အခန်း (၉၄၃-၉၄၄)
Vol. 92 Ch. 943-944
အခန်း (၉၄၃) ကျိရှန် ရောက်ရှိလာခြင်း
"ရမှတ်တူနေတဲ့ အခြေအနေတိုင်းအတွက် ဒီနည်းလမ်းကိုပဲ သုံးသွားမှာပါ။ သုံးရွက်ရွှေပန်းကို ရှာဖွေရတာက အလွန်ခက်ခဲတာကြောင့် ဒီနည်းလမ်းကို အများကြီး အသုံးပြုရလိမ့်မယ်လို့ ငါတို့ မျှော်လင့်ထားတယ်။ မင်းတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ပဲ အဲဒီပန်းကို တကယ် ရှာတွေ့နိုင်လိမ့်မယ်။ မင်းတို့ အများစုက ပန်းမပါဘဲ ပြန်လာကြမှာ ဖြစ်တဲ့အတွက် ရသလောက် သားရဲတွေကို သတ်ဖြတ်ခဲ့ကြဖို့ ငါ အကြံပြုလိုတယ်" ဧကရာဇ်မင်းမြတ်က လူငယ်များကို အကဲခတ်ကြည့်ရင်း မိန့်ကြားလိုက်၏။
သုံးရွက်ရွှေပန်း၏ ပုံရိပ်ယောင် မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ဪ... နောက်တစ်ခု ရှိသေးတယ်။ မင်းတို့ အထဲမှာ ရှာတွေ့ခဲ့တဲ့ ရတနာတွေကိုတော့ မင်းတို့ကိုယ်တိုင် ပိုင်ဆိုင်ခွင့် ရှိတယ်။ ငါတို့က ဘာတစ်ခုမှ သိမ်းယူမှာ မဟုတ်ဘူး။ တစ်ခုပဲ သတိထားရမှာက ဒီနယ်မြေရဲ့ ပြင်ပက သားရဲအလောင်းတွေကို ယူလာခဲ့မယ်ဆိုရင်တော့ ငါတို့ လက်ခံမှာ မဟုတ်ဘူးဆိုတာပဲ" သူက ကြေညာလိုက်၏။
"တကယ်လို့ မင်းတို့က အစွမ်းထက်တဲ့ သားရဲအလောင်းတွေကို အပြင်ကနေ ယူဆောင်လာပြီး အရေအတွက် များအောင် လဲလှယ်ဖို့ ကြံစည်နေတယ်ဆိုရင်တော့ အဲဒီစိတ်ကူးကို မေ့လိုက်ကြပါတော့။ ဒီနယ်မြေထဲက သားရဲတွေမှာ သီးခြား မှတ်သားချက်တွေ ရှိတယ်။ မင်းတို့ သေချာပေါက် မိသွားလိမ့်မယ်။ မတရားတဲ့ နည်းလမ်း သုံးတာ မိသွားတဲ့သူကိုတော့ အထဲမှာ ဘယ်လောက်ပဲ ရှားပါးတဲ့ သားရဲတွေကို ရှာတွေ့ခဲ့ပါစေ အဆင့်သတ်မှတ်ချက်ရဲ့ အောက်ဆုံးမှာပဲ ထားရှိမှာ ဖြစ်တယ်"
သူသည် လက်ကို ဝှေ့ယမ်းကာ ဘေးသို့ ဆုတ်လိုက်၏။
"အခု ဝင်သွားနိုင်ပြီ။ မင်းတို့ အထဲမှာ နှစ်ရက်ကြာ နေထိုင်ခွင့် ရှိတယ်။ နှစ်ရက် ဒါမှမဟုတ် ၄၈ နာရီ ကြာပြီးနောက်မှာတော့ မင်းတို့ အဲဒီနယ်မြေထဲကနေ အလိုအလျောက် ပြန်ထွက်လာရမှာ ဖြစ်တယ်။ ဒါကြောင့် အထဲကို ရောက်တာနဲ့ မင်းတို့ရဲ့ အစီအစဉ်ကို စနစ်တကျ ချမှတ်ကြပါ"
ဝုန်း...
တံခါးကြီးမှာ တစ်ဖန် ပွင့်ဟသွားပြီး လူတစ်ယောက် ခန်းမအတွင်းသို့ ဝုန်းခနဲ ဝင်လာတော့၏။
"မင်း ရောက်လာပြီပဲ" ဧကရာဇ်သည် ရောက်ရှိလာသော လူကို ကြည့်ကာ ပြုံးလိုက်၏။
"ဆရာကြီးဟူ... နောက်ထပ် အမှတ်အသား တံဆိပ်ပြား တစ်ပြား ပြုလုပ်ပေးပါဦး။ ငါတို့အဖွဲ့ရဲ့ တတိယမြောက် အဖွဲ့ဝင် ရောက်လာပြီ... သူကတော့ ကျိရှန်ပဲ" ဧကရာဇ်က သူ၏ထံသို့ လျှောက်လာနေသော လူကို ညွှန်ပြရင်း ကြေညာလိုက်လေသည်။
"ဘာ..."
