← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း(၅၁)

‘အတုအယောင် စိတ်အားထက်သန်မှုတွေထက်စာရင်တော့ ဒါက အများကြီး ပိုကောင်းပါတယ်လေ’

မာရူး လမ်းလျှောက်လာရင်း စိတ်ထဲကနေ တွေးနေမိတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ ဘဝတစ်ခုလုံးကို စိတ်ဓာတ်ပြင်းပြမှုတွေနဲ့ချည်း လောင်မြိုက်နေလို့မှ မရတာ။ တစ်ခါတလေကျရင်တော့လည်း ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာရှိစေဖို့အတွက် တစ်ချို့အရာတွေကို လျစ်လျူရှုထားလိုက်တာက ပိုကောင်းပါတယ်။ လူကြီးဖြစ်လာတဲ့အခါကျမှသာ ဘယ်လိုအချိန်မျိုးမှာ ဘာကို လျစ်လျူရှုရမလဲဆိုတာကို သူတို့တွေ နားလည်လာကြမှာပါ။

‘ဒါပေမဲ့ အခုအရွယ်ကတည်းက အဲဒီလိုမျိုးကြီး လုပ်နေရတာကတော့ သိပ်ပြီး မပျော်စရာကြီးပဲ’

အခုအချိန်က ဒီကျောင်းသားတွေအတွက်တော့ ဘာအပိုအတွေးမှမပါဘဲ ကိုယ့်ရဲ့ ခံစားချက်အတိုင်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မယ့် နောက်ဆုံးအခွင့်အရေးပဲ မဟုတ်လား။ အခုလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာနဲ့ လုပ်ချင်တာလုပ်တာက တကယ်ကို တန်ဖိုးရှိတဲ့အရာပါ။

‘နေဦး ... ငါကရော အဲဒီလို ပြောနိုင်တဲ့ အနေအထားမှာ ရှိလို့လား’

မာရူးကတော့ ဘေးကနေ ကြည့်နေတဲ့သူတစ်ယောက်ပဲလေ။ ဒီကိစ္စတွေမှာ သူ ပါဝင်စရာ အကြောင်းမရှိဘူး။ အခုချိန်မှာ ဝင်ပါလိုက်ရင်လည်း ရိုင်းရာကျနေဦးမယ်။ အထူးသဖြင့် ဘာကိုမှ အားသွန်ခွန်စိုက် မလုပ်ရဲတဲ့ လူစားမျိုးဖြစ်တဲ့ သူက ပိုလို့တောင် ဆိုးသေးတယ်။ တကယ်တမ်းကျတော့ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့ လိုနေတာက သူကိုယ်တိုင်လည်း ဖြစ်နိုင်တာပဲ။

မာရူးက ဆရာတွေရဲ့ ရုံးခန်းကို ဖြတ်ပြီး စတိုးဆိုင်ဘက်ကို လျှောက်လာတုန်းမှာပဲ ဆရာနားနေခန်း တံခါးပွင့်လာပြီး ပတ်တေးဆစ် ထွက်လာတာကို တွေ့လိုက်ရတယ်။ ဆရာက ကျောင်းသားမိဘ ၂ယောက်ကို နှုတ်ဆက်ပြီး ကျန်ခဲ့ပုံရတယ်။

“အော် ... ဆရာ”

“အာ ... မာရူးပါလား။ စတိုးဆိုင်သွားမလို့လား”

“ဟုတ်ကဲ့ ဆရာ”

“လာ ... အတူတူသွားရအောင်”

သူတို့နှစ်ယောက် စင်္ကြံလမ်းအတိုင်း အတူတူ လျှောက်လာခဲ့ကြတယ်။ လမ်းမှာ ကျောင်းသားအတော်များများက ဆရာတေးဆစ်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်သွားကြတာကို တွေ့ရတယ်။

ဆရာတစ်ယောက်ဟာ ကျောင်းသားတွေရဲ့ ချစ်ခင်မှုကို ရမရ သိချင်ရင် သူတို့ကို ဘယ်လိုနှုတ်ဆက်သလဲဆိုတာကို ကြည့်ရုံနဲ့ သိနိုင်တာပဲ။ အဲဒီသဘောအရဆိုရင်တော့ ဆရာတေးဆစ်ဟာ ကျောင်းသားတွေ တကယ်ချစ်တဲ့ ဆရာတစ်ယောက်ဆိုတာ သေချာပါတယ်။

ဆိုင်ရောက်တော့ ဆရာတေးဆစ်က မာရူးအတွက် မုန့်တွေကို ထုံးစံအတိုင်း ဝယ်ပေးလိုက်တယ်။ မာရူးက ပိုက်ဆံပြန်ပေးပေမဲ့လည်း သူက လုံးဝ လက်မခံဘူး။

“ကလပ်ကရော အခြေအနေ ဘယ်လိုလဲ”

ပြီးခဲ့တဲ့လကတည်းက ဆရာတေးဆစ်က ကလပ်ကို မလာဖြစ်တော့ဘူး။ တစ်ခါတလေတော့ လာတတ်ပေမဲ့ အားပေးဖို့အတွက်တော့ မဟုတ်ဘူးပေါ့။

“အဆင်ပြေပါတယ်”

“အဆင်ပြေရုံပဲလား”

“ရှုံးသွားလို့ စိတ်မကောင်းဖြစ်နေကြပေမဲ့ အခုတော့ အတော်လေး ပြန်ကောင်းလာပါပြီ”

“အင်း ... ဟုတ်လား”

ဆရာတေးဆစ်က ခပ်အုပ်အုပ်လေး ခေါင်းညိတ်လိုက်တယ်။ မာရူးက ဆရာ့ကို ခဏလောက် ကြည့်နေမိတယ်။ သူ့အမြင်အရတော့ အခြေအနေက တော်တော်လေး ဆိုးနေပြီလို့ ထင်ပေမဲ့ ဆရာ့ကိုတော့ အဲဒါတွေ လိုက်ပြောမနေတော့ပါဘူး။ ဆရာတေးဆစ်က ငါးထပ်ဘက်ကို နားလည်သလို အကြည့်မျိုးနဲ့ လှမ်းကြည့်လိုက်ပြီး ...

“အဆင်ပြေတယ်ဆိုရင်တော့ တော်ပါသေးတယ်။ ငါ တော်တော်လေး စိုးရိမ်နေတာ။ သူတို့ကို သွားပြီး စကားပြောရမလားလို့တောင် စဉ်းစားမိသေးတယ်။ ဒါပေမဲ့ ငါ ဝင်စွက်ဖက်တာက မကောင်းဘူးလို့ ထင်တာနဲ့ပဲ ဘာမှ မပြောဘဲ နေလိုက်တာပါ။ လူကြီးတွေ ပါဝင်ပတ်သက်ရမယ့် ကိစ္စတွေရှိသလို ကလေးတွေအချင်းချင်း ဖြေရှင်းရမယ့် ကိစ္စတွေလည်း ရှိတာပဲလေ။ ဒီကိစ္စမှာတော့ နောက်တစ်ခုက ပိုပြီးတော့ သင့်တော်မယ်လို့ ထင်တယ်”

မာရူး တွေးထားသလိုပဲ ဆရာက တကယ်ကို အတွေးအခေါ်ရှိတဲ့သူပါ။ ဆရာတေးဆစ်က ဘေးနားက ရေခဲသေတ္တာထဲကနေ မာရူးအတွက် မက်မွန်သီး လက်ဖက်ရည်တစ်ဘူး ဝယ်ပေးလိုက်ပြန်တယ်။

“မင်းရော ဘယ်လိုလဲ”

“ကျွန်တော်လည်း အဆင်ပြေပါတယ်”

“အင်း ... မင်းကတော့ အမြဲတမ်း ဒီအတိုင်းပဲ”

သူတို့နှစ်ယောက် ကျောင်းရှေ့က ကွင်းကို တစ်ပတ်ပတ်ပြီး လမ်းလျှောက်လာခဲ့ကြတယ်။ စနေ၊ တနင်္ဂနွေ ဖြစ်နေပေမဲ့လည်း ကွင်းထဲမှာ ကျောင်းသားတစ်ယောက်မှ မရှိဘူး။ ဒီနေ့ ပြိုင်ပွဲရှိလို့လည်း ဖြစ်မှာပေါ့။ သူတို့ ဘောလုံးဂိုးတိုင်တစ်ခုနားကို ရောက်တဲ့အချိန်မှာတော့ ဆရာတေးဆစ်က စကားပြန်စလိုက်တယ်။

“ပြီးခဲ့တဲ့တစ်ခေါက်က ငါ ဆရာမ ယန်မီဆို နဲ့ အရက်သောက်ဖြစ်တယ်”

“အာ ... ဟုတ်လား ဆရာ”

ဆရာတေးဆစ်က ဝေခွဲမရတဲ့ မျက်နှာပေးနဲ့ ခဏလောက် တုံ့ဆိုင်းနေတယ်။ ဒီအကြောင်းတွေကို ကျောင်းသားတစ်ယောက်ကို ပြောပြဖို့ သင့်မသင့် စဉ်းစားနေပုံရတယ်။ ဒါပေမဲ့ ခဏနေတော့ သူ ပြန်ပြုံးလိုက်ပြီး ...

