အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း (၃၉) - ဧကရာဇ် ကျန်းမာလာပြီး အခြေအနေများ ပြောင်းလဲခြင်း
အရှေ့နန်းဆောင်မှ ထို "မတော်တဆမှု" ဖြစ်ရပ်ကြီးအပြီးတွင် ၊ နန်းတော်တစ်ခုလုံးက အိမ်ရှေ့စံ ရှောင်ရှန်း၏ "အမြော်အမြင်ကြီးမားမှု" ကို နောက်ထပ် ဒဏ္ဍာရီတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်လိုက်ကြပြန်၏။
အိမ်ရှေ့စံမင်းသားသည် ဆေးတိုက်သို့ ပုံမှန် "လှည့်လည်စစ်ဆေး" ရင်း၊ မတော်တဆ "ခြေချော်" လိုက်ရုံမျှဖြင့် တတိယမင်းသား ရှောင်ကျင်း၏ ဆိုးရွားသော အကြံအစည်ကြီးကို ဖော်ထုတ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ချန်ချင်းနန်းဆောင်၏ နန်းစောင့်ကုတင်ပေါ်တွင် ၊
ဧကရာဇ်မင်း ရှောင်ယွမ်သည် လျှို့ဝှက်အစောင့်များ၏ တင်ပြချက်ကို နားထောင်နေရင်း၊ သူ၏ ညှိုးနွမ်းနေသော မျက်နှာတွင် မည်သည့်ခံစားချက်မျှ လှစ်ဟသွားခြင်း မရှိပေ။
"ရှောင်ကျင်း..."
သူသည် ထိုအမည်ကို အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ အက်ကွဲနေသော သူ၏အသံမှာ လွန်စွာ အေးစက်နေသည်။
"သူ့ကို အိမ်တော်ထဲမှာပဲ ပိတ်ထားပြီး အမှားကို ဆင်ခြင်ခိုင်းလိုက် ၊ ငါကိုယ်တော်ရဲ့ အမိန့်မရှိဘဲ အိမ်တော်အပြင်ကို တစ်လှမ်းမှ မထွက်စေနဲ့”
အမိန့်တော်သည် မင်းသား(၃)၏ အိမ်တော်သို့ ရောက်ရှိသွားချိန်တွင် ရှောင်ကျင်းသည် စာကြည့်ခန်းထဲ၌ ဒေါသတကြီး ရှိနေသည်။
မိန်းမစိုးမှ အမိန့်တော်ကို ဖတ်ကြားပြီးနောက်၊ သူသည် ဝုန်းခနဲ လှည့်ကြည့်ကာ ဘေးနားရှိ တန်ဖိုးကြီးလှပသော စန္ဒကူးသား စားပွဲခုံကို ကန်ချလိုက်တော့သည်။
"ဝုန်း!" ဟူသော အသံကြီးနှင့်အတူ ကလောင်တံ၊ မင်အိုးနှင့် စက္ကူများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားလေ၏။
"ရှောင်... ရှန်း”
ရှောင်ကျင်းသည် အသားကုန် အံကြိတ်ထားပြီး ၊ သူ၏မျက်လုံးများမှာ နီရဲနေသည်။ ချောမောသော မျက်နှာမှာ ဤအခိုက်အတန့်တွင် ဒေါသကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။
"ငါ မင်းနဲ့ မပြီးသေးဘူး”
သူ၏ အစီအစဉ်မှာ အမှားအယွင်းမရှိသော အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသော်လည်း ထိုသကောင့်သားက ရယ်စရာကောင်းသော နည်းလမ်းဖြင့် ဖျက်ဆီးခံလိုက်ရုံသာမက၊ သူကိုယ်တိုင်ပင် အကျဉ်းကျခံလိုက်ရသည်။
"အရှင့်သား စိတ်လျှော့ပါ”
အကြံပေးများမှာ မြေပြင်တွင် ဒူးထောက်ရင်း တုန်ယင်နေကြသည်။
