အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း(၅၉)
မီဆိုတစ်ယောက် ခန်းမထဲကို လှမ်းဝင်လိုက်တဲ့အချိန်မှာ ကလပ်အဖွဲ့ဝင်တွေအားလုံးရဲ့ မျက်နှာမှာ ဝေခွဲမရတဲ့ အမူအရာတွေ ဖြစ်ပေါ်နေကြတယ်။ သူမကို ပြန်တွေ့ရလို့ ဝမ်းသာနေကြသလိုမျိုး ရှိပေမယ့် တစ်ဖက်မှာလည်း ရှေ့ဆက်ပြီး ဘာတွေကြုံရဦးမလဲဆိုတာကို တွေးပြီး ကြောက်နေကြတဲ့ ပုံစံမျိုးပါ။
“ဆရာမ”
“ပြဇာတ်တွေနဲ့ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလားဗျ”
သူမဆီကို အပြေးအလွှား လာနှုတ်ဆက်ကြတာကို ကြည့်ခြင်းအားဖြင့် သူတို့တွေ တကယ်ကို ပျော်နေကြပုံပါပဲ။ မီဆိုကတော့ သူမပါဝင်ခဲ့တဲ့ ပြဇာတ်ကြီး တစ်စုံတစ်ရာ အမှားအယွင်းဖြစ်ပြီး ပျက်သွားတဲ့အကြောင်းကို ရယ်ကျဲကျဲနဲ့ ရှင်းပြနေပါတယ်။
“အဲဒါကြောင့်မို့လို့ နောက်ထပ် နှစ်ဝက်လောက် မင်းတို့ကို ထပ်ပြီး နှိပ်စက်ဖို့ ငါပြန်လာတာပေါ့။ မကောင်းဘူးလား”
“ကောင်းပါတယ်ဗျ”
“နေပါဦး၊ ဆရာမ ဆံပင်အရောင် ပြောင်းလိုက်တာလား”
အရင်က ရွှေအိုရောင်ဖြစ်နေတဲ့ မီဆိုရဲ့ ဆံပင်တွေဟာ အခုတော့ အနက်ရောင် ပြောင်းသွားပါပြီ။
“အင်း... ဒီအတိုင်း ပြောင်းလိုက်တာပါ”
မီဆိုက အရေးမပါသလိုမျိုး ခပ်ပေါ့ပေါ့ပဲ ပြန်ဖြေလိုက်တယ်။
“ကဲ ကဲ... ငါတို့ အခုချက်ချင်းပဲ လေ့ကျင့်ခန်းတွေ စတော့မယ်။ မင်းတို့ အဆင်သင့်ပြင်ထားကြ။ အခုလာမယ့် ပြိုင်ပွဲအတွက် ပြဇာတ်ပြောင်းမယ်လို့ တေးဆစ်ဆီက ကြားတယ်၊ ဟုတ်လား”
“ဟုတ်ကဲ့၊ အသစ်အဆန်းလေး တစ်ခုခု စမ်းကြည့်ချင်လို့ပါ” လို့ ယွန်ရင်က ဖြေလိုက်တယ်။
“စိန်ခေါ်မှု လုပ်ချင်တာပေါ့ ဟုတ်ပြီလေ။ စိတ်ကူးထားတဲ့ အမျိုးအစားကော ရှိလား”
“ဟာသကားပါ၊ ပြီးခဲ့တဲ့တစ်ခေါက်က ဟာသကားကို လုံးဝ မထိတွေ့ခဲ့ရတော့ အဲဒီကနေ သင်ယူစရာတွေ အများကြီး ရှိမယ်လို့ ထင်လို့ပါ”
“ဟာသကားလား အဲဒါက တော်တော်တော့ ခက်ခဲလိမ့်မယ်။ ကောင်းပြီလေ... လူငယ်တွေနဲ့ လိုက်ဖက်မယ့် ဇာတ်လမ်းတချို့ ရှိတာပဲ၊ အဲဒါနဲ့ပဲ သွားကြတာပေါ့”
မီဆို ရောက်လာတာနဲ့ ကလပ်ရဲ့ လေထုက တစ်မျိုး ပြောင်းလဲသွားတယ်။ သူမရဲ့ ကျယ်လောင်တဲ့ အသံဟာ လူတွေကို ဆွဲဆောင်နိုင်တဲ့ အစွမ်းရှိတာကိုး။ အဲဒီအသံရဲ့ လွှမ်းမိုးမှုအောက်မှာ ကလေးတွေရဲ့ မျက်လုံးထဲမှာ သရုပ်ဆောင်မှုအပေါ် ထားရှိတဲ့ စိတ်အားထက်သန်မှုနဲ့ ခွန်အားတွေ ပြန်လည် နိုးထလာကြပါတယ်။
“မင်းတို့ ငါမရှိတုန်း အပျော်ပဲ ဆော့နေကြတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူးဗျ”
“ကျွန်တော်တို့ ကြိုးကြိုးစားစား လေ့ကျင့်နေတာပါ”
မီဆိုက ကျောင်းသားတွေနဲ့အတူ ခန်းမအလယ်ကို လျှောက်သွားတယ်။ ကျောင်းသားတွေကလည်း မိခင်ဘဲမနောက်က လိုက်နေတဲ့ ဘဲပေါက်လေးတွေလိုပဲ သူမနောက်ကနေ တကောက်ကောက် လိုက်နေကြတယ်။ မီဆိုဟာ တကယ်ကို ကလပ်ရဲ့ ဗဟိုချက်မပါပဲ။
မာရူးကတော့ ဘေးကနေ ခေါင်းတငြိမ့်ငြိမ့်နဲ့ ကြည့်နေမိတယ်။ သူက လူမမြင်ရဘဲ အသံတွေအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်မယ့် နေရာကောင်းတစ်ခုမှာ ရပ်နေတာပါ။ သူက ဂွန်ဆော့ရဲ့ အနောက်ကနေ မီဆိုကို တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်လုံးချင်းဆုံတဲ့အချိန်မှာ ပြုံးပြလိုက်တယ်။
ခဏလောက်တော့ မီဆိုရဲ့ နှုတ်ခမ်းတွေ ကွေးညွတ်သွားပြီး ပြုံးလိုက်တာကို သူ တွေ့လိုက်ရတယ်။ ဒီတစ်ခေါက်တော့ သူ့ကို အမိဖမ်းတော့မယ်လို့ ပြောနေသလိုမျိုးပါပဲ။
“ခဏလောက် စောင့်ဦး။ ငါ့ကားထဲမှာ ဟာသပြဇာတ်အတွက် ဇာတ်ညွှန်းတချို့ ရှိတယ်။ မင်းတို့ အဲဒီဇာတ်လမ်းအကျဉ်းတွေကို နားထောင်ကြည့်ပြီး ဘယ်ဟာကို လုပ်ချင်လဲဆိုတာ ပြောပြ။ မာရူး... မင်း ငါ့နောက်ကို လိုက်ခဲ့”
“ဟုတ်ကဲ့”
ကျောင်းပိတ်ရက် မတိုင်ခင်ကတည်းက မာရူးရဲ့ အလုပ်က တစ်ခါတလေ ပစ္စည်းတွေ သယ်ပေးရတာပါပဲ။ ခန်းမထဲကနေ ထွက်လိုက်တာနဲ့ မီဆိုက စကားစတော့တယ်။
“မင်း ဘာလုပ်မှာလဲ ဒီတစ်ခေါက်လည်း ဘေးကပဲ ထိုင်ကြည့်နေဦးမှာလား”
မာရူးက ခေါင်းငြိမ့်ပြလိုက်တယ်။
“ကျွန်တော် ဝင်ပါရင် အခြေအနေတွေက တစ်မျိုး ဖြစ်သွားနိုင်တယ်။ ဘေးကနေပဲ ကူပေးပြီး ပစ္စည်းတွေ ဘာတွေ လုပ်ပေးတော့မယ်”
“အော်... အဲဒီလို လုပ်မယ်ပေါ့ ဟုတ်လား”
မီဆိုက ဘာစကားမှ ထပ်မပြောတော့ဘဲ လှေကားကနေ ဆင်းသွားတယ်။ ကားပါကင်ကို ရောက်တော့ မီဆိုရဲ့ နိုင်ငံခြားဖြစ် ကားလေးက ကြိုဆိုနေတယ်။ မီဆိုက ကားနောက်ဖုံးကို ဖွင့်လိုက်တော့ အတွင်းမှာ စက္ကူကတ်ထူသေတ္တာ တစ်လုံးကို တွေ့လိုက်ရတယ်။
“ဒါက ဘာလဲ”
“အင်္ကျီတွေလေ”
“အင်္ကျီ”
