← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇) - အိမ်ရှေ့စံကြောင့် ပေါ်သွားသော အကြံအစည်

အရှေ့နန်းဆောင်မှ ထိုရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မြင်ကွင်းကို မြင်ပြီးနောက် စူးစမ်ချင်၏ စိတ်ထဲတွင် ရှောင်ရှန်းအပေါ် ထားရှိသော အမြင်မှာ ပို၍ပင် ဆိုးဝါးသွားခဲ့သည်။

ဤအိမ်ရှေ့စံမင်းသားသည် ကြည့်ပျော်ရုံရှိသော ရုပ်ရည်မှလွဲလျှင် လုပ်ပုံကိုင်ပုံမှာ နည်းနည်းလေးမှ အားကိုးမရပေ။

ဧကရာဇ်မင်း ရှောင်ယွမ်၏ ကျန်းမာရေး အခြေအနေသာ ဤမျှ အရေးမကြီးဘူးဆိုပါက၊ သူမသည် အထုပ်အပိုးပြင်ကာ ဤရှုပ်ထွေးလှသော နန်းတော်နှင့် ဝေးရာသို့ ချက်ချင်း ထွက်ခွာသွားမိပေလိမ့်မည်။

သူမ၏ ယာယီနေအဆောင်သို့ ပြန်ရောက်လာချိန်တွင် စူးဝမ်ချင်သည် အတွေးပေါင်းစုံကို ဘေးဖယ်ထားကာ ဧကရာဇ်မင်း၏ ရောဂါအခြေအနေကိုသာ အပြည့်အဝ အာရုံစိုက်လိုက်သည်။

ရက်အတော်ကြာ သေချာစွာ စောင့်ကြည့်ခြင်း၊ တော်ဝင်သမားတော်များ၏ ဆေးမှတ်တမ်းများကို အကြိမ်ကြိမ် လေ့လာပြီးနောက်တွင် သူမသည် အသေးစိတ်ကျသော ဆေးညွှန်းတစ်ခုကို ရေးဆွဲနိုင်ခဲ့သည်။

"အရှင်မင်းကြီးရဲ့ ရောဂါဟာ အအေးအဆိပ်ကြောင့် ဖြစ်ရတာပါ ၊ အစွမ်းထက်တဲ့ ဆေးတွေနဲ့ မဖယ်ရှားရင် မရသလို၊ တစ်ဖက်မှာလည်း ခန္ဓာကိုယ်ရဲ့ အခြေခံကို ပြန်လည်အားဖြည့်ပေးဖို့ လိုအပ်ပါတယ်"

စူးဝမ်ချင်းသည် ဧကရာဇ်မင်း ရှောင်ယွမ်အား ဆေးစာကို တင်ပြသောအခါ သူမ၏ အသံမှာ ကြည်လင်ပြတ်သားပြီး ယုံကြည်ချက် အပြည့်ရှိနေသည်။

"ဒီဆေးနည်းထဲမှာ အဓိက ဆေးမြစ် (၃) မျိုး ပါဝင်ပါတယ် ၊ နှင်းကြာပန်းနှလုံးသား

နှစ်တစ်ထောင် ဟယ်ရှို့ဝူ နဲ့ မီးလျှံသီး တို့ပဲ ဖြစ်ပါတယ် ၊ ဒါတွေက လောကမှာ တွေ့ရခဲတဲ့ ပစ္စည်းတွေမို့ နန်းပြင်က လျှို့ဝှက်လမ်းကြောင်းတွေကနေ ရှာဖွေရပါလိမ့်မယ်”

“ကျန်တဲ့ နောက်ဆက်တွဲ ဆေးမြစ်တွေကိုတော့ ဆေးတိုက်ကနေ ရနိုင်ပါတယ် ဒါပေမဲ့ ဆေးဖော်စပ်တဲ့ နည်းလမ်းက အရမ်း အရေးကြီးတာမို့ ကျွန်မကိုယ်တိုင် ကြီးကြပ်ရပါလိမ့်မယ်"

နန်းစောင့်ကုတင်ပေါ်ရှိ ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်နှာ‌မှာ ညှိုးနွမ်းနေဆဲ ဖြစ်သော်လည်း မျက်ဝန်းများမှာ အရင်ရက်ကထက် ပို၍ ကြည်လင်လာသည်။ သူသည် ဆေးစာကို ယူလိုက်ပြီး အက်ကွဲသောအသံဖြင့် မိန့်ကြားလိုက်သည်။

