အခန်း (၉၅၉-၉၆၀)
Vol. 93 Ch. 959-960
အခန်း (၉၅၉) ထွက်ခွာခြင်း
"ပြိုင်ပွဲထဲမှာ သေဆုံးသွားခဲ့ရင် ကိုယ့်ရဲ့ ကျရှုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လို့ ရမယ်။ တခြား ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး" ဧကရာဇ်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းရင်း ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲကတော့ ပြီးဆုံးသွားပြီ။ ရမှတ်တွေကလည်း အားလုံးရဲ့ ရှေ့မှာ ရောက်နေပြီ" သူက ဆက်ပြောလေသည်။
"ပထမနေရာနဲ့ ထိပ်ဆုံးအဆင့်ကို ရရှိသွားတာကတော့ တုလျန် ဖြစ်တယ်။ သူက ရွှေရောင်ပန်း နှစ်ပွင့်၊ သူတော်စင်အဆင့် သားရဲ နှစ်ကောင်နဲ့ သာမန်သားရဲ ၇၅ ကောင်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ ပြိုင်ဘက်တွေကို သတ်ဖြတ်နိုင်ခဲ့တဲ့ အတွက်လည်း အပိုဆုကြေး အမှတ်တွေ ရခဲ့တယ်" ဧကရာဇ်သည် မှန်ပြင်ကို ကြည့်ရင်း ကြေညာလိုက်၏။
"ဒုတိယ နေရာကတော့ ငါ့သား မုန့်ချန်ပဲ။ သူက ရွှေရောင်ပန်း နှစ်ပွင့်၊ သူတော်စင်အဆင့် သားရဲ နှစ်ကောင်နဲ့ သာမန်သားရဲ ၁၇ ကောင်ကို သတ်ဖြတ်နိုင်ခဲ့တယ်"
"တတိယ နေရာက ရွှေရောင်ပန်း တစ်ပွင့်နဲ့ ဖေကျန်..."
"စတုတ္ထ နေရာက ချန်ယု..."
"ပဉ္စမက မုန့်ဟူလင်..."
လူတိုင်း မြင်တွေ့နေရပြီ ဖြစ်သော်လည်း ဧကရာဇ်သည် ထိပ်ဆုံး ဆယ်ဦး၏ အမည်စာရင်းကို ဆက်လက် ကြေညာလိုက်လေသည်။
"ရမှတ်စာရင်းတွေအရ အားလုံး အတည်ဖြစ်သွားပြီ။ နောက်တစ်ဆင့်ကို ဖုန်းရှု ကမ္ဘာမှာ ကျင်းပလိမ့်မယ်။ ရွေးချယ်ခံရသူတွေ အားလုံး ကံကောင်းကြပါစေ။ မင်းတို့ အနေနဲ့ ဒီမှာ နောက်ထပ် နှစ်ရက်လောက် ဆက်နေလို့ ရသလို အခုချက်ချင်း ဖုန်းရှုကို ထွက်သွားလို့လည်း ရတယ်။ ကျရှုံးသွားတဲ့ သူတွေကတော့ ကိုယ့်ကမ္ဘာကိုယ် ပြန်နိုင်ကြပြီ" ဧကရာဇ်သည် ခန်းမအတွင်းရှိ လူများကို အကဲခတ်ရင်း အသိပေးလိုက်၏။
ကြေညာခြင်း ကိစ္စများ ပြီးဆုံးသွားပြီးနောက် သူသည် ကျီရှန် ရှိရာသို့ လျှောက်သွားလိုက်သည်။
"မင်းတို့ သုံးယောက်... ငါ့နောက်ကို လိုက်ခဲ့ကြ" သူက ကျီရှန်နှင့် သူ၏ သားများကို ပြောလိုက်ပြီးနောက် လှည့်ကာ ထွက်ခွာသွားလေသည်။
လုံချန်းသည် ကျီရှန် ထွက်သွားသည်ကိုသာ ငေးကြည့်နေခဲ့၏။ သူ့ကို တားဆီးရန် မကြိုးစားခဲ့ချေ။
ကျီရှန် ဤနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်နေသနည်း ဆိုသည်ကို သူ နားမလည်နိုင်သေးပေ။ သူ မည်သည်များ ဖြစ်ခဲ့သနည်း။ ဧကရာဇ်ကရော သူ့ကို အဘယ်ကြောင့် ဤနေရာသို့ စေလွှတ်လိုက်ရသနည်း။
