အခန်း (၉၅၁-၉၅၂)
Vol. 93 Ch. 951-952
အခန်း (၉၅၁) သူတော်စင် အဆင့်
"အို... စိတ်မပူပါနဲ့။ ဒီဓားက မင်းရဲ့ဓားကို တားဖို့ ဖန်တီးထားတာ မဟုတ်ဘူး" လုံချန်းက ထိုလူကို လှောင်ပြောင်သော လေသံဖြင့် တုံ့ပြန်လိုက်၏။ "အဲဒါအတွက် ငါ့မှာ တခြား အစီအစဉ်တွေ ရှိပြီးသားပါ..."
သူ ဆိုလိုသည်မှာ သူ၏ ကိုယ်တွင်းကမ္ဘာ အတွင်းရှိ ဟင်းလင်းပြင် နိယာမကို အသုံးပြုကာ ရန်သူ၏ဓားကို တစ်နေရာတည်းတွင် ရပ်တန့်ထားခြင်းကို ဖြစ်ပေသည်။ ၎င်းမှာ ဟင်းလင်းပြင် နိယာမနှင့် အမှောင် နိယာမတို့ ရှိနေသော ကိုယ်တွင်းကမ္ဘာအတွင်း တိုက်ခိုက်ရခြင်း၏ အားသာချက်ပင် ဖြစ်၏။
ကြယ်တာရာ အင်ပါယာ၏ ဧကရာဇ်မင်းမြတ်ကဲ့သို့သော သို့မဟုတ် ထိုအဆင့်နှင့် နီးစပ်သော အလွန်အမင်း အစွမ်းထက်သူမျိုးအား ဤနေရာသို့ ခေါ်မလာသရွေ့ သူသည် ဤကမ္ဘာအတွင်း၌ မည်သည့်အရာကိုမဆို စိတ်ကြိုက် ခြယ်လှယ်နိုင်စွမ်း ရှိပေသည်။
ထိုလူ၏ အမည်းရောင် ဓားကြီးကို အသုံးမဝင်အောင် ပြုလုပ်ပြီးနောက် လုံချန်းသည် တိုက်စစ်ဆင်တော့၏။ သူ၏ အမှောင်ဓားသည် မည်သို့ဖြစ်သွားသည်ကို နားမလည်နိုင်သေးသော မူထံသို့ တည့်တည့်မတ်မတ် ထိုးစိုက်သွားခဲ့လေသည်။
မူသည် ထိုတိုက်ကွက်ကို ရှောင်တိမ်းရန် သူ၏ လှုပ်ရှားမှုစွမ်းရည်အား အသုံးပြုရန် ကြိုးစားသော်လည်း သူ၏ ခြေထောက်များကို တစ်စုံတစ်ခုက ဖမ်းဆုပ်ထားကြောင်း သတိပြုမိလိုက်၏။ မမြင်ရသော သံကြိုးများဖြင့် ချည်နှောင်ခံထားရသကဲ့သို့ သူသည် လှုပ်ရှား၍ မရတော့ချေ။
သူသည် လုံချန်း၏ အမှောင်ဓား မိမိထံသို့ ပျံသန်းလာသည်ကို မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်နေရုံသာ ရှိတော့၏။
"အခုချက်ချင်း ရပ်လိုက်။ ဒါမျိုး မလုပ်ပါနဲ့။ မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်မင်း မသိဘူးလား" မူသည် သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်လျက် အော်ဟစ်လိုက်၏။ အသက်ရှင်ရန် လမ်းစ မရှိတော့သည်ကို သိလိုက်ရသောအခါ သူသည် တကယ်ပင် သေရမှာ ကြောက်သွားခဲ့ပြီ ဖြစ်သည်။
သူ့အတွက်မူ ဂုဏ်သိက္ခာထက် အသက်ရှင်သန်မှုက ပို၍ အဓိပ္ပာယ်ရှိပေသည်။ အသက်ရှင်ရမည်ဆိုပါက တောင်းပန်တိုးလျှိုးရန်ပင် ဝန်လေးမည့်သူ မဟုတ်ချေ။ အကယ်၍ သူ၏ ခြေထောက်များက ဟင်းလင်းပြင် အတွင်း၌ အဖမ်းခံထားရခြင်း မဟုတ်ပါက သူသည် ဒူးထောက်ကာ အသက်ကို ချမ်းသာပေးရန် တောင်းပန်နေမိပြီမှာ သေချာပေသည်။
သူ မည်မျှပင် တောင်းပန်စေကာမူ ဓားမှာ ရပ်တန့်သွားခြင်း မရှိချေ။ "မင်း... ယုတ်မာတဲ့ကောင်၊ မင်းလည်း ကျိန်စာသင့်ပြီး သေရမှာပါ။ ငါ ကျိန်စာတိုက်..."
