အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း (၃၃) - ငါးဆားနယ်တစ်ကောင်လို လှဲရင်း လောကကြီးကို ဉာဏ်ဖြင့် ဆင်ခြင်ခြင်း
ပူဇော်ပွဲအခမ်းအနားတွင် ဖြစ်ပေါ်ခဲ့သော ကောင်းချီးမင်္ဂလာရှိသော ရွှေရောင်အလင်းတန်းများသည် ‘ နန်းချခံရဖို့’ တောင့်တနေသော ရှောင်ရှန်း၏ ပါးကို ဖြန်းခနဲ ရိုက်လိုက်သလိုပင်။
‘ သွားပြီ၊ အားလုံး သွားပြီ…’
‘သူ ရှောင်ရှန်းက အိမ်ရှေ့စံဘဝနဲ့တင် အရိုးထုတ်ရတော့မှာလား ..’
နက္ခတ်ဗေဒ ကြီးကြပ်ရေးမှုး၏ အဓိပ္ပာယ်ပါသော အကြည့်သည် သူ့ခေါင်းထဲတွင် တစ္ဆေတစ်ကောင်လို စွဲကပ်နေပင်။
ခမည်းတော်၏ "ကျေနပ်အားရ" နေသော အပြုံးကိုလည်း ပြန်တွေးလိုက်တိုင်း သူ ကျောချမ်းသွားမိသည်။
ဤနောက်ကွယ်တွင် မည်သို့သော ကြီးမားသည့် အစီအစဉ်များ ရှိနေလေသနည်း။ သူ၏ "ငပျင်းတစ်ယောက်၏ ကံတရား" သည် တစ်စုံတစ်ယောက်၏ စနစ်တကျ ကြံစည်ထားမှုအောက်တွင် ရှိနေလေသလော။
မစဉ်းစားတတ်တော့ဘူး လုံးဝကို မစဉ်းစားတတ်တော့ဘူး…
ရှောင်ရှန်းတစ်ယောက် ဘဝကြီးကို လက်လျှော့ထားသကဲ့သို့ တစ်ကိုယ်လုံး ခွေခေါက်နေကာ ၊ ယခင်ကထက်ပင် ပိုဆိုးရွားသော သူ၏ ပျင်းရိသော အကျင့်ဟောင်းများအဖြစ်သို့ ပြန်သွားလေတော့၏။
အရှေ့နန်းဆောင်ထဲတွင် သူသည် နေ့တိုင်း ပြတင်းပေါက်နားက ကုလားထိုင်ပေါ်မှာ မှီရင်း ခြံထဲက သစ်ပင်အိုကြီးကိုသာ ငေးကြည့်နေတတ်သည်။ သို့မဟုတ် စောင်ပုံထဲတွင် ခေါင်းမြှုပ်ကာ နေမွန်းတည့်ချိန်အထိ အိပ်နေတတ်၏။
ရှောင်သယ့်ဇီ ယူလာပေးသော အရသာရှိသည့် စားသောက်ဖွယ်ရာများသည် အေးစက်သွားသည့်အထိ မထဘဲ အချိန်အတော်ကြာမှ ပျင်းတိပျင်းရွဲနဲ့ ထစားလေသည်။
"အရှင့်သား... အစီရင်ခံစာလေးတွေတော့ ကြည့်ပါဦး ၊ ဒီနေ့လည်း အရာရှိတွေက လာတွေ့ဖို့ တောင်းဆိုနေကြတယ်..."
