← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁) - ကောင်းကင်ဘုံ၏ အလိုတော်ကို ဘယ်သူယုံမှာလဲ

သို့သော်လည်း သူ မျှော်လင့်ထားသော လျှပ်စီးမိုးကြိုးများ ကျရောက်မလာခဲ့ပေ။

မူလက မှိုင်းညို့ညို့ဖြစ်နေသည့် မိုးတိမ်များမှာ ပြင်းထန်စွာ လှုပ်ခါသွားပြီးနောက်၊

အလယ်တည့်တည့်မှ အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်းကင်ယံကို မမြင်ရသည့် ဧရာမ လက်ကြီးတစ်ဖက်က လိုက်ကာကို ဆွဲဖွင့်လိုက်သကဲ့သို့ပင်။

ထို့နောက်တွင် ကွဲအက်နေသော တိမ်တိုက်များကြားမှ ကြည့်၍ပင်မရနိုင်အောင် တောက်ပသော မင်္ဂလာရှိသော ရွှေရောင်အလင်းတန်းများသည် ကောင်းကင်မြစ်တစ်စင်းသဖွယ် တည့်တည့်မတ်မတ် ကျဆင်းလာလေ၏။

ထိုရွှေရောင်အလင်းတန်းမှာ အလွန်ပင် စင်ကြယ်ကာ နွေးထွေးလှပြီး ဖော်ပြ၍မရနိုင်သော ခမ်းနားထည်ဝါမှုနှင့် မြင့်မြတ်သော အရှိန်အဝါများကို သယ်ဆောင်ထားသည်။

ထိုရွှေရောင် မင်္ဂလာအလင်းတန်းများ ကျရောက်ရာ နေရာမှာ --

" ကောင်းကင်ဘုံ၏ ပြစ်ဒဏ်" ကို စောင့်မျှော်နေသော အိမ်ရှေ့စံမင်းသား ရှောင်ရှန်းအပေါ်သို့ပင် ဖြစ်လေသည်။

ထိုရွှေရောင်အလင်းတန်းများသည် ရှောင်ရှန်း၏ ကိုယ်ပေါ်သို့ တိကျစွာ လွှမ်းခြုံထားပြီး၊ သူ ဝတ်ဆင်ထားသော ရွှေရောင်ဒီဇိုင်းပါသည့် ဝတ်စုံနက်ကြီးမှာ ထိုအလင်းတန်း၏ ရောင်ပြန်ဟပ်မှုအောက်တွင် မြင့်မြတ်သော အရှိန်အဝါများဖြင့် တလက်လက် တောက်ပနေ၏။

ခေါင်းတွင် ဆောင်းထားသော သရဖူမှ တန်းလန်းကျနေသော

ကျောက်စိမ်း ပုတီးစေ့လေးများမှာလည်း ရွှေရောင် တဝင်းဝင်းဖြင့် လင်းလက်နေကာ ကြောင်တောင်တောင် ဖြစ်နေသော သူ၏ ချောမောသည့် မျက်နှာကို နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါစေကာ လူကို ဝေခွဲမရ ဖြစ်သွားစေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားသည်။

လေများလည်း ငြိမ်သက်ကာ ၊ တိမ်တိုက်များလည်း ရပ်တန့်သွားသည်။ စောနလေးတင်မှ ကြောက်လန့်တကြား ဖြစ်နေကြသော အရာရှိများပင်လျှင် ဤအခိုက်အတန့်တွင် တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနှင့် စင်မြင့်ပေါ်တွင် ရွှေရောင် တလက်လက် တောက်ပနေသော ထိုလူသားကိုသာ စိုက်ကြည့်နေကြတော့သည်။

ထိုသို့ တိတ်ဆိတ်သွားခြင်းမှာ စက္ကန့်အနည်းငယ်သာ ကြာလိုက်သည်။

"ဘုရားရေ၊ ကောင်းကင်ဘုံက မင်္ဂလာနိမိတ်တွေ ပြလိုက်ပြီ”

"ရွှေရောင်အလင်းတန်း၊ ဒါ ရွှေရောင်အလင်းတန်းပဲ… မိုးနတ်မင်းကြီးက တကယ်ပဲ ကိုယ်ထင်ပြခဲ့ပြီ”

"အိမ်ရှေ့စံမင်းသား၊ အိမ်ရှေ့စံမင်းသားက ကောင်းကင်ဘုံရဲ့ နိမိတ်ကို ဖိတ်ခေါ်နိုင်ခဲ့ပြီ”

