အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
Chapter 119
~
အခန်း ၁၁၉ : တောင်တက် ချင်နေသော ဧကရီ...
~
" ဧကရီ... မင်း တကယ်ပဲ ကြက်တူရွေးစွပ်ပြုတ် သောက်ချင်လို့လား .."
လင်းဖန်က သေချာအောင် ထပ်မေးလိုက်သည်။
သူအရင်က စနောက်သည့် သဘောဖြင့်သာ ငှက်ငတုံးကို စွပ်ပြုတ်လုပ်ပစ်မည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။ ကြက်တူရွေးဆိုသည်မှာ ဂျိုးငှက်လိုမျိုး မဟုတ်သဖြင့် စွပ်ပြုတ်လုပ်သောက်၍ ကောင်းပါမည်လောကို သူ မသိချေ။
အမှန်တကယ် စားချင်နေလျှင်တော့ သူ ချက်ပေးမည်ဖြစ်သည် ။
" ထားလိုက်ပါတော့... ဒီငှက်ငတုံးက အသားလည်း အများကြီး ရှိတာ မဟုတ်ဘူး.. "
လုံယွဲ့က ခဏကြာအောင် စဉ်းစားပြီးနောက် သူမလက်ထဲမှ ကော့ကတေးငှက်လေးကို မကျေမနပ်နှင့် လွှတ်ပေးလိုက်ကာ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲ၍ အိပ်ခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
" ဟူး... ပြန်သွားဖို့ တခြားနည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား.. "
လုံယွဲ့က သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ကုတင်ပေါ်သို့ ပက်လက်လှန် လှဲချလိုက်ကာ မျက်နှာကျက်ကို အသက်မပါသော မျက်လုံးဖြင့် စိုက်ကြည့်နေမိသည်။
ဂျင်ဆင်းဆိုသည်မှာလည်း သာမန်ဆေးဖက်ဝင်အပင်မျှသာ ဖြစ်နေပြီး၊ စကားပြောသည့် ကြက်တူရွေးဆိုသည်မှာလည်း လူစကားကို လိုက်ပြောရုံသာ ရှိကာ ဝိညာဥ်ချီစွမ်းအားနှင့် ဘာမှမသက်ဆိုင်ပါချေ။ ဝိညာဥ်ချီစွမ်းအားကို ရှာဖွေဖို့ နောက်ထပ် သဲလွန်စတစ်ခုလည်း ပျောက်ဆုံးသွားရပြန်လေပြီ။ သူမ၏ ဝိညာဥ်ချီစွမ်းအားများ ပြန်လည်ရရှိဖို့အတွက် ဒီကမ္ဘာပေါ်တွင် မည်သည့်နေရာ၌ ရှာဖွေရမည်နည်း ။
လုံယွဲ့သည် တွေးရင်းတွေးရင်းနှင့် ပို၍ပင် ခက်ခဲပင်ပန်းလာသလို ခံစားရသဖြင့် သူမ၏ မျက်နှာတွင် အလိုမကျသည့် အမူအရာလေး ပေါ်လာသည်။
'လမ်းမပေါ်ကို ပြန်သွားပြီး ကားတစ်စီးစီးနဲ့ တိုက်မိဖို့ ကံစမ်းကြည့်ရမလား..'
'နတ်ဆိုးအရှင် ပြောသလို ကံကောင်းသွားရင် ကားနဲ့တိုက်မိပြီး အင်မော်တယ်နတ်ဆိုးတိုက်ကြီး ကို ရုတ်တရက် ပြန်ရောက်သွားနိုင်မလား..'
သို့သော်လည်း ကံမကောင်းလျှင်တော့ သူမ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်သွားမှာဖြစ်ပြီး ပြန်ဆက်လို့ပင် ရတော့မည် မဟုတ်ချေ။
သူမ စိတ်ဓာတ်ကျနေစဉ်မှာပင် ပြတင်းပေါက် အပြင်ဘက်မှ မိုးပြာရောင်ကောင်းကင်နှင့် ဝေးလံသောအရပ်မှ တောင်တန်းကြီးများကို လှမ်းမြင်လိုက်ရသည်။ ထိုအခိုက်တွင် သူမ၏ ဦးနှောက်ထဲ၌ မီးသီးတစ်လုံး လင်းလာသကဲ့သို့ ဖြစ်သွားပြီး ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်တော့သည်။
" နတ်ဆိုးအရှင်... ဒီဧကရီ ဝိညာဥ်ချီစွမ်းအား ပြန်ရဖို့ နောက်ထပ် နည်းလမ်းတစ်ခု စဉ်းစားမိပြီ .."
" ဘယ်လို နည်းလမ်းလဲ.. "
လင်းဖန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
'ဒီလောက် အချိန်တိုအတွင်းမှာ နောက်ထပ် နည်းလမ်းတစ်ခု ဘယ်လိုလုပ် စဉ်းစားမိသွားတာလဲ..'
" ဟင်း..ဟင်း.. "
လုံယွဲ့က အောင်နိုင်သူတစ်ယောက်လို ရယ်လိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ..
