အခန်း (၄၉၉-၅၀၀)
Vol. 36 Ch. 499-500
အခန်း ( ၄၉၉ ) - ကွေ့ရွှီးနယ်မြေ၊ စူးစမ်းလေ့လာသင့်သော လျှို့ဝှက်ဆန်းကြယ်သည့် နေရာ
ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ တည်ရှိနေမှုသည် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကဲ့သို့ပင် ကုချန်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်လာပေလိမ့်မည်။ သူ၏အစေခံဖြစ်သော ရှာနာနတ်ဆိုးဧကရာဇ်ကိုပင် ဤကိစ္စအား ဖွင့်ဟပြရန် သူ မရည်ရွယ်ထားပေ။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော နည်းလမ်းမျိုးသာ ပေါက်ကြားသွားပါက သူ့အပေါ် မည်သို့သော အကျိုးဆက်များ ကျရောက်လာမည်ကို ကုချန် လွန်စွာ နားလည်ထားသောကြောင့်ပင်။
အနာဂတ်တွင် အမှန်တကယ် ပေါက်ကြားသွားနိုင်လျှင်တောင်မှ အခုအချိန်၌တော့ လုံးဝ မဖြစ်နိုင်ချေ။ အနည်းဆုံးတော့ သူသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိသူများ၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုနိုင်စွမ်းရှိသည့် အချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
သို့သော်လည်း ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာအတွက် ပထမဆုံး 'ပစ်မှတ်' အဖြစ် မည်သူ့ကို ထားရှိမည်ကိုမူ အချိန်ယူ၍ သေချာစွာ လေ့လာရမည် ဖြစ်သည်။ နတ်ဆိုးဧကရာဇ်ကြီး ဆိုလျှင်ကော ဘယ်လိုနေမည်နည်း။
ကုချန်သည် သာမန်ကာလျှံကာ တွေးလိုက်ခြင်းသာ ဖြစ်သော်လည်း သူ၏ ထိုပေါ့ပေါ့ပါးပါး အတွေးကြောင့် အလွန်တရာ ဝေးကွာသော နေရာတွင်ရှိနေသည့် နတ်ဆိုးဧကရာဇ်ကြီး၏ စိတ်ထဲ၌ သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်ကိုမူ လုံးဝ သတိမထားမိခဲ့ပေ။
နတ်ဆိုးဧကရာဇ်ကြီးသည် ကျောက်စိမ်းဖြူ လိပ်ခွံကို အသုံးပြု၍ အကြိမ်ကြိမ် ဟောကိန်းထုတ်ကြည့်ခဲ့သော်လည်း အသုံးဝင်သော အရိပ်အမြွက် တစ်ခုမျှ မရရှိခဲ့ချေ။
" အရှင်သခင်... နောက်ထပ် ဘယ်ကို ဆက်သွားမှာလဲ "
ကုချန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် သူ့အနီး၌ အချိန်ကြာကြာ နေလိုဟန်မရှိသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်မှာ မနေနိုင်စွာ မေးမြန်းလိုက်လေသည်။
"ဘာလို့လဲ... မင်းမှာ အကြံပြုစရာ တစ်ခုခု ရှိလို့လား "
ကုချန်မှ ချက်ချင်းပင် ပြန်လည် မေးမြန်းလိုက်၏။
အမှန်တကယ်လည်း လက်ရှိအချိန်တွင် သူ သွားစရာ နေရာသီးသန့် မရှိသေးပေ။ အဆုံးမဲ့ကမ္ဘာသို့ ပြန်သွားလျှင်တောင်မှ တံခါးပိတ်ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန်သာ ရှိသည်။ ရှာနာနတ်ဆိုးဧကရာဇ်၏ လေသံကို နားထောင်ကြည့်ရလျှင် သူ့အတွက် နေရာတစ်ခုကို အကြံပြုလိုဟန် ရှိနေသည်။
" အကြံပြုစရာတော့ မရှိပါဘူး... ဒါပေမယ့် နောက်ဆယ်စုနှစ်နည်းနည်း ကျော်လောက်နေရင် ကွေ့ရွှီးနယ်မြေက ပွင့်တော့မှာပါ... အဲ့ဒီအချိန်ကျရင် အရှင်သခင်က ဝင်ရောက်ပြီး စူးစမ်းလေ့လာဖို့ အစီအစဉ် ရှိမလားလို့ပါ "
ရှာနာနတ်ဆိုးဧကရာဇ်မှ သိလိုစွာ မေးမြန်းလိုက်၏။
ကွေ့ရွှီးနယ်မြေ.....
