← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း(၆၉)

မျက်နှာကျက်ဆီက ခေါင်းလောင်းသံ မြည်လာတယ်။

“ အားလုံးပဲ နေ့လယ်စာ စားချိန်ရောက်ပြီ ”

ဆရာ အတန်းထဲက ထွက်သွားတာနဲ့ ကျောင်းသားတွေအားလုံး ရှေ့တံခါး၊ နောက်တံခါးတွေဆီကို ပြေးကြတော့တာပဲ။ တစ်ယောက်နဲ့တစ်ယောက် တွန်းတိုက်ပြီး ပုံမှန်ထက် အဆပေါင်းများစွာ ပိုမြန်တဲ့ အရှိန်နဲ့ ပြေးနေကြတယ်။

“ ကြက်ကြော်ဟေ့ ”

“ သွားကြစို့ ”

ဒီနေ့ ထမင်းစားဆောင်မှာ ကြက်ကြော်ကျွေးတာကိုး။ ကျောင်းသားတွေအားလုံး ခြေကုန်တင်ပြီး အသည်းအသန် ပြေးနေကြတယ်။ မာရူးကတော့ ကျောင်းသားအချို့ ပျောက်သွားမှပဲ ခုံကနေ ဖြည်းဖြည်းချင်း ထလိုက်တယ်။

“ အမလေး ... လန့်တာကွာ ”

“ မင်း နောက်ကျသွားလို့လည်း ကြက်ကြော်က ကြက်ကြော် မဟုတ်တော့ဘဲ ဖြစ်မသွားပါဘူးကွာ။ ဘာလို့ အဲလောက် အသည်းအသန် ဖြစ်နေကြတာလဲ မသိဘူး ”

မာရူးက လက်ထဲမှာ ဇာတ်ညွှန်းစာအုပ်ကို ကိုင်ပြီး လျှောက်လာတဲ့ ပတ်ဒေးမြောင်ကို လှမ်းခေါ်လိုက်တယ်။

“ လမ်းမှာပါ လေ့ကျင့်မလို့လား ”

“ အေးလေ ... အချိန်မဖြုန်းချင်လို့ ”

ဒီကောင်ကတော့ တကယ်ပဲ။ ဘယ်တုန်းကတည်းက ဒီလောက် ကြိုးစားသွားတာပါလိမ့်။

“ ဒီအတိုင်းဆိုရင်တော့ မင်းရဲ့ ဇာတ်ညွှန်းစာအုပ်က စုတ်ပြတ်သတ်သွားတော့မှာပဲ ”

အဲဒီလိုပြောနေတုန်းမှာပဲ ဒိုဂျင်ကလည်း သူ့ဇာတ်ညွှန်းစာအုပ်ကို သွားယူပြီး ပြေးလာတယ်။ စိတ်ပျက်စရာပဲ ... ဒီနှစ်ယောက်ကြောင့် မာရူးတောင် လိုက်ပြီး လေ့ကျင့်ချင်စိတ် ပေါက်လာရတယ်။

“ မင်းသား ဟန်၊ မင်းသား ပတ်တို့ခင်ဗျာ ... ကျေးဇူးပြုပြီး နေ့လယ်စာစားချိန်မှာတော့ ထမင်းကိုပဲ အာရုံစိုက်ကြရအောင်ပါ ”

မာရူးက သူငယ်ချင်းနှစ်ယောက်ရဲ့ ပုခုံးကို ဖက်ပြီး အပြင်ကို ခေါ်လာခဲ့တယ်။ ထမင်းစားဆောင် ရောက်တဲ့အချိန်မှာတော့ ခုနက ပြေးလာတဲ့ ကလေးတွေက အစီအစဉ်တကျ တန်းစီနေကြပြီ။ အတိတ်မှာပဲဖြစ်ဖြစ်၊ အခုပဲဖြစ်ဖြစ် ကိုရီးယားလူမျိုးတွေကတော့ ကြက်ကြော်ဆိုရင် ရူးကြတာပဲ။

“ ဟဲလို ”

တစ်ယောက်ယောက်က သူတို့နောက်ကနေ လှမ်းနှုတ်ဆက်တယ်။ အီဆိုးလ်ပဲ ဖြစ်တယ်။ သူ့ဘေးက လူတွေက တခြားကလပ်က မီးခိုးရောင် အင်္ကျီတွေ ဝတ်ထားပေမဲ့ အီဆိုးလ်ကတော့ သူတို့ သုံးယောက်လိုပဲ ‘ မိုးပြာရောင် ’ ကလပ်ရဲ့ တီရှပ်ကို ဝတ်ထားတယ်။

“ အိုး ... ဒီအင်္ကျီနဲ့ဆို ငါ ပိုကြည့်ကောင်းတယ်နော် ” လို့ ပြောပြီး သူမက သူတို့နား တိုးလာတယ်။

ဒေးမြောင်က အီဆိုးလ် တိုးလာတာနဲ့ နည်းနည်း ဘေးကို ဖယ်ပေးလိုက်တယ်။ သိပ်မသိသာလို့ ဘယ်သူမှ သတိမထားမိပေမဲ့ ဘေးမှာ ရှိနေတဲ့ မာရူးကတော့ ချက်ချင်း ရိပ်မိလိုက်တာပေါ့။

‘ အချောလေးပါလား ’

ဒေးမြောင်က အီဆိုးလ်ကို ကြိုက်နေလို့ အနေရခက်နေတာ မဟုတ်ဘဲ လှတဲ့ မိန်းကလေးတွေနဲ့ စကားပြောရတာကို မကျွမ်းကျင်လို့ ဖြစ်မယ်။ လေ့ကျင့်ခန်း လုပ်တုန်းကကျတော့ သူမနဲ့ ပုံမှန်ပဲ ပြောဆိုနေတာပဲ။ ကြည့်ရတာ လူမှုရေးကိစ္စတွေမှာပဲ အားနည်းပုံရတယ်။

မာရူးက ဒေးမြောင်ကို အီဆိုးလ်ဘက်ကို တွန်းပေးလိုက်တယ်။ ဒေးမြောင်က မလုပ်ဖို့ အချက်ပြနေပေမဲ့ မာရူးကတော့ ပိုပြီး ပြုံးပြနေလိုက်တယ်။

‘ ဒါက မင်းရဲ့ အနာဂတ်အတွက်ပါ သူငယ်ချင်းရာ။ မိန်းကလေးတွေဆိုတာ ရှောင်ရမယ့်သူတွေ မဟုတ်ဘူး၊ အသားကျအောင် လုပ်ရမယ့်သူတွေကွ ’

ဒေးမြောင်ရဲ့ မျက်နှာက ချက်ချင်းဆိုသလို နီမြန်းသွားတယ်။ စင်ပေါ်မှာကျ ယုံကြည်မှု ရှိနေတဲ့ ဒီကောင်ကို အခုလို မြင်ရတာ တကယ့်ကို ထူးဆန်းတယ်။

“ နင်တို့ လေ့ကျင့်တာ ဘယ်လိုနေလဲ ” လို့ အီဆိုးလ်က မေးတယ်။

“ အဆင်ပြေပါတယ်။ နင်ရော ” လို့ ဒိုဂျင်က ပြန်ဖြေတယ်။

“ ပုံမှန်ပါပဲ။ ငါ့ဘာသာ ပျော်အောင် ကြိုးစားနေတာ။ ဒေးမြောင် ... နင်ရော ”

“ ငါ ... ငါလား။ အင်း ... အဆင်ပြေပါတယ်။ ဒါပေမဲ့ အများကြီး ကြိုးစားဖို့ လိုပါသေးတယ် ”

“ ဘာလို့ ချက်ချင်းကြီး နှိမ့်ချနေတာလဲ။ ပြီးခဲ့တဲ့တစ်ခေါက်က နင် တော်တော် ကောင်းတာပဲလေ ” လို့ အီဆိုးလ်က ပြောရင်း ဒေးမြောင်ကို နည်းနည်း တို့လိုက်တယ်။