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် လုံချန်း၏ နှုတ်မှ မယုံနိုင်ဟန်ဖြင့် အသံတစ်သံ ထွက်ပေါ်လာတော့၏။
သူသည် တံခါးဝသို့ လှည့်ကြည့်လိုက်ရာ ထိုလူကို မြင်တွေ့လိုက်ရသည်။ ထိုလူကို မြင်လိုက်ရသောအခါ လုံချန်းမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် အဟောင်းသား ဖြစ်သွားရ၏။
ချန်ယုသည် လုံချန်း၏ မျက်နှာကို ကြည့်လိုက်သည်။ သူ၏ တုံ့ပြန်မှုမှာ ထူးဆန်းနေသည်ဟု ခံစားရသဖြင့် သူမက မေးမြန်းရန် ဆုံးဖြတ်လိုက်၏။ "နင် သူ့ကို သိလို့လား။ ဘာလို့ ဒီလောက်တောင် အံ့ဩနေရတာလဲ"
"ဘာမှ မဟုတ်ပါဘူး။ သူက ငါ့ကို လာပြီး လှောင်ပြောင်လို့ အိမ်မှာ ငါသတ်လိုက်တဲ့ ကောင်နဲ့ ရုပ်ချင်း တအားတူနေလို့ပါ။ လူတွေက ဒီလောက်အထိ ရုပ်ချင်းတူနိုင်တာ ထူးဆန်းတယ်လို့ တွေးမိလို့ပါ" လုံချန်းက သူ၏ အံ့ဩမှုကို ဆင်ခြေတစ်ခု ပေးကာ ဖုံးကွယ်လိုက်၏။
"ဟက်... နင်က လူတွေ အများကြီးကို သတ်ခဲ့တာတောင် မျက်နှာတွေကို မှတ်မိနေသေးတာပဲ။ စိတ်ဝင်စားစရာပဲနော်" ချန်ယုက လုံချန်း၏ အမူအရာကို အကဲခတ်ရင်း တိုးတိုးလေး ဆိုလိုက်သည်။
လုံချန်းသည် ကျိရှန်ကို ဆက်ကြည့်မနေတော့ချေ။ သူသည် အခုအချိန်တွင် မိမိကိုယ်ကိုယ် အမိခံ၍ မဖြစ်သေးပေ။
သူ၏ မျက်နှာပေါ်တွင် စိတ်မသက်မသာ ဖြစ်နေသည့် အရိပ်အယောင်ကို မပြသော်လည်း သူ၏ စိတ်နှလုံးထဲ၌မူ လှိုင်းတံပိုးများ ထန်နေသကဲ့သို့ ရှိတော့၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုသူမှာ ကျိရှန် ဖြစ်ကြောင်း သူ သေချာပေါက် သိလိုက်ပေသည်။
သူက အဘယ်ကြောင့် ဤနေရာကို ရောက်နေရသနည်း။ ထို့ပြင် အဘယ်ကြောင့် ထိုအဖွဲ့၏ အဖွဲ့ဝင် ဖြစ်နေရသနည်း။ သူက ကိုယ်ပိုင် အရည်အချင်းဖြင့် ရွေးချယ်ခံရလောက်သည်ထိ မသန်မာပေ။ သူ့ကို ဤအင်ပါယာနှင့် ဆက်နွှယ်စေမည့် တစ်ခုတည်းသော အကြောင်းရင်းကမူ သူတော်စင် သတ်ဖြတ်သူ၏ အမွေခံဖြစ်သည့် လုံချန်းနှင့် ပတ်သက်ခဲ့ဖူးခြင်းကြောင့်သာ ဖြစ်ရမည်။
သို့သော် လူအများက သူ့ကို အဘယ်ကြောင့် သိနေကြရသနည်း။
ကြယ်တာရာ အင်ပါယာမှ သံတမန်များသည် လွန်ခဲ့သော တိုက်ပွဲအပြီးတွင် ကျိရှန်က လုံချန်းကို ကူညီရန် ကြိုးစားနေသည်အား မြင်တွေ့ခဲ့ရကြောင်း လုံချန်း မသိရှိခဲ့ချေ။ ၎င်းတို့ထံတွင် ကျိရှန်၏ ပုံကြမ်းမှာလည်း ရှိနေခဲ့ပြီး ဖြစ်ပေသည်။
ကျိရှန်သည် ဆရာကြီးဟူ၏ အနီးသို့ တိုးသွားကာ အမှတ်အသား တံဆိပ်ပြားကို ယူဆောင်လိုက်၏။
ထိုအချိန်တွင် လုံချန်းက သူ့ကို မည်သည့်အမူအရာမျှ မရှိသော မျက်နှာဖြင့် သိမ်မွေ့စွာ လှမ်းကြည့်လိုက်သည်။
