အခန်း (၉၄၁-၉၄၂)
Vol. 92 Ch. 941-942
အခန်း (၉၄၁) လက်မှုပညာရှင် ဆရာကြီး
ကြယ်တာရာ အင်ပါယာ၏ မင်းသားများမှာ ဒေါသချောင်းချောင်း ထွက်နေကြလေပြီ။ ၎င်းတို့၏ ခမည်းတော် ရောက်မလာသေးသည့် အချက်ကို အခွင့်ကောင်းယူကာ ဤလူများက အင်ပါယာအား စော်ကားဝံ့ကြသည် မဟုတ်လော။
"မင်းတို့..." ဒုတိယမင်းသားက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း စကား မပြောရန် လက်ဟန်ဖြင့် တားမြစ်လိုက်သော သူ၏ အစ်ကိုကြီးကို မြင်လိုက်ရသဖြင့် ရပ်တန့်သွားခဲ့ရ၏။
"လေးစားအပ်တဲ့ ဧည့်သည်တော်တို့ခင်ဗျာ... အားလုံး သိကြတဲ့အတိုင်း ပထမအဆင့် စမ်းသပ်ပွဲ စတင်မယ့် အချိန်နဲ့ ပတ်သက်ပြီး ဘယ်လို အချိန်အကန့်အသတ်မှ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ခမည်းတော် နောက်ကျနေတယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ လုံးဝ မမှန်ကန်ပါဘူး" အိမ်ရှေ့မင်းသားက အေးဆေးသော အသံဖြင့် ဆိုလိုက်၏။
"ဒါ့အပြင် အမှားအယွင်း မရှိတဲ့ ကိစ္စတစ်ခုအတွက် အိမ်ရှင်ကို ဝေဖန်တာဟာ ရန်လိုတဲ့ လုပ်ရပ်တစ်ခုလို့ မှတ်ယူလို့ ရပါတယ်။ တကယ်တော့ ခင်ဗျားတို့ လုပ်နေတာက ဝေဖန်တာတောင် မဟုတ်ပါဘူး၊ စမ်းသပ်ပွဲ လာဖြေတဲ့ နေရာကို စော်ကားနေတာပါ"
"ဒါကြောင့် ဒီလိုမျိုး လုပ်ရပ်တွေကို ဆင်ခြင်ကြဖို့ ကျွန်တော် အကြံပြုလိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ခင်ဗျားတို့ လာရာအရပ်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေနိုင်လို့ပါပဲ" သူက ထပ်လောင်း ပြောကြားလိုက်လေသည်။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ခန်းမကြီး၏ တံခါးမှာ ထပ်မံ၍ ပွင့်လာတော့၏။
ခန်းမအတွင်းရှိ လူအားလုံးမှာ တံခါးဝမှ စီးဆင်းလာသော အသက်ရှူရကျပ်လောက်သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ကြရသည်။
အိမ်ရှေ့မင်းသား၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းသွားတော့၏။ မည်သူ ရောက်လာသည်ကို သူ ရိပ်မိလိုက်ပြီ ဖြစ်သည်။ နောက်ဆုံးတော့ စောင့်ဆိုင်းခြင်းများ ပြီးဆုံးသွားခဲ့လေပြီ။
သူသည် တံခါးဝသို့ ကြည့်လိုက်ရာ သူ၏ ခမည်းတော် ဧကရာဇ်မင်းမြတ်သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဧကရာဇ်မင်းမြတ်၏ အနောက်တွင် လူငယ်များနှင့်အတူ ပါလာကြသော ကမ္ဘာပေါင်း ၁၉ ခုမှ သံတမန်များက လိုက်ပါလာကြ၏။
ဧကရာဇ်၏ မျက်နှာမှာ မည်သည့် စိတ်ခံစားမှုမျှ မရှိဘဲ တည်ငြိမ်အေးစက်လျက် ရှိပေသည်။
"ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"
ဧကရာဇ် ဝင်လာသည်နှင့်အမျှ လူတိုင်းမှာ ဤကမ္ဘာ၏ အမြင့်ဆုံး အာဏာပိုင်ဖြစ်သည့် အားလျော်စွာ စနစ်တကျ ဂါရဝပြု နှုတ်ဆက်ကြတော့၏။
"အင်း..."
