← Chapters

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ရောက်ရှိခြင်း

Vol. 26 Ch. 353

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ရောက်ရှိခြင်း

Vol. 26 Ch. 353

အခန်း (၃၅၃) ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ရောက်ရှိခြင်း

"အခြားနေရာတွေမှာ ဧကရာဇ်ယိုတုရဲ့ ရုပ်တုတွေက မပြီးသေးဘူးနော်"

"အင်း… ဒါပေမဲ့ အခု ယာဇ်ပူဇော်ပွဲ စနေပြီလေ ၊ လက်သီးနတ်ဘုရားနဲ့ ဧကရာဇ်ယိုတုတို့က တုံ့ပြန်မယ်လို့ မင်းထင်လား"

လူအများအပြား မြို့တော်ခန်းမသို့ စုရုံးရောက်ရှိလာကြပြီး ယာဇ်ပူဇော်ပွဲ စတင်တော့မည် ဖြစ်သည်။ ယာဇ်ပူဇော်ပွဲမစတင်မီ အားလပ်ချိန်လေးတွင် သူတို့ စကားပြောနေကြခြင်း ဖြစ်၏။

"လက်သီးနတ်ဘုရားက အရင်တုန်းက ကျုပ်တို့လက်သီးချက်တွေကို ခွန်အားပေးခဲ့တယ် ၊ အခု ကျုပ်တို့တွေ လူအများကြီးနဲ့ သူ့ကို စုရုံးပူဇော်ကြမယ်ဆိုတော့ သေချာပေါက် စောင့်ရှောက်မှာပါပဲ"

ချင်းမုက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

သို့သော် လက်သီးနတ်ဘုရား သေချာပေါက်တုံ့ပြန်မည်ဟုတော့ သူ မပြောခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက စစ်ပွဲတွင်သာ ကူညီခဲ့သည့် စစ်နတ်ဘုရား ဖြစ်သည်။ မိုးရွာသွန်းစေသည့် မိုးနတ်ဘုရား မဟုတ်ပေ။

ချင်းမု၏ မိခင်ကတော့ စင်မြင့်ထက်ရှိ ရုပ်တုကိုမော့ကြည့်ရင်း မည်သည့်စကားမှ မဆိုပေ။

သူမ ပတ်ဝန်းကျင်သို့ အကဲခတ်ကြည့်လိုက်သည့်အခါ အလွန်စိတ်လှုပ်ရှားနေကြည့် လူငယ်များကို တွေ့ကြရသည်။ အသက်ကြီးသူများနှင့် သာမန်လူများကတော့ ဘာမှမထူးခြားသလို ပုံမှန်အတိုင်းသာ စီးမျောနေကြသည်။

တစ္ဆေတိုင်းပြည်တွင် ယခင်က နတ်ဘုရားအချို့ကို ကိုးကွယ်ဖူးသော်လည်း မည်သည့်နတ်ဘုရားမှ တန်ခိုးမပြခဲ့ကြပေ။

တစ္ဆေတိုင်းပြည်တွင် စွမ်းအားကြီးမားသူ များစွာရှိသည်။ သို့သော် သူတို့အားလုံးက ရုပ်ခန္ဓာကြံ့ခိုင်သန်မာကြသည့်တိုင် တာအိုလမ်းစဉ်နှင့် အင်မော်တယ်လမ်းစဉ်များကို နားလည်သူ အနည်းငယ်သာ ရှိသည်။

သူတို့ကို တစ္ဆေကျင့်ကြံသူများဟု လူသိများကြသော်လည်း ဉာဏ်ရည်ထက်မြက်သူများ မဟုတ်ကြလေရာ တာအိုကျင့်စဉ်များကို မည်သို့ နားလည်နိုင်ပါမည်နည်း။

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကတော့ တစ္ဆေတိုင်းပြည်မှ မဟုတ်သည့် အပြင်လူတစ်ယောက် ဖြစ်လေရာ တစ္ဆေတိုင်းပြည်တွင် မိုးရွာသွန်းစေရန် မည်သို့ ပြုလုပ်ပေးနိုင်ပါမည်နည်။

သို့သော် တစ္ဆေတိုင်းပြည်တွင် မိုးခေါင်နေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မကြာမီ မိုးရွာတော့မည်လား။

မိုးရွာသွန်းလျှင်…

တကယ်ပဲ မိုးရွာသွန်းလျှင် မည်သို့ ရှိမည်နည်း။

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက ကျုပ်တို့ သူ့ဆီ ခက်ခဲတဲ့အရာတွေ ဆုတောင်းနေတယ်လို့ ထင်မသွားနိုင်ဘူးလား"

