← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

Chapter 117

~

အခန်း ၁၁၇ : နှုတ်ချိုလှသော ကြက်တူရွေးလေး...

~

​" နတ်ဆိုးအရှင်... ဒီဧကရီကို ဘယ်ခေါ်သွားမလို့လဲ.. "

​အထက်သို့ တက်နေသည့် ဓာတ်လှေကားအတွင်း၌ လုံယွဲ့က သူမဘေးရှိ လင်းဖန်ကို နားမလည်နိုင်စွာ မေးလိုက်သည်။

​လူစကားပြောနိုင်သည့် ငှက်တစ်ကောင်ကို တွေ့သည်ဟု သူမပြောပြီးနောက် နတ်ဆိုးအရှင်သည် ဘာမှမပြောဘဲ သူမကို အပြင်သို့ ခေါ်ထုတ်လာကာ အငှားယာဉ်ဖြင့် ဤတိုက်ခန်းတွဲဆီသို့ တောက်လျှောက် လာခဲ့ခြင်း ဖြစ်သည်။

​" ဧကရီ... မင်းပဲ လူစကားပြောတဲ့ ငှက်ကို မြင်ချင်တယ်ဆို .."

​" အားကျိုက်ဆီမှာ တစ်ကောင် မွေးထားတယ်ဆိုတာ ငါမှတ်မိလို့.. သူလည်း အိမ်မှာ ရှိနေတာနဲ့ မင်းကို ခေါ်လာပြတာ.. ကြည့်ပြီးရင် မင်း နားလည်သွားလိမ့်မယ်.. "

​" ဒီလို လူစကားပြောတယ်ဆိုတဲ့ ငှက်တွေဟာ လူတွေက သင်ပေးထားလို့သာ ပြောနိုင်တာ.. ဝိညာဥ်ချီစွမ်းအားကြောင့် ဉာဏ်ပွင့်ပြီး သူ့အလိုလို သိတတ်လာတာမျိုး မဟုတ်ဘူး.. "

​" လူတွေက သင်ပေးထားတာ ဟုတ်လား .."

​လုံယွဲ့ အတော်လေး အံ့အားသင့်သွားရသည်။

​သူမ၏ အသိဉာဏ်ထဲတွင် ငှက်များနှင့် သားရဲများသည် သဘာဝအတိုင်း အသိဉာဏ်နည်းပါးကြပြီး ဝိညာဥ်ချီစွမ်းအား၏ အကူအညီဖြင့် ဉာဏ်ပွင့်မှသာ လူသားများကဲ့သို့ တွေးတောပြောဆိုနိုင်ကြခြင်း ဖြစ်သည်။ တန်ခိုးစွမ်းအား၏ အကူအညီမပါဘဲ လူသားတို့၏ သင်ကြားမှုသက်သက်ဖြင့် စကားပြောနိုင်သည့် တိရစ္ဆာန်ရှိသည်ဟု သူမ တစ်ခါမှ မကြားဖူးပါချေ။

​" တင်း.. တောင်.. "

​ဓာတ်လှေကားမှာ သတ်မှတ်ထားသည့် အလွှာသို့ ရောက်ရှိသွားပြီး တံခါးမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ဖြည်းညှင်းစွာ ပွင့်သွားသည်။ လင်းဖန်သည် လုံယွဲ့ကို အခန်းတံခါးတစ်ခုရှေ့သို့ ခေါ်ဆောင်သွားပြီး တံခါးကို အသာခေါက်လိုက်၏။

​" အားကျိုက်.."

​" လာပြီ .."

​အခန်းတွင်းမှ လုကျိုက် ၏ ပြန်ထူးသံ ထွက်ပေါ်လာသည်။ အိမ်ထဲမှ ခြေသံများမှာ အဝေးမှ တဖြည်းဖြည်း နီးကပ်လာပြီး နောက်တစ်စက္ကန့်တွင် တံခါးပွင့်သွားတော့သည်။

​" အစ်ကိုဖန်... မရီး... ရောက်လာကြပြီလား.. "

​" အိမ်ထဲမှာ နည်းနည်း ရှုပ်နေတယ်.. အားမနာပါနဲ့ .."

​လုကျိုက်သည် တံခါးကို ဖွင့်ပေးရင်း အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။

​တစ်ယောက်တည်း နေထိုင်သူဖြစ်သဖြင့် သူသည် အနေအစား အတော်လေး ပေါ့ပေါ့ပါးပါးရှိကာ အိမ်ကိုလည်း တစ်ခါတစ်ရံမှသာ သန့်ရှင်းရေး လုပ်လေ့ရှိသည်။ လင်းဖန်က လုံယွဲ့ကို ခေါ်လာမည်ဟု ရုတ်တရက် အကြောင်းကြားလာသဖြင့် သူ အိမ်ကို သေချာ သန့်ရှင်းရေး လုပ်ချိန်ပင် မရလိုက်ချေ။

