အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း(၅၃)
“အခုထက်ပိုပြီး ဆိုးစရာရှိသေးလို့လား”
လီယွန်းဂျုံက ဇာတ်ညွှန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း မတ်တတ်ထရပ်လိုက်တယ်။ ကလပ်ခန်းတစ်ခုလုံး အေးစက်တိတ်ဆိတ်သွားတာပေါ့။ ဒါကတော့ ဟန်မာရူး ကြိုတင်ခန့်မှန်းထားပြီးသားကိစ္စပါ။
“မင်းတို့တွေ သေသေချာချာ လေ့ကျင့်ခန်းမလုပ်ဖြစ်တာ တစ်လတောင်ရှိပြီ။ နွေရာသီကျောင်းပိတ်ရက်ရောက်ဖို့က တစ်ပတ်ပဲလိုတော့တယ်။ အဲဒီနောက်ဆိုရင် ပြိုင်ပွဲဝင်ရတော့မှာ မဟုတ်လား။ ငါပြောတာ မှားလို့လား”
“ဟု... ဟုတ်ပါတယ်"
“ဒါဆိုရင် လေ့ကျင့်ကြလေ။ ငါတို့မှာ အချိန်အများကြီးမကျန်တော့ဘူး။ ဒီနေ့က ဇူလိုင်လ ၁၅ ရက်၊ ၂၂ ရက်နေ့ဆို ကျောင်းပိတ်ပြီ။ ဩဂုတ်လအစမှာတင် ပြိုင်ပွဲကစတော့မှာ။ အချိန်က နှစ်ပတ်ပဲ ကျန်တော့တာလေ”
“ငါတို့က အဆင်သင့်ဖြစ်နေပါပြီ” လို့ လီယွန်းဂျုံက ပြန်ပြောလိုက်တယ်။
ဒါပေမဲ့ သူမရဲ့မျက်ဝန်းတွေကတော့ တုန်လှုပ်နေခဲ့တယ်။ အခုအချိန်မှာ ဒီကောင်မလေး စိတ်ထဲ ဘာတွေတွေးနေမလဲဆိုတာ ဟန်မာရူး သိချင်မိသွားတယ်။
‘ဟန်မာရူးပြောတာ မှန်တယ်။ ငါတို့ လေ့ကျင့်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ဒီနေရာမှာ ငါကသာ သူ့ဘက်က ထောက်ခံလိုက်ရင်...’
သူမလည်း လေ့ကျင့်ဖို့လိုတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ထုတ်မပြောနိုင်ဘူး။ သနားစရာ ကောင်မလေးပါပဲ။ ဒီမှာရှိနေတဲ့ တခြားသူတွေ စိုးရိမ်နေကြတဲ့အတိုင်း သူမလည်း စိုးရိမ်နေတာပဲလေ။
* * * * * * * * *
ခဏအကြာမှာတော့ ကလပ်အဖွဲ့ဝင်တွေက ဟောင်ဂွန်ဆော့ကို လှည့်ကြည့်လိုက်ကြတယ်။ ဟောင်ဂွန်ဆော့ကတော့ ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေတုန်းပါပဲ။
“လေ့ကျင့်ခန်း တစ်ရက်ပျက်ရင် ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲတဲ့။ နှစ်ရက်ပျက်ရင် သူငယ်ချင်းတွေ သိလာမယ်၊ သုံးရက်ပျက်ရင်တော့ တစ်လောကလုံး သိသွားလိမ့်မယ်တဲ့။ ဒါက ဆိုရိုးစကားတစ်ခုဆိုပေမဲ့ အကြောင်းမဲ့ ပေါ်လာတာတော့မဟုတ်ဘူး။ မင်းတို့တွေ တစ်လလုံးလုံး အပျော်သဘောပဲ လုပ်နေခဲ့ကြတာ မင်းတို့လည်း အသိပဲ မဟုတ်လား"
“အပျော်သဘော ဟုတ်လား ငါတို့ တစ်ချိန်လုံး ဇာတ်ညွှန်းဖတ်နေတာပဲလေ” လို့ လီယွန်းဂျုံက သူမလက်ထဲက ဇာတ်ညွှန်းကို မြှောက်ပြရင်း ပြောလိုက်တယ်။
ဟန်မာရူး အမြင်မှာတော့ သူမဟာ ကြည့်ရတာ တကယ့်ကို သနားစရာကောင်းနေပါတယ်။
“မင်းက ပြဇာတ်ကို ဝါသနာပါတာလား၊ ဒါမှမဟုတ် ဒီကလပ်ကိုပဲ ခင်တွယ်နေတာလား”
“... အင်”
“မင်း ငါတို့အတန်းထဲကို ပထမဆုံး စရောက်တုန်းက ပြဇာတ်ကပြဖို့ ကျောင်းသားတွေ လိုအပ်နေတယ်လို့ ပြောခဲ့တယ် မဟုတ်လား”
“ဟု... ဟုတ်ပါတယ်"
“ဒါဆို ငါ ထပ်မေးမယ်။ မင်းက တကယ်ပဲ ပြဇာတ်တစ်ခုကို ဖန်တီးချင်တာလား၊ ဒါမှမဟုတ် ဒီအတိုင်း ကလပ်ကိုပဲ ဆက်ထိန်းထားချင်တာလား”
“အဲဒါကတော့...”
လီယွန်းဂျုံ တစ်ယောက် ဘာမှပြန်မဖြေနိုင်တော့ဘူး။ သူမရဲ့ အဖြေက ဘာဖြစ်မလဲဆိုတာ ဟန်မာရူး ကောင်းကောင်းသိပါတယ်။ သူမက ဝါသနာကြီးတဲ့ ကောင်မလေးပါ။ သရုပ်ဆောင်မှုနဲ့ ပတ်သက်လာရင် သူမက ရိုးသားတယ်။ တကယ့်ကို တခြားကျောင်းသားတွေနဲ့အတူ ပြဇာတ်တစ်ခု ဖန်တီးချင်မှာ အသေအချာပါပဲ။
* * * * * * * * *
ဒါပေမဲ့ ကံဆိုးတာက သူမနဲ့ ဒုတိယနှစ်ကျောင်းသားတွေကြားမှာ တူညီတဲ့ စိတ်ဒဏ်ရာတစ်ခု ရှိနေတာပါပဲ။ အဲဒါကတော့ မနှစ်က ကလပ်ကို ပြိုကွဲလုနီးပါး ဖြစ်စေခဲ့တဲ့ အဖြစ်အပျက်ပေါ့။ အဲဒီအချက်ကပဲ ဒုတိယနှစ်ကျောင်းသားတွေကို နှုတ်ဆိတ်နေစေတာ ဖြစ်မှာပါ။ အခြေအနေကို ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ ကလပ်ကြီး တစ်စစီ ပြိုကွဲသွားမှာကို သူတို့ ကြောက်နေကြတာလေ။
အခုအချိန်အထိတော့ ယန်မီဆိုရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် သူတို့ ဒါကို တွေးမိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ သူတို့ကိုယ်တိုင် ကလပ်ကို ပြန်ဦးဆောင်နေရပြီဆိုတော့ တွေးစရာတွေက များလာပြီပေါ့။ သံဝေဂရစရာ ကောင်းတာက သူတို့ဟာ ဒီကလပ်ကို အရမ်းချစ်လွန်းလို့ပဲ ကလပ်ကြီး ပျက်စီးသွားအောင် လွှတ်ထားသလို ဖြစ်နေကြတာပါ။
“ငါပြောတာတွေက မင်းတို့အတွက် အရမ်းရိုင်းသလို ဖြစ်နေလိမ့်မယ်။ ဘာမှမဆိုင်တဲ့ ဘေးလူတစ်ယောက်က နယ်ကျွံပြီး လာပြောနေတယ်လို့လည်း ထင်ကြမှာပဲ။ ရပါတယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက်ဖို့ ငါ့မှာ အခွင့်အရေးမရှိဘူးဆိုတာ ငါလည်း သိပါတယ်"
တကယ်တော့လည်း ဘေးကနေ ကြည့်နေတဲ့သူတစ်ယောက်က ဝင်ပါတာဟာ တကယ့်ကို ရိုင်းရာကျပါတယ်။ အစကတည်းက ဟန်မာရူးဟာ သူတို့နဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာမှ မဟုတ်တာ။ အတွေ့အကြုံရှိတဲ့သူနဲ့ မရှိတဲ့သူကြားက ကွာခြားချက်က အင်မတန် ကြီးမားပါတယ်။ သုညနဲ့ တစ်... ရှိခြင်းနဲ့ မရှိခြင်းကြားက ခြားနားချက်လိုပါပဲ။
