အခန်း (၉၃၉-၉၄၀)
Vol. 92 Ch. 939-940
အခန်း (၉၃၉) အမှောင် မျိုးနွယ်စု
"နားလည်ပါပြီ။ မိစ္ဆာတွေကို အင်မော်တယ် မိစ္ဆာမျိုးနွယ်လို့ ခေါ်တာပဲဖြစ်ဖြစ်... ဒါကတော့ ထားပါတော့။ ဒါပေမဲ့ ငါ့ရဲ့ အဓိက မေးခွန်းကတော့ ကျန်နေတုန်းပဲ။ အဲဒီမျက်လုံးတွေက တကယ်တမ်း ဘာလုပ်နိုင်လို့လဲ" လုံချန်းက ဇဝေဇဝါဖြစ်လျက် မေးလိုက်၏။ သူသည် ထိုမျက်လုံးများ၏ စွမ်းရည်ကိုသာ သိလိုခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့် ဤမျှ ထူးခြားနေရသနည်း။
ရွှင်းသည် စွမ်းရည်များ အကြောင်းအား ပြောပြမည့်အစား ထိုမျက်လုံးများ၏ သမိုင်းကြောင်းကိုသာ အကုန်အစင် ပြောပြနေတော့၏။ ထိုသမိုင်းကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်မှာ အမှန်ပင် ဖြစ်သော်လည်း လုံချန်း သိလိုသည့်အရာ မဟုတ်ပေ။
"ဒီမျက်လုံးတွေက ဘာလုပ်နိုင်လဲဆိုတာ မသိခင်မှာ ဒီစကားလုံးတွေရဲ့ အရေးပါပုံကို အရင်သိထားဖို့ လိုတယ်။ အဲဒါကြောင့် စောဒက တက်မနေနဲ့တော့။ စွမ်းရည်တွေအကြောင်း ပြောရမယ်ဆိုရင်တော့ ဒါက အတော်လေးကို နက်နဲတဲ့ နယ်ပယ်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ ဒီမျက်လုံးကို ပိုင်ဆိုင်ခဲ့တဲ့ အင်မော်တယ် မိစ္ဆာမင်းသား ကိုယ်တိုင်ကလွဲလို့ ကျန်တဲ့သူတွေကတော့ သူ့ရဲ့ စွမ်းရည်အပြည့်အစုံကို မသိနိုင်လို့ပဲ" ရွှင်းက ပြန်ဖြေလိုက်၏။
'ဒါဆို နင်လည်း သူ့စွမ်းရည်တွေကို အကုန်မသိဘူးပေါ့။ ဒါတွေက ထူးခြားတယ်ဆိုတာပဲ သိတာလား။ အဲဒါကို ဘာလို့ ဒီလောက်တောင် ကြွားဝါနေရတာလဲ။ မသိဘူးဆိုရင်လည်း မသိဘူးလို့ပဲ ရိုးရိုးပြောလိုက်ပါတော့လား' လုံချန်းက မျက်လုံးလှန်ရင်း စိတ်ထဲမှ ဆိုလိုက်မိ၏။ သူသည် မိမိကိုယ်မိမိ နဖူးရိုက်မိမည့် လက်ကိုပင် အနိုင်နိုင် ထိန်းထားရလေသည်။
သူမကိုယ်တိုင်လည်း မည်သို့ လုပ်နိုင်မှန်း သေသေချာချာ မသိဘဲနှင့် အဘယ်ကြောင့် ဤမျှ စကားအရှည်ကြီး ပြောနေရသနည်း။ အင်မော်တယ် နတ်ဘုရားများနှင့် ယှဉ်နိုင်သော မျိုးနွယ်စု၏ မင်းသားက ပိုင်ဆိုင်ထားသောကြောင့် ကြောက်စရာကောင်းသည်ကမူ နားလည်နိုင်ပေသည်။
'ဒီငတုံးလေး... ငါ ပြောတာ အဲဒီလို မဟုတ်ဘူး။ ငါက သူ့စွမ်းရည်တွေကို သိတာပေါ့။ ဒီလို အရာမျိုးတွေကို လူတွေ မသိဘဲ နေပါ့မလား။ ဒါက တကယ့်ကို လူသိများတဲ့ ကိစ္စပဲ။ ငါလည်း သူ့စွမ်းရည်တွေကို သိတယ်' ရွှင်း၏ ဒေါသထွက်နေသော အသံမှာ လုံချန်း၏ ဦးနှောက်ထဲတွင် ဟိန်းထွက်သွားတော့၏။
