← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း(၆၁)

သူဟာ ရင်းနှီးလွန်းလို့ စိတ်ကူးထဲမှာတင် ပုံဖော်ကြည့်လို့ရတဲ့ သူ့အခန်းထဲမှာ နိုးလာခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ ဒီအခန်းကြီးက သူ့အတွက် ထူးဆန်းနေသလိုပဲ။

မာရူး ကြမ်းပြင်ကို လက်နဲ့အသာအယာ ပွတ်သပ်ကြည့်လိုက်တော့ သစ်သားကြမ်းခင်းလေးက အနည်းငယ် ဖိလိုက်ရုံနဲ့ နိမ့်ဝင်သွားတယ်။ အဲဒါကို နှစ်ချက်၊ သုံးချက်လောက် ထပ်ဖိကြည့်ပြီးမှ မာရူး သက်ပြင်းတစ်ချက် ချလိုက်မိတော့တယ်။

“ အိပ်မက်လား ... ဒါမှမဟုတ် ... ”

မနေ့ညက မာရူး လမ်းမပေါ်မှာ အမျိုးသမီးနှစ်ယောက်ကို တွေ့ခဲ့တယ်။ လူအုပ်ကြီးထဲမှာ လက်ချင်းတွဲပြီး လျှောက်သွားနေတဲ့ သားအမိနှစ်ယောက်ပေါ့။ မာရူး ရင်ထဲက တက်လာတဲ့ ဝမ်းနည်းမှုတွေကို မျိုသိပ်ရင်း သူတို့နှစ်ယောက်ဆီကို လျှောက်သွားလိုက်တယ်။ သူတို့က မာရူးကို အံ့ဩတကြီး ကြည့်နေပြီးမှ ပြေးဖက်ကြတာ။ နွေးထွေးပြီး နူးညံ့တဲ့ အထိအတွေ့တွေက သူ့ကို တကယ့်ကို စိတ်သက်သာရာ ရစေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့မျက်နှာပေါ်ကနေ မျက်ရည်စက်လေးတွေ စပြုလာတော့တာပဲ။ မျက်ရည်တစ်စက်က မာရူးရဲ့ ပခုံးပေါ်ကို ကျလာတိုင်း တူနဲ့ အထုခံရသလိုမျိုး သူ ခံစားနေရတယ်။ မာရူး တစ်ယောက် ဝမ်းနည်းလွန်းလို့ အော်ဟစ်ပစ်လိုက်ချင်ပေမဲ့ အဲဒီအချိန်မှာတင် သူ့ရဲ့အချိန်တွေ ကုန်ဆုံးတော့မယ်ဆိုတာကို သူ သဘောပေါက်သွားတယ်။ ဒါကြောင့် ငိုနေမယ့်အစား သူ ပြောချင်တဲ့ စကားတွေကိုပဲ ပြောပြခဲ့လိုက်တယ်။

သူတို့နှစ်ယောက် ကျန်းကျန်းမာမာရှိဖို့ သူ့နှုတ်နဲ့ကိုယ်တိုင် ဆုတောင်းပေးနိုင်ခဲ့လို့ တော်ပါသေးတယ်။ အိပ်မက်ထဲမှာ သူ့မိသားစုက ကျန်းကျန်းမာမာရှိနေတာကို မြင်ရလို့လည်း ဝမ်းသာမိပါတယ်။ အကယ်၍ သူတို့သာ ပိန်ချုံးပြီး စိတ်ဓာတ်ကျနေတာကို မြင်ရမယ်ဆိုရင် သူ ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်တော့ဘူး။

လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ သမီးလေးက တော်တော်လေး အရပ်ရှည်လာတာပဲ။ ဒါမှမဟုတ်လည်း မာရူးက သေသေချာချာ ကြည့်ဖို့ အချိန်မရခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့သေဆုံးမှုကြောင့် သမီးလေးက နည်းနည်းတော့ ပိုပြီး ရင့်ကျက်လာတာကို သူ ရိပ်မိလိုက်တယ်။ ဒါဟာ သမီးလေးအတွက်တော့ ကောင်းတဲ့အချက်တစ်ခုပါပဲ။

သူ့မိန်းမကတော့ ... သူပေးခဲ့တဲ့ ဈေးပေါပေါ လက်ထပ်လက်စွပ်လေးကို ဝတ်ထားတုန်းပဲ။ အဲဒီလို ဝတ်ထားမယ်ဆိုရင် လူသစ်နဲ့ ဘယ်လိုလုပ် ဆုံနိုင်တော့မှာလဲ။ အသက် ၄၅ နှစ် ရှိပြီဆိုပေမဲ့ သူမကတော့ အရင်အတိုင်း နုပျိုနေတုန်းပါပဲ။ ဒီလိုလှပတဲ့ အမျိုးသမီးတစ်ယောက်က သူ့လိုလူကြောင့် ဒီလောက်အထိ ခံစားနေရတာကို တွေးမိတော့ ...

မာရူး ကြမ်းပြင်ပေါ်က လက်ကို ပြန်ခွာပြီး မျက်လုံးတွေကို ပွတ်လိုက်တယ်။ မျက်လုံးထဲက မျက်ရည်တွေကြောင့် မျက်ရည်စလေးတွေတောင် ထွက်နေပြီ။ အခု သူ့ပုံစံက တကယ့်ကို ကြည့်မကောင်းဖြစ်နေမှာ သေချာပါတယ်။

‘ တော်သေးတာပေါ့ ... သူတို့နဲ့ ပြန်ဆုံခဲ့ရလို့။ ’

သူ့မိန်းမ နိုးလာတဲ့အခါမှာတော့ သူ့ကို တွေ့ခဲ့တာကို မေ့သွားနိုင်ပါတယ်။ အိပ်မက်အများစုက နိုးလာတာနဲ့ ပျောက်ကွယ်သွားတတ်ကြတာကိုး။ မာရူးကတော့ သူ့မိန်းမ တကယ်ပဲ မေ့သွားဖို့ မျှော်လင့်ပါတယ်။ အိပ်မက်တစ်ခုကြောင့် သူမရဲ့ ဝမ်းနည်းမှုတွေ ပြန်ပေါ်မလာစေချင်ဘူးလေ။ သူ လိုချင်တာက တစ်ခုတည်းပါ၊ သူ့နေရာမှာ အစားထိုးနိုင်မယ့်သူ တစ်ယောက်ယောက် ပေါ်လာဖို့ပါပဲ။

တစ်ဖက်မှာလည်း သူ့ကို ဘယ်တော့မှ မမေ့စေချင်တဲ့ စိတ်ရိုင်းလေးကလည်း ရှိနေပြန်ရော။ သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေထဲမှာ သံမှိုတစ်ချောင်းလို စွဲမြဲနေချင်မိတာ။ ဒါက သူ့ရဲ့ အတ္တကြီးမှု၊ ရက်စက်မှုကြောင့်လည်း ဖြစ်နိုင်တာပေါ့။

မာရူး ရေချိုးလိုက်ပြီး အဲဒီအတွေးတွေကို ရေထဲမှာ မျောချပစ်ဖို့ ကြိုးစားလိုက်တယ်။ ပြီးတော့မှ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်မိတာ။ အဲဒီအချိန်ကျမှ သူတို့ရဲ့ ကမ္ဘာမှာ ဟန်မာရူးဆိုတဲ့လူ မရှိတော့ဘူးဆိုတဲ့ အမှန်တရားကို သူ လက်ခံလိုက်နိုင်တော့တယ်။

“ ကဲ ... အနည်းဆုံးတော့ ငါ့မှာ အသက်အာမခံတော့ ရှိသေးတာပဲ ” လို့ မျက်ရည်တွေ ကျနေဆဲဖြစ်တဲ့ မှန်ထဲက လူငယ်လေးက ပြောလိုက်ပါတော့တယ်။

* * * * * * * * *

ဒိုဂျင် ဒီနေ့တော့ မာရူးကို စကားမပြောဖို့ ဆုံးဖြတ်ထားတယ်။ ဒီနေ့ မာရူးရဲ့ ပုံစံက တစ်မျိုးကြီး ဖြစ်နေတာကိုး။ ဒိုဂျင်က စကားသွားပြောဖို့ ခဏခဏ ကြိုးစားပေမဲ့ စိုက်ကြည့်ရုံကလွဲလို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။

“ . . . တစ်ခုခု ဖြစ်လာတာပဲ၊ ဟုတ်တယ်မလား ”

“ သေချာတာပေါ့။ ”