ဟန်မာရူးက ဒီကလပ်အဖွဲ့ဝင်တွေ ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာကို ဘေးကနေ စောင့်ကြည့်ရုံပဲ ကြည့်ခဲ့တာပါ။ သူတို့ရဲ့ နာကျင်မှုတွေမှာ သူ တစ်ခါမှ မပါဝင်ခဲ့ဖူးဘူး။ အဲဒါကြောင့်ပဲ သူဟာ ဘာမှပြန်မပြောဘဲ ကလပ်အဖွဲ့ဝင်တွေရဲ့ စူးရှတဲ့ အကြည့်တွေကို အောင့်အည်းခံနေရတာပါ။ ဟန်မာရူး ခဏလောက် ခေါင်းငုံ့လိုက်တယ်။ သူ့သူငယ်ချင်းနှစ်ယောက်ကလည်း သူ့ကို ထူးဆန်းသလို ကြည့်နေကြတယ်။
* * * * * * * * *
သူ့သူငယ်ချင်းတွေတောင် သူ့ကို ဒီလိုကြည့်နေမှတော့... တခြားသူတွေ ဘယ်လိုကြည့်နေမလဲဆိုတာ ကြည့်စရာတောင် မလိုတော့ပါဘူး။
“ဒါပေမဲ့ ဘေးလူတစ်ယောက်အနေနဲ့ ငါ ယုံယုံကြည်ကြည် ပြောနိုင်တာတစ်ခုရှိတယ်။ ငါက ဘေးကနေ ကြည့်ရတာတော့ တော်တယ်ဆိုတာပဲ။ အခု အခြေအနေအရ ဒီကလပ်က လုံးဝကို ဖရိုဖရဲ ဖြစ်နေပြီ။ ပထမနှစ်တွေ ပြောတာကို ဒုတိယနှစ်တွေက အားနာနေရတယ်ဆိုကတည်းက ဒါက သက်သေပဲ"
မင်းဆောင်ရဲ့ မျက်ခုံးတွေက ဒေါသကြောင့် တွန့်ချိုးသွားတယ်။
“ဟေ့... ဟန်မာရူး”
“တောင်းပန်ပါတယ်။ ဒါပေမဲ့ မင်းပြောမယ့်စကားကို နောက်မှပဲ နားထောင်တော့မယ်။ မင်းလည်း ဒီခံစားချက်ကို အတိုင်းအတာတစ်ခုအထိတော့ ခံစားမိမှာပါ။ ဒီအတိုင်းသာ ဆက်သွားနေရင် ကလပ်ကြီး ပျက်တော့မယ်ဆိုတာ မင်း အသိဆုံးဖြစ်မှာပါ။ တကယ်လို့ မင်းက အခုလို လက်ဖက်ရည်သောက်ရင်း စကားပြောနေရတဲ့ ကလပ်မျိုးကို သဘောကျနေတယ်ဆိုရင်တော့ ငါ ဘာမှပြောစရာမရှိဘူး။ မင်းတို့ ပြဇာတ်တော့ ကလို့ရမှာပါ။ ဒါပေမဲ့ အဲဒီပြဇာတ်က သုံးလလုံးလုံး မင်းတို့ လေ့ကျင့်ခဲ့တဲ့ ပြဇာတ်နဲ့တော့ တခြားစီ ဖြစ်နေလိမ့်မယ်။ ငါ အစကပြောသလိုပဲ... ပညာရှင်တစ်ယောက်က သုံးရက်လောက် လေ့ကျင့်ခန်းနားလိုက်ရင်တောင် သာမန်လူတွေက သိနိုင်တယ်။ ငါတို့က အပျော်တမ်းတွေလေ။ တစ်လတောင် နားထားတဲ့ အပျော်တမ်းတွေ။ မင်းတို့ တကယ်ပဲ ထင်နေတာလား... ဇာတ်ညွှန်းထဲက စာလုံးတွေကို ဖတ်နေတာဟာ စင်ပေါ်မှာ တကယ်သရုပ်ဆောင်နေတာနဲ့ တူတူပဲလို့ ထင်နေတာလား ဒါဆိုရင် လွန်ခဲ့တဲ့ တစ်လက စင်ပေါ်မှာ သေလုမတတ် လေ့ကျင့်ခဲ့တာတွေက ဘာအတွက်လဲ”
“မင်း… ကွာ...”
မင်းဆောင်က ဒေါသတကြီးနဲ့ ထရပ်ဖို့ လုပ်ပေမဲ့ ဘန်ဂျောင်ဟော့ခ်က တားလိုက်တယ်။ ဟန်မာရူးက ဂျောင်ဟော့ခ်ကို ခေါင်းတစ်ချက် ငြိမ့်ပြပြီး ဆက်ပြောလိုက်တယ်။
* * * * * * * * *
“မင်းတို့ ဘာတွေ စိုးရိမ်နေလဲဆိုတာ ငါ ကောင်းကောင်းသိပါတယ်"
ဟန်မာရူးက ဟောင်ဂွန်ဆော့ကို ငုံ့ကြည့်လိုက်တယ်။ ကောင်လေးက သူ့အပေါ် ကျရောက်နေတဲ့ အကြည့်တွေကို ခံစားမိပြီး ခေါင်းကို ဖြည်းဖြည်းချင်း မော့လာတယ်။
“မင်း... တကယ်ကော သရုပ်ဆောင်ချင်စိတ် ရှိသေးရဲ့လား”
“... ရှိတာပေါ့။ ရှိလို့ပေါ့”
“ဒါဆိုရင် ရပြီလေ။ အနည်းဆုံးတော့ မင်းက လုပ်ချင်သေးတယ်လို့ ပြောနေတာပဲ။ ဒါပေမဲ့ အဲဒါက မင်းရဲ့ တကယ့်စိတ်ရင်းလားဆိုတာတော့ ငါ သိပ်မသေချာဘူး"
ဟောင်ဂွန်ဆော့ရဲ့ မျက်နှာ ပျက်သွားတယ်။ ယွန်ရင်က သူ့ဘက်ကနေ ဝင်ကူပြောပေးတယ်။
“ဟို... နည်းနည်း များသွားပြီထင်တယ်နော်။ ဂွန်ဆော့လည်း တော်တော် ကြိုးစားခဲ့တာပါ။ သူလည်း အများကြီး ခံစားခဲ့ရတာပဲ။ သူ့ကို အနည်းဆုံးတော့ နှစ်သိမ့်ပေးလို့ မရဘူးလား”
ဒါက ထူးဆန်းနေတယ်။ ယွန်ရင်က မိမိသဘောထားကို အလွယ်တကူ ထုတ်ပြောတတ်တဲ့ အမျိုးအစား မဟုတ်ဘူး။ သူမက ဒီကောင်လေးကို သဘောကျနေတာလား
“လူတိုင်းက သူ့ကို နှစ်သိမ့်ပေးနေကြတာ ကြာလှပြီ။ ဒါပေမဲ့ ကိုယ့်အမှားအတွက် တကယ်တမ်း တောင်းပန်ခြင်းမရှိတဲ့သူကိုတော့ ငါကတော့ မနှစ်သိမ့်နိုင်ဘူး၊ အားမပေးနိုင်ဘူး"
“မတောင်းပန်ဘူး ဟုတ်လား ဒါပေမဲ့ ဂွန်ဆော့က...”
“သူ တောင်းပန်စကား ပြောတာကို မင်းတို့ ကြားဖူးလို့လား အဲဒီအဖြစ်အပျက်အကြောင်း ပြောတိုင်း သူ ဘာတွေပြောလေ့ရှိလဲဆိုတာ မင်းတို့ မှတ်မိသေးရဲ့လား”
“ . . . ”
ဟောင်ဂွန်ဆော့ နှုတ်ဆိတ်သွားတဲ့အခါ ယူရင်က စကားစပြောလာတယ်။
“ငါ တောင်းပန်ခဲ့ပါတယ်။ ကလပ်က တခြားသူတွေကိုလည်း အရမ်းအားနာလို့ ငါ တစ်ချိန်လုံး...”
“အပြစ်လွှဲချနေတာလေ။ မင်း တကယ်တမ်း တစ်ခါမှ မတောင်းပန်ခဲ့ဘူး"
“ငါကလား”
ဟောင်ဂွန်ဆော့က သူ ဘာလုပ်ခဲ့လဲဆိုတာကိုတောင် မသိတဲ့ပုံစံနဲ့ ကြောင်ပြီး မော့ကြည့်နေတယ်။
* * * * * * * * *
“ကလေးတစ်ယောက် ငိုလို့ မင်း အမှားလုပ်မိခဲ့တာကတော့ အမှန်ပဲ။ မင်းရဲ့ အမှားက အဲဒီကလေးကြောင့် ဖြစ်ခဲ့တာ။ ဒါပေမဲ့ စင်ပေါ်က သရုပ်ဆောင်တစ်ယောက်ဟာ ပရိသတ်တစ်ယောက်ကြောင့် အမှားလုပ်မိတယ်ဆိုရင် အဲဒါဟာ သရုပ်ဆောင်ရဲ့ အရည်အချင်း မရှိလို့ပဲ"
“ဒါပေမဲ့ အဲဒီကလေး ငိုတာက ငါ့အမှားမှ မဟုတ်တာ"
“ဒါဆို အဲဒီနောက်မှာ ဒိုင်လူကြီးကို ကြောင်ကြည့်နေခဲ့တာကော အမှားတစ်ခုကြောင့်နဲ့ ပြဇာတ်တစ်ခုလုံး ပြီးသွားသလိုမျိုး မင်း လုပ်ခဲ့တာကော အီဆိုးလ်ရဲ့ စကားကို မင်း ဘယ်လို ပြန်ပြောခဲ့လဲဆိုတာကော မှတ်မိသေးရဲ့လား”
“အဲ... အဲဒါက...”
