← Chapters

အခန်း (၉၆၁-၉၆၂)

Vol. 93 Ch. 961-962

အခန်း (၉၆၁-၉၆၂)

Vol. 93 Ch. 961-962

အခန်း (၉၆၁) ချီလင်တစ်ပိုင်း

ဧရာမ မိုးပျံ သားရဲကြီးသည် ကောင်းကင်ယံ၏ တစ်ဦးတည်းသော အရှင်သခင်အလား တိမ်တိုက်လွှာများကြားတွင် တဟုန်ထိုး ပျံသန်းနေ၏။

​ထိုသားရဲသည် လုံချန်းအနေဖြင့် ဒဏ္ဍာရီပုံပြင်များထဲတွင်သာ ကြားဖူးနားဝရှိသည့် နတ်ဘုရားသတ္တဝါ ချီလင်နှင့် ဆင်တူလှသည်။ နဖူးပေါ်တွင် ဦးချိုတစ်ချောင်း၊ ဝါဖျော့ဖျော့ ဝမ်းဗိုက်၊ ရောင်စုံကျောပြင်၊ သမင်ကဲ့သို့သော ကိုယ်ထည်နှင့် နွားမြီး ရှိသော သားရဲကြီး ဖြစ်၏။

​၎င်း၏ ငြိမ်သက်အေးဆေးသော အမူအရာက ကြင်နာတတ်သော သားရဲတစ်ကောင်အလား ထင်မှတ်ရသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများကမူ အထင်သေး၍ မရကြောင်း သတိပေးနေသယောင် ရှိလေသည်။

​ထိုဧရာမ ချီလင်ကြီးပေါ်တွင် သူတို့ သုံးဦးစလုံး အေးအေးဆေးဆေး စီးနင်းလိုက်ပါလာနိုင်ကြ၏။ တမန်တော်ဖြစ်သူ အမျိုးသမီးက ရှေ့ဆုံးတွင် ထိုင်နေပြီး သူမ၏ အနောက်တွင် ချန်ယုနှင့် နောက်ဆုံးတွင်မူ လုံချန်းက ထိုင်ကာ ဤကမ္ဘာသစ်၏ လှပသော ရှုခင်းများကို ငေးမောကြည့်ရှုနေလေသည်။

​ဤကမ္ဘာသည် သာမန်ကမ္ဘာတစ်ခုနှင့် များစွာ ထူးမခြားနားလှဟု သူ ခံစားရ၏။

​သူတို့သည် တုလျန်၏ အင်ပါယာ နယ်နိမိတ်အတွင်းမှ ထွက်ခွာခဲ့ကြခြင်း မရှိသေးသဖြင့် စိမ်းလန်းစိုပြည်ကာ အိမ်ခြေများ၊ သဘာဝတောတောင်များနှင့် အဆောက်အအုံများ သဟဇာတဖြစ်စွာ တည်ရှိနေသော လူနေထူထပ်သည့် ဒေသများကိုသာ သူ မြင်တွေ့နေရသေးသည်။

​"နင် ကြည့်ရတာ အံ့သြနေတဲ့ပုံပဲ။ ချီလင်တစ်ပိုင်း သားရဲကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်လား" လုံချန်းက သားရဲကြီးကို စိတ်ဝင်တစား ကြည့်နေသည်ကို သတိပြုမိသဖြင့် ချန်ယုက မေးလိုက်၏။

​"ချီလင်တစ်ပိုင်း ဟုတ်လား" လုံချန်းက အံ့သြစွာ ပြန်မေးလိုက်သည်။

​သူ ဖတ်ဖူးသည့် ဖော်ပြချက်များအရ ချီလင်ဆိုသည်မှာ ဤသို့ပင် ရှိရမည် မဟုတ်လော။ အဘယ်ကြောင့်များ ချီလင်တစ်ပိုင်းဟု ခေါ်ရသနည်း။ တကယ့် ချီလင်အစစ်က ဤထက် ထူးခြားနေသည်လားဟု သူ တွေးတောမိလေသည်။

​"ဟုတ်တယ်လေ... ချီလင်တစ်ပိုင်း။ ဒါကို ချီလင်အစစ်လို့ နင် ထင်နေတာလား။ ချီလင်အစစ်ဆိုတာ ဒဏ္ဍာရီထဲမှာပဲ ရှိတဲ့ နတ်ဘုရား သတ္တဝါတွေပါ။ ငါတို့ တွေ့နိုင်တဲ့ အနီးစပ်ဆုံးကတော့ ဒီ ချီလင်တစ်ပိုင်း သားရဲတွေပဲ။ သူတို့က ချီလင်နဲ့ အသွင်သဏ္ဌာန် တူရုံတင်မကဘဲ ချီလင်အစစ်ရဲ့ သွေးမျိုးနွယ် နည်းနည်းလည်း ပါဝင်တယ်လို့ ဆိုကြတယ်" ချန်ယုက ရှင်းပြလိုက်၏။

​"ဒါပေမဲ့ တူတာက အဲဒီမှာတင် ပြီးသွားတာပဲ။ ချီလင်တစ်ပိုင်းက ရုပ်ချင်းတူပေမဲ့ ခွန်အားပိုင်းမှာတော့ ချီလင်အစစ်ကို ဘယ်လိုမှ မမီဘူး" သူမက ဆက်ပြောလေသည်။

​'ဒီမိန်းကလေး ပြောတာ မှန်တယ်။ ရုပ်ချင်းတော့ ဆင်ပေမဲ့ ကွာခြားချက်တွေ အများကြီး ရှိသေးတယ်။ ပြီးတော့ ချီလင်အစစ် ဆိုတာ တော်ဝင်သားရဲတွေ။ သူတို့က တခြားသူရဲ့ အစီးအနင်း အဖြစ် ခံယူမယ့်အစား ကမ္ဘာကြီးတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပြီး သေသွားဖို့ကိုပဲ ရွေးချယ်ကြမယ့် အမျိုးတွေ။ ဒီအကောင်ကတော့ အတုအယောင် သက်သက်ပါပဲ'