ရှာနာနတ်ဆိုးဧကရာဇ်ထံမှ ဤအမည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရသောအခါ ကုချန်မှာ အံ့အားသင့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအမည်ကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့သောကြောင့်ပင်။
" အရှင်သခင်က ကွေ့ရွှီးနယ်မြေအကြောင်း မသိဘူးလား "
ကုချန်၏အမူအရာကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် တစ်စုံတစ်ရာကို နားလည်သွားဟန်ဖြင့် လျင်မြန်စွာ ပြောဆိုလိုက်၏။
" အရှင်သခင်က နတ်ဆိုးဧကရာဇ်အဆင့်ကို မရောက်သေးဘူးဆိုတာ ကျွန်မ မေ့သွားတယ်... ဒါကြောင့် ကွေ့ရွှီးနယ်မြေအကြောင်း မသိတာက ပုံမှန်ပါပဲ "
" အဲ့ဒီအကြောင်း ငါ့ကို ပြောပြစမ်းပါဦး "
ကုချန်သည် အတိအကျ မှတ်ချက်မပေးဘဲ ရှာနာနတ်ဆိုးဧကရာဇ်အား မိတ်ဆက်ရှင်းပြရန်သာ တောင်းဆိုလိုက်သည်။
" ကွေ့ရွှီးနယ်မြေက နတ်ဆိုးနယ်မြေထဲမှာ ရှိတာမဟုတ်ဘဲ အပြင်ဘက်မှာ ရှိတာပါ "
ရှာနာနတ်ဆိုးဧကရာဇ်မှ ကုချန် အလိုအရ ရှင်းပြလေသည်။
" သူ့ရဲ့ ဝင်ပေါက်ကတော့ နတ်ဆိုးနယ်မြေထဲမှာ ရှိပြီး ရှေးခေတ်ကာလက နတ်ဆိုးဧကရာဇ်တစ်ပါး ရှာဖွေတွေ့ရှိခဲ့တာပါ "
" စုံစမ်းသိရှိရသလောက်တော့ ကွေ့ရွှီးနယ်မြေက အနှစ်တစ်သိန်းမှာ တစ်ကြိမ် ပွင့်ပါတယ်... အချိန်ကို တွက်ကြည့်မယ်ဆိုရင် နောက်တစ်ကြိမ် ပွင့်ဖို့အတွက် ဆယ်စုနှစ် အနည်းငယ်ပဲ လိုပါတော့တယ် "
" ကွေ့ရွှီးနယ်မြေက အတိအကျ ဘယ်လိုနေရာမျိုးလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး... ဒါပေမယ့် ရှေးဟောင်း နတ်ဆိုးဧကရာဇ်တချို့ကတော့ ကွေ့ရွှီးနယ်မြေဟာ ဟွမ်သွမ့်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံး အစိတ်အပိုင်းတွေမှာ ရှိနိုင်တယ်လို့ ခန့်မှန်းကြတယ်... ပြီးတော့ နတ်ဆိုးနယ်မြေထဲမှာ ဒီလို လေဟာနယ်လမ်းကြောင်းတစ်ခု တိုက်တိုက်ဆိုင်ဆိုင် ရှိနေတာပါ "
" ဒါပေမယ့် နတ်ဆိုးဧကရာဇ်အဆင့်ရှိတဲ့ သူတွေအတွက်တော့ ကွေ့ရွှီးနယ်မြေဟာ မဖြစ်မနေ စူးစမ်းလေ့လာရမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခု ဖြစ်နေတုန်းပါပဲ "
" ဘာလို့လဲဆိုတော့ ကွေ့ရွှီးနယ်မြေထဲမှာ နတ်ဆိုးဧကရာဇ်အဆင့်တွေအတွက်တောင် အရမ်းအသုံးဝင်တဲ့ ကြီးမားတဲ့ ဖန်ဆင်းခြင်း ကံကြမ္မာတွေ အများကြီး ရှိနေလို့ပါ... ကွေ့ရွှီးနယ်မြေထဲကို ဝင်ရောက်သွားတဲ့ အကြိမ်တိုင်း နတ်ဆိုးဧကရာဇ်တစ်ပါးပါးက ကြီးမားတဲ့ ကံကြမ္မာအကျိုးပေးတွေကို ရရှိလေ့ရှိပါတယ် "
" ဒါပေမယ့် ကွေ့ရွှီးနယ်မြေက အရမ်းလည်း အန္တရာယ်လည်း များပါတယ်... နတ်ဆိုးဧကရာဇ်အဆင့် ရှိသူတွေတောင် အဲ့ဒီထဲမှာ သေဆုံးသွားနိုင်ပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ရှေးခေတ်ကနေ အခုအချိန်အထိ ကွေ့ရွှီးနယ်မြေထဲမှာ ကျဆုံးသွားခဲ့တဲ့ နတ်ဆိုးဧကရာဇ် အနည်းဆုံး ငါးပါးလောက်ရှိတယ်လို့တော့ ကျွန်မ သိထားပါတယ် "
ကွေ့ရွှီးနယ်မြေ... နတ်ဆိုးဧကရာဇ်တွေ စူးစမ်းလေ့လာရမယ့် နေရာတစ်ခုလား။
ရှာနာနတ်ဆိုးဧကရာဇ်၏ ရှင်းပြချက်ကို နားထောင်ကာ ကုချန်မှာ စိတ်ဝင်စားသွားခဲ့လေသည်။
အမှန်စင်စစ် အင်မော်တယ်ဘုရင်အဆင့်တွင်ပင် ဤလောက၌ သူတို့ စူးစမ်းလေ့လာရန် နေရာများစွာ မကျန်တော့ချေ။ အင်မော်တယ်ဘုရင်အဆင့်ထက် ပိုမိုမြင့်မားသော နတ်ဆိုးဧကရာဇ်များအတွက်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။
ကွေ့ရွှီးနယ်မြေသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိသူများ စူးစမ်းလေ့လာနိုင်သည့် နေရာဖြစ်နေခြင်းကပင် ဤနေရာသည် အမှန်တကယ် မည်မျှ လျှို့ဝှက်ဆန်းကြယ်ကြောင်းကို သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။
ထို့အပြင် နတ်ဆိုးဧကရာဇ်အဆင့် ရှိသူများပင် ၎င်းအတွင်း၌ ကျဆုံးသွားနိုင်ခြင်းကလည်း ဤနေရာသည် အမှန်တကယ် မည်မျှ အန္တရာယ်များကြောင်းကို သက်သေပြရန် လုံလောက်နေ၏။
သို့သော်.....