“ဇာတ်ညွှန်းကို တစ်ခါမှ မဖတ်ဖူးတဲ့ လူသစ်တစ်ယောက်တောင် မင်းထက် ပိုကောင်းအောင် လုပ်နိုင်ဦးမယ်"
“ဟေ့ မာရူး”
ယွန်ရင်က ဒေါသတကြီးနဲ့ အော်လိုက်တယ်။ သူမကိုယ်တိုင်လည်း သူမရဲ့ အသံကျယ်သွားတာကို သိပြီး လန့်သွားကာ ချက်ချင်းပဲ အကြည့်လွှဲလိုက်တယ်။ အရှက်သည်းပြီး သူမမျက်နှာတစ်ခုလုံး ရဲတက်သွားတာပေါ့။
အက်ကြောင်းတွေ... ဟန်မာရူး ဘယ်နေရာကိုပဲ ကြည့်ကြည့် ကလပ်ထဲမှာ အက်ကြောင်းတွေ ထင်နေပြီ။ အချိန်မရွေး ပြိုကျတော့မယ့်အတိုင်းပဲ။ ဒုတိယနှစ်တွေ အသည်းအသန် ထိန်းသိမ်းထားခဲ့တဲ့ အခြေအနေဟာ နေရာအနှံ့မှာ ပျက်စီးယိုယွင်းနေပြီ။
ကလပ်အဖွဲ့ဝင်တွေက သူ့ကို အရင်ကထက် ပိုပြီး စူးစူးဝါးဝါး စိုက်ကြည့်နေတာကို ဟန်မာရူး ခံစားနေရတယ်။ ဒုတိယနှစ်တွေတောင် သူ့ကို ဒေါသတကြီး ကြည့်နေကြတာလေ။
နားလည်ပေးလို့ရပါတယ်။ ဟန်မာရူးကလည်း ကလပ်အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပေမဲ့ ဒီကိစ္စတွေမှာ သူက ဘာမှ မပါဝင်ခဲ့တာကိုး။
‘ငါ အခုလို လုပ်နေတာကတော့ ကိုယ့်တွင်းကိုယ်တူးနေတာပဲ။’
ဆရာ ပတ်တေးဆစ်ရဲ့ အကူအညီတောင်းမှုသာ မရှိရင်၊ ဒါမှမဟုတ် ယန်မီဆို ငိုခဲ့တယ်ဆိုတဲ့ သတင်းကိုသာ မကြားရင် ဟန်မာရူး ဒီလိုတွေ လုံးဝလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ အကူအညီတောင်းတာကို လက်ခံမိသွားပြီဆိုတော့ အဆုံးထိအောင် အောင်မြင်အောင် လုပ်ပေးရတော့မယ်လေ။
* * * * * * * * *
“မင်းတို့ ဒီအတိုင်း အပျော်သဘောပဲ ဆက်သွားနေကြဦးမှာလား ရှေ့လျှောက် ပြိုင်ပွဲတွေ အကုန်လုံး ရှုံးတော့မယ်ဆိုတာကို သိလျက်နဲ့ပဲ ဒီလို လုပ်နေကြတာပေါ့ ဟုတ်လား”
“ဟန်မာရူး”
လီယွန်းဂျုံ ရှေ့ကို တစ်လှမ်းတိုးလာတယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာ ဒေါသနဲ့ အရှက်တရားတွေ ရောပြွမ်းနေတယ်။
“တကယ်တော့ ဒီစကားတွေကို ပြောရမှာ ငါ မဟုတ်ဘူး။ ဒါ မင်းတို့ရဲ့ တာဝန်ပဲ။ မင်းတို့က ဒီလို လက်ဖက်ရည်ဝိုင်းလေးကို သဘောကျနေတာလား ရတယ်လေ... မင်းတို့ စားဖို့ မုန့်တွေကို ငါ အချိန်မရွေး ဝယ်ပေးမယ်။ မင်းတို့ အခုလုပ်နေသလိုမျိုးပဲ မနေ့က ဘာစားခဲ့လဲဆိုတဲ့ အကြောင်းတွေကိုလည်း ငါ အမြဲ လာပြောပေးမယ်။ သရုပ်ဆောင်တာနဲ့ ပတ်သက်လို့ တစ်ခွန်းမှ မဟတော့ဘူး။ အဲဒါ မင်းတို့ လိုချင်တဲ့ ပုံစံလား”
“မင်း ဒီလိုတွေ လာလုပ်စရာ မလိုဘဲ ငါတို့ဘာသာ ဖြေရှင်းနိုင်ပါတယ်"
“ဟုတ်လို့လား”
“ဟုတ်တာပေါ့”
“ဒါဆို ဘာလို့ မဖြေရှင်းခဲ့တာလဲ”
“... ငါတို့ ဖြေရှင်းမလို့ပဲ။ ဂွန်ဆော့ စိတ်တည်ငြိမ်သွားတာနဲ့...”
ဟန်မာရူးက ခေါင်းယမ်းလိုက်တယ်။
“ဆင်ခြေတွေပဲ။ ဟောင်ဂွန်ဆော့က ကလေးပေါ် အပြစ်ပုံချတယ်၊ အခု မင်းက ဟောင်ဂွန်ဆော့ပေါ် အပြစ်ပုံချပြန်ပြီ။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြတာပဲ။ ဒါဆို ငါတို့ ဘာလုပ်ကြမလဲ အဲဒီကလေးလေးကို သွားဖမ်းပြီး တောင်းပန်ခိုင်းရမလား”
“တော်တော့”
လီယွန်းဂျုံက အော်ဟစ်ရင်း လက်ထဲက ဇာတ်ညွှန်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။ ဟန်မာရူးကတော့ စိတ်ထဲကနေ ခါးခါးသီးသီး ပြုံးလိုက်မိတယ်။ အမှန်တရားကို ဖော်ထုတ်တဲ့သူတွေကို လူတွေ ဘာလို့ မုန်းကြလဲဆိုတာ ဒါကြောင့်ပေါ့။ ခါးသီးတဲ့ အမှန်တရားဆိုတာ နားထောင်လို့ မကောင်းဘူးလေ။
“မင်းတို့က အမှန်တရားကို မမြင်ချင်ယောင် ဆောင်နေကြတာပဲ။ မနှစ်ကလို ကလပ်ကြီး ပြိုကွဲသွားမှာကို ကြောက်နေကြတာ မဟုတ်လား။ ဘာလို့ ကလပ်ကို ရှေ့ဆက်ဖို့ မတွန်းအားပေးခဲ့တာလဲ ဘာလို့ လေ့ကျင့်ဖို့ မပြောခဲ့တာလဲ”
“စောက်တလွဲတွေ လာမပြောနဲ့။ ငါတို့ အားလုံးကို သေသေချာချာ စောင့်ကြည့်နေတာ။ အချိန်ကောင်းကို စောင့်နေလို့ ဘာမှ မပြောခဲ့တာပဲ ရှိတယ်"
“အချိန်ကောင်းကို စောင့်တယ် ဘယ်လိုမျိုးလဲ ကလပ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မြင်နေရပါလျက်နဲ့ မင်းတို့က စောင့်နေနိုင်သေးတယ်ပေါ့”
“ဟုတ်တယ်"
“ဒါဆိုရင်တော့ မင်းတို့ မျက်စိကွယ်နေတယ်လို့ပဲ ငါ ပြောနိုင်တော့မယ်။ မြင်ချင်ယောင်ဆောင်နေကြတာပဲ။ မင်းတို့ ဒါကို အရှိအတိုင်း ကြည့်ဖို့ လိုတယ်။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ဖယ်ထုတ်ပြီး ဘက်မလိုက်ဘဲ ကြည့်စရာရှိတာ ကြည့်ရမယ်။ ခဏလောက် အချိန်ပေးပြီးတော့ ဟောင်ဂွန်ဆော့ရဲ့ နာကျင်မှုတွေ၊ ကလပ်အဖွဲ့ဝင်တွေ၊ မနှစ်က အဖြစ်အပျက်တွေ အားလုံးကို ဖယ်ထုတ်ပြီး စဉ်းစားကြည့်လိုက်ရင် မြင်ရတာ ပိုလွယ်သွားလိမ့်မယ်။ အခု ငါတို့ဆီမှာ ရှိနေတာက လေ့ကျင့်ခန်းမလုပ်တဲ့ ကလပ်တစ်ခုပဲ။ ညနေ ၅ နာရီထိုးတာနဲ့ အိမ်တန်းပြန်တဲ့ ကလပ်တစ်ခု။ အခက်အခဲတွေ အများကြီး ရှိနေပါလျက်နဲ့ ရှေ့လာမယ့် ပြိုင်ပွဲမှာ နိုင်မှာပါလို့ ပေါ့ပေါ့ပါးပါး ပြောနေတဲ့ ကလပ်တစ်ခု။ ဒါဟာ ပြဿနာ ရှိနေတယ်ဆိုတာ ကလေးတောင် သိတယ်"
* * * * * * * * *
ဟန်မာရူးက သက်ပြင်းတစ်ချက်ချပြီး ခဏလောက် ငုံ့ကြည့်နေလိုက်တယ်။ သူ အခုလို လုပ်ဖို့ ဆုံးဖြတ်ပြီးမှ ဒီနေရာကို လာခဲ့တာဆိုပေမဲ့ တကယ်တမ်း လုပ်ရတာတော့ အတော်လေး ခက်ခဲပါတယ်။ သူက ဒီလို စကားနာထိုးတတ်တဲ့သူမှ မဟုတ်တာ။