ဒေးမြောင်ကတော့ ‘ ငါ တကယ် တော်လို့လား ’ လို့ တိုးတိုးလေး ရေရွတ်ရင်း ရယ်နေတော့တာပေါ့။

“ မာရူးရော ... နင်ကတော့ အဆင်ပြေမှာပါနော် ”

“ ငါလည်း အစွမ်းကုန် ကြိုးစားနေတာပါ ”

“ အစွမ်းကုန် ဟုတ်လား။ ဟားဟား ... နင်နဲ့ မလိုက်ဖက်လိုက်တာ ”

“ ဒါဆို ငါနဲ့ လိုက်ဖက်တာက ဘာလဲ ”

“ အတတ်နိုင်ဆုံး အပင်ပန်းမခံဘဲ ဖြတ်သန်းတာမျိုးပေါ့ ”

“ ဟုတ်ပါပြီ ... ငါ အရှုံးပေးပါတယ် ”

စကားပြောနေတုန်းမှာပဲ တန်းစီနေတဲ့ လူတန်းကြီးက တိုလာတယ်။ ထမင်းစားဆောင်ထဲ ရောက်တဲ့အခါမှာတော့ သူတို့လို အင်္ကျီတူဝတ်ထားတဲ့ နောက်ထပ် အုပ်စုတစ်ခုကို တွေ့ရတယ်။ ဒီဇိုင်းအတန်းက သုံးယောက်ရယ်၊ နောက်ထပ် တစ်ယောက်ကတော့ တေဂျွန်းပဲ။

“ မင်္ဂလာပါ လူကြီးမင်းတို့” လို့ တေဂျွန်းက အားလုံး ကြားအောင် လှမ်းနှုတ်ဆက်လိုက်တယ်။

လူတွေအားလုံးက ဝိုင်းကြည့်လိုက်တော့ သူက ရှက်ပြုံးလေးနဲ့ ငြိမ်သွားရှာတယ်။

‘ ဒီကောင်က ဆူဆူညံညံ နေရတာ ဝါသနာပါပေမဲ့ ရှက်လည်း တအားရှက်တတ်တဲ့ အမျိုးအစားပဲ ’ လို့ မာရူးက မှတ်ချက်ပေးလိုက်တယ်။

“ နင် ဒီမှာ ဘာလုပ်နေတာလဲ ” လို့ အီဆိုးလ်က မေးတယ်။

“ နင်ရောပဲ ... နင်ရော ဒီမှာ ဘာလုပ်နေတာလဲ ”

“ အင်း ... အေးလေ။ အေးပါ ... နင် နိုင်ပါတယ် ”

မာရူးက စားပွဲမှာ ထိုင်လိုက်ပြီး ဒီဇိုင်းအတန်းက ကလေးတွေကို နှုတ်ဆက်လိုက်တယ်။ ဟောင်ဂွန်ဆော့နဲ့ ယွန်ရင်က ပျင်းရိပျင်းတွဲနဲ့ လက်ပြနှုတ်ဆက်ပြီး ကင်ဆိုယွန်းကတော့ ထမင်းကို မြိန်မြိန်ယှက်ယှက် စားဖို့ ပြောတယ်။ အရင်က ကိစ္စတွေအတွက် သူတို့ စိတ်မဆိုးကြတော့ဘူး ဆိုပေမဲ့ ရင်းရင်းနှီးနှီးတော့ မရှိကြသေးဘူး။

မာရူးကတော့ အဲဒါကို အေးဆေးပါပဲ။ သူတို့ကသာ အတင်းကြီး လာပြီး ရင်းနှီးဖို့ ကြိုးစားနေရင် ပိုပြီးတော့တောင် စိတ်ရှုပ်စရာ ကောင်းနေဦးမယ်။

“ ကြက်သားက ကျောက်ခဲ ဝါးနေရသလိုပဲ ” လို့ ဘေးမှာ ထိုင်နေတဲ့ ဒိုဂျင်က ကြက်သားကို ကိုက်ရင်း ပြောတယ်။

‘ လူတစ်ထောင်စာ ကြက်သားကို ကြော်ထားရတာဆိုတော့ ဒီလိုပဲ ရှိမှာပေါ့ ’

မာရူးက စစ်တပ်ထဲက အချိန်တွေကို ပြန်သတိရသွားတယ်။ အထူးသဖြင့် ကြက်ငှက်တုပ်ကွေး သတင်းထွက်ပြီး နောက်တစ်နေ့မှာ ကြက်ကြော်ကျွေးခဲ့တဲ့ အချိန်ပေါ့။ အဲဒီတုန်းက အရသာနဲ့ အခုအရသာက တူနေတယ်ဆိုကတည်းက ဒီဟင်းက တကယ် မကောင်းဘူးဆိုတာ သေချာတယ်။

“ ငါ့အတွက်တော့ အရသာ ရှိတာပဲ ”

ဒေးမြောင်ကတော့ အရိုးတွေပါ ပြောင်နေအောင် စားနေတာဆိုတော့ မာရူးလည်း သူ့ကြက်သားကို ဒေးမြောင်ကိုပဲ ပေးလိုက်တယ်။

နေ့လယ်စာ စားပြီးနောက်မှာတော့ အဖွဲ့ဝင်တွေအားလုံး လက်ထဲမှာ ချောကလက် တစ်ခွက်စီ ကိုင်ပြီး အပြင်မှာ ဆုံကြတယ်။

“ ဒီနေ့ ဇာတ်ဝင်ခန်းတွေ စတိုက်ရတော့မယ် မဟုတ်လား ”

ဇာတ်ညွှန်းစာအုပ်တွေ ရခဲ့တာ နှစ်ပတ် ရှိပြီ။ အခုဆိုရင် အဖွဲ့ဝင်တွေအားလုံး ဇာတ်ညွှန်းကို အလွတ်ရနေကြပြီ။ ဒီနေ့မှာတော့ ယန်မီဆိုက သတ်မှတ်ပေးထားတဲ့ နေရာတွေအတိုင်း လှုပ်ရှားရင်း ဒိုင်ယာလော့ခ်တွေ ပြောရတော့မှာ ဖြစ်တယ်။

ငြိမ်ငြိမ်ရပ်ပြီး ဒိုင်ယာလော့ခ် ပြောတာနဲ့ လှုပ်ရှားရင်း ပြောရတာက လုံးဝကို ကွဲပြားတယ်။ လမ်းလျှောက်ရင်း စကားပြောဖို့ဆိုတာ ထင်သလောက် မလွယ်ကူဘူး။ မာရူးကတော့ အဖွဲ့သားတွေ လုပ်နေတာကို ခဏခဏ မြင်ဖူးထားလို့ ဒါကို ကောင်းကောင်း နားလည်တယ်။

အဲဒီအချိန်မှာပဲ အဖွဲ့သားတွေရဲ့ အကြည့်က မာရူးဆီကို ရောက်လာတယ်။

“ စိတ်မပူပါနဲ့ ... ငါ ဒုက္ခမပေးပါဘူး ”

သူက ‘ ဒုက္ခမပေးအောင် ကြိုးစားပါ့မယ် ’ လို့ မပြောဘဲ ‘ ဒုက္ခမပေးဘူး ’ လို့ပဲ ပြောလိုက်တယ်။ ဒီလို အခြေအနေမျိုးမှာတော့ မလုပ်ဘူးဆိုတာကို အသေအချာ ပြောလိုက်တာက ပိုကောင်းတယ်လေ။ ပြီးတော့ မာရူးကလည်း အမှားမလုပ်မိအောင် အလုံအလောက် လေ့ကျင့်ထားပြီးသားပါ။

“ နောက်မှ တွေ့ကြမယ် ”