"ဘာဖြစ်လို့လဲ"

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက စစ်နတ်ဘုရားလေ ၊  သူက ဘယ်လိုလုပ် မိုးရွာအောင်လုပ်ပေးမှာလဲ"

"အမှန်ပဲ ၊ မင်းမပြောရင် ကျုပ်စဉ်းစားမိမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ မြို့သခင်က ယာဇ်ပူဇော်ပွဲလုပ်တယ်ဆိုတော့ အကြောင်းတော့ ရှိမှာပေါ့ကွာ"

"ဘာအကြောင်းရှိမှာလဲ"

"ဒါတော့ ကျုပ်လည်း ဘယ်သိမလဲ"

"ဒါဖြင့် မင်း ဒီကိုဘာလာလုပ်တာလဲ"

"ဟ… လူတိုင်း ဒီကိုလာမှတော့ ကျုပ်က မလာလို့ဖြစ်မလား"

"အေး ကောင်းသားပဲ ၊ စကားမပြောနဲ့တော့ ၊ ယာဇ်ပူဇော်ပွဲ စတော့မယ်"

ထိုအချိန်…

မြို့တော်ခန်းမ ရင်ပြင်ထက်သို့ အကြီးအကဲတစ်ယောက် ရောက်လာ၏။

သူက ရောက်ရှိနေသူအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"ကဲ နတ်ဘုရားတွေအတွက် ယာဇ်ပူဇော်ပွဲ စတင်လိုက်ကြရအောင်"

ရင်ပြင်တစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းက စင်မြင့်ထက်မှ နတ်ဘုရားရုပ်တုများကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

ယာဇ်ပူးဇော်ပွဲ အခမ်းအနား အဆုံးသတ်ခါနီးအချိန်သို့ ရောက်သည့်အခါ အကြီးအကဲက နတ်ဘုရားရုပ်တုများဆီသို့ လက်ကိုအသာ ပင့်မြှောက်လိုက်သည်။

ထို့နောက် လေးစားမှုအပြည့်ဖြင့်…

"ကြီးမြတ်လှစွာသော ဧကရာဇ်ယိုတု ၊ စွမ်းအားကြီးမားလှပါသော ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ရဲ့ ရိုးဖြောင့်တဲ့ ဆုတောင်းသံတွေကို နားညောင်းတော်မူပါ"

"မိုးရွာသွန်းစေပြီး ကျွန်ုပ်တို့ တစ္ဆေတိုင်းပြည်မှ ပြည်သူများကို လန်းဆန်းစေပါ ၊ အသစ်သော အသက်ဓာတ်စွမ်းအားများ ပေးအပ်တော်မူပါ"

"ကျေးဇူးပြု၍ မိုးရွာသွန်းစေပြီး ကျွန်ုပ်တို့ တစ္ဆေတိုင်းပြည်မှ ပြည်သူများကို လန်းဆန်းစေပါ ၊ အသစ်သော အသက်ဓာတ်စွမ်းအားများ ပေးအပ်တော်မူပါ"

"ကျေးဇူးပြု၍ မိုးရွာသွန်းစေပြီး ကျွန်ုပ်တို့ တစ္ဆေတိုင်းပြည်မှ ပြည်သူများကို လန်းဆန်းစေပါ ၊ အသစ်သော အသက်ဓာတ်စွမ်းအားများ ပေးအပ်တော်မူပါ"

"ကျေးဇူးပြု၍ မိုးရွာသွန်းစေပြီး ကျွန်ုပ်တို့ တစ္ဆေတိုင်းပြည်မှ ပြည်သူများကို လန်းဆန်းစေပါ ၊ အသစ်သော အသက်ဓာတ်စွမ်းအားများ ပေးအပ်တော်မူပါ"

ဆုတောင်းသံများက ရင်ပြင်တစ်ခုလုံး မြည်ဟည်းထွက်ပေါ်လာသည်။

အားလုံးက ရိုသေကျိုးနွံစွာ ပူဇော်ကန်တော့နေကြပြီး မည်သူမှ မလေးမစားအမူအရာ မပြုလုပ်ရဲကြပေ။

ချင်းမု၏ မိခင်သည်လည်း လေးစားစွာပင် ဦးညွှတ်လျှက် ရှိသည်။

သို့သော် ဆုတောင်းသံများ ပြီးဆုံးသွားသည့်တိုင် မည်သည့်ထူးခြားမှုကိုမှ မခံစားခဲ့ကြရပေ။

လက်သီးနတ်ဘုရားနှင့် ဧကရာဇ်ယိုတုတို့က သူတို့၏ ဆုတောင်းသံများကို မကြားခဲ့ကြဘူးလား။

ဟုတ်ပေ၏။

အမှန်တော့ နတ်ဘုရားများထံ ဆုတောင်းသည်မှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခုပင်။

လူတစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်စဉ်တွင်...