မာရူးက သေတ္တာကို ဖွင့်ကြည့်လိုက်တော့ အနက်ရောင် ဟူဒီအင်္ကျီတွေ အပြည့်ပါပဲ။ ရင်ဘတ် ဘယ်ဘက်ခြမ်းမှာတော့ မိုးပြာရောင် ဆိုတဲ့ စာလုံးကို တရုတ်စာနဲ့ ထိုးထားတယ်။
“ငါ့ပြဇာတ်ရုံက အင်္ကျီတွေကို ကြည့်ပြီး စိတ်ကူးရတာနဲ့ လုပ်လိုက်တာ”
မာရူးက မိုးပြာရောင် ပြဇာတ်ရုံမှာ သရုပ်ဆောင်တွေ ဝတ်ထားတဲ့ အင်္ကျီအနက်ရောင်တွေကို ပြန်သတိရသွားတယ်။
“ဆရာမက ကူးချလိုက်တာပဲ နေမှာပါ”
“အမယ်... ကူးတာပဲဖြစ်ဖြစ်၊ စိတ်ကူးရတာပဲဖြစ်ဖြစ် အတူတူပါပဲ။ ဒါပေမဲ့ အင်္ကျီက လှတယ် မဟုတ်လား”
“လှပါတယ်၊ ကလေးတွေလည်း ကြိုက်ကြမှာပါ”
“မင်းကော”
“ကျွန်တော့်အတွက်တော့ နောက်ထပ် ဝတ်စုံတစ်စုံ တိုးတာပေါ့။ ကောင်းပါတယ်”
“ဈေးကြီးတယ်နော်... အလကား အင်္ကျီတစ်ထည်လို မဆက်ဆံနဲ့။ ကဲ ကဲ... မင်း အရင်တက်သွားနှင့်တော့။ ငါ ဇာတ်ညွှန်းတွေ ရှာလိုက်ဦးမယ်”
“ဟုတ်ကဲ့”
မာရူးက အင်္ကျီသေတ္တာကို သယ်ပြီး ငါးထပ်မြောက်ကို တက်လာခဲ့တယ်။ ဒီအင်္ကျီတွေက မီဆိုက ကလပ်အဖွဲ့သားတွေကို တောင်းပန်တဲ့ နည်းလမ်းတစ်ခုလား ဘာပဲဖြစ်ဖြစ် ပထမအကြိမ် ပြိုင်ပွဲတုန်းက ရှုံးနိမ့်ခဲ့တာဟာ သူမရဲ့ အမှားကြောင့်လို့ သူမ ယူဆနေတာကိုး။ ပြီးခဲ့တဲ့ တစ်ခေါက်က တွေ့တုန်းကလည်း တောင်းပန်စကား ပြောခဲ့ဖူးပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ အားနာစိတ်တွေ ရှိနေတုန်းပဲ ဖြစ်မှာပါ။
“မင်းတို့နဲ့ တော်မယ့်ဟာကို ရွေးယူကြ”
မာရူးက ဂျောင်ချန်ဟူး ရှေ့မှာ သေတ္တာကို ချပေးလိုက်တယ်။ အထဲက အင်္ကျီတွေကို တွေ့တော့ အဖွဲ့ဝင်တွေအားလုံး ဝမ်းသာအားရ အော်ဟစ်ကုန်ကြတယ်။ သူတို့တွေ ဝတ်ထားတဲ့ အားကစားဝတ်စုံ အဟောင်းတွေကို ချွတ်ပြီး ယူနီဖောင်းအသစ်တွေကို ချက်ချင်း လဲဝတ်ကြတော့တာပါပဲ။
“ဝါး... ကွက်တိပဲ”
“ငါ့ဟာက နည်းနည်း ပွပေမယ့် ဒါမျိုးမှ ပိုကြိုက်တာ”
“ငါလည်းပဲ”
“အနောက်မှာလည်း စာသားတွေ ပါသေးတယ်ဟ”
၁၂ ယောက်လုံး သူတို့နဲ့ တော်မယ့် အင်္ကျီတွေကို ရွေးယူလိုက်ကြတယ်။ တော်တော်လေးလည်း ကြည့်ကောင်းကြပါတယ်။
“မင်းတို့နဲ့ လိုက်သားပဲ” ခန်းမထဲကို ပြန်ဝင်လာရင်း မီဆိုက မှတ်ချက်ပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်”
“ကျွန်တော်တို့ ဒါကို တန်ဖိုးထားပါ့မယ်”
ကလပ်အဖွဲ့ဝင်တွေက အင်္ကျီအသစ်တွေကို ကြည့်ရင်း ပြိုင်တူ ပြန်ဖြေကြတယ်။ မာရူးကလည်း သူ့အင်္ကျီပေါ်ကို လက်တင်ကြည့်လိုက်တယ်။ အသားက တော်တော်လေး ထူပြီး အဆင့်မြင့်တဲ့ အမျိုးအစားပဲ။ ပန်းထိုးထားတာလည်း လှတယ်။ ဒါ တကယ်ကို ဈေးကြီးမယ့် ပုံပဲ။
“ကောင်းပြီ... မင်းတို့ ဒီဝတ်စုံတွေနဲ့ ကြည့်ကောင်းတယ်။ ဒါပေမဲ့ ဒီအင်္ကျီဝတ်ထားရင်းနဲ့တော့ ဘာပြဿနာမှ မရှာကြနဲ့ဦး၊ ကြားလား”
“ဟုတ်ကဲ့”
“ကဲ ကဲ... ဒီကို လာကြဦး။ အောက်တိုဘာလမှာ တစ်ခါ၊ ဒီဇင်ဘာလမှာ တစ်ခါ ပြိုင်ပွဲဝင်ချင်တယ်ဆိုရင် ငါတို့ တကယ် ကြိုးစားရမယ်”
“အောက်တိုဘာ”
“ဂျောင်ဂီပြည်နယ်မှာ ကျင်းပမယ့် ပြိုင်ပွဲကို ဝင်ပြိုင်မယ်။ ပြီးရင် ဆောင်းရာသီပြိုင်ပွဲကို ထပ်ပြိုင်မယ်။ နွေဦးပြိုင်ပွဲတုန်းက ငါတို့ ဘာဆုမှ မရခဲ့ဘူးဆိုတော့ ဒီနှစ်ဝက်မှာတော့ ရသမျှ ပြိုင်ပွဲအကုန်လုံးကို ဝင်ပြိုင်ကြည့်တာပေါ့။ နားလည်လား”
သူမရဲ့ ပုံစံက ကန့်ကွက်မယ့်သူ ရှိမရှိတောင် ဂရုစိုက်မယ့်ပုံ မပေါ်ဘူး။ အောက်တိုဘာမှာ တစ်ပွဲ၊ ဒီဇင်ဘာမှာ တစ်ပွဲ... စာရွက်ပေါ်မှာ ကြည့်ရင်တော့ မဆိုးပါဘူး။ မာရူးက သူ့ဘာသာ ခေါင်းငြိမ့်လိုက်မိတယ်။ ဒါဟာ တကယ့်ကို မီဆိုရဲ့ စတိုင်ပဲ။
မီဆိုက ဇတ်ညွှန်း နှစ်စုံကို စားပွဲပေါ် ချပေးလိုက်တယ်။
‘Critical Mass’ နဲ့ ‘ဒယ်လ်ဆောက်ဒုံက လူများ’။
“မင်းတို့ လုပ်ချင်တဲ့ တစ်ခုကို ရွေးကြ။ Critical Mass ကတော့ ထီပေါက်သွားတဲ့ လူတစ်ယောက်အကြောင်း၊ ‘ဒယ်လ်ဆောက်ဒုံက လူများ’ ကတော့ ဒယ်လ်ဆောက်ဒုံကို ထူးဆန်းတဲ့ မိသားစုတစ်စု ပြောင်းလာတဲ့အကြောင်း။ နှစ်ခုစလုံးက ပျော်စရာကောင်းပေမယ့် တစ်ခုတော့ မှတ်ထားကြ။ ဟာသကားဆိုတာ ခက်တယ်။ ပရိသတ်ရဲ့ စိတ်ခံစားမှုကို လက်ဖျောက်တစ်ချက်တီးသလောက် အချိန်အတွင်းမှာ ပြောင်းလဲပစ်နိုင်ဖို့ လိုတယ်။ သရုပ်ဆောင်ရဲ့ စွမ်းရည်ပေါ်မှာ အများကြီး မူတည်တယ်။ လူငယ်ပြိုင်ပွဲတွေမှာ ဟာသကားတွေ သိပ်ပြီး အောင်မြင်မှု မရကြတာဟာလည်း ဒီအကြောင်းကြောင့်ပဲ”
မီဆိုရဲ့ အသံက လေးနက်သွားတယ်။ ဟာသကားတွေ ဘာကြောင့် ကျရှုံးတတ်လဲဆိုတာကို ကြားတော့ အဖွဲ့ဝင်တချို့ ညည်းတွားလိုက်ကြတယ်။ သူတို့ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးမိနေကြတာ ဖြစ်မှာပါ။
“မင်းတို့ မျက်နှာတွေက ဘာဖြစ်နေတာလဲ ကြောက်နေကြတာလား”
“...”