လုံချန်းသည် တစ်ခုခုကို ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ပုံမှန်ဆိုလျှင် ရွှင်းမှာ သူ၏ရှေ့တွင် ပေါ်လာရမည် ဖြစ်သော်လည်း ယခုထိ အဘယ်ကြောင့် ထွက်မလာသေးသနည်း။
သူ မေးရန် ပြင်နေစဉ်မှာပင် ရွှင်းက ဆက်လက်၍ ပြောပြလိုက်သဖြင့် ထိုမေးခွန်း၏ အဖြေကို သူ သိရှိသွားတော့၏။
"သေမင်းမျက်လုံး ပိုင်ဆိုင်သူရဲ့ ပထမဆုံး ထူးခြားချက်ကတော့ သူဟာ ရတနာဝိညာဉ်တွေနဲ့ သာမန် ဝိညာဉ်တွေကိုပါ မြင်နိုင်စွမ်း ရှိတာပဲ" ရွှင်းက ဆိုလိုက်သည်။
'ဟင်... သူက ရတနာဝိညာဉ်တွေကိုတောင် မြင်နိုင်တာလား။ ငါလည်း အရင်တစ်ခါက ဝိညာဉ်တစ်ခုကို မြင်ဖူးတော့ ဒါက သိပ်တော့ မဆန်းဘူးလို့ ထင်ပေမဲ့ တခြားသူတွေရဲ့ ရတနာဝိညာဉ်တွေကို မြင်နိုင်တယ်ဆိုတာကတော့ တကယ့်ကို အံ့ဩစရာပဲ' လုံချန်းက အံ့အားသင့်ဟန်ဖြင့် ဆိုလိုက်၏။ 'ဒါကြောင့်ပဲ နင် အပြင်ကို ထွက်မလာတာလား'
"အဲဒါက ဒီမျက်လုံးတွေရဲ့ အသေးအဖွဲ စွမ်းရည်ပဲ ရှိသေးတယ်။ ပိုပြီးတော့ ထူးခြားတာကတော့ ဒီမျက်လုံးတွေက ပိုင်ဆိုင်သူကို သွေးစွမ်းအား ပေးစွမ်းနိုင်တာပဲ" ရွှင်းက လုံချန်းကို ပြောပြလိုက်၏။
'သွေးစွမ်းအားဆိုတာ ဘာလဲ' လုံချန်းက မေးလိုက်သည်။
"သွေးစွမ်းအား ဆိုတာကတော့ သွေးကို ထိန်းချုပ်နိုင်တဲ့ အစွမ်းပေါ့။ သေမင်းမျက်လုံးတွေ ပွင့်လာတဲ့အခါ၊ အဲဒီမျက်လုံးပိုင်ရှင်က သွေးရှိတဲ့ ဘယ်သက်ရှိရဲ့ ခန္ဓာကိုယ်ကိုမဆို ထိန်းချုပ်နိုင်စွမ်း ရှိသွားတာပဲ" ရွှင်းက ဖြေကြားလိုက်၏။
လုံချန်းမှာ ထိုစွမ်းရည်အကြောင်းကို ကြားလိုက်ရသောအခါ အော်ဟစ်ဆဲဆိုမိလုနီးပါးပင် ဖြစ်သွားတော့သည်။ ထိုအရာက မည်သို့သော အစွမ်းထက်လွန်းသည့် စွမ်းရည်မျိုးနည်း။ သွေးရှိသည့် မည်သူ့ကိုမဆို ထိန်းချုပ်နိုင်သည်လော။ သို့ဆိုလျှင် သူ့ကိုလည်း သူ၏ဆန္ဒမပါဘဲ ထိန်းချုပ်နိုင်သည် မဟုတ်လော။
"မစိုးရိမ်ပါနဲ့။ သူက လူသားစစ်စစ် မဟုတ်တဲ့သူတွေကိုတော့ မထိန်းချုပ်နိုင်ပါဘူး" ရွှင်းက ဖြည့်စွက် ပြောလိုက်၏။