အဲဒီလိုပြောပြီး အဖွဲ့သားတွေ လူစုခွဲလိုက်ကြတယ်။ ကျောင်းဆင်းရင်တော့ ခန်းမကြီးထဲမှာ ပြန်ဆုံကြမှာပေါ့။

ဒိုဂျင် အတန်းထဲ ဝင်လာတဲ့အချိန်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုကို တွေ့လိုက်ရတယ်။ ဂျောင်ချန်ဟူးနဲ့ သူ့သူငယ်ချင်းတစ်သိုက်က မာရူးရဲ့ ခုံမှာ ထိုင်နေကြတာ။ ဒိုဂျင်က မျက်မှောင်ကြုတ်ပြီး အရင်ဆုံး ပြောလိုက်တယ်" မင်းတို့ ဘာလုပ်နေကြတာလဲ ”

“ စကားပြောချင်လို့ပါကွာ ”

“ လစ်စမ်းကွာ ”

“ မင်း ပါးစပ်ပိတ်ထားစမ်းပါ ဒိုဂျင်ရာ။ ငါ မင်းနဲ့ စကားပြောနေတာ မဟုတ်ဘူး ”

ဒိုဂျင် ရှေ့တိုးလာတာကို မာရူးက တားလိုက်တယ်။ ဒိုဂျင်ကတော့ အဲဒီလို တားတာကို သဘောမကျဘူး။

“ မာရူး ... ဒီလိုကောင်မျိုးတွေက အရိုက်ခံရမှ မှတ်တာကွ ”

“ တော်စမ်းပါ ... မင်း ခုံမှာ မင်း သွားထိုင်။ ကလေးလည်း မဟုတ်တော့ဘူး ... ပြဿနာတွေကို အကြမ်းဖက်နည်းနဲ့ မဖြေရှင်းစမ်းပါနဲ့ ”

စိတ်အေးအေးထားပါ။ မာရူးက ဒိုဂျင်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်တော့ ဒိုဂျင်က စိုက်ကြည့်ရင်း နောက်ကို ဆုတ်သွားတယ်။ ဒေးမြောင်ကတော့ စိုးရိမ်တဲ့ မျက်နှာထားနဲ့ မာရူးဘေးမှာ ရပ်နေတယ်။ တကယ် သတ္တိရှိတဲ့ ကောင်လေးပဲ။

“ ကဲ ... ငါ့ကို ဘာပြောချင်လို့လဲ ”

“ ငါတို့တွေ အဆင်ပြေပြေ နေချင်လို့ပါကွာ ... သိတယ်မလား ”

“ ကောင်းသားပဲ ... ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ် ”

မာရူးက လက်ကမ်းပေးလိုက်တော့ ချန်ဟူး အံ့ဩသွားတယ်။

“ မင်းက ဘယ်လိုလူလဲ ”

“ ဘယ်လိုထင်လဲ ... ငါက မာရူးလေ ”

ချန်ဟူးက မာရူးရဲ့ လက်နဲ့ မျက်နှာကို အပြန်အလှန် ကြည့်ပြီးမှ ထရပ်လိုက်တယ်။ ဒိုဂျင်က ထပ်ပြီး အော်ဖို့ ပြင်နေပေမဲ့ မာရူးက တားထားတယ်။ အဲဒါကို မြင်တော့ ချန်ဟူးက ပြုံးလိုက်တယ်။

“ ကောင်းတယ် ... ကောင်းတယ်။ ဒိုဂျင် ... မင်း မာရူးဆီက သင်ယူသင့်တယ်နော်။ မင်းမှာ ဘာဦးနှောက်မှ မရှိဘူး ”

ချန်ဟူးက မာရူးရဲ့ ပါးကို လက်ဖမိုးနဲ့ ခပ်ဖွဖွ ပုတ်ပြီး သူ့ခုံကို ပြန်သွားတယ်။ ကြည့်စမ်း ... ရုပ်ရှင်ထဲက အတိုင်းလိုက်လုပ်နေတာ။

ချစ်စရာလေးပါပဲ။

မာရူး တကယ်ပဲ ကျယ်ကျယ်လောင်လောင် မရယ်မိအောင် ထိန်းထားရတယ်။ အဲဒီအချိန်မှာပဲ ဒိုဂျင်က သူ့ပုခုံးကို ဆွဲပြီး နောက်ကို ခေါ်လာတယ်။

“ ငါတို့ စကားပြောဖို့ လိုတယ် ”

ဒီကောင်က ဘာဖြစ်ပြန်တာလဲ။ မာရူးက သူ့မျက်နှာကို ကုတ်ရင်း စင်္ကြံလမ်းထဲ ထွက်လာတယ်။ ဒေးမြောင်ကလည်း စိုးရိမ်တကြီးနဲ့ သူတို့နောက်ကနေ လိုက်လာတယ်။ ပဉ္စမအချိန် မစသေးတော့ အပြင်မှာ ကျောင်းသားတွေ အများကြီး ရှိနေတုန်းပဲ။

ပတ်ဝန်းကျင်က ဆူညံသံတွေကြားမှာ ဒိုဂျင်က လေသံကို လျှော့ပြီး ပြောလိုက်တယ်။

“ မင်းမှာ မာန မရှိဘူးလား။ ဘာလို့ ဒီအတိုင်းကြီး အလျှော့ပေးလိုက်တာလဲ ”

“ မင်း ဘာလို့ ထပ်ပြီး စိတ်တိုနေတာလဲ။ အောင့်ခံလိုက်စမ်းပါ ”

“ မဟုတ်ဘူးလေကွာ။ ငါ့ကိုပဲ လာနှောင့်ယှက်တာဆိုရင် ထားပါဦး။ အခုက လူတိုင်းကို လိုက်နှောင့်ယှက်နေတာကွာ ... တကယ်ကို စိတ်ပျက်စရာကောင်းတယ် ”

ဒီမနက် ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် ဒိုဂျင် တကယ်ပဲ စိတ်တိုနေပုံရတယ်။ ဒေးမြောင်ကို ခဏလောက် လှမ်းကြည့်လိုက်ပုံအရ ချန်ဟူး လုပ်ခဲ့တာတွေအတွက် ဒေးမြောင်အတွက် စိုးရိမ်ပေးနေတာ ဖြစ်မယ်။

တကယ်ကို လူကောင်းလေးပါပဲ ... သူ စိတ်တိုတာလည်း မဆန်းပါဘူး။ ချန်ဟူးဆိုတဲ့ ကောင်က တိရစ္ဆာန်လောကမှာဆိုရင် ခွေးအတောင် မဟုတ်ဘူး။ ခွေးရူးနဲ့ ပိုတူတယ်။ အုပ်စုနဲ့ဆိုရင် ပိုးဟပ်ကအစ အကုန်လိုက်ကိုက်ပေမဲ့ အမဲလိုက် သတ္တဝါအစစ်တွေနားကျရင်တော့ မကပ်ရဲတဲ့ အမျိုးအစားပေါ့။ တကယ် သန်မာတဲ့သူ ရှေ့မှာ ဘယ်လိုနေရမလဲဆိုတာတောင် သူ သိမှာ မဟုတ်ဘူး။ ဒီလိုကောင်မျိုးတွေကို ကိုင်တွယ်ရတာ တကယ်တော့ အလွန် လွယ်ပါတယ်။ ပြန်ပြီး နည်းနည်း ဟိန်းလိုက်ရုံပါပဲ။

တစ်ခါလောက် ရန်ဖြစ်လိုက်ရင် ပြဿနာ ပြေလည်သွားနိုင်ပေမဲ့ ...

“ ဒါပေမဲ့လည်း စိတ်ရှည်စမ်းပါ ”

“ ဘာလို့လဲ ... မင်းက ...”