ဧကရာဇ်သည် ၎င်းတို့၏ နှုတ်ဆက်မှုကို အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်း အသာအယာ ညိတ်ပြလိုက်ရုံသာ ပြုလိုက်၏။
လုံချန်းသည် ထိုလူက သူ့ကို မှတ်မိနိုင်မည်လား ဆိုသည်အား သိရှိရန် သူ၏ မျက်နှာကို အကဲခတ်နေမိသည်။ ပြီးခဲ့သည့် အကြိမ်ကမူ မမှတ်မိခဲ့သော်လည်း ယခုတစ်ခါတွင်မူ လုံချန်းက ပို၍ သေချာအောင် လုပ်လိုခြင်း ဖြစ်ပေသည်။
'သူ အခုထိ ငါ့ကို မမှတ်မိသေးတဲ့ ပုံပဲ။ လှည့်စားခြင်း မျက်နှာဖုံးကတော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ပစ္စည်းတစ်ခုပဲ။ ဒါကို ဘယ်သူကများ ဖန်တီးခဲ့တာလဲ။ အင်အားအကြီးဆုံး တိုက်ကြီးရဲ့ ဧကရာဇ်တောင်မှ ငါ့ရဲ့ မျက်နှာအစစ်ကို မမြင်နိုင်ဘူး။ ဒီလို ပစ္စည်းမျိုးက ဘယ်လိုလုပ်ပြီး ဒီလောက် သေးငယ်တဲ့ နေရာလေးမှာ ရောက်နေရတာလဲ' သူက စိုးရိမ်စရာ မရှိသည်ကို တွေ့မြင်လိုက်ရသဖြင့် တွေးတောနေမိ၏။
"နင့်ရဲ့ လက်ထဲက လက်စွပ်ကရော အဲဒီနေရာမှာပဲ ရောက်နေတာ မဟုတ်ဘူးလား။ လက်စွပ်က အကောင်းဆုံး အဆင့်အတန်းရှိတဲ့ ရတနာထက် ပိုပြီးတော့တောင် တန်ဖိုးကြီးတဲ့ ရတနာတစ်ခုပဲဥစ္စာ" ရွှင်းက လုံချန်းကို ပြောလိုက်၏။
'လက်စွပ်ကတော့ အကြံအစည်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ဒီလို လက်စွပ်မျိုးတွေကို သင့်တော်တဲ့ သားကောင်ကို ရှာဖို့အတွက် ပစ်ချထားခဲ့တာ။ ဒါကြောင့် တစ်ယောက်ယောက်က ရတနာကို စွန့်ပစ်ခဲ့တာက ယုတ္တိရှိပါတယ်။ ငါ နားမလည်တာက ဒီမျက်နှာဖုံးကို ဘာလို့ တစ်ယောက်ယောက်က ပစ်ချခဲ့ရတာလဲ ဆိုတာပဲ။ ဒါက ငါးစာတစ်ခုနဲ့လည်း မတူဘူး။ ပြီးတော့ ဒါက ရေကန်သေးသေးလေး တစ်ကန်ထဲမှာ ရှိနေတာ' လုံချန်းက သူ၏ စိတ်ထဲမှ တွေးလိုက်သော်လည်း ရွှင်းကိုမူ မကြားစေခဲ့ချေ။
ဤမျက်နှာဖုံးနှင့် ပတ်သက်၍ တစ်ခုခုမှာ ထူးဆန်းနေပေသည်။ ယခင်က သူ ဤသို့ မစဉ်းစားခဲ့ဖူးချေ။ မျက်နှာဖုံး၏ စွမ်းရည်မှာ အကန့်အသတ် ရှိနေသည်မှာ သေချာလှပြီး သူသည် အခြားသူအဖြစ် ပိုမို ကောင်းမွန်စွာ ဟန်ဆောင်နိုင်ရန်နှင့် အချိန်ကန့်သတ်ချက်ကို ဖယ်ရှားရန်အတွက် ၎င်းပေါ်တွင် အစီအရင် အချို့ကို ရေးဆွဲခဲ့ရသေးသည်။
သို့သော်လည်း ထိုအချက်မှာ ဤမျက်နှာဖုံး၏ ဖန်တီးထားသော လှည့်စားမှုမှာ အလွန်ပင် အစွမ်းထက်လှသဖြင့် သူ့ထက် အဆင့်မြင့်သော နယ်ပယ်အသီးသီးမှ လူများပင်လျှင် သူ၏ ရုပ်ဖျက်မှုကို မသိနိုင်ကြသည်မှာ အမှန်ပင် ဖြစ်ပေသည်။
လုံချန်း အတွေးလွန်နေစဉ်မှာပင် ဧကရာဇ်က ရပ်တန့်လိုက်၏။ သံတမန်များကလည်း သူ၏ အနီးတွင် ရပ်လိုက်ကြသည်။