​လင်းဖန်နှင့် လုံယွဲ့တို့ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ရှုပ်ပွနေသည့် ဧည့်ခန်းကို ချက်ချင်း မြင်လိုက်ရသည်။

​မှီအုံးခေါင်းအုံးအချို့မှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ တီဗီအကြီးကြီး တစ်လုံးအပြင် တီဗီစင်ပေါ်၌လည်း PS5၊ Switch၊ အမျိုးမျိုးသော ဂိမ်းစက်များနှင့် ရှေးဟောင်း Subor ဂိမ်းစက်တို့မှာ ရှုပ်ယှက်ခက် နေတော့သည်။

​တီဗီနှင့် ချိတ်ဆက်ထားသည့် ဂိမ်းလက်ကိုင်များမှာလည်း တီဗီစင်အောက်တွင် ဖြစ်သလို ပစ်ထားသလို ဂိမ်းအခွေများမှာလည်း ဆိုဖာအောက်နှင့် စားပွဲအောက်တို့တွင် ပြန့်ကျဲနေသည်။

​တီဗီ၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း မှန်ဗီရို အကြီးကြီး နှစ်လုံး ရှိနေသေးသည်။

​ဗီရိုတစ်လုံးမှာ သူနှစ်ပေါင်းများစွာ စုဆောင်းထားသည့် အရုပ် များဖြင့် ပြည့်နေပြီး အချို့အရုပ်များမှာ ဆွဲဆောင်မှုရှိသော ပုံစံများဖြင့် ရှိနေကြသည်။ ကျန်ဗီရိုတစ်လုံးမှာမူ ဂိမ်းအခွေများနှင့် သူစုဆောင်းထားသည့် ဝတ္ထုစာအုပ်များဖြင့် ပြည့်နှက်နေသည်။

​နံရံများတွင်လည်း ချစ်စရာကောင်းသည့် ကာတွန်းပိုစတာများ ကပ်ထားရာ တစ်အိမ်လုံးမှာ အိုတာကု တစ်ယောက်၏ စတိုင်အား ထင်ရှားစွာ မြင်နိုင်ပေ၏။

​" ဟင်း... ဘယ်လိုတောင် နှာဘူး... အု အု အု.. "

​ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လုံယွဲ့မှာ အံ့သြတုန်လှုပ်သွားပြီး နှာဘူးဟူသော စကားလုံးကို မသိစိတ်ဖြင့် လွှတ်ခနဲ ပြောလိုက်မိတော့မည့်ဆဲဆဲ လင်းဖန်က သူမ၏ ပါးစပ်ကို အချိန်မီ ပိတ်လိုက်နိုင်သဖြင့်သာ တော်တော့သည်။

​" ဧကရီ... ငါတို့က အခု သူများအိမ်မှာ ဧည့်သည်အဖြစ် ရောက်နေတာလေ.. "

​ထိုစကားကို ကြားမှ လုံယွဲ့သည် ခေါင်းညိတ်ပြကာ သူမ၏ စကားလုံးများကို ပြန်မျိုချလိုက်တော့သည်။ သူများအိမ်မှာ ဧည့်သည်လာလုပ်ပြီး အိမ်ရှင်ကို နှာဘူးဟု ခေါ်ခြင်းမှာ အမှန်ပင် ရိုင်းစိုင်းလွန်းရာ ရောက်ပေလိမ့်မည်။

​" အစ်ကိုဖန်... မရီး... ဘာကိစ္စရှိလို့ ငါ့ဆီ ရုတ်တရက်ကြီး ရောက်လာကြတာလဲ .."

​လုကျိုက်သည် ဧည့်ခန်းကို အကြမ်းဖျင်း သန့်ရှင်းလိုက်ပြီးနောက် သူတို့နှစ်ယောက်ကို ထိုင်ရန် အချက်ပြလိုက်သည်။

​" ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး.. မင်းရဲ့ ငှက်ကို လုံယွဲ့က မြင်ချင်လို့တဲ့ .."

လင်းဖန်က ထိုင်လိုက်ရင်း ပြောလိုက်သည်။

​" ဪ... ဒါပဲလား.. တော်သေးတာပေါ့ မင်းတို့ နှစ်ရက်စောလာလို့.. နောက်နှစ်ရက်လောက်ဆိုရင် အဲ့ဒီငှက်ကို ငါ လွှတ်ပစ်တော့မလို့.. "

​" ဘာလို့ လွှတ်ပစ်မှာလဲ.. မင်း မွေးထားတာ ကြာပြီ မလား.. "

​လင်းဖန်က နားမလည်နိုင်သလို မေးလိုက်၏။ လုံယွဲ့သည်လည်း စပ်စုချင်သည့် မျက်လုံးများဖြင့် လုကျိုက်ကို လှည့်ကြည့်လိုက်သည်။

​" အင်း... ငါ သွားထုတ်လာခဲ့မယ်.. ခဏနေရင် သိလိမ့်မယ်.. "

