← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း(၆၃)

“ဟို... ဟန်မာရူး ဆိုတာ ရှင်လား”

အေးစက်လှတဲ့ အရုဏ်ဦးလေထုကို ဖောက်ထွက်ပြီး အသံတစ်သံ ထွက်ပေါ်လာတယ်။ မာရူး နောက်လှည့်ကြည့်လိုက်တော့ သူ့နောက်မှာ အမျိုးသမီးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ အေးစက်တဲ့ ရာသီဥတု ဖြစ်နေပေမဲ့ သူမကတော့ ပါးလွှာတဲ့ ဂျာကင်အင်္ကျီတစ်ထည်ကိုပဲ ဝတ်ထားတာပါ။ အနက်ရောင် လာဂင်းဘောင်းဘီနဲ့ ခါကီရောင် ဂျာကင်လေးက မာရူးရဲ့ မျက်စိထဲမှာ ပထမဆုံး မြင်လိုက်ရတဲ့ အရာပေါ့။

“အာ... ဟုတ်ကဲ့"

“တောင်းပန်ပါတယ်နော်၊ ကျွန်မ နည်းနည်း နောက်ကျသွားတယ်"

“ရပါတယ်၊ အချိန်ကိုက် ရောက်လာတာပဲ။ ရှုတင်ကို သွားဖို့က အချိန်နည်းနည်း ပေးရမှာမို့လို့ ကားပေါ် တက်လိုက်ပါဦး"

“ဟုတ်ကဲ့"

မာရူး နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်ပေမဲ့ ချက်ချင်းဆိုသလိုပဲ ခါးသီးတဲ့ အပြုံးတစ်ခုနဲ့ ပြန်ပိတ်လိုက်ရတယ်။ ကားနောက်ခန်းမှာ ဝတ်စုံတွေနဲ့ မိတ်ကပ်ပစ္စည်းတွေက ရှုပ်ပွနေတာကိုး။

“ရှေ့ခန်းမှာပဲ ထိုင်ရမယ် ထင်တယ်၊ တောင်းပန်ပါတယ်နော်။ ကားကို ရှင်းထားဖို့ မေ့သွားလို့"

“ရပါတယ်၊ နောက်ခန်းဖြစ်ဖြစ် ရှေ့ခန်းဖြစ်ဖြစ် အတူတူပါပဲ"

အမျိုးသမီးက ကားရဲ့ တခြားတစ်ဖက်ကို ကူးသွားပြီး ကားထဲကို ဝင်ထိုင်လိုက်တယ်။ မာရူးလည်း ကားထဲဝင်၊ စက်နှိုးလိုက်တာပေါ့။

“ဟီတာ ဖွင့်ပေးရမလား”

“ဟုတ်ကဲ့၊ သိပ်မအေးလောက်ဘူး ထင်ထားတာ၊ တကယ့်ကို အေးတာပဲ"

“အရုဏ်ဦး အချိန်ဆိုတော့လည်း ဒီလိုပါပဲ။ ရှုတင်ကို သွားဖို့ သုံးနာရီလောက် ကြာမှာဆိုတော့ လိုအပ်ရင် အိပ်ထားလိုက်ဦးလေ။ ရောက်ရင်တော့ ဒါရိုက်တာက လမ်းညွှန်ချက်တွေ ပေးပါလိမ့်မယ်။ ဒါနဲ့... မန်နေဂျာ မပါဘူးလား”

“ဟဲဟဲ၊ ဟုတ်ကဲ့"

“ဒရာမာထဲမှာ သရုပ်ဆောင်ရမှာ ပထမဆုံးအကြိမ်လား”

“ဟုတ်ကဲ့၊ အဲလိုပဲ ပြောရမှာပေါ့။ တကယ်တော့ တခြား သရုပ်ဆောင်တစ်ယောက်ရဲ့ နေရာမှာ အစားဝင်ပေးရတာပါ"

“အာ... ဟုတ်လား"

မာရူး အခြေအနေကို ရိပ်မိလိုက်ပါပြီ။ ကားမောင်းပေးဖို့အတွက် သူ ခေါ်ထုတ်ခံရတယ်ဆိုကတည်းက သရုပ်ဆောင်က သိပ်ပြီး နာမည်မကြီးတာ သေချာသလောက်ပဲ။ ပြီးတော့ ဒီနေရာက ဟျဲဟွာ ဘူတာရုံလေ။ မနက်စောစောစီးစီး ဒီနေရာမှာ လာခေါ်ရတဲ့ သရုပ်ဆောင်တွေဆိုတာ ဇာတ်ပို့နေရာက အစားထိုး သရုပ်ဆောင်ရမယ့်သူတွေပဲ ရှိတာ။

“နည်းနည်းတော့ စိတ်လှုပ်ရှားနေမှာပေါ့"

“ဟင့်အင်း”

အမျိုးသမီးက ပြတ်ပြတ်သားသားပဲ ပြန်ဖြေတယ်။ မာရူး သူမကို တစ်ချက်လှည့်ကြည့်လိုက်မိတယ်။ သူမရဲ့ မျက်လုံးတွေက တစ်စုံတစ်ယောက်က ငွေမှုန်လေးတွေ ဖြန်းထားသလိုမျိုး တောက်ပနေတာပဲ။ အရုဏ်ဦး လေထုနဲ့ တကယ်ကို လိုက်ဖက်လွန်းပါတယ်။

သူမကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုး လုံးဝ မရှိပါဘူး။ တကယ်တမ်းကျတော့ စိတ်လှုပ်ရှားနေတာထက် ပျော်နေတဲ့ပုံစံ ပိုပေါက်နေတာ။

“တီဗီထဲမှာ ပါရတော့မယ်ဆိုတော့... တကယ်ပဲ ပျော်နေမိတာ။ အဲ... အကုန်လုံး အဖြတ်ခံလိုက်ရရင်တော့ တစ်မျိုးပေါ့လေ"

“နောက်ဆုံးမိနစ်ကျမှ ဇာတ်ပို့ ရှာရတာဆိုတော့ အဖြတ်ခံရဖို့တော့ မလွယ်ပါဘူး။ အစွမ်းကုန် ကြိုးစားလိုက်ပါဦး။ ဘယ်သူသိမှာလဲ၊ ဒီကနေတစ်ဆင့် မင်းက စူပါစတားကြီး ဖြစ်လာနိုင်တာပဲလေ"

“အို... မဖြစ်နိုင်တာ"

“ဘယ်သူသိမှာလဲဗျာ"

သေချာတာပေါ့၊ မာရူးက ယဉ်ကျေးပျူငှာတဲ့ အနေနဲ့ပဲ ဒါတွေကို ပြောနေတာပါ။ သရုပ်ဆောင် ဖြစ်ချင်တဲ့သူတွေက အပြင်မှာ ထောင်နဲ့ သောင်းနဲ့ ချီပြီး ရှိနေတာလေ။ အဲဒီထဲမှာ တီဗီဖန်သားပြင်ပေါ်ကို တစ်သက်လုံး မရောက်ဖူးဘဲ ဘဝကုန်သွားတဲ့သူတွေလည်း အများကြီး ရှိတာပဲ။

စူပါစတားတွေ။

စူပါစတားဆိုတာ အရည်အချင်းရှိတဲ့သူတွေ ကံကောင်းသွားတဲ့အခါမှ ဖြစ်လာတာမျိုးလေ။ ဒီအမျိုးသမီးကရော ဒီနေ့ ရှုတင်မှာ ကံကောင်းသွားနိုင်မလား ဖြစ်နိုင်ခြေတော့ နည်းပါလိမ့်မယ်။

“လူလိမ်"

“ဗျာ... ဘာပြောလိုက်တာလဲ”

အမျိုးသမီးရဲ့ ရုတ်တရက် စကားကြောင့် မာရူး အံ့ဩသွားရတယ်။

“ရှင် လိမ်နေတာပဲ"

“ကျွန်တော်ကလား”

“ဟုတ်တယ်။ ဟင်း... ကျွန်မက အဲဒီလို အရာတွေကို အကဲခတ် တအားတော်တာ။ ဒါပေမဲ့လည်း ကျေးဇူးတင်ပါတယ်နော်။ အဲဒီ အလိမ်အညာလေးက ခံစားလို့တော့ မဆိုးပါဘူး"

