အခန်း (၅၀၁-၅၀၂)
Vol. 36 Ch. 501-502
အခန်း ( ၅၀၁ ) - အမြင့်ဆုံးနေရာ၊ တာအိုဘိုးဘေး၏ အမည်နာမနှင့် လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးနယ်မြေရဲ့အရှင်
'လောကတွင် တစ်ခုတည်းသောသူ' ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။
သူ မွေးဖွားလာလျှင် ကျန်သူများ သေဆုံးရမည်။ သူ သေဆုံးသွားမှသာ ကျန်သူများ ရှင်သန်နိုင်မည်။
နတ်ဆိုးဧကရာဇ်တစ်ပါးသည် တာအိုတစ်ခုကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး ယင်းမှတစ်ဆင့် နတ်ဆိုးနယ်မြေရဲ့အရှင် အဆင့်သို့ ရောက်ရှိသွားပါက ထိုတာအိုကို ကျင့်ကြံသော နောက်လာမည့် ကျင့်ကြံသူအားလုံးသည် နတ်ဆိုးနယ်မြေရဲ့အရှင် အဆင့်သို့ မည်သည့်အခါမျှ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။
ဤသည်မှာ 'လောကတွင် တစ်ခုတည်းသောသူ' ဟူသော စကား၏ အဓိပ္ပာယ်ပင်။ တာအိုတိုင်းတွင် အမြင့်ဆုံးနေရာတစ်ခု ရှိသော်လည်း ထိုနေရာကို လူတစ်ဦးတည်းသာ ရယူနိုင်လေသည်။
တစ်စုံတစ်ယောက်မှ ထိုအမြင့်ဆုံးနေရာသို့ တက်လှမ်းသွားခြင်းသည် နောက်ကျမှ လာသူများအားလုံးအတွက် လမ်းကို ပိတ်ဆို့လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤအရာမှာ မည်သို့မျှ ချိုးဖျက်၍မရနိုင်သော ကံကြမ္မာပင်တည်း။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးနယ်မြေရဲ့အရှင် တစ်ပါးအတွက် တူညီသော တာအိုကို ကျင့်ကြံသူတိုင်းသည် တစ်နည်းအားဖြင့် မျက်လုံးဖြင့်ပင် မမြင်ရသော စိန်ခေါ်သူများ ဖြစ်နေသောကြောင့်ပင်။
ထိုသူ အားနည်းနေချိန်တွင် နတ်ဆိုးနယ်မြေရဲ့အရှင်က သတိထားမိမည် မဟုတ်ပေ။ နတ်ဆိုးနယ်မြေရဲ့အရှင်၏ မျက်လုံးထဲတွင် အားနည်းသော တူညီသည့် တာအိုကျင့်ကြံသူသည် ပုရွက်ဆိတ်တစ်ကောင်လောက်ပင် မရှိဘဲ ဂရုစိုက်စရာမလိုသည့် ဖုန်မှုန့်တစ်မှုန့်မျှသာ ဖြစ်နေသောကြောင့်ပင်။
သို့သော် တူညီသော တာအိုကို ကျင့်ကြံသည့် နောက်ပေါက်ကျင့်ကြံသူ တစ်ဦးသည် အင်မော်တယ်ဘုရင် သို့မဟုတ် နတ်ဆိုးဧကရာဇ်အဆင့်အထိ ကျင့်ကြံလာနိုင်ပါက ထိုသူသည် နတ်ဆိုးနယ်မြေရဲ့အရှင်၏ အမြင်အာရုံထဲသို့ အောင်မြင်စွာ ဝင်ရောက်လာပြီဟု ဆိုလိုသည်။
နောက်ပေါက်ကျင့်ကြံသူ တစ်ဦးသည် ဤတာအိုကို နတ်ဆိုးဧကရာဇ်အဆင့်၏ အထွတ်အထိပ်အထိ အမှန်တကယ် ကျင့်ကြံလာနိုင်သောအခါ ထိုတာအို၏ ဘိုးဘေးဖြစ်နေပြီးသား နတ်ဆိုးနယ်မြေရဲ့အရှင်သည် ထိုနောက်ပေါက်ကျင့်ကြံသူအား သူ၏အမြင့်ဆုံးနေရာကို လုယူခွင့် ပြုပါမည်လော။
ဤသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း ရှင်းလင်းနေ၏။
ထို့အပြင် နတ်ဆိုးနယ်မြေ၏အရှင်နှင့် နတ်ဆိုးဧကရာဇ်တို့ကြားရှိ ကွာဟချက်သည် စိတ်ကူးကြည့်ရုံမျှဖြင့်ပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားကြောင်း ကုချန် သိထားလေသည်။
ထိုအချိန်တွင် နတ်ဆိုးနယ်မြေ၏အရှင် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် နတ်ဆိုးဧကရာဇ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသူများနှင့် ထိုတာအိုကို ကျင့်ကြံသော နောက်လာမည့်သူများ အားလုံးကိုပင် ချေမှုန်းရန် လုံလောက်နေပေလိမ့်မည်။
နောက်လာမည့် သူများအတွက် ဤအရာက မည်မျှ မျှော်လင့်ချက်မဲ့စရာ ကောင်းလိုက်မည်နည်း။
နတ်ဆိုးနယ်မြေ၏အရှင် မဖြစ်လာသရွေ့ ထိုတာအိုကို ပထမဆုံးရရှိ၍ ဘိုးဘေးဖြစ်လာခဲ့သော နတ်ဆိုးနယ်မြေ၏ အရှင်၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။
သို့သော် နတ်ဆိုးနယ်မြေ၏အရှင် အဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာ ထိုတာအို၏ ဘိုးဘေးကို ကျော်လွှားနိုင်ရမည်ဟု ဆိုလိုနေပြန်သည်။
အဘယ်ကြောင့်ဆိုသော် တာအိုသည် 'တစ်ခုတည်းသော တည်ရှိမှု' ဖြစ်သောကြောင့်ပင်။
" ဒါဆိုရင် မင်းသာ တာအိုတစ်ခုကို ရွေးချယ်တာ မှားယွင်းသွားခဲ့ရင် နတ်ဆိုးနယ်မြေရဲ့အရှင် နေရာကို မရနိုင်တော့ရုံသာမက မင်းရဲ့ ကိုယ်ပိုင်အသက်အန္တရာယ်ပါ ကြီးကြီးမားမား ကျရောက်လာနိုင်တယ် ဆိုတဲ့သဘောပေါ့ "
ကုချန်သည် အသက်ပြင်းပြင်း ရှူလိုက်ရင်း ပြောဆိုလိုက်၏။
" ဟုတ်ပါတယ် "
ရှာနာနတ်ဆိုးဧကရာဇ်မှ သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
" တာအိုတစ်ခုကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး အဲ့ဒီတာအိုရဲ့ အရင်းအမြစ် ဖြစ်လာတဲ့သူဟာ... တစ်နည်းအားဖြင့် ပြောရရင် အဲ့ဒီတာအိုရဲ့ ကိုယ်ပွားတစ်ခု ဖြစ်လာတာပါပဲ... ဒါကြောင့် တချို့လူတွေက နတ်ဆိုးဧကရာဇ်အဆင့်ထက် မြင့်တဲ့အဆင့်ကို... တာအိုတစ်ခုရဲ့ ဖန်တီးရှင်လို့ အဓိပ္ပာယ်ရတဲ့ တာအိုဘိုးဘေးအဆင့် လို့လည်း ခေါ်ကြပါတယ် "
" ဒါပေမယ့် ကံကောင်းတာက ဒီလောကမှာ တာအိုဘိုးဘေးအဆင့်ဆိုတာ လုံးဝ မရှိတာလည်း ဖြစ်နိုင်ပါတယ်... ရှိခဲ့ရင်တောင် တစ်ပါး၊ နှစ်ပါးလောက်ပဲ ရှိနိုင်ပါတယ်... ဘာလို့လဲဆိုတော့ နတ်ဆိုးနယ်မြေမှာတောင် တာအိုဘိုးဘေးအဆင့်ရှိတဲ့ တည်ရှိမှုဆိုလို့ နတ်ဆိုးနယ်မြေရဲ့အရှင် တစ်ပါးတည်းသာ ရှိတယ်လို့ ဒဏ္ဍာရီတွေမှာ ဆိုထားလို့ပါ.....
