အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
Chapter 113
~
အခန်း ၁၁၃ : ပါးပါးလေးပဲ...
~
"မင်းက ဘယ်သူလဲ..ဒီဂျင်မှာ မင်းမျက်နှာကို တစ်ခါမှ မမြင်ဖူးပါဘူး"
မုန့်လေ့သည် မျက်မှောင်ကြုတ်ကာ လင်းဖန်ကို မကျေမနပ် စိုက်ကြည့်နေပေသည်။ သူ၏ စကားပြောပွဲမှာ ဤလူကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။
လင်းဖန်က လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ငါက ဒီနေ့မှ အသင်းဝင်ထားတဲ့သူပါ.. လူသစ်ပေါ့.."
"ဟမ့်.. လူသစ်ကိုး.. ဒါကြောင့်လည်း ငါ့ကို မသိတာ မဆန်းပါဘူး.."
မုန့်လေ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လင်းဖန်၏ ကိုယ်ဟန်ကို အကဲခတ်လိုက်သည်။
"မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ သာမန်ပါပဲ.. ငါ့လောက်တော့ မမိုက်ဘူး..."
"ကြည့်စမ်း... ဒါမှ တကယ် မိုက်တဲ့ ဘော်ဒီဆိုတာ .."
ထိုသို့ ဆိုကာ မုန့်လေ့သည် သူ၏ အင်္ကျီကို ချွတ်လိုက်ပြီး လင်းဖန်ကို ကျောပေးကာ လက်မောင်းကြွက်သားများကို ဟန်ပါပါ ပြသလိုက်သည်။ တောင့်တင်းလှသော ကြွက်သားအဖုအထစ်များ စုစည်းနေသည်မှာ ဒဏ္ဍာရီလာ နတ်ဆိုးတစ်ကောင်၏ မျက်နှာနှင့်ပင် တူနေတော့သည်။
ထိုစဉ် ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း ဆူညံသံကြောင့် ရောက်ရှိလာကြပြီး မုန့်လေ့၏ ကြွက်သားများကို မြင်လိုက်ရချိန်တွင် အံ့အားသင့်ဖွယ် အာမေဍိတ်သံများ ထွက်ပေါ်လာတော့သည်။
"အဲ့ဒီ ကျောပြင်နဲ့ လက်မောင်းကြွက်သားတွေကို ကြည့်စမ်း.. မယုံနိုင်စရာပဲ.."
"ဒါက ဒဏ္ဍာရီလာ နတ်ဆိုးကျောပြင် လား.."
"ဒီလူက ဘယ်သူလဲ.. ဒီလောက် တောင့်တင်းအောင် ဘယ်လို လေ့ကျင့်ထားတာလဲ.."
"မင်းကလည်း သူ့ကို မသိဘူးလား.. သူက ဒီကလပ်ရဲ့ ကြယ်ပွင့်လေ.. နံရံပေါ်က စံချိန်တွေ အကုန်လုံးက သူ့ဟာတွေချည်းပဲ.."
လူအများ၏ ချီးကျူးသံများကို ကြားရချိန်တွင် မုန့်လေ့မှာ ပို၍ပင် မာန်တက်လာတော့သည်။ သူသည် အနေအထားကို ပြင်လိုက်ပြီး လင်းဖန်ဘက်သို့ လှည့်ကာ လှောင်ပြောင်သော အမူအရာဖြင့် ...
"လူငယ်လေး... မင်းရဲ့ ရည်းစားချောချောလေး ရှေ့မှာ ယောကျာ်းတစ်ယောက်အနေနဲ့ ငါနဲ့ ပြိုင်ပွဲတစ်ခုလောက် မပြိုင်ချင်ဘူးလား.."
"ဝိုး..."
ထိုစကားကြောင့် ဂျင်ရုံတစ်ခုလုံး ဆူညံသွားတော့သည်။ မုန့်လေ့ကဲ့သို့ ကိုယ်ခန္ဓာ အကြီးကြီးနှင့် အထူးလေ့ကျင့်ထားသူကို ပရော်ဖက်ရှင်နယ် အားကစားသမားမှလွဲ၍ မည်သူက ယှဉ်နိုင်ပါမည်နည်း။
ထို့အပြင် လင်းဖန်၏ ကိုယ်လုံးမှာ ကြည့်ကောင်းသည်ဟု ဆိုနိုင်သော်လည်း မုန့်လေ့နှင့် နှိုင်းယှဉ်လျှင် နှစ်ဆခန့် သေးငယ်နေပေသည်။ ဒါက သိသိသာသာ အနိုင်ကျင့်ခြင်းပင် ဖြစ်သည်။ သာမန်လူဆိုလျှင် ဘယ်သောအခါမှ သဘောတူမည် မဟုတ်ချေ။
"ကောင်းပြီလေ.. ဘာပြိုင်ချင်တာလဲ.."