“ပြီးခဲ့တဲ့ တစ်ခေါက်က ငါ့အမှားပါ။ မင်းတို့ ဘာမှ မမှားခဲ့ဘူး။ အဲဒီတုန်းကဆိုရင် ငါ ဘယ်လောက်တောင် ဒေါသထွက်လဲဆိုရင် အိပ်တောင် မအိပ်နိုင်ဘူး။ မင်းတို့ကော မင်းတို့ကော အိပ်ပျော်ကြရဲ့လား”
အားလုံးက ခေါင်းခါပြကြတယ်။
“အဲဒါကြောင့် ဒီတစ်ခါတော့ ဒိုင်တွေကို ငါတို့ ဘယ်လောက် တော်သလဲဆိုတာ သေချာ ပြရမယ်။ နည်းနည်းလောက် စဉ်းစားကြည့်ရင် ဟာသကားဆိုတာ တခြားလူတွေကို အပြတ်အသတ် ဖြတ်ကျော်နိုင်မယ့် အခွင့်အရေးကောင်း တစ်ခုပဲ။ ဒီတစ်ခါ အဲဒီလိုပဲ ဖြစ်လာစေရမယ်”
မီဆိုက ဇာတ်ညွှန်း နှစ်ခုစလုံးကို ပေးလိုက်တယ်။ အဲဒါကို အရင်ဆုံး ယူလိုက်တာက ယွန်ရင် ပါ။ သူမ ယူလိုက်တာက Critical Mass ဖြစ်ပြီး ဂျောင်ချန်ဟူး ကတော့ ‘ဒယ်လ်ဆောက်ဒုံက လူများ’ ကို ယူလိုက်တယ်။
နှစ်ယောက်သား ဇာတ်ညွှန်းကို အမြန်ဖတ်ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် လဲလှယ်လိုက်ကြတယ်။ ခန်းမထဲမှာ စာရွက်လှန်သံတွေ ဆူညံသွားတယ်။ ကလပ်ခေါင်းဆောင် နှစ်ယောက်စလုံးဟာ အခုအချိန်လောက် တည်တည်ငြိမ်ငြိမ် ရှိခဲ့တာမျိုး မရှိဖူးဘူး။ ပြီးတော့မှ တခြားအဖွဲ့ဝင်တွေကို လက်ဆင့်ကမ်းပေးပြီး အားလုံး ဖတ်ကြည့်ကြတယ်။
မကြာခင်မှာပဲ ဇာတ်ညွှန်းတွေက မာရူးဆီကို ရောက်လာတယ်။ မာရူးက မီဆိုရော၊ တခြား အဖွဲ့ဝင်တွေပါ သူ့ကို စိုက်ကြည့်နေတာကို ခံစားမိနေတယ်။ သူက ဇာတ်ညွှန်းကို မီဆိုဆီ ပြန်ယူသွားပေးလိုက်တယ်။
“သူတို့တွေ ဆုံးဖြတ်ပြီးပြီ ထင်တယ်”
“မင်းကော မဖတ်ကြည့်ဘူးလား”
“ဖတ်ဖို့ လိုသေးလို့လား”
“ငါ့အထင်တော့ မင်း ဖတ်ရလိမ့်မယ်”
“ဗျာ”
မီဆိုရဲ့ ပုံစံက ရေထဲကနေ ငါးကြီးတစ်ကောင်ကို ဆွဲတင်လိုက်သလိုမျိုးပဲ။ မာရူးက ဇာတ်ညွှန်း နှစ်ခုစလုံးကို လှန်ကြည့်လိုက်တယ်။ ဇာတ်လမ်းခေါင်းစဉ်၊ မီဆို ရေးထားတဲ့ ဇာတ်လမ်းအကျဉ်း... ပြီးတော့...
ဇာတ်ကောင်စာရင်း။
“၁၅ ယောက်၊ ၁၆ ယောက်...”
ကလပ်မှာ အဖွဲ့ဝင်က စုစုပေါင်း ၁၂ ယောက်ပဲ ရှိတာ။ ဒါဟာ ဇာတ်ကောင်အရေအတွက်ထက် အများကြီး နည်းနေတာပဲ။
“မင်း အနည်းဆုံးတော့ လမ်းသွားလမ်းလာ နေရာကနေ သရုပ်ဆောင်လို့ ရတာပဲ မဟုတ်လား”
“ဒါကြောင့်မို့လို့ ကျွန်တော့်ကို ခေါ်လာတာပေါ့”
“ဘာလဲ... မလုပ်နိုင်ဘူးလား အချိန်အများကြီး ပေးရမှာလည်း မဟုတ်ဘူး။ စကားပြော နှစ်ခွန်း၊ သုံးခွန်းလောက်ပဲလေ”
“ကျွန်တော် ကလပ်အတွက် အချိန်အများကြီး မပေးနိုင်ဘူးဆိုတာ ဆရာမလည်း သိသားပဲ”
“ကိစ္စမရှိပါဘူး။ မင်းက မြန်မြန်ဆန်ဆန် တတ်မှာပါ”
မာရူးက သူ့အနောက်ကို လှမ်းကြည့်လိုက်တယ်။ ကျောင်းသားတချို့က စိတ်လှုပ်ရှားနေကြသလို၊ တချို့က စိတ်ရှုပ်နေပြီး တချို့ကတော့ စိတ်မဝင်စားတဲ့ ပုံစံမျိုးတွေပါ။
“ကျွန်တော် ဝင်ပါရမလား”
သူက အဖွဲ့ဝင်တွေကို မေးလိုက်တာပါ။
“ပါလေ ကျွန်တော်တို့က ဝမ်းသာတာပေါ့”
ယွန်ရင် က အရင်ဆုံး ပြန်ဖြေတယ်။ တကယ်တော့ ဒုတိယနှစ်တွေ အားလုံးက သူ ပါဝင်မှာကို စိတ်လှုပ်ရှားနေကြတဲ့ ပုံပါပဲ။ မာရူးက ပထမနှစ်တွေဘက်ကို လှည့်ကြည့်လိုက်တယ်။
“ခင်ဗျား သဘောပါ။ ကျွန်တော်ကတော့ ဘာမှ မဖြစ်ဘူး”
“ဂရုမစိုက်ဘူး”
တေဂျွန်း နဲ့ အီဆိုးလ် တို့ကတော့ ကြားနေပုံစံမျိုးပါပဲ။
“ဒါက... သူပဲ ကောင်းကောင်း ဆုံးဖြတ်ပါလိမ့်မယ်”
“ဟွန်း”
ဂွန်ဆော့ နဲ့ ယွန်ရင် တို့ကတော့ မပါစေချင်တဲ့ အမူအရာတွေ ပြနေကြတယ်။ ပြီးတော့...