​လုကျိုက်မှာ စိတ်ရှုပ်ထွေးနေသည့် ပုံစံဖြင့် အခန်းထဲသို့ ဝင်သွားပြီး ငှက်လှောင်အိမ် တစ်လုံးကို ယူဆောင်လာခဲ့သည်။

​လှောင်အိမ်ထဲတွင် အဝါရောင်နှင့် အဖြူရောင် ရောယှက်နေသည့် ကော့ကတေး ငှက်လေးတစ်ကောင်သည် တန်းပေါ်တွင် ရပ်နေ၏။ သူ၏ ပါးပြင်နှစ်ဖက်တွင် နီနီရဲရဲ အစက်လေးနှစ်စက် ပါရှိရာ ကြည့်ရသည်မှာ အလွန်ပင် ချစ်စရာကောင်းလှသည်။

​" ဒီငှက်လေးက အရမ်းချစ်စရာကောင်းတာပဲ .."

​လုံယွဲ့သည် ထိုငှက်လေး၏ ချစ်စရာကောင်းသော ပုံစံကြောင့် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သူမသည် စပ်စုချင်စိတ်ဖြင့် လှောင်အိမ်အနားသို့ တိုးသွားကာ သူမ၏ လက်ချောင်းလေးများကို လှုပ်ယမ်း၍ ငှက်လေးကို စနောက်လိုက်သည်။

​နောက်တစ်စက္ကန့်တွင် ထိုငှက်လေးက စကားပြောလိုက်သည်မှာ...

​"ကစ်..ကစ်.. သောက်တုံး.. "

​လုံယွဲ့ .. " ... "

​လင်းဖန် .. " ... "

​လုကျိုက်.. " ... "

​စကားလုံး နှစ်လုံးတည်းနှင့်ပင် ဤနေရာ၌ ရှိနေသူ သုံးဦးလုံး တိတ်ဆိတ်သွားကြတော့သည်။

​လုံယွဲ့သည် မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း သူမကိုယ်သူမ ပြန်လည် သံသယဖြစ်သွားမိ၏။

'ငါ အခု... ငှက်တစ်ကောင် ဆဲတာကို ခံလိုက်ရတာလား..'

​သူမ၏ နှစ်ပေါင်းတစ်ထောင်သက်တမ်းအတွင်း ငှက်တစ်ကောင်စော်ကားသည်ကို ပထမဆုံးအကြိမ် ခံလိုက်ရခြင်းပင် ။ ဤကမ္ဘာရှိ သာမန်လူများ၏ ဆဲဆိုမှုကို ခံရသည်ကပင် လွန်ကဲလှလေပြီ။ ယခုတော့ ငှက်တစ်ကောင်ကပါ သူမကို လာပြီး သိက္ခာချနေပြန်၏။

​" အားနာပါတယ် မရီးရယ်... ဒီငှက်က ဒီအတိုင်းပါပဲ.. "

​" ရှေ့က ပိုင်ရှင်ဆီကနေ ငါယူလာပြီးကတည်းက စကားပြောသင်ပေးတာ..ဒါပေမဲ့ သူက ဘာမှမတတ်ဘဲ ဆဲတာ တစ်ခုပဲ တတ်တယ်.. "

​လုကျိုက်က လုံယွဲ့ကို တောင်းပန်လိုက်ပြီးနောက် လှောင်အိမ်တံခါးကို ဖွင့်ကာ ငှက်လေးကို သူ၏ လက်ဖဝါးပေါ်သို့ တင်လိုက်ပြီး ငေါက်လိုက်သည်။

​" မဆဲနဲ့လေ.. ကဲ... နှုတ်ဆက်လိုက်ဦး "

​"ကစ်..ကစ်.. သောက်ပေါ..မင်းအမေကို ကြည့်နေတာလား .."

​ငှက်လေးက လည်ပင်းကို ဆန့်ထုတ်ကာ အော်လိုက်ပြန်သည်။

​လင်းဖန် .. " ... "

​လုံယွဲ့ .. " ... "

​ရုတ်တရက်ကြီး မိခင်ကိုပါ ထည့်သွင်း နှုတ်ဆက်လိုက်သည့်အတွက် လင်းဖန်နှင့် လုံယွဲ့တို့ ထပ်မံ၍ ဆွံ့အသွားရပြန်သည်။

'ဒီငှက်လေးရဲ့ နှုတ်က ဘာလို့ ဒီလောက်တောင်... ချိုသာနေရတာလဲ..'

​" အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ .. "

လုကျိုက်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

​ဤငှက်လေးသည် အခြား ကော့ကတေးတွေထက် စကားပိုပြောနိုင်ပြီး သင်ယူသည်လည်း မြန်သည်ဟု သူကြားသဖြင့် ဈေးကြီးပေး၍ ဝယ်ခဲ့ခြင်း ဖြစ်သည်။

​သို့ရာတွင် ဝယ်လာပြီးမှ သိလိုက်ရသည်မှာ သင်ယူသည်က မြန်သည်ဆိုသည်မှာ အမှန်ဖြစ်သော်လည်း ဆဲရေးတိုင်းထွာသည့် စကားများကိုသာ လျင်မြန်စွာ တတ်မြောက်ခြင်း ဖြစ်ပေသည်။

​အခြား စကားလုံးကောင်းများကို သူနှစ်နှစ်ကျော် သင်ပေးခဲ့သော်လည်း တစ်လုံးမှ မတတ်ချေ။ ပြောင်းပြန်အားဖြင့် သူ မတော်တဆ ဆဲမိလိုက်သည့် စကားလုံးများကိုမူ ချက်ချင်းဆိုသလို အလွတ်ရသွားလေ့ရှိသည်။

​ယေဘူယျအားဖြင့် ကော့ကတေးများသည် သဘောကောင်းပြီး ဖော်ရွေကြသည်ဟု သူကြားဖူးပေသော်လည်း ဤငှက်က မည်သို့ ဖြစ်နေမှန်း သူ မသိ ။

​" သူ စကား အများကြီး ပြောနိုင်တယ်ဆိုတော့ တကယ်တမ်းကျတော့ အတော်လေး ဉာဏ်ကောင်းတာ မဟုတ်ဘူးလား.. "

​လုံယွဲ့သည် နောက်ထပ် ရှုထောင့်တစ်ခုမှ စဉ်းစားကာ ငှက်လေးအနားသို့ ပြန်တိုးသွားပြန်သည်။ ဤမျှ ဉာဏ်ကောင်းသည့် ငှက်တစ်ကောင်သည် ဝိညာဥ်ချီစွမ်းအား၏ လွှမ်းမိုးမှုကို ခံရသဖြင့် ဆဲတတ်သည့် ဉာဏ်မျိုး ရလာခြင်း မဖြစ်နိုင်ဘူးလော။

​လင်းဖန်က သူမ ဘာတွေးနေသည်ကို သိသဖြင့် ရှင်းပြလိုက်သည်။

​" ကြက်တူရွေးမျိုးနွယ်တွေက ငှက်တွေထဲမှာ ဉာဏ်အကောင်းဆုံးထဲမှာ ပါဝင်တယ်လေ.. သူတို့ စကားပြောနိုင်တာက အချိန်အကြာကြီး လေ့ကျင့်ပေးလို့ ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် ဖြစ်တာ.. သူတို့က ရိုးရှင်းတဲ့ စကားလုံး နည်းနည်းကိုပဲ သိတာပါ..မင်းတွေးနေတဲ့ အရာတွေနဲ့ ဘာမှ မပတ်သက်ဘူး .."

​" တကယ်ပဲ ရိုးရှင်းတဲ့ စကားလုံး အနည်းငယ်ကိုပဲ သိတာလား.. "

​လုံယွဲ့က လက်မလျှော့သေးဘဲ ငှက်လေးကို သေချာကြည့်ကာ နှုတ်ဆက်ကြည့်သည်။

​" ငါပြောတာကို မင်းနားလည်လား.. နားလည်ရင် ပြန်ဖြေစမ်း .."

​" ကစ်..ကစ်..ငတုံး .."

​ငှက်လေးက လုံယွဲ့ကို အကဲခတ်သလို ကြည့်ကာ ရှင်းလင်းပြတ်သားသည့် အသံဖြင့် ထပ်မံ နှုတ်ဆက်လိုက်ပြန်သည်။

​လုံယွဲ့၏ မျက်နှာမှာ မည်းမှောင်သွားပြီး အလွန်အမင်း စိတ်ပျက်သွားတော့သည်။

​ဤငတုံးငှက်သည် ဒီစကားလုံး အနည်းငယ်ကိုသာ သိပုံရလေသည်။ ပုံမှန်အားဖြင့် ဝိညာဥ်ချီစွမ်းအားကြောင့် ဉာဏ်ပွင့်လာသည့် သတ္တဝါများသည် စကားမပြောနိုင်လျှင်တောင် အသိဉာဏ်မှာ ဤမျှ နိမ့်ပါးမည် မဟုတ်ပါချေ။ ဒီငှက်လေး၏ မျက်လုံးထဲမှာတော့ ထက်မြက်သည့် အသွင်မျိုး သူမ မတွေ့ရ။

​နတ်ဆိုးအရှင် ပြောတာ မှန်ပုံရသည်။ ကြက်တူရွေးတွေ စကားပြောနိုင်ခြင်းမှာ ဝိညာဥ်ချီစွမ်းအားနှင့် သက်ဆိုင်ပုံမရပေ။ သူမ၏ ဝိညာဥ်ချီစွမ်းအား ပြန်လည်ရရှိမည့် နည်းလမ်းကို ရှာဖွေမှုမှာ ထပ်မံ၍ အဟန့်အတား ဖြစ်သွားရပြန်သည်။

​" ငါ ဒီငှက်ကို ဆက်မွေးဖို့ စိတ်မပါတော့ဘူး.. မင်းတို့ လိုချင်ရင် ယူသွားကြပါလား.. "