ဒေးမြောင်ကိုယ်တိုင်လည်း တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်နေပုံရတယ်။ ဒိုဂျင် ခေါင်းခါလိုက်မိတယ်၊ သူလည်း ဘာလုပ်ရမှန်း မသိတော့ဘူးလေ။ အမြဲတမ်း တည်ငြိမ်ပြီး ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းက ကမ္ဘာပျက်တော့မယ့်အတိုင်း သက်ပြင်းတွေ တရစပ် ချနေတာကိုး။

အဲဒီအချိန်မှာပဲ ဒိုဂျင်က ဒိုဝူး အတန်းထဲကနေ နောက်ပေါက်က ထွက်သွားတာကို သတိပြုမိလိုက်တယ်။ သူ မထွက်ခင်မှာ မာရူးကို တစ်ချက် လှမ်းကြည့်သွားသေးတာ။

အမှန်အတိုင်းပြောရရင် ဒိုဂျင်က ဒိုဝူးကို သိပ်မကြည်ဘူး။ အရင်တုန်းက သူ့ပုံစံကို ဒိုဝူးဆီမှာ ပြန်မြင်နေရလို့လေ။ ဒိုဝူးက အနိုင်ကျင့်တာတွေ ရပ်လိုက်ကတည်းက ဒိုဂျင်လည်း ရန်မစတော့ပေမဲ့ သူငယ်ချင်းတွေတော့ မဟုတ်ကြပါဘူး။

‘ အဲဒီကောင်က ဘာဖြစ်လို့ . . . ’

မာရူးကို စိုက်ကြည့်နေတဲ့ ဒိုဝူးရဲ့ အကြည့်ထဲမှာ တစ်ခုခုတော့ ရှိနေမှာ သေချာတယ်။ ရန်လာစတာလား

“ ဒိုဝူးလည်း တစ်ခုခု ဖြစ်နေတာလား မသိဘူး ” လို့ ဒေးမြောင်က မှတ်ချက်ပေးတယ်။

ဒီကောင်က ဒိုဝူး သူ့ကို အနိုင်ကျင့်ခဲ့တာကို မေ့သွားတာလား ဘာလို့ အဲဒီလောက်အထိ သဘောကောင်းနေရတာလဲ။ ဒါပေမဲ့ ဒီလို သဘောကောင်းတာကလည်း ဒေးမြောင်ရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။

ခဏနေတော့ ဒိုဝူးက လက်ထဲမှာ စက္ကူခွက်လေး ကိုင်ပြီး အတန်းထဲကို ပြန်ဝင်လာတယ်။ အောက်ထပ်က စက်ထဲမှာ ဖျော်ရည် သွားဝယ်လာတာ ဖြစ်မှာပါ။ နှစ်ခွက်တောင် ပါတာဗျ။

သူက မာရူးရဲ့ နောက်မှာ လာရပ်တယ်။ ပြီးတော့မှ စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း ရေရွတ်ပြီး မာရူးရှေ့ကို လျှောက်သွားကာ ခွက်ကို စားပွဲပေါ်မှာ တင်ပေးလိုက်တယ်။

“ စိတ်ဓာတ်မကျစမ်းနဲ့ကွာ၊ မင်းကလည်း ... အဲ ... ဘာမှမဟုတ်တော့ဘူး။ ”

အဲဒီလိုပြောပြီး ဒိုဝူးက သူ့ထိုင်ခုံကို ပြန်သွားတော့တာပဲ။

ဒိုဂျင်တစ်ယောက် ကြောင်သွားရတယ်။ အဲဒီကောင်က မာရူးကို အားပေးဖို့ ကြိုးစားနေတာလား မာရူးကိုယ်တိုင်လည်း ကြောင်နေပုံရပါတယ်။ ခဏနေတော့မှ မာရူးက ပြုံးပြီး သူ့ကို ကျေးဇူးတင်စကား ပြောလိုက်တော့တယ်။

“ သူတို့က ခင်ကြလို့လား ”

“ မသိဘူးလေ။ ”

ဒိုဂျင်က မာရူးနဲ့ ဒိုဝူးကို အကြိမ်ကြိမ် လှည့်ကြည့်နေမိတယ်။

“ ဒါက ဘာဖြစ်တာပါလိမ့် ”

* * * * * * * * *

မာရူးက ဒိုဝူးပေးတဲ့ အအေးကို သောက်ရင်း သူ့ကို လှမ်းကြည့်နေမိတယ်။ ဒိုဝူးက ဘယ်တုန်းကတည်းက သူ့ကို ဒီလောက်အထိ ဂရုစိုက်သွားတာလဲ သူ သိသလောက်တော့ သူတို့တွေက တွေ့ရင် နှုတ်ဆက်ရုံလောက်ပဲ ရှိတာလေ။

“ ဟေ့ကောင် ... မင်း အဆင်ပြေရဲ့လား ငါ စောစောကတည်းက မေးမလို့ပဲ၊ ဒါပေမဲ့ မင်းက တအား ဝမ်းနည်းနေပုံပေါက်လို့ ... တစ်ခုခု ဖြစ်ခဲ့လို့လား ” လို့ ဒိုဂျင်က မေးတယ်။

မာရူး ပုံစံက တကယ်ပဲ အဲဒီလောက်အထိ ဆိုးနေလို့လား ဒိုဂျင်တောင် တွန့်ဆုတ်သွားရတဲ့အထိလား မာရူး သူ့နောက်က နံရံမှာ ချိတ်ထားတဲ့ မှန်ထဲမှာ သူ့ပုံစံကို ပြန်ကြည့်လိုက်တယ်။

‘ အတော်လေးတော့ ဆိုးနေပုံပဲ။ ’

သူ့ရဲ့ နုပျိုတဲ့ မျက်နှာပေါ်မှာ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေတာကို သူ တွေ့လိုက်ရတယ်။ မာရူး မျက်နှာကို လက်နဲ့အသာအယာ အုပ်လိုက်မိတယ်။

မနေ့ညက အမှတ်တရတွေက ကုန်တင်ကားတစ်စီးနဲ့ အတိုက်ခံရသလိုမျိုး သူ့ကို ရိုက်ခတ်နေတုန်းပဲ။ မနက်ကတော့ အဆင်ပြေပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ပေမဲ့ တကယ်တမ်းတော့ မဟုတ်ခဲ့ဘူးလေ။

“ အိပ်မက်ဆိုး မက်လို့ပါ ” လို့ သူ ပြန်ဖြေလိုက်တယ်။

“ အိပ်မက်ဆိုးလား ဒါမှမဟုတ် မင်း အာသာဖြေနေတုန်း မင်းအမေနဲ့ မိသွားလို့လား ”

“ မဟုတ်ပါဘူး၊ တကယ်ကို ကောင်းတဲ့ အိပ်မက်ပါ။ ”

“ ဒါဆို ဘာဖြစ်လို့လဲ ”

“ အိပ်မက်က တအားကောင်းလွန်းနေလို့ ... ပြန်မနိုးချင်တော့လောက်အောင်ပါပဲ။ ”

အကယ်၍ သူသာ အဲဒီဘဝမှာ ရှိနေသေးရင်ကော အဲဒီအတွေးက သူ့ကို ပြန်ပြီး စိုးရိမ်ပူပန်စေပြန်တယ်။

‘ ဒီဘဝရဲ့ အဓိက အဖြစ်အပျက်တွေကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ’

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ရှိမယ်၊ အဲဒီမိုင်ခင်မှာ IMF ကိစ္စ ရှိမယ်။ အနာဂတ်မှာ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်ပါ့မလား မဖြစ်နိုင်ပါဘူး။ သူ ဘာပဲလုပ်လုပ် အနာဂတ်ရဲ့ အဖြစ်အပျက်တွေကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလေ။

အကယ်၍ သူ့ရဲ့ သေဆုံးမှုကလည်း ရှောင်လွှဲလို့မရတဲ့ အရာဆိုရင်ကော မာရူးက အဲဒါကို ပြောင်းလဲနိုင်ပါ့မလား

‘ မဟုတ်ဘူး၊ အဲဒါထက် ... ’

အိပ်မက်မက်ပြီးတဲ့နောက်မှာ သူ့မိန်းမနဲ့ သမီးလေးကို တွေ့ချင်တဲ့စိတ်က ပိုပြီး ပြင်းပြလာတယ်။ သမီးလေးနဲ့တော့ ပြန်ဆုံနိုင်မယ်လို့ သူ ယုံကြည်ပါတယ်။ သူ မိန်းမနဲ့ လက်ထပ်ပြီးရင် သမီးလေးက သူ့ဆီကို ရောက်လာမယ့် နတ်သမီးလေးပဲ မဟုတ်လား။

ဒါပေမဲ့ သူ့မိန်းမကရော သူမနဲ့ ဆုံဖို့ သူ ဘာတွေ လုပ်ရမှာလဲ

‘ အကယ်၍ ငါက အရင်ဘဝနဲ့ မတူတဲ့ ဘဝမျိုးမှာ ရှင်သန်နေမယ်ဆိုရင် ... ငါတို့ ပြန်ဆုံနိုင်ပါ့ဦးမလား ’

သူ့ရဲ့ အရင်ဘဝက ရထားသံလမ်းတစ်ခုလိုပါပဲ။ ဒီလမ်းကြောင်းအတိုင်း သွားနေသရွေ့တော့ သတ်မှတ်ထားတဲ့ ဘူတာတွေကို ရောက်မှာပဲလေ။ ဒါပေမဲ့ အခု ဒီဘဝမှာတော့ လမ်းကြောင်းက တစ်ခုတည်း မဟုတ်တော့ဘူး။ သူ ကိုယ်တိုင် ဖန်တီးနိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိနေပြီ။ အဲဒီလိုဆိုရင် ...

