အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅) - မိန်းမလှလေး ကြေညာချက်ကို ဖြုတ်ကာ နန်းတွင်းသို့ ဝင်ရောက်ခြင်း
ရှောင်ရှန်းကတော့ ဖခင်ဧကရာဇ်မင်းကြီး အမြန်ဆုံး နေကောင်းလာဖို့သာ ဆုတောင်းနေလေ၏။ ထိုမှသာ သူ၏ ပျင်းရိခြင်း မဟာစီမံကိန်းကြီးကို အေးအေးလူလူဖြင့် ဆက်ပြီး အကောင်အထည်ဖော်နိုင်မည် မဟုတ်လော။
နန်းတွင်းကြေညာချက် ထုတ်ပြန်ခဲ့သည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီ ဖြစ်ရာ၊ မိမိကိုယ်ကိုယ် ဆေးပညာတွင် ကျွမ်းကျင်သည်ဟု ကြွေးကြော်သူများစွာ ရောက်ရှိလာကြသည်။
မြို့တော်ရှိ ဆေးခန်းကြီးများမှ သမားတော်များသာမက လောကအနှံ့ လှည့်လည်ကုသနေသော နယ်လှည့်သမားတော်များပါ နန်းတော်တံခါးဝသို့ စုပြုံရောက်ရှိလာပြီး ကံစမ်းလိုကြသည်။
နန်းတွင်းသမားတော်ကြီးများမှာ မူလကတည်းက အလုပ်ရှုပ်ကြပြီး၊ ယခု ရောက်ရှိလာသော သမားတော်များကိုပါ ထပ်မံ စစ်ဆေးနေရသဖြင့် မျက်ကွင်းများပင် ညိုမည်းနေလေ၏။
သို့သော် မည်သူမျှ ထိရောက်သော ဆေးနည်းကို မထုတ်ဖော်နိုင်ကြဘဲ ဧကရာဇ်မင်း၏ အခြေအနေမှာ ဆောင်းဦးပေါက် သစ်ရွက်ခြောက်များကဲ့သို့ တစ်နေ့ထက်တစ်နေ့ ပို၍ ညှိုးနွမ်းလာခဲ့သည်။
မြို့တော်တစ်ခုလုံး စိုးရိမ်ပူပန်နေပြီး နန်းတွင်းသမားတော်များ လက်မှိုင်ချနေချိန်တွင်၊
တစ်နေ့၌ ကျူးချွဲလမ်းမကြီး၏ အထင်ရှားဆုံးနေရာတွင် ချိတ်ဆွဲထားသော ကြေညာချက်ရှေ့တွင် အခြားမည်သည့်ပုံရိပ်နှင့်မျှ မတူသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ထိုသူမှာ စိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ သူမသည် ဆံပင်ကို ရိုးရှင်းစွာ ထုံးဖွဲ့ထားပြီး ဆံနွယ်အချို့မှာ ပါးပြင်ဘေးတွင် တွဲလောင်းကျနေသည်။
သူမ၏ မျက်နှာကို အဖြူရောင် ပုဝါပါးလေးဖြင့် ဖုံးအုပ်ထားသောကြောင့် ရုပ်ရည်အစစ်အမှန်ကို မမြင်ရသော်လည်း၊
လှစ်ဟနေသော သူမ၏ မျက်ဝန်းများမှာ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်တောက်ပလှပြီး ဤဆူညံလှသော သေမျိူးလောကနှင့် မသက်ဆိုင်သည့် အေးချမ်းမှုမျိုး ရှိနေသည်။
သူမသည် ကြေညာချက်ရှေ့တွင် ရပ်တန့်ကာ၊ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော စာသားများကို သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် အသာအယာ ထိတွေ့လိုက်သည်။
