← Chapters

အခန်း (၉၅၇-၉၅၈)

Vol. 93 Ch. 957-958

အခန်း (၉၅၇-၉၅၈)

Vol. 93 Ch. 957-958

အခန်း (၉၅၇) မနာလိုဝန်တိုခြင်း

မြေပြင်ထဲမှ ထွက်ပေါ်လာသော အနက်ရောင် ကြိုးများသည် တုလျန် ရှေ့ဆက် မတိုးနိုင်စေရန် သူ၏ ခြေထောက်များကို ရစ်ပတ်ထားလိုက်၏။ ထိုကြိုးများက သူ့အား မလှုပ်ရှားနိုင်အောင် တစ်နေရာတည်းတွင် ချုပ်နှောင်ထားလေသည်။

​သို့သော် တုလျန်သည် အံ့သြသွားပုံ မပေါ်ချေ။ ကြိုးများက သူ၏ ခြေထောက်များကို ရစ်ပတ်သွားပြီးနောက် သူသည် တည်တည်ငြိမ်ငြိမ်ပင် ရပ်နေခဲ့သည်။

​သူသည် ရုန်းထွက်ရန်ပင် မကြိုးစားဘဲ မတ်မတ်ကြီး ရပ်နေ၏။ ထိုမျှမက သူသည် တိုက်ခိုက်ရန် လက်လျှော့လိုက်သည့်အလား လက်ပိုက်လိုက်သေးသည်။ မိန်းကလေးက သူ့ထံ ပြေးဝင်တိုက်ခိုက်လာသည်ကို ကြည့်နေစဉ် သူ၏ မျက်နှာပေါ်တွင် မည်သည့် တုန်လှုပ်မှုမျှ မရှိချေ။

​"ကောင်းပြီ၊ သေဖို့သာ ပြင်ထားလိုက်တော့"

​ကျားလက်သည်းနှင့် မိန်းကလေးသည် တုလျန်၏ အနီးသို့ ရောက်ရှိလာပြီး သူ၏ လည်ပင်းဆီသို့ လက်သည်းများဖြင့် လွှဲကုတ်လိုက်၏။ လက်သည်းများက တုလျန်၏ လည်ပင်းကို ဖြတ်တောက်သွားသည်။ တုလျန်၏ လည်ပင်း ပြတ်ရှသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားလေတော့သည်။

​"သိပ် လွယ်ပါလား။ ငါတို့ အလကားနေရင်း စိတ်ပူနေခဲ့တာပဲ" မိန်းကလေးက လှောင်ပြောင်လိုက်ရင်း သူမ၏ နောက်မှ လိုက်ပါလာသော အပေါင်းအပါများထံသို့ လှည့်ကြည့်လိုက်သည်။

​"ဟင်"

​ထိုနေရာတွင် မည်သူမျှ မရှိတော့သည်ကို သတိပြုမိသွားသောအခါ သူမ၏ မျက်နှာပေါ်တွင် အလွန်တရာ အံ့အားသင့်သွားသော အမူအရာများ ဖုံးလွှမ်းသွား၏။ သူမသည် ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားသို့ ကြည့်လိုက်သော်လည်း လူတစ်ယောက်ကိုမျှ မမြင်ရချေ။

​"အားလုံး ဘယ်ပျောက်သွားကြတာလဲ" သူမက တီးတိုး ရေရွတ်လိုက်မိသည်။

​သူမသည် တုလျန်၏ အလောင်းရှိရာသို့ ဇဝေဇဝါဖြင့် ပြန်လည် လှည့်ကြည့်လိုက်၏။ သို့သော် အလောင်းမှာလည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူမ တွေ့လိုက်ရသည်။ ထိုနေရာတွင် မည်သည့် အလောင်းမျှ မရှိတော့ပေ။

​ဤနေရာတွင် သူမ တစ်ယောက်တည်းသာ ရှိနေတော့၏။ မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်အောင် ဖြစ်ကာ သူမ၏ ခေါင်းများပင် မူးနောက်လာခဲ့သည်။

​သို့သော် ဤသို့ ခံစားနေရသည်မှာ သူမ တစ်ယောက်တည်း မဟုတ်ပေ။ သူမ၏ အနောက်တည့်တည့်တွင် ရှိနေသော သူမ၏ အဖွဲ့ဝင်များသည်လည်း မည်သူ့ကိုမျှ မမြင်ရဘဲ ထိုနည်းတူ ရပ်နေကြ၏။ သူတို့သည် အခြားသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည့်အလား ဖြစ်နေကြလေသည်။

​"အဲဒါ ဘာဖြစ်တာလဲ" လုံချန်းက ချန်ယုကို မေးလိုက်သည်။ သူသည် တုလျန် မူလနေရာတွင်ပင် ရပ်နေသည်ကို မြင်တွေ့နေရ၏။ တုလျန်၏ မျက်လုံးများမှာ နီရဲနေသော်လည်း ၎င်းမှာ ထူးဆန်းသည့် အချက် မဟုတ်ပေ။ သူ ထူးဆန်းသည်ဟု ထင်မှတ်မိသောအရာမှာ တုလျန်ကို တိုက်ခိုက်ရန် သွားခဲ့သူများအားလုံးမှာ မိန်းမောတွေဝေနေသည့်အလား ငြိမ်သက်စွာ ရပ်နေကြခြင်းပင် ဖြစ်သည်။