“ဘာကြောင့်လဲတော့ မသိဘူး၊ မင်းကိုတော့ ပြောပြလို့ ရမယ်လို့ ထင်တယ်။ ဆရာမမီဆိုက အဲဒီတုန်းက တော်တော်လေး ငိုခဲ့တာကွ။ သူ့ကိုယ်သူလည်း တော်တော်လေး အပြစ်တင်နေရှာတယ်”

အဲဒီလောက်အထိ တင်းမာတဲ့ ဆရာမက ငိုတယ်ဆိုတော့ ... မာရူးအတွက်တော့ ပုံဖော်ကြည့်ဖို့ ခက်ပေမဲ့လည်း အဲဒီလို လုပ်ရပ်က ဆရာမနဲ့ တကယ်ကို လိုက်ဖက်တယ်လို့ သူ တွေးမိလိုက်တယ်။

“ပရို နဲ့ အပျော်တမ်းရဲ့ ခြားနားချက်ကို မင်း သိလား”

“ပိုက်ဆံပါ”

“ဟုတ်တယ် ... ပိုက်ဆံပဲ။ အဲဒီသဘောနဲ့ကြည့်ရင် ဆရာမမီဆိုက ပရိုတစ်ယောက်ပဲ။ သူက ကျောင်းသားတွေကို သင်ပေးဖို့အတွက် ပိုက်ဆံရတယ်။ တစ်ဖက်မှာလည်း သူက အရာရာမှာ တာဝန်ရှိတယ်လို့ ခံစားနေရတာပေါ့။ ကိုယ်တက်ခဲ့တဲ့ကျောင်းက ကျောင်းသားတွေကို သင်ပေးရတာဆိုတော့ ဖိအားတွေလည်း တော်တော်လေး များမှာပေါ့”

ပခုံးပေါ်မှာ ဖိအားတွေ အဲဒီလောက်ရှိနေတာတောင်မှ အမြဲတမ်း အော်ဟစ်ပြီး စိတ်တိုနေနိုင်တယ်ဆိုတာက ... ဆရာတေးဆစ် ပြောတာသာ မှန်မယ်ဆိုရင် သူက တကယ်ကို ပရိုတစ်ယောက်ပါပဲ။ ဘယ်သူမှ သူ့ရဲ့ တကယ့်ခံစားချက်ကို မသိအောင် ဖုံးကွယ်ထားနိုင်တာကိုး။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တဲ့နေရာမှာ သူက တကယ့်ကို ပါရမီပါတာပဲ။

“သူက မင်းတို့ကို အဲဒီလောက်အထိ တင်းကျပ်နေရတာက မင်းတို့အားလုံးက အပျော်တမ်းသမားတွေ ဖြစ်နေလို့တဲ့။ အဲဒါက သူပြောတဲ့ စကားနော်။ ပရိုတွေကတော့ ကိုယ်လုပ်ချင်သလို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်လုပ်ရပ်အတွက် ကိုယ် တာဝန်ယူနိုင်လို့ပဲ။ ဒါပေမဲ့ အပျော်တမ်းသမားတွေကို အဲဒီလို လွတ်လပ်ခွင့်ပေးလိုက်ရင်တော့ ပျင်းရိကုန်ကြဖို့ပဲ ရှိတာ”

“...... ဆရာမမီဆိုက သူ့ရဲ့ နည်းလမ်းတွေအပေါ် နောင်တရနေတာလား”

“ဟုတ်တယ်။ သူ့ကိုယ်သူပဲ အပြစ်တင်နေတာ။ အားလုံးကို ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် လုပ်ပေးခဲ့သင့်တာတဲ့။ ကလပ်အပေါ်ထားတဲ့ သူ့ရဲ့ လောဘတွေကို ခဏလောက် လျှော့ချခဲ့ရင် ကလေးတွေက ပရိသတ်ရှေ့မှာ အဲဒီလိုမျိုး တောင့်ခဲသွားကြမှာ မဟုတ်ဘူးလို့ သူက ထင်နေတာ”

မာရူး နှာခေါင်းထိပ်လေးကို ပွတ်လိုက်မိတယ်။ ကလပ်မှာရှိတဲ့သူတိုင်းကတော့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် နောင်တရနေကြတာပဲ။

“ဒါက သူတစ်ယောက်တည်း အပြစ်တင်ခံရမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ ဆရာမက အဲဒီလိုနေရာမျိုးမှာကျတော့ တော်တော်လေး စိတ်နုတာပဲနော်”

“စိတ်နုတယ် ဟားဟား ... ဟုတ်ပါပြီလေ။ အပြင်ပန်းကြည့်ရင်တော့ ကြမ်းတမ်းသလိုရှိပေမဲ့ အတွင်းစိတ်ကတော့ တော်တော်လေး နူးညံ့တဲ့သူပါ။ အဲဒါကြောင့်လည်း သူက ဒီလောက်အထိ ကြိုးစားခဲ့တာပေါ့။ စင်ပေါ်မှာ သူ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးကို မင်းတို့ကိုလည်း သိစေချင်လို့လေ”

“သူက ရှုံးမှာလည်း တော်တော်ကြောက်တာပဲနော်”

“ဟုတ်တယ် ... တကယ်ကို ကြောက်တာ”

ဒီနွေရာသီကတော့ အားလုံးအတွက် နာကျင်စရာ ရာသီတစ်ခု ဖြစ်ပုံရပါတယ်။ ဆရာမမီဆိုက ကျောင်းသားတွေနဲ့ မတူတဲ့အချက်ကတော့ သူက ကိုယ့်ခံစားချက်ကို ရိုးရိုးသားသား ထုတ်ပြောလိုက်တာပါပဲ။ အဲဒီလိုပြောဖို့အတွက် သူ တော်တော်လေးတော့ ရှက်နေမှာပေါ့။ ကိုယ့်ရဲ့ တကယ့်ခံစားချက်တွေကို ထုတ်ပြောရတာက ကိုယ်ကြိုက်တဲ့သူကို ဖွင့်ပြောရတာထက်တောင် ပိုပြီး ရှက်ဖို့ကောင်းတာလေ။

ဒါပေမဲ့လည်း အဲဒီလိုပြောလိုက်လို့ ဆရာတေးဆစ်ဆီကနေ နှစ်သိမ့်မှုတွေ ရခဲ့မှာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ အခွင့်အရေးလည်း ရသွားတာပေါ့။ ရိုးသားတဲ့သူတစ်ယောက် ရသင့်ရထိုက်တဲ့ ဆုလာဘ်တွေကို သူ ရရှိသွားတာပဲ။

“ကဲ ... ဒါဆိုရင် မင်းတို့ကော ဘယ်လိုလဲ”

စောစောက မေးခွန်းအတိုင်းပါပဲ။ မာရူး ခဏလောက် စဉ်းစားနေပြီးမှ အရင်နဲ့မတူတဲ့ အဖြေတစ်ခုကို ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ကျွန်တော့်အမြင်အရတော့ အခု အခြေအနေက တော်တော်လေး ဆိုးနေပါတယ်။ အန္တရာယ်ရှိတဲ့ အခြေအနေပေါ့”