"ရွှေဒင်္ဂါး တစ်သောင်းနှင့် မြို့စားရာထူး" ဆိုသော စာသားပေါ်တွင် ခဏမျှ အကြည့်ရပ်သွားပြီးနောက်၊ ဘေးပတ်ဝန်းကျင်မှ အံ့ဩနေသော အကြည့်များကြားမှာပင် ထိုကြေညာချက်ကို အေးအေးဆေးဆေး ဖြုတ်ယူလိုက်သည်။
“ အမ်—"
လူအုပ်ကြီးထဲမှ ဆူညံသံများနှင့် တီးတိုးသံများ ထွက်ပေါ်လာသည်။
"ဒီမိန်းကလေးက ဘယ်သူလဲ၊ သတ္တိကတော့ အတော်ရှိတာပဲ”
"နန်းတွင်းကြေညာချက်ကို ဖြုတ်တယ်ဆိုတာ ဧကရာဇ်မင်းကို ကုသပေးရမှာလေ၊ သူမက တကယ်ရော တတ်လို့လား”
"ကြည့်ရတာ ငယ်ငယ်လေးရှိသေးတာ၊ ဘာမှမသိဘဲ ကံစမ်းကြည့်တာများလား”
ကြေညာချက်အနားတွင် စောင့်ကြပ်နေသော နန်းတွင်းစစ်သည်များမှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် လှံရှည်များကို ကိုင်ကာ ချက်ချင်း ဝိုင်းလိုက်ကြသည်။
ခေါင်းဆောင်တပ်မှူးက အော်ဟစ်မေးမြန်းလိုက်သည်။
"ဘယ်သူက ဒီမှာ လာရှုပ်နေတာလဲ…ဒီကြေညာချက်ကို ဖြုတ်တာ ဘာကို ဆိုလိုတယ်ဆိုတာ သိရဲ့လား”
ထိုအမျိုးသမီးမှာ စစ်သည်များ၏ စစ်ဆေးမှုကို ခံနေရသော်လည်း တုန်လှုပ်ခြင်း မရှိပေ။
"ကျွန်မက စူးဝမ်ချင်ပါ ၊ ဆေးပညာအရာမှာ တတ်မြောက်ထားတာလေး ရှိလို့ အရှင်မင်းကြီးရဲ့ ဝေဒနာကို ကုသပေးချင်ပါတယ်”
"မင်းကလား”
ခေါင်းဆောင်တပ်မှူးက သူမကို အကဲခတ်ကြည့်လိုက်သည်။
"မိန်းကလေး၊ ဒါက ကစားစရာ မဟုတ်ဘူးနော်.. တကယ်လို့ မကုသနိုင်ဘဲ ဧကရာဇ်မင်းကို သွားနှောင့်ယှက်မိရင် ခေါင်းပြတ်သွားနိုင်တယ်”
စူးဝမ်ချင်က ခေါင်းအသာညိတ်ကာ အင်္ကျီလက်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြသလိုက်သည်။
ထိုကျောက်စိမ်းပြားပေါ်တွင် အသက်ဝင်လှသော ဆေးဘက်ဝင် အပင်ပုံလေးကို ထွင်းထုထားပြီး ဆေးနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။
သူမသည် ထိုကျောက်စိမ်းပြားကို ကမ်းပေးရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဒါက သက်သေပါပဲ၊ ကျွန်မက ဆေးဘုရင်ချိုင့်ဝှမ်းက လာတာပါ…ကျွန်မတို့ဆီမှာ ကုရခက်တဲ့ ရောဂါဆန်းတွေကို ကုသနိုင်တဲ့ လျှို့ဝှက်နည်းလမ်းတွေ ရှိပါတယ်"
"ဆေးဘုရင်ချိုင့်ဝှမ်း”