အဲဒီလမ်းကြောင်းတွေထဲက ဘယ်နှစ်ခုက သူ့မိန်းမဆီကို ပြန်ပို့ပေးနိုင်မှာလဲ

မာရူးရဲ့ စိတ်ထဲမှာတော့ သံချေးတက်နေတဲ့ ရထားသံလမ်းဟောင်းလေးတစ်ခုကို အလိုလို မြင်ယောင်လာမိတယ်။ အဲဒီလမ်းကြောင်းက ဘယ်မှာ အဆုံးသတ်မလဲဆိုတာ သူ သိတာပေါ့။ အကယ်၍ သူ ဒီလမ်းကြောင်းပေါ်ကို တက်လိုက်ရင်တော့ အရင်ဘဝကို ပြန်ပြီး ထပ်ကျော့ရုံပါပဲ။ အဲဒီအခါကျမှ သူ့မိန်းမနဲ့ ပြန်ဆုံနိုင်မှာလေ။

‘ ငါ့မိန်းမနဲ့ ဘယ်နေရာမှာ ဆုံခဲ့တာပါလိမ့် ’

သူ မှတ်မိဖို့ လိုတယ်၊ မှတ်မိမှ ဖြစ်မယ်။

ဒုန်း မာရူး စားပွဲကို အသာအယာ ထုလိုက်တယ်။ အတန်းထဲမှာ ကျောင်းသားတွေ ဆူညံနေတာကြောင့် လူအများကြီးတော့ မကြားလိုက်ကြဘူး။ ဒါပေမဲ့ ဒိုဂျင်နဲ့ ဒေးမြောင်ကတော့ အံ့ဩတကြီး ကြည့်နေကြတယ်။

“ ငါ ... မမှတ်မိတော့ဘူး။ ”

“ မ-မာရူး၊ ဘာဖြစ်လို့လဲ ”

“ မာရူး . . . ”

မာရူး သူ့သူငယ်ချင်းနှစ်ယောက်ရဲ့ အသံကို ကြားနေရပေမဲ့ သူ နားမလည်တော့ဘူး။ အခုချိန်မှာ မာရူးက မှတ်မိဖို့အတွက်ပဲ အာရုံစိုက်နေတာ။

‘ မနေ့ကတင် ... မဟုတ်ဘူး၊ ဒီနေ့ မနက်တင် . . . ’

သူ့မိသားစုရဲ့ မျက်နှာတွေကလွဲလို့ ကျန်တဲ့ အမှတ်ရချက်တွေက ပျောက်ကွယ်ကုန်ပြီ။ အမှတ်ရချက်တွေက ပြည့်စုံမနေပေမဲ့ သူတို့ကို မှတ်မိနေသေးတာကတင် သူ့အတွက် စိတ်သက်သာရာ ရစေတာပါ။

အခုတော့ အဲဒီအရာတွေကိုတောင် သူ မမှတ်မိတော့ဘူး။ မနေ့က အမျိုးသမီး ပြောခဲ့တဲ့ စကားကို သူ သတိရလိုက်တယ်။ ဒါဟာ သူတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှု ဖြစ်မယ်ဆိုတာလေ။ အခု သူ ဖြစ်နေတာကို ပြောတာလား

‘ အဲဒါတော့ မဖြစ်နိုင်ဘူး။ သူမက ငါ့မိန်းမကို မှတ်မိနိုင်မယ်လို့ ပြောခဲ့တာပဲ။ ’

အဲဒီအမျိုးသမီးက လိမ်မှာ မဟုတ်ပါဘူး။ သူမက ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ပဲ မဟုတ်လား။ ဆုံတဲ့အခါကျရင် သူ့မိန်းမကို သူ မှတ်မိမှာ သေချာပါတယ်။

“ ဒါဆို ငါ သူမနဲ့ ဆုံဖို့ လိုတာလား ”

“ မာရူး ”

“ ဒီကောင် ဘာဖြစ်နေတာလဲ ”

မာရူး လက်မြှောက်ပြပြီး သူ့သူငယ်ချင်းတွေကို တိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။ သူ အရင်ဘဝအကြောင်းကို ထပ်ပြီး စဉ်းစားကြည့်လိုက်တယ်။

‘ ငါ့ ... ငါ့သမီးလေးရဲ့ အသက်က ... . ’

သူ မမှတ်မိတော့ဘူး။

‘ ငါ့ရဲ့ အိမ်ထောင်ရေး။ ငါ့အိမ်ထောင်ရေးက ဘယ်လိုမျိုးလဲ ’

အဲဒါကိုလည်း သူ မမှတ်မိတော့ဘူး။

‘ . . . တို့တွေ ပထမဆုံး ဒိတ်လုပ်တုန်းက ဘယ်ကို သွားခဲ့ကြတာလဲ ’

ဘာမှကို မပေါ်လာတော့ဘူး။

‘ ငါ့မိန်းမရဲ့ ... နာမည် . . . ’

မရှိတော့ဘူး။ သူ့စိတ်ထဲက ရထားသံလမ်းတွေက တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကုန်ပြီ။ နောက်ဆုံးတော့ သူ့ရှေ့မှာ သံလမ်းတစ်ခုတည်းပဲ ကျန်တော့တယ်။

သူ ကောင်းကောင်းသိနေတဲ့ လမ်းကြောင်းပေါ့။ သူ့မိန်းမဆီကို နောက်ဆုံးမှာ ပို့ဆောင်ပေးမယ့် လမ်းကြောင်း . . .

“ ဟား ... ”

ဘုရားသခင်က မျှတပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒါက တကယ်ကို ရက်စက်လွန်းလှတယ်။

မာရူး သူ့ဆံပင်တွေကို လက်နဲ့ တင်းတင်းဆုပ်ကိုင်လိုက်တယ်။ နာကျင်မှုကတော့ သူ့ရဲ့ အမှတ်ရချက်တွေအတွက် ဘာမှ အထောက်အကူ မဖြစ်ခဲ့ပါဘူး။

* * * * * * * * *

ဒိုဝူး သူ့ထိုင်ခုံကနေ မာရူးကို စောင့်ကြည့်နေတယ်။ မာရူး စားပွဲကို အဲဒီလို ထုလိုက်တာကို မြင်တော့ သူလည်း စိတ်ပူသွားမိတယ်။ တစ်ခုခု ဖြစ်လို့လား

‘ အင်း . . . ’

ဘာဖြစ်လို့ သူက မာရူးဆီကနေ အကူအညီ ရခဲ့ရတာလဲ သေချာတာပေါ့၊ ဒိုဝူးကတော့ ကျေးဇူးတင်တာပေါ့၊ ဒါပေမဲ့ မာရူးကတော့ ချဉ်းကပ်ရ တော်တော်ခက်တဲ့သူပဲ။

ပြီးတော့ တစ်ခါမှ သူငယ်ချင်းကို ကျေးဇူးတင်စကား မပြောဖူးတဲ့လူဆိုတော့ ... ဘာပြောရမှန်းကို မသိတော့ဘူး။

‘ နောက်မှပဲ ... သူ စိတ်နည်းနည်း ငြိမ်သွားတဲ့အခါကျမှပဲ ပြောတော့မယ်။ ’

လောလောဆယ်တော့ ဒိုဝူး အဲဒီကိစ္စကို အသာထားလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။

