← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း(၆၇)

“ အထဲဝင်ရင် သတိထားကြဦးနော် ”

“ ဟုတ်ကဲ့ ”

ကလေးတွေက အရိုအသေပေးပြီး အထဲကို ပြန်ဝင်သွားကြတယ်။ မီဆိုလည်း သက်ပြင်းတစ်ချက်ချပြီး ကဖေးဆိုင်ထဲကို ပြန်ဝင်လာခဲ့တာပေါ့။

“ သွားကြပြီလား ”

“ အင်း ... ဒီနေ့အတွက် ကျေးဇူးပဲနော်။ ”

“ ရပါတယ်ဟယ်၊ ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ။ ကဲ ... ဒီမှာပဲ ရှိနေတုန်း ညစာလေး ဘာလေး စားသွားဦးလေ။ ငါလည်း နင်နဲ့ စကားနည်းနည်း ပြောချင်သေးလို့။ ”

“ ပြောတာပေါ့၊ ဒါပေမဲ့ အဲဒါမတိုင်ခင် ခဏလေး။ ”

မီဆိုက ဆိုင်အပြင်ကို ခဏလောက် ထွက်လာခဲ့တယ်။ နေဝင်သွားပြီဖြစ်လို့ အနားက ဆိုင်ခန်းတွေရဲ့ ဆိုင်းဘုတ်တွေဆီက ထွက်လာတဲ့ ရောင်စုံမီးလင်းအလင်းတန်းတွေနဲ့ လှပနေတာပေါ့။

တိုက်ခတ်လာတဲ့ လေက နည်းနည်းတော့ အေးစက်စက်ရှိလှတယ်၊ တကယ်ကို ဆောင်းဦးရာသီရဲ့ အစပျိုးချိန်ပါပဲ။ ဆိုင်အပြင်မှာလည်း လူတွေ အများကြီး မကျန်တော့ဘူး။ အားလုံးက ညစာစားဖို့ တစ်နေရာရာကို သွားလိုက်ကြပြီ ထင်ပါရဲ့။

မီဆိုက ဝရန်တာရဲ့ ထောင့်တစ်နေရာက စားပွဲဆီကို လှည့်ကြည့်လိုက်တဲ့အခါ လမ်းပေါ်က လူတွေကို ပြုံးပြုံးလေး ကြည့်နေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့စားပွဲပေါ်မှာတော့ အေးစက်နေတဲ့ ကော်ဖီတစ်ခွက်၊ မှတ်စုစာအုပ်အဟောင်းတစ်အုပ်နဲ့ သစ်သားနဲ့လုပ်ထားတဲ့ စီးကရက်ဗူးတစ်ခုပဲ ရှိနေတာပါ။

“ ဘယ်လိုနေလဲ ” မီဆိုက မေးလိုက်တယ်။

အဲဒီလူက ဦးထုပ်ဆောင်းထားတာကြောင့် သူ့ရဲ့ မျက်နှာအမူအရာကို သူမ မမြင်ရဘူး။ သူ သူတို့ကို သဘောကျရဲ့လား၊ မကျဘူးလား

“ အရင်တုန်းက အချိန်တွေကို ပြန်သတိရသွားစေတယ်၊ ကောင်းပါတယ်။ တို့တွေလည်း မြေအောက်ရထားတွေပေါ်မှာ ဒီလိုမျိုးတွေ လုပ်ခဲ့ကြတာပဲလေ။ အဲဒီတုန်းကဆို လူတွေက တို့တွေကို တကယ့်ကို ထူးထူးဆန်းဆန်းကြီးတွေ ကြည့်ခဲ့ကြတာ။ တကယ်တော့ မြေအောက်ရထားပေါ်မှာ လုပ်ရတာက ပိုပြီးတော့တောင် စွန့်စားရသေးတယ်။ အဆင်ပြေသွားရင်တော့ တို့တွေ ဆင်းမယ့်မှတ်တိုင်အထိ ပျော်နေရတာပေါ့၊ ဒါပေမဲ့ ... တစ်ခုခု မှားသွားပြီဆိုရင်တော့ အဆုံးအထိ အဲဒီပရိသတ်တွေကြားမှာပဲ ဆက်နေသွားရတာ။ တကယ့်ကို ညှဉ်းပန်းနှိပ်စက်ခံရသလိုပါပဲ။ ”

အဲဒီလူက သူ့ရဲ့ ဦးထုပ်ကို ချွတ်လိုက်တယ်။ ထူထဲတဲ့ မျက်ခုံးတွေ၊ စင်းလုံးချောနှာတံနဲ့ ပေါ်လွင်တဲ့ မေးရိုးတွေက သူ့ကို တကယ့်ကို ခန့်ညားထည်ဝါတဲ့ ပုံစံမျိုး ပေါက်စေပါတယ်။ မီဆိုက ပြုံးပြီး နောက်တစ်ခေါက် အရိုအသေပေးလိုက်တာပေါ့။

“ ဆရာကတော့ အဲဒီဦးထုပ်ကို အခုထိ ဆောင်းနေတုန်းပဲနော်။ ”

“ ဒါက ငါ့ရဲ့ အမှတ်အသားပဲဟာ။ လွယ်လွယ်နဲ့တော့ ဘယ်စွန့်လွှတ်နိုင်ပါ့မလဲ။ ဒါနဲ့ ... နင်က ဒီလောက်ကြာမှ ဖုန်းဆက်ပြီး ဆယ်ကျော်သက် သရုပ်ဆောင်လေးတစ်ယောက်ကို ကြည့်ပေးဖို့ ပြောတယ်ဆိုတော့ ... နင်ကတော့ တကယ်ကို လွန်လွန်းပါတယ် ”

“ အဲဒါကြောင့်ပဲ ကျွန်မက တောင်းပန်ပါတယ်လို့ ပြောတာပေါ့။ ထပ်ပြီး တောင်းပန်စေချင်သေးလို့လား ”

“ တော်ပါပြီ၊ အဲဒီလောက်ဆို ရပါပြီ။ ”

မီဆိုက အဲဒီလူရဲ့ မျက်စောင်းထိုးမှာ ဝင်ထိုင်လိုက်တယ်။ တကယ်တော့ သူတို့ဟာ မီဆို သရုပ်ဆောင်စကတည်းက သိလာခဲ့ကြတဲ့ လူတွေလေ။ အဲဒီလူက သရုပ်ဆောင်လောကမှာ စီနီယာတစ်ယောက် ဖြစ်ပေမဲ့ မီဆိုကတော့ သူ့ကို ခက်ခက်ခဲခဲ ဆက်ဆံရမယ့်သူလို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

‘ ဒါပေမဲ့ အားလုံးကလည်း ဒီအတိုင်းပဲ ထင်ကြတာပါပဲ။ ’

အဲဒီလူက မူလကတည်းက နူးညံ့တဲ့ စရိုက်ရှိတဲ့သူပါ။ သူ့သူငယ်ချင်းတွေဆိုရင် သူ့ကို ‘ အကယ်၍သာ ခေါင်းရိတ်လိုက်ရင် ဘုန်းကြီးတစ်ပါးနဲ့တောင် တူနေဦးမယ် ’ လို့ နောက်လေ့ရှိကြတဲ့အထိပါပဲ။

“ ဒီနေရာလေးက ကောင်းသားပဲ။ ဆိုင်ရှင်က တော်တော်လေး ဂရုစိုက်ပြီး ပြင်ထားတာပဲ ”

အဲဒီလူက သူ့ခြေရင်းက ပန်းအိုးလေးတွေကို ငုံ့ကြည့်ရင်း ပြောလိုက်တယ်။

ဟုတ်ပါတယ်၊ အဲဒီပန်းတွေအားလုံးက အစစ်တွေလေ၊ အတုတွေ မဟုတ်ပါဘူး။ သူမရဲ့ သူငယ်ချင်းက အဲဒီပန်းတွေ လန်းဆန်းနေအောင် နေ့တိုင်း ဘယ်လောက်အထိ ပင်ပင်ပန်းပန်း လုပ်ပေးနေရလဲဆိုတာကို မီဆို ကောင်းကောင်း သိတာပေါ့။ အဲဒီလူ ပြောသလိုပါပဲ၊ ဒီကဖေးဆိုင်လေးအတွက် တော်တော်လေးကို ကြိုးစားအားထုတ်ထားကြတာပါ။

“ နည်းနည်း အေးလာပြီပဲ၊ အထဲဝင်ကြမလား ”

“ အင်း ... ငါကတော့ အဆင်ပြေပါတယ်။ ဒီနေရာက ငါ့အတွက်တော့ အတော်ပဲ။ အေးစိမ့်စိမ့်လေး၊ ဆူညံသံလေးတွေလည်း ရှိတယ်၊ ပြီးတော့ မြင်ကွင်းကလည်း မဆိုးဘူး။ ဟိုမှာ ကြည့်လိုက်ပါဦး၊ ဟိုခွေးလေးက တကယ့်ကို ချစ်စရာလေးနော်။ ”

