မင်းအခု သေပြီလား
Vol. 26 Ch. 356
အခန်း (၃၅၆) မင်းအခု သေပြီလား
ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် လုကျန်း လမ်းလျှောက်လျှက်ရှိသည်။
ဤတောအုပ်ထဲတွင် ပြဿနာရှိနေသည်မှာ မှန်သော်လည်း လောလောဆယ်တွင် မည်သည့်ပြဿနာမှ ရှာမတွေ့သေးပေ။
"ဒီလောက် လျှို့ဝှက်ထားနိုင်ပုံထောက်ရင် ဒီလူက သာမန်တော့ မဟုတ်နိုင်ဘူး ၊ သူ့တန်ခိုးစွမ်းအားက ငါ့ထက်တော့ မနည်းလောက်ဘူး"
လုကျန်း တွေးလိုက်သည်။
လက်ရှိတွင် လုကျန်း၏ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ဖြစ်သည်။
အဋ္ဌမမင်းမင်းသား မြေအောက်နတ်ဆိုးများအကြောင်း သွားရောက်စုံစမ်းစဉ်က အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။
သူ သတင်းကြားထားသည်မှာ ထို အစစ်အမှန်အင်မော်တယ်က မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိအောင် ပြုလုပ်နိုင်သော ထူးခြားသည့်အစွမ်းရှိသည်ဟု ဆိုသည်။
ထို့ကြောင့် မိုးကောင်းကင်အင်မော်တယ်နှင့် ရင်ဆိုင်ရလျှင် ပြန်လည်ခုခံနိုင်ရန် လိုရမယ်ရ မှော်ဝင်ပစ္စည်းတစ်ခု ယူလာခဲ့သည်။
သို့သော် ယခုအချိန်ထိ မြေအောက်နတ်ဆိုးများနှင့်ပတ်သက်သည့် သဲလွန်စကို ရှာမတွေ့သေးပေ။
သူ တောအုပ်အလယ်ဗဟိုသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင် အန္တရယ်မပြုနိုင်သည့် သားရဲတစ်ခု နေထိုင်ကြသည်။
အမှန်တော့ ရေခဲပုစဉ်းရင်ကွဲတောအုပ်က အတော်လေး အန္တရယ်ကင်းသည့် နေရာတစ်ခု ဖြစ်သည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း အားမနည်းလေရာ အန္တရယ်နှင့်ရင်ဆိုင်ရလျှင်လည်း အဆင်ပြေလေသည်။
လုကျန်း တောအုပ်အလယ်ဗဟိုသို့ မရောက်ခင် ဘေးဘက်တစ်နေရာမှ တန်ခိုးစွမ်းအားအတက်အကျများ ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သိချင်စိတ်ဖြင့် ထိုနေရာသို့ သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင် လူငယ်တစ်ယောက်နှင့် မိန်းမပျိုးတစ်ယောက် ရှိနေလေ၏။
အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူနှင့် အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်။
ဤသည်က…
ထိုသူ (၂)ယောက်ကို လုကျန်း မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