“ငါ မင်းကို သရုပ်ဆောင်တာ သင်ပေးမယ်၊ သားကြီး”
“ဝင်ပါလိုက်စမ်းပါ”
“ဖိုက်တင်း”
ဒိုဂျင်၊ ပတ်ဒေးမြောင် နဲ့ ကင်ဆိုယွန်း တို့ကတော့ ဇဝေဇဝါ မရှိဘဲ ချက်ချင်း ထောက်ခံကြတယ်။ မာရူးက မီဆိုဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။
“မင်း အတိုင်းအတာတစ်ခုအထိပဲ ပါချင်တယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ နည်းနည်းလောက် ဝင်ကူပေးလို့ ရတယ် မဟုတ်လား” မီဆိုက မျက်စိတစ်ဖက်မှိတ်ပြရင်း တိုးတိုးလေး ပြောလိုက်တယ်။
သူမက ဇွတ်အတင်း မဟုတ်ပေမယ့် တောင်းဆိုနေတာပါ။ အကူအညီအသေးအဖွဲလေး တစ်ခု တောင်းနေသလိုမျိုးပါပဲ။ ဒီမှာ သူ ငြင်းလိုက်ရင်တောင် သူမက သိပ်ပြီး စိတ်ပျက်သွားမှာ မဟုတ်ဘူးဆိုတာ မာရူး သိပါတယ်။ သူမက သူ့ကို ပါဝင်လာအောင် တခြားနည်းလမ်းတစ်ခုနဲ့ ထပ်ကြိုးစားဦးမှာ သေချာတယ်။
‘အတူတူ...’
မာရူးက ဒီနှစ်ပြီးရင် ကလပ်ပြောင်းဖို့ ဆုံးဖြတ်ထားပြီးသားပါ။ သရုပ်ဆောင်ရတာကို ငြီးငွေ့လို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တခြား အတွေ့အကြုံသစ်တွေကို ရချင်လို့ပါ။ ဆိုဂျင်ကို ကူညီပေးနေရတာနဲ့တင် သရုပ်ဆောင်မှုအပိုင်းမှာ လုံလောက်နေပါပြီ။ တကယ်တော့ သူက တရုတ်စာ ကလပ်ကို ဝင်ဖို့ စဉ်းစားနေတာပါ။ တရုတ်စာ သင်ယူရတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ်လို့ သူ ထင်လို့ပါ။
‘ဘယ်လိုပဲဖြစ်ဖြစ် ကလပ်ပြောင်းမှာဆိုတော့...’
နောက်ထပ် နှစ်ဝက်လောက်တော့ ကလပ်အတွက် နည်းနည်း ပိုပြီး ကြိုးစားပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်။
“ဒါဆိုရင်လည်း ကျွန်တော့်ကို ကောင်းကောင်း သင်ပေးပါဦး”
“အိုး... မဟုတ်တာ။ မင်းသာ ညံ့ကြည့်လိုက်... ငါ မင်းကို သတ်ပစ်မယ်။ ဒါပေမဲ့ လေ့ကျင့်တဲ့အချိန်မှာတော့ မင်းကို အကြာကြီး မထားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အပိုလူ ပဲလေ၊ ဟဲဟဲ”
မီဆိုက သူ့ကို ပါဝင်လာအောင် ဆွဲဆောင်နိုင်လို့ ဝမ်းသာအားရ ပြုံးလိုက်တယ်။ မာရူးကတော့ စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ ဒီလောက်တောင် တောင်းဆိုနေတဲ့ အမျိုးသမီးကို ငြင်းဆန်နေရတာက သူ့အတွက်လည်း စိတ်ထဲမှာ တစ်မျိုး ဖြစ်နေတာပါ။ အခုလို သူမရဲ့ တောင်းဆိုချက်ကို တစ်ကြိမ်လောက် လက်ခံလိုက်တာက သူ့ကို ပိုပြီး စိတ်ပေါ့ပါးသွားစေပါတယ်။
“ကဲ ကောင်းပြီ ကလပ်တစ်ခုလုံး ဒီပြဇာတ်မှာ ပါရမယ် ဒါဆိုရင် ဘယ်ဟာကို လုပ်ကြမလဲဆိုတာ ရွေးကြရအောင်။ ငါပြောတဲ့ ဇာတ်လမ်းကို ကြိုက်ရင် လက်ထောင်ကြ။ ငါတို့ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ကြမယ်။ ပထမဆုံး... Critical Mass”
မီဆိုရဲ့ အသံဟာ တစ်စုံတစ်ရာကြောင့် ပုံမှန်ထက် ပိုပြီး တက်ကြွနေသလိုပါပဲ။
* * * * * * * * *
မာရူး အိမ်ပြန်ရောက်တာနဲ့ အရင်ဆုံး လုပ်တာက ဇာတ်ညွှန်းကို ထုတ်ကြည့်တာပါပဲ။ အဲဒါက ‘ဒယ်လ်ဆောက်ဒုံက လူများ’ ဆိုတဲ့ ပြဇာတ်ပါ။ ထူးဆန်းတာက ကလပ်က လူအားလုံး သူအပါအဝင် ဒီပြဇာတ်ကိုပဲ ရွေးချယ်ခဲ့ကြတာပါပဲ။
‘မီဆိုက ကလေးတွေ ဘာကြိုက်လဲဆိုတာကို ကြိုပြီး ကောင်းကောင်း သိနေတာ ဖြစ်နိုင်တယ်’
ခေါင်းဆောင်ကောင်းဆိုတာ မိမိဦးဆောင်တဲ့ လူတွေကို သိဖို့ လိုအပ်တာကိုး။ မီဆိုကိုယ်တိုင် ပြောသလိုပဲ၊ သူမက လူအကဲခတ် တော်ပုံရပါတယ်။ သက်သေအနေနဲ့ ကလပ်က ကျောင်းသား ၁၂ ယောက်လုံးက ပြဇာတ်တစ်ခုတည်းကိုပဲ တူညီစွာ ရွေးခဲ့ကြတာဟာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။
“လူငယ်တစ်ယောက်ပေါ့”
ဇာတ်ကောင်မှာ နာမည်မရှိသလို ဘယ်သူကမှလည်း ခေါ်မှာ မဟုတ်ဘူး။ သူက... လူငယ်တစ်ယောက် အနေနဲ့ပဲ ပါရမှာပါ။ အဲဒါက မာရူး တာဝန်ယူရမယ့် ဇာတ်ကောင်ပါ။ စကားပြောကလည်း သုံးခွန်းပဲ ရှိတယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်း ၅ ခန်းလောက်မှာတော့ ပါရလိမ့်မယ်။ အခြေအနေတစ်ခုကို ကြည့်ပြီး “ဟင်” လို့ အော်ပြီး ပျောက်သွားတတ်တဲ့ လမ်းသွားလမ်းလာ နေရာမျိုးပေါ့။
အခြေခံအားဖြင့်တော့ နောက်ခံလူ တစ်ယောက်ပါပဲ။ ဒီဇာတ်ကောင်ကို ဖြုတ်ပစ်လိုက်ရင်တောင် ပြဇာတ်က ဘာမှ ထိခိုက်သွားမှာ မဟုတ်ဘူး။ မာရူးကတော့ အဲဒီဇာတ်ကောင်ကို အဲဒီလိုပဲ မြင်မိတယ်။
* * * * * * * * *
“ဟေးးးး”
မီဆိုက လက်သီးကို အပေါ်မြှောက်ပြီး ဝမ်းသာအားရ ခုန်ပေါက်နေတယ်။ တေးဆစ်က သူမ ဘာကြောင့် ဒီလောက် ပျော်နေရတာလဲလို့ မေးလိုက်မိတယ်။ သူမရဲ့ ပျော်ရွှင်မှုတွေက ကူးစက်တတ်သလားပဲ၊ တေးဆစ်ရဲ့ မျက်နှာမှာလည်း အပြုံးတွေ ပေါ်လာတယ်။
“သူ ငါးစာကို ကောင်းကောင်း ဟပ်လိုက်ပြီဟေ့”
“ငါးစာ”
“ဪ... မာရူးအကြောင်း ပြောတာပါ။ သူ ဘယ်လို ဇာတ်ကောင်မျိုးကို တာဝန်ယူလိုက်ရလဲဆိုတာ သူ လုံးဝ မသိသေးဘူး။ အိုး... တကယ်ကို ရင်ခုန်ဖို့ ကောင်းလိုက်တာ”