အဲဒီလူက လမ်းတစ်ဖက်မှာရှိတဲ့ တိရစ္ဆာန်အရောင်းဆိုင်လေးကို လက်ညှိုးထိုးပြလိုက်တယ်။ ရှီဇူးခွေးလေး တစ်ကောင်က မှန်တံခါးကို သူ့ရဲ့ ရှေ့ခြေထောက်လေးတွေနဲ့ ကုတ်ပြီး လျှာလေးထုတ်ကာ ကြည့်နေတာလေ။ လမ်းပေါ်က လမ်းသွားလမ်းလာတွေတောင်မှ အဲဒီခွေးလေးကို ရပ်ပြီး ကြည့်သွားကြတာပေါ့။

“ ဆရာက နောက်ထပ် ခွေးတစ်ကောင် ထပ်ဝယ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော် ”

အဲဒီလူရဲ့ အိမ်မှာ ခွေးဘယ်နှစ်ကောင်တောင် ရှိနေပြီလဲဆိုတာကို မီဆို ကောင်းကောင်း သိတာပေါ့။ ပထမဆုံးအကြိမ် သွားတုန်းက ရခဲ့တဲ့ အံ့ဩတုန်လှုပ်မှုက သူမရဲ့ မှတ်ဉာဏ်ထဲမှာ အခုထိ လန်းဆန်းနေတုန်းပဲ။ အဲဒီလူရဲ့ အိမ်က ... အနှစ်ချုပ်ပြောရရင်တော့ တကယ့်ကို အမှိုက်ပုံကြီးအတိုင်းပါပဲ။

“ ငါ မဝယ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ပဲ မွေးယူမှာပါ။ ”

“ ဆရာ့မျက်လုံးတွေကလည်း မေတ္တာတွေ စီးကျနေတော့တာပဲ။ ”

“ မေတ္တာတွေလား အင်း ... မီဆို၊ နင် ရည်းစားရနေပြီ ထင်တယ် ”

“ ဘာ - ဘာပြောလိုက်တာလဲ ”

“ အရင်တုန်းကဆိုရင် နင်က ဒီထက် ပိုပြီးတော့တောင် ကြမ်းကြမ်းတမ်းတမ်းတွေ ပြောတတ်တာ၊ ဒါပေမဲ့ မနေ့ကတည်းက နင်ပြောတဲ့ စကားလုံးတွေက အရင်ကထက် ပိုပြီး နူးညံ့လာတယ်။ ငါ စိတ်ချလက်ချ ပြောနိုင်တယ်၊ နင် တစ်ယောက်ယောက်နဲ့ တွဲနေပြီပဲ၊ မီဆို။ ”

“ . . . . ”

အဲဒီလူက လူအကဲခတ် တကယ်ကို တော်တာပဲ။ ဟုတ်ပါတယ်။ လူတွေက သူ့ကို ‘ ဘုန်းကြီး ’ လို့ ခေါ်ကြတာဟာ ဒီအကြောင်းပြချက် တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သူ့ရဲ့ စူးရှတဲ့ အကဲခတ်နိုင်စွမ်းကြောင့်လည်း ပါတာပေါ့။

အဲဒီလူကို မသိတဲ့ သရုပ်ဆောင်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူ့ကို သိတဲ့သူတွေထဲမှာတော့ အေဂျင်စီကြီးတွေရဲ့ မျက်စိအောက်ကနေ လွတ်သွားတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။

တကယ်တမ်းတော့ သူဟာ ပါရမီရှိတဲ့ သရုပ်ဆောင်တွေကို ရှာဖွေပေးတတ်တဲ့ နေရာမှာတော့ ဆရာတစ်ဆူလို့တောင် လူသိများကြတာလေ။

“ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုတော့ နောက်မှပဲ ပြောကြတာပေါ့။ ကဲ ... နင် ငါ့ကို ပြခဲ့တဲ့ ကလေး ၁၂ ယောက်ထဲက ဘယ်သူ့ကို ငါနဲ့ မိတ်ဆက်ပေးချင်တာလဲ ”

လီယွန်းဂျုံ။ ဒါကတော့ မီဆို ဒီနေ့ ဒီကဖေးဆိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ အဲဒီလူရဲ့ နာမည်ပေါ့။

* * * * * * * * *

မာရူး အိမ်ထဲကို ဝင်လိုက်တာနဲ့ ပထမဆုံး ကြားလိုက်ရတဲ့အသံက အသားကင်နေတဲ့ အသံတစီစီပါပဲ။

“ အကိုပြန်လာပြီလား ”

ဘာဒါက လက်ထဲမှာ ဆလက်ရွက်တစ်ရွက်ကို ကိုင်ပြီး ထမင်းစားခန်းထဲကနေ ခေါင်းလေးပြူပြီး နှုတ်ဆက်လိုက်တယ်။

“ အသားစားနေကြတာလား ”

“ အေး ... လာစားလေ၊ တကယ် အရသာရှိတယ်။ ”

မာရူးက သူ့အခန်းထဲမှာ အင်္ကျီကို အမြန်လဲပြီး ဂတ်စ်မီးဖိုနဲ့ အသားကင်နေကြတဲ့ မိသားစုဆီကို သွားလိုက်တာပေါ့။

“ နောက်ကျလိုက်တာ။ ”

“ လေ့ကျင့်တာ နည်းနည်း ကြာသွားလို့ပါ။ ဒါနဲ့ ဒီအမဲသားတွေက ဘာလဲ ”

မာရူးက အမဲသားထုပ်ကို လှန်ကြည့်ပြီး ဈေးနှုန်းကို ကြည့်လိုက်တယ်။ Grade 1++ အမဲသားလေ။ ဂရမ် ၁၀၀ ကို ဝမ် ၇,၀၀၀ လောက် ပေးရတဲ့ အမျိုးအစားပေါ့။

“ တစ်ခုခု ဖြစ်လို့လား မေမေ ဘာလို့ ဒီလောက် ဈေးကြီးတာတွေ ဝယ်ထားတာလဲ ”

“ ငါက ဒါမျိုးတွေ ဘာလို့ ဝယ်ရမှာလဲ လက်ဆောင်ရတာလေ။ ”

“ လက်ဆောင် ”

“ မင်းဆီ ဖုန်းမလာဘူးလား ”

“ ဘာဖုန်းလဲ ”

မာရူးက ကဖေးဆိုင်မှာတုန်းက Silent လုပ်ထားခဲ့တဲ့ သူ့ဖုန်းကို ထုတ်ကြည့်လိုက်တယ်။ သူ ဖုန်းဖွင့်လိုက်တော့ Screen ပေါ်မှာ Missed call တစ်ခုကို တွေ့လိုက်ရတာပေါ့။

“ မန်နေဂျာ ”

အဲဒါက ဓာတ်ဆီဆိုင်က မန်နေဂျာဆီက ဖုန်းလေ။ မာရူးက သူ့မေမေ့ကို လှည့်ကြည့်လိုက်တယ်။

“ ဒါ မန်နေဂျာကြီး ပေးလိုက်တာလား ”

“ အင်း ... ခုနလေးတင်ပဲ အိမ်လိပ်စာ လာမေးတာ။ မင်းကို ဆက်သွယ်လို့မရလို့ ကျေးဇူးတင်စကား ပြောချင်လို့တဲ့။ ”

“ အဲလိုလား ဘာဖြစ်လို့ပါလိမ့်။ တခြား ဘာမှရော မပြောသွားဘူးလား ”

“ အင်း ... ဒါလေး ပေးပြီး ပြန်သွားတာပဲ။ ”

မာရူးလည်း လောလောဆယ် မန်နေဂျာဆီကို ဖုန်းပြန်ဆက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ ဟလို မန်နေဂျာကြီးလား ”

အော် ... မာရူးလား

“ ဟုတ်ကဲ့။ ”

အသားတွေကိုရော စားလို့ ကောင်းရဲ့လား

“ အခုပဲ စားတော့မလို့ပါ။ ဒါနဲ့ ဒါက ရုတ်တရက်ကြီး ဘာလို့လဲဗျ ”

မင်းကို ကျေးဇူးတင်ချင်လို့ပါ။ ဘာပေးရမလဲလို့ စဉ်းစားနေတာ၊ ဒါပေမဲ့ ဆယ်ကျော်သက်လေးတွေအတွက်တော့ အသားထက် ကောင်းတဲ့ လက်ဆောင်မရှိဘူးလို့ ငါ တွေးမိလို့လေ။ ဘာလို့လဲ မင်း မကြိုက်လို့လား

“ ဟန်ဝူး အသားလေဗျာ၊ မကြိုက်ဘဲ နေမလား။ ဒါပေမဲ့ အကြောင်းရင်း မသိဘဲ စားရမှာက တစ်မျိုးကြီး ဖြစ်နေလို့ပါ။ ”

ဟင် ငါ့သားက မင်းကို ဘာမှ မပြောရသေးဘူးလား

“ ဗျာ ”

သူက အံ့ဩပြီး ပြန်မေးလိုက်တဲ့အချိန်မှာပဲ ဖုန်းထဲကနေ နောက်ခံဆူညံသံလေးတွေကို ကြားလိုက်ရတယ်။ မန်နေဂျာက တစ်ယောက်ယောက်ကို အသည်းအသန် လှမ်းခေါ်နေတဲ့ ပုံစံမျိုးပေါ့။ ခဏနေတော့ ‘ ရော့ ... ဖုန်းကိုင်လိုက်စမ်း ’ ဆိုတဲ့ အသံကို ကြားလိုက်ရပြန်ရော။

ဟူး ... တကယ်ပဲဗျာ ...