သူတို့ (၂)ယောက်က အစီအရင်ပြုလုပ်ရန် ပြင်ဆင်နေကြပြီး ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်လာသူကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။
ခွန်လွန်တပည့်။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်။
လူငယ်က တစ်ချက်ပင်မတုံ့ဆိုင်းဘဲ…
"တိုက်မယ်…"
ထိုလူငယ်၏နာမည်က ဟန်ယန်ဖြစ်ပြီး အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူ ဖြစ်သည်။ သူက ချက်ချင်းပင် လုကျန်းကို ဝင်ရောက်တိုက်ခိုက်လိုက်၏။
သူတို့အကြောင်း သိရှိသွားပြီးဆိုမှတော့ ထိုခွန်လွန်တပည့်ကို ရှင်းပစ်ရန်သာ ရှိသည်။ အမြန်ဆုံး ကိစ္စတုံးပေးရပေလိမ့်မည်။
မိန်းမပျိုဟန်ယွင်ကလည်း ချက်ချင်းပင် နောက်မှ လိုက်သွားသည်။
သူတို့ (၂)ယောက် ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် တစ်ဖက်လူကို အလျှင်အမြန် အနိုင်ယူနိုင်မည် မဟုတ်ပါလား။
လုကျန်းကလည်း တစ်ချက်လေးပင် တုံ့ဆိုင်းနေခြင်း မရှိပေ။ သူက ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရန်သူများကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
သူက တစ်ဖက်လူ၏ တန်ခိုးစွမ်းအားကို အရင်ဆုံးစမ်းသပ်ကြည့်ချင်သည်။
လုကျန်း၏ဓားချက်က ရန်သူထံသို့ ဝင်ရောက်သွားသည်။
ထိုအချိန် ကြီးမားလှသည့် ကျောက်တုံးကြီးတစ်ခုက လုကျန်း၏ ဓားချက်ကို တားဆီးထားလိုက်၏။
"ဘုန်း"
တစ်ဆက်တည်းမှာပင် မရေမတွက်နိုင်သည့် ဆူးချွန်များ မြေပြင်ထက်မှ ထွက်ပေါ်လာပြီး လုကျန်းကို ပိတ်ဆို့ထားလိုက်သည်။
လုကျန်းက ဆူးချွန်များကို ဖြတ်နင်းပြီး ရန်သူများရှိရာသို့ ဝင်ရောက်လာသည်။
လုကျန်း၏ အပြုအမူက ဟန်ယန်နှင့် ဟန်ယွင်ကို အံ့အားသင့်သွားစေသည်။ ခွန်လွန်တပည့်က ဆူးချွန်များကို ရှောင်တိမ်းလိမ့်မည်ဟု သူတို့က ထင်မှတ်ထားခဲ့သည်။
ခြေထောက်တွင် သွေးများထွက်နေသည့် လုကျန်းက ရယ်မောလိုက်ရင်း…
"ကျစ် ကျစ် အစစ်အမှန်အင်မော်တယ်တွေက ဒီလောက်တန်ခိုးစွမ်းအားနိမ့်ကျမယ်လို့ ထင်မထားမိဘူး"
ပြောရင်းဖြင့်ပင် သူက ဆက်လက်တိုက်ခိုက်လိုက်သည်။
ယခုတစ်ကြိမ်မှာတော့ သူ၏ ဓားချက်များက လျှင်မြန်လွန်းလှပြီး မရပ်တန့်နိုင်သည့် ဓားသိုင်းစွမ်းအား ထွက်ပေါ်လာသည်။
"ဝုန်း"
ပြင်းထန်သည့် တန်ခိုးစွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
