အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
Chapter 115
~
အခန်း ၁၁၅ : အပြန်လမ်းကို ဖွေရှာခြင်း
~
နောက်ရက်များတွင် လုံယွဲ့သည် သူမ၏ လိုက်ဖ်လွှင့်ခြင်းလုပ်ငန်းကို နေ့စဉ်ပုံမှန် လုပ်ဆောင်နေပြီး လင်းဖန်ကမူ စက်ဘီးတစ်စီးဖြင့် အနီးအနားရှိ ဈေးများသို့သွားကာ ဟင်းချက်စရာများဝယ်ယူရင်း အေးချမ်းသာယာသော သာမန်ဘဝလေးကို ဖြတ်သန်းနေကြလေသည်။
သို့သော်လည်း မကြာသေးမီက အွန်လိုင်းပေါ်တွင် ကောလာဟလတစ်ခု ပျံ့နှံ့နေခဲ့သည်။ ၎င်းမှာ မိုဒူးမြို့ရှိ ဂျင်ရုံတစ်ခုတွင် လူတစ်ယောက်သည် ၂၄၀ ကီလိုဂရမ်ရှိသော အလေးကို လက်တစ်ဖက်တည်းဖြင့် မ၍ ကစားခဲ့ပြီး ၃၀၀ ကီလိုဂရမ်နီးပါးရှိသော အလေးကိုလည်း အသာအယာ မပြခဲ့သည်ဟူသော သတင်းပင် ဖြစ်သည်။
ဤသတင်းသည် ကာယဗလလောကတွင် အတော်လေး လှုပ်ခတ်သွားစေပြီး ပရော်ဖက်ရှင်နယ် အားကစားသမားများစွာက ၎င်းမှာ မဖြစ်နိုင်ကြောင်း ထွက်ဆိုခဲ့ကြသည်။ ထူးဆန်းသည်မှာ ထိုနေ့က ဂျင်အတွင်းရှိ စောင့်ကြည့်ကင်မရာများ အားလုံးမှာ ပျက်စီးနေသဖြင့် စစ်ဆေး၍မရဘဲ ထိုနေရာတွင် ရှိနေခဲ့သူများ၏ ပြောစကားများကြောင့်သာ ဤကိစ္စမှာ ဒဏ္ဍာရီတစ်ခုသဖွယ် ဖြစ်နေပေတော့၏။
ဤအဖြစ်အပျက်ကို ဖန်တီးခဲ့သူ လင်းဖန်မှာမူ ထိုဂျင်သို့ ထပ်မံသွားရောက်ရန် မသင့်တော်တော့သဖြင့် အိမ်တွင်သာ အေးအေးဆေးဆေး နေထိုင်ကာ စာရေးနေတော့သည်။
"ဟူး..."
ယနေ့အတွက် စာရေးခြင်းကို အဆုံးသတ်ပြီးနောက် သူသည် ကိုယ်လက်အကြောဆန့်ကာ ရေသောက်ရန် ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ လုံယွဲ့၏ နောက်ဘက်မှ ဖြတ်သွားစဉ်တွင် သူမသည် ကွန်ပျူတာရှေ့၌ အာရုံစိုက်ကာ ဝက်ဘ်စာမျက်နှာများကို ရှာဖွေနေသည်ကို မြင်လိုက်ရသည်။
"ဧကရီ... ဘာတွေ ရှာနေတာလဲ.."
လင်းဖန်က သူမ၏ နောက်ဘက်မှနေ၍ ငုံ့ကြည့်ကာ မေးလိုက်သည်။ လုံယွဲ့မှာ အနည်းငယ် လန့်သွားပြီး သူ့ကို မကျေမနပ် မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"ဒီဧကရီက ပြန်သွားနိုင်မယ့် နည်းလမ်းနဲ့ သဲလွန်စတွေကို ရှာနေတာပါ.."
"ပြန်သွားမယ့် နည်းလမ်း ဟုတ်လား.."
"အင်း.. နတ်ဆိုးအရှင်... နင်က ဒီကမ္ဘာမှာ မွေးဖွားခဲ့တဲ့သူဆိုတော့ ဒီမှာ ဆက်နေလို့ ရပေမဲ့ ဒီဧကရီကတော့ ဒီမှာ တစ်သက်လုံး နေသွားလို့ မရဘူး မဟုတ်လား.."
လုံယွဲ့၏ တည်ကြည်သော မျက်နှာပေးတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ ပေါ်လွင်နေသည်။ သူမ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ သုံးလနီးပါး ရှိခဲ့ပြီ ဖြစ်သည်။ သူမ ထွက်လာပြီးနောက် အင်မော်တယ်လောက၏ အခြေအနေနှင့် အင်မော်တယ်နတ်ဆိုးတိုက်ကြီး တစ်ခုလုံး မည်သို့ ဖြစ်နေမည်ကို မသိသဖြင့် စိတ်မအေးနိုင်ဖြစ်နေရသည် ။
ယခုအခါ သူမ၏ လိုက်ဖ်လွှင့်ခြင်းလုပ်ငန်းမှာလည်း အတည်တကျ ဖြစ်နေပြီဖြစ်ရာ ရှေ့ဆက် နေထိုင်စားသောက်ရေးအတွက် စိတ်ပူနေစရာ မလိုတော့သဖြင့် ပြန်လမ်းကို စတင်ရှာဖွေရန် အချိန်တန်ပြီဟု သူမ ယူဆလိုက်သည်။
သို့သော် သူမ၌ စိတ်ဝိညာဥ်စွမ်းအားမရှိပါချေ။ နတ်ဆိုးအရှင်၌ ကျန်ရှိနေသော စွမ်းအား အနည်းငယ်ဖြင့်လည်း ဤကမ္ဘာ၏ ဟင်းလင်းပြင် အတားအဆီးများကို ချိုးဖျက်ရန် မလုံလောက်။ ထို့ကြောင့် သူမသည် အွန်လိုင်းပေါ်တွင် အခြားကမ္ဘာများ သို့မဟုတ် အင်မော်တယ်နတ်ဆိုးတိုက်ကြီးနှင့် ဆက်စပ်နေသော သဲလွန်စများကို ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်သည်။
"ဒါနဲ့... တစ်ခုခု တွေ့ပြီလား.."