“ မင်းက ကလေးလိုမျိုး ငါ့ကို ကြောက်နေတာလားလို့ မေးမှာဆိုရင်တော့ အခုပဲ တော်လိုက်တော့ ”

“ ဒါဆို ဘာလို့လဲ ”

“ ဒိုဂျင် ... ငါတို့မှာ သုံးလပဲ ကျန်တော့တယ် ”

“ ဘာ ”

“ မင်း ‘ Dream Hall ’ ကို မသွားချင်ဘူးလား ”

မာရူးက ဒေးမြောင်ကို လှည့်ကြည့်ရင်း သူ့စကားကို ပိုပြီး လေးနက်အောင် ပြောလိုက်တယ်။ ပြဇာတ်ကလပ်က အရင်ကလည်း အရှုပ်အထွေးတွေ ရှိခဲ့ဖူးတယ်။ အထူးသဖြင့် ခန်းမထဲမှာ မီးလောင်ခဲ့တဲ့ ကိစ္စပေါ့။ ကံကောင်းချင်တော့ ပတ်တေးဆစ်က ဒါကို ကျောင်းသားတွေကြားက အငြင်းပွားမှုကြောင့် ဖြစ်တဲ့ မတော်တဆမှုအဖြစ် ဖုံးကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကြောင့် ကျောင်းက ဆရာတွေက ကလပ်အပေါ် အမြင်မကြည်ကြတော့ဘူး။ ကလပ်ရဲ့ ဘတ်ဂျက်တွေ လျှော့ချခံလိုက်ရတာက အဲဒါရဲ့ သက်သေပဲ။

အခုသာ နောက်ထပ် ရန်ပွဲတစ်ခု ဖြစ်လာရင် ဘာဖြစ်မလဲ။ ဆရာတစ်ယောက်ယောက်ကတော့ တစ်ခုခု ထပြောမှာ သေချာတယ်။ အထူးသဖြင့် တရုတ်စာဆရာပေါ့။ သူက ကလပ်အခန်းကို အမြဲလာပြီး ပြဿနာရှာတတ်တဲ့သူလေ။ အခွင့်အရေး ရတာနဲ့ ကလပ်ကို အရင်ဆုံး ထိုးနှက်မယ့်သူပေါ့။

အခုလို ပြိုင်ပွဲကလည်း နီးနေချိန်မှာ မကောင်းသတင်းနဲ့ကျော်ဇောတာမျိုးကမဖြစ်ချင်ဘူး။ နို့မို့ဆိုရင် မာရူးကိုယ်တိုင်ပဲ တစ်ခုခု လုပ်လိုက်ပြီးသားပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီလူတွေကို ဘေးမဲ့ပေးထားတာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။

“ ချန်ဟူးက ဆရာတွေရှေ့မှာ လူလိမ္မာ လုပ်နေတာ မင်းလည်း သိသားပဲ ”

“ . . . . ”

“ ပြဿနာတက်လာရင် ငါတို့လည်း ဆရာတွေဆီက အရိုက်ခံရမယ် ... ကလပ်လည်း ထိခိုက်မယ်။ ငါတို့ရဲ့ အကြမ်းဖက်တတ်တဲ့ အကျင့်တွေကို အကြောင်းပြပြီး ကျောင်းက ကလပ်ကို ဖျက်သိမ်းပစ်ဖို့ ကြိုးစားလိမ့်မယ်”

“ ဒါပေမဲ့ ... ”

“ ဒါပေမဲ့တွေ လုပ်မနေနဲ့။ အမျိုးသားအဆင့် ပြိုင်ပွဲသွားဖို့ ကျောင်းရဲ့ ခွင့်ပြုချက် လိုတယ်ဆိုတာ မေ့သွားပြီလား။ မင်း ရန်ဖြစ်လိုက်ရင် ဘာဖြစ်သွားမလဲ ဘယ်သူမှ မသိနိုင်ဘူး။ လျစ်လျူရှုလို့ ရရင် လျစ်လျူရှုလိုက်စမ်းပါ ”

“ ဟူး ... ”

ဒိုဂျင်လည်း နောက်ဆုံးကျမှ အခြေအနေကို နားလည်သွားပုံရပြီး မျက်နှာပေါ်က အလိုမကျမှုတွေလည်း ပျောက်သွားတယ်

“ လူပေလူတေတွေဆိုတာ ကျောင်းမှာ ကျောင်းသားတွေကို နှိပ်စက်ပြီး ဆရာတွေရှေ့ကျတော့ လူလိမ္မာပုံစံ ဖမ်းတတ်ကြတာ။ ငါတို့ အတန်းပိုင်ဆရာတောင် ငါတို့ကလပ်ကို အမြင်မကြည်တာ ... စိတ်လျှော့လိုက်စမ်းပါ။ ပြီးတော့ ... ”

မာရူးက ပြတင်းပေါက်ကနေ ချန်ဟူးကို တစ်ချက် လှမ်းကြည့်ပြီး အသံကို လျှော့လိုက်တယ်။

“ သူ မင်းကို လာရိုက်ရင်တောင် ဒီအတိုင်း ခံလိုက်စမ်းပါ ”

“ ဘာ ”

“ ကိုက်မယ့်ခွေးက အရင် မဟောင်ဘူး။ လူပေလူတေတွေလည်း အတူတူပါပဲ။ တကယ့် လူမိုက်အစစ်တွေက စကားတစ်ခွန်းမှ မပြောဘဲ မင်းရဲ့ မျက်နှာကို ခုံနဲ့ ရိုက်ပစ်မှာ။ စကားများနေတဲ့ ကောင်တွေက သူတို့ကိုယ်တိုင် ကြောက်နေလို့ တကယ့်ကို မတတ်သာမှပဲ ချကြတာ။ မင်းကသာ အထိုးခံဖို့ အဆင်သင့်ရှိနေသလိုမျိုး လုပ်ပြလိုက်ရင် သူ သူ့ဘာသာ လှည့်ထွက်သွားလိမ့်မယ် ”

“ . . . မာရူး ... မင်း အလယ်တန်းတုန်းက လူမိုက်များ ဖြစ်ခဲ့တာလား ”

“ ငါက ယဉ်ကျေးတဲ့ နိုင်ငံသားတစ်ယောက်ပါကွာ။ ငါ့ကို နာမည်မဖျက်စမ်းပါနဲ့ ”

လက်သီးနဲ့ ဖြေရှင်းတာက ဘယ်လောက်အထိ တုံးအသလဲဆိုတာ မင်း နောက်ကျရင် သိလာပါလိမ့်မယ် သူငယ်ချင်းရာ။ မာရူးက သူ့သူငယ်ချင်း နှစ်ယောက်ကို အတန်းထဲကို ပြန်ခေါ်လာခဲ့တယ်။

* * * * * * * * *

အခန်း(၇၀)

“ဟေး... မနေ့က ငါဆေးလိပ်သောက်ဖို့ အပြင်ထွက်တော့ ဟိုအားကစားဆရာကို အပြင်မှာ တွေ့ခဲ့တယ် သိလား။ အဆောက်အဦးနောက်မှာ ကလေးတွေကို ချနေတာကွာ။ တကယ့်ကို ရူးကြောင်ကြောင်နိုင်တဲ့ကောင်ပဲ"

“အဲဒီကောင်က တကယ့်အရူးပဲ။ သူက ဒီကျောင်းကို ကလေးတွေကို ရိုက်ဖို့သက်သက် လာတာလားတောင် အောက်မေ့ရတယ်"