"အင်မော်တယ် မိစ္ဆာမင်းသားကတော့ မိစ္ဆာမျိုးနွယ်က ဖြစ်သလို မူလစွမ်းအင်ကိုလည်း အသုံးပြုနိုင်တဲ့အတွက် သူ့ရဲ့ စွမ်းရည်တွေကို ပိုပြီး အားကောင်းစေတာပေါ့။ ပြီးတော့ သူက သာမန်ထက်လည်း ပိုပြီး အင်အားကြီးတဲ့အတွက် အင်အားအကြီးဆုံး ကျင့်ကြံသူတချို့ကိုတောင် ထိန်းချုပ်နိုင်ခဲ့တာ" သူမက ဆက်လက် ပြောပြသည်။
ထို့ပြင် သူမက ထပ်လောင်း၍ ဆိုပြန်သည်။ "ဒါပေမဲ့ သူလည်း ကောင်းကင်ဘုံ မျိုးနွယ်စုတွေကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ပိုင်ဆိုင်သူရဲ့ စွမ်းရည်နဲ့ အင်အားကလည်း သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကနေ စွမ်းအား ဘယ်လောက်အထိ ထုတ်ယူနိုင်မလဲ ဆိုတာအပေါ်မှာ မူတည်နေတာပေါ့"
"ဒီကောင်ကတော့ သူ့ရဲ့ မျက်လုံးတွေ မပါရင် လူသားတွေထဲမှာ အင်အားအကြီးဆုံး ဖြစ်ဖို့တောင် အဝေးကြီး လိုသေးတယ်။ အင်မော်တယ် လောကက လူတွေနဲ့ ယှဉ်ဖို့ဆိုတာကတော့ ဝေးလှပေတာပေါ့။ အင်မော်တယ် လောကဆိုတာ သူတော်စင် အဆင့်ကို ကျော်လွန်သွားတဲ့ အင်အားအကြီးဆုံး လူသားတွေ နေထိုင်တဲ့နေရာ။ ဒီကောင်ကတော့ အဲဒီနားတောင် မကပ်နိုင်သေးဘူး။ ပြီးတော့ အင်မော်တယ် မိစ္ဆာမျိုးနွယ်က အင်မော်တယ် လောကက အင်အားအကြီးဆုံး လူသားထက်တောင် ပိုပြီး အင်အားကြီးသေးတယ်"
"ငါ ခန့်မှန်းရမယ်ဆိုရင်တော့ ဒီကောင်က ကျင့်ကြံခြင်း မစရသေးတဲ့ လူသားတွေကိုပဲ ထိန်းချုပ်နိုင်လိမ့်မယ်၊ အဲဒီလို ထိန်းချုပ်ရာမှာလည်း တစ်ခါတည်းနဲ့ လူအများကြီးကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး" သူမက သူမ၏ ရှင်းပြချက်ကို အဆုံးသတ်လိုက်၏။
"ဒါဆိုရင် သူက ဘာလို့ ဆံပင်အနီနဲ့လူကို သက်ရောက်မှု ရှိနေတာလဲ" လုံချန်းက စူးစမ်းစွာ မေးလိုက်သည်။
"သူက အဲဒီလူကို မထိန်းချုပ်နိုင်ပေမဲ့ သူ့ရဲ့ မျက်လုံးတွေက ရန်သူကို ထိတ်လန့်သွားအောင် လုပ်နိုင်တဲ့ ဂုဏ်ဒြပ်တော့ ရှိသေးတာပေါ့။ အဲဒီလူကတော့ အရိုးကွဲမတတ် ကြောက်လန့်တုန်ရီခြင်းကို ခံစားနေရမှာပဲ။ ဒါက အင်မော်တယ် မိစ္ဆာမင်းသားက အားနည်းတဲ့ ကောင်းကင်ဘုံ စစ်သည်တော်တွေကို မထိန်းချုပ်နိုင်ရင်တောင် သူတို့ကို ခြောက်လှန့်နိုင်ခဲ့တာနဲ့ ဆင်တူတယ်။ အဲဒီလို ခြောက်လှန့်ခြင်း ခံရတဲ့သူတွေက သူ့ကို ပြန်တိုက်ဖို့တောင် မတွေးရဲကြတော့ဘူးလေ" ရွှင်းက ရှင်းပြလိုက်လေသည်။
'ဒါဆို အဲဒီလိုပဲပေါ့။ တခြား စွမ်းရည်တွေကော ရှိသေး...'