အဲဒီလိုပြောပြီး အမျိုးသမီးက မျက်လုံးလေးတွေ မှိတ်လိုက်တယ်။ သူမရဲ့ နှာခေါင်းလေးထဲကနေ ‘ဟင်း ဟင်း ဟင်း’ ဆိုတဲ့ သီချင်းညည်းသံလေး ထွက်ပေါ်လာတာပေါ့။ သူမက ခေါင်းလေးကို စည်းချက်ကျကျ ငြိမ့်ရင်း လက်ချောင်းလေးတွေကိုလည်း လှုပ်ရှားနေသေးတယ်။

ဒါကို ကြည့်ပြီး မာရူး နည်းနည်း ရယ်မိသွားတယ်။ မတတ်နိုင်ဘူးလေ၊ သူမကြည့်ရတာ တကယ့်ကို ပျော်ရွှင်ပြီး သက်သောင့်သက်သာ ရှိနေတာကိုး။ အမျိုးသမီးကလည်း မာရူးကို သတိထားမိသွားပုံရတယ်။

“ဘာဖြစ်လို့လဲ” သူမက မေးတယ်။

“ဟင့်အင်း၊ ဘာမှမဟုတ်ပါဘူး"

“ပထမဆုံးတွေ့တဲ့သူက ဒီလောက်အထိ သက်သောင့်သက်သာနဲ့ သီချင်းညည်းနေလို့ အံ့ဩသွားတာလား”

“ခင်ဗျားက လူတွေရဲ့ စိတ်ကို ဖတ်နိုင်တာလား”

“ကျွန်မက လူကဲခတ် တော်လို့ပါ။ ဒါနဲ့... ကျွန်မကို ရပ်စေချင်လို့လား”

“မဟုတ်တာ၊ နားထောင်လို့ ကောင်းပါတယ်"

“ဒါဆိုရင်တော့ ဆက်ပြီး ညည်းတော့မယ်နော်"

အမျိုးသမီးက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး သီချင်းကို ဆက်ညည်းနေပြန်တယ်။ အဲဒီအချိန်မှာ ကားလေးဟာ ရွှေရောင် လယ်ကွင်းပြင်ကြီးကို ဖြတ်သန်းမောင်းနှင်နေတဲ့ ရထားလုံးကြီး တစ်စီးလိုမျိုး ခံစားလိုက်ရတယ်။ ကားအပြင်ဘက်က မြင်ကွင်းတွေကလည်း အရင်ကထက် ပိုပြီး နွေးထွေးလှပနေသလိုပါပဲ။

အမျိုးသမီးက သီချင်းညည်းရင်း လက်ချောင်းလေးတွေနဲ့ လေထဲမှာ မြောင်းလေးတွေ ဆွဲနေပြန်တယ်၊ ကြည့်ရတာ အော်ခက်စထရာ ဝိုင်းကို စပယ်ယာ လုပ်နေသလိုမျိုးပဲ။ ကြည့်ရတာ ချစ်စရာကောင်းပေမဲ့ သူမရဲ့ မျက်နှာကတော့ အတည်ကြီးပါပဲ။ သူမ စိတ်ကူးထဲက အော်ခက်စထရာ ဝိုင်းမှာ ပြဿနာ တစ်ခုခု ရှိနေသလိုမျိုး ရံဖန်ရံခါ မျက်မှောင်လေးတွေတောင် ကြုတ်လိုက်သေးတာ။

“တစ်ခုခု မှားနေလို့လား”

“ဟုတ်ကဲ့။ ကျွန်မရဲ့ ဒိုင်ယာလော့ဂ်တွေကို သေသေချာချာ မမှတ်မိသေးလို့ပါ။ ကျွန်မနဲ့ အသားမကျသေးဘူး ထင်တယ်လေ"

“ဘာများလဲ”

“ဒါက ဈေးကြီးလွန်းတယ်လေ"

“ဒါပဲလား”

“အင်း... နောက်ထပ် တစ်ကြောင်း ရှိသေးတယ်။ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား ကျွန်မက ဈေးထဲမှာ အသေအလဲ ဈေးဆစ်နေတဲ့ အိမ်ထောင်သည်အသစ်လေး နေရာက သရုပ်ဆောင်ရမှာလေ။ တီဗီမှာ ၁၅ စက္ကန့်လောက် ပါမှာ။ အဲဒါ တော်တော်ကြာတာပဲ မဟုတ်လား”

“ဟားဟားဟား"

အမျိုးသမီးက သူမရဲ့ လက်ချောင်းလေးတွေကို ထပ်ပြီး လှုပ်ရှားနေပြန်တယ်။ ‘ဟင်း ဟင်း ဟင်း’။ သူမရဲ့ ညည်းသံလေးက တေးဆိုငှက်လေး တစ်ကောင်လိုပဲ။ မာရူး ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိလိုက်ဘဲ သူမနဲ့အတူ လိုက်ပြီး ညည်းမိသွားတော့တယ်။

* * * * * * * * *

“ဟေး၊ မာရူး"

တစ်ယောက်ယောက်က မာရူးရဲ့ မျက်နှာရှေ့မှာ လက်ယမ်းပြနေတယ်။ အဲဒီတော့မှ မာရူးလည်း လက်တွေ့လောကထဲကို ပြန်ရောက်လာတော့တယ်။ ဒိုဂျင်နဲ့ ပတ်ဒေးမြောင်က သူ့ကို စိုးရိမ်တကြီး ကြည့်နေကြတာပါ။

“သားကြီး၊ တကယ်ပဲ အဆင်ပြေရဲ့လား မင်း တစ်ပတ်လုံးလုံး ထူးဆန်းနေတာ။ တစ်ခုခု ဖြစ်နေလို့လား”

“မင်း ဒီလိုဖြစ်နေတာ ငါတို့ကို စိတ်ပူစေတယ်ကွာ။ တစ်ခုခု ဖြစ်ခဲ့လို့လား”

မာရူး ခေါင်းခါပြလိုက်တယ်။ ပြီးတော့ ပြုံးနေတဲ့ သူ့မျက်နှာကို လက်ညှိုးထိုးပြလိုက်တာပေါ့။

“တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ ပုံစံမျိုး ပေါက်နေလို့လား”

“မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းက ဘယ်လောက်တောင် ကြာကြာ ငိုင်နေတာလဲ သိလား။ ပြဇာတ် ကပြီးကတည်းက မင်းက ဒီလိုပဲ"

“စဉ်းစားစရာလေးတွေ ရှိလို့ပါ၊ ဘာပြဿနာမှ မရှိပါဘူး"

“တကယ်လား ဒါဆိုရင်တော့ တော်သေးတာပေါ့။ ရော့၊ မင်းအတွက် မုန့်။ ပုစွန်ဘာဂါ"

“ကျေးဇူးပဲ"

ဒိုဂျင်နဲ့ ဒေးမြောင်တို့က သူ့ဘေးမှာ ဝင်ထိုင်လိုက်ကြတယ်။ သူတို့တွေက မာရွန်နီယာ ပန်းခြံထဲမှာ ရောက်နေကြတာပါ။ ရာသီဥတုက သာယာနေတော့ လမ်းပေါ်မှာ ဖျော်ဖြေနေကြတဲ့သူတွေလည်း အများကြီးပဲ။ တချို့က ပြဇာတ်ရုံက လူတွေ ဖြစ်သလို၊ တချို့ကတော့ တစ်ကိုယ်တော်သမားတွေပေါ့။ ဂစ်တာတီးပြီး သီချင်းဆိုနေကြတဲ့ လမ်းဘေး အနုပညာရှင်တွေလည်း မနည်းဘူး၊ တချို့ဆိုရင် ထူးဆန်းတဲ့ တူရိယာတွေကိုတောင် ကိုင်ထားကြသေးတာ။

သူတို့တွေ လေ့လာရေးခရီး ထွက်လာကြတဲ့ အလယ်တန်းကျောင်းသား အုပ်စုတစ်စုကိုတောင် တွေ့လိုက်ရသေးတယ်။ သူတို့ထဲက တစ်ဝက်လောက်က လူတစ်ယောက်ကိုပဲ ဝိုင်းကြည့်နေကြတာ။ ပန်းခြံအလယ်မှာ လူပြက်မိတ်ကပ်နဲ့ ငြိမ်ငြိမ်လေး ရပ်နေတဲ့ လူတစ်ယောက်ပေါ့။ အဲဒီလူက အိတ်ထဲကို ပိုက်ဆံဝင်လာမှပဲ လှုပ်ရှားတာလေ။