ကုချန် အမှန်တကယ် စိတ်ဝင်စားခဲ့သည်မှာ ကွေ့ရွှီးနယ်မြေထဲတွင် အန္တရာယ်များနှင့် ဖန်ဆင်းခြင်း ကံကြမ္မာများ မည်မျှ ဖုံးကွယ်နေသည်ဆိုသည့် အချက်မဟုတ်ပေ။
သူ့ကို အမှန်တကယ် စိတ်ဝင်စားစေခဲ့သည်မှာ ထိုအချိန်ရောက်လျှင် နတ်ဆိုးဧကရာဇ် မည်မျှလောက် ဝင်ရောက် စူးစမ်းလေ့လာကြမည်လဲ ဆိုသည်ကိုပင် ဖြစ်သည်။
" ကွေ့ရွှီးနယ်မြေ ပွင့်လာတဲ့အခါ နတ်ဆိုးနယ်မြေထဲက နတ်ဆိုးဧကရာဇ်တွေ အကုန်လုံး ဝင်ရောက် စူးစမ်းကြမှာလား "
ကုချန်မှ စူးစမ်းလိုစွာ မေးမြန်းလိုက်၏။
" အကုန်လုံးတော့ မဟုတ်ပါဘူး "
ရှာနာနတ်ဆိုးဧကရာဇ်မှ ခေါင်းခါလိုက်၍ ပြန်လည်ဖြေဆိုလိုက်၏။
" ကွေ့ရွှီးနယ်မြေ ပွင့်တဲ့ အကြိမ်တိုင်းမှာ ရှေးဟောင်း နတ်ဆိုးဧကရာဇ် အများစုက တံခါးပိတ်ကျင့်ကြံနေတာ ဒါမှမဟုတ် အိပ်စက်နေတာမျိုး ဖြစ်နိုင်ပါတယ်... ဒါကြောင့် ကွေ့ရွှီးနယ်မြေကို ဝင်ရောက်တဲ့ နတ်ဆိုးဧကရာဇ် အရေအတွက်က များသောအားဖြင့် ဆယ်ပါးဝန်းကျင်လောက်ပဲ ရှိတတ်ပါတယ် "
" ဒါပေမယ့် ကွေ့ရွှီးနယ်မြေ ပွင့်တဲ့ တစ်ကြိမ်စီတိုင်းက အနှစ်နှစ်ထောင်လောက် ကြာတတ်တော့ အခြား နတ်ဆိုးဧကရာဇ်တွေလည်း ကြားဖြတ်ပြီး ဝင်လာတာ ဒါမှမဟုတ် ထွက်သွားတာမျိုး ရှိနိုင်ပါတယ်... ဒါပေမယ့် ပျှမ်းမျှ အရေအတွက်ကတော့ အတူတူလောက်ပါပဲ... များသောအားဖြင့် ဆယ်ပါးဝန်းကျင်လောက်ပါပဲ "
" အော်... ပြီးတော့... ရှေးတုန်းက နတ်ဆိုးနယ်မြေရဲ့အရှင်ဟာ ကွေ့ရွှီးနယ်မြေထဲမှာ ကြီးမားတဲ့ ဖန်ဆင်းခြင်း ကံကြမ္မာတစ်ခုကို ရရှိခဲ့လို့ နတ်ဆိုးဧကရာဇ်အဆင့်ကနေ တက်လှမ်းပြီး နတ်ဆိုးနယ်မြေရဲ့အရှင် ရာထူးကို ရရှိခဲ့တာလို့ ပြောကြတယ် "
" ဒါပေမယ့် နတ်ဆိုးနယ်မြေရဲ့အရှင် တာအိုကို ရရှိခဲ့တဲ့ ခေတ်ကာလက ရှေးဟောင်းခေတ်ထက်တောင် ပိုပြီး ရှေးကျနေတာဆိုတော့... ဒါက ပိုပြီး ရှေးကျတဲ့ ခေတ်ကနေ ဆင်းသက်လာတဲ့ ကောလာဟလ တစ်ခု ဖြစ်ရင်လဲ ဖြစ်ပါလိမ့်မယ်... ဒါက အမှန်လား အမှားလားဆိုတာတော့ ကျွန်မလည်း မသိပါဘူး "
" ဘယ်လိုပဲဖြစ်ဖြစ် ရှေးဟောင်း နတ်ဆိုးဧကရာဇ် တချို့ကတော့ ဒီသတင်းကို အမှန်လို့ ယုံကြည်ကြပါတယ်... အတိတ်က နတ်ဆိုးနယ်မြေရဲ့အရှင် ရရှိခဲ့သလိုမျိုး ကွေ့ရွှီးနယ်မြေထဲမှာ တူညီတဲ့ ဖန်ဆင်းခြင်းမျိုးကို ရရှိပြီး... သူတို့လည်း ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို တက်လှမ်းနိုင်ဖို့ အားလုံးက မျှော်လင့်နေကြတာပါ "
နတ်ဆိုးနယ်မြေရဲ့အရှင်.....
