← Chapters

ငရဲတံခါးကိုတိုက်ခိုက်ရန်

Vol. 26 Ch. 354

ငရဲတံခါးကိုတိုက်ခိုက်ရန်

Vol. 26 Ch. 354

အခန်း (၃၅၄) ငရဲတံခါးကိုတိုက်ခိုက်ရန်

ခွန်လွန်ဝတ်ကျောင်းတော်။

သက်လတ်ပိုင်းလူရွယ်တစ်ယောက်သည် တောင်ထွတ်အစွန်းတွင်ရပ်လျှက် ရှိသည်။

သူ့အကြည့်များကတော့ မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ကြည့်လျှက် ရှိ၏။

အနီရောင်အနားသတ်များပါရှိသည့် သူ၏အဝတ်အစားများသည် လေထဲတွင် လွင့်ပျံလျှက် ရှိသည်။

“အံ့သြစရာပဲ ၊ အံ့သြစရာပဲ ၊ ကျုပ် သူ့ကို ခြေရာခံလို့မရတော့ဘူးကွာ ၊ သူ အခု ဘယ်နေရာမှာ ပုန်းနေလဲ သိချင်လိုက်တာ”

ထိုအချိန် သူ့ပခုံးထက်မှ မိစ္ဆာနဂါးငယ်လေးက သူ့အမြင်ကိုထုတ်ဖော်ပြသည့်အလား (၂)ကြိမ်တိုင်တိုင်အော်ဟစ်လိုက်သည်။

လူရွယ်က ပြုံးလိုက်ရင်း...

“မင်းက သူ့ကို ရှာချင်လို့လား”

ခဏနားပြီးမှ သူက စကားဆက်ပြောသည်။

“မဟုတ်ပါဘူးကွာ ၊ တကယ်တော့ သူက အဲဒီလောက်လည်း မဆိုးပါဘူး ၊ သူက ခွန်လွန်တောင်မှာ ရှိနေတဲ့သူဆိုတော့ ကျုပ်တို့ရပ်တည်ချက်တူတယ်လေ ၊ ခွန်လွန်တောင်ကို မဆန့်ကျင်သရွေ့ သူ့ကို ကျုပ်တို့လူလို့ သတ်မှတ်နိုင်ပါတယ် ၊ ဒါဆို ကျုပ်တို့ခွန်လွန်တောင်လည်း ပိုပြီး အင်အားကြီးမားလာတယ်လို့ပြောနိုင်တာပေါ့”

မိစ္ဆာနဂါးလေးက ထပ်မံအော်ဟစ်လိုက်ပြီး သူ့ခေါင်းကို လက်သည်းငယ်များကြးတွင် ဝှက်ထားလိုက်သည်။

အရင်တစ်ခေါက် သူ ဒဏ်ရာရခဲ့သည့်အကြောင်းကို ပြန်ပြောပြနေဟန် ရှိသည်။

“ဟားဟား”

"အဲဒီလူငယ်က မင်းကို နည်းနည်းလောက်လေး ထုလိုက်တာပါကွာ ၊ မင်းကို ဆန့်ကျင်ရန်လိုတဲ့သဘော မသက်ရောက်ပါဘူး ၊ ပြီးတော့ မင်းကလည်း မိစ္ဆာနဂါးအစစ်မှ မဟုတ်တာ”

***

မရဏဂူထဲတွင်....

ကျန်းလန် ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

မသိစိတ်ထဲတွင် တစ်စုံတစ်ခုက သူ့ကို မွန်းကျပ်စေသည့်အလား အသက်ရှူများကျပ်နေပြီး ပြင်းပြင်းထန်ထန်ပင် မောဟိုက်လျှက် ရှိသည်။

အနည်းငယ်သက်သာလာတော့မှာ သူ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတိရရန် ကြိုးစားလိုက်သည်။

"စောစောက ငါခံစားလိုက်ရတာ ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မလိုပဲ ၊ ဖိအားတစ်ခုကြောင့် ငါ့တစ်ကိုယ်လုံး အစိတ်စိတ်အမွှာမွှာကွဲသွားတော့မလိုပဲ"