လုံချန်းက နောက်ထပ် မေးခွန်းများ မေးရန် ပြင်လိုက်သော်လည်း လူအများ၏ အံ့ဩတကြီး ရေရွတ်သံများကြောင့် သူ၏ အာရုံမှာ ပြောင်းလဲသွားခဲ့ရ၏။ သူသည် အခုထက်ထိ ဒူးထောက်လျက် တုန်ရီနေဆဲ ဖြစ်သော ဆံပင်အနီရောင်နှင့် လူငယ်ကို ကြည့်လိုက်သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ မည်သူမျှ ထိုလူငယ်ကို ကြည့်မနေခြင်းပင် ဖြစ်၏။
မျက်လုံးများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သော တုလျန် အပါအဝင် အားလုံးမှာ တံခါးဝသို့သာ စိုက်ကြည့်နေကြပေသည်။
လုံချန်းသည်လည်း တံခါးဝသို့ လှည့်ကြည့်လိုက်၏။ သူသည် ၎င်းတို့၏ လူများ ခန်းမထဲသို့ ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ လူများ ရွေ့လျားလာသည်နှင့်အမျှ လေထုမှာလည်း လိုက်ပါ လှုပ်ရှားနေသည့်အလား ရှိနေတော့၏။
၎င်းတို့အားလုံးမှာ အဝတ်အစား အနက်ရောင်ကို ဆင်မြန်းထားပြီး ကျောဘက်တွင်လည်း ဝတ်ရုံနက်ကြီးများကို လွှမ်းခြုံထားကြ၏။
၎င်းတို့၏ မျက်နှာများမှာ သွေးတစ်စက်မျှ မရှိသကဲ့သို့ ဖြူလျော့နေကြပြီး မျက်လုံးများမှာမူ မှောင်မည်းနေတော့သည်။ မျက်ဆန်သာမက မျက်ဖြူပါ ကောင်းကင်ယံကဲ့သို့ မှောင်မည်းနေခြင်း ဖြစ်၏။ လုံချန်းအနေဖြင့် ဤကဲ့သို့သော လူမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
ဝင်လာသူ သုံးဦးစလုံးမှာ အမျိုးသားများ ဖြစ်ကြ၏။ ၎င်းတို့အားလုံးမှာ ခါးအထိ ရှည်လျားသော ဆံပင်များကို ပိုင်ဆိုင်ထားကြပြီး ၎င်းတို့၏ နှုတ်ခမ်းများမှာလည်း ခရမ်းရောင်သမ်းနေသဖြင့် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
"အမှောင် မျိုးနွယ်စုလား။ သူတို့က အခု လူသားလောကမှာ နေနေကြတာလား။ ထူးဆန်းလိုက်တာ။ အမှောင် မျိုးနွယ်စုဆိုတာ လူသားတွေရဲ့ အင်မော်တယ် လောကမှာ အဓိက လွှမ်းမိုးထားတဲ့ မျိုးနွယ်စုပဲဥစ္စာ။ အခု ဘာလို့ လူသားလောကမှာ လာနေနေရတာလဲ။ ပြီးခဲ့တဲ့ နှစ်နည်းနည်းအတွင်းမှာ ဘာတွေ ပြောင်းလဲသွားခဲ့တာလဲ" ရွှင်း၏ ဇဝေဇဝါ ဖြစ်နေသောအသံမှာ လုံချန်း၏ နားထဲသို့ ရောက်ရှိလာတော့၏။
'သူတို့က အင်မော်တယ် လောကက ဟုတ်လား' လုံချန်းက ရွှင်းကို မေးလိုက်သည်။
"ငါ မမှားဘူးဆိုရင်တော့ ဟုတ်ရမယ်။ ဒါမှမဟုတ် တစ်ခုခု ဖြစ်လို့ သူတို့ လူသားလောကမှာ အခြေချနေထိုင်လိုက်တာလည်း ဖြစ်နိုင်တာပဲ။ သူတို့သာ အရင်လိုဆိုရင် လူသားလောကက ဒီလို ပြိုင်ပွဲအသေးလေးအတွက် လာကြမှာ မဟုတ်ဘူး။ သူတို့ကို အားနည်းသွားအောင် လုပ်လိုက်တဲ့ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်ပျက်ခဲ့ပုံရတယ်။ ပြီးတော့ သူတို့ဆီက အရင်လို အရှိန်အဝါမျိုးကိုလည်း ငါ မရဘူး" ရွှင်းက ပြန်ဖြေလိုက်၏။
