အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
Chapter 111
~
အခန်း ၁၁၁ : မိန်းမတွေရှေ့မှာ ယောကျ်ားတစ်ယောက်အနေနဲ့ အရှုံးမပေးနိုင်ဘူး...
~
တစ်ဖက်တွင်လည်း ကျိုးယန်သည် လုကျိုက်ကို ခေါ်ဆောင်ကာ ပြေးစက်များရှိရာသို့ ရောက်ရှိနေပေသည်။
ကြွက်သားအဖုအထစ်များနှင့် လူသန်ကြီးများ ရှိရာ အလေးမသည့် နေရာနှင့် နှိုင်းယှဉ်လျှင် ဤနေရာ၏ လေထုမှာ သိသိသာသာ ပို၍ လန်းဆန်းစေ၏။ ကိုယ်ကျပ် အားကစားဝတ်စုံများကို ဝတ်ဆင်ထားသော အမျိုးသမီးများစွာသည် ပြေးစက်များပေါ်တွင် ချွေးသံရွှဲရွှဲဖြင့် လေ့ကျင့်နေကြပြီး ချွေးစိုနေသော အဝတ်အစားများမှာ သူတို့၏ အချိုးအစားကျလှသော ကိုယ်ဟန်များကို အတိုင်းသား ပေါ်လွင်စေသည်။
"ဟူး... ဟား..."
ကျိုးယန်သည် လေကို ဝဝရှူလိုက်ပြီးနောက် လိုလားတောင့်တနေသော အမူအရာဖြင့် ပြောလိုက်သည်။
"အားကျိုက်... မင်း အနံ့ တစ်ခုခု ရလား.."
"ဘာနံ့လဲ.."
လုကျိုက်မှာ နားမလည်နိုင်ဘဲ လေကို ရှူကြည့်လိုက်ရာ မျက်နှာတွင် ရွံရှာသော အမူအရာတစ်ခု ပေါ်လာတော့သည်။
"ဒီလေထဲမှာ ပျံ့နေတဲ့ ချဉ်စုတ်စုတ်ချွေးနံ့ကို ပြောတာလား.."
"ချီးပဲ... မင်းကတော့ အနုပညာကို နားမလည်ဘူး.."
ကျိုးယန်က ပြန်လည် ပြင်ဆင်ပေးလိုက်သည်။
"ဒါက ဘယ်လိုလုပ် ချဉ်စုတ်စုတ်အနံ့ ဖြစ်ရမှာလဲ.. ဒါက မိန်းမပျိုလေးတွေ သူတို့ရဲ့ လူငယ်ဘဝကို အားသွန်ခွန်စိုက် အသုံးပြုနေကြတဲ့ အမွှေးနံ့လေးပဲ.."
လုကျိုက် ..."..."
လုကျိုက်မှာ ဘာမှ ပြန်မပြောနိုင်တော့ဘဲ အထင်သေးသော အကြည့်ဖြင့်သာ ကြည့်နေမိသည်။ လူတိုင်းက သူ့ကို တဏှာရူး ဟု ပြောကြသော်လည်း ကျိုးယန်မှာလည်း သူနှင့် မထူး မခြားနားဟု ခံစားလိုက်ရ၏။
"လာစမ်းပါ... ဒီအကိုကြီးက မင်းကို မိန်းကလေးတွေနဲ့ ဘယ်လို ရင်းနှီးအောင် လုပ်ရမလဲဆိုတာ သင်ပေးမယ်.."
ကျိုးယန်က ခေါင်းကို တစ်ချက် ခါလိုက်ပြီးနောက် ပြေးစက်ပေါ်တွင် ပြေးနေသော မိန်းကလေးတစ်ဦးထံသို့ ယုံကြည်ချက်အပြည့်ဖြင့် လျှောက်သွားကာ ဘေးကပ်လျက်ရှိ ပြေးစက်ကို စတင်လိုက်တော့သည်။
လုကျိုက်ကမူ အေးအေးဆေးဆေးပင် ပြေးစက်၏ အရှိန်ကို အဆင့် ၆ တွင် ထားရှိကာ ခပ်သွက်သွက် လမ်းလျှောက်နေပေသည်။ ထိုမြင်ကွင်းကို ကြည့်ကာ ကျိုးယန်က ခေါင်းခါလိုက်မိသည်။
ဤကောင်မှာ လုံးဝ သင်ပေး၍ မရသော လူစားမျိုးပင်။ ထိုအရှိန်နှင့်ဆိုလျှင် အမျိုးသမီးတစ်ယောက်ကိုပင် မမီနိုင်ပါချေ။ အာရုံစိုက်မှုကို မည်သို့ ရနိုင်ပါ့မည်နည်း။ ထို့ကြောင့် သူကိုယ်တိုင် လက်တွေ့ သင်ခန်းစာ ပြရပေတော့မည်။
ဘေးက မိန်းကလေး၏ ပြေးစက်အရှိန်မှာ ၈ ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ကျိုးယန်သည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး သူ၏ အရှိန်ကို ၁၀ သို့ တိုက်ရိုက် မြှင့်တင်လိုက်သည်။
ကမ္ဘာပေါ်ရှိ အမျိုးသမီးအများစုမှာ သန်မာသော အမျိုးသားများကို တိတ်တဆိတ် သဘောကျတတ်ကြ၏။ ဘေးက အမျိုးသမီးထက် သူ ပို၍ စွမ်းဆောင်နိုင်သရွေ့ သူမ၏ အာရုံစိုက်မှုကို ရရှိမည်မှာ သေချာလှပေသည်။
ပြေးစက် စတင်လည်ပတ်လာပြီး ကျိုးယန် စတင်ပြေးပါတော့သည်။ အစပိုင်းတွင်မူ သူသည် ပြေးစက်အရှိန်နှင့် အံဝင်ခွင်ကျ ဖြစ်နေပြီး အေးအေးဆေးဆေး ရှိလှသည်။ သို့သော် မကြာခင်မှာပင် နဖူးမှ ချွေးများ စီးကျလာပြီး အသက်ရှူသံများမှာလည်း ပြင်းထန်လာတော့သည်။
"ကျိုးယန်... မင်း မလုပ်နိုင်ရင်လည်း အတင်းမလုပ်ပါနဲ့.. အရှိန် လျှော့လိုက်ပါဟ.."