"အဲဒါ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကြောင့်လား"

နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် ကြီးမားလှသည့် တန်ခိုးစွမ်းအားကြီးတစ်ခုက တွန်းထုတ်လိုက်သည်ကို ခံစားလိုက်ရကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

သူ၏တန်ခိုးစွမ်းအားဖြင့် ထိုအရာကို ခံနိုင်ရည်မရှိဘဲ နောက်ဆုံးတော့ နန်းတော်အပြင်သို့ လွင့်ထွက်ခဲ့ရသည်။

အရင်ကဆိုလျှင် သူက နန်းတော်ကြီးကို တွေ့မြင်ရန် ကြိုးစားသည်နှင့် သူ့အမြင်အာရုံများကို မြူခိုးများဖြင့် ဖုံးကွယ်ခံရလေ့ရှိသည်။

ယခုတစ်ကြိမ်မှာတော့ ထိုသို့ မဖြစ်ခဲ့ပေ။

ထို့ပြင် ယခုတစ်ကြိမ်တွင် "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" ကို ရှင်းလင်းပြတ်သွားစွာ တွေ့မြင်ခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် နန်းတော်များ ပြိုကျပျက်စီးသွားသည်ကိုလည်း တွေ့မြင်ရပြန်သည်။

"အဲဒါတွေကလည်း ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို ရည်ညွှန်းတဲ့မြင်ကွင်းတွေပဲလား"

ကျန်းလန် အံ့အားသင့်စွာတွေးနေမိသော်လည်း အဖြေမရှာနိုင်ခဲ့ပေ။ သို့သော် ဖြစ်နိုင်ချေ အလွန်မြင့်မားသည်။

သံသယမရှိ ပြောနိုင်သည့်အရာတစ်ခုမှာ ကျန်းလန်အနေဖြင့် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို ပြီးပြည့်စုံစွာ သိမြင်နိုင်ခြင်း မရှိသေးပေ။

နတ်ဘုရားရာထူးနှင့်ပတ်သက်ပြီး ကျန်းလန် မသိမြင်နိုင်သည့်အရာ များစွာရှိနေနိုင်သေးသည်။ လုံလောက်သည့် တန်ခိုးစွမ်းအားမရှိဘဲ သူ များစွာ သိရှိနိုင်ဦးမည် မဟုတ်ပေ။

"ဘုန်း"

ရုတ်တရက် အဆုံးမရှိသော ကောင်းကင်ယံမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထိုအသံက ကျန်းလန်၏ နတ်ဘုရားရာထူးတည်ရှိရာနေရာမှ ဆင်းသက်လာခြင်း ဖြစ်၏။

"တစ်ယောက်ယောက်တော့ နတ်ဘုရားရာထူးအသစ်တစ်ခု ထပ်ပြီး ရရှိတော့မယ် ၊ အဲဒါ တစ္ဆေတိုင်းပြည်ကပဲ ဖြစ်ရမယ်"

ကျန်းလန်တွေးလိုက်သည်။

တစ္ဆေတိုင်းပြည်နှင့် သဘောတူထားသည့်အတိုင်း ပြုလုပ်ပေးပြီးသည့်နောက် ကျန်းလန် နတ်ဘုရားရာထူကို အပြည့်အ၀ ထိန်းချုပ်သွားနိုင်ခဲ့သည်။

သို့ဖြစ်ရာ တစ္ဆေတိုင်းပြည်အတွက်လည်း သေချာပေါက် အကျိုးအမြတ်တစ်ခု ရရှိပေလိမ့်မည်။ ထို့ကြောင့် ယခု နတ်ဘုရားရာထူး ရရှိသွားသူမှာ တစ္ဆေတိုင်းပြည်သာလျှင် ဖြစ်ရပေမည်။

သို့သော် နတ်ဘုရားရာထူးက ယခုမှ ဖွဲ့တည်နေခြင်းဖြစ်ပြီး အနည်းငယ်တော့ အချိန်ယူရဦးမည်ဖြစ်သည်။