‘ထားပါတော့... ရောက်မှတော့လည်း ဆုံးခန်းတိုင်အောင် လုပ်ရမှာပဲ။’
“ကဲ... အပြတ်ပဲ ပြောကြရအောင်။ ငါတို့ ဒီမှာ စုနေကြတာက လက်ဖက်ရည်သောက်ဖို့လား၊ ဒါမှမဟုတ် ပြဇာတ်ကဖို့လား”
ဘယ်သူမှ ဘာမှ ပြန်မပြောနိုင်တော့ဘူး။ ဟန်မာရူးက သူ့ဇာတ်ညွှန်းကို ကောက်ယူလိုက်ပြီး ထိုင်ခုံကို ခန်းမအလယ်တည့်တည့်ကို ဆွဲယူသွားတယ်။ အရင်က ယန်မီဆို အမြဲထိုင်လေ့ရှိတဲ့ နေရာမှာ ခုံကို ပြန်ဖွင့်ပြီး ထိုင်လိုက်တယ်။
“ကဲ... လေ့ကျင့်ကြတော့မလား”
ဟန်မာရူးက သူ့ရှေ့က လူ ၁၁ ယောက်ကို ကြည့်လိုက်တယ်။ အနည်းငယ်ကလွဲရင် ကျန်တဲ့သူတွေအားလုံးက တော်တော်လေးကို ဒေါသထွက်နေတဲ့ ပုံစံပါပဲ။ သူကတော့ သူတို့အမြင်မှာ ပါးစပ်သန်ပြီး အနှောင့်အယှက်ပေးတဲ့သူတစ်ယောက်အဖြစ် စွဲထင်သွားစေဖို့ ဖန်တီးနိုင်ခဲ့ပြီပေါ့။ ဒါကလည်း မမှားပါဘူး။
“ရတယ်လေ ငါ လုပ်မယ် ငါတို့ လုပ်ကြမယ်”
ဒုတိယနှစ်တွေက အရင်ဆုံး ထရပ်လိုက်ကြပြီး လက်ပိုက်ကာ စင်ပေါ်ကို တက်သွားကြတယ်။ ပထမနှစ်တွေကလည်း နောက်ကနေ လိုက်သွားကြတာပေါ့။ ပတ်ဒေးမြောင်နဲ့ ဒိုဂျင်ကတော့ သူတို့နေရာမှာ မရပ်ခင် ဟန်မာရူးကို တစ်ချက် ပြုံးပြသွားကြသေးတယ်။
အခုတော့ ဒီဇိုင်းအဖွဲ့က ကျောင်းသား သုံးယောက်ပဲ ကျန်တော့တယ်။ ကင်ဆိုယွန်းက အရင်ဆုံး ရှေ့ထွက်သွားတယ်။ ယွန်ရင်နဲ့ ဟောင်ဂွန်ဆော့ကတော့ ဟန်မာရူးကို ခဏလောက် ဒေါသတကြီး စိုက်ကြည့်ပြီးမှ သူတို့နေရာ သူတို့ သွားယူလိုက်ကြတယ်။
“သေသေချာချာ စောင့်ကြည့်နေလိုက်။ ငါတို့က တစ်လလုံး အပျော်သဘောပဲ နေခဲ့တာ မဟုတ်ဘူး။ တကယ်လို့ အပျော်နေခဲ့တယ် ဆိုရင်တောင် သုံးလလုံးလုံး ကြိုးစားခဲ့တာတွေက အလကားတော့ မဖြစ်သွားဘူး။ မင်းကတော့ ဒါကို သိမှာ မဟုတ်ပါဘူးလေ။ မင်းက ငါတို့လောက်မှ မကြိုးစားခဲ့ဖူးတာ။ အဲဒီတုန်းက လေ့ကျင့်ခန်းတွေ ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာ ငါတို့ မှတ်မိသေးတယ်။ အခုမှ လေ့ကျင့်ရမယ် ဟုတ်လား ငါတို့ အခုအထိ ဇာတ်ညွှန်းဖတ်ရုံပဲ လုပ်နေခဲ့ရတာမှာလည်း အကြောင်းရှိတယ်ဟဲ့"
လီယွန်းဂျုံက မြွေပွေးတစ်ကောင်လို အဆိပ်ပြင်းတဲ့ စကားတွေကို ထွေးထုတ်လိုက်တယ်။ ဒါပေမဲ့ သူမ ပြောနေတဲ့ စကားတွေနဲ့မတူဘဲ သူမရဲ့ ပုံစံကတော့ ဒေါသထွက်နေပုံ မရပါဘူး။ တကယ်တော့ သူမက အားနာနေတဲ့ ပုံစံမျိုးပါ။ ဟန်မာရူး နားလည်ပါတယ်။ သူမက အထက်တန်းကျောင်းသူလေးပဲ ရှိသေးတာလေ။ သူမရဲ့ စိတ်ရင်းကို ဘယ်လိုဖုံးကွယ်ရမလဲဆိုတာ ကောင်းကောင်းမသိသေးဘူး။ အဲဒါကလည်း ကောင်းတဲ့အချက်ပါပဲ။
ဟန်မာရူးက ဘာမှပြန်မပြောဘဲ ခေါင်းပဲ ငြိမ့်ပြလိုက်တယ်။
“ငါ့ရဲ့ စိုးရိမ်မှုတွေက အပိုတွေပဲဆိုတာကို သက်သေပြပေးကြပါ"
“ဝမ်းသာအားရ ပြပေးမှာပေါ့"
အဖွဲ့ဝင် ၁၁ ယောက်လုံးရဲ့ မျက်ဝန်းတွေက တောက်ပလာတယ်။ ဟန်မာရူးက “တီဗီသံ စထွက်လာတယ်” ဆိုတဲ့ စကားလုံးနဲ့ ပြဇာတ်ကို စတင်လိုက်တယ်။
* * * * * * * * *
ပြဇာတ်က စကတည်းက ဖရိုဖရဲ ဖြစ်နေတာပါ။ အရင်ဆုံး ဝင်လာရမယ့် ကျောင်းသားက စင်ပေါ်မှာ ဘယ်နေရာမှာ ရပ်ရမလဲဆိုတာ ဂရုမစိုက်တဲ့အတွက် အဝင်နည်းနည်း နောက်ကျသွားတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုကလည်း တကယ့်ကို အနေရခက်စရာကြီးပေါ့။
စင်ပြင်ပမှာ ရှိနေတဲ့ ကျောင်းသား ၁၀ ယောက်လုံးရဲ့ မျက်နှာတွေ ချက်ချင်း ပျက်သွားတာကို ဟန်မာရူး သတိထားမိလိုက်တယ်။
တစ်လဆိုတာ အချိန်တိုလေးပါ။ ဒါပေမဲ့ အဲဒီအချိန်ဟာ ဒီကလပ်က ပြဇာတ်အပေါ်မှာ ထားတဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားဖို့အတွက်တော့ လုံလောက်တဲ့ အချိန်ပါပဲ။
ပြဇာတ်ကတော့ တကယ့်ပွဲအတိုင်း အဆုံးထိ ဆက်ကသွားပါတယ်။ ဟောင်ဂွန်ဆော့က နောက်ဆုံးမှာ သူ့ရဲ့ တစ်ကိုယ်တော် ပြောစကားကို အဆုံးသတ်လိုက်ပြီး...
“တီဗီသံ နောက်တစ်ကြိမ် ထပ်ထွက်လာတယ်” လို့ ဟန်မာရူးက ဆိုလိုက်တယ်။
ဟန်မာရူး ခေါင်းမော့ကြည့်လိုက်တော့ ကလပ်အဖွဲ့ဝင်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် အိုးတိုးအောက်တေးနဲ့ ကြည့်နေကြတာကို တွေ့ရတယ်။ အဲဒါကတော့...
သူတို့အားလုံးဟာ မစင်ကို ဝါးမိလိုက်သလိုမျိုး မျက်နှာပျက်နေကြတာပါ။
“လုံးဝကို ပြီးပြည့်စုံတာပဲ။ ဒီအတိုင်းသာဆိုရင် တက္ကသိုလ်ပြိုင်ပွဲမှာ မင်းတို့ နိုင်မှာ အသေအချာပဲလို့ ငါ ရဲရဲကြီး ပြောရဲတယ်"
လုပ်မှလုပ်တော့လည်း အဆုံးထိ လုပ်လိုက်တော့မယ်လို့ ဟန်မာရူး ဆုံးဖြတ်လိုက်တယ်။ ဟန်မာရူးက ဇာတ်ညွှန်းကို ခုံပေါ်မှာ တင်ထားခဲ့ပြီး မုန့်တွေရှိတဲ့ နေရာကို ပြန်လျှောက်သွားတယ်။ မုန့်ထုပ်တစ်ထုပ်ကို ယူပြီး စားနေလိုက်တော့တာပေါ့။
“ကဲ... ဒီကို ပြန်လာကြတော့လေ။ မင်းတို့ လေ့ကျင့်ဖို့ မလိုတော့တာ သိသာနေတာပဲ။ ယွန်းဂျုံပြောတာ မှန်တယ်၊ မင်းတို့ရဲ့ အရည်အချင်းတွေက အခု အထွတ်အထိပ် ရောက်နေတာပဲ"
“ . . . ”
သူ နည်းနည်းတော့ ရိုင်းသွားသလားလို့ ဟန်မာရူး စိတ်ထဲမှာ တွေးမိပေမဲ့လည်း ထားလိုက်ပါတော့။ အခုလို လုပ်လိုက်တဲ့အတွက် ဒီကလပ်ဟာ လက်ဖက်ရည်သောက်ပြီး အချိန်ဖြုန်းတဲ့ နေရာတစ်ခုတော့ ဖြစ်မလာတော့ပါဘူး။ အခုချိန်ကစပြီး ပုံမှန်အတိုင်း ပြန်လည်လေ့ကျင့်မလား၊ ဒါမှမဟုတ်...