လုကျိုက်က ဘေးမှနေ၍ စေတနာဖြင့် အကြံပေးလိုက်သည်။
"ဘာတွေ ပြောနေတာလဲ.. ငါ အခုမှ အကြောလျှော့နေတာလေ..သွေးပူတုန်းရှိသေးတယ်.. ဘယ်လိုလုပ် မပြေးနိုင်ဘဲ နေမှာလဲ.."
"ဒီအရှိန်နဲ့ဆို တစ်နာရီလောက် ပြေးဖို့က အေးဆေးပဲ.."
ကျိုးယန်က မကျေမနပ် မျက်စောင်းထိုးကာ စကားကို လျှောက်မပြောရန် မျက်ရိပ်ပြလိုက်သည်။ ထို့နောက် ဘေးက မိန်းကလေးကို ခိုးကြည့်ကာ အေးဆေးပြေးနေဟန် ဆောင်လိုက်သည်။
ဘေးတွင် မိန်းကလေး ရှိနေသဖြင့် အရှိန် လျှော့လိုက်လျှင် အထင်ကြီးခံရဖို့ ဝေးစွ၊ အထင်သေးပြီး လှောင်ပြောင်ခြင်းကိုပင် ခံရနိုင်ပေသည်။ ယောကျာ်းတစ်ယောက်သည် ဘယ်နေရာမှာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်၏ ရှေ့တွင်တော့ အားနည်းသည်ဟု အထင်မခံနိုင်ချေ။
' မိန်းကလေးတစ်ယောက်က ပြေးစက်ပေါ်မှာ ဘယ်လောက်ကြာကြာ ပြေးနိုင်မှာမို့လဲ.. ယောကျာ်းတစ်ယောက်ရဲ့ ခံနိုင်ရည်မှာ မိန်းကလေးတစ်ယောက်ထက် အမြဲ ပိုသာတာပဲကို..ပြီးတော့ ဒီကောင်မလေးက ငါ မရောက်ခင် ကတည်းက ပြေးနေတာ..သူ မောတဲ့အချိန်အထိ တင်းထားရုံပဲ..'
လုကျိုက်သည် ကျိုးယန်၏ ဟန်ဆောင်မှုကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်ပြီး ဘာမှ ဆက်မပြောတော့ဘဲ သူ၏ ပြေးစက်ပေါ်တွင် အေးအေးဆေးဆေး လမ်းဆက်လျှောက်နေတော့သည်။
မကြာခင်မှာပင် မိနစ်နှစ်ဆယ်ကျော် ကုန်ဆုံးသွားသည်။ ကျိုးယန်သည် ပြေးစက်၏ လက်ကိုင်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အသက်ကို လုရှူနေရကာ လဲကျတော့မည့်အလား ဖြစ်နေချေပြီ။ ဘေးက မိန်းကလေးမှာမူ ချွေးသံရွှဲနေသော်လည်း အသက်ရှူသံ မှန်ကန်နေဆဲဖြစ်ပြီး ပြေးနေဆဲပင် ။
'ဒါက ဘာဖြစ်တာလဲ.. ငါ့ခြေထောက်တွေက ပင်ပန်းလွန်းလို့ ထုံကျင်နေပြီ .. ဒီကောင်မလေးက အေးဆေးပြေးနေတုန်းပဲ...ငါ တကယ်ပဲ အားနည်းနေတာလား..'
'ဘယ်လောက်တောင် ကြာသွားပြီလဲ..'
ကျိုးယန်မှာ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိသလို ဖုန်းထုတ်ကြည့်ရန်လည်း အားမရှိတော့သဖြင့် လုကျိုက်ကိုသာ မေးလိုက်ရတော့သည်။
"ဟူး... ဟူး... အား... အားကျိုက်.. ဘယ်... ဘယ်လောက်ကြာသွားပြီလဲ.."
"မိနစ် သုံးဆယ် နီးပါး ရှိပြီ.."
လုကျိုက်က ဖုန်းကို ကြည့်ကာ ဖြေလိုက်သည်။
"မိနစ် သုံးဆယ် ဟုတ်လား.."