“ ဘယ်သူလဲဗျ ”

“. . . ကျွန်တော်ပါ”

အသံက နည်းနည်းတော့ ဝေဝေဝါးဝါး ရှိပေမဲ့ တော်တော်လေးတော့ ခပ်ပေပေပုံစံပေါက်နေတယ်။ မာရူးက ဒီအသံကို ကောင်းကောင်း သိတာပေါ့။

“ ကန်ဒိုဝူး ”

“အင်း”

“ မင်းက ဘာလို့ . . . ”

“ဒါ ကျွန်တော့်အဖေ ဖုန်းလေ”

မာရူး အဲဒီစကားတစ်ခွန်း ကြားတာနဲ့ အရာအားလုံးကို သဘောပေါက်သွားတော့တယ်။ မန်နေဂျာကြီးက စက်ဘီးကြည့်ရတာ ဝါသနာပါတဲ့ သူ့သားနဲ့ စကားပြောဖို့ အခက်တွေ့နေတာလေ။ အဲဒီသားက ဒိုဝူးများ ဖြစ်နေမလားလို့ သူ ခန့်မှန်းခဲ့တာ၊ အခုတော့ ကာယကံရှင်ဆီကနေ အတည်ပြုချက် ရလိုက်ပြီပေါ့။

‘ အားလုံး အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့ပုံရတယ် ’

ဒိုဝူးက အတန်းထဲမှာ မက်မွန်သီး လက်ဖက်ရည်နဲ့ သူ့ကို လာပြီး အားပေးခဲ့တုန်းက အချိန်တွေကို သူ သတိရလိုက်တယ်။ အဲဒါက သူ ကျေးဇူးတင်တတ်တဲ့ ပုံစံလား တကယ်ကို ချစ်စရာကောင်းတဲ့ ကောင်လေးပါပဲ။

“ မင်း အဖေနဲ့ ပြန်အဆင်ပြေသွားပြီလား ”

“ပြန်အဆင်ပြေတယ် တို့တွေက အစကတည်းက ရန်ဖြစ်ခဲ့တာမှ မဟုတ်တာ”

“ ငါ ဘာပြောချင်လဲဆိုတာ မင်း သိပါတယ်၊ ဘာပဲဖြစ်ဖြစ် ပြန်ပြီး အဆင်ပြေသွားတာ ဝမ်းသာပါတယ်ကွာ ”

“…… .”

“ မဂ္ဂဇင်းတွေကိုရော ကြည့်ပြီးပြီလား ကြည့်ရတာ ဈေးကြီးမယ့်ပုံပဲနော် ”

“ကြည့်ပြီးပြီ”

“ ဟား ... အားကျလိုက်တာကွာ။ မင်းမှာ ဖခင်ကောင်းတစ်ယောက် ရှိတာပဲ ”

“……”

“ သူ့အပေါ် ကောင်းကောင်း ဆက်ဆံလိုက်ပါဦး၊ သူလည်း စိတ်ထဲမှာ တော်တော်လေး ခံစားခဲ့ရမှာပဲ ”

“သိပါတယ်ကွာ၊ တကယ်ပဲ…”

“ ဒါဆိုရင်တော့ ရပါပြီ။ အာ ... ဒါနဲ့ ငါ တစ်ခုလောက် သိချင်လို့ ”

“ဘာလဲ ”

“ အရင်တုန်းက ဘာလို့ မင်းမှာ ညီမ မရှိဘူးလို့ ပြောခဲ့တာလဲ ”

“. . . ဘာလို့လဲဆိုတော့ သူက မရှိတာနဲ့ အတူတူပဲမို့လို့”

သူ့အသံက ချက်ချင်းပဲ အောက်ကို ထိုးကျသွားတော့တယ်။ ဒိုဝူးရဲ့ မိသားစုကတော့ တော်တော်လေးကို အရှုပ်အထွေးတွေကြားထဲ ရောက်နေပုံပါပဲ။ မာရူးအနေနဲ့ ဒါကို အစကတည်းက မမေးခဲ့သင့်ဘူးလား မာရူးလည်း အသားတွေအတွက် အမြန်ပဲ ကျေးဇူးတင်စကား ပြောလိုက်တာပေါ့။

“အဖေက မင်းနဲ့ စကားပြောချင်သေးလို့တဲ့”

“ ရပါတယ် ”

မန်နေဂျာကြီးက မာရူးရဲ့ အကြံဉာဏ်တွေကြောင့် သူ့သားနဲ့ ဆက်ဆံရေး ဘယ်လိုပြန်ကောင်းသွားလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ လျှောက်ပြောတော့တာပဲ။ သားအဖတွေရဲ့ ဆက်ဆံရေးကလည်း ထူးဆန်းသားပဲ။ သူတို့တွေ အတူတူ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ဆက်ဆံရေးက တစ်မျိုးကြီး တင်းမာလာတတ်ကြတယ်။ သားတွေကလည်း သူတို့ရဲ့ အဖေတွေအပေါ် စာနာစိတ်ဝင်လာတဲ့ အချိန်ကျမှပဲ ဆက်ဆံရေးကို ပြန်ပြီး ပြုပြင်ဖို့ ကြိုးစားကြတာလေ။

“နောက်မှ တွေ့ကြတာပေါ့”

“ ဟုတ်ကဲ့ပါ ”

မာရူးက ဖုန်းပြောပြီးတော့ ထမင်းစားပွဲဆီကို ပြန်လာခဲ့တယ်။ ဖခင်တွေဆိုတာ များသောအားဖြင့် ပြင်ပလောကကြီးနဲ့ စစ်ခင်းနေရတဲ့သူတွေမို့ မိသားစုတွေက များသောအားဖြင့် မိခင်တွေကိုပဲ အားကိုးတတ်ကြတာလေ။ အဲဒါကြောင့်ပဲ အဲဒီလူအချို့က ဖခင်ပီသတဲ့သူတွေ ဖြစ်မလာနိုင်တော့ဘဲ သူတို့ရဲ့ သားသမီးတွေရဲ့ မေ့လျော့ခြင်းကို ခံလိုက်ကြရတာပေါ့။

အဲဒီလိုမျိုးနဲ့ ကြည့်မယ်ဆိုရင်တော့ မန်နေဂျာကြီးရဲ့ ကြိုးစားအားထုတ်မှုက တကယ်ကို ချီးကျူးစရာပါပဲ။ သူက အလုပ်နဲ့ မိသားစုကြားမှာ မျှတအောင် နေထိုင်နိုင်ခဲ့တာကိုး။ မာရူးက ဒိုဝူးရဲ့ အမေနဲ့ ညီမ ဘာတွေလုပ်နေမလဲလို့ ခဏလောက် တွေးမိပေမဲ့ နောက်တော့လည်း မစဉ်းစားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ သူများ မိသားစုအရေးထဲ ဝင်မစွက်ဖက်ချင်ဘူးလေ။

မာရူးက အသားတွေ ကျက်လာတာကို ခဏလောက် ကြည့်နေပြီးမှ ပြန်ထလိုက်တယ်။ ပြီးတော့ အံဆွဲထဲကနေ တစ်ခါသုံး ပလတ်စတစ်အိတ်လေး တစ်လုံးကို ထုတ်လိုက်တာပေါ့။

“ အဲဒါ ဘာလုပ်ဖို့ ထုတ်တာလဲ ”

“ ဖေဖေ့အတွက် နည်းနည်း ချန်ထားပေးချင်လို့ပါ ”

မေမေက အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်တယ်။

“ ငါ အစားအသောက်တွေကို အိတ်ထဲ ထည့်ထားပြီးသားပါ။ အဲဒါတွေ စိတ်မပူနဲ့ ”

မေမေက စင်ပေါ်မှာ တင်ထားတဲ့ အသားထုတ်လေးကို လက်ညှိုးထိုးပြလိုက်တယ်။

‘ အဲဒါကြောင့်ပဲ သူက ဇနီးသည် ဖြစ်နေတာပေါ့ ’

မာရူးလည်း ဖေဖေ့ရဲ့ ကျန်းမာရေးအတွက် သိပ်ပြီး စိုးရိမ်မနေသင့်တော့ဘူး ထင်ပါရဲ့။ ဒါဆိုရင်တော့ ...