​တုလျန်၏ ၅ မီတာ အကွာအဝေး အတွင်းသို့ ဝင်ရောက်လာသူတိုင်း လှုပ်ရှားမှုများ ရပ်တန့်သွားကြလေသည်။

​ဤအရာမှာ သေခြင်းမျက်လုံး၏ အစွမ်းနှင့် ပတ်သက်နေကြောင်း လုံချန်း နားလည်သော်လည်း အတိအကျ မည်သည်များ ဖြစ်ပျက်သွားသည်ကိုမူ သူ နားမလည်ချေ။

​"အဲဒါ သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည်ပဲ။ သူ့အနားကို ကပ်လာတဲ့သူတွေကို သူတို့ရဲ့ စိတ်ကူးကမ္ဘာထဲမှာပဲ သူက ပိတ်လှောင်ထားလိုက်နိုင်တယ်။ အဲဒီ ထောင်ချောက်ထဲကနေ ရုန်းထွက်လို့ ရပေမဲ့ ဘယ်လို ထွက်ရမလဲဆိုတာတော့ ငါလည်း မသိဘူး။ ငါ သိသလောက်တော့ နှစ်တွေတစ်လျှောက် သူ့ကို တိုက်ခိုက်ဖူးတဲ့သူတွေထဲမှာ လက်ချိုးရေလို့ရတဲ့ လူနည်းစုလောက်ပဲ အဲဒီထဲကနေ ပြန်ထွက်လာနိုင်ခဲ့ဖူးတယ်" ချန်ယုက လုံချန်းအား ရှင်းပြလိုက်၏။

​"စိတ်ဝင်စားစရာပဲ။ ဒီလို စွမ်းရည်မျိုးလည်း ရှိတာလား" ဤစွမ်းရည်အကြောင်း သိလိုက်ရခြင်းက အံ့သြဖွယ်ပင်။ သတိမထားမိသော သူတစ်ယောက်အဖို့ အလွယ်တကူ ထောင်ချောက်မိသွားနိုင်ပေသည်။

​တိုက်ပွဲဝင်ရာတွင် လူအများစုမှာ ရန်သူ့အနီးသို့ ကပ်၍ တိုက်ခိုက်ခြင်းကို ပိုနှစ်သက်ကြရာ ထိုချဉ်းကပ်မှုမှာ တုလျန်အား ရင်ဆိုင်ရာတွင် အားအနည်းဆုံး နည်းလမ်း ဖြစ်နေပေသည်။ သူ ကိုယ်တိုင်ပင် ဤစွမ်းရည်၏ သက်ရောက်မှုကို ခံရမည် မခံရမည်အား မသေချာသဖြင့် ဤအကြောင်းကို ကြိုတင် သိရှိလိုက်ရသည်မှာ ကောင်းမွန်လှပေသည်။

​"ဒီတိုက်ခိုက်မှုရဲ့ အကွာအဝေးက ဘယ်လောက်လဲ။ ၅ မီတာလား" သူက ပို၍ ပြည့်စုံသော အချက်အလက်များကို သိရှိရန် ချန်ယုကို မေးမြန်းလိုက်သည်။

​ချန်ယုက မသိနားမလည်ဟန်ဖြင့် လက်နှစ်ဖက်ကို မြှောက်ကာ ပြန်ဖြေလိုက်၏။ "ငါ မသိဘူး။ လူတွေ သူ့ရဲ့ ၅ မီတာ အကွာအဝေးထဲ ဝင်လာတဲ့ အချိန်မှ သူ သုံးတာကိုပဲ ငါ မြင်ဖူးတာ။ ဒါထက် ပိုဝေးတဲ့ နေရာကနေလည်း သူ သုံးနိုင်ချင် သုံးနိုင်မှာပေါ့၊ ဒါမှမဟုတ် မသုံးနိုင်တာလည်း ဖြစ်နိုင်တာပဲ"

​'သူ သိနေတယ်လို့ ငါ ထင်တယ်။ ဒါပေမဲ့ သူက တုလျန်ရဲ့ အားနည်းချက်ကို ဖော်ပြမှာ မဟုတ်ဘူး။ ကောင်းပြီလေ' လုံချန်းသည် သူမက အမှန်အတိုင်း ပြောမည်မဟုတ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် ဘေးကင်းစေရန်အတွက် အကွာအဝေးကို နှစ်ဆတိုးကာ ၁၀ မီတာဟုသာ သူ မှတ်ယူထားလိုက်၏။

​"နင်တို့ ဘာဖြစ်နေကြတာလဲ၊ အချိန်ဆွဲမနေဘဲ သူ့ကို တိုက်ကြလေ။ ငါ သူ့ကို ကြာကြာ ထိန်းမထားနိုင်ဘူးနော်"

​သားရဲလူသားများ ရုပ်သေးရုပ်များသဖွယ် ငြိမ်သက်နေသည်ကို မြင်သောအခါ တုလျန်အား အနက်ရောင်ကြိုးများဖြင့် ချုပ်နှောင်ထားသူ အမျိုးသားက အော်ဟစ်လိုက်သည်။ အခြားသူများကလည်း သူတို့ကို လှုပ်ရှားရန် ဝိုင်းဝန်း အော်ဟစ်နေကြ၏။ သူတို့ အဘယ်ကြောင့် ငြိမ်သက်နေကြသနည်း။