မြေအောက်နတ်ဆိုးများလောက် လျှင်မြန်ခြင်း မရှိနိုင်သည့်တိုင် နဂါးမျိုးနွယ်များ အချိန်ယူရသလောက်တော့ ကြာမြင့်နိုင်မည် ဖြစ်သည်။

နဂါးမျိုးနွယ်များအနေဖြင့် နှစ်အတန်ကြာအောင် စောင့်ဆိုင်းခဲ့ရလေရာ တစ္ဆေတိုင်းပြည်သည်လည်း ထို့အတူပင် ဖြစ်ပေလိမ့်မည်။ နှေးကွေးသည်ဟုတော့ ယူဆ၍ မရနိုင်ပေ။

အနည်းဆုံးတော့ ယခုအချိန်မှစတင်ပြီး နတ်ဘုရားရာထူးက စတင်ဖွဲ့တည်နေပြီ ဖြစ်သည်။

နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များအတွက်တော့ နတ်ဘုရားရာထူးရရှိရန် အခွင့်အရေး ရှိချင်မှရှိပေတော့မည်။

သူတို့အတွက် နတ်ဘုရားရာထူးတစ်ခု ရရှိရန် အလှမ်းဝေးသွားပြီ ဖြစ်သည်။

ကျန်းလန်ကတော့ ထိုအုပ်စုများ တစ်ခုခု မှားယွင်းနေကြသည်ဟု ယူဆသည်။ မဟုတ်ပါက နှစ်ရှည်လများ တိုက်ပွဲဆင်နွှဲနေခဲ့ကြပြီး အဘယ့်ကြောင့် နတ်ဘုရားရာထူးကို စောစီးစွာ မရရှိခဲ့ကြပါသနည်း။

သူ ထိုအကြောင်းများကို တွေးမနေတော့ဘဲ အသက်ကိုပုံမှန်ရှူလိုက်သည်။ သူ ဆက်လက်ကျင့်ကြံရမည် ဖြစ်သည်။

ရံဖန်ရံခါ သူ၏ စိတ်အာရုံထဲတွင် တစ္ဆေတိုင်းပြည်မှ ဆုတောင်းသံအချို့ကို ကြးရလေ့ ရှိသော်လည်း သူ၏ ကျင့်ကြံခြင်းကို မထိခိုက်စေပေ။

လက်ရှိတွင် ကျန်းလန်အနေဖြင့် နတ်ဘုရားရာထူးကို အပြည့်အ၀ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။ နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူ မည်သူမဆို သူ့ကို ခြေရာခံနိုင်တော့မည် မဟုတ်ပေ။

ထို့ပြင် နတ်ဘုရားရာထူးကို အသုံးပြုပြီး ကြည့်ရှုနားထောင်နိုင်သည့် အကွာအဝေးမှာလည်း တိုးတက်ကျယ်ပြန့်လာခဲ့သည်။ သို့သော် အကွာအဝေးမည်မျှရှိသည်ကို တိတိကျကျ မဆုံးဖြတ်နိုင်ပေ။

ကျန်းလန်ကတော့ တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ပိုင်ဆိုင်ထားသည်ဖြစ်လေရာ မည်မျှဝေးကွာပါစေ ထိုနေရာတွင် ဖြစ်ပျက်နေသည်များကို သိရှိနိုင်မည် ဖြစ်သည်။

သူ့ပိုင်နက်ဧရိယာတစ်ခုအတွင်း တစ်စုံတစ်ယောက်က သူ၏နတ်ဘုရားရာထူးကို ခေါ်မည်ဆိုလျှင် ကြေးမုံမှန်ကို အသုံးပြုကာ လှမ်းကြည့်နိုင်မည် ဖြစ်သည်။

နတ်ဘုရားရာထူးကို  အပြည့်အ၀ ထိန်းချုပ်နိုင်ပြီးနောက် အချို့အရာများက သူ့အတွက် ပိုမိုအဆင်ပြေသွားလေသည်။ သို့သော် သူ၏ တန်ခိုးစွမ်းအားကတော့ များစွာ ပြောင်းလဲသွားခြင်း မရှိပေ။