​ရွှင်း၏ အသံက လုံချန်း၏ နားထဲသို့ တိုးဝင်လာ၏။ သူမ၏ အသံကို လုံချန်း တစ်ယောက်တည်းသာ ကြားနိုင်ခြင်း ဖြစ်သည်။

​'ချီလင်အစစ်တွေ တကယ် ရှိတာလား' လုံချန်းက သူ၏ ဘေးတွင် ပေါ်လာသော ရွှင်းကို မေးလိုက်၏။

​"သေချာပေါက် ရှိတာပေါ့။ ဒါပေမဲ့ ဘယ်မှာ ရှိနေတာလဲ ဆိုတာကတော့ မေးစရာပဲ။ ငါကိုယ်တိုင်တောင် အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး။ တချို့ဆီကနေ ရှိတယ်ဆိုတာ ကြားဖူးရုံပဲ ရှိတာ" ရွှင်းက ပြန်ဖြေလိုက်သည်။

​'ကိုယ်တိုင်လည်း မမြင်ဖူးဘဲနဲ့ ကောလာဟလတွေကို ယုံနေတာလား' လုံချန်းက ရွှင်းကို ပြန်ပြောရင်း ခေါင်းခါလိုက်မိ၏။

​"ဘယ်လိုပဲဖြစ်ဖြစ် ဒီသားရဲက ချီလင်အစစ် မဟုတ်ရင်တောင် သူ့ရဲ့ အသွင်အပြင်ကတော့ တကယ်ကို ကြည့်လို့ ကောင်းပါတယ်" လုံချန်းက မှတ်ချက်ချလိုက်၏။

​ချန်ယုက လုံချန်းသည် သူမကို ပြောနေသည်ဟု ထင်လိုက်ကာ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ "သေချာတာပေါ့။ ချီလင်တစ်ပိုင်း ဆိုတာတောင် အင်မတန် ရှားပါးပါတယ်။ ငါတို့ ချန်တီ အင်ပါယာမှာပဲ ဒါမျိုးတွေ ရှိတာ"

​ချန်ယုနှင့် လုံချန်းတို့ စကားပြောနေကြစဉ် ရှေ့တွင် ထိုင်နေသော တမန်တော် အမျိုးသမီးမှာမူ ဇဝေဇဝါ ဖြစ်နေလေသည်။

​'ဘာလို့ မင်းသမီးက မင်းသားဖေကျန်ကို ဒီလောက် အခြေခံကျတဲ့ အရာတွေတောင် မသိတဲ့ လူအ,တစ်ယောက်လို ဆက်ဆံနေရတာလဲ။ ပြီးတော့ မင်းသားဖေကျန်ကလည်း ဘာလို့ ဘာမှ မသိသလို ဟန်ဆောင်နေတာလဲ' သူမက မျက်မှောင်ကြုတ်ရင်း တွေးနေမိ၏။

​'သူတို့တွေ တစ်ယောက်ကိုတစ်ယောက် စနောက်နေကြတာလား' သူမဘာသာ အကြောင်းပြချက် ရှာလိုက်လေသည်။

​ချီလင်ကြီးသည် ကောင်းကင်ယံတွင် ဆက်လက် ပျံသန်းနေပြီး မကြာမီမှာပင် တုလျန်၏ အင်ပါယာ နယ်နိမိတ်အတွင်းမှ ထွက်ခွာခဲ့ကြ၏။

​အင်ပါယာ နယ်နိမိတ်မှ ထွက်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် အနေအထားများမှာ သိသိသာသာ ပြောင်းလဲသွားသည်ကို လုံချန်း တွေ့လိုက်ရသည်။ သဘာဝတောတောင်များနှင့် အဆောက်အအုံများမှာ ပျောက်ကွယ်သွားပြီး ယင်းအစား လူသူတစ်ယောက်မျှ မရှိသော သဲကန္တာရကြီးတစ်ခုသာ သူ၏ ရှေ့မှောက်တွင် ပေါ်လာတော့၏။

​လူသူမရှိရုံသာမက သားရဲ တစ်ကောင်တစ်လေမျှပင် မြင်တွေ့ရခြင်း မရှိချေ။

​ချီလင်တစ်ပိုင်း သားရဲကြီးသည် မနားတမ်း နာရီပေါင်းများစွာ ပျံသန်းနေခဲ့သည်။ လုံချန်းနှင့် ချန်ယုတို့ကြားတွင် စကားပြောဆိုမှုမှာလည်း ရံဖန်ရံခါမှသာ ရှိတော့ပြီး အရေးမကြီးသည့် အကြောင်းအရာများကိုသာ ပြောဖြစ်ကြတော့၏။

​တမန်တော် အမျိုးသမီးမှာမူ သူတို့၏ စကားပြောဆိုမှုများကို နားထောင်ရင်း အချိန်နှင့်အမျှ ပို၍ ထူးဆန်းသည်ဟု ခံစားနေရသည်။ သူမသည် ချန်ယုနှင့် လုံချန်းတို့မှာ တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်နေကြသဖြင့် ဤကဲ့သို့ ထူးထူးဆန်းဆန်း ပြုမူနေကြခြင်း ဖြစ်မည်ဟုပင် ယူဆလိုက်မိတော့၏။

​သူမသည် သူမ မင်းသားဟု ထင်မှတ်ထားသော ထိုသူမှာ သုံးလောက မင်းသား မဟုတ်ဘဲ လုံးဝ တခြားတစ်ယောက် ဖြစ်နေသည်ကို ယခုတိုင် သတိမပြုမိသေးချေ။

