အခန်း (၉၄၉-၉၅၀)
Vol. 92 Ch. 949-950
အခန်း (၉၄၉) ရှာတွေ့ခြင်း
သူသည် သူ၏ သိုင်းဟင်းလင်းပြင် အတွင်း၌ ဖန်တီးနေသော စကြဝဠာအတွက် ဟင်းလင်းပြင်နိယာမနှင့် အမှောင်နိယာမတို့ကို အသုံးပြုပြီးနောက် ပုံရိပ်ယောင် နိယာမအပေါ်သို့ အာရုံစိုက်လိုက်ပြန်သည်။
ကြယ်တာရာများ မရှိသော စကြဝဠာဆိုသည်မှာ အဘယ်မှာ ရှိပါမည်နည်း။ လူအများစုမှာ သေးငယ်သော ကမ္ဘာတစ်ခုကိုသာ ဖန်တီးနိုင်ကြသဖြင့် ကြယ်တာရာများအကြောင်း စဉ်းစားရန်မှာ အလှမ်းဝေးလွန်းသော အိပ်မက်တစ်ခုသာ ဖြစ်၏။ သို့သော် လုံချန်းကမူ ကမ္ဘာနှစ်ခုတင်မကဘဲ ၎င်းတို့ကို ဝန်းရံထားမည့် ဟင်းလင်းပြင်ကိုပါ ဖန်တီးနေခြင်း ဖြစ်ပေသည်။
ပုံရိပ်ယောင်နိယာမ ပျိုးပင်ငယ်သည် တောက်ပစွာ လင်းလက်လာပြီး ကျယ်ပြောလှသော အမှောင်ထုအတွင်း၌ ကြယ်တာရာများကို စတင်ဖန်တီးတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် ချီစွမ်းအားများက ပုံသဏ္ဌာန်ပြောင်းလဲကာ ကမ္ဘာမြေကို ဖြစ်တည်စေ၏။
မြေကမ္ဘာ ဖြစ်တည်လာသည်၊ သစ်ပင်တောအုပ်များ ဖြစ်တည်လာသည်။ ပင်လယ်သမုဒ္ဒရာများပင် ဖြစ်တည်လာခဲ့၏။ ကမ္ဘာတစ်ခုတွင် ရှိသင့်သမျှ အရာအားလုံးကို ဖြည်းဖြည်းချင်းသော်လည်း တည်ငြိမ်စွာပင် ဖန်တီးခဲ့လေသည်။
သို့သော် ထိုဖြစ်စဉ်မှာ အလွန်ပင် နှေးကွေးလှ၏။ ကမ္ဘာနှစ်ခုကို ဖန်တီးပြီးစီးရန် ခုနစ်နာရီခန့် ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင်တော့ ကမ္ဘာနှစ်ခုပါဝင်သော စကြဝဠာငယ်လေးမှာ ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်၏။
တစ်ခုတည်းသော လိုအပ်ချက်မှာ ဤကမ္ဘာများအတွက် နေမင်း မရှိခြင်းပင်။
သာမန်အားဖြင့် ကောင်းကင်ဘုံ အဆင့်သို့ တက်လှမ်းသူများသည် သူတို့၏ ရွှေအမြုတေကို ရွှေရောင်နေမင်းအဖြစ် အသုံးပြုကြသော်လည်း လုံချန်းတွင်ရှိသည်မှာ အနီရောင်အမြုတေ ဖြစ်နေသဖြင့် လက်တွေ့ကျသော ကမ္ဘာတစ်ခုဖြစ်ရန် မသင့်တော်ဟု သူ ခံစားလိုက်ရ၏။
သူသည် ထိုပြဿနာကို ဖြေရှင်းရန် အစီအစဉ်တစ်ခု ဆွဲလိုက်သည်။ သူ၏ ပုံရိပ်ယောင် နိယာမကို အသုံးပြုကာ အနီရောင်အမြုတေကို တကယ့်နေမင်းနှင့်တူသော တောက်ပပူပြင်းသည့် နေမင်းကြီးအဖြစ် ပုံဖော်လိုက်၏။ လက်တွေ့တွင်မူ အနီရောင်ပင် ဖြစ်သော်လည်း ယခုအခါ ဝါရောင်သန်းနေသကဲ့သို့ မြင်တွေ့ရပြီး ထွက်ပေါ်လာသော အလင်းတန်းမှာလည်း ထိုနည်းတူပင် ဖြစ်ပေသည်။