ကျောင်းသားတွေက တုန်တုန်ရီရီနဲ့ ပြောနေကြတယ်။ ဂျောင်ချန်ဟူးတောင် အဲဒီအားကစားဆရာကို ကောင်းကောင်းသိတယ်။ နောက်ကြောင်းလည်း မရှင်းသလို တကယ့်ကို နားလည်ရခက်တဲ့လူ။ ကျောင်းက လူမိုက်တစ်ယောက်ကို အလုပ်ကြမ်းခိုင်းဖို့ ခေါ်ထားတာလို့ ပြောရင်တောင် ယုံရဦးမယ်။ အဲဒီဆရာက သူစိတ်ကူးပေါက်ရင် ပေါက်သလို ကျောင်းသားတွေကို ရိုက်တတ်တာကိုး။ အခုဆိုရင် ပထမနှစ် ကျောင်းသားတော်တော်များများလည်း အဲဒီလူရဲ့ PVC ပိုက်ဒဏ်ကို အလူးအလဲ ခံထားရပြီးပြီ။

“ငါတို့ အဲဒီလူကို တကယ်သတိထားရမယ်။ သူက လူကောင်းမဟုတ်ဘူး"

ချန်ဟူးလည်း သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်မိတယ်။ စက်မှုကျောင်းတွေ နာမည်ပျက်ရတာ ဒီလိုဆရာမျိုးတွေကြောင့်လည်း ပါတာပေါ့။

* * * * * * * * *

“အာ... ဒါနဲ့ ဒီနေ့ ဒန်ဆူက ငါတို့ကို ကာရာအိုကေ လိုက်ပို့မယ်ပြောတယ်။ မင်းတို့ လိုက်ကြမလား”

“ဒန်ဆူ သူက ဘာလို့လဲ”

“ဒီနေ့ စိတ်ကောင်းရှိတဲ့ လူအတစ်ယောက်က သူ့ကို ပိုက်ဆံပေးလိုက်တယ်လို့ ကြားတာပဲ"

“ဟက်... စိတ်ကောင်းရှိတဲ့ လူအ ပိုက်ဆံအိတ်ကောင်းကောင်းတစ်ခု တွေ့လိုက်တာနေမှာပေါ့။ အော်... ဒါနဲ့ ကာရာအိုကေနားမှာ မူလတန်း၊ အလယ်တန်းကလေးတွေ အများကြီးပဲ။ ငါတို့က နည်းနည်းလောက် ဟိန်းလိုက်၊ ဟောက်လိုက်တာနဲ့ ပိုက်ဆံတွေ အလကားပေးတာကွာ"

“ဝေါ... မင်းက အဲဒီလောက်အထိ အောက်တန်းကျနေတာလား”

“သူတို့ဆီမှာ ပိုက်ဆံအများကြီးရှိတယ်လေ"

“အော်... ဟုတ်လား။ မိုက်တာပေါ့"

အလယ်တန်းကျောင်းသားတွေဆိုတာ နည်းနည်းလောက် ခြောက်လိုက်တာနဲ့ သူတို့ဆီက ပိုက်ဆံက အလွယ်လေးရတာ။ ကိုယ့်ပါးစပ်မှာ ဆေးလိပ်တစ်လိပ်လောက် ခဲထားရင်တောင် ကြောက်ပြီး ငိုချင်ချင်ဖြစ်ကုန်ကြတာကိုး။

“ငါဆိုရင် အဲဒီပိုက်ဆံနဲ့ MP3 အသစ်တစ်လုံးတောင် ဝယ်လိုက်သေးတယ်။ အခုခေတ်ကလေးတွေက ပိုက်ဆံအိတ် တော်တော်ထူတာပဲ ဟဲဟဲ"

ချန်ဟူးရဲ့ သူငယ်ချင်းက သူ့အိတ်ကပ်ထဲကနေ ဝမ် ၃ သိန်းလောက်တန်တဲ့ MP3 ကို ထုတ်ပြတယ်။ တကယ်ကို မိုက်မိုက်လေးပဲ။ ချန်ဟူးက အဲဒီ MP3 လေးကို လှည့်ပတ်ကြည့်ရင်း ပြုံးလိုက်တယ်။

“ဟမ်း... ငါလည်း အသစ်တစ်လုံးလောက် လဲရမယ်"

အထူးသဖြင့် ကျောင်းနားမှာ အဲဒီလို ‘ငါးဖမ်းကွင်း’ ကောင်းကောင်းရှိနေမှတော့ပေါ့။

* * * * * * * * *

“ဘာပဲဖြစ်ဖြစ်...”

ချန်ဟူးက စားပွဲပေါ်မှာ မှောက်အိပ်နေတဲ့ မာရူးကို လှမ်းကြည့်လိုက်တယ်။ ဒီကောင်က ခဏခဏ ပြန်ပြောတတ်တော့ တစ်ခါတလေ တော်တော်စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ တကယ်တော့ ဒိုဂျင်က ပိုပြီး စိတ်တိုစရာကောင်းတာပါ။ အမှန်ဆို သူတို့နှစ်ယောက်လုံးကို ပညာပေးချင်နေတာ၊ ဒါပေမဲ့ အခုချိန်ကတော့ မဟုတ်သေးဘူး။ အထူးသဖြင့် ဒိုဂျင်က ပြန်ကိုက်မယ့်ကောင်ဆိုတာ သူသိနေတာကိုး။

“ဟေ့... မင်း ကြားပြီးပြီလား”

“ဘာကိုလဲ”

“ငါ ဒုတိယနှစ်က အစ်ကိုတစ်ယောက်နဲ့ အရက်သောက်ရင်း ကြားခဲ့တာ။ မနှစ်က ပြဇာတ်အဖွဲ့မှာ ပြဿနာတစ်ခု တက်ခဲ့ဖူးတယ်တဲ့"

“ဘာပြဿနာလဲ”

“သူတို့ ကျောင်းကို မီးရှို့မိမလို ဖြစ်ခဲ့လို့ ဆရာတွေအကုန်လုံးက အဲဒီအဖွဲ့ကို ကြည့်မရကြဘူးတဲ့"

ချန်ဟူးက လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ကိစ္စကို ပြန်စဉ်းစားမိတယ်။ ဆရာက ဒိုဂျင်ရဲ့ ခေါင်းကို ရိုက်ရင်း ‘ပြဇာတ်အဖွဲ့က ကောင်တွေဆိုတာ ဒါကြောင့်ပဲ...’ လို့ ရေရွတ်ခဲ့တာကိုး။

“အဲလိုလား...”

သူတို့ ဒီတစ်ခါ ပြိုင်ပွဲသွားမယ်ဆိုတာ မဟုတ်ဘူးလား မတော်တဆမှုလေး တစ်ခုခုသာ ဖြစ်သွားရင် သူတို့ သွားနိုင်တော့မှာ မဟုတ်ဘူး။ တကယ်လို့သာ အဲဒီလိုဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

“ဟေ့... ဒိုဂျင်” သူ လှမ်းခေါ်လိုက်တယ်။ ဒိုဂျင်က ချက်ချင်းပဲ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လာတယ်။

“မီးကို သတိထားဦးနော်။ မတော်တဆမှု ဖြစ်ခဲ့ဖူးတယ်ဆို မင်းတို့ သတိထားမှဖြစ်မှာပေါ့၊ ဟုတ်တယ်မလား”

“ . . . . ”

ဒိုဂျင်က ချက်ချင်းပဲ သွားကြိတ်လိုက်တယ်။ အော်... ဒါက ဒီကောင်ရဲ့ အားနည်းချက်ပဲ ဖြစ်ရမယ်။

“သတိထားကြပေါ့၊ ဟုတ်ပြီလား”

ချန်ဟူးကတော့ တစ်ဖက်လူကို ဆွပေးလိုက်ရလို့ ပုခုံးတွေတောင် ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။

* * * * * * * * *

“မင်း တော်တော်သည်းခံနိုင်တာပဲ” လို့ မာရူးက ပြောရင်း ဒိုဂျင်ရဲ့ ကျောကို ပုတ်ပေးလိုက်တယ်။ ဒိုဂျင်ကတော့ ခါးသီးတဲ့ တစ်ခုခုကို ဝါးနေရသလိုမျိုး မျက်နှာပျက်နေတယ်။