'သူ့ရဲ့ မျက်လုံးတွေ... ဘာခံစားချက်မှ မရှိတော့ပါလား။ ပြီးတော့ ဘာလို့ နီမြန်းနေရတာလဲ။ သူတို့ သူ့ကို ဘာတွေ လုပ်လိုက်ကြတာလဲ။ သူ အခုတော့ အရင်ကနဲ့ မတူတော့ဘူး'
လုံချန်းသည် ကျိရှန်၏ထံသို့ ပြေးသွားကာ မည်သို့ ဖြစ်ပျက်ခဲ့ကြောင်း မေးမြန်းချင်သော်လည်း ယခုအချိန်တွင်မူ ထိုသို့လုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ အကယ်၍ သူသာ ထိုသို့ လုပ်လိုက်ပါက သူ၏ ရုပ်ဖျက်မှုမှာ ပေါ်သွားမည်ဖြစ်ပြီး သူသည် ထွက်ပြေးရတော့မည် ဖြစ်၏။ သူသည် ဟင်းလင်းပြင် တံခါးပေါက်ထဲသို့ မဝင်နိုင်ခင်မှာပင် အသတ်ခံရနိုင်ပေသည်။ အကြောင်းမှာ ဧကရာဇ်မင်းမြတ်သည် သေချာပေါက် သူတော်စင် အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေနိုင်သောကြောင့်ပင်။
အခြားတစ်ဖက်တွင်မူ လုံချန်းမှာ ကောင်းကင်ဘုံ အဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလို၌ ရှိနေသော ကောင်းကင် အဆင့် အထွက်အထိပ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသေးသည်။
သူသည် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်သော်လည်း ယခုအချိန်တွင် သူတော်စင် အဆင့် ကျင့်ကြံသူတစ်ဦးကိုတော့ စမ်းသပ်ရန် ဆန္ဒမရှိချေ။ အကယ်၍ သူသာ ယခုလို စမ်းသပ်ကြည့်လိုက်ပါက အခွင့်အရေးကောင်းတစ်ခုကို ဆုံးရှုံးသွားပေလိမ့်မည်။
သူသည် အချိန်ကို စောင့်ဆိုင်းရင်း သူ သိလိုသော အဖြေများအား ရရှိရန် အခွင့်အရေးကိုသာ ရှာဖွေရတော့မည် ဖြစ်၏။
လုံချန်းက ကျိရှန်ကို မြင်သဖြင့် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အခြားသော မင်းသားများမှာလည်း ဇဝေဇဝါ ဖြစ်နေကြပေသည်။ ၎င်းတို့သည် သူတို့ မြင်ဖူးထားသော ပိုစတာများမှ ကျိရှန်ကို မှတ်မိကြ၏။ ဤလူက အဘယ်ကြောင့် သူတို့နှင့်အတူ ရှိနေရသနည်း။
"ခမည်းတော်... သူက ဘာလို့ ဒီမှာ ရောက်နေရတာလဲ။ ခမည်းတော်က သစ္စာဖောက်တစ်ယောက်ကို ကျွန်တော်တို့အဖွဲ့ထဲမှာ ပါဝင်ခွင့် ပေးလိုက်တာလား" ဒုတိယမင်းသား မုန့်ချန်းက ခမည်းတော်၏ အနီးသို့ တိုးကာ မေးမြန်းလိုက်၏။
သူသည် လူအများကြားတွင် အော်ဟစ်မေးမြန်းခြင်း မဟုတ်ဘဲ သူ၏ ခမည်းတော် တစ်ယောက်တည်း ကြားရုံမျှသာ အသံကို နှိမ့်၍ မေးလိုက်ခြင်း ဖြစ်ပေသည်။
"ဒါပေါ့... သူလည်း ပါဝင်ရမှာပဲ။ အခု စကားတွေ အများကြီး ပြောမနေနဲ့တော့။ နယ်မြေထဲကို ဝင်ကြတော့" ဧကရာဇ် မုန့်က သားဖြစ်သူ၏ မေးခွန်းကိုပင် လျစ်လျူရှုကာ စကားဖြတ်လိုက်လေသည်။