လင်းဖန်က အသာပြုံးလျက် သဘောတူလိုက်သည်။
ထိုအခါ လူတိုင်းမှာ အံ့အားသင့်သွားကြတော့သည်။
"သူ ရူးနေတာလား.."
"သူ့ကိုယ်လုံးလေးနဲ့ မုန့်လေ့ကို ပြိုင်မယ် ဟုတ်လား..ဒီလောက် သတ္တိကောင်းနေရအောင် ကျားရိုးများ ကိုက်လာတာလား.."
"ငယ်ရွယ်ပြီး မိုက်ရူးရဲ ဆန်လိုက်တာ.. သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲနေတာလား.. ထောင်လွှားနေတာလားတောင် မသိတော့ဘူး.."
ကျိုးယန်မှာလည်း သတိပြန်ဝင်လာပြီး စပ်စုရန် ရောက်လာသည်။ လင်းဖန်နှင့် မုန့်လေ့တို့ ပြိုင်မည်ကို မြင်လိုက်ရချိန်တွင် သူ စိုးရိမ်တကြီးဖြင့် အနားသို့ ပြေးသွားတော့သည်။
"လင်းဖန်... မင်း တကယ်ပဲ ဒီလူသန်ကြီးနဲ့ ပြိုင်မလို့လား.. သူက လူအများကြီးကို အလဲထိုးထားတာနော်.. တကယ် သန်တာ.."
လင်းဖန်က ဘာမှ ပြန်မပြောဘဲ ပြုံးလျက်သာ မုန့်လေ့၏ ရှေ့တွင် အေးဆေးစွာ ရပ်နေလိုက်သည်။
"ဟားဟား... အရင်ကတော့ လူတိုင်းက ငါ့ကို မြင်ရင် ရှောင်ကြတာ.. မင်းကတော့ ငါ့ဆီကို ကိုယ်တိုင် လျှောက်လာတဲ့ ပထမဆုံးလူပဲ.."
"မင်းရဲ့ သတ္တိကို ချီးကျူးတဲ့အနေနဲ့ ဒီဂျင်ထဲမှာ ရှိတဲ့ ဘယ်အားကစားပစ္စည်းနဲ့မဆို မင်း ကြိုက်တာကို ရွေးပြီး ပြိုင်နိုင်တယ်.."
မုန့်လေ့က ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်သည်။
လင်းဖန်က တစ်ဂျင်လုံးကို ဝေ့ကြည့်လိုက်ပြီးနောက် နံရံပေါ်ရှိ စံချိန်များကို ကြည့်ကာ ပြုံးလိုက်သည်။ သူသည် လက်ညှိုးကို မြှောက်ကာ နံရံပေါ်မှ ဓာတ်ပုံတစ်ပုံကို ညွှန်ပြလိုက်သည်။
"ဒါဆိုရင် ဒတ်လစ် နဲ့ပဲ ပြိုင်ကြတာပေါ့.."
"ဝိုး..."
ထိုစကားကြောင့် လူတိုင်းမှာ နောက်တစ်ကြိမ် ဆူညံသွားပြန်သည်။
"သူ တကယ် ရူးသွားပြီ.. တကယ် ရူးသွားတာ.."
"ပြိုင်ပွဲတွေ အများကြီး ရှိပါလျက်နဲ့ မုန့်လေ့ အကျွမ်းကျင်ဆုံး ပြိုင်ပွဲကိုမှ ရွေးရတယ်လို့.."
ပတ်ဝန်းကျင်က လူများသာမက မုန့်လေ့ကိုယ်တိုင်ပင် မယုံနိုင်ဟန် ဖြစ်သွားသည်။
"မင်းက ငါနဲ့ ဒတ်လစ် ပြိုင်မယ် ဟုတ်လား.. မင်းရဲ့ ခန္ဓာကိုယ်လေးနဲ့ ဒါကို ကြွအောင်တောင် မနိုင်ပါ့မလား.."
"ရပါတယ်..ဒါပေမဲ့ ပါးပါးလောက်ပါပဲ..ဟီးဟီး."
လင်းဖန်က ရယ်မော၍ ပြောလိုက်သည်။
"ဟားဟားဟား... နည်းနည်းလောက်ပဲ ဟုတ်လား.. အဲ့ဒါနဲ့တောင် ငါ့ကို ပြိုင်ရဲသေးတယ်ပေါ့.."