‘လက်လျှော့လိုက်မလား’ ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်တော့မှာပါ။
ခန်းမကြီးထဲမှာတော့ ဟန်မာရူးရဲ့ မုန့်ဝါးသံကလွဲလို့ တိတ်ဆိတ်ခြောက်ကပ်နေတော့တယ်။
* * * * * * * * *
အခန်း(၅၄)
“ . . . ဟူး . . . ”
မနက် (၆) နာရီ ရှိပြီ။ မာရူး အဝတ်အစားလဲပြီး ဧည့်ခန်းထဲကို ထွက်လာခဲ့တယ်။ အိမ်သားတွေ အားလုံး အိပ်ပျော်နေကြတုန်းမို့ သူ တတ်နိုင်သမျှ အသံမထွက်အောင် သတိထားနေရတာပေါ့။
“ နွေရာသီဆိုတော့လည်း နွေရာသီပီသတာပဲ ”
အချိန်က စောသေးပေမဲ့ နေကတော့ ထွက်နေပြီ။ မနက်ခင်းရဲ့ လေအေးလေးကို ရှူရှိုက်ချင်လို့ အားရပါးရ အသက်ရှူလိုက်ပေမဲ့ သူ ထင်သလောက်လည်း မအေးလှပါဘူး။ အခုဆို သြဂုတ်လထဲ ရောက်နေပြီလေ။ ကျောင်းပိတ်ရက် စပြီး နှစ်ပတ်အကြာပေါ့။ အချိန်တွေ ဘယ်လောက်တောင် မြန်မြန်ကုန်ဆုံးနေသလဲလို့ တွေးရင်း မာရူး သူ့ရဲ့ လက်ခြေတွေကို လှုပ်ရှားလိုက်တယ်။
အနားက ပန်းခြံထဲကို တစ်ပတ်ပတ်ပြီး ပြန်လာတဲ့အချိန်မှာတော့ သူ့အဖေက အရင်ဆုံး ဆီးကြိုနှုတ်ဆက်တယ်။
“ အပြင်မှာ ပြေးလာတာလား ”
“ ဟုတ်ကဲ့၊ အပြင်မှာ နည်းနည်း ပူနေတယ် အဖေ ”
“ ပူမှာပေါ့၊ အခုက နွေလယ်ခေါင်ကြီးပဲဟာ။ မင်းအမေ အိပ်နေတုန်းမို့ တိတ်တိတ်လေးနေဦး ”
“ ဟုတ်ကဲ့။ အလုပ်သွားရင် အဆင်ပြေပါစေ အဖေ ”
“ အေးအေး ကျေးဇူးပဲ။ မင်းလည်း အလုပ်ကို ကြိုးစားလုပ်ဦး ”
“ ဟုတ်ကဲ့ ”
အဖေနဲ့ နှုတ်ဆက်ပြီးနောက် မာရူး ရေတစ်ခွက်ကို အားရပါးရ မော့သောက်လိုက်တယ်။ ရေသောက်ပြီး ခေါင်းပြန်အငုံ့မှာတော့ သူ့ရှေ့က မိသားစုဓာတ်ပုံလေးကို သူ သတိထားမိသွားတယ်။ ဓာတ်ပုံထဲမှာတော့ ပြုံးနေတဲ့ သူ့အဖေက ကလေးနှစ်ယောက်ကို ပွေ့ချီထားတာပေါ့။ အဲဒီတုန်းက သူ့အဖေရဲ့ ခေါင်းပေါ်မှာ ဆံပင်ဖြူတစ်ပင်မှ မရှိသေးဘူး။ မာရူး နောက်လှည့်ကြည့်လိုက်တော့ ခုနလေးတင် မြင်ခဲ့ရတဲ့ အဖေ့ခေါင်းပေါ်က ဆံပင်ဖြူတွေကို သတိရမိသွားတယ်။
‘ အဖေလည်း . . . အိုလာပြီပဲ။ ဘာမှ မဖြစ်ရင် ကောင်းမှာပဲ။ ’
နောင်အနာဂတ်မှာ သူ့မိသားစုဆီ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုသိရင် ကောင်းမှာပဲလို့ သူ တွေးမိပေမဲ့ စိတ်မကောင်းစရာက အဲဒီဘက်က မှတ်ဉာဏ်တွေက ဝေဝါးနေတာပါ။ သူ မှတ်မိတာဆိုလို့ သူ့ညီမရဲ့ ကွာရှင်းမှု အကြောင်းပဲ ရှိတယ်။
‘ လူတစ်ယောက်ရဲ့ အသက်ကို ကယ်လိုက်တာက အနာဂတ်ကို တကယ်ကြီး အများကြီး ပြောင်းလဲစေတာပဲ။ ’
လူမှုပတ်ဝန်းကျင်အပေါ် သိသိသာသာ လွှမ်းမိုးနိုင်မယ့် မှတ်ဉာဏ်တွေ အားလုံးက ပျောက်ဆုံးကုန်ပြီ။ သူ့မိသားစုနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေလိုမျိုးပေါ့။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အသက်နဲ့ ငွေစီးဆင်းမှုတွေကို တန်ဖိုးတူထားချင်ပုံရပါတယ်။
‘ ဘုရားသခင်က တကယ်ကို ကြင်နာတတ်တာပဲ။ ’
ဒီဘုရားသခင်ကသာ ပိုပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် နည်းနည်းလောက် ပိုကြိုးစားပေးရင် ကောင်းမှာပဲ။ အနည်းဆုံးတော့ လူကောင်းတွေ ဘဝကို အရှုံးမပေးမိအောင်ပေါ့။
အဲဒီလို အတွေးပေါင်းစုံကို တွေးရင်းနဲ့ပဲ မာရူး ရေချိုးခန်းထဲက ထွက်လာခဲ့တယ်။ အခုအချိန်က ဒီလို အတွေးတွေကို ရပ်လိုက်ဖို့ အကောင်းဆုံး အချိန်ပဲ။ အထူးသဖြင့် ဘုရားသခင် ဘာကြောင့် တည်ရှိနေတာလဲ ဆိုတာကို သူ စဉ်းစားမိတဲ့ အချိန်ပေါ့။
ဘုရားသခင်က ဘုရားသခင်ရဲ့ အလုပ်ကို လုပ်လိမ့်မယ်၊ မာရူးကလည်း မာရူးရဲ့ အလုပ်ကိုပဲ လုပ်ရမယ်။ တန်ခိုးရှင်ကြီးရဲ့ ဘဝအကြောင်းကို စိတ်ပူပေးနေဖို့ သူက ဘာမှ မဟုတ်တာလေ။
မာရူး မနက်စာပြင်ပြီး သူ့အမေကို နှိုးလိုက်တယ်။ အမေကတော့ လက်ကောက်ဝတ် နာနေတာကြောင့် အချိန်တစ်ခုကစပြီး သူ့ရဲ့ အပြင်အလုပ်တွေကို နားထားတာပါ။ အမေက ရက်နည်းနည်း နားပြီးရင် ပြန်လုပ်မယ်လို့ ပြောပေမဲ့ အဖေနဲ့ မာရူးတို့ ဝိုင်းတားကြတာကြောင့် နောက်ဆုံးတော့ လက်လျှော့သွားခဲ့တာပေါ့။
“ မင်း ပိုအိပ်သင့်တာ။ မနက်စာကို အမေပဲ ပြင်ပေးလို့ ရတာပဲကို ” လို့ အမေက ဇွန်းကို ကိုင်ရင်း ပြောတယ်။
အမေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ဒီစကားကိုပဲ ထပ်ခါတလဲလဲ ပြောနေပေမဲ့ အိပ်ရာထဲကနေတော့ စောစောစီးစီး ထမလာနိုင်သေးဘူး။ အလုပ်နားလိုက်ပြီးကတည်းက အမေ ကြည့်ရတာ အများကြီး ပိုလန်းဆန်းလာတယ်။ နေ့တိုင်း လေ့ကျင့်ခန်းတောင် ထွက်လုပ်နိုင်တဲ့ အထိပေါ့။
“ စိတ်မပူဘဲ စားပါ အမေ။ အမေ့လက်ကရော ဘယ်လိုနေလဲ ”
“ အခုတော့ အဆင်ပြေသွားပါပြီ။ မင်းတို့ သားအဖတွေကလည်း ဘာလို့ ဒီလောက်တောင် စိတ်ပူနေကြတာလဲ မသိဘူး ”
အမေက အဲဒီလို ပြောနေရင်းနဲ့တောင် ပြုံးနေတုန်းပဲ။ အမေလည်း စိတ်ထဲမှာတော့ ကျေးဇူးတင်နေမှာ အမှန်ပါပဲ။
“ ဒါဆို ကျွန်တော် အလုပ်သွားတော့မယ်နော် ”
“ အေးအေး၊ ကားတွေကို သတိထားဦး ”
“ ဟုတ်ကဲ့။ ”
မာရူး ဦးထုပ်ကို ဆောင်းပြီး အပြင်ကို ထွက်လာခဲ့တယ်။ နွေရာသီ ကျောင်းပိတ်ရက် စတာနဲ့ သူ ဓာတ်ဆီဆိုင်တစ်ခုမှာ အချိန်ပိုင်းအလုပ် ဝင်လုပ်နေတာပါ။ ဆိုင်ကလည်း အချိန်တို အချိန်ပိုင်းအလုပ်သမား ရှာနေချိန်နဲ့ အတော်ပဲ တိုးသွားတာမို့ သူ ချက်ချင်း စလုပ်ခွင့် ရခဲ့တာပေါ့။ တစ်နာရီကို ၂၈၀၀ ဝမ် ရတယ်ဆိုတော့ ဓာတ်ဆီဆိုင် အလုပ်အတွက်တော့ တော်တော်လေး များတဲ့ ပမာဏပါ။