မည်သို့ပင် ဖြစ်စေကာမူ ယခုအချိန်တွင် မည်သည်မျှ မလုပ်ဘဲ နေသည်ကသာ အကောင်းဆုံး ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
အကယ်၍ သူသာ ယခုအချိန်တွင် ကျီရှန်ကို တားဆီးလိုက်ပါက အရာအားလုံး အန္တရာယ် ရှိသွားနိုင်ပေသည်။ သူ့ကို မတားဆီးလိုက်သဖြင့် ကျီရှန်၊ မုန့်ချန်နှင့် မုန့်ဟူလင်တို့သည် ဒုတိယအဆင့် ပြိုင်ပွဲအတွက် ဖုန်းရှုသို့ သူတို့နှင့်အတူ လိုက်ပါလာကြမည် ဖြစ်သည်။
ထိုနေရာသည် သူ၏ အခွင့်အရေး ပိုမို ကောင်းမွန်နိုင်မည့် နေရာတစ်ခု ဖြစ်ပေသည်။ မုန့် ဧကရာဇ် ထိုနေရာတွင် ရှိမည် မဟုတ်ချေ။ ထို့ပြင် သူသည်လည်း အလိုရှိနေသော တရားခံ တစ်ယောက် ဖြစ်နေတော့မည် မဟုတ်ပေ။ ထိုမျှမက သူသည် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရရှိပေလိမ့်မည်။
အရာအားလုံးကို သူ လုပ်ဆောင်နိုင်စွမ်း ရှိလာမည် ဖြစ်၏။
"ကျွန်တော်တို့ သွားကြတော့မလား" တုလျန်နှင့်အတူ ရှိနေသော အစောင့်အရှောက်က မေးလိုက်သည်။
"အင်း... ပျော်စရာတွေက ပြီးဆုံးသွားပြီပဲ။ သွားကြတာပေါ့" တုလျန်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။
ထိုအစောင့်အရှောက်သည် တုလျန်၏ အင်ပါယာမှ ဖြစ်လောက်မည်ဟု လုံချန်း ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် သူက ချန်ယုထံမှ ခွင့်ပြုချက် မတောင်းခံခဲ့ခြင်း ဖြစ်ပေမည်။ လုံချန်းကိုမူ ထိုအစောင့်အရှောက်က အဖက်လုပ်၍ပင် မကြည့်ခဲ့ချေ။
လူအများအပြားမှာ စတင် ထွက်ခွာသွားကြလေပြီ။ အဆင့်ကောင်းကောင်းဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရရှိသွားသူများမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး ကျရှုံးသွားသူများမှာမူ စိတ်ပျက်နေကြ၏။
"ဒါ တကယ့်ကို မိုက်မဲလွန်းတယ်။ အဆင့်မြင့်တဲ့ သူတွေက အသက်ရှင်လျက်တောင် မနေတော့ဘူး။ ဘာလို့ သူတို့က နေရာရပြီး ငါတို့က ဖယ်ရှားခံရတာလဲ"
ပြိုင်ပွဲဝင် အချို့က စတင် ညည်းညူလာကြသည်။ လူထက်ဝက်ကျော်ခန့်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မသေဆုံးမီ သူတို့ ရရှိထားသော ရမှတ်များမှာ အတည်ဖြစ်နေဆဲပင်။ ထို့ကြောင့် သူတို့၏ အဆင့်များမှာလည်း မပြောင်းလဲဘဲ ကျန်ရှိနေခဲ့၏။
အရည်အချင်း ပြည့်မီသူများ စာရင်းတွင် ပါဝင်နေသော အမည်များစွာမှာ သေဆုံးပြီးသား သူများ ဖြစ်နေကြပေသည်။
သုံးလောက အင်ပါယာမှ ဝန်ကြီးတစ်ဦးမှာ ဤနေရာတွင် ကျန်ရစ်နေခဲ့၏။ သူသည် အဆိုပါ ကိစ္စကို ပိုမို ထောက်ပြလာကြသော လူများ၏ မကျေနပ်သံများကို ကြားလိုက်ရလေသည်။
သူက နှုတ်ခမ်းဟကာ စတင် ရှင်းလင်း ပြောကြားလိုက်၏။