ထိုစကားကို ကြားလိုက်ရချိန်တွင် ခေါင်းဆောင်တပ်မှူး မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး၊ အထင်သေးမှုနှင့် သံသယများ ပျောက်ကွယ်ကာ အရိုအသေပြုလေတော့၏။
ဆေးဘုရင်ချိုင့်ဝှမ်း၏ နာမည်မှာ သာမန်အရပ်သားများ အနေဖြင့် မသိကြသော်လည်း အထက်တန်းလွှာများနှင့် ဆေးပညာလောကတွင် နတ်ဘုရားသဖွယ် ကျော်ကြားလှသည်။
ထိုချိုင့်ဝှမ်းမှ တပည့်များသည် သေသူကိုပင် အသက်ပြန်ရှင်စေနိုင်သည့် နတ်ဘုရားကဲ့သို့သော ဆေးပညာစွမ်းရည်များရှိသည်ဟု ဒဏ္ဍာရီများက ဆိုသည်။ သို့သော် သူတို့သည် ခြေရာဖျောက်နေတတ်သဖြင့် လောကထဲတွင် တွေ့ရခဲလှသည်။
"လတ်စသတ်တော့ ဆေးဘုရင်ချိုင့်ဝှမ်းက ပညာရှင် ဖြစ်နေတာကိုး၊ ပြစ်မှားမိတာ ခွင့်လွှတ်ပါ”
ခေါင်းဆောင်တပ်မှူးက ချက်ချင်းပင် အရိုအသေပေးလိုက်ပြီး ။
"ကြွပါ ၊ ကျွန်တော်ကိုယ်တိုင် နန်းတွင်းထဲကို ခေါ်သွားပြီး နန်းတွင်းသမားတော်ချုပ်ကြီးနဲ့ တွေ့ပေးပါ့မယ်”
စူးဝမ်ချင်သည် စစ်သည်များ၏ ဦးဆောင်မှုဖြင့် နန်းတွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ နန်းတော်၏ ခန့်ညားထည်ဝါမှုနှင့် တင်းမာလှသော အရှိန်အဝါများက သူမကို တုန်လှုပ်စေခြင်း မရှိခဲ့ပေ။
သူမကို ဦးစွာ နန်းတွင်းသမားတော်ဆောင်သို့ ခေါ်ဆောင်သွားပြီး သမားတော်ချုပ်ကိုယ်တိုင် အကဲဖြတ်ခဲ့သည်။
သမားတော်ချုပ်ကြီးမှာ အသက် (၆၀) ကျော် အဘိုးအိုတစ်ဦးဖြစ်ပြီး ၊ သူသည် ငယ်ရွယ်သေးသော စူးဝမ်ချင်ကို မြင်လိုက်ရချိန်တွင် အစပိုင်းတွင် အထင်သေးမိသည်။
သို့သော် စူးဝမ်ချင်းသည် ဘေးနားရှိ မိန်းမစိုးလေးတစ်ဦး၏ အသက်ရှူသံနှင့် လက်သည်းအရောင်ကို ကြည့်ရုံမျှဖြင့် ကု၍မရနိုင်သော ဝေဒနာဟောင်းကို တိတိကျကျ ပြောပြလိုက်ပြီး၊
သာမန်ဟု ထင်ရသော်လည်း အလွန်နက်နဲသော ဆေးနည်းကို ဖော်စပ်ပေးကာ သုံးရက်အတွင်း သက်သာစေမည်ဟု ညွန်ကြားခဲ့သောကြောင့် သမားတော်ချုပ်ကြီး၏ မျက်လုံးများမှာ အံ့ဖွာ်အမှုတစ်ခုကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွားလေတော့၏။
သူသည် လူတိုင်းကို ဖယ်ခိုင်းကာ စူးဝမ်ချင်းနှင့် ဆေးပညာရပ်များကို တိတ်တဆိတ် ဆွေးနွေးကြည့်သောအခါ၊ သူမ၏ ဆေးပညာ အယူအဆများမှာ သူ သင်ယူထားသော အသိပညာထက် များစွာ ကျော်လွန်နေသောကြောင့် အလွန်ပင် အထင်ကြီးသွားခဲ့သည်။