သူ၏ တောင်းပန်မှုမှာ အရာမထင်သည်ကို မြင်သောအခါ သူသည် ဒေါသတကြီးဖြင့် လုံချန်းကို ကျိန်ဆဲတော့၏။ သို့သော် သူ၏ စကားမဆုံးမီမှာပင် ဓားမှာ သူ၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲလိုက်လေတော့သည်။
မူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း နှစ်ခုမှာ ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားပြီး မြေကြီးအတွင်းသို့ ချက်ချင်းပင် စုပ်ယူခြင်း ခံလိုက်ရ၏။
"စိတ်မပူပါနဲ့။ မင်းရဲ့ သူငယ်ချင်းလည်း မကြာခင် မင်းဆီကို ရောက်လာမှာပါ" လုံချန်းသည် သူ၏ ကိုယ်တွင်းကမ္ဘာအတွင်း ဝိညာဉ်ပုံသဏ္ဌာန်ဖြင့် ပေါ်လာရင်း ဆိုလိုက်၏။
ခဏအကြာတွင် သူ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုလူ မည်သည့်နေရာသို့ ပျောက်ကွယ်သွားသည်ကို ရွှင်းမှာ ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်၏။ လုံချန်းသည် ထိုလူကို သူ၏ ကိုယ်တွင်းကမ္ဘာထဲသို့ ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု သူမ တွေးတောမိသော်လည်း အတည်ပြုချက် လိုအပ်နေပေသည်။
လုံချန်းသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် နှစ်လိုဖွယ် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
"နင်ကတော့ လူတစ်ယောက်ကို တကယ်ပဲ လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်နိုင်တာပဲ" လုံချန်းက ရယ်မောရင်း ဆိုလိုက်၏။ "ဒါပေမဲ့ အဲဒါအတွက် နင့်ကို ကျေးဇူးတင်ရမယ်။ နင့်ကြောင့်ပဲ ငါ့အသက် အန္တရာယ်ရှိနေပြီဆိုတာ ငါ သိလိုက်ရတာ"
"ဒါဆို အဲဒါ နင့်ရဲ့ လက်ချက်ပေါ့။ သူ့ကို နင့်ရဲ့ ကိုယ်တွင်းကမ္ဘာထဲ ခေါ်သွားတာလား" ရွှင်းက လုံချန်းကို မေးလိုက်သည်။
"အဲဒီလိုပါပဲ" လုံချန်းက အပြစ်ကင်းစင်ဟန်ဖြင့် ပြုံးရင်း ဆိုလိုက်၏။ "သူ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာပဲ မှတ်ထားလိုက်ပါ"
"အခု ပြန်စဉ်းစားကြည့်တော့ အဲဒီအဖွဲ့ထဲမှာ တစ်ယောက် ကျန်သေးတယ်။ သူတို့နဲ့ ငါနဲ့ ဘာမှ မပတ်သက်ဘဲ အကုန်သတ်ပစ်ရမှာက နှမြောစရာပေမဲ့ သူတို့က ငါ့ကို အရင် လာထိတာကိုး။ ငါကလည်း သူတို့ ပေးတဲ့အတိုင်းပဲ ပြန်ပေးရမှာပေါ့" သူက ရေရွတ်လိုက်ရင်း အမှောင်ကမ္ဘာ အဖွဲ့ခေါင်းဆောင် နင်တစ်ယောက် အပြင်ဘက်တွင် ရှိနေသေးလား သိရန် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်၏။
"ဟိုမှာပဲ။ သူတို့က နောက်ကနေ တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြပုံရတယ်။ ဒါကြောင့်လည်း တစ်ယောက်ပဲ အထဲဝင်လာတာကိုး။ ဒုတိယတစ်ယောက် အထဲဝင်လာဖို့ကလည်း သိပ်မကြာတော့ပါဘူး" အပြင်ဘက်ရှိ နင်ကို သတိပြုမိလိုက်သောအခါ သူ ဆိုလိုက်၏။
"အမြန် အဆုံးသတ်လိုက်တာ ပိုကောင်းမယ်။ အဆင့်ကောင်းကောင်း ရဖို့အတွက် ပန်းတွေ ရှာဖို့ လိုသေးတယ်"