လင်းဖန်က ကွန်ပျူတာ စခရင်ရှေ့သို့ ငုံ့ကြည့်ကာ စပ်စုလိုက်သည်။
"မတွေ့သေးဘူး..."
လုံယွဲ့သည် မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ဖြင့် မောက်စ်ကို လှည့်၍ စာမျက်နှာများကို ဖတ်ရှုနေပြီး ကျန်လက်တစ်ဖက်ဖြင့် မေးထောက်ထားကာ အတော်လေး စိတ်ပျက်နေဟန် ပေါ်သည်။
"ဒီဧကရီက အခြားကမ္ဘာတွေ..အင်မော်တယ်နယ်မြေ..အင်မော်တယ် နတ်ဆိုးတိုက်ကြီးနဲ့ ကျင့်ကြံသူတွေအကြောင်း ရှာကြည့်တာ... ပေါ်လာတာတွေက ဝတ္ထုတွေနဲ့ ဂိမ်းတွေချည်းပဲ.. ဘာသဲလွန်စမှ မရဘူး.."
"ဒါကတော့ ဒီလိုပဲ ရှိမှာပေါ့.. မင်း ရှာနေတဲ့ စကားလုံးတွေက ရှန်းရှ ဝတ္ထုတွေထဲက စကားလုံးတွေပဲလေ.. ဝတ္ထုနဲ့ ပတ်သက်တာတွေ ပေါ်လာတာ မဆန်းပါဘူး.."
"ဒီကမ္ဘာမှာက အခြေခံအားဖြင့် ဝိညာဥ်ချီစွမ်းအားမှ မရှိတာ.. အွန်လိုင်းပေါ်မှာ ဒါနဲ့ ပတ်သက်တာတွေ ဘယ်ရှိပါ့မလဲ.."
လင်းဖန်က ကွန်ပျူတာ စခရင်ရှေ့မှ ခွာလိုက်ပြီး အေးဆေးစွာပင် ရေသွားသောက်တော့သည်။ လုံယွဲ့သည် လင်းဖန်၏ စကားများကို ပြန်လည် စဉ်းစားရင်း ကွန်ပျူတာ စခရင်ကို စိုက်ကြည့်ကာ ငိုင်နေမိသည်။
ရုတ်တရက် သူမ၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သကဲ့သို့ အတွေးတစ်ခု ဝင်လာပြီး ကီးဘုတ်ပေါ်တွင် လက်များက အလျင်အမြန် လှုပ်ရှားသွားတော့သည်။
'မှန်တယ်... ဒီကမ္ဘာမှာ ဝိညာဥ်ချီစွမ်းအား မရှိဘူးဆိုရင် တန်ခိုးစွမ်းအားနဲ့ ပတ်သက်တာတွေ ပေါ်လာမှာ မဟုတ်ဘူး.. ဒါပေမဲ့ ပြောင်းပြန် စဉ်းစားကြည့်ရင် ဝိညာဥ်ချီစွမ်းအားနဲ့ ဆက်စပ်နေတဲ့ အရာတစ်ခုခုကိုသာ အွန်လိုင်းပေါ်မှာ တွေ့ခဲ့ရင် အဲ့ဒါက ဒီကမ္ဘာမှာ ဝိညာဥ်စွမ်းအား ရှိနေတယ်ဆိုတဲ့ သက်သေပဲ မဟုတ်လား..'
"တွေ့ပြီ.. နတ်ဆိုးအရှင်... ဒီဧကရီ တွေ့ပြီ.."
မကြာခင်မှာပင် လုံယွဲ့သည် ကွန်ပျူတာ စားပွဲရှေ့မှ ထိုင်ခုံကို နောက်သို့ တွန်းထုတ်ကာ လင်းဖန်ကို စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်တော့သည်။ လင်းဖန်က ရေခွက်ကို ချလိုက်ပြီး နားမလည်နိုင်သလို လှည့်ကြည့်လိုက်သည်။
"ဘာတွေ့တာလဲ.."
"ဟွန်း... ပြန်လမ်းပေါ့.."
လုံယွဲ့က ဂုဏ်ယူစွာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေချေသည်။
"ပြန်လမ်းကို တွေ့ပြီ ဟုတ်လား.."
လင်းဖန်၏ မျက်နှာမှာ အလွန်အံ့အားသင့်ဟန် ပြောင်းလဲသွားပြီး သူမ၏ ဘေးနားသို့ အမြန်ပြေးလာခဲ့သည်။ သူသည်လည်း အင်မော်တယ်နတ်ဆိုးတိုက်ကြီးသို့ ပြန်ရန် နည်းလမ်းများစွာ ရှာဖွေခဲ့ဖူးသည်။ သို့သော် သူ၌ ကျန်ရှိသော ဝိညာဥ်ချီစွမ်းအား အနည်းငယ်နှင့် ဤကမ္ဘာ၏ ဝိညာဥ်ချီ ကင်းမဲ့မှုတို့ကြောင့် လက်ရှိတွင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ကြောင်း သူ ကောက်ချက်ချထားခဲ့သည်။
သို့သော် ယခုအခါ လုံယွဲ့က ပြန်လမ်းကို တွေ့ပြီဟု ဆိုနေသည်။ ထို့အပြင် အွန်လိုင်းပေါ်၌ပင် အလွယ်တကူ ရှာတွေ့နိုင်သည်လော။
"နတ်ဆိုးအရှင်... ဒီဧကရီ နင့်ကို တစ်ခု မေးမယ် ငါတို့ ဘာလို့ အခု အင်မော်တယ်နတ်ဆိုးတိုက်ကြီးကို ပြန်လို့မရတာလဲ.."