​"သူတို့ လှုပ်မှာ မဟုတ်တော့ဘူး" တုလျန်က ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း သူ၏ နီရဲနေသော မျက်လုံးများဖြင့် အနက်ရောင် ကြိုးများကို စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်များ ကြိုးများပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ကြိုးများအားလုံး ပျက်စီးသွားတော့သည်။

​သူ လွတ်မြောက်သွားလေပြီ။ ထို့နောက် သူ့အား တိုက်ခိုက်ရန် လာခဲ့သော မိန်းကလေးထံသို့ သူ စတင် လျှောက်လှမ်းသွားခဲ့သည်။

​သူ၏ လက်များကို ဆန့်ထုတ်ကာ ကျားလက်သည်းများ ရှိသော ထိုမိန်းကလေး၏ လက်များကို ကိုင်လိုက်၏။

​"နင့်မှာ လှပတဲ့ လက်သည်းတွေ ရှိတာပဲ" သူက ညင်သာစွာ ချီးမွမ်းလိုက်ပြီး ပြုံးလျက် သူမ၏ လက်များကို ရွှေ့လိုက်သည်။ သူမ၏ လက်သည်းများကို သူမ၏ လည်ပင်းအနီးသို့ သူ နေရာချပေးလိုက်၏။ "ကံမကောင်းတာက အဲဒါတွေက အန္တရာယ်လည်း အရမ်းများတယ်"

​သူက သူမ၏ လက်သည်းများကို သူမ၏ လည်ပင်းပေါ်သို့ ဖြည်းညင်းစွာ ရွှေ့ကာ ချက်ချင်းပင် လှီးဖြတ်လိုက်လေသည်။ ထိုမိန်းကလေးမှာ မည်သို့ ဖြစ်ပျက်သွားသည်ကိုပင် မသိလိုက်ဘဲ သေဆုံးသွားခဲ့ရ၏။ သေဆုံးခါနီး အသက်ရှူရ ခက်ခဲလာချိန်အထိ သူမ၏ စိတ်ထဲတွင် အခြားသူများ မည်သည့်နေရာ ရောက်သွားသနည်းဆိုသည်ကို ရှာဖွေနေဆဲ ဖြစ်သည်။ သူမ ဘဝ၏ နောက်ဆုံး စက္ကန့်အနည်းငယ်မှာ အလွန်တရာ နာကျင်ဖွယ် ကောင်းလှပေသည်။

​"ဟေ့ကောင်တွေ... လှုပ်ကြလေ။ သူ သတ်တာကို ငြိမ်ခံမနေကြနဲ့။ မင်းတို့ အားလုံး ဘာဖြစ်သွားကြတာလဲ"

​မိန်းကလေးကို သတ်ပြီးနောက် တုလျန်သည် မိန်းမောတွေဝေနေသော နောက်ထပ် လူတစ်ဦးထံသို့ စတင် ရွေ့လျားသွားစဉ် အခြားသူများက ထိုလူများကို သတိဝင်လာစေရန် အော်ဟစ်နေကြသည်။ ကံမကောင်းစွာဖြင့် လည်ပင်းရှည်ရှည်နှင့် အမျိုးသားမှာလည်း ထိုအခြေအနေမှ ရုန်းထွက်မလာနိုင်ခဲ့ချေ။

​"မင်းတို့... သူ့ကို တိုက်ကြ။ သူ လူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်နေတာကို ဒီတိုင်း ကြည့်မနေနိုင်ဘူး။ ငါတို့ အတူတူ တိုက်ခိုက်မှ ရမယ်"

​ညွန့်ပေါင်းအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော လေဟုန် အင်ပါယာမှ လူက အားလုံးကို တိုက်ခိုက်ရန် စတင် အမိန့်ပေးလိုက်၏။

​"ငါက ဘာလို့ လုပ်ရမှာလဲ။ သူတို့ အခြေအနေကို မင်း မမြင်ဘူးလား။ ငါတို့ သူ့ရဲ့ စွမ်းရည်တွေကိုတောင် မသိဘူး။ ငါကတော့ သူ့အနားကို တစ်လှမ်းမှ မတိုးနိုင်ဘူး။ သူတို့လို ငါ မသေချင်ဘူး။ ဒီလူရဲ့ စွမ်းရည်တွေက အရမ်း နက်နဲလွန်းတယ်။ ငါ သူ့ကို မတိုက်ချင်တော့ဘူး"

​"ဟုတ်တယ်၊ သူ ပုံမှန်ပဲ တိုက်ခိုက်မယ်လို့ ငါ ထင်ခဲ့တာ။ အဲဒီလိုသာဆို ငါတို့ သူ့ကို နိုင်နိုင်ပေမဲ့ အခုလိုမျိုး တိုက်ခိုက်နေတာကိုတော့ ငါတို့ မယှဉ်နိုင်ဘူး"

​"သွားကြစို့၊ ဘီလူးသရဲဆီကနေ ရတနာ လုနေမယ့်အစား တခြား ပန်းတွေကိုပဲ ရှာတာ ကောင်းမယ်"