ရှောင်သယ့်ဇီမှာ စေတနာဖြင့်
တိုက်တွန်းရှာသည်။
ရှောင်ရှန်းသည် မျက်တောင်တချက်မှ မခတ် ပျင်းရိစွာဖြင့် ဗလုံးဗထွေး ပြောလိုက်သည်။
"မတွေ့ဘူး၊ မတွေ့ဘူး.. ငါကိုယ်တော် ကိုယ်ကျင့်တရားကို ပြုပြင်ပြီး ကောင်းကင်လမ်းစဉ်ကို နားလည်အောင် ဆင်ခြင်ရဦးမယ် ဘယ်သူမှ လာမရှုပ်ကြနဲ့"
ဘယ်ကလာ ကောင်းကင်လမ်းစဉ်ကို နားလည်အောင် ဆင်ခြင်ရမှာတုန်း၊ လူတိုင်း သူ့အပေါ်ကို မျှော်လင့်ချက် ကုန်သွားအောင် လုပ်နေတာပဲ..
သို့သော် ထူးဆန်းမှုသည် ဤနေရာမှာတင် စတင်လေတော့၏။
သူသည် ဘာကိုမှ မစဉ်းစားဘဲ "လှဲနေရခြင်းသည် တကယ့်ကို သက်တောင့်သက်သာ ရှိပေ၏" ဆိုသည့် အတွေးတစ်ခုတည်းနှင့် စိတ်ကို လွှတ်ထားချိန်မှာတော့ ကမ္ဘာကြီးတစ်ခုလုံးသည် ယခင်ကနှင့် မတူဘဲ ပြောင်းလဲသွားသလိုမျိုး သူ ခံစားလိုက်ရသည်။
နေလည်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်ကနေတစ်ဆင့် သူ့ကိုယ်ပေါ် သို့ ကျရောက်နေသည်မှာ နွေးထွေးလှပေသည်။ သူ၏ မျက်လုံးများကို မှိတ်ထားချိန်မှာပင် လေထဲတွင် ဝဲပျံနေသော ဖုန်မှုန့်လေးများကို ကြည့်ရင်း သူ့ဦးနှောက်ထဲတွင် ထူးဆန်းသော ပုံစံလေးများ ဖြစ်ပေါ်လာလေ၏။
၎င်းတို့သည် ကွေးကောက်နေသော မှော်သင်္ကေတများကဲ့သို့ သို့မဟုတ် စကြဝဠာထဲက ပတ်လမ်းကြောင်းများကဲ့သို့ပင်။
ယခင်က သူ နားမလည်ခဲ့သော အကြောင်းအရာအချို့မှာလည်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ နားလည်လာခဲ့ပြန်သည်။
ဥပမာအားဖြင့် လေသည် အဘယ့်ကြောင့် တိုက်ခတ်သနည်း။ ရေသည် အဘယ့်ကြောင့် စီးဆင်းသနည်း။၊ ပန်းများသည် အဘယ့်ကြောင့် ဖူးပွင့်ကာ ကြွေလွင့်ရပြန်သနည်း။ တိမ်တိုက်များသည် အဘယ့်ကြောင့် လွင့်မျောနေသနည်း။
ယခင်က သူ လုံးဝ စိတ်မဝင်စားခဲ့သော ဤမေးခွန်းများသည် ယခုအခါမှာတော့ အကြမ်းဖျင်း အဖြေတစ်ခု ရရှိလာသလိုပင်။
သူ မသိခဲ့သည်မှာ ပူဇော်ပွဲနေ့က ကျဆင်းလာခဲ့သော ကောင်းချီးမင်္ဂလာ ရွှေရောင်အလင်းတန်းများသည် အလကားမဟုတ်ဘဲ သူ့ကိုယ်ထဲတွင် အိပ်ပျော်နေခဲ့သော အစွမ်းအစအချို့ကို အသက်သွင်းလိုက်ခြင်းပင် ဖြစ်သည်။
ဘာကိုမှ မလိုချင်ဘဲ လွှတ်ချထားသည့် သူ၏ ငါးဆားနယ် ဘဝမှ မမျှော်လင့်ဘဲ စကြဝဠာ၏ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော နိယာမအချို့နှင့် တိုက်တိုက်ဆိုင်ဆိုင် သွားပြီး ကိုက်ညီနေခဲ့၏။
သူ၏ စိတ်စွမ်းအားများသည် သူကိုယ်တိုင်တောင် သတိမထားမိဘဲ "ပျင်းရိသော" စိတ်နှလုံးသားကို အားဖြည့်ပေးနေသည့် ချောင်းလေးတစ်ခုလို တဖြည်းဖြည်း တိုးပွားလာနေခဲ့သည်။
ရှောင်ရှန်းသည် "ပျင်းရိခြင်းဖြင့် ဉာဏ်အလင်းပွင့်ခြင်း" ၏ အံ့ဩဖွယ်ရာ အခြေအနေအောက်တွင် အပြည့်အဝ နှစ်မြှုပ်နေချိန်တွင် ၊ နန်းတော်၏ အတွင်းပိုင်းထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းမိုးနေလေ၏။
ပူဇော်ပွဲပြီးကတည်းက ဧကရာဇ်မင်း ရှောင်ယွမ်၏ ကျန်းမာရေးသည် ကောင်းကင်ဘုံမှ ကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့သော်လည်း ကောင်းမွန်မလာသည့် အပြင် ပိုပြီး ဆိုးရွားလာခဲ့သည်။
"အဟွတ်... အဟွတ်ဟွတ်ဟွတ်..."