ပြီးတော့... မဟာတာအို သုံးထောင်ဆိုတာ အများကြီး ရှိနေတာဆိုတော့ နတ်ဆိုးဧကရာဇ်အဆင့် ရှိသူတွေအတွက် ကံသိပ်မဆိုးလှဘူးဆိုရင်... သူတို့ ကျင့်ကြံတဲ့ တာအိုဟာ အဟန့်အတား ကင်းမဲ့နေမှာဖြစ်လို့... သူတို့ကို ပိတ်ဆို့နေမယ့် တာအိုဘိုးဘေးအဆင့်ရှိတဲ့ တည်ရှိမှုမျိုး ရှိနေမှာ မဟုတ်ပါဘူး "
ရှာနာနတ်ဆိုးဧကရာဇ်၏ စကားများကို နားထောင်ရင်း ကုချန်သည်လည်း အမှန်ဖြစ်မည်ဟု တွေးမိလိုက်၏။
နတ်ဆိုးနယ်မြေ တစ်ခုလုံးတွင် သူ၏ လက်ရှိ အသိပညာအရ ဧကရာဇ်အဆင့်အထက် ရောက်နေနိုင်သည်ဟု သံသယရှိရသော နတ်ဆိုးနယ်မြေ၏အရှင် တစ်ပါးအကြောင်းကိုသာ သူ ကြားဖူးထားပြီး အင်မော်တယ်နယ်မြေတွင်မူ တစ်ပါးမျှပင် မကြားဖူးခဲ့ချေ။
ယခင်က နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ကုချန် တစ်ချက်မျှ မြင်တွေ့ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် တည်ရှိမှုကိုပါ ထည့်တွက်မည်ဆိုလျှင်တောင် တာအိုဘိုးဘေးအဆင့်ရှိသူ အရေအတွက်မှာ လက်တစ်ဖက်စာထက် ပိုမည်မဟုတ်ပေ။
ကောင်းကင်ဘုံများသည် ကျယ်ပြော၍ အဆုံးအစမရှိသော်ငြား နတ်ဆိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေသဖွယ် ကြီးမားသော နယ်မြေကြီးများတွင်ပင် တာအိုဘိုးဘေးအဆင့်ရှိသူ တစ်ပါးနှစ်ပါးမျှပင် ထွက်ပေါ်မလာနိုင်ခဲ့လျှင် အဆုံးမဲ့ကမ္ဘာကဲ့သို့သော နယ်မြေငယ်လေးများအတွက်မူ ပို၍ပင် တွေးကြည့်စရာ မလိုတော့ချေ။
ထို့အပြင် မဟာတာအို သုံးထောင်မှာ အလွန် များပြားလှရာ ကျင့်ကြံရန် တာအိုတစ်ခုကို ရွေးချယ်ရာတွင် ၎င်း၏အဆုံးသတ်၌ တာအိုဘိုးဘေးတစ်ပါး ရှိနေနိုင်ခြေမှာ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုမျှလောက် ကံဆိုးနေခဲ့မည်ဆိုလျှင် ထိုဧကရာဇ်အဆင့်ရှိသူသည် သူ၏ ကံဆိုးမှုနှင့်သာ ထိုက်တန်သည်ဟု ဆိုရပေမည်။
" ဒါပေမယ့်... ကိုယ့်ကို ပိတ်ဆို့နေမယ့် တာအိုဘိုးဘေးတစ်ပါး ရှိနေတဲ့ တာအိုကို ရွေးချယ်မိဖို့ အခွင့်အရေး မရှိသလောက် နည်းပါးတယ်ဆိုရင်တောင်... ဧကရာဇ်အဆင့်ရှိသူတွေ အားလုံးက အရမ်းကို ဂရုတစိုက်နဲ့ သတိထားတတ်ကြလို့ သူတို့ ကျင့်ကြံတဲ့ တာအိုကို လောကကြီးကို အလွယ်တကူ ထုတ်ဖော်ပြသမှာ မဟုတ်ပါဘူး "
ရှာနာနတ်ဆိုးဧကရာဇ်မှ ရုတ်တရက် ဖြည့်စွက်ပြောဆိုလိုက်၏။
" တာအိုဘိုးဘေးအဆင့် ကိစ္စတွေကို ထည့်သွင်းစဉ်းစားစရာ မလိုပေမယ့် တူညီတဲ့ တာအိုကို ကျင့်ကြံနေတဲ့ တခြား ဧကရာဇ်အဆင့်ရှိတဲ့ သူတွေကတော့... ရှိနေနိုင်ပါတယ် "
အန္တရာယ်သည် ပိုမိုမြင့်မားသော တာအိုဘိုးဘေးအဆင့်မှ လာခြင်းမဟုတ်ဘဲ တူညီသော ဧကရာဇ်အဆင့်ရှိ အခြားသောသူများထံမှ လာမည်တဲ့လော။