* * * * * * * * *

ဂွန်ဆော့ ဘေးက ယွန်ရင်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူမရဲ့ ညိုရောင်မျက်လုံးလေးတွေက တကယ့်ကို ချစ်စရာကောင်းတာပဲ။ ခက်ခဲတဲ့အချိန်တွေမှာ သူ့ကို အမြဲအားပေးခဲ့တဲ့ သူမကို သူ တကယ်ပဲ ကျေးဇူးတင်မိပါတယ်။

တကယ်တော့ အခုတလော သူ ကျောင်းတက်ချင်တဲ့ အကြောင်းရင်းက သူမကြောင့်ပါပဲ။ မနက်ဖြန် ဘယ်သွားကြမလဲဆိုတာကို သူတို့နှစ်ယောက် တိုင်ပင်နေတုန်းမှာပဲ သူ့ဖုန်းက မြည်လာတယ်။ သူ့အစ်ကို ဆီကပါ။

“ ဘယ်သူလဲ ”

“ ငါ့အစ်ကိုပါ။ ”

ဂွန်ဆော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလိုက်တယ်။ သူ့အစ်ကိုက အရင်လို သူ့အတွက် စံပြပုဂ္ဂိုလ် မဟုတ်တော့ဘူး။ အမှန်အတိုင်းပြောရရင် သူ့အစ်ကိုက သူ အကူအညီ လိုအပ်နေတဲ့အချိန်မှာ ဘေးမှာ မရှိပေးနိုင်တဲ့ လူထူးလူဆန်းတစ်ယောက်ပဲလေ။

အခု သူ့မှာ ယွန်ရင် ရှိနေလို့ တော်ပါသေးတယ်။

“ အေး ... အစ်ကို။ ”

အသံက လန်းနေပါလား။ ဘယ်လိုလဲ၊ နေကောင်းလား

“ ကောင်းပါတယ်၊ အစ်ကိုရော ”

အရင်အတိုင်းပါပဲကွာ။ သရုပ်ဆောင်တဲ့ဘက်ကရော ဘယ်လိုလဲ

“ သရုပ်ဆောင်လား အရင်တစ်ခေါက်က ကျွန်တော် မပြောပြဘူးလား ကောလိပ်ပြိုင်ပွဲမှာ ကျွန်တော်တို့ နိုင်ခဲ့တယ်လေ။ စိတ်ပါလက်ပါ လုပ်လိုက်ရင်တော့ လွယ်ပါတယ်၊ စာကျက်ရသလိုမျိုးပေါ့။ ”

“ကောင်းတာပေါ့။ အဖေ့ကိုရော ပြောပြပြီးပြီလား ”

“ မပြောရသေးဘူး၊ ခဏလောက် စောင့်ဦးမယ်။ ”

မြန်မြန် ပြောပြလိုက်တာက ပိုမကောင်းဘူးလား

“ စောင့်ဦးမယ်လို့ ပြောနေတယ်လေ။ အခုပြောရင် အဆူခံရမှာပေါ့။ ”

“အဲဒါကတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ မင်းက အဲဒါကို သိရက်နဲ့ ကလပ်ကို ဝင်ခဲ့တာ မဟုတ်ဘူးလား ”

“ ထားလိုက်ပါတော့။ ကျွန်တော့်အချိန်ကျမှ ကျွန်တော် လုပ်ပါ့မယ်။ အစ်ကို့ကိစ္စပဲ အစ်ကို အာရုံစိုက်ပါ။ အရင်ကလည်း ကျွန်တော့်ကို ကူညီခဲ့တာမှ မဟုတ်တာ။ စိတ်မပူပါနဲ့၊ ကျွန်တော် တစ်နေ့ကျရင် အစ်ကို့ထက် ပိုတော်တဲ့သူ ဖြစ်လာမှာပါ။ ”

နောက်ဆုံးစကားကိုတော့ မပြောခဲ့သင့်ဘူးလား ဂွန်ဆော့ သူ့အစ်ကို ထောင့်တစ်နေရာမှာ ခေါက်ဆွဲခြောက် တစ်ယောက်တည်း ထိုင်စားနေတဲ့ပုံကို ပြန်မြင်ယောင်မိတယ်။

သူ့အစ်ကိုက အဲဒီလောက်ပဲ တန်ဖိုးရှိတာ မဟုတ်လား အရင်တုန်းကတော့ သူ့အစ်ကို့ကို ဘာလို့ ဒီလောက်အထိ အထင်ကြီးခဲ့လဲဆိုတာ သူ အခုတော့ မမှတ်မိတော့ဘူး။

“ ဂွန်ဆော့၊ မီးစိမ်းသွားပြီ။ ”

“ အေး ... ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်၊ အစ်ကို။ ”

ဂွန်ဆော့ ဖုန်းချလိုက်ပြီး ယွန်ရင်ကို လှည့်ကြည့်လိုက်တယ်။ သူ့ကို အနားလည်ဆုံးနဲ့ အမျှတဆုံး ဆုံးဖြတ်ပေးနိုင်တဲ့ မိန်းကလေးပေါ့။ သူ့ဘဝမှာ သူမလို မိန်းကလေးမျိုး ရှိနေတာက တကယ့်ကို ကံကောင်းတာပါပဲ။

“ ယွန်ရင်။ ”

“ အင်း ”

“ မနေ့က ငါ့ရဲ့ သရုပ်ဆောင်မှုက ဘယ်လိုလဲ ”

ယွန်ရင်က တောက်ပတဲ့ မျက်နှာလေးနဲ့ ပြန်ဖြေတယ်။

“ အကောင်းဆုံးပဲ။ ”

အကောင်းဆုံး တဲ့။ အဲဒီစကားလုံးလေး တစ်လုံးတည်းနဲ့တင် ဂွန်ဆော့ရဲ့ ရင်ထဲမှာ ဂုဏ်ယူမှုတွေနဲ့ ပြည့်လျှံသွားတော့တာပဲ။ ဒီလိုမျိုး ချီးကျူးခံရတာက ဘယ်လောက်တောင် ကြာသွားပြီလဲ။

“ တကယ်လား ”

“ တကယ်ပေါ့။ နင်က အတော်ဆုံးပဲ။ ဒုတိယနှစ်တွေထက်တောင် ပိုတော်သေးတယ်။ ”

“ ဟာ ... မဟုတ်တာ။ ”

“ တကယ်ပြောတာ။ ”

ယွန်ရင်က သူ့လက်မောင်းကို ဖက်လိုက်တော့ ဂွန်ဆော့က သူမကို သူ့နားကို ပိုပြီး ဆွဲကပ်လိုက်တယ်။ သူမသာ သူ့နားမှာ ရှိနေရင် သူ ဘယ်တော့မှ မကြောက်တော့ဘူး။ ဟောင်ဂွန်ဆော့ဆိုတာ တန်ဖိုးရှိတဲ့သူတစ်ယောက်ဆိုတာကို သူမကပဲ သူ့ကို ယုံကြည်လာအောင် လုပ်ပေးခဲ့တာလေ။

“ နင်က တကယ့်ကို အံ့ဩစရာကောင်းတဲ့သူပဲ။ ”

ဂွန်ဆော့ သူမရဲ့ ချိုသာတဲ့ စကားလုံးတွေထဲမှာ နစ်မျောနေမိတယ်။ ဒီလို ချီးကျူးစကားတွေကို ဆက်ပြီး ကြားချင်တယ်ဆိုရင်တော့ သူ အခုထက် ပိုပြီး ကြိုးစားမှ ဖြစ်တော့မယ်။

* * * * * * * * *

အခန်း(၆၂)

Deja vu လို ခံစားချက်မျိုးနဲ့ စိတ်မအေးဖြစ်ရတဲ့ ခံစားချက် ... ဒီခံစားချက်နှစ်ခုဟာ သူ့ဇနီးသည်ဆီကို လမ်းပြပေးမယ့် အိမ်မြှောင်တွေဖြစ်လာလိမ့်မယ်လို့ မာရူး ဆုံးဖြတ်လိုက်တယ်။ မှတ်ဉာဏ်တွေ အကုန်လုံး ပျောက်ဆုံးသွားခဲ့ပြီဆိုတော့ သူ့ခေါင်းထဲမှာ အကြံအစည်လေးတွေပဲ ကျန်တော့တာပါ။ ပြောရရင်တော့ သူ့ဘဝရဲ့ မာတိကာကိုပဲ သူ ပြန်ငေးကြည့်နေရသလိုမျိုးပေါ့။