"ငါတို့ရဲ့ ကမ္ဘာကို ကြိုဆိုပါတယ်။ ငါ မင်းတို့ကို တစ်ဦးချင်းစီ နှုတ်ဆက်ပြီးသား ဖြစ်ပေမဲ့ အခုလို စုပေါင်းပြီး နှုတ်ဆက်တာက ပိုကောင်းပါလိမ့်မယ်။ မိနစ်ပိုင်းအတွင်းမှာ စတင်မယ့် စမ်းသပ်ပွဲ အကြောင်းကို ငါ ပြောပြပါ့မယ်။ ဒါပေမဲ့ ပထမဦးဆုံး မင်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မိတ်ဆက်ပေးကြဖို့ လိုပါတယ်။ ဒါမှသာ ဒီစမ်းသပ်ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မင်းတို့ တစ်ဦးချင်းစီကို ပေးအပ်နိုင်မှာ ဖြစ်တယ်" ဧကရာဇ်က လူငယ်များကို အသိပေးလိုက်၏။
သူသည် သူ၏ အနောက်တွင် ရပ်နေသော အဘိုးကြီးတစ်ဦးကို ညွှန်ပြလိုက်သည်။ "သူကတော့ ငါတို့ရဲ့ အတော်ဆုံး လက်မှုပညာရှင် ဆရာကြီး ဟူပဲ ဖြစ်တယ်။ သူက မင်းတို့ တစ်ဦးချင်းစီရဲ့ နာမည်တွေနဲ့ ချိတ်ဆက်ထားတဲ့ အမှတ်အသား တံဆိပ်ပြား တစ်ပြားစီကို ပေးလိမ့်မယ်။ အဲဒီ တံဆိပ်ပြားပေါ်မှာပဲ မင်းတို့ရဲ့ အဆင့်သတ်မှတ်ချက်တွေကို ကြည့်နိုင်မှာ။ အဲဒါက စမ်းသပ်ပွဲအတွင်း မင်းတို့ရဲ့ အောင်မြင်မှုတွေကို မှတ်တမ်းတင်ပေးမယ့်အပြင် မင်းတို့ရဲ့ ကမ္ဘာအသီးသီးကိုလည်း အဆင့်သတ်မှတ်ချက်တွေကို လွှဲပြောင်း ပေးပို့ပေးသွားမှာ ဖြစ်တယ်"
"မင်းတို့ ဘယ်ဘက်ကနေ ညာဘက်ကို တစ်ယောက်ပြီးတစ်ယောက် စတင်နိုင်တယ်" ထိုသို့ ဆိုကာ သူသည် အဘိုးကြီးဘက်သို့ လှည့်ကြည့်လိုက်၏။ "ဆရာကြီးဟူ... ခင်ဗျား စတင်နိုင်ပါပြီ"
အဘိုးကြီးသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကို သူ၏ ရှေ့တွင် ချလိုက်ပြီးနောက် သူသည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး စားပွဲပေါ်တွင် တံဆိပ်ပြားပေါင်း ၆၀ ကို ဖြန့်ခင်းလိုက်၏။ သူသည် ပထမဆုံး တံဆိပ်ပြားကို ကောက်ယူလိုက်ပြီးနောက် အစွန်ဆုံး ဘယ်ဘက်တွင် ရပ်နေသော လူငယ်ကို စိုက်ကြည့်လိုက်သည်။
"ဟန်ကျိလူး... သတ္တမ ကောင်းကင်ဘုံ ကမ္ဘာ"
အဘိုးကြီးသည် သူ၏ လက်ချောင်းကို တံဆိပ်ပြားလေးပေါ်တွင် တင်လိုက်ပြီး မျက်လုံးများအား မှိတ်လိုက်၏။ တံဆိပ်ပြားပေါ်တွင် နာမည်တစ်ခု ထွင်းထုလာသည်နှင့်အမျှ ၎င်းမှာ စတင် တောက်ပလာတော့သည်။ ၎င်းမှာ ထိုလူ၏ နာမည်နှင့် သူ၏ ကမ္ဘာအမည် ဖြစ်ပေသည်။
၎င်းမှာ ပြီးမြောက်ရန် ၁၀ စက္ကန့်မျှသာ ကြာမြင့်ခဲ့၏။ ဆရာကြီးဟူသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် လူငယ်ရှိရာသို့ လက်ကို ဆန့်ထုတ်လိုက်သည်။ "ရော့... ဒါကို ယူထားပါ။ ဒါကို မင်းနဲ့အတူ အမြဲတမ်း ဆောင်ထားပါ"
လူငယ်သည် ခေါင်းညိတ်ပြပြီးနောက် ရှေ့သို့ တိုးလာခဲ့၏။ သူသည် အဘိုးကြီး၏ လက်ထဲမှ တံဆိပ်ပြားကို ယူပြီးနောက် အနောက်သို့ ပြန်ဆုတ်သွားခဲ့သည်။