ချန်ချင်းနန်းတော်အတွင်း၌ ဧကရာဇ်မင်း ရှောင်ယွမ်၏ ချောင်းဆိုးသံသည် ပို၍ ပြင်းထန်လာ၏။ ယခင်က နီမြန်းစိုပြည်နေခဲ့သော မျက်နှာသည် ယခုတော့ ညှိုးနွမ်းနေပြီး အသက်ရှုသံမှာလည်း အားနည်းနေခဲ့သည်။
နန်းတွင်းသမားတော်များမှာလည်း ဝင်လိုက်ထွက်လိုက်ဖြင့် ဖုတ်ပူမီးတိုက် ဖြစ်နေကာ ဆေးနည်းပေါင်းစုံဖြင့် စမ်းသပ်ကြသော်လည်း ဘာမှ ထူးခြားမလာပေ။
"အသုံးမကျတဲ့ အကောင်တွေ"
ဧကရာဇ်မင်း ရှောင်ယွမ်သည် ဆေးပန်းကန်ကို ကြမ်းပြင်ပေါ် သို့ ရိုက်ခွဲပစ်လိုက်သည်။
" မင်းတို့ကောင်တွေ ဘာအသုံးကျတုန်း၊ သာမန် အအေးမိတာလေးကိုတောင် မကုနိုင်ကြဘူးလား”
သမားတော်များမှာ မြေပြင်တွင် ဝပ်တွားလျက် ကြောက်လန့်မှုကြောင့် ခေါင်းတောင် မဖော်ရဲကြချေ။
အမတ်ချုပ် လင်းပေါ်ရုံနဲ့ စစ်သေနာပတိချုပ် ချင်ချန်းတို့ ရောက်ရှိလာချိန်တွင် ခုတင်ပေါ်တွင် မကျန်းမမာ ဖြစ်နေသော ဧကရာဇ်မင်းကို ကြည့်ပြီး သူတို့၏ရင်ထဲတွင် လေးလံသွားကြသည်။
"အရှင်မင်းကြီး၊ ကျန်းမာရေးကို ဂရုစိုက်တော်မူပါ”
လင်းပေါ်ရုံက မျက်ရည်များဖြင့် လျှောက်တင်လေသည်။
ဧကရာဇ်မင်း ရှောင်ယွမ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ကာပြလိုက်သည်။ သူ၏ အသံမှာ အားနည်းနေသော်လည်း ဩဇာအာဏာ အပြည့် ရှိနေဆဲပင်။
"ငါ့အမိန့်ကို ထုတ်ပြန်လိုက်...... နန်းတွင်းကြေညာချက် ထုတ်ပြီး လောကမှာရှိတဲ့ သမားတော်တွေကို ရှာခိုင်း၊ ဘယ်သူပဲဖြစ်ဖြစ် ငါ့ရောဂါကို ပျောက်အောင် ကုနိုင်ရင် ရွှေဒင်္ဂါး တစ်သောင်း ဆုချမယ်…မြို့စားအဆင့်အထိ ချီးမြှင့်မယ်”
"အရှင်မင်းကြီး၊ မဖြစ်ဘူး!"