ကုချန်သည် နတ်ဆိုးနယ်မြေ၏ ဤအရှင်သခင်၏ အမည်ကို ထပ်မံကြားလိုက်ရပြန်၏။
ရှာနာနတ်ဆိုးဧကရာဇ်၏ စကားများထဲတွင်ပင် နတ်ဆိုးနယ်မြေရဲ့အရှင်မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ဖြစ်နေခြင်းက သူ မည်မျှ လျှို့ဝှက်ဆန်းကြယ်ကြောင်းကို သက်သေပြရန် လုံလောက်နေပေသည်။
" စိတ်ဝင်စားစရာပဲ "
ကုချန်မှ တီးတိုး ရေရွတ်လိုက်၏။ ဤနတ်ဆိုးနယ်မြေရဲ့အရှင်သည် ကွေ့ရွှီးနယ်မြေနှင့် ဆက်စပ်နေရုံသာမက နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံး နေရာရှိ ကျယ်ပြောလှသော နတ်ဆိုးနယ်မြေကြီးနှင့်လည်း ဆက်စပ်မှုရှိသည်ဟု ကောလာဟလ ထွက်နေသည်။ သူ၏အတွင်း၌ ဖုံးကွယ်နေသော လျှို့ဝှက်ချက်များမှာ နည်းပါးမည်မဟုတ်ကြောင်း စိတ်ကူးကြည့်၍ပင် ရနိုင်၏။
သို့သော် ကုချန်၏ လက်ရှိအဆင့်ဖြင့်မူ ဤနတ်ဆိုးနယ်မြေရဲ့အရှင်၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန် အချိန်ဝေးကွာနေသေး၏။ မည်သို့ပင်ဆိုစေကာမူ သူသည် အင်မော်တယ်ဘုရင်တစ်ပါးမျှသာ ဖြစ်ပြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ပင် မရောက်ရှိသေးချေ။
သို့သော်လည်း ရှာနာနတ်ဆိုးဧကရာဇ် ပေးလာသော အချက်အလက်များက သူ၏နှလုံးသားကို လှုပ်ရှားသွားစေခဲ့၏။
သူသည် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ စွမ်းအားကို စမ်းသပ်ရန် အခွင့်အရေးတစ်ခုကို ရှာဖွေနေခဲ့သော်လည်း သင့်လျော်သော ပစ်မှတ်ကို ချက်ချင်း ရှာမတွေ့နိုင်ဘဲ ဖြစ်နေခဲ့သည်။
အကြောင်းမှာ သူသည် နတ်ဆိုးနယ်မြေထဲတွင် လှုပ်ရှားမည်ဆိုပါက ရှာနာနတ်ဆိုးဧကရာဇ်၏ အကူအညီပါလျှင်တောင်မှ များစွာ သိသာထင်ရှားလွန်းနေမည် ဖြစ်သည်။
အကယ်၍ ပစ်မှတ်သည် ထွက်ပြေးလွတ်မြောက်သွားခြင်း သို့မဟုတ် သတင်းပေါက်ကြားသွားခြင်းမျိုး ဖြစ်ခဲ့ပါက ကုချန်သည် နက်ရှိုင်းသော ဒုက္ခတွင်းထဲသို့ ကျဆင်းသွားရုံသာ ရှိတော့မည်။
သို့သော် ဤကွေ့ရွှီးနယ်မြေထဲတွင်ဆိုလျှင်တော့ ပြဿနာရှိမည် မဟုတ်ပေ။
ရှာနာနတ်ဆိုးဧကရာဇ်၏ စကားအရ ကွေ့ရွှီးနယ်မြေသည် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်၍ ၎င်းအတွင်းရှိ အန္တရာယ်များမှာလည်း အဆုံးမဲ့ပင်။ နတ်ဆိုးဧကရာဇ်အဆင့်ရှိသူများပင် ၎င်းအတွင်း၌ ကျဆုံးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အကယ်၍ သူသည် ဤကွေ့ရွှီးနယ်မြေထဲတွင် နတ်ဆိုးဧကရာဇ်တစ်ပါးကို ယဉ်ပါးအောင် သိမ်းသွင်းရန် ကြိုးစားမည်ဆိုပါက အောင်မြင်လျှင် ကျေနပ်ဖွယ်ဖြစ်၍ ကျရှုံးခဲ့လျှင်တောင်မှ အန္တရာယ် အလွန်အမင်း ကြီးမားမည် မဟုတ်ပေ။ သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန် ကွေ့ရွှီးနယ်မြေ၏ အကာအကွယ်ကို အသုံးပြုရုံသာ လိုအပ်မည်ဖြစ်သည်။
ကွေ့ရွှီးနယ်မြေ၏ ဖုံးကွယ်ပေးမှုကြောင့် ပစ်မှတ်ထားခံရသော နတ်ဆိုးဧကရာဇ်သည် သူ ထောင်ချောက်ထဲသို့ ကျဆင်းသွားကြောင်း သိရှိသွားလျှင်တောင်မှ တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံနေသည်ဟု ထင်မြင်မည် မဟုတ်ပေ။ ၎င်းကို ကွေ့ရွှီးနယ်မြေ၏ အန္တရာယ်များကြောင့်ဟုပင် မှတ်ယူသွားနိုင်သည်။
ထိုသို့ဆိုလျှင် ဤကွေ့ရွှီးနယ်မြေသည် အမှန်တကယ်ပင် စူးစမ်းလေ့လာသင့်ပေသည်။
ဤအရာကို တွေးမိသောအခါ ကုချန်သည် ဝမ်းမြောက်ဝမ်းသာဖြင့် ပြောဆိုလိုက်၏။
" ဒါဆိုလည်း မင်း ပြင်ဆင်ထားတော့... အချိန်ကျလာရင် ငါတို့ ဒီကွေ့ရွှီးနယ်မြေထဲကို အတူတူ ဝင်ရောက်ပြီး စူးစမ်းလေ့လာကြတာပေါ့ "