လုံချန်းသည် သူ၏ အငွေ့အသက်များအား ဖုံးကွယ်ရန် ကောင်းကင်ဘုံခြုံလွှာကို အသုံးပြုကာ နင့်၏ ဦးခေါင်းထက်သို့ နေရာပြောင်းလိုက်၏။ ယခုအခါ သူသည် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီဖြစ်၍ ပျံသန်းနိုင်ပြီဖြစ်သော်လည်း ဗြောင်ကျကျ တိုက်ခိုက်နေရန် မလိုအပ်ဟု သူ ယူဆလိုက်သည်။ နင်သည် သူ့ထက် အင်အားနည်းသည်ဟု သူ ယုံကြည်ထားသဖြင့် သူ၏ ဖန်တီးထားသော ကမ္ဘာအတွင်း၌ တိုက်ခိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
သူ နင့်၏ အထက်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို ကိုယ်တွင်းကမ္ဘာထဲသို့ ဆွဲခေါ်သွားခဲ့လေသည်။
နင်သည် လုံချန်း၏ ကိုယ်တွင်းကမ္ဘာအတွင်းသို့ ရောက်ရှိသွားသောအခါ ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်၏။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာလည်း မူကဲ့သို့ပင် ဖြစ်သည်။ သူသည် အလွန်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
သို့သော် ကံမကောင်းစွာဖြင့် လုံချန်းသည် ဤတစ်ကြိမ်တွင် မည်သည်မျှ ရှင်းပြမနေတော့ချေ။ သူ ကိုယ်တွင်းကမ္ဘာထဲ ရောက်လာသည်နှင့် အမည်းရောင်ဓားက သူ့ကို နှစ်ပိုင်းပိုင်းဖြတ်လိုက်သဖြင့် သူ၏ သေခြင်းတရားမှာ ပို၍ပင် လျင်မြန်ခဲ့လေသည်။
နင်ကို လျင်မြန်စွာ ရှင်းလင်းပြီးနောက် လုံချန်းသည် ကြမ်းပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ အဆင့်သတ်မှတ်ပွဲ၏ အစွမ်းအထက်ဆုံး အဖွဲ့များထဲမှ တစ်ဖွဲ့ကို သူ တစ်ကိုယ်တည်း မည်သို့ အပြတ်ရှင်းလိုက်သည်အား မည်သူမျှ သိရှိကြလိမ့်မည် မဟုတ်ချေ။ တစ်ယောက်ချင်းစီ ရှင်းလင်းခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ကိုယ်တွင်းကမ္ဘာကို အသုံးပြုကာ ထိုသို့ လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ အံ့မခန်းဖွယ်ရာ စွမ်းဆောင်မှုပင် ဖြစ်ပေသည်။
"အခုတော့ ငါက ဘယ်လို နည်းလမ်းမျိုးမှ သုံးစရာမလိုဘဲ ပျံသန်းနိုင်ပြီဆိုတော့ ပိုပြီး လွယ်ကူသွားတာပေါ့" သူက လက်ကို ဆန့်တန်းရင်း ရေရွတ်လိုက်၏။
"ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ရတာ တကယ့်ကို ကွဲပြားခြားနားတာပဲ။ ကမ္ဘာသစ် တစ်ခုထဲကို ရောက်သွားသလိုပဲ။ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်အားတွေ ပြည့်နေတာပဲ။ ဒီလောက်အထိ ကွာခြားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" သူက သူ၏ လက်များကို ကြည့်ကာ ဆိုလိုက်သည်။
"နင် ပိုပြီး သန်မာလာလေလေ ကွာခြားမှုက ပိုပြီး ကြီးမားလာလေလေပဲ။ နောက်ဆိုရင် နင်က အင်မော်တယ် အဆင့်ရဲ့ အနားသတ်ထဲကို ဝင်ရောက်တော့မှာ မဟုတ်လား" ရွှင်း၏ အသံမှာ သူ၏ လက်ထဲမှ ထွက်ပေါ်လာ၏။
"ဘာပဲဖြစ်ဖြစ်၊ နင့်ရဲ့ ကိုယ်တွင်းကမ္ဘာကိုလည်း တည်ဆောက်ပြီးပြီဆိုတော့ ဘယ်လိုရှိလဲဆိုတာ ငါ့ကို ပြပါဦး။ အဲဒီက အတားအဆီးတွေကို ဖယ်လိုက်စမ်းပါ" သူမက ဆက်လက် ပြောဆိုလိုက်သည်။
သူမသည် လုံချန်း တည်ဆောက်ထားသော ကိုယ်တွင်းကမ္ဘာကို မြင်တွေ့လိုသော်လည်း သူ၏ ခွင့်ပြုချက်မပါဘဲ ထိုနေရာသို့ ဝင်ရောက်နိုင်ခြင်း မရှိချေ။
"အခု မဟုတ်သေးဘူး။ နင် ပထမဆုံး လာလည်မယ့် အချိန်မှာ ပိုပြီး ပြည့်စုံနေအောင် ငါ လုပ်ချင်သေးတယ်။ ခဏလောက် စောင့်ပါဦး။ မကြာခင် နင် မြင်ရမှာပါ" လုံချန်းက ပြုံးရင်း ပြန်ဖြေလိုက်၏။