​လုကျိုက်က သူ၏ လက်ပေါ်ရှိ ငှက်လေးကို လင်းဖန်နှင့် လုံယွဲ့တို့ထံသို့ ကမ်းပေးလိုက်သည်။

​သူ နှစ်နှစ်ကျော် မွေးလာခဲ့သော်လည်း ဆဲသည်ကလွဲလို့ ဘာမှ မတတ်သဖြင့် သူ လက်လျှော့ဖို့ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ရှေ့မှ ကော့ကတေး ငှက်လေးကို ကြည့်ရင်း လင်းဖန်နှင့် လုံယွဲ့တို့ ဝေခွဲမရ ဖြစ်သွားကြသည်။

​ဆဲပဲ ဆဲတတ်သည့် ငှက်တစ်ကောင်ကို မွေးထားခြင်းကရော အဓိပ္ပာယ် ရှိပါဦးမည်လော။

Chapter 118

~

အခန်း ၁၁၈ : ဧကရီကို သဘောကျနေသော ငှက်လေး

~

​ဧည့်ခန်းအတွင်း၌ လုံယွဲ့သည် လှောင်အိမ်ထဲရှိ ကော့ကတေးငှက်လေးကို စိုက်ကြည့်နေပြီး ငှက်လေးကလည်း သူ၏ ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် သူမကို ပြန်လည် စိုက်ကြည့်နေသည်။

​လူတစ်ယောက်နှင့် ငှက်တစ်ကောင်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် စိုက်ကြည့်နေကြခြင်း ဖြစ်ပေသည်။

​အားကျိုက်က ဤငှက်ကို မမွေးချင်တော့ကြောင်း ကြားရသောအခါ လုံယွဲ့သည် လွယ်လွယ်နှင့် လက်မလျှော့ချင်သေးသဖြင့် နောက်ဆုံးတွင် ငှက်လေးကို အိမ်သို့ ခေါ်လာရန် ဆုံးဖြတ်လိုက်တော့သည်။

​အမှန်စင်စစ် ငှက်များနှင့် သားရဲများသည် လူသားများထက် ဝိညာဥ်ချီစွမ်းအားကို ပိုမို အာရုံခံနိုင်စွမ်း ရှိကြသည်။ ဤငှက်သည် စကားပြောနိုင်သည်ဆိုလျှင် ဉာဏ်ရည်မှာလည်း အလွန်အမင်း နိမ့်ပါးမည် မဟုတ်ပေ ။ သေချာစွာ လေ့ကျင့်ပေးမည်ဆိုလျှင် ဤကမ္ဘာပေါ်ရှိ ဝိညာဥ်ချီစွမ်းအား တည်ရှိရာ နေရာများသို့ သူမကို လမ်းညွှန်ပေးနိုင်ပေလိမ့်မည်။

​ဤသို့ တွေးမိသည်နှင့် သူမသည် ငှက်လေးကို သူမ၏ အိမ်မွေးသားရဲအဖြစ် ကောင်းမွန်စွာ လေ့ကျင့်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

​" ဒီနေ့ကစပြီး မင်းက ဒီကမ္ဘာမှာ ငါ့ရဲ့ အိမ်မွေးဝိညာဥ်သားရဲပဲ .. အင်မော်တယ်သားရဲတွေတောင် ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်ဖို့ အရည်အချင်း မမီကြဘူးဆိုတာ မင်းသိထားသင့်တယ် .. ဒါက မင်းရဲ့ ဘဝမှာ အခြားငှက်တွေ ဘယ်တော့မှ မရနိုင်တဲ့ အခွင့်အရေးပဲ .. ဒါကြောင့် မင်း ဂုဏ်ယူသင့်တယ် .."

​" ငါပြောတာကို မင်း နားထောင်ရမယ် .. ငါ့ရဲ့ အလိုကို ဘယ်တော့မှ မဆန့်ကျင်ရဘူး .. နားလည်လား .."

​လုံယွဲ့သည် လှောင်အိမ်ထဲရှိ ငှက်လေးကို အလေးအနက် ဆုံးမနေလေသည်။ ကော့ကတေးငှက်လေးကမူ သူ၏ ဝိုင်းစက်နေသော မျက်လုံးလေးများကို လှန်ကြည့်ကာ သူမကို လုံးဝ အရေးမစိုက်ဘဲ လှောင်အိမ်ထဲ၌ ဟိုခုန်သည်ခုန် လုပ်နေသည်။

​" ရိုင်းစိုင်းလိုက်တာ .. ဒီဧကရီကိုတောင် လျစ်လျူရှုရဲတယ်ပေါ့.. "

​လုံယွဲ့သည် သူမ၏ မျက်ခုံးတန်းလေးများကို အနည်းငယ် တွန့်ကွေးလိုက်ပြီးနောက် အားကျိုက်ထံမှ တောင်းလာသော ငှက်စာအချို့ကို လက်ဖဝါးပေါ် တင်လိုက်သည်။ ထို့နောက် အစေ့ တစ်စေ့ နှစ်စေ့ကို ကောက်ယူကာ လှောင်အိမ်အနားသို့ ကပ်ပေးလိုက်၏ ။