လုံယွဲ့က နှုတ်ခမ်းလေးကို အနည်းငယ် ကော့ညွှတ်ကာ ယုံကြည်မှုအပြည့်နှင့် မေးလိုက်သည်။
"ဒါကတော့ သဘာဝအတိုင်းပဲ... ငါတို့မှာ ဝိညာဥ်ချီစွမ်းအား မလုံလောက်လို့ပေါ့..ကျင့်ကြံဆင့်တွေကိုလည်း သုံးလို့မရဘူးလေ.."
လင်းဖန်က မဆိုင်းမတွပင် ဖြေလိုက်သည်။
"အတိအကျပဲ.. ဝိညာဥ်ချီစွမ်းအား မလုံလောက်လို့ ငါတို့ နှစ်ယောက်လုံး ဒီမှာ ပိတ်မိနေတာ.."
လုံယွဲ့က စိတ်လှုပ်ရှားစွာဖြင့် လင်းဖန်ကို လက်ညှိုးထိုးပြကာ...
"ငါတို့သာ ဝိညာဥ်ချီစွမ်းအားတွေကို ပြန် ရရှိအောင် လုပ်နိုင်ပြီး ဟင်းလင်းပြင် အတားအဆီးတွေကို အတူတူ ချိုးဖျက်လိုက်ရင် အင်မော်တယ်နတ်ဆိုးတိုက်ကြီးကို ပြန်ဖို့က ဘာမှ မခက်ခဲတော့ဘူး.."
ထိုစကားကို ကြားရချိန်တွင် လင်းဖန်မှာ ကြောင်သွားသည်။ ဤသည်က မူလ ပြဿနာကို တပတ်ပြန်လည်နေခြင်းသာဖြစ်၏။ ဝိညာဥ်ချီစွမ်းအားသာ ပြန်ရနိုင်ရင် သူတို့ နှစ်ယောက်လုံး ဤနေရာတွင် ရှိနေမည် မဟုတ်ချေ။
ဒါမှမဟုတ်...
လင်းဖန်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ရှေ့မှ လုံယွဲ့ကို မယုံနိုင်စရာ ကြည့်လိုက်မိသည်။
"ဧကရီ... မင်း ပြောချင်တာက ဝိညာဥ်ချီစွမ်းအား ပြန်ရနိုင်မယ့် နည်းလမ်းကို တွေ့လိုက်တာလား.."
"မှန်တယ်.."
လုံယွဲ့က ဂုဏ်ယူစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မောက်စ်ကို နှိပ်ကာ ဓာတ်ပုံတစ်ပုံကို ပြလိုက်သည်။ လင်းဖန်က အနားသို့ ကပ်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားတော့သည်။ ထိုဓာတ်ပုံမှာ သိသိသာသာပင် ဂျင်ဆင်း တစ်ခု ဖြစ်နေသည်။
"ဂျင်ဆင်းလား..."
"ဟုတ်တယ်.. ဒီအရာပဲ... ဂျင်ဆင်း.."
"ဒါက ဝိညာဥ်ချီစွမ်းအား ပြန်ရဖို့နဲ့ ဘာဆိုင်လို့လဲ.."
"ဆိုင်တာပေါ့.."
"ဒီအရာက ငါတို့ အင်မော်တယ်နယ်မြေက စိတ်ဝိညာဥ်ဂျင်ဆင်း၊ ဒါမှမဟုတ် အင်မော်တယ်ဂျင်ဆင်းတွေနဲ့ အရမ်း တူတာပဲ.. သူက စိတ်ဝိညာဥ်စွမ်းအား ကြွယ်ဝတဲ့ မြေဆီလွှာမှာ နှစ်ပေါင်း ရာနဲ့ ချီ..ဒါမှမဟုတ် ထောင်နဲ့ ချီပြီး ပေါက်ရောက်မှသာ ဆေးဖက်ဝင် ဂျင်ဆင်း ဖြစ်လာတာ.."
"အကယ်၍ နှစ်ပေါင်း တစ်သောင်းသက်တမ်းရှိတဲ့ အင်မော်တယ်ဂျင်ဆင်းဆိုရင် လူသားအသွင်တောင် ပြောင်းနိုင်ပြီး စိတ်ဝိညာဥ်ပင်လယ်ရှိတဲ့ စိတ်ဝိညာဥ်ဆေးဝါး တောင် ဖြစ်လာနိုင်တာ.."
"တစ်ခါ ပေါက်ဖွားလာပြီဆိုရင် ဒီအရာထဲမှာ ကြီးမားတဲ့ ဝိညာဥ်ချီစွမ်းအားတွေ ကိန်းအောင်းနေမှာပဲ.. ဒါက ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဥ်ပင်လယ် နဲ့ ဝိညာဉ်သန္ဓေ ကို အားဖြည့်ပေးဖို့အတွက် မရှိမဖြစ် ဆေးဖက်ဝင် ပစ္စည်းပဲ.."