ဓာတ်ဆီဆိုင်မှာ အစားအသောက် တာဝန်ယူရတဲ့ အဒေါ်ကြီးက သူ့ကို အရင်ဆုံး နှုတ်ဆက်တယ်။
“ ရောက်ပြီလား မာရူး။ ရော့ . . . ရေညှိဟင်းရည် အေးအေးလေး သောက်လိုက်ဦး ”
“ ကျေးဇူးတင်ပါတယ် အဒေါ် ”
ရေညှိဟင်းရည် အေးအေးလေးကို သောက်ပြီးတဲ့နောက် မာရူး ဆီတွေ ပေကျံနေတဲ့ သူ့ရဲ့ အလုပ်ဝတ်စုံကို လဲပြီး အလုပ်ထဲ တန်းဝင်လိုက်တယ်။ (၆) လမ်းသွား လမ်းမကြီးဘေးမှာ ဓာတ်ဆီဆိုင် နှစ်ဆိုင်က ဘေးချင်းကပ် ရှိနေတာ။ အလုပ်သမားတွေက ဘယ်လောက်အထိ မျက်စိလျင်လျင်နဲ့ ဖောက်သည်တွေကို ဆွဲဆောင်နိုင်မလဲ ဆိုတာအပေါ် မူတည်ပြီး ဆိုင်ရဲ့ နေ့စဉ်ဝင်ငွေက ပြောင်းလဲသွားနိုင်တဲ့ နေရာမျိုးပေါ့။
မာရူး ရှေ့မီး တောက်ပြနေတဲ့ ကားတွေဆီကို လက်သုတ်ပုဝါကို ဝှေ့ယမ်းပြလိုက်တယ်။
“ ဆရာ ကျွန်တော်တို့ဆီက ဆီက အကောင်းဆုံးပါဗျ ဒီကိုလာရင် မှန်တွေကိုလည်း အခမဲ့ သုတ်ပေးပါ့မယ် လာပါဗျ၊ လာပါ ”
မာရူးရဲ့ အသည်းအသန် လက်ဝှေ့ယမ်းပြမှုကြောင့်လား မသိဘူး၊ ဟိုဘက်ဆိုင်ထဲ ဝင်တော့မယ့် ကားအချို့တောင် သူ့ဆီကို ကွေ့ဝင်လာကြတယ်။
“ ဟေ့ကောင် . . . မင်းကလည်း အဲ့လောက်ကြီးကျ…”
ဟိုဘက်ဆိုင်က ဝတ်စုံအပြာနဲ့ အလုပ်သမားက လှမ်းအော်ပြီး ညည်းတွားတယ်။ သူက အဲဒီလို ပြောနေပေမဲ့ ကြည့်ရတာ တကယ်ကြီး စိတ်တိုနေတဲ့ ပုံစံတော့ မဟုတ်ပါဘူး။
“ တောင်းပန်ပါတယ်ခင်ဗျာ ”
“ မင်း ဒီဘက်ကိုပဲ ပြောင်းလာခဲ့ပါလား။ ဟိုမှာ ၂၈၀၀ ပေးတာ မဟုတ်လား ငါတို့က နောက်ထပ် ၁၀၀ ပိုပေးမယ်။ ”
“ ကျွန်တော် ဒီဆိုင်က မန်နေဂျာကို အဲဒီလောက်အထိတော့ မရိုင်းစိုင်းနိုင်ဘူးဗျ။ ဆောင်းရာသီ ကျောင်းပိတ်ရက်ကျရင်တော့ အဲဒီဘက်ကို လာခဲ့ပါ့မယ်။ ”
“ အေးပါ . . . အေးပါ။ ”
အဲဒီလူက သူ့လက်အိတ်ကို ဆော့ကစားရင်း ဆိုင်ထဲကို ပြန်ဝင်သွားတယ်။ သူက မာရူးရဲ့ လုပ်ရပ်ကို ဘာကြောင့် အဲဒီလောက်ကြီး ဂရုမစိုက်တာလဲဆိုတဲ့ အကြောင်းပြချက် တစ်ခု ရှိပါတယ်။
မာရူးရဲ့ ဓာတ်ဆီဆိုင် တံဆိပ်အောက်တည့်တည့်မှာ “ ညီအစ်ကို ဓာတ်ဆီဆိုင် ” ဆိုတဲ့ စာလုံးလေး ရှိနေတာကိုး။ ဆိုင်နှစ်ဆိုင်လုံးရဲ့ မန်နေဂျာတွေက . . . ညီအစ်ကိုတွေ ဖြစ်နေလို့ပါ။
“ ကြိုဆိုပါတယ်ဗျ ”
နွေရာသီ အစပိုင်းမို့လို့လားတော့ မသိဘူး၊ ကားတွေ အဝင် အတော်များတယ်။ မာရူး ဘယ်လောက်ပဲ ကြိုးစားပမ်းစား လုပ်နေပါစေ၊ တန်းစီနေတဲ့ ကားတန်းကြီးကတော့ လျော့မသွားဘူး။
* * * * * * * * *
“ ကဲ . . . ထမင်းလာစားကြတော့ ”
မန်နေဂျာက မာရူးကို လှမ်းခေါ်တယ်။ မာရူးလည်း နေ့လယ်ဆိုင်း အလုပ်သမားနဲ့ လူချင်းလဲပြီး ရုံးခန်းထဲကို ဝင်လာခဲ့တယ်။ သူက မန်နေဂျာ၊ တခြား အလုပ်သမားနှစ်ယောက်၊ ပြီးတော့ ဟင်းချက်တဲ့ အဒေါ်ကြီးတို့နဲ့အတူ ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။
“ မင်းကတော့ အရောင်းအဝယ်အတွက် မွေးဖွားလာသူပဲ။ အသံကလည်း တော်တော် ကောင်းတာပဲ ” လို့ အလုပ်သမား တစ်ယောက်က ပြောတယ်။
မန်နေဂျာကလည်း ပြုံးပြုံးကြီးနဲ့ ပြန်ပြောတာပေါ့။
“ လတ်တလော ဝင်ငွေက တော်တော် တက်လာတယ်ကွ ”
“ ရာသီဥတုကြောင့် ဖြစ်မှာပါဗျာ။ ကျွန်တော်ကတော့ ဘာမှ သိပ်မလုပ်ရပါဘူး။ ”
“ ဟားဟား၊ အစ်ကိုကြီး . . . ကြည့်စမ်း၊ ဒီကလေးက တော်တော် နှိမ့်ချတတ်တာပဲ။ ဒီနေ့ခေတ်မှာ ဒီလို ကလေးမျိုးတွေ သိပ်မတွေ့ရတော့ဘူး။ ”
မာရူးကတော့ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြုံးပြမိတာပေါ့။
“ မာရူး၊ မင်း ဘတ်စ်ကားတွေ ဆေးကြည့်မလား ”
“ ကားဆေးရမှာလား ”
“ အဲဒီတာဝန်ယူထားတဲ့ လူက ထွက်သွားလို့လေ။ တို့တွေ လူသစ်ရှာနေတုန်း မင်း လုပ်ပေးချင်လား ”
“ လုပ်မယ်လေ၊ မုန့်ဖိုးနည်းနည်းပါးပါးလည်း ရနိုင်တာပဲ ”
စက်တွေက ဘတ်စ်ကားတွေကို အမြန်ဆေးပေးနိုင်ပေမဲ့ အကုန်လုံး မပြောင်မှာစိုးလို့ အဆုံးမှာတော့ လူတစ်ယောက်က စောင့်ကြည့်ပေးဖို့ လိုအပ်တာပေါ့။ အလုပ်ကတော့ ပင်ပန်းပေမဲ့ သေချာလေး လုပ်ပေးရင်တော့ ဘတ်စ်ကား ဒရိုင်ဘာတွေဆီကနေ မုန့်ဖိုးလေးတွေ ရတတ်ပါတယ်။
“ မင်း လုပ်နိုင်မှာပါ။ ဒါနဲ့ မင်းက ဒီမှာ ဘယ်လောက်အထိ လုပ်မှာလဲ ”
“ ၂၄ ရက်နေ့ကျရင် ကျောင်းပြန်ဖွင့်ပြီဆိုတော့ အဲဒီမတိုင်ခင်အထိပေါ့။ မထွက်ခင် တစ်ပတ်အလိုမှာ ကြိုပြောပါ့မယ်။ ”
“ ဝိုး . . . ကြည့်စမ်း။ ဒီကလေးက တကယ်ပဲ အလုပ်အတွေ့အကြုံ ရှိတဲ့သူနဲ့ တူနေပြီ ”
“ တကယ်ပါပဲ ”
အလုပ်သမားတွေက ပေးတဲ့ မက်ဂေါ်လီ (ဆန်အရက်) ကို မာရူး တစ်ငုံ အမြန်မော့ချလိုက်တယ်။ အအေးဓာတ်က သူ့ရဲ့ အပူတွေကို ချက်ချင်းဆိုသလို ပြေပျောက်သွားစေတာပေါ့။ ထမင်းတစ်ပန်းကန်လုံး ပြောင်အောင် စားပြီးနောက်မှာတော့ သူ ထိုင်နေရာကနေ ထလိုက်တယ်။
“ ဒါဆို ကျွန်တော် အလုပ်ပြန်လုပ်လိုက်ပါဦးမယ် ”
“ နားပါဦး ”
“ အများကြီး နားပြီးပါပြီဗျာ။ အလုပ်ချိန်အတွင်းမှာ လစာယူပြီး အချိန်မဖြုန်းချင်လို့ပါ ”
“ ဟားဟား၊ အေးပါကွာ။ ရော့ . . . ဒါလေး ယူသွားဦး မာရူး။ ရေခဲရေပါ။ ကားဆေးတဲ့ နေရာကို တန်းသွားလိုက်တော့။ ”