" အဲ့ဒါက တောင်တက်ဖို့ပဲ.. "
" တောင်တက်ဖို့ ဟုတ်လား .."
လင်းဖန် မျက်မှောင်ကြုတ်သွားသည်။ သူ ပို၍ပင် နားမလည်နိုင်တော့ပေ။
" နင် ဒါကို နားမလည်ဘူးလား နတ်ဆိုးအရှင်.. "
" ရှေးလူကြီးတွေ ပြောဖူးတာ ရှိတယ် .. ကမ္ဘာဦးအစက ကောင်းကင်နဲ့ မြေကြီးဟာ ဝိညာဉ်ချီဓာတ်တွေကို မွေးဖွားပေးခဲ့ပြီး ကမ္ဘာပေါ်က ဝိညာဥ်ချီစွမ်းအားတွေဟာ မြင့်မြတ်တဲ့ ကောင်းကင်ယံနဲ့ ကျယ်ပြောလှတဲ့ နယ်မြေတွေမှာ အဓိက စုစည်းနေတတ်တယ်.. "
" ဝိညာဥ်ချီစွမ်းအားတွေက ပိုပြီး သန့်စင်လေလေ .. မြေအောက်အနက်ပိုင်း သို့မဟုတ် တိမ်တိုက်တွေနဲ့ ကောင်းကင်ယံ အထက်ပိုင်းမှာ ပိုပြီး စုစည်းနေတတ်လေပဲ.. "
" တကယ်လို့ ဝိညာဥ်ချီစွမ်းအားက မြေအောက်မှာ အောင်းမနေဘူးဆိုရင်တော့ ကောင်းကင်ယံ အထက်မှာ ရှိနေဖို့ အလားအလာ အများဆုံးပဲ.. "
လုံယွဲ့သည် ဆရာမတစ်ယောက်အလား လင်းဖန်ကို သေချာစွာ ရှင်းပြနေလေသည်။ လင်းဖန်က လုံယွဲ့၏ ဆိုလိုရင်းကို နားလည်သော်လည်း စိတ်ထဲရှိ သံသယကို မေးလိုက်ပြန်သည်။
" ဧကရီ ပြောသလို ဝိညာဥ်ချီစွမ်းအားတွေက ကောင်းကင်ယံမှာ စုစည်းနေတယ်ဆိုရင် အခု ဒီအရှင်ကိုယ်တိုင် ပျံတက်ကြည့်ပြီး စမ်းသပ်လို့ ရတာပဲလေ .. ဘာလို့ တောင်တက်ဖို့ အလုပ်ရှုပ်ခံနေဦးမှာလဲ.. "
" နင် ဒါကို နားမလည်သေးဘူးပဲ .. "
လုံယွဲ့သည် လင်းဖန် ဤသို့မေးမည်ကို သိနေသည့်အလား သူမ၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် တွန့်တက်သွားကာ ခေါင်းယမ်းပြီး အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။
" ကမ္ဘာဦးအစမှာ ပထမဆုံး မွေးဖွားလာတဲ့ ဝိညာဉ်ချီဓာတ်တွေဟာ သဘာဝရဲ့ ဝိညာဉ်ချီဓာတ်တွေပဲ .."
" သဘာဝရဲ့ ဝိညာဉ်ဓာတ်တွေက ကမ္ဘာပေါ်မှာ မြေပြင်နဲ့ သမုဒ္ဒရာတွေကို ဖန်တီးခဲ့ပြီး ကောင်းကင်နဲ့ မြေကြီးကို ပိုင်းခြားခဲ့တယ် .. အဲ့ဒီနောက်မှ မြေပြင်ပေါ်မှာ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေ ဆိုတဲ့ သဘာဝအလှတရားတွေကို ဖန်တီးခဲ့တာ.. "
" အဲ့ဒီ သဘာဝအလှတရားတွေနဲ့အတူ အသက်ဇီဝရဲ့ အနှစ်သာရဖြစ်တဲ့ သစ်ပင်ပန်းမန်တွေ ပေါက်ဖွားလာတယ် .. အဲ့ဒီနောက်မှ ငှက်တွေ သားရဲတွေ ပေါ်လာပြီး ဒီကမ္ဘာပေါ်မှာ သက်ရှိအားလုံး ဖြစ်တည်လာခဲ့တာ.. "
" တောင်တန်းကြီးတွေဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ မတ်တပ်ရပ်နေကြတာ ..အောက်ခြေမှာ မြေကမ္ဘာရဲ့ ဝိညာဉ်ချီဓာတ်တွေကို စုပ်ယူပြီး သက်ရှိတွေ ပေါများတဲ့ လှပတဲ့ ဒေသတွေကို ဖန်တီးပေးသလို .. အပေါ်မှာလည်း သက်ရှိအားလုံး လက်လှမ်းမမီတဲ့ ကောင်းကင်ယံရဲ့ ဝိညာဉ်ဓာတ်တွေကို ထိတွေ့နေကြတာ.. "
ပြောပြီးနောက် လုံယွဲ့က နှမြောတသသည့် အမူအရာ ပေါ်လာပြန်သည်။
'ဒါကို ငါ ဘာလို့ အခုမှ စဉ်းစားမိတာလဲ...'