သူသည် ကမ္ဘာတစ်ခု မဟုတ်ဘဲ ကိုယ်တွင်းစကြဝဠာ တစ်ခုကို တည်ဆောက်ခဲ့သည်ကို သူမအား မသိစေလိုသေးချေ။ လောလောဆယ်တွင် ၎င်းကို လျှို့ဝှက်ချက်အဖြစ် ထားရှိခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ရွှင်းက ထပ်မံ ကြည့်ရှုလိုသော်လည်း လုံချန်းက ငြင်းဆိုလိုက်ပြန်သည်။ သူသည် သူမကို ပြသရန် စိတ်ကူးမရှိဘဲ သုံးရွက်ရွှေပန်းအား ရှာဖွေရန် ရှေ့သို့ ဆက်လက် ပျံသန်းသွားခဲ့လေသည်။
ထိုပန်းမှာ အလွန်ပင် ရှားပါးသည်ဟု ကျော်ကြားသဖြင့် ရှာရခက်လိမ့်မည်ဟု သူ ထင်ထားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဖော်ပြချက်နှင့် ကိုက်ညီသော ပန်းတစ်ပွင့်ကို ရှာတွေ့ရန် အချိန်အများကြီး မကြာခဲ့ချေ။
ကျားတစ်ကောင်နှင့် တူသော သားရဲကြီးတစ်ကောင်မှာ ပန်း၏ အနီးတွင် အိပ်ပျော်နေဟန်ဖြင့် ထိုင်နေ၏။ ကျား၏ ဦးခေါင်းပေါ်တွင် နွားချိုကဲ့သို့ ချိုနှစ်ချောင်း ထွက်ပေါ်နေသည်။ ထိုသားရဲထံမှ ထွက်ပေါ်နေသော အငွေ့အသက်များအရ ၎င်းမှာ အခြားမဟုတ်ဘဲ သူတော်စင် အဆင့် သားရဲတစ်ကောင် ဖြစ်ကြောင်း ထင်ရှားလှပေသည်။ လုံချန်းသည် ဤကဲ့သို့သော သားရဲမျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် ၎င်းအကြောင်းအား များများစားစား မသိရှိချေ။
သူ သိထားသည်မှာ ၎င်းမှာ သူတော်စင် အဆင့် သားရဲတစ်ကောင် ဖြစ်သည်ဟူသော အချက်သာ ဖြစ်၏။ ထိုသားရဲကြီးကို သူ၏ ကိုယ်တွင်းကမ္ဘာထဲသို့ ဆွဲခေါ်ရန်မှာ အလွန်ပင် အန္တရာယ်များသဖြင့် သူ ထိုသို့ မလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
အခန်း (၉၅၂) ယဉ်ပါးအောင် ပြုလုပ်ခြင်း
လုံချန်းထက် နှစ်ဆခန့် ပိုမိုမြင့်မားသော ရွှေရောင်ကျားကြီး၏ ဦးခေါင်းပေါ်တွင် အမည်းရောင် ချိုနှစ်ချောင်းကို ထင်ရှားစွာ မြင်တွေ့နေရ၏။
ထိုကျားကြီးသည် လုံချန်း ရောက်ရှိလာသည်ကို မသိရှိဘဲ အေးချမ်းစွာ အိပ်ပျော်နေသည့်အလား မျက်လုံးများအား မှိတ်၍ ထိုင်နေပေသည်။ လုံချန်းသည် သူ၏ အငွေ့အသက် အားလုံးကို ဖုံးကွယ်ရန် ကောင်းကင်ဘုံ ခြုံလွှာအား အသုံးပြုထားသဖြင့် သတိမမူမိသော သားရဲတစ်ကောင်အဖို့ သူ့ကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
လုံချန်းသည် ကျားကြီးနှင့် ၎င်း၏ နောက်ဘက်ရှိ ရွှေရောင်ပန်းကို တစ်လှည့်စီ ကြည့်ရှုနေမိ၏။
"နွားချိုပါတဲ့ ကျားသားရဲလား... နောက်ထပ် ထူးခြားတဲ့ မြင်ကွင်းတစ်ခုပဲ" လုံချန်း၏ အနားတွင် ပေါ်လာသော ရွှင်းက မှတ်ချက်ပေးလိုက်သည်။
"နင်က ဘာလို့ အပြင်ကို ထွက်လာရတာလဲ" လုံချန်းက ယခင်က အပြင်ထွက်ရန် ငြင်းဆိုခဲ့သော ရွှင်းကို မေးလိုက်၏။
"ထူးခြားတဲ့ မျက်လုံးရှိတဲ့ အဲဒီလူက ဒီမှာ မရှိတော့ဘူးလေ။ အခုတော့ ငါ ပုန်းနေစရာ မလိုတော့ဘူး" ရွှင်းက ပြုံးလျက် ဆိုလိုက်သည်။
"တုလျန်လား... ဟုတ်သားပဲ။ အဲဒီလူက နင့်ကို မြင်နိုင်တာပဲ" လုံချန်းက ခေါင်းညိတ်ရင်း ရေရွတ်လိုက်၏။ "ဒါနဲ့... နင် ဒီသားရဲကို သိလို့လား"