မာရူး ခေါင်းညိတ်ပြပြီး သူတို့ ညွှန်ပြတဲ့ နေရာဆီကို ထွက်လာခဲ့တယ်။
* * * * * * * * *
ညနေ (၅) နာရီ။
မန်နေဂျာက အထဲဝင်ဖို့ ပြောတာနဲ့ မာရူး သူ့ရဲ့ အလုပ်ဝတ်စုံကို လဲလိုက်တယ်။
‘ ဒီနေ့တော့ အတော်လေး ရခဲ့သားပဲ။ ’
မာရူး အလုပ်ဝတ်စုံထဲက ၅,၀၀၀ တန်တွေနဲ့ ၁၀,၀၀၀ တန်တွေကို ထုတ်ပြီး သူ့ဘောင်းဘီ အိတ်ကပ်ထဲကို ထည့်လိုက်တယ်။ ဘတ်စ်ကား ဒရိုင်ဘာတွေက ငယ်ငယ်လေးနဲ့ ကားကို သေသေချာချာ ဆေးပေးလို့ သဘောကျပြီး ပေးကြတာပေါ့။ ခုနက ထရပ်ကား ဒရိုင်ဘာ ပေးသွားတဲ့ ၂၀,၀၀၀ ကိုပါ ပေါင်းလိုက်ရင် ဒီနေ့ တစ်ရက်တည်းတင် မုန့်ဖိုးက ၅၀,၀၀၀ ကျော် ရနေပြီ။ သူ့ရဲ့ နေ့စဉ်လုပ်အားခထက်တောင် အများကြီး ပိုများနေပါသေးတယ်။
“ မင်း အိမ်ပြန်ဖို့ အချိန်ရောက်ပြီ မဟုတ်လား ”
“ ဟုတ်ကဲ့။ ”
“ မာရူး၊ မင်း ညစာစားရင် ဘာလုပ်ဖို့ ရှိလဲ ”
“ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ”
“ ဒါဆို ဒီမှာပဲ ညစာစားသွားပါလား။ ငါတို့ ကမာကင် သွားစားကြမလို့။ ”
“ ကျွန်တော်လည်း လိုက်လို့ ရမလား ”
“ ရတာပေါ့ကွာ ”
မာရူး နေခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက ကမာတွေကို တော်တော် ကြိုက်တာကိုး။ သူ ရုံးခန်းထဲက ဆိုဖာမှာ ထိုင်ပြီး ဖုန်းထုတ်ဖို့ ကြိုးစားတုန်း ရှေ့က စားပွဲပေါ်မှာ တင်ထားတဲ့ စက်ဘီးမဂ္ဂဇင်းကို သတိထားမိသွားတယ်။
‘ စက်ဘီးကမ္ဘာ ’
သူ့မှတ်ဉာဏ်ထဲမှာတော့ ဒါက အခုလောလောဆယ် ကိုရီးယားမှာ ရှိတဲ့ စက်ဘီးမဂ္ဂဇင်း အနည်းငယ်ထဲက တစ်ခုပါ။ သူ မဂ္ဂဇင်းကို ယူပြီး လှန်ကြည့်လိုက်တယ်။ ဒီတစ်စောင်က တောင်တက်စက်ဘီး အကြောင်း ထင်ပါရဲ့။
“ ဆရာက စက်ဘီး တော်တော် ဝါသနာပါတာပဲနော်။ ”
“ ငါလား ဒီလို ကိုယ်လုံးကိုယ်ပေါက်ကြီးနဲ့လား နောက်မနေပါနဲ့ကွာ ” လို့ မန်နေဂျာက သူ့ဗိုက်ကို အသာပုတ်ရင်း ပြောတယ်။
“ အော် . . . ဒါဆို တခြားသူရဲ့ ဟာလား ”
“ မဟုတ်ပါဘူး . . . ”
အဲဒီလူရဲ့ စကားသံက တိုးသွားတယ်။ သူက ခါးသီးတဲ့ အပြုံးလေးနဲ့ ဆိုဖာနားကို လျှောက်လာခဲ့တယ်။ စားပွဲအောက်က အံဆွဲကို ဖွင့်ပြလိုက်တော့ စက်ဘီးမဂ္ဂဇင်းတွေ အများကြီးပဲ။ သူက အဲဒီထဲက တစ်စောင်ကို ယူလိုက်တယ်။
ဒါက ပလတ်စတစ်တောင် မခွာရသေးဘူး။
“ ငါ့သားက ဒါမျိုးတွေ ဝါသနာပါပုံရလို့လေ ”
“ ဆရာ့သားကလား ”
“ အေး။ သူ စက်ဘီးတွေကို တအား ကြိုက်မှန်းပဲ သိတာ၊ ကျန်တာတော့ ဘာမှ သိပ်မသိဘူး။ ငါလည်း ဒါတွေကို လေ့လာဖို့ ဝယ်ထားတာပေမဲ့ သူတို့ ဘာတွေ ပြောနေလဲဆိုတာ တစ်လုံးမှ နားမလည်ဘူး။ သတိထားမိတဲ့ အချိန်မှာတော့ ဒီလောက်တောင် များနေပြီ ”
မာရူး ဖုန်တွေ တက်နေတဲ့ မဂ္ဂဇင်းကို ယူကြည့်လိုက်တယ်။ ဒါက နိုင်ငံခြား မဂ္ဂဇင်းပဲ။ အစအဆုံး အင်္ဂလိပ်စာတွေနဲ့ ပြည့်နေတာ။ ဒါမျိုးကို ဝယ်ဖို့ဆိုရင် အဲဒီလူအတွက် ငွေအတော်လေး ကုန်မှာပဲ။
“ ဟူး . . . ဘယ်လိုကနေ ဘယ်လို ဖြစ်သွားမှန်းတောင် မသိပါဘူး ”
“ တစ်ခုခု ပြဿနာ ရှိလို့လား ဆရာ ”
“ . . . ဘာမှ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ ငါကလည်း ကလေးတစ်ယောက်ကို ဒီလိုမျိုးတွေ လာပြောနေမိပြီ ”
မန်နေဂျာက မဂ္ဂဇင်းကို အံဆွဲထဲ ပြန်ထည့်လိုက်တယ်။ သူ့သားကို နားလည်အောင် ကြိုးစားပြီး လေ့လာနေတဲ့ ဖခင်တစ်ယောက် . . .
“ ဆရာက ဖခင်ကောင်း တစ်ယောက်ပါပဲ ”
အဲဒီလူရဲ့ မျက်နှာက နည်းနည်း တောင့်သွားတယ်။ သူက ခေါင်းကို အသာအယာ ခါယမ်းရင်း . . .
“ ငါက ဖခင်ကောင်း တစ်ယောက် မဟုတ်ပါဘူး။ ”
“ ဆရာ အခုလိုမျိုး အစွမ်းကုန် ကြိုးစားနေတာကိုက ဖခင်ကောင်း တစ်ယောက်လို့ ကျွန်တော် ပြောရဲပါတယ်။ ”
“ . . . မင်းက ငါနဲ့ ရွယ်တူလိုမျိုး စကားပြောတတ်တာပဲနော်။ ဆယ်ကျော်သက် ကလေးတစ်ယောက်ရဲ့ စကားပြောဟန်မျိုး လုံးဝ မဟုတ်ဘူး ”
“ ကျွန်တော်က စိတ်ပိုင်းဆိုင်ရာအရ နည်းနည်း ရင့်ကျက်နေလို့ပါ ”
“ ဟားဟားဟား၊ အဲလိုပဲ ထားလိုက်ပါတော့ ”
“ ဘာတွေ ဖြစ်နေလဲတော့ ကျွန်တော် မသိပေမဲ့ ဆရာ့သားနဲ့ စကားပြောကြည့်ပါလား။ ဘယ်ကလေးမဆို အခုလို ကြိုးစားပေးတဲ့ အဖေကို မချစ်ဘဲ မနေနိုင်ပါဘူး ”
“ ငါလည်း ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ ငါ့သားနဲ့ စကားမပြောဖြစ်တာ ကြာလှပြီ။ ဘာပြောရမှန်းကို မသိတော့တာ”
“ ဘယ်လောက်တောင် ကြာပြီလဲ . . . ”
“ နှစ်နှစ်လောက် ရှိပြီ။ ”
“ နှစ်နှစ်တောင် ”
“ ငါက အဖေဆိုး တစ်ယောက်ပါ။ သူ့အပေါ် ပိုပြီး ဂရုစိုက်ခဲ့သင့်တာ ”
ထွက်သွားဖို့ ပြင်နေတဲ့ အဲဒီလူက ဆိုဖာမှာ ပြန်ထိုင်ချလိုက်တယ်။ သူက ဦးထုပ်ကို ချွတ်ပြီး ချွေးတွေ စိုနေတဲ့ သူ့ဆံပင်တွေကို အသာအယာ သပ်ချလိုက်တယ်။
“ သူ ငယ်ငယ်တုန်းကဆိုရင် ငါ့နောက်ကို တကောက်ကောက် လိုက်နေတာ။ ငါလည်း သူနဲ့ အမြဲ ဆော့ပေးဖြစ်တယ်။ ဒါပေမဲ့ ငါ အလုပ်ရှုပ်လာတဲ့ အခါတိုင်း သူ့ကို ဂရုမစိုက်ဖြစ်တော့ဘူး။ ငါ့မှာ သမီးကြီး တစ်ယောက်လည်း ရှိသေးတယ်၊ သူကတော့ ဒီနှစ် ၂၉ နှစ် ပြည့်ပြီ။ ငါ့သားကတော့ မင်းနဲ့ ရွယ်တူလောက်ပဲ ရှိမှာ။ မာရူး၊ မင်းက အထက်တန်း ပထမနှစ် မဟုတ်လား ”
“ ဟုတ်ကဲ့။ ဆရာ့သားက အသက်တော်တော် ကွာပြီးမှ မွေးတာပဲနော် ”