​"ဘယ်လောက်ဝေးဝေး သွားရဦးမှာလဲ" လုံချန်းက ချန်ယုကို မေးလိုက်သည်။ သူသည် အမြန်ဆုံး ကြယ်တာရာ အင်ပါယာသို့ သွားလိုနေပြီ ဖြစ်၏။ ကံမကောင်းစွာဖြင့် သူသည် ဤကမ္ဘာအကြောင်းကို များစွာ မသိရှိသေးချေ။ ချန်တီသို့ ရောက်ရှိပြီး သူ၏ ပြိုင်ပွဲ ကိစ္စရပ်များ ပြီးဆုံးမှသာ ထွက်ခွာနိုင်မည် ဖြစ်သည်။

​"ငါးရက်" ချန်ယုက ပြန်ဖြေလိုက်၏။

​"ဘာ... ဒီလောက် မြန်တဲ့နှုန်းနဲ့တောင် ငါးရက်လား။ ချန်တီက ဘယ်လောက်တောင် ဝေးလို့လဲ" လုံချန်းက အံ့သြတကြီး အော်ပြောလိုက်မိသည်။ ဤမျှ မြန်ဆန်စွာ ပျံသန်းနေသည့်အတွက် တစ်ရက် သို့မဟုတ် ထိုထက် အနည်းငယ် ပိုကြာမည်ဟုသာ သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။

​ဤအမြန်နှုန်းဖြင့် ငါးရက်တိုင်တိုင် သွားရမည်ဆိုပါက ယခုနေရာနှင့် ချန်တီ အင်ပါယာ၏ အကွာအဝေးမှာ ကီလိုမီတာ သန်းပေါင်းများစွာ ရှိနေပေလိမ့်မည်။

​သူသည် သူတို့၏ စကားကို နားစွင့်နေသော တမန်တော် အမျိုးသမီးကို လှမ်းကြည့်လိုက်၏။

​တမန်တော် အမျိုးသမီး မကြားနိုင်စေရန် သူသည် ချန်ယု၏ နားအနီးသို့ တိုးကပ်လိုက်သည်။

​"ငါတို့ ဒီမှာတင် တိုက်ကြရင် မရဘူးလား။ ဒါဆို ငါ့ရဲ့ ကတိကလည်း ပြီးသွားပြီ၊ ငါလည်း ထွက်သွားလို့ ရပြီလေ။ ဒီလို ဒုက္ခတွေခံပြီး အချိန်မဖြုန်းကြရအောင်" သူက ချန်ယု၏ နားထဲသို့ တီးတိုး ပြောလိုက်၏။

​လုံချန်းက ချန်ယု၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောနေသည်ကို တမန်တော် အမျိုးသမီး တွေ့လိုက်ရသော်လည်း စကား ပြောသည်ကိုမူ မကြားရချေ။ သူမ၏ ရင်ထဲတွင် သိချင်စိတ်များကြောင့် မခံမရပ်နိုင် ဖြစ်နေတော့၏။

​"မရဘူး။ ချန်တီမှာ လုပ်မယ်လို့ ငါတို့ ကတိပေးထားတာလေ။ နင် ဘယ်လောက်ပဲ စိတ်မရှည် ဖြစ်နေပါစေ စောင့်ရလိမ့်မယ်" ချန်ယုက မျက်လုံးကို ဝေ့ရမ်းရင်း ပြန်ဖြေလိုက်၏။

​'ဘာ... ဘာကြီးလဲ'

​တမန်တော် အမျိုးသမီးသည် ချန်ယု၏ အဖြေကို ကြားလိုက်ရသောအခါ စကားလုံးများကို အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူလိုက်မိသဖြင့် သူမ၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။

​'ချန်တီမှာ လုပ်မယ် ဟုတ်လား။ စိတ်မရှည်ဘူး ဟုတ်လား။ သူတို့က တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်နေကြရုံတင် မကဘဲ အဲဒီလို ကိစ္စမျိုးအထိတောင် ဆုံးဖြတ်ထားကြတာလား' သူမသည် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

​ရက်အနည်းငယ် အတွင်းမှာပင် အခြေအနေများ ဤမျှအထိ တိုးတက်သွားသည်ကို သူမ မယုံကြည်နိုင် ဖြစ်နေမိသည်။ သူမ သိထားသလောက် ချန်ယုသည် ပထမအဆင့် ပြိုင်ပွဲသို့ မထွက်ခွာမီက ဖေကျန်ကို စနစ်တကျတောင် လှည့်ကြည့်ခဲ့သူ မဟုတ်ပေ။

​ထိုနေရာတွင် မည်သည်များ ဖြစ်ခဲ့သနည်း။ သူတို့ နှစ်ဦးကို ဤမျှအထိ ရင်းနှီးသွားစေပြီး ဤကဲ့သို့သော ရှက်ဖွယ်လိလိ ကိစ္စများကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်အောင် မည်သည်ကများ ပြောင်းလဲပစ်လိုက်သနည်း။

​'ဟက်... ဒီမိန်းကလေးက ဒီမှာတင် တိုက်ပေးလိုက်ရင် သိပ်ကောင်းမှာပဲ။ အချိန်တွေကို အလဟဿ ဖြုန်းနေတာပဲ' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူသည် ခေါင်းညိတ်ကာ စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်၏။

​ငါးရက်တိုင်တိုင် စောင့်ဆိုင်းရမည်မှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ သူတို့ နှစ်ဦးလုံးကို သတ်ပြီး ထွက်ပြေးရန် ကြိုးစား၍ ရသော်လည်း ၎င်းမှာ အန္တရာယ် များလွန်းလှပေသည်။

​သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ရန်အတွက် တရားထိုင် ကျင့်ကြံရင်း စောင့်ဆိုင်းနေလိုက်လေတော့သည်။

​အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ နေ့မှ ည၊ ညမှ နေ့သို့ ကူးပြောင်းကာ ခရီးစဉ်မှာ ဆက်လက် ရှိနေခဲ့သည်။ သဲကန္တာရကြီးမှာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်မှာ ပြန်လည် စိမ်းလန်းစိုပြည်လာခဲ့ပြန်သည်။ သူတို့သည် နောက်ထပ် အင်ပါယာတစ်ခုအတွင်းသို့ ဝင်ရောက်လာကြ၏။

​ငါးရက် မပြည့်သေးသဖြင့် ဤအင်ပါယာမှာ ချန်တီ မဟုတ်သေးကြောင်း လုံချန်း သိလိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် ချီလင်တစ်ပိုင်း သားရဲကြီးမှာ ထိုနေရာတွင် ရပ်တန့်ခြင်း မရှိဘဲ နောက်ထပ် အင်ပါယာ တစ်ခုဆီသို့ ဆက်လက် ပျံသန်းသွားခဲ့လေသည်။

​အင်ပါယာ ငါးခုထက်မက ဖြတ်ကျော်ပြီးနောက်တွင်မှ သူတို့သည် နောက်ဆုံးတွင် ချန်တီ အင်ပါယာသို့ ရောက်ရှိခဲ့ကြ၏။ အတိအကျ ငါးရက်မြောက်သော အချိန်တွင် ချီလင်တစ်ပိုင်း သားရဲကြီးမှာ အောက်သို့ စတင် ဆင်းသက်လိုက်လေသည်။ ၎င်းသည် ခန့်ညားထည်ဝါလှသော နေရာတစ်နေရာ၏ ရှေ့မှောက်တွင် ဆင်းသက်လိုက်ခြင်း ဖြစ်၏။

​"မင်းသမီး"

​ချီလင်တစ်ပိုင်း သားရဲကြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် နန်းတော်ကို ဝန်းရံ စောင့်ကြပ်နေသော အစောင့်များမှာ စနစ်တကျ တန်းစီ၍ ထွက်လာကြသည်။ သူတို့သည် ချန်ယုအား နှုတ်ခွန်းဆက်သရန်အတွက် ဒူးတစ်ဖက် ထောက်လိုက်ကြ၏။

​ချန်ယုသည် ထိုနှုတ်ဆက်မှုများကို လျစ်လျူရှုလိုက်သည်။ ယင်းအစား သူမသည် လုံချန်းကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ "ငါ့နောက် လိုက်ခဲ့"

​ချန်ယုသည် နန်းတော်ထဲသို့ ဝင်သွားပြီး လုံချန်းကလည်း နောက်မှ လိုက်ပါသွားသည်။ တမန်တော် အမျိုးသမီးမှာလည်း သူတို့နှင့်အတူ လိုက်ပါလာခဲ့၏။

​အရာအားလုံးမှာ ပုံမှန်အတိုင်း ရှိနေသော်လည်း လမ်းစုံတစ်ခုသို့ ရောက်သောအခါ ချန်ယုသည် တမန်တော် အမျိုးသမီး သွားရမည့် လမ်းနှင့် မတူဘဲ အခြားလမ်းတစ်ခုသို့ ချိုးဝင်သွားခဲ့သည်။ ထို့ကြောင့် တမန်တော် အမျိုးသမီးက ချန်ယုကို လှမ်းခေါ်လိုက်ရ၏။ "မင်းသမီး... ဘယ်ကို သွားမလို့လဲ"

​"ကျွန်မတို့ အရှင်မင်းကြီးဆီမှာ အစီရင်ခံရမှာလေ" သူမက လှမ်းပြောလိုက်သည်။

​"အဲဒါကို နောက်မှ လုပ်မယ်။ အခု ငါ့မှာ ပိုအရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်။ ငါ လေ့ကျင့်ရေးကွင်းကို သွားမလို့။ ဘယ်သူမှ ငါ့ကို မနှောင့်ယှက်စေနဲ့။ အားလုံး ပြီးမှ ခမည်းတော်နဲ့ ငါ တွေ့မယ်" ချန်ယုက မရပ်တန့်ဘဲ ပြန်ဖြေလိုက်၏။

​'ဘာ... သူက အဲဒါကို လုပ်ချင်လွန်းလို့ သူ့ရဲ့ ဖခင်နဲ့တောင် အခု မတွေ့နိုင်တော့တာလား။ ပြီးတော့ အဲဒါကို လေ့ကျင့်ရေးကွင်းမှာ လုပ်မလို့တဲ့လား' သူမသည် အံ့အားသင့်လွန်းသဖြင့် မည်သို့ ပြောရမှန်းပင် မသိတော့ချေ။

​သူမသည် ထွက်ခွာသွားသော ချန်ယုကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်ကာ ကျန်ရစ်ခဲ့လေတော့သည်။

​ချန်ယုသည် တမန်တော် အမျိုးသမီးအပေါ် မည်သို့သော အထင်အမြင်မျိုး ပေးလိုက်မိသည်ကို မသိရှိခဲ့ချေ။ သူမသည် မည်သို့သော အထင်လွဲမှားမှုမျိုးကို ဖန်တီးလိုက်မိသည်ကိုလည်း မသိပေ။ အကယ်၍ သူမသာ ထိုအမျိုးသမီး၏ အတွေးများကို သိရှိသွားပါက မည်သို့သော တုံ့ပြန်မှုမျိုး ပြုလုပ်မည်အား မည်သူမျှ မသိနိုင်ချေ။

​ချန်ယုသည် လုံချန်းကို လေ့ကျင့်ရေး ခန်းမတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ သူမသည် သူနှင့်အတူ အတွင်းသို့ ဝင်လိုက်ပြီးနောက် တံခါးကို ပိတ်လိုက်၏။