လုကျန်းက ဟန်ယန်ရှိရာသို့ ခုန်ဝင်လာပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ သူ၏ ဓားဝိညာဉ်က ရင်သပ်ရှုမောစရာပင်။
"ဝှစ်…"
ဟန်ယန်က ဓားချက်ကို ချက်ချင်း ရှောင်တိမ်းလိုက်သော်လည်း ဓားက သူ့လက်ကို ရှပ်ထိသွားပြီး ဒဏ်ရာရသွားသည်။
"သတိထား ၊ ဒီလူက တစ်ခုခုမှားနေပြီ"
ဟန်ယန်က မိန်းမပျိုဟန်ယွင်ကို ချက်ချင်းသတိပေးလိုက်သည်။
ထို့နောက် သူတို့ (၂)ယောက်အတူပူးပေါင်းပြီး လုကျန်းကို တိုက်ခိုက်လိုက်ကြ၏။
***
ရေခဲပုစဉ်းရင်ကွဲတောအုပ်။
သေရည်ဆိုင်မှကောင်ငယ်လေးနှင့် လုန်မန်တို့ တောအုပ်ထဲတွင် လမ်းလျှောက်လာကြသည်။
"ဟုန်ယာက ဘာပန်းလေးတွေ ကြိုက်တတ်မယ်လို့ ထင်လဲ"
ကောင်ငယ်လေးက သူ့နံဘေးမှ လုန်မန်ကို မေးလိုက်ခြင်း ဖြစ်သည်။
မိန်းကလေးများ သဘောကျစေရန် ပန်းပေးရသည်ဆိုသည့်အကြောင်း ကောင်ငယ်လေး မည်သည့်နေရာက ကြးလာသည်မသိပေ။
အဋ္ဌမမင်းသား၏ မျက်နှာက ချက်ချင်းပင်ရွံလျှာဟန်ဖြင့် ရှုံ့မဲ့သွား၏။
ဘာကိစ္စ ပန်းတွေဘာတွေ ပေးနေရမလဲ ၊ သူ့စိတ်နဲ့တော့ လုံး၀ မကိုက်ညီလှပေ။
လုန်မန်က…
"မင်းကွာ တန်ခိုးစွမ်းအားမြင့်မားအောင်သာကျင့်ကြံပြီး အဲဒီကောင်မလေးကို ရိုက်ပစ်လိုက်စမ်းပါ ၊ အခုလို စိတ်ရှုတ်ခံနေစရာ မလိုပါဘူး"
ကောင်ငယ်လေးက ခေါင်းခါယမ်းလိုက်ရင်း…
"ကျွန်တော် ခင်ဗျားစကားကို ထပ်မယုံနိုင်တော့ဘူး ၊ ဟိုတလောက တည်းခိုခန်းကိုလာတဲ့ မင်းမျိုးမင်းနွယ်တစ်ယောက်ကို ခင်ဗျားပြောတဲ့နည်းလမ်း ပြောပြလိုက်တာ သူက ကျွန်တော့်ကို 'ရူးနေလား' ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်သွားတယ်"
"အဲဒါ သူက တန်ခိုးစွမ်းအားနိမ့်လို့ကွ ၊ သူ ဘာသိမှာလဲ ၊ ကျုပ်တို့က သာမန်လူတွေမှ မဟုတ်တာ ၊ ပြီးတော့ ဇာမဏီမျိုးနွယ်တွေက ပုံမှန်မဟုတ်ဘူး ၊ လူသားတွေရဲ့ စိတ်ပျက်စရာနည်းလမ်းတွေကို မင်း ယုံနေစရာ မလိုပါဘူးကွာ"
"ဒါပေမဲ့ အစ်ကိုကြီးက လူသားတစ်ယောက်ပဲလေ"
"ကျုပ်ယောက်ဖက ကျုပ်အစ်မကို ပန်းတစ်ပွင့်ပို့ပေးတာတောင် မင်း မြင်ဖူးလို့လား"
အဋ္ဌမမင်းသားက မေးလိုက်သည်။
"ဒါပေမဲ့ အစ်ကိုကြီးက ခင်ဗျားပြောသလို သူ့ကောင်မလေးကို မရိုက်ဘူးလေ"
လူငယ်က ပြန်ပြောသည်။
"နဂါးသုတ်သင်ဓားသိုင်းဆိုတာ မင်းကြားဖူးလား ၊ ကျုပ်အစ်မက နဂါးမျိုးနွယ်ကွာ ၊ ယောက်ဖက နဂါးသုတ်သင်ဓားသိုင်းကို တတ်ကျွမ်းတယ်ကွာ ၊ ဒါဆို ကျုပ်ပြောသလို ယောက်ဖလုပ်တယ်ဆိုတာ သိသာမနေဘူးလား"