"စိတ်လျှော့ရမယ် ငါ ဘယ်လို စိတ်လျှော့ရမှာလဲ”
ရှောင်ကျင်း၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ၊ လက်သည်းများမှာ လက်ဖဝါးထဲအထိ စိုက်ဝင်နေသည် ။
"ခမည်းတော်က ငါ့ကို သတိပေးလိုက်တာပဲ ပြီးတော့... ခမည်းတော်က အဲ့ကောင်ကို သိသိသာသာ ဘက်လိုက်နေတာလေ”
ယခု "အကျဉ်းချခံရခြင်း" သည် သူ၏ နန်းလျာရာထူး မျှော်လင့်ချက်ကို ခဏတာ ရပ်တန့်သွားစေကာ၊ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အင်အားစုများလည်း အထိနာသွားမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
ဤအရာအားလုံးမှာ သူ တစ်ခါမှ ထည့်မတွက်ခဲ့ဖူးသော ထိုသကောင့်သား ရှောင်ရှန်းကြောင့်ပင်။
ဤဒေါသကို သူ မည်သို့ မျိုသိပ်နိုင်မည်နည်း။
မင်းသား(၃) အိမ်တော်၏ စိတ်ပျက်စရာ အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်သည်မှာ စူးဝမ်ချင်၏ ကုသမှုသည် အလွန် တိုးတတ်နေခြင်းပင်။
ဝမ်သမားတော် အဖမ်းခံရပြီးနောက် ဆေးတိုက်တွင် မည်သူမျှ မကောင်းသော အကြံအစည် မကြံစည်ရဲကြတော့ပေ။
စူးဝမ်ချင်သည် ဆေးမြစ်များကို ကိုယ်တိုင်ရွေးချယ် ဖော်စပ်ကာ အဆင့်တိုင်းကို သေသေချာချာ လုပ်ဆောင်ခဲ့သည်။
"နှင်းကြာပန်းနှလုံးသား" ကို ကျောက်စိမ်းကျိတ်တံဖြင့် အမှုန့်ကြိတ်ကာ နံနက်ခင်း နှင်းရည်နှင့် ရောစပ်သည်။"နှစ်တစ်ထောင် ဟော်ရှို့ဝူ" ကို ကိုးကြိမ်ပေါင်း ကိုးကြိမ်လှန်းကာ လျှို့ဝှက်ဆေးညွှန်းနှင့် ပေါင်းစပ်သည်။ "မီးလျှံသီး" မှာ အပူဓာတ် ပြင်းထန်သဖြင့် အအေးဓာတ်ရှိသော ကျောက်စိမ်းသေတ္တာထဲတွင် ထည့်ကာ ၎င်း၏ အပူဓာတ်ကို ယူ၍ အခြားဆေးများနှင့် ညှိယူရသည်။
နန်းတွင်းသမားတော်ကြီးများမှာလည်း ယခုတွင်မူ ငယ်ရွယ်သော စူးနတ်သမားတော်အပေါ် အလွန်ပင် လေးစားကြည်ညိုသွားကာ၊ သူမ၏ ပညာအချို့ကို သင်ယူလိုသဖြင့် ဘေးနားတွင် တရိုတသေ ဝိုင်းကူပေးနေကြသည်။
ရက်အနည်းငယ်အကြာတွင် ပထမဆုံး ဆေးရည်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
ပယင်းရောင် ဆေးရည်မှာ ဖြူစင်သော ကျောက်စိမ်းခွက်ထဲတွင် ထည့်ထားပြီး ထူးခြားသော မွှေးရနံ့များ ထွက်ပေါ်နေသည်။
စူးဝမ်ချင်သည် ထိုဆေးကို ဧကရာဇ်မင်း ရှောင်ယွမ်ထံသို့ ကိုယ်တိုင် ဆက်သခဲ့သည်။ ဧကရာဇ်မင်း ရှောင်ယွမ်သည် ဆေးခွက်ကို ကြည့်ရင်း၊ သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အလင်းတစ်ခု ပြေးဖြတ်သွားသည်။ သူသည် လူတိုင်းကို ဖယ်ထုတ်ကာ စူးဝမ်ချင် တစ်ဦးတည်းကိုသာ နေခိုင်းခဲ့သည်။