​လူအများအပြားမှာ လက်လျှော့ကာ တိုက်ပွဲမှ စတင် ထွက်ခွာသွားကြတော့သည်။ ဤစွမ်းရည်မှာ လွန်စွာ ဆန်းကြယ်လွန်းပေသည်။ ယခင်က တိုက်ရည်ခိုက်ရည် ကောင်းမွန်သူများပင် အသတ်ခံရချိန်၌ အနည်းငယ်မျှ မလှုပ်ရှားနိုင်ခဲ့ကြသည် မဟုတ်လော။ စွမ်းရည်မှာ မည်သို့ အလုပ်လုပ်သည်ကို မသိရှိရသဖြင့် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေပေသည်။

​"ငါတော့ မနာလို ဖြစ်မိတယ်" တိုက်ပွဲ စတင်ကာစ ရှိသေးသော်လည်း အားလုံး ဖြည်းဖြည်းချင်း ထွက်ခွာသွားကြသည်ကို ကြည့်ရင်း လုံချန်းက ဆိုလိုက်၏။ သူ၏ မျက်နှာပေါ်တွင် မနာလိုဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

​"ဘာလို့လဲ" ချန်ယုက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။ "နင်က သူ့ရဲ့ စွမ်းရည်တွေကို မနာလို ဖြစ်နေတာလား"

​"သူ့စွမ်းရည်ကို ပြောတာ မဟုတ်ဘူး။ သူ့ရဲ့ ကံကောင်းမှုကို ငါ မနာလို ဖြစ်နေတာ" လုံချန်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

​"သူ့ရဲ့ ကံကောင်းမှု ဟုတ်လား။ နင် ဘာကို ဆိုလိုတာလဲ" လုံချန်း မည်သည်ကို ဆိုလိုချင်မှန်း နားမလည်သဖြင့် ချန်ယုက မေးမြန်းလိုက်၏။

​"ငါ လူတစ်စုကို တိုက်ခိုက်ရတိုင်း ငါ လူများများ သတ်လေ သူတို့က ပိုပြီး ရူးသွပ်လာလေပဲ။ သေရမှာ ကြောက်ပြီး ထွက်ပြေးသွားတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ သူ့ရဲ့ ရန်သူတွေက ဒီလောက်တောင် အသိဉာဏ် ရှိနေတာကို ငါ မနာလို ဖြစ်တာ" သူက ခါးသက်သက် ပြုံးရင်း ဆက်ပြောလိုက်သည်။

​သူ မတွေးဘဲ မနေနိုင်ခဲ့ချေ။ သူ၏ ရန်သူများ အားလုံးသာ ဤမျှ အသိဉာဏ် ရှိကြမည်ဆိုပါက မည်မျှ ကောင်းမွန်လိုက်မည်နည်း။ ၎င်းမှာ ကံတရားကြောင့်လား သို့မဟုတ် အခြား အကြောင်းအရာ တစ်ခုခုကြောင့်လား။

​အခန်း (၉၅၈) အပြင်သို့ ရောက်ရှိခြင်း

လုံချန်းသည် မနာလိုသော အကြည့်များဖြင့် တုလျန်ကို ကြည့်နေစဉ် တိုက်ခိုက်နေသူ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

​တုလျန်အား အဖွဲ့လိုက် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သူများထဲမှ ထက်ဝက်ကျော်မှာ တိုက်ပွဲမှ ထွက်ခွာသွားကြပြီး ကျန်ရစ်ကာ ဆက်လက် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြလေသည်။

​တုလျန်၏ အနီးသို့ ချဉ်းကပ်သွားသူတိုင်းမှာ မသေဆုံးမီ မိန်းမောတွေဝေသွားကြရ၏။ အဝေးမှ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သူများမှာလည်း တုလျန်သည် အနီးကပ် တိုက်ခိုက်မှုတွင် သာမက အဝေးတိုက်ခိုက်မှုတွင်လည်း ကျွမ်းကျင်ကြောင်း သိလိုက်ရချိန်တွင် အထိနာသွားကြရလေသည်။

​ပို၍ အရေးကြီးသည်မှာ သူ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းနေခြင်းပင် ဖြစ်သည်။ လေနှင်ရာ လွင့်ပါးနေသည့်အလား လှုပ်ရှားနေသော တုလျန်ကို မည်သည့် တိုက်ခိုက်မှုကမျှ မထိခိုက်နိုင်ခဲ့ဘဲ သူသည် ရန်သူများအား တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေခဲ့၏။ သူသည် တစ်နေရာမှ တစ်နေရာသို့ နေရာပြောင်းရွှေ့နေပြီး သူ၏ ဓားမှာလည်း အဆက်မပြတ် လက်ခနဲ လက်ခနဲ ဖြစ်နေလေသည်။