ခဏနားပြီးမှ လုန်မန်က ဆက်ပြောသည်။
"ပြီးတော့ ကျုပ်အစ်မက သဘဝအတိုင်း လှလိုက်တာမှ မှုံနေတာပဲ ၊ ဒါပေမဲ့ သူက ချောမောလှပသလောက် ဉာဏ်လည်းထက်တယ် ၊ ပြီးတော့ သူက ယောက်ဖတစ်ယောက်တည်းကိုပဲ ချစ်တာ ၊ ယောက်ဖကလည်း ကျုပ်အစ်မကလွဲပြီး ဘယ်မိန်းကလေးကိုမှ မျက်စိထဲမထားဘူး ၊ သူတို့ကို ဘယ်သူကမှ ခွဲလို့ရနိုင်မယ် မထင်ဘူး"
လုန်မန်က ကောင်ငယ်လေးကို လှည့်ကြည့်လိုက်ရင်း…
"မင်းနဲ့ ဇာမဏီကောင်မလေးကရော ဘယ်အဆင့်မှာ ရှိနေတာလဲ ၊ မင်းမျက်လုံးထဲမှာ သူပဲ ရှိပေမယ့် သူ့မျက်လုံးထဲမှာ မင်းဆိုတာ လုံး၀ မရှိဘူး ၊ ဒီတော့ မင်းကို မြင်လာအောင် အဲဒီကောင်မလေးခေါင်းကို ရိုက်ပစ်ဖို့ပဲ ရှိတယ်"
ယခုတစ်ခါတော့ လုန်မန်၏ စကားကြောင့် ကောင်ငယ်လေး အတွေးနက်သွားသည်။
ထိုစဉ်…
"ဘုန်း"
မဝေးလှသောနေရာတစ်ခုမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
သူတို့ (၂)ယောက် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။
ကောင်ငယ်လေးက…
"ဘာဖြစ်တာလဲ"
အဋ္ဌမမင်းသားက ယနေ့အစောပိုင်းက လုကျန်းနဲ့ တွေ့ဆုံခဲ့သည်ကို ပြန်အမှတ်ရလိုက်သည်။
"ဂိုဏ်းတူအစ်ကိုလုကျန်းထင်တယ် ၊ သူ မြေအောက်နတ်ဆိုးတွေကိုရှာဖို့ ဒီတောအုပ်ထဲရောက်နေတာ"
ထို့နောက် လုန်မန်က ကောင်ငယ်လေးကို ဆွဲခေါ်ကာ ထိုနေရာသို့ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ကောင်ငယ်လေးက…
"ဘာလို့ ကျွန်တော့်ကို အတင်းဆွဲခေါ်နေတာလဲဗျ ၊ ကျွန်တော်က တန်ခိုးစွမ်းအား မြင့်မားသေးတာမဟုတ်ဘူး ၊ မလိုက်ဘူးနော်"
အဋ္ဌမမင်းသားက…
"ကျုပ်ရှိနေတာပဲ ၊ အန္တရယ်ကင်းပါတယ်ကွာ ၊ ပြီးတော့ မင်းက အရေခွံထူတာပဲ ၊ အစစ်အမှန်အင်မော်တယ်တွေတောင် မင်းကို ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး"
သူက ဆက်ပြောသည်။
"ပြီးတော့ အခုချိန်က အတွေ့အကြုံရှာရမယ့်အခွင့်ကောင်းကွ ၊ ကျုပ်တို့သာ လုကျန်းကို ကူပြီးတိုက်ခိုက်ပေးမယ်ဆိုရင် သူက ဝိညာဉ်ကျောက်တုံးတွေအများကြီး မုန့်ဖိုးပေးမှာ ၊ မင်းမှာ ဝိညာဉ်ကျောက်တုံးတွေ သိပ်မရှိတော့ဘူး မဟုတ်လား"
ကောင်ငယ်လေး : "……"
သူ့မှာ ဘာမှမပြောသာတော့ဘဲ လုန်မန်ခေါ်ရာနောက်သို့သာ လိုက်သွားရလေတော့၏။
***
"ကဲ စလိုက်ကြစို့"
အဖြူရောင်ဝတ်ဆင်ထားသည့် နတ်လူသားမျိုးနွယ်က သူ့ရှေ့မှ နတ်မိစ္ဆာ (၂)ယောက်ကို ပြောလိုက်သည်။