"သိတာပေါ့။ ဒါက ထူးခြားတဲ့ သွေးမျိုးဆက်ရှိတဲ့ သားရဲပဲ။ ဒီသားရဲတွေကို အင်မော်တယ် ကမ္ဘာမှာပဲ အတွေ့များတာ။ ဒီမှာ တွေ့ရတာ တကယ်ကို အံ့သြဖို့ကောင်းတယ်။ ငါ ခန့်မှန်းရသလောက်ဆိုရင်တော့ ဒါက နင် ဒီမှာ ရင်ဆိုင်ရမယ့် အခက်ခဲဆုံး သူတော်စင် အဆင့် သားရဲတွေထဲက တစ်ကောင် ဖြစ်လိမ့်မယ်" ရွှင်းက လုံချန်းကို သတိပေးလိုက်၏။
"စိတ်ဝင်စားစရာပဲ။ ထူးခြားတဲ့ သားရဲပေါ့လေ..." လုံချန်းက တွေးတောရင်း သူ၏ ခေါင်းထဲသို့ စိတ်ကူးတစ်ခု ရောက်ရှိလာခဲ့သည်။
"သူတော်စင် အဆင့် သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ရတာ ပျော်စရာကောင်းမှာပဲ။ မြွေလေး နောက်ပိုင်း ဒါမျိုး မလုပ်ဖြစ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါက သူ့ကို တိုက်ခိုက်ရမှာပဲဆိုတော့ တစ်ခါတည်း ပဋိညာဉ်စာချုပ် ချုပ်လိုက်ရင် ပိုကောင်းတာပေါ့"
သူသည် လက်သီးကို တင်းတင်းဆုပ်ကာ အေးချမ်းစွာ အိပ်ပျော်နေသော သားရဲကြီးထံသို့ လျှောက်လှမ်းသွားတော့၏။ လုံချန်း အနားသို့ ချဉ်းကပ်လာသည်နှင့် ကောင်းကင်ဘုံ ခြုံလွှာကို အသုံးပြုထားသော်လည်း သားရဲကြီးမှာ သူ ရောက်ရှိလာသည်အား သိရှိသွားခဲ့သည်။
၎င်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကာ လုံချန်းအား စိုက်ကြည့်လိုက်၏။
"ခိုးတိုက်ဖို့ ကြံစည်တာတော့ မအောင်မြင်တော့ဘူးပေါ့" လုံချန်းက ခပ်ပြုံးပြုံးဖြင့် တွေးလိုက်မိသည်။
ရွှေရောင်ကျားကြီးသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လုံချန်းကို အနားမကပ်ရန် သတိပေးသည့်အလား ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။ ထိုသားရဲသည် သူ့ကို ချက်ချင်း တိုက်ခိုက်ခြင်း မပြုသည်မှာ အံ့သြစရာပင်။ 'သားရဲက ပျင်းနေတာလား' လုံချန်း တွေးတောနေမိ၏။
"ဒါ သူတို့ရဲ့ သဘာဝပဲ။ သူတို့က မတိုက်ခိုက်ရမချင်း မတိုက်ခိုက်ဘဲ နေတတ်တဲ့ အပျင်းကြီးတဲ့ မျိုးစိတ်တွေလေ" ရွှင်းက ပြုံးလျက် ပြောပြလိုက်သည်။
"အင်း... တကယ်ကို ကြင်နာတတ်တဲ့ သားရဲပဲ။ ဒါပေမဲ့ ကံမကောင်းတာက ငါက အခု ပြန်လို့မရဘူးလေ" လုံချန်းက ခေါင်းခါရင်း တွေးလိုက်၏။
သူသည် ထိုသားရဲနှင့် တိုက်ခိုက်ရန် သူ၏ အချိန်ဓားကို ထုတ်ယူလိုက်သည်။ သူသည် ဤနေရာတွင် ရှိနေစဉ်အတွင်း သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်သည့် ဘုရင်ဓားကို အသုံးမပြုရန် ဆုံးဖြတ်ထားခဲ့သည်။
ကျားကြီးသည် လုံချန်းက သူ၏ အချိန်ဓားကို ထုတ်ယူလိုက်သည်အား မြင်သောအခါ ဤကိစ္စမှာ လွယ်လွယ်ကူကူနှင့် ပြီးဆုံးလိမ့်မည်မဟုတ်ကြောင်း နားလည်သွားခဲ့၏။ ၎င်းသည် လုံချန်းကို နောက်ဆုံးအကြိမ် သတိပေးသည့်အလား ထပ်မံ၍ ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြန်သည်။
"စိတ်မကောင်းပါဘူး သူငယ်ချင်းကြီးရာ။ ဒါပေမဲ့ မင်းရဲ့ သတိပေးချက်က အလုပ်မဖြစ်ဘူးကွ" လုံချန်းက ကြေညာလိုက်ပြီး သူ၏ ညာဘက်ခြေထောက်ဖြင့် မြေကြီးကို ကန်ကာ ကျားကြီးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့၏။