​'အံ့သြစရာပဲ။ ဒီလို စစ်သည်တော်မျိုးတွေလည်း ရှိတာပဲ။ ဒီလောက် ထိရောက်အောင် လူတိုင်းကို သတ်နိုင်ဖို့ဆိုတာ ငါကိုယ်တိုင်တောင် မသေချာဘူး။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက အကြိမ်ရေ သန်းပေါင်းများစွာ အသေအချာ လေ့ကျင့်ထားသလိုပဲ။ လှုပ်ရှားမှုတွေတင် မကဘူး၊ သူ့ရဲ့ တိုက်ပွဲ အာရုံခံနိုင်စွမ်းကပါ အံ့မခန်းပဲ' လုံချန်းသည် သူ၏ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်နေသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးကို ကြည့်ရင်း တွေးလိုက်မိ၏။

​အချိန်တိုအတွင်းမှာပင် အလောင်းပေါင်းများစွာမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့ပြီ ဖြစ်သည်။ အလောင်းများအားလုံးမှာ သွေးသံတရဲရဲနှင့် အသက်ကင်းမဲ့နေကြပြီ ဖြစ်၏။

​ယခုအခါ တုလျန်၏ ရှေ့တွင် အသက်ရှင်လျက် ကျန်ရစ်နေသူမှာ တစ်ယောက်တည်းသာ ရှိတော့ပြီး ထိုသူမှာ တုလျန်အား ဝိုင်းဝန်းတိုက်ခိုက်ရန် ဦးဆောင်ခဲ့သော လေဟုန် ကမ္ဘာမှ ရွှေရောင်ဆံပင်နှင့် အမျိုးသားပင် ဖြစ်ပေသည်။

​ထိုအမျိုးသားသည် လူတိုင်း သေဆုံးသွားသည်ကို ကြည့်ရင်း သူ၏ ရွေးချယ်မှုအား နောင်တရလာခဲ့၏။ သူ၏ လောဘက သူ့ကို သေမင်း၏ လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ပြီး ယခုအခါတွင်မူ သူ နောက်ဆုတ်၍ မရတော့ချေ။

​သူ အနောက်သို့ လှည့်ကြည့်လိုက်ရာ ချန်ယုနှင့် လုံချန်းတို့ နှစ်ဦး တိုက်ပွဲကို အေးအေးဆေးဆေး ထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အကယ်၍ သူ ထိုဘက်သို့ ထွက်ပြေးပါက ထိုနှစ်ဦးက သူ့ကို တားဆီးလိမ့်မည်ဟု သူ ထင်လိုက်၏။ အခြား တစ်ဖက်သို့ ပြေးရန် ကြိုးစားမည် ဆိုပါကလည်း တုလျန်က ရှိနေပြန်သည်။

​သူသည် ကျားရှေ့မှောက်၊ ဝံပုလွေ နောက်သို့ ရောက်နေသည့်အလား အကျပ်ရိုက်နေတော့၏။

​အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူသည် စွန့်စားကာ လုံချန်းတို့ ရှိရာဘက်သို့ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ သူတို့က အေးအေးဆေးဆေး ထိုင်နေကြသဖြင့် သူသာ ဂရုတစိုက် သွားမည်ဆိုပါက သူ့ကို တားဆီးရန် အခွင့်အရေး အနည်းငယ်သာ ရှိလိမ့်မည်။ သေမင်းတမန် အပြုံးဖြင့် သူ့ထံသို့ လျှောက်လာနေသော တုလျန်၏ လက်ချက်ဖြင့် သေရသည်ထက်စာလျှင်တော့ ပိုကောင်းပေလိမ့်မည်။

​သူသည် နောက်သို့လှည့်ကာ စတင် ပျံသန်းလိုက်၏။ ကံမကောင်းစွာဖြင့် သူ မှားယွင်းသွားခဲ့သည်။ အမြန်နှုန်းဖြင့် ပြေးလျှင် လွတ်မြောက်နိုင်မည်ဟု သူ ထင်ခဲ့သော်လည်း သူ၏ ထင်မြင်ချက်မှာ လုံးဝ မှားယွင်းသွားခဲ့သည်။ သူ စတင် ပျံသန်းလိုက်ချိန်မှာပင် သူ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားလေတော့သည်။ သူ၏ ကမ္ဘာကြီး မှောင်မိုက်သွားချိန်တွင် သူ့အား တကယ်တမ်း မည်သူသတ်လိုက်သည်ကိုပင် သူ မသိလိုက်ချေ။

​ဝိညာဉ်ဓား တစ်လက်သည် အလောင်း၏ အနီးတွင် ပေါ်လာပြီးနောက် ချန်ယုထံသို့ ပြန်လည် ပျံသန်းသွား၏။ ချန်ယုသည် ဝိညာဉ်ဓား၏ လက်ကိုင်ကို ဖမ်းယူလိုက်ပြီးနောက် သူမ၏ သိုလှောင်ကွင်းထဲသို့ ပြန်လည် ထည့်သွင်းလိုက်သည်။

​"နင်... နင် ငါ့ရဲ့ နောက်ဆုံး သားကောင်ကို လုသွားတယ်။ ငါ အဲဒါကို အေးအေးဆေးဆေး အဆုံးသတ်ချင်နေတာ" တုလျန်က မျက်လုံးကို ဝေ့ရမ်းရင်း အော်ပြောလိုက်၏။