အကယ်၍ ဒီကမ္ဘာပေါ်မှာ ဝိညာဥ်ချီစွမ်းအား ရှိနိုင်ခြေ အရှိဆုံး နေရာကို မေးမည်ဆိုလျှင် သက်ရှိအားလုံးရဲ့ မြစ်ဖျားခံရာ တောတောင်နှင် တောင်တန်းများသာ ဖြစ်ရပေမည်။ ဝိညာဥ်ချီစွမ်းအား ဆိုသည်မှာ မြေအောက်အနက်ပိုင်းတွင် ကိန်းအောင်း၍ မြေကမ္ဘာ၏ ရတနာများကို မွေးဖွားပေးသလို ၊ ကောင်းကင်ယံတွင် စုစည်း၍ ကောင်းကင်ဘုံ၏ ရတနာများကိုလည်း ဖန်တီးပေးတတ်သည်။
မြေကမ္ဘာရဲ့ ရတနာဖြစ်သည့် ဂျင်ဆင်းတွက် ဝိညာဥ်ချီစွမ်းအား မတွေ့ရဘူးဆိုမှတော့ ကျန်ရှိနေတဲ့ ဖြစ်နိုင်ခြေက သဘာဝတရားရဲ့ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်တဲ့ တောင်ထွတ် ပေါ်၌သာ ရှိရတော့မည်။
ထိုစကားကို ကြားသော် လင်းဖန် နားလည်သွားတော့သည်။
" ဒါဆိုရင် တစ်ခွန်းတည်း ပြောရရင်တော့... မင်းက ဝိညာဥ်ချီစွမ်းအားတွေဟာ တောင်ထိပ်ပေါ်မှာ ရှိနေလိမ့်မယ်လို့ ထင်နေတာပေါ့.. "
" အတိအကျပဲ .. ဒီဧကရီ အခုပဲ ခွင့်သွားတိုင်လိုက်မယ် .. ပြီးရင် ငါတို့ ချက်ချင်း ခရီးထွက်ကြမယ်.. "
လုံယွဲ့က လင်းဖန်ကို အောင်နိုင်သူတစ်ယောက်လို လက်ညွှန်ပြလိုက်ပြီး သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက် မီးတောက်များ ပြန်လည် တောက်လောင်လာချေသည်။
အကယ်၍ အရာအားလုံးက သူမ မျှော်လင့်ထားသလို ဖြစ်လာမည်ဆိုလျှင် ပြန်သွားဖို့ မျှော်လင့်ချက်က သူမ မျက်စိရှေ့မှာပင် ရှိနေပြီ မဟုတ်ပါလော။
ဤသို့ တွေးမိသည်နှင့် သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ခရီးဆောင်အိတ်ကို အမြန်ဆွဲထုတ်ကာ အဝတ်အစားများနှင့် မုန့်အမျိုးမျိုးကို ထည့်တော့သည်။
" အဝတ်အစား နှစ်စုံဆိုရင် လောက်မှာပါ... "
" မုန့် နည်းနည်းပါးပါး ယူသွားမယ်... အများကြီးတော့ ယူလို့မဖြစ်ဘူး .. ဒီဧကရီ ဝိတ်ချနေတာလေ... "
" အာ... ဟုတ်သားပဲ .. ပါဝါဘန့် နဲ့ အားသွင်းကြိုး ..မေ့တော့မလို့ .. ဒါတွေ မေ့လို့ မဖြစ်ဘူး .. "
" ... "
လုံယွဲ့ တစ်ယောက်တည်း ရေရွတ်ရင်း အထုတ်အပိုးပြင်နေသည်ကို ကြည့်ပြီး လင်းဖန်မှာ ခါးသီးစွာ ပြုံးလိုက်မိသည်။
လုံယွဲ့၏ ပုံစံက ဝိညာဥ်ချီစွမ်းအား သွားရှာမည့် ပုံစံထက် အပျော်ခရီးသွားဖို့ ပြင်နေသည့် ပုံစံနှင့် ပိုတူနေသည်။
" ဒါနဲ့ ဧကရီ... ကမ္ဘာပေါ်မှာ တောင်တွေ အများကြီး ရှိတာပဲ ..မင်း ဘယ်ကို သွားဖို့ စိတ်ကူးထားလဲ .."
" အနည်းဆုံးတော့ ဒီအရှင်ကို အရင်ပြောမှ ဖြစ်မယ် .. အဲ့ဒါမှ ဒီအရှင်က ကြိုတင်ပြင်ဆင်ပြီး လက်မှတ်တွေ ဝယ်ထားလို့ ရမှာပေါ့.. "
" အာ... ဟုတ်သားပဲ .. မေ့တော့မလို့.. "
လင်းဖန်၏ သတိပေးချက်ကြောင့် လုံယွဲ့သည် လှည့်ကြည့်ကာ အနေရခက်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူမ၏ ဖုန်းကို ဖွင့်ကာ ဗီဒီယိုတစ်ခုကို ရှာပြလိုက်သည်။
" ဒီဧကရီ ဒီနေရာကို သွားဖို့ စိတ်ကူးထားတာ .."