သူတို့က ရေခဲပုစဉ်းရင်ကွဲတောအုပ်၏ မလယ်ဗဟိုတွင် ရှိနေကြပြီး သူတို့အစီအစဉ် အောင်မြင်မည်လား ၊ ကျရှုံးမည်လားဆိုသည်က ယနေ့ညတွင် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
ဖေးယွမ်က…
"ဒီနားမှာ တိုက်ပွဲတစ်ခုခု ဖြစ်နေတဲ့ပုံပဲ ၊ ပြဿနာတစ်ခုခု ရှိနိုင်မလား"
သူတို့ ယခုတစ်ခေါက်အောင်မြင်ချင်ကြပြီး ကျရှုံးရန် ဆန္ဒမရှိကြပေ။ မအောင်မြင်လျှင်လည်း အသက်ရှင်သန်ရန် အခွင့်အလမ်း မရှိတော့ပေ။
အဖြူရောင်ဝတ်လူရွယ်က မျက်ခုံးများကို တွန့်ချိုးပြီး သူတို့ (၂)ယောက်ကို ကြည့်လိုက်သည်။
"မင်းတို့တွေ နားမလည်ကြသေးဘူးလား"
"ကျုပ်တို့ စပြီး လှုပ်ရှားပြီဆိုကတည်းက သေဖို့ အချိန်ကို နောက်ပြန်ရေတွက်လိုက်တာပဲ ၊ ရန်သူက ကျုပ်တို့ကို ရှာတွေ့သွားမလားဆိုတာ တွေးမနေနဲ့ ၊ ရန်သူ သိသွားပြီဆိုရင်လည်း အခုလို တုံ့ဆိုင်းနေတာက အချိန်ဖြုန်းနေတာပဲ ၊ ဘာလို့လဲဆိုတော့ ကျုပ်တို့ကို ရှာတွေ့သွားတာနဲ့ တိုက်ခိုက်ခံရမှာပဲ"
သူက ဆက်ပြောသည်။
"ဒီတော့ ပတ်ဝန်းကျင်က တိုက်ပွဲတွေကို စိတ်ဝင်စားမနေနဲ့ ၊ ပတ်ဝန်းကျင်ကြောင့် အချိန်ကုန်မခံနိုင်ဘူး ၊ ကျုပ်တို့မှာ အချိန်မရှိဘူး ၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် မကြာခင် ရန်သူက ကျုပ်တို့ကို ရှာတွေ့တော့မှာပဲ ၊ အဲဒီတော့ လုပ်ရမယ့်အလုပ်ကို အာရုံစိုက်မှ အောင်မြင်နိုင်မှာ ၊ နားလည်ကြလား"
ဖေးယွမ်နှင့် ဦးချိုများရှိသည့်လူငယ်မှာ ခေါင်းများငုံ့နေပြီး မည်သည့်စကားမှ မပြောကြတော့ပေ။
တကယ်တော့ နတ်လူသားမျိုးနွယ်လူရွယ်ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ သူတို့အတွက် အချိန်မရှိပေ။
ယခု နတ်မိစ္ဆာများက သူတို့ရှေ့တွင် ရှေးဟောင်းရေတွင်းကြီးတစ်ခု ဖန်ဆင်းထားသည်။ ရေတွင်းကြီးက အဆုံးမရှိသည့် မရဏလောက တွင်းနက်ကြီးနှင့် ချိတ်ဆက်ထားဟန် ရှိသည်။
ဖေးယွမ်တို့ (၂)ယောက်က သူတို့၏ တန်ခိုးစွမ်းအားမျးကို ရေတွင်းပျက်အပေါ်သို့ သက်ရောက်စေလိုက်သည်။ ခဏအကြာတွင်တော့ ထိုတန်ခိုးစွမ်းအားများကို ရေတွင်းပျက်ကြီးက စုပ်ယူလိုက်၏။
မကြာမီ ရေတွင်းပျက်ကြီးအတွင်းမှ မရဏအငွေ့အသက်များ ထွက်ပေါ်လာသည်။
အဖြူရောင်ဝတ်လူရွယ်က ထိုမြင်ကွင်းကိုတွေ့သည်နှင့် ကောင်းကင်ထက်သို့ ဖြည်းညင်းစွာ ပျံတက်သွားသည်။