​"ဒါ ငါတို့ တိုက်ခိုက်မယ့် နေရာပဲ" သူမက တံခါးကို ဂျက်ချရင်း ပြောလိုက်သည်။ "ဘယ်သူမှ ငါတို့ကို လာနှောင့်ယှက်မှာ မဟုတ်ဘူး"

​"ကောင်းပြီလေ။ ငါ နိုင်သွားရင် ငါ ထွက်သွားတော့မယ်" လုံချန်းက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်၏။

​သူသည် ချန်ယုနှင့် အကွာအဝေး တစ်ခုကို ခြားလိုက်ပြီးနောက် အနက်ရောင် သံချေးတက်နေသော ဓားတစ်လက်ကို ဆွဲထုတ်လိုက်လေသည်။

​"ငါ အဆင်သင့်ပဲ" သူ၏ လက်ထဲတွင် အချိန်ဓားကို ကိုင်ဆောင်ရင်း တည်ငြိမ်စွာ ကြေညာလိုက်လေတော့သည်။

အခန်း (၉၆၂) ရှုံးနိမ့်ခြင်း

"ငါ အဆင်သင့် ဖြစ်နေပါပြီ။ မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ကြရအောင်။ နင့်ကြောင့် အချိန်တွေ အလဟဿ ကုန်ဆုံးခဲ့ရတာ များလှပြီ" လုံချန်းက အချိန်ဓားကို ကိုင်စွဲရင်း ချန်ယုအား ဆိုလိုက်၏။

​ဤအခန်းကျဉ်းလေးထဲတွင် တိုက်ခိုက်နိုင်ရန်အတွက် ငါးရက်တိုင်တိုင် စောင့်ဆိုင်းခဲ့ရသည်ကို သူ စိတ်ပျက်နေမိသည်။ သဲကန္တာရထဲ၌ပင် တိုက်ခိုက်လိုက်လျှင်လည်း အလွန်လွယ်ကူပါလျက် ဤမိန်းကလေးကမူ ဇွတ်အတင်း အတင်းအကျပ် တောင်းဆိုခဲ့၏။ ယခုမူ အဆုံးသတ်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း သူမက တံခါးဂျက်ချနေခြင်းကိုပင် ဂရုတစိုက် လုပ်ဆောင်နေသေးရာ လုံချန်းမှာ မိမိကိုယ်မိမိ လက်ဖဝါးဖြင့် ရိုက်မိမတတ် ဖြစ်သွားရလေသည်။

​"အရိုးအဆစ်တွေ ချိုးဖဲ့ခံရဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေတဲ့သူမျိုးကို ငါ ပထမဆုံး မြင်ဖူးတာပဲ။ နင်က တကယ့်ကို ထူးခြားတဲ့ လူစားပဲနော်" ချန်ယုက ပျင်းရိပျင်းတွဲဟန်ဖြင့် မေးလိုက်၏။

​လုံချန်းက အသက်ကို ဝဝရှူလိုက်ပြီး ခေါင်းခါလိုက်သည်။ "ဒါက နင့်ရဲ့ အယူအဆဆိုရင်လည်း ဟုတ်ပါပြီလေ။ ဒါပေမဲ့ မြန်မြန်လေး လုပ်ပေးပါ။ အချိန်ထပ်မဖြုန်းချင်တော့ဘူး။ နင်သာ အခုချက်ချင်း မစ,ဘူးဆိုရင် ငါကပဲ အရင် စ,လိုက်တော့မယ်။ နင်သာ ထပ်ပြီး နှောင့်နှေးနေဦးမယ်ဆိုရင် ငါ့ရဲ့ ကတိကိုတောင် မေ့ပစ်လိုက်ပြီး ဒီအတိုင်း ထွက်သွားမိလိမ့်မယ်။ ဒါကြောင့် ဆော့မနေနဲ့တော့"

​"မပူပါနဲ့... အားလုံး အဆင်သင့် ဖြစ်ပါပြီ။ တိုက်ပွဲအတွင်းမှာ ဘယ်သူမှ လာမနှောင့်ယှက်နိုင်အောင် သေချာအောင် လုပ်နေတာပါ။ ငါ့အတွက်လည်း ဒီတိုက်ပွဲက အင်မတန် စိတ်လှုပ်ရှားဖို့ ကောင်းနေတယ်။ ငါ့ကို ရှုံးနိမ့်အောင် လုပ်နိုင်ခဲ့တဲ့ ပထမဆုံးလူက နင်ပဲလေ။ အဲဒီအသိက ငါ့ရဲ့ သွေးတွေကို ဆူပွက်လာစေတယ်။ ငါတို့ရဲ့ တိုက်ပွဲကို ဘယ်သူမှ လာဖျက်လို့ မဖြစ်ဘူး" ရှင်းပြရင်း ချန်ယုက ရှေ့သို့ လှမ်းလာခဲ့၏။

​သူမသည် အနေအထားကို ပြင်လိုက်ပြီးနောက် သူမ၏ ဓားကို ဆွဲထုတ်လိုက်လေသည်။

​သူမ၏ ဓားမှာ ပေါ့ပါးသွက်လက်လှ၏။ လုံချန်း၏ လေးလံထူထဲသော ဓားကြီးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ သူမ၏ ဓားက အရှိန်အဟုန်နှင့် ထက်မြက်မှုကို အားပြုသော်လည်း သူ၏ ဓားကမူ ရန်သူ၏ မည်သည့် ခံစစ်ကိုမဆို ရိုက်ချိုးဖျက်ဆီးရန် ဦးတည်ထားခြင်း ဖြစ်သည်။