“အဖြေက အရင်နဲ့ မတူတော့ပါလား”

“ဆရာကလည်း အဲဒါကို သိချင်လို့ ဆရာမမီဆို အကြောင်းကို အစဖော်လိုက်တာ မဟုတ်ဘူးလား”

မာရူးက ပြုံးပြီး အအေးကို တစ်ငုံ သောက်လိုက်တယ်။ ဆရာတေးဆစ်ကလည်း မငြင်းပါဘူး။

“ငါ အရင်က ပြောဖူးသလိုပဲ၊ ကလပ်တစ်ခုရဲ့ အငွေ့အသက်ဆိုတာ တာဝန်ခံဆရာက ဘယ်လောက်တော်လဲဆိုတာနဲ့ မဆိုင်ဘူး။ တာဝန်ခံဆရာဆိုတာ ကလပ်ရဲ့ အဆောင်အယောင်သက်သက်ပဲ။ ကလပ်ကို တကယ် လည်ပတ်နေတာက ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေပဲလေ”

“ဟုတ်ကဲ့”

“ ဂျောင်ချန်ဟူး က ... တော်တော်လေး အတွေးအခေါ်ရှိတဲ့ ကလေးပါ။ ဒါပေမဲ့ သူက ပြဿနာတွေကို ရှေ့ထွက်ဖြေရှင်းတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ အဲဒါကြောင့်လည်း သူက ဥက္ကဋ္ဌ မလုပ်ဘဲ စင်တင်မန်နေဂျာပဲ လုပ်တာပေါ့။ တကယ်တော့ သူက မင်းနဲ့ အများကြီး တူတယ်”

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်”

“ဒါပေမဲ့ ခြားနားချက်တော့ ရှိတာပေါ့။ ချန်ဟူးက မင်းနဲ့မတူဘဲ ကလပ်ရဲ့ စက်ဝိုင်းထဲမှာ ရှိနေတဲ့သူ။ ပြဿနာတစ်ခုခု ရှိလာရင် သူက တကယ် ဖြေရှင်းဖို့ ကြိုးစားတတ်တယ်။ ဒါပေမဲ့ မင်းကတော့ ...”

ဆရာတေးဆစ်က လမ်းလျှောက်တာကို ခဏရပ်ပြီး မာရူးကို လှည့်ကြည့်လိုက်တယ်။

“မင်းကတော့ အမြဲတမ်း ကလပ်ရဲ့ အပြင်ဘက် နယ်စပ်မှာပဲ ရပ်နေသလိုပဲ”

“......”

မာရူး ဘာမှ ပြန်မပြောပါဘူး။ ဆရာပြောတာတွေ အကုန်လုံးက မှန်နေတာကိုး။ မာရူးက ဆရာတေးဆစ်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေမိတယ်။ ဆရာက သူ့အပေါ်မှာ ဘာတွေ တွေးနေလဲဆိုတာကို သူ သိချင်နေတာ။

[[ဒီအခြေအနေကို မင်းကိုပဲ ဖြေရှင်းပေးစေချင်တယ်]]

“ဘာလို့ ကျွန်တော့်ကို ဖြေရှင်းခိုင်းတာလဲ ဆရာ”

ဆရာတေးဆစ် မပြောရသေးခင်မှာတင် မာရူးက ကြိုမေးလိုက်လို့လားတော့ မသိဘူး၊ ဆရာ ခဏလောက်တော့ အံ့ဩသွားပုံရတယ်။

“ငါ ထင်တဲ့အတိုင်းပဲ ... မင်းက တခြားကျောင်းသားတွေနဲ့ တကယ်ကို မတူဘူး။ နားထောင်လို့တော့ ထူးဆန်းနေလိမ့်မယ်၊ ဒါပေမဲ့ မင်းနဲ့ စကားပြောရတာက ကျောင်းသားတစ်ယောက်ထက်စာရင် မိသားစုဝင် တစ်ယောက်ယောက်နဲ့ စကားပြောနေရသလိုပဲ။ မင်းက ကလပ်အဖွဲ့ဝင်တွေကို လူကြီးတစ်ယောက်လိုမျိုး ဘေးကနေ အားပေးနေတာကို ငါ ခံစားရတယ်”

“အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို အဲဒီလိုပြောတာက နည်းနည်းတော့ ရက်စက်လွန်းရာ မကျဘူးလား ဆရာ”

“အင်း ... ဟုတ်တာပေါ့”

ဆရာတေးဆစ်က ခပ်ဖွဖွလေး ပြုံးလိုက်တယ်။

“ဆရာကော ကိုယ်တိုင် ဝင်မလုပ်ချင်ဘူးလား”

“ငါသာ ဝင်လုပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ မင်း သိနေတာပဲ မဟုတ်လား”

‘ကြိုးစားကြစမ်းပါ၊ ဂွန်ဆော့ ... တခြားသူတွေကို အပြစ်တင်မနေနဲ့တော့၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပျင်းမနေကြနဲ့၊ ကိုယ့်ကိုယ်ကိုယ် ရိုးသားကြစမ်း’

အဲဒီစကားတွေကို ဆရာတေးဆစ်ကသာ ထုတ်ပြောလိုက်မယ်ဆိုရင် ကလပ်ကတော့ တစ်စစီ ကွဲကြေသွားမှာ သေချာပါတယ်။ ဘေးကကြည့်နေတဲ့သူတွေက ဝင်စွက်ဖက်တဲ့အခါမှာ အဲဒီပြဿနာက အမြဲတမ်း ရှိတတ်တာလေ။

“မင်းမှာလည်း ကိုယ်ပိုင်အမြင်တွေ ရှိမယ်ဆိုတာ ငါ သိပါတယ်။ ဆရာမမီဆိုဆီကလည်း ငါ အများကြီး ကြားထားဖူးတယ်။ သူ အရက်သောက်ပြီဆိုရင် ဆယ်ခါမှာ ကိုးခါက မင်းအကြောင်းပဲ ပြောတာ။ မင်းက လူကြီးတစ်ယောက်လိုပဲဆိုပြီး သူက အမြဲတမ်း လာညည်းနေကျ”

“သူက အငြိုးအတေး တော်တော်ကြီးတာပဲ”

“အဲဒီစကားကိုတော့ သူ့ရှေ့မှာ မပြောနဲ့ဦး။ အရင်က လူတစ်ယောက်က အဲဒီလိုပြောလို့ ဆံပင်ကို ဆွဲခံလိုက်ရဖူးတယ်”

“အာ ... မြင်ယောင်သေးတယ်”

ဟားဟား ... သူတို့နှစ်ယောက် ခပ်အုပ်အုပ်လေး ရယ်လိုက်ကြတယ်။

“ဆရာက ဆရာမမီဆိုနဲ့ ခဏခဏ တွေ့ဖြစ်တာပေါ့”

“တွေ့တာပေါ့။ သူက အရက်မူးလာရင် ငါ့ကို အမြဲတမ်း လှမ်းခေါ်နေကျ ဆိုးပေတဲ့ ကျောင်းသူတစ်ယောက်လိုပါပဲ”

“မူးလာတိုင်း ဆရာ့ကို ခေါ်တာလား တခြားသူတွေကိုရော မခေါ်ဘူးလား”

“ဟင့်အင်း၊ ငါ တစ်ယောက်တည်းပဲ။ သူက အရက်သောက်ရင် အကျင့်က သိပ်မကောင်းတော့ တခြားသူတွေက သူ့ကို သိပ်မခေါ်ချင်ကြဘူးလေ။ ဒါပေမဲ့ ငါကတော့ သူ့ကို ပစ်မထားနိုင်ပါဘူး။ တစ်ခါတလေတော့လည်း ပင်ပန်းတာပေါ့လေ”

“...... ပြီးတော့ သူက ဆရာ့ဆီမှာ အကြံဉာဏ်တွေလည်း အမြဲတမ်း တောင်းတာပေါ့”

“အင်း ... အမြဲတမ်းလိုလိုပါပဲ”

“ဆရာကော အိမ်ထောင်ရှိလား”

“ဟားဟား ... ကံဆိုးချင်တော့ မရှိသေးပါဘူး။ ရှေ့လျှောက်လည်း ရှိဦးမှာ မဟုတ်ပါဘူးလေ။ ငါ့ရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ဆိုရင် ဘယ်သူကများ ကြိုက်မှာလဲ”

ဆရာတေးဆစ်က သူ့ရဲ့ ဟောင်းနွမ်းနေတဲ့ အကွက်အင်္ကျီနဲ့ ဘောင်းဘီအဟောင်းကြီးကို လက်ညှိုးထိုးပြရင်း ပြုံးနေတယ်။

‘ဒီလောက်အထိ အတွေးအခေါ်ရှိတဲ့သူက ဘာလို့ ဒီလောက်တောင် ထူအနေပါလိမ့်...’