မုန့်ချန်းသည် သူ၏ ခမည်းတော်ကို ကြည့်ကာ သူ မည်သို့ တွေးနေကြောင်း သိလိုသော်လည်း ခမည်းတော်၏ ဆန္ဒကို ဆန့်ကျင်ရန် မည်သည့်အရာမျှ မလုပ်နိုင်ချေ။ သူသည် လိမ်မာသော သားတစ်ယောက်ကဲ့သို့ ခေါင်းညိတ်ပြလိုက်ပြီး ဟင်းလင်းပြင် တံခါးပေါက်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
သူသည် တံခါးပေါက် အနီးတွင် ရပ်တန့်လိုက်၏။ "မင်း လာမှာလား မလာဘူးလား" သူက မုန့်ဟူလင်ကို ကြည့်ကာ မေးလိုက်သည်။
"လာမှာပေါ့" မုန့်ဟူလင်က ဆိုကာ သူ၏ ခမည်းတော်ကို မေးခွန်းထုတ်သဖြင့် အငေါက်ခံလိုက်ရသော မုန့်ချန်းအား ကြည့်ကာ ရယ်မောလိုက်၏။
သူသည် တံခါးပေါက်ဆီသို့ လျှောက်လှမ်းသွားပြီး သူ၏ နောင်တော်နှင့်အတူ အတွင်းသို့ ဝင်သွားခဲ့လေသည်။
ကျိရှန်သည်လည်း ၎င်းတို့၏ အနောက်မှ လိုက်ပါ ဝင်ရောက်သွားခဲ့၏။
တစ်ယောက်ပြီးတစ်ယောက် လူများမှာ စတင် ဝင်ရောက်သွားကြရာ အမှောင်ကမ္ဘာ အဖွဲ့နှင့် လုံချန်းတို့ အဖွဲ့သာ ကျန်ရစ်တော့သည်။
အမှောင်ကမ္ဘာ အဖွဲ့ခေါင်းဆောင်နှင့် တုလျန်တို့သည် မည်သူက ဦးစွာ ဝင်မည်နည်း ဆိုသည့်အပေါ် ပြိုင်ဆိုင်နေကြသည့်အလား တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။ နောက်ဆုံးမှ ဝင်သူက အနိုင်ရရှိမည့်အလား ၎င်းတို့က ဟန်လုပ်နေကြခြင်း ဖြစ်ပေသည်။
လုံချန်းသည် ကျိရှန်ကိုသာ မမြင်ခဲ့ပါက ဤကဲ့သို့ ကလေးကလား ကိစ္စများတွင် ပါဝင်ကစားနေပေလိမ့်မည်။ သို့သော် အခု ကျိရှန်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သဖြင့် သူသည် ဤနေရာတွင် အချိန်ဖြုန်းနေရန် ဆန္ဒမရှိတော့ချေ။
သူသည် ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်၏။
"ဖေကျင်၊ မင်း ဘာလုပ်နေတာလဲ" တုလျန်က ပုံမှန်ထက် ကျယ်လောင်သော အသံဖြင့် လှမ်းခေါ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေပေသည်။
"ငါ အထဲဝင်တော့မယ်။ ဟိုမှာ စောင့်နေတဲ့ အရူးတွေကို ငါ ဘာလို့ ဂရုစိုက်နေရမှာလဲ။ ငါ့အတွက်တော့ သူတို့က မရှိသလိုပါပဲ။ သူတို့ကသာ ငါတို့ကို ကြည့်ပြီး စိုးရိမ်နေရမှာ၊ ငါတို့ဘက်က မဟုတ်ဘူး။ အရူးလို လုပ်မနေဘဲ လိုက်ခဲ့စမ်းပါ" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် တုံ့ပြန်လိုက်ပြီးနောက် ဟင်းလင်းပြင် တံခါးပေါက်အတွင်းသို့ လှမ်းဝင်သွားတော့သည်။
တုလျန်မှာ အံ့အားသင့်သွားခဲ့ရ၏။ လုံချန်း၏ ငေါက်ခြင်းကို သူ ပထမဆုံးအကြိမ် ခံလိုက်ရခြင်း ဖြစ်သော်လည်း ထိုစကားမှာ ယုတ္တိရှိနေသည်ဟု သူ ခံစားလိုက်ရသည်။ အခြားအဖွဲ့ကို သူ အဘယ်ကြောင့် ဂရုစိုက်နေရသနည်း။ သူတို့က ဤနေရာတွင် ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့က ပြိုင်ဆိုင်ဖို့ လာခြင်း မဟုတ်ဘဲ အုပ်ချုပ်ဖို့ လာကြခြင်းပင် မဟုတ်လော။
