← Chapters

တစ်နေ့မှာ လက်သီးနတ်ဘုရားဖြစ်လာရမယ်

Vol. 26 Ch. 351

တစ်နေ့မှာ လက်သီးနတ်ဘုရားဖြစ်လာရမယ်

Vol. 26 Ch. 351

အခန်း (၃၅၁) တစ်နေ့မှာ လက်သီးနတ်ဘုရားဖြစ်လာရမယ်

ကျန်းလန်က ခေါင်းညိတ်ရင်း…

"အင်း… အရင်က ဒီဆိုင်မှာပဲ ဆုံခဲ့ကြဖူးတယ်လေ"

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀) ခန့်က ဖြစ်လေသည်။

အမှန်ဆိုလျှင် ကျိုးပေါ်နှင့် ကျိုးသခင်မတို့သည် ကျင့်ကြံခြင်းအဆင့် မြင့်မာသူများ မဟုတ်ကြလေရာ ထိုမျှလောက် အသက်မရှည်သင့်ပေ။

ကျိုးပေါ်က…

"မှတ်မိပြီ ၊ မှတ်မိပြီ… အဲဒီတုန်းက ဒီကသခင်လေးက သေရည်ဆိုင်မှာ အလုပ်လုပ်နေတာ မဟုတ်လား"

ကျန်းလန်က ရိုးရှင်းစွာပင် ပြန်ဖြေသည်။

"ဟုတ်တယ် ၊ အဲဒီတုန်းက ဒီဆိုင်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကူညီပေးခဲ့ဖူးတယ် ၊ ဟိုကောင်တာက ကောင်လေးကတော့ ဆိုင်မှာ အမြဲတမ်း ရှိနေတဲ့သူပေါ့"

ကျိုးပေါ်က ကောင်တာသို့ လှမ်းကြည့်လိုက်ရင်း…

"ကောင်တာမှာ ကောင်မလေးတစ်ယောက်လည်း ရှိနေတယ် ၊ သူကရော ဒီကပဲလား"

"အင်း… ဟုတ်တော့ဟုတ်တယ် ၊ ဒါပေမဲ့ သူက ဒီနေရာကတော့ မဟုတ်ဘူး"

ထိုကိစ္စကို ကျန်းလန်လည်း ရေလည်အောင် ရှင်းမပြတတ်ပေ။

အကြောင်းမှာ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြရန်မှာလည်း မဖြစ်နိုင်သောကြောင့် ဖြစ်၏။

ဇာမဏီကောင်မလေးကို သေရည်ဆိုင်ရှင်က ကယ်တင်လာခြင်းဖြစ်သောကြောင့် သူမက ဆိုင်တွင် ခေတ္တမျှသာ နေထိုင်ရမည်ဖြစ်သည်။

သို့သော် နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များ တိုက်ပွဲက ပြီးဆုံးခြင်း မရှိသေးပေ။

ထို့ပြင် ယခုနောက်ပိုင်း ခွန်လွန်တောင်ကလည်း ဟုန်ယာကို အကျယ်ချုပ်သဘောဖမ်းဆီးထားသည်ဖြစ်ရာ ဝူထုန်တောင်သို့ မည်သည့်အချိန်မှ ပြန်ရမည်ကို သူမကိုယ်တိုင်ပင် မသိရှိပေ။

ကျိုးပေါ်က…

"ဒီသေရည်ဆိုင်က လူငယ်တွေက အားနည်းတဲ့သူတွေတော့ လုံး၀ မဟုတ်ဘူးနော် ၊ ဒီကသခင်လေး အဆင်ပြေမယ်ဆိုရင် သူတို့အကြောင်း နည်းနည်းပါးပါး ပြောပြပေးနိုင်မလား ၊ ကျုပ်က မင်းကို အကောင်းစားသေရည်တစ်အိုး လက်ဆောင်ဝယ်ပေးပါ့မယ်ဗျာ"

ကျိုးပေါ်က ကျန်းလန်ထံမှ အသုံးဝင်သည့်သတင်းစကားများကိုလည်း သိချင်မိသလို အရမ်းကာရောလည်း မေးမြန်းဝံ့ခြင်း မရှိပေ။

ကျန်းလန်က ကောင်တာသို့ လှမ်းကြည့်လိုက်သည်။

ကောင်ငယ်လေးနှင့် ဇာမဏီကောင်မလေးတို့က သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ထားခြင်း မရှိလေရာ သူတို့အကြောင်း ပြောဆိုခြင်းက ကျန်းလန်ကို ထိခိုက်စေမည်တော့ မဟုတ်ပေ။