မူးနေတဲ့ အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ဆီကို အမြဲတမ်း အကြံဉာဏ်တောင်းဖို့ ဖုန်းဆက်နေတယ်ဆိုတာ သူငယ်ချင်းလည်း မဟုတ်ဘဲနဲ့ ကိုယ့်ထက် အသက်ကြီးတဲ့သူဆီကိုလေ ဒါက ဆရာ့အပေါ်မှာ ခံစားချက် ရှိနေတာ သေချာနေပြီပဲ။

မာရူးက ဆရာတေးဆစ်ကို ခဏစောင့်ဖို့ ပြောလိုက်ပြီး သူ့ဖုန်းကို ထုတ်လိုက်တယ်။ ပြီးတော့ ဆရာမမီဆိုဆီကို စာတိုလေးတစ်စောင် ပို့လိုက်တယ်။

"ဆရာတေးဆစ် လက်ထပ်တော့မယ်တဲ့"

အတိအကျ ၅ စက္ကန့်လောက် ကြာတဲ့အခါမှာတော့ ဆရာတေးဆစ်ရဲ့ ဖုန်းက မြည်လာတော့တယ်။ ဆရာက ဖုန်းကို ကိုင်လိုက်ပေမဲ့ ချက်ချင်းပဲ နားကနေ ခွာလိုက်ရတယ်။

“ဘာဖြစ်တာလဲ ဆရာ”

“မသိဘူး ... သူ ဖုန်းထဲကနေ အော်နေတယ်”

“အဲ ... ဆရာ၊ ကျွန်တော် အဲဒီဖုန်းကို ခဏ ကိုင်လို့ ရမလား”

ဆရာတေးဆစ်က ဇဝေဇဝါမျက်နှာနဲ့ပဲ မာရူးဆီကို ဖုန်းပေးလိုက်တယ်။

ဘယ်လိုဖြစ်တာလဲ ဘယ်လိုဖြစ်ရတာလဲ

ဆရာမမီဆိုရဲ့ အသံက ဖုန်းထဲကနေ တကယ်ကို စိတ်ပျက်အားငယ်နေတဲ့ အသံမျိုး ထွက်လာတာ။ မာရူး အဲဒီမှာတင် ရယ်ချင်စိတ်ကို အသည်းအသန် ထိန်းလိုက်ရတယ်။

“ကျွန်တော် နောက်လိုက်တာပါ”

အင် မ-မာရူး

“ဟုတ်ကဲ့ ... အခုနက စာက စနောက်ပြီး ပို့လိုက်တာပါ၊ မေ့လိုက်ပါတော့”

“နင် ... နင်”

“ဆရာမမှာလည်း တကယ်ကို ချစ်စရာကောင်းတဲ့ အချက်လေးတွေ ရှိသားပဲနော်။ ကျွန်တော် ဆရာ့ကို ဆရာမရဲ့ ကိုယ်စား ပြောပေးရမလား ဆရာမက ဆရာ့အပေါ်မှာ ခံစားချက်ရှိနေတယ်လို့လေ”

“ငါ နင့်ကို သတ်ပစ်မယ် မင်းသာ အဲဒီစကားကို သွားပြောလို့ကတော့ ငါ နင့်ကို အသေသတ်မှာ”

“ဒါဆိုရင်လည်း ကျောင်းကို လာခဲ့လေ”

“...... ဘာ”

“ကလေးတွေကို လာပြီး ကြည့်ပေးပါဦး။ ကျွန်တော် သူတို့ကို နည်းနည်းလောက် လှုပ်နှိုးလိုက်ဦးမယ်”

မာရူးက ဖုန်းချလိုက်ပြီး ဆရာ့ဆီကို ဖုန်းပြန်ပေးလိုက်တယ်။

“ဘာတွေလဲဟ”

“ဘာမှမဟုတ်ပါဘူး ဆရာ။ ဒါနဲ့ ဆရာ ...”

“အင်း ... ပြောလေ”

“ဆရာ့ရဲ့ အနာဂတ်ဇနီးလောင်းက ဆရာ ထင်ထားတာထက် ပိုပြီး အနီးနားမှာ ရှိနေနိုင်တယ်နော်”

မာရူး ဘေးကနေ ကြည့်နေတဲ့သူအဖြစ်ကနေ ခဏလောက် ရပ်နားဖို့ ဆုံးဖြတ်လိုက်ပြီ။ ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ဆီကနေ တစ်ခုခုကို အကူအညီတောင်းတယ်ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ။ အဲဒီလိုပဲ ဆရာတေးဆစ်ကလည်း မာရူးအပေါ်မှာ ရိုးသားခဲ့ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့လည်း မာရူးက ဆရာ့ရဲ့ တောင်းဆိုမှုကို လက်ခံချင်နေမိတာလည်း ပါတာပေါ့။

ပုပ်နေတဲ့ အသားတွေကိုတော့ သူ လှီးထုတ်ပစ်ရလိမ့်မယ်။ ကလပ်ကတော့ အဲဒီနာကျင်မှုကို မခံစားနိုင်ဘဲ တစ်စစီ ကွဲထွက်သွားရင် သွားမှာပေါ့။ အဲဒါကြောင့်လည်း သူက ဆေးတချို့ကို ကြိုတင်ပြင်ဆင်ထားတာလေ။

‘ကျန်တာတွေကိုတော့ ဆရာမမီဆိုက ကိုင်တွယ်လိမ့်မယ်’

မာရူး သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ခန်းမရှိရာ ငါးထပ်ဆီကို ဦးတည်လိုက်တော့တယ်။

* * * * * * * * *

အခန်း(၅၂)

ဂျောင်ဟော့ခ်က ပြုံးနေကြတဲ့ ကလပ်အဖွဲ့ဝင်တွေကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ မာရူး ထွက်သွားပြီးတဲ့နောက် ခဏလောက် တိတ်ဆိတ်သွားပေမဲ့ မကြာခင်မှာပဲ သူတို့ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက အကြောင်းတွေကို စကားစမြည် ပြောနေကြပြန်တယ်။

ဂျောင်ဟော့ခ်လည်း သူတို့နဲ့အတူ ရောနှောပါဝင်လိုက်တာပေါ့။ သူကလည်း တစ်ပတ်အတွင်းမှာ ဘာရုပ်ရှင်တွေ ကြည့်ခဲ့လဲ၊ ဘာမုန့်အသစ်တွေ စားဖြစ်လဲဆိုတာမျိုး စိတ်ထဲရှိတာတွေကို လျှောက်ပြောနေမိတယ်။ ဒီထဲက ဘယ်သူမှလည်း အငွေ့အသက်တွေ တစ်မျိုးဖြစ်နေတယ်လို့ ထုတ်မပြောရဲကြဘူးလေ။

ဒီနေ့ကျမှ ဂျောင်ဟော့ခ်ဟာ ခန်းမကြီးက တော်တော်လေးကို ကျယ်ဝန်းနေသလို ခံစားနေရတယ်။ မီဆို ဒီကလပ်ကို စရောက်တုန်းကတော့ ဒီခန်းမကြီးကို သူတို့အတွက် သေးငယ်ကျဉ်းမြောင်းသွားအောင် လုပ်ပေးမယ်လို့ ပြောခဲ့ဖူးတာ။