ကျိုးယန် အံ့အားသင့်သွားပြီး ဘေးက မိန်းကလေးကို မယုံနိုင်စရာ အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ ပြေးခဲ့သည်မှာ မိနစ် သုံးဆယ်ခန့် ရှိပြီဖြစ်ရာ အနည်းဆုံး ၅ ကီလိုမီတာခန့် ရှိပေလိမ့်မည်။ သူမှာတော့ ပြေးစက်ပေါ်တွင် အသက်ထွက်လုနီးပါး ဖြစ်နေပြီ။ သို့သော် သူ့ထက် အရှိန်သိပ်မလျော့သော ဤအမျိုးသမီးမှာမူ ဘာမှ မဖြစ်သကဲ့သို့ ရှိနေသေးသည်။
ဒါက တကယ်ကို သန်မာလွန်းလှသည်။ ထိုစဉ် ကောင်မလေး၏ သူငယ်ချင်းတစ်ဦး ရောက်လာပြီး မေးလိုက်သည်။
"ပြေးရတာ ဘယ်လိုလဲ.."
"အဆင်ပြေပါတယ်.. နောက်နှစ်ရက်နေရင် ပြိုင်မယ့် မာရသွန်ပွဲအတွက်တော့ ပြဿနာ မရှိပါဘူး.."
အမျိုးသမီးက ပြုံး၍ ပြန်ဖြေလိုက်သည်။
"အဟွတ်... အဟွတ်.."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးယန်မှာ အသက်ရှူမှားကာ ချောင်းများ ဆက်တိုက် ဆိုးတော့သည်။ သူ၏ ခြေထောက်များမှာ ချော်သွားပြီး ပြေးစက်၏ ပတ်ကြိုးပေါ်သို့ မျက်နှာဖြင့် မှောက်လျက် လဲကျကာ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။
သူ တကယ်ပဲ ရှုံးနိမ့်သွားလေပြီ။ ဂျင်ထဲတွင် မိန်းကလေး များစွာ ရှိပါသော်လည်း မည်သည့်အတွက်ကြောင့်မာရသွန် အားကစားသမားကိုမှ သွား၍ ရွေးမိပါသနည်း။
'မာရသွန် ပြေးမယ့်သူဆိုလည်း စောစောက ပြောရမှာပေါ့..ငါ့ရဲ့ ခံစားချက်တွေနဲ့ ခွန်အားတွေ အလဟဿ ဖြစ်ကုန်ပါပြီ..'
အကယ်၍ သူမနှင့်အတူ နောက်ထပ် ဆယ်ကီလိုမီတာလောက် ဆက်ပြေးနေလျှင် သူ ပြေးစက်ပေါ်မှာတင် အသက်ထွက်သွားနိုင်သော်လည်း သူမကတော့ အေးဆေးနေဦးမည်မှာ အမှန်ပင်။
"ကျိုးယန်... အဆင်ပြေရဲ့လား.."
လုကျိုက်က ပြေးစက်ကို ရပ်ကာ ကျိုးယန်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ စိုးရိမ်တကြီး မေးလိုက်သည်။
"အဆင်ပြေပါတယ်..."
ကျိုးယန်သည် ကြမ်းပြင်မှ ပြန်ထလိုက်သော်လည်း နာကျင်လွန်းသဖြင့် ခြေထောက်များမှာ တုန်ယင်နေပြီး မတ်တပ်ရပ်ရန်ပင် ခဲယဉ်းနေတော့သည်။ တက္ကသိုလ် ဘွဲ့ရပြီးကတည်းက သူ ဤမျှအထိ ပြင်းပြင်းထန်ထန် မပြေးဖူးပါချေ။ ဒီနေ့ တစ်ရက်တည်း လုပ်လိုက်သော လေ့ကျင့်ခန်း ပမာဏမှာ တစ်နှစ်စာနှင့်ပင် ညီမျှနေပေလိမ့်မည်။
"ကျိုးယန်... လက်လျှော့လိုက်ပါတော့.."
လုကျိုက်က မျက်မှန်ကို ပင့်တင်လိုက်ရင်း ဘေးပတ်ဝန်းကျင်မှ လေ့ကျင့်နေသော အမျိုးသမီးများကို ကြည့်ကာ ပြောလိုက်သည်။
"ကြည့်စမ်း... ဒီမှာရှိတဲ့ မိန်းမတွေထဲမှာ ငါတို့ထက် အားနည်းတဲ့သူ တစ်ယောက်မှ မရှိဘူး.."
ကျိုးယန် ..."..."
ကျိုးယန်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ၈၀ ကီလိုဂရမ် အလေးများကို မနေကြသော မိန်းကလေးများနှင့် ၂၀ ကီလိုဂရမ် အလေးများကို တစ်ဖက်စီ ကိုင်၍ လေ့ကျင့်နေကြသူများကို မြင်လိုက်ရချိန်တွင် ရက်စက်လှသော လက်တွေ့ဘဝကို အသိအမှတ် ပြုလိုက်ရတော့သည်။
တစ်ဂျင်လုံးတွင် အားအနည်းဆုံးသူမှာ သူတို့နှစ်ယောက် ဖြစ်ပေလိမ့်မည်။
"မဟုတ်ဘူး.. သိက္ခာရှိတဲ့ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို မရှုံးနိုင်ဘူး.."