"နတ်သမားတော်ပဲ တကယ့်ကို နတ်သမားတော်ပဲ”
သမားတော်ချုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် စူးဝမ်ချင်ကို ခေါ်ဆောင်ကာ ဧကရာဇ်ရှိရာ ချန်ချင်းနန်းဆောင်ဆီသို့ ချက်ချင်း သွားရောက်လေတော့၏။
ထိုအချိန်တွင် ဧကရာဇ်မင်း ရှောင်ယွမ်မှာ နန်းတွင်းသူလေးများ တိုက်ကျွေးသော ဂျင်ဆင်းရည်ကို အားယူကာ သောက်နေရသည်။ သူ၏ မျက်နှာမှာ ညှိုးနွမ်းလျက် နှုတ်ခမ်းများ ခြောက်ကပ်ကာ အဆက်မပြတ် ချောင်းဆိုးနေပြီး ၊ အသက် ခပ်ပြင်းပြင်း ရှုရှိုက်နေရသည်။
"အရှင်မင်းကြီး၊ ဆေးဘုရင်ချိုင့်ဝှမ်းက နတ်သမားတော် စူးဝမ်ချင် ရောက်လာပါပြီ”
သမားတော်ချုပ်က လျှောက်တင်လိုက်သည်။
ရှောင်ယွမ်သည် သူ၏ မှုန်ဝါးနေသော မျက်လုံးများကို အားယူဖွင့်ကာ ပုဝါအုပ်ထားသော ထိုသွယ်လျသည့် ပုံရိပ်လေးကို ကြည့်လိုက်ပြီးနောက် မိန့်ကြားလိုက်သည်။
“လူတိုင်း အကုန်ထွက်သွားကြ"
လူတိုင်း အကုန်ထွက်သွားပြီးနောက် နန်းဆောင်ထဲတွင် ရှောင်ယွမ်နှင့် စူးဝမ်ချင် နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။
အခန်း(၃၆)
"မင်းက... ဆေးဘုရင်ချိုင့်ဝှမ်းက လူလား”
ရှောင်ယွမ်က သူမကို အကဲခတ်ကြည့်လိုက်သည်။
စူးဝမ်ချင်က အနည်းငယ် ဦးညွှတ်ကာ ၊
"ကျွန်မ စူးဝမ်ချင်း၊ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ဆက်လက်ပြီး၊ လူနာ၏ အခြေအနေကို စစ်ဆေးပြီးနောက် စူးဝန်ချင်သည် ခဏစဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။
"အရှင်မင်းကြီး ခံစားနေရတာက သာမန် အအေးမိတာ မဟုတ်ဘဲ ရှားပါးတဲ့ အအေးအဆိပ်ပါ ၊ ဒါက အဆုတ်ထဲမှာ အမြစ်တွယ်နေတာမို့ သာမန်ဆေးရည်တွေနဲ့ မရပါဘူး”
“ ကျွန်မမှာ ကုသနိုင်ဖို့ ၇၀ ရာခိုင်နှုန်းလောက် ယုံကြည်ချက် ရှိပါတယ် ဒါပေမဲ့ အလွန်ရှားပါးတဲ့ ဆေးမြစ်အချို့နဲ့ အပ်စိုက်ကုသဖို့အတွက် လုံးဝ ငြိမ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါတယ်"
ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အလင်းတန်းလေး တစ်ခု လှစ်ခနဲ့ ဖြတ်ပြေးသွားသည်။
"ခွင့်ပြုတယ်၊ ငါကိုယ်တော် အမိန့်ထုတ်ပေးမယ် မင်း လိုအပ်တာမှန်သမျှ လုပ်နိုင်တယ်"