သူမ ပြောခဲ့သလိုပဲ ပြီးခဲ့တဲ့ သုံးလအတွင်းမှာ ဒီခန်းမကြီးက ကျယ်ဝန်းတယ်လို့ သူ တစ်ခါမှ မတွေးမိခဲ့ဘူး။ ဒါပေမဲ့ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး တစ်လအကြာမှာတော့ ခန်းမကြီးဟာ သူ့အတွက် ဘောလုံးကွင်းထက်တောင် ပိုကျယ်နေသလိုပါပဲ။

‘ သူတို့ကို ငါ ပြောလိုက်ရမလား ’

ဇာတ်ညွှန်းဖတ်တဲ့ အချိန်တစ်ခု၊ စကားစမြည် ပြောတာလေး နည်းနည်း၊ ဒါကလွဲလို့ တခြား လေ့ကျင့်ခန်းတွေ ဘာမှမရှိတော့ဘူး။ သူ့ခေါင်းထဲမှာတော့ ဇာတ်ညွှန်းတွေနဲ့ နေရာယူပုံတွေကို မှတ်မိနေတုန်းပဲ။ အခုချက်ချင်း တစ်ယောက်ယောက်က သရုပ်ဆောင်ခိုင်းမယ်ဆိုရင်တောင် အတော်လေး ကောင်းကောင်း လုပ်နိုင်မယ်လို့ သူ ယုံကြည်မှု ရှိနေသေးတယ်။ ဒါပေမဲ့ အဲဒီယုံကြည်မှုက ဘယ်လောက်အထိ ကြာကြာခံမလဲဆိုတာတော့ သူ မသိဘူး။

‘ အခုတောင်မှ ဖြစ်နိုင်တယ် . . . ’

ကျွမ်းကျင်မှုဆိုတာ မင်းရဲ့ သာမန်အပြုအမူတွေပေါ်မှာ အခြေခံနေရင် အဲဒါကို ယုံကြည်မှုလို့ ခေါ်နိုင်ပေမဲ့၊ ကျွမ်းကျင်မှုမပါဘဲ လုပ်နေရင်တော့ အဲဒါကို မောက်မာမှုလို့ပဲ ခေါ်ရလိမ့်မယ်။ အခု ကလပ်မှာ ရှိနေတာက ယုံကြည်မှုလား၊ ဒါမှမဟုတ် မောက်မာမှုတွေထဲမှာပဲ နစ်မွန်းနေကြတာလား။

စကားပြောနေရင်းနဲ့ သူဟာ ပထမနှစ် ကျောင်းသူလေး တစ်ယောက်နဲ့ မျက်လုံးချင်း ဆုံသွားတယ်။ ဖုန်းကိုင်ထားတဲ့ ကောင်မလေး ယွန်ရင် ပါ။ သူမက သူ့ကို စိုးရိမ်တကြီးနဲ့ ကြည့်နေတယ်။ သူမလည်း ဂျောင်ဟော့ခ် အခုတွေးနေတာမျိုးကိုပဲ တွေးနေတာ သေချာပါတယ်။

ဒီအတိုင်း အဆင်ပြေပါ့မလား။

သူ အီဆိုးလ် ကို လှည့်ကြည့်လိုက်ပြန်တော့လည်း သူမဆီကနေ အလားတူ အချက်ပြမှုမျိုးကိုပဲ ရရှိတယ်။ တခြားသူတွေကလည်း သူတို့ဟာ ဆွေးမြည့်နေတဲ့ ကြိုးတန်းပေါ်မှာ လျှောက်နေရသလို ခံစားနေကြရပြီဆိုတာ သိနေပုံရတယ်။

‘ တကယ်တော့ အားလုံးလည်း သိနေကြတာပဲ ဖြစ်မှာပါ ’

ဒီတစ်ခါတော့ သူ ယန်မီဆို ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူမက မနေ့က မက်ခဲ့တဲ့ အိပ်မက်အကြောင်းကို အသံအကျယ်ကြီးနဲ့ ပြောနေတယ်။ သူမက ပုံမှန်ဆိုရင်လည်း ပိုပိုကဲကဲ ပြောတတ်ပေမဲ့ ဒီတစ်ခါတော့ ပိုပြီး ဆိုးနေသလိုပဲ။ လင်ဒန်မီ ရဲ့ ပုခုံးကို ပုတ်ပြီး ‘ ဟုတ်တယ်မလား ’ ဆိုတဲ့ အတည်ပြုချက်မျိုး ရဖို့တောင် ကြိုးစားနေသေးတယ်။ သူမလည်း သူတို့ဟာ ရေခဲပြင်ပါးပါးပေါ်မှာ လျှောက်နေရသလို ခံစားနေရလို့ပဲ အတင်းပြုံးနေတာလည်း ဖြစ်နိုင်တာပေါ့။

* * * * * * * * *

“ အဲဒါကြောင့် ငါက အဲဒီလို တွေးလိုက်တာပေါ့ ”

‘ ငါ ဘာတွေ လုပ်နေတာလဲ ’

“ တကယ်ကို ရယ်ရတာပဲ ”

‘ ဒါက မဟုတ်သေးဘူး ’

“ မဟုတ်ဘူး၊ တကယ်ပြောတာ ”

‘ ဒါက လုံးဝကို မဟုတ်သေးတာ ’

ယွန်းဂျုံ ဟာ အားရပါးရ ရယ်မောပြီးတဲ့နောက်မှာတော့ ပါးစပ်ကို တင်းတင်းပိတ်ထားလိုက်တယ်။ သူမရဲ့ အတွေးတွေနဲ့ စကားလုံးတွေဟာ လုံးဝကို ထပ်တူမကျနေဘူးလေ။ ဒါက အပျော်စကားတွေ ပြောနေရမယ့် အချိန်မဟုတ်သလို၊ သူတို့တွေ ဒီလို ပြုမူနေရမယ့် အချိန်လည်း မဟုတ်ပါဘူး။ စိတ်ထဲမှာတော့ အကြောင်းအရာတွေ အများကြီး တွေးနေပေမဲ့ တကယ်တမ်းကျတော့ သရုပ်ဆောင်တာနဲ့ မပတ်သက်တဲ့ စကားတွေကိုပဲ သူမ ပြောမိနေတယ်။

သူမ စိုးရိမ်လာမိတယ်။ ကလပ်ထဲက ဒီလို အေးစက်စက် အခြေအနေက တစ်လလုံးလုံး ရှိနေခဲ့တာတောင် မပျောက်သွားသေးဘူး။ ဇာတ်ညွှန်းဖတ်ပြီးတိုင်း စကားတွေ လျှောက်ပြောဖြစ်ကြတဲ့အခါတိုင်း ယွန်းဂျုံ ကို စိုးရိမ်စိတ်တွေက လာရောက်တိုက်ခိုက်တော့တာပဲ။ ကလပ်အဖွဲ့ဝင်တွေကြားက ဒီလို တိတ်ဆိတ်မှုတွေက ပိုပြီး ကြာရှည်သွားမှာကို သူမ ကြောက်နေမိတယ်။

လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ကလပ်တစ်ခုလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တိတ်ဆိတ်သွားတဲ့ အခိုက်အတန့်တွေ ရှိလာခဲ့တယ်။ အဲဒီလို ဖြစ်တိုင်း ယွန်းဂျုံ ဟာ အသက်ရှူရတာတောင် တကယ်ကို ခက်ခဲလာသလို ခံစားရတယ်။ ဒါကြောင့်လည်း အဲဒီတိတ်ဆိတ်မှုကို တခြားသူတွေ သတိမထားမိအောင် သူမက အရင်ကထက် ပိုပြီး အသံကျယ်ကျယ်နဲ့ ပြောဆိုနေခဲ့တာပေါ့။ ဒါပေမဲ့ သူမလည်း အခုတော့ အတောသတ်ကို ရောက်နေပြီဆိုတာ သိသာပါတယ်။ သူမ ဘာတွေပြောနေမိမှန်းတောင် ကိုယ့်ဘာသာ မသိတော့ဘူး။ မနေ့က နေ့လယ်စာအကြောင်းကို ဘာဖြစ်လို့ ဒီလောက်အထိ အာရုံစိုက်ပြီး ပြောနေမိတာပါလိမ့်။