"စူးနတ်သမားတော်... အစွမ်းကုန် ကြိုးစားပေးပါဦး ငါကိုယ်တော်... ဟွတ်ဟွတ်... သာ့ရှမင်းဆက်ရဲ့ အနာဂတ်အတွက် ငါကိုယ်တော် မရှိလို့ မဖြစ်ဘူး”

စူးဝမ်ချင်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်"

ထိုဆေးညွှန်း၏ အကြောင်းအရာသည် နန်းတော်အတွင်း၌ လှိုင်းလုံးကြီးများသဖွယ် လျင်မြန်စွာ ပျံ့နှံ့သွားလေတော့၏။

တတိယမင်းသား ရှောင်ကျင်း၏ အိမ်တော်တွင် မီးများဖြင့် လင်းထိန်နေသည်။

"နှင်းကြာပန်းနှလုံးသား၊ မီးလျှံသီး”

ရှောင်ကျင်းသည် လျှို့ဝှက်သတင်းလွှာကို ကိုင်ကာ နှုတ်ခမ်းဖျားတွင် အေးစက်သော အပြုံးတစ်ခု လှစ်ဟသွား၏။

အမြဲတမ်း ပြုံးနေတတ်သော သူ၏ မျက်ဝန်းများသည် ယခုအခါ အေးစက်နေသည်။

"ဒီစူးဝမ်ချင်ကတော့ စကားကြီးစကားကျယ်တွေ သိပ်ပြောတတ်တာပဲ”

ဘေးနားရှိ အကြံပေးတစ်ယောက်က လျှောက်တင်လိုက်သည် ။

"အရှင့်သား ၊ ဒီဆေးမြစ်တွေက တကယ်ပဲ ရှားပါးလှပါတယ်၊ အချိန်တိုအတွင်း ရှာဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့သာ......"

"မဟုတ်ဘူး"

ရှောင်ကျင်းက လက်ကာပြလိုက်သည်။

"ငါကိုယ်တော် လိုချင်တာက နာမည်ကောင်း မဟုတ်ဘူး၊ အဲဒီအစား...... ဒီဆေးကို အသက်အန္တရာယ် ပေးနိုင်တဲ့ အဆိပ်ဖြစ်အောင် လုပ်ဖို့ပဲ”

သူသည် အသံကိုနှိမ့်ကာ ရက်စက်စွာ ပြောလိုက်သည်။

"သွား... နန်းတွင်းက ဝမ်သမားတော်ကို ဆက်သွယ်လိုက်၊ စူးဝမ်ချင်ရဲ့ ဆေးနည်းထဲက အရန်ပါဝင်ပစ္စည်းဖြစ်တဲ့ 'ဇီဟော်ချား' ကို ငါကိုယ်တော် ပေးတဲ့အရာနဲ့ လဲလိုက်ဖို့ ပြောလိုက် ..ကိစ္စအောင်မြင်ရင် သူ့အတွက် ဆုလာဘ်တွေ အများကြီး ရှိစေရမယ်”

ထိုအကြံပေးမှာ ရင်ထဲ ထိတ်သွားပြီး အမြန်ပင် ပြန်ဖြေလိုက်သည်။

"မှန်လှပါ၊ အရှင့်သား”

ရှောင်ကျင်း၏ အစီအစဉ်မှာ အလွန်ပင် ကောက်ကျစ်လှသည်။ သူ လဲလှယ်မည့် အရာမှာ "ဇီဟော်ချား" နှင့် ဆေးအာနိသင် တူသော်လည်း၊ ရေရှည်သောက်သုံးပါက အဓိက ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ဘဲ နာတာရှည် အဆိပ်ဖြစ်စေမည့် အရာပင် ဖြစ်သည်။

တစ်ချိန်ချိန်တွင် ဧကရာဇ်မင်း၏ အခြေအနေ ဆိုးရွားလာပါက စူးဝမ်ချင်သည် တရားခံဖြစ်လာမည် ဖြစ်ကာ ၊

ထိုအချိန်ကျမှ သူသည် "ဝမ်းနည်းပူဆွေးသူ" အဖြစ် ရှေ့ထွက်ကာ ပြသနာကို ဖြေရှင်းလိုက်လျှင်ဖြင့် လှပသော အစီအစဉ်တစ်ခုပင် မဟုတ်လော။