" ဒီနိုင်ငံမှာ ဒီတောင်ကို ကမ္ဘာပေါ်မှာ နံပါတ်တစ်တောင် လို့ ခေါ်ကြတယ်လို့ ကြားတယ် ..ကြည့်ရတာလည်း အတော်လေး မြင့်ပုံရတယ် .. ဒါကြောင့် ထိုက်ရှန်းတောင် ထိပ်ပေါ်မှာ ဝိညာဥ်စွမ်းအားရဲ့ သဲလွန်စတွေ ရှိနေနိုင်တယ်.. "
" ထိုက်ရှန်းတောင် ဟုတ်လား... "
ဗီဒီယိုထဲက နေရာကို မြင်လိုက်ရချိန်တွင် လင်းဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုက်ရှန်းတောင်ဆိုတာ မည်သို့သောနေရာမျိုးနည်း ။ နိုင်ငံတော်အဆင့် 5A ခရီးသွားဒေသ ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်ပေါင်း မြောက်မြားစွာ တောင်တက်လေ့ရှိသော နေရာဖြစ်သည်။
ယနေ့အထိ ထိုက်ရှန်းတောင်ထိပ်ကို ရောက်ခဲ့တဲ့ လူပေါင်းက မရေမတွက်နိုင်လောက်အောင် ရှိနေသည်။ အကယ်၍ သူမ ပြောသလို ဝိညာဥ်ချီစွမ်းအားတွေသာ တကယ် ရှိနေမည်ဆိုလျှင် အခုလောက်ဆို လူတွေ သိကုန်ကြပြီ ဖြစ်သည်။
ဝိညာဥ်ချီစွမ်းအား ရှိသော နေရာများသည် ပတ်ဝန်းကျင်ကို သိသိသာသာ သက်ရောက်မှု ရှိစေတတ်သည်။ အင်မော်တယ်နတ်ဆိုးတိုက်ကြီး၌ဆိုလျှင် ဝိညာဥ်ချီစွမ်းအားတွေကြောင့် တောင်တန်းများနှင့် သစ်ပင်များသည် အလွန်မြင့်မား သန်မာလှပြီး ဝေဆာနေတတ်၏။ ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများမှာလည်း အများကြီး ပေါက်ဖွားတတ်သလို သက်ရှိတွေဟာလည်း ဉာဏ်အလင်းပွင့်တတ်ကြသည်။
အကယ်၍ ထိုက်ရှန်းတောင်ထိပ်၌ ဝိညာဥ်ချီစွမ်းအား တကယ် ရှိနေလျှင် အလားတူ ကောလာဟလများ ထွက်နေပေမည် ။
သို့သော်လည်း သူကတော့ ထိုက်ရှန်းတောင်နှင့် ပတ်သက်ပြီး ထိုကဲ့သို့ ကောလဟာလမျိုး တစ်ခါမှ မကြားဖူးပါချေ။
" ဘာဖြစ်လို့လဲ.. "
လင်းဖန် ဝေခွဲမရ ဖြစ်နေသည့် အမူအရာကို မြင်သောအခါ လုံယွဲ့က နားမလည်နိုင်စွာ မေးလိုက်သည်။
" ဘာမှမဟုတ်ပါဘူး ..ဒီအရှင် အခုပဲ လက်မှတ်သွားဝယ်ပြီး ဟိုတယ် ကြိုတင်ဘွတ်ကင် လုပ်လိုက်ပါ့မယ်.. "
လုံယွဲ့၏ မေးခွန်းကို လင်းဖန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြုံးကာ ခေါင်းခါပြလိုက်သည်။ ထို့နောက် ဖုန်းထုတ်ကာ လက်မှတ်ဝယ်ရန် ပြင်လိုက်တော့သည်။
သူမ ဒီလောက် စိတ်အားထက်သန်ပြီး မျှော်လင့်ချက် ထားနေသည်ကို မြင်တော့ သူ စိတ်ဓာတ်မကျစေချင်တော့ပါချေ။
ဒါ့အပြင် ဖြစ်နိုင်သည်က ထိုက်ရှန်းတောင်ထိပ်၌ ဝိညာဥ်ချီစွမ်းအားတွေ တကယ် ရှိနေပေမဲ့ လူတွေ သတိမထားမိနိုင်လောက်အောင် အားနည်းနေတာလည်း ဖြစ်နိုင်သည် မဟုတ်ပါလော။
'ကိုယ်တိုင်သွားကြည့်လိုက်တာကတော့ အကောင်းဆုံးပဲ .. တကယ်လို့ အဲ့ဒီမှာ ဝိညာဥ်ချီစွမ်းအား မရှိရင်တောင်မှ တောင်တက်ခရီး ထွက်လိုက်ရတာ ကောင်းပါတယ်..'