ကျန်းလန်က ခဏမျှ ငြိမ်သက်နေပြီးမှ စကားဆက်ပြောလိုက်သည်။

"ကျုပ်တို့လို အင်မော်တယ် မဖြစ်သေးတဲ့သူတွေက သူတို့ရှေ့မှာ ဒီအကြောင်းတွေ မပြောတာပဲ ကောင်းပါတယ်ဗျာ"

သူ့စကားက မရေရာသော်လည်း အဓိပ္ပါယ်ရှိသည်။

ကျိုးပေါ်က ကျန်းလန်ကို ဦးညွှတ်လိုက်ရင်း…

"အခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ် သခင်လေး"

ကျန်းလန်စကားကြောင့် ကျိုးပေါ် ၊ ကျိုးသခင်မနှင့် သူတို့နောက်မှ စစ်ဗိုလ်ချုပ်ကိုယ်ရံတော်တို့အားလုံး အံ့အားသင့်သွားကြသည်။

"ထိုမျှအသက်ငယ်သူများက အင်မော်တယ်တွေတဲ့လား"

သူတို့သည်လည်း အဆင့်အတန်း နိမ့်ပါးသူများ မဟုတ်ကြလေရာ အင်မော်တယ်များအကြောင်းကို အနည်းနှင့်အများ သိရှိကြသည်ပင်။

ယခု ကောင်တာတွင် ရှိနေသည့် ကောင်ငယ်လေးနှင့် ကောင်မလေးတို့က အင်မော်တယ်များ ဖြစ်ကြသည်ဆိုခြင်းမှာ ယုံရခက်ခက်ပင် ဖြစ်သည်။

သို့သော် ဤနေရာက ခွန်လွန်တောင်ခြေဖြစ်သလို သေရည်ဆိုင်ဖွင့်ထားသည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်လှပြီ ဖြစ်သည်။

ဤသည်က သူတို့အနေဖြင့် နားလည်နိုင်သည့်အရာ မဟုတ်ပေ။

သို့ရာတွင် သေရည်ဆိုင်ကောင်တာမှ လူငယ်များ အလွန်တရာတန်ခိုးစွမ်းအားမြင့်မားကြောင်း သိရှိလိုက်ရသည်ကတော့ သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ယခင်က ဆိုင်အနောက်ဘက်တွင်ရှိနေသည့်  အစွမ်းထက်လှသော သားရဲတစ်ကောင်ကို သူတို့ တွေ့ဖူးသည်။

ထို့ပြင် ယခု သူတို့ရှေ့မှ လူငယ်သည်လည်း ကျင့်ကြံခြင်းအဆင့် မည်မျှရှိကြောင်း မသိရှိနိုင်ပေ။ ထိုလူငယ်သည်လည်း အရင်က သေရည်ဆိုင်တွင် ကူညီခဲ့ဖူးသည် မဟုတ်လား။

ကြည့်ရသည်မှာ သူသည်လည်း သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။

ထို့နောက် သူတို့ မည်သည့်မေးခွန်းမှ ထပ်မမေးကြတော့ပေ။ ကျန်းလန်သည်လည်း မျက်လုံးများကို မှေးမှိတ်ကာ ငြိမ်သက်စွာပင် ထိုင်နေလိုက်သည်။

ခဏအကြာတွင် ကျိုးပေါ်နှင့် အခြားသူများ ခပ်တိုးတိုးစကားပြောဆိုသံများကို ကြားလိုက်ရသည်။

"ဒီတစ်ခေါက် စူးအာဆီက ဘာအကြံဉာဏ်လေးများ ရမလဲ မသိဘူး ၊ မဟုတ်ရင်တော့ သဘာဝဘေးအန္တရယ်တွေရော ၊ စစ်ဘေးစစ်ဒဏ်တွေရော ခံစားနေကြရတာ ၊ တကယ်တမ်း ဒုက္ခရောက်ကြတာကတော့ သာမန်လူတွေပါပဲလေ"

ကျိုးသခင်မက…

"အမှန်ပဲ ၊ အခုနှစ်ပိုင်းတွေ ရေကြီးရေလျှံတွေကလည်းဖြစ် ၊ ငလျင်တွေကလည်းလှုပ် ၊ နှင်းတွေကလည်း ကျနေတာ မရပ်တော့ဘူးပဲ"