"နောက်တစ်ယောက်" ဆရာကြီးဟူက ခေါ်လိုက်၏။
"မင်လု... သတ္တမ ကောင်းကင်ဘုံ ကမ္ဘာ" နောက်တစ်ယောက်က မိတ်ဆက်လိုက်သည်။
အဘိုးကြီးသည် နောက်ထပ် တံဆိပ်ပြား တစ်ပြား ပြုလုပ်ရန် ယခင်လုပ်ထုံးလုပ်နည်းအတိုင်း ထပ်မံ လုပ်ဆောင်လိုက်ပြန်၏။
လူများသည် ၎င်းတို့၏ နာမည်များကို ပြောဆိုကာ တံဆိပ်ပြားများအား ယူဆောင်သွားကြသဖြင့် ထိုလုပ်ငန်းစဉ်မှာ ဆက်လက် လည်ပတ်နေတော့သည်။
လုပ်ငန်းစဉ်မှာ ချောမွေ့စွာပင် ဆက်လက် ဖြစ်ပေါ်နေ၏။ လူတစ်ဝက်ခန့်မှာ တံဆိပ်ပြားများကို ရရှိသွားရန်မှာ ကြာမြင့်ခြင်း မရှိခဲ့ချေ။
လုံချန်းနှင့် သူ၏ အဖွဲ့မှာ ညာဘက်အစွန်ဆုံးတွင် ရပ်နေကြသဖြင့် ၎င်းတို့မှာ တံဆိပ်ပြားရရှိရန် နောက်ဆုံးဖြစ်ပေလိမ့်မည်။
အမှောင်ကမ္ဘာ အဖွဲ့သားများမှာ ၎င်းတို့၏ အလှည့်ကို ဦးစွာ ရရှိကြ၏။
"နင်... အမှောင်ကမ္ဘာ"
မကြာခင်မှာပင် အမှောင်ကမ္ဘာ အဖွဲ့ခေါင်းဆောင်၏ အလှည့်သို့ ရောက်ရှိလာပြီး သူက မိတ်ဆက်လိုက်ခြင်း ဖြစ်ပေသည်။
ဤသုံးဦးမှာ အရေးပါသူများ ဖြစ်သဖြင့် လုံချန်းက သူ၏ နာမည်ကို မှတ်သားထားလိုက်၏။
"မု... အမှောင်ကမ္ဘာ"
"ဟန်... အမှောင်ကမ္ဘာ"
'သူတို့အားလုံးမှာ နာမည်တစ်လုံးတည်းပဲ ရှိကြတာလား၊ ဒါမှမဟုတ် သူတို့က နာမည်ကို စနစ်တကျ မပေးချင်လောက်အောင် ပျင်းနေကြတာလား' လုံချန်းက ရွှင်းကို မေးလိုက်၏။
"သူတို့က အဲဒီလိုပဲလေ။ သူတို့ မွေးဖွားလာတဲ့အခါမှာ ပထမနာမည် တစ်လုံးပဲ ရကြတာ။ အမှောင်ကမ္ဘာက အိမ်ထောင်ကျပြီးတဲ့ လူတွေမှပဲ နောက်ဆုံးနာမည်ကို ရကြတာ" ရွှင်းက သူ့ကို အသိပေးလိုက်သည်။
တန်းစီနေသူများမှာ ချောမွေ့စွာပင် ရွေ့လျားနေပြီး မကြာခင်မှာပင် လုံချန်း၏ အလှည့်သို့ ရောက်ရှိလာတော့၏။
"လ... ဖေကျင်၊ ဖုန်းရှူ ကမ္ဘာကပါ"
လုံချန်းသည် သူ၏ နာမည်အစစ်ကို ပြောမိလုနီးပါး ဖြစ်သွားပြီးမှ မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်ခြင်း ဖြစ်ပေသည်။ သူသည် အချိန်မီပင် မိမိကိုယ်ကိုယ် ထိန်းချုပ်လိုက်နိုင်ခဲ့၏။
တုလျန်ကမူ ထိုအချက်ကို သိပ်ပြီး သတိမထားမိသော်လည်း ချန်ယုမှာမူ မျက်မှောင်ကြုတ်လျက် လုံချန်းအား စိုက်ကြည့်နေတော့၏။
အဘိုးကြီးသည် လုံချန်းအတွက်လည်း တံဆိပ်ပြားတစ်ပြား ပြုလုပ်ပေးလိုက်သည်။
လုံချန်းသည် တံဆိပ်ပြားကို နောက်ဆုံး ရရှိသူဖြစ်ပြီး သူ ရရှိပြီးနောက်တွင် ထိုလုပ်ငန်းစဉ်မှာ ပြီးဆုံးသွားခဲ့လေပြီ။
ဧကရာဇ်မင်းမြတ်သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ... အခု ငါတို့ စတင်နိုင်ပြီ။ ဒုတိယအဆင့်ကို တက်လှမ်းမယ့် လူ ၁၀ ယောက်ကို ဆုံးဖြတ်ပေးမယ့် စမ်းသပ်ပွဲကတော့..."