"ကျုပ် မင်းတို့ကို ကူညီပေးမယ်"
ထို့နောက် အဖြူရောင်ဝတ်လူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ရေခဲပုစဉ်းရင်ကွဲတောအုပ်တစ်ခုလုံး အလင်းရောင်များ လင်းထိန်တောက်ပသွားသည်။
အလင်းတန်းများအားလုံးက ရေတွင်းပျက်ကြီးအတွင်းသို့ ဝင်ရောက်သွားကြသည်။
ထိုအခါ မရဏလောကနှင့် ချိတ်ဆက်ထားသည့် ငရဲတံခါးလမ်းကြောင်း လျှင်မြန်စွာပွင့်လာသည်ကို ဖေးယွမ်တို့ (၂)ယောက် ခံစားလိုက်ကြရသည်။
သို့သော် အလင်းတန်းများကလင်းထိန်လွန်းပြီး အသံကလည်းကျယ်လောင်လှသည်ဖြစ်လေရာ နတ်မိစ္ဆာ (၂)ယောက်မှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
သူတို့ ပြဿနာရှာနေကြောင်း ခွန်လွန်တောင်ကို အသိပေးနေသည့်အလား ထင်မှတ်ရသည် မဟုတ်ပါလား။
သို့သော် ယခုအချိန်ရောက်မှတော့ တုံ့ဆိုင်းနေစရာမလိုတော့ပေ။
အောင်မြင်မှုရရန်သာ ရှေ့ဆက်တိုးရတော့မည် ဖြစ်၏။
***
မရဏလောက ၊ နယ်ခြားနေရာ။
"ဒါဆို ကျုပ်တို့ သဘောတူညီမှု ရပြီလား"
မရဏလောကမှ တန်ခိုးစွမ်းအားရှင်က ကျန်းလန်ကို မေးလိုက်သည်။
သို့သော်....
တစ်ဖက်လူက ကျန်းလန်ထံမှ အဖြေစကားကို စောင့်နေစဉ်မှာပင် ကျန်းလန်က နေရာမှ ပျောက်ကွယ်သွား၏။
ထိုသူက သူ့ကိုရှာဖွေရန်ကြိုးစားလိုက်စဉ်မှာပင် လက်တစ်ဖက်က သူ့ခေါင်းကိုဆုပ်ကိုင်လာပြီး အေးစက်သည့် အသံတစ်သံထွက်ပေါ်လာသည်။
"ကျုပ် သဘောမတူနိုင်တာ စိတ်မကောင်းပါဘူး"
"ဘန်း"
နွားရိုင်းကိုးကောင်စွမ်းအားထွက်ပေါ်လာပြီး အနက်ရောင်အရိပ်၏ဦးခေါင်း ကြေမွသွားသည်။
အနက်ရောင်ချီစွမ်းအားများထွက်ပေါ်လာပြီး ပုံရိပ်က ပြန်ကောင်းလာခြင်းမရှိတော့ဘဲ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
"ဒီနေရာက မရဏလောကအစပ်ပဲ ၊ ပြီးတော့ ကျုပ်ကလည်း အခိုးအငွေ့တစ်ခုမျှပဲ ဖြစ်တယ် ၊ မင်း ကျုပ်ကို ဘယ်လိုလုပ်သတ်ဖြတ်နိုင်မှာလဲ"
အနက်ရောင်အခိုးအငွေ့များ၏ အလယ်ဗဟိုမှ စကားသံထွက်ပေါ်လာသည်။
ကျန်းလန်က ထိုနေရာသို့ လက်သီးဖြင့်ထိုးချလိုက်သည်။ ယခုတစ်ကြိမ်တွင် အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုပြီး အစွမ်းကုန်ထိုးနှက်လိုက်ခြင်း ဖြစ်၏။
"ဘန်း"
အနက်ရောင်အခိုးအငွေ့များ ပြိုကွဲသွားသည်။
ကျန်းလန်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…
"မင်း အခု သေပြီလား"