ကျိုးပေါ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"လယ်တွေလည်း နေရာတိုင်းမှာ ပိုးတွေကျလို့ မရိတ်သိမ်းနိုင်တော့ဘူး ၊ အဲဒါက အရေးကြီးဆုံးကိစ္စပဲ ၊ အင်မော်တယ်အချို့က ကူညီပေးခဲ့ကြပေမယ့် ပြဿနာက ဖြေရှင်းလို့ မရနိုင်ဘူး"

ထိုစကားများကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။

ယခုနှစ်များအတွင်း ထိုအဖြစ်အပျက်များ ဖြစ်ပျက်နေခဲ့သည်လား။

အနောက်ဘက် စွန့်ပစ်နယ်မြေတစ်ခုလုံးက ကျယ်ပြန့်လွန်းလှသည်။ ခွန်လွန်တောင် သိမ်းပိုက်ထားသည့်နေရာက ကြီးမားလွန်းခြင်း မရှိပေ။

ထို့ကြောင့် ခွန်လွန်တောင်တွင် မည်သည့်ပြဿနာမှ မရှိသော်လည်း အခြားဒေသများတွင် ပြဿနာများ ရှိနေနိုင်လေသည်။

"ကမ္ဘာပျက်တော့မယ်ထင်တယ်"

ကျန်းလန်တွေးလိုက်သည်။

သို့သော် အချို့သောသဘာဝဘေးအန္တရယ်များက မည်သည့်အရာကိုမှ ကိုယ်စားမပြုပေ။ သူ့သဘောသူဆောင်ကာ ဖြစ်ပျက်ကြခြင်း ဖြစ်၏။

သဘာဝဘေးများနှင့် လူသားများပြုလုပ်ကြသော ဘေးဒုက္ခများသည် အချို့သောအခြေအနေများတွင် အမြဲတမ်း ဖြစ်ပျက်နေသည်ပင်။

ထိုအရာများက ကမ္ဘာပျက်ခြင်းကို ကိုယ်စားမပြုပေ။

မည်သို့ပင်ဖြစ်စေ ထိုကိစ္စများက လူအများကြားတွင် အငြင်းပွားဖွယ် အခြေအတင်ဖြစ်ကြသည့် ကိစ္စများ ဖြစ်သည်။

ထို့ပြင် မိုးကောင်းကင်ပြိုကျပြီး လောကကြီး ပျက်စီးတော့မည်ဆိုသည့်သတင်းကလည်း မှန်ကန်နိုင်ဖွယ် ရှိသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ဖြစ်ပျက်နေသည်များက သူ နားလည်နိုင်သည့်အရာများ မဟုတ်ပေ။

သို့ပေသိ ကောင်းသည့်အရာများ မဟုတ်သည်ကတော့ သေချာသည်။

နတ်မိစ္ဆာများနှင့်တိုက်ခိုက်စဉ်က ငရဲတံခါးလမ်းခွဲဖြစ်သည့် ရှေးဟောင်းရေတွင်းပျက်ကြီးထဲမှ တန်ခိုးစွမ်းအားရှင် ပြောခဲ့သည့်စကားကို ကျန်းလန် ပြန်သတိရမိသည်။

"လူသား… မိုးနဲ့မြေ ပြိုကျပျက်စီးတော့မယ်… ၊ ဒီလောကတစ်ခုလုံးမှာ ဘယ်သူမှ နားလည်နိုင်စွမ်းမရှိတဲ့ ဒုက္ခဘေးဆိုးကြီး ကျရောက်လိမ့်မယ်… ၊ အခွင့်ကောင်းကို ဆုပ်ကိုင်မထားရင် ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး…"

"လက်ရှိခေတ်မှာ လူသားတစ်ယောက်ရဲ့ ခွန်အားက ဘာမှ မဟုတ်ပါဘူးကွာ… ၊ မင်းရဲ့အစွမ်းလောက်နဲ့ မိုးကောင်းကင်ပြိုလဲမှာကို ရပ်တန့်နိုင်မယ်ထင်နေသလား…"

ထိုစကားများ၏ အဓိပ္ပါယ်မှာ ကပ်ဆိုးကျရောက်မည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