“အဲဒီလောက်တောင်ပဲလား”
“ဒါပေါ့ သူကတော့ သူ့နေရာက ဘာမှ အသုံးမဝင်ဘူးလို့ ထင်နေမှာ သေချာတယ်။ ကဲ... ငါ့ရဲ့ ပထမအဆင့် အစီအစဉ်ကတော့ အောင်မြင်သွားပြီ။ ငါသာ ဒါကို ကောင်းကောင်း လုပ်နိုင်ရင်တော့... ဟဲဟဲ”
တေးဆစ် တစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိတယ်။ မီဆိုက ယေဘုယျအားဖြင့် လူကောင်းတစ်ယောက် ဖြစ်ပေမယ့် သူမမှာ တကယ်ကို ကြောက်စရာကောင်းတဲ့ အချိန်တွေ ရှိတတ်တာကိုး။ သူမ တစ်ခုခုကို ဆုံးဖြတ်ပြီးပြီဆိုရင်တော့ တကယ့်ကို ပြတ်သားတဲ့ စစ်သေနာပတိကြီးလိုပါပဲ။
“ဒါနဲ့ အိုပါး”
“ဗျာ... ဗျာ”
တေးဆစ်က သူမရဲ့ ခွန်အားတွေကြောင့် အလိုလို နောက်ဆုတ်လိုက်မိတယ်။
“စကားကို နည်းနည်းလောက် ပေါ့ပေါ့ပါးပါး ပြောလို့ မရဘူးလား”
“အာ... အင်း... ဟုတ်တာပေါ့”
“ဟင်း”
တေးဆစ်က မီဆိုကို ဖက်လိုက်ရင်း ဘားတင်ဒါကို အားနာသလို ပြုံးပြလိုက်တယ်။
“ကောင်းတဲ့ အချိန်လေးတွေပါပဲ” လို့ အသက်ကြီးကြီး ဘားတင်ဒါက အားရပါးရ ရယ်မောရင်း မှတ်ချက်ပေးလိုက်ပါတော့တယ်။
* * * * * * * * *
အခန်း(၆၀)
“မင်းကို ငါ မုန်းလည်း မုန်းတာမို့ ချစ်လည်း ချစ်နိုင်တာပေါ့”
မာရူးသည် သူဖတ်နေသော စာအုပ်၏ နောက်ဆုံးစာကြောင်းကို အသံထွက်၍ ဖတ်လိုက်သည်။ ထိုစာသားက သူ့နှလုံးသားကို တော်တော်လေး ရိုက်ခတ်သွားစေ၏။
အချစ်နှင့် အမုန်းဆိုသည်မှာ အကြွေစေ့တစ်ခု၏ ခေါင်းနှင့်ပန်းလိုပင် အခြေခံအားဖြင့် တူညီသော်လည်း အဆုံးသတ်တွင်မူ စိတ်ခံစားချက်တစ်ခုတည်းသာ ဖြစ်သည်။ တကယ်တမ်းကျတော့ လူတစ်ယောက်အပေါ် တကယ့်ကို မုန်းတီးသွားပြီဆိုလျှင် ထိုသူနှင့် ပတ်သက်သည့် ဂရုစိုက်မှုအားလုံးကိုပါ စွန့်ပယ်ပစ်လိုက်ကြသည် မဟုတ်ပါလား။
“စာတွေ တော်တော်ဖတ်နေတာပဲနော်”
မာရူးသည် သူ့ဘေးနားမှ ထွက်လာသော အသံကြောင့် လန့်ပြီး ခုန်ထမိသွားသည်။ အမျိုးသမီးတစ်ယောက် ဖြစ်နေ၏။ သူမသည် အဖြူရောင် ဝတ်စုံကို ကျကျနန ဝတ်ဆင်ထားပြီး မာရူး မကြာသေးမီက ငှားလာခဲ့သော ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ စာအုပ်ကို လှန်လှောကြည့်ရှုနေသည်။
“ကျွန်တော့်ကို လန့်အောင်လုပ်ပြီး သတ်မလို့လားဗျာ”
“စိတ်မပူပါနဲ့၊ ရှင့်နှလုံးသားက တော်တော်လေး သန်မာပါတယ်လို့ ကျမ အာမခံနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အချိန်က ခြောက်လတောင် ရှိသွားပြီပဲ။ ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား”
“တော်တော်လေး အဆင်ပြေပါတယ်။ လွန်ခဲ့တဲ့ ၄၅ နှစ်တာ ကျွန်တော့်ဘဝကြီးက အခုတော့ အိပ်မက်တစ်ခုလိုပဲ ခံစားနေရတယ်”
“ကြားရတာ ဝမ်းသာပါတယ်။ တချို့လူတွေဆိုရင် သူတို့ရဲ့ ဘဝသစ်နဲ့ အသားမကျနိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာမျိုးတွေတောင် ရှိတာ”
“အော်... အဲဒီလိုလား။ ဒါနဲ့ အခု ဒီကို ဘာကိစ္စများ ရှိလို့လဲ”
“ရှင့်အခြေအနေကို လာကြည့်တာပါ။ ဒါက ကျမရဲ့ တာဝန်တွေထဲက တစ်ခုလေ”
ထိုအမျိုးသမီးသည် စာအုပ်ကို အမြန်ဝေ့ကြည့်ပြီးနောက် စာအုပ်စင်ပေါ်သို့ ပြန်တင်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူမ၏ စူးစမ်းချင်စိတ် ပြည့်နေသော မျက်လုံးများက သူရေးထားသော ဇာတ်ညွှန်းဆီသို့ ရောက်သွား၏။
“ဘဝသစ်ကို ကျေနပ်ရဲ့လား”
“မသိသေးပါဘူး။ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေ အများကြီး ရှိသေးတာပဲ။ အဲဒါတွေ ပြီးသွားမှပဲ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတာကို ပြောလို့ရမယ် ထင်တယ်”
“ရှင်ကတော့ အတော်လေး ပြင်ဆင်ထားတဲ့ပုံပဲ”
“ဒါက ကျွန်တော် လုပ်နိုင်သမျှ အနည်းဆုံးအရာပဲလေ။ အနာဂတ်အကြောင်း ကျွန်တော် သိပ်မသိပေမဲ့ ဘာပဲဖြစ်လာဖြစ်လာ ကြိုတင်ပြင်ဆင်ထားတာကတော့ အကောင်းဆုံးပဲ မဟုတ်လား”
“အဲဒါလည်း ဟုတ်တာပါပဲ”
ထိုအမျိုးသမီးသည် အခန်းထဲကို ဝေ့ကြည့်နေ၏။ အိမ်ငှားမည့်သူတစ်ယောက်က အိမ်ကို လိုက်ကြည့်နေသလိုမျိုးပင်။ ‘နေရောင်ရော ကောင်းကောင်းရရဲ့လား’ ဟု သူမက လှမ်းမေးလျှင်တောင် ထူးဆန်းနေမည် မဟုတ်ပေ။
“ဒါဆို မေးခွန်းကို နည်းနည်း ပြောင်းလိုက်မယ်။ အခုဘဝက ပျော်စရာကောင်းရဲ့လား”
ပျော်စရာ...။ မာရူးအတွက်တော့ ထိုမေးခွန်းက ပိုပြီး ခက်ခဲနေသည်။ သူ ခဏလောက် စဉ်းစားနေပြီးမှ ခေါင်းခါပြလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် အလုပ်တွေနဲ့ပဲ ရှုပ်နေအောင် လုပ်ထားတယ်လို့ပဲ ပြောလို့ရမယ်၊ ပျော်စရာကောင်းလားဆိုတာတော့ မသိဘူး။ ပျော်စရာကောင်းတဲ့ အချိန်လေးတွေတော့ ရှိခဲ့တာပေါ့၊ ဒါပေမဲ့ အလုံးစုံကတော့... အော်၊ နောင်တရနေတယ်လို့ ပြောတာ မဟုတ်ဘူးနော်။ ‘ပျော်စရာ’ ဆိုတဲ့ စကားလုံးကကို မူလကတည်းက သိပ်ပြီး ဝေဝါးလွန်းနေတယ်လို့ ထင်လို့ပါ”