အလယ်တန်းကျောင်းသားလေးတွေက သူ့အိတ်ထဲကို ဝမ် ၅၀၀ တန်တွေ ထည့်ပေးလိုက်တိုင်း သူက တခါတလေ သဘာဝကျကျ၊ တခါတလေကျတော့လည်း အရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးနဲ့ တုံ့ပြန်ပြတတ်တယ်။ ကလေးတွေလည်း အဲဒီလူရဲ့ လှုပ်ရှားမှုတွေကို သဘောကျပြီး ပိုက်ဆံတွေ ထပ်ထပ်ထည့်နေကြတာပေါ့။

“ပိုက်ဆံရှာရတာ မလွယ်ဘူးနော်၊ ဟုတ်တယ်မလား” ဒိုဂျင်က မှတ်ချက်ပေးတယ်။

မာရူးလည်း ပြုံးရင်း ခေါင်းညိတ်ပြလိုက်ရုံပဲ တတ်နိုင်တော့တယ်။

“ဒါနဲ့... စောစောက ကောင်မလေးတွေနဲ့ ဘာတွေ ပြောနေတာလဲ” ဒိုဂျင်က ပြုံးစိစိနဲ့ မေးတယ်။

“သိချင်တာလေး ရှိလို့ မေးကြည့်တာပါ"

“အိုး မာရူး၊ မင်းလည်း ယောင်္ကျားလေးပဲဟာ။ တစ်ယောက်ယောက်ကို သဘောကျသွားလို့လား”

“အတည်ပြုချင်တာလေး ရှိလို့ပါ"

“အတည်ပြုမယ် ဘာကိုလဲ”

“ကလေးတွေဆိုတော့ သိမှာ မဟုတ်ပါဘူး"

“ဘာကြီးလဲကွာ။ မိတ်ဆက်ပေးပါဦး သားကြီးရာ။ စဉ်းစားကြည့်တော့ သူတို့ ဝတ်ထားတဲ့ ကျောင်းဝတ်စုံက တော်တော် ထူးဆန်းတယ်နော်။ အရင်က မတွေ့ဖူးသလိုပဲ"

“အင်း"

အဲဒီအချိန်မှာပဲ ဒေးမြောင်က စကားဝိုင်းထဲ ဝင်လာတယ်။

“သူတို့က မြောင်ဟွာ အထက်တန်းကျောင်းကလေ"

“မြောင်ဟွာ အထက်တန်းကျောင်း”

မာရူးအတွက်တော့ ပထမဆုံးအကြိမ် ကြားဖူးတာပါ။ ဒိုဂျင်ကတော့ သူတို့အကြောင်းကို သိပုံရတယ်၊ သူက နည်းနည်းတော့ မျက်နှာပျက်သွားသလိုပဲ။

“အော်... သူတို့လား"

“အင်း၊ ငါ သိချင်လို့ ရှာကြည့်ထားတာ"

ဒီနှစ်ယောက် တစ်ခုခု သိနေကြတာပဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား

“မြောင်ဟွာ အထက်တန်းကျောင်းက ဘာဖြစ်လို့လဲ”

“ဪ၊ ဟုတ်သားပဲ။ မင်းက သိမှာ မဟုတ်ဘူးပဲ"

ဒေးမြောင်က ဘာဂါ စက္ကူခွံကို ခေါက်ရင်း စကားပြောလာတယ်။

“သူတို့က ဒီနှစ် အမျိုးသားအဆင့် ပြိုင်ပွဲမှာ ဆုရထားတဲ့သူတွေလေ။ ငါတို့ ရှုံးသွားကတည်းက မစဉ်းစားတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့လည်း မရဘူးဗျ။ အွန်လိုင်းမှာ ရှာကြည့်တော့ သူတို့အကြောင်းတွေ တွေ့တယ်လေ။ သူတို့ ဆုရခဲ့တဲ့ ပြဇာတ် ဗီဒီယိုတောင် ရှိသေးတယ်။ ဆိုးလ် အနုပညာစင်တာမှာ ကပြခဲ့တာလေ"

ဆိုးလ် အနုပညာစင်တာ။ အဲဒီနေရာက အမျိုးသားအဆင့်အထိ ရောက်သွားတဲ့ ကျောင်းသားတွေ ကပြခွင့်ရတဲ့ နေရာပေါ့။ စင်တာထဲက ပြဇာတ်ရုံ အသေးစားလေးတွေမှာပဲ ကပြခွင့်ရတာ ဆိုပေမဲ့လည်း ဆိုးလ် အနုပညာစင်တာမှာ ကပြခွင့်ရတယ်ဆိုတာကတော့ ဂုဏ်ယူစရာကြီးလေ။

‘ဒါဆို သူမက ဒီအချိန်ကတည်းက သရုပ်ဆောင် စလုပ်နေတာပေါ့။’

သူတို့ ပထမဆုံး ဆုံခဲ့တဲ့ အချိန်ကို မာရူး ပြန်သတိရလိုက်မိတယ်၊ ကြာမြင့်စွာက ပျောက်ဆုံးသွားခဲ့တဲ့ အရာတစ်ခုကို သေတ္တာအဟောင်းလေးထဲမှာ ပြန်တွေ့လိုက်ရသလိုမျိုးပါပဲ။ သူမက ပြဇာတ်ရုံတစ်ခုက သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး သူကတော့ အလုပ်အသစ်တွေ အမြဲ လိုက်ရှာနေရတဲ့ ရုတ်ရှုတင် မန်နေဂျာတစ်ယောက်ပေါ့။ အဲဒီနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကိုတော့ သူ သိပ်ပြီး မမှတ်မိတော့ပေမဲ့ သူမရဲ့ မျက်နှာ၊ နာမည်နဲ့ အသံလေးကို မှတ်မိနေရုံနဲ့တင် သူ ပျော်နေပါပြီ။

တကယ်တော့ သူဟာ တစ်စုံတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရသလိုမျိုး ခံစားနေရတာပါ။ သူမကို ထပ်ပြီး တွေ့ခွင့်ရရုံနဲ့တင် သူ ပြန်ပြီး ပျော်ရွှင်လာရတယ်။ ဒီနေ့တော့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေက သူ့ကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပါဘူး။

“သားကြီး၊ မင်းကြည့်ရတာ တကယ် ပျော်နေသလိုပဲ။ ဘာတွေလဲဟ”

ဒိုဂျင်က ‘မင်းအတွက် စိုးရိမ်ပေးခဲ့တာတောင် အားနာလာပြီ’ လို့ တိုးတိုးလေး ရေရွတ်ရင်း မာရူးရဲ့ ပုခုံးပေါ်ကို လက်တင်လိုက်တယ်။

“ဒါနဲ့... သူမရဲ့ ဖုန်းနံပါတ်ရော ရခဲ့လား”

မာရူးက စိတ်ပျက်လက်ပျက်နဲ့ ဒိုဂျင်ဆီကနေ မျက်နှာလွှဲလိုက်ပေမဲ့ သူ့ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတဲ့ ဒေးမြောင်နဲ့ ထပ်တိုးပြန်ရော။

‘ဒီကလေးတွေကို ကြည့်စမ်း။’

ဒိုဂျင် သိချင်တာကတော့ ထားပါတော့၊ ဒေးမြောင်ကပါလား

“နောက်ဆုံးက ကောင်မလေးက ချစ်စရာလေးနော်"

“ကောင်းတယ် ဒေးမြောင် ဟုတ်တယ်၊ ယောင်္ကျားလေးဆိုတာ အဲဒီလို စိတ်ဓာတ်မျိုး ရှိရတယ်ကွ။ မင်းက နောက်ဆုံးက တစ်ယောက်ကို ယူ။ ငါက အလယ်က တစ်ယောက်ကို-”

မာရူး ဒိုဂျင်ရဲ့ ပါးစပ်ကို လက်နဲ့ ပိတ်လိုက်တယ်။ အလယ်က တစ်ယောက် ဘယ်သူ့မိန်းမကို လုဖို့ ကြိုးစားနေတာလဲ

“တိတ်စမ်း။ စဉ်းစားတောင် မစဉ်းစားနဲ့"

“......”