“ မေမေ ... ဆေးစစ်ချက် အဖြေတွေရော ထွက်ပြီလား ”

“ မင်းက ဘာတွေ အဲလောက် စိုးရိမ်နေတာလဲ မစ္စတာမာရူးရဲ့ ဆရာဝန်က ငါ့မှာ ဘာပြဿနာမှ မရှိဘူးလို့ ပြောတယ်လေ။ ငါ့လက်ကောက်ဝတ်ကလည်း အနားယူလိုက်ရင် သက်သာသွားလိမ့်မယ်တဲ့။ ငါလည်း နည်းနည်းလောက် ထပ်နားပြီးရင် အလုပ်ပြန်ဝင်တော့မှာမို့ မင်း စိတ်မပူပါနဲ့တော့ ”

“ အဲလိုဆိုရင်တော့ ဝမ်းသာပါတယ် ”

“ မင်းကလည်း အစိုးရိမ်လွန်လိုက်တာ။ မေမေက တကယ့်ကို ကျန်းကျန်းမာမာ ရှိနေတာပါဟဲ့ ”

မေမေက အဲဒီလိုပြောပြီး သူ့ရဲ့ လက်မောင်းကြွက်သားတွေကို ပြလိုက်တော့ မာရူးလည်း လိုက်ပြုံးမိသွားတော့တာပေါ့။

* * * * * * * * *

ကောင်မလေးက ပြတင်းပေါက်ကနေ ညကောင်းကင်ယံက တောက်ပနေတဲ့ ကြယ်လေးတွေကို လှမ်းကြည့်နေမိတယ်။ ဒီည အိမ်နီးနားချင်းတွေအားလုံးက သူတို့ရဲ့ မီးတွေကို မှိတ်ထားကြလို့လားတော့ မသိဘူး

“ တကယ်ကြီးတာပဲ ”

သတင်းဌာနတွေကတော့ ဒီနေ့မှာ အင်္ဂါဂြိုဟ်က ကမ္ဘာနဲ့ တကယ့်ကို နီးကပ်နေမယ်လို့ ပြောကြတာပဲ။ ဟုတ်ပါရဲ့၊ နီရဲနေတဲ့ အစက်လေးက ကောင်းကင်မှာ တကယ့်ကို ထင်းနေအောင် တောက်ပနေတာလေ။

“ ငါ ဓာတ်ပုံရိုက်လို့ ရမလား မသိဘူး ”

သူ့ရဲ့ ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကင်မရာထဲမှာတော့ ဝေဝါးနေတဲ့ ညိုညစ်ညစ် ကောင်းကင်ယံကြီးကိုပဲ တွေ့လိုက်ရတာပေါ့။ ဒီထက်ပိုပြီး အနီးကပ် ဓာတ်ပုံတစ်ပုံ လိုချင်နေတာလေ။ ကောင်မလေးက ကောင်းကင်ကြီးကို ခဏလောက် မော့ကြည့်နေပြီးမှ ကွန်ပျူတာကို ဖွင့်လိုက်တယ်။

ကွန်ပျူတာ တက်လာနေတုန်းမှာ ဇာတ်ညွှန်းကို ယူပြီး ကြည့်လိုက်တယ်။ အခုဆိုရင် သူမရဲ့ စကားလုံးတွေ အားလုံးကို တစ်ခါတည်းနဲ့ ရွတ်ပြနိုင်နေပြီ ဖြစ်ပေမဲ့ အချိန်ရတိုင်း ဇာတ်ညွှန်းကိုပဲ ကြည့်နေမိတာ။

“ ဒီ ဒီ... ဒါ ဒါ ဒါ”

ကောင်မလေးက ကွန်ပျူတာ တက်လာတာကို စောင့်ရင်း သီချင်းလေး တညည်းညည်းနဲ့ စာမျက်နှာတွေကို လှန်ကြည့်နေမိတယ်။ ခဏနေတော့ သူမက မော်နီတာ ဆီကို အာရုံပြောင်းလိုက်ပြီး သရုပ်ဆောင်တာနဲ့ ပတ်သက်တဲ့ ဘလော့ဂ်တွေကို လိုက်ရှာကြည့်လိုက်တဲ့အခါ ဘလော့ဂ်အသစ်တစ်ခုကို တွေ့လိုက်ရတာပေါ့။

အဲဒီ ဘလော့ဂ်ရဲ့ ခေါင်းစဉ်က အတိတ်သို့ တကျော့ပြန်ခရီးတဲ့။ Screenရဲ့ အပေါ်ဆုံးမှာ တက်လာတာလေ။ အဲဒီထဲမှာတော့ တစ်ရက် ဒါမှမဟုတ် နှစ်ရက်ခြားတစ်ခါ Update လုပ်ထားတဲ့ နေ့စဉ်မှတ်တမ်းတွေနဲ့ ပြည့်နေတာပဲ။ စိတ်ဝင်တစားနဲ့ တစ်ခုကို နှိပ်ပြီး ဖတ်ကြည့်လိုက်တဲ့အခါ ကောင်မလေးက တကယ့်ကို ဝမ်းသာအားရနဲ့ ရေရွတ်လိုက်မိတယ်။

“ သူလည်း ပြဇာတ်ကလပ်ကပဲလား ”

ရံဖန်ရံခါမှာတော့ သူက သူ့ရဲ့ ပြဇာတ်ကလပ်အကြောင်းတွေကို ရေးပြီး တင်ထားတတ်တာလေ။ အဲဒါက ကောင်မလေးအတွက်တော့ တကယ့်ကို အံ့ဩစရာ ကောင်းတဲ့အရာတစ်ခုပါပဲ။

“ မင်္ဂလာပါ၊ ကျွန်မလည်း ပြဇာတ်ကလပ်ကပါပဲ။ နောင်တစ်ချိန်မှာ ဆိုးလ်အနုပညာစင်တာမှာ တွေ့ကြရအောင်နော် ”

သူမက နှုတ်ဆက်တဲ့အနေနဲ့ Commentတစ်ခု ရေးခဲ့ပြီးမှ Window ကို ပိတ်လိုက်ပြီး သီချင်းလေး ဖွင့်လိုက်တယ်။ ဇာတ်ညွှန်းကို ယူပြီး ကုလားထိုင်ကို ထောင့်ကို တွန်းပို့လိုက်တာပေါ့။

“ ဟင်း ဟင်း ... အာ အာ”

အသံကို နည်းနည်းလောက် လေ့ကျင့်ပြီးတဲ့နောက်မှာတော့ ကောင်မလေးက သူ့ရဲ့ အခန်းလေးကို စင်မြင့်တစ်ခုလို သဘောထားပြီး လျှောက်သွားနေတော့တယ်။ အခန်းလေးထဲမှာ ကိုယ်ပိုင်ပြဇာတ်လေး တစ်ပုဒ်ကို ကပြနေတဲ့ အဲဒီကောင်မလေးရဲ့ ပုံစံကတော့ တကယ့်ကို ပျော်ရွှင်နေပုံရပါတယ်။

* * * * * * * * *

မာရူးက ညစာစားပြီး အခန်းထဲကို ပြန်ဝင်လာတဲ့အခါ သူ့ရဲ့ ဘလော့ဂ်မှာ Comment တစ်ခု ရောက်နေတာကို သတိပြုမိသွားတယ်။ ဒီလို ကိုယ်ပိုင်ဘလော့ဂ်လေးမှာ ... Comment ရောက်နေတယ်

“ ဒါ ကြော်ငြာများလား ”

သူက အဲဒီလိုတွေးပြီး Comment ကို နှိပ်ကြည့်လိုက်တာပေါ့။

သာမန် Comment တစ်ခုလား တကယ်ကို အံ့ဩစရာပဲ။ သူမက ဒီ ဘလော့ဂ်ကို ဘယ်လိုလုပ် ရှာတွေ့သွားတာပါလိမ့် အဲဒီလူရဲ့ ID က Black Swan တဲ့။ ဒီလူက ဒီ ဘလော့ဂ်လေးမှာ အချိန်ပေးပြီး ဖတ်သွားတဲ့အတွက် သူ တကယ်ပဲ ကျေးဇူးတင်မိပါတယ်။

“ ကြိုးစားရမှာပဲ ”

