေလဲဆိုတာ နင် မမြင်ဘူးလား စီနီယာတွေ အကုန်လုံးက နင့်ကိုပဲ ကြည့်နေကြတာလေ"

ဆိုယွန်းက ဒေါသထွက်နေတဲ့အချိန်မှာ တော်တော်လေး ကြောက်စရာကောင်းပါတယ်။ သူမက ဂွန်ဆော့ကို စူးစူးစိုက်စိုက် ကြည့်နေတာ။ သူတို့နှစ်ယောက်ကြားမှာ ထိုင်နေတဲ့ ယွန်ရင်ကတော့ စိတ်ပူနေတဲ့ မျက်နှာပေးနဲ့ သူမရဲ့ ဖုန်းကိုပဲ တင်းတင်းဆုပ်ကိုင်ထားရှာတယ်။ ကလပ်ထဲက လေထုကလည်း ချက်ချင်းကို အေးစက်သွားတော့တာပေါ့။ ဂျောင်ဟော့ခ်လည်း ဒီအချိန်မှာ ဘာမှ မတတ်နိုင်တော့ဘူး။

“ဂွန်ဆော့ ဒီကိစ္စကြောင့် နင် အများကြီး ခံစားနေရတယ်ဆိုတာ ငါတို့ သိပါတယ်။ ဒါပေမဲ့ နင်က ဘယ်လောက်အထိ ဒီလိုပုံစံနဲ့ နေသွားဖို့ စိတ်ကူးထားတာလဲ ငါတို့အကြောင်းရော နင် မတွေးပေးဘူးလား ငါတို့လည်း ခံစားနေရတယ်ဆိုတာ နင် မသိဘူးလား ဒီကိစ္စမှာ ရှုံးနိမ့်ခဲ့တာ နင်တစ်ယောက်တည်း မဟုတ်ဘူး။ ငါတို့ အားလုံး ရှုံးခဲ့တာ"

ဂွန်ဆော့က အံ့ဩသွားတဲ့ပုံနဲ့ ခေါင်းထောင်ကြည့်လိုက်တယ်။ သူ့ရဲ့ ပုံမှန် တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံတွေ ပျောက်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ကလေးတစ်ယောက်လိုမျိုး ဖြစ်သွားတာ။

အဲဒါက ဆိုယွန်း အပါအဝင် အားလုံးကို အံ့ဩသွားစေပါတယ်။

“ဆောရီး၊ ငါ တောင်းပန်ပါတယ်” ကောင်လေးက စပြီး တောင်းပန်စကား ပြောလိုက်တယ်။

အားလုံးက ဒီလိုဖြစ်လာလိမ့်မယ်လို့ သူလည်း မထင်ထားခဲ့ပုံရပါတယ်။ ကလပ်ထဲက လူတချို့ကတော့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်ကြတာပေါ့။ ဂွန်ဆော့က ခေါင်းပြန်ငုံ့သွားပြန်တာကြောင့် တစ်ကလပ်လုံး တိတ်ဆိတ်သွားတော့တယ်။

“ကဲ... ကဲ... အာရုံစိုက်ကြရအောင်။ တို့တွေ တစ်ခါပဲ မှားခဲ့တာပါ။ အားလုံး ပြီးသွားတာမှ မဟုတ်တာ။ နောင်မှာ ပြိုင်ပွဲတွေ အများကြီး ရှိသေးတယ်လေ။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး၊ လေ့ကျင့်ဖို့ပဲ အချိန်ရှိတာ"

ဂျောင်ဟော့ခ်က အခြေအနေကို ထိန်းဖို့ ဝင်ပြောလိုက်တယ်။ သူ့ရဲ့ တည်ငြိမ်ပြီး ယုံကြည်မှုရှိတဲ့ အသံကြောင့် အခန်းထဲက အားလုံးက ခေါင်းညိတ်လိုက်ကြတာပေါ့။

ဂွန်ဆော့ တစ်ယောက်ကလွဲလို့ပေါ့။ ကောင်လေးကတော့ လက်သီးကို တင်းတင်းဆုပ်ပြီး အောက်ကိုပဲ စိုက်ကြည့်နေတုန်းပဲ။

“တောင်းပန်ပါတယ်... ငါ့ကြောင့်... အဲဒီကလေးသာ မရှိခဲ့ရင်၊ အဲဒီကလေးသာ မရှိခဲ့ရင်... ငါ အားလုံးအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မှာ မဟုတ်ဘူး...”