အကယ်၍ သူသာ တခြားအဖွဲ့ကို ဂရုစိုက်နေမည်ဆိုလျှင် သူသည် မည်သို့ကြောင့် အုပ်ချုပ်သူ ဖြစ်နိုင်တော့မည်နည်းဟု သူ တွေးတောနေမိတော့၏။
အခန်း (၉၄၄) လူစုခွဲခြင်း
"သွားကြစို့... ငါတို့ရဲ့ ပြိုင်ဘက်က ငါတို့ကိုယ်တိုင်ပဲ။ တခြားဘယ်သူမှ မဟုတ်ဘူး" တုလျန်က လုံချန်း၏ အနောက်မှ တံခါးပေါက်အတွင်းသို့ လှမ်းဝင်ရင်း ချန်ယုကို ပြောလိုက်၏။ ချန်ယုသည်လည်း ထိုနည်းတူပင် လိုက်ပါသွားခဲ့သည်။
၎င်းတို့နှစ်ဦး ဝင်သွားပြီးနောက်တွင် ခန်းမအတွင်း၌ အမှောင်ကမ္ဘာမှ အဖွဲ့သားများသာ ကျန်ရစ်တော့၏။
"ဒီလူ... တစ်ခုခုတော့ တကယ့်ကို ထူးဆန်းနေတယ်။ သူ့ကိုယ်သူ ကုလားကာတစ်ခုနဲ့ ဖုံးအုပ်ထားသလိုပဲ။ သာမန်အချိန်မှာတော့ ကောင်းကောင်း ဖုံးကွယ်ထားနိုင်ပေမဲ့ ဟိုကောင်လေးကို မြင်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ စိတ်ခံစားချက်တွေက နည်းနည်း လှုပ်ခတ်သွားခဲ့တာပဲ" အမှောင်ကမ္ဘာ အဖွဲ့ခေါင်းဆောင် နင်က တံခါးပေါက်ကို စိုက်ကြည့်ရင်း တွေးတောနေမိ၏။
"မင်းတို့ရော အဲဒီလိုပဲ ခံစားရလား" သူက သူ၏ အဖွဲ့သားများကို မေးလိုက်သည်။
"ဟုတ်တယ်... တစ်ခုခုက သူ့ကို ငါတို့ဆီကနေ ကာကွယ်ပေးထားသလိုပဲ" ဟန်က ပြန်ဖြေ၏။
"ဟန်... ငါတို့နှစ်ယောက်က ပန်းကို သွားရှာမယ်။ မင်းကတော့ အဲဒီလူကို မျက်ခြေမပြတ် စောင့်ကြည့်ထားပါ။ သူ့ကို ပျောက်မသွားစေနဲ့။ တကယ်လို့ တစ်ခုခု ပြဿနာရှိရင် ငါတို့ကို လှမ်းခေါ်လိုက်" နင်က ဆိုကာ တံခါးပေါက်ဆီသို့ လှမ်းဝင်သွားခဲ့လေသည်။
အမှောင်ကမ္ဘာ အဖွဲ့သားများသည်လည်း ဟင်းလင်းပြင် တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားကြတော့၏။
အားလုံး ဝင်သွားပြီးနောက်တွင် ဧကရာဇ်မင်းမြတ်သည်လည်း ပြန်လည် ထွက်ခွာရန် လှည့်လိုက်သည်။ သူ၏ အလုပ်မှာ ဤနေရာတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ယခုတော့ အရာအားလုံးမှာ လူငယ်များ၏ လက်ထဲ၌သာ ရှိတော့ပေသည်။
သူသည် မထွက်ခွာမီ သံတမန်များကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီး မေးလိုက်သည်။ "အခုတော့ သူတို့အားလုံး အထဲကို ရောက်သွားကြပြီ။ နှစ်ရက် မပြည့်မချင်း ဘယ်သူမှ ပြန်ထွက်လာလို့ မရဘူး။ မင်းတို့ နားနေဆောင်မှာ သွားနားချင်လား၊ ဒါမှမဟုတ် ဒီမှာပဲ ဆက်နေမှာလား"
"ကျွန်တော်တို့ ဒီမှာပဲ နေပါ့မယ်" သံတမန်များက တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်။
"ကောင်းပြီလေ"