အကြီးမားဆုံးသော ပြောင်းလဲမှုမှာ အခြားသောနတ်ဘုရားရာထူးပိုင်ဆိုင်ထားသူများထံမှ ဖုံးကွယ်ထားနိုင်ခြင်းဖြစ်ပြီး သူ့အကြောင်းများ ဖော်ထုတ်ခံရမည်ကို စိုးရိမ်စရာမလိုတော့ခြင်း ဖြစ်သည်။

ဤသည်က သူ့ကိုပိုပြီး သက်သောင့်သက်သာ ခံစားရစေသည်။

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားသည် ခွန်လွန်တောင်တွင်ရှိနေသည်ဟု လူအတော်များများက အကြမ်းဖျင်းသိရှိကြသော်လည်း သူ ခွန်လွန်တောင်မှ ထွက်ခွာသွားလျှင်လည်း သူ၏ တည်နေရာကို သိရှိခန့်မှန်းနိုင်ကြတော့မည် မဟုတ်ပေ။

နတ်ဘုရားရာထူးများကို သိမ်းပိုက်ရယူပြီးနောက်ပိုင်းကာလတွင် နတ်ဘုရားရာထူး မရရှိလိုက်ကြသူများအနေဖြင့် သူ၏နတ်ဘုရားရာထူးကို လုယူရန်အတွက် သူ့ကိုလုပ်ကြံသတ်ဖြတ်မည်ဆိုလျှင်လည်း ခက်ခဲသွားပြီ ဖြစ်သည်။

နောက်ထပ် အနှစ် (၁၀၀)တွင် ပြင်ပလောကသို့ ထွက်ခွာလျှင် သူ့အတွက် စိတ်ပူစရာ ဘာမှမရှိတော့ပေ။ တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအားနှင့် အပေးအယူလုပ်ရသည်မှာ ထိုက်တန်ပေ၏။

သူ့အတွက် အကျိုးအမြတ်ရှိခဲ့သလို တစ္ဆေတိုင်း၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားသည်လည်း အရှုံးမရှိခဲ့ပေ။ တစ္ဆေတိုင်းပြည်အနေဖြင့်လည်း နတ်ဘုရားရာထူးတစ်ခုကိုသိမ်းပိုက်ပြီးနောက် အခြားသူများထက် ခြေတစ်လှမ်းသာပြီး လောကတွင် လျှောက်လှမ်းနိုင်တော့မည် ဖြစ်သည်။

***

နွေဦးရာသီကုန်ဆုံးပြီး ဆောင်းဦးရာသီ ရောက်ခဲ့ပြန်လေပြီ။

အချိန်သည် လက်ချောင်းများထဲမှ ဖြတ်သန်းသွားသည့် သဲမှုံများအလား စီးဆင်းထွက်ခွာသွားလေရာ (၃)နှစ်ဆိုသည့်အချိန်က လျှင်မြန်စွာပင် ကုန်ဆုံးသွားသည်။

"ဘုန်း"

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်မှ ဒုတိယမြောက်အလင်းတိုင်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ခွန်လွန်တောင်ပေါ်မှဆင်းပြီး သေရည်ဆိုင်သို့သွားရန် ဟန်ပြင်နေသည့် အဋ္ဌမမင်းသားမှာ ထိုအလင်းတိုင်ကြီးကို ချက်ချင်းပင် တွေ့မြင်လိုက်ရသည်။

"လွန်ခဲ့တဲ့နှစ် (၂၀)ကလည်း ဒီလိုပဲ အလင်းတိုင်ကြီးတစ်ခု ထွက်ပေါ်လာတာ ၊ ကြည့်ရတာ အနှစ် (၂၀)နေရင်တစ်ကြိမ် အလင်းတိုင်တစ်တိုင်း ပေါ်လာမယ်ထင်တယ်"

ယခု ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်မှ အလင်းတိုင်ကြီး (၂)ခု ထွန်းလင်းနေသည်ကို အားလုံး တွေ့မြင်ကြရမည် ဖြစ်သည်။

သို့သော် ထိုအလင်းတိုင်ကြီးများ ထွန်းညှိထားရသည့်အကြောင်းရင်းကို မည်သူမှ မသိရှိကြပေ။