ရှာနာနတ်ဆိုးဧကရာဇ်၏ စကားများကို ကြားသောအခါ ကုချန်မှာ တွေးတောသွားမိသည်။
အမှန်ပင် တာအိုဘိုးဘေးအဆင့်ရှိသူများမှာ အလွန် ရှားပါးလှရာ ကောင်းကင်ဘုံ တစ်ခုလုံးကို ရှာဖွေလျှင်တောင် တစ်ပါးနှစ်ပါးမျှ တွေ့ရှိရန် ခက်ခဲလှသည်။
သို့သော် ဧကရာဇ်အဆင့်ရှိသူများကမူ ထိုသို့ မဟုတ်ချေ။
နတ်ဆိုးနယ်မြေ တစ်ခုတည်းတွင်ပင် ဧကရာဇ်အဆင့်ရှိသူ ဒါဇင်နှင့်ချီ၍ပင် ရှိနေလေသည်။
အင်မော်တယ်နယ်မြေရှိ ဧကရာဇ်အဆင့်ရှိသူများမှာလည်း များပြားလှပေမည်။
ကျယ်ပြောလှသော ကောင်းကင်ဘုံကြီးကို ကြည့်မည်ဆိုလျှင် ဧကရာဇ်အဆင့်ရှိသူ အရေအတွက်မှာ ပို၍ပင် များပြားလာမည် ဖြစ်သည်။
အကယ်၍ ဧကရာဇ်အဆင့်ရှိသူ နှစ်ဦးသည် တူညီသော တာအိုကို ကျင့်ကြံနေပါက သူတို့သည် သဘာဝအလျောက် သေခန်းပြတ် ရန်သူများ ဖြစ်လာကြပေမည်။
ဤသည်မှာ အခြားသော မကျေနပ်မှုများ အားလုံးထက် သာလွန်သည့် တာအိုအတွက် အငြိုးအာဃာတဖြစ်ကာ မဟာတာအိုအတွက် တိုက်ပွဲဖြစ်သောကြောင့် မည်သူကမျှ နောက်ဆုတ်ခြင်း သို့မဟုတ် လက်လျှော့ခြင်း ပြုလုပ်နိုင်မည် မဟုတ်ပေ။
အခြားတစ်ဦး တာအိုကို ရရှိသွားခြင်းက မိမိအတွက် တာအိုဘိုးဘေးနေရာကို ရရှိရန် အခွင့်အရေး မရှိတော့ကြောင်း ဆိုလိုနေ၏။
ထို့အပြင် နှစ်ဦးစလုံးက ဧကရာဇ်အဆင့်တွင် ရှိနေချိန်၌ ယှဉ်ပြိုင်ရန် အခွင့်အရေး ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် တူညီသော တာအိုကို ကျင့်ကြံသည့် မည်သည့် ဧကရာဇ်အဆင့်ရှိသူများမဆို ရှောင်လွှဲ၍မရသော သေခန်းပြတ် ရန်သူများ ဖြစ်လာကြမည်ကို ကြိုတင် မြင်တွေ့နိုင်ပြီး တစ်ဖက်ဖက်က လုံးဝ သေဆုံးသွားမှသာ ဤရန်ငြိုးကို ဖြေရှင်းနိုင်မည် ဖြစ်လေသည်။
အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေ နှစ်ခုလုံးရှိ ဧကရာဇ်အဆင့်ရှိသူများက တစ်ပါးထက်တစ်ပါး ပိုမို လျှို့ဝှက်ဆန်းကြယ်နေကြခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
သူတို့၏ အမည်နာမများပင် လောကတွင် ပျံ့နှံ့လေ့ မရှိပေ။
ဤအဆင့်သို့ ရောက်သောအခါ ကျော်ကြားမှုနှင့် စည်းစိမ်များကို ဂရုမစိုက်တော့သည့်အပြင် လောကက သူတို့ကို မသိရှိစေရန်နှင့် သူတို့၏ တာအိုကို ဖုံးကွယ်ထားလိုသည့် ဆန္ဒလည်း ရှိနေကြခြင်း ဖြစ်သည်။
" ဒါကြောင့်မလို့ အရှင်သခင်... အနာဂတ်မှာ အရှင်သခင် နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရှိပြီး... ကိုယ်ကျင့်ကြံမယ့် တာအိုကို ရွေးချယ်တဲ့အခါ ကိုယ်ရွေးချယ်ထားတဲ့ တာအိုကို ဘယ်တော့မှ အလွယ်တကူ ထုတ်မပြပါနဲ့.....