လင်းပေါ်ရုံမှာ လန့်ဖျပ်သွားသည် ။
"ဒီလို ကြေညာလိုက်ရင် အရှင့်ရဲ့ ကျန်းမာရေး အခြေအနေကို တစ်လောကလုံး သိသွားပါလိမ့်မယ်၊ ရန်သူတွေသာ ဒါကို အခွင့်ကောင်းယူလာရင် တိုင်းပြည် တစ်ခုလုံး မငြိမ်မသက် ဖြစ်သွားနိုင်ပါတယ”
"ဘာမှမဖြစ်ဘူး”
ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်ဝန်းထဲတွင် အလင်းတစ်ခု လှစ်ခနဲ့ ပြေးဖြတ်သွားသည်။
"ငါကိုယ်တော် ကြည့်ချင်သေးတယ်၊ ငါ ကျန်းမာရေး မကောင်းတဲ့အချိန်မှာ ဘယ်ကောင်တွေက ငါ့အသက်ကို ရန်ရှာဖို့ ကြိုးစားကြမလဲဆိုတာ ကြည့်ချင်သေးတယ်”
အခန်း(၃၄)
အမိန့်တော် ထွက်လာသည်နှင့် တည်ငြိမ်နေသော ရေပြင်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင် သာ့ရှမင်းဆက်၏ တိုင်းပြည်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေတော့၏။
"ရွှေဒင်္ဂါး တစ်သောင်းနဲ့ မြို့စားရာထူး" ဆိုသည့် စကားလုံးများက လူတိုင်းကို ဆွဲဆောင်နေခဲ့သည်။
တစ်ခဏချင်းမှာပင် မြို့တွင်းမြို့ပြင်၌ လှုပ်ရှားမှု အမျိုးမျိုး ရှိလာခဲ့သည်။ အမှန်တကယ် ကုသပေးလိုသော သမားတော်များ ရှိသလို၊ ငွေမက်သော လူလိမ်များလည်း ရှိပေ၏။
တစ်ဖက်မှာလည်း အင်အားစုအမျိုးမျိုးက သူတို့၏လူများကို နန်းတွင်းထဲ ထည့်သွင်းနိုင်ရန် သမားတော် အယောင်ဆောင်ကာ အခွင့်အရေး ရှာဖွေခဲ့ကြသည်။
မြို့တောင်ပိုင်းရှိ သာမန်တည်းခိုခန်းလေးတစ်ခုတွင်။
စိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် ပြတင်းပေါက်နားတွင် ထိုင်နေ၏။
သူမ၏ ရုပ်ရည်သည် လှပကြော့ရှင်းသော်လည်း သူမ၏ မျက်ဝန်းများသည် သူမ၏အသက်အရွယ်ထက် ကျော်လွန်သော တည်ငြိမ်မှုကို ပေးစွမ်းနေခဲ့သည်။
ထိုအမျိုးသမီးလေးမှာ စူးဝမ်ချင်သာပင်။
ပြတင်းပေါက်အပြင်ဘက်တွင် မကြာသေးမီက နံရံပေါ်တွင် ချိတ်ဆွဲထားသော ဧကရာဇ်အမိန့်တော်ကို လက်ညှိုးထိုးကာ ဆူညံစွာ ဆွေးနွေးနေကြသည်။
"ကြားပြီးပြီလား၊ ဧကရာဇ်မင်းမြတ်ရဲ့ အခြေအနေ မကောင်းဘူးတဲ့၊ နန်းတွင်းသမားတော်တွေတောင် လက်လျှော့နေရပြီ”
"ဟူး... ရွှေဒင်္ဂါး တစ်သောင်းနဲ့ မြို့စားရာထူးတဲ့၊ ဒါကို ကုနိုင်ရင်တော့ တစ်သက်လုံး ထိုင်စားလို့ ရပြီ”