"ဂျိမ်း"

ကောင်းကင်ထက်မှ ကျယ်လောင်သည့် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။

လူတိုင်း ကောင်းကင်ထက်သို့ မျှော်ကြည့်လိုက်ကြသည်။

ကောင်းကင်ထက်တွင် တိမ်ညိုများ အုံ့မှိုင်းလျှက် လျှပ်စီးများလည်းတဖျတ်ဖျတ်လက်နေသည်ကို တွေ့မြင်လိုက်ကြရသည်။

"ဟူး ဟူး"

လေပြင်းများတဟူးဟူး တိုက်ခတ်လာပြီး မိုးကြိုးပစ်သံများလည်း ထွက်ပေါ်လာသည်။

ရင်ပြင်ထက်မှ လူအများမှာ ရုတ်တရက် တွေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မယုံကြည်နိုင် ဖြစ်သွားကြသည်။

တိမ်ညိုများ လှည့်ပတ်ရွေ့လျားနေခြင်းက ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းသည်။

မိုးရွာတော့မည်လား။

ထိုအချိန် တိမ်တိုက်များအထက်တွင် ထိန်းချုပ်ထားသည့် လက်တစ်စုံကို တွေ့မြင်လိုက်ကြရပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

"ဂျိမ်း"

ကောင်းကင်တစ်ခွင် လျှပ်စီးများလက်လာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။

ရင်ပြင်ထက်ရှိ လူများအားလုံး ၊ မြို့တော်တစ်ခုလုံး မိုးရေစက်များ ကျဆင်းလာသည်။

မြို့တော်ခန်းမ ရင်ပြင်တစ်ခွင်ရှိ လူများအားလုံး ပျော်ရွှင်မြူးတူးစွာ အော်ဟစ်လိုက်ကြသည်။

"မိုးရွာနေတယ် ၊  တကယ် မိုးရွာနေတယ်။"

"အဲဒါ လက်သီးနတ်ဘုရားပဲ"

"မယုံကြည်နိုင်စရာကောင်းတဲ့ စစ်နတ်ဘုရား"

ရွာသွန်းနေသောမိုးရေစက်များကို ခံစားရင်း ချင်းမု၏မိခင်မှာလည်း မယုံကြည်နိုင် ဖြစ်နေလေသည်။

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား တကယ်ပဲ တုံ့ပြန်မှု ပြုလုပ်ခဲ့သည်ပဲ။

တစ်ချိန်တည်းမှာပင် တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မချီစွမ်းအားသည် မိုးရွာစေသည့်မန္တန်ကို သူ၏ ကိုယ်ပိုင်တန်ခိုးစွမ်းအားဖြင့် ပေါင်းစပ်လိုက်သည်။

ထိုအခါ မန္တန်စွမ်းအားက တစ္ဆေတိုင်းပြည်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

“ကြည့်လိုက်စမ်းဟေ့”

လူတစ်ယောက်က ကောင်းကင်ထက်သို့လက်ညှိုးညွှန်ပြရင်း အော်ဟစ် ပြောလိုက်သည်။

"မိုးကုပ်စက်ဝိုင်းရှိတဲ့ဘက်မှာလည်း လျှပ်စီးတွေလက်နေတယ် ၊ နေရာတိုင်းမှာ မိုးရွာနေတာပဲ"

ထိုခဏတွင် လူတစ်ယောက်က နတ်ဘုရားများ၏ အမည်နာမများကို ရုတ်တရက် ကြွေးကျော်လိုက်သည်။

"လက်သီးနတ်ဘုရား ၊ ဧကရာဇ်ယိုတု"

ထို့နောက် အော်ဟစ်သံများ အစီအစဉ်တကျ ထွက်ပေါ်လာပြီး အသံလှိုင်းများက ဘဝဂ်တိုင်လေေတော့၏။

"လက်သီးနတ်ဘုရား ၊ ဧကရာဇ်ယိုတု"

"လက်သီးနတ်ဘုရား ၊ ဧကရာဇ်ယိုတု"

***

မရဏဂူထဲတွင်ထိုင်နေသည့် ကျန်းလန်သည် တောင်နှင့်ပင်လယ်ကြေးမုံမှန်မှတစ်ဆင့် အခြေအနေများကို အံ့သြတကြီးဖြင့် ကြည့်နေခဲ့သည်။