မုန့်လေ့က ဟားတိုက်ရယ်မောလိုက်ပြီး အလေးရှိရာသို့ လျှောက်သွားကာ အလေးပြားများ ထပ်တင်ရန် တခြားသူများကို အချက်ပြလိုက်သည်။
မကြာခင်မှာပင် ၂၄၀ ကီလိုဂရမ် ရှိသော အလေးကြီး အဆင်သင့် ဖြစ်သွားတော့သည်။
"ပြီးခဲ့တဲ့အကြိမ်က စံချိန်က ၂၃၀ ကီလိုဂရမ်ပဲ.. ဒီတစ်ခါတော့ ငါ ၂၄၀ ကီလိုဂရမ်ကို စိန်ခေါ်မယ်.. စံချိန်သစ် တင်ရင်းနဲ့ မင်းကိုလည်း လောကကြီးဘယ်လောက် ကျယ်ကြောင်းသင်ခန်းစာ ပေးရသေးတာပေါ့.."
မုန့်လေ့သည် ခါးပတ်ကို ပတ်ကာ အနေအထားကို ပြင်လိုက်ပြီး အလေးကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
ဂျင်အတွင်းရှိ လူတိုင်းမှာ စံချိန်သစ် တင်တော့မည့် အခိုက်အတန့်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြလေသည်။
"ဟစ်..."
လူတိုင်း၏ အကြည့်အောက်တွင် မုန့်လေ့သည် အလေးကို အားကုန်သုံးကာ မလိုက်ရာ လက်မောင်းရှိ အကြောများမှာ ထောင်ထလာပြီး မျက်နှာမှာလည်း ချက်ချင်း နီမြန်းသွားတော့သည်။ သူ အသက်ကို အောင့်ထားရင်း အလေးကို အောင်အောင်မြင်မြင် မနိုင်ခဲ့လေပြီ။
"သူ အောင်မြင်သွားပြီ.."
"စံချိန်သစ် တင်လိုက်ပြန်ပြီ.."
"ဒီဂျင်မှာတော့ သူ့စံချိန်ကို ချိုးနိုင်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး.."
"ဘုန်း.."
မုန့်လေ့သည် အလေးကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် ချလိုက်ပြီး လင်းဖန်ကို အောင်နိုင်သူ အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းအလှည့်ပဲ ကလေး.."
လင်းဖန်က ဘာမှ မပြောဘဲ ၂၄၀ ကီလိုဂရမ် အလေးရှိရာသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။
"မုန့်လေ့နဲ့ ဒတ်လစ် ပြိုင်တယ်ဆိုတာ တကယ်ကို မိုက်ရူးရဲ ဆန်တာပဲ.."
"ငါ ထင်တယ်... သူ မနိုင်လောက်ဘူး
.."
"ဟားဟား... တစ်စင်တီမီတာလောက် ကြွတက်သွားရင်တောင် တော်တော် ဟုတ်နေပြီ.."
လူအများ၏ လှောင်ရယ်သံများကြားတွင် လင်းဖန်သည် အလေးကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အနေအထားကို အသာအယာ ပြင်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် အပေါ်သို့ မတင်လိုက်တော့သည်။ သူ၏ မျက်နှာမှာ နီမြန်းခြင်း မရှိသလို အသက်ရှူသံမှာလည်း မှန်ကန်နေဆဲပင်။ သူ၏ လက်မောင်းကြွက်သားများမှာပင် တင်းအားရှိပုံ မပေါ်ဘဲ သူ မထားသည့် အရာမှာ ၂၄၀ ကီလိုဂရမ် အလေး မဟုတ်ဘဲ ဝါဂွမ်းတစ်ခုကဲ့သို့ ဖြစ်နေပုံရသည်။
"အမ်.."
ထိုခဏတွင် လူတိုင်းမှာ ဆွံ့အကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
'လက်တစ်ဖက်တည်းနဲ့ ၂၄၀ ကီလိုဂရမ်ကို မလိုက်တာလား.. ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့ အရာလား.. သူ ဘာလို့ ဒီလောက်တောင် ပေါ့ပေါ့ပါးပါး ဖြစ်နေရတာလဲ..'
လူအများ အံ့သြ၍ မဆုံးခင်မှာပင် လင်းဖန်သည် ထိုအလေးကြီးကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားဆဲဖြစ်ပြီး လက်မောင်းလေ့ကျင့်ခန်း များကို စတင် လုပ်ဆောင်လိုက်ပြန်သည်။
လူတိုင်း၏ ဦးနှောက်များမှာ အလုပ်မလုပ်တော့ပါချေ။ ကမ္ဘာပေါ်တွင် ၂၄၀ ကီလိုဂရမ် အလေးကို လက်တစ်ဖက်တည်းဖြင့် အလေးတုံးလေးကဲ့သို့ အသုံးပြုနိုင်သူ ရှိသည်ဟု သူတို့ မကြားဖူးကြပေ။
"ဟင်း... နည်းနည်းတော့ ပေါ့နေသလိုပဲ.."