“မှန်တာပေါ့။ တကယ့်ကို ဝေဝါးတဲ့ စကားလုံးပါ။ လူတိုင်းရဲ့ ဘဝရည်မှန်းချက်လို့ ပြောလို့ရသလို၊ ရိုးရှင်းတဲ့ အခြေအနေတွေကို ဖော်ပြဖို့ သုံးကြပေမဲ့ ဒါထက် ပိုပြီး ရှုပ်ထွေးတဲ့ စကားလုံးလည်း မရှိတော့ဘူးလေ”
ထိုအမျိုးသမီးသည် အကြည့်ကို တခြားဆီသို့ လွှဲလိုက်သည်။ သူမက လူသားတစ်ယောက် ဖြစ်ဖို့အတွက်တော့ လှလွန်းနေသည်။ ထိုမျက်နှာလေးပေါ်တွင် စူးစမ်းချင်စိတ်များ ဖြတ်ပြေးသွားသည်ကို မာရူး သတိထားမိလိုက်၏။
“ဒါနဲ့ စကားမစပ်... မာရူး၊ ရှင်က တကယ့်ကို မပြောင်းလဲဘူးပဲနော်”
“ကျွန်တော်လား”
“ဟုတ်ပါတယ်။ အမှန်အတိုင်းပြောရရင် ရှင်က ဒီဘဝမှာ နည်းနည်းလောက် ပိုပြီး အတ္တဆန်လာလိမ့်မယ်လို့ ကျမ ထင်ထားခဲ့တာ”
“ကျွန်တော်လည်း တော်တော်လေးတော့ အတ္တဆန်ဆန် ရှင်သန်နေတာပါပဲ”
“တကယ်ပဲ အဲဒီလို ထင်လို့လား”
“ကျွန်တော် တခြားသူတွေကိုလည်း ဒုက္ခမပေးသလို၊ တခြားသူတွေဆီကလည်း ဒုက္ခမခံဘူး။ ကိုယ်လိုချင်တာရဖို့အတွက် တခြားသူကို ဒုက္ခပေးရမယ့်အလုပ်ကိုလည်း မလုပ်ချင်ဘူး။ အခုလက်ရှိ အခြေအနေက ကျွန်တော့်အတွက် အဆင်ပြေပါတယ်”
“နားလည်ပါပြီ။ ဒါဆို ကလပ်မှာရော ဘယ်လိုလဲ”
“ကလပ် ”
“ဟုတ်တယ်။ ရှင့်ရဲ့ ကလပ်က လူတွေက ရှင့်အပေါ် သိပ်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတာ မဟုတ်ဘူးလေ။ ရှင် ဒုက္ခရောက်နေတာ မဟုတ်ဘူးလား”
ထိုအမျိုးသမီးသည် ဤကမ္ဘာလောကကြီးအကြောင်းကို တော်တော်လေး စိတ်ဝင်စားနေပုံရသည်။ သို့မဟုတ်လျှင်လည်း မာရူးအကြောင်းကိုပဲ စိတ်ဝင်စားနေခြင်းလည်း ဖြစ်နိုင်၏။
“ကလေးတွေ ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်တွေအကြောင်း ပြောတာလား”
“ဟုတ်ပါတယ်။ ကျမက ဒီအလုပ်ကို စလုပ်ခါစဆိုတော့ ဒါတွေက ကျမအတွက် အရမ်းကို စိမ်းနေလို့ပါ။ အခုထိ လူဆယ်ယောက်နဲ့ တွေ့ခဲ့ဖူးပေမဲ့ ရှင်ကတော့ အထူးခြားဆုံးပဲ။ ဒါတွေကို ရှင် စိတ်မအနှောင့်အယှက် ဖြစ်ဘူးလား”
ထိုအမျိုးသမီးသည် သူ့ကို ရန်စလိုသော သဘောဖြင့် မေးနေခြင်း မဟုတ်ဘဲ၊ သူ့၏ အမြင်ကို သိချင်သော စူးစမ်းစိတ်သက်သက်ဖြင့် မေးနေခြင်း ဖြစ်သည်။ ထိုအခါမှသာ မာရူးသည် ဤအမျိုးသမီးအပေါ် ခံစားနေရသော ထူးဆန်းမှုကို သဘောပေါက်သွားတော့၏။ သူမသည် ဘာခံစားချက်မှ မရှိသော စက်ရုပ်တစ်ရုပ်နှင့် တူနေခြင်းပင်။
“ခင်ဗျားမှာ အကောင်းနဲ့ အဆိုးကို ခွဲခြားနိုင်တဲ့ အသိစိတ် တိတိကျကျ ရှိရဲ့လား”
“ရှိတယ်လို့ ပြောလို့ရမှာပေါ့”
“ဒါဆိုရင် ခင်ဗျားလည်း စိတ်သဘောထား ပြောင်းလဲသွားနိုင်တာပေါ့”
“အဲဒီစကားလုံးက ကျမတို့နဲ့ မကိုက်ညီဘူး။ ကျမတို့က အမြဲတမ်း ကျေနပ်နှစ်သိမ့်နေတဲ့ အခြေအနေမှာ ရှိနေတာ။ အဲဒီတော့ စိတ်ခံစားချက်တွေရဲ့ လွှမ်းမိုးမှုကို မခံရဘူး”
“ကျွန်တော် ဒါကို သိချင်နေတာ ကြာပြီ... ခင်ဗျားက ဘုရားသခင်လား”
“ကျမ ဒါကို အရင်ကလည်း ပြောဖူးပါတယ်။ ကျမတို့က ရှေးလူတွေခေါ်ခဲ့ကြတဲ့ နတ်သမီး ဒါမှမဟုတ် မိစ္ဆာတွေနဲ့ ပိုနီးစပ်ပါတယ်။ ဒါကတော့ ရှင်တို့ လူသားတွေ ကျမတို့ကို သတ်မှတ်ခဲ့ကြတာပေါ့။ ကျမတို့က ‘သူ’ ဖန်တီးထားတဲ့ အတွင်းရေးမှူးတွေလိုပါပဲ။ ကျမ ဘာလဲဆိုတာကိုတော့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ပြဖို့ ခက်ပါတယ်။ နတ်သမီး၊ မိစ္ဆာ၊ သေမင်း... အကုန်လုံးကတော့ နည်းနည်းစီ ဆင်တူနေတာပဲ”
“ဒါဆို အထက်က ပုဂ္ဂိုလ်တစ်ယောက် ရှိနေတာတော့ သေချာတာပေါ့။ ထားပါတော့၊ ဒါက အခုလောလောဆယ် အရေးမကြီးပါဘူး။ ခုနက ခင်ဗျားမေးခဲ့တဲ့ စိတ်အနှောင့်အယှက် ဖြစ်လားဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ပြန်မေးပါရစေ။ မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက် ရှိတယ်ဆိုပါစို့။ မရင့်ကျက်သေးတဲ့ ဘယ်သူမဆို လူသားတစ်ယောက်အဖြစ် ကြီးပြင်းရင့်ကျက်လာဖို့ အခွင့်အရေး ရသင့်တယ်လို့ ခင်ဗျားယုံကြည်တယ်ဆိုတဲ့ အယူအဆအောက်ကနေ ဒီမေးခွန်းကို ဖြေပေးစေချင်ပါတယ်”
“နားလည်ပါပြီ”
“အဲဒီကလေးက ခင်ဗျားကို လက်ညှိုးထိုးပြီး ‘ရုပ်ဆိုးလိုက်တာ’ လို့ ပြောလာရင် ခင်ဗျား ဘာလုပ်မလဲ”
“အာ... ရှင်းပြတာ တော်တော်ကောင်းတာပဲ။ မစ္စတာမာရူးမှာ ဆရာလုပ်နိုင်တဲ့ ပါရမီလည်း ရှိတာပဲနော်”
ထိုအမျိုးသမီးက နားလည်သွားသလို ခေါင်းညိတ်ပြသည်။ ဂွန်ဆော့နှင့် ယွန်ရင်တို့က သူ့ကို သဘောမကျကြမှန်း မာရူးက ဘယ်သူ့ထက်မဆို ပိုသိသည်။ သူတို့၏ အကြည့်များက အစကတည်းက ရန်လိုနေခဲ့သည် မဟုတ်လား။ သို့သော် မာရူးက ဒါကို ဘယ်လို ကိုင်တွယ်ရမည်နည်း။
‘အဲဒါကို လိုက်ပြီး ဖြေရှင်းနေရမှာကကို အလုပ်အများကြီး ပိုတာ’