သို့သော် ဤအခြေအနေများက သူမျှော်လင့်ထားသည်ထက် မကျော်လွန်ပေ။

ကြေးမုံပြင်ထက်တွင် တိမ်ညိုများဖုံးလွှမ်းလျှက် မိုးသည်းထန်စွာ ရွာသွန်းကာ တစ္ဆေတိုင်းပြည်တစ်ခုလုံး မိုးရေများဖုံးလွှမ်းသွားသည့်မြင်ကွင်းကို တွေ့မြင်နေရသည်။

ထိုသို့သောတန်ခိုးစွမ်းအားသည် ကျန်းလန်၏ တန်ခိုးစွမ်းအား မဟုတ်သည်ကတော့ သေချာသည်။

မိုးရေများကို ပျံ့နှံ့စေသူမှာ တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအားပင် ဖြစ်ရပေမည်။

"ကောက်ပဲသီးနှံတွေ ရိတ်သိမ်းနိုင်လောက်တဲ့ မိုးရေဖူဖူလုံလုံရဖို့တော့ သူ့ဘက်က အားထုတ်ဖို့လိုတာပေါ့လေ"

ကျန်းလန် တွေးလိုက်သည်။

သူ့ဘက်ကတော့ သဘောတူထားသည့်အတိုင်း မိုးရွာသွန်းစေသည့် မန္တန်ကိုအသုံးပြုပေးခဲ့ပြီးဖြစ်ရာ လုပ်စရာအလုပ် ပြီးဆုံးပြီဟု ဆိုနိုင်သည်။

အဆုံးသတ်တွင် သူတို့အားလုံး ကြိုးစားအားထုတ်မှုနှင့် လျော်ညီသည့် ဆုလာဘ်များကို ရရှိနိုင်မည်ဖြစ်သည်။

"လူသားတွေက စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ကောက်ကျစ်ပေမယ့် အဲဒီထဲမှာ လက်သီးနတ်ဘုရား မပါဘူးပဲ ၊ ကျုပ်တို့က ဉာဏ်မကောင်းပေမယ့် အဆုံးရှုံးခံနိုင်ပြီး ကတိတည်တဲ့သူတွေ ဖြစ်တယ် ၊ ဒီတော့ အခုချိန်ကစပြီး လက်သီးနတ်ဘုရားက ကျုပ်တို့တစ္ဆေတိုင်းပြည်နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်သွားပါပြီ"

ကျယ်လောင်သည့် အသံကြီးတစ်သံက ကျန်းလန်နားထဲသို့ ဝင်ရောက်လာသည်။

တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအား၏ အသံနက်ကြီးသာမက အဆုံးမရှိသည့် ဆုတောင်းကိုးကွယ်သံများကိုလည်း ကျန်းလန် ကြားနေရသည်။

ဤသည်က ကျန်းလန်ကို လူသားတစ်ယောက် မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါးအလား ခံစားရစေသည်။

သို့သော် အဓိပ္ပါယ်မရှိသည့်အရာများကို သိပ်ပြီး အာရုံမစိုက်သင့်ပေ။

တစ္ဆေတိုင်းပြည်နှင့် မိတ်ဆွေဖြစ်ရခြင်းကတော့ အသုံးမဝင်လှပေ။

ထို့ပြင် စကားတစ်ခွန်းတည်းဖြင့် အတည်ပြုသည့် ရင်းနှီးခင်မင်မှုကို မည်သို့ ယုံကြည်ရပါမည်နည်း။

တစ္ဆေတိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်က စကားကို ခပ်ပေါ့ပေါ့ပင် ပြောဆိုသည်။ ယနေ့ သူ့ကို ဒီစကားပြောလျှင် မနက်ဖန် အခြားသူကိုလည်း ဒီစကား ပြောမည်ပင် ဖြစ်သည်။

သို့ဆိုလျှင် နှစ်ပေါင်းများစွာကြာပြီးနောက် တစ္ဆေတိုင်းပြည်နှင့် မိတ်ဆွေဖြစ်နေသူ များစွာရှိနေပေတော့မည်။ ထို့ကြောင့် ကျန်းလန်ကတော့ ထိုစကားများကို အလေးအနက် မထားပေ။

လုပ်စရာရှိသည်ကို လုပ်ပေးပြီးပြီဖြစ်ရာ ကျန်းလန်က တစ္ဆေတိုင်းပြည်နှင့် အဆက်အသွယ်မလုပ်တော့ဘဲ တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို သိမ်းဆည်းလိုက်သည်။