သို့သော်လည်း ထို မရဏလောကမှ သတ္တဝါ၏စကားကို အပြည့်အဝယုံကြည်ရန် မဖြစ်နိုင်ပေ။

ထိုကိစ္စများက ကျန်းလန်တတ်နိုင်သည်ထက် ကျော်လွန်သည့်ကိစ္စများ ဖြစ်သည်။

ထိုကိစ္စများနောက်ကွယ်မှ အမှန်တရားနှင့် အဖြေကို သူ စေ့စေ့ငုငု သိရှိနိုင်မည် မဟုတ်ပေ။

သူလုပ်နိုင်သည်မှာ သူ့ဘ၀ အန္တရယ်ကျရောက်ခြင်းမရှိရန် သတိဝီရိယဖြင့် နေထိုင်ရန်သာ ဖြစ်သည်။

***

နေ့လည်ခင်းအချိန်။

ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူ့စိတ်အာရုံအတွင်းသို့ သေရည်ဆိုင်ရှင် ဝင်ရောက်လာသည်ဖြစ်ရာ ဆိုင်ရှင်အဘိုးပြန်ရောက်လာပြီ ဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။

သူက စိတ်စွမ်းအားကောင်းသည့် မိုးကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်သည့်တိုင် ဆိုင်ရှင်အဘိုး သူ့စိတ်ထဲဝင်ရောက်သည်ကိုတော့ ခုခံနိုင်စွမ်း မရှိသေးပေ။

တာ့လော်အင်မော်တယ်ဖြစ်လာလျှင်တော့ ခုခံနိုင်မည်လား မပြောတတ်ပေ။

ကျန်းလန် ကောင်တာသို့ လမ်းလျှောက်သွားလိုက်သည်။ ထို့နောက် ဝိညာဉ်ကျောက်တုံးများ ထုတ်ယူလိုက်ပြီး အကောင်းစားသေရည်ဖိုး ပေးချေလိုက်၏။

သို့သော် ဆိုင်ရှင်အဘိုးက လက်မခံဘဲ ငြင်းဆိုလိုက်သည်။

"လူတစ်ယောက်က မင်းအတွက် သေရည်ဖိုး ရှင်းပြီးသွားပြီ"

ထို့နောက် အဘိုးအိုက အကေင်းစားသေရည်အိုးကို ကောင်တာပေါ်တင်ပေးလိုက်သည်။

လူတစ်ယောက်က သူ့အတွက် သေရည်ဖိုး ရှင်းပေးသွားသည်တဲ့။

ကျိုးပေါ်တို့အုပ်စုပင် ဖြစ်ရမည်ဟု ကျန်းလန် တွေးလိုက်သည်။ ထိုသူက သူ့ကို အကောင်းစားသေရည်တစ်အိုး လက်ဆောင်ပေးမည်ဟု ပြောခဲ့သည် မဟုတ်လား။

ကျန်းလန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ သူတို့အုပ်စု ဆိုင်ထဲတွင် ရှိမနေကြတော့ပေ။ သူက ပေးသည့်လက်ဆောင်ကို ငြင်းဆန်ခြင်းမပြုဘဲ သေရည်အိုးကို သိမ်းဆည်းလိုက်သည်။

ပြီးနောက် သိမ်မွေ့စွာပင် ကျေးဇူးတင်စကား ဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ် အဘိုး"

သေရည်ဆိုင်ပိုင်ရှင်က ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ရင်း…

"မင်း အင်မော်တယ်ဖြစ်ခါနီးပြီ မဟုတ်လား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"နည်းနည်းတော့ လိုသေးတယ်"

သူက ယခုမှ မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်သာ ရှိသေးပြီး မရှိမှုအာကာသ အောင်မြင်သည့်အဆင့်သို့ မရောက်ရှိသေးပေ။

သေရည်ဆိုင်ပိုင်ရှင်က…

"ဆိုင်အနောက်ဘက်မှာ မင်း လမ်းလျှောက်ချင်သေးလား"

သေရည်ဆိုင်အနောက်ဘက်သည် ကျင့်ကြံခြင်းအဆင့်တက်ရန် အခွင့်အရေးများသည့် နေရာတစ်ခု ဖြစ်သည်။ ထိုအခွင့်အရေးက သူ့အတွက် အလွန် အထောက်အကူ ပြုနိုင်သည်။

တာ့လော်အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်က လွယ်ကူသည် မဟုတ်ပေ။ ဆိုင်အနောက်ဘက်တွင် စမ်းသပ်လမ်းလျှောက်ကြည့်ခြင်းက သူ့အတွက် ရှားပါးအခွင့်အရေး တစ်ခုဖြစ်သည်။