"စူးနတ်သမားတော်... ငါကိုယ်တော်ရဲ့ အသက်ကို မင်းလက်ထဲ အပ်လိုက်ပြီ"
သူသည် ဆေးခွက်ကို မ ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။
ဆေးအာနိသင်သည် ကိုယ်ထဲတွင် ဖြည်းဖြည်းချင်း ပျံ့နှံ့သွားကာ နွေးထွေးသော အရှိန်အဝါသည် ကိုယ်ခန္ဓာအနှံ့ စီးဆင်းသွားလေ၏။
ဤရက်ပိုင်းအတွင်း သူ ခံစားနေရသော အေးစက်လှသော အဆိပ်ငွေ့များမှာ ထိုအရှိန်အဝါကြောင့် တဖြည်းဖြည်း လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဧကရာဇ် ရှောင်ယွမ်သည် သူ့ တစ်ကိုယ်လုံး နေလို့ကောင်းသွားကာ အသက်ရှူရသည်မှာပင် ပို၍ ချောမွေ့လာသည်ကို ခံစားလိုက်ရသည်။
ဤသို့ဖြင့် ရက်အနည်းငယ် ဆက်တိုက် ဆေးသောက်ပြီးနောက် စူးဝမ်ချင်၏ ထူးခြားသော အပ်စိုက်ကုသမှုနှင့် ပေါင်းစပ်လိုက်သောအခါ ဧကရာဇ်မင်း ရှောင်ယွမ်၏ "ရောဂါ" မှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။
သူ၏ မျက်နှာသည် ယခုအခါ သွေးရောင် သန်းလာပြီး၊ အားနည်းနေသော အသံမှာလည်း ပြန်လည် ဟိန်းထွက်လာကာ၊ နန်းစောင့်ကုတင်ပေါ်မှ ဆင်း၍ နန်းဆောင်ထဲတွင် လမ်းလျှောက်နိုင်သည့်အထိ ဖြစ်လာသည်။
ဧကရာဇ်မင်း ကျန်းမာရေး ပြန်ကောင်းလာသည့် သတင်းသည် နွေဦးလေပြည်ကဲ့သို့ပင် နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ တင်းမာနေသော အခြေအနေများကို အနည်းငယ် လျော့ပါးသွားစေသည်။
မှူးမတ် အားလုံးမှာ ဝမ်းမြောက်ကြောင်း လျှောက်တင်နေကြပြီး ၊ ချီးမွမ်းသံများမှာ မဆုံးနိုင်ပေ။
အမတ်ချုပ်ကြီး လင်းပေါ်ရုံမှာမူ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျလာကာ ဟစ်အော်လေ၏။
"သာရှမင်းဆက်ကို ကောင်းကင်ဘုံက စောင့်ရှောက်တယ်၊ အရှင်မင်းကြီးကို ကောင်းကင်ဘုံက စောင့်ရှောက်တယ်”
သို့သော်လည်း တည်ငြိမ်နေသော မျက်နှာပြင်အောက်တွင် လှိုင်းလုံးများ ရှိနေဆဲပင်။
ဧကရာဇ်မင်း "ကျန်းမာလာ" သော်လည်း နန်းလျာရာထူးမှာ အတည်ဖြစ်သွားပြီ ဖြစ်သည်။ အိမ်ရှေ့စံမင်းသား ရှောင်ရှန်း၏ 'ရွှေနဂါး ၊ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ကောင်းကင်ဘုံ၏ အမိန့်တော်အတိုင်း ခန့်အပ်ခံရလေပြီ' ဆိုတဲ့ နိမိတ်သည် အကြံအစည်ရှိသူတိုင်း၏ ခေါင်းပေါ်တွင် မမြင်ရသော ကျိန်စာတစ်ခုလိုပင်။
ဇာတ်မင်းသားကြီးမှာမူ ဤအရာများကို ဘာမှ မသိဘဲ ရှိနေသည်။