ယွန်းဂျုံ အတွက်တော့ ဒီကလပ်ဟာ တန်ဖိုးရှိတဲ့ နေရာတစ်ခုပါ။ ပထမနှစ်တုန်းက ပြဇာတ်တစ်ခုကို အဆုံးထိ မတင်ဆက်နိုင်ခဲ့ပေမဲ့လည်း အစကနေ စပြီး ပြင်ဆင်ရတဲ့ လုပ်ငန်းစဉ်တွေကို သူမကတော့ မြတ်နိုးခဲ့တာလေ။ တခြားသူတွေနဲ့အတူ ရယ်မောခဲ့တာ၊ အတူတူ ငိုခဲ့ရတာတွေကပဲ သူမကို ပျော်ရွှင်စေခဲ့တာပါ။

ဒါပေမဲ့ အခု ဘာတွေ ဖြစ်နေတာလဲ။

သူမ ဒီလောက်အထိ ချစ်ရတဲ့ နေရာလေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ စိတ်ပျက်စရာတွေပဲ ခံစားနေရတယ်။ ဒီအတိုင်းသာဆိုရင် သူမဟာ ဒီကလပ်ထဲမှာတင် အသက်ရှူကျပ်ပြီး သေသွားနိုင်တယ်။ အရင်တုန်းကဆိုရင် အဖွဲ့ဝင်တွေနဲ့ စကားပြောဖို့ အချိန်ရတိုင်း ကလပ်ကို သွားခဲ့တာ။ အခုကျတော့ရော။ အခုဆိုရင် သူမဟာ စနေ၊ တနင်္ဂနွေတွေမှာပဲ ကလပ်ကို လာဖြစ်တော့တယ်။ ဒါတွေက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ။

* * * * * * * * *

‘ အင်း ’

ယွန်းဂျုံ ပါးစပ်ပိတ်လိုက်တဲ့ အချိန်ကစပြီး ခန်းမကြီးထဲမှာ တိတ်ဆိတ်သွားတယ်။ အဲဒီတိတ်ဆိတ်မှုဟာ သက်သောင့်သက်သာရှိတဲ့ တိတ်ဆိတ်မှုမျိုး မဟုတ်ဘဲ နေရခက်တဲ့ အခြေအနေမျိုးပေါ့။ အဲဒီ တိတ်ဆိတ်မှုကပဲ ကလပ်အဖွဲ့ဝင်တွေကို အုပ်စုလေးတွေ အသီးသီး ကွဲသွားစေတော့တယ်။

အီဆိုးလ် က ဘေးကို လှည့်ကြည့်လိုက်တယ်။ ဒီဇိုင်းဌာနက ကျောင်းသား သုံးယောက်ဟာ တခြားသူတွေနဲ့ ဝေးရာမှာ သပ်သပ်ထိုင်နေကြတယ်။ ယွန်ရင် က ဟောင်ဂွန်ဆော့ ကို တစ်ခုခု တိုးတိုးလေး ပြောနေပြီး ကင်ဆိုယွန်း ကတော့ သူတို့နှစ်ယောက်ကို စိတ်ပျက်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။

တေဂျွန်း ကတော့ ပြုံးနေပေမဲ့ သူ့အပြုံးဟာ အကျင့်ပါနေလို့ ပြုံးပြနေတဲ့ အပြုံးမျိုးပါ။ လင်ဒန်မီ နဲ့ ချွဲမင်းဆောင် တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိုးတိုး ပြောနေကြတယ်။ အီဆိုးလ် သူတို့ပြောတာကို မကြားရပေမဲ့ သူတို့ရဲ့ မျက်နှာအမူအရာအရ ကလပ်ရဲ့ လက်ရှိအခြေအနေအကြောင်းကို ပြောနေကြတာ ဖြစ်မှာပါ။

ပြီးတော့ ဂျောင်ဟော့ခ် ရှိသေးတယ်။ အဲဒီကောင်လေးက တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့ အားလုံးကို လိုက်ကြည့်နေတယ်။ ပြောစရာတွေ အများကြီး ရှိနေပုံရပေမဲ့ စကားလုံးတွေက သူ့လည်ချောင်းထဲမှာတင် တစ်နေသလိုပါပဲ။ သူမနဲ့ မျက်လုံးချင်း ဆုံတဲ့ အခါတိုင်းမှာလည်း သူက ခါးသီးတဲ့ အပြုံးတစ်ခုကိုပဲ ပြုံးပြတတ်တယ်။

‘ ဟင်း၊ ငါ တစ်ခုခုတော့ ပြောသင့်တယ်လို့ ခံစားရပေမဲ့ တကယ်တမ်းကျတော့ ဘာမှလည်း မပြောချင်ဘူး ’

အီဆိုးလ် ဟာ သရုပ်ဆောင်တာကို ဝါသနာပါလို့ ပြဇာတ်ကလပ်ကို ဝင်ခဲ့တာ မဟုတ်ပါဘူး။ သူမက အတွေ့အကြုံသစ် တစ်ခုခုကိုပဲ လိုချင်ခဲ့တာပါ။ သူမမှာ ခိုင်မာတဲ့ အနာဂတ်တစ်ခု ရှိပြီးသားလေ၊ အဲဒါကတော့ သူမ မိသားစုရဲ့ စားသောက်ဆိုင်ကို ဆက်ခံဖို့ပါပဲ။

အီဆိုးလ် ဟာ သူမတို့ ရပ်ကွက်ထဲက ဟင်းရည်နံ့တွေကြားမှာပဲ ကြီးပြင်းလာခဲ့တာ။ အသားတွေ လှီးဖြတ်နေတဲ့ သူမအဖေရဲ့ ပုံရိပ်၊ ကင်မ်ချီ လုပ်နေတဲ့ သူမအမေရဲ့ ပုံရိပ်တွေနဲ့အတူ နိုးထခဲ့ရတာပါ။ သူမဟာ နောင်တစ်ချိန်မှာ အဲဒီစားသောက်ဆိုင်ကို ဆက်ခံရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ပဲ သဘာဝကျကျ ကြီးပြင်းလာခဲ့တာပေါ့။

အီဆိုးလ် ဟာ ဆူပွက်နေတဲ့ အရိုးဟင်းရည်နံ့တွေနဲ့ အသားတွေ ပြုတ်တဲ့အခါ ထွက်လာတဲ့ အနံ့တွေကို မြတ်နိုးတယ်။ သူမတို့ လုပ်တဲ့ ကင်မ်ချီရဲ့ စပ်စပ်ရွှန်းရွှန်း အနံ့ကိုလည်း သဘောကျတယ်။ မိဘတွေဆီကနေ စားသောက်ဆိုင်ကို ဆက်ခံဖို့ဆိုတာ သူမအတွက်တော့ ဘာမှ ငြင်းဆန်စရာ မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း သူမဟာ ကောလိပ်တက်ဖို့တောင် စိတ်မကူးခဲ့တာပေါ့။ ကျောင်းပြီးတာနဲ့ မိဘတွေကို စားသောက်ဆိုင်မှာ အချိန်ပြည့် ကူညီပေးမယ်လို့ ကိုယ့်ကိုယ်ကိုယ်ရော၊ မိဘတွေကိုရော ကတိပေးထားခဲ့တာလေ။

အဲဒါကြောင့်ပဲ ဖြစ်မှာပါ၊ အီဆိုးလ် ဟာ သူမရဲ့ အထက်တန်းကျောင်းဘဝကိုတော့ တောက်ပပြီး ထူးထူးခြားခြားလေး ဖြစ်စေချင်ခဲ့တာ။ အဲဒီအတွက်ကြောင့်ပဲ ပြဇာတ်ကလပ်ကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့။