အဲ့လိုမှမဟုတ်ရင်... တူညီတဲ့ တာအိုကို ကျင့်ကြံနေတဲ့ တစ်ယောက်ယောက်က သိသွားခဲ့ရင် သူတို့က အရှင်သခင်ကို တိတ်တဆိတ် ရန်သူလို သဘောထားလာကြမှာဖြစ်လို့... အဆုံးသတ်မရှိတဲ့ ရန်ငြိုးမျိုး ဖြစ်လာပါလိမ့်မယ်"
ရှာနာနတ်ဆိုးဧကရာဇ်မှ ကြင်နာစွာဖြင့် သတိပေးလိုက်၏။
" အင်း... ငါ နားလည်ပါတယ် "
ရှာနာနတ်ဆိုးဧကရာဇ်၏ ကြင်နာသော သတိပေးစကားကို ကြားသောအခါ ကုချန်သည်လည်း ရှာနာနတ်ဆိုးဧကရာဇ်၏ စေတနာကို လက်ခံကာ ခေါင်းညိတ် သဘောတူလိုက်လေသည်။
" ဒါနဲ့ စကားမစပ်... အဲ့ဒီ နတ်ဆိုးနယ်မြေရဲ့အရှင်က ဘယ်တာအိုကို ရရှိသွားတာလဲ "
ကုချန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် မေးမြန်းလိုက်၏။
ထိုနတ်ဆိုးနယ်မြေ၏အရှင်သည် တာအိုဘိုးဘေးနေရာကို ရရှိပြီးဖြစ်ရာ သူ မည်သည့်တာအိုကို ထိန်းချုပ်ထားသည်ဟူသော အချက်အလက်များ ပေါက်ကြားသွားမည်ကို ကြောက်ရွံ့နေမည် မဟုတ်ပေ။
သို့သော် ကုချန်၏ မေးခွန်းကို ကြားသောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် ခေါင်းခါလိုက်ကာ ပြန်လည် ဖြေဆိုလေသည်။
" ကျွန်မလည်း မသိပါဘူး... နတ်ဆိုးနယ်မြေရဲ့အရှင်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်လွန်းပါတယ်... ကျွန်မတို့ နတ်ဆိုးဧကရာဇ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြိမ်အရေအတွက်ကတောင် သနားစရာကောင်းလောက်အောင် နည်းပါးပါတယ်.....
ရှေးဟောင်း အင်မော်တယ်-နတ်ဆိုး စစ်ပွဲကြီး ပြီးကတည်းက သူက နတ်ဆိုးနယ်မြေမှာ ဘယ်တော့မှ မျက်နှာမပြတော့ပါဘူး... ရှေးဟောင်း နတ်ဆိုးဧကရာဇ် တချို့ဆိုရင် နတ်ဆိုးနယ်မြေရဲ့အရှင် ကျဆုံးသွားပြီလား လို့တောင် ခန့်မှန်းကြတယ်.....
သူ ဘယ်တာအိုကို ကျင့်ကြံသလဲဆိုတာကတော့ ပိုလို့တောင် မသိရပါဘူး... ဘာလို့လဲဆိုတော့ နတ်ဆိုးနယ်မြေရဲ့အရှင် လှုပ်ရှားတိုက်ခိုက်တာကို ဘယ်သူမှ မမြင်ဖူးလို့ပါပဲ "
နတ်ဆိုးနယ်မြေရဲ့အရှင် လှုပ်ရှားတိုက်ခိုက်တာကို ဘယ်သူမှ မမြင်ဖူးဘူးတဲ့လား။
ကုချန်သည် အံ့အားသင့်သွားရ၏။
သို့ဆိုလျှင် ဤနတ်ဆိုးနယ်မြေ၏အရှင်သည် နတ်ဆိုးဧကရာဇ် အများအပြားကို မည်သို့ အညံ့ခံစေခဲ့သနည်း။ သူ ခန္ဓာကိုယ် တစ်ချက် လှုပ်လိုက်ရုံဖြင့် နတ်ဆိုးဧကရာဇ်များ အားလုံး လာရောက် ပူဇော်ကြသည်ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး မဟုတ်လော။
" နတ်ဆိုးနယ်မြေရဲ့အရှင်က တစ်ခါမှ လှုပ်ရှားတာကို မမြင်ဖူးရပေမယ့် အရှေးအကျဆုံး နတ်ဆိုးဧကရာဇ် တချို့က သူ့အတွက် အာမခံပေးထားပါတယ် "
ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်၏ ရှုပ်ထွေးနေမှုကို မြင်သွားဟန်ဖြင့် အလျင်အမြန် ရှင်းပြလေ၏။
" နတ်ဆိုးနယ်မြေထဲက ရှေးအကျဆုံး နတ်ဆိုးဧကရာဇ် တချို့က နတ်ဆိုးနယ်မြေရဲ့အရှင်ကို အမြင့်ဆုံးအဖြစ် အားလုံး လေးစားကြပါတယ်... ကျွန်မတို့လို နောက်ကျမှ တာအိုကို ရရှိခဲ့တဲ့ နတ်ဆိုးဧကရာဇ်တွေ အနေနဲ့ကတော့... နတ်ဆိုးနယ်မြေရဲ့အရှင် လှုပ်ရှားတာကို မမြင်ဖူးပေမယ့် အဲ့ဒီ ရှေးဟောင်း နတ်ဆိုးဧကရာဇ်တွေရဲ့ စံနမူနာရှိနေတော့... နတ်ဆိုးနယ်မြေရဲ့အရှင်အပေါ် လုံးဝ မရိုမသေ မလုပ်ရဲကြပါဘူး "
အခန်း ( ၅၀၂ ) - ပို၍စိတ်ဝင်စားစရာကောင်းလာခြင်း၊ ယွဲ့လင်၏အလည်အပတ်နှင့် ရှောင်လင်ဧကရီ၏ ချိန်းဆိုမှု
တစ်ကြိမ်တစ်ခါမျှ လှုပ်ရှားတိုက်ခိုက်ဖူးခြင်းမရှိသော်လည်း ရှေးအကျဆုံး နတ်ဆိုးဧကရာဇ်အချို့က သူ့အတွက် အာမခံပေးထားခဲ့သည်တဲ့လော။
ရှာနာနတ်ဆိုးဧကရာဇ်၏ ရှင်းပြချက်ကို နားထောင်ကာ အခြေအနေကို ကုချန် ခန့်မှန်းမိသွား၏။
ဤနတ်ဆိုးနယ်မြေ၏အရှင် သူ၏အစွမ်းကို ပြသခဲ့သော ခေတ်ကာလသည် အလွန်တရာ ရှေးကျလွန်းကာ နောက်ကျမှ တက်လှမ်းလာသော ရှာနာကဲ့သို့သော နတ်ဆိုးဧကရာဇ်များ မမွေးဖွားသေးမီကပင် ဖြစ်နိုင်ချေရှိသည်။
နောင်တွင် အစဦးကာလက နတ်ဆိုးနယ်မြေအရှင်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော နတ်ဆိုးဧကရာဇ်အချို့က သူ့ကို အမြင့်ဆုံးအရှင်သခင်အဖြစ် စုပေါင်းလေးစားခဲ့ကြခြင်း ဖြစ်ပေမည်။
ရှာနာကဲ့သို့ နောက်ကျမှ တက်လှမ်းလာသော နတ်ဆိုးဧကရာဇ်များအနေဖြင့် ထိုနတ်ဆိုးနယ်မြေ၏အရှင် အမှန်တကယ် လှုပ်ရှားတိုက်ခိုက်သည်ကို မမြင်ဖူးသော်လည်း သူ့အပေါ် ရိုင်းစိုင်းစွာ မဆက်ဆံရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ထိုရှေးဟောင်း နတ်ဆိုးဧကရာဇ်များသည် သူတို့ထက် နိမ့်ကျသော တည်ရှိမှုတစ်ခုကို မည်သည့်အခါမျှ လေးစားကြမည်မဟုတ်ကြောင်း လူတိုင်း သိထားကြသောကြောင့်ပင်။
" တာအိုဘိုးဘေး... တစ်ခုတည်းသောသူ... နတ်ဆိုးနယ်မြေရဲ့အရှင်... ဒါတွေက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီပဲ "
ကုချန်သည် မေးစေ့ကို ပွတ်သပ်ရင်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် တိုးဖွဖွ ရေရွတ်လိုက်၏။
အစက သူ၏ ကျင့်ကြံမှုနှင့် စွမ်းအားများ မြင့်မားလာသည်နှင့်အမျှ ဘဝသည်လည်း အားနည်းချိန်ကကဲ့သို့ စိန်ခေါ်မှုများနှင့် စမ်းသပ်မှုများကို မရင်ဆိုင်ရတော့ဘဲ ပိုပိုပြီး ငြီးငွေ့စရာကောင်းလာမည်ဟု သူ ထင်ခဲ့သည်။