“အဲဒီကောင်က ဒါတွေကို ဘယ်လိုလုပ် သိသွားတာလဲ”

“တစ်နေရာရာက ကြားတာနေမှာပေါ့။ သူက အတော်အသင့် ဉာဏ်ရှိတဲ့ကောင်ဆိုတော့ ဒါကို မင်းအပေါ် လက်နက်တစ်ခုလို ပြန်သုံးဖို့ ကြိုးစားမှာပဲ"

ချန်ဟူးက သာမန်လူမိုက်တွေလို မဟုတ်ဘူး။ လူ့အဖွဲ့အစည်းက ဘယ်လို အလုပ်လုပ်သလဲဆိုတာ သူကောင်းကောင်းသိတယ်။ အခု သူတို့ရဲ့ အားနည်းချက်ကို သိသွားပြီဆိုတော့ သူ ဘယ်လောက်အထိ လုပ်လို့ရမလဲဆိုတာကို စမ်းသပ်လာတော့မှာပဲ။

“ပြိုင်ပွဲသာ မရှိရင်လား... အား”

ဒိုဂျင်က သူ့လက်ဝါးကို လက်သီးနဲ့ ထိုးလိုက်တယ်။ အခုထိ သည်းခံနေတာကို ကြည့်ရင် သူ ဒီအဖွဲ့ကို တကယ်တန်ဖိုးထားတာ သိသာပါတယ်။

“ခဏလောက်ပဲ ငြိမ်နေပေးလိုက်ပါ။ သူလည်း ခဏနေရင် ပျင်းသွားမှာပါ"

“ဒါပေမဲ့ ငါ့ရဲ့ မာန်မာနကရော အဲဒီကောင်ရှေ့မှာ ခေါင်းငုံ့နေရမယ်ဆိုတာ စဉ်းစားလို့တောင် မရဘူး"

“မင်းက အဲဒီလိုလူမျိုးကြောင့်နဲ့ တကယ်ပဲ စိတ်တိုနေမှာလား ဒါမျိုးတွေကို ကျော်ဖြတ်နိုင်ရမယ်လေ။ မင်းက လူကြီးတစ်ယောက် ဖြစ်နေပြီပဲ"

“ . . . အင်း၊ အဲဒါတော့ ဟုတ်ပါတယ်"

“ဒါဆို ရပြီမလား”

မာရူးက ဒိုဂျင်ကို ဆွဲပြီး လှေကားအတိုင်း တက်လာခဲ့တယ်။ ၅ ထပ်ကို ရောက်တဲ့အခါ ကျောင်းသားတွေကြားထဲမှာ ရပ်နေတဲ့ ယန်မီဆိုကို တွေ့လိုက်ရတယ်။

“ဒီဘက်လာကြ” မီဆိုက အော်ပြောလိုက်တယ်။

ပျော်စရာတွေ စတော့မယ်လို့ တွေးပြီး မာရူး လေးကန်ကန်နဲ့ ပြေးသွားလိုက်တယ်။

* * * * * * * * *

“ငါတို့ အစမ်းလေ့ကျင့်မှုတွေ မလုပ်ခင် အကြောအရင်လျှော့ကြမယ်။ ဒီနေ့ပဲ ပစ္စည်းတွေနဲ့ ဝတ်စုံတွေပါ လုပ်ကြမှာဆိုတော့ အဆင်သင့်ပြင်ထားကြ"

“ဟုတ်ကဲ့”

“ကဲ... ပါးစပ်ကြွက်သားတွေ လျှော့ကြမယ်။ စမယ်"

မီဆိုက ခွင့်ပြုလိုက်တာနဲ့ ကျောင်းသားတွေက အသီးသီး ပါးစပ်အကြောလျှော့ကြတော့တယ်။ တချို့က ပါးစပ်ကို အကျယ်ကြီးဖြဲပြီး ကြွက်သားတွေကို လျှော့တယ်၊ တချို့ကလည်း လျှာကို ဟိုဘက်ဒီဘက် ရွှေ့ပြီး လေ့ကျင့်ခန်းလုပ်ကြတယ်။ နှုတ်ခမ်းကို လှုပ်ရှားပြီး လေ့ကျင့်တဲ့သူတွေလည်း ရှိတာပေါ့။

“အား အားးး”

“ဟားးး...”

အသံအိုးတွေ ပွင့်သွားအောင် အကျယ်ကြီး အော်ကြသလို၊ နှာခေါင်းပေါက်တွေ ပွင့်အောင်လည်း လေတွေကို မှုတ်ထုတ်ကြတယ်။ မာရူးလည်း လိုက်လုပ်တာပေါ့။ အရင်ကလည်း သူတို့လုပ်တာကို ခဏခဏ မြင်ဖူးနေတော့ သိပ်တော့ မခက်ခဲပါဘူး။ တကယ်တော့ ဒါတွေကို သူ အရင်က သင်ဖူးသလိုတောင် ခံစားနေရတယ်။ သူ ရိုက်ကွင်းမန်နျောလုပ်တုန်းက သရုပ်ဆောင်သင်တန်းတွေကို လိုက်တက်ခဲ့မိလို့လား ဘာပဲဖြစ်ဖြစ် ဒါက သူ့အတွက် ပထမဆုံးအကြိမ်လို့တော့ မခံစားရဘူး။

နောက်တစ်ဆင့်ကတော့ တခြားကြွက်သားတွေကို အကြောလျှော့ဖို့ပါပဲ။ အဖွဲ့ဝင်တွေက စက်ဝိုင်းပုံစံရပ်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်ကြတယ်။ ၁၀ စက္ကန့်မှ ခြေတစ်လှမ်းပေါ့။ သူတို့ လမ်းလျှောက်တဲ့အခါ ဟန်ချက်မပျက်ဖို့၊ လက်အနေအထား မှန်ကန်ဖို့နဲ့ ခြေလှမ်းတွေ နေရာကျဖို့ သေချာဂရုစိုက်နေကြတယ်။ ကြည့်ရတာ လွယ်သလောက် တကယ်တမ်းမှာတော့ အာရုံစိုက်မှု တော်တော်လိုတဲ့ လေ့ကျင့်ခန်းပါ။

မီဆို လက်ခုပ်တီးလိုက်တဲ့အခါမှာတော့ အဖွဲ့ဝင်တွေက ပုံမှန်အရှိန်နဲ့ ပြန်လျှောက်ကြတယ်။

“ဟူး...”

ကလေးတွေက သက်ပြင်းချလိုက်မိကြပေမဲ့...

“ဘာလို့ သက်ပြင်းချတာလဲ အသက်ရှူတာကို အာရုံစိုက်စမ်း” လို့ မီဆိုက ချက်ချင်း အော်လိုက်ပြန်တယ်။

ခန်းမထဲက လေထုက ချက်ချင်းပဲ လေးလံသွားတော့တယ်။ ၁၀ မိနစ်လောက် ကြာပြီးတဲ့နောက်မှာတော့ အဖွဲ့ဝင်တွေက အသီးသီး အကြောလျှော့ဖို့ လူစုခွဲလိုက်ကြတယ်။

* * * * * * * * *

ဇာတ်ရုံသေးသေးလေးတွေမှာဆိုရင် သရုပ်ဆောင်တွေက ပရိသတ်နဲ့ တော်တော်နီးကပ်ပါတယ်။ ဒါပေမဲ့ Dream Hall လိုမျိုး ဇာတ်ရုံကြီးတွေမှာဆိုရင်တော့ ပရိသတ်တွေရဲ့ မျက်နှာကိုတောင် ခွဲခြားဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း သရုပ်ဆောင်တွေက လှုပ်ရှားမှုတွေကို ကြီးကြီးမားမားလုပ်ဖို့၊ စကားလုံးပီသဖို့နဲ့ အသံကျယ်ဖို့ လိုအပ်တာပေါ့။