အနီရောင်အမြုတေကို ပုံဖော်ပြီးနောက် သူသည် ၎င်းအား သူဖန်တီးထားသော စကြဝဠာငယ်လေးဆီသို့ စတင်ရွှေ့လျားလိုက်၏။ ထိုစကြဝဠာမှာ အမြုတေ၏ အရွယ်အစားထက် သေးငယ်သော ဟင်းလင်းပြင်အတွင်း၌ ရှိနေသည့်အလား ထင်ရသော်လည်း အနီရောင်နေမင်းသည် ထိုဟင်းလင်းပြင်နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ခြေရာလက်ရာမပျက် ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
အနီရောင်အမြုတေသည် သိုင်းဟင်းလင်းပြင်မှ ပျောက်ကွယ်သွားပြီး သူဖန်တီးထားသော စကြဝဠာ၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာ၏။ ၎င်းကို သူဖန်တီးထားသော ကမ္ဘာနှစ်ခု၏ အလယ်တွင် ထားရှိလိုက်သည်။
အနီရောင်အမြုတေမှ အလင်းတန်းများသည် ကမ္ဘာ၏ တစ်ဖက်ခြမ်းအား လင်းထိန်စေပြီး အခြားတစ်ဖက်ကိုမူ အမှောင်ထုအတွင်း၌ ကျန်ရစ်စေ၏။ ကမ္ဘာမြေသည်လည်း နေ့နှင့်ညကို စနစ်တကျ ဖြစ်ပေါ်စေရန်အတွက် ကမ္ဘာကြီး လည်ပတ်သည့် အရှိန်အတိုင်းပင် ဖြည်းဖြည်းချင်း လည်ပတ်နေပေသည်။
လုံချန်း အဆင့် တက်လှမ်းရန်အတွက် ဂူအတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ ဆယ်နာရီခန့် ရှိပြီဖြစ်ပြီး ယခုအခါ ကမ္ဘာနှစ်ခုပါဝင်သော စကြဝဠာကို ဖန်တီးခြင်းမှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။ ကမ္ဘာတစ်ခုမှာ သူ၏ ယခင်ဘဝက ကမ္ဘာမြေနှင့် တူညီပြီး အခြားတစ်ခုမှာမူ ယခုဘဝမှ ကမ္ဘာနှင့် တူညီနေပေသည်။
အားလုံး ပြီးဆုံးသွားသောအခါ ကမ္ဘာများသည် စတင်၍ လည်ပတ်အလုပ်လုပ်ကြတော့၏။
သူ၏ စကြဝဠာ ပါဝင်နေသော ထိုဟင်းလင်းပြင်ငယ်လေးသည် အရောင်ပြောင်းလဲသွားပြီး အမည်းရောင် အစက်ကလေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လုံချန်း၏ သိုင်းဝိညာဉ်ထံသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီးနောက် သိုင်းဝိညာဉ်၏ နဖူးပေါ်တွင် တတိယမျက်လုံးငယ်လေးအလား ကပ်ငြိသွားခဲ့လေတော့သည်။
ဤဖြစ်စဉ်တစ်ခုလုံးမှာ အချိန်အတော်ကြာမြင့်ခဲ့သဖြင့် သူ့ကို မောပန်းနွမ်းနယ်စေ၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ထိုအမည်းစက်ကလေးသည် သိုင်းဝိညာဉ်၏ နဖူးပေါ်၌ ကပ်ငြိသွားသည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်သည် အတားအဆီးတစ်ခုကို ချိုးဖျက်ကာ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားသည်ဟု သူ ခံစားလိုက်ရ၏။