'စိတ်ဝင်စားစရာပဲ။ အင်မော်တယ် လောကက မျိုးနွယ်စု တစ်ခုပေါ့။ သူတို့ရဲ့ လူငယ်တွေက ငါနဲ့ယှဉ်ရင် ဘယ်လိုနေမလဲဆိုတာ ကြည့်ရတာပေါ့။ သူတို့ အားနည်းနေပြီလို့ ဆိုရပေမဲ့လည်း အဆင့်မြင့်နယ်ပယ်တွေမှာ ဘာတွေကို မျှော်လင့်ထားရမလဲ ဆိုတာကိုတော့ ငါ့ကို အကြံပေးနိုင်လိမ့်မယ် ထင်တယ်' လုံချန်းက တွေးတောရင်း အသစ်ရောက်လာသူများကို စိုက်ကြည့်နေလိုက်တော့၏။
အသစ်ရောက်လာသူများကလည်း သူ၏ ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
အခန်း (၉၄၀) ဆွဲဆောင်မှုရှိသော မျက်လုံးများ
အနက်ရောင် ဝတ်ဆင်ထားသော အမျိုးသား သုံးဦးမှာ လုံချန်းရှိရာဘက်သို့ စိုက်ကြည့်နေကြ၏။ ပို၍ တိတိကျကျ ဆိုရလျှင် ၎င်းတို့မှာ လုံချန်းတို့ အဖွဲ့ရှိရာ အရပ်ဆီသို့ ကြည့်နေကြခြင်း ဖြစ်ပေသည်။
တုလျန်သည် ထိုသူတို့၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လျက် ရှိ၏။ သူ၏ မျက်နှာပေါ်တွင် အနည်းငယ်မျှသော ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်ပင် မတွေ့ရချေ။
ချန်ယုသည်လည်း ထိုသူတို့ကို အေးဆေးတည်ငြိမ်စွာပင် ပြန်လည် စိုက်ကြည့်နေလေသည်။
'အင်မော်တယ် လောကက အမှောင် မျိုးနွယ်စုတွေ... သူတို့ဆီက ထူးခြားတဲ့ အရှိန်အဝါမျိုး ငါ မရပါလား။ ဒါပေမဲ့ တစ်ခုခုတော့ ထူးဆန်းနေတယ်။ သူတို့က... သာမန်လူတွေနဲ့ တအားတူလွန်းနေတယ်။ သူတို့ဆီက ဘယ်လို အင်အားမျိုးကိုမှ ငါ မခံစားရဘူး။ ကျင့်ကြံခြင်း အဆင့်အတန်း လုံးဝ မရှိတဲ့လူတွေအတိုင်းပဲ' လုံချန်းက ထိုမျိုးနွယ်စုဝင်များကို ကြည့်ကာ တွေးတောနေမိ၏။
"အဲဒါက နင် သိထားတဲ့ ကျင့်ကြံခြင်း နည်းလမ်းမျိုး သူတို့မှာ မရှိလို့ပဲ။ သူတို့က ကျင့်ကြံခြင်း နည်းစနစ်ချင်း မတူညီတဲ့ မျိုးနွယ်စုတစ်ခုလေ။ သူတို့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေကို သိုင်းဟင်းလင်းပြင်ထဲမှာ သိမ်းဆည်းမထားဘဲ ခန္ဓာကိုယ်ထဲမှာပဲ တိုက်ရိုက် သိမ်းဆည်းထားကြတာ" ရွှင်းက ဆိုလိုက်၏။
"ခန္ဓာကိုယ်ထဲမှာ သိမ်းထားတယ် ဟုတ်လား။ နင် ပြောချင်တာက သူတို့က ခန္ဓာကိုယ် ကျင့်ကြံသူတွေပေါ့လေ" လုံချန်းက စူးစမ်းစွာ မေးလိုက်သည်။
"ခန္ဓာကိုယ် ကျင့်ကြံသူတွေလည်း မဟုတ်ဘူး။ နှစ်မျိုးစလုံး ပေါင်းစပ်ထားတာလို့ ပြောရမယ်။ သာမန် ကျင့်ကြံသူတွေက သူတို့ရဲ့ စွမ်းအားတွေကို သိုင်းဟင်းလင်းပြင်ထဲမှာ သိမ်းထားကြတယ်။ ခန္ဓာကိုယ် ကျင့်ကြံသူတွေကလည်း အဲဒီလိုပဲ လုပ်ကြပေမဲ့ ကွာခြားတာက သူတို့က သူတို့ရဲ့ ချီစွမ်းအား အများစုကို ခန္ဓာကိုယ် သန်မာဖို့အတွက်ပဲ အသုံးပြုကြပြီး ကျင့်ကြံခြင်း အဆင့်တက်ဖို့အတွက်တော့ နည်းနည်းပဲ ချန်ထားကြတာ" ရွှင်းက လုံချန်းကို ရှင်းပြလိုက်၏။
"ဒီလူတွေကတော့ ချီစွမ်းအားတွေကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ တိုက်ရိုက် သိမ်းဆည်းထားကြတာ။ ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်က သူတို့ ဆန္ဒရှိရှိ မရှိရှိ အမြဲတမ်း အားဖြည့် တည်ဆောက်နေသလို ဖြစ်နေတာပေါ့" သူမက ဆက်လက် ပြောပြသည်။