​"အဆင်သင့်ပဲလား။ ငါ တစ်ခါ စတင်လိုက်ပြီဆိုရင် နင့်ရဲ့ အရိုးတွေကို ချိုးဖဲ့ပြီး စိတ်ကျေနပ်မှု မရမချင်း နောက်ဆုတ်မှာ မဟုတ်ဘူး။ နင် လုံးဝ အဆင်သင့် ဖြစ်ပြီဆိုမှ ငါ စမယ်။ ဒါကြောင့် နောက်ဆုံးတစ်ခါ ထပ်မေးမယ်... ငါတို့ စကြမလား" သူမက မေးလိုက်၏။

​"နင့်ကို ကတိပေးခဲ့ကတည်းက ငါက အဆင်သင့် ဖြစ်နေတာ။ နင်တစ်ယောက်တည်းကပဲ အချိန်ဆွဲနေတာ။ ဒါကြောင့် စကားတွေ ရပ်ပြီး ငါ့ဆီကိုသာ လာခဲ့တော့" လုံချန်းက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်လေသည်။

​"ကောင်းပြီလေ"

​ချန်ယုသည် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူမသည် လုံချန်း၏ ရင်ဘတ်ဆီသို့ ဓားဦးတည်ကာ တဟုန်ထိုး ပြေးဝင်သွား၏။

​လုံချန်းက သူ၏ လေးလံသော ဓားကြီးကို ဦးခေါင်းထက်သို့ မြှောက်လိုက်ပြီး အရှိန်ဖြင့် ခုတ်ချလိုက်သည်။ ဓားသွားဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် နီရဲသော အလင်းတန်းတစ်တန်း ပေါ်ထွက်လာပြီး ချန်ယုထံသို့ လွင့်ပျံသွားတော့၏။

​"ဒါမျိုးနဲ့တော့ မရဘူး" ချန်ယုက ဟိန်းဟောက်လိုက်ရင်း သူမ၏ ဓားဖြင့် ပြန်လည် ခုတ်ယမ်းလိုက်သည်။ အပြာရောင် အလင်းတန်းတစ်တန်း သူမ၏ ဓားထံမှ ထွက်ပေါ်လာပြီး နီရဲသော အလင်းတန်းနှင့် ထိပ်တိုက် တွေ့ဆုံသွားလေသည်။

​အလင်းတန်း နှစ်တန်း ရိုက်ခတ်မိသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော တုန်ခါမှုကြီး ပေါ်ပေါက်လာကာ လုံချန်းနှင့် ချန်ယုတို့ နှစ်ဦးစလုံးကို နောက်သို့ လွင့်စင်သွားစေ၏။

​ချန်ယုမှာ ဆယ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရပြီးမှ ဟန်ချက် ပြန်ထိန်းနိုင်သော်လည်း လုံချန်းမှာမူ လေးငါးလှမ်းခန့်သာ ဆုတ်လိုက်ရသည်။

​သူသည် ဟန်ချက်ကို ပိုမို လျင်မြန်စွာ ပြန်ထိန်းနိုင်ခဲ့ပြီး ရရှိလာသော အခွင့်အရေးအား အသုံးချရန် ဆုံးဖြတ်လိုက်၏။

​သူသည် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ပျောက်ကွယ်သွားခဲ့သည်။ သူမ မျက်တောင် တစ်ခတ်စာမျှ အချိန်အတွင်းမှာပင် ပျောက်ကွယ်သွားခြင်း ဖြစ်၏။ လုံချန်းသည် သူမ၏ အနောက်ဘက်တွင် ပေါ်လာပြီး ဓားဖြင့် ခုတ်ချလိုက်လေသည်။

​ချွမ်...

​သူ၏ ဓားသည် ချန်ယု၏ ကျောပြင်ကို ထိမှန်တော့မည့် ဆဲဆဲတွင် ပျံသန်းနေသော စိတ်ဝိညာဉ်ဓား တစ်လက်က ကြားဖြတ် တားဆီးလိုက်၏။

​"ဒီ စိတ်ဝိညာဉ်ဓားကတော့ ငါ့ကို မနာလိုဖြစ်အောင် လုပ်နေပြီပဲ" ချန်ယုက သူ့ကို ပြန်လည် မတိုက်ခိုက်မီ လုံချန်းက နောက်သို့ ခုန်ဆုတ်လိုက်ရင်း ဆိုလိုက်၏။

​ချန်ယု၏ လက်ထဲတွင် ပေါ့ပါးသော ဓားတစ်လက် ရှိနေပြီး သူမ၏ အနီးတွင်မူ စိတ်ဝိညာဉ်ဓားက ဝဲပျံနေကာ လုံချန်းထံသို့ တဟုန်ထိုး ပျံထွက်သွားလေသည်။

​လုံချန်းတွင်လည်း သူ၏ ရှေးဟောင်းလက်စွပ်ထဲ၌ စိတ်ဝိညာဉ်ဓား တစ်လက် ရှိနေပေသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ၏ ဓားမှာ အသက်ငင်နေပြီ ဖြစ်၏။ ၎င်းမှာ ပျံသန်းနိုင်သေးသော်လည်း အများစုမှာ ပျက်စီးနေပြီ ဖြစ်သဖြင့် လုံးဝ ဆုံးရှုံးသွားမည့် အန္တရာယ်ကို မစွန့်စားလိုသောကြောင့် ထုတ်မသုံးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

​သူသည် ချန်ယု၏ စိတ်ဝိညာဉ်ဓား သူ့ထံသို့ ဦးတည်လာသည်ကို ကြည့်ရင်း ထိုဓားကို အသုံးပြုလိုသော ဆန္ဒများကြောင့် ရင်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရ၏။

​သို့သော် သူ အသုံးမပြုနိုင်ချေ။ သူသည် တစ်ယောက်တည်းနှင့် နှစ်ယောက်ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်ဓားသည် လုံချန်းထံသို့ ရောက်ရှိလာသောအခါ သူက နေရာရွှေ့ပြောင်းခြင်းကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။