"ဒီအတွက် ငါတို့ ဘာမှ လုပ်ပေးလို့ မရဘူး။ အဆင့်တွေကပဲ နောက်တစ်ဆင့်မှာ ပါဝင်မယ့်သူတွေကို ရွေးချယ်ပေးသွားတာပဲ။ သူတို့ သေဆုံးသွားခဲ့ရင်တောင် ငါတို့ ဘာမှ ပြောင်းလဲလို့ မရဘူး။ ဒါက နောက်တစ်ဆင့် ပြိုင်ပွဲမှာ ပါဝင်မယ့်သူ အရေအတွက် ပိုနည်းသွားမယ်လို့ပဲ အဓိပ္ပာယ်ရတယ်။ သူတို့ သေဆုံးသွားတာက မင်းတို့ အောင်မြင်သွားတာမှ မဟုတ်တာ"
"ဒါ မှန်တယ်။ တကယ်လို့ မင်းတို့သာ မင်းတို့ရဲ့ အဆင့်ကြောင့် ရွေးချယ်ခံရပြီး မနက်ဖြန်မှာ သေဆုံးသွားခဲ့မယ် ဆိုပါစို့။ ဒါဆို မင်းတို့ရဲ့ နေရာကို တခြား တစ်ယောက်ယောက်ကို ပေးရမယ်လို့ ဆိုလိုတာလား။ အဲဒီလိုဆို ဒုတိယအဆင့်မှာ နေရာရဖို့အတွက် လူတွေက အရွေးချယ်ခံထားရတဲ့ သူတွေကို လိုက်သတ်ကြတော့မှာပေါ့။ ဒါကြောင့်ပဲ ငါတို့ရဲ့ ခေါင်းဆောင်တွေနဲ့ မင်းတို့ရဲ့ ခေါင်းဆောင်တွေက ဒီလို ဆုံးဖြတ်ခဲ့ကြတာ" သူက ဆက်ပြောလေသည်။
"ဒါ ယုတ္တိတော့ ရှိပါတယ်။ ဒါပေမဲ့ နောက်တစ်ဆင့်မှာ လူ ၉ ယောက်ပဲ ပါဝင်တော့မယ်လို့ ဆိုလိုတာလား။ လူ ၉ ယောက်တည်းကပဲ အရာအားလုံးကို ဆုံးဖြတ်တော့မှာလား" လက်မခံချင်သေးသော လူငယ်တစ်ဦးက မေးလိုက်၏။
"ငါတို့ ဘာမှ တတ်နိုင်တာ မဟုတ်ဘူး။ မင်းတို့မှာ မကျေနပ်ချက်တွေ ရှိနေသေးရင် ပြန်ရောက်တဲ့အခါ မင်းတို့ရဲ့ အုပ်ချုပ်သူတွေကို သွားတိုင်ကြားနိုင်တယ်။ ဒါက သူတို့ ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲလေ" ဝန်ကြီးက တာဝန်အားလုံးကို ခေါင်းဆောင်များထံသို့ လွှဲချကာ ဖြေကြားလိုက်သည်။
သူသည်လည်း နောက်သို့လှည့်ကာ ထွက်ခွာသွားလေတော့သည်။
နောက်တစ်ဆင့်အတွက် အဆင့်ကောင်းကောင်း ရရန် အခွင့်အရေး မရှိတော့သည်ကို မြင်သောအခါ လူငယ်များလည်း စတင် ထွက်ခွာသွားကြ၏။ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။ သူတို့အနေဖြင့် ပြန်ရောက်သောအခါ အုပ်ချုပ်သူများကို တိုင်ကြားရန်သာ ရှိတော့သည်။
တုလျန်သည်လည်း လုံချန်း၊ ချန်ယုတို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူတို့သည် ဤနေရာတွင် ဆက်မနေရန် ဆုံးဖြတ်လိုက်ကြပြီး ချက်ချင်းပင် ထွက်လာခဲ့ကြ၏။
သူတို့သည် တော်ဝင်နန်းတော်၏ အတွင်းပိုင်း အထူး ရွှေ့ပြောင်း ဝင်ပေါက် ရှိရာသို့ တိုက်ရိုက် လျှောက်သွားလိုက်ကြသည်။ ၎င်းမှာ သူတို့ ရောက်ရှိလာစဉ်က အသုံးပြုခဲ့သော ဝင်ပေါက်ပင် ဖြစ်၏။ လမ်းတစ်လျှောက်တွင် လုံခြုံရေးမှာ အလွန် တင်းကျပ်လွန်းသဖြင့် လုံချန်းပင် အံ့အားသင့်သွားရသည်။ အခွင့်အာဏာ မရှိသဖြင့် နန်းတော်၏ ဤအပိုင်းသို့ သူ တစ်ခါမျှ မရောက်ဖူးခဲ့ချေ။
ယခုမူ သူသည် တုလျန်၊ ချန်ယုတို့နှင့်အတူ ရှိနေသဖြင့် အလွယ်တကူ ဝင်ရောက်နိုင်ခဲ့၏။