နေ့စဉ်ဘဝမှာတော့ လူတစ်ယောက်ရဲ့ မျက်တောင်ခတ်ပုံ ဒါမှမဟုတ် နှုတ်ခမ်းလှုပ်ရှားမှုလေးကို ကြည့်ရုံနဲ့ ခံစားချက်ကို သိနိုင်ပေမဲ့ စင်မြင့်ပေါ်မှာတော့ ဒါတွေကို မြင်ဖို့ ခက်ပါတယ်။ ဒါကြောင့် စင်မြင့်ပေါ်မှာဆိုရင် နည်းနည်း ပိုပိုကဲကဲ သရုပ်ဆောင်မှသာ ပရိသတ်အတွက် ကြည့်လို့ အဆင်ပြေတာပါ။ ဒါကြောင့်လည်း သရုပ်ဆောင်တွေက တစ်ယောက်တည်း စကားပြောတဲ့အခန်း (Monologues) တွေမှာ ကောင်းကင်ကြီးကို လက်လှမ်းပြတာမျိုးတွေ လုပ်ကြတာပေါ့။

သေးငယ်တဲ့ လှုပ်ရှားမှုလေးတွေက ပရိသတ်ကို စိတ်ပျက်စေတာမျိုးပဲ ရှိမှာပါ။ ဘယ်လိုဇာတ်ကောင်မျိုးပဲ သရုပ်ဆောင်ရပါစေ၊ ‘ကြီးကြီးမားမား’ သရုပ်ဆောင်ဖို့က အရေးကြီးပါတယ်။

“လာကြ၊ လှုပ်ရှားမှုတွေ မလေ့ကျင့်ခင် တစ်ခေါက်လောက် အစမ်းဖတ်ကြည့်ရအောင်"

အဖွဲ့ဝင်တွေက ဇာတ်ညွှန်းမပါဘဲ အလွတ်ဖတ်ပြနေတုန်းမှာ မီဆိုက အစိမ်းရောင်တိပ်တွေနဲ့ စင်မြင့်ရဲ့ နယ်နိမိတ်တွေကို မှတ်သားနေတယ်။ အခုချိန်မှာတော့ အဖွဲ့ဝင်တွေလည်း သူမ ဘာလုပ်နေလဲဆိုတာ ကောင်းကောင်းသိနေကြပါပြီ။

* * * * * * * * *

“ဒါက Ansan Art Hall က စင်မြင့်ရဲ့ အရွယ်အစားပဲ။ အောက်တိုဘာလကျရင် ပြိုင်ပွဲက အဲဒီမှာ လုပ်မှာ။ အဲဒါက ဆောက်ထားတာ သိပ်မကြာသေးတော့ စင်မြင့်က တော်တော်ကြီးတယ်၊ အသုံးအဆောင်တွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ စင်မြင့်ကြီးတာက မင်းတို့အတွက် အားနည်းချက် ဖြစ်သွားနိုင်တယ်။ မင်းတို့ရဲ့ လှုပ်ရှားမှုတွေက နည်းနည်းလေး လွဲချော်သွားတာနဲ့ ပြဇာတ်က ကြည့်ရဆိုးသွားလိမ့်မယ်။ နောက်တစ်ခါ ငါ မင်းတို့ကို အဲဒီကို ခေါ်သွားမယ်၊ အခုတော့ ဒီလောက်ကြီးတယ်ဆိုတာကိုပဲ သိထားကြဦး"

ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းကတော့ သူတို့က Suwon Art Center မှာ ပြိုင်ခဲ့ကြတာပါ။ အဲဒီနေရာက ပြဇာတ်အတွက် သီးသန့်မဟုတ်ဘဲ အခမ်းအနားတွေ လုပ်တဲ့ ခန်းမမျိုးပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ မတူတော့ဘူး။ သူတို့က ပြဇာတ်အတွက် သီးသန့်နေရာမှာ ကပြရတော့မှာ။

“ဒါဆိုရင် အရင်ကထက် ပိုကြီးတာပေါ့...”

“တက္ကသိုလ်အဆင့် ပြိုင်ပွဲထက်လား ဟုတ်တာပေါ့"

“ဟူး...”

အဖွဲ့ဝင်တွေက သူတို့ခြေထောက်အောက်က အစိမ်းရောင်တိပ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်ကြတယ်။

“အခုက အောက်တိုဘာ ၁၈ ရက်ဆိုတော့ တစ်လတိတိပဲ ကျန်တော့တယ်။ ငါ ပြိုင်ပွဲအတွက် နာမည်စာရင်း ပေးထားပြီးပြီ။ ဒီတစ်ခါက ပွဲတော်ပုံစံမျိုးဆိုတော့ အကြိုပြိုင်ပွဲတွေ မရှိဘူး။ အဖွဲ့တော်တော်များများကတော့ ပျော်ဖို့ပဲ လာကြတာ။ ဒါပေမဲ့ ငါတို့ကတော့ မတူဘူး။ ငါတို့က နိုင်ဖို့ လာတာ။ အဲဒီမှာလည်း နိုင်ရမယ်၊ ဒီဇင်ဘာလမှာရှိတဲ့ ဆောင်းရာသီပြိုင်ပွဲမှာလည်း နိုင်ရမယ်။ နားလည်လား”

“ဟုတ်ကဲ့”

မီဆိုက လက်ခုပ်တစ်ချက်တီးပြီး သူမရဲ့ လက်ကို ဆန့်ထုတ်လိုက်တယ်။

“ကဲ... တကယ် မစခင် ငါတို့ စိတ်ဓာတ်ခွန်အား မြှင့်တင်ကြရအောင်"

အဖွဲ့ဝင်တွေ အားလုံးက လက်တွေကို အလယ်မှာ စုလိုက်ကြတယ်။ မာရူးလည်း သူ့လက်ကို အလယ်မှာ ထပ်လိုက်တာပေါ့။ ဒါက သူ့အတွက်တော့ ဒီလိုမျိုးမှာ ပါဝင်ရတာ ပထမဆုံးအကြိမ်ပါပဲ။ ရင်ထဲမှာ အရမ်းကြီး တက်ကြွလှုပ်ရှားနေတာမျိုး မရှိပေမဲ့ သူ ပြုံးနေမိတယ်။

နောက်ဆုံးတော့ သူလည်း အဲဒီစက်ဝိုင်းလေးထဲကို ခြေတစ်လှမ်း လှမ်းဝင်နိုင်ခဲ့ပြီ။

“Blue Sky”

“Yeah”

မကြာခင်မှာပဲ လေ့ကျင့်မှုတွေ စတင်ပါတော့တယ်။

* * * * * * * * *

ဒယ်လ်ဆော့ရပ်ကွက် ဆိုတာကတော့ စိုက်ပျိုးရေးနယ်မြေနဲ့ မြို့ပြကြားက ဆင်ခြေဖုံး မြို့လေးတစ်မြို့ပါ။

“ကုန်းမြင့်ကြီးတစ်ခုပေါ်မှာ မြို့လေးတစ်မြို့ ရှိတယ်။ ကုန်းပေါ်တက်တဲ့ လမ်းတစ်လျှောက်မှာ သစ်ပင်တစ်ပင်မှမရှိဘဲ လမ်းဘေးမီးတိုင်တွေပဲ ဟိုတစ်ခု ဒီတစ်ခု ရှိနေတယ်။ ဟောင်းနွမ်းနေတဲ့ မီးတိုင်တွေက ရှေ့ကို နည်းနည်းကိုင်းနေပြီး အချိန်မရွေး ကျိုးကျသွားနိုင်သလိုပဲ၊ အပေါ်မှာလည်း ကြော်ငြာစာရွက်တွေ အမျိုးမျိုး ကပ်ထားတာပေါ့"