ထိုစကားကို ကြားရချိန်တွင် လင်းဖန်သည် လုံယွဲ့ ဆိုလိုသည်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
"မင်း ဆိုလိုတာက... ဒီဂျင်ဆင်းထဲမှာ စိတ်ဝိညာဥ်စွမ်းအားတွေ ရှိနေနိုင်တယ်လို့ ပြောချင်တာလား.."
"အတိအကျပဲ.."
လုံယွဲ့က ခိုင်ခိုင်မာမာပင် ခေါင်းညိတ်ပြလိုက်သည်။
ဝိညာဥ်ချီစွမ်းအားသည် ကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ဝိညာဥ်ချီစွမ်းအား ကင်းမဲ့သွားသော ကျင့်ကြံသူမှာ ခြေလက် မရှိသော သာမန်လူတစ်ယောက်ကဲ့သို့ ဘာမှ မလုပ်နိုင်ပါချေ။
ပြန်သွားနိုင်ရန်အတွက် အရေးကြီးဆုံးမှာ ဝိညာဥ်ချီစွမ်းအား ပြန်လည်ရရှိရန် နည်းလမ်းရှာဖို့သာ ဖြစ်သည်။ သို့မဟုတ်ပါက အရာအားလုံးမှာ အလကားပင်။
တိုက်ဆိုင်စွာပင် ဤကမ္ဘာမှာ ဝိညာဥ်ချီစွမ်းအား အစအနပင် မရှိသော ကမ္ဘာတစ်ခု ဖြစ်နေသည်။ သို့သော် ဤကမ္ဘာကြီးက ဤမျှ ကျယ်ပြောလှသည်ဖြစ်ရာ ဝိညာဥ်ချီစွမ်းအား အစအနလေး တစ်ခုတောင် မရှိနိုင်ပေဘူးလော။
ဖြစ်နိုင်ချေတစ်ခုမှာ ဤကမ္ဘာ၏ နေရာအနှံ့အပြားတွင် ဝိညာဥ်ချီစွမ်းအားမှာ လုံးဝ မရှိသလောက် နည်းပါးနေသော်လည်း တစ်နေရာရာတွင်မူ ဝိညာဥ်ချီစွမ်းအားများ တည်ရှိနေနိုင်ပေသည်။
ဤကမ္ဘာ၏ နေရာအများစုတွင် ဝိညာဥ်ချီစွမ်းအား မရှိဟု ယူဆလျှင်လည်း တစ်စုံတစ်ရာသော နေရာတွင် ဝိညာဥ်ချီစွမ်းအား ရှိနေခဲ့ပါက ထိုနေရာတွင် ဝိညာဥ်ချီစွမ်းအား၏ လွှမ်းမိုးမှုကြောင့် သဘာဝလွန် ဖြစ်ရပ်များ သို့မဟုတ် သာမန်လူတို့ နားမလည်နိုင်သော အရာများ ရှိနေပေလိမ့်မည်။
ထို့ကြောင့် သူမသည် ဝိညာဥ်ချီစွမ်းအားကြောင့် ပေါက်ဖွားလာနိုင်သည့် ရတနာများကို ရှာဖွေကြည့်ရာမှ အင်မော်တယ်နယ်မြေရှိ အရာနှင့် အမည်ရော၊ ပုံစံပါ ဆင်တူလှသော ဤ ဂျင်ဆင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဝိညာဥ်ချီစွမ်းအား လုံးဝ မရှိဘူးဆိုလျှင် ဤကမ္ဘာမှာ ဂျင်ဆင်းကဲ့သို့ ရှားပါးလှသော ရတနာဆေးပင် မည်သို့ ရှိနေပါမည်နည်း။
ဖြစ်နိုင်သည်မှာ မြေအောက်တစ်နေရာရာတွင် ဝိညာဥ်ချီစွမ်းအားများ ရှိနေပြီး ထိုအရာကို အားဖြည့်ပေးနေသောကြောင့် ဤရတနာမှာ လောကသို့ ပေါက်ဖွားလာရခြင်း ဖြစ်ပေလိမ့်မည်။
Chapter 116
~
အခန်း ၁၁၆ : ဂျင်ဆင်းအသုံးပြုခြင်း နည်းလမ်းများ...
~
" လုံယွဲ့... မင်းပြောတဲ့ အင်မော်တယ်နယ်မြေက ဂျင်ဆင်းတွေမှာ ဘယ်လို အာနိသင်တွေ ရှိလဲ.. "
လုံယွဲ့၏ ခန့်မှန်းချက်များကို နားထောင်ပြီးနောက် လင်းဖန်သည် သူ၏ စိတ်ထဲတွင် အဖြေတစ်ခု ရှိနေပြီးသား ဖြစ်သဖြင့် အေးအေးဆေးဆေးပင် မေးလိုက်၏။
" အင်း .."