ကျားကြီးသည်လည်း နောက်ဆုံးတွင် လှုပ်ရှားလာပြီး လုံချန်းထံသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။ လုံချန်းသည် သူ၏ အချိန်ဓားကို မြှောက်ကာ ဝင်လာသော ကျားကြီးအား ခုတ်ပိုင်းရန် ပြင်လိုက်သော်လည်း ကျားကြီးမှာ သူ၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားခဲ့၏။
ဓားမှာ ကျားကြီးအပေါ်သို့ ကျရောက်လုနီးပါး အချိန်တွင် ကျားကြီးသည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ လုံချန်းသည် သူ၏ နောက်ကျောဘက်တွင် ကျားကြီး၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့၏။ သူသည် ရုတ်တရက် ရောက်ရှိလာမည့် တိုက်ကွက်မှ လွတ်မြောက်ဖို့ နေရာပြောင်းရန် ကြံရွယ်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ကျားကြီး၏ လက်သည်းမှာ လုံချန်း၏ ကျောပေါ်သို့ ကျရောက်သွားခဲ့၏။ လုံချန်းမှာ ကြိုးပြတ်သွားသော စွန်တစ်ခုအကဲ့သို့ ရှေ့သို့ လွင့်စင်သွားပြီး သစ်ပင်တစ်ပင်ကို ဝင်တိုက်မိလေတော့သည်။
သစ်ပင်မှာလည်း ပြင်းထန်သော အရှိန်ကြောင့် ကျိုးပဲ့သွားခဲ့၏။ လုံချန်းမှာ ရှေ့သို့ ဆက်လက် လွင့်စင်သွားပြီး သစ်ပင်များကို တစ်ပင်ပြီးတစ်ပင် တိုက်မိကျိုးပဲ့စေကာ နောက်ဆုံးတွင်တော့ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့လေသည်။ သူ၏ ကျောပေါ်တွင် ပြင်းထန်စွာ သွေးထွက်နေသော နက်ရှိုင်းသည့် လက်သည်းရာတစ်ခု ကျန်ရစ်ခဲ့၏။
သူသည် နာကျင်မှုများကြားမှ မတ်တတ်ရပ်ရန် ကြိုးစားရင်း ဒဏ်ရာများကို ကုသရန် ဆေးလုံးတစ်လုံးကို သောက်လိုက်ရသည်။
"ဒါက လွယ်ကူလိမ့်မယ်လို့ နင် တကယ် ထင်နေတာလား။ ဒါက သူတော်စင် အဆင့် သားရဲပဲ၊ ပြီးတော့ အဲဒီထဲမှာတောင် နင် ရင်ဆိုင်နေရတာက အစွမ်းအထက်ဆုံးတွေထဲက တစ်ကောင်ပဲ။ အရှိန်ချင်းကလည်း ယှဉ်လို့မရဘူး" ရွှင်းက လုံချန်းကို ပြောလိုက်၏။ "အဲဒီသားရဲက နင် မတွေးမိခင်မှာတင် လှုပ်ရှားနိုင်စွမ်း ရှိတယ်"
"အဲဒါကို စောစောကတည်းက ပြောသင့်တာပေါ့" လုံချန်းက သူ၏ ဒဏ်ရာများ ကျက်လာသည်ကို စောင့်ဆိုင်းရင်း ရွှင်းအား မေးလိုက်၏။ ကျားကြီးသည် သူ့ထံသို့ ထပ်မံ၍ ပျံသန်းဝင်ရောက်လာပြန်သည်။
"ကောင်းပြီလေ... ဒါဆိုရင်တော့ နည်းနည်းလောက် လိမ်တိုက်ရတော့မှာပေါ့" သူက ရေရွတ်လိုက်ရာ သူ၏ မျက်လုံးများမှာ စတင်၍ တောက်ပလာခဲ့၏။
နေထွက်စအချိန်က ရွှေရောင်ကဲ့သို့ လှပသော သူ၏ မျက်လုံးများမှာ အရောင်ပြောင်းလဲသွားပြီး မြူနှင်းများ ဖုံးလွှမ်းနေသော အမည်းရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ပုံရိပ်ယောင်ကို သူ ရပ်နေသော နေရာတွင် ဖန်တီးလိုက်ပြီး သူကိုယ်တိုင်မှာမူ ကျားကြီး၏ မျက်စိရှေ့မှ ကွယ်ပျောက်သွားခဲ့လေသည်။
လုံချန်းသည် ကျားကြီးက သူ၏ ပုံရိပ်ယောင်ကို တိုက်ခိုက်မည့် အချိန်ကို စောင့်ဆိုင်းရင်း ဘေးဘက်သို့ တိုးကပ်သွား၏။ သူ၏ အစီအစဉ်မှာ ထိုခဏတာ အခွင့်အရေးကို အသုံးပြု၍ ကျားကြီးအား လှုပ်ရှား၍ မရအောင် တိုက်ခိုက်ရန်ပင် ဖြစ်ပေသည်။