" ဟုတ်ကဲ့ပါ! "
ကုချန်မှ ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်စူးစမ်းရန် ပြင်ဆင်နေသလို သူ့ကိုပါ ခေါ်ဆောင်သွားမည်ဟု ကြားလိုက်ရသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားကာ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။
အခန်း ( ၅၀၀ ) - ကုချန်၏ မေးခွန်း၊ မည်သို့ ကျော်လွန်တက်လှမ်းရမည်နည်း၊ တစ်ခုတည်းသောသူ
ရှာနာနတ်ဆိုးဧကရာဇ်၏ အဆိုအရ ကွေ့ရွှီးနယ်မြေသည် နောက်နှစ်ငါးဆယ်ခန့်အကြာမှ ပွင့်မည်ဖြစ်ရာ ယခုအချိန်တွင် အလျင်စလို လုပ်စရာ မလိုသေးပေ။
ဤသည်မှာ ကုချန်အတွက် ပြင်ဆင်ရန် အနှစ်ငါးဆယ် အချိန်ရလိုက်ခြင်းလည်း ဖြစ်သည်။
" ကွေ့ရွှီးနယ်မြေထဲ မဝင်ခင် အဆုံးမဲ့ဓားကို သွန်းလုပ်ပြီးစီးဖို့ မျှော်လင့်ရတာပဲ... ဒါဆို ငါ့မှာ နောက်ထပ် တိုက်ကွက်တစ်ခု ပိုရလာမှာပဲ "
ကုချန်မှ တစ်ကိုယ်တည်း တိုးတိုး ရေရွတ်လိုက်၏။
ထိုအင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံနှင့် ပေါင်းစပ်ပြီးနောက် အဆုံးမဲ့ဓားသည် ကုချန် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော နတ်ဘုရားလက်နက် အားလုံးကို တစ်ခုပြီးတစ်ခု ဝါးမျိုကာ ပေါင်းစပ်ပစ်ခဲ့၏။
နှစ်တစ်ရာ ကြာမြင့်ခဲ့သည့်တိုင် အပြည့်အဝ ချေဖျက်နိုင်ခြင်း မရှိသေးဘဲ အဆက်မပြတ် ပေါင်းစပ်နေဆဲ အခြေအနေတွင်ပင် ရှိနေသေးသည်။
အကယ်၍ ကွေ့ရွှီးနယ်မြေထဲသို့ မဝင်ရောက်မီ အဆုံးမဲ့ဓားသည် ထိုနတ်ဘုရားလက်နက်များ အားလုံးနှင့် ပေါင်းစပ်ပြီးစီးကာ သွန်းလုပ်ခြင်း အောင်မြင်သွားပါက ကုချန်အတွက် ကျိန်းသေပေါက် သတင်းကောင်း ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ သူ၏လက်ထဲတွင် နောက်ထပ် တိုက်ကွက်တစ်ခု ပိုမိုရရှိလာမည်ဖြစ်ပြီး ကွေ့ရွှီးနယ်မြေအတွင်း အသက်ရှင်ကျန်ရစ်နိုင်ခြေမှာလည်း အဆပေါင်းများစွာ တိုးလာမည် ဖြစ်သည်။
" ဒါဆို အရှင်သခင်... ကျွန်မ ကြိုတင်ပြင်ဆင်မှုတွေ သွားလုပ်ထားရမလား "
ရှာနာနတ်ဆိုးဧကရာဇ်မှ ကုချန်အား ညွှန်ကြားချက် တောင်းခံလိုက်၏။
ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်နှင့်အတူ ကွေ့ရွှီးနယ်မြေသို့ ဝင်ရောက်ရမည့်အရေးကို အလွန်အလေးထားလျက်ရှိကာ ကုချန်၏လုံခြုံရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ အားလုံးကို အပြည့်အဝ လုပ်ဆောင်ထားရန် တွေးထားလေသည်။
သို့သော် ကုချန် ခေါင်းညိတ်ပြတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ရုတ်တရက် မေးမြန်းလိုက်လေသည်။
" အော်... ဟုတ်ပြီ... မင်းကို မေးစရာ နောက်တစ်ချက် ရှိသေးတယ် "
ကုချန်၏စကားသံကို ကြားသောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် အလျင်အမြန်ပင် ရိုသေလေးစားစွာဖြင့် ပြန်လည် တုန့်ပြန်လေသည်။
" ဘာကိစ္စများလဲ အရှင်သခင်... အမိန့်ရှိပါ "
" ဒီလောကမှာ အဆုံးမဲ့တာအို ပြီးပြည့်စုံတဲ့နေရာ ဘယ်မှာရှိလဲဆိုတာ မင်း သိလား "
ကုချန်မှ သိလိုစွာ မေးမြန်းလိုက်၏။
အမှန်စင်စစ် ဤမေးခွန်းက သူ့ကို အချိန်ကြာမြင့်စွာ ဒုက္ခပေးနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ၏ ဒုတိယကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းအားမှာ အံ့မခန်း တိုးတက်နေပြီဖြစ်ကာ ဒဏ္ဍာရီလာ နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းရန် တံခါးဝသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သို့တိုင် သူ၏ ပင်မခန္ဓာကိုယ်၏ အဆင့်မှာ ပြီးပြည့်စုံသော အစစ်အမှန် အင်မော်တယ်အဆင့်တွင်သာ ရပ်တန့်နေကာ မည်သို့မျှ တိုးတက်လာခြင်း မရှိချေ။