စူးဝမ်ချင်သည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ၊ မလှမ်းမကမ်းက ကြေညာချက်ကို ကြည့်ရင်း သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းထဲတွင် အတွေးတစ်ခု ပြေးဖြတ်သွားသည်။
သူမသည် ဂိုဏ်းနှင့်ပတ်သက်သည့် ကိစ္စဟောင်းတစ်ခုကို စုံစမ်းစစ်ဆေးရန် မြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်ပြီး၊ သို့သော် ဧကရာဇ်မင်း၏ ကျန်းမာရေးကြောင့် သမားတော်ရှာသည့် ကြေညာချက်ကို တွေ့ရှိရလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
ဤသည်မှာ သူမ စောင့်နေသော အခွင့်အရေး တစ်ခု ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာပင် မင်းသား(၃) နှင့် မင်းသား(၅)၏ အိမ်တော်များတွင်လည်း
အတော်လေး အလုပ်များနေကြသည်။
"စုံစမ်းစမ်း၊ ခမည်းတော်က တကယ်ပဲ ဘာရောဂါ ဖြစ်နေတာလဲ နန်းတွင်းက အသုံးမကျတဲ့ ကောင်တွေက တကယ်ပဲ ဘာမှ မတတ်နိုင်ကြဘူးလား”
မင်းသား(၃) ရှောင်ကျင်း၏ မျက်နှာမှာ အတော်လေး တင်းမာနေ၏။
ထိုစဉ် အကြံပေးတစ်ယောက်က လျှောက်တင်လေသည်။
"အရှင့်သား ၊ နန်းတွင်းမှာရှိတဲ့ ကျွန်တော်တို့လူတွေ ပြောတာတော့ ဧကရာဇ်မင်းရဲ့ သွေးခုန်နှုန်းက တကယ်ပဲ ကမောက်ကမ ဖြစ်နေတာတဲ့၊ ဟန်ဆောင်နေတာ မဟုတ်လောက်ဘူး"
"ဟမ်၊"
ရှောင်ကျင်းက အေးစက်စွာ ရယ်မောလိုက်သည်။
"အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် ဒါက အခွင့်အရေးပဲ…ဝမ်သမားတော်ကို အဆင်သင့်ပြင်ခိုင်းထား၊ ငါကိုယ်တော် ကိုယ်တိုင် ခမည်းတော်ဆီကို ညွှန်းပေးမယ်”
ဝမ်သမားတော် ဆိုသည်မှာ နာမည်ကျော် သမားတော်အိုကြီး တစ်ယောက်ဖြစ်ပြီး ၊ ရှောင်ကျင်း၏ လူတစ်ယောက်လည်း ဖြစ်သည်။
မင်းသား(၅)၏ အိမ်တော်တွင်။
ရှောင်ယန်သည် စာကြည့်ခန်းထဲတွင် ဟိုလျှောက်ဒီလျှောက်ဖြင့် စိတ်မငြိမ်မသက် ဖြစ်လို့နေလေ၏။
"ခမည်းတော်က ဘာလို့ ရုတ်တရက် နေမကောင်း ဖြစ်ရတာလဲ၊ ကုလို့မရဘူးလား…မဖြစ်ဘူး ငါကိုယ်တော် နန်းတွင်းထဲ သွားကြည့်မှ ဖြစ်မယ်"
သူ၏ အကြံပေးများက တားဆီးလိုက်ကြသည်။
"အရှင့်သား စိတ်အေးအေးထားပါ၊ အခုအချိန်မှာ နန်းတွင်းက လုံခြုံရေး အရမ်းတင်းကျပ်နေတယ်..အရှင့်သား သွားလိုက်ရင် ဧကရာဇ်မင်းက သံသယ ဝင်သွားနိုင်တယ် “