မာရူးက Window ကို ပိတ်လိုက်ပြီး သူ့ရဲ့ သင်္ချာစာအုပ်ကို ဆွဲထုတ်လိုက်တယ်။ သူ သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာဟာ သူမနဲ့ တွေ့ဖို့အတွက်ပဲလေ။ သာမန် ကျောင်းစာတွေကိုတော့ သူ ပစ်ထားလို့ မရဘူးပေါ့။

“ . . . နတ်သမီးက ငါ့ကို စာတော်တဲ့ စွမ်းရည်လေး ဘာလို့ မပေးခဲ့တာပါလိမ့် ဒီစာတွေကို ကြည့်လိုက်ရင် ဘာလို့ တစ်ခုမှ နားမလည်တာလဲ မသိဘူး . . . ”

အမည်းရောင်တွေက စာလုံးတွေ၊ အဖြူရောင်တွေက စက္ကူတွေပေါ့။ မာရူးအနေနဲ့ အဲဒီအချက်ကလွဲရင် ကျန်တာ ဘာမှ နားမလည်တော့ဘူး။ သူက မျက်မှောင်ကြီး ကြုတ်ပြီး သူ့ရဲ့ ဘောပင်ကို ကိုင်လိုက်တယ်။

* * * * * * * * *

အခန်း(၆၈)

မာရူး တစ်ယောက် တော်တော်လေး ထူးထူးဆန်းဆန်း ခံစားနေရတယ်။ လမ်းမှာ သိတဲ့သူငယ်ချင်းတစ်ယောက်နဲ့ ဆုံပေမဲ့ နာမည်ကို စဉ်းစားလို့မရတဲ့ ခံစားချက်မျိုးပေါ့။

“. . . ဟေး”

ဒိုဂျင် က လမ်းမှာ သူ့ကို အနေရခက်တဲ့ပုံစံနဲ့ နှုတ်ဆက်တယ်။ မာရူးက ကြောင်ကြည့်နေပြီးမှ ဘေးကနေ ဖြတ်လျှောက်သွားလိုက်တယ်။ နောက်ကနေ ‘ဟေ့’ လို့ အော်သံကြားပေမဲ့ သူ မသိချင်ယောင်ဆောင်နေလိုက်တာ။ အမြဲတမ်း သူ့ကိုကြည့်ပြီး စိတ်မရှည်ဖြစ်နေတဲ့ ကောင်က ရုတ်တရက်ကြီး ပြုံးပြနေတာက သူ့အတွက်တော့ တော်တော်လေး ထူးဆန်းလွန်းနေလို့ပါ။ နှာခေါင်းကို ငှက်မွှေးတောင်နဲ့ လာကလိနေသလိုမျိုး ခံစားချက်ကြီးပေါ့။

သူ စက်ဘီးကို ရပ်ပြီး အထဲကို အမြန်ပြေးဝင်ဖို့ ကြိုးစားပေမဲ့ ဒိုဂျင်က သူထင်ထားတာထက် ပိုမြန်မြန် အမှီလိုက်လာတယ်။

“မင်းက ဒီအတိုင်း ပြေးတော့မလို့လား”

“ငါသိတဲ့ ဒိုဝူးက အဲဒီလို ထူးထူးဆန်းဆန်း အပြုံးမျိုးနဲ့ နှုတ်ဆက်တတ်တဲ့သူ မဟုတ်ဘူးလေ”

“. . . တောက် ချီးပဲကွာ”

“အေး ... အဲဒီလို ဆဲလိုက်တာကမှ ပိုပြီး နေသာထိုင်သာ ရှိသေးတယ်"

မာရူးက ပြုံးပြုံးလေးနဲ့ပဲ အခန်းတွင်းစီးဖိနပ်ကို လဲစီးလိုက်တယ်။ သူတို့နှစ်ယောက်ဟာ ကျောင်းသားအုပ်ကြီးထဲမှာ ရောနှောပြီး လှေကားအတိုင်း တက်လာခဲ့ကြတယ်။ သူတို့အတန်းကတော့ ထုံးစံအတိုင်း ဒုတိယထပ် လှေကားနားမှာတင် ရှိတာပါ။ မာရူးက ဒီနေ့လည်း အေးအေးဆေးဆေး ကုန်ဆုံးပါစေလို့ ဆုတောင်းရင်း အခန်းတံခါးဆီ လျှောက်သွားတုန်း စင်္ကြံတစ်ဖက်က အုပ်စုတစ်စုက သူ့အာရုံကို ဖမ်းစားလိုက်တယ်။

ပြတင်းပေါက်ကနေ တံတွေးတွေ ထွေးထုတ်ပြီး တစ်ယောက်ကိုတစ်ယောက် ပြုံးစစနဲ့ ကြည့်နေတဲ့ ကလေးတစ်သိုက်။ အဲဒါက သူတို့အတန်းထဲက လူမိုက် ဂျောင်ချန်ဟူး နဲ့ တခြားအတန်းက လူမိုက်တွေပေါ့။ ဒိုဝူးကလည်း သူတို့ကို မြင်သွားတော့ မျက်မှောင်ကြုတ်သွားတယ်။ ချန်ဟူးက သူတို့နှစ်ယောက်ကို လှည့်ကြည့်လာတယ်။

အဲဒီကောင်လေးရဲ့ ပါးစပ်က နည်းနည်း လှုပ်သွားတယ်။ မာရူး မကြားလိုက်ရပေမဲ့ Fနဲ့စတဲ့စကားလုံးပြောနေတာ ဖြစ်မှာပါ။ မာရူးက ဒိုဝူးရှေ့တိုးသွားမှာစိုးလို့ လှမ်းတားလိုက်တယ်။

“ကျီးကန်းတွေ စုနေတဲ့နေရာမှာ ခိုတွေက မနေသင့်ဘူးကွ”

“. . . . .”

“မင်းပဲ ကလေးဆန်တဲ့ ကိစ္စတွေ မလုပ်တော့ဘူးလို့ ပြောထားတာ မဟုတ်လား။ သူတို့ကို လျစ်လျူရှုလိုက်စမ်းပါ။ သူ စိုက်ကြည့်နေရုံနဲ့ ဘာမှ ဖြစ်မသွားပါဘူး"

မာရူးက ချန်ဟူးတို့အုပ်စုကို ပြုံးပြပြီး လက်ပြလိုက်ရင်း ပြောလိုက်တယ်။ ပြတင်းပေါက်နားက ကလေးတွေကတော့ လှောင်ပြုံးတွေနဲ့ပဲ တခြားကို လှည့်သွားကြတော့တယ်။

“သူတို့ အဲလိုလုပ်တာကို မင်း မခံချင်ဘူးလား”

အခန်းထဲရောက်တော့ ဒိုဂျင်က မေးတယ်။

“မင်းရဲ့ သိက္ခာဆိုတာက ဒီလောက်အထိ အနာတရ ဖြစ်လွယ်တဲ့ အရာမှ မဟုတ်တာ။ ကလေးတွေ တက်နင်းရုံနဲ့ ပျက်စီးသွားမယ့် သိက္ခာမျိုးဆိုရင်တော့ အဲဒါက တန်ဖိုးရှိမှာ မဟုတ်တော့ဘူးပေါ့"

ဒိုဝူးက စိတ်မရှည်သလို တောက်တစ်ချက်ခေါက်ပြီး သူ့နေရာမှာ ဝင်ထိုင်လိုက်တယ်။ အရင်ကထက်စာရင်တော့ ဒိုဂျင်က တော်တော်လေး စိတ်ရှည်လာပြီပဲ။ ဒါက ရင့်ကျက်လာတဲ့ လက္ခဏာပေါ့။

“ဘာဖြစ်လာတာလဲ” ဒိုဂျင် က မေးတယ်။

“ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ဒါနဲ့ မင်း ဇာတ်ညွှန်းတွေ ကျေပြီလား”

“ကျေတာပေါ့ကွာ။ ငါလည်း အသေအလဲ အပြောခံရမှာ ကြောက်တာပေါ့။ မင်းရော ဘယ်လိုလဲ”

“ငါကတော့ ကျက်စရာ ဘာမှမရှိပါဘူး သားကြီးရာ။ သုံးကြောင်းတည်းကို”

“အေးလေ ... ဟုတ်သားပဲ”

ကော်ဖီဆိုင်မှာ စမ်းသပ်မှု လုပ်ပြီးတဲ့နောက်မှာတော့ ကလပ်အဖွဲ့ဝင်တွေဟာ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ပိုပြီး အလေးအနက် ထားလာကြတယ်။ သူတို့ရဲ့ လေ့ကျင့်ပုံ လေ့ကျင့်နည်းတွေလည်း ပြောင်းလဲလာတာပေါ့။