နောက်ရက်များတွင် စူးဝမ်ချင်သည် ဧကရာဇ်မင်းကို ကုသပေးရန် ဆေးဝါးများကို ကိုယ်တိုင် ရွေးချယ်ဖော်စပ်ပြီး၊ အပ်စိုက်ကုထုံးအတွက် အသင့်တော်ဆုံး တိတ်ဆိတ်ငြိမ်သက်သော အခန်းကို ရှာဖွေရန်အတွက် ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန် နန်းတော်တဝိုက်တွင် ရံဖန်ရံခါ သွားလာတတ်သည်။
တစ်နေ့သော နေလည်ခင်းတွင် သူမသည် ဆေးစာရင်းကို ကိုင်ကာ ဆေးတိုက်သို့ သွားစဉ် အရှေ့နန်းဆောင် အနီးသို့ ရောက်ရှိသွားပြီး ဆူညံသံအချို့ကြောင့် စိတ်ဝင်စားသွားခဲ့သည်။
အရှေ့နန်းဆောင်၏ ခြံဝင်းထဲတွင် အိမ်ရှေ့စံမင်းသား ရှောင်ရှန်းသည် ကုလားထိုင်ပေါ်တွင် ပျင်းတိပျင်းရွဲ လှဲနေပြီး ဖရုံစေ့ကို တကျိကျိ ဝါးနေလေ၏။
သူ့ရှေ့က မိန်းမစိုးလေး အချို့မှာ ချွေးများဖြင့် စိုရွဲနေပြီး၊ ဂျွမ်းထိုးပြိုင်ပွဲ လုပ်နေကြပုံရသည်။
"ဟေး... ဟိုက ရှောင်လီဇီ၊ မင်းရဲ့ ဂျွမ်းထိုးတာက မဝိုင်းဘူးကွ၊ မရဘူး မရဘူး”
"ရှောင်ကျန်းဇီ... မင်းကတော့... အားပါးပါး၊ ခါးတောင် လွဲတော့မလို့ ရုပ်ဆိုးလိုက်တာ၊ ကဲ... ဆုအနေနဲ့ သုံးပတ် ထပ်ထိုးစမ်"
ရှောင်ရှန်းသည် ပျင်းရိစွာဖြင့် ညွှန်ကြားနေပြီး တစ်ခါတစ်ရံတွင် အားရပါးရ ရယ်မောနေတတ်သည်။
‘ဒါဘယ်ကလာ နန်းလျာတစ်ယောက်ရဲ့ အရှိန်အဝါရှိလို့တုန်း၊ မြို့ထဲက အလေအလွင့် သားသမားတွေထက်တောင် ပိုပြီး အဆင့်မရှိသလိုပဲ…’
စူးဝမ်ချင်မှာ မလှမ်းမကမ်းရှိ ကြွေပန်းပင်၏ နောက်ကွယ်မှနေ၍ ဤရုပ်ပျက်ဆင်းပျက် မြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်နေလေ၏။
‘ ဒါက ပူဇော်ပွဲအခမ်းအနားမှာ " ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးမှုကို ခံရတယ်’ ဆိုပြီး ကျော်ကြားနေတဲ့ အိမ်ရှေ့စံမင်းသားလား’
‘ ဒါက မှူးမတ်တွေ ချီးကျူးနေကြတဲ့ "အလွန် မြင့်မြတ်တဲ့" နန်းလျာဆိုတာလား’
တစ်ဖက်လူ၏ ပေတေတေ ပုံစံကို ကြည့်ပြီးနောက် စူးဝမ်ချင်မှာ အဆိုပါ ကောလာဟလများကို သံသယ ဝင်လာမိသည်။ ထိုချီးမွမ်းခန်းများမှာ အမှန်တကယ် မဟုတ်ဘဲ တမင်တကာ ဖန်တီးထားလေသလား။
ရှောင်ရှန်းသည် သူ၏ထက်မြက်သော မျက်လုံးများဖြင့် သစ်ပင်နောက်တွင် ရှိနေသော စိမ်းနုရောင် ပုံရိပ်ကို မြင်လိုက်ရသည်။