ထိုအချိန်မှာပင် အပြင်ဘက်ရှိ လူများမှာလည်း အပြောင်းအလဲတစ်ခုကို သတိပြုမိလိုက်ကြသည်။
လူငယ်အများအပြားမှာ သုံးရွက်ရွှေပန်းကို ရှာဖွေရန် တောအုပ်အတွင်း လျှောက်လှမ်းနေကြ၏။ ၎င်းတို့ထဲမှ အများစုမှာ တိုက်ပွဲအမျိုးမျိုးကို ရင်ဆိုင်ခဲ့ကြရသော်လည်း ပန်းအား ရှာတွေ့သူမှာ အနည်းငယ်သာ ရှိပေသည်။ ပန်းကို မရှာတွေ့သူများမှာမူ သားရဲများအား အမဲလိုက်ရန်သာ အာရုံစိုက်နေကြ၏။
အချို့မှာ စောစောကတည်းက သတိပြုမိခဲ့သော်လည်း ယခုအခါ ပို၍ ထင်ရှားလာခဲ့သည်။ ဤကမ္ဘာအတွင်းရှိ သားရဲများမှာ ပိုမို ကြမ်းတမ်းလာကြ၏။ နေရာအနှံ့မှ ဟိန်းဟောက်သံများကို ကြားနေရပေသည်။ ၎င်းတို့ အဘယ်ကြောင့် ဤသို့ ဖြစ်နေရသည်ကို နားလည်ရန် အချိန်အနည်းငယ် ကြာမြင့်ခဲ့၏။
သားရဲများမှာ ချီစွမ်းအား၏ ပြောင်းလဲမှုကို ပိုမို ခံစားလွယ်ကြသဖြင့် ၎င်းတို့က စောစီးစွာ သတိပြုမိခဲ့ကြခြင်း ဖြစ်သည်။ လူသားများမှာမူ ယခုမှသာ သတိပြုမိကြတော့၏။
"ဘာတွေ ဖြစ်နေတာလဲ။ ချီစွမ်းအားရဲ့ သိပ်သည်းဆက ဘာလို့ လျော့နည်းသွားတာလဲ" မုန့်ချန်းက ထိုပြောင်းလဲမှုကို ခံစားလိုက်ရသဖြင့် တွေးတောနေမိ၏။
"သားရဲတစ်ကောင်က အဆင့် တက်လှမ်းနေလို့ ဖြစ်မှာပါ။ အဲဒီလို ဖြစ်တဲ့အခါမျိုးမှာ ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်" မုန့်ဟူလင်က သူ၏ ခန့်မှန်းချက်ကို ပြန်ဖြေလိုက်၏။
"ထူးဆန်းတယ်။ ဘယ်သားရဲက အဆင့် တက်လှမ်းဖို့ ချီစွမ်းအားတွေ ဒီလောက်တောင် စုပ်ယူနေရတာလဲ။ သူတော်စင် အဆင့်ကို တက်လှမ်းတဲ့ အခါမျိုးမှာပဲ ပတ်ဝန်းကျင်ကို ပြောင်းလဲစေနိုင်လောက်တဲ့အထိ ချီစွမ်းအားတွေကို စုပ်ယူတာလေ။ ကောင်းကင်ဘုံ အဆင့်ကို တက်လှမ်းဖို့ဆိုရင်တော့ ဒါက များလွန်းတယ်။ နောက်ထပ် သူတော်စင် အဆင့် သားရဲတစ်ကောင် ပေါ်လာဦးမှာလား" မုန့်ချန်းက ကောင်းကင်ယံကို ကြည့်ကာ မေးလိုက်၏။
"ဖြစ်နိုင်တာပဲ။ သူတော်စင် အဆင့် သားရဲဆိုရင်တောင် ထူးခြားတဲ့ အမျိုးအစား ဖြစ်ရမယ်။ အခုထိ မပြီးသေးဘူး။ ချီစွမ်းအားတွေက လျော့နည်းနေတုန်းပဲ" မုန့်ဟူလင်က ထောက်ပြလိုက်သည်။
အမှောင်ကမ္ဘာမှ လူများသည်လည်း လုံချန်းရှိရာ အရပ်သို့ လျှောက်လှမ်းလာကြ၏။
"ဒီလူက သူ့ကို သတ်လိုက်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ခြေရာတွေအရဆိုရင် အဲဒီလူက ဒီဘက်ကို သွားခဲ့တာပဲ"