သို့သော် ယခုအခါ အင်မော်တယ်နယ်မြေ၊ နတ်ဆိုးနယ်မြေနှင့် ကျယ်ပြောလှသော ကောင်းကင်ဘုံကြီးအကြောင်းကိုး ပိုမိုနက်ရှိုင်းစွာ သိလာသည်နှင့်အမျှ သူ၏ လက်ရှိစွမ်းအားဖြင့်ပင် ကျယ်ပြောလှသော ကောင်းကင်ဘုံကြီး၏ လျှို့ဝှက်ဆန်းကြယ်သည့် ကုလားကာ၏ ထောင့်တစ်နေရာကိုသာ ခဲယဉ်းစွာ ဖယ်ရှားရမည့် အခြေအနေတွင်သာ ရောက်ရှိနေသေးကြောင်း သဘောပေါက်လာခဲ့သည်။
ဤကျယ်ပြောလှသော ကောင်းကင်ဘုံကြီးတွင် သူ စူးစမ်းဖော်ထုတ်ရန် စောင့်ဆိုင်းနေသော လျှို့ဝှက်ချက်များ ရှိနေသေး၏။
ဥပမာအားဖြင့် ဤဒဏ္ဍာရီလာ တာအိုဘိုးဘေးအဆင့်သည် ကုချန် တစ်ချိန်က ရောက်ရှိခဲ့ဖူးသော ဧကရာဇ်အဆင့်နှင့် မည်မျှ တူညီနေမည်နည်း။
လူသားတာအိုနယ်ပယ်တွင် အမြင့်ဆုံးအဆင့်ကို ကျော်လွန်သည့် ဧကရာဇ်အဆင့်သည် နယ်ပယ်တစ်ခု၏ အဆုံးမဲ့တာအိုများအားလုံးကို အပြည့်အဝ နားလည်သဘောပေါက်ရန် လိုအပ်ကာ အဆုံးမဲ့တာအိုများအပေါ်တွင် ရပ်တည်နိုင်မှသာလျှင် ဧကရာဇ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။
သို့သော် ထိုနယ်ပယ်၏ အဆုံးမဲ့တာအိုများသည် ကမ္ဘာငယ်လေးတစ်ခု၏ အဆုံးမဲ့တာအိုများသာ ဖြစ်ရာ အဆုံးမဲ့တာအို ဥပဒေသများမှာ မပြည့်စုံသလို တတ်မြောက်ထားသည်မှာလည်း ကျိန်းသေပေါက် မပြည့်စုံသော အဆုံးမဲ့တာအို တစ်ခုသာ ဖြစ်သည်။
သို့သော် တာအိုဘိုးဘေးအဆင့် သို့မဟုတ် ဧကရာဇ်အဆင့်သို့ ရောက်ရှိသောအခါ ကောင်းကင်ဘုံ၏ စစ်မှန်၍ ပြီးပြည့်စုံသော တာအိုတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်၏။
အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်အဆင့် ဆိုသည်မှာ လူသားတာအို ဧကရာဇ်အဆင့်၏ အထွတ်အထိပ်ကို အကြမ်းဖျင်း တုပထားခြင်းမျှသာ ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ ကုချန် တစ်ချိန်က ရောက်ရှိခဲ့သော ဧကရာဇ်အဆင့်သည်လည်း ဤစစ်မှန်သော ဧကရာဇ်အဆင့်၏ အတုအပတစ်ခုမျှသာ ဖြစ်မနေဘူးလော။
မဟာတာအို သုံးထောင်ထဲမှ တစ်ခုကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းအား တာအိုဘိုးဘေးဟု ခေါ်ဆိုနိုင်ပါက မဟာတာအို သုံးထောင်လုံးကို ထိန်းချုပ်နိုင်သူဆိုလျှင်ကော။
အချိန်မြစ်၏အဆုံးတွင် သူ မြင်တွေ့ခဲ့ရသော အဆုံးအစမဲ့သည့် မဟာတာအို ကောင်းကင်တိုင်ကြီးများကို ကုချန် မတွေးဘဲ မနေနိုင်ခဲ့ချေ။
မဟာတာအို ကောင်းကင်တိုင်တစ်ခုစီသည် ပြီးပြည့်စုံသော တာအိုတစ်ခုကို ကိုယ်စားပြု၏။
အကယ်၍ တစ်စုံတစ်ယောက်က တာအိုသုံးထောင်လုံးကို ထိန်းချုပ်နိုင်မည်ဆိုပါက မည်သို့သော တည်ရှိမှုမျိုး ဖြစ်လာမည်နည်း။