မာရူးက သူ့နေရာမှာတင် ဇာတ်ညွှန်းကို အသံထွက်ဖတ်နေတဲ့ ပတ်ဒေးမြောင် ကို လှမ်းကြည့်လိုက်တယ်။ သူ့သူငယ်ချင်းတွေကလည်း ဘေးကနေ နားထောင်ပေးနေကြတာ။ မာရူးနဲ့ ဒိုဂျင်လည်း ဘေးနားကို သွားပြီး ကြည့်လိုက်ကြတယ်။ ဒေးမြောင်ရဲ့ အသံသေးသေးလေးက တဖြည်းဖြည်းနဲ့ ကျယ်လာတော့တာပဲ။

“ငါ မင်းကို ပြောသားပဲ။ အဲဒီလူသစ်က တကယ် ထူးဆန်းတယ်လို့။ ကြည့်နေလိုက် ... အဲဒီလူကတော့ ပြဿနာတစ်ခုခု ရှာဦးမှာ သေချာတယ်။ ဒါနဲ့ ... မင်းက ဒီအစားအစာတွေ အကုန်လုံးကို တစ်ယောက်တည်း ကုန်အောင် စားမှာလား”

ဒေးမြောင်က အဲဒီလောက်အထိ ပြောပြီးမှ သူ့သူငယ်ချင်းတွေကို လှည့်ကြည့်လိုက်တယ်။

“ကောင်းတော့ ကောင်းပါရဲ့၊ ဒါပေမဲ့ . . .”

“တစ်ခုခု လွဲနေလို့လား”

“မင်းရဲ့ မျက်နှာအမူအရာက နည်းနည်း ပြင်းလွန်းနေသလားလို့။ အာရုံစိုက်လို့တော့ ကောင်းပါတယ်၊ ဒါပေမဲ့ ရယ်တော့ မရယ်ရဘူး”

“တကယ်လား။ ဒါဆိုရင်ကော ဘယ်လိုလဲ”

ဒေးမြောင်က သူ့ရဲ့ မျက်နှာအမူအရာကို နည်းနည်းလေး ပြောင်းလိုက်တော့မှ သူ့သူငယ်ချင်းတွေဆီက ထောက်ခံချက် ရသွားတော့တယ်။

“မဆိုးဘူး ... ကြိုးစားနေတာပဲ” မာရူးက နှုတ်ဆက်လိုက်တယ်။

အဲဒီတော့မှ ဒေးမြောင်ကလည်း သူတို့နှစ်ယောက်ကို လှည့်ပြီး နှုတ်ဆက်တယ်။ သူက လေ့ကျင့်နေတာနဲ့ အာရုံဝင်နေလို့ ဘေးနားကလူတွေကိုတောင် သတိမထားမိတဲ့ပုံပဲ။ တကယ့် အာရုံစိုက်မှုပါပဲ။

ကော်ဖီဆိုင် စမ်းသပ်မှုပြီးကတည်းက ကလပ်အဖွဲ့ဝင်တွေဟာ ပရိသတ်ရှေ့မှာ လေ့ကျင့်တာကို အခြေခံထားကြတယ်။ အထူးသဖြင့် ဒေးမြောင်ဆိုရင် မနက်ရော နေ့လယ်စာစားချိန်ရော သူ့သူငယ်ချင်းတွေကို ကူညီပေးဖို့ တောင်းဆိုလေ့ရှိတယ်။ ဒါက တိုက်ရိုက် ဝေဖန်ချက်တွေကို ရနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲလို့ မာရူး ဝန်ခံရမှာပါ။

‘သရုပ်ဆောင်တာနဲ့ ပတ်သက်ရင်တော့ သူက တကယ့်ကို အာရုံစိုက်နိုင်တာပဲ’

သူက လေ့ကျင့်တာကို အလေးအနက် ထားလာတဲ့အခါ သူ့သူငယ်ချင်းတွေကလည်း လိုက်ပြီး အလေးအနက် ထားပေးကြတယ်။ အခုခေတ်က ရုပ်ရှင်တွေ၊ ပြဇာတ်တွေက နေရာတိုင်းမှာ ရှိနေတာဆိုတော့ ဒီကလေးတွေမှာလည်း သရုပ်ဆောင်တာကို ဝေဖန်တတ်တဲ့ မျက်စိမျိုး ရှိနေကြပြီလေ။ ဘယ်နေရာက ထောက်နေလဲ၊ ဘယ်နေရာက ကောင်းလဲဆိုတာကို သူတို့ အလွယ်တကူ သိနိုင်ကြတယ်။ သေချာတာပေါ့၊ သူတို့က ပညာရှင်တွေတော့ မဟုတ်ကြပါဘူး၊ ဒါပေမဲ့ အခြေခံ အမှားတွေကိုတော့ ထောက်ပြဖို့ အဆင်ပြေနေတာပေါ့။

“အဲ - အဲလိုလား”

ဒေးမြောင်က ဇာတ်ညွှန်းပေါ်မှာ အချက်အလက်တချို့ကို မြန်မြန်ဆန်ဆန် ချရေးလိုက်တယ်။ ဒီလိုအချိန်မျိုးမှာတော့ သူက တကယ့် သရုပ်ဆောင်ပညာရှင်ကြီးနဲ့ တူနေတာ။

‘လူအများစုကတော့ ဝေဖန်ချက်တွေ အများကြီးကြားရင် ဇဝေဇဝါ ဖြစ်သွားတတ်ကြပေမဲ့ ဒေးမြောင်ကတော့ အဲဒီလိုလူစားမျိုး မဟုတ်ဘူးပဲ’

တကယ် တိုးတက်ချင်တယ်ဆိုရင်တော့ ဝေဖန်ချက်တွေကို အရင်ဆုံး စစ်ထုတ်ပြီး တကယ့် အသုံးဝင်တဲ့ အချက်တွေကိုပဲ ယူတတ်ဖို့ လိုတာပေါ့။ မဟုတ်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီးပေးမိပြီး ပျက်စီးသွားနိုင်တာကိုး။

“ကျေးဇူးပဲ။ နေ့လယ်စာစားချိန်ကျရင် ထပ်ကူညီပေးပါဦးနော်”

“အချိန်မရွေးပါပဲ”

ဒေးမြောင်ရဲ့ သူငယ်ချင်းတွေကလည်း သူတို့လုပ်နေတဲ့ အလုပ်အပေါ် ဂုဏ်ယူနေကြတာကို မာရူး သတိထားမိလိုက်တယ်။ တခြားသူကို ဝေဖန်ဆုံးဖြတ်နိုင်တဲ့ နေရာမှာ ရှိနေရတာက တော်တော်လေးတော့ ကျေနပ်စရာကောင်းတာကိုး။ ဆုံးဖြတ်ပိုင်ခွင့်ဆိုတာ အာဏာရှိတဲ့သူတွေပဲ ရတတ်တာလေ။

ဒါပေမဲ့ ဒီကလေးတွေကတော့ အဲဒါကိုတောင် သတိထားမိကြမှာ မဟုတ်ပါဘူး။

“မင်း ဒုတိယနှစ်ရောက်ရင် အဓိကဇာတ်ဆောင်နေရာတောင် ရနိုင်တယ်နော်” ဒိုဂျင်က မှတ်ချက်ပေးတယ်။

မာရူးက ဒေးမြောင်ရဲ့ မှတ်စုတွေကို လှမ်းကြည့်လိုက်တယ်။ ဇာတ်ညွှန်းတစ်ခုလုံးမှာ မှတ်စုတွေ ပြည့်နှက်နေတာပဲ။

“ဆိုးလ်အနုပညာစင်တာအထိ မသွားနိုင်ရင်တောင် Dream Hall ကိုတော့ ငါ တကယ် သွားချင်တယ်”

နွေရာသီမှာ ကျင်းပတဲ့ အမျိုးသားအဆင့် ပြိုင်ပွဲကိုတော့ ဆိုးလ်အနုပညာစင်တာမှာ လုပ်လေ့ရှိပြီး ဆောင်းရာသီပြိုင်ပွဲကိုတော့ Dream Hall မှာ လုပ်တာပေါ့။ အကျယ်အဝန်းအရ ကြည့်မယ်ဆိုရင် Dream Hall က အများကြီး ပိုကြီးပါတယ်။ လူတစ်ထောင်ကျော် ဆံ့တဲ့ ပြဇာတ်ရုံကြီးမှာ ကပြရမှာဆိုတော့လေ။

“Dream Hall ကတော့ ... တကယ်ကို မိုက်တာ”

မာရူးလည်း ဒိုဂျင်ရဲ့ စကားကို ထောက်ခံရမှာပါ။ လွန်ခဲ့တဲ့ အပတ်အနည်းငယ်တုန်းက ဆရာမ ယန်မီဆို က သူတို့ကို စိတ်အားတက်ကြွစေဖို့ အဲဒီကို ခေါ်သွားခဲ့တာ။ ကလပ်အဖွဲ့ဝင်တွေက စင်ပေါ်မှာ မိနစ်အနည်းငယ်လောက် ရပ်ပြီး ပရိသတ်ထိုင်ခုံတွေကို ငုံ့ကြည့်ခဲ့ကြသေးတယ်။