​"သူက ငါ့ဆီကို လာနေတာလေ။ သူ့ကို တိုက်ခိုက်ဖို့ ငါ့မှာ အခွင့်အရေး အပြည့်ရှိတယ်" ချန်ယုက မတ်တတ်ရပ်ရင်း တုလျန်ကို ပြန်ပြောလိုက်သည်။ သူမသည် မည်သို့မျှ အရေးမကြီးသည့်အလား သန်းဝေရင်း လက်မောင်းများကို ဆန့်ထုတ်လိုက်၏။

​"ထားလိုက်တော့... နင် သူ့ကို သတ်လိုက်ပြီဆိုမှတော့ ငါလည်း ဘာမှ လုပ်လို့ မရတော့ပါဘူး။ ငါတို့မှာ အချိန် နာရီ နည်းနည်း ကျန်သေးတယ်။ ပျော်စရာ တစ်ခုခု ရမလားလို့ သူတော်စင် အဆင့် သားရဲတွေ ထပ်ရှာကြည့်ဦးမယ်။ အခုတော့ နင့်ရဲ့ လုံခြုံရေးအတွက် ငါ စိတ်ပူစရာ မလိုတော့ဘူးဆိုတာ သိလိုက်ရလို့ စိတ်အေးသွားပြီ။ ထိပ်ဆုံးအဆင့်က ငါတို့အတွက်ပါပဲ" တုလျန်က ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားပြီး သူတို့၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားလေတော့သည်။

​'အဲဒီသုံးယောက် အခုထိ ရောက်မလာသေးဘူး' လုံချန်းသည် မတ်တတ်ရပ်ရင်း တွေးလိုက်မိ၏။ မုန့်ချန်နှင့် သူ၏ အဖွဲ့ဝင်များသာလျှင် ရောက်မလာသေးခြင်း ဖြစ်သည်။ သူတို့ စိတ်မဝင်စားသည်လား။ သို့မဟုတ် တိမ်တိုက်များကို မမြင်တွေ့ခဲ့၍လား။ သူ စဉ်းစားနေမိသည်။

​သူ မသိခဲ့သည့် အချက်မှာ သူတို့ ဤနေရာသို့ လာနေစဉ် လမ်းခရီး၌ သုံးရွက်ရွှေပန်း တစ်ပွင့်ကို တွေ့ရှိခဲ့သဖြင့် ၎င်းကို ယူရန် ရပ်တန့်နေခဲ့ကြခြင်း ဖြစ်သည်။

​ထိုအချိန်တွင် သူတို့ သုံးဦးသည် သူတော်စင် အဆင့် သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေကြ၏။ ထို့ကြောင့် သူတို့ ဤနေရာသို့ ရောက်မလာသေးခြင်း ဖြစ်ပေသည်။

​သူတို့ ရောက်မလာခြင်းကို အထင်လွဲကာ နောက်ထပ် ရက်အနည်းငယ် ထပ်စောင့်နေလျှင်လည်း သူတို့ ရောက်လာမည် မဟုတ်ဟု လုံချန်းက ယူဆလိုက်သည်။ သူတို့ကို ရှာတွေ့မည် မဟုတ်တော့သဖြင့် အဆင့်ကောင်းကောင်း ရရန် နောက်ထပ် ပန်းများကို ရှာဖွေရာတွင် အချိန်ကုန်ဆုံးရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူသာ ကံကောင်းပါက လမ်းခရီးတွင် ကျီရှန်နှင့်ပင် ပြန်လည် ဆုံတွေ့နိုင်ပေသေးသည်။

​သူ စတင် လျှောက်လှမ်းသွားလိုက်သည်။ ထွက်ခွာလာစဉ် သူ၏ အနောက်မှ ခြေသံများကို သူ ကြားလိုက်ရ၏။

​"အခု ဘာလို့ ငါ့နောက်ကို လိုက်လာတာလဲ" သူက နောက်သို့ မလှည့်ကြည့်ဘဲ မေးလိုက်သည်။

​"ငါတို့ ပြောစရာရှိတာတွေ ပြီးသွားပြီ မဟုတ်ဘူးလား" သူက ထပ်မံ မေးမြန်းလိုက်၏။ "နင်တို့ အင်ပါယာ ထိပ်ဆုံးအဆင့် ရအောင် ငါ ကူညီပေးမယ်။ ပြီးရင် နင်တို့ အင်ပါယာ ရောက်တဲ့အခါ နင်နဲ့ တိုက်ခိုက်ပေးမယ်။ အဲဒီအတွက် နင်က ငါ့ကို ဖွင့်မချရဘူးလေ။ ဒါဆို ဘာလို့ အခု ငါ့နောက် လိုက်လာရတာလဲ"

​"နင်က ဘာကို စိတ်ပူနေတာလဲ။ ငါက နင် ထွက်ပြေးမသွားအောင် သေချာအောင် လုပ်နေရုံပါပဲ။ ငါ ဘာကိုမှ ဝင်မစွက်ဖက်ပါဘူး။ ငါ့ကို လေတစ်ဖြူးလိုပဲ သဘောထားလိုက်ပါ" ချန်ယုက လုံချန်းအား ပြန်ဖြေလိုက်၏။ သူမသည် သူ့နောက်သို့ လိုက်နေခြင်းကို မရပ်တန့်ခဲ့ချေ။