ဒိုဂျင်က မျက်လုံးလေးတွေ မှေးပြီး မာရူးကို အကဲခတ်ကြည့်နေတယ်။

“အိုဟို... မစ္စတာ ဟန်မာရူး။ မင်းက ငါ့ထက်တောင် ဆိုးပါလား။ မင်းက သူမကို မင်းရဲ့ ရည်စားအဖြစ် သတ်မှတ်ထားပြီးသားပေါ့ ဒါမှမဟုတ်... ဖုန်းနံပါတ်တောင် ရပြီးပြီလား ဟမ်”

“မဟုတ်ပါဘူး၊ တစ်ခုခုပဲ မေးချင်လို့ပါ"

“ဘာမေးတာလဲ”

“သူမရဲ့ နာမည်"

“နာမည် နာမည်ပဲလား တကယ်ကြီးလား ဖုန်းနံပါတ်ရော”

“အင်း... အဲဒါကတော့ နောက်မှပဲ တောင်းတော့မယ်"

“အား...”

မာရူးကတော့ သူမကို မြင်လိုက်ရရုံနဲ့တင် ကျေနပ်နေပါပြီ။ အလျင်စလို လုပ်ပြီး အရာရာကို ဖျက်ဆီးပစ်ဖို့ စိတ်ကူးမရှိပါဘူး။ သေချာတာကတော့ သူတို့တွေ တစ်နေ့နေ့မှာ ပြန်ဆုံကြဦးမှာပါ။ သူ လောစရာ မလိုပါဘူး၊ ဖြစ်နိုင်ရင်တော့ လူကြီးလူကောင်းတစ်ယောက်လိုပဲ ပြုမူချင်တာပါ။

‘သူမက ငါ့ရဲ့ လက်ထပ်ခွင့် တောင်းတာကို ထပ်ပြီး လက်ခံဦးမလား မသိဘူး’

နေဦး။ ငါ တအားတွေ အဝေးကြီး တွေးမိသွားပြီလား

“သားကြီး၊ မင်း သူမကို ဘယ်လောက်ပဲ ကြိုက်ကြိုက်၊ သူမက မင်းကို မကြိုက်ရင်တော့ အကုန်လုံး ပြီးသွားပြီနော်"

ဒိုဂျင်ရဲ့ နောက်ပြောင်တဲ့ စကားလုံးတွေက မာရူးကို တူနဲ့ ထုလိုက်သလိုမျိုး ခံစားလိုက်ရတယ်။

“မင်း... မင်း ပြောတာ မှန်တယ်"

“ဟေ့၊ မာရူး"

“မင်း ပြောတာ မှန်တယ်။ ငါ ဘာလုပ်ရမလဲ”

“ဘာ... ဘာကြီးလဲဟ ဟေ့ ဒေးမြောင် ဒီကောင် ထူးဆန်းနေပြီဟ”

“အား... ငါ ဒါကို ဘယ်လိုများ မေ့သွားရတာလဲ။ နေဦး၊ ငါ့မိန်းမက ဘာတွေ ကြိုက်တတ်တာလဲ”

“မိန်းမ”

ဒိုဂျင်နဲ့ ဒေးမြောင်တို့က တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါနဲ့ ကြည့်လိုက်ကြတယ်။ အဲဒီအချိန်မှာ မာရူးကတော့...

‘ဒါက မလွယ်လှပါလား။’

မာရူးတစ်ယောက် တကယ့်ကို အတည်ကြီး ဖြစ်သွားတော့တယ်။

* * * * * * * * *

အခန်း(၆၄)

မာရူးက ဖူးစာဘက်ဆိုတာကို မယုံကြည်သလို၊ လူမှုဆက်ဆံရေးတွေဟာလည်း အမြဲတမ်း အဆုံးသတ်သွားတတ်တယ်လို့ပဲ ယူဆထားခဲ့သူပါ။ အကယ်၍ စုံတွဲတစ်တွဲဟာ သူတို့ကြားက ဒေါသနဲ့ ဖိအားတွေကို မဖြေဖျောက်နိုင်ဘူးဆိုရင် အဲဒီဆက်ဆံရေးဟာ ပြိုကွဲဖို့ပဲ ရှိတာပေါ့။ ဒါကတော့... သူမနဲ့ မတွေ့ခင်အထိ သူယုံကြည်ခဲ့တဲ့ အယူအဆတွေပေါ့။

* * * * * * * * *

“ဒီရက်ပိုင်း သူ ဘာဖြစ်နေတာလဲ။ အချစ်မှာ ကျရှုံးနေတာလား... အဲဒါပဲလား”

ဒေးမြောင်က ဒိုဂျင်ကိုကြည့်ပြီး ခေါင်းခါလိုက်တယ်။ ဒီနေ့ မာရူးရဲ့ အမူအရာတွေက တကယ်ပဲ တစ်မျိုးကြီး ဖြစ်နေတာ မှန်ပေမဲ့ အချစ်ကြောင့်လို့တော့ သူ မထင်ပါဘူး။

“ဒါပေမဲ့လည်း မနက်တုန်းက ဟိုမိန်းကလေးတွေနဲ့ စကားပြောနေတုန်းက မာရူးပုံစံက တကယ့်ကို ထူးဆန်းနေတာပဲ"

ဟျဲဟွာဘူတာကို ရောက်တာနဲ့ မာရူး ပထမဆုံးလုပ်ခဲ့တာက အဲဒီမိန်းကလေးတွေဆီ သွားပြီး စကားပြောတာပါ။ ဒေးမြောင်ကတော့ သူတို့ ဘာတွေပြောလဲဆိုတာ မသိပေမဲ့ မာရူးတစ်ယောက် တစ်ခုခုကြောင့် တော်တော်လေး စိတ်လှုပ်ရှားနေတယ်ဆိုတာကိုတော့ သတိပြုမိလိုက်တယ်။

“ကဲ... အခုတော့ မိုးပြာရောင် ဆီ သွားကြရအောင်” လို့ မီဆိုက အဖွဲ့ဝင်အားလုံးကို စုစည်းပြီး ပြောလိုက်တယ်။

မိုးပြာရောင်

ဒေးမြောင်က သူ့ဂျာစီအင်္ကျီကို ငုံ့ကြည့်လိုက်တယ်။ ဂျာစီချုပ်တဲ့ဆိုင် ဒါမှမဟုတ် တစ်ခုခုကို ပြောတာလား

ခဏအကြာမှာတော့ မိုးပြာရောင်ဆိုတာ ဘူတာအနီးက ပြဇာတ်ရုံတစ်ခုရဲ့ နာမည်မှန်း ဒေးမြောင် သိလိုက်ရပါတယ်။ သူဟာ သရုပ်ဆောင်တွေနဲ့ပါ စကားစမြည် ပြောခွင့်ရခဲ့တယ်။ တကယ့် ဝါရင့်သရုပ်ဆောင်တွေဆီက ကြားလိုက်ရတဲ့ စကားတွေက ဒေးမြောင်ရဲ့ ရင်ထဲကို အတော်လေး ထိရှသွားစေခဲ့တယ်။ အဲဒီအချိန်ကစပြီး သူဟာ သရုပ်ဆောင်ခြင်းကို ဝါသနာသက်သက်ထက် တကယ့်ကို စိတ်အားထက်သန်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတော့တယ်။

သူက အဓိကဇာတ်ဆောင်ဖြစ်ဖို့ထက် ပြဇာတ်တစ်ပုဒ် ပြည့်စုံသွားဖို့ကိုပဲ ပိုပြီး ဂရုစိုက်မိလာတယ်။ အခွင့်အရေးရတိုင်း မီဆိုက ကလပ်အပေါ် ဘာတွေဖြစ်စေချင်လဲဆိုတာကို သူ မှတ်စုထုတ်ထားတတ်လာတယ်။ သရုပ်ဆောင်တာထက် ပြဇာတ်စင်တင်ဆက်မှုကိုပဲ သူ ပိုပြီး အာရုံစိုက်ချင်လာမိတာပါ။

‘သရုပ်မဆောင်ချင်တော့တာမျိုး မဟုတ်ပါဘူး၊ ဒါပေမဲ့...’