သူတို့သည် သက်လတ်ပိုင်း အစောင့်နှစ်ဦး စောင့်ကြပ်နေသော ရွှေရောင် တံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိသွားကြသည်။ အစောင့်များက သူတို့ကို မတားဆီးခဲ့ချေ။ ယင်းအစား သူတို့သည် အထူး သော့တစ်ချောင်းကို အသုံးပြု၍ ရွှေရောင် တံခါးများအား ဖွင့်ပေးကာ ဘေးသို့ ဖယ်ပေးလိုက်ကြ၏။
တံခါးပွင့်သွားသောအခါ အတွင်းဘက်ရှိ အခန်းငယ်တစ်ခန်းကို မြင်တွေ့လိုက်ရသည်။ ထိုအခန်းမှာ လူ ဆယ်ဂဏန်းခန့်သာ ဝင်ဆံ့နိုင်လောက်အောင် ကျယ်ဝန်း၏။ မြေပြင်တွင် သွေးကဲ့သို့သော အရာများ၊ အရည်ပျော်နေသော ရွှေများနှင့် ရေးဆွဲထားသည့် ဧရာမ အစီအရင် တစ်ခု ရှိနေလေသည်။
လုံချန်းသည် အခန်းတွင်းသို့ မဝင်ရောက်မီ ပတ်ဝန်းကျင်ကို နောက်ဆုံးအကြိမ် ဝေ့ဝဲကြည့်လိုက်သည်။
'ဒီနေရာကနေ ထွက်သွားရမယ့် အချိန် ရောက်ပြီ။ ဒါပေမဲ့ ငါ ပြန်လာခဲ့မယ်' သူသည် လက်သီးကို ဆုပ်ကာ တွေးလိုက်ပြီးနောက် ချန်ယု၏ အနီးရှိ အစီအရင်ပေါ်သို့ လှမ်းတက်လိုက်၏။
"အဆင်သင့်ပဲလား" အစောင့်အရှောက်က အားလုံးကို မေးလိုက်သည်။
"အဆင်သင့်ပဲ"
အစောင့်အရှောက်သည် စကားလုံး အချို့ကို စတင် ရွတ်ဆိုလိုက်၏။ လုံချန်းသည် ထိုစကားလုံးများကို အတိအကျ မှတ်မိနိုင်ရန် ကြိုးစားလိုက်သည်။ ရွတ်ဆိုသံများ ပြီးဆုံးသွားပြီးနောက် အစီအရင်မှာ ဖြည်းညင်းစွာ စတင် တောက်ပလာခဲ့သည်။ ၎င်းသည် ပို၍ ပို၍ တောက်ပလာပြီးနောက် ရပ်တန့်သွားလေသည်။
အခန်း အပါအဝင် အရာအားလုံးမှာ ယခင်အတိုင်း ရှိနေသည်ဟု ထင်ရသော်လည်း သူတို့ နေရာရွှေ့ပြောင်းပြီးသွားပြီ ဖြစ်ကြောင်း လုံချန်း သတိပြုမိလိုက်၏။ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်မှာ ကွာခြားနေသယောင် ရှိသည်။ ပို၍ သိပ်သည်းနေခြင်း၊ ပို၍ သန့်စင်နေခြင်းမျိုး မဟုတ်ဘဲ ၎င်း၏ အနှစ်သာရ သဘာဝကိုယ်တိုင်က ကွဲပြားနေခြင်း ဖြစ်လေသည်။
လုံချန်းသည် ချန်ယု၏ အနီးတွင် ကပ်၍ ရပ်နေလိုက်၏။ သူ့အကြောင်းကို သိရှိသူမှာ သူမ တစ်ယောက်တည်းသာ ရှိပေသည်။ ထို့ပြင် သူမသည် သူ တိုက်ခိုက်ရမည့်သူလည်း ဖြစ်နေ၏။ ထိုအချိန် မရောက်မချင်း သူ့အတွက် မည်သည့် အန္တရာယ်မှ မရှိနိုင်ဟု သူ ခံစားရသည်။
တိုက်ပွဲနှင့် ပတ်သက်၍လည်း သူသည် မိမိကိုယ်မိမိ ယုံကြည်မှု ရှိသဖြင့် ကြောက်ရွံ့နေခြင်း မရှိချေ။ ၎င်းမှာ သေခြင်းရှင်ခြင်းအတွက် တိုက်ခိုက်ရမည့် တိုက်ပွဲမျိုးလည်း မဟုတ်ပေ။
အခန်း (၉၆၀) အကျပ်ကိုင်ခံရခြင်း
လုံချန်းသည် ချန်ယုနှင့် တိုက်ခိုက်မည်ဟု ကတိပေးထားခဲ့ရာ မထွက်ခွာမီ ထိုကတိကို တည်အောင် လုပ်ဆောင်မည် ဖြစ်သည်။