လင်းဖန်က အလေးကို ချလိုက်ပြီး ၂၅ ကီလိုဂရမ် အလေးပြားများကို ထပ်တင်လိုက်ရာ စုစုပေါင်း အလေးချိန်မှာ ၃၄၀ ကီလိုဂရမ် ဖြစ်သွားတော့သည်။
သို့သော် ဤကြောက်မက်ဖွယ် အလေးချိန်ကိုပင် သူသည် လက်တစ်ဖက်တည်းဖြင့် အေးအေးဆေးဆေး မလိုက်ပြန်သည်။
"မင်းရဲ့ စံချိန်က ပြောသလောက်တော့ မဟုတ်ပါဘူး.."
လင်းဖန်က အလေးကို ချလိုက်ပြီး မုန့်လေ့ကို ပြုံးပြလိုက်သည်။ ထို့နောက် နံရံပေါ်ရှိ တခြားသော စံချိန်များကို ကြည့်လိုက်ရာ ကီလို ၂၀၀ ဘင့်ချ်ပရက်စ် စံချိန်ကို တွေ့သဖြင့် ထိုစက်ရှိရာသို့ လျှောက်သွားလိုက်သည်။
ကျိုးယန် အလေးတင်ထားခဲ့သော ၂၀၀ ကီလိုကျော် အလေးမှာ ရှိနေဆဲဖြစ်သဖြင့် လင်းဖန်သည် ထိုခုံပေါ်တွင် လှဲချကာ အကြိမ်ပေါင်းများစွာကို ဆက်တိုက် မပြလိုက်လေတော့သည်။
ဂျင်ရုံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်းမှာ သူ့ကို ငေးကြည့်နေကြတော့သည်။ သူတို့အဖို့ ကီလို နှစ်ရာ၊ သုံးရာဆိုသည်မှာ လူသားတို့၏ အကန့်အသတ်ဖြစ်သော်လည်း ဤလူအတွက်မူ ရေသောက်သကဲ့သို့ လွယ်ကူနေပြီး ပင်ပန်းသည့် အရိပ်အယောင်ပင် မတွေ့ရချေ။
လုံယွဲ့ တစ်ယောက်သာလျှင် ဤအလေးချိန်မှာ နတ်ဆိုးအရှင်အတွက် ဘာမှ မဟုတ်မှန်း သိနေပေသည်။ အကြောလျှော့သည်လောက်ပင် ရှိမည်မဟုတ်။ သူ့၌ ခွန်အား မည်မျှ ကျန်နေသနည်း သူမ မသိသော်လည်း ဂျင်ရုံတစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် မှောက်လှန်ပစ်နိုင်သည်မှာတော့ သေချာလှပေသည်။
"ဘုန်း.."
လင်းဖန်သည် လက်ထဲက အလေးကို တွန်းထုတ်လိုက်ရာ ကီလို ၂၀၀ ကျော် အလေးကြီးမှာ လေထဲတွင် ဝဲပျံသွားပြီး မုန့်လေ့၏ ခြေရင်းသို့ တိကျစွာပင် ကျရောက်သွားတော့သည်။
မုန့်လေ့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ကျောက်ရုပ်ကဲ့သို့ အေးခဲနေကာ လှုပ်ပင် မလှုပ်ဝံ့တော့။ သူ၏ ခြေရင်း၌မူ နွေးထွေးသော အရည်အချို့ စီးကျနေပေတော့သည်။
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။
'မေကြီးရေ.. ဒီကမ္ဘာပေါ်မှာ တကယ်ကြီး စူပါဟီးရိုးတွေ ရှိနေတာပဲ....'
Chapter 114
~
အခန်း ၁၁၄ : မင်းက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား..
~
"လင်းဖန်... ငါ့ကို အမှန်အတိုင်းပြောစမ်း.. မင်းက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား.."
ဂျင်ရုံမှ ပြန်ထွက်လာပြီး အိမ်သို့ ရောက်ရှိချိန်တွင် ကျိုးယန်နှင့် လုကျိုက်တို့သည် လင်းဖန်ကို အတင်းဆွဲထိုင်ခိုင်းကာ လေးနက်သော မျက်နှာပေးများဖြင့် စိုက်ကြည့်နေကြတော့သည်။
လင်းဖန်က ဆွံ့အသွားလေ၏။
"ငါက လူသားနဲ့ မတူတဲ့ အပြုအမူမျိုး လုပ်ခဲ့လို့လား.."