“ဂွန်ဆော့၊ ဆိုယွန်းက စိတ်မရှည်လို့ အဲဒီလို ပြောလိုက်တာပါ။ အဲဒီလောက်အထိ စိတ်ဓာတ်မကျပါနဲ့။ နင် ညံ့တယ်လို့ ငါတို့ ပြောနေတာ မဟုတ်ဘူး၊ အားလုံး မပြီးသေးဘူးလို့ ပြောချင်တာ။ ကဲ... ခေါင်းမော့စမ်းပါ"

ဂွန်ဆော့က ဖြည်းဖြည်းချင်း ခေါင်းမော့လာတယ်။ သူ့ရဲ့ မျက်ခုံးတွေကတော့ အရှက်ရနေတဲ့ပုံနဲ့ တွန့်ချိုးနေတာပေါ့။

“ဇာတ်ညွှန်းဖတ်တာ ပြီးရင် တစ်ခုခု သွားစားကြမယ်လေ။ အခု လေထုက တော်တော်လေးကို ပျင်းစရာကြီး ဖြစ်နေပြီ"

မင်းဆောင်က အခြေအနေကို လွှဲပြောင်းယူလိုက်တယ်။ ဒါက စီနီယာတွေ သုံးနေကျ နည်းလမ်းတစ်ခုပါပဲ။ ဂျောင်ဟော့ခ်က အလေးအနက် စကားတွေ ပြောပြီးရင် မင်းဆောင်က လေထုကို ပြန်ပေါ့ပါးအောင် လုပ်ပေးတတ်တာ။ ပုံမှန်ဆိုရင်တော့ ယွန်းဂျုံက မင်းဆောင် လုပ်နေတဲ့အလုပ်ကို လုပ်ရမှာ ဖြစ်ပေမဲ့ အခုချိန်မှာတော့ သူမလည်း အဲဒီလိုလုပ်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလေ။

အဲဒါကြောင့်ပဲ ကလပ်အဖွဲ့ဝင်တွေက အတန်ငယ် ပြန်ပြီး သက်သာရာ ရသွားကြပုံပါပဲ။ တချို့က ပြန်ပြုံးလာကြပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်။

မာရူးလည်း အဲဒီအကြည့်တချို့ကို ရခဲ့တာပေါ့။

အဲဒီလိုနဲ့ပဲ သူတို့အားလုံး ဂွန်ဆော့ကို ပြန်ပြီး စုစည်းဖို့ ကြိုးစားကြတယ်။ အားလုံးက ဝိုင်းပြီး နှစ်သိမ့်ပေးကြတော့ ကောင်လေးလည်း နည်းနည်းတော့ နေသာထိုင်သာ ရှိသွားပုံပါပဲ။

“တကယ် တောင်းပန်ပါတယ်ကွာ။ အဲဒီကလေးသာ မရှိခဲ့ရင် ငါတို့ အခုဆို အမျိုးသားအဆင့် ပြိုင်ပွဲကို ရောက်နေလောက်ပြီ"

“စိတ်ထဲ မထားပါနဲ့တော့။ အဲဒါတွေက အတိတ်က ကိစ္စတွေပဲဟာ။ ဒါက နင့်ရဲ့ ပထမဆုံး ပြဇာတ်၊ ပထမဆုံး အဓိကဇာတ်ဆောင်နေရာလေ။ ဘယ်သူမဆို မှားတတ်တာပဲ။ ငါကတော့ တကယ်ကို ပျော်နေတာပါ။ အနည်းဆုံးတော့ တို့တွေ ဇာတ်သိမ်းတဲ့အထိ ကပြနိုင်ခဲ့တာပဲ မဟုတ်လား။ ဟုတ်တယ်မလား သူငယ်ချင်းတို့ ဟားဟား"

ဒန်မီက အခြေအနေကို အနှစ်ချုပ်လိုက်တယ်။ ယွန်းဂျုံတောင်မှ ပြန်ပြုံးနေပြီး အဲဒီတုန်းက သူမ ဘယ်လောက်တောင် စိတ်လှုပ်ရှားခဲ့လဲ ဆိုတာကို ပြောနေတာပေါ့။ ကလပ်အဖွဲ့ဝင်တွေအားလုံးလည်း စိတ်လှုပ်ရှားစွာနဲ့ လိုက်ပြုံးနေကြတယ်။

ဒါတွေကို ကြည့်ပြီး မာရူးကတော့ နောက်ကွယ်မှာ ခါးခါးသီးသီးပဲ ပြုံးနေမိတယ်။

‘ဒီလိုပဲ ဖြစ်ကုန်တာကိုး။’