ခမည်းတော် ကျန်းမာလာသဖြင့် သူလည်း ဝမ်းသာရသည်။ ထိုမှသာ သူလည်း အေးအေးဆေးဆေး ဆက်ပြီး "ပျင်းရိ”နိုင်မည် မဟုတ်လော။
သို့သော်လည်း သူသည် ထူးဆန်းသော ကိစ္စတစ်ခုကို သတိထားမိလာသည်။
ပူဇော်ပွဲအခမ်းအနားတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း အထူးသဖြင့် မကြာသေးမီက သူ၏ မကြာခဏ "ပေါ့ပေါ့ပါးပါး ဉာဏ်အလင်းပွင့်ခြင်း" နှင့်အတူ သူသည် ထူးဆန်းသောအရာများကို တစ်ခါတစ်ရံ မြင်တွေ့ခဲ့ရသည်။
ဥပမာအားဖြင့် စူးဝမ်ချင်သည် သူ့ဘေးမှ ဖြတ်သွားချိန်တွင် သူမ၏ ကိုယ်ပေါ်မှ သန့်စင်သော ဆေးနံ့သင်းသင်းလေးကို "ရ" နေတတ်သည်။ ထိုအရာမှာ သာမန် ဆေးနံ့မျိုး မဟုတ်ဘဲ ဖော်မပြနိုင်သော အရှိန်အဝါတစ်ခုလိုပင်။
နက္ခတ်ဗေဒ ကြီးကြပ်ရေးမှုး၏ ကိုယ်ပေါ်တွင်လည်း ဖော်မပြတတ်သော အရှိန်အဝါ တစ်မျိုးကို သူ အမြဲ ခံစားမိသည်။ ဤသည်မှာ ညကောင်းကင်ယံရှိ ကြယ်အလင်းတန်းများကဲ့သို့ပင် နက်နဲလှသည်။
"ဟူး... ငါ အိပ်တာ များသွားလို့ လျှောက်မြင်နေတာလား”
ရှောင်ရှန်းသည် ကိုယ့်မျက်လုံးကို ပွတ်လိုက်ရင်း ဗလုံးဗထွေးပြောလိုက်သည်။
"သေချာတယ်၊ ငါ အိပ်ရေးမဝလို့ မျက်စိတွေ ဝေဝါးနေတာပဲ ဖြစ်ရမယ်"
အခန်း(၄၀)
သူသည် ထိုထူးဆန်းသော ခံစားချက်များကို အိပ်ရေးမဝခြင်းကြောင့်သာ ဖြစ်မည်ဟု မှတ်ယူကာ နက်နက်နဲနဲ မစဉ်းစားတော့ပေ။
ထိုနေ့တွင် ဧကရာဇ်မင်း ရှောင်ယွမ်သည် ရှောင်ရှန်းကို စာကြည့်ဆောင်၌ တစ်ဦးတည်း ခေါ်ယူ တွေ့ဆုံခဲ့သည်။
ဧကရာဇ်မင်း ရှောင်ယွမ်၏ စိတ်အခြေအနေမှာ အရင်ကထက် များစွာ ကောင်းမွန်နေပြီး၊ ပိန်လှီနေဆဲ ဖြစ်သော်လည်း မျက်ဝန်းများမှာ တောက်ပနေကာ အရင်ကကဲ့သို့ပင် အရှိန်အဝါများကို ပြန်လည် မြင်တွေ့နေရသည်။
သူသည် ဘေး လူများကို ဖယ်ခိုင်းလိုက်သဖြင့် စာကြည့်ဆောင်ထဲတွင် သားအဖ နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ဧကရာဇ်ရှောင်ယွမ်သည် ရှောင်ရှန်းကို စိုက်ကြည့်နေသည်။ ထိုအကြည့်ကြောင့် ရှောင်ရှန်းမှာ ရင်ထဲတွင် တထိတ်ထိတ် ဖြစ်နေလေ၏။
"ရှန်းအာ..."
ဧကရာဇ်မင်း ရှောင်ယွမ်က ဖြည်းဖြည်းချင်း မိန့်ကြားလိုက်သည်၊ သူ၏ လေသံတွင် အမည်မသိ ရှုပ်ထွေးမှု တစ်ခု ပါဝင်နေခဲ့သည်။
"ဒီရက်ပိုင်း မင်းရဲ့ လုပ်ဆောင်ချက်တွေကို ငါကိုယ်တော် အကုန် မြင်နေရတယ်"
ရှောင်ရှန်း၏ ရင်ထဲတွင် "ဒုတ်" ခနဲ ဖြစ်သွားကာ မကောင်းသော နိမိတ်ဟု တွေးလိုက်မိသည်။