အခန်း (၉၄၂) ပုံရိပ်ယောင်
လူတိုင်း အမှတ်အသား တံဆိပ်ပြားများ ရရှိပြီးနောက်တွင်မှ ဧကရာဇ်မင်းမြတ်သည် စမ်းသပ်ပွဲအကြောင်းကို စတင်၍ မိန့်ကြားရန် ဆုံးဖြတ်လိုက်တော့၏။
သူသည် အိတ်ကပ်အတွင်းမှ အဆောင်စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်သည်။
နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် လက်ကို မြှောက်လိုက်ရာ ထိုအဆောင်စာရွက်မှာ ဖြည်းညှင်းစွာ စတင်လောင်ကျွမ်းသွားတော့၏။ ပြာလဲ့သော မီးလျှံများသည် အဆောင်စာရွက်ကို ဝါးမြိုသွားသည်။ ဧကရာဇ်သည် သူ၏လက်ထဲတွင် ထိုပြာလဲ့သော မီးလျှံများ တောက်လောင်နေသော်လည်း သူ့ကို မည်သို့မျှ အန္တရာယ် မပြုနိုင်သည့်အလား မျက်တောင်တစ်ချက်မျှ မခတ်ဘဲ တည်ငြိမ်လျက် ရှိပေသည်။
ခဏအကြာတွင် သူသည် လက်သီးကို ဖြန့်ကာ လက်ကို ဘေးသို့ စောင်းလိုက်၏။ မီးလျှံများသည် ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားပြီး စက်ဝိုင်းပုံစံဖြင့် ပြန့်ကားသွားတော့သည်။
ထိုမီးလျှံများသည် ကြမ်းပြင်ပေါ်တွင် အစီအရင် တစ်ခုကို စတင်ဖန်တီးနေ၏။ အစီအရင် စတင်သည်နှင့် တစ်ပြိုင်နက် ဧကရာဇ်သည် သူ၏ အာရုံကို လူငယ်များထံသို့ ပြန်လည် လွှဲပြောင်းလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်ကမှ ကမ္ဘာအသီးသီးရဲ့ အုပ်ချုပ်သူတွေဆီက အတည်ပြုချက် ရယူပြီး ငါ သတ်မှတ်လိုက်တဲ့ စမ်းသပ်ပွဲအကြောင်းကို အခု ပြောပြမယ်။ ဒါဟာ ဘယ်သူကမှ ကြိုတင် မသိရှိနိုင်အောင်နဲ့ မတရားတဲ့ နည်းလမ်းတွေ မသုံးနိုင်အောင် အခုလို လျှို့ဝှက်ထားခဲ့တာ ဖြစ်တယ်။ အခုတော့ စတင်ရမယ့် အချိန်ရောက်ပြီမို့လို့ မင်းတို့အားလုံး သိနိုင်ပြီ" သူက ဆက်လက် မိန့်ကြား၏။
"ဒီမီးလျှံတွေက ငါတို့ပိုင်ဆိုင်တဲ့ အထူးနယ်မြေကို ဖွင့်လှစ်ပေးမယ့် အစီအရင်ကို မကြာခင်မှာ အပြီးသတ်ပါလိမ့်မယ်။ အဲဒီနေရာဟာ အနှစ်တစ်ထောင်မှ တစ်ကြိမ်ပဲ ဖွင့်လှစ်နိုင်တဲ့ နေရာဖြစ်လို့ ငါတို့ဆီက ပြိုင်ပွဲဝင်တွေ အတွက်လည်း ဒါဟာ ပထမဆုံးအကြိမ် ဝင်ရောက်ရမှာ ဖြစ်တယ်။ ဒါကြောင့် မင်းတို့အားလုံး အနေနဲ့ တရားမျှတတဲ့ ပြိုင်ပွဲဖြစ်မယ်ဆိုတာကို ယုံကြည်မှု ရှိနိုင်တယ်"
သူ စကားပြောပြီးသည်နှင့် မီးလျှံအစီအရင်မှာလည်း အပြီးသတ်သွားခဲ့ပြီ ဖြစ်၏။ မီးလျှံအစီအရင် ပြီးဆုံးသွားသည်နှင့် ပြာလဲ့သော မီးလျှံများသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ကြမ်းပြင်ပေါ်တွင် မှောင်မည်းသော မျဉ်းကြောင်းများသာ ကျန်ရစ်တော့သည်။