ဒဏ်ရာကို ဂရုစိုက်ပေးတာကတော့ ကောင်းတဲ့အရာပါ။ ပိုးမဝင်ခင်မှာ ဆေးထည့်ပေးတာကတော့ ဘယ်သူမဆို လုပ်သင့်တဲ့ကိစ္စပဲ။ ဒါပေမဲ့ ဒဏ်ရာက ပိုးဝင်နေပြီဆိုရင်တော့ အရင်ဆုံး လုပ်ရမှာက ဒဏ်ရာရဲ့ အခြေအနေကို စစ်ဆေးဖို့ပဲ။ အဲဒီဒဏ်ရာကို ကုသလို့ ရမလား၊ ဒါမှမဟုတ် လှီးထုတ်ပစ်လိုက်ရမမလား ဆိုတာကို သိရမယ်လေ။

မာရူးက ဂွန်ဆူရဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက စိုးရိမ်မှုတွေကို အခုမှ နားလည်သွားတော့တယ်။ ဂွန်ဆော့က ကလေးတစ်ယောက်ပဲ ဆိုတဲ့ သူ့စကားက လုံးဝကို မှန်နေတာ။

ကလေးတွေရဲ့ အဓိက စရိုက်တစ်ခုကတော့ တခြားသူကို အပြစ်ပုံချတတ်တာပါပဲ။ ကိုယ့်ရဲ့ လုပ်ရပ်အတွက် တာဝန်ယူဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့အရာ မဟုတ်လား။ အဲဒါက လူကြီးတွေမှ လုပ်နိုင်တဲ့အရာလေ။ အခု ဂွန်ဆော့က ‘အဲဒီကလေးသာ မရှိခဲ့ရင်’ ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ပြောနေတာ။ စဉ်းစားကြည့်တော့ သူ အဲဒီတုန်းက စောင့်ဆိုင်းခန်းထဲမှာလည်း ဒီစကားကိုပဲ ပြောခဲ့တာပဲ။

ပြဿနာရဲ့ အရင်းအမြစ်က ကိုယ်မဟုတ်ဘူးလို့ တွေးလိုက်တာဟာ စိတ်သက်သာရာရဖို့ အကောင်းဆုံးနည်းလမ်းပဲလေ။ ဂွန်ဆော့က သူ့ရဲ့ ရုပ်ရည်နဲ့ အမူအရာတွေကြောင့် တော်တော်လေး ရင့်ကျက်တယ်လို့ ထင်ရတယ်။ ဘေးက လူတွေကလည်း ဒါကြောင့် သူ့ကို လူကြီးတစ်ယောက်လို ဆက်ဆံကြတာ ဖြစ်မှာပါ။ တကယ်တော့ ကောင်လေးက သူ့ရဲ့ ပုံမှန်ပုံရိပ်ကို မပျက်စီးစေချင်လို့ပဲ အခုလို အပြစ်ပုံချဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။

‘ကျွန်တော့်ညီက အရင်တုန်းက အရှုံးတွေ သိပ်မကြုံဖူးဘူး။’

ကောင်လေးက ရုတ်တရက်ကြီး တာဝန်ယူရမှာကို ကြောက်နေတာ ဖြစ်မှာပါ။ ဒါက ဂွန်ဆော့ အရင်က ကြုံခဲ့ရတဲ့ တာဝန်မျိုးနဲ့ လုံးဝကို မတူတာလေ။ စာမေးပွဲဆိုတာ ကိုယ့်အမှားပဲမို့လို့ ဘယ်သူ့ကိုမှ အပြစ်ပုံချလို့ မရဘူး။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အပြစ်ပုံချလို့ရတဲ့ ပစ်မှတ်တစ်ခု ရှိနေတာကိုး။ ပြီးတော့ ဒီတစ်ခါ တာဝန်ရဲ့ အလေးချိန်က စာမေးပွဲကျတာထက် အများကြီး ပိုကြီးပါတယ်။

အချိန် ၃ လ၊ လူ ၁၀ ယောက်ရဲ့ အားထုတ်မှုတွေနဲ့ မြှောက်ကြည့်လိုက်ရင်ပေါ့။

ဂွန်ဆော့ကတော့ စိတ်သက်သာရာရဖို့အတွက် တစ်ခုခုကို အပြစ်တင်ဖို့ အသည်းအသန် ကြိုးစားနေတာ ဖြစ်မှာပါ။

မာရူးကတော့ နည်းနည်းလေး နောက်ဆုတ်ပြီး အခြေအနေကို စောင့်ကြည့်နေမိတယ်။ ကလပ်အဖွဲ့ဝင်တွေက တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်က ပြန်လျက်ပေးရင်း မနက်ဖြန်ကျရင် အားလုံး အဆင်ပြေသွားမှာပါလို့ ပြောနေကြတယ်။