ခဏတာ စိတ်ပျက်သွားပြီးနောက် ကျိုးယန်၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ပြန်လည် နိုးထလာပြီး လုကျိုက်ကို ဆွဲခေါ်လိုက်သည်။
"အားကျိုက်... ငါ့ကို လေ့ကျင့်ပေးစမ်း.."
"ဒီနေ့ကစပြီး ငါ သန်မာတဲ့ ယောကျာ်းတစ်ယောက် ဖြစ်အောင် လုပ်မယ်.."
ထိုသို့ ဆိုကာ ကျိုးယန်သည် အလေးမသည့် နေရာသို့ တိုက်ရိုက်သွားကာ ခုံပေါ်တွင် လှဲချလိုက်သည်။ အလေးပေါ်တွင် အလေးပြားများ မပါသေးဘဲ စုစုပေါင်း အလေးချိန်မှာ ၃၀ ကီလိုဂရမ်သာ ရှိသည်။ သူသည် အလေးကို မြဲမြံစွာ ဆုပ်ကိုင်ကာ အသင့်ပြင်လိုက်သည်။
လုကျိုက်ကမူ ဘေးမှနေ၍ ကူညီရန် အသင့်ရှိနေပေသည်။ သူတို့နှစ်ယောက်မှာ စကားတစ်လုံးမျှ မဆိုသော်လည်း အချင်းချင်း အသင့်ဖြစ်နေပြီကို သိရှိကြသည်။
ကျိုးယန်က အသက်ကို ဝဝရှူလိုက်ပြီး အလေးကို မကာ သူ၏ အစွမ်းကုန် ခွန်အားကို အသုံးပြု၍ အပေါ်သို့ ဖြည်းညှင်းစွာ တွန်းတင်လိုက်သည်။
"ကျိုးယန်... လုပ်စမ်း... မင်း လုပ်နိုင်ပါတယ်.. မင်းကိုယ်မင်း ယုံကြည်စမ်း.."
"နည်းနည်းပဲ လိုတော့တယ်.. ရောက်တော့မယ်.. တောင့်ခံထားစမ်း.."
လုကျိုက်၏ အားပေးစကားများကြားတွင် ကျိုးယန်သည် တုန်ယင်နေသော လက်မောင်းများကို အသုံးပြု၍ အလေးကို အပေါ်သို့ အဆုံးအထိ တွန်းတင်နိုင်ခဲ့သည်။
"မင်း လုပ်နိုင်သွားပြီ.. မင်းက ယောကျာ်းစစ်စစ်ပဲ.."
လူကျိုက်က ဝမ်းသာအားရ ချီးကျူးလိုက်သည်။
ကျိုးယန်သည် အလေးကို ပြန်တင်လိုက်ပြီးနောက် ထိုင်ကာ သူ၏ လက်များကို မယုံနိုင်စရာ ကြည့်နေမိသည်။ သူ၏ ရင်ထဲတွင်လည်း အောင်မြင်မှု အထိအတွေ့ကြောင့် စိတ်လှုပ်ရှားနေတော့သည်။
သူ လုပ်နိုင်သွားပြီ။ ၃၀ ကီလိုဂရမ် အလေးကို သူ အောင်မြင်စွာ မနိုင်ခဲ့ပြီ။
ထိုစဉ် ဘေးက အမျိုးသမီးတစ်ဦးသည် ကျိုးယန်နှင့် လုကျိုက်ကို ကြည့်ကာ ရယ်ချင်သည်ကို အောင့်ထားရင်း ဘေးရှိခုံပေါ်တွင် လှဲချလိုက်သည်။ ထို့နောက် ၃၀ ကီလိုဂရမ် အလေးကို ယူကာ ဆယ်ကြိမ်တိတိကို ဆက်တိုက် မပြလိုက်လေတော့သည်။
ကျိုးယန် ... "..."
လုကျိုက် ... "..."
ထိုအချိန်တွင် ကျိုးယန်နှင့် လုကျိုက်တို့မှာ ဆွံ့အသွားကြပြီး သူတို့၏ ပျော်ရွှင်မှုမှာလည်း ချက်ချင်းပင် ကွယ်ပျောက်သွားပါတော့သတည်း။
Chapter 112
~
အခန်း ၁၁၂ : ဧကရီကို လာ၍ ဝိုက်ကြသူများ
~
"အဟွတ်... အဟွတ်... အားကျိုက်... ငါ မင်းကို ပြောသားပဲ.. ၃၀ ကီလို အလေးဆိုတာ ငါ့အတွက် အရမ်း လွယ်လွန်းပါတယ်.. ဒါက လုပ်ရတာ ပျင်းစရာကြီး.. မင်းက ငါ့ကို မဖြစ်မနေ လုပ်ခိုင်းလို့သာ ငါ လုပ်ပြတာ.."
"ကဲ... မင်းလည်း မြင်ပြီးပြီဆိုတော့ အမြန်လာဦး.. ဒီပေါ်မှာ အလေးပြားတွေ ထပ်တင်ပေး..."