ဧကရာဇ်သည် ထပ်မံ မမေးတော့ဘဲ ဆရာကြီးဟူနှင့်အတူ ထွက်ခွာသွားခဲ့တော့၏။ သူသည် ၎င်းတို့၏ ငြင်းဆိုမှုကို ကြိုတင် တွေးဆထားပြီးသား ဖြစ်ပေသည်။ ၎င်း၏ အကြောင်းရင်းကိုလည်း သူ သိရှိပေသည်။ သံတမန်များမှာ သူတို့ ထွက်သွားပြီးနောက် ဤနေရာရှိ အစောင့်များက အထူးနယ်မြေအတွင်းသို့ ဝင်ရောက်ကာ မတရား ကူညီပေးမည်ကို စိုးရိမ်နေကြခြင်း ဖြစ်ရမည်။
၎င်းတို့အားလုံးမှာ ဟင်းလင်းပြင် တံခါးပေါက်ကို မည်သူမျှ အလွဲသုံးစား မလုပ်နိုင်စေရန် ဤနေရာ၌သာ အမြဲ စောင့်ကြည့်နေလိုကြခြင်း ဖြစ်ပေသည်။
"အဖွဲ့လိုက်ပဲ နေကြစို့။ ဒါမှ သူတော်စင် အဆင့် သားရဲတွေကို ပိုပြီး မြန်မြန် နှိမ်နင်းနိုင်မှာ"
"ဟုတ်တယ်... အတူတူဆိုရင် သားရဲတွေကို မြန်မြန် သတ်နိုင်သလို ပန်းတွေကိုလည်း လွယ်လွယ်ကူကူ ခွဲဝေယူလို့ ရတာပေါ့"
အထူးနယ်မြေအတွင်း၌ အဖွဲ့အားလုံးမှာ တူညီသော အစီအစဉ်တစ်ခု ရှိကြ၏။ ၎င်းမှာ မိမိတို့ အဖွဲ့ဝင်များနှင့် အမြဲတစေ အတူတူရှိနေရန် ဖြစ်ပေသည်။ လူစုခွဲခြင်းမှာ အဆိုးရွားဆုံး စိတ်ကူးဖြစ်သည်ဟု ၎င်းတို့က ယူဆထားကြ၏။
အဆင့်သတ်မှတ်ချက်မှာ တစ်ဦးချင်းစီ ဖြစ်သော်လည်း အဖွဲ့လိုက် စုပေါင်းလုပ်ဆောင်၍ မရဟု မည်သည့် စည်းကမ်းမှ မရှိပေ။
"ငါတို့ လူစုခွဲလိုက်ကြစို့"
အခြားအဖွဲ့များ အတူတူရှိနေစဉ်မှာပင် လုံချန်းက တုလျန်ကို လူစုခွဲရန် အကြံပြုလိုက်၏။ သို့မှသာ သူသည် ဖေကျင်၏ စွမ်းအားနှင့် မတူညီသော သူ၏ ကိုယ်ပိုင် စွမ်းအားများကို သူ၏ အဖွဲ့သားများ သံသယ မဝင်စေဘဲ ပိုမို ပါးနပ်စွာ အသုံးချနိုင်မည် ဖြစ်ပေသည်။
"ငါ ဒီစိတ်ကူးကို မကန့်ကွက်ပါဘူး။ ဒါပေမဲ့ မင်း သေချာရဲ့လား။ မင်းက ငါတို့ထဲမှာ အားအနည်းဆုံးပဲလေ။ သူတော်စင် အဆင့် သားရဲနဲ့ တွေ့ရင် မင်းအတွက် အခက်ခဲဆုံး ဖြစ်လိမ့်မယ်" တုလျန်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။
"ငါလည်း တစ်ယောက်တည်း သွားချင်တာပါပဲ။ ဒါပေမဲ့ အတူတူရှိနေတာကလည်း မဆိုးပါဘူး။ ငါသာ မင်းတို့ နှစ်ယောက်နဲ့ ရှိနေရင် မင်းတို့ကို အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ မင်းတို့ နှစ်ယောက်လုံး ဘေးကင်းကင်းနဲ့ အဆင့်ကောင်းကောင်း ရဖို့ ငါ လိုအပ်တယ်လေ" သူက ဆက်လက် ဆိုသည်။
"ငါတို့က ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဘူးလို့ မင်း ပြောချင်တာလား" လုံချန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"ငါ အဲဒီလို ပြောတာ မဟုတ်ပါဘူး။ ငါ ပြောချင်တာက မင်း တစ်ယောက်တည်း သွားရင် အန္တရာယ် ရှိနိုင်လို့ပါ။ တခြားသူတွေက သုံးယောက်တစ်ဖွဲ့နဲ့ လာကြမှာ။ မင်းသာ ပန်းကို ရှာတွေ့ခဲ့ရင် သူတော်စင် သားရဲတင်မကဘူး၊ တခြားလူ အားလုံးနဲ့ပါ တိုက်ခိုက်ရလိမ့်မယ်" တုလျန်က ထပ်လောင်း သတိပေးလိုက်ပြန်သည်။