အမှောင်ကမ္ဘာအဖွဲ့မှ နှစ်ဦးသာ ကျန်ရစ်တော့၏။ ၎င်းတို့သည် လုံချန်းကို စောင့်ကြည့်ရန် စေလွှတ်ခဲ့သော သူတို့၏ တတိယမြောက် အဖွဲ့ဝင်၏ အလောင်းအား မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူတို့၏ အဖွဲ့ဝင်မှာ တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်မှာ ထိတ်လန့်စရာ ဖြစ်သော်လည်း ၎င်းမှာ လုံချန်း၏ လက်ချက်သာ ဖြစ်မည်ဟု ၎င်းတို့က ယုံကြည်ထားကြ၏။
ယခုအခါ ထိုနှစ်ဦးမှာ လုံချန်း၏ ခြေရာနောက်သို့ လိုက်ရင်း ပုန်းအောင်းရာနေရာနှင့် ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သည်။
"ထူးဆန်းတယ်။ ချီစွမ်းအားတွေ လျော့နည်းသွားတာကို ငါ ခံစားနေရတယ်။ ပြီးတော့ အဲဒါက ငါတို့ သွားနေတဲ့ ဘက်ကိုပဲ ဦးတည်နေတာ။ အဆင့် တက်လှမ်းနေတဲ့ အရာက ငါတို့ သွားနေတဲ့ လမ်းကြောင်းမှာပဲ ရှိနေတာပဲ" ၎င်းတို့ထဲမှ တစ်ဦးက ရေရွတ်လိုက်၏။
"ငါလည်း အဲဒီလိုပဲ ခံစားရတယ်" အခြားတစ်ဦးက ထောက်ခံလိုက်သည်။
၎င်းတို့တွင် ချီစွမ်းအား၏ လှုပ်ရှားမှုကို မြင်နိုင်စွမ်းရှိသော စွမ်းရည်ရှိကြ၏။ ၎င်းကို အသုံးပြုကာ သားရဲဟု ၎င်းတို့ ထင်မှတ်ထားသည့် အရာမှာ မည်သည့်နေရာတွင် ရှိနေသည်ကို သိရှိကြပေသည်။
သို့သော် ၎င်းတို့မှာ ချီစွမ်းအားများ ပျောက်ကွယ်သွားရာ အရင်းအမြစ်ကို ရှာဖွေနေခြင်း မဟုတ်ချေ။ ၎င်းတို့သည် လုံချန်း၏ ခြေရာများကိုသာ နောက်ယောင်ခံ လိုက်နေကြခြင်း ဖြစ်ပြီး ထိုခြေရာများမှာ ချီစွမ်းအားများ ပျောက်ကွယ်ရာ အရပ်သို့ပင် ဦးတည်နေခြင်း ဖြစ်ပေသည်။
မကြာခင်မှာပင် ၎င်းတို့သည် ချီစွမ်းအားများ ပျောက်ကွယ်ရာ အရင်းအမြစ်သို့ ရောက်ရှိသွားကြ၏။
"ဟင်... ချီစွမ်းအားတွေက အောက်ကို စီးဝင်နေတာလား" နင်က ဇဝေဇဝါဖြင့် ဆိုလိုက်၏။
"သားရဲက မြေအောက်မှာလား" မူက မေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ်... ငါတို့ ဒီကို ရောက်နေမှတော့ သတ်ပြီး ရမှတ်တွေ ယူလိုက်တာပေါ့"
"မဟုတ်ဘူး... တစ်ခုခုတော့ မဟုတ်သေးဘူး" နင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ဆိုလိုက်၏။ မကြာခင်မှာပင် သူသည် ထောင့်တစ်နေရာတွင် ချထားသော ကြီးမားသော ကျောက်တုံးကြီး တစ်တုံးကို တွေ့လိုက်ရသည်။ ချီစွမ်းအားအချို့မှာ ထိုနေရာမှလည်း စီးဝင်နေပေသည်။