ကျိုးယန်သည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများကို ဖုံးကွယ်ကာ ယုံကြည်ချက်ရှိပြီး နက်နဲသော အမူအရာကို ဖမ်းလိုက်သည်။ သူ၏ အသံမှာပင် ရုပ်ဖြောင့်သော အမျိုးသားများ၌သာ ရှိတတ်သည့် ဆွဲဆောင်မှုရှိသော အသံမျိုး ဖြစ်သွားတော့သည်။
'မိန်းကလေးတစ်ယောက် အနား ရောက်လာတာနဲ့ ခေါင်းထဲ သုတ်ပိုးရောက်သွားပြန်ပြီ ..ဒီကောင် ကိုယ့်အစွမ်းအစကိုယ် နားမလည်ဘူး ..ကြွးချင်ရင်လည်း ကြွားပါစေတော့လေ...'
လုကျိုက်သည် ကျိုးယန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဘေးသို့ တိတ်တဆိတ် လျှောက်သွားကာ ၂၅ ကီလိုဂရမ် ရှိသော အလေးပြား နှစ်ခုကို ရွေးချယ်၍ တင်ပေးလိုက်သည်။
ဘေးနားရှိ အမျိုးသမီးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အားကျသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။ ကျိုးယန်မှာမူ စိတ်ထဲ၌ တိတ်တဆိတ် ကျေနပ်ပီတိ ဂွမ်းဆီထိ ဖြစ်သွားချေသည်။
သူ ထင်ထားသည့်အတိုင်းပင်။ သူ အနည်းငယ် သန်မာဟန် ပြလိုက်သည်နှင့် အမျိုးသမီးများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိလိုက်သည်။
"ပေါ့ပေါ့လေးပဲ ရှိပါသေးတယ် ထပ်တင်လိုက်အုံး.."
ကျိုးယန်မှာ ကြည့်ပင် မကြည့်တော့ဘဲ သူ၏ ဘေးနားရှိ လုကျိုင်ကို ဟန်ပါပါဖြင့် ထပ်မံ အမိန့်ပေးလိုက်ပြန်သည်။ လုကျိုက်မှာ မျက်မှောင်ကြုတ်လိုက်ပြီး ၂၅ ကီလိုဂရမ် ရှိသော အလေးပြား နှစ်ခုကို ထပ်မံ တင်ပေးလိုက်ပြန်သည်။
ယခုအခါတွင်မူ ဘေးပတ်ဝန်းကျင်မှ လူများစွာသည် လေ့ကျင့်ခန်း လုပ်နေသည်ကို ရပ်ကာ ကျိုးယန်က လုကျိုက်ကို အလေးပြားများ ဆက်တိုက် တင်ခိုင်းနေသည်ကို စပ်စုစွာ ကြည့်နေကြတော့သည်။ ပုံမှန်အားဖြင့် သူတစ်ပါး အလေးတင်သည်ကို မည်သူမှ ဂရုမစိုက်ကြသော်လည်း တစ်စုံတစ်ယောက်က အလေးပြားများကို အဆုံးအထိ တစ်ကြိမ်တည်း တင်နေလျှင်မူ အာရုံမစိုက်ဘဲ မနေနိုင်ကြတော့ပေ။
လူအများ၏ အကြည့်များကို ခံစားရချိန်တွင် ကျိုးယန်မှာ မာန်တက်ကာ နှုတ်ခမ်းကို အသာ သပ်လိုက်မိသည်။ သူ သတိပြန်ဝင်လာချိန်တွင်မူ အလေးတွင် အလေးပြားများဖြင့် ပြည့်နှက်နေချေပြီ။ သူ့ရှေ့ရှိ အလေးမှာ အနည်းဆုံး ကီလိုဂရမ် နှစ်ရာကျော်မျှ ရှိပေလိမ့်မည်။
"ငိုးမတား.. အားကျိုက်... မင်း ဘာလို့ အများကြီး တင်လိုက်တာလဲ.."
"မင်းပဲ တင်ခိုင်းတာ မဟုတ်ဘူးလား.."
လုကျိုက်မှာ အပြစ်ကင်းစင်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ ကျိုးယန်မှာ ဆွံ့အသွားရပြီး ရှေ့မှ အလေးအပြည့် တင်ထားသော အလေးကို ကြည့်ကာ အကျပ်ရိုက်သွားတော့သည်။ ဂျင်ရုံ တစ်ခုလုံးရှိ လူတိုင်းက သူ့ကို ကြည့်နေကြပြီ ဖြစ်ရာ သူ မည်သို့ဆက်လုပ်ရပါမည်နည်း။
"ကျိုးယန်... ပတ်ဝန်းကျင် အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ .. မင်း မနိုင်ရင်တောင် မရရအောင် လုပ်ပြရတော့မယ်.."
လုကျိုက်က ကျိုးယန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
ကျိုးယန် .."..."
ကျိုးယန်သည် တံတွေးကို အသာအယာ မျိုချလိုက်ပြီး လူအများ၏ အကြည့်အောက်တွင် အံကြိတ်ကာ ခုံပေါ်တွင် လှဲချလိုက်ပြီး အလေးကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
"အိုး... သူ စတော့မှာလား.."