ထိုအမည်းရောင် မျဉ်းကြောင်းများသည်လည်း စတင်၍ တောက်ပလာတော့၏။ အလင်းတန်းများသည် အမှတ်တစ်ခုတည်း၌ စုဆုံသွားပြီး ကောင်းကင်သို့ အလင်းတိုင်ကြီးတစ်ခုအလား ထိုးတက်သွားခဲ့လေသည်။
'ဟင်းလင်းပြင်ထဲမှာ လှုပ်ခတ်မှုတစ်ခုကို ငါ ခံစားနေရတယ်။ အဲဒါက တစ္ဆေကျောင်းတော်ထဲကို ငါ ဝင်သွားတုန်းကလောက်တော့ မပြင်းထန်ပေမဲ့ အတော်လေးတော့ အားကောင်းလှတယ်။ သူတို့ ဖွင့်လိုက်တဲ့ အထူးနယ်မြေထဲမှာ တကယ့်ကို များပြားလှတဲ့ ချီစွမ်းအားတွေ ရှိနေရမယ်' လုံချန်းက အလင်းတန်းကို ကြည့်ကာ တွေးတောနေမိ၏။
သူသည် ဟင်းလင်းပြင် နိယာမကို ကျွမ်းကျင်ထားသူ ဖြစ်သဖြင့် ဟင်းလင်းပြင်အတွင်း မည်သည့် လှုပ်ခတ်မှုကိုမဆို ပို၍ သိလွယ်ပေသည်။ ထိုအလင်းတိုင်ကြီးမှာ အလွန်ပင် တောက်ပလှသဖြင့် အချို့သော လူများမှာ သူတို့၏ မျက်လုံးများကို ကာကွယ်ရန်အတွက် မမှိတ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရ၏။
စူးရှလှသော အလင်းတန်းကြားထဲတွင် မြင်နိုင်စွမ်း ရှိသူမှာ အနည်းငယ်မျှသာ ရှိပေသည်။
မကြာခင်မှာပင် ထိုအလင်းတိုင်ကြီးမှာ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင် တံခါးပေါက် တစ်ပေါက် ကျန်ရစ်ခဲ့တော့သည်။
"ဒါဟာ အထူးနယ်မြေထဲကို ဝင်ရောက်ရမယ့် လမ်းစပဲ ဖြစ်ပါတယ်။ အဲဒီနယ်မြေထဲမှာ ပြင်ပလောကမှာ ရှာရခက်တဲ့ ရတနာတွေနဲ့ ဆေးဖက်ဝင် အပင်တွေ အများကြီး ရှိပါတယ်။ နယ်မြေကို ဖွင့်လှစ်တဲ့ အနှစ်တစ်ထောင်တိုင်းမှာ ငါတို့ရဲ့ လူတွေကို စေလွှတ်ပြီး ရတနာတွေ စုဆောင်းခိုင်းလေ့ ရှိပါတယ်"
"အဲဒီထဲကို အများဆုံး လူ ရှစ်ဆယ်အထိပဲ စေလွှတ်လို့ ရတာပါ။ ဒါပေမဲ့ စမ်းသပ်ပွဲအတွက်ကြောင့် မင်းတို့ အယောက် ခြောက်ဆယ်ကိုပဲ ဝင်ခွင့်ပြုမှာ ဖြစ်တယ်။ တခြား ဘယ်သူမှ ပါဝင်မှာ မဟုတ်ဘူး။ မင်းတို့အားလုံး အထဲမှာ ကိုယ့်ဘာသာကိုယ်ပဲ ရုန်းကန်ကြရမှာ ဖြစ်တယ်" ဧကရာဇ်က အသိပေးလိုက်၏။
"ဒါဆိုရင် ကျွန်တော်တို့က အထဲမှာ ရတနာတွေနဲ့ ဆေးဖက်ဝင် အပင်တွေကို ရှာပြီး အဆင့်သတ်မှတ်ချက် ယူရမှာပေါ့။ ဒါကတော့ အချိန်ဖြုန်းတာပဲ။ အဲဒီအစား တိုက်ခိုက်ပြီးတော့ပဲ အဆုံးအဖြတ် ယူလိုက်ကြရအောင်ဗျာ" တုလျန်က မည်သည့်အရာကိုမျှ ဂရုမစိုက်ဟန်ဖြင့် ကြားဖြတ် ပြောဆိုလိုက်၏။
အမှောင်ကမ္ဘာမှ လူများသည် တုလျန်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။ "အထဲမှာ တိုက်ပွဲတွေ မရှိဘဲနဲ့ တခြားသူတွေက မင်းကို ရတနာတွေ ယူခွင့်ပေးပြီး ကောင်းမွန်တဲ့ အဆင့်တွေ ရအောင် လွှတ်ထားလိမ့်မယ်လို့ မင်း ထင်နေတာလား" ၎င်းတို့ထဲမှ တစ်ဦးက မေးလိုက်၏။