သူသည် သူ၏ ထင်မြင်ချက်ကို စမ်းသပ်ရန် ကျောက်တုံးကြီးရှိရာသို့ လျှောက်သွားလိုက်၏။ သူ ကျောက်တုံးကြီးကို ရောက်သောအခါ ၎င်းကို မယူလိုက်သည်။ သူ ကျောက်တုံးကို မလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ဂူအတွင်း၌မူ ရွှင်းသည် ကျောက်တုံးကို ဖယ်ရှားလိုက်သဖြင့် အလင်းရောင်များ ဂူအတွင်းသို့ ဝင်ရောက်လာသည်ကို သိရှိလိုက်၏။ "အချိန်က တကယ့်ကို မကောင်းလိုက်တာ"
အခန်း (၉၅၀) ဖမ်းဆီးခြင်း
အမှောင်ကမ္ဘာမှ အဖွဲ့ဝင်များထဲတွင် နင်နှင့် မူ နှစ်ဦးသာ သက်ရှိထင်ရှား ကျန်ရစ်တော့၏။ ၎င်းတို့သည် လုံချန်းကို ရှာဖွေရန် ကြိုးစားနေကြရင်း လုံချန်းအား မတွေ့မီမှာပင် ပျောက်ကွယ်နေသော ချီစွမ်းအားများ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားကြခြင်း ဖြစ်ပေသည်။
နင်သည် လုံချန်း၏ ဂူဝကို ပိတ်ထားသော ကျောက်တုံးအား ဖယ်ရှားလိုက်သည့်အခါ ဂူပေါက်ကို မြင်လိုက်ရ၏။ ၎င်းမှာ လူသားတို့ ပြုလုပ်ထားသည့် အရာနှင့် တူသော်လည်း ၎င်းတို့ကမူ သားရဲတစ်ကောင် ရှိနေသည်ဟုသာ ထင်မှတ်နေကြဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်လူသားက အဆင့် တက်လှမ်းရန်အတွက် ချီစွမ်းအားများကို ဤမျှအထိ စုပ်ယူနိုင်ပါမည်နည်း။
"ဟိုမှာပဲ... သားရဲက အဲဒီထဲမှာ ပုန်းနေတာ" နင်က မှတ်ချက်ပေးလိုက်၏။
"ခဏနေဦး။ သားရဲက အထဲမှာ ပုန်းနေတာဆိုရင် ဒီကျောက်တုံးနဲ့ ဂူဝကို ဘယ်သူက လာပိတ်ထားတာလဲ" မူက ယုတ္တိရှိသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။
ဤမေးခွန်းကြောင့် နင်မှာလည်း ပြန်လည် စဉ်းစားခန်း ဝင်သွားရ၏။ "ဒါ ထောင်ချောက်တစ်ခုလို့ မင်း ထင်လား" မူက ဆက်လက် မေးမြန်းသည်။
"ငါလည်း မသေချာဘူး၊ ဒါပေမဲ့ ငါတို့ သတိထားသင့်တယ်။ ငါ အထဲဝင်သွားမယ်၊ မင်းက အပြင်ကနေ စောင့်ကြည့်ပေး။ ငါ အကူအညီတောင်းရင် အထဲဝင်လာခဲ့။ တကယ်လို့ ဒါက ထောင်ချောက်ဆိုရင် တစ်ယောက်ယောက်က ငါတို့ကို အပြင်ကနေ တိုက်ခိုက်ဖို့ ကြိုးစားလိမ့်မယ်။ အဲဒါမျိုး အဖြစ်ခံလို့ မရဘူး" နင်က အစီအစဉ်ချလိုက်၏။
နင်က အပြင်ဘက်တွင် စောင့်နေစဉ် မူသည် ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ရာ နောက်ဆုံးတွင်တော့ အလင်းရောင်များ ဂူအတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေသည်။
"ဟေး... တစ်ယောက်ယောက် လာနေပြီ။ ထတော့"
ရွှင်းသည် လုံချန်း နိုးလာစေရန် သူ၏ ခန္ဓာကိုယ်ကို ဆက်တိုက် လှုပ်ယမ်းနေသော်လည်း သူမှာမူ ကျင့်ကြံခြင်းအတွင်း အလွန်နက်ရှိုင်းစွာ ရောက်ရှိနေသဖြင့် မည်သည်မျှ ကြားသိ ခံစားရဟန် မရှိဘဲ မျက်လုံးများကို တင်းတင်းမှိတ်ထားဆဲ ဖြစ်၏။