အဓိကဇာတ်ဆောင်တွေကတော့ တကယ့်ကို အံ့ဩစရာကောင်းတာပေါ့။ သူတို့တွေ အလုပ်ကို သေသေချာချာ လုပ်နိုင်တဲ့အခါ ပရိသတ်တစ်ခွင်လုံးကို ဖမ်းစားထားနိုင်တာကိုး။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒေးမြောင်ဟာ အရာရာကို ‘အမှန်တကယ် ဖြစ်လာအောင်’ ဖန်တီးပေးရတဲ့ စင်တင်မန်နေဂျာတွေကိုပါ လေးစားလာမိတယ်။ ထိန်းချုပ်ခန်းထဲကနေ အရာရာကို စီမံပေးရတဲ့ အသံပိုင်းနဲ့ အလင်းပိုင်း ပညာရှင်တွေလိုမျိုးပေါ့။ စင်ပေါ်မှာ မရှိနေပေမဲ့ ပြဇာတ်ရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ အဲဒီလူကို ဒေးမြောင်ကတော့ တလေးတစား ရှိနေမိပါတယ်။

‘တစ်နေ့ကျရင်တော့ ဆိုးလ်အနုပညာစင်တာမှာ...’

တစ်ခါပြန်ပြီး အမျိုးသားအဆင့် ပြိုင်ပွဲစင်မြင့်ပေါ်မှာ ရပ်ချင်တဲ့ ဆန္ဒဟာ ဒေးမြောင်ရဲ့ ရင်ထဲမှာ အရှိန်အဟုန်နဲ့ ပြန်လည် တောက်ပလာပါတော့တယ်။

* * * * * * * * *

“ဒါကတော့ တို့တွေရဲ့ ဇာတ်ညွှန်းအသစ်ပဲ။ အခုကစပြီး ဒါနဲ့ပဲ လေ့ကျင့်ကြမယ်"

ကျောင်းပြန်ရောက်တာနဲ့ မီဆိုက ဇာတ်ညွှန်းအသစ်တွေကို အရင်ဆုံး ဝေပေးလိုက်တယ်။ မာရူးက သူ့လက်ထဲက ဇာတ်ညွှန်းသစ်ကို တစ်ချက် ကြည့်လိုက်မိတယ်။ အရင်တုန်းကဆိုရင်တော့ သူဟာ တစ်ချက်လောက် ဖတ်ကြည့်ပြီးတာနဲ့ ပြန်ပိတ်ထားလိုက်မှာပါ။

ဘာလို့လဲဆိုတော့ သူ့အတွက် မလိုသလို၊ အရေးလည်း မကြီးခဲ့လို့ပါပဲ။ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး။ ဒီတစ်ကြိမ်မှာတော့ သူဟာ စာကြောင်းတစ်ကြောင်းချင်းစီကို အရင်ကထက် ပိုပြီး အာရုံစိုက်ဖတ်နေမိတယ်။ ဒါက ပြဇာတ်ထဲမှာ သူ ပါဝင်နေလို့တင် မဟုတ်ပါဘူး။

သူမနဲ့ ပြန်တွေ့လိုက်ရတာက... မာရူးအတွက် ပြဿနာတစ်ခုကို စဉ်းစားမိစေတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက သရုပ်ဆောင်ခြင်းပဲလို့ သူ ဆုံးဖြတ်လိုက်တာပါ။

‘ငါ့ရဲ့ လမ်းကြောင်းက ပြောင်းလဲသွားပြီ။’

သူမနဲ့ သူ ပထမဆုံးတွေ့ခဲ့တုန်းက ကောလိပ်ဘွဲ့ရပြီးခါစ အချိန်ပါ။ ရှုံးနိမ့်နေတဲ့ ရှုတင်မန်နေဂျာတစ်ယောက်နဲ့ ရှုံးနိမ့်နေတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပေါ့။ အဲဒီလို ဆုံနိုင်ဖို့ဆိုတာ အခွင့်အရေး အတော်လေး နည်းပါးလှပါတယ်။ ပြောရရင်တော့ ဒါဟာ တကယ့်ကို အံ့ဖွယ်နိမိတ်တစ်ခုပါပဲ။ မရေမတွက်နိုင်တဲ့ သရုပ်ဆောင်တွေကြားထဲကမှ သူဟာ သူ့ဇနီးသည်နဲ့ တွေ့ဆုံနိုင်ခဲ့သလို ချစ်လည်း ချစ်ခဲ့ကြတာလေ။ ဒါဟာ အံ့ဖွယ်နိမိတ် မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ

ဒါပေမဲ့ ဒီဘဝမှာတော့ အခြေအနေတွေက နည်းနည်း ကွဲပြားသွားပြီ။ သူဟာ သူမနဲ့ ဆုံတွေ့နိုင်ခဲ့ပြီလေ။ အထက်တန်းကျောင်းသားဘဝမှာတင် ဆုံခဲ့တာနော်။ ဒါဟာ တိုက်ဆိုင်မှုသက်သက်ပဲလား

မဟုတ်ဘူး၊ မာရူးကတော့ အဲဒီလို မထင်ပါဘူး။ ဒါဟာ ဖြစ်နိုင်ခြေတစ်ခုကို အသေအချာဖြစ်အောင် သူ့ရဲ့ ဦးနှောက်က အသည်းအသန် အလုပ်လုပ်ခဲ့တဲ့ ရလဒ်လို့ပဲ သူ ယုံကြည်တယ်။

သူမအကြောင်းကို သူ မေ့သွားခဲ့ရင်တောင်၊ သူ့ရဲ့ ရင်ခုန်သံကတော့ ပြဇာတ်ကလပ်ကို ဝင်ဖို့ ပြောခဲ့တယ်။ အရာအားလုံးကြားထဲကနေ ဒီကလပ်မှာပဲ ဆက်နေဖို့ သူ့နှလုံးသားက ပြောခဲ့လို့သာ သူမနဲ့ ဆုံခွင့်ရခဲ့တာပါ။ ရှုတင်မန်နေဂျာနဲ့ သရုပ်ဆောင်အနေနဲ့ မဟုတ်ဘဲ၊ သရုပ်ဆောင်လောကထဲကို အတူတူ ခြေလှမ်းစတင်နေတဲ့ သရုပ်ဆောင်နှစ်ယောက်အနေနဲ့ပေါ့။

အခုတော့ အရာရာက ကွဲပြားသွားပြီ။ အဲဒါကြောင့်လည်း သူဟာ အစီအစဉ်သစ်တွေ အများကြီး လုပ်ရပါတော့မယ်။ မာရူးက သူမကို အဆုံးရှုံးမခံနိုင်ပါဘူး။ သူမနဲ့အတူ မိသားစုပြန်ထောင်ချင်တယ်၊ သူမကို ပြန်ချစ်ချင်တယ်၊ ပြီးတော့ သူတို့ရဲ့ သမီးလေးနဲ့လည်း ပြန်ဆုံချင်ပါသေးတယ်။

အဲဒီလို ဖြစ်လာဖို့ သူ ဘာလုပ်ရမှာလဲ

‘ပိုက်ဆံနောက်ကို လိုက်နေမယ့်အစား သူမရဲ့ နှလုံးသားကို အရင်ရအောင် ယူရမယ်။ ကဲ... နှစ်ခုစလုံးကို ရအောင်လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။’

သူဟာ ဘတ်စ်ကားဒရိုင်ဘာဘဝကို ဘေးဖယ်ထားပြီး လုံးဝသစ်လွင်တဲ့ ဘဝတစ်ခုကို စတင်မှာပါ။ သူမနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်မယ့် ဘဝသစ်အတွက် သူ ပြင်ဆင်ဖို့ လိုပါတယ်။ အခုအချိန်မှာတော့ သရုပ်ဆောင်ခြင်းက မာရူးရဲ့ဘဝအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့ပြီပေါ့။

‘ငါ့ဇနီးသည်ကတော့ သရုပ်ဆောင်လုပ်ချင်တာ အရိုးထဲစွဲအထိ စွဲနေပြီ’

သူမဟာ အခုလည်း သရုပ်ဆောင်ပဲ၊ သူတို့ ပထမဆုံး ဆုံခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်မှာလည်း သရုပ်ဆောင်ပဲ ဖြစ်နေဦးမှာ။ အခု အထက်တန်းကျောင်းတက်နေတဲ့ အချိန်မှာတောင် သူမက သရုပ်ဆောင်ပါပဲ။ အဲဒီတော့ သူမဆီကို ချဉ်းကပ်ဖို့ အလွယ်ဆုံးနည်းလမ်းက ဘာဖြစ်မလဲ