လုံယွဲ့က ခဏကြာ စဉ်းစားပြီး အလေးအနက် ရှင်းပြလေသည် ။
" အဲ့ဒါကတော့ အင်မော်တယ်ဂျင်ဆင်းရဲ့ သက်တမ်းပေါ်မှာ မူတည်တာပေါ့ .. အနှစ်တစ်ရာရှိတဲ့ အင်မော်တယ်ဂျင်ဆင်းက ချီပင်လယ်နဲ့ ဝိညာဉ်သန္ဓေသားကို အားဖြည့်ပေးနိုင်တယ် ..အနှစ်တစ်ထောင်ရှိတဲ့ အင်မော်တယ်ဂျင်ဆင်းကတော့ သွေးကြောတွေကို သန့်စင်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေတယ် .. ကျင့်ကြံဆင့်တွေကို တိုးတက်စေနိုင်သလို ဝိညာဉ်စွမ်းအားကိုလည်း စုစည်းစေနိုင်တယ် .. အနှစ်တစ်သောင်းရှိတဲ့ ဂျင်ဆင်းဆိုရင်တော့ သွေးနဲ့ အရိုးတွေကိုပါ ပြန်လည် တည်ဆောက်ပေးနိုင်ပြီး ပြတ်တောက်သွားတဲ့ ခြေလက်တွေကို ပြန်ပေါက်စေနိုင်တဲ့အပြင် သေလူကိုတောင် ပြန်ရှင်စေနိုင်တယ်.. "
" ဒါဆိုရင်တော့ နှမြောစရာပဲ.. ဧကရီ .. ဒီကမ္ဘာက ဂျင်ဆင်းတွေမှာ မင်းပြောတဲ့ အာနိသင်တွေ တစ်ခုမှ မရှိဘူး.. "
" ဒီကမ္ဘာက ဂျင်ဆင်းက မင်းတို့ အင်မော်တယ်နယ်မြေက ဂျင်ဆင်းနဲ့ ပုံစံတူတယ် ဆိုပေမဲ့ သူ့ရဲ့ အာနိသင်တွေက ခန္ဓာကိုယ်တွင်း အရည်ကြည် ထွက်ရှိမှုကို အားပေးတာ( ရေဓာတ်ခမ်းခြောက်မှုကို သက်သာစေတာမျိုး) ..သွေးအားကောင်းစေတာ ..စိတ်ကို တည်ငြိမ်စေတာနဲ့ ဉာဏ်ရည်ညဏ်သွေးကို အထောက်အကူပြုတာလောက်ပဲ ရှိတာ .. ဝိညာဥ်ချီစွမ်းအားနဲ့ ပတ်သက်လို့ ဘာမှ မသက်ဆိုင်ဘူး .."
" ဂျင်ဆင်း အများစုက သက်တမ်း နည်းနည်းပဲ ရှိတာ .. အများဆုံးမှ ဆယ်နှစ် ..နှစ်နှစ်ဆယ်လောက်ပဲ .. အသက်တစ်ရာကျော်ဆိုတာ အင်မတန် ရှားပါးသလို အသက်တစ်ထောင်ကျော် ဆိုတာကတော့ လုံးဝကို မရှိတာ.. "
" ဒီကမ္ဘာမှာတော့ ဒါက အဖိုးတန် တရုတ်တိုင်းရင်းဆေး တစ်မျိုးထက် မပိုပါဘူး .."
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .."
လုံယွဲ့သည် မယုံကြည်နိုင်စွာဖြင့် ကွန်ပျူတာ စခရင်ပေါ်ရှိ ဂျင်ဆင်းပုံနှင့် သူမ၏ မှတ်ဉာဏ်ထဲရှိ အင်မော်တယ်ဂျင်ဆင်းပုံတို့ကို ထပ်ခါတလဲလဲ နှိုင်းယှဉ်နေမိတော့သည် ။
ပုံသဏ္ဌာန်ရော အရောင်ပါ သူမ ရင်းနှီးသည့် အင်မော်တယ်ဂျင်ဆင်းနှင့် အလွန်ပင် ဆင်တူလှ၏ ။ အနည်းငယ် ကွဲပြားသည်မှာ အင်မော်တယ်ဂျင်ဆင်းလောက် တောက်ပစိုပြည်မှု မရှိဘဲ ကြည်လင်တောက်ပသည့် အလင်းရောင် အနည်းငယ် လိုအပ်နေခြင်းသာ ဖြစ်ပေသည် ။
မြေကမ္ဘာ၏ ဝိညာဥ်ချီစွမ်းအားများသည် မြေအောက် အနက်ပိုင်းတွင် ကိန်းအောင်းနေလေ့ရှိသလို ကောင်းကင်ယံ အထက်တွင်လည်း စုစည်းနေတတ်သည် ။ ၎င်းမှာ ကောင်းကင်နှင့် မြေကမ္ဘာ၏ ဝိညာဥ်ချီစွမ်းအားဟူသော ဝေါဟာရ၏ မြစ်ဖျားခံရာပင် ဖြစ်၏ ။
ဂျင်ဆင်းသည် မြေအောက် အနက်ပိုင်းတွင် ပေါက်ရောက်သည့်အတွက် မြေကမ္ဘာ၏ ဝိညာဉ်ချီ အချို့ကို စုပ်ယူထားသင့်သည် ။ ဤကမ္ဘာတွင် ဝိညာဥ်စွမ်းအား လုံးဝ မရှိလျှင်တော့ တစ်မျိုးပင် ။
" ဒီကမ္ဘာက ဂျင်ဆင်းမှာ ဝိညာဥ်ချီစွမ်းအားတွေ တကယ်ပဲ မပါဝင်ဘူးလား.. "
လုံယွဲ့က သူမ၏ နှုတ်ခမ်းနီနီလေးကို စူကာ မကျေမနပ် မေးလိုက်သည် ။
" ငါ နည်းနည်းလောက် ဝယ်ပြီး စမ်းကြည့်လိုက်မယ် ..ဒါဆိုရင် မင်း သိသွားမှာပေါ့.. "
သူမက မယုံကြည်နိုင် ဖြစ်နေသည်ကို မြင်သဖြင့် လင်းဖန်သည် စကားရှည်ရှည်ဝေးဝေး မပြောတော့ဘဲ အနီးအနားရှိ ကုန်တိုက်တစ်ခုမှ ဂျင်ဆင်း အမျိုးမျိုးကို မှာယူလိုက်တော့သည် ။
မကြာခင်မှာပင် ပုံစံမတူသည့် ဂျင်ဆင်း အမျိုးမျိုး အိမ်သို့ ရောက်ရှိလာခဲ့သည် ။ အဖိုးတန်သည့် တောရိုင်း ဂျင်ဆင်းများ အပြင် သာမန် စိုက်ပျိုးဂျင်ဆင်း ၊ အမေရိကန် ဂျင်ဆင်း ၊ သဘာဝအတိုင်း ပေါက်ရောက်သည့် ဂျင်ဆင်း စသည်ဖြင့် အမျိုးအစား အစုံအလင်ကို ဝယ်ယူခဲ့ခြင်း ဖြစ်ရာ ဂျင်ဆင်း အပင်အတော်များများမှာ စားပွဲပေါ်သို့ အစီအရီ ရောက်ရှိလာတော့သည် ။
" ဘယ်လိုလဲ ဧကရီ .. ဝိညာဥ်ချီစွမ်းအားကို အာရုံခံမိလား.. "
" အွန်း..."