"ဒီလောက် အလေးချိန် အများကြီးကို မတာ ငါ ပထမဆုံး မြင်ဖူးတာပဲ.."
"သူသာ ဒါကို အောင်အောင်မြင်မြင် မနိုင်ရင် ငါတို့ ကလပ်ရဲ့ စံချိန်ကို ချိုးမှာ.."
ဂျင်ရုံအတွင်းရှိ လူများမှာ စုရုံးလာကြပြီး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြတော့သည်။
"ယားးးး..."
အော်ဟစ်သံနှင့်အတူ ကျိုးယန်သည် အလေးကို ဆုပ်ကိုင်ကာ သူ၏ မွေးရာပါ ခွန်အားကို အသုံးပြု၍ မလိုက်ရာ မျက်နှာမှာ နီမြန်းသွားပြီး သွားများကို တင်းတင်း စေ့ထားကာ ခါးမှာ အပေါ်သို့ပင် ကော့တက်သွားတော့သည်။
ခဏတာ ကြာပြီးနောက် သူ လုံးဝ အင်အားကုန်ခမ်းသွားပြီး ဆားနယ်ထားသော ငါးတစ်ကောင်ကဲ့သို့ ခုံပေါ်တွင် အသက်မဲ့စွာ လှဲနေတော့သည်။ သူ၏ လက်ထဲက အလေးမှာမှာမူ တုပ်တုပ်မျှပင် မလှုပ်ချေ။
"ငါ သိသားပဲ..သူ့လို ပျော့ဖတ်ဖတ်ကိုယ်လုံးလေးနဲ့ ဒါကို ဘယ်လိုလုပ် မနိုင်မှာလဲ.."
"နည်းနည်းလောက်တော့ လှုပ်သွားမလားလို့ ထင်နေတာ.."
"ပျင်းစရာကြီး.. ကိုယ့်ကိုကိုယ် သောက်ထင်ကြီးနေတဲ့ နောက်တစ်ယောက် ပေါ်လာပြန်ပြီ.."
လူအများမှာ စိတ်ပျက်သွားကြပြီး ခေါင်းခါကာ လူစုခွဲသွားကြတော့သည်။
"အားကျိုက်... ငါ အရမ်းကြီးတော့ အရှက်မကွဲသွားပါဘူးနော်..."
ကျိုးယန်သည် အားနည်းသော အသံဖြင့် ခုံပေါ်တွင် လဲလျောင်းနေရင်း မေးလိုက်သည်။
"ရပါတယ်..အနည်းဆုံးတော့ မင်းက သတ္တိရှိရှိ ကြိုးစားခဲ့တာပဲ.. ဒါက မင်းကို ယောကျာ်းတစ်ယောက် ဖြစ်စေပါတယ်.."
လုကျိုက်က ခေါင်းညိတ်ကာ ချီးကျူးလိုက်ပြီး ချက်ချင်းပင် စကားကို ဆက်လိုက်သည်။
"ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ တခြား ဂျင်တစ်ခုကို ပြောင်းဖို့ ငါ အကြံပေးချင်တယ်.."
ကျိုးယန် .. "..."
......
တစ်ဖက်တွင်လည်း လုံယွဲ့သည် ၂ ကီလိုဂရမ်ရှိသော အလေးများကို တစ်ဖက်စီ ကိုင်ကာ လက်မောင်း လေ့ကျင့်ခန်း လုပ်နေပေသည်။
ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ အကြီးအကျယ် နောင်တရနေမိသည်။ အတိတ်ကာလက ကျင့်ကြံခြင်းဖြင့် သူမ၏ ခန္ဓာကိုယ်ကို မည်သည့်အတွက်ကြောင့် မကျင့်ကြံခဲ့ရပါသနည်း။ အကယ်၍ သူမ၏ နတ်ဘုရား ခန္ဓာကိုယ်သာ သန်မာနေလျှင် ယခုကဲ့သို့ ၄၀ ကီလိုဂရမ် အလေးကိုပင် မ မနိုင်သည့် အဖြစ်မျိုး ကြုံရမည် မဟုတ်ပါချေ။ တွေးမိလေ နောင်တရလေဖြစ်ကာ မိမိကိုယ်ကိုယ်ပင် ရိုက်နှက်ချင်စိတ် ပေါက်နေတော့သည်။
"အလှလေး... တစ်ယောက်တည်းလား.. ဘာလေ့ကျင့်ချင်လို့လဲ.. ကိုယ် သင်ပေးရမလား.."
ထိုစဉ် ကြွက်သားအဖုအထစ်များနှင့် လူသန်ကြီးတစ်ဦးသည် စပ်ဖြီးဖြီး ပြီတီတီမျက်နှာဖြင့် သူမ၏ အနားသို့ လျှောက်လာပြီး သူမ၏ ခန္ဓာကိုယ်ကို ရမ္မက်ခိုးဝေနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤကဲ့သို့သော အကြည့်မျိုးကို သူမ အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ် အင်တာဗျူး သွားစဉ်က လူယုတ်မာကောင်၏ အကြည့်မျိုးနှင့် တစ်ထပ်တည်းပင်။
လုံယွဲ့မှာ စိတ်မကြည်မလင် ဖြစ်နေချိန် ဖြစ်သဖြင့် သူမ၏ မျက်မှောင်ကို ကြုတ်လိုက်ပြီး မျက်နှာထက်တွင်လည်း ရွံရှာသော အမူအရာ ပေါ်လွင်လာတော့သည်။
"စိတ်မဝင်စားဘူး.. ငါ့အနားကနေ ဝေးဝေးသွားစမ်း.."