သူအနည်းငယ် စိုးရိမ်မိသည်ကတော့ ဝိညာဥ်ချီ ရှာမတွေ့လျှင် ဧကရီ စိတ်ပျက်သွားမည်ကိုပင် ။
Chapter 120
~
အခန်း ၁၂၀ : ခရီးထွက်ပြီ...
~
" ဝါး... ဒီမှာ လူတွေ များကြီးပဲ .."
အမြန်ရထားဘူတာရုံ အဝင်ဝတွင် လုံယွဲ့သည် သူမ၏ ခရီးဆောင်အိတ်ကို ဆွဲကာ ရပ်နေရင်း အဆုံးမရှိ စီးဆင်းနေသည့် လူတန်းကြီးကို ကြည့်ကာ အလွန်အံ့သြနေချေသည်။
ဤနေရာရှိ လူဦးရေသည် သူမ ပုံမှန်သွားလေ့ရှိသည့် ကုန်တိုက်က လူတွေထက် အဆပေါင်းများစွာ ပိုများနေပြီး လူတိုင်းနီးပါးမှာလည်း အိတ်ကြီးအိတ်ငယ်များကိုယ်စီ ကိုင်ဆောင်ထားကြ၏။
" ဒီလောက် လူဦးရေက နည်းသေးတယ်လို့ ပြောလို့ရတယ်.. "
လင်းဖန်က သူမဘေးမှ ဖြတ်လျှောက်သွားကာ အဝင်ဝရှိ လက်မှတ်စစ်သည့် ဂိတ်ဆီသို့ ဦးဆောင်သွားလိုက်သည်။ လုကျိုက်နှင့် ကျိုးယန် တို့ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
သူတို့ တောင်တက်ခရီး ထွက်မည်ဟု ကြားသည်နှင့် ကျိုးယန် နှင့် လုကျိုက်တို့ကလည်း စိတ်အားထက်သန်စွာဖြင့် လိုက်လာကြခြင်းပင်။
သူမရှေ့ရှိ လူတန်းကြီးထဲမှ လူများက သူတို့၏ မှတ်ပုံတင်ကတ်များကို ထုတ်ယူကာ စက်ပေါ်ရှိ သတ်မှတ်ထားသော နေရာတွင် တင်လိုက်သည်ကို ကြည့်ပြီး လုံယွဲ့သည်လည်း သူမ၏ အလှည့်မရောက်မီ မှတ်ပုံတင်ကတ်ကို အိတ်ထဲမှ ကြိုတင်ထုတ်ထားလိုက်သည်။
ဤသည်က သူမ၏ ပထမဆုံး ခရီးဝေးသွားခြင်း ဖြစ်သလို အမြန်ရထားကိုလည်း ပထမဆုံး စီးဖူးခြင်း ဖြစ်ရာ၊ မနေ့ညကပင် အမြန်ရထား စီးရာတွင် ဘာတွေပြင်ဆင်ရမလဲဆိုသည်ကို အွန်လိုင်းတွင် သေသေချာချာ ရှာဖွေလေ့လာထားခဲ့သေးသည်။
သူမ၏ လက်ထဲတွင် မှတ်ပုံတင်ကတ်ကို ကိုင်ထားရင်း ရုတ်တရက် ရင်းနှီးသော ခံစားချက်တစ်ခု ပေါ်လာသည်။ ဒါဟာ အင်မော်တယ်နယ်မြေ၏ ဖြတ်သန်းခွင့် လက်မှတ် ကို ကိုင်ထားပြီး စစ်ဆေးမှု ခံယူတော့မည့် အတိုင်းပင်။
ဧကရီ ဖြစ်လာပြီးနောက်ပိုင်း သူမသည် မည်သူ့ထံတွင်မှ စစ်ဆေးမှု ခံယူရန် မလိုတော့ပါချေ။ ထို့ကြောင့် ဤခံစားချက်မှာ သူမအတွက် ကြာမြင့်စွာ ဝေးကွာနေခဲ့သော ခံစားချက်တစ်ခု ဖြစ်နေသည်။
မကြာခင်မှာပင် သူမရှေ့မှ လင်းဖန်သည် အရင်ဆုံး ဂိတ်ထဲသို့ ဖြတ်သွားခဲ့သည်။ သူမသည် လင်းဖန် တင်သွားသည့် နေရာ၌ပင် သူမ၏ မှတ်ပုံတင်ကတ်ကို တင်လိုက်ပြီး ဂိတ်တံခါး ပွင့်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
သို့သော် ခဏကြာသည့်တိုင် ဂိတ်တံခါးမှာ လင်းဖန် ဖြတ်သွားစဉ်ကကဲ့သို့ ချောချောမွေ့မွေ့ ပွင့်မလာဘဲ ငြိမ်သက်နေဆဲပင်။
' ဘာဖြစ်တာလဲ... ငါ့အလှည့်ကျမှ ဘာလို့ ကွဲပြားနေရတာလဲ... '
သူမနောက်တွင် တန်းစီနေသည့် လူများအားလုံးက သူမကို စိုက်ကြည့်နေကြသလို ခံစားရသဖြင့် လုံယွဲ့မှာ ရုတ်တရက် ထိတ်လန့်လာသည်။
'တကယ်လို့ ငါ ဖြတ်သွားလို့ မရခဲ့ရင် လူတွေ သံသယဝင်ကုန်ပြီး စစ်ဆေးမေးမြန်းတာ ခံရမှာလား...'