​ထူးဆန်းသည်မှာ သူ ချန်ယု၏ အနီးတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမက သူ့ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ သူ ထိုနေရာတွင် ပေါ်လာမည်ကို သူမ ကြိုတင် သိရှိနေသကဲ့သို့ပင်။

​"ဒီ နေရာရွှေ့ပြောင်းတဲ့ လှည့်ကွက်က တကယ် ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ တိုက်ခိုက်ရေး ဟန်ကို သိသွားပြီဆိုရင်တော့ ဒါက အသုံးမဝင်တော့ဘူး။ အခု ဒါက ငါ့အပေါ်မှာ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး" ချန်ယုက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်၏။

​လုံချန်းက ထပ်မံ၍ နေရာရွှေ့ပြောင်းလိုက်ပြန်သည်။ ချန်ယုက ဤမျှအထိ လျင်မြန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ အကယ်၍ သူသာ နေရာရွှေ့ပြောင်းရန် တစ်စက္ကန့်မျှ နောက်ကျသွားပါက သူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်တွင် လိမ့်နေလောက်ပြီ ဖြစ်သည်။

​"ဟေ့... ဒါက အစမ်းလေ့ကျင့်တာ မဟုတ်ဘူးလား။ ဘာလို့ ငါ့လည်ပင်းကို ဖြတ်ဖို့ ကြိုးစားနေရတာလဲ" မီတာ တစ်ဆယ်ခန့် အကွာတွင် ပေါ်လာပြီးနောက် လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

​သေမင်းနှင့် အလွန်နီးကပ်သွားခဲ့သဖြင့် သူ၏ လည်ပင်းကို ပြန်လည် ပွတ်သပ်နေမိသည်။ ၎င်းမှာ မည်မျှအထိ အန္တရာယ်ကြီးကြောင်း သူ၏ ရင်ထဲတွင် ခံစားနေရဆဲပင်။

​'ဒီမိန်းကလေးရဲ့ အနားကို နေရာရွှေ့ပြောင်းပြီး သွားတာက အန္တရာယ် များလွန်းတယ်။ ငါ တစ်ခုခု ထူးထူးခြားခြား လုပ်မှ ဖြစ်မယ်' သူ၏ လေးလံသော ဓားကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တွေးလိုက်မိသည်။

​'နေဦး... ငါ အရင်က နေရာမှာ မဟုတ်တော့ဘူးပဲ။ ဒီမှာတော့ ငါ့ကို သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံလို့ ဘယ်သူမှ မသိကြဘူး။ ဒါဆိုရင် သူတော်စင်ဘုရင်ရှန်းဝူရဲ့ ဓားကို ဒီမှာ သုံးလို့ ရတာပဲ' တွေးလိုက်မိပြီး မည်သို့ ထူးခြားအောင် လုပ်ဆောင်ရမည်ကို သူ သဘောပေါက်သွားခဲ့သည်။

​ချန်ယု၏ ရှေ့မှောက်တွင် သူသည် သူတော်စင်ဘုရင်၏ ဓားကို အသုံးမပြုနိုင်သဖြင့် ခွန်အားကိုသာ အဓိကထားခဲ့ခြင်း ဖြစ်၏။ သူသည် အချိန်ဓားကြီးကိုသာ အသုံးပြုခဲ့သဖြင့် သူ၏ အရှိန်မှာ နှေးကွေးနေခဲ့ခြင်း ဖြစ်သည်။

​လုံချန်းသည် ဘုရင်ဓားနှင့် ဆိုပါက မည်မျှအထိ လျင်မြန်နိုင်သည်ကို ချန်ယု မမြင်ဖူးသေးချေ။ ဤအရာက သူမကို အကျပ်ရိုက်သွားစေနိုင်မည်ဟု သူ ခံစားလိုက်ရ၏။

​"ဒါက ကလေးကစားစရာ တိုက်ပွဲလို့ ငါ တစ်ခါမှ မပြောခဲ့ဘူး။ တိုက်ခိုက်မှုတွေက ပျော့ပျောင်းရမယ်လို့ ဘယ်သူက ပြောလဲ။ ဒါကို တကယ့် တိုက်ပွဲတစ်ခုလို သဘောမထားဘဲနဲ့ ငါ့ရဲ့ ခွန်အားအစစ်အမှန်ကို ဘယ်လို ထုတ်သုံးနိုင်မှာလဲ" ချန်ယုက ပြန်ပြောလိုက်သည်။ သူမသည် စကားပြောနေစဉ်မှာပင် တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ချေ။

​စိတ်ဝိညာဉ်ဓားသည် လေ့ကျင့်ရေးကွင်းအတွင်း ဝဲပျံနေဆဲပင်။ လုံချန်းက နေရာရွှေ့ပြောင်းလေလေ ချန်ယု၏ စိတ်ဝိညာဉ်ဓားက သူ့နောက်သို့ လိုက်လံ အမဲလိုက်ရာတွင် ပိုမို လျင်မြန်လာလေလေ ဖြစ်သည်။

​"ကောင်းပြီလေ... အဲဒီလိုဆိုရင်လည်း နင်နဲ့ ငါ ကစားပေးရတာပေါ့။ ငါ့ကိုတော့ အပြစ်မတင်နဲ့" လုံချန်းက ကြေညာလိုက်၏။

​သူသည် ဘုရင်ဓားကိုပါ ဆွဲထုတ်လိုက်ပြီးနောက် ချန်ယု၏ အနီးသို့ ထပ်မံ၍ နေရာရွှေ့ပြောင်းလိုက်ပြန်သည်။

​သူမက သူ ပေါ်လာမည့်နေရာကို သိနေပြန်၏။ သူမ၏ အပြာရောင် ဓားသွားမှာ သူ့ထံသို့ ရောက်ရှိလာခဲ့သည်။