"နင်... အရူး၊ အခုချက်ချင်းထစမ်း၊ မဟုတ်ရင် နင် သေတော့မယ်။ နင့်ရဲ့ ပရိသတ်တွေ ရောက်နေပြီ" ရွှင်းက ဒေါသတကြီး အော်ဟစ်ကာ ပို၍ ပြင်းထန်စွာ လှုပ်ယမ်းတော့သည်။
သို့သော်လည်း လုံချန်းမှာမူ နိုးမလာခဲ့ချေ။
မူသည် ဂူ၏ အနက်ဆုံးနေရာသို့ ရောက်ရှိသွားပြီး လုံချန်း ထိုင်နေသည်ကို မြင်တွေ့လိုက်ရ၏။ လုံချန်းကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"မင်း အဆင့် တက်လှမ်းနေတာကိုး။ ချီစွမ်းအားတွေကို ဒီလောက်အထိ စုပ်ယူနိုင်တာ တကယ့်ကို ထိတ်လန့်စရာပဲ။ မင်းကို အရင်သတ်ပြီးမှ မင်းဆီမှာ ဘာတွေ ထူးခြားနေသလဲဆိုတာ ငါ ကြည့်ရတာပေါ့" မူက လှောင်ပြုံးပြုံးရင်း လုံချန်းထံသို့ တိုးကပ်သွား၏။ သူသည် သူ၏ လက်နက်ကိုလည်း ထုတ်ယူလိုက်သည်။
"ဟင်၊ သူ ထတော့မှာလား။ သူ ဘာတွေ လုပ်နေတာလဲ"
ငြိမ်သက်စွာ ထိုင်နေသော လုံချန်း၏ ခန္ဓာကိုယ်မှာ တစ်စုံတစ်ယောက်က ရှေ့နောက် လှုပ်ယမ်းနေသကဲ့သို့ လှုပ်ရှားလာ၏။ မူမှာ ရွှင်းကို မမြင်နိုင်သဖြင့် ထိုမြင်ကွင်းမှာ သူ့အတွက် ထူးဆန်းနေပေသည်။
'သူ နိုးမလာခင် အမြန်သတ်ပစ်ရမယ်' ထိုသို့ တွေးကာ သူသည် လုံချန်းထံသို့ ပြေးသွားတော့၏။
သူ လုံချန်းထံသို့ ရောက်သည်နှင့် သူ၏ ဓားကို ဝေ့ယမ်းလိုက်သည်။ လုံချန်းမှာ သေခြင်းတရားနှင့် အလွန်နီးကပ်နေပြီ ဖြစ်သဖြင့် ရွှင်းပင်လျှင် မျှော်လင့်ချက်များ ကင်းမဲ့သွားခဲ့၏။ ဤသို့ဖြင့် အဆုံးသတ်သွားတော့မည်လော။ သာမန်လူသား လူငယ်တစ်ယောက်၏ လက်ထဲတွင် သူ အသက်ပျောက်ရတော့မည်လော။ ဓားမှာ လုံချန်း၏ လည်ပင်းဆီသို့ တိုးကပ်လာသည်ကို မြင်နေရသော်လည်း သူမတွင် ကူညီနိုင်မည့် နည်းလမ်း မရှိခဲ့ချေ။
နောက်ဆုံးတွင်တော့ သူမသည်လည်း လက်လျှော့ကာ မျက်လုံးများကို မှိတ်လိုက်ရတော့သည်။ သူမသည် သူမ ကျရှုံးခဲ့ရခြင်းအတွက် တစ်စုံတစ်ယောက်ကို တောင်းပန်စကားများ ဆိုနေမိ၏။
ဓားမှာ လုံချန်း၏ လည်ပင်းနှင့် ထိတွေ့လုနီးပါး အချိန်မှာပင် ဓားမှာ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုလူမှာလည်း ဓားနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။
မူသည် မိမိကိုယ်မိမိ ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ တောက်ပသော နေမင်းကြီးမှာ ကောင်းကင်ယံတွင် မြင့်မားစွာ သာထွန်းနေပြီး တိမ်တိုက်အချို့ကိုလည်း မြင်တွေ့နေရ၏။