ဒီလို ကိစ္စလေးတွေအပေါ် ဒေါသထွက်နေလျှင် ထိုသူကို လူကြီးတစ်ယောက်ဟု ခေါ်နိုင်ပါဦးမည်လော။ အကယ်၍ သူသာ စိတ်တိုပြလိုက်လျှင် လူမှုပတ်ဝန်းကျင်က သူ့ကိုပါ မရင့်ကျက်သေးသူအဖြစ် ကဲ့ရဲ့ကြပေလိမ့်မည်။ သေချာတာကတော့ အထက်တန်းကျောင်းသားတစ်ယောက်၏ အမြင်အရ မာရူး၏ လုပ်ရပ်များက သူ့သူငယ်ချင်းများအတွက် ထူးဆန်းနေပေလိမ့်မည်။
သူက စိတ်တောင်မဆိုးဘူးလား။
သူက ဂွန်ဆော့ကို ကြောက်နေတာလား။
သူကပဲ ဂရုမစိုက်တာလား။
မာရူးအတွက်မူ ဂွန်ဆော့ ဘာလုပ်လုပ်၊ ယွန်ရင် ဘာပြောပြော စိတ်ဝင်စားနေစရာ အကြောင်းမရှိပေ။ စိတ်ဝင်စားနေလျှင်မှ ပိုပြီး ထူးဆန်းနေပေလိမ့်မည်။ အကယ်၍ သူတို့က သူငယ်ချင်းတွေသာ ဖြစ်ခဲ့လျှင်တော့ တစ်မျိုးပေါ့။ ထိုသို့ဆိုလျှင်တော့ မာရူး သူတို့နှင့် သေသေချာချာ စကားပြောဖြစ်မှာ အသေအချာပင်။
“ရှင့်ရဲ့ အတွေးအမြင်ကို အခုတော့ ကျမ သဘောပေါက်သွားပါပြီ မာရူး။ ဒါက ရုပ်ရှင်ရိုက်နေသလိုမျိုးပဲနော်”
“ရုပ်ရှင် ”
“ရှင်က ကိုယ့်ကိုယ်ကိုယ် ကင်မရာတစ်လုံးကနေ ကြည့်နေသလိုမျိုးပဲ။ အရာရာကို အရှိအတိုင်းပဲ ကြည့်နေတာ။ ရှင် ဘာလို့ အမြဲတမ်း ယုတ္တိတန်တန် စဉ်းစားနေတတ်လဲဆိုတာ အခုမှ သိတော့တယ်”
မာရူးသည် မသိစိတ်ကြောင့် မျက်နှာကျက်ကို မော့ကြည့်လိုက်မိသည်။ ထိုအချိန်တွင် သူ့ကို ရိုက်ကူးနေသော ကင်မရာတစ်လုံးကို ထိုနေရာတွင် တွေ့လိုက်ရသလိုမျိုး ခံစားလိုက်ရ၏။ ကင်မရာထဲက ဘဝ... မှန်နိုင်ပါသည်။ သူသည် ဤစိတ်ဖိစီးစရာကောင်းသော အခြေအနေများတွင် လွတ်လပ်နေသည်မှာ သူ ရင့်ကျက်နေ၍ မဟုတ်ဘဲ ထိုအရာများကို ပြဿနာဟုကို မသတ်မှတ်ခဲ့၍လည်း ဖြစ်နိုင်ပါသည်။
ဒါက... မှားနေတာလား။
မာရူး ထိုမေးခွန်းအတွက် အဖြေကို ချက်ချင်း ရှာမတွေ့ခဲ့ပေ။ သို့သော် ကောင်းမွန်သော အခြေအနေမျိုးတော့ မဟုတ်နိုင်သည်မှာ သေချာလှသည်။
“ရှင့်ရဲ့ နာရီက ရှင်သေဆုံးသွားတဲ့နေ့မှာတင် ရပ်တန့်သွားခဲ့တာ ဖြစ်နိုင်ပါတယ် မာရူး။ ရှင် ဒီမှာ ရှင်သန်နေပေမဲ့ ရှင့်ရဲ့ အကြည့်တွေက တခြားနေရာကို ရောက်နေသလိုပဲ”
“ဒါက ပြဿနာလား”
“မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး။ ကျမက စောင့်ကြည့်နေရုံသက်သက်ပါ။ ကျမရဲ့ ကိုယ်ပိုင် စူးစမ်းချင်စိတ် ပြည့်ဝသွားအောင် မေးကြည့်တာပါ။ ရှင့်ရဲ့ ဘဝကို ဘယ်လိုပုံဖော်မလဲဆိုတာကတော့ ရှင့်ရဲ့ ဆုံးဖြတ်ချက်ပဲပေါ့။ ဒါပေမဲ့ ကျမရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရတော့ ရှင် ဒီဘဝမှာ နည်းနည်းလောက် ပိုပြီး လောဘကြီးစေချင်တယ်”
“ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ဂရုစိုက်တယ်လို့ ထင်တာပဲ”
“ဒီထက် ပိုပြီး ဂရုစိုက်သင့်တယ်လို့ ထင်တာပဲ”
“ခင်ဗျားဆီက ဒီလိုစကားမျိုး ကြားရတာ နည်းနည်းတော့ ထူးဆန်းနေတယ်”
မာရူးက ထိုအမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည် ဘက်မလိုက်ဘဲ ကြားနေပဲ နေမည်ဟု ခုနကတင် ပြောခဲ့သည် မဟုတ်ပါလား။ သို့ဆိုလျှင် ယခု ဘာဖြစ်လို့ သူ့ကို ပိုပြီး အတ္တဆန်ဖို့ တိုက်တွန်းနေရပါသနည်း။
ထိုအမျိုးသမီးသည် လှပစွာ ပြုံးလိုက်သည်။ သူမက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သောအခါ မာရူး၏ ရှေ့တွင် ငွေရောင် ပိတ်ကားတစ်ခု ဖုံးလွှမ်းသွား၏။ ၎င်းသည် မှန်တစ်ချပ်လိုပင် မာရူး၏ မျက်နှာကို ပြန်လည် ထင်ဟပ်နေစေသည်။
ထိုပိတ်ကားပေါ်က မျက်နှာသည် ပြောင်းလဲသွားခဲ့၏။
“ဒါက...”
ပိတ်ကားပေါ်တွင် ပေါ်လာသော မျက်နှာမှာ မာရူးကို တစ်ခါပြန်ရှင်သန်ခွင့် ပေးခဲ့သော အဘွားအို၏ မျက်နှာဖြစ်သည်။ မဟုတ်သေး၊ သူမက အဘွားအိုတစ်ယောက်နှင့် မတူတော့ပေ။ နူးညံ့ချောမွေ့သော ဆံပင်များနှင့် ဖြူဝင်းသော အသားအရေကြောင့် မှန်ထဲတွင် နတ်သမီးလေးတစ်ပါးအလား ဖြစ်နေသည်။ သို့သော်လည်း မာရူးက သူမကို မှတ်မိနေပါသေးသည်။
အဘွားအိုသည် သူမ၏ ဘေးနားက လူများနှင့် ပျော်ရွှင်စွာ စကားပြောနေ၏။ မာရူးနှင့် မျက်လုံးချင်း ခဏတာ ဆုံသွားသောအခါ သူမက သူ့ကို စကားပြောရန် ပါးစပ်ဟလိုက်သည်။ မှန်ထဲမှ သူမ၏ အသံကို မကြားရသော်လည်း သူမ၏ နှုတ်ခမ်းလှုပ်ရှားမှုများကို ကြည့်ခြင်းဖြင့် မာရူး နားလည်နိုင်ခဲ့သည်။
“အဆင်ပြေပြေ နေရဲ့လား”
ငွေရောင်ပိတ်ကားသည် ပျောက်ကွယ်သွား၏။ အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးသည် သူ့အမြင်အာရုံထဲသို့ ပြန်လည် ရောက်ရှိလာသည်။
“ပိတ်ကားထဲက အမျိုးသမီးက ရှင့်ကို ပျော်ရွှင်စေချင်ရုံ သက်သက်ပါ။ ကျမ ရှင့်ကို ပြောခဲ့တာတွေကလည်း အဲဒီအမျိုးသမီးက ရှင့်ကို ပေးချင်တဲ့ မက်ဆေ့ခ်ျတွေပါပဲ။ မူလကတော့ အိပ်မက်ထဲကနေ ပေးပို့ဖို့ ကြိုးစားခဲ့တာပေမဲ့ အချိန်ကန့်သတ်ချက်ကြောင့် အခုလိုပဲ ကိုယ်တိုင် လာခဲ့ရတာ”
“အချိန်ကန့်သတ်ချက်ဆိုတာက...”