"နေရာတိုင်းမှာပဲ.."
ကျိုးယန်နှင့် လုကျိုက်တို့က တုံ့ဆိုင်းမနေဘဲ ပြိုင်တူ ဖြေလိုက်ကြသည်။
၂၄၀ ကီလိုဂရမ် ရှိသော အလေးကြီးကို လက်တစ်ဖက်တည်းဖြင့် မ၍ကစားနိုင်သော သာမန်လူသားမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးပါချေ။
ပြီးခဲ့သည့်အကြိမ်ကလည်း ထိုနည်းအတိုင်းပင်။ ဆရာဝန်က ဒဏ်ရာ အတော်ပြင်းထန်သည်ဟု အတိအလင်း ပြောထားသော်လည်း နောက်တစ်ခဏမှာတင် ဘာမှမဖြစ်သကဲ့သို့ ပြန်လည် လန်းဆန်းသွားခဲ့သည်။ မည်သည့်သာမန်လူသားကမှ ဤမျှ မြန်ဆန်လှသော ပြန်လည်ကျန်းမာမှုနှုန်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားမျိုး ရှိနိုင်မည်မဟုတ်ပေ။
လင်းဖန်မှာ အနေရခက်စွာ တိတ်ဆိတ်သွားရပြီး ယခုလောလောဆယ်တွင် မည်သို့ ရှင်းပြရမည်ကို စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။ ဂျင်ရုံမှာတုန်းက သူ အနည်းငယ် လက်လွန်သွားခဲ့မိသဖြင့် ဆင်ခြေပေးရန် ခက်ခဲနေတော့သည်။
"ငါက လူသားစစ်စစ်ပါကွာ..တခြား ဘာဖြစ်ရဦးမှာလဲ..မယုံရင် မင်းတို့ မရီးကို မေးကြည့်လေ.."
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လင်းဖန်သည် သူ၏ ဘေးနားရှိ လုံယွဲ့ကို ကြည့်ကာ ပူးပေါင်းဆောင်ရွက်ပေးရန် မျက်စပစ်ပြလိုက်သည်။
သို့သော် သူမကမူ သူ၏ အချက်ပြမှုကို ဂရုမစိုက်ဘဲ အလေးအနက် စဉ်းစားနေသည့် အမူအရာကိုသာ ပြသနေသည်။
'နတ်ဆိုးအရှင်ကို လူသားအဖြစ် သတ်မှတ်လို့ ရပါ့မလား..'
ယုတ္တိဗေဒအရ ဆိုလျှင်တော့ သူက လူသားမဟုတ်ဘဲ နတ်ဆိုးတစ်ကောင် ဖြစ်သင့်သည်။ သို့သော် သူသည် သာမန်လူသား ခန္ဓာကိုယ်ဖြင့် နတ်ဆိုးအရှင် အဆင့်သို့ တက်လှမ်းခဲ့သူ ဖြစ်ရာ လူသားဟု ပြောလျှင်လည်း ဖြစ်နိုင်မည်လော။
လုံယွဲ့ တစ်ယောက် အလေးအနက် စဉ်းစားနေသည်ကို ကြည့်ပြီး လင်းဖန်မှာ နောက်တစ်ကြိမ် ဆွံ့အသွားရပြန်ကာ စိတ်ထဲမှလည်း အော်ဟစ်နေမိသည်။
'ဧကရီ... အခုက အဲ့ဒီလောက်အထိ တွေးနေရမယ့် အချိန်မဟုတ်ဘူး..ကျေးဇူးပြုပြီး ငါနဲ့ ပူးပေါင်းပေးစမ်းပါ..'
မျှော်လင့်ထားသည့်အတိုင်းပင် လုံယွဲ့က တိတ်ဆိတ်စွာ ဝေခွဲမရ ဖြစ်နေခြင်းက ကျိုးယန်နှင့် လုကျိုက်တို့၏ သံသယကို ပို၍ ကြီးထွားစေတော့သည်။
"ငါ သိပြီ..လင်းဖန်... မင်း ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး.. ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့အတွက် လူသားအဖြစ်ကနေတောင် စွန့်လွှတ်ခဲ့တာပေါ့လေ.."
ကျိုးယန်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် နာကျင်ခံစားနေရသော မျက်နှာပေးမျိုး ဖြစ်သွားသည်။
"မဟုတ်သေးပါဘူး... မင်းက ဘာကို သိသွားတာလဲ.."