"ဒါဟာ အတူတူသွားဖို့ ငါ နောက်ဆုံးအကြိမ် ကမ်းလှမ်းတာပဲ။ တကယ်လို့ မင်းက တစ်ယောက်တည်း သွားချင်သေးတယ်ဆိုရင်တော့ ငါ မတားတော့ဘူး။ သေသေချာချာ စဉ်းစားပါ"
လုံချန်းကမူ ထိုနေရာမှ ထွက်ခွာသွားချင်ရုံသာ ရှိတော့၏။ သူ၏ ဝိညာဉ်အာရုံဖြင့် ကျိရှန်တို့အဖွဲ့ ထွက်ခွာသွားသည်ကို သူ စောင့်ကြည့်နေမိသည်။ သူသည် အရာအားလုံးကို ရှင်းမပြဘဲ ထွက်သွားချင်သော်လည်း စမ်းသပ်ပွဲ ပြီးဆုံးသည့်အခါတွင် ၎င်းတို့၏ အကူအညီ လိုအပ်မည်ဖြစ်သဖြင့် ရန်လိုသော ဆက်ဆံရေးမျိုး မဖြစ်စေလိုချေ။
"ဟက်... သူတို့က တကယ်ပဲ လူစုခွဲဖို့ စဉ်းစားနေကြတာလား"
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ။ သူတော်စင် အဆင့် သားရဲတစ်ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မယ်လို့ သူတို့ ထင်နေကြတာကိုး"
"ဟိုနှစ်ယောက်ကတော့ အသိတရား ရှိပါသေးတယ်။ နောက်ဆုံးကောင်ကမှ တစ်ယောက်တည်း သွားဖို့ တဇွတ်ထိုး လုပ်နေတာ။ သူက တကယ်ပဲ အသုံးမကျတဲ့ကောင်လား"
"ထားလိုက်စမ်းပါ... သူတို့ ဒုက္ခရောက်တာကိုပဲ ကြည့်နေလိုက်ကြစို့။ အချိန်မဆွဲနဲ့တော့။ တခြားလူတွေတောင် သွားကုန်ပြီ။ ငါတို့လည်း သွားကြစို့"
လုံချန်းသည် သူ့အကြောင်း ပြောဆိုနေကြသော အခြားအဖွဲ့မှ လူများ၏ စကားကို ကြားနေရသော်လည်း လျစ်လျူရှုထားလိုက်၏။
"မင်းတို့ နားမလည်ပါဘူး။ ငါတို့ လူစုခွဲလိုက်ရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနိုင်လိမ့်မယ်။ မင်းလည်း ကြားတယ်မလား၊ ပန်းတွေကို ရှာတွေ့ဖို့ မလွယ်ဘူးဆိုတာ။ လူစုခွဲလိုက်တာက ပိုပြီး လွယ်ကူစေမှာ။ သားရဲတွေကို နှိမ်နင်းဖို့ ကိစ္စကတော့ ငါတို့ အစွမ်းကုန် ကြိုးစားကြတာပေါ့။ ငါ့ကိုယ်ငါ ယုံကြည်မှု ရှိတယ်။ တကယ်လို့ မင်းတို့နှစ်ယောက်က ငါ့ကို မယုံကြည်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောပါ" လုံချန်းက အခြားသော ဆင်ခြေတစ်ခုကို အသုံးပြုကာ တုံ့ပြန်လိုက်၏။
ဤဆင်ခြေမှာ ယုတ္တိရှိလှသည်တော့ မဟုတ်သော်လည်း တုလျန်ကမူ လုံချန်းသာ အတင်းအကျပ် သွားလိုလျှင် မတားမြစ်တော့ဟု ဆိုထားပြီး ဖြစ်ပေသည်။
"ကောင်းပြီလေ... မင်း သွားနိုင်ပါပြီ" သူက ခေါင်းညိတ်ပြလိုက်၏။
လုံချန်းသည် လှည့်ထွက်လာခဲ့တော့သည်။
"မင်းကရော ငါနဲ့ လိုက်မှာလား၊ ဒါမှမဟုတ် တစ်ယောက်တည်း သွားမှာလား" တုလျန်က ချန်ယုကို မေးလိုက်၏။
"သူတောင် တစ်ယောက်တည်း သွားနိုင်ရင် ငါက ဘာလို့ အကူအညီ ယူနေရမှာလဲ" ထိုသို့ ဆိုကာ ချန်ယုသည်လည်း အခြားသော အရပ်မျက်နှာတစ်ခုဆီသို့ ထွက်ခွာသွားခဲ့လေသည်။