ကျားကြီးသည် ပုံရိပ်ယောင်ထံသို့ ဒေါသတကြီး ဟိန်းဟောက်ရင်း ပျံသန်းဝင်ရောက်သွား၏။ ၎င်းသည် ၎င်း၏ သတိပေးချက်ကို နားမထောင်သော လုံချန်းအား သတ်ပစ်လိုနေပေသည်။ လုံချန်းသည် ပုံရိပ်ယောင် တိုက်ခိုက်ခံရမည့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသော်လည်း ဖြစ်ပျက်လာသည့် အရာမှာ သူ ထင်ထားသလို မဟုတ်ခဲ့ချေ။
ကျားကြီးသည် ပုံရိပ်ယောင်၏ အနားသို့ ရောက်သောအခါ နောက်ထပ် တစ်ကြိမ် ထပ်မံ၍ ပျောက်ကွယ်သွားပြန်သည်။ လုံချန်းသည် အန္တရာယ်တစ်ခုကို ထပ်မံ ခံစားလိုက်ရပြန်၏။ ဤတစ်ကြိမ်တွင်မူ သူသည် ပိုမို လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် နေရာပြောင်းကာ ရှောင်တိမ်းလိုက်သည်။
သူသည် မီတာ ငါးဆယ်ခန့် အကွာတွင် ပေါ်လာခဲ့ပြီး ဤတစ်ကြိမ် တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့၏။
"သူက ငါ့ကို မြင်နေတာလား" လုံချန်းက ရွှင်းကို မေးလိုက်သည်။
"ဒါပေါ့။ နင့်ရဲ့ ပုံရိပ်ယောင် နိယာမက ကောင်းပေမဲ့ နင် အသုံးပြုနေတာက သူတော်စင် အဆင့် သားရဲအပေါ်မှာလေ။ နင့်ရဲ့ နားလည်သဘောပေါက်မှုက ဒီလောက်အထိ အစွမ်းထက်ဖို့ မလုံလောက်သေးဘူး" ရွှင်းက ခေါင်းခါရင်း ပြောလိုက်၏။
လုံချန်းသည် ပြန်လည် ငြင်းခုံလိုသော်လည်း ၎င်းမှာ သူမ၏ အမှား မဟုတ်ကြောင်း သူ သိရှိပေသည်။ သူကိုယ်တိုင်လည်း ကြိုတင် သိရှိထားသင့်ပေသည်။ သူတော်စင် အဆင့် ကျင့်ကြံသူတစ်ဦးအပေါ်မှာ ပုံရိပ်ယောင်ကို အသုံးပြုဖို့ သူ နှစ်ခါပြန် စဉ်းစားမိမှာ ဖြစ်သော်လည်း သားရဲဆိုလျှင်တော့ ကွဲပြားလိမ့်မည်ဟု အဘယ်ကြောင့် ထင်ခဲ့မိသနည်း။
"ကောင်းပြီလေ... လိမ်တိုက်လို့ မရဘူးဆိုရင်လည်း ရှိသမျှ အစွမ်းကုန် သုံးရတော့မှာပေါ့"
မွန်းလွဲပိုင်း အချိန်ဖြစ်သဖြင့် နေမင်းကြီးမှာ ကောင်းကင်ယံ၌ မြင့်မားစွာ သာထွန်းနေ၏။ သူသည် အရိပ်အသွင်ပြောင်းခြင်းကို အသုံးမပြုနိုင်ချေ။ ပုံရိပ်ယောင်ကလည်း ဤသားရဲအပေါ်တွင် အသုံးမဝင်ချေ။ သူ အသုံးပြုနိုင်သည်မှာ သူ၏ ခွန်အားသက်သက်သာ ရှိတော့ပေသည်။
သူသည် အချိန်ဓားအား တင်းတင်းဆုပ်ကိုင်လိုက်ပြီး ဝိညာဉ်ဓားကိုလည်း ထုတ်ယူလိုက်၏။ ချန်ယုသည် သူ၏ ဝိညာဉ်ဓားကို ယခင်က မြင်ဖူးထားသဖြင့် ဤနေရာတွင် ထုတ်မသုံးလိုသော်လည်း သူမ မရှိခြင်းက သူ့အား အနည်းငယ် ယုံကြည်မှု ရှိစေခဲ့သည်။
ဝိညာဉ်ဓားသည် လုံချန်းထံသို့ ထပ်မံ ပျံသန်းဝင်ရောက်လာသော ကျားကြီးထံသို့ ဦးတည်သွားခဲ့၏။ သို့သော် ဤတစ်ကြိမ်တွင်မူ အခြေအနေများက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ ကျားကြီးသည် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းတင်မကဘဲ အခြားသော အရာတစ်ခုကိုလည်း အသုံးပြုလာခဲ့၏။ ကောင်းကင်ယံမှာ အမည်းရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး စက္ကန့်နှင့်အမျှ ပိုမို သိပ်သည်းလာခဲ့သည်။
မှောင်မည်းနေသော ကောင်းကင်ယံမှ ပြင်းထန်သော မိုးကြိုးသံများ စတင်၍ ဟိန်းထွက်လာခဲ့၏။
ဝိညာဉ်ဓားသည် သူတော်စင် အဆင့် ကျားကြီး၏ အနားသို့ ရောက်ရှိသွားချိန်မှာပင် ကောင်းကင်ယံမှ လျှပ်စီးကြောင်းတစ်ခု ကျဆင်းလာပြီး ဓားကို ထိမှန်သွားခဲ့သည်။ ဒဏ်ရာရရှိထားပြီး တစ်ဝက်ကျိုးပဲ့နေသော ထိုဓားမှာ ကျားကြီးကို မထိမှန်မီမှာပင် ပိုမို ပျက်စီးသွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့လေသည်။