သရုပ်ဆောင်ဖို့ပါပဲ။

သူတို့ကြားမှာ တူညီတဲ့အချက်တွေ များလေလေ၊ သူတို့ ပိုပြီး နီးစပ်နိုင်လေလေပေါ့။

‘... နည်းနည်းတော့ ကြောက်စရာကြီးနော်။’

ခဏလောက်တော့ သူဟာ ပထမဆုံး အချစ်ဦးကို ခံစားရသလို ဖြစ်သွားမိပေမဲ့၊ အသက် ၄၅ နှစ်အရွယ် လူကြီးတစ်ယောက်အနေနဲ့... သာမန် ဆယ်ကျော်သက်တစ်ယောက်လို ချစ်ဖို့ ကြိုးစားရတာက သူ့အတွက် နည်းနည်းတော့ ခက်ခဲနေပါတယ်။ အထူးသဖြင့် ဖြူစင်တဲ့အချစ် ဆိုတာ မရှိဘူးလို့ ယူဆထားတဲ့ သူ့အတွက် ပိုဆိုးတာပေါ့။ ဒါပေမဲ့လည်း သူမကို မချစ်တာတော့ မဟုတ်ပါဘူး။ သူမကို အရင်ကထက် ပိုပြီးတော့တောင် လိုချင်နေမိတာပါ။

‘စဉ်းစားကြည့်တော့လည်း သူမက အရင်အတိုင်း ချစ်စရာကောင်းနေတုန်းပဲ။’

မိမိချစ်ရသူရဲ့ မျက်နှာကို ကာလနှစ်ခုမှာ တစ်ပြိုင်တည်း မြင်တွေ့ခွင့်ရတာဟာ သူ့အတွက်တော့ အကြီးမားဆုံး လက်ဆောင်ပါပဲ။ ဘဝသစ်ကို စတင်ချိန်မှာ မာရူး တစ်ယောက် အရာရာကို စိုးရိမ်ခဲ့ရပေမဲ့ သူမရဲ့ မျက်နှာလေးကို မြင်လိုက်ရတာနဲ့တင် အဲဒီစိုးရိမ်မှုတွေက အလိုလို အရည်ပျော်ကျသွားခဲ့ပါတယ်။

သူမအကြောင်း တွေးလိုက်ရုံနဲ့တင် သူ ပြုံးမိသွားတယ်။ ဒါကို သူ မတတ်နိုင်ပါဘူး၊ ဒါက သဘာဝတရားအရ ဖြစ်လာတာကိုး။ လူတွေက ယားကျိကျိဖြစ်ရင် ရယ်ကြသလိုမျိုးပေါ့။ သူ့အတွက်တော့ သူမအကြောင်း တွေးလိုက်တာနဲ့တင် အလိုလို ပြုံးမိနေတော့တာပါပဲ။

“ဟန်မာရူး”

“ဗျာ... ဗျာ”

“မင်း ငေးနေတာကို ငါ အခုမှ မိတော့တာပဲ။ ကဲ... စာကို အာရုံစိုက်”

မာရူးက သူ့မျက်ခုံးကို ကုတ်လိုက်တယ်။ သူ တွေးနေတုန်းမှာ မီဆိုက တစ်ခုခု ရှင်းပြနေခဲ့ပုံရပါတယ်။ မာရူးက ကလပ်အဖွဲ့ဝင်တွေကြားထဲကို အမြန် တိုးဝင်လိုက်တယ်။

“တောင်းပန်ပါတယ်ခင်ဗျာ"

“ကြည့်ရတာ မကြာခင်ကပဲ ကောင်းတာတစ်ခုခု ဖြစ်ထားပုံပဲ။ ငါတို့ကိုလည်း ပြောပြပါဦးလား။ အဲဒီမှာ တစ်ယောက်တည်း အရူးလိုမျိုး ဘာလို့ ပြုံးနေတာလဲဆိုတာ ငါ သိချင်နေလို့"

“ဘာမှမဟုတ်ပါဘူး"

အဲဒီအချိန်မှာပဲ ဒိုဂျင်က အော်ဟစ်ပြီး လက်ထောင်လိုက်တယ်။

“သူ ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားနေတာဗျ”

“မနက်ကပဲ ကောင်မလေးတစ်ယောက်ကို နာမည် သွားမေးနေတာလေ"

ဒေးမြောင်ကပါ ဝင်ပြောလိုက်တယ်။

“အိုဟို... ဆယ်ကျော်သက် အချစ်ဇာတ်လမ်းပေါ့ ဟုတ်လား”

“ဟား... ဟား... ဟား... ဟား"

မာရူးကတော့ အဲဒီအတွက် ရယ်ပဲ ရယ်နိုင်ပါတော့တယ်။

“ကောင်းတဲ့အချိန်လေးတွေပေါ့။ ဟုတ်တယ်။ မင်းတို့အရွယ်မှာတော့ ချစ်လည်း ချစ်ကြည့်ရမယ်၊ ရင်လည်း ကွဲကြည့်ရမယ်။ ဒါမှ လူကြီးဖြစ်လာတဲ့အခါ အချစ်ကြောင့် နာကျင်ရတာတွေ နည်းသွားမှာပေါ့။ ဒါပေမဲ့ အခုတော့ သင်ခန်းစာကို အာရုံစိုက်ကြစို့၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ”

မီဆိုက ကျေနပ်သွားတဲ့ပုံစံနဲ့ လက်ယမ်းပြပြီး ကျန်တဲ့လက်ထဲက ဇာတ်ညွှန်းကို ဖွင့်လိုက်တယ်။

“မနက်က မင်းတို့ မြင်ခဲ့တဲ့အတိုင်းပဲ၊ ဝါသနာရှင်တွေနဲ့ ဝါရင့်တွေကြားက အကြီးမားဆုံး ကွဲပြားခြားနားချက်ကတော့ တုံ့ပြန်မှုပါပဲ။ စင်ပေါ်က သရုပ်ဆောင်က ပရိသတ်ထဲက တစ်ယောက်ယောက် နှာချေလိုက်တာနဲ့ သူ့ရဲ့ စကားလုံးကို ဘယ်လို ချက်ချင်း ပြောင်းလဲပစ်လိုက်လဲဆိုတာ မြင်လိုက်တယ်မဟုတ်လား အဲဒီလို Improvဆိုတာ အများကြီး လေ့ကျင့်ထားမှ ရတာပါ။ ပြင်ဆင်မထားဘဲ အမှတ်မထင် ပြောထွက်လာတာ မဟုတ်ဘူး။ Improv ဆိုတာ အတွေ့အကြုံရှိမှ ရနိုင်တဲ့ အင်မတန် ခက်ခဲတဲ့ ကျွမ်းကျင်မှုတစ်ခုပဲ။ အဲဒီလိုမျိုး လုပ်နိုင်ဖို့ဆိုရင် ပြဇာတ်တစ်ခုလုံးကို အလွတ်ရနေဖို့ လိုတယ်။ မင်းရဲ့ ချက်ချင်းပြင်ဆင်မှုက ပြဇာတ်ကို ဘယ်လို ပြောင်းလဲသွားစေမလဲဆိုတာ ကြိုသိနေရမယ်။ နောက်အခန်းနဲ့ ဘယ်လို ဆက်စပ်သွားမလဲ၊ ပြီးတော့ မင်းနဲ့အတူ သရုပ်ဆောင်နေတဲ့သူကရော ဒါကို လိုက်နိုင်ပါ့မလားဆိုတာတွေအထိပေါ့"

မာရူး မနက်က ပြဇာတ်ကို ပြန်စဉ်းစားကြည့်မိတယ်။ ပရိသတ်ထဲက တစ်ယောက်က နားထဲမှာ ဟိန်းထွက်သွားလောက်အောင်ကို အကျယ်ကြီး နှာချေခဲ့တာပါ။ အဲဒီလို အခြေအနေမှာတောင် သရုပ်ဆောင်က အဲဒီနှာချေတာကိုပါ ပြဇာတ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထည့်သွင်းပြီး ဆက်သွားခဲ့တယ်။ အဲဒီနှာချေတာက မူလကတည်းက ပြဇာတ်ထဲမှာ ပါနေသလိုမျိုးပါပဲ။