သူသည် အစီအစဉ် တစ်ခုလုံးကို ရေးဆွဲထားပြီး ဖြစ်၏။ ဒုတိယအဆင့် ပြိုင်ပွဲတွင် သူ မပါဝင်လိုတော့ချေ။ ချန်ယုအား တိုက်ခိုက်မည်ဆိုသော ကတိကို ဖြည့်ဆည်းပြီးသည်နှင့် တစ်ပြိုင်နက် သူ ထွက်ခွာတော့မည် ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကြယ်တာရာ အင်ပါယာ၌ မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကို သူ ကိုယ်တိုင် လွတ်လပ်စွာ စုံစမ်းထောက်လှမ်းမည် ဖြစ်သည်။ အကယ်၍ အခြေအနေများမှာ ဆိုးရွားလွန်းခြင်း မရှိပါက ဖေကျန်၏ သစ္စာဖောက်မှုနှင့် သူ၏ အကြံအစည်များကို ချန်ယုအား ဖွင့်ဟပြောပြကာ သူမ၏ အကူအညီကို ရယူမည်ဟု သူ တွေးထားလေသည်။
တုလျန်မှာ ပထမဆုံး ထွက်ခွာသွားသူ ဖြစ်သည်။ ချန်ယုသည် တုလျန်၏ အနောက်မှ လိုက်ပါသွားစဉ် လုံချန်း၏ အနီးသို့ တိုးကပ်လာခဲ့၏။
သူမ တဖြည်းဖြည်း တိုးကပ်လာသည်ကို လုံချန်း စောင့်ကြည့်နေလိုက်သည်။ သူမ၏ ဆွဲဆောင်မှု ရှိသော နှုတ်ခမ်းအစုံသည် သူ၏ ပါးပြင်အနီးသို့ ရောက်ရှိလာသည်ကို သူ မြင်လိုက်ရ၏။ ကံမကောင်းစွာဖြင့် ၎င်းမှာ နမ်းရှိုက်ရန် မဟုတ်ခဲ့ချေ။ သူမ၏ နှုတ်ခမ်းများသည် သူ၏ နားရွက်အနီးသို့သာ ရောက်ရှိလာခြင်း ဖြစ်သည်။
"နင့်ကို သုံးလောက အင်ပါယာကို ခေါ်သွားဖို့ ဖေကျန်ရဲ့ တမန်တော်က အပြင်မှာ စောင့်နေလိမ့်မယ်။ ငါ့ရဲ့ ချန်တီ အင်ပါယာကို အလည်အပတ် လိုက်သွားချင်တယ်လို့သာ သူ့ကို ပြောလိုက်။ နင် ငါ့ကို တိုက်ပွဲတစ်ပွဲ အကြွေးတင်နေသေးတယ်။ အဲဒီတိုက်ပွဲကို ချန်တီမှာ ငါတို့ ဆင်နွှဲကြမယ်။ တကယ်လို့ ငါပြောတဲ့အတိုင်းသာ နင် မလုပ်ဘူးဆိုရင် ဘာဖြစ်သွားမလဲဆိုတာ နင့်ဟာနင် တွေးကြည့်လို့ ရတယ်" သူမက သူ၏ နားထဲသို့ တီးတိုး ဆိုလိုက်၏။
လုံချန်းသည် ပြန်မဖြေဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ သူသည်လည်း သုံးလောက အင်ပါယာသို့ သွားရန် စိတ်ဝင်စားခြင်း မရှိပေ။ အထူးသဖြင့် သူတို့၏ မင်းသားကို သတ်ဖြတ်ခဲ့သူမှာ သူကိုယ်တိုင် ဖြစ်နေသည့်အတွက် ရန်သူ့တွင်းထဲသို့ သွားရောက်ရန် ဆန္ဒမရှိခြင်း ဖြစ်၏။
သူတို့ သုံးဦးသည် တော်ဝင်နန်းတော်၏ ပလ္လင်တော်ခန်းမဟု ထင်ရသော နေရာသို့ ဝင်ရောက်လာခဲ့ကြသည်။
ခန်းမအတွင်းရှိ ရာဇပလ္လင်ပေါ်တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေ၏။ ခန်းမ၏ တစ်ဖက်တစ်ချက်စီတွင်မူ စစ်သူကြီးများနှင့် ဝန်ကြီးများ ထိုင်ရန် နေရာ နှစ်တန်း ရှိနေလေသည်။
"အရှင်မင်းသား... ပြန်လည် ကြိုဆိုပါတယ်။ ထိပ်ဆုံးအဆင့် ရရှိခဲ့တဲ့အတွက်လည်း ဂုဏ်ယူပါတယ်"
"ကျွန်တော်တို့ ဘယ်လောက်တောင် ဂုဏ်ယူဝမ်းမြောက်ဖြစ်ရတယ် ဆိုတာကို စကားနဲ့တောင် ဖော်ပြလို့ မရပါဘူး။ အရှင်မင်းသားရဲ့ အောင်မြင်မှုအတွက် အင်ပါယာ တစ်ခုလုံးက အောင်ပွဲခံနေကြပါတယ်"