လင်းဖန်မှာ နားမလည်နိုင် ဖြစ်သွားပြီး လူကျိုက်နှင့် လုံယွဲ့တို့ကလည်း စပ်စုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
လူတိုင်း၏ အကြည့်အောက်တွင် ကျိုးယန်က အံ့အားသင့်ဖွယ် စကားတစ်ခွန်းကို ပြောလိုက်သည်။
"လင်းဖန်... မင်း ပျောက်သွားတဲ့ တစ်နှစ်အတွင်းမှာ ဘယ်ကို ရောက်နေခဲ့တယ်ဆိုတာ ငါ သိတယ်.."
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းဖန်နှင့် လုံယွဲ့တို့မှာ ထိတ်လန့်သွားပြီး အချင်းချင်း ခိုးကြည့်လိုက်ကြသည်။
'ဒါကိုတောင် သူ ခန့်မှန်းနိုင်တာလား.. ငါတို့က နတ်ဆိုးအရှင်နဲ့ ဧကရီ ဖြစ်နေတာကို သိသွားပြီလား..'
လင်းဖန်နှင့် လုံယွဲ့တို့ တုံ့ပြန်ရန် အစီအစဉ် မဆွဲရသေးခင်မှာပင် ကျိုးယန်က ဆက်ပြောလိုက်သည်။
"မင်း ပျောက်သွားတဲ့ တစ်နှစ်အတွင်းမှာ မင်း တစ်နေရာရာကို ရောက်နေခဲ့တာ သေချာတယ်.. အဲ့ဒီမှာ မင်းက အထူး ခန္ဓာကိုယ် ပြုပြင်မှုတွေ လုပ်ခဲ့တာ မဟုတ်လား.. မဟုတ်ဘူး... မျိုးဗီဇ ပြုပြင်ပြောင်းလဲတဲ့ ခွဲစိတ်မှုတွေ လုပ်ခဲ့တာ ဖြစ်ရမယ်..ဒါကြောင့်လည်း မင်းက သာမန်လူသား ခန္ဓာကိုယ်ထက် ကျော်လွန်တဲ့ တည်ရှိမှုမျိုး ဖြစ်လာတာပေါ့.."
"မင်းတို့ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက် မူဝါဒတွေကြောင့် မင်းက လူသိရှင်ကြား မပြောနိုင်သလို ငါတို့ကိုလည်း ပြောလို့ မရဘူး မလား.."
"ငါ ပြောတာ မှန်တယ်မလား.."
ထိုသို့ ဆိုကာ ကျိုးယန်သည် လင်းဖန်ကို လက်ညှိုးထိုးပြပြီး အရာအားလုံးကို ထွင်းဖောက် မြင်နေရသော ပညာရှင်တစ်ဦးကဲ့သို့ အမူအရာကို ပြသလိုက်သည်။ လွန်ခဲ့သည့် အဖြစ်အပျက် အားလုံးကို ခြုံငုံကြည့်လျှင် သူ၏ ကောက်ချက်မှာ အပြစ်ပြောစရာ မရှိလှ။
လင်းဖန် ပျောက်ဆုံးသွားသည့် တစ်နှစ်မှာ မျိုးဗီဇ ပြုပြင်ပြောင်းလဲရေး စမ်းသပ်မှု ကာလဖြစ်နိုင်ပြီး ထိုကာလတွင် ပြင်ပနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဒါမှလည်း တစ်နှစ်အတွင်းမှာ သူ၏ စရိုက်နှင့် ခန္ဓာကိုယ်က အဘယ်ကြောင့် ဤမျှအထိ သိသိသာသာ ပြောင်းလဲသွားရသနည်းဆိုသည့် အချက်ကို ပြီးပြည့်စုံစွာ ရှင်းပြနိုင်ပေလိမ့်မည်။ ထိုသို့ မဟုတ်လျှင် တစ်နှစ်အတွင်းမှာ ဤမျှ ကောင်းမွန်သော ကိုယ်ဟန်ကို ရရှိဖို့၊ ဒဏ်ရာတွေ မြန်မြန်ပျောက်ဖို့နှင့် ၂၄၀ ကီလို အလေးကို လက်တစ်ဖက်တည်းဖြင့် မနိုင်လောက်အောင် ခွန်အားကြီးမားဖို့မှာ မဖြစ်နိုင်ချေ။
အဖြေတစ်ခုသာ ရှိသည်။ လင်းဖန်မှာ နိုင်ငံတော်က တိတ်တဆိတ် မွေးမြူထားသည့် မျိုးဗီဇ ပြုပြင်ထားသော စစ်သည်တော်တစ်ဦး ဖြစ်ပေလိမ့်မည်။
လင်းဖန် .. "..."
လုံယွဲ့ .."....."
လုကျိုက် .. "......."