ဤမျှ ကြီးမားလှသော ကွာဟချက်ကြီးက ကုချန်အား မည်သို့လျှင် စိုးရိမ်ပူပန်မှု မဖြစ်စေဘဲ နေမည်နည်း။
သို့သော် မည်မျှပင် စိုးရိမ်နေပါစေ အသုံးမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလောကတွင် ထိုကဲ့သို့သော အဆုံးမဲ့တာအို ပြီးပြည့်စုံရာနေရာ မည်သည့်နေရာတွင် ရှိနေကြောင်းကို သူ မသိသောကြောင့်ပင်။
သို့သော် သူ မသိသော်ငြား ရှာနာကဲ့သို့သော ရှေးဟောင်း နတ်ဆိုးဧကရာဇ်တစ်ပါးကတော့ သိကောင်းသိနိုင်မည်ဟု သူ ရုတ်တရက် တွေးမိလိုက်၏။
သူ့ကို မေးကြည့်လျှင် အကျိုးအကြောင်း တစ်ခုခု သိလာနိုင်မည် မဟုတ်ပါလော။
သို့သော် သူ၏မေးခွန်းကို ကြားပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာပေါ်တွင် ပေါ်လာသော အံ့အားသင့်မှုနှင့် ရှုပ်ထွေးသွားသော အမူအရာကို မြင်သောအခါ သူ လူမှားမေးမိပြီဖြစ်ကြောင်း ကုချန် သိလိုက်လေသည်။
" အရှင်သခင်... ဒီလောကမှာ အဆုံးမဲ့တာအို ပြီးပြည့်စုံတဲ့နေရာ ဘယ်မှာရှိလဲဆိုတာ ကျွန်မလည်း မသိပါဘူး "
ရှာနာနတ်ဆိုးဧကရာဇ်မှ သတိထားကာ ပြန်ဖြေလေသည်။
" တကယ်တော့ ဒီလောကမှာ အဆုံးမဲ့တာအို ပြီးပြည့်စုံတဲ့နေရာ ဆိုတာမျိုး လုံးဝ မရှိတာလည်း ဖြစ်နိုင်ပါတယ် "
" ဥပမာပြောရရင် အင်မော်တယ်နယ်မြေနဲ့ နတ်ဆိုးနယ်မြေပေါ့... နှစ်ခုလုံးမှာ အဆုံးမဲ့တာအိုတွေ ရှိတယ်ဆိုပေမယ့်... သူတို့ရဲ့ အဆုံးမဲ့တာအို ဥပဒေသတွေက လုံးဝကို ကွဲပြားခြားနားနေပါတယ် "
" အင်မော်တယ်နဲ့ နတ်ဆိုးနယ်မြေတွေအပြင် ကျယ်ပြောလှတဲ့ ကောင်းကင်ဘုံကြီးထဲမှာ မရေမတွက်နိုင်တဲ့ ကမ္ဘာငယ်လေးတွေလည်း ရှိပါသေးတယ် "
" ဒီကမ္ဘာငယ်လေးတွေထဲက အဆုံးမဲ့တာအို ဥပဒေသတွေက... များသောအားဖြင့် အင်မော်တယ်နဲ့ နတ်ဆိုးနယ်မြေတွေကနေ ဆင်းသက်လာတာ ဖြစ်ပေမယ့်... သိမ်မွေ့တဲ့ အချက်လေးတွေမှာတော့ အင်မော်တယ်နဲ့ နတ်ဆိုးနယ်မြေတွေရဲ့ အဆုံးမဲ့တာအို ဥပဒေသတွေနဲ့ အနည်းငယ် ကွဲပြားနေပါတယ် "
" ဒီ မရေမတွက်နိုင်တဲ့ ကမ္ဘာတွေရဲ့ အဆုံးမဲ့တာအို ဥပဒေသတွေကို ပေါင်းစပ်လိုက်မှသာ စကားလုံးအရ ပြီးပြည့်စုံတဲ့ အဆုံးမဲ့တာအိုကို ဖန်တီးနိုင်ပါလိမ့်မယ် "
" ဒါပေမယ့် ဒီလောကမှာ ဒီလိုနေရာမျိုး ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ "
ရှာနာနတ်ဆိုးဧကရာဇ်သည် စကားပြောနေရင်း ခေါင်းခါလိုက်၏။
သူ၏အမြင်တွင်မူ ဤစကားလုံးအရ အဆုံးမဲ့တာအို ပြီးပြည့်စုံရာ နေရာဆိုသည်မှာ ဤလောကတွင် လုံးဝ မရှိနိုင်ချေ။
ကောင်းကင်ဘုံသည် မည်မျှ ကျယ်ပြောသနည်း။
အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေတို့ပင်လျှင် အဆုံးအစမဲ့သော ကောင်းကင်ဘုံကြီးအတွင်းရှိ ဖုန်မှုန့်တစ်မှုန့်မျှသာ ဖြစ်သည်။
မရေမတွက်နိုင်သော ကမ္ဘာများ၊ မရေမတွက်နိုင်သော ကွဲပြားခြားနားသည့် အဆုံးမဲ့တာအို ဥပဒေသများသည် ဤကျယ်ပြောလှသော ကောင်းကင်ဘုံ၏ နောက်ခံမြင်ကွင်းကို ဖန်တီးထားကြ၏။
ရှေးတစ်ချိန်က နတ်ဆိုးနယ်မြေတွင် ဉာဏ်ပညာကြီးမားသော ပုဂ္ဂိုလ်များက ကျယ်ပြောလှသော ကောင်းကင်ဘုံသည် ၎င်း၏ အရှေးကျဆုံးနှင့် ကနဦးအစ အခြေအနေတွင် တစ်ပေါင်းတစ်စည်းတည်း ပြီးပြည့်စုံစွာ ရှိခဲ့နိုင်သည်ဟု ခန့်မှန်းခဲ့ကြဖူးသည်။