သို့သော်…

သေရည်ဆိုင်ပိုင်ရှင်က သူ့ဆရာ မဟုတ်လေရာ သူ့ကို မည်သည့်အရာမှ အလကားပေးမည် မဟုတ်ပေ။

ဆိုင်ရှင်အဘိုးတောင်းသည့် တန်ရာတန်ကြေးမှာလည်း အလွန်များပြားလေရာ သူ့အဆင့်နှင့် တတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဆရာဖြစ်သူကသာ သူ့ကိုယ်စား ပေးဆပ်ရဦးမည် ဖြစ်သည်။

ထို့ပြင် အများအမြင်တွင် အင်မော်တယ်အဖြစ် အဆင့်တက်ရန်အတွက် ဆိုင်အနောက်ဘက်တွင် လမ်းလျှောက်စရာ မလိုအပ်ပေ။

ဆရာဖြစ်သူပေးအပ်ခဲ့သည့် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက သူ အင်မော်တယ်ဖြစ်လာစေရန် လုံလောက်နေပြီ ဖြစ်သည်။

နောက်ဆုံးတော့ ကျန်းလန် ငြင်းဆိုလိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ် အဘိုး ၊ ဒါပေမဲ့ ဆိုင်အနောက်ဘက်မှာ လမ်းမလျှောက်တော့ပါဘူး"

ထို့နောက် ကျန်းလန် သေရည်ဆိုင်မှ ထွက်လာခဲ့သည်။

သေရည်ဆိုင်ပိုင်ရှင်က ထွက်ခွာသွားသည့် ကျန်းလန်ကို ကြည့်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးလိုက်၏။

"မော့ကျန်းသုန့်ရေ… မင်းကတော့ တကယ်ကံကောင်းတဲ့သူပဲ ၊ မင်းတပည့်က တစ်နေ့တခြား အထင်ကြီးစရာ ပိုကောင်းလာတယ် ၊ သူ့စိတ်က လုံး၀ မပြောင်းလဲဘူး ၊ သူ့ထက်မြက်မှုတွေကိုလည်း သူက လိုအပ်မှ ထုတ်ပြလေ့ရှိတယ်"

ထိုစဉ်…

လက်ထဲတွင် မြေပဲတစ်ထုပ်ကိုင်လာသည့် ကောင်ငယ်လေးက ဆိုင်အနောက်ဘက်မှ ဝင်လာသည်။ ကံမကောင်းစွာပင် သူ ကျန်းလန်ကို မမီတော့ပေ။

"အဘိုး ၊ အစ်ကိုကြီး ပြန်သွားပြီလား"

ဆိုင်ရှင်အဘိုးက…

"အင်း… ပြန်သွားပြီ ၊ လောလောဆယ် မင်းရော ဘာထူးခြားသေးလဲ"

ကောင်ငယ်လေး ကျန်းလန်၏ စိတ်အာရုံထဲဝင်ရောက်သည့် အခြေအနေကို အဘိုးအိုက မေးမြန်လိုက်ခြင်း ဖြစ်သည်။

ကောင်ငယ်လေးက စိတ်လှုပ်ရှားစွာဖြင့်…

"ထူးခြားတာပေါ့ ၊ ဒီနေ့ အစ်ကိုကြီးရဲ့ စိတ်တံခါး လှုပ်သွားသလို ခံစားရတယ် ၊ မကြာခင် အစ်ကိုကြီးရဲ့ စိတ်အာရုံထဲ ကျွန်တော်ဝင်နိုင်တော့မှာ ၊ အဲဒါဆို ကျွန်တော်လုပ်ချင်တာအကုန် လုပ်လို့ရပြီမလား"

သူ့စကားကို ဆိုင်ရှင်အဘိုးက ခေါင်းညိတ်သဘောတူလိုက်၏။

ထိုသို့သောနေ့မျိုး ဖြစ်နိုင်လျှင် တကယ်ရောက်လာပါစေဦးလေ။

ကံမကောင်းသည်မှာ…

ကောင်ငယ်လေးသည် မရပ်မနား လျှောက်လှမ်းနေသူ ကျန်းလန်ကိုမှ သွားရောက်ရွေးချယ်ခဲ့မိခြင်း ဖြစ်လေသည်။