ဒီကာလအတွင်း ဒီကမ္ဘာအကြောင်း သူမ လေ့လာထားသလောက်ဆိုလျှင် သူမနှင့် နတ်ဆိုးအရှင်ကဲ့သို့ အင်မော်တယ်နတ်ဆိုးတိုက်ကြီးမှ လာသည့် ဂြိုဟ်သား များကိုသာ တွေ့သွားခဲ့လျှင် တစ်ညတည်းနှင့် သုတေသန လုပ်ဖို့ ခေါ်သွားခံရနိုင်သည် မဟုတ်ပါလော။
" မင်း မော့ကြည့်ဦးလေ .. စခရင်ပေါ်က ကင်မရာကို ကြည့်ရမယ်.. "
လင်းဖန်က လှည့်ကြည့်လိုက်ရာ လုံယွဲ့ တစ်ယောက် ဂိတ်ဝတွင် ပိတ်မိနေသည်ကို မြင်သဖြင့် ဂိတ်စက်ပေါ်ရှိ စခရင်ကို လက်ညွှန်ပြကာ သတိပေးလိုက်သည်။
သူမသည် မှတ်ပုံတင်ကတ်ကိုသာ တင်ထားပြီး သူမ၏ မျက်နှာက မှတ်ပုံတင်ကတ်ကိုသာ ငုံ့ကြည့်နေသဖြင့် မျက်နှာမှတ်သားစနစ် က သူမကို စစ်ဆေး၍ မရခြင်း ဖြစ်သည်။
" စခရင်ပေါ်က ကင်မရာကို ကြည့်ရမယ် ဟုတ်လား.. "
လင်းဖန်၏ သတိပေးချက်ကြောင့် လုံယွဲ့သည် စခရင်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်နှာကို ဝိုင်းထားသည့် အစိမ်းရောင် ဘောင်လေး တစ်ခု ပေါ်လာသည်။ စခရင်ပေါ်ရှိ သူမကိုယ်သူမ တစ်ချက် ကြည့်လိုက်ရုံနှင့် ဂိတ်တံခါးမှာ အလိုအလျောက် ပွင့်သွားတော့သည်။
" အို... ဝါး ..အံ့သြစရာပဲ.. "
လုံယွဲ့သည် သူမ၏ ခရီးဆောင်အိတ်ကို ဆွဲကာ ဂိတ်ကို ဖြတ်ကျော်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အံ့သြချီးကျူးမှုများ ပြည့်နှက်နေတော့သည်။
'ဖြတ်သန်းခွင့် လက်မှတ် ရှိရုံနဲ့ မပြီးဘူး ..မျက်နှာကိုပါ မှတ်သားပြီးမှ ဖြတ်ခွင့်ပေးတာလား .. ဒီကမ္ဘာက သာမန်လူတွေရဲ့ စစ်ဆေးရေး စနစ်က တကယ်ကို အံ့မခန်းပဲ ..'
အင်မော်တယ်နတ်ဆိုးတိုက်ကြီးမှာဆိုလျှင် တားမြစ်နယ်မြေတွေ သို့မဟုတ် စစ်ဆေးရေး ဂိတ်အများစုက ဖြတ်သန်းခွင့် လက်မှတ် ပြရုံနှင့် တိုက်ရိုက် ဖြတ်သွားနိုင်ပြီး ထပ်မံ စစ်ဆေးသည်မျိုး မရှိချေ။
တစ်ခါတစ်ရံတွင် လူအချို့က ဖြတ်သန်းခွင့် လက်မှတ်တွေကို အတုလုပ်ပြီး တားမြစ်နယ်မြေထဲ ခိုးဝင်တာမျိုး သို့မဟုတ် စစ်ဆေးရေးကို ရှောင်တိမ်းတာမျိုးတွေ ရှိတတ်ရာ ဤကမ္ဘာမှ သာမန်လူများ၏ မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးသည့် စနစ်ကို ဘယ်လိုမှ မမီနိုင်။
နောင်တစ်ချိန်၌ သူမ၏ အင်မော်တယ်နယ်မြေထဲကိုလည်း ဤကဲ့သို့ မျက်နှာမှတ်သားသည့် စနစ်မျိုးကို မိတ်ဆက်ပြီး တည်ဆောက်ရမည်ဟု သူမ တွေးမိလိုက်သည်။
" မရီးက ဂိတ်ကိုတောင် ဘယ်လို ဖြတ်ရမှန်း မသိဘူးပဲ... "
လင်းဖန်၏ လမ်းညွှန်မှုဖြင့် ဂိတ်ကို ဖြတ်လာသည့် လုံယွဲ့ကို ကြည့်ပြီး လုကျိုက်သည် သူ၏ မျက်မှန်ကို ပင့်တင်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
'အခုခေတ် နယ်က မိန်းကလေးတွေတောင် အမြန်ရထား ဘယ်လို စီးရမလဲ ဆိုတာ သိကြတာပဲ .. သူကျမှ လုံးဝ ပထမဆုံး စီးဖူးတဲ့ ပုံစံ ဖြစ်နေတာက ထူးဆန်းတယ်..'