လွန်ခဲ့တဲ့ တစ်လလောက်အထိ သူမဟာ သူမရဲ့ ဆုံးဖြတ်ချက်အပေါ် တော်တော်လေး ကျေနပ်ခဲ့တာ။ ကြွက်သားတွေ နာကျင်နေတာတောင်မှ သူမဟာ အပြုံးမပျက်ခဲ့ပါဘူး။ ခက်ခဲတဲ့ ဇာတ်ညွှန်းတွေကို အလွတ်ကျက်ရတာဟာ သူမကို စိတ်တိုစေမယ့်အစား ပိုပြီးတော့တောင် စိတ်လှုပ်ရှားစေခဲ့သေးတာ။ ဝတ်စုံတွေကို ပြင်ဆင်ရတာဟာ သူမ ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ အရုပ်အိမ်လေးလိုမျိုး ခံစားရစေသလို၊ ပြဇာတ်ပစ္စည်းတွေကို လုပ်ရတာကလည်း ကျွမ်းကျင်တဲ့ လက်သမားတစ်ယောက်လို ခံစားခဲ့ရတာပါ။

အရာအားလုံးဟာ သူမအတွက် အတွေ့အကြုံသစ်တွေချည်းပါပဲ။ အဲဒီတုန်းကတော့ ပြဇာတ်ကလပ်ကို ဝင်ခဲ့တာဟာ သူမ ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်လို့တောင် ထင်ခဲ့တာ။ ဒါပေမဲ့ အခုကျတော့ရော။

အခုကျတော့ ပျင်းစရာကောင်းတဲ့ ဇာတ်ညွှန်းဖတ်ချိန်တွေ၊ သူငယ်ချင်းတွေနဲ့ ပြောဖြစ်တဲ့ သာမန်စကားတွေနဲ့ မုန့်အနည်းငယ်ပဲ ကျန်တော့တယ်။

‘ ပျင်းလိုက်တာ . . . ’

ဒါတွေက ဘာတွေလဲ။ ကလပ်နဲ့ ပတ်သက်သမျှ အရာအားလုံးဟာ ရုတ်တရက်ကြီး အရောင်မှိန်သွားသလို ခံစားရတယ်။

‘ တို့တွေ အဲဒီအချိန်တွေကို ပြန်သွားဖို့ဆိုတာ မလွယ်တော့ဘူးထင်တယ်၊ ဟင်း ’

အီဆိုးလ် ဟာ ဟောင်ဂွန်ဆော့ ကို လှည့်ကြည့်လိုက်တယ်။ ကလပ်ရဲ့ တောက်ပတဲ့ ကြယ်ပွင့်လေးဟာ အခုတော့ ရုတ်တရက်ကြီး ပျင်းစရာကောင်းတဲ့ လူတစ်ယောက် ဖြစ်သွားခဲ့ပြီ။ အင်းလေ၊ သူမရဲ့ ပထမဆုံး အမြင်တွေကတည်းက မှားယွင်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အခုတော့ သူဟာ . . . ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ အသည်းအသန် ကြိုးစားနေသလိုပါပဲ။

‘ အဓိက သရုပ်ဆောင်က ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ . . . ’

သူမအတွက်တော့ ပြဇာတ်ကလပ်ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ အဆိုးဆုံးကတော့ နည်းပြ မီဆို လည်း ထပ်မလာတော့တာပဲ။ နည်းပြ မရှိတော့တာနဲ့တင် ကလပ်ဟာ ဒီလောက်အထိ အဆင့်အတန်း ကျသွားခဲ့ရတယ်။

‘ ငါလည်း ဘာလုပ်ပေးနိုင်မလဲဆိုတာ မသေချာဘူး ’

‘ ဟောင်ဂွန်ဆော့ ကလေးလို လုပ်မနေနဲ့တော့ လေ့ကျင့်ကြရအောင် ’ အဲဒီလို ပြောလိုက်ဖို့ကတော့ လွယ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဖြစ်လာမယ့် အရာတွေကမှ တကယ့် ပြဿနာလေ။

အဲဒီလိုနဲ့ ထွက်လာမယ့် ပြဇာတ်ဟာ တကယ်ပဲ ပျော်စရာ ကောင်းပါ့မလား။ ပြီးတော့ အခုသာ အဲဒီစကားမျိုး ပြောလိုက်ရင် ဟောင်ဂွန်ဆော့ ဟာ ကလပ်ကနေ ချက်ချင်း ထွက်သွားမှာပါ။ အဓိက ဇာတ်ဆောင် မရှိဘဲနဲ့ ပြဇာတ်တစ်ခုက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။

‘ ငါ တခြားကလပ်တစ်ခုပဲ ရှာတော့မယ်ထင်တယ် ’

ဒီကလပ်ကတော့ ပြီးသွားပါပြီ။ အနည်းဆုံးတော့ အီဆိုးလ် ကတော့ အဲဒီလိုပဲ တွေးခဲ့တာပါ။

* * * * * * * * *

တစ်ဖက်မှာတော့ ဒိုဂျင် က . . .

‘ ဒီနေ့ ဘယ်နေရာမှာ သွားပြီး ဂိမ်းဆော့ရင် ကောင်းမလဲ ’

တခြားအရာတွေကိုပဲ တွေးနေခဲ့တာပေါ့။

* * * * * * * * *

မာရူး ဟာ ခန်းမတံခါးကို ဖွင့်လိုက်တယ်။ သူ အပြင်ထွက်သွားတဲ့ အချိန်အတွင်းမှာ ဒီနေရာဟာ လုံးဝကို တိတ်ဆိတ်သွားခဲ့တာပဲ။ အဖွဲ့ဝင်တွေလည်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ဝေးရာမှာ ထိုင်နေကြတယ်။

“ ပြန်လာသားပဲ ”

ဒိုဂျင် က ပျော်ရွှင်တဲ့ မျက်နှာနဲ့ လှမ်းခေါ်လိုက်တယ်။

တခြားအဖွဲ့ဝင်တွေ ဘာတွေးနေလဲဆိုတာ မာရူး မသိပေမဲ့၊ ဒိုဂျင် ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ အေးအေးဆေးဆေး နေနေတယ်ဆိုတာကိုတော့ သူ အသေအချာ ပြောနိုင်ပါတယ်။

‘ ဘယ်အရာအတွက်မှ စိတ်ဖိစီးမှု ခံမယ့် အမျိုးအစားတော့ လုံးဝ မဟုတ်ဘူး ’

မာရူး က မုန့်တွေကို အလယ်မှာ ချလိုက်တဲ့ အခါကျမှ အဖွဲ့ဝင်တွေဟာ ပြန်ပြီး စကားစပြောလာကြတယ်။ အပျော်စကားလေးတွေပါပဲ။

“ နင့်ရဲ့ အကြိုက်က မဆိုးပါဘူး ” ယွန်းဂျုံ က မုန့်ထုတ်တစ်ခုကို ယူရင်း ပြောလိုက်တယ်။

မာရူး ကတော့ ပခုံးပဲ တွန့်ပြလိုက်တာပေါ့။ ယွန်းဂျုံ အခုယူလိုက်တဲ့ မုန့်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ သူမ အမုန်းဆုံး မုန့်လို့ ပြောခဲ့တဲ့ အမျိုးအစားလေ။

“ အချိန်တွေက တော်တော်လေး ကုန်သွားပြီနော်၊ ဟုတ်တယ်မလား။ အခုတောင် သုံးနာရီ ထိုးတော့မယ် ” ယွန်းဂျုံ က နာရီကို ညွှန်ပြရင်း ပြောတယ်။

အဖွဲ့ဝင် အချို့က နေရခက်တဲ့ အပြုံးနဲ့ ခေါင်းညိတ်ပြကြပြီး အချို့ကတော့ ဘာမှတောင် ပြန်မပြောကြဘူး။ ယွန်းဂျုံ ကတော့ သူမရဲ့ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အပြုံးတစ်ခုနဲ့ စကားတွေ ဆက်ပြောနေတုန်းပဲ။ မနေ့ကလိုပါပဲ။ နောက်ထပ် နှစ်နာရီလောက် ကြာရင် ကလပ်ရဲ့ လှုပ်ရှားမှုတွေ ပြီးဆုံးသွားတော့မှာ။ အဲဒီနောက်မှာတော့ အဖွဲ့ဝင်တွေဟာ သက်ပြင်းတွေကိုယ်စီနဲ့ ခန်းမထဲကနေ ထွက်သွားကြလိမ့်မယ်။