နောင်တွင် မသိရှိနိုင်သော အကြောင်းတရားတစ်ခုခုကြောင့် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ဤအဆုံးအစမဲ့သော နယ်ပယ်တစ်ခုလုံးတွင် ပြန့်ကျဲသွားကာ မရေမတွက်နိုင်သော ကမ္ဘာများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေဆိုသည်မှာ ဤမရေမတွက်နိုင်သော အစအနများအနက်မှ ကြီးမားသော အပိုင်းအစ နှစ်ခုမျှသာ ဖြစ်လေသည်။
ထို့အပြင် ထိုအရှေးကျဆုံးနှင့် ကနဦးအစ အချိန်၊ ကျယ်ပြောလှသော ကောင်းကင်ဘုံကြီး မကွဲကွာသေးမီ အချိန်က အဆုံးမဲ့တာအိုများသည် ပြီးပြည့်စုံ၍ အပြစ်အနာအဆာ ကင်းမဲ့နေခဲ့နိုင်ပေသည်။
တာအိုတစ်ခုကို နားလည်သဘောပေါက်သူသည် ဧကရာဇ်အဆင့်ကို ကျော်လွန်ကာ အမြင့်ဆုံးသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုအခါ ကောင်းကင်ဘုံကြီးသည် ပြန်လည်ပေါင်းစည်း၍မရနိုင်သော အခြေအနေသို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်ရာ ဤပြီးပြည့်စုံသော အဆုံးမဲ့တာအို ဆိုသည်မှာ ရေရာမှုမရှိသော ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်လေတော့သည်။
လောကတွင် အဆုံးမဲ့တာအို ပြီးပြည့်စုံရာ နေရာဆိုသည်မှာ မရှိနိုင်ဘူးမဟုတ်လော။
ရှာနာနတ်ဆိုးဧကရာဇ်၏ ပြတ်သားသော အဖြေကို နားထောင်လျက် ကုချန်သည် စိတ်ထဲတွင် ခေါင်းခါလိုက်မိ၏။
အကယ်၍ ဤလောကတွင် အဆုံးမဲ့တာအို ပြီးပြည့်စုံရာနေရာ မရှိဘူးဆိုပါက သူ၏ ပင်မခန္ဓာကိုယ်သည် ပြီးပြည့်စုံသော အစစ်အမှန် အင်မော်တယ်အဆင့်သို့ မည်သို့ တက်လှမ်းနိုင်ခဲ့မည်နည်း။
ထို့ကြောင့် အဆုံးမဲ့တာအို ပြီးပြည့်စုံရာ နေရာဆိုသည်မှာ ဤလောကတွင် သေချာပေါက် ရှိနေရမည်ဖြစ်သည်။ ရှာနာနတ်ဆိုးဧကရာဇ် မသိခြင်းသာ ဖြစ်ပေမည်။
" အရှင်သခင်... နတ်ဆိုးဧကရာဇ်အဆင့်ကို ဘယ်လိုကျော်လွန်ပြီး ဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေရဲ့အရှင် အဆင့်ကို ဘယ်လို တက်လှမ်းရမလဲဆိုတာ အရှင်သခင် သိလား "
ရှာနာနတ်ဆိုးဧကရာဇ်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် စိတ်ခံစားမှု အပြည့်ပါသော လေသံဖြင့် မေးမြန်းလိုက်လေသည်။
" ပြောပြစမ်းပါဦး "
ကုချန်သည် လက်ဝှေ့ယမ်းကာ ရှာနာနတ်ဆိုးဧကရာဇ်အား ဆက်ပြောရန် အချက်ပြလိုက်၏။
သူသည် ယခင်က ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်မှတစ်ဆင့် နတ်ဆိုးဧကရာဇ်အဆင့်၏ အထွတ်အထိပ်နှင့် နီးစပ်သော စွမ်းအားကို ရရှိခဲ့ဖူးသော်လည်း ၎င်းမှာ ငှားရမ်းထားသော စွမ်းအားသာဖြစ်ပြီး သူ၏ ကိုယ်ပိုင်စွမ်းအား မဟုတ်ချေ။
ထို့ကြောင့် ထိုအချိန်က ကုချန်သည် နတ်ဆိုးဧကရာဇ်အဆင့်နှင့် ပတ်သက်သော နားလည်သိမြင်မှု အများအပြားကို ရှာနာကဲ့သို့သော ဝါရင့် နတ်ဆိုးဧကရာဇ်များလောက် သဘာဝကျကျ ရှင်းလင်းစွာ နားလည်ထားခြင်း မရှိပေ။
" နတ်ဆိုးဧကရာဇ်အဆင့်ကနေ ဖောက်ထွက်တက်လှမ်းဖို့ဆိုရင် တာအိုတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ရပါမယ်... ပြီးတော့ တာအိုတစ်ခုရဲ့ အရှင်သခင် ဖြစ်လာမှသာ ဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေရဲ့အရှင် အဆင့်ကို ရောက်ရှိနိုင်မှာပါ! "
ဒဏ္ဍာရီလာ နတ်ဆိုးနယ်မြေရဲ့အရှင် အဆင့်သည် သူ တစ်သက်တာလုံး အိပ်မက်မက်ခဲ့ရသော အမြင့်ဆုံးအဆင့် ဖြစ်နေသောကြောင့် ရှာနာနတ်ဆိုးဧကရာဇ်၏ အသံတွင် တောင့်တမှုနှင့် စိတ်လှုပ်ရှားမှုများ ရောယှက်နေလေသည်။
" နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရှိပြီးနောက်မှာ ကိုယ့်ရဲ့ မွေးရာပါ တာအိုအဖြစ် တာအိုတစ်ခုကို ရွေးချယ်ရပါတယ် "