“ဒါပေမဲ့ မင်းတို့ကလေးတွေဆီကတော့ အဲဒီလောက်အထိ ငါ မျှော်လင့်မထားပါဘူး။ မင်းတို့ကတော့ ကိုယ့်ပြဇာတ်ကိုယ် ကောင်းကောင်း ကပြနိုင်ရင် ရပါပြီ။ အဲဒီထက် ပိုပြီးတော့ ငါ မမျှော်လင့်ပါဘူး။ ပရိသတ်က ဘာပဲလုပ်လုပ်၊ လျစ်လျူရှုထားလိုက်။ Improv အကြောင်း စဉ်းစားမနေနဲ့။ ပရိသတ်ကို လျစ်လျူရှုတာက အခု မင်းတို့ လုပ်နိုင်တဲ့ အကောင်းဆုံးအရာပဲ"

ပရိသတ်ကို လျစ်လျူရှုဖို့တဲ့။ ဝါရင့်သရုပ်ဆောင်တွေအတွက်တော့ ဒါက အကြီးမားဆုံး အမှားဆိုပေမဲ့၊ ဝါသနာရှင်လေးတွေအတွက်တော့ ဒါက အသင့်တော်ဆုံး အကြံဉာဏ်ပါပဲ။

“အဲဒီတော့...” လို့ ပြောရင်း မီဆိုက ပြုံးလိုက်တယ်။

မာရူးကတော့ သူ့မျက်လုံးတွေကို ဝဲလိုက်မိတယ်။ အဲဒီလို ပြုံးပြီးရင် ဘာလာမယ်ဆိုတာကို သူ ကောင်းကောင်း သိနေပြီလေ။ အဖွဲ့ဝင်တွေလည်း ဖြစ်လာမယ့်အရာအတွက် အဆင်သင့်ဖြစ်အောင် ကိုယ်စီ ပြင်ဆင်နေကြပုံရပါတယ်။

“ငါတို့တွေ အရှက်အကြောက်တွေကို အကုန် စွန့်လွှတ်ရမယ်"

* * * * * * * * *

အရှက်အကြောက်တွေကို စွန့်လွှတ်ဖို့တဲ့။ မာရူးကတော့ အစက ဒါဟာ ဘာကို ဆိုလိုမှန်း သေချာ မသိခဲ့ပါဘူး။ သူ ခန့်မှန်းထားတာ ရှိပေမဲ့၊ အခု ဖြစ်လာတာက သူ ထင်ထားတာနဲ့ လုံးဝကို ကွဲပြားနေပါတယ်။

“တကယ်ကြီး... ကျမ လုပ်ရမှာလား”

“ဒါပေါ့"

ယွန်းဂျုံက သူမရဲ့ ရှေ့ကို ကြည့်လိုက်တယ်။ သူတို့ဟာ ညစာစားချိန်မှာ ကော်ဖီဆိုင်တွေ ပြည့်နေတဲ့ လမ်းကြားလေးထဲမှာ ရောက်နေတာပါ။ လမ်းကြားထဲမှာလည်း ညဦးပိုင်း လေကောင်းလေသန့် ထွက်ရှူနေကြတဲ့သူတွေ အများကြီး ရှိနေပါတယ်။

လက်ရှိမှာတော့ ယွန်းဂျုံဟာ လမ်းကြားထဲက ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ ရှေ့မှာ ရပ်နေတာပါ။ သူမရဲ့ ရှေ့မှာ စားပွဲ ၆ လုံးပါတဲ့ အပြင်ဘက်နေရာတစ်ခု ရှိနေတယ်။ ကောင်မလေးက တံတွေးကို မျိုချလိုက်မိတယ်။ အခုချိန်မှာတော့ ဘယ်သူကမှ သူမကို အာရုံမစိုက်ကြပါဘူး။ အားလုံးက သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စတွေအကြောင်း ပြောရင်း အလုပ်ရှုပ်နေကြတာကိုး။

ဒါပေမဲ့...

အကယ်၍ သူမက သူတို့ရှေ့မှာ အကျယ်ကြီး အော်ပြီး ဇာတ်ညွှန်းတွေ ပြောလိုက်ရင် ဘယ်လိုဖြစ်မလဲ

‘အားးး... ငါ ဘာလုပ်ရမလဲ’

သူမဟာ ဇာတ်ညွှန်းရတာ မကြာသေးသလို၊ စာလုံးတစ်လုံးတည်းတောင် လေ့ကျင့်ဖို့ အချိန်မရခဲ့ပါဘူး။ လေ့ကျင့်ထားတဲ့ ဇာတ်ညွှန်းကို ပြောရတာနဲ့ တစ်ခါမှ မမြင်ဖူးတဲ့ ဇာတ်ညွှန်းကို ပြောရတာကတော့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာပေါ့။ စင်မြင့်ပေါ်မှာဆိုရင်တော့ သရုပ်ဆောင်က ပရိသတ်နဲ့ ကတိကဝတ် တစ်ခု ရှိပြီးသားပါ။

သရုပ်ဆောင်က ကပြမယ်၊ ပရိသတ်က ကြည့်မယ်ပေါ့။ ဒါပေမဲ့ ဒါက ကော်ဖီဆိုင်လေ။ အဲဒီမှာရှိတဲ့ စုံတွဲတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကြားမှာ အဲဒီလို လူမှုရေး ကတိကဝတ်မျိုး မရှိပါဘူး။ အဲဒါကြောင့်လည်း ယွန်းဂျုံတစ်ယောက် မနေနိုင်ဘဲ စိတ်လှုပ်ရှားနေမိတာပါ။

သူမရဲ့ ရင်ခုန်သံတွေက မြန်လာတယ်။ သူမ လုပ်ရမှာက ဇာတ်ညွှန်းတွေကို အော်ပြောလိုက်ရုံပဲလေ၊ ဒါကို ဘာလို့ ဒီလောက် ခက်နေရတာလဲ

‘ငါ ကြောက်နေတယ်။’

အကယ်၍ သူတို့က သူမကို လျစ်လျူရှုလိုက်ရင် ဘယ်လိုဖြစ်မလဲ အဲဒီအတွေးတစ်ခုတည်းနဲ့တင် သူမဟာ အမှောင်ထဲကို ရောက်သွားသလို ခံစားလိုက်ရပါတယ်။ သူမ ဇာတ်ညွှန်းပြောရမယ်ဆိုတာ သိပေမဲ့...

ယွန်းဂျုံက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိတယ်။

သိတာနဲ့ လုပ်တာကတော့ တကယ့်ကို ကွဲပြားခြားနားလှပါလားဆိုတာ သူမ သဘောပေါက်လိုက်ပါတော့တယ်။

* * * * * * * * *

ဒါဟာ မီဆို လုပ်လေ့ရှိတဲ့ ပုံစံမျိုးပဲလို့ သူ ပြောရပါလိမ့်မယ်။

“ကလေးလေးတွေက ချစ်စရာကောင်းတယ် မဟုတ်လား”

“မင်းက ငါ့ဆိုင်မှာ ဘာတွေ လာလုပ်နေတာလဲ”

“ဟေ့... အဲဒီလို မလုပ်ပါနဲ့။ ဒါက ကောင်းမွန်တဲ့ ပွဲလေးတစ်ခုပဲလေ။ ပရိသတ်တွေရဲ့ ကော်ဖီဖိုးကိုလည်း ငါပဲ ပေးလိုက်ပါ့မယ်၊ အဲဒါကြောင့် စိတ်မပူပါနဲ့"

“ဘုရားရေ... မင်းကတော့ တကယ်ပဲ... ကဲလေ၊ ပရိသတ်တွေကတော့ စိတ်ဆိုးမယ် မထင်ပါဘူး။ ဒါပေမဲ့ သူတို့ စိတ်အနှောင့်အယှက် ဖြစ်လာတာနဲ့ ငါတို့ ချက်ချင်း ရပ်မှာနော်။ သိပြီလား”

“စိတ်မပူပါနဲ့။ အခုထိ အဲဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူးဆိုတာ မင်း သိသားပဲ"

“အဲဒါတော့ ဟုတ်ပါတယ်"

မီဆိုက ကောင်တာမှာ ဆိုင်ရှင်နဲ့ ပျော်ပျော်ပါးပါး စကားပြောနေတုန်းမှာ၊ အဖွဲ့ဝင်အားလုံးက အပြင်မှာ ဘာမှ မလုပ်နိုင်သေးတဲ့ ယွန်းဂျုံကို ဝိုင်းကြည့်နေကြတယ်။