"မှန်ပါတယ်။ လူတွေက ရတနာကိုပဲ ရှာကြမှာ မဟုတ်ဘူး၊ တခြားသူတွေဆီကလည်း လုယူဖို့ ကြိုးစားကြမှာပဲ။ နောက်ဆုံးတော့ ဒါက လူတစ်ယောက်ရဲ့ အစွမ်းအစပေါ်မှာပဲ မူတည်သွားမှာပါ" သားရဲကမ္ဘာမှ တစ်ဦးကလည်း ထောက်ခံလိုက်သည်။
"ဟက်... မင်းတို့ ပြောတာကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းတို့အားလုံးက ငါ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ဖို့အထိတော့ ဉာဏ်မမီကြသေးဘူးပဲ" တုလျန်က ခက်ထန်သော လေသံဖြင့် ဆိုလိုက်၏။ "တခြားသူတွေကို လိုက်ရှာပြီး လုယူနေရတာက အချိန်ကြန့်ကြာစေတယ်။ ငါက မင်းတို့ကို လိုက်ရှာပြီး အလဲထိုးနေဖို့ စိတ်မဝင်စားဘူး။ ဘာလို့ ဒီလောက်အထိ ရှုပ်ထွေးအောင် လုပ်နေရတာလဲ"
"ခဏလောက် နေပါဦး။ မင်းတို့အားလုံး နားလည်မှု လွဲနေကြပြီ။ မင်းတို့ ရတနာတွေကို ရှာဖို့ မလိုဘူး" ဧကရာဇ်က ခေါင်းခါရင်း ဆိုလိုက်၏။ "အဲဒီအစား သတ်မှတ်ထားတဲ့ ပစ္စည်းတစ်ခုကိုပဲ ရှာဖို့ လိုအပ်တယ်"
"ဘာကို ရှာရမှာလဲ" တုလျန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"သုံးရွက်ရွှေပန်း" ဧကရာဇ်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်အနီးတွင် အရွက်သုံးရွက်ပါသော ရွှေရောင်ပန်းတစ်ပွင့်၏ ပုံရိပ်ယောင် ပေါ်ထွက်လာတော့၏။
'ပုံရိပ်ယောင် နိယာမလား' ဧကရာဇ်၏ လက်အနီးရှိ ပုံရိပ်ယောင်ကို ကြည့်ရင်း လုံချန်းက တွေးတောနေမိ၏။ ဤမျှအထိ တကယ့်အစစ်အမှန်နှင့် တူအောင် ဖန်တီးနိုင်ခြင်းမှာ ပုံရိပ်ယောင် နိယာမကို ကျွမ်းကျင်ထားသူမှသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်ပေသည်။
ဤလူ... သူသည် ပုံရိပ်ယောင် နိယာမ၏ ဆရာတစ်ဆူလော။ ထိုမျှ မကသေးပေ။ သူ၏ ကျွမ်းကျင်မှုမှာ အဆင့်တစ်ခုသို့ပင် ရောက်ရှိနေပုံရသည်။
လုံချန်း ပုံရိပ်ယောင် ဖန်တီးသည့်အခါတိုင်း သူသည် လူများကို ကြည့်နေရပေသည်။ အကယ်၍ သူ၏ အကြည့်မှာ ထိုသူများအပေါ်တွင် မရှိပါက ပုံရိပ်ယောင်မှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ သို့သော် ဧကရာဇ်တွင်မူ ထိုကဲ့သို့ အကန့်အသတ်မျိုး မရှိချေ။
သူသည် လုံချန်းကို ကြည့်မနေသော်လည်း လုံချန်းမှာ ထိုပုံရိပ်ယောင်ကို မြင်တွေ့နေရခြင်းက ဧကရာဇ်သည် ဤပညာရပ်တွင် သူ့ထက် ပို၍ ကျွမ်းကျင်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေသည်။