ခရမ်းရောင် လျှပ်စီးကြောင်းများသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ကျရောက်လာခဲ့ရာ ကောင်းကင်ကြီးမှာ လူအားလုံးကို အပြစ်ပေးရန် ကြိုးစားနေသည့်အလား ရူးသွပ်နေပေတော့သည်။
ဝေးလံသော အရပ်၌ လူငယ်အများအပြားမှာ ၎င်းတို့၏ တိုက်ပွဲများကို ဆင်နွှဲနေကြရင်း အဝေးမှ မိုးကြိုးသံများကို ကြားလိုက်ကြရ၏။ ၎င်းတို့သည် ထိုဘက်သို့ လှမ်းကြည့်လိုက်ကြရာ အမည်းရောင် တိမ်တိုက်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
မုန့်ချန်း နှင့် အခြားသူများလည်း ဤဖြစ်စဉ်ကို မြင်တွေ့လိုက်ကြရ၏။ ၎င်းတို့သည် ကောင်းကင်ဘုံ အဆင့် သားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးစီးချိန်မှာပင် ဤအရာ ဖြစ်ပျက်လာခြင်း ဖြစ်ပေသည်။
"ဟိုမှာ ဘာတွေ ဖြစ်နေတာလဲ။ ထူးခြားတဲ့ ရတနာတစ်ခု ပေါ်ထွန်းလာတာလား။ ဒါမှမဟုတ် သူတော်စင် အဆင့် သားရဲတစ်ကောင် ပေါ်လာတာလား" မုန့်ဟူလင်က တွေးတောနေမိ၏။
"ဘာပဲဖြစ်ဖြစ် ငါတို့ အဲဒီကို သွားရမယ်။ တကယ်လို့ ဒါက ရတနာဆိုရင် တခြားသူတွေ မရခင် ငါတို့ အရင် ရအောင်ယူရမယ်။ တကယ်လို့ ဒါက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတဲ့ သူတော်စင် အဆင့် သားရဲဆိုရင်လည်း အဲဒီမှာ သုံးရွက်ရွှေပန်း ရှိနေမှာ သေချာတယ်" မုန့်ချန်းက ဆိုကာ အမည်းရောင် တိမ်တိုက်များ ရှိရာသို့ ပျံသန်းသွားတော့၏။
ထိုဘက်သို့ ဦးတည်နေသူမှာ ၎င်းတို့တစ်ဖွဲ့တည်း မဟုတ်ချေ။ သက်ရှိထင်ရှား ကျန်ရစ်သော အဖွဲ့ ၁၉ ဖွဲ့ထဲမှ အများစုမှာ ထိုဘက်သို့ စတင် ရွှေ့လျားနေကြပြီ ဖြစ်သည်။ ချန်ယုနှင့် တုလျန်တို့ပင်လျှင် အမည်းရောင် တိမ်တိုက်များရှိရာသို့ ပျံသန်းနေသူများထဲတွင် ပါဝင်နေကြပေသည်။
"ဒီမိုးကြိုးတွေကတော့ တကယ်ပဲ၊ အရမ်းကို သိသာလွန်းနေပြီ။ မကြာခင် ဒီနေရာမှာ လူတွေနဲ့ ပြည့်လာတော့မှာ။ ငါ ဒါကို အမြန် အဆုံးသတ်ပြီး သားရဲကို ယူသွားရမယ်" လုံချန်းက သူ ကျရှုံးသွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တွေးတောရင်း ဆိုလိုက်၏။
သူသည် ဤကဲ့သို့ ရှားပါးသော သားရဲကို ယဉ်ပါးအောင် ပြုလုပ်မည့် အခွင့်အရေး ဆုံးရှုံးသွားရုံတင်မကဘဲ သူ၏ အထောက်အထား မပေါ်ပေါက်စေဘဲ ပန်းကို ယူဆောင်မည့် အခွင့်အရေးလည်း ဆုံးရှုံးသွားနိုင်ပေသည်။
"ကောင်းပြီလေ... မင်းက တိမ်တိုက်တွေကို စုစည်းပေးထားမှတော့ ငါလည်း အဲဒါတွေကို အသုံးပြုရတာပေါ့" သူက ဆိုကာ သူ၏ လက်ကို ကောင်းကင်သို့ မြှောက်လိုက်၏။
"လျှပ်စီးဓားသွား" သူသည် တိမ်တိုက်၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ကာ သူ၏ ဟောင်းသော်လည်း အသုံးဝင်လှသော ထိုသားရဲ အသုံးပြုသည့် နည်းလမ်းနှင့် ဆင်တူသော စွမ်းရည်အား အသုံးပြုလိုက်တော့သည်။ ကွာခြားချက်မှာ ကျားကြီးက လျှပ်စီးကြောင်း အမြောက်အမြားအား အသုံးပြုနိုင်သော်လည်း သူကမူ တစ်ကြိမ်လျှင် လျှပ်စီးဓားသွား တစ်လက်ကိုသာ အသုံးပြုနိုင်ခြင်းပင် ဖြစ်ပေသည်။