"ဒီလို မလုပ်ပါနဲ့.. ငါက မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်ရုံတင်ပါ.."
"ငါ့နာမည်က မုန့်လေ့ လို့ ခေါ်တယ်.. ဒီဂျင်ရဲ့ တစ်နှစ်စာ အသင်းဝင် တစ်ယောက်ပေါ့.. ငါ့ရဲ့ စံချိန်တွေတောင် ဟိုနံရံပေါ်မှာ ချိတ်ထားသေးတယ်.."
မုန့်လေ့သည် ဂရုမစိုက်ဘဲ အရှက်မရှိစွာဖြင့် လုံယွဲ့အနားသို့ တိုးကပ်လာကာ နံရံပေါ်ရှိ သူ၏ စံချိန်များကို လက်ညီုးထိုးပြလိုက်သည်။
"ငါက လေ့ကျင့်ခန်းတွေ အများကြီး လုပ်ထားတာ.. အရမ်းလည်း ကျွမ်းကျင်တယ်.. မင်း သင်ချင်တယ်ဆိုရင် ငါက အလကား သင်ပေးမယ်.. မင်းရဲ့ ခန္ဓာကိုယ်က အခုထက် ပိုပြီး ပြီးပြည့်စုံသွားစေရမယ်လို့ ငါ အာမခံတယ်.."
"ဟူး..."
လုံယွဲ့သည် လက်ထဲက အလေးတုံးများကို ချလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
သူမသည် ဤကမ္ဘာ၏ ဘာသာစကားဖြင့်ပင် ပြောနေပါလျက်နှင့် ဤပုရွက်ဆိတ်များမှာ မည်သည့်အတွက်ကြောင့် နားမလည်ကြပါသနည်း။
"ငါ ပြောတာက နင့်ကို ထွက်သွားခိုင်းတာ..နင် လူစကား နားမလည်ဘူးလား.."
လုံယွဲ့သည် ယဉ်ကျေးမနေတော့ဘဲ သူမ၏ အကြည့်များမှာ အေးစက်လာတော့သည်။
"အို... ဘာလို့ ဒီလောက်တောင် ခါးခါးသီးသီး ဖြစ်နေရတာလဲ..သူငယ်ချင်း ဖြစ်ရုံတင်ကို.."
"မင်းလည်း တစ်ယောက်တည်း ဖြစ်နေတာပဲ..အဖော်ရှိတော့ ပိုမကောင်းဘူးလား.."
"ငါ့ကို ကြည့်စမ်း..ဒီဂျင်တစ်ခုလုံးမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး.. ငါ့ကို မင်းရဲ့ ဘေးနားမှာ ထားလိုက်ရင် မင်းအတွက် လုံးဝ လုံခြုံသွားမှာ.."
ထိုသို့ ဆိုကာ မုန့်လေ့သည် သူ၏ ကြွက်သားများကို ဟန်ပါပါဖြင့် ပြသလိုက်သည်။ သူ၏ ရင်ဘတ်ကြွက်သားများမှာ တစ်ဖက်စီ တုန်ခါနေသည်ကို မြင်လိုက်ရချိန်တွင် လုံယွဲ့မှာ ဆွံ့အသွားပြီး ရွံရှာစိတ်များ ပို၍ တိုးလာတော့သည်။
သာမန်လူသားတစ်ယောက်အနေဖြင့် ဤမျှအထိ တောင့်တင်းအောင် လေ့ကျင့်နိုင်သည်မှာ ချီးကျူးစရာ ဖြစ်သော်လည်း ဤအလှတရားမှာ အချိုးအစား မမှန်ကန်တော့ပါချေ။ သူ၏ လက်မောင်းကြွက်သားမှာ သူမ၏ ဦးခေါင်းထက်ပင် ကြီးမားနေပြီး ခန္ဓာကိုယ် အချိုးအစားမှာလည်း အလွန်ပင် ထူးဆန်းလှပေသည်။ ကြည့်ရသည်မှာ လုံးဝ မလှပ။ ရွံစရာပင် ကောင်းနေ၏။
အကယ်၍ သူမ၌ ဝိညာဥ်ချီစွမ်းအား အနည်းငယ်မျှသာ ကျန်ရှိနေသေးလျှင်ပင် ဤကြွက်သားကောင်ကြီးကို နံပြားဖြစ်အောင် ရိုက်ပြားပစ်လိုက်မိပေမည်။
"ဘယ်လိုလဲ... ထိကြည့်ချင်လား..အရမ်း မာတယ်နော်.."