"ဪ... ဒါဆို သူတို့က စွမ်းအားကို ပိုပြီး ထိရောက်အောင် အသုံးချတဲ့ သဘောပေါ့။ စိတ်ဝင်စားစရာ နည်းလမ်းပဲ" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်၏။
"မှန်ပါတယ်။ ဒါပေမဲ့ ဒါက သူတို့ မျိုးနွယ်စုကလွဲရင် တခြား ဘယ်သူ့အတွက်မှ အလုပ်မဖြစ်ဘူး။ သူတို့ရဲ့ အရေပြားက ကျင့်ကြံခြင်း စွမ်းအားတွေကို ထိန်းသိမ်းထားဖို့ အကောင်းဆုံး အခြေအနေမှာ ရှိနေတာ။ လူသားတွေရဲ့ ခန္ဓာကိုယ်ကတော့ မတူဘူးလေ။ နင်သာ ဒီလို လိုက်လုပ်ကြည့်မယ်ဆိုရင် မအောင်မြင်တဲ့အပြင် စွမ်းအားတွေကို စုဆောင်းနိုင်တာထက် ပိုမြန်မြန် ပြန်ယိုစိမ့်သွားလိမ့်မယ်" ရွှင်းက ရှင်းပြလိုက်၏။
"လူသားတစ်ယောက် အနေနဲ့ သူတို့ရဲ့ နည်းလမ်းကို သုံးပြီး ဝိညာဉ်သန့်စင်ခြင်း အဆင့်ကိုတောင် ရောက်အောင် သွားနိုင်မှာ မဟုတ်ဘူး" သူမက ဆက်လက် ဆိုလိုက်ပြန်သည်။
"ဒါဆိုရင်တော့ အလကားပါပဲလား" လုံချန်းက ခါးသက်သက် ပြုံးရင်း ဆိုလိုက်၏။
'ငါ အခုမှ သတိထားမိတယ်။ အဖွဲ့တိုင်းရဲ့ အုပ်ထိန်းသူတွေ ဘာလို့ ဒီမှာ မရှိကြတာလဲ။ အခု ရောက်လာတဲ့ သုံးယောက်မှာလည်း အုပ်ထိန်းသူ မပါလာဘူး။ တချို့အဖွဲ့တွေမှာ သေချာပေါက် အုပ်ထိန်းသူတွေ ပါလာကြတာပဲဥစ္စာ။ ထူးဆန်းလိုက်တာ'
အမှောင်ကမ္ဘာမှ လူများသည် ကြမ်းပြင်ပေါ်တွင် ဝဲပျံနေသော အမည်းရောင် မြူခိုးများကြားမှ ဖြတ်သန်းလာခဲ့ကြ၏။ ၎င်းတို့သည် ဖြည်းညှင်းသော ခြေလှမ်းများဖြင့် တုလျန်၏ အနီးသို့ မကြာခင်မှာပင် ရောက်ရှိလာတော့သည်။
တုလျန်၏ ရှေ့တွင် ရပ်တန့်လိုက်ပြီးနောက် ဖြူလျော့သော မျက်နှာနှင့် အမျိုးသား သုံးဦးသည် တုလျန်ကို အထက်အောက် အကဲခတ် စိုက်ကြည့်နေကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိသော်လည်း မျက်လုံးထဲတွင်မူ သိလိုစိတ် ပြင်းပြနေသည်အား အထင်အရှား တွေ့မြင်နေရပေသည်။
"မင်းရဲ့ မျက်လုံးတွေက တကယ့်ကို ဆွဲဆောင်မှု ရှိတာပဲ" အဖွဲ့ခေါင်းဆောင် ဖြစ်ပုံရသော အမျိုးသားက မည်သည့် ခံစားချက်မျှ မပါသော အသံဖြင့် မှတ်ချက်ပေးလိုက်၏။
'သူတို့က တုလျန် သေမင်းမျက်လုံး သုံးတာကို မြင်သွားပုံရတယ်။ ဒါပေမဲ့ သူတို့က အဲဒီ ဒဏ္ဍာရီအကြောင်းကို သိနေတာလား' လုံချန်းက ရွှင်းကို မေးလိုက်သည်။
"သူတို့က အင်မော်တယ် လောကက အမှောင် မျိုးနွယ်စုတွေဆိုတော့ လူကြီးပိုင်းတွေကတော့ သေချာပေါက် သိကြမှာပေါ့။ ဒါပေမဲ့ သူတို့က လူသားလောက အဆင့်အထိ ကျဆင်းသွားပြီဆိုရင်တော့ ဒီလူငယ်တွေက ဒီမျက်လုံးတွေအကြောင်း သိပါဦးမလားလို့ ငါ သံသယ ဖြစ်မိတယ်။ မျက်လုံးနဲ့ ပတ်သက်တဲ့ အထူး ခန္ဓာကိုယ်တွေက အများကြီးရှိတာ။ အတွေ့အကြုံရှိတဲ့ လူတွေတောင် မှားနိုင်တာပဲဥစ္စာ" ရွှင်းက ပျင်းရိပျော့ခွေစွာပင် ပြန်ဖြေလိုက်၏။
"မင်းတို့အကြောင်းကိုလည်း ငါက အဲဒီလိုပဲ ပြန်ပြောချင်ပါရဲ့" တုလျန်က တုံ့ပြန်လိုက်၏။