ကျိုးယန်၏ ခန့်မှန်းချက်များအပြီးတွင် လင်းဖန်၊ လုံယွဲ့နှင့် လုကျိုက်တို့ သုံးဦးစလုံးမှာ တိတ်ဆိတ်သွားကြတော့သည်။ ခဏကြာသည်အထိ သူ၏ ကြွယ်ဝလှသော စိတ်ကူးစိတ်သန်းကို ချီးကျူးရမလို၊ သို့မဟုတ် စိတ်ကူးယဉ်လွန်းသည်ဟု အပြစ်တင်ရမလို ဝေခွဲမရ ဖြစ်နေကြသည်။
"ကျိုးယန်... မင်း ပြောတာက နည်းနည်းတော့ လွန်သွားပြီ.. ဒီကမ္ဘာမှာ မျိုးဗီဇ ပြုပြင်ထားတဲ့ စစ်သည်တော်ဆိုတာ ဘယ်ရှိပါ့မလဲ.."
လုကျိုက်က မနေနိုင်ဘဲ ပြန်ချေပလိုက်သည်။ ထိုအခါ လင်းဖန် အပါအဝင် လူတိုင်းက သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
'ဒီနေရာမှာ ရှိတဲ့ လူတိုင်းက ဒါကို ပြောပိုင်ခွင့် ရှိပေမဲ့ မင်းကတော့ ပြောပိုင်ခွင့် မရှိဘူးလေ.. နေ့တိုင်း ကာတွန်းဇာတ်ကောင် မိန်းမလှလေးတွေနဲ့ လက်ထပ်ဖို့ စိတ်ကူးယဉ်နေတဲ့ မင်းလိုလူက ဘယ်လိုမျက်နှာမျိုးနဲ့ ဒါကို ပြောရဲတာလဲ..'
"အဟမ်း..."
လင်းဖန်က ချောင်းနှစ်ချက် ဟန့်လိုက်ပြီး တည်ကြည်သော အမူအရာကို ဖမ်းလိုက်သည်။
"ကျိုးယန်... မင်း ပြောတာက ကွက်တိပဲ.. ဒါပေမဲ့ ငါ အသေးစိတ်တော့ မပြောနိုင်ဘူး..မင်းတို့ နှစ်ယောက်လုံး ဒါကို ငါ့အတွက် လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်.."
ခိုင်လုံသော ရှင်းပြချက် မရှိသဖြင့် ကျိုးယန်က ပေးလာသော ဆင်ခြေကိုသာ အခွင့်ကောင်းယူကာ လိုက်လျောလိုက်ရတော့သည်။
"အမ်.."
ကျိုးယန်ကတော့ ငါ ထင်သားပဲဆိုသည့် အမူအရာကို ပြလိုက်သော်လည်း လုကျိုက်မှာမူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ပါချေ။ ဒါက မဖြစ်နိုင်လောက်အောင်ကို ရူးကြောင်ကြောင် နိုင်လွန်းလှသည်။ သူ သိထားသည်မှာ ယခုက ၂၁ ရာစု ဖြစ်ပြီး ၃၁ ရာစု မဟုတ်။
' နည်းပညာတွေက ဘယ်အချိန်မှာ ဒီလောက်အထိ တိုးတက်သွားရတာလဲ.. ငါ ဘာလို့ မသိခဲ့ရတာလဲ..'
"ဒါကြောင့်ကိုး..."
"လင်းဖန်... မင်း စိတ်မပူနဲ့.. မင်းရဲ့ ညီအစ်ကိုတွေ အနေနဲ့ ငါနဲ့ အားကျိုက်က ဒါကို သေချာပေါက် လျှို့ဝှက်ထားပေးမှာပါ.."
ကျိုးယန်က တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လုကျိုက်ကို ဆွဲကာ ပြန်ရန် ပြင်လိုက်သည်။
"အချိန်လည်း နောက်ကျနေပြီဆိုတော့ ငါတို့ ပြန်တော့မယ်.."
"ဟေး... နေဦးလေ..."
လုကျိုက်က တစ်ခုခု ပြောချင်နေသေးသော်လည်း ကျိုးယန်က အတင်း ဆွဲခေါ်သွားတော့သည်။
"ဂရုစိုက်သွားကြဦး.."
လင်းဖန်သည် တံခါးဝမှနေ၍ သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ကာ တံခါးကို အသာအယာ ပိတ်လိုက်သည်။
"နတ်ဆိုးအရှင်... နင် သူတို့ရဲ့ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်လိုက်ရင် ရတာပဲ မလား.."
"နင်က ကျန်နေတဲ့ ဝိညာဥ်ချီစွမ်းအားတွေကို အလဟဿ မဖြစ်စေချင်လို့လား.."