လုံယွဲ့သည် သူမရှေ့ရှိ ဂျင်ဆင်းများကို စိုက်ကြည့်နေပြီးနောက် တစ်ပင်ချင်းစီကို အနီးကပ် သေချာ နမ်းကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည် ။
" ဘယ်ဟာမှ ဝိညာဥ်ချီစွမ်းအား အကြွင်းအကျန် မတွေ့ရဘူး.. "
ထိုသို့ ပြောပြီးနောက် သူမက ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည် ။
" ဒါပေမဲ့ ဒါကလည်း ငါ့ရဲ့ ကျင့်ကြံဆင့်တွေ လုံးဝ ပျောက်ဆုံးနေလို့ အာရုံခံရ ခက်နေတာလည်း ဖြစ်နိုင်တာပဲ .. ဂိညာဥ်ချီစွမ်းအားက ဒီဆေးပင်ရဲ့ အတွင်းထဲမှာ အောင်းနေတာလား.. "
ထိုစကားကို ကြားရသော်လည်း လင်းဖန်က ဘာမှ မပြောသေးပေ ။ သူသည် စားပွဲပေါ်မှ ဂျင်ဆင်းကို ကောက်ယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ပါးပါးလှီးလိုက်သည် ။ ထို့နောက် မီးဖိုကို ဖွင့်ကာ ဖန်ခါးသီး ၊ ဆီးသီးခြောက်နှင့် အခြား အားဖြည့်ပစ္စည်းများကို ထည့်၍ စတင် ပြုတ်တော့သည် ။
တစ်နာရီခန့် ကြာပြီးနောက် အငွေ့တထောင်းထောင်း ထနေသည့် ဂျင်ဆင်း အားဖြည့်စွပ်ပြုတ် တစ်အိုးကို လုံယွဲ့၏ ရှေ့သို့ ယူဆောင်လာခဲ့သည် ။
" ကဲ မြည်းကြည့်ဦး .."
လင်းဖန်က ဇွန်းကို ယူကာ သူမအတွက် တစ်ခွက် ခပ်ပေးလိုက်၏ ။
လုံယွဲ့သည် ဂျင်ဆင်းစွပ်ပြုတ်ကို ယူကာ တစ်ဇွန်း ခပ်လိုက်သည် ။ ထို့နောက် အသာအယာ မှုတ်ကာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်တော့သည် ။
" ဘယ်လိုလဲ .. ဝိညာဥ်ချီစွမ်းအားတွေ ပြန်ရလာသလို ခံစားရလား .."
လင်းဖန်က မေးလိုက်သည် ။
" အင်း... မဟုတ်သေးဘူး ထင်တယ် .."
လုံယွဲ့က မျက်လုံးမှိတ်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဥ်ချီစွမ်းအား လှုပ်ခတ်မှုများကို သေချာ အာရုံခံကြည့်သော်လည်း ဘာမှ မခံစားမိပါချေ ။ သူမ၏ မျက်ခုံးတန်းလေးများမှာ စိတ်ပျက်မှုကြောင့် တွန့်ကွေးလာတော့သည်။
လင်းဖန်ကတော့ ဤသို့ ဖြစ်မည်ကို တွက်ဆထားပြီးသား ဖြစ်ပေသည် ။ သူကလည်း ဂျင်ဆင်းစွပ်ပြုတ် တစ်ခွက်ကို ခပ်ယူကာ သောက်ရင်း ပြောလိုက်သည် ။
" ဒါကြောင့် ငါ ပြောသားပဲ .. ဒီကမ္ဘာက ဂျင်ဆင်းက အားဖြည့်ဆေးဖက်ဝင် အပင်တွေထဲက တစ်ခုပဲ ဖြစ်ပြီး ဝိညာဥ်ချီစွမ်းအားတွေ မပါဝင်ပါဘူး ဆိုတာ .."
" တကယ်လို့ ဒီဂျင်ဆင်းမှာ ဝိညာဥ်ချီစွမ်းအားတွေ ပါဝင်နေပြီး ရောဂါအားလုံးကို ကုသနိုင်တယ် ..သွေးနဲ့ အရိုးတွေကို ပြန်လည် တည်ဆောက်ပေးနိုင်တယ် ဆိုရင်တော့ တစ်ပိဿာကို ငွေရာဂဏန်းလောက်ပဲ မဟုတ်ဘဲ တန်ဖိုးဖြတ်လို့တောင် ရမှာ မဟုတ်တော့ဘူး .."