" မဟာတာအို သုံးထောင်က ကျယ်ပြောပြီး အဆုံးအစမရှိပါဘူး... တာအိုတိုင်းက ဧကရာဇ်အဆင့်ဆီကို ခေါ်ဆောင်သွားနိုင်ပါတယ် "
" ဒါပေမယ့် ဧကရာဇ်အဆင့်ကို ကျော်လွန်ဖို့ဆိုရင် အဲ့ဒီထဲက တစ်ခုကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ရပါမယ်... အဲ့ဒီတာအိုရဲ့ အရင်းအမြစ်နဲ့ အရှင်သခင် ဖြစ်လာရပါမယ်! "
ဤနေရာသို့ ရောက်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်လုံးများမှာ တောက်ပလာကာ လေသံမှာလည်း အနည်းငယ် စိတ်လှုပ်ရှားလာလေသည်။
" ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ဆိုရင် တာအိုတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ရမယ် ဆိုတာက ရှေးခေတ်ကတည်းက နတ်ဆိုးနယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်း ဟောကိန်းတစ်ခုဖြစ်ပြီး ကျွန်မတို့ နတ်ဆိုးဧကရာဇ်တွေ အခိုင်အမာ ယုံကြည်ထားတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ် "
" အတိုချုပ်ပြောရရင် နတ်ဆိုးနယ်မြေရဲ့အရှင် အဆင့်ကို ရောက်ရှိနိုင်တဲ့ သူတွေဟာ 'တစ်ဦးတည်းသောသူ' တွေပါ... သူတို့ဆီမှာ 'တစ်ခုတည်းသော တည်ရှိမှု' ဆိုတဲ့ ဂုဏ်သတ္တိ ရှိကြပါတယ် "
" ဥပမာအနေနဲ့ ကျွန်မ ကျင့်ကြံနေတာက ရှာနာ တာအိုပါ "
" တကယ်လို့ ကျွန်မသာ ရှာနာ တာအို တစ်ခုလုံးကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားမယ်ဆိုရင် အဲ့ဒီကနေတစ်ဆင့် နတ်ဆိုးနယ်မြေရဲ့အရှင် အဆင့်ကို ရောက်ရှိနိုင်မှာပါ "
" ပြီးတော့ ကျွန်မသာ နတ်ဆိုးနယ်မြေရဲ့အရှင် ဖြစ်လာမယ်ဆိုရင် ဒီရှာနာ တာအိုရဲ့ အရင်းအမြစ်နဲ့ ဘိုးဘေးအဖြစ် ထာဝရ တည်ရှိသွားမှာပါ "
" ကျွန်မပြီးရင် နောက်လာမယ့် ကျင့်ကြံသူတွေက ဒီရှာနာ တာအိုကနေတစ်ဆင့် နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရှိနိုင်ပေမယ့် နတ်ဆိုးနယ်မြေရဲ့ အရှင်တစ်ပါးတော့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ ဒီလမ်းကြောင်းက ကျွန်မ လျှောက်လှမ်းပြီးလို့ အဆုံးသတ်သွားပြီဖြစ်လို့ပါပဲ... ပိုမှန်အောင် ပြောရရင် ကျွန်မက လုံးဝ ပိတ်ဆို့လိုက်ပြီမို့လို့ပါပဲ! "
နတ်ဆိုးနယ်မြေရဲ့အရှင် အဆင့်သို့ ရောက်ရှိသူများသည် သူတို့ကျင့်ကြံသော တာအို၏အမြင့်ဆုံး နေရာကို ပိုင်ဆိုင်နိုင်သည့် တစ်ဦးတည်းသော သူများဖြစ်သည်တဲ့လော။
ရှာနာနတ်ဆိုးဧကရာဇ်၏ ရှင်းပြချက်ကို ကြားသောအခါ ကုချန်၏နှလုံးသားမှာ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။
နတ်ဆိုးဧကရာဇ်အဆင့်နှင့် ပတ်သက်သော ဤကဲ့သို့ လျှို့ဝှက်ချက်မျိုးကို သူ ပထမဆုံးအကြိမ် သိရှိခဲ့ရခြင်းပင်။
ယခင်က နတ်ဆိုးဧကရာဇ်ကြီးမှ နတ်ဆိုးဧကရာဇ်အဆင့်ရှိ ပုဂ္ဂိုလ်များ အားလုံးတွင် ကိုယ်ပိုင် ကျောက်ချရပ်တည်ရာများ ရှိကြပြီး ကျောက်ချရပ်တည်ရာ မရှိပါက သူတို့သည် လမ်းပျောက်သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု သူ့အား ပြောပြခဲ့ဖူးသည်။
ယခုအခါ ရှာနာနတ်ဆိုးဧကရာဇ်မှ သူ့ကို အခြားသော လျှို့ဝှက်ချက်တစ်ခု ပြောပြလာခဲ့၏။ ထိုလျှို့ဝှက်ချက်မှာောဖု နတ်ဆိုးဧကရာဇ်အဆင့်အထက်သို့ တက်လှမ်းခြင်းနှင့် သက်ဆိုင်သော လျှို့ဝှက်ချက်ပင် ဖြစ်လေသည်။
နတ်ဆိုးနယ်မြေရဲ့အရှင် ဖြစ်လာသူသည် တာအိုတစ်ခု၏ အရှင်သခင် ဖြစ်သည့်အပြင် လောကတွင် တစ်ခုတည်းသော တည်ရှိမှုလည်း ဖြစ်ပေသည်။