မတ်တတ်ရပ်ကာ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ကြိုဆို ချီးမွမ်းနေကြသော ဝန်ကြီးများ၏ စကားများကို ကြားသောအခါ တုလျန်၏ မျက်နှာမှာ မသာမယာ ဖြစ်သွားခဲ့၏။
"ဒီကိစ္စကို အင်ပါယာ တစ်ခုလုံး သိအောင် ခင်ဗျားတို့ ဖြန့်လိုက်ပြီးပြီလား" သူက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"အဲဒါက..." သတင်းဖြန့်ခဲ့သော ဝန်ကြီးမှာ မျက်နှာပူသွားပြီး မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။ သူ့တွင် ရှင်းပြစရာ အကြောင်းပြချက် ရှိပေသည်။ ဤသို့ လုပ်ဆောင်ရန် သူ့အား အမိန့်ပေးခဲ့သူမှာ ဧကရာဇ် ကိုယ်တိုင်ပင် ဖြစ်၏။ ကံမကောင်းစွာဖြင့် သူသည် ဧကရာဇ်ကို အပြစ်လွှဲချ၍ မရနိုင်ပေ။
"ဟား ဟား ဟား... လျန်အာ။ ဝန်ကြီး ဟူကို ခွင့်လွှတ်လိုက်ပါ။ သူက အရမ်း ဝမ်းသာ စိတ်လှုပ်ရှားသွားတာနဲ့ မင်းရဲ့ အောင်မြင်မှုတွေကို အင်ပါယာမှာ သတင်းဖြန့်တာကို မင်း မကြိုက်ဘူးဆိုတာကို မေ့သွားလို့ပါ။ သူ နည်းနည်း စိတ်လှုပ်ရှားလွန်းသွားလို့ လုပ်လိုက်မိတာပါ" ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်က ရွှင်မြူးစွာ ရယ်မောရင်း ဝင်ရောက် ဖြန်ဖြေပေးလိုက်၏။
သုံးလောက ဧကရာဇ်နှင့် မတူဘဲ ထိုဧကရာဇ်သည် လူကောင်းတစ်ယောက် ဖြစ်ပုံရသည်။ သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ဟန်ဆောင်မှုကင်းမဲ့နေ၏။ သူသည် အမြဲတမ်း မျက်နှာထား တင်းမာနေတတ်သူမျိုး မဟုတ်ပေ။ ယင်းအစား သူသည် အင်ပါယာများကို သိမ်းပိုက်ရန် ကြိုးစားခြင်းထက် သားဖြစ်သူကို အလိုလိုက် အကြိုက်ဆောင်ရန် ပို၍ နှစ်သက်မည့်သူနှင့် တူနေလေသည်။
"ခမည်းတော်... ဒီကိစ္စတွေရဲ့ နောက်ကွယ်က လူဟာ ခမည်းတော်ပဲ ဆိုတာကို သားတော် မသိဘူးလို့ တကယ်ပဲ ထင်နေတာလား။ ခမည်းတော် ဘယ်တော့မှများ မှတ်မှာလဲ" တုလျန်၏ အမူအရာမှာ ဧကရာဇ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူသည် အဆော့မက်သော သားဖြစ်သူကို ဆူပူကြိမ်းမောင်းနေသည့် ဖခင်တစ်ဦးနှင့် ပိုတူနေလေသည်။
ဧကရာဇ်သည် ခါးသက်သက် ပြုံးလိုက်ရင်း မသိနားမလည်ဟန်ဖြင့် လေချွန်နေတော့၏။
လုံချန်းသည် အရာအားလုံးကို အလွန်တရာ ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ သူတို့သည် ဤကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး အင်ပါယာကို အုပ်ချုပ်နေသော သားအဖများ တကယ် ဟုတ်သည်လော။ အခြားသူများကို ဂရုမစိုက်ဘဲ အချင်းချင်း နောက်ပြောင် ကျီစယ်နေကြသည့် လူငယ်နှစ်ဦးနှင့် အဘယ်ကြောင့်များ တူနေရသနည်း။