‘အဲဒီတုန်းက ခံစားချက်က တကယ့်ကို ရင်ခုန်စရာပဲ’

ပြဇာတ်ရုံ တစ်ခုလုံးကို အလွှာနှစ်ခု ခွဲထားတာပါ။ အဲဒီက လေထုက ကလပ်အဖွဲ့ဝင်တွေကိုတင် မဟုတ်ဘဲ မာရူးကိုတောင် စိတ်လှုပ်ရှားစေခဲ့တာ။ တကယ်တော့ အဲဒီအချိန်တုန်းက သူတို့ရဲ့ မျက်လုံးတွေထဲမှာ တိုက်ပွဲဝင်ချင်တဲ့ စိတ်ဓာတ်တွေ တောက်လောင်နေတာကို မာရူး မြင်ခဲ့ရပါတယ်။

‘ငါတို့မှာ သုံးလပဲ လိုတော့တယ်။’

ဆရာမ ယန်မီဆို ပြောခဲ့တဲ့ စကားကို သူ သတိရလိုက်တယ်။

“သုံးလပဲ”

“အေး ... သုံးလ”

ဒိုဂျင်က ဒေးမြောင်ရဲ့ ဇာတ်ညွှန်းကို ချထားလိုက်ပြီး သူ့နေရာကနေ သူ့ဇာတ်ညွှန်းကို ယူလာခဲ့တယ်။

“ဒေးမြောင်၊ ငါ့ကို လေ့ကျင့်ဖို့ ကူညီပေးပါဦး”

“ရတာပေါ့”

သူတို့နှစ်ယောက်ကတော့ အမြဲတမ်း ကြိုးကြိုးစားစားပါပဲ။

“ကြိုးစားကြပါဦး”

“မင်းရော ဘယ်လိုလဲ”

“ငါကတော့ ကြည့်လို့ကောင်းရုံလောက်ပဲ လုပ်မှာပါ၊ စိတ်မပူပါနဲ့”

မာရူးက သူ့နေရာကို ပြန်သွားပြီး စာအုပ်ထုတ်လိုက်တယ်။ သူတို့နှစ်ယောက် ဒီလောက်အထိ အလေးအနက် ထားနေတဲ့အချိန်မှာ သူက ဝင်ပြီး နောက်ပြောင်နေရင် မယဉ်ကျေးရာ ရောက်မှာပေါ့။ သူတို့ လေ့ကျင့်ဖော် လိုအပ်ရင်တော့ သူ ကူညီပေးမှာပါ၊ ဒါပေမဲ့ လောလောဆယ်တော့ သူတို့ဘာသာ သူတို့ အဆင်ပြေနေကြတာပဲ။ တစ်ခါတလေဆိုရင် သူတို့နှစ်ယောက်က တခြားသူတွေရဲ့ အခန်းကဏ္ဍတွေကိုတောင် လိုက်ပြီး သရုပ်ဆောင်နေကြသေးတာ။

ပထမဆုံး ပြဇာတ်တုန်းက ဆရာမ ယန်မီဆိုရဲ့ ဖိအားပေးမှုကြောင့် လေ့ကျင့်ခဲ့ရတာဆိုရင် အခု ဒုတိယ ပြဇာတ်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒတွေနဲ့ ပြည့်နှက်နေတာပေါ့။

‘သူတို့ တော်တော်လေး မြန်မြန် တိုးတက်လာကြမှာပဲ’

စိတ်အားထက်သန်နေတဲ့ လူတွေဟာ သူတို့ ထင်ထားတာထက်တောင် ပိုပြီး အောင်မြင်တတ်ကြတာကိုး။ ဒီနှစ်တော့ ကလပ်က Dream Hall မှာ တကယ်ပဲ ကပြနိုင်လိမ့်မယ် ထင်တယ်။

မာရူးက သက်ပြင်းတစ်ချက်ချပြီး သူ့ရဲ့ ဝတ္ထုစာအုပ်ကို ပိတ်လိုက်ကာ ဇာတ်ညွှန်းကို ထုတ်လိုက်တယ်။ သူလည်း အနည်းဆုံးတော့ ကြိုးစားသင့်တာပေါ့။ သူက ဒီကလပ်ကို ရည်မှန်းချက်တစ်ခုနဲ့ ဝင်ထားတာ မှန်ပေမဲ့ အဲဒါက ပျင်းနေရမယ်လို့ မဆိုလိုဘူးလေ။

ကလပ်အတွက် အားကိုးရတဲ့သူတစ်ယောက် မဖြစ်နိုင်ရင်တောင် ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်စေချင်ဘူး။ အဲဒီလိုဆိုရင်တော့ ...

‘အနည်းဆုံးတော့ ပုံမှန်ထက် ပိုကောင်းအောင် လုပ်ရမယ်’

ဇာတ်ကောင်ကလည်း စကားပြောတာ သိပ်မရှိတာဆိုတော့ နည်းနည်းလောက် လေ့ကျင့်လိုက်ရင် အဆင်ပြေမှာပါ။

“အို ... မင်းက အခုမှ ပြောင်းလာတာလား။ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်”

မာရူးက ခဲတံကို ပါးစပ်မှာ နည်းနည်း ကိုက်ထားရင်း လေ့ကျင့်တာကို တန်းစလိုက်တော့တယ်။

* * * * * * * * *

“မင်းတို့ မနေ့က အတူတူ သောက်ခဲ့ကြတာလား”

“ငါ သူ့ကို တော်တော်လေး တိုက်လိုက်ပေမဲ့ သူက အေးဆေးပဲကွ။ သူက အသောက် တော်တော်နိုင်တာ”

“သားကြီး၊ ငါ မင်းကို ပြောသားပဲ။ ကိုကာကိုလာနဲ့ ရောမှ တကယ် အာနိသင်ရှိတာလို့။ ဒါမှမဟုတ် အချိုတစ်ခုခု တိုက်လိုက်လေ။ ပိုက်ဆံတော့ ကုန်မှာပေါ့၊ ဒါပေမဲ့ အဲဒါက အကောင်းဆုံးပဲ”

“နောက်မှပေါ့ကွာ။ အခုတော့ ငါ့ပိုက်ဆံအိတ်က သိပ်အခြေအနေမကောင်းဘူး”

ချန်ဟူးက အချိန်ကို ကြည့်ပြီး သူ့အုပ်စုနဲ့ လမ်းခွဲလိုက်တယ်။ သူတို့အားလုံး မနေ့က ဘေးကျောင်းက မိန်းကလေးတွေနဲ့ ပါတီလုပ်ခဲ့ကြပေမဲ့ ဘယ်သူမှတော့ ဘာမှ မအောင်မြင်ခဲ့ကြဘူး။

“ဟင်း ... သူကလည်း တကယ်လှတာပဲ”

“ဟို ဆေးလိပ်တစ်ထုပ်လုံး ကုန်အောင် သောက်တဲ့ ကောင်မလေးလား”

ချန်ဟူး အတန်းထဲကို ဝင်ဝင်ချင်း ကြားလိုက်ရတဲ့ စကားတွေပေါ့။ ဒါက ကျောင်းသားတစ်ယောက်ရဲ့ သာမန် စကားပြောသံမျိုး မဟုတ်ဘူး။ အော် ... ပြဇာတ်ကလပ်က ကလေးတွေ လေ့ကျင့်နေကြတာကိုး။

“သူတို့တွေ တော်တော် ကြိုးစားနေကြတာပဲ” သူ မှတ်ချက်ပေးလိုက်တယ်။

“ငါလည်း ပြဇာတ်ကလပ်ပဲ ဝင်ခဲ့သင့်တာ။ အဲဒီက ကောင်မလေးတွေက လှတာပဲ”

“အေးပါကွာ၊ တကယ် မိုက်တာ"

“ပြီးခဲ့တဲ့ တစ်ခေါက်က ငါတို့အတန်းထဲ လာတဲ့ စီနီယာမလေးလည်း တကယ် ချစ်စရာကောင်းတာ”

“ငါ့အကြိုက်တော့ မဟုတ်ဘူး”