မင်းသား(၅) ရှောင်ယန်၏ အိမ်တော်တွင် အခြားအတွေးမျိုးရှိကာ စိုးရိမ်နေကြသည်။

"ဘာ… နှင်းကြာပန်းနှလုံးသား၊ မီးလျှံသီး ဟုတ်လား”

ရှောင်ယန်သည် ထိုစကားကို ကြားသည်နှင့် ထိုင်ခုံပေါ်မှ ဝုန်းခနဲ ထရပ်ကာ စာကြည့်ခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်ပတ်နေလေ၏။

"ဒါဟာ ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ၊ ငါကိုယ်တော်ကသာ ဒီဆေးမြစ်တွေကို အရင်ရှာပြီး ခမည်းတော်ကို ဆက်သနိုင်ရင် ခမည်းတော် ဝမ်းသာသွားပြီး အိမ်ရှေ့စံရာထူးကလည်း......"

ဘေးနားရှိ စစ်သူကြီးတစ်ယောက်က အကြံပေးလိုက်သည် ။

"အရှင်မင်းသား၊ နယ်စပ်က ဟေးဖုန်းတပ်စခန်းမှာ မီးလျှံသီးနဲ့ ပတ်သတ်တဲ့ သတင်းရှိတယ်လို့ ကြားတယ် ၊ ဟေးဖုန်းစခန်းက ခေါင်းဆောင်နဲ့လည်း ရင်းနှီးတာမို့......"

"ကောင်းပြီ"

ရှောင်ယန်က ပေါင်ကို ပုတ်လိုက်ပြီး အမိန်ပေးလိုက်သည်။

"ချက်ချင်း မြင်းပြင်စမ်း ငါကိုယ်တော် ကိုယ်တိုင် သွားမယ်”

သူ့အမြင်တွင် ဤအရာသည် သူ၏ သားသမီးဝတ္တရားနှင့် စွမ်းဆောင်ရည်ကို ပြသရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

ဒီတိုင်းသာဆို ဟိုကောင် အမှိုက် ရှောင်ရှန်းကို အသာလေး ကျော်တက်နိုင်ပြီ မဟုတ်လား။

တစ်ခဏချင်းမှာပင် နန်းတော်အတွင်းနှင့် အပြင်ဘက်တွင် လှုပ်ရှားမှုများစွာ ဖြစ်ပေါ်နေသည်။

နန်းတွင်းမှ ဝမ်သမားတော်သည် အသက် (၅၀) ကျော်ပြီး ဆေးပညာမှာလည်း သာမန်သာ ဖြစ်သဖြင့် နန်းတွင်းတွင် နေရာမရခဲ့ပေ။ တတိယမင်းသား ပေးမည့် ကြီးမားသော ဆုလာဘ်များက သူ၏ ငြိမ်သက်နေသော စိတ်ကို နှိုးဆွ‌နိုင်ခဲ့သည်။

စည်းစိမ်ဥစ္စာအတွက် အန္တရာယ်ရှိသော်လည်း ရင်ဆိုင်ရမည်ပင်။

ထိုနေ့တွင် သူသည် မင်းသား ရှောင်ကျင်း ပေးလိုက်သော အထူးပြုလုပ်ထားသည့် အဆိပ်မှုန့်ကို ကိုယ်ပေါ်တွင် ဝှက်ထားပြီး၊ ရင်တထိတ်ထိတ် ဖြစ်နေသော်လည်း ဆေးတိုက်မှူးက ဆေးမြစ်များကို စာရင်းစစ်နေသည့် အချိန်ကို အခွင့်ကောင်းယူကာ ရှားပါးဆေးမြစ်များ သိုလှောင်ထားသော အခန်းထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်သွားခဲ့သည်။

စူးဝမ်ချင်း ရေးပေးထားသော အရန်ပါဝင်ပစ္စည်းများကို ဆေးတိုက်မှ ပြင်ဆင်ထားပြီးဖြစ်ကာ အဝါရောင် ဆေးစက္ကူများဖြင့် ထုပ်ပိုးထားပြီး အပေါ်တွင် ဆေးအမည်များကို ရေးသားထားသည်။ ဝမ်သမားတော်၏ ပန်းတိုင်မှာ "ဇီဟော်ချား" ဟု ရေးသားထားသော ဆေးထုပ်ပင် ဖြစ်သည်။

အခန်း(၃၈)