"ငါ ဘယ်ရောက်နေတာလဲ" မူက ဇဝေဇဝါ ဖြစ်သွားရသည်။ ဤနေရာမှာ သူတို့ ဝင်ရောက်ခဲ့သော အထူးနယ်မြေနှင့် မတူညီလှချေ။ ချီစွမ်းအားမှာလည်း အပြင်ဘက်နှင့် လုံးဝ ကွဲပြားနေပြီး အနည်းငယ် အားနည်းနေသကဲ့သို့ ခံစားရပေသည်။
"ငါ့ရဲ့ ကမ္ဘာကနေ ကြိုဆိုပါတယ်။ မင်း ဝမ်းသာသင့်တယ်နော်။ မင်းက ဒါကို ပထမဆုံး မြင်တွေ့ရတဲ့သူပဲ" ရယ်မောသံတစ်သံက ပတ်ဝန်းကျင်၌ ဟိန်းထွက်လာ၏။
မူသည် ထိုအသံကို မှတ်မိပေသည်။ ၎င်းမှာ လုံချန်း၏ အသံပင် ဖြစ်၏။ သို့သော် သူ ဘယ်မှာလဲ။
"မင်း ဘယ်မှာလဲ" သူက ချက်ချင်း မေးလိုက်သည်။
"ငါ ဘယ်မှာလဲ ဟုတ်လား" လုံချန်းက ရယ်မောရင်း ဆိုလိုက်၏။ "ငါက နေရာတိုင်းမှာ ရှိတယ်။ ငါက လေထုပဲ၊ ငါက နေမင်းပဲ၊ ငါက မြေကမ္ဘာပဲ။ ငါက ဒီကမ္ဘာရဲ့ နတ်ဘုရားပဲ"
"မဖြစ်နိုင်တာ၊ ဒါက မင်းရဲ့ ကိုယ်တွင်းကမ္ဘာလား။ မင်းက ဒါကို ဘယ်လိုလုပ် ဒီလောက်ကြီးအောင် တည်ဆောက်နိုင်ရတာလဲ။ ငါတို့တောင်မှ..."
မူသည် လုံချန်း ဆိုလိုသည်ကို ချက်ချင်းပင် နားလည်လိုက်၏။ ကျင့်ကြံသူတစ်ဦး ကောင်းကင်ဘုံ အဆင့်သို့ ရောက်ရှိသောအခါ ၎င်းတို့၏ ကိုယ်တွင်းကမ္ဘာကို ဖန်တီးကြရပေသည်။ ၎င်းတို့သည် အခြားသူများကိုလည်း ၎င်းတို့၏ ကမ္ဘာအတွင်းသို့ ခေါ်ဆောင်နိုင်သော်လည်း တစ်ဖက်လူ၏ သဘောတူညီချက်မပါဘဲ ခေါ်ဆောင်ရန်မှာမူ အလွန်ကြီးမားလှသော ဝိညာဉ်စွမ်းအား လိုအပ်ပေသည်။
သူ၏ ကမ္ဘာမှာ ရှိသင့်သည်ထက် ပို၍ ကြီးမားနေသည်ကို ထားဦးတော့... ကောင်းကင်ဘုံ အဆင့် အချင်းချင်းကို တစ်ဖက်လူ၏ သဘောတူညီချက် မပါဘဲ ကိုယ်တွင်းကမ္ဘာထဲသို့ ဆွဲခေါ်နိုင်ခြင်းမှာ အလွန်ပင် ခက်ခဲလှသော ကိစ္စဖြစ်ပေသည်။
လူအများစုမှာ တစ်ဖက်လူ၏ ဆန္ဒကို ဆန့်ကျင်၍ ခေါ်ဆောင်ရန် မကြိုးစားကြချေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ထိုလူမှာ မိမိထက် ပို၍ သန်မာနေပါက မိမိ၏ ကိုယ်တွင်းကမ္ဘာကို လွယ်လွယ်ကူကူ ဖျက်ဆီးကာ ထွက်သွားနိုင်သောကြောင့် ဖြစ်၏။ ထိုသို့ ဖြစ်လာပါက ကိုယ်တွင်းကမ္ဘာ ဆုံးရှုံးရုံတင်မကဘဲ ခန္ဓာကိုယ်ပါ ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်ပေသည်။
"မင်း ငါ့ကို အထဲ ခေါ်လာနိုင်တာကတော့ အံ့သြစရာပဲ။ ဒါပေမဲ့ ဒါက မင်းရဲ့ အကြီးမားဆုံး အမှားပဲ။ မင်း အခု အဲဒီအတွက် ပေးဆပ်ရတော့မယ်" မူက မာန်ပါပါဖြင့် ကြုံးဝါးလိုက်၏။