မာရူး က ခေါင်းကို ခဏလောက် ကုတ်နေမိတယ်။ အခုလို အခြေအနေမျိုးမှာ ထရပ်ပြီး တစ်ခုခု ပြောဖို့ကျတော့လည်း သူ နည်းနည်းတော့ ရှက်မိတာပေါ့။ ဒါပေမဲ့ ပတ်တေးဆစ် က ဒီအခြေအနေကို ဖြေရှင်းပေးဖို့ သူ့ကို တောင်းဆိုထားတာဆိုတော့လည်း ဒီအတိုင်း လွှတ်ထားလို့ မရဘူးလေ။

“ လေ့ကျင့်ကြရအောင် ”

ကလပ်တစ်ခုလုံးက သူ့ကို တအံ့တဩနဲ့ လှမ်းကြည့်ကြတယ်။ ‘ မင်းကများ ဘာလို့ အဲဒီစကားကို ပြောရတာလဲ ’ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ပေါ့။

“ တို့တွေမှာ အချိန် အတိအကျ နှစ်နာရီ ကျန်သေးတာပဲ။ နောက်ထပ် လေ့ကျင့်ခန်း တစ်ခေါက်လောက် ထပ်လုပ်ရင် မကောင်းဘူးလား ”

အဖွဲ့ဝင်တွေဟာ ဇဝေဇဝါနဲ့ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြတယ်။ ယွန်းဂျုံ ကတော့ ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြပြီး သူမရဲ့ ဇာတ်ညွှန်းကို ယူလိုက်တယ်။ တခြားအဖွဲ့ဝင်တွေကလည်း ဖြည်းဖြည်းချင်းပဲ သူတို့ရဲ့ ဇာတ်ညွှန်းတွေကို လိုက်ယူကြတာပေါ့။

“ ဇာတ်ညွှန်းဖတ်တာ စလိုက်တာပေါ့။ မာရူး ပြောတာ မှန်တယ်၊ တို့တွေ လေ့ကျင့်သင့်တယ် ”

ယွန်းဂျုံ ဟာ အဲဒီလို ပြောရင်း မာရူး ဆီကို အချက်ပြအချို့ ပေးလိုက်တယ်။ ဇာတ်ညွှန်းဖတ်တဲ့ အချိန်တွေမှာ မာရူး က အသံပိုင်းဆိုင်ရာတွေကို တာဝန်ယူရသလို အခန်းပြောင်းလဲမှုတွေကိုလည်း အသိပေးရတာလေ။ ‘ တီဗီသံ စတင်ထွက်ပေါ်လာသည် ’ လို့ သူ ပြောလိုက်တဲ့ အချိန်မှာ ဇာတ်ညွှန်းဖတ်တာဟာ စတင်တော့မှာပါ။

“ မဟုတ်ဘူး၊ ဇာတ်ညွှန်းဖတ်တာ မဟုတ်ဘူး ” မာရူး က ပြန်ပြောလိုက်တယ်။

“ ဟင် ”

“ တကယ့် လေ့ကျင့်ခန်းပေါ့။ တစ်ခန်းလုံးကို တကယ် သရုပ်ဆောင်ကြည့်ရမှာ ”

မာရူး က သူ့ရဲ့ ဇာတ်ညွှန်းကို တစ်ဖက်မှာ လွှင့်ပစ်လိုက်ပြီး အဖွဲ့ဝင် ၁၁ ယောက်ကို စိုက်ကြည့်လိုက်တယ်။

“ တကယ့် လေ့ကျင့်ခန်း ဟုတ်လား ” ယွန်းဂျုံ ကပဲ ပြန်မေးတာပါ။

“ တကယ့် အမူအရာတွေ၊ အရာအားလုံးကို ထည့်ပြီး လုပ်ကြမယ်။ ငါက ပရိသတ်ခုံကနေ ကြည့်မယ် ”

“ ဘာ ”

“ လွန်ခဲ့တဲ့ တစ်လလုံးလုံး တို့တွေက ဇာတ်ညွှန်းဖတ်တာပဲ လုပ်ခဲ့တာလေ။ အခုတော့ အဲဒါတွေကို တကယ် ပြန်ပြီး သရုပ်ဆောင်ကြည့်ဖို့ အချိန်တန်ပြီ။ မင်းတို့ မေ့မသွားခင်မှာပေါ့ ”

မာရူး က ကလပ်တစ်ခုလုံးကို ဝေ့ကြည့်လိုက်တယ်။ သူတို့အားလုံးက သူ့ကို စိတ်ပျက်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။ တကယ်တော့ သူက အဲဒီလိုမျိုး ပြောပိုင်ခွင့်မှ မရှိတာလေ။ ဒါတောင်မှ မာရူး က တစ်ကလပ်လုံးကို လေ့ကျင့်ဖို့ တောင်းဆိုနေခဲ့တယ်။

“ တို့တွေ လေ့ကျင့်တာ လုံလောက်နေပါပြီ ”

ယွန်းဂျုံ ဟာ သူမရဲ့ ဇာတ်ညွှန်းကို တင်းတင်းဆုပ်ကိုင်ထားတယ်။ သူမရဲ့ မျက်လုံးတွေကလည်း အနည်းငယ် တုန်လှုပ်နေတာပေါ့။ မာရူး က သူမရဲ့ မျက်လုံးတွေကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

[[ ဒါက မဟုတ်သေးဘူး။ ငါ မာရူး ပြောတာကို နားထောင်သင့်တယ် ]]

လူသားဆိုတာ အကျင့်ရဲ့ သတ္တဝါတွေပါ။ တစ်ခုခုကို လုပ်နေကျ ဖြစ်သွားရင် အဲဒါကို ရပ်တန့်ဖို့ မကြိုးစားကြတော့ဘူး။ လွန်ခဲ့တဲ့ တစ်လအတွင်းမှာ ပြဇာတ်ကလပ်ဟာ စကားစမြည် ပြောတာနဲ့ လက်ဖက်ရည် သောက်တာမျိုးတွေကို အကျင့်တစ်ခုလို လုပ်လာခဲ့တာ။ အဲဒီ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေထဲကနေ ထွက်လာဖို့ ဆိုတာက . . . အပြောင်းအလဲတစ်ခုကို ဆိုလိုတာပေါ့။ တစ်ချိန်တည်းမှာပဲ ကလပ်ထဲမှာ ကွဲအက်မှု တစ်ခုလည်း ဖြစ်သွားနိုင်တယ်။

မာရူး က ခေါင်းညိတ်ပြလိုက်ပေမဲ့ ကလပ်အဖွဲ့ဝင် အများစုဆီကနေတော့ မကျေနပ်တဲ့ အကြည့်တွေကိုပဲ ရရှိတယ်။ သူ ထင်ထားသလိုပဲ၊ ဒီကလေးတွေက မအကြပါဘူး။ ကလပ်မှာ ဘာတွေ မှားယွင်းနေလဲဆိုတာကို သူတို့ ကောင်းကောင်း သိနေကြတာပါ။ ဒါပေမဲ့ ပြဿနာကို ထုတ်ပြောလိုက်ရင် ပိုပြီး ဆိုးသွားမှာကို ကြောက်နေကြလို့ ဘာမှ မလုပ်နိုင်ခဲ့ကြတာ။ နောက်ဆုံးမှာတော့ ရှိရင်းစွဲအတိုင်းပဲ ဆက်သွားတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ သူတို့ ဆုံးဖြတ်ခဲ့ကြပုံရတယ်။

မာရူး က သူ့မျက်ခုံးကို ကုတ်လိုက်ပြီး နောက်တစ်ခေါက် ထပ်ပြောလိုက်တယ်။

“ လေ့ကျင့်ကြရအောင်။ ကလပ်က ဒီထက်ပိုပြီး အခြေအနေ ဆိုးမသွားခင်မှာပေါ့ ”

* * * * * * * * *

All Chapters