“ဒါက ကျမတို့ရဲ့ နောက်ဆုံးတွေ့ဆုံခြင်းပါပဲ။ ရှေ့လျှောက် တွေ့ဖြစ်တော့မှာ မဟုတ်ဘူး။ ခွဲထွက်သွားတဲ့ အချိန်မှတ်က အခုတော့ တည်ငြိမ်သွားပါပြီ”
“တည်ငြိမ်သွားပြီ ”
“ဒီကမ္ဘာကြီးက ‘တစ်ခုတည်း’ ရှိတာ မဟုတ်ဘူး။ လူတစ်ယောက်ချင်းစီရဲ့ လုပ်ရပ်တွေအပေါ် မူတည်ပြီး အချိန်ခွဲလေးတွေ အများကြီး ဖန်တီးနိုင်ပါတယ်။ အခုလေးတင် ရှင့်ရဲ့ သေဆုံးခဲ့တဲ့ ဘဝကြီးက တည်ငြိမ်သွားခဲ့ပြီ”
“ကျွန်တော် သေဆုံးခဲ့တဲ့ ဘဝ ”
မာရူး ခဏလောက် ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။
“ဟုတ်ပါတယ်”
“ဒါပေမဲ့ ကျွန်တော်က အတိတ်ကို ပြန်ရောက်လာတာလေ”
“မှန်ပါတယ်။ အဲဒီနေရာမှာတင် အချိန်မှတ်က ခွဲထွက်သွားတာပေါ့။ ရှင် အနာဂတ်ကနေ ပြန်ရောက်လာတဲ့ အချိန်မှတ်တစ်ခု ရှိသလို၊ ရှင် သေဆုံးသွားခဲ့တဲ့ အချိန်မှတ်တစ်ခုလည်း ရှိနေတယ်”
“ဒါပေမဲ့ ကျွန်တော်က သေသွားပြီလေ၊ ဒါဆို ဘယ်လိုလုပ်...”
“အဲဒါကြောင့်ပဲ အချိန်ခွဲတစ်ခု ထပ်ထွက်လာရတာပေါ့။ ဟိုဘက် အချိန်ခွဲမှာတော့ ရှင့်ရဲ့ သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှုတွေ အခုပဲ ပြီးဆုံးသွားပြီ။ တခြားလူတွေနဲ့ ယှဉ်ရင်တော့ တော်တော်လေး အချိန်ယူလိုက်ရတာပေါ့”
“ကျွန်တော့်မိန်းမ... ကျွန်တော့်သမီး... သူတို့က ကျွန်တော် မရှိဘဲနဲ့ ဘဝကို ဆက်ပြီး ဖြတ်သန်းနေကြတာလား”
“ဟုတ်ပါတယ်”
“ဘုရားရေ...”
မာရူးသည် အံ့သြလွန်း၍ ဂုတ်နွေးမွေးများပင် ထောင်သွားရသည်။ သူကတော့ သူ အတိတ်ကို ပြန်ရောက်လာခဲ့သဖြင့် သူ့မိသားစုလည်း ဒုက္ခခံစရာ မလိုတော့ဘူးဟု တစ်ချိန်လုံး ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့သည် ဤအချိန်များတစ်လျှောက်လုံး နာကျင်မှုတွေကြားမှာ ရှင်သန်နေခဲ့ရသည်ဟု တွေးမိသောအခါ...
“ဒါက ဘဝပဲလေ။ လူတစ်ယောက်ရဲ့ ဘဝကို ဒီအတိုင်းကြီး ဖျောက်ပစ်လို့ မရဘူး။ ရှင် မရှိတော့တာနဲ့ပဲ ကျန်တဲ့သူတွေရဲ့ ဘဝက အဓိပ္ပာယ်မဲ့သွားတာမှ မဟုတ်တာ”
မာရူးသည် ကျောရိုးထဲအထိ စိမ့်သွားသလို ခံစားလိုက်ရသည်။ သို့ဆိုလျှင် သူ့မိသားစုက...
“အဲဒါကြောင့် ကျမ ရှင့်ကို ပြောနေတာပေါ့။ ရှင့်အတွက် ရှင်သန်ပါ။ မိသားစုကို ဒီလို ဝမ်းနည်းမှုမျိုး နှစ်ခါပြန် ခံစားစေရတာက တကယ်ကို ရက်စက်ရာ ကျပါလိမ့်မယ်”
“... ကျွန်တော့်မိန်းမရော အဆင်ပြေရဲ့လား”
“သူ ရှင့်ကို လွမ်းနေတုန်းပါပဲ။ ဒါပေမဲ့ အရင်လို မငိုတော့ပါဘူး။ သူ့မှာ စောင့်ရှောက်ရမယ့်သူ ရှိနေပြီလေ”
“... ကျွန်တော့်ရဲ့ အသက်အာမခံကရော၊ လျော်ကြေးငွေ ရခဲ့ရဲ့လား”
“ဟုတ်ကဲ့၊ အဆင်ပြေပါတယ်”
“ကျွန်တော့်သမီးလေးရော...”
“မာရူး”
“ဟုတ်ကဲ့”
“ရှင့်မှာ အဲဒီကမ္ဘာနဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူး”
“... ဒါပေမဲ့လည်း ကျွန်တော် သိချင်သေးတယ်။ ကျွန်တော့်သမီးလေးရော အဆင်ပြေရဲ့လား”
“ဖခင်မရှိတဲ့ ကလေးတစ်ယောက်ကတော့ ဘယ်လိုမှ မပျော်ရွှင်နိုင်ပါဘူး”
မာရူး၏ ရင်ထဲမှာ တစ်ချက် ဆစ်ခနဲ ခံစားလိုက်ရသည်။ သူ ချစ်ရသော အမျိုးသမီး နှစ်ယောက်လုံးသည် ဤမျှကြာအောင် နာကျင်နေခဲ့ရပြီး၊ သူကတော့ ဤဘက်တွင် ဘဝကောင်းတစ်ခုကို ရရှိနေခြင်းအပေါ် တောင်းပန်ချင်စိတ်နှင့် ရှက်စိတ်များ ဝင်လာမိသည်။ သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့၏။
“ကျွန်တော်... ကျွန်တော် သူတို့နဲ့ စကားပြောနိုင်မယ့် နည်းလမ်း ရှိမလား”
“ဖြစ်နိုင်ပါတယ်။ အိပ်မက်ဆိုတဲ့ ကြားခံနယ်မြေကို သုံးမယ်ဆိုရင်ပေါ့။ ရှင် ကယ်ခဲ့တဲ့ လူတွေအားလုံးက ရှင့်ကို ပျော်ရွှင်စေချင်နေကြတာဆိုတော့ ဒီလောက်တော့ ကျမ လုပ်ပေးနိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ်”
မာရူး အကြာကြီး စဉ်းစားနေမိသည်။ သူ အထပ်ထပ် စဉ်းစားနေမိရာ အချိန်သည် ပုံမှန်ထက်ပင် ပို၍ နှေးကွေးစွာ စီးဆင်းနေသလို ခံစားနေရသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်မူ သူ့မိသားစုကို ပြောချင်သော စကားတစ်ခွန်းကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့ပြီ။
“ကျေးဇူးပြုပြီး ကျန်းကျန်းမာမာနဲ့ နေကြပါ”
မာရူးသည် ထိုစကားကို ပြောပြီးနောက် ပါးစပ်ကို ပိတ်လိုက်သည်။ ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များက သူ့ရင်ဘတ်ကို ပို၍ နာကျင်စေခဲ့တော့သည်။
* * * * * * * * *