နားစည်ကွဲမတတ် ထွက်ပေါ်လာသော အော်ဟစ်သံများ၊ ဆွေးနွေးသံများနှင့် မယုံကြည်နိုင်သော အသက်ရှူသံများမှာ အသံလှိုင်းလုံးကြီး တစ်ခုသဖွယ် စုစည်းသွားပြီး ကောင်းကင်ယံမှ တိမ်တိုက်များကိုပင် လွင့်စင်မတတ် ဖြစ်သွားစေသည်။

ရှောင်ရှန်းကိုယ်တိုင်လည်း ကြောင်တောင်တောင် ဖြစ်နေရှာသည်။

ထိုရွှေရောင်အလင်းတန်းများက သူ့ကို နွေးထွေးစွာ ထွေးပွေ့ထားပြီး၊ အေးစက်သော ဆောင်းရာသီတွင် လူကို သက်တောင့်သက်သာရှိစေသည့် ရေပူစမ်းထဲ စိမ်နေရသကဲ့သို့ အတော်လေး နေလို့ကောင်းပေသည်။

သို့သော် သူ၏ နှလုံးသားမှာ စင်မြင့်အောက်ရှိ ဆောင်းလေထက်ပင် ပို၍ အေးစက်နေတော့၏။

‘ မဟုတ်သေးပါဘူး ဆရာကြီးရာ..’

ရှောင်ရှန်းတစ်ယောက် စိတ်ထဲကနေ ရူးမတတ် အော်ဟစ်နေမိသည် ။

‘ ငါ ပူဇော်တဲ့အရက်ကိုလည်း တမင် လွဲအောင် လောင်းချခဲ့ပြီးပြီ ၊ ဆုတောင်းစာကိုလည်း အမှားမှားအယွင်းယွင်း ဖတ်ခဲ့ပြီးပြီ ကောင်းကင်ဘုံကို တိုက်ရိုက် မဆဲမိတာပဲ ရှိတာ’

‘ ဒီလောက်ထိ လုပ်တာတောင် မင်္ဂလာနိမိတ် ပြတယ် ဟုတ်လား၊ မိုးနတ်မင်းကြီး ခင်ဗျားရဲ့ အရည်အချင်း နည်းနည်းတော့ ချို့ယွင်းနေပြီနဲ့ တူတယ်’

သူ ငိုချင်မိသည်။

တကယ်ပြောတာ…

သူ သေသေချာချာ ကြံစည်ခဲ့သော ကိုယ့်သေတွင်းကို တူးသည့် စီမံကိန်းကြီးမှာ အောင်မြင်ဖို့ လက်တစ်ကမ်းသာ လိုတော့သည်။ သို့သော် မိုးနတ်ကြီးမင်းမှ ပေးသနားလေသော ‘ နတ်ဘုရား၏ ကူညီမှု’ ကြောင့် သူ၏ အိမ်ရှေ့စံရာထူးမှာ ပို၍ပင် ခိုင်မြဲသွားရသည် မဟုတ်လော။

ထိုအချိန်တွင် လူအုပ်ကြားထဲမှ စိတ်လှုပ်ရှားနေဟန် ရသည့် လူအိုကြီး တစ်ယောက်သည် ယိုင်တိုင်တိုင်ဖြင့် ပြေးထွက်လာသည်။ ထိုသူမှာ နက္ခတ်ဗေဒဌာန မှ ကြီးကြပ်ရေးမှူးပင် ဖြစ်သည်။

ထိုအဖိုးကြီးသည် ပုံမှန်အားဖြင့် လမ်းလျှောက်ရာတွင် တောင်ဝှေးကိုသာ အားကိုးပြီး တအိအိ သွားတတ်သူ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ခြေထောက်တွင် ဘီးတပ်ထားသည့်အလား ယဇ်ပလ္လင်အနားသို့ အမြန် ပြေး‌လာသည်။

သူသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ချလိုက်ပြီး ဖြူဆွတ်နေသော မုတ်ဆိတ်များမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေကာ၊ ကဗျာရွတ်နေသကဲ့သို့ အသံအမြင့်ဖြင့် အော်ဟစ်လေတော့၏။

"အရှင်.. အရှင်မင်းမြတ် ၊ ဝမ်းမြောက်စရာ သတင်းကောင်းကြီးပါ... ဒါက 'ရွှေနဂါး ၊ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ကောင်းကင်ဘုံ၏ အမိန့်တော်အတိုင်း ခန့်အပ်ခံရလေပြီ' ဆိုတဲ့ နိမိတ်ပါပဲ"