“ ဟုတ်တယ်၊ သူက အငယ်ဆုံးလေးပေါ့။ သူ ငယ်ငယ်က သူ့အစ်မနောက်ကို တကောက်ကောက် လိုက်နေကျပေမဲ့ . . . ဟူး ငါ ဒါတွေကို မင်းကို ဘာလို့ လာပြောနေမိလဲ မသိပါဘူး။ မင်းကိုလည်း အချိန်တွေ ကုန်အောင် လုပ်မိပြီ၊ ဆောရီးပဲနော် ”
အဲဒီလူက ထရပ်ရင်း “ ငါက ကလေးတစ်ယောက်ဆီကနေ အားပေးစကား နားထောင်နေရပြီလား . . . ” လို့ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်။
“ နားထောင်ပေးတဲ့သူက ဘယ်သူပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး ဆရာ၊ ဆရာ့ရင်ထဲက အပူတွေကို ထုတ်ဖော်ဖို့ပဲ လိုတာပါ။ ဆရာ စိတ်မကြည်မလင် ဖြစ်နေတဲ့ အခါတိုင်း ကျွန်တော့်ကို ပြောပြလို့ ရပါတယ်။ ကျွန်တော် နားထောင်ပေးပါ့မယ်။ အာ . . . အခကြေးငွေတော့ ယူမယ်နော် ”
“ ဟား၊ မင်းကတော့ စကားပြော တော်တော် တတ်တာပဲ။ လူ့လောကထဲ ရောက်တဲ့အခါ အဆင်ပြေမှာပါ ”
“ အဆင်ပြေမှာ ” ရုံတင် မဟုတ်ပါဘူး။ အဲဒီလို ဘဝမျိုးကို ကျွန်တော် ဆယ်စုနှစ် တစ်ခုကျော်တောင် ဖြတ်သန်းခဲ့ပြီးပါပြီ။
မာရူး အသာအယာ ပြုံးလိုက်ပြီး မန်နေဂျာပေးတဲ့ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်တယ်။
“ ဒါနဲ့ မာရူး ”
“ ဟုတ်ကဲ့ ”
“ မင်းက ကြည့်ရတာ စာတော်မယ့် ပုံစံပဲ။ ဘာလို့ စာကိုပဲ မကြိုးစားတာလဲ အဲဒါက မင်းရဲ့ ဘဝအတွက် ပိုပြီး အထောက်အကူ ဖြစ်မှာလေ ”
အဲဒီလူက စိတ်ပူတဲ့ အကြည့်နဲ့ ကြည့်နေတာကြောင့် သူ အနေရခက်ပြီး ခေါင်းကို အသာအယာ ကုတ်လိုက်တယ်။
“ ကျွန်တော်က စာနဲ့ မကိုက်ညီတဲ့ လူစားမျိုးပါ။ တခြားသူတွေထက် စာကို ပိုလုပ်ခဲ့ဖူးပေမဲ့ အာရုံစိုက်လို့ကို မရတော့တာ ”
“ မင်း ဟိုတစ်နေ့က နားနေတုန်းက စာအုပ်ကို တစိုက်မတ်မတ် ဖတ်နေတာပဲ မဟုတ်လား ”
“ အဲဒါကပဲ ထူးဆန်းတာပေါ့။ ဘုရားသခင်က ကျွန်တော့်ကို စာနဲ့ မကိုက်ညီဘူးလို့ ပြောနေသလိုပဲ။ အဲဒီတော့ ကျွန်တော်လည်း ဒါကို အရှိအတိုင်းပဲ လက်ခံလိုက်တော့မယ် ”
“ ကြည့်စမ်းပါဦး၊ ဘဝအကြောင်းကို အခုကတည်းက စိုးရိမ်နေပြီလား။ ဒါပေမဲ့ မင်းနဲ့တော့ လိုက်ဖက်သလိုပဲ။ ဒါပေမဲ့ ပိုက်ဆံအနည်းငယ် ရဖို့အတွက်နဲ့တော့ အတင်းအကျပ်ကြီး မလုပ်ပါနဲ့။ ငါ ဒါမျိုးတွေကို တခြားကလေးတွေကို မပြောဖူးဘူးနော်၊ သိလား ”
“ စာသင်တာ တစ်ခုတည်းက လမ်းစ မဟုတ်ပါဘူး၊ လမ်းစတွေထဲက တစ်ခုပဲ ဖြစ်မှာပါ ”
“ ဟားဟား၊ မင်းက ဉာဏ်ကောင်းမှန်း သိလို့ အခုတော့ ယုံပေးလိုက်ပါ့မယ် ”
မာရူး ပြုံးလိုက်မိတယ်။ မန်နေဂျာက သူ့ကို အခုလို စိတ်ပူပေးပြီး ပြောပြတာကို သူ ကျေးဇူးတင်မိတာပေါ့။ တကယ်တော့ သူက အခုတောင် စာကို အလုံအလောက် လုပ်နေတာပါ။ အတန်းထဲမှာ အဆင့် (၃) ရလောက်တဲ့ အထိပေါ့။ သူသာ အားစိုက်ပြီး စာလုပ်မယ်ဆိုရင် ဆိုးလ်က တက္ကသိုလ်ကောင်းကောင်း တစ်ခုခုတောင် တက်နိုင်မှာပါ။
‘ ဒါပေမဲ့ ဘယ်ကို သွားချင်လဲဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း မသိသေးဘူး . . . ’
မာရူး ဓာတ်ဆီဆိုင် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တယ်။ ပိုက်ဆံသာ ရှိရင် ဒီလို နေရာမျိုးကို စီမံခန့်ခွဲရတာ မဆိုးလှပါဘူး။ ဒါပေမဲ့ သူ့မှာ ပိုက်ဆံ မရှိတာကြောင့် အဲဒီအတွေးကို လက်လျှော့လိုက်တယ်။
“ အေးအေးဆေးဆေး နားဦး ”
ကားတစ်စီး ဝင်လာတာ မြင်တာနဲ့ မန်နေဂျာ အပြင်ကို အပြေးလေး ထွက်သွားတယ်။
* * * * * * * * *
မီးသွေးကင်ပြားပေါ်က ကမာခွံလေး တစ်ခု ပွင့်ထွက်သွားတယ်။ မာရူး နောက်ဆုံး ကျန်တဲ့ တစ်ခုကို ယူလိုက်တယ်။ ငရုတ်သီးဆော့စ်နဲ့ တို့စားပြီးတဲ့နောက် သူ သူ့ရဲ့ လက်အိတ်ကို ချွတ်လိုက်တယ်။
“ များများထည့်စားလေ ” လို့ မန်နေဂျာက ပြောတယ်။
“ အများကြီး စားပြီးပါပြီဗျာ။ အဒေါ်၊ ဟင်းတွေအတွက် ကျေးဇူးတင်ပါတယ်နော် ”
သူ ပြန်ခါနီးမှာ ဟင်းချက်တဲ့ အဒေါ်ကြီးက မာရူးကို ကန်စွန်းဥဖုတ်လေး တစ်ခု ကမ်းပေးလိုက်တယ်။ ဘေးနားက အလုပ်သမား တစ်ယောက်ကလည်း “ ကျွန်တော့်ကိုတော့ ဒီနှစ်တွေ အကြာကြီးမှာ တစ်ခါမှ မပေးဖူးဘူး။ ဝမ်းနည်းစရာပဲ၊ ဝမ်းနည်းစရာပဲ ” လို့ နောက်ပြောင်ပြီး ပြောသေးတာ။
“ ကျွန်တော် သွားတော့မယ်နော် ဆရာ ”
“ အေးအေး၊ ဂရုစိုက်သွားဦး”
“ ဟုတ်ကဲ့။ ”
နှုတ်ဆက်ပြီးနောက် မာရူး အပြင်ကို ထွက်လာခဲ့တယ်။ သူ အနီရောင် ဓာတ်ဆီဆိုင်ထဲကနေ ထွက်ပြီး အပြာရောင် ဆိုင်ရှေ့ကနေ ဖြတ်လျှောက်လာခဲ့တယ်။ အပြာရောင်ဆိုင်က မန်နေဂျာကလည်း မာရူးကို မြင်တာနဲ့ လက်ဝှေ့ယမ်းပြတယ်။ မာရူးကလည်း ပြန်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်တယ်။ စက်ဘီးဆီကို လျှောက်သွားနေတုန်း သူ့ဖုန်းက တုန်ခါလာတယ်။
စာတစ်စောင် ဝင်လာတာပါ။ သူ ဖုန်းကို ထုတ်ပြီး ဘယ်သူလဲဆိုတာ စစ်ကြည့်လိုက်တယ်။
“ . . . သူတို့လည်း အဆင်ပြေနေကြတာပဲ မဟုတ်လား ”
မာရူး ဖုန်းကို ပြန်ချလိုက်ပြီး ကောင်းကင်ကို ခေတ္တမျှ မော့ကြည့်လိုက်တယ်။ ဒီနေ့ည လမင်းကြီးက အထူးတလည် တောက်ပနေသလိုပဲ။
" ဟေး မာရူး တို့တွေ ပထမဆု ရခဲ့ပြီကွ ဆုကြေးက ၃၀၀,၀၀၀ ဝမ်တောင် ရတာ "
အဲဒီစာက ဒိုဂျင်ဆီက ပို့လိုက်တာပါ။
* * * * * * * * *