​"ဟက်... နင့်မှာ နည်းနည်းလေးတောင် ယုံကြည်မှု မရှိဘူးပဲ။ ကောင်းပြီလေ။ ငါ့ရဲ့ အရိပ်ပဲ လုပ်နေတော့။ ငါ ဂရုမစိုက်ဘူး" လုံချန်းက မျက်လုံးကို ဝေ့ရမ်းရင်း ပြန်ပြောလိုက်သည်။

​ထိုနေ့၏ ကျန်ရှိနေသော အချိန်များတွင် သူသည် တောအုပ်ထဲ၌ လျှောက်လှမ်းနေခဲ့၏။ ဤခရီးစဉ်တွင် သူသည် သားရဲအနည်းငယ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့သည်။ ကံမကောင်းစွာဖြင့် သုံးရွက်ရွှေပန်း တစ်ပွင့်ကိုမျှ သူ ရှာမတွေ့ခဲ့ချေ။

​သူသည် ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်ကာ အနားယူရန် အသွားတွင် အဝေးမှ တောက်ပနေသော အရာတစ်ခုကို သတိပြုမိလိုက်၏။ ၎င်းမှာ ရွှေရောင်ပန်း တစ်ပွင့်ဖြစ်ပြီး အံ့သြစရာကောင်းသည်မှာ ၎င်းကို စောင့်ကြပ်နေသော သူတော်စင်အဆင့် သားရဲ မရှိခြင်းပင် ဖြစ်သည်။ သူသည် မတ်တတ်ရပ်ကာ ထိုပန်းရှိရာသို့ လျှောက်သွားလိုက်သည်။

​ပန်းကို ခူးယူရန် သူ သွားကိုင်လိုက်ချိန်မှာပင် ကမ္ဘာကြီး တစ်ခုလုံး ဝေဝါးသွားတော့သည်။ အရာအားလုံး အဖြူရောင် အဖြစ်သို့ ပြောင်းလဲသွား၏။

​စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် အလင်းရောင်များ ပျောက်ကွယ်သွားလေသည်။ လုံချန်းသည် တော်ဝင်နန်းတော်ထဲသို့ ပြန်လည် ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ၏ အနီးတွင် ချန်ယုကို တွေ့လိုက်ရသည်။

​တုလျန်မှာလည်း အကွာအဝေး တစ်ခုတွင် ရပ်နေ၏။ ပင်းလွီနှင့် သူမ၏ အဖွဲ့၊ ထို့ပြင် အခြား အဖွဲ့အချို့လည်း ဤနေရာတွင် ရှိနေကြပေသည်။

​"ပြန်လည် ကြိုဆိုပါတယ်။ အထူးကမ္ဘာထဲမှာ မင်းတို့ရဲ့ အချိန် ကုန်ဆုံးသွားပါပြီ။ အချို့ကတော့ အထူးကမ္ဘာထဲကနေ ရုတ်တရက် အထုတ်ခံလိုက်ရလို့ ဇဝေဇဝါ ဖြစ်နေကြဦးမယ်။ ဒါပေမဲ့ မင်းတို့ အားလုံး တော်ဝင်နန်းတော်ကို ပြန်ရောက်နေကြပါပြီ။ ပြိုင်ပွဲ ပြီးဆုံးသွားပါပြီ"

​အမျိုးသားတစ်ဦး၏ အသံက အားလုံး၏ နားထဲသို့ ဝင်ရောက်လာရာ လုံချန်းလည်း မည်သို့ ဖြစ်ပျက်သွားသည်ကို နားလည်သွားခဲ့လေသည်။

​"မင်းတို့ ဘာမှ ပြောစရာ မလိုပါဘူး။ မင်းတို့ရဲ့ တံဆိပ်တွေကြောင့် ရမှတ်တွေက ငါတို့ အားလုံးရဲ့ ရှေ့မှာ ရောက်နေပါပြီ" ဧကရာဇ်က အားလုံးကို ထပ်မံ အသိပေးလိုက်၏။

​"မင်းတို့ ကမ္ဘာကလည်း မင်းတို့ရဲ့ ရမှတ်တွေကို သိနေကြပါပြီ။ ကိုယ်တိုင် ကြည့်ချင်တယ်ဆိုရင်တော့ ဘယ်ဘက်ကို လှည့်ကြည့်နိုင်ပါတယ်" မုန့် ဧကရာဇ်က မြေပြင်မှ လက်မအနည်းငယ်ခန့် အကွာတွင် လေထဲ၌ ပေါ်နေသော မှန်တစ်ချပ်ကို လက်ညှိုးထိုးပြရင်း အားလုံးကို အသိပေးလိုက်သည်။

​"ဘာ... ပြိုင်ပွဲဝင် ဒီလောက် နည်းနည်းလေးပဲ အသက်ရှင်ကျန်ရစ်တာလား" မုန့်ဟူလင်က ရမှတ်များကို ကြည့်ရင်း အံ့သြတကြီး အာမေဍိတ်သံ ပြုလိုက်၏။ ပြိုင်ပွဲဝင် အယောက် ၆၀ ရှိခဲ့ပေသည်။