“ မင်းသား(၃) လုပ်သလိုပဲ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ သမားတော်တစ်ယောက်ကို ညွှန်းပေးတာက ပိုကောငိးလိမ့်မယ်”
ရှောင်ယန်တစ်ယောက် စိတ်ပျက်လက်ပျက် ခေါင်းကုတ်လိုက်သည်။
"သမားတော် ၊ ငါကိုယ်တော်က ဘယ်က သမားတော်ကို သိမှာလဲ… ငါ သိတာဆိုလို့ ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာပဲ ၊ ဘယ်သူက စာပေတွေနဲ့ ဆေးမြီးတိုတွေအကြောင်း စိတ်ဝင်စားမှာတုန်း”
ထိုသတင်းကို ကြားပြီးနောက် အင်အားစုအသီးသီးသည် ကိုယ်စီကိုယ်စီ လှုပ်ရှားလာကြပြီး၊ တစ်မြို့လုံး ထို ကြေညာချက်ကြောင့် တုန်လှုပ်နေကြသည်။
သို့သော် ဤအရာအားလုံး၏ လှုံ့ဆော်သူတစ်ဦးဖြစ်သည့် အိမ်ရှေ့စံမင်းသား ရှောင်ရှန်းကတော့ ဘာမှမသိဘဲ အရှေ့နန်းဆောင်မှာပင် “ငပျင်းတစ်ယောက်လို လှဲနေရင်း" သာသာယာယာ ရှိနေဆဲပင်။
ရှောင်သယ့်ဇီက ဧကရာဇ်မင်း၏ ကျန်းမာရေး အခြေအနေမကောင်းကြောင်း နှင့် သမားတော် ရှာဖွေနေသည့် အကြောင်းကို စိုးရိမ်တကြီး လာပြောပြရှာသည်။
ရှောင်ရှန်းကတော့ ကုလားထိုင်ပေါ်ကနေ မထ ၊ လေးလံသော မျက်ခွံများကို မနည်းပင့်လိုက်ရင်း သမ်းဝေလိုက်သည်။
"အော်... ခမည်းတော် နေမကောင်းဘူးလား... သိပြီ”
ထို့နောက် အခြားတစ်ဘက်သို့ လှည့်ကာ ဆက်အိပ်နေပြန်၏။ သို့သော် ပြန်အိပ်ပျော်ခါနီးမှာပင် သူ၏ "ပျင်းရိနေသော" ဦးနှောက်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်။
"ခမည်းတော် နေမကောင်းဘူးလား၊ ဟေး... ဒါက ကောင်းတာပဲ၊ ငါက 'ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့' အိမ်ရှေ့စံဆိုတော့ ခမည်းတော်ကို ကူညီပြီး တိုင်းပြည်အရေးတွေကို ခဏလောက် တာဝန်ယူပေးလိုက်ရင်...... မဟုတ်ဘူး၊ မဟုတ်ဘူး ၊ ဘာတွေ လျှောက်တွေးနေတာလဲ”
ရှောင်ရှန်းက ဝုန်းခနဲ ကောက်ထိုင်လိုက်ပြီး သူ့ပါးစပ်သူ ပြန်ပုတ်လိုက်သည်။
"ခမည်းတော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အမြန်ဆုံး သက်သာစေဖို့၊ သူ့ကျန်းမာရေး ပြန်ကောင်းလာစေဖို့ ငါက ကူညီပေးရမယ်၊ အဲ့လိုမှသာ...... ငါလည်း ဆက်ပြီး ငပျင်းတစ်ကောင် လုပ်လို့ရမှာ၊ အင်း... အဲဒါပဲ ဖြစ်ရမယ်”
ထိုသို့ တွေးလေလေ ဟုတ်လေလေဟု ထင်မှတ်လာပြီး ၊ သူ၏နှုတ်ခမ်းဖျားတွင် မသိမသာသော အပြုံးလေးတစ်ခု လှစ်ဟသွားလေတော့၏။