“ ကျွန်တော်တို့ သာရှမင်းဆက်ဟာ ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ခံယူရရှိခဲ့ပြီ . အိမ်ရှေ့စံမင်းသား... အိမ်ရှေ့စံမင်းသားဟာ တကယ်ကို နဂါးစစ်စစ် လူဝင်စားလာတာပဲ ဖြစ်ရမယ်”

“ ကျွန်တော်တို့ သာရှမင်းဆက်ပြီး ထာဝရ တည်တံ့ခိုင်မြဲပါတော့မယ် အရှင်မင်းမြတ်”

နက္ခဗေဒ ကြီးကြပ်ရေးမှူးသည် ငိုသံပါလေးဖြင့် စကားလုံးတိုင်းကို အားအင်ကုန်သုံးကာ အော်ဟစ်လိုက်သဖြင့် မည်သူမဆို အတိုင်းသား ကြားနေရ၏။

'ရွှေနဂါး ၊ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ကောင်းကင်ဘုံ၏ အမိန့်တော်အတိုင်း ခန့်အပ်ခံရလေပြီ' ဆိုတဲ့ နိမိတ် ဟုတ်လား”

အခန်း(၃၂)

မှူးမတ်များမှာ ထိုစကားများကို ကြားလိုက်ရချိန်တွင် ဦးစွာ အံ့အားသင့်သွားပြီး ထို့နောက် အဆိုပါ စကားလုံးများသည် သူတို့၏ စိတ်နှလုံးသားကို လှုပ်ကိုင်နိုင်ခဲ့ပုံရသည်။

"အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ၊ သာရှမင်းဆက်ကြီးကို ကောင်းကင်ဘုံက စောင့်ရှောက်ပါစေ”

မည်သူက စတင် အော်လိုက်လေသလဲ မသိ၊ ထို့နောက်တွင် ဒိုမီနိုပြားများ ပြိုကျသွားသကဲ့သို့ပင် စင်မြင့်အောက်ရှိ မှူးမတ်အားလုံးတို့သည် ဝုန်းခနဲ့ ဝပ်တွား၍ ဒူးထောက်ကုန်ကြလေသည်။

"အိမ်ရှေ့စံမင်းသား သက်တော်ရာကျော်၊ ထောင်ကျော်၊ သောင်းကျော် ရှည်ပါစေ”

" ကျွန်တော်တို့ သာရှမင်းဆက်ကြီးကို ကောင်းကင်ဘုံ စောင့်ရှောက်ပါစေ၊ တိုင်းပြည်ကြီး ထာဝရ တည်တံ့ပါစေ”

အော်ဟစ်သံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေတော့သည်။ ဤ "ကောင်းကင်ဘုံ၏ အလိုတော်" ကို တစ်လောကလုံး သိစေရန် ကြေညာနေသကဲ့သို့ပင်။

ကျယ်လောင်သော အော်ဟစ်သံများကြားတွင် မလှမ်းမကမ်းမှ လူစုလူဝေးကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"ကျန်းမာရေး ချို့ယွင်း" နေသဖြင့် နန်းဆောင်တွင် အနားယူနေရမည့် ဧကရာဇ်မင်း ရှောင်ယွမ်သည် ယခုအခါတွင် လူအများ၏ တွဲကူမှုဖြင့် ယဇ်ပူဇော်ပွဲ အခမ်းအနားသို့ "ခက်ခက်ခဲခဲ" ရောက်ရှိလာခဲ့သည်။

သူ၏ မျက်နှာမှာ "ဖြူဖပ်" နေသော်လည်း နက်နဲသော မျက်ဝန်းတစ်စုံသည် လူကို နားလည်ရခက်စေသည့် အလင်းများဖြင့် တောက်ပနေကာ ရွှေရောင်အလင်းများဖြင့် လွှမ်းခြုံခံထားရသော ရှောင်ရှန်းကို စိုက်ကြည့်နေသည်။

တောက်ပသော ရွှေရောင်အလင်းတိုင်ကြီးနှင့် စင်မြင့်အောက်တွင် ဝပ်တွားနေကြသော မှုးမတ်အပေါင်းတို့ကို မြင်လိုက်ရချိန်တွင်၊ ဧကရာဇ်မင်း ရှောင်ယွမ်၏ "အားနည်းနေသော" မျက်နှာထက်တွင် နက်နဲသော အပြုံးတစ်ခု လှစ်ဟသွားသည်။

သူသည် လူအများကို ငြိမ်သက်ရန် လက်ကာပြလိုက်ပြီးနောက် ၊ "ဝမ်းသာကြည်နူးမှု" နှင့် "စိတ်လှုပ်ရှားမှု" များ ပါဝင်နေသော လေသံဖြင့် အဖန်ဖန် မိန့်ကြားလေ၏။

"ကောင်းတယ် ၊ ကောင်းလိုက်တဲ့ ငါ့ရဲ့ အိမ်ရှေ့စံမင်းသား၊ ငါ့ရဲ့ အဖိုးတန်သားလေးပဲ…ကောင်းကင်ဘုံက ငါတို့ကို ကောင်းချီးပေးနေသလို ဘိုးဘေးဘီဘင်တွေကလည်း စောင့်ရှောက်ပေးနေတာပဲ….ဟားဟားဟား!"

ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသော ထိုရယ်သံသည် အထူးသဖြင့်... အဓိပ္ပာယ်ရှိပုံရသည်။

လူအုပ်ကြားတွင် ရှိနေသော တတိယမင်းသား ရှောင်ကျင်း၏ အမြဲတမ်း ပြုံးရွှင်နေတတ်သော မျက်နှာမှာ ယခုအခါတွင် လုံးဝ အေးခဲသွားပြီး၊ သွေးရောင်များ ဆုတ်ယုတ်သွားကာ စက္ကူဖြူတစ်ရွက်လိုပင်။

သူသည် ရှောင်ရှန်းကို မကျေနပ်မှု၊ မနာလိုမှုနှင့် နက်နဲသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သူ သိလိုက်သည်။ ဤကိစ္စအပြီးတွင် ရှောင်ရှန်း၏ အိမ်ရှေ့စံရာထူးသည် ပိုပြီး ခိုင်မြဲသွားပြီဖြစ်ကြောင်း၊ မည်သူမှ လှုပ်ခါနိုင်တော့မည် မဟုတ်ပေ။

ဤ "ကောင်းကင်ဘုံ၏ အလိုတော်" ဆိုသည့် စကားလုံး လေးလုံးသည် နန်းလျာရာထူးကို မက်မောနေသူအဖို့ ကျော်ဖြတ်လို့ မရတော့မည့် တောင်ကြီးတစ်တောင်ကဲ့သို့ လူကို ဖိနှိပ်ထားပေတော့မည်။

မင်းသား(၅) ရှောင်ယန်မှာမူ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကာ ချောမောသော မျက်နှာမှာ နီရဲနေပြီး အံတကြိတ်ကြိတ် ဖြစ်နေသည်။

‘သူ နားမလည်နိုင်ဘူး၊ လုံးဝကို နားမလည်နိုင်ဘူး… ဘာလို့လဲ ၊ ဘာလို့ ဒီသကောင့်သားကပဲ အမြဲတမ်း ဒီလို ကံကောင်းမှုတွေ ရနေရတာလဲ…’

‘ မိမိရဲ့ ကြိုးစားအားထုတ်မှုနဲ့ စေတနာအားလုံးက သူ့ရဲ့ ဟိုလျှောက်လုပ် ဒီလျှောက်လုပ်လို့ ရလာတဲ့ ဒီ "နတ်ဘုရားရဲ့ နိမိတ်" နဲ့ ယှဉ်လို့မရဘူးလား … ကောင်းကင်ဘုံကပဲ မျက်စိကန်းနေတာလား’

ထိုမယုံကြည်နိုင်စရာကောင်းသော ရွှေရောင် မင်္ဂလာအလင်းတန်းသည် အချိန်အတော်ကြာအောင် တည်ရှိနေပြီးမှသာလျှင် ဒီရေကျသည့်အလား ဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ယုတ်သွားကာ ကောင်းကင်ယံ၌ ပျောက်ကွယ်သွားတော့၏။

တိမ်မည်းများမှာ ရှိနေဆဲဖြစ်သော်လည်း၊ အက်ကြောင်းကြီးမှာ မမြင်ရသော အမှတ်အသားတစ်ခု ချန်ထားခဲ့သကဲ့သို့ ရှိနေသည်။

ရှောင်ရှန်းသည် စင်မြင့်ပေါ်တွင် ရပ်နေပြီး၊ ထိုအလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် သူ၏ခန္ဓာကိုယ်သည် သိမ်မွေ့ပြီး ဖော်ပြ၍မရသော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

"ကိုယ့်သေတွင်းကို တူးမည့်’ စီမံကိန်းကို အကောင်အထည်ဖော်ရင်းဖြင့် ပင်ပန်းနေသော စိတ်မှာလည်း ယခုအခါတွင် ကြည်လင်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသကဲ့သို့ပင်။

သို့သော် ဤအကျိုးကျေးဇူးလေးက သူ၏ ရင်ထဲကနေ ဆို့တက်လာသော စိတ်ပျက်အားငယ်မှုကိုတော့ မချေဖျက်နိုင်ခဲ့ပေ။