မဟုတ်မှလွဲရော ခမည်းတော်က စာရင်းဟောင်းတွေ ပြန်ရှင်းတော့မလို့လား ဒါမှမဟုတ်... သူ့ကို တာဝန်တွေ ထပ်ပေးမလို့လား
"ခမည်းတော် ချီးမြှောက်လွန်းနေပါပြီ၊ သားတော်က... သားတော်က ကံကောင်းပြီး ကြက်ကန်းဆန်အိုး တိုးရုံပါ”
ရှောင်ရှန်းသည် အမြန် လက်ယမ်းပြလိုက်ကာ ပြန်ပြောလိုက်သည်။
"သားတော်က ဘာမှ မသိတဲ့ လူ့အမှိုက်ပါ"
ဧကရာဇ် ရှောင်ယွမ်သည် ခေါင်းခါလိုက်ပြီး နက်နဲသော အပြုံးတစ်ခုနှင့်အတူ ပြန်ပြောလေ၏။
"အချို့ကိစ္စတွေကိုတော့ နောက်ကျရင် မင်း နားလည်လာမှာပါ"
"ဗျာ"
ရှောင်ရှန်း တစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေလေ၏။
‘ဘာကို နားလည်ရမှာလဲ ၊ သူ အခု နားလည်ချင်တာက ဘယ်တော့မှ သူ အိမ်ရှေ့စံ ရာထူးကနေ နုတ်ထွက်ရမှာလဲ ဆိုတာပဲ…’
‘ခမည်းတော်က သူ့ကို ကြည့်တဲ့ အကြည့်တွေက ပိုပိုပြီး ထူးဆန်းလာသလိုပဲ.. "အသုံးမကျတဲ့ ပျင်းရိတဲ့သား" တစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုး မဟုတ်တော့ဘဲ၊ တစ်ခုခုကို နက်နက်နဲနဲ ဖုံးကွယ်ထားတဲ့ "လျှို့ဝှက်လက်နက်" တစ်ခုကို အကဲခတ်နေသလိုမျိုးပဲ’
ဤအတွေးက သူ့ကို တစ်ကိုယ်လုံး တုန်ယင်သွားစေသည်။
ကြောက်စရာကောင်းလိုက်တာ…
တစ်ချိန်တည်းမှာပင် နက္ခတ်ဗေဒ ဌာနအတွင်း၌။
ကြီးကြပ်ရေးမှူးသည် ကြယ်ကြည့်ဝတ်စုံကို ဝတ်ဆင်ကာ နက္ခတ်ကြည့် စင်မြင့်ပေါ်တွင် တစ်ဦးတည်း ရပ်၍ ညကောင်းကင်ယံကို ကြည့်နေသည်။
ယနေ့ညတွင် ကြယ်များ လင်းထိန်နေကာ ဧကရာဇ်ကြယ်မှာ ခိုင်မြဲနေသော်လည်း၊ ဘေးနားရှိ အိမ်ရှေ့စံကို ကိုယ်စားပြုသော ကြယ်မှာမူ အရင်ကထက် ပို၍ လင်းလက် တောက်ပနေကာ ခရမ်းရောင် အရှိန်အဝါများက ဝန်းရံထားသဖြင့် အတော်လေး ခမ်းနားလှပေသည်။
သို့သော်လည်း ဝေးလံသော မိုးကုတ်စက်ဝိုင်းတွင် ဖော်ပြ၍မရသော မှောင်မိုက်သော စွမ်းအားတစ်ခု ရှိနေပြီး၊ ၎င်းသည် ထိုခရမ်းရောင် အရှိန်အဝါကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာကာ မကောင်းသော နိမိတ်များကို ထုတ်လွှတ်နေသည်။
ကြီးကြပ်ရေးမှူးသည် မျက်မှောင်ကြုတ်သွားပြီး လက်ချောင်းများဖြင့် တွက်ချက်ရင်း ဗလုံးဗထွေး ရေရွတ်လိုက်သည်။
"ခရမ်းရောင်ကြယ်က လောကကို လင်းစေတယ်၊ ပုန်းကွယ်နေတဲ့ နဂါးက ရေကန်ထဲက တက်လာပြီ... ဘေးဒုက္ခတွေ ရောက်လာတော့မယ်၊ အဲဒီ ဘေးဒုက္ခကို ရင်ဆိုင်ရမယ့်သူလည်း ပေါ်လာပြီ...... ဒါပေမဲ့ ဒီလို ရင်ဆိုင်မယ့် နည်းလမ်းကတော့... တကယ့်ကို ထင်မှတ်မထားစရာပဲ......"