သူတို့ ထွက်သွားသည်နှင့် လုံယွဲ့က လင်းဖန်၏ ရှေ့တွင် ရပ်ကာ နားမလည်နိုင်သလို မေးလိုက်သည်။ နတ်ဆိုးအရှင် အနေဖြင့် သူတို့၏ မှတ်ဉာဏ်ကို အလွယ်တကူ ဖျောက်ဖျက်နိုင်ပါလျက်နှင့် ဤကဲ့သို့ ရှုပ်ထွေးသော ဆင်ခြေမျိုး ပေးနေစရာ မလိုဟု သူမ ခံစားရသည်။
"ဒါက အကြောင်းပြချက် တစ်ခုပေါ့..ဒါပေမဲ့ ငါ့ သူငယ်ချင်းတွေရဲ့ မှတ်ဉာဏ်ကိုတော့ မဖျောက်ဖျက်ချင်ဘူး.."
လင်းဖန်က ရှင်းပြလိုက်ပြီး ဝရန်တာသို့ လျှောက်သွားကာ ကျိုးယန်နှင့် လုကျိုက်တို့ အောက်ထပ်တွင် အတူတူ လမ်းလျှောက်သွားကြသည်ကို ကြည့်နေမိသည်။ မှတ်ဉာဏ် ဖျောက်ဖျက်ခြင်းမှာ သူ့အတွက် မခက်ခဲသော်လည်း သူငယ်ချင်းများအပေါ် ထိုသို့ မလုပ်ချင်ပေ။ အထူးသဖြင့် သူ့အပေါ် အမြဲ ဂရုစိုက်ပေးတတ်သည့် ရင်းနှီးသော သူငယ်ချင်းများအပေါ်၌ပင်။
...
လင်းဖန်၏ အိမ်မှ ထွက်လာပြီးနောက် ကျိုးယန်နှင့် လုကျိုက်တို့သည် လမ်းမပေါ်တွင် အတူတူ လမ်းလျှောက်လာကြသည်။
"ကျိုးယန်... မင်း ခုနက လင်းဖန်ကို အခက်တွေ့မနေအောင် အဲ့ဒီဇာတ်လမ်းကို တမင် လုပ်ကြံ ပြောလိုက်တာ မလား.."
လမ်းလျှောက်နေရင်း လုကျိုက်က ရုတ်တရက် မေးလိုက်သည်။ ကျိုးယန်သည် လုကျိုက်ကို ဘေးတစောင်း ကြည့်ကာ နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"အားကျိုက်... ငါ မင်းကို တစ်ခု မေးမယ်.. လင်းဖန်က လင်းဖန်ပဲလို့ မင်း ထင်သလား.."
"အင်း... သူ အများကြီး ပြောင်းလဲသွားတယ် ဆိုပေမဲ့ သူက လင်းဖန်ပဲဆိုတာ ငါ သေချာပေါက် သိပါတယ်.."
လုကျိုက်က ခဏတာစဉ်းစားပြီး ပြတ်သားစွာ ဖြေလိုက်သည်။
"ဒါဆိုရင် အဲ့ဒါကပဲ အရေးကြီးဆုံးပဲ.. ကျန်တာတွေက အရေးမပါတော့ဘူး.."
ကျိုးယန်က အသာအယာ ပြုံးလိုက်ပြီး ထိုကိစ္စကို ဆက်လက် စုံစမ်းရန် ရည်ရွယ်ချက် မရှိတော့ပေ။ လူကျိုက်က ခဏတာမျှ တိတ်သွားပြီးမှ နားလည်သလို ပြုံးလိုက်သည်။
"မင်း ပြောတာ မှန်တယ်.. ဒါပေမဲ့ လင်းဖန်က တစ်နှစ်အတွင်းမှာ တခြား ကမ္ဘာတစ်ခုကို ရောက်သွားပြီး အဲ့ဒီကနေ ပြန်လာလို့ အခုလို သန်မာသွားတာမျိုးရော မဖြစ်နိုင်ဘူးလား.."
လူကျိုက်က သူ၏ ခန့်မှန်းချက်ကို ထပ်မံ ပြောပြရန် ကြိုးစားလိုက်သည်။ ကျိုးယန်ကမူ သူ့ကို မျက်စောင်းထိုးကာ ဆွံ့အစွာ ကြည့်လိုက်သည်။
"သောက်ရူး... မင်း ပြောတဲ့ အကြောင်းပြချက်က ငါ့ဟာထက်တောင် ပိုပြီး ကြောင်ကြောင် နိုင်နေသေးတယ်... ဟုတ်ပြီလား.."