" ... ဖြစ်နိုင်တာက.. ငါ သောက်တာ နည်းလို့ ဘာမှ မခံစားရတာလည်း ဖြစ်မှာပါ.. "
" အကုန်သောက်ပြီးရင်တော့ အမှန်တရားက ပေါ်လာမှာပါ.. "
လုံယွဲ့သည် သူမ၏ မျက်ခုံးတန်းလေးကို တွန့်ကွေးလိုက်ပြီး မြေအိုးကို မကာ တကျိုက်တည်းနှင့် အကုန် သောက်ချလိုက်တော့သည် ။
ဝိညာဥ်ချီစွမ်းအား အနည်းငယ်လေး ပြန်ရလာတာကို ခံစားမိရုံနှင့်ပင် သူမအတွက် ဝိညာဥ်ချီစွမ်းအား ပြန်လည် ရရှိဖို့ မျှော်လင့်ချက် ရှိလာပြီ မဟုတ်ပါလော ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဂျင်ဆင်းစွပ်ပြုတ် တစ်အိုးလုံးကို သူမ သောက်ပစ်လိုက်ပြီး ဂျင်ဆင်းဖတ်များကိုပါ စွပ်ပြုတ်နှင့်အတူ စားပစ်လိုက်ရာ စားပွဲပေါ်တွင် မြေအိုးအလွတ်ကြီးသာ ကျန်ရစ်တော့သည် ။
လင်းဖန် ဆွံ့အသွားချေသည် ။
'ဒီတစ်အိုးလုံးကို သူက တစ်ခါတည်းနဲ့ အကုန် သောက်ချလိုက်တာလား ..'
" ဘယ်လို ခံစားရလဲ.. "
" တစ်ခုခုကို ခံစားနေရပြီ ထင်တယ်.. "
လုံယွဲ့ ရပ်တန့်သွားပြီး သူမ၏ မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပေါ်လာသည် ။ သူမ ခံစားလိုက်ရသည် ။ ခန္ဓာကိုယ်အတွင်း၌ စွမ်းအားတစ်ခု တိုးဝှေ့နေချေပြီ။
" တစ်ခုခုကို ခံစားနေရပြီ ..ဟုတ်လား .."
လင်းဖန်သည်လည်း အံ့အားသင့် သွားပြီး သူ၏ လက်ထဲတွင် ကျန်နေသည့် ဂျင်ဆင်းစွပ်ပြုတ် တစ်ဝက်ကို မယုံနိုင်စွာ ကြည့်လိုက်မိသည် ။
'ငါလည်း တစ်ဝက်လောက် သောက်ထားတာပဲ ..ငါဘာလို့ ဝိညာဥ်ချီစွမ်းအား ကို မခံစားမိတာလဲ..'
'တကယ်ပဲ သူ ပြောသလို အများကြီး သောက်မှ ခံစားရမှာလား ..'
လင်းဖန် တွေးတောနေစဉ်မှာပင် အနီရောင် စက်လေးအချို့ စားပွဲပေါ်သို့ တောက်ခနဲ ကျလာသည် ။
" အမ်.. "
လင်းဖန် မော့ကြည့်လိုက်ရာ လုံယွဲ့၏ နှာခေါင်းမှ သွေးများ တောက်တောက် တောက်တောက်နှင့် ဆက်တိုက် စီးကျနေသည်ကို မြင်လိုက်ရတော့သည် ။
" ဟေး... ဟေး... ဟေး... ဧကရီ .. မင်း နှာခေါင်းသွေးလျှံ နေပြီ .."
" အဲ .."
လုံယွဲ့က ကြောင်အအ ဖြစ်သွားပြီး သူမ၏ နှုတ်ခမ်းထက်သို့ လက်ဖြင့် မယုံနိုင်စွာ စမ်းကြည့်လိုက်ရာ လတ်လတ်ဆတ်ဆတ် သွေးများ သူမ၏ လက်ချောင်းတွင် ပေကျံသွားသည် ။
" ဘယ်လိုဖြစ်လို့ သွေးထွက်တာလဲ .."
" ဖြစ်နိုင်တာက ငါ့ရဲ့ အခု ခန္ဓာကိုယ်က အားနည်းလွန်းနေလို့ ဆေးအာနိသင်ရဲ့ ရိုက်ခတ်မှုကို မခံနိုင်တာလား.. "
" ဒါဆိုရင် ဒီဂျင်ဆင်းစွပ်ပြုတ်က အစွမ်းထက်တယ်လို့ ပြောလို့ရတာပေါ့ .."