သူသည် ဘေးပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်ရာ လူမရှိသည်ကို တွေ့လိုက်ရသည်။ လက်ဖဝါးများမှာ ချွေးပြန်လာပြီး တုန်ယင်နေသော လက်ဖြင့် အင်္ကျီလက်ထဲမှ အဆိပ်ထုပ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် "ဇီဟော်ချား" ဆေးထုပ်နှင့် လဲလှယ်ရန် ပြင်လိုက်စဉ်မှာပင်။

တစ်ချိန်တည်းမှာပင် ကျွန်တော်တို့၏ အိမ်ရှေ့စံမင်းသားကြီး ရှောင်ရှန်းသည် သမ်းဝေလိုက်ရင်း ပျင်းတိပျင်းရွဲဖြင့် ဆေးတိုက်ထဲသို့ ဝင်ရောက်လာခဲ့သည်။

သူသည် ဤရက်ပိုင်းတွင် "ငပျင်းတစ်ကောင်၏ ဉာဏ်အလင်းရှုမှတ်နည်း" ဖြင့် နေနေသောကြောင့် စိတ်များ ဂယောက်ဂယက် ဖြစ်ကာ အိပ်စက်မှု အရည်အသွေးမှာလည်း ကျဆင်းလာခဲ့သည်။

ရှောင်သယ့်ဇီသည် ဆေးတိုက်ထဲတွင် အိပ်ပျော်စေသည့် အမွှေးနံ့သာနှင့် ဆေးဖက်ဝင် လက်ဖက်ရည်များ ရှိသည်ဟု ပြောလိုက်သောကြောင့် သူသည် အားရပါးရ အိပ်နိုင်ရန်အတွက် ဤနေရာသို့ လာရောက် တောင်းခံခြင်း ဖြစ်၏။

"ဒီနေရာက ဆေးနံ့တွေက အရမ်းပြင်းတာပဲ......"

ရှောင်ရှန်းသည် နှာခေါင်းကို ပိတ်ကာ ဗလုံးဗထွေး ပြောရင်း ဆေးတိုက်ထဲသို့ ဝင်ချလာခဲ့သည်။

သူသည် ဆေးသိုလှောင်ခန်းထဲမှ ခိုးကြောင်ခိုးဝှက် ဖြစ်နေသော ပုံရိပ်တစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။

"ဟမ် ၊ အဲဒါ ဝမ်သမားတော် မဟုတ်လား...နေ့ခင်းကြောင်တောင်ကြီး ဘာလို့ အထဲမှာ ပုန်းနေတာလဲ ဆေးမြစ်တွေကို ခိုးနေတာများလား”

ရှောင်ရှန်းသည် စိတ်ထဲကနေ တွေးလိုက်သည်။

"ပြဿနာမတက်ခြင်းက အကောင်းဆုံးသာ ဖြစ်၏" ဆိုသော သူ၏ ပျင်းရိခြင်း ဒသနအရ သူသည် ဘာမှမဖြစ်သလိုမျိုး တိတ်တဆိတ် ပြန်ထွက်သွားရန် ကြံစည်လိုက်သည်။

သို့သော်လည်း သူသည် ဤရက်ပိုင်းအတွင်း အမြဲတမ်း လှဲလျောင်းနေခဲ့သောကြောင့် ခြေထောက်များက အားမရှိသလို ဖြစ်နေခဲ့သည်။ သူသည် ကြမ်းပြင်ပေါ်ရှိ တစ်ခုခုနှင့် ခလုပ်တိုက်မိပြီး အော်ဟစ်လိုက်မိကာ တစ်ကိုယ်လုံး ဟန်ချက်ပျက်ပြီး ဘေးနားရှိ ဆေးဗီဒိုကြီးကို ဝုန်းခနဲ ဝင်တိုက်လေတော့၏။

"ဝုန်း— ဝုန်းဒိုင်း—!"