သူ့ဘေးနားက မှုးမတ်များ၊ စစ်သည်များ၊ နန်းတွင်းသူများနှင့် မိန်းမစိုးအားလုံးက သူ့ကို အရူးအမူး ကိုးကွယ်ဆည်းကပ်နေကြပြီး ကြောက်ရွံ့ရိုသေမှုများဖြင့် စိုက်ကြည့်နေကြသည်ကို သူ မြင်နေရသည်။

သူတို့သည် လမ်းလျှောက်နေသော မင်္ဂလာနိမိတ်ကြီးတစ်ခုကို ကြည့်နေသကဲ့သို့ပင်။

ရှောင်ရှန်းတစ်ယောက် ရင်ထဲမှာတော့

အော်ဟစ်ငိုကြွေးနေလေ၏။

‘ ဟင့်အင်း…အဲလို မလုပ်ကြနဲ့လေ၊ ငါက မင်္ဂလာနိမိတ် မဟုတ်ဘူး.. ငါက အသုံးမကျတဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်တာလေ’

‘ ဒီအိမ်ရှေ့စံရာထူးက ငါ့ကိုယ်ပေါ်မှာ ကော်နဲ့ ကပ်ထားတာလား၊ ဒါမှမဟုတ် ရဟန္တာ (၁၈) ပါးက ဝိုင်းပြီး အစောင့်အရှောက် လုပ်ပေးထားတာလား ၊ ဘာလို့ အမြဲတမ်း ခွာချလို့ မရရတာလဲ'

နက္ခတ်ဗေဒ ကြီးကြပ်ရေးမှူးသည် တုန်တုန်ယင်ယင်ဖြင့် မြေပြင်မှ ထလိုက်ပြီး နန်းတွင်းသူများ၏ တွဲကူမှုဖြင့် သူ၏ အဝတ်အစားများကို ပြန်လည် ပြင်ဆင်လိုက်သည်။

သူ ထလိုက်သော ခဏတွင် သူ၏ မှုန်ဝါးနေသော မျက်လုံးများဖြင့် ရှောင်ရှန်းကို တိတ်တဆိတ် တစ်ချက် လှမ်းကြည့်လိုက်၏။

ထိုအကြည့်မှာ အခြားသူများအတွက် သာမန်အကြည့်တစ်ချက်သာ ဖြစ်နိုင်သော်လည်း ၊ ရှောင်ရှန်းသည် ထိုအကြည့်ထဲမှ ခဏတာ ဖြတ်သန်းသွားသော ရှုပ်ထွေးသည့် အဓိပ္ပာယ်ကို ဖမ်းဆီးရမိလိုက်သည်။

ဤသည်မှာ ရိုးရှင်းသော စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုမျှသာ မဟုတ်ဘဲ တစ်ခုခုကို အကဲခတ်နေသကဲ့သို့ပင်။

ကြည့်ရတာ သူ တစ်ခုခုကို သိနေသလိုပဲ…

ရှောင်ရှန်း၏ ရင်ခုန်သံမှာ မြန်ဆန်လာပြီး ခြေဖျားလက်ဖျားများ အေးစက်လာတော့၏။

‘ဒီအဖိုးကြီးက... တစ်ခုခုကို ရိပ်မိသွားတာလား၊ ဧကရာဇ်မင်းရဲ့ တကယ့် ရည်ရွယ်ချက်ကရော ဘာလဲ…’

‘ ဒီရုတ်တရက် ရောက်လာတဲ့ "မင်္ဂလာနိမိတ်" က တကယ်ပဲ သူ ကံကောင်းလွန်းလို့လား၊ ဒါမှမဟုတ်... ဒီနောက်ကွယ်မှာ တခြား လျှို့ဝှက်ချက်တွေ ရှိနေတာလား’

‘ သူ့လို "ငပျင်းတစ်ယောက်ရဲ့ ကံတရား" က တကယ်ပဲ ကောင်းကင်ဘုံကတောင် ဆင်းလာပြီး သူ့ရဲ့ "ရာထူးကို ခိုင်မြဲအောင်" လုပ်ပေးရတဲ့အထိ ဖြစ်နေပြီလား’

မေးခွန်းပေါင်းများစွာသည် ဒီရေအလား ရှောင်ရှန်း၏ စိတ်ထဲသို့ တိုးဝင်လာပြီး၊ စောနလေးတင်မှ အနိမ့်အမြင့် အတက်အကျ ကြုံခဲ့ရသော သူ၏ နှလုံးသားမှာ ထပ်မံ၍ မြန်ဆန်လာတော့၏။

All Chapters