​မျှော်လင့်ထားသည့်အတိုင်းပင် အစာကို မြင်သည်နှင့် ငှက်လေးမှာ အမြန် ခုန့်လာပြီး သူမ၏ လက်ထဲမှ အစေ့ကို ဆိတ်ယူကာ စားတော့သည်။

​နှစ်ကြိမ် သုံးကြိမ်ခန့် ကျွေးပြီးနောက် လုံယွဲ့က အစာကျွေးခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ လက်ထဲတွင် အစာများကို ဆုပ်ကိုင်ကာ ဂုဏ်ယူစွာ ပြောလိုက်သည် ။

​" စားချင်သေးလား ..စားချင်ရင် ငါပြောတာကို လိမ်လိမ်မာမာ နားထောင်စမ်း .."

​" ငါက ကျိရှန့်ထျန်းကုန်းရဲ့ ဧကရီပဲ .ဒါကြောင့် နောက်ဆိုရင် ငါ့ကို ဧကရီအရှင်မ လို့ ခေါ်ရမယ်.. "

​" ကဲ... ခေါ်စမ်းပါဦး ဧကရီအရှင်မ လို့ ..အဲ့ဒါဆိုရင် ငါ့လက်ထဲက အစာတွေကို ကျွေးမယ်.. "

ငှက်လေး .. " ကစ်..ကစ်..သောက်တုံး.."

​" ... "

​လုံယွဲ့၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူမ၏ လက်ထဲရှိ အစေ့များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိသည်အထိ ဒေါသထွက်သွားသည်။

​" ငါ နင့်ကို ဆဲခိုင်းနေတာ မဟုတ်ဘူး.. "

​" ငါ့ကို ဧကရီအရှင်မ လို့ ခေါ်ခိုင်းနေတာ ..ဧကရီအရှင်မ..နားလည်လား .."

​" သောက်တုံး .."

​" ... ဟွန်း .."

​လုံယွဲ့သည် စိတ်ကို အတတ်နိုင်ဆုံး ထိန်းကာ သူမကိုယ်သူမ ပြန်လည် ဖျောင်းဖျနေရသည် ။

​'ဒါက ဉာဏ်မပွင့်သေးတဲ့ ငတုံးငှက်လေးပဲ ..သူ့ကို ဒေါသထွက်နေလို့ မထူးပါဘူး ..ဒေါသမထွက်နဲ့... ဒေါသမထွက်နဲ့..ဟူးးးး..'

​ဘေးနားမှ ကြည့်နေသော လင်းဖန်ကမူ ခေါင်းခါရင်း ပြောလိုက်သည် ။

​" ဧကရီ... မင်း စသင်ပေးတာက အခေါ်အဝေါ် ခက်လွန်းနေတာ .. အလွယ်လေးကနေ စရမှာပေါ့.. "

​" အသံထွက်ရလွယ်တဲ့ စကားလုံး တစ်လုံး နှစ်လုံးလောက်ပေါ့.. "

​ထိုသို့ ပြောပြီးနောက် သူကိုယ်တိုင် လှောင်အိမ်အနားသို့ သွားကာ ငှက်လေးကို ပြောလိုက်သည် ။

​" ဖေဖေ လို့ ခေါ်စမ်း .."

​" ဖေဖေ လို့ ခေါ်စမ်း .."

ငှက်လေးက လင်းဖန် ပြောသည့်အတိုင်း ထပ်ပြောလေသည် ။

​" အို... သူက နတ်ဆိုးအရှင် ပြောတာကိုတော့ လိုက်ပြောသားပဲ.. "

​လုံယွဲ့က အနည်းငယ် အံ့အားသင့်သွားသည်။ ငတုံးငှက်က ဒီတစ်ခါမှာတော့ ဆဲမနေဘဲ နတ်ဆိုးအရှင် ပြောသည့်အတိုင်း လိမ္မာပါးနပ်စွာ လိုက်ပြောနေသည် မဟုတ်ပါလော ။

​" မေမေ လို့ ခေါ်စမ်း.. "

​လုံယွဲ့ကလည်း လင်းဖန်ကို အတုယူကာ ငှက်လေးကို ခေါ်ခိုင်းလိုက်သည်။

​" မေမေ လို့ ခေါ်စမ်း .."