ဒါပေမဲ့ တကယ်ပဲ အဲဒီလို ဖြစ်မှာလား

‘သူ လဲကျသွားတဲ့အချိန်မှာ သွားကူတာလောက် ဆိုးတာ မရှိဘူး။ အဲဒီလိုသာ လုပ်ပေးလိုက်ရင် သူ နောက်တစ်ခါ ထပ်လဲတဲ့အခါမှာ ကိုယ့်ဘာသာကိုယ် မထနိုင်တော့ဘူးလို့ တွေးပြီး လက်လျှော့သွားလိမ့်မယ်။’

မာရူးရဲ့ ခေါင်းထဲမှာ အသံတစ်ခု ပေါ်လာတယ်။ ဘယ်သူ့အသံလဲဆိုတာတော့ သူ မမှတ်မိတော့ဘူး။ အနာဂတ်မှာ သူ တွေ့ခဲ့တဲ့ လူတစ်ယောက်ယောက်ဆီက ဖြစ်မှာပါ။ ကလပ်အဖွဲ့ဝင် ၁၁ ယောက်ကတော့ အခုဆို ပိုပြီး တောက်ပစွာ ပြုံးနေကြပြီ။ ရယ်လည်း ရယ်နေကြတာပေါ့။

အဆင်ပြေသွားမှာပါ။ အားလုံး အဆင်ပြေသွားမှာပါ။

အဲဒီစကားပဲ သူတို့ ပြောနေကြတာ။ ဒီလို ပျင်းရိပျင်းတွဲ လေ့ကျင့်နေတာတွေက ကလပ်အတွက် အဆိပ်အတောက် ဖြစ်နေပြီလို့ ဘယ်သူမှ မပြောကြဘူး။ သူတို့ မသိကြတာလား ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေကြတာလား

“ကဲ... ဂျူနီယာတို့ ဘယ်သူ စတိုးဆိုင် ကို သွားမလဲ ဂျောင်ဟော့ခ်က ပိုက်ဆံရှင်းမှာနော်”

ထုံးစံအတိုင်း ကလပ်က လက်ဖက်ရည်ဝိုင်းဘက်ကို ပြန်လည် ဦးတည်နေပြန်ပြီ။ မာရူးက နောက်ကနေ ထရပ်လိုက်တယ်။

“ကျွန်တော် သွားလိုက်မယ်"

“တစ်ယောက်တည်းလား”

“ဟုတ်ကဲ့"

“ငါ လိုက်ခဲ့ပေးမယ်လေ"

“ရပါတယ်၊ ကျွန်တော် တစ်ယောက်တည်း သွားလိုက်ပါ့မယ်"

“တကယ်လား”

“ဟုတ်ကဲ့။ အခု အားလုံး တစ်ယောက်နဲ့တစ်ယောက် ပြောစရာတွေ အများကြီး ရှိနေကြပုံပဲ။ ကျွန်တော် ဝင်မနှောင့်ယှက်တော့တာ ပိုကောင်းမယ်ထင်လို့ တစ်ယောက်တည်းပဲ သွားလိုက်ပါ့မယ်"

မာရူးက သူ့ကို စိုက်ကြည့်နေတဲ့ ကလပ်အဖွဲ့ဝင် ၁၁ ယောက်ကို ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်တယ်။ တချို့ကတော့ အရှက်ရတဲ့ပုံနဲ့ မျက်နှာလွှဲသွားကြတာပေါ့။ ဂျောင်ဟော့ခ်က အရင်ဆုံး မျက်နှာလွှဲသွားပြီး အီဆိုးလ်ကတော့ သူ့ကို အနေရခက်စွာနဲ့ ပြုံးပြရှာတယ်။ ယွန်ရင်ကလည်း အဲဒီလိုပဲ ပြုံးပြတယ်။ အနည်းဆုံးတော့ သူတို့တွေ ကလပ်မှာ ဘာတွေ မှားနေလဲဆိုတာကို သိနေကြပုံပါပဲ။

“သွားလိုက်ဦးမယ်"

မာရူးက ပိုက်ဆံကို ကိုင်ပြီး အခန်းထဲက ထွက်လာခဲ့တယ်။ သူတို့တွေ ဒဏ်ရာပေါ်မှာ ဆေးပဲ ဆက်ထည့်နေမလား၊ ဒါမှမဟုတ် ဒဏ်ရာကို သေသေချာချာ စစ်ဆေးမလား ဆိုတာကတော့ သူတို့ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်တော့မှာပေါ့။

* * * * * * * * *

All Chapters