ချန်ဟူးက လက်တွေကို အိတ်ကပ်ထဲ ထည့်ပြီး သူ့နေရာမှာ ဝင်ထိုင်လိုက်တယ်။ အိတ်ကပ်ထဲမှာ အိမ်ကနေ ယူလာတဲ့ ဆေးလိပ်နှစ်လိပ်ကို စမ်းမိတယ်။ သူ့သူငယ်ချင်းတစ်ယောက်ဆီမှာ မီးခြစ်ရှိတာဆိုတော့ နေ့လယ်စာစားချိန်ကျမှ ကျောင်းပြင်ပမှာ သွားသောက်ရမယ်။ အတန်းစဖို့ ၁၅ မိနစ် လိုသေးတာကြောင့်ရော မနေ့ညက ဂိမ်းဆော့ပြီး အိပ်ရေးပျက်ထားတာကြောင့်ရော သူ ခဏ အိပ်ဖို့ ပြင်လိုက်တယ်။

“ဟေ့ ... တိတ်တိတ်နေကြစမ်း။ မင်းတို့ကလည်း သောက်ရမ်း ဆူနေတာပဲ”

သေချာတာပေါ့၊ ရှေ့က ကလေးနှစ်ယောက်ကို ပြောဖို့ သူ မမေ့ပါဘူး။ ဒေးမြောင်ကတော့ ငကြောက်ဆိုတော့ ချန်ဟူး စိုက်ကြည့်လိုက်တာနဲ့တင် ပါးစပ်ပိတ်သွားတော့တယ်။ ဒါပေမဲ့ ဒိုဂျင်ကတော့ အပြောအဆိုနဲ့မှ နားလည်မယ့်ပုံစံမျိုး။

အာ ... တိတ်ဆိတ်သွားပြီ။ ငြိမ်းချမ်းလိုက်တာ။ အိပ်ဖို့ အကောင်းဆုံးပဲ။

ဒါပေမဲ့ သူ အိပ်မက်ကမ္ဘာထဲကို ရောက်ခါနီးမှာပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံတွေကို ထပ်ကြားရပြန်တယ်။ ဒေးမြောင်နဲ့ ဒိုဂျင်ပေါ့။ သူတို့က အရင်ကထက်စာရင် တိုးတိုးလေး ပြောနေကြပေမဲ့ စကားပြောနေကြတုန်းပဲ။

‘ဒီကောင်တွေကတော့ . . .’

သူ့ကို တကယ်ပဲ စိတ်အနှောင့်အယှက် ပေးချင်နေတာလား။ သူ ပင်ပန်းနေတာလေ။ သူ ခေါင်းမော့ကြည့်လိုက်တော့ အဲဒီနှစ်ယောက်က လေ့ကျင့်နေကြတုန်းပဲ။

“ဟေ့ ငါပြောတာ မကြားဘူးလား”

ဒေးမြောင်က တွန့်သွားပြီး ချက်ချင်း ပါးစပ်ပိတ်သွားပေမဲ့ ဒိုဂျင်ကတော့ စိတ်ပျက်တဲ့ အပြုံးနဲ့ ပြန်ကြည့်လာတယ်။

“ဘာလဲ ... မင်းက ဒီအတန်းတစ်ခုလုံးကို ဝယ်ထားလို့လား။ ငါတို့ အသံလျှော့ထားတာပဲ၊ မင်း အိပ်ချင်ရင် အိပ်လိုက်ပါလား”

“ဟက် ... ချီးပဲ။ မင်းအသံက ကျယ်နေတုန်းပဲလေ၊ အဲဒီတော့ အဲဒီ ပါးစပ်ပိတ်ထားလို့ မရဘူးလား”

“သောက်ကျိုးနည်း ... မင်းက ဒါကို စာကြည့်တိုက်လို့ ထင်နေတာလား။ စိတ်အနှောင့်အယှက် ဖြစ်နေရင်လည်း နားကြပ်သာ တပ်ထားလိုက်စမ်းပါ”

“မင်းကတော့ တကယ်ကို . . .”

ဒိုဂျင်ကတော့ ချန်ဟူးအတွက် အစကတည်းက စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ ဒိုဂျင်က အရင်တုန်းက လူမိုက်ပုံစံမျိုး ရှိခဲ့ဖူးတာကြောင့် ချန်ဟူးက သူ့ကို သိပ်ပြီး ပြဿနာမရှာခဲ့တာ၊ ဒါပေမဲ့ အခုတော့ မရတော့ဘူး။ သူ သူ့ဘေးနားက သူငယ်ချင်းတွေကို လှမ်းကြည့်လိုက်တယ်။ ဒီအတန်းထဲမှာ သူ့သူငယ်ချင်း လေးယောက် ရှိတာလေ။ အကုန်လုံးက အလယ်တန်းကတည်းက ပေါင်းလာကြတဲ့ သူတွေ။

“မင်းက ငါ့တုတ်လောက်တောင် မရှိဘဲနဲ့ တအားတွေ ဟန်ပြနေတာပဲ”

“ဟား ... မင်းတို့ တုတ်တွေက ၁၇၀ စင်တီမီတာလောက် ရှိလို့လား”

ဒိုဂျင်က တစ်ခွန်းမှ အလျှော့မပေးဘူး။ ချန်ဟူးကတော့ ဒါကို သဘောမကျဘူး။ ဒီကောင်ကို သင်ခန်းစာတစ်ခု ပေးရမယ်။ သေချာတာပေါ့၊ သူ အတန်းထဲမှာ ရန်ဖြစ်ဖို့တော့ စိတ်ကူးမရှိပါဘူး။ ဒီကျောင်းမှာ ရူးနေတဲ့ ဆရာတွေက အများကြီးလေ။

အဲဒီအစား သူ အဲဒီကောင်ကို နည်းနည်းလောက် စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရမယ်။

သူ့သူငယ်ချင်းတွေကလည်း သူ့နောက်ကနေ လိုက်လာကြတယ်။ ဒိုဂျင်နဲ့ ဒေးမြောင် ဘေးက ကလေးတွေကတော့ လန့်ပြီး နောက်ကို ဆုတ်သွားကြတာပေါ့။

“ဒိုဂျင် ... မင်း စကားကို နည်းနည်း ယဉ်ယဉ်ကျေးကျေး ပြောသင့်တယ်လို့ မထင်ဘူးလား။ မင်းက လူမိုက်လည်း မဟုတ်ဘဲနဲ့”

“မဟုတ်ဘူး၊ မင်းကများ။ ဘာဖြစ်ချင်တာလဲ။ ငါ့ကို ရိုက်မလို့လား။ မင်း သောက်ခွက်စုတ်သွားချင်လို့လား။ လာခဲ့လေ”

ချန်ဟူးက သူ့သူငယ်ချင်းတွေကို အချက်ပြလိုက်တယ်။ ဒိုဂျင်ကတော့ ပြန်ချမယ့်လူစားမျိုးမို့လို့ သူ့ကို ရိုက်ဖို့ကတော့ လောလောဆယ် မဖြစ်သေးဘူး။ ဒေးမြောင်ကတော့ တကယ့် ပစ်မှတ်ပဲ။

“ဒေးမြောင် ... ငါ အရင်က မင်းကို စိတ်ဆိုးအောင် လုပ်ခဲ့တာ ရှိလား”

ဒါပေမဲ့ ချန်ဟူး တစ်ခုခု ထပ်လုပ်ခါနီးမှာပဲ၊

“ဟေ့ ... ဆရာ လာနေပြီ” လို့ တစ်ယောက်ယောက်က ပြောလိုက်တယ်။

အဲဒါက နောက်ဖေးတံခါးကနေ အပြင်ကို လှမ်းကြည့်နေတဲ့ မာရူးပဲ။

“မင်းကို နောက်မှ တွေ့မယ်” လို့ ချန်ဟူးက ပြောပြီး သူ့နေရာကို ပြန်သွားလိုက်တယ်။

အမြဲတမ်း PVC ပိုက်ကြီး ကိုင်ထားတတ်တဲ့ ဆရာနဲ့တော့ သူလည်း မတွေ့ချင်ဘူးလေ။ ဒါပေမဲ့ တစ်မိနစ်လောက် စောင့်ကြည့်နေတာတောင် ဘာမှ ဖြစ်မလာဘူး။

ဘာကြီးလဲ

ချန်ဟူးက ဇဝေဇဝါနဲ့ မာရူးကို လှည့်ကြည့်လိုက်တယ်။ သူတို့ မျက်လုံးချင်း ဆုံသွားတယ်။ ပြီးတော့ . . .

မာရူးက ပြုံးပြီး ပခုံးတွန့်ပြလိုက်တယ်။

“ဆောရီးပဲ ... ငါ အကြည့်မှားသွားတာ ထင်တယ်”

ချန်ဟူးရဲ့ နှုတ်ခမ်းတွေ နည်းနည်း တွန့်သွားတာကို သူ ခံစားလိုက်ရတယ်။ ဒီနေ့တော့ သူ့ရဲ့ စိတ်အခြေအနေက တော်တော်လေး ပျက်စီးသွားပြီဆိုတာ သူ သိလိုက်တော့တာပေါ့။

* * * * * * * * *

All Chapters