ထိုဆေးဗီဒိုမှာ ဟောင်းနွမ်းနေပြီဖြစ်ရာ ရှောင်ရှန်း၏ ဝင်တိုက်မှုကို မခံနိုင်ဘဲ ရှေ့သို့ အရှိန်ဖြင့် ပြိုကျသွားတော့သည်။

ဗီဒိုပေါ်ရှိ ဆေးပုလင်းများ၊ ဆေးသေတ္တာများမှာ ကောင်းကင်ယံမှ ပန်းများ ကြွေကျသကဲ့သို့ မြေပြင်ပေါ်သို့ ပြန့်ကျဲကျလာပြီး တစ်ခဏချင်းမှာပင် ရှုပ်ပွသွားတော့သည်။

ဆေးမြစ်မျိုးစုံ ရောထွေးကုန်ပြီး ပြင်းထန်သော ဆေးနံ့များနှင့် ဖုန်မှုန့်များကြောင့် လူကို မရပ်မနား ချောင်းဆိုးစေသည်။

ဝမ်သမားတော်မှာ မူလကတည်းက အပြစ်ရှိသူတစ်ယောက်လို ခံစားနေရပြီး ထိုရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားတော့၏။

သူ၏ ပူးပေါင်းကြံစည်မှုကြီး ပေါ်သွားပြီဟု ထင်မှတ်ကာ ၊ လက်များ ကတုန်ကယင်ဖြစ်လာသည်။ ဤသို့ဖြင့် သူ ကိုင်ထားသော အဆိပ်ထုပ်နှင့် မူလ "ဇီဟော်ချား" ဆေးထုပ် နှစ်ခုလုံး လက်ထဲမှ လွတ်ကျသွားပြီး မြေပြင်ပေါ်ရှိ ရှုပ်ပွနေသော ဆေးထုတ်များကြားတွင် ပျောက်ကွယ်သွားလေတော့၏။

"သွားပြီ သွားပြီ”

ဝမ်သမားတော်၏ မျက်နှာမှာ ဖြူလျော့သွားပြီး ချွေးစေးများလည်း ချက်ချင်း ထွက်လာတော့သည်။

ရှောင်ရှန်းသည်လည်း ထိုမြင်ကွင်းကြောင့် လန့်ဖျပ်သွားသည်။ ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသည်ကို မြင်ပြီး၊ ပြဿနာ အကြီးအကျယ် တက်ပြီမှန်း သိလိုက်သည်။ သူသည် ပြသနာများကို မုန်းတီးပြီး၊ ခမည်းတော်သည် သူ ထပ်ပြီး "ပြဿနာရှာ”ခဲ့မှန်း သိသွားမည်ကို ပိုကြောက်မိသည်။

ထိုအရေးကြီးသော အခိုက်အတန့်တွင် သူ၏ "စကားတတ်ခြင်း" ဗီဇက ပြန်လည် နိုးထလာပြီး၊ ကြောက်လန့်နေသော ဝမ်သမားတော်ကို လက်ညှိုးထိုးကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လေတော့၏ ။

"ငါနဲ့ မဆိုင်ဘူးနော် ၊ သူ …သူပဲ သူ ဒီမှာ ခိုးကြောင်ခိုးဝှက်နဲ့ ပစ္စည်းတွေကို လျှောက်ကိုင်နေတာ ငါကိုယ်တော် မြင်လိုက်တယ်၊ သူ မတော်တဆ လုပ်လိုက်လို့ ဆေးဗီဒိုကြီး လဲသွားတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်၊ သူပဲ”

သူ၏ စကားမှာ တကယ့်ကို "တရားမျှတမှု" အပြည့်နှင့် "ယုတ္တိ" ရှိလှသည်။

ဆေးတိုက်မှူးနှင့် အခြား မိန်းမစိုးများ၊ နန်းတွင်းသူများမှာ အသံကြား၍ အပြေးအလွှား ရောက်လာကြသည်။ ထိုရှုပ်ပွနေသော မြင်ကွင်းနှင့် မြေပြင်တွင် ခွေလဲကျနေသော ဝမ်သမားတော်၊ ထို့အပြင် "တရားခံကို လက်ညှိုးထိုးပြနေသော" အိမ်ရှေ့စံမင်းသားကို မြင်လိုက်ရသောကြောင့် ဆေးတိုက်မှူးမှာ ခေါင်းနားပန်း ကြီးသွားတော့သည်။

"အိမ်ရှေ့စံ... အိမ်ရှေ့စံမင်းသား စိတ်လျှော့ပါ”

ဆေးတိုက်မှူးက အမြန် ဒူးထောက်လိုက်သည်။ ဝမ်သမားတော်၏ သူခိုးလူမိသကဲ့သို့ ဖြစ်နေသော ပုံစံကြောင့် သူသည် ရှောင်ရှန်း၏ စကားကို လုံးဝ ယုံကြည်သွားသည်။