***

တစ္ဆေတိုင်းပြည်။

ကောင်းကင်တစ်ခွင်လုံက ညိုမှောင်လျှက် ရှိပြီး နေရောင်ကို မတွေ့မြင်ရပေ။

"အမေ ၊ အဆင်သင့်ဖြစ်ပြီလား ၊ ကျွန်တော်တို့ သွားကြမယ်လေ"

ချင်းမုက အိမ်ထဲသို့ လှမ်းအော်ပြောလိုက်သည်။

"လာပြီ လာပြီ"

အသံနှင့်အတူ အိမ်ထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာ၏။

ယနေ့ နတ်ဘုရားများကို ပူဇော်ဂါရဝပြုရန်အတွက် မြို့တော်ခန်းမသို့ သွားကြရမည် ဖြစ်သည်။ မိုးရွာရန်အတွက် ယာဇ်ပူဇော်ပွဲ ပြုလုပ်မည် ဖြစ်သည်။

သို့သော် တစ္ဆေတိုင်းပြည်က အကန့်အသတ်မရှိ ကျယ်ပြန့်လွန်းလေရာ တိုင်းပြည်တစ်ခုလုံးမိုးရွာသွန်းရန်မှာ အမှန်တကယ် ဖြစ်နိုင်ပါမည်လား။

အမျိုးသမီးက ချင်းမုကိုလှည့်ကြည့်လိုက်ရင်း…

"ဒါနဲ့ သားအဖေရော"

ချင်းမုက…

"အဖေက သွားနှင့်ပြီ ၊ ကျွန်တော်က အမေ့ကို စောင့်နေတာ"

ချင်းမုကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန် ရှိသည်။

အကြောင်းမှာ မြို့တော်ခန်းမရင်ပြင်တွင် ထားရှိမည့် နတ်ဘုရားရုပ်တုများက သူကိုယ်တိုင်ထုလုပ်ထားသည့် နတ်ဘုရားရုပ်တုများ ဖြစ်သောကြောင့်ပင်။

သူ့လည်ပင်းတွင်လည်း ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားပုံထွင်းထုထားသည့် သစ်သားပြားလေးကို ယခုအချိန်ထိ ဆွဲထားဆဲ ဖြစ်သည်။

"အမေ ၊ ကျွန်တော် မနက်တိုင်း အစောကြီးထပြီး တစ်နေ့တခြား သန်မာလာအောင် လေ့ကျင့်တယ် ၊ လက်သီးနတ်ဘုရားသေဆုံးသွားတဲ့တစ်နေ့ကျရင် သူ့နေရာကို အစားထိုးပြီး ကျွန်တော်က နောက်ထပ် လက်သီးနတ်ဘုရား ဖြစ်လာရမယ် ၊ ကျွန်တော် စွမ်းအားမြင့်မားချင်တယ် ၊ ရန်သူတွေကို သတ်ဖြတ်ပစ်ပြီး အများအကျိုးဆောင်ချင်တယ်"

ချင်းမု၏ မျက်နှာထက်တွင် သူရဲကောင်းဆန်မှုများနှင့် ပြည့်နက်လျှက် ရှိသည်။ အနာဂတ်တွင် သူက လက်သီးနတ်ဘုရား ဖြစ်လာတော့မည့်အလား ယုံကြည်ချက်အပြည့်နှင့် ဖြစ်သည်။

အဆုံးမရှိသော ကောင်းကင်ထက်တွင ်မတ်တတ်ရပ်နေသည့် အထွတ်ထိပ်နတ်ဘုရားတစ်ပါးအဖြစ် သူ့ကိုယ်သူ စိတ်ကူးယဉ်ကြည့်မိသည်။

အမျိုးသမီးက…

"ရော့… ပူဇော်သက္ကာပစ္စည်းတွေယူပြီး သားအဖေနောက်ကို လိုက်သွား"

"ကောင်းပါပြီ အမေ"

ချင်းမုက မိခင်ဖြစ်သူပေးသည့် ပစ္စည်းများကို ယူဆောင်ပြီး ထွက်ခွာသွားသည်။

လူငယ်လေး ထွက်ခွာသွားတော့မှ အမျိုးသမီးက ခြံဝင်းထဲတွင်ရှိနေသည့် လက်သီးနတ်ဘုရားရုပ်တုကို တစ်ချက်ကြည့်လိုက်သည်။

သူမ တစ်ခဏမျှ ငြိမ်သက်တိတ်ဆိတ်နေပြီးနောက် ချင်းမုနောက်သို့ လိုက်ပါသွားလေတော့၏။

All Chapters