ဆိုင်ထဲမှာလည်း ထူးထူးဆန်းဆန်း စိတ်လှုပ်ရှားမှုတွေ ရှိနေပါတယ်။ မာရူးက တခြားကလေးတွေကို ကြည့်လိုက်တော့ အားလုံးက မီဆိုကို သနားစဖွယ် အကြည့်တွေနဲ့ စိုက်ကြည့်နေကြတယ်။

“... ဟူး၊ လူတွေက လမ်းပေါ်မှာ သရုပ်ဆောင်တာတွေကို ဘယ်လိုများ လုပ်နိုင်ကြတာလဲ မသိဘူး"

“လွန်ခဲ့တဲ့ ရက်ပိုင်းက တွေ့ခဲ့တဲ့ လူပြက်ကြီးကိုတောင် ငါ အခု ပိုပြီး လေးစားသွားပြီ"

ဒိုဂျင်နဲ့ ဒေးမြောင်က မှတ်ချက်ပေးလိုက်ကြတယ်။ ဒုတိယနှစ်တွေက အရင်ဆုံး စလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ နှစ်ယောက်တစ်တွဲ ဆိုရင်တော့ စိတ်လှုပ်ရှားတာ နည်းနိုင်ပေမဲ့ မီဆိုက အဲဒါကို လုံးဝ ခွင့်မပြုပါဘူး။

ယွန်းဂျုံက ဥက္ကဋ္ဌပီပီ အရင်ဆုံးလုပ်ဖို့ ဆန္ဒပြုခဲ့ပေမဲ့... ရလဒ်ကတော့ မြင်တဲ့အတိုင်းပါပဲ။ ငါးမိနစ်လောက် ကြာတဲ့အထိ သူမ စကားတစ်ခွန်းမှ မပြောနိုင်သေးပါဘူး။ ဝရန်တာမှာ ထိုင်နေတဲ့လူတွေနဲ့ လမ်းသွားလမ်းလာ အရေအတွက်ကို ကြည့်ရင်တော့ သူမ ဒီလိုဖြစ်တာက နားလည်ပေးလို့ ရပါတယ်။

‘ဒါပေမဲ့ ဒါက သူမအတွက် အထောက်အကူ ဖြစ်စေမှာတော့ သေချာပါတယ်။’

မာရူးက ဆိုင်ရှင်ပေးတဲ့ ကိတ်မုန့်လိပ်လေးကို စားရင်း မဂ္ဂဇင်းတစ်အုပ်ကို ဖွင့်လိုက်တယ်။ ဘာကြောင့်မှန်းမသိဘဲ သူကတော့ စိတ်မလှုပ်ရှားပါဘူး။ သူစိမ်းတွေရှေ့မှာ ထွက်ပြီး စကားပြောရတာက အရင်က တစ်ခါမှ မလုပ်ဖူးပေမဲ့ သူ့အတွက်တော့ သိပ်ပြီး မစိမ်းနေပါဘူး။

တကယ်တော့ သူက အတော်လေးတောင် သက်သောင့်သက်သာ ရှိနေပါတယ်။ အရင်က ဘတ်စ်ကားဒရိုင်ဘာအဖြစ် အလုပ်လုပ်ခဲ့တုန်းက အတွေ့အကြုံတွေကြောင့်များလား

‘ဘာပဲဖြစ်ဖြစ်၊ ကောင်းတာပေါ့။’

အဲဒါကြောင့်ပဲ သူဟာ အေးအေးဆေးဆေး ဒီအခြေအနေကို ခံစားနေနိုင်တာပါ။

ဒါပေမဲ့ တခြားကလေးတွေကတော့... အားလုံးက သေတော့မယ့် ရုပ်တွေ ဖြစ်နေကြတာပေါ့။

* * * * * * * * *

မီဆိုက မာရူးကို ခဏလောက် လှမ်းကြည့်လိုက်တယ်။ ကောင်လေးက သာမန် ပရိသတ်တစ်ယောက်လိုပဲ ကော်ဖီနဲ့ ကိတ်မုန့်ကို မြိန်မြိန်ယှက်ယှက် စားနေတာပါ။ သူ့ဘေးက ကလပ်အဖွဲ့ဝင်တွေ ဒါမှမဟုတ် အပြင်က ယွန်းဂျုံနဲ့ ယှဉ်ရင်တော့ သူက လုံးဝကို ကွဲပြားခြားနားနေပါတယ်။

‘သူက ပါရမီနဲ့ မွေးဖွားလာသူပဲ။’

စိတ်လှုပ်ရှားတာကို လူတစ်ယောက်က ဖုံးကွယ်ထားလို့ မရပါဘူး။ အတွေ့အကြုံရှိတဲ့ သရုပ်ဆောင်တွေတောင်မှ တစ်ခါတစ်ရံ စိတ်လှုပ်ရှားတတ်ကြတာပဲလေ။ ဘာလို့ မလှုပ်ရှားဘဲ နေမလဲ အထူးသဖြင့် မျက်လုံးပေါင်း ထောင်သောင်းချီပြီး စိုက်ကြည့်နေတဲ့ အချိန်မျိုးမှာပေါ့။

ဒါပေမဲ့ သရုပ်ဆောင်တွေက အဲဒီစိတ်လှုပ်ရှားမှုကို ခံစားနိုင်ကြပါတယ်။ သူတို့ဟာ အဲဒီစိတ်လှုပ်ရှားမှုကိုပဲ ပြဇာတ်အတွက် အင်အားတစ်ရပ်အဖြစ် ပြောင်းလဲအသုံးချနိုင်ကြတာပါ။

မီဆိုကတော့ သရုပ်ဆောင်တွေဆိုတာ စိတ်လှုပ်ရှားမှုကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်တဲ့သူတွေလို့ပဲ သတ်မှတ်လေ့ရှိပါတယ်။ အဲဒါကြောင့်လည်း သရုပ်ဆောင်စစ်စစ် ဖြစ်လာဖို့ဆိုရင် စိတ်လှုပ်ရှားမှုကို ကိုင်တွယ်နိုင်စွမ်း ရှိရမယ်လို့ သူမ ယုံကြည်ထားတာပါ။

“သူက စီနီယာလား” လို့ မီဆိုရဲ့ သူငယ်ချင်းက မေးလိုက်တယ်။

သူမကို သိရတာ မီဆိုအတွက်တော့ ကျေးဇူးတင်စရာပါပဲ။ အဲဒီအမျိုးသမီးက မီဆို အကူအညီလိုတိုင်း အမြဲတမ်း ကူညီပေးခဲ့တာကိုး။ မီဆိုက ပြန်ပြီး ခေါင်းခါလိုက်တယ်။

“ဟင့်အင်း၊ လုံးဝ အတွေ့အကြုံမရှိတဲ့သူ"

“ဒါပေမဲ့ သူက အဲဒီလောက်အထိ တည်ငြိမ်နေတာလား”

“အဲဒါကြောင့်လည်း ငါက သူ့ကို စောင့်ကြည့်နေတာပေါ့"

“... အသက်ကွာခြားချက်ကိုလည်း ထည့်စဉ်းစားဦးနော်၊ မင်းကတော့ တကယ့်ကို ကလေးမုန့်ပေးကြိုက်တဲ့သူပဲ"

“နင်ကတော့”

သူမရဲ့ သူငယ်ချင်းကတော့ ပြုံးစစနဲ့ ထွက်သွားခဲ့ပြီး မီဆိုကတော့ ယွန်းဂျုံဆီကို အကြည့်ပြန်လွှဲလိုက်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ကောင်မလေးကိုပဲ အာရုံစိုက်ဖို့ လိုတာကိုး။

“မြန်မြန် စတာ အကောင်းဆုံးပဲ။ အချိန်ဆွဲလေ ပိုပြီး ခက်ခဲလေပဲ ဖြစ်မှာ"

ပါးစပ်ဟလိုက်ဖို့နဲ့ ပြောစရာရှိတာကို ပြောလိုက်ဖို့ဆိုတာ... စာအုပ်ထဲမှာတော့ လွယ်ပေမဲ့ တကယ့် လက်တွေ့မှာတော့ မလွယ်ပါဘူး။ မီဆိုက ယွန်းဂျုံကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

“ဥက္ကဋ္ဌဆိုတဲ့ နာမည်ကို အရှက်မရအောင် လုပ်နိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့"

* * * * * * * * *

All Chapters