​ထိုအယောက် ၆၀ အနက် ၂၀ သာ အသက်ရှင် ကျန်ရစ်တော့၏။ ရမှတ်စာရင်းတွင် အမည် ၆၀ လုံး ပါဝင်သော်လည်း လူ ၂၀ သာ ဤနေရာတွင် ရှိနေခြင်းက ရိုးရှင်းပုံရသော ဤပြိုင်ပွဲသည် မည်မျှ အန္တရာယ်ကြီးမားကြောင်း သက်သေပြနေပေသည်။

​သူ မသိခဲ့သည့် အချက်မှာ ထိုသို့ ဖြစ်ရခြင်းမှာ အများအားဖြင့် တုလျန်နှင့် သူ၏ ရွှေရောင်ပန်းများကို လုယူရန် ကြိုးစားခဲ့ကြသော တိုက်ပွဲကြောင့်ပင် ဖြစ်ပေသည်။

​"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ လူတွေ အခုထိ ပြန်မရောက်လာကြသေးဘူး။ ဘာဖြစ်တာလဲ"

​အမှောင်ကမ္ဘာမှ အစောင့်အရှောက်သည် နင်နှင့် အခြားသူများကို ရှာမတွေ့သဖြင့် အော်ဟစ်လိုက်၏။

​သူက မုန့် ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။

​"မင်းတို့ရဲ့ အထူးကမ္ဘာ တစ်ခုခု မှားယွင်းနေပြီ။ နင်နဲ့ တခြားသူတွေ အခုထိ ပြန်မရောက်လာသေးဘူး။ အထူးကမ္ဘာကို ပြန်ဖွင့်ပေး။ သူတို့ကို ငါ ပြန်ခေါ်လာရမယ်" သူက အော်ဟစ်လိုက်လေသည်။

​မုန့် ဧကရာဇ်က ခေါင်းခါရင်း ပြန်ဖြေလိုက်၏။ "အသက်ရှင်နေတဲ့သူတွေ အားလုံး ဒီမှာ ရောက်နေပါပြီ။ ဒီမှာ မရှိတဲ့သူတွေကတော့ သေချာပေါက် သေဆုံးသွားကြပါပြီ"

​"မင်း နောက်နေတာလား။ ငါ ယုံမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား။ ဒီမှာ သူတို့ကို သတ်နိုင်တဲ့ စွမ်းရည်ရှိတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူတို့ အထဲမှာ အသက်ရှင်နေသေးတာ သေချာတယ်"

​"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ သူတို့ အသက်မရှင်တော့ပါဘူး" မုန့် ဧကရာဇ်က ပြန်ဖြေလိုက်သည်။

​"သူတို့ကို သတ်နိုင်တဲ့ စွမ်းရည်နဲ့ ပတ်သက်လို့တော့ ငါ ပြောပြီးသားပါ။ ဒီနေရာမှာ သူတော်စင် အဆင့် သားရဲတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ မောက်မာမှုက သူတို့ရဲ့ ကျဆုံးခြင်း ဖြစ်သွားတာ ဖြစ်နိုင်သလို ဒီမှာ အသက်ရှင်နေသေးတဲ့ သူတစ်ယောက်ယောက်ကများ သတ်လိုက်တာလား ဆိုတာတော့ မပြောတတ်ဘူး" သူက ဆက်ပြောလိုက်၏။ ထိုသို့ ပြောလိုက်စဉ် သူ၏ အကြည့်များက တုလျန်ထံသို့ ကျရောက်သွားသည်။

​ဧကရာဇ် မည်သည်ကို ဆိုလိုချင်သည်အား တုလျန် နားလည်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

​"ကျွန်တော်သာ သတ်ခဲ့ရရင် သိပ်ကောင်းမှာပဲ။ ကံမကောင်းစွာနဲ့ ကျွန်တော် သူတို့နဲ့ တွေ့ဖို့ အခွင့်အရေးတောင် မရလိုက်ပါဘူး။ သူတို့ကို သတ်ခဲ့ရတဲ့သူက ကျွန်တော် မဟုတ်ခဲ့တာကိုပဲ ကျွန်တော် ကံမကောင်းဘူးလို့ တွေးမိပါတယ်" သူက ဆိုလိုက်သည်။

​"ဒီထဲက တခြား တစ်ယောက်ယောက်ကများ သူတို့ကို သတ်ခဲ့တာလား" မုန့် ဧကရာဇ်က မေးမြန်းလိုက်၏။

​အားလုံးက ခေါင်းခါပြလိုက်ကြသည်။

​"ဒါဆို သူတော်စင်အဆင့် သားရဲ တစ်ကောင်က သတ်တာပဲ ဖြစ်ရမယ်" ဧကရာဇ်က ခေါင်းညိတ်ရင်း တီးတိုး ရေရွတ်လိုက်၏။

​သူသည် အမှောင်ကမ္ဘာ၏ အစောင့်အရှောက်ကို ပြန်လည် ကြည့်ရှုလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် သူတို့ သေဆုံးသွားကြပါပြီ။ သတိမထားခဲ့တဲ့ သူတို့ကိုယ် သူတို့ပဲ အပြစ်တင်ရမှာပေါ့။ ဒီမှာ ပါဝင်ယှဉ်ပြိုင်တဲ့ သူတိုင်းက အတူတူ တူညီတဲ့ အန္တရာယ်ကို ရင်ဆိုင်ခဲ့ကြရတာပါပဲ"

All Chapters