သူမသည် ငါကိုယ်တော် မင်းသား၏ မျက်နှာသာရရန် အရှေ့ဘက်နန်းတော်ထဲသို့ တိတ်တဆိတ် ခိုးဝင်လာသော အခြားနန်းတွင်းသူလေးတစ်ဦး ဖြစ်ရမည်ဟု မှတ်ယူလိုက်သည်။
ယခုလို ကိစ္စမျိုးကို သူ ခဏခဏ ကြုံဖူးနေကျ ဖြစ်သည်။
ထို့ကြောင့် သူသည် စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်ကာ ဖရုံစေ့ကို ထွေးထုတ်ပြီး လှမ်းအော်လိုက်သည်။
"ဟေး... ဟိုဘက်က လူ၊ ဘာကြည့်နေတာလဲ၊ ငါကိုယ်တော် အိမ်ရှေ့စံ ပျင်းနေတာကို မမြင်ဖူးဘူးလား..ဟိုဘက်သွားဆော့ချေ၊ ငါကိုယ်တော် ဉာဏ်အလင်းရှုမှတ်ပြီး..... အိပ်စက်နေတာကို မနှောင့်ယှက်နဲ့"
သူသည် "ဉာဏ်အလင်းရှုမှတ်ခြင်း" ဆိုသော စကားလုံးနောက်တွင် "အိပ်စက်နေသည်" ဆိုသော စကားလုံးကို အထူးအလေးပေး ပြောကြားလိုက်သည်။ သူ၏ "ကြီးမားသော ရည်မှန်းချက်" ကြီးကို အများသူဌာ သိသွားမည်ကို စိုးမိလေ၏။
စူးဝမ်ချင်သည် ထိုစကားကို ကြားပြီးနောက် ဆွံ့အနေကာ ပုဝါအောက်မှ သူမ၏ နှုတ်ခမ်းများမှာ မသိမသာ ရွဲ့စောင်းသွားသည်။
‘ဒီအိမ်ရှေ့စံမင်းသားက... နာမည်ကြီးသလောက် အပြင်မှာ တွေ့ရတာ မတန်တာအေ’
အိမ်ရှေ့စံအပေါ် သူမ၏ပထမဆုံး အမြင်မှာ အောက်ခြေသို့ ထိုးကျသွားလေ၏။
ဘေးနားရှိ ရှောင်သယ့်ဇီမှာ လန့်ဖျပ်သွားပြီး ရှောင်ရှန်း၏ နားနားလေးသို့ ကပ်ကာ အသံတိုးတိုးဖြင့် သတိပေးရှာသည်။
"အရှင့်သား၊ အရှင့်သား.. အဲဒါက ဧကရာဇ်မင်းကို ကုပေးဖို့ အသစ်ရောက်လာတဲ့ နတ်သမားတော် စူးမိန်းကလေးပါ ၊ အဲ့လိုမျိုး လျစ်လျူရှုလို့ မဖြစ်ဘူး”
"အော်..."
ရှောင်ရှန်းသည် ထိုအခါမှ စူးဝမ်ချင်းကို ပျင်းရိစွာ တစ်ချက်ကြည့်လိုက်သည်။
သူသည် "နတ်သမားတော်" ဆိုသော စကားလုံးကိုလည်း စိတ်မဝင်စားသလို 'အော်’ ဆိုသော သံရှည်ဆွဲလေးဖြင့် ထူးလိုက်တာ….ပြီးနောက် ကိုယ်ကိုတစ်ဖက်လှည့်ကာ သက်တောင့်သက်သာရှိသော ပုံစံဖြင့် လှဲလိုက်ပြန်၏။
"သိပြီ၊ သိပြီ၊ ဆူညံမနေနဲ့တော့ ငါ့ရဲ့ အိမ်မက်လေး ထွက်ပြေးတော့မယ်..."
ထိုသို့ပြောပြီးသည်နှင့် သူသည် မျက်လုံးမှိတ်ကာ " ပျင်းရိခြင်း မဟာစီမံကိန်းကြီး” ကို ဆက်လက် အကောင်အထည် ဖော်လေတော့သည်။
စူးဝမ်ချင် "......"
သူမသည် အသက် ပြင်းပြင်းရှူကာ ရင်ထဲက ထူးဆန်းသော ခံစားချက်ကို ဖိနှိပ်လိုက်ရင်း၊ ထို "အဆင့်မရှိသော" အိမ်ရှေ့စံကို လှည့်မကြည့်တော့ဘဲ အမြန် ထွက်ခွာသွားလေတော့၏။