" အဲ့ဒါ ဘာဆန်းလို့လဲ .. ငါပြောသားပဲ .. မရီးက သူဌေးမိသားစုက လာတဲ့ သူဌေးသမီးလေးပါဆို .. မင်း ဘယ်သူဌေးသမီးက အမြန်ရထားကို ကိုယ်တိုင်စီးတာ မြင်ဖူးလို့လဲ.. "
" မရီး အပြင်ထွက်ရင် အမြဲတမ်း ကိုယ်ပိုင်ကားနဲ့ ကြိုပို့ လုပ်ပေးမယ့်သူ ရှိမှာပေါ့.. "
ကျိုးယန်ကတော့ လုံယွဲ့၏ ကလေးဆန်သော အပြုအမူများကို ကျင့်သားရနေပြီ ဖြစ်ရာ ခရီးဆောင်အိတ်ကို ဆွဲကာ နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။
စဉ်းစားကြည့်လျှင် ဖုန်းနဲ့ ကွန်ပျူတာကိုပင် တစ်ခါမှ မသုံးဖူးသည့် သူဌေးသမီးလေး တစ်ယောက်အနေဖြင့် အမြန်ရထား ဘယ်လိုစီးရမလဲ မသိသည်က ပုံမှန်သာဖြစ်၏။ လုကျိုက်လည်း ကျိုးယန့် ပြောတာ မှန်သည်ဟု ယူဆကာ ထပ်မံ မတွေးတော့ဘဲ ဂိတ်ကို ဖြတ်ကျော်လိုက်တော့သည်။
သူတို့၏ ခရီးဆောင်အိတ်များကို စက်ထဲသို့ ထည့်ကာ စစ်ဆေးပြီးနောက် ရိုးရှင်းသော ကိုယ်ခန္ဓာ စစ်ဆေးမှုကို ဖြတ်ကျော်ကာ ဘူတာရုံထဲသို့ အောင်မြင်စွာ ရောက်ရှိသွားကြသည်။
ဘူတာရုံအတွင်း၌ ခရီးဆောင်အိတ် ဆွဲထားသည့် လူများမှာ ဟိုဟိုဒီဒီ သွားလာနေကြပြီး ထိုင်ခုံများမှာလည်း ခရီးသည်များနှင့် ပြည့်လုနီးပါး ဖြစ်နေပေသည်။ လက်မှတ်စစ်သည့် ဂိတ်ပေါင်း တစ်ဆယ်ကျော်တွင်လည်း လက်မှတ်စစ်ရန် စောင့်ဆိုင်းနေသည့် လူတန်းကြီးများ ရှိနေကြသည်။
စခရင်ကြီးပေါ်တွင် လက်မှတ်စစ်တော့မည့် သို့မဟုတ် စောင့်ဆိုင်းနေသည့် ရထားအချိန်ဇယားများကို အလှည့်ကျ ပြသနေပြီး အသံချဲ့စက်မှကြေညာနေပေ၏။
"ရထားအမှတ် XXXX စတင် လက်မှတ်စစ်နေပါပြီ.. ခရီးသည်များ ဂိတ်အမှတ် XX သို့ လာရောက် လက်မှတ်စစ်ကြပါရန်.."
" ငါတို့ ရထား လက်မှတ်စစ်ဖို့ နာရီဝက်လောက် လိုသေးတယ် ..အရင်ဆုံး ထိုင်ဖို့ နေရာ ရှာရအောင်.. "
လင်းဖန်သည် သူတို့ စီးရမည့် ရထားအမှတ်နှင့် သက်ဆိုင်သည့် ဂိတ်ကို ရှာတွေ့ပြီးနောက် အနီးအနားရှိ လွတ်နေသော ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဘေးနားရှိ အလိုအလျောက် နှိပ်နယ်ပေးသည့် ကုလားထိုင် တစ်လုံး လွတ်သွားသဖြင့် လုံယွဲ့သည် ထိုခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။
သူမ ထိုင်လိုက်ပြီး မကြာမီမှာပင် သူမ၏ နောက်ကျောဘက်မှ တစ်ခုခု လှုပ်ရှားနေသကဲ့သို့ ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားကာ ချက်ချင်းပင် ပြန်ခုန်ထလိုက်တော့သည်။
" လင်းဖန်... ဒီမှာ... ဒီခုံထဲမှာ လူတစ်ယောက် ရှိနေတယ် ..သူက အတွင်းထဲမှာ ပုန်းနေပြီး ငါ့ကို လာထိတယ် .. "
လုံယွဲ့က ထိတ်လန့်တကြားဖြင့် နှိပ်နယ်ပေးသည့် ကုလားထိုင်ကို ညွှန်ပြကာ ပြောလိုက်သည်။
သူမ ပြောလိုက်သည်နှင့် ဘေးနားရှိ ကလေးများပင် မရယ်ဘဲ မနေနိုင်တော့ချေ။ လုံယွဲ့ကတော့ ဘာမှ နားမလည်ဘဲ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။
'ကုလားထိုင်ထဲမှာ လူတစ်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပုန်းနေတာလေ.. ဘာလို့ အားလုံးက ငါ့ကို ဝိုင်းရယ်နေကြတာလဲ..'