မာရူးက မျက်စိမှိတ်ပြီး မီဆို ပြောနေတာတွေကို နားထောင်နေတယ်။ သူ အဲဒီပတ်ဝန်းကျင်ကို ပုံဖော်ကြည့်နေတာပါ။ ဒယ်လ်ဆော့ရပ်ကွက်ရဲ့ လူတစ်ယောက် ဖြစ်သွားအောင် သူ့ကိုယ်သူ နှစ်မြှုပ်နေမိတယ်။

“အဲဒီမီးတိုင်တစ်ခုရဲ့ ဘေးမှာ အိမ်တစ်လုံးရှိတယ်။ အဲဒီအိမ်က မှန်တံခါးက အရမ်းညစ်ပတ်နေတော့ အထဲကိုတောင် မမြင်ရတော့ဘူး။ အဲဒီမှန်တံခါးဘေးက မြေအောက်ထပ် ပြတင်းပေါက်လေးတွေမှာတော့ အဝါရောင် လိုက်ကာတွေ ချိတ်ထားတာကို တွေ့ရလိမ့်မယ်။ ဒီအိမ်က သုံးထပ်အိမ်။ မြေအောက်ထပ်၊ ပထမထပ်နဲ့ ဒုတိယထပ်ပေါ့။ အပြင်ဘက်ကိုတော့ ပြိုကျတော့မလို ဖြစ်နေတဲ့ အညိုရောင် အုတ်ခဲလေးတွေနဲ့ တည်ဆောက်ထားတယ်။ အိမ်ထဲကနေ ဇနီးသည်ရဲ့ ဆူပူသံတွေ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေမယ့် ကျောင်းသားရဲ့ သက်ပြင်းချသံတွေနဲ့ အသစ်စုံတွဲရဲ့ ရှက်ရှက်နဲ့ မိတ်ဆက်နေတဲ့ အသံတွေကို ကြားနေရတယ်။ နောက်ကွယ်ကနေ ခွေးဟောင်သံကိုလည်း ကြားရသေးတယ်။ ကြောင်တွေကရော”

ယွန်ရင်က ‘ကျွန်မလည်း ကြောင်သံတွေ ကြားနေရသလိုပဲ’ လို့ ပြန်ဖြေတယ်။

“အေးပေါ့... ကြောင်တွေလည်း အနားမှာ ရှိနေမှာပေါ့။ အဲဒီအိမ်ဘေးမှာတော့ အပြာရောင်အမိုးနဲ့ ဆိုင်သေးသေးလေး တစ်ဆိုင်ရှိတယ်။ အဲဒီထဲမှာတော့ အဖိုးကြီးနဲ့ အဖွားကြီးက ဒီနေ့လည်း ထုံးစံအတိုင်း ရန်ဖြစ်နေကြတုန်းပဲ။ အဖွား”

ကင်ဆိုယွန်းက ချက်ချင်းပဲ ရှေ့ထွက်လာတယ်။ သူမက သွားတုတွေ ပျောက်နေတဲ့ အဖွားကြီးတစ်ယောက်လိုမျိုး သဘာဝကျကျ သရုပ်ဆောင်ပြတော့ မာရူးတောင် နည်းနည်းရယ်မိသွားတယ်။

“အဖိုးကရော”

“ဟဲ့... အဖွားကြီး နင် ဒီနေ့လည်း အပိုတွေ ပြောနေပြန်ပြီ”

အဲဒါက တေဂျွန်းပါ။ သူ့အသံက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ပုံ။ စစ်တုရင်ကစားနေတုန်း ခေါင်းကို အပုတ်ခံလိုက်ရတဲ့လူဆိုတော့လည်း ဟုတ်တာပေါ့။ နောက်တစ်ခါ ရယ်သံတွေ ထွက်လာပြန်တယ်။

* * * * * * * * *

မီဆိုက ခဏလောက် ငြိမ်သွားတယ်။ အဲဒီအချိန်မှာ မာရူးက ဒယ်လ်ဆော့ရပ်ကွက်ရဲ့ ပုံရိပ်ကို သူ့ခေါင်းထဲမှာ ပိုပြီး ရှင်းလင်းအောင် ပုံဖော်နေတယ်။ တခြားသူတွေလည်း အတူတူပဲ ဖြစ်မှာပါ။ ၅ မိနစ်လောက် ကြာတဲ့အခါမှာတော့...

“တော်ပြီ” လို့ မီဆိုက ပြောလိုက်တယ်။

“မင်းတို့ ပုံဖော်ထားတဲ့ မြို့လေးရဲ့ ပုံရိပ်ကို သုံးပြီး မင်းတို့ရဲ့ ဇာတ်ကောင်တွေကို ပိုပြီး ပီပြင်အောင် လုပ်ကြည့်ကြ။ မင်းတို့ခေါင်းထဲမှာ တကယ့်ကို ရှင်းလင်းတဲ့ ပုံရိပ်တစ်ခု ရှိနေဖို့ လိုတယ်"

“ဟုတ်ကဲ့"

“ကဲ... လှုပ်ရှားမှုတွေကို တန်းသွားရအောင်။ အခန်း (၁) ကနေစပြီး ဖြည်းဖြည်းချင်း သွားမယ်၊ မှတ်စရာရှိတာ မှတ်ထားကြ။ ဒါကို တစ်ခါလေ့ကျင့်ပြီးရင် တန်းပြီး အစအဆုံး တိုက်တော့မယ်"

သူတို့ အောက်တိုဘာလ မတိုင်ခင် ပြဇာတ်ကို အပြီးသတ်ရမှာပါ။ လေ့ကျင့်မှုတွေက မြန်မြန်ဆန်ဆန် သွားနေရတာလည်း အံ့ဩစရာ မဟုတ်ပါဘူး။ သူတို့မှာ တစ်လပဲ အချိန်ရှိတာကိုး။ အန်ယန်း အနုပညာပွဲတော်က ဖြတ်သန်းသွားရမယ့် ပြိုင်ပွဲတစ်ခု ဆိုပေမဲ့လည်း ပြဇာတ်တစ်ခုကို မပြည့်မစုံနဲ့ တင်ဆက်တာမျိုးကိုတော့ မီဆိုက ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။

မာရူးကတော့ လက်တစ်ဖက်မှာ ဘောပင်၊ နောက်လက်တစ်ဖက်မှာ ဇာတ်ညွှန်းကို ကိုင်ပြီး အစိမ်းရောင်တိပ်တွေရဲ့ အပြင်ဘက်မှာ ရပ်နေတယ်။

‘အင်း... ငါ တကယ်ပဲ ဒါကို လုပ်ဖြစ်သွားတာပဲ’

ဒီနေ့မှာတော့ ခန်းမရဲ့ အဆုံးမှာ သူ အမြဲထိုင်နေကျ သံကုလားထိုင်က သူ့အတွက် အဝေးကြီးမှာ ကျန်ခဲ့သလို ခံစားရတယ်။ အခုဆိုရင် သူက ဒီပြဇာတ်အဖွဲ့ရဲ့ အဖွဲ့ဝင်စစ်စစ် တစ်ယောက် ဖြစ်သွားပါပြီ။

‘အနည်းဆုံးတော့ ဗိုလ်လုပွဲအထိတော့ ရောက်အောင် သွားရမှာပေါ့’

သူမ ဗိုလ်လုပွဲအထိ သွားလိမ့်မယ်ဆိုတာ သူ တစ်နည်းနည်းနဲ့ သေချာပေါက် သိနေတယ်။ သူတို့ စင်မြင့်ပေါ်မှာ နောက်တစ်ကြိမ် ထပ်ဆုံကြဦးမှာပါ။

“မာရူး အပိုတွေ ပြုံးမနေနဲ့၊ အာရုံစိုက်စမ်း”

“ဟုတ်ကဲ့”

မာရူး ချက်ချင်းပဲ မျက်နှာကို ပြန်ပြင်လိုက်တော့တယ်။

* * * * * * * * *

All Chapters