မုန့်လေ့သည် လုံယွဲ့မှာ သူ၏ ကြွက်သားများကို ငေးကြည့်ကာ စွဲလမ်းနေသည်ဟု ထင်မှတ်ပြီး ပို၍ပင် မာန်တက်လာတော့သည်။ သူက အမူအရာ မျိုးစုံဖြင့် ကြွက်သားများကို ပြသနေပြီး သူမကိုပင် မျက်စပစ်ပြနေသေး၏။
လုံယွဲ့မှာမူ ဆွံ့အကာ ရွံရှာသော အမူအရာဖြင့်သာ ကြည့်နေမိသည်။ ဤပုရွက်ဆိတ်သည် အဘယ်ကြောင့် ဤမျှအထိ မိမိကိုယ်မိမိ ယုံကြည်မှု လွန်ကဲနေရသနည်းဟု သူမ စဉ်းစားမရနိုင်တော့ပါချေ။
သူနှင့် ဆက်လက် ပတ်သက်မနေချင်တော့သဖြင့် လုံယွဲ့သည် ပြတ်သားစွာပင် လှည့်ထွက်သွားတော့သည်။
"နေဦးလေ... ဘယ်သွားမလို့လဲ.. ငါနဲ့အတူတူ လေ့ကျင့်ရအောင်.."
မုန့်လေ့သည် သူမ၏ နောက်သို့ လိုက်လာပြီး သူမ၏ လက်မောင်းကို လှမ်းဖမ်းလိုက်သည်။ ထိုစဉ် လက်တစ်ဖက်သည် သူ၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းဆုပ်လိုက်တော့သည်။
မုန့်လေ့မှာ မျက်မှောင်ကြုတ်သွားသည်။ ဤဂျင်အတွင်း၌ မည်သူကမှ သူ့ကို လက်ဖျားနှင့်ပင် မတို့ဝံ့ကြပေ။ သို့သော် သူ၏ လက်ကို ရုန်းကန်လိုက်ချိန်တွင်မူ သူ၏ လက်ကောက်ဝတ်မှာ သံညှပ်ဖြင့် ညှပ်ထားသကဲ့သို့ မလှုပ်နိုင်အောင် ဖြစ်နေသည်ကို သိလိုက်ရသည်။
'ဒီကောင်က တော်တော် သန်တာပဲ..'
"... သူက ပိုင်ရှင်ရှိပြီးသားပါ.. ကျေးဇူးပြုပြီး သူ့ကို လာပြီး မနှောင့်ယှက်ပါနဲ့.."
လင်းဖန်သည် လက်တစ်ဖက်ဖြင့် မုန့်လေ့၏ လက်ကောက်ဝတ်ကို ဖမ်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် လုံယွဲ့ကို ဖက်လိုက်သည်။ ကျိုးယန်တို့ဘက်မှ ဆူညံသံများကို သူ သွားကြည့်နေစဉ် ခဏအတွင်းမှာပင် ဧကရီမှာ တစ်စုံတစ်ယောက်၏ နှောင့်ယှက်ခြင်းကို ခံနေရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
စဉ်းစားကြည့်လျှင်လည်း ဧကရီ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာ ဤနေရာတွင် အလွန်ပင် ထင်ရှားလှသဖြင့် အပြင်ထွက်လျှင် စကြနောက်ကြသူများ ရှိနေမည်မှာ မဆန်းလှပေ။
"ဘာ... ဘာ... ပိုင်ရှင်ရှိပြီးသား ဟုတ်လား..ဘာတွေ လျှောက်ပြောနေတာလဲ နတ်ဆိုးအရှင်.."
ရုတ်တရက် အဖက်ခံလိုက်ရသဖြင့် လုံယွဲ့၏ မျက်နှာလေးမှာ နီမြန်းသွားရပြီး လင်းဖန်ကို ချစ်စဖွယ် မကျေမနပ် မျက်စောင်းလေး ထိုးလိုက်သည်။ လင်းဖန်က ခေါင်းငုံ့ကာ သူမ၏ မျက်နှာနားသို့ အသာအယာ ကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဧကရီ... ငါသာ ဒီလို မပြောရင် နောက်ထပ် ပိုးကောင်လေးတွေ အများကြီး ရောက်လာပြီး လာနှောင့်ယှက်နေဦးမှာနော်.."
လုံယွဲ့သည် ဘေးပတ်ဝန်းကျင်ရှိ တခြားသော အမျိုးသားများကို လှည့်ကြည့်လိုက်ပြီးနောက် လင်းဖန်၏ စကားကို လက်ခံလိုက်ရတော့သည်။ အကယ်၍ လူတွေက သူမကို လာရောက် စကြနောက်နေမည်ဆိုလျှင် သူမအတွက် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရပေလိမ့်မည်။
ယခင်ကကဲ့သို့ပင် နတ်ဆိုးအရှင်၏ ချစ်သူအဖြစ် ဟန်ဆောင်လိုက်ခြင်းဖြင့် ဤမလိုအပ်သော ပြဿနာများကို ရှောင်လွှဲနိုင်မည်ဆိုလျှင် ၎င်းမှာ မဆိုးလှသော ကိစ္စပင် ဖြစ်သည်။
လူစကား နားမလည်သော မုန့်လေ့ကဲ့သို့ ပုရွက်ဆိတ်နှင့် နှိုင်းယှဉ်လျှင် နတ်ဆိုးအရှင်မှာ ပို၍ ကြည့်ကောင်းနေသေး၏။