ထိုအချိန်မှာပင် ထူးဆန်းသည့်အရာတစ်ခုကို ကျန်းလန် ခံစားလိုက်ရသည်။

တစ္ဆေတိုင်းပြည်မှ ဆုတောင်းစကားသံများကို သူ့စိတ်အာရုံထဲတွင် ကြားနေရဆဲ ဖြစ်သည်။ ထိုအသံများနှင့်အတူ သူ ကောင်းကင်ထက်သို့ ရောက်ရှိသွားသည့်အလား ခံစားရသည်။

ခဏအတွင်းမှာပင် အဆုံးမရှိဝေးကွာသည့် နေရာတစ်ခုသို့ ရောက်ရှိသွားပြီး နတ်ဘုရားရာထူးနှင့် ချိတ်ဆက်နေသည့် အမည်မသိ နေရာတစ်ခုသို့ ရောက်ရှိသွားသည်။

ထိုနေရာက ကြယ်တစ်စင်းနှင့်ဆင်တူကြောင်း သိလိုက်ရသည်။

"ဘုန်း"

ထို ကြယ်စင်ထက်သို့ ကျန်းလန် ဆင်းသက်လိုက်၏။

ထိုနေရာတွင် မြူခိုးများ ဖုံးလွှမ်းနေပြီး သူ့ရှေ့တွင် ကြီးမားလှသည့် နန်းတော်တံခါးကြီးတစ်ခုကို တွေ့မြင်ရသည်။

တံခါးထက်တွင် "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" ဟု ကြီးမားသည့် စာလုံးကြီးများနှင့် ရေးထိုးထား၏။

မြူခိုးများ ပျံ့နှံ့လျှက်ရှိပြီး သူက ဤနေရာနှင့် တစ်သားတည်းကျနေသည့်အလား ကျန်းလန် ခံစားရသည်။

သူ၏ အမြင်အာရုံများလည်း ကျယ်ပြန့်လာပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါ အခြားသောကြယ်စင်များစွာကို တွေ့မြင်ရသည်။

ထိုနေရာက မည်သည့်အရာနှင့်မှ နှိုင်းယှဉ်မရအောင် ကျယ်ပြန့်လွန်းသည်။

"ဒီနေရာက နတ်ဘုရားရာထူးတွေရဲ့ မြစ်ဖျားခံရာနေရာလား"

ကျန်းလန်တွေးလိုက်သည်။

အချို့ကြယ်စင်များက တောက်ပနေပြီး အချို့ကြယ်စင်များကတော့ မှေးမှိန်လျှက် ရှိသည်။ သို့သော် ကြယ်စင်များ အရေအတွက်ကိုတော့ သူ အတိအကျ မသိနိုင်ပေ။

ထိုခဏမှာပင် သူ နတ်ဘုရားရာထူးကို အပြည့်အ၀ ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

သို့သော် ထိုသို့ ပြုလုပ်နိုင်စွမ်းမှာ ရေခဲပြင်၏ ထောင့်စွန်းလေးတစ်ခုကိုသာ ဖမ်းဆုပ်နိုင်ခြင်း ဖြစ်သည်။ နတ်ဘုရားရာထူးနှင့် ပတ်သက်သည်များအားလုံးကို နားလည်သိရှိရန် သူ၏တန်ခိုးစွမ်းအားက လုံလောက်ခြင်း မရှိသေးပေ။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကျန်းလန် ကြယ်စင်များကို အာရုံမစိုက်တော့ဘဲ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ထဲသို့ ဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သူ နန်းတော်တံခါးကို ဖြတ်ကျော်ကာ အတွင်းသို့ ဝင်လိုက်သည်။

နန်းတော်အတွင်းသို့ ခြေချလိုက်သည်နှင့် အဆုံးမဲ့ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

"ဂျိမ်း"

"ဂျိမ်း"

ထိုမိုးခြိမ်းသံများကို ကြားရသည်နှင့် ကျန်းလန် တောင့်ခံနိုင်ခြင်း မရှိတော့ပေ။

သူ့ ဦးနှောက်များ ပေါက်ထွက်မတတ် ဦးခေါင်းတစ်ခုလုံး နာကျင်မှုကို ခံစားလိုက်ရသည်။

ထို့နောက်...

"ဘန်း"

နန်းတော်အတွင်းမှ စွမ်းအားတစ်ခုက သူ့ကို တွန်းထုတ်လိုက်သည်။

ထိုစဉ်မှာပင် မရေမတွက်နိုင်သည့် နန်းတော်ကြီးများ ပြိုကျနေသည့်မြင်ကွင်းကို ကျန်းလန်မျက်ဝန်းထဲ မြင်လိုက်ရလေတော့၏။

All Chapters