"ဘာရပ်ကြည့်နေတာလဲ”

ရှောင်ရှန်းသည် လူများရောက်ချလာသဖြင့် ပို၍ အားတက်လာကာ ခါးထောက်ပြီး အသားကုန် ချောက်တွန်းလေတော့၏။

"ဒီလူက ခိုးကြောင်ခိုးဝှက်နဲ့ တစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမယ်၊ သူ့ကို ဖမ်းပြီး သေသေချာချာ စစ်ဆေးစမ်း”

မူလကတည်းက အိုးမလုံ ဖင်ပွင့် ဖြစ်နေသော ဝမ်သမားတော်ခမျာ အိမ်ရှေ့စံ၏ "လက်ညှိုးထိုး" ခံလိုက်ရသဖြင့် လိပ်ပြာလွင့်မတတ် ကြောက်သွားပြီး ဘာမှပင် မချေပနိုင်တော့ပေ။

ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်တွင် ဝပ်တွားလျက် တုန်တုန်ယင်ယင် ဖြစ်နေတော့၏။

ရှောင်ရှန်း၏ "မတော်တဆ" ပေးလိုက်သော "အရေးကြီးသည့် သဲလွန်စ" နှင့် အိမ်ရှေ့စံ၏ အရှိန်အဝါကြောင့် ဆေးတိုက်မှူးသည် မနှောင့်နှေးတော့ဘဲ ဝမ်သမားတော်ကို ချက်ချင်းပင် ဖမ်းဆီးခိုင်းလိုက်သည်။

စစ်ဆေးမေးမြန်းခြင်း မပြုရသေးမီမှာပင် ဝမ်သမားတော်၏ စိတ်ဓာတ်မှာ ပြိုလဲသွားခဲ့သည်။ သူသည် တတိယမင်းသား ရှောင်ကျင်း၏ ခိုင်းစေမှုကြောင့် ဧကရာဇ်မင်းကို အဆိပ်ခတ်ရန် ကြံစည်ခဲ့ပုံအားလုံးကို အကုန်အစင် ဝန်ခံလေတော့၏။

ထိုသတင်းသည် စူးဝမ်ချင်၏ နားထဲသို့ ရောက်ရှိလာချိန်တွင် သူမသည် ဆေးဖော်စပ်မည့် ပစ္စည်းများကို သေသေချာချာ စစ်ဆေးနေချိန် ဖြစ်သည်။

နန်းတွင်းသူလေး၏ တင်ပြချက်ကို ကြားပြီးနောက် ဆေးကျိတ်တံကို ကိုင်ထားသော စူးဝန်ချင်၏ လက်မှာ အခိုက်အတန့်မျှ ရပ်တန့်သွားသည်။

သူမသည် အရှေ့နန်းဆောင် ရှိရာဘက်သို့ လှမ်းကြည့်မိလိုက်သည်။ ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သော မျက်ဝန်းထဲတွင် ရှုပ်ထွေးပြီး နားမလည်နိုင်သော အလင်းရောင်တစ်ခု လင်းလက်သွားသည်။

သူမ၏ အမြင်တွင် ဘာမှအသုံးမကျဘဲ ပျင်းရုံသာ သိသော အိမ်ရှေ့စံမင်းသား ရှောင်ရှန်းသည် အရေးအကြီးဆုံး အချိန်တွင်၊ မယုံနိုင်လောက်အောင် ရယ်စရာကောင်းသော နည်းလမ်းဖြင့် တိုင်းပြည်ကို တုန်လှုပ်စေမည့် စီမံကိန်းကြီးကို ထပ်မံ၍ ဖျက်ဆီးနိုင်ခဲ့သည်။

ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ်......

စူးဝမ်ချင်သည် ပူဇော်ပွဲနေ့က ရွှေရောင် ကောင်းချီးမင်္ဂလာအလင်းတန်းကို သတိရသွားသည်။ ထို့နောက် ယနေ့တွင် "ခြေချော်ပြီး ဆေးဗီဒိုတိုက်မိ၍ သစ္စာဖောက်ကို ထုတ်ဖော်နိုင်ခဲ့ခြင်း” ဖြစ်ရပ်ကို ဆက်စပ်တွေးတောမိသောအခါ သူမ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤအိမ်ရှေ့စံမင်းသားသည် အပြင်ပန်းတွင် မြင်တွေ့နေရသလောက် ရိုးရှင်းပုံမရချေ။

All Chapters