​ငှက်လေးက သူမပြောသည့်အတိုင်း ထပ်မံ လိုက်ပြောပြန်ရာ သူမမှာ အလွန်ပင် ဝမ်းသာသွားတော့သည်။ ငှက်လေးက သူမ ထင်သလောက်တော့ မတုံးချေ ။

​သေချာ လေ့ကျင့်ပေးမည်ဆိုလျှင် ဤကမ္ဘာတွင် သူမ၏ စကားကို နားထောင်မည့် အိမ်မွေးသားရဲ ဖြစ်လာနိုင်သည့် အခွင့်အရေး ရှိပေသည်။ လုံယွဲ့သည် စကားစသင်သည့် ကလေးတစ်ယောက်ကို သင်ပေးသကဲ့သို့ သူမကိုယ်သူမ လက်ညွှန်ပြကာ နူးညံ့သော လေသံလေးဖြင့်...

​" မေမေ .."

​" ဗျ.. "

​ဤတစ်ခါတွင်တော့ ငှက်လေးက သူမပြောသည်ကို လိုက်မပြောတော့ဘဲ ပြန်ထူးလိုက်တော့သည်။

​လုံယွဲ့ .." ... "

​လုံယွဲ့သည် သူမ၏ မျက်နှာတွင် မေးခွန်းသင်္ကေတများစွာဖြင့် ဆွံ့အသွားသည် ။

​" နတ်ဆိုးအရှင်... ဒီငှက်က အခု ဒီဧကရီကို အသားယူလိုက်တာလား .."

​" ငါ စမ်းကြည့်မယ်.. "

​လင်းဖန်သည် ရယ်ချင်စိတ်ကို မနဲအောင့်ထားရင်း သူကိုယ်သူ လက်ညွှန်ပြကာ ငှက်လေးကို ပြောလိုက်သည် ။

​" ဖေဖေ .."

​" ဗျ.. "

​ငှက်လေးက ပြန်ထူးလိုက်ပြန်သည်။ ထိုသို့ ပြောပြီးနောက် သူ၏ ခေါင်းလေးကို မော့ကာ လှောင်ပြောင်သည့် အသံမျိုးဖြင့် တကွိကွိ အော်တော့သည်။

​လင်းဖန်ရော လုံယွဲ့ပါ မှင်တက်သွားကြရသည်။ တစ်ဦးက နတ်ဆိုးအရှင် ၊ တစ်ဦးက ဧကရီ ဖြစ်သော်လည်း အခုတော့ ငှက်တစ်ကောင်၏ လှောင်ပြောင်ခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလော ။

'ဒီကောင်လေးက အတော်လေးကို စွာတာပဲ ..'

​" ဧကရီ... ဒီည ကော့ကတေး စွပ်ပြုတ် သောက်ချင်လား.. "

​လင်းဖန်က ငှက်လေးကို အေးစက်စွာ ကြည့်ရင်း ပြုံးပြလိုက်သည်။ ငှက်လေး၏ မြည်သံမှာ ချက်ချင်း ရပ်တန့်သွားပြီး လှောင်အိမ်၏ ထောင့်တစ်နေရာသို့ ကြောက်လန့်တကြား ကပ်သွားတော့သည်။

​" ထားလိုက်ပါတော့ .. ဒီငတုံးငှက်က ဘာမှ အသုံးမကျပါဘူး .. လွှတ်လိုက်တော့မယ်.. "

​လုံယွဲ့က ခဏတာ ဝေခွဲမရ ဖြစ်နေပြီးနောက် သက်ပြင်းချကာ လှောင်အိမ်တံခါးကို ဖွင့်ပြီး ဝရန်တာသို့ ယူသွားလိုက်သည်။ သူမသည် ဤငတုံးငှက်ကို သုံးပြီး ဝိညာဥ်ချီစွမ်းအား ရှာဖွေဖို့ရန် မျှော်လင့်ချက် မရှိတော့ချေ ။ သတ်စားဖို့ကျပြန်တော့လည်း သနားသဖြင့် အားကျိုက်၏ မူလအစီအစဉ်အတိုင်း လွှတ်ပေးလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

​" မင်းရော ငါရောက ဒီကမ္ဘာမှာ ပိတ်မိနေကြတာချင်း တူပေမဲ့ မင်းမှာတော့ အတောင်ပံတွေ ရှိနေသေးတာပဲ .. လွတ်လပ်တဲ့ ကမ္ဘာကြီးဆီကို သွားလိုက်ပါတော့.. "

​" သွားတော့... ငါ မင်းကို လွတ်လပ်ခွင့် ပေးလိုက်ပြီ.. "

​ထိုသို့ ပြောပြီးနောက် သူမသည် ဝရန်တာ၏ သံတိုင်များ အပြင်ဘက်သို့ သူမ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ ငှက်လေးကမူ သူမ၏ လက်ဖဝါးပေါ်တွင် ဟိုခုန်သည်ခုန် လုပ်နေသော်လည်း ပျံထွက်သွားမည့် အရိပ်အယောင် လုံးဝ မပြ။

​လုံယွဲ့သည် ထိုငှက်လေးကို ဝရန်တာ လက်ရန်းပေါ် တင်ပေးလိုက်ပြီး သူ့အလိုလို ပျံထွက်သွားရန် စောင့်နေလိုက်သည်။ သို့သော် သူမ အခန်းထဲသို့ ပြန်လှည့်ဝင်မည် အလုပ်တွင် ငှက်လေးမှာ အတောင်ပံ ခတ်ကာ သူမ၏ ပုခုံးပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ပြန်သည်။

​" အမ်.. ငါ မင်းကို လွတ်လပ်ခွင့် ပေးလိုက်ပြီလေ ..သွားတော့ .."