ကုချန်၏အတွေးများ ပျံ့လွင့်သွားကာ နတ်ဆိုးဧကရာဇ်အဆင့်သို့ အမြန်ဆုံး တက်လှမ်းလိုစိတ်များ ပိုမိုပြင်းပြလာခဲ့၏။
" ကောင်းပြီ... ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့... ငါ သွားတော့မယ်... ကွေ့ရွှီးနယ်မြေ ပွင့်လာရင် ငါ့ကို အကြောင်းကြားလိုက် "
ကုချန်သည် ညွှန်ကြားချက်တစ်ခုပေးပြီးနောက် နတ်ဆိုးဧကရာဇ်နန်းတော်မှ ထွက်ခွာလာခဲ့၏။ အနှစ်ငါးဆယ်ကျော်မျှသာ လိုတော့သဖြင့် သူကိုယ်တိုင်လည်း ပြန်သွား၍ သေချာစွာ ပြင်ဆင်ထားရန် လိုအပ်ပေသည်။
... ... ... ...
အင်မော်တယ်နယ်မြေ... ကောင်းကင်ဘုံရှင်သန်ခြင်းတားမြစ်နယ်မြေအတွင်းတွင်.....
ကုချန်သည် တင်ပလ္လင်ခွေ ထိုင်လျက် မျက်လုံးများကို အနည်းငယ် မှိတ်ထား၏။ သူ၏ အသိစိတ်ပင်လယ်ထဲတွင် အဆုံးမဲ့တာအို မီးဖိုကြီးမှာ ပြင်းထန်စွာ လောင်ကျွမ်းနေဆဲဖြစ်သည်။ အသိစိတ်ပင်လယ်အထက်တွင် မရေမတွက်နိုင်သော စက္ကူဝါလေးများ အဆက်မပြတ် လွင့်ဝဲဆင်းသက်လာ၍ အောက်ဘက်ရှိ အဆုံးမဲ့တာအို မီးဖိုကြီးထဲသို့ ကျရောက်ကာ လောင်စာများအဖြစ် ပြောင်းလဲသွားပြီး တာအိုမီးတောက်ကို ပိုမိုပြင်းထန်စွာ လောင်ကျွမ်းစေ၏။
ဤအနှစ်တစ်ရာအတွင်း ကုချန်၏ ပင်မခန္ဓာကိုယ်သည် နတ်ဆိုးနယ်မြေရှိ ဒုတိယကိုယ်ပွားကဲ့သို့ လျင်မြန်စွာ တိုးတက်လာခြင်း မရှိသော်လည်း မှန်မှန် တိုးတက်နေဆဲပင်။
အထူးသဖြင့် အတိတ်က ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းရာထဲရှိ ဧရာမအလောင်းကောင်ကြီးထံမှ ရရှိခဲ့သော ကံကြမ္မာအကျိုးပေးသည် ကုချန်၏ အသိစိတ်ပင်လယ်ကို အဆက်မပြတ် အားဖြည့်ပေးနေဆဲဖြစ်ကာ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" အား နားလည်သဘောပေါက်မှုကို တိုးတက်စေလျက်ရှိသည်။
" အနှစ်ငါးဆယ်ကျော်ပဲ ကျန်တော့တယ်... ကွေ့ရွှီးနယ်မြေထဲမှာ ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း နည်းလမ်းကို သုံးလို့ရနိုင်မလား မသိဘူး "
ကုချန်သည် စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်၏။
ရှာနာနတ်ဆိုးဧကရာဇ်၏ စကားအရ ကွေ့ရွှီးနယ်မြေသည် ကျယ်ပြောလှသော ကောင်းကင်ဘုံများနှင့် မသက်ဆိုင်ဘဲ သီးခြားဖြစ်တည်နေသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေသည်။
ကုချန်၏ ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း နည်းလမ်းကို ကောင်းကင်ဘုံရှိ မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်သော်လည်း ကွေ့ရွှီးနယ်မြေထဲတွင် အသုံးပြုနိုင်၊ မနိုင် ပြောရန် ခက်ခဲ၏။
အကယ်