'ထူးဆန်းလိုက်တာ။ သူက ပုံရိပ်ယောင် ဖန်တီးရာမှာ ဒီလောက်အထိ ကျွမ်းကျင်နေရင် လှည့်စားခြင်း မျက်နှာဖုံးရဲ့ ပုံရိပ်ယောင်ကို ဘာလို့ မသိနိုင်ရတာလဲ' လှည့်စားခြင်း မျက်နှာဖုံးမှာ ပို၍ပို၍ပင် ထူးခြားဆန်းပြားနေသကဲ့သို့ ရှိတော့သည်။
"သုံးရွက်ရွှေပန်းကတော့ အဲဒီနယ်မြေထဲက ကြုံရာ နေရာတွေမှာ ပေါက်ရောက်တတ်တယ်။ ဒါကို ရှာဖွေဖို့က ခက်ခဲလှသလို ပိုပြီး အရေးကြီးတာက အဲဒီပန်းတွေကို များသောအားဖြင့် သူတော်စင် အဆင့်ရှိတဲ့ သားရဲတွေက စောင့်ကြပ်နေတတ်တာကြောင့် ရယူဖို့က ပိုပြီး ခက်ခဲတယ်" ဧကရာဇ်က အသိပေးလိုက်၏။
"သူတော်စင် အဆင့် သားရဲလား။ အဲဒီပန်းတစ်ပွင့် ရဖို့အတွက် ငါတို့က သူတော်စင် အဆင့် သားရဲတစ်ကောင်ကို သတ်ရမှာပေါ့လေ။ ပြီးတော့ ထိပ်တန်းအဆင့် ရဖို့အတွက်ဆိုရင် အဲဒီပန်းတွေ အများကြီး လိုဦးမယ်။ ဒါဆိုရင် ငါတို့က တစ်ကောင်မက တိုက်ခိုက်ရမှာပေါ့... ဒါကတော့ တကယ့်ကို စိန်ခေါ်မှုပဲ"
"ဟုတ်တယ်။ အခက်အခဲကတော့ တကယ့်ကို မြင့်မားမှာပဲ။ ငါတို့ အဖွဲ့လိုက် စုပေါင်းပြီးတော့မှ ပန်းတွေကို ရသလောက် စုဆောင်းပြီးမှ ပြန်ခွဲဝေရလိမ့်မယ်"
စမ်းသပ်ပွဲ၏ ရည်မှန်းချက်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လူများကြားတွင် မည်သို့ လုပ်ဆောင်ရမည် ဆိုသည့်အပေါ် အစီအစဉ်များ စတင် ဆွေးနွေးလာကြတော့၏။
"ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိပါတယ်" လူငယ်တစ်ဦးက လက်ကို မြှောက်ကာ မေးမြန်းလိုက်သည်။
"မေးနိုင်ပါတယ်" ဧကရာဇ်က ပြန်ဖြေ၏။
"တချို့လူတွေက ပန်းတွေ အများကြီး စုဆောင်းပြီး ထိပ်တန်းအဆင့်တွေ ရသွားနိုင်ပေမဲ့ ရလဒ်တွေ တူနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ကံမကောင်းလို့ ပန်းတစ်ပွင့်မှ မရတဲ့သူတွေလည်း အများကြီး ရှိနိုင်ပါတယ်။ တချို့က နှစ်ပွင့်စီ၊ သုံးပွင့်စီ တူနေတာမျိုးဆိုရင် ဘယ်လို အဆင့်သတ်မှတ်မှာလဲဗျ" ထိုလူငယ်က စူးစမ်းလိုက်သည်။
"ဒါဟာ ကောင်းမွန်တဲ့ မေးခွန်းတစ်ခုပါ၊ ငါတို့လည်း ဒါကို ထည့်သွင်း စဉ်းစားထားပါတယ်။ အဖြေကတော့ ရိုးရှင်းပါတယ်။ မင်းတို့ နယ်မြေထဲမှာ နေထိုင်စဉ် အတောအတွင်း သားရဲအများအပြားနဲ့ ရင်ဆိုင်ရပြီး အဲဒီသားရဲတွေကို သတ်ဖြတ်ရလိမ့်မယ်။ အဲဒီသားရဲတွေရဲ့ အလောင်းတွေကို စုဆောင်းပြီး ပြန်ယူလာခဲ့ကြပါ။ တကယ်လို့ လူဆယ်ယောက်က သုံးရွက်ရွှေပန်း တစ်ပွင့်မှ မရခဲ့ဘူးဆိုရင် သူတို့ရဲ့ အဆင့်ကို သူတို့ ပြန်ယူလာတဲ့ သားရဲအလောင်း အရေအတွက်နဲ့ အဲဒီသားရဲတွေရဲ့ အင်အားအပေါ် မူတည်ပြီး ဆုံးဖြတ်ပေးသွားမှာ ဖြစ်တယ်" ဧကရာဇ်က အေးဆေးစွာပင် အဖြေပေးလိုက်သည်။