သူ့ဘဝရဲ့ ထူးခြားတဲ့ ဖြစ်ရပ်ကြီးတွေကိုပဲ သူသိတော့တယ်၊ ကျန်တာတော့ ဘာမှမသိတော့ပါဘူး။ အသေးအဖွဲ ကိစ္စလေးတချို့ကို မှတ်မိနေသေးပေမဲ့ အဲဒါတွေက သိပ်တော့ အရေးမကြီးလှပါဘူး။ သူ အဓိကလိုအပ်တာက သူ့ဘဝနဲ့ ပြန်ဆုံဖို့ပါပဲ။

ဒါကိုလုပ်နိုင်ဖို့အတွက် မာရူးဟာ ကျန်ရှိနေတဲ့ မှတ်ဉာဏ်အကြွင်းအကျန်တွေကို ပြန်ပြီး စမ်းတဝါးဝါး ရှာဖွေကြည့်မိတယ်။ သူဟာ အသက် ၄၅ နှစ်မှာ ဘတ်စ်ကားဒရိုင်ဘာအဖြစ်နဲ့ သေဆုံးခဲ့တာ။ အဲဒီမတိုင်ခင်ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကတော့ ရှုတင်မန်နေဂျာအဖြစ်၊ အဲဒီမတိုင်ခင်ကတော့ အချိန်ပိုင်းအလုပ်တွေ လုပ်ခဲ့ဖူးတယ်။ အဲဒီမတိုင်ခင်ကတော့ တက္ကသိုလ်ကျောင်းသားပေါ့၊ အဲဒီမတိုင်ခင်ကတော့ ...

“ အထက်တန်းကျောင်းသား။ ”

ဒီလို မှတ်တိုင်တစ်ခုချင်းစီမှာ သူ့ဇနီးသည်နဲ့ ဘယ်နေရာမှာ ဆုံခဲ့လဲဆိုတာ သူ လုံးဝစဉ်းစားလို့မရဘူး။ အထက်တန်းကျောင်းတုန်းကတည်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာများလား

‘ ပြဇာတ်ကလပ်က အဖွဲ့ဝင်တစ်ယောက်ယောက်များလား ... ’

ဒါတော့ မဖြစ်နိုင်ပါဘူး။ အရင်ဘဝတုန်းက သူ ပြဇာတ်ကလပ် မဝင်ခဲ့ဘူးလေ။ အဲဒီကလပ်က မိန်းကလေးတွေဟာ သူ့ဇနီးသည်နဲ့ ဘာမှပတ်သက်မှာမဟုတ်ပါဘူး။ သူ့အတန်းထဲမှာလည်း မိန်းကလေး တစ်ယောက်မှ မရှိဘူးလေ။ ဒါဆိုရင်တော့ သူဟာ ဇနီးသည်နဲ့ အထက်တန်းကျောင်းပြီးမှ ဆုံခဲ့တာ ဖြစ်မှာပေါ့။

“ ဒါဆို တက္ကသိုလ်မှာလား”

ဒါကတော့ အဖြစ်နိုင်ဆုံး ယူဆချက်ပါပဲ။ မာရူးက သူ့ရဲ့ စရိုက်ကို ခဏလောက် ပြန်စဉ်းစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ပြန်ကြည့်တာကလည်း တန်ဖိုးရှိတာကိုး။

ပထမဆုံးအနေနဲ့ သူဟာ လူမှုဆက်ဆံရေးမှာ ဘယ်လိုလူမျိုးလဲဆိုတာပေါ့။ ဒါကိုတော့ သူ အလွယ်တကူပဲ ပြောနိုင်ပါတယ်။ သူဟာ သူ့သူငယ်ချင်းတွေကို အဆုံးထိ ယုံကြည်တတ်သူပါ။ ဒါပေမဲ့ သူတို့ကို ဆန့်ကျင်တဲ့ သက်သေတစ်ခုခု တွေ့ပြီဆိုရင်တော့ သူဟာ သူ့နည်းသူ့ဟန်နဲ့ပဲ အခြေအနေကို အမြန်ဆုံး ဖြေရှင်းတတ်ပါတယ်။ မာရူးဟာ အသက် ၄၅ နှစ်အရွယ်အထိ တစ်သီးပုဂ္ဂလ နေတတ်တဲ့ စရိုက်ကြောင့် သူငယ်ချင်း သိပ်မရှိခဲ့ပါဘူး။

မာရူးဟာ ကိုယ့်ကိုယ်ကိုယ် အကျိုးအကြောင်းမရှိတဲ့သူလို့ မထင်ပေမဲ့ တချို့ကဏ္ဍတွေမှာတော့ တော်တော်လေး ခေါင်းမာတတ်ပါတယ်။ သူ ကုမ္ပဏီကနေ အလုပ်ထွက်ခဲ့တဲ့ အကြောင်းရင်းကို ကြည့်ရင် သိသာပါတယ်။ သူ့အထက်လူကြီးရဲ့ မတရားလုပ်ရပ်တွေကိုတောင် သည်းခံနိုင်ခဲ့တဲ့ သူက ဘာကြောင့် အလုပ်ထွက်ခဲ့တာလဲဆိုတဲ့ တကယ့်အကြောင်းရင်းပေါ့။

‘ ငါ တစ်ခါ ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ မပြောင်းဘူး။ ’

သူ့ရဲ့ ရာထူးတိုးကို အထက်လူကြီးရဲ့ သားဖြစ်သူဆီ ပေးလိုက်ရတဲ့ အကြောင်းရင်းကို သိသွားတာနဲ့ မာရူးဟာ ရနိုင်သမျှ သက်သေတွေကို စုဆောင်းတော့တာပါပဲ။ ပြီးတော့ သူ သက်သေပြနိုင်ခဲ့ပါတယ်။ သူ့အပေါ် မတရားလုပ်ခဲ့တာတွေနဲ့ အဲဒီလူကြီးရဲ့သားဟာ ဘယ်လောက်အထိ အကျင့်ပျက်ခြစားနေလဲဆိုတာကို သူ သက်သေပြခဲ့တယ်။ အဲဒီအကြောင်းတွေ အကုန်လုံးကို ကုမ္ပဏီရဲ့ ဖိုရမ်မှာ သူ တင်ပစ်လိုက်တယ်။

သေချာတာပေါ့၊ သူ့ဘေးနားက လူတွေက သူ့ကို တားကြတာပေါ့။ ဒီလုပ်ငန်းခွင်ထဲမှာ သူ နောက်ထပ် အလုပ်လုပ်လို့ ရမှာမဟုတ်တော့ဘူးလို့လည်း ပြောကြတယ်။

မာရူးလည်း အဲဒါကို သိတာပေါ့။ သူသာ ငြိမ်ငြိမ်နေခဲ့ရင် တခြားတစ်နေရာကို အလုပ်ပြောင်းသွားလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ မာရူးက အဲဒီလို မလုပ်ချင်ဘူး။ သူ ဘာပဲစစ၊ အဆုံးထိ မြင်ရမှ ကျေနပ်တဲ့သူလေ။ ရလဒ်အနေနဲ့ ကုမ္ပဏီက သိက္ခာဆယ်တဲ့အနေနဲ့ အဲဒီလူကြီးရဲ့သားကို အလုပ်က ထုတ်လိုက်ရတယ်။

မာရူးရဲ့ ထွက်စာကိုလည်း သူတို့ လက်မခံခဲ့ဘူး။ ဒါပေမဲ့လည်း မာရူးကတော့ ဆက်မလုပ်တော့ပါဘူး။ သူ ဆုံးဖြတ်ချက်ကို နောက်ပြန်လှည့်ဖို့ စိတ်ကူးမရှိသလို၊ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်ပြီး မျက်နှာချင်းဆိုင်ဖို့ကိုလည်း မသည်းခံနိုင်တော့ဘူးလေ။

ပြီးတော့ သူ့သူငယ်ချင်းက သူ့ကို ဘတ်စ်ကားမောင်းတဲ့ အလုပ်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အဆင်ပြေသွားတာပေါ့။ ဒရိုင်ဘာလိုင်စင် ရပြီးတာနဲ့ သူဟာ ယာဉ်မောင်းအလုပ်ကို တရားဝင် စတင်ခဲ့တော့တယ်။

‘ ငါကတော့ အခြေအနေအတိုင်း စီးမျောတတ်တဲ့သူမျိုးပါ။ သေချာတာပေါ့၊ တစ်ယောက်ယောက်က စည်းကျော်လာပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ငါ အဆုံးထိ ရှင်းမှာပဲ။ ဒါပေမဲ့ အဲဒီလို မဟုတ်သရွေ့တော့ ငါ အရာရာကို သည်းခံနိုင်ပါတယ်။ ဒါဟာ ဟန်မာရူး ဆိုတဲ့ လူစားမျိုးပဲ။ ’