အမှောင်ကမ္ဘာ အဖွဲ့ခေါင်းဆောင်သည် တုလျန်၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ ချန်ယုရှိရာဘက်သို့ အကြည့်လွှဲလိုက်သည်။
"မင်းကလည်း ပါရမီရှိတဲ့သူပဲ။ မဆိုးပါဘူး" သူက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ရင်း ချီးကျူးလိုက်၏။
"နင့်ရဲ့ အသိအမှတ်ပြုမှုကို ငါ မလိုအပ်ဘူး" ချန်ယုက ပြတ်သားစွာပင် တုံ့ပြန်လိုက်လေသည်။
ထိုအမျိုးသားသည် သူမ၏ စကားကိုလည်း ဂရုမစိုက်ဘဲ နောက်ဆုံးတွင် လုံချန်းရှိရာဘက်သို့ ကြည့်လိုက်တော့၏။
သူသည် လုံချန်းကို ခဏမျှ စိုက်ကြည့်နေပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"ထူးဆန်းလိုက်တာ။ မင်းဆီမှာ တစ်ခုခု ထူးဆန်းနေတယ်။ ငါ ဘာကိုမှ မမြင်နိုင်ပါလား" ထိုလူက စူးစမ်းစွာ ဆိုလိုက်၏။
"အဲဒါအတွက် ငါက ဂုဏ်ယူနေရမှာလား" လုံချန်းက ပျင်းရိစွာပင် မေးလိုက်၏။ "မင်းတို့နေရာ မင်းတို့ ပြန်သွားကြစမ်းပါ။ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားတစ်ပါးလို ဟန်ဆောင်မနေကြနဲ့"
ထိုအမျိုးသားများသည် လုံချန်း၏ စကားများကိုလည်း စိတ်လှုပ်ရှားပုံ မရချေ။ ၎င်းတို့၏ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းမှာ တကယ် ကောင်းမွန်လှပေသည်။ လုံချန်းမှာမူ ထိုသူများကို စိတ်ပူသွားအောင် လုပ်ပြီး ၎င်းတို့၏ အခြားတစ်ဖက်ကို မြင်တွေ့ချင်စိတ်များ ပေါ်ပေါက်လာတော့၏။
"မင်းတို့ သုံးယောက်လုံး စကားပြော တော်ကြတာပဲ" အနက်ရောင် ဝတ်ဆင်ထားသူက ဆိုကာ သူ၏ နှုတ်ခမ်းထောင့်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လွင်သွားတော့သည်။
"ဟုတ်တာပေါ့။ ငါတို့အားလုံးက ငါတို့ရဲ့ ကိုယ်ပိုင် အစွမ်းအစနဲ့ အင်မော်တယ် လောကကို တက်လှမ်းနိုင်တဲ့ ပါရမီတွေ ရှိကြတာလေ။ ပြီးတော့ ငါတို့က တချို့လူတွေလိုမျိုး အင်မော်တယ် လောကကနေ လူသားလောကဆီကို အတင်းအကျပ် အနှင်ခံရလောက်အောင် အထိလည်း အသုံးမကျတဲ့သူတွေ မဟုတ်ဘူး" လုံချန်းက ဝေဝေဝါးဝါးပင် ပြန်လည် တုံ့ပြန်လိုက်၏။ ၎င်းမှာ ထိုသူများကို စိတ်အနှောင့်အယှက် ဖြစ်သွားစေရန် တမင် ရည်ရွယ်၍ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။
"ဒီအရူး... ဘာလို့ ကိုယ့်ဘာသာကိုယ် ပြဿနာရှာနေတာလဲ" ရွှင်းက လုံချန်း၏ နားထဲတွင် မကျေမနပ် ရေရွတ်လိုက်၏။ "အဲဒါကြောင့် ငါက နင့်ကို ဘာမှ ပြောပြချင်တာ မဟုတ်ဘူး"
လုံချန်း၏ လုပ်ရပ်မှာ အောင်မြင်သွားပုံရ၏။ ထိုသူများ၏ မျက်နှာမှာ ထိန်းချုပ်မရဘဲ တွန့်ချိုးသွားသည်ကို သူ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
တုလျန်ပင်လျှင် အံ့ဩသွားတော့၏။ သူ၏ အဖွဲ့သားက အဘယ်ကြောင့် ထိုသို့သော စကားမျိုးကို ပြောလိုက်ရသနည်း။ ထို့ပြင် ထိုလူများဆီက တုံ့ပြန်မှုတစ်ခု ရအောင် သူ မည်သို့ လုပ်လိုက်သနည်း။ သူ တစ်ခုခု လွဲချော်နေသည်လား။