"အဲဒါအတွက်တော့ မင်းက ငါ့ထက် ပိုပြီး သန်မာနေဖို့ လိုလိမ့်မယ်" လုံချန်း၏ အသံမှာ နတ်ဘုရား တစ်ပါး၏ အသံကဲ့သို့ ပတ်ဝန်းကျင်၌ ဟိန်းထွက်နေသော်လည်း သူ့ကိုမူ မြင်တွေ့နိုင်ခြင်း မရှိသေးချေ။
"ဒါဆိုရင်လည်း ပြပေးရတာပေါ့" မူက ဆိုကာ သူ၏ လက်နှစ်ဖက်ကို ကောင်းကင်သို့ မြှောက်လိုက်၏။
"ပုံမှန်ဆိုရင် ငါ့ရဲ့ အစွမ်းကို ထိန်းချုပ်ထားရလို့ ဒါကို အသုံးမပြုဘူး။ ဒါပေမဲ့ ဒီမှာတော့ တစ်ခုခု ပျက်စီးသွားမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး။ ပျက်စီးလေ ပိုကောင်းလေပဲ" သူက ရယ်မောရင်း ဆိုလိုက်ရာ သူ၏ လက်မှ အမည်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အမည်းရောင် ဓားကြီးတစ်စင်းအသွင် ပြောင်းလဲသွားခဲ့လေသည်။
အမည်းရောင် ဓားကြီးမှာ ကောင်းကင်ယံတွင် ပေါ်ထွက်လာ၏။ ၎င်းမှာ အလျား မီတာ နှစ်ရာခန့်နှင့် အနံ ရှစ်မီတာခန့် ရှိပေသည်။
"အပြင်မှာဆိုရင်တော့ ဒါက ငါ့ကို ထိခိုက်စေနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီမှာတော့ မဟုတ်ဘူး။ မင်း တအား အထင်ကြီးနေပြီ။ ငါ့ရဲ့ ကိုယ်တွင်းကမ္ဘာက မင်းထင်သလောက် မရိုးရှင်းဘူး" လုံချန်းက မာန်ပါပါဖြင့် ကြေညာလိုက်၏။
သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် နေမင်း၏ အနီးရှိ ဟင်းလင်းပြင်အတွင်း၌ အမည်းရောင် ဓားကဲ့သို့သော အရာတစ်ခု ပုံဖော်လာသည်ကို မူ မြင်တွေ့လိုက်ရသည်။
လုံချန်းတွင် ကိုယ်တွင်းကမ္ဘာ ရှိသည် မဟုတ်ဘဲ အမှောင် နိယာမကို အသုံးပြု၍ တည်ဆောက်ထားသော ကိုယ်တွင်းစကြဝဠာ ရှိနေခြင်း ဖြစ်ပေသည်။
ထိုစကြဝဠာအတွင်း၌ အမှောင် နိယာမမှ အမှောင်ထုများ ပြည့်နှက်နေပြီး ၎င်းသည် သူ၏ ဆန္ဒကို ဆန့်ကျင်သော ရန်သူများကို ကောင်းကင်ဘုံ အပြစ်ပေးခြင်းများ ပေးရန်အတွက် ရုပ်ဝတ္ထုအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ ယခုအချိန်မှာမူ ၎င်းကို စမ်းသပ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်၏။
"မင်းက အဲဒီအရာက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား။ ပြန်စဉ်းစားလိုက်ဦး" မူသည် ဒေါသတကြီး ကြုံးဝါးကာ သူ၏ လက်များကို အောက်သို့ လွှဲချလိုက်၏။
"ဘာ... ဘာဖြစ်တာလဲ" သူ၏ အမည်းရောင် ဓားကြီးမှာ လှုပ်ရှားခြင်း မရှိသည်ကို သိလိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပျံ့နှံ့သွားလေတော့သည်။