ဒီစရိုက်ကပဲ ပြဇာတ်ကလပ်မှာ သူ ဘာကြောင့် အဲဒီလို လုပ်ခဲ့လဲဆိုတာကို တွန်းအားပေးခဲ့တာပါ။ မာရူးဟာ လူမှုဆက်ဆံရေးနဲ့ ပတ်သက်လာရင် တော်တော်လေး အေးစက်တတ်ပါတယ်။ သူဟာ တချို့ အခြေအနေတွေမှာ ပါဝင်ရတာကို ကြိုက်ပေမဲ့ အများအားဖြင့်တော့ အနက်ရှိုင်းကြီး ဝင်မစွက်ဖက်တတ်ပါဘူး။ ဒါပေမဲ့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ သူ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ သူလိုချင်တဲ့ ရလဒ်ရတဲ့အထိ ရှိသမျှ အင်အားအကုန်သုံးပြီး လုပ်တတ်ပါတယ်။

ဒါကြောင့်လည်း လူတွေက သူ့ကို ကြင်နာတတ်ပြီး အနေအေးတဲ့သူလို့ ထင်ကြတာ ဖြစ်မှာပေါ့။ သူဟာ လူတိုင်းအပေါ်မှာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တာကိုး။ သေချာတာပေါ့၊ သူ တကယ်တန်ဖိုးထားတဲ့ ဆက်ဆံရေးတွေအတွက်တော့ အချိန်နဲ့ အင်အားတွေ ပေးဆပ်တတ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အဲဒီလို လူမျိုးကလည်း သိပ်မှမရှိတာ။

သူ့ဘဝကို အစကနေ ပြန်စခွင့်ပေးခဲ့တဲ့ အန်တီကြီးအတွက်လည်း အတူတူပါပဲ။ စကားပြောဖော် လုပ်ပေးတာကလွဲလို့ မာရူးဟာ ဘာမှသိပ်မလုပ်ပေးခဲ့ပါဘူး။ တစ်ခါတစ်ရံ အဲဒီအန်တီကြီးရဲ့ လက်တွန်းလှည်းကို ကူတွန်းပေးတာမျိုးပဲ ရှိပါတယ်။ ဒါကတော့ ဘယ်သူမဆို လုပ်ပေးနိုင်တဲ့ အရာမျိုးပါပဲ။

ဒါကြောင့်လည်း အဘွားရဲ့ ပထမဆုံး ကမ်းလှမ်းချက်ကို သူ ငြင်းခဲ့တာပေါ့။ တခြားသူတွေ အမြင်မှာတော့ မာရူးရဲ့ လုပ်ရပ်တွေက ကြင်နာတတ်တယ်လို့ ထင်ရပေမဲ့ သူ့အတွက်တော့ အဲဒီလို မဟုတ်ပါဘူး။

‘ အဲဒီတုန်းက ငါ့ရဲ့ အထက်တန်းကျောင်းသား ဘဝကလည်း ဒီလိုပါပဲ။ ’

သေချာတာပေါ့၊ အဲဒီတုန်းက မာရူးက အခုထက် အများကြီး ပိုပြီး မရင့်ကျက်သေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ လူမှုဆက်ဆံရေးတွေက ရိုးရှင်းတယ်ဆိုတဲ့ အချက်ကတော့ မပြောင်းလဲပါဘူး။

‘ ငါက သူငယ်ချင်းစစ်စစ် သိပ်မထားဘူး။ အဲဒီလူက ငါ့အတွက် အရေးမကြီးဘူးဆိုရင်လည်း ငါ ဘာမှ ဝင်မလုပ်တတ်ဘူး။ ငါက ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်းကောင်းမွန်မွန် နေတတ်ပေမဲ့ အခြေအနေတွေ ဆိုးလာပြီဆိုရင်တော့ ငါက ကြည့်နေရုံပဲ ရှိမှာပါ။ ဒါပေမဲ့ ငါ့အတွက် အရေးကြီးတဲ့သူ တစ်ယောက်ယောက်မှာ တစ်ခုခုဖြစ်ပြီဆိုရင် ဒါမှမဟုတ် ငါ့ကိုယ်တိုင်မှာ တစ်ခုခုဖြစ်ပြီဆိုရင်တော့ ငါ အဆုံးထိ မြင်အောင် ကြည့်ရမှ ကျေနပ်တာ။ ’

ဒါဟာ မာရူး ရရှိလာတဲ့ ကောက်ချက်ပါပဲ။ အဲဒီလို တွေးလိုက်မိတာနဲ့ တစ်ပြိုင်နက် ထူးဆန်းတဲ့ စိုးရိမ်စိတ်တစ်ခုက သူ့ကို ရိုက်ခတ်သွားတယ်။ သူ့ရဲ့ အရင်ဘဝထဲမှာ ... သူဟာ သူ့စရိုက်နဲ့ လုံးဝမကိုက်ညီတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ဖူးတယ်။ ဘယ်နေရာမှာပါလိမ့်

မာရူး ပြန်စဉ်းစားကြည့်မိပြန်တယ်။

* * * * * * * * *

‘ ဒယ်ဆောက်ဒေါင်က လူများ ’ ဆိုတဲ့ ပြဇာတ်က ပျော်စရာကောင်းပါတယ်။ ပြဇာတ်ကို တွန်းအားပေးနေတာက ဇာတ်ကောင်တွေကြားက တင်းမာမှုတွေ မဟုတ်ပါဘူး။ အဲဒီအစား သူတို့ရဲ့ မြို့လေးကို အသစ်ရောက်လာတဲ့သူတွေအပေါ်မှာ သူတို့ ဘယ်လို ထူးထူးခြားခြား တုံ့ပြန်ကြလဲဆိုတာက ပြဇာတ်ရဲ့ အဓိက အချက်ပါပဲ။ ဇာတ်ကောင်တွေရဲ့ ဟာသဆန်တဲ့ တုံ့ပြန်မှုတွေက ပြဇာတ်ကို အသက်ဝင်စေတာပါ။

ဒါကြောင့်လည်း ပြဇာတ်ရဲ့ အစိတ်အပိုင်း တော်တော်များများက Stand-up Comedy နဲ့ တူနေတာပေါ့။ ပြဇာတ်ရဲ့ ရည်မှန်းချက်ကတော့ ဟိုနားဒီနားက ဟာသလေးတွေနဲ့ ပရိသတ်ကို ရယ်မောအောင် လုပ်ဖို့ပါပဲ။

“ ဒါကြောင့်လည်း ပြဇာတ်အောင်မြင်ဖို့ဆိုရင် သရုပ်ဆောင်ကောင်းဖို့ လိုတာပေါ့။ ဒီစကားကို ကြားဖူးကြတယ် မဟုတ်လား။ သရုပ်ဆောင်တွေက ကိုယ်တိုင် မငိုဘူး၊ လူတွေ ငိုအောင် လုပ်ကြတာ။ ဒီပြဇာတ်အတွက်လည်း ဒီအတိုင်းပါပဲ။ ပြဇာတ်ထဲက လူတွေအတွက်တော့ ဒီအခြေအနေက လုံးဝ မရယ်ရဘူး။ ဒါပေမဲ့ ပရိသတ်အမြင်မှာတော့ တကယ်ကို ဟာသဖြစ်နေဖို့ လိုတယ်။ ဒါကြောင့်လည်း ဟာသပြဇာတ်တွေက ခက်ခဲတာပေါ့။ ”

ယန်မီဆို က ကလပ်အဖွဲ့သားတွေကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။

“ လူတွေ ဝမ်းနည်းအောင် လုပ်ဖို့က တော်တော်လေး လွယ်ပါတယ်။ ဆန့်ကျင်ဘက် လုပ်ဖို့ကျတော့ နည်းနည်း ကွာခြားသွားပြီ။ လူတိုင်းမှာ ကိုယ်စီ ဟာသအမြင်တွေ ရှိကြတာလေ။ အဲဒီနေရာမှာ သရုပ်ဆောင်မှုက အရေးပါလာပြီ။ ပရိသတ်ကို ရယ်အောင် လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာက မင်းတို့အပေါ်မှာပဲ မူတည်တယ်။ ”

ဟာသပြဇာတ်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ လိုသလို၊ ထူးခြားတဲ့ ဟာသဓာတ်ခံလည်း ရှိဖို့ လိုပါတယ်။ အဲဒီ ထူးခြားတဲ့ အချက်ကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ ဒါမှမဟုတ် အတင်းအကျပ် ဖြစ်နေလို့လည်း မရပြန်ဘူး။ ဟာသပြဇာတ်တစ်ခုမှာတော့ သရုပ်ဆောင်တွေရဲ့ အမူအရာက အရာအားလုံးထက် ပိုပြီး အရေးကြီးပါတယ်။