'ငါ တစ်ခုခု မှားပြောမိပြန်ပြီလား...'
" အဲ့ဒါက အလိုအလျောက် နှိပ်နယ်ပေးတဲ့ ကုလားထိုင်လေ ..အဲ့ဒီထဲမှာ အလုပ်လုပ်ပေးတဲ့ စက်ယန္တရားတွေ ရှိတယ် .. မင်း ထိုင်လိုက်တာနဲ့ အဲ့တာက အလိုအလျောက် နှိပ်ပေးတာ .."
လင်းဖန်က ပြုံးရင်း ရှင်းပြလိုက်သည်။
" အလိုအလျောက် နှိပ်နယ်ပေးတဲ့ ကုလားထိုင် ဟုတ်လား... "
လုံယွဲ့က မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ကုလားထိုင်ကို သေသေချာချာ စစ်ဆေးကြည့်သည်။ ထို့နောက် သားရေအောက်မှာ လူရှိမရှိ လက်နှင့် စမ်းကြည့်ပြီး ဘယ်သူမှ မရှိကြောင်း သေချာမှ ဂရုတစိုက် ပြန်ထိုင်လိုက်သည်။
မကြာခင်မှာပင် စက်က စတင် လည်ပတ်လာရာ သူမ၏ ကျောပြင် ၊ ခါးနှင့် ပုခုံးတို့တွင် ပြင်းထန်သော ဖိနှိပ်မှုနှင့် လှိမ့်ပေးမှုတို့ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ရုတ်တရက် ရရှိလာသော သက်သောင့်သက်သာရှိမှုကြောင့် သူမ၏ ပါးစပ်မှ ညည်းသံလေး တစ်ခု ထွက်ပေါ်လာတော့သည်။
" အင်း... ဟင်း... "
ချက်ချင်းဆိုသလို ဘေးနားရှိ လူအားလုံး၏ အကြည့်များက သူမဆီသို့ ပြန်လည် ရောက်ရှိလာတော့သည်။ လုံယွဲ့၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားပြီး သူမ၏ ပါးစပ်ကို အမြန်ပိတ်ကာ ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေလိုက်တော့သည်။
နှိပ်နယ်ပေးတဲ့ စက်က ဒီလောက်အထိ အရှိန်ပြင်းလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါချေ ။ အရမ်း သက်သောင့်သက်သာ ဖြစ်သွားတာကြောင့် မတော်တဆ ထူးဆန်းတဲ့ အသံ ထွက်သွားရခြင်း ဖြစ်သည်။
သူမသည် နှိပ်နယ်ပေးသည့် အရှိန်ကို တဖြည်းဖြည်း ကျင့်သားရလာချိန်မှာပင် သူမ၏ နောက်ကျောမှ နှိပ်နယ်ပေးမှုမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။
" ဘာလို့ ရပ်သွားတာလဲ.. "
လုံယွဲ့က နားမလည်နိုင်ဘဲ ထကြည့်သည်။
လင်းဖန်က ကုလားထိုင်၏ လက်ရန်းကို လက်ညွှန်ပြကာ...
" စမ်းသပ်ခွင့်ပေးတဲ့ အချိန် ကုန်သွားလို့ ဖြစ်မှာပေါ့ .. လက်ရန်းပေါ်က QR code ကို စကင်ဖတ်ပြီး ပိုက်ဆံဖြည့်မှ ရမှာ .."
" အာ... ပိုက်ဆံ ပေးရတာလား... "
လုံယွဲ့ စိတ်ပျက်သွားသည့် ပုံစံဖြင့် ခဏတာ တုံ့ဆိုင်းနေပြီးမှ ဖုန်းကို ထုတ်ကာ QR code ကို စကင်ဖတ်ကြည့်လိုက်သည်။
နာရီဝက်ကို ယွမ် ၃၀ ပေးရမည်ဟု မြင်လိုက်ရသောအခါ သူမသည် ဖုန်းထဲမှ စာမျက်နှာကို အသာအယာ ပြန်ပိတ်လိုက်တော့သည်။
' ထားလိုက်ပါတော့... ထားလိုက်ပါတော့... ရထား စီးရတော့မှာပဲ .. မလိုတော့ပါဘူး... '
'ငါ အလကား တစ်ခါ ခံစားဖူးသွားပြီပဲ .. တော်ပြီ... တော်ပြီ...'