လုံယွဲ့က သူမဘာသာ ခန့်မှန်းရင်း ဝမ်းသာအားရ ဖြစ်နေပြန်သည် ။
" အစွမ်းထက်တာထက် ပိုနေပြီ.. "
" ဝမ်းသာမနေနဲ့ဦး .. သွေးတိတ်အောင် အရင်လုပ်စမ်းပါ.. "
လင်းဖန်က သူမကို စိတ်ပျက်လက်ပျက်ဖြင့် မျက်စောင်းထိုးလိုက်ပြီး တစ်ရှူးများကို အမြန်ယူကာ သူမ၏ နှာခေါင်းမှ စီးကျနေသည့် သွေးများကို သုတ်ပေးလိုက်တော့သည် ။
သူမ ပြောသည့် တစ်ခုခုကို ခံစားရတယ် ဆိုသည်မှာ ဆေးအာနိသင် ပြင်းထန်လွန်းသဖြင့် ခန္ဓာကိုယ်တွင်း သွေးလေများ လှုပ်ခတ်သွားခြင်းသာ ဖြစ်ပြီး ဝိညာဥ်စွမ်းအား ပြန်လည်ရရှိခြင်း မဟုတ်ပါချေ ။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဒီဂျင်ဆင်းမှာ ဝိညာဥ်ချီစွမ်းအား နည်းနည်းလေးတောင် ဘာလို့ မပါရတာလဲ.. "
လုံယွဲ့သည် အလွန်အမင်း စိတ်ပျက်သွားပြီး မကျေမနပ် ရေရွတ်နေမိသည် ။
သူမသည် ဝိညာဥ်ချီစွမ်းအား အပြောင်းအလဲများကို မကျေမနပ်ဖြင့် အာရုံခံကြည့်နေပြီး ဝိညာဥ်ချီစွမ်းအား လှုပ်ခတ်မှု အနည်းငယ်လေးကိုပင် ရှာဖွေရန် ကြိုးစားနေသော်လည်း အဆုံးမရှိ ထွက်နေသည့် နှာခေါင်းသွေးများမှလွဲ၍ မည်သည့် ဝိညာဥ်ချီစွမ်းအားမှ ထွက်မလာ ။
ထိုသို့ မဟုတ်ဘဲ သွေးတွေ အများကြီး ထွက်သွားသည့်အတွက် သူမ၏ ဦးနှောက်မှာ တဖြည်းဖြည်းနှင့် မူးဝေလာတော့သည် ။
" လက်လျှော့လိုက်ပါတော့ ဧကရီ .. ဝိညာဥ်ချီစွမ်းအား မရှိတဲ့ ကမ္ဘာမှာ ဝိညာဥ်စွမ်းအား ပါဝင်တဲ့ ဆေးပင်တွေ မပေါက်နိုင်ဘူးရယ်.."
လင်းဖန်သည် သူမ၏ နှာခေါင်းသွေးများကို သုတ်ပေးပြီးနောက် သွေးများ ပေကျံနေသည့် တစ်ရှူးများကို သိမ်းစည်းရင်း အကြံပေးလိုက်သည် ။
သို့သော်ငြား လုံယွဲ့ကတော့ မကျေနပ်နိုင်ဘဲ လွယ်လွယ်နှင့် လက်မလျှော့ချင်ပေ ။
" ငါ မယုံဘူး.. "
" ဒီကမ္ဘာမှာ ဝိညာဥ်ချီစွမ်းအား တကယ်ပဲ မရှိဘူးဆိုရင် လူစကားပြောနိုင်ပြီး ဉာဏ်ရည်ရှိတဲ့ တိရစ္ဆာန်တွေ ဘာလို့ ရှိနေရမှာလဲ.. "
" လူစကားပြောနိုင်ပြီး ဉာဏ်ရည်ရှိတဲ့ တိရစ္ဆာန်တွေ ဟုတ်လား .."
လင်းဖန်က နားမလည်နိုင်သလို ကြည့်လိုက်သည် ။
" ဧကရီ... မင်း ဒါကို ဘယ်ကနေ ကြားလာတာလဲ.. "
" ငါ အွန်လိုင်းမှာ တွေ့တာ.. "
လုံယွဲ့က သူမ၏ နှာခေါင်းကို ပိတ်ထားရင်း ဖုန်းကို ဖွင့်ကာ သူမ စောစောက ကြည့်ထားသည့် ဗီဒီယို စာမျက်နှာကို ပြလိုက်သည် ။
ဗီဒီယိုထဲတွင် ကြက်တူရွေး တစ်ကောင်သည် သူ၏ ပိုင်ရှင်က သင်ပေးထားသည့်အတိုင်း ဗီဒီယိုကြည့်ရှုသူများကို နှုတ်ဆက်ကာ စကားပြောနေသည် ။
ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများကို ပျိုးထောင်ပေးခြင်း အပြင် ဝိညာဥ်ချီစွမ်းအား၏ အခြား အရေးကြီးသော စွမ်းဆောင်ရည်တစ်ခုမှာ သက်ရှိများအားလုံးကို ဉာဏ်ရည် ရရှိစေခြင်းပင် ဖြစ်ပေသည် ။
ယေဘူယျအားဖြင့် ဆိုလျှင်တော့ ကမ္ဘာပေါ်ရှိ ငှက်များ သို့မဟုတ် သားရဲများသည် စကားမပြောနိုင်ကြ။ သို့သော် ၎င်းတို့သည် ဝိညာဥ်ချီစွမ်းအားများကြားတွင် အချိန်ကြာမြင့်စွာ နေထိုင်ရလျှင်တော့ ဉာဏ်ရည်များ ရရှိလာကာ လူစကားကို သင်ယူနိုင်လာပေလိမ့်မည် ။
ထို့ကြောင့် ဤကမ္ဘာ၏ တစ်နေရာရာတွင် ဝိညာဥ်ချီစွမ်းအားများ သေချာပေါက် ရှိနေရမည်ဟု သူမ ယုံကြည်နေခြင်း ဖြစ်သည် ။ ထိုစွမ်းအားကြောင့်ပင် ဤငှက်သည် လူစကားကို သင်ယူနိုင်ခဲ့ခြင်း မဟုတ်ပါလော ။
" ဪ... ကြက်တူရွေး ဖြစ်နေတာကိုး ..ဒါဆိုရင်တော့ မဆန်းပါဘူး .."
ဗီဒီယိုထဲရှိ ကြက်တူရွေးကို မြင်လိုက်ရချိန်တွင် လင်းဖန်သည် ချက်ချင်းပင် နားလည်သွားတော့သည် ။
' ငါ မသိတဲ့ တိရစ္ဆာန် တစ်မျိုးမျိုးကများ စကားပြောတာလားလို့.. '