ဒါဟာ ဆယ်ကျော်သက် ပြဇာတ်တစ်ခုပါ။ အားလပ်ချိန်မှာပဲ သရုပ်ဆောင်တတ်တဲ့ ဆယ်ကျော်သက်တွေအတွက် သူတို့ရဲ့ သရုပ်ဆောင်မှုနဲ့ ပရိသတ်ကို ရယ်အောင်လုပ်ဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့အရာပါ။ ဒါပေမဲ့လည်း ယန်မီဆို ကတော့ ကလေးတွေကို အားမလျော့စေပါဘူး။ တကယ်တော့ မီဆို က ကလေးတွေကို ဟာသပြဇာတ် ကပြစေချင်တဲ့ ရည်ရွယ်ချက်နဲ့ကို ကလပ်ကို ရောက်လာတာပါ။

ကလပ်အတွက် လိုအပ်တာက ထိရောက်မှု ပါပဲ။ သူတို့ တတ်နိုင်သလောက် ပြင်ဆင်ပြီး နွေဦးတုန်းက ဒိုင်လူကြီးတွေကို တစ်ချက် ပြပေးရမယ်။ ဒါကိုလုပ်နိုင်ဖို့ဆိုရင် ကလေးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။

“ ဒါက ဇွန်လထက် ပိုခက်လိမ့်မယ်။ မင်းတို့ အဆင်သင့်ပဲလား”

“ ဟုတ်ကဲ့”

“ ဒီတစ်ခါတော့ ငါတို့ ကပြတာတွေကို ဗီဒီယိုရိုက်ပြီး ပြန်သုံးသပ်မယ်။ ငါ ဒါကို အလေးအနက် ပြောနေတာနော်။ ငါတို့ နိုင်ရမယ်၊ ဆုကြေးငွေ ရရမယ်၊ ပြီးတော့ အဲဒီပြိုင်ပွဲက ဆုတွေအကုန်လုံးကို ငါတို့ သိမ်းကျုံးယူရမယ်။ ပြီးရင် အဲဒီဆုကြေးငွေနဲ့ ငါတို့ ဆာရှိမိ သွားစားကြမယ်။ တူနာငါး ဆိုရင် ဘယ်လိုလဲ”

မီဆို က လက်ခုပ်တစ်ချက်တီးပြီး အဖွဲ့သားတွေကို အနားခေါ်လိုက်တယ်။ အခုက စက်တင်ဘာလ ရောက်နေပြီ။ အောက်တိုဘာလနှောင်းပိုင်းမှာ ရှိမယ့် ပြိုင်ပွဲအတွက် သူတို့ ပြင်ဆင်ထားရမယ်။ အဲဒါကတော့ အန်ယန်း အနုပညာပွဲတော်က ဆယ်ကျော်သက် ပြဇာတ်ပြိုင်ပွဲပေါ့။ တခြားမြို့တွေကလည်း ဒီပွဲတော်မှာ ပါဝင်လို့ရတာကြောင့် မီဆို က ဒါကိုပဲ စိတ်ထဲ ထည့်ထားတာပါ။

“ မာရူး ”

သူမ ခေါ်လိုက်တယ်။ အဲဒီကောင်လေးက မနက်ကတည်းက လေထဲကို ကြောင်တောင်တောင်ကြီး ငေးကြည့်နေတာလေ။

သူ့ကို ဒီလိုပုံစံမျိုး သူမ တစ်ခါမှ မတွေ့ဖူးဘူး။ မာရူး ဟာ ဒီနေ့ ကလပ်ကို လာတာက သူ့ရဲ့ အသိစိတ်ကို အိမ်မှာ ထားခဲ့တဲ့ လူတစ်ယောက်လိုပါပဲ။ သူ့ပုံစံက အဲဒီလို ဖြစ်နေတော့ တစ်ခုခု ဖြစ်ခဲ့လားလို့ မေးဖို့တောင် သူမ ခက်နေတယ်။

“ဘာဖြစ်လဲဆိုတာ ကျွန်တော် မသိဘူး"

“သူ တစ်ပတ်လုံး ဒီလို ဖြစ်နေတာ"

မီဆို က ဒိုဂျင် နဲ့ ဒေးမြောင် ကို တစ်ခုခု ဖြစ်လို့လားလို့ မေးကြည့်ပေမဲ့ သူတို့လည်း သူမလိုပဲ ဇဝေဇဝါ ဖြစ်နေကြတာပါ။ မီဆို က သူ့နားကို လျှောက်သွားလိုက်တယ်။

“ တစ်ခုခု ဖြစ်လို့လား” သူမ အသာလေး မေးကြည့်လိုက်တယ်။

“ မဟုတ်ပါဘူး။ ကျွန်တော် စဉ်းစားနေလို့ပါ။ ”

“ စဉ်းစားနေတယ်”

မာရူး က ခေါင်းညိတ်ပြပြီး နောက်ထပ် ထပ်မမေးဖို့ လက်ဟန်ပြလိုက်တယ်။

“ အဆင်ပြေရဲ့လား”

“ ဟုတ်ကဲ့။ ”

“ အကယ်၍ အကူအညီ လိုမယ်ဆိုရင် ... ”

အဲဒီအချိန်မှာပဲ မာရူး က မော့ကြည့်ပြီး မီဆို ကို စိုက်ကြည့်လိုက်တယ်။

“ ဒါက ကျွန်တော့်ကိစ္စပါ။ ”

မီဆို ဘာမှ ပြန်မပြောနိုင်တော့ဘူး။ မာရူး ရဲ့ စိတ်ပျက်နေတဲ့ မျက်နှာကို ကြည့်ပြီး သူမ အကူအညီပေးမယ်လို့ ပြောလိုက်တာက ရိုင်းရာကျသွားလားလို့ သူမ တွေးမိသွားတယ်။ အဲဒီအချိန်မှာပဲ ကလေးတစ်ယောက်ရဲ့ စိုက်ကြည့်တာကို ခံလိုက်ရလို့ သူမ စိတ်တိုသွားပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်သေးတယ်။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံစံကြောင့် သူမ စိတ်မကောင်းဖြစ်သွားပြီး ပါးစပ်ပိတ်လိုက်ရပါတယ်။

‘ ဒီကလေးက ငါ့အဖေလောက်တောင် အသက်ကြီးနေသလားပဲ။ သေချာပေါက်ပါပဲ။ ’

ဒါပေမဲ့ အဲဒီ စရိုက်ကပဲ သူ့ကို သူမအတွက် ဆွဲဆောင်မှု ဖြစ်စေတာပါ။ ကဲလေ၊ သူမက လူကြီးပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကို အကြံပေးရမှာပေါ့။

“ အကယ်၍ မင်း စဉ်းစားဖို့ လိုတယ်ဆိုရင် ရှုခင်းကောင်းကောင်း ရှိတဲ့နေရာကို သွားကြည့်ပါ။ ငါ့အတွက်ဆိုရင်တော့ ဟျဲဟွာ ဘူတာရုံ ပေါ့။ ”

“ ဟျဲဟွာ ဘူတာရုံ”

အဲဒီအချိန်မှာပဲ မာရူး ရဲ့ မျက်နှာအမူအရာက နည်းနည်း ပြောင်းသွားတယ်။ သူ အရင်က လုံးဝ ထည့်မစဉ်းစားခဲ့တဲ့ အရာတစ်ခုကို သတိရသွားသလိုမျိုးပဲ။ စိတ်ဝင်စားစရာပဲ။

‘ ဒါကို ငါ သုံးလို့ရနိုင်မလား ... ’

“ ဆရာမ။ ”

သူမ စဉ်းစားနေတုန်းမှာပဲ မာရူး က ခေါ်လိုက်တယ်။

“ အင်း”

“ ကျေးဇူးတင်ပါတယ်။ ”

“ ဘာ - ဘာလဲ”

“ ဟျဲဟွာ ဘူတာရုံ လေ။ ”

“ အင်”

မီဆို တစ်ယောက် ဘာမှ မသိတော့ပေမဲ့ မာရူး ကတော့ တစ်ခုခုကို ဆုံးဖြတ်လိုက်ပုံရပါတယ်။ သူ့ရဲ့ မျက်နှာက အရင်ကထက် အများကြီး ပိုပြီး ပြေလျော့သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ သူနဲ့ ဟျဲဟွာ ဘူတာရုံနဲ့ ဘာပတ်သက်နေလို့ပါလိမ့် မီဆို ကတော့ ဆက်မစဉ်းစားတော့ဘဲ ကလပ်ဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။