ဧကရာဇ် မသိချင်ယောင် ဆောင်နေသည်ကို ကြည့်ရင်း လုံချန်း၏ ရင်ထဲတွင် ရယ်မောချင်စိတ်များ ပေါ်ပေါက်လာခဲ့၏။ မိသားစုတိုင်း ဤကဲ့သို့ ရှိနေမည်ဆိုပါက မည်မျှ ကောင်းမည်နည်းဟု သူ တွေးမိလေသည်။
ထိုစဉ် သူ့ထံသို့ အထူးတလည် စိုက်ကြည့်နေသော အကြည့်တစ်ချက်ကို သူ သတိပြုမိလိုက်သည်။ သူ၏ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်ကာ သူ့ကို ကြည့်နေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။
လုံချန်း၏ အကြည့်များ သူ့ထံသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ထိုအမျိုးသားသည် နှုတ်ခွန်းဆက်သသည့်အလား ရိုသေလေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။
'ငါ့ကို သုံးလောက အင်ပါယာကို ပြန်ခေါ်ဖို့ ရောက်နေတဲ့ သူပဲ ဖြစ်ရမယ်' ထိုအကြည့်၏ အဓိပ္ပာယ်ကို နားလည်သွားကာ လုံချန်း တွေးလိုက်မိသည်။
ထိုအမျိုးသားသည် မတ်တတ်ရပ်လိုက်၏။ "အရှင်မင်းကြီး... အခု ကျွန်တော်တို့ရဲ့ မင်းသားလည်း ပြန်ရောက်လာပြီဆိုတော့ ကျွန်တော့်ကို ပြန်ခွင့် ပြုပါဦး"
သူသည် လုံချန်းရှိရာသို့ လျှောက်လာပြီး သူ၏ ရှေ့တွင် ရပ်လိုက်သည်။
"ဟင်... ဒီလောက် မြန်မြန်ကြီးလား။ ငါတို့ မကြာခင် စားပွဲသောက်ပွဲ ကျင်းပတော့မှာလေ။ လာပါ... ငါတို့ကို ထားခဲ့ဖို့ မကြိုးစားပါနဲ့။ ငါတို့ဆီက အစားအသောက်တွေ ကောင်းတယ်လို့ ငါ ကတိပေးပါတယ်။ ဒါက ပျော်ရွှင်စရာ အချိန်အခါလေ။ စိတ်ဓာတ်ကျစရာ မလုပ်ပါနဲ့" ဧကရာဇ်က အသံကျယ်ကြီးဖြင့် ရယ်မောကာ ပြန်ပြောလိုက်၏။
"အဲဒါက... အရှင်မင်းကြီး... တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျီဧကရာဇ်ကလည်း သူ့သားတော်ကို စောင့်မျှော်နေတာမို့ ကျွန်တော် မနှောင့်နှေးတာက ပိုကောင်းပါလိမ့်မယ်" သုံးလောက အင်ပါယာ၏ တမန်တော်က တောင်းပန်စကား ဆိုလိုက်သည်။
"ဟက်... ကောင်းပါပြီလေ။ နောက်တစ်ခါ ကျီနဲ့ တွေ့တဲ့အခါ ဒီအတွက် သူ့ကို အရက်နှစ်ခွက်လောက် တိုက်ဖို့ တောင်းဆိုရမယ်။ သူ့ကို ပြောလိုက်ပါ" ဧကရာဇ်က ခေါင်းညိတ် သဘောတူလိုက်၏။
"အရှင်မင်းကြီးကို ကျွန်တော် လျှောက်တင်လိုက်ပါ့မယ်" တမန်တော်က ပြန်ပြောပြီးနောက် လုံချန်းထံသို့ လှည့်ကြည့်လိုက်သည်။ "အရှင်မင်းသား... ကျွန်တော်တို့ သွားကြရအောင်"
လုံချန်းသည် သူ့အား ခံစားချက် ကင်းမဲ့စွာ စိုက်ကြည့်နေပြီးနောက် ခေါင်းခါပြလိုက်၏။
"အခု ငါ မလိုက်သေးဘူး။ ချန်ယုနဲ့အတူ ချန်တီကို လိုက်သွားမယ်လို့ သူ့ကို ငါ ကတိပေးထားတယ်" သူက တမန်တော်ကို ပြောလိုက်သည်။
"ဒါပေမဲ့... အရှင်မင်းသား..."