"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ" အနက်ရောင် ဝတ်ဆင်ထားသူက လုံချန်းကို ပြောလိုက်၏။
"ဒါပေါ့... ငါက မင်းမှ မဟုတ်တာ။ အခုတော့ သွားစမ်းပါ။ အကြည့်ရဆိုးတဲ့ အရာတွေကို ငါ့မျက်စိအောက်မှာ အထားမခံချင်ဘူး" လုံချန်းက ထပ်လောင်း၍ စော်ကားလိုက်ပြန်သည်။
ထိုသူများသည် သူ့ကို စိတ်ဝင်စားနေကြသဖြင့် လုံချန်းက ထိုစိတ်ဝင်စားမှုအား လွှဲဖယ်ရန် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။ အကယ်၍ သူက ထိုသူများကို ဒေါသထွက်အောင် လုပ်နိုင်မည်ဆိုလျှင် ၎င်းတို့သည် သူ့အကြောင်းအား ဆက်လက် ဆွေးနွေးနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဒေါသက လူတစ်ယောက်ကို အမြော်အမြင် ကင်းမဲ့သွားစေသည် မဟုတ်လော။ ၎င်းမှာ ထိုသူများကို လှောင်ပြောင်လိုက်ရသည့် သူ၏ တစ်စိတ်တစ်ပိုင်း စေ့ဆော်မှုလည်း ဖြစ်ပေသည်။
"ဟားဟားဟား... ဒါမှ ငါသိတဲ့ ဖေကျင်ကွ။ လုပ်စမ်းပါဦး" တုလျန်က အော်ဟစ်ရယ်မောရင်း လုံချန်းကို ချီးကျူးလိုက်၏။
"စမ်းသပ်ပွဲကျရင် မင်းနဲ့ တွေ့ရမှာ ပျော်စရာ ကောင်းလိမ့်မယ်" အမှောင်ကမ္ဘာမှ လူက ဆိုပြီးနောက် လုံချန်းကို စိုက်ကြည့်နေရာမှ ရပ်တန့်လိုက်တော့၏။
သူသည် ဖုန်းရှူအဖွဲ့နှင့် ခပ်လှမ်းလှမ်းရှိ အလွတ်ဖြစ်နေသော နေရာတစ်ခုဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ခန်းမအတွင်း၌ တိတ်ဆိတ်ခြင်းများက တစ်ဖန် ပြန်လည် စိုးမိုးလာတော့၏။ အမည်းရောင် မြူခိုးများမှာလည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့သည်။
ဧကရာဇ်မင်းမြတ် ရောက်ရှိလာပြီး စမ်းသပ်ပွဲ စတင်မည့် အချိန်အား လူအများက စောင့်ဆိုင်းနေကြသော်လည်း ထိုသူမှာ မည်သည့်နေရာတွင် ရှိနေသည်ကိုပင် မတွေ့ရချေ။
"အားလုံးလည်း ရောက်နေကြပြီ။ ဘယ်တော့မှ စမှာလဲ။ မင်းရဲ့ ခမည်းတော်ကို သွားခေါ်ဖို့ လူလွှတ်လိုက်ပြီလား" တုလျန်က နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်တော့၏။
သူ စတင် မေးမြန်းလိုက်သည်နှင့်အတူ အခြားသူများကလည်း အိမ်ရှေ့မင်းသားကို မေးခွန်းများ စတင် မေးမြန်းကြတော့သည်။
"ဟုတ်တယ်။ ငါတို့က ဒီမှာ အချိန်ဖြုန်းနေဖို့ လာတာ မဟုတ်ဘူး။ ငါ စောင့်နေတာ တော်တော် ကြာနေပြီ။ ဘယ်လောက်အထိ ထပ်စောင့်ရဦးမှာလဲ"
"အခုပဲ စလိုက်စမ်းပါ။ စမ်းသပ်ပွဲ ရှိတယ်ဆိုတာ သူ မေ့နေလို့လား"
"ငါတို့က အဝေးကြီးကနေ အချိန်ကုန်ခံပြီး လာခဲ့ရတာ။ မင်းရဲ့ ခမည်းတော်က သူပိုင်တဲ့ နန်းတော်ထဲမှာတောင် အချိန်မီ မလာနိုင်ဘူးလား။ ဒါက ဘယ်လို ပြက်လုံးမျိုးလဲ"
မကျေမနပ် ပြောဆိုသံများသည် မကြာခင်မှာပင် သွယ်ဝိုက်သော စော်ကားမှုများအဖြစ်သို့ ပြောင်းလဲသွားသဖြင့် မင်းသားများမှာ အကြီးအကျယ် ဒေါသထွက်သွားကြတော့သည်။