နှစ်ပေါင်း (၂၀)လျှင်တစ်ကြိမ် တောင်ထွတ်တစ်ခုစီက အလင်းတိုင်များထွန်းညှိပြီး အရေးကြီးကိစ္စတစ်ခုကို အတည်ပြုနေဟန် ရှိသည်။ ဖြစ်စဉ်တစ်ခုလုံးသည် နှစ်ပေါင်း (၁၈၀) ကြာမြင့်ပေလိမ့်မည်။

အချိန်ကာလအားဖြင့် ကြာမြင့်သည်ဟုဆိုနိုင်လေရာ အသေးအမွှားကိစ္စလေးတစ်ခုတော့ မဖြစ်နိုင်ပေ။

ထိုစဉ်…

"အဋ္ဌမမင်းသား"

ဓားသွားထက်ပျံသန်းစီးနှင်လာသည့် လုကျန်းက လုန်မန်၏နံဘေးတွင်ဆင်းသက်လိုက်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။

"ဂိုဏ်းတူအစ်ကိုလုကျန်း ၊ အပြင်သွားမလို့လား"

အဋ္ဌမမင်းသားက ချက်ချင်းပင် ပြုံးရယ်ကာ နှုတ်ဆက်လိုက်၏။

သူတို့က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသည်ပင်။ ထို့ပြင် လုကျန်းနှင့်ပေါင်းသင်းဆက်ဆံရသည်က အလွန်စိတ်သက်သောင့်သက်သာရှိသည်ဟု လုန်မန် ခံစားရသည်။

လုကျန်းက သေရည်သောက်ရသည်ကို နှစ်သက်သော်လည်း တစ်ခါမှ မူးပြီးမရမ်းတတ်ပေ။ ပြီးတော့ သူ့ထံမှ အသားကင်များဝယ်လျှင်လည်း ဘယ်တော့မှ အကြွေးမဝယ်ဘဲ လက်ငင်း ပိုက်ဆံပေးလေ့ ရှိသည်။

ဦးလေးလုန်ရဲ့ကတော့ လုကျန်းနှင့် ဆန့်ကျင်ဘက်ဖြစ်၏။

သူက မူးလျှင်ရမ်းတတ်သည့်အပြင် အသားကင်များကိုလည်း ဘယ်တော့မှ ပိုက်ဆံမပေးဘဲ အလကားစားသည်။

ဝိညာဉ်ကျောက်တုံးများအားလုံးကို သေရည်သောက်ပစ်လိုက်သဖြင့် သူ့ကိုပေးရန် ပိုက်ဆံမရှိတော့ဘူးလားဟု အဋ္ဌမမင်းသား အမြဲတွေးမိသည်။

အကောင်းစားသေရည်ဆိုသည်ကလည်း ဈေးမသေးဘူး မဟုတ်လား။

လုကျန်းက…

"အခုတလော ရေခဲပုစဉ်းရင်ကွဲတောအုပ်မှာ တစ်ခုခု ဖြစ်နေပုံရတယ် ၊ မြေအောက်နတ်ဆိုးတွေနဲ့ပတ်သက်နေမလား မသိဘူး ၊ အဲဒါ သွားစုံစမ်းမလို့"

လုန်မန်က…

"ဒါနဲ့ စကားမစပ်… ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်က အဲဒီအလင်းတိုင်ကြီးတွေက ဘာအတွက် ထွန်းညှိထားတာလဲဆိုတာ ဂိုဏ်းတူအစ်ကိုလုကျန်း သိလားဗျ"

"သိပါ့ဗျာ… ၊ အခုဆိုရင် တောင်ထွတ် (၉)ခုက အလင်းတိုင် (၉)တိုင်ပြည့်အောင် ထွန်းညှိဖို့ နှစ်ပေါင်း ဘယ်လောက်လိုသေးလဲ"

"နှစ်ပေါင်း (၁၄၀)လောက်လိုဦးမှာပေါ့"

"ဒါဖြင့် နောက်အနှစ် (၁၄၀)ကျရင် ဘာဖြစ်မယ်ထင်လဲ"

"သိဘူးလေ… ၊ ဘာဖြစ်မှာလဲ"