"ဘာမှ ဆက်မပြောနဲ့တော့။ သူ့ကို ငါ ကတိပေးပြီးသွားပြီ။ မင်း ပြန်နှင့်တော့။ ငါ့ကိစ္စတွေ ပြီးရင် ငါ ပြန်လာခဲ့မယ်" လုံချန်းက ခေါင်းခါကာ ဆက်လက် နားထောင်ရန် ငြင်းဆန်လိုက်၏။
လုံချန်း မည်မျှ အလေးအနက် ပြောနေသည်ကို မြင်သောအခါ တမန်တော်သည် ခေါင်းညိတ်လိုက်လေသည်။ သို့သော် သူသည် နောက်ထပ် တစ်ကြိမ် ထပ်မံ အတည်ပြုချက် တောင်းခံလိုက်သေး၏။
"မင်းသမီး... ကျွန်မတို့ သွားကြတော့မလား" ချန်တီ အင်ပါယာ၏ တမန်တော်မှာ ငယ်ရွယ်သော အမျိုးသမီး တစ်ဦး ဖြစ်ပုံရသည်။ သူမသည်လည်း မတ်တတ်ရပ်ကာ မင်းသမီး ထွက်ခွာလိုခြင်း ရှိ မရှိ မေးမြန်းလိုက်၏။
မင်းသမီးသည် လုံချန်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ချန်တီ တမန်တော်သည် ဧကရာဇ်ကို ကြည့်ကာ ခွင့်ပြုချက် တောင်းခံလိုက်၏။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဤနေရာတွင် ဧည့်သည်များသာ ဖြစ်သည် မဟုတ်လော။
"မင်းတို့လည်း ပြန်တော့မလို့လား။ ဘာလို့ အားလုံး ဒီလောက် ကမန်းကတန်း ဖြစ်နေရတာလဲ။ ငါ တစ်ယောက်ကို သွားခွင့်ပြုလိုက်ပေမဲ့ နောက်ထပ် သွားခွင့် မပြုနိုင်တော့ဘူး။ ဒီလို အဆင့်ကောင်း ရတဲ့အတွက် ဒီည ငါတို့ စားပွဲသောက်ပွဲ ရှိတယ်"
ဧကရာဇ်သည် ကလေးဆန်ဆန် ဂျီကျကာ သူတို့ကို ထွက်ခွာခွင့် ပြုရန် ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။
"လူတိုင်း ပြန်သွားကြရင် စားပွဲသောက်ပွဲကို ဘယ်သူ တက်မှာလဲ။ ဒါ အဆုံးအဖြတ်ပဲ၊ စားပွဲသောက်ပွဲ မပြီးမချင်း ဘယ်သူမှ ပြန်ခွင့် မရှိဘူး"
လုံချန်း ခါးသက်သက် ပြုံးလိုက်မိ၏။ သူ့အပေါ် မကောင်းသော ခံစားချက်များ မပေးစွမ်းသည့် ဤကဲ့သို့သော ဧကရာဇ်မျိုးကို မြင်တွေ့ရသည်မှာ ပျော်စရာ ကောင်းလှပေသည်။
ဧကရာဇ်က ထွက်ခွာခွင့် မပြုသဖြင့် သူတို့ အားလုံး ဆက်နေရန် သဘောတူလိုက်ကြသည်။ အင်ပါယာမှ ညစာစားပွဲအတွက် ပြင်ဆင်နေချိန်တွင် သူတို့သည် ပြိုင်ပွဲအတွင်း ဖြစ်ပျက်ခဲ့သမျှကို တုလျန်ထံမှ နားထောင်ရင်း ပလ္လင်တော်ခန်းမ အတွင်း၌ ညနေခင်းကို ကုန်ဆုံးစေခဲ့ကြ၏။
အင်ပါယာ၏ ဆောင်ရွက်မှုမှာ အလွန် လျင်မြန်လှရာ သုံးနာရီအတွင်းမှာပင် စားပွဲသောက်ပွဲ အဆင်သင့် ဖြစ်သွားခဲ့လေသည်။
ပလ္လင်တော်ခန်းမ အတွင်းမှာပင် တည်ခင်း ဧည့်ခံခဲ့ခြင်း ဖြစ်သည်။ ညစာစားပွဲတွင် လူတိုင်း ဝမ်းဝခါးလှည့် စားသောက်ခဲ့ကြ၏။
စားပွဲသောက်ပွဲ ပြီးဆုံးသွားပြီးနောက် သုံးလောက တမန်တော်သည် တစ်ဦးတည်း ထွက်ခွာသွားခဲ့သည်။ ချန်တီ တမန်တော်သည် ချန်ယု၊ လုံချန်းတို့နှင့်အတူ ဧရာမ သင်္ဘောကြီး တစ်စင်းခန့် ကြီးမားသော မိုးပျံ သားရဲကြီး တစ်ကောင်ပေါ်၌ စီးနင်းကာ ထွက်ခွာသွားကြလေတော့သည်။