‘ ကောင်းပြီ။ ’

မီဆို က အစီအစဉ်ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။

“ အားလုံးပဲ အဝတ်အစား လဲကြစမ်း။ အပြင်သွားဖို့ အချိန်တန်ပြီ။ ”

“ အပြင်သွားမယ်”

“ တို့တွေ သရုပ်ဆောင်အားလုံးရဲ့ နတ်ဘုံနတ်နန်းဖြစ်တဲ့ ဟျဲဟွာ ဘူတာရုံ ကို သွားကြမယ်။ ”

* * * * * * * * *

“ ဝိုး။ ”

“ ဒါက ဟျဲဟွာ ဘူတာရုံ ကိုး။ ”

“ မာရွန်နီယာ ပန်းခြံ က ဘယ်မှာလဲ”

ဒုတိယနှစ်တွေတောင်မှ သူတို့ရဲ့ ပထမဆုံး အလည်အပတ် ခရီးစဉ်မို့ အငွေ့အသက်တွေကြောင့် အံ့ဩနေကြပုံပါပဲ။ အားလုံးက စူးစမ်းတဲ့ မျက်လုံးတွေနဲ့ လှည့်ပတ်ကြည့်နေကြတာ။ ပထမနှစ်တွေကလည်း ဘူတာရုံ အဝင်ဝမှာ လုပ်နေတဲ့ Pantomime ပြပွဲကို ကြည့်ပြီး အံ့အားသင့်နေကြပါပြီ။ မာရူး ကတော့ အဖွဲ့ထဲကနေ ခပ်ခွာခွာ နောက်ဆုတ်လိုက်ပြီး လမ်းမပေါ်ကို လှမ်းတက်လိုက်တယ်။ မီဆို က ဟျဲဟွာ ဘူတာရုံ အကြောင်း ပြောလိုက်တဲ့အခါ သူဟာ သူ့ကိုယ်သူ ထူးထူးခြားခြား တစ်ခုခုကို သတိရသွားတာပါ။

‘ လက်မှတ်ရောင်းတဲ့လူနဲ့ ဆုံခဲ့တုန်းကပဲ။ ’

ခြိမ်းခြောက်ပြီး လက်မှတ်ရောင်းနေတဲ့ လူတစ်ယောက်ဆီကနေ လက်မှတ်ဝယ်ဖို့ အတင်းအကျပ် အကျပ်ကိုင်ခံနေရတဲ့ အထက်တန်းကျောင်းသူလေးတွေ။ အဲဒီအချိန်တုန်းက မာရူး ဟာ အဲဒီအခြေအနေမှာ ပါဝင်ပတ်သက်ဖို့ ဆုံးဖြတ်ခဲ့တာက သူ့အတွက်တော့ တော်တော်လေး ထူးဆန်းတဲ့ လုပ်ရပ်ပါ။

‘ ပုံမှန်ဆိုရင် ငါ ဒါမျိုး မလုပ်ပါဘူး။ ’

သူဟာ အဲဒီမိန်းကလေးတွေကို လက်မှတ်အကြောင်း ပြောပြပြီး ထွက်သွားလို့ ရတာပဲ။ ဒါပေမဲ့ အဲဒီနေ့ကတော့ သူဟာ လိုအပ်တာထက် ပိုပြီး ဝင်ပါခဲ့တယ်။ အဲဒီလူကို မကြိုက်လို့လား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ရှင်းပြဖို့တော့ မလုံလောက်ပါဘူး။

ဒါကို ရှင်းပြနိုင်တဲ့ တစ်ခုတည်းသော အချက်က အဲဒီ အထက်တန်းကျောင်းသူလေးတွေပဲ ...

‘ ဘာလို့လဲ’

ဘာက သူ့ကို အဲဒီလောက်အထိ ဂရုစိုက်စေခဲ့တာလဲ သူ ဘာကြောင့် ဝင်ပါခဲ့တာလဲ သူ စဉ်းစားနေတုန်းမှာပဲ အထက်တန်းကျောင်းသူ တစ်အုပ်စုက လှေကားကနေ သူ့ဆီကို တက်လာတာကို သူ သတိပြုမိလိုက်တယ်။ သူတို့အားလုံးက ကျောင်းဝတ်စုံပေါ်မှာ အနီရောင် ဂျာကင်လေးတွေ ဝတ်ထားကြတာ။ မာရူး ဟာ အဲဒီအုပ်စုထဲက မိန်းကလေး တစ်ယောက်ဆီကို သူ့အာရုံက အလိုအလျောက် ရောက်သွားတာကို ခံစားလိုက်ရတယ်။

“ အာ ”

အဲဒီနေရာမှာ သူ ဘာကြောင့် စိတ်တိုခဲ့လဲ၊ ဘာကြောင့် အဲဒီမိန်းကလေးတွေကို ကူညီခဲ့လဲ၊ ပြီးတော့ ဘာကြောင့် သူဟာ ပြဇာတ်ကလပ်မှာ ရှိနေသေးတာလဲဆိုတာကို မာရူး သဘောပေါက်သွားပါပြီ။ ရှင်းနေတာပဲ။

သူ့ရဲ့ မှတ်ဉာဏ်တွေက ပိတ်ဆို့ခံထားရရင်တောင် သူ့ရဲ့ ဝိညာဉ်ကတော့ မှတ်မိနေတုန်းပါပဲ။ ပြီးတော့ အဲဒီဝိညာဉ်က သူ့ကို ပြဇာတ်ကလပ်မှာ ဆက်နေဖို့ တိုးတိုးလေး ပြောခဲ့တာပါ။ သူသာ အဲဒီမှာ ဆက်ရှိနေရင် ...

“ သူ့ကို ကြည့်စမ်း၊ သူ နင့်ကို ကြည့်နေတယ် ထင်တယ်”

“ အင် မဟုတ်တာ။ ”

“ တကယ်ပါဆို။ ”

မာရူး ဟာ အဲဒီအုပ်စုကို ဆက်ပြီး စိုက်ကြည့်နေမိတယ်။ အထူးသဖြင့် သူ့ရှေ့က မိန်းကလေးကိုပေါ့။ သူ မမှတ်မိတော့တဲ့ နာမည်တစ်ခု၊ မမှတ်မိတော့တဲ့ မျက်နှာတစ်ခု ... အခုတော့ အရာအားလုံးက သူ့ဆီ ပြန်ရောက်လာပါပြီ။ အင်္ကျီအဖြူဝတ်ထားတဲ့ အမျိုးသမီး ပြောတာ မှန်ပါတယ်။ မာရူး ဟာ သူမကို တကယ်ပဲ မှတ်မိနေတာပါ။

သူမဟာ ...

“ တော်တော့၊ သူ တခြားကို ကြည့်နေတာ ဖြစ်မှာပါ။ ”

ရှက်ကိုးရှက်ကန်းနဲ့ ပြုံးနေတဲ့ သူမဟာ ...

‘သရုပ်ဆောင်တာကို လက်လျှော့လိုက်ရတာ နည်းနည်းတော့ ဝမ်းနည်းစရာ ကောင်းပေမဲ့ အနည်းဆုံးတော့ ရှင့်ဘေးမှာ ရှိနေနိုင်တာပဲ။’

အခုထိ ...

‘အခုဆိုရင် တို့တွေက နှစ်ယောက်တည်း မဟုတ်တော့ဘူး၊ သုံးယောက် ဖြစ်သွားပြီ။ အခုကစပြီး တို့တွေ ပိုက်ဆံ အများကြီး ရှာရမယ်နော်။ တို့ ကလေးလေး အတွက်။’

ဆွဲဆောင်မှု ရှိနေတုန်းပါပဲ။

ထိလိုက်တာနဲ့ မျက်ရည်ကျတော့မယ့်အတိုင်း နုနယ်တဲ့ မျက်လုံးလေးတွေ၊ စတော်ဘယ်ရီသီးလေးလို နည်းနည်းလေး နီမြန်းနေတဲ့ နှာခေါင်းလေး၊ ပြီးတော့ မှည့်နေတဲ့ မက်မွန်သီးလေးလို အရောင်ဆိုးထားတဲ့ နှုတ်ခမ်းလေးတွေ။

သူမရဲ့ အရာအားလုံးဟာ အရင်အတိုင်းပါပဲ။

* * * * * * * * *

All Chapters