​" ကမ္ဘာကြီးက ဒီလောက် ကျယ်တာကို ဘာလို့ လှောင်အိမ်ထဲက ငှက်ပဲ လုပ်ချင်နေရတာလဲ.. "

​လုံယွဲ့က သူမ ပုခုံးပေါ်မှ ငှက်လေးကို ပြန်ယူကာ ဝရန်တာသို့ သွား၍ ထပ်မံ လွှတ်ပေးလိုက်ပြန်သည်။ သို့သော် သူမ ပြန်လှည့်လိုက်တိုင်း ငှက်လေးမှာ သူမ၏ ဘေးသို့ ပြန်ရောက်လာပြီး သူမ၏ လက်ဖဝါးပေါ်တွင်ပင် ပြန်လည် ဆင်းသက်နေပြန်သည်။

​" အင်... မင်းက ငါ့ကို အဲ့ဒီလောက်တောင် ခွဲမသွားချင်ဘူးလား.. "

​သူမ၏ လက်ဖဝါးပေါ်တွင် ချစ်စရာကောင်းစွာ ခုန့်ပေါက်နေသည့် ငှက်လေးကို ကြည့်ရင်း လုံယွဲ့၏ စိတ်ထဲတွင် နူးညံ့မှုများ ပြည့်နှက်သွားရသည်။

​" မင်းကတော့လေ တကယ်ပဲ.. ငါ့ကို အဲ့ဒီလောက်တောင် သဘောကျတယ် ဆိုရင်လည်း ငါ့ဘေးမှာပဲ နေတော့.. "

​လုံယွဲ့သည် ငှက်လေး၏ အမွေးအမှင်များကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီးနောက် လင်းဖန်ကို ဂုဏ်ယူစွာ ပြလိုက်သည်။

​" နတ်ဆိုးအရှင်... ကြည့်ပါဦး .. ဒီကောင်လေးက ငါ့ကို တကယ် သဘောကျနေတာ.. "

​" သူက ထင်သလောက်လည်း မဆိုးပါဘူး ..အရင်ပိုင်ရှင်ကပဲ မကောင်းတာတွေ သင်ပေးထားလို့ ဖြစ်မှာပါ .. ငါ သေချာ သင်ပေးရင်တော့ သူ လိမ္မာလာ.. "

​သူမ၏ စကားပင် မဆုံးသေးမီမှာပင် သူမ၏ လက်ဖဝါးပေါ်သို့ စိမ်းပုပ်ပုပ် အညစ်အကြေး တစ်ခု ကျဆင်းလာတော့သည်။

​" ... "

​လုံယွဲ့၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူမ၏ အမူအရာမှာ ဒေါသနှင့် ထိတ်လန့်မှုကြောင့် ပြာနှမ်းလာချေသည်။

​" သူ... သူက ငါ့လက်ပေါ်မှာ ချီးပါချ လိုက်တာလား .."

​သူမသည် ကျိရှန့်ထျန်းကုန်း၏ မြင့်မြတ်လှသော ဧကရီ မဟုတ်ပါလော ။ ဒီငတုံးငှက်က သူမအပေါ်မှာ နားခွင့်ရသည်ကို ဂုဏ်ယူသင့်ပေသည်။ ယခုတော့ သူမ၏ လက်ပေါ်မှာပင် အညစ်အကြေး စွန့်ရဲသည်အထိ အတင့်ရဲနေချေသည်။

​ငှက်လေးကမူ ပျော်ရွှင်စွာဖြင့် အတောင်ပံခတ်ကာ အော်မြည်နေလေသည်။

​လုံယွဲ့၏ လက်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှပြီး ငှက်လေးကို ဖမ်းဆုပ်လိုက်ကာ သူမ၏ မျက်နှာရှေ့သို့ ယူဆောင်၍ အေးစက်စွာ စိုက်ကြည့်လိုက်သည်။

​ငှက်လေးမှာ ကြောက်လန့်သွားပြီး သူမ၏ လက်ထဲမှ ရုန်းထွက်ကာ ဝရန်တာဘက်သို့ ထွက်ပြေးရန် ကြိုးစားသော်လည်း သူမ၏ လက်ထဲတွင် မိနေပြီ ဖြစ်ရာ ဘယ်လိုမှ ရုန်း၍ မရတော့ပေ ။

​" နတ်ဆိုးအရှင်... ခုနက နင်ပြောတဲ့ ကော့ကတေး စွပ်ပြုတ်ကို ဒီဧကရီ အခုချက်ချင်း မြည်းကြည့်ချင်သွားပြီ .."

​လင်းဖန် .. " ... "

All Chapters