တုလျန်မှာမူ အော်ဟစ်ရယ်မောလိုက်တော့၏။ "ငါ့အဖွဲ့ဝင်တွေ ပီသပါပေတယ်။ အားလုံးက တကယ့်ကို တော်ကြတာပဲ"
သူသည်လည်း အခြားနှစ်ဦးနှင့် မတူညီသော လမ်းကြောင်းတစ်ခုဆီသို့ စတင် လျှောက်လှမ်းသွားခဲ့တော့သည်။
အမှောင်ကမ္ဘာမှ အဖွဲ့သားများသည်လည်း ယခုအချိန်တွင် ဝင်ရောက်လာကြပြီ ဖြစ်၏။ ၎င်းတို့ ဆုံးဖြတ်ထားသည့်အတိုင်း ဟန်သည် လုံချန်း၏ အနောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ အခြားနှစ်ဦးမှာမူ တုလျန်သွားသော လမ်းကြောင်းအတိုင်း အတူတူ လိုက်သွားကြ၏။
လုံချန်းသည် တောအုပ်အတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေ၏။ သူသည် ပန်းကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေမိသည်။ သူသည် ကျိရှန်နှင့် တွေ့ဆုံလိုသော်လည်း ကျိရှန်မှာ မင်းသားများနှင့် အတူရှိနေသမျှ ကာလပတ်လုံး တွေ့ဆုံရန် မလွယ်ကူချေ။ ထို့ကြောင့် ၎င်းတို့ ဤနေရာမှ ထွက်ခွာသွားမည့် အချိန်အထိ စောင့်ဆိုင်းရန် သူ ဆုံးဖြတ်လိုက်၏။
လုံချန်းမှာ ခရီးအနည်းငယ်မျှသာ သွားရသေးသော်လည်း သူ၏ ဝိညာဉ်အာရုံကြောင့် နောက်ကွယ်မှ အရိပ်တစ်ခု လိုက်ပါလာသည်ကို သတိပြုမိလိုက်သည်။
"စိတ်ဝင်စားစရာပဲ။ အမှောင်မျိုးနွယ်စုက ငါ့နောက်ကို လိုက်နေတာပေါ့။ သူတို့ကို ငါ သတိမထားမိဘူးလို့ တကယ်ပဲ ထင်နေကြတာလား" လုံချန်းက လှောင်ပြောင်သော အပြုံးဖြင့် ရေရွတ်လိုက်၏။
သူသည် လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့နောက်သို့ လိုက်ပါလာသော အရိပ်မှာ သစ်ပင်တစ်ပင်၏ အနောက်တွင် အလုအယက် ပုန်းကွယ်လိုက်၏။
'ဒီကောင်က ငါ့ကို ဘယ်လိုလုပ် သတိထားမိသွားတာလဲ' ဟန်က သစ်ပင်နောက်တွင် ပုန်းရင်း တွေးတောနေမိ၏။
"မင်းက အရမ်း သိသာအောင် လုပ်နေလို့ ဖြစ်မှာပေါ့"
အသံတစ်သံသည် ဟန်၏ နားထဲသို့ ကျရောက်လာသည်နှင့်အမျှ ဓားတစ်စင်းမှာ သူ၏ ရင်ဘတ်ဆီသို့ ထိုးစိုက်ဝင်ရောက်လာတော့၏။
သူသည် အရိပ်တစ်ခုအဖြစ်သို့ တစ်ဖန် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။ သူသည် မီတာ ငါးဆယ်ခန့် အကွာအဝေးတွင် ပြန်လည် ပေါ်ထွက်လာ၏။
"ဒါပဲလား မင်း လုပ်နိုင်တာ"
အသံမှာ သူ့ထံမှ ထွက်ခွာသွားခြင်း မရှိဘဲ သူ၏ မျက်စိရှေ့တွင် ဓားတစ်စင်း တောက်ပလာသည်ကို မြင်လိုက်ရပြန်သည်။ ၎င်းမှာ သူ၏ လည်ပင်းဆီသို့ တည့်တည့် ဦးတည်လာနေခြင်း ဖြစ်ပေသည်။
"မင်းက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ" ဟန်က အော်ဟစ်ကာ တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားတော့သည်။