သူသည် ဤမျှ အသက်ကြီးသည့်တိုင်အောင် ယခုလို ထူးဆန်းသည့် " ကပ်ဘေးရင်ဆိုင်နည်း"ကို တစ်ခါမှ မမြင်ဖူးပေ။
ကာယကံရှင် အိမ်ရှေ့စံမင်းသားခမျာ ဤ "ကပ်ဘေးကို ရင်ဆိုင်ရမည့်သူ" မှာ သူကိုယ်တိုင် ဖြစ်သည်ကိုတော့ မသိရှာပေ။
အရှေ့နန်းဆောင် အတွင်း။
ရှောင်ရှန်းတစ်ယောက်
သူ၏ "အေးဆေးသော" နေ့ရက်များကို ဆက်လက် ဖြတ်သန်းနေဆဲပင်။
သို့သော် ထို "အေးဆေးမှု" ထဲတွင် မဖော်ပြတတ်သော ဂနာမငြိမ်မှုများ ပါဝင်နေလေ၏။
သူသည် အိမ်ရှေ့စံ ရာထူးမှ နုတ်ထွက်ပြီးနောက် လောကအနှံ့ လှည့်လည်ကာ လွတ်လွတ်လပ်လပ် နေထိုင်ချင်သူ ဖြစ်သည်။
‘ဒါပေမဲ့ အခု အခြေအနေကို ကြည့်စမ်း ၊
ခမည်းတော်ရဲ့ ကျန်းမာရေးကလည်း "တစ်နေ့ထက်တစ်နေ့ ကောင်းလာတယ်"၊ စိတ်ဓာတ်တွေလည်း တက်ကြွနေတော့ ခေတ္တအတွင်းမှာ သူ့ကို " အိမ်ရှေ့စံ ရာထူးကနေ ဖယ်ရှားဖို့ဆိုတာ လုံးဝ လုံးဝမှ မဖြစ်နိုင်ဘူး…’
သူ့ကို ကြည့်ကြသည့် မှူးမတ်များ၏ အကြည့်များမှာလည်း အစပိုင်းတွင် အထင်သေးခြင်း၊ ထိုမှတစ်ဆင့် သံသယဖြစ်ခြင်း ၊ ယခု... အရိုအသေတောင် ပေးနေလေတော့၏။
သူ ဘယ်နေရာ သွားသွား "အိမ်ရှေ့စံမင်းသားက တော်လိုက်တာ"၊ "အိမ်ရှေ့စံမင်းသားက ကောင်းကင်ဘုံက ရွေးချယ်ထားသူပဲ" ဆိုသည့် စကားများကိုသာ အမြဲ ကြားနေရသည်။
အရှေ့နန်းဆောင်၏ သိုလှောင်ရုံထဲမှာလည်း တစ်နိုင်ငံလုံးက ပေးအပ်သော မင်္ဂလာလက်ဆောင်များနှင့် ပြည့်နှက်နေပြီး ၊ "မတော်တဆ လုပ်လိုက်လို့" အကျိုးရှိသွားသော အရာရှိများမှ ပေးအပ်လာသည့် "ဂုဏ်ပြုမှတ်တမ်း" များမှာလည်း တောင်ပုံရာပုံ ဖြစ်နေပြီပင်။
ရှောင်ရှန်းသည် ကိုယ့်နဖူးကို ပွတ်သပ်ရင်း ပြတင်းပေါက် အပြင်ဘက်က သစ်ပင်အိုကြီးကို ကြည့်ရင်း သက်ပြင်းချနေလေ၏။
"ဟူး......"
သူသည် ကောင်းကင်ယံကို မျှော်ကြည့်လိုက်ရာ နေရောင်ခြည်က မျက်စိစူးလှသဖြင့် မျက်လုံးကို မှေးလိုက်မိသည်။
"ငါ့ရဲ့ ဒီအသုံးမကျတဲ့... အား... မဟုတ်ဘူး၊ ဒီကံကောင်းလွန်းနေတဲ့ ကံတရားကြီးကလည်း"
"အိမ်ရှေ့စံ ရာထူးကနေ နုတ်ထွက်ဖို့က ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ”
သူ၏ အသံထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသော ဝေဒနာများဖြင့် ပြည့်နှက်နေတော့သည်။
ဤအိမ်ရှေ့စံ ရာထူးသည် သူ၏ ကိုယ်ပေါ်တွင် ခွာရခက်သည့် အရာတစ်ခုကဲ့သို့ပင်၊ မည်သို့မှ ခွာထုတ်၍ မရတော့ပေ။
ဒီတိုင်းသာဆို သူ တကယ်ပဲ ဒီနန်းတော်ထဲမှာ ထာဝရ ‘ငြိမ်ငြိမ်လေး’ ကမ္ဘာပျက်တဲ့အထိ နေသွားရတော့မှာလား ဟင်…..