"အဲဒီအချိန်ကျ မင်းရဲ့ယောက်ဖ အင်မော်တယ် ဖြစ်ပြီလေကွာ"

အဋ္ဌမမင်းသား အံ့သြမှင်တက်သွားသည်။

သို့ဆိုလျှင် ဤအလင်းတိုင်ကြီးများက ယောက်ဖနှင့်အစ်မ၏မင်္ဂလာပွဲအတွက် ထွန်းညှိထားခြင်းလေလား။

လုန်မန်က…

"ဟုတ်လား… ၊ လက်စသတ်တော့ ဒီလိုကိုး ၊ ခွန်လွန်တောင်က တကယ့်ကို စေတနာကောင်းလွန်းတာပဲဗျာ"

လုကျန်းက ပြုံးလိုက်ရင်း…

"မင်း သေရည်ဆိုင်ရောက်ရင် ကျုပ်အတွက် အကောင်းစားသေရည်တစ်အိုးလောက် မှာထားပေးပါလားကွာ ၊ ခုတော့ ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲ အရင်သွားကြည့်လိုက်ဦးမယ်"

လုကျန်းစကားကို အဋ္ဌမမင်းသားက ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် လုကျန်းသည်လည်း ဓားကိုစီးနှင်ကာ ထွက်ခွာသွားလေတော့၏။

***

"ရေခဲ့ပုစဉ်းရင်ကွဲတောအုပ်ကို အာရုံစိုက်တဲ့သူတွေ များလာပြီ ၊ မင်းလုပ်တဲ့အလုပ်တွေက သိသာလွန်းတယ်လေ"

ဖေးယွမ်က အဖြူရောင်ဝတ်ဆင်ထားသည့် နတ်လူသားမျိုးနွယ်ကိုကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

အဖြူရောင်ဝတ်လူရွယ်က…

"အဲဒီတော့ ဘာဖြစ်လဲ ၊ လူတွေသိလေ အောင်မြင်မှုနှုန်းမြင့်မားလေပဲပေါ့ ၊ အခု ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးပြီ ၊ ဒီည ကျုပ်တို့ လှုပ်ရှားဖို့ပဲလိုတယ်"

ခဏနားပြီးမှ သူက ဆက်ပြောသည်။

"အောင်မြင်မလား ၊ ရှုံးနိမ့်မလားဆိုတာကတော့ မင်းတို့တွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ် ၊ ကြောက်နေလို့ကတော့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ဘူး"

အဖြူရောင်ဝတ်ဆင်ထားသည့် နတ်လူသားမျိုးနွယ်က လေထဲတွင် မတ်တတ်ရပ်လျှက် ရှိသည်။ သူ၏ မျက်ဝန်းများထဲတွင် ခံစားချက်အရိပ်အယောင် တစ်စွန်းတစ်စပင် မတွေ့ရှိရပေ။

သူ လုပ်သမျှအရာအားလုံးနှင့်ပတ်သက်ပြီး သူ့တွင် ဘာခံစားချက်မှ ရှိဟန်မတူပေ။ အခြားသူများက ကြောက်ရွံ့နေကြချိန်တွင် သူကတော့ တစ်ချက်လေးပင် တုန်လှုပ်ခြင်း မရှိပေ။

သူ့ကိုကြည့်ရသည်မှာ ခံစားချက်များ ပျောက်ဆုံးနေဟန်ရှိသည်။

ဖေးယွမ်က နတ်လူသားမျိုးနွယ်လူရွယ်ကို မော့ကြည့်လိုက်ရင်း…

"ဆိုလိုတာကတော့ အကျိုးအမြတ်တစ်ခုရဖို့အတွက် အသက်ပေးရဖို့ပဲ မဟုတ်လား"

အဖြူရောင်ဝတ်လူငယ်က ဖေးယွမ်ကို ငုံ့ကြည့်လိုက်သည်။

"အဲဒီအပြင် ဘာများရှိနိုင်မှာလဲ"

သူက ဆက်ပြောသည်။

"မင်းတို့ ရင်ဆိုင်နေတာ ခွန်လွန်တောင်လေ…"

All Chapters