​သို့သော် ကံမကောင်းစွာဖြင့် သူမ၏ ဓားကို လုံချန်း၏ လေးလံသော ဓားကြီးက ကြားဖြတ် တားဆီးလိုက်၏။ သူသည် သူမ၏ ဓားကို သူ၏ ဘယ်ဘက်လက်ရှိ ဓားကြီးဖြင့် တားဆီးလိုက်ခြင်း ဖြစ်သည်။

​သူ၏ ညာဘက်လက်တွင်မူ ဘုရင်ဓားကို ကိုင်ထား၏။ ထိုဓားကို အသုံးပြု၍ သူသည် သူမ၏ လည်ပင်းဆီသို့ ခုတ်ယမ်းလိုက်လေသည်။

​သူ ဓားနှစ်လက် အသုံးပြုသည်ကို မြင်သောအခါ ချန်ယု၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားခဲ့၏။ သူမ၏ ပေါ့ပါးသော ဓားသည် လျှပ်စီးပမာ လျင်မြန်စွာဖြင့် သူမ၏ လည်ပင်းကို ကာကွယ်ရန် ကြိုးစားလိုက်သည်။

​သူမသည် လုံချန်း၏ လေးလံသော ဓားနှင့် ထိတွေ့နေသည့် သူမ၏ ဓားကို အသုံးပြု၍ ရှေ့သို့ တွန်းထုတ်လိုက်၏။ ထိုတွန်းအားကို အသုံးပြုကာ သူမကိုယ်သူမ နောက်သို့ ဆုတ်လိုက်ခြင်း ဖြစ်သည်။

​သူမသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး မီတာ တစ်ဆယ်ခန့် အကွာတွင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ ကံမကောင်းစွာဖြင့် လုံချန်းမှာ ထိုနေရာတွင် သူမကို ကြိုတင် စောင့်ကြပ်နေခဲ့လေပြီ။

​"အား..."

​ဘုရင်ဓားက ချန်ယု၏ ကျောပြင်ကို ဖြတ်၍ ခုတ်လိုက်သဖြင့် သူမ၏ နှုတ်ခမ်းအစုံထံမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

​"နင်..." သူမက ဒေါသတကြီး အော်ဟစ်ကာ နောက်သို့ လှည့်ကြည့်လိုက်သော်လည်း လုံချန်းမှာ ထိုနေရာတွင် မရှိတော့ချေ။

​သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း သူ မည်သည့် နေရာတွင်မှ မရှိတော့ပေ။

​သူမသည် စက္ကန့်အနည်းငယ်ခန့် စိတ်ရှည်စွာ စောင့်ဆိုင်းနေသော်လည်း လုံချန်းမှာ ပေါ်မလာခဲ့ချေ။

​"နင်... လူယုတ်မာ၊ နင် နောက်တစ်ခါ ထပ်ပြီး ထွက်ပြေးပြန်ပြီလား" သူမက ဒေါသတကြီး ဟောက်လိုက်၏။ ၎င်းမှာ လုံချန်း ပြီးခဲ့သည့်အကြိမ်က အသုံးပြုခဲ့သော လှည့်ကွက်ပင် မဟုတ်လော။

​သူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ ထွက်ပြေးသွားပြီဟု သူမ ထင်မှတ်နေခဲ့၏။ ယခုလည်း ထိုအတိုင်းပင် ဖြစ်မည်ဟု သူမ ယူဆလိုက်သည်။ သို့သော် သူမ မှားသွားခဲ့၏။

​လုံချန်းသည် သူမ၏ အနောက်တွင် ရပ်နေဆဲပင် ဖြစ်သည်။ ပြဿနာမှာ သူသည် သူ၏ အဆင့်တက်ပြီးနောက် ပိုမို အားကောင်းလာသော ပုံရိပ်ယောင် နိယာမကို အသုံးပြုနေခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ အရှိန်အဝါအား ဖျောက်ကွယ်ရန် ကောင်းကင်ဘုံ ခြုံလွှာကိုပါ တစ်ပြိုင်နက်တည်း အသုံးပြုထားလေသည်။

​ဤနှစ်ခုကို ပေါင်းစပ်လိုက်သောအခါ သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့၏။ အထူးသဖြင့် သူ့ထက် ကျင့်ကြံဆင့် များစွာ မမြင့်မားသော မိန်းကလေးတစ်ဦး အတွက်မူ သူ့ကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။

​သူ့ထက် ကျင့်ကြံဆင့် များစွာ မြင့်မားသော သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးအပေါ်တွင် ဤပုံရိပ်ယောင်က မည်မျှအထိ ထိရောက်မည်ကို မသေချာသော်လည်း ချန်ယုအတွက်မူ အလွန် ထိရောက်လှပေသည်။

​လုံချန်း ထွက်ပြေးသွားပြီဟု ချန်ယုက ထင်မှတ်လိုက်ပြီး သူမ၏ လက်နက်ကို အောက်သို့ ချရန် ပြင်လိုက်၏။ သို့သော် သူမ မလုပ်ဆောင်မီမှာပင် သူမ၏ ရှေ့မှောက်တွင် လုံချန်း ပေါ်လာသည်ကို မြင်လိုက်ရသည်။

​သူ၏ ဓားဦးဖျားမှာ ချန်ယု၏ လည်ပင်းပေါ်တွင် တင်နေ၏။ အနည်းငယ်မျှ ထိုးသွင်းလိုက်ရုံဖြင့် ချန်ယု သေဆုံးသွားနိုင်ပေသည်။

​"ဒါကို နင့်ရဲ့ ရှုံးနိမ့်မှုလို့ သတ်မှတ်လို့ ရပြီလား" လုံချန်းက သူ၏ မျက်နှာတွင် အပြုံးတစ်ခုဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်လေတော့သည်။

​ချန်ယု၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်နေခဲ့၏။ သူမကို သူက လှည့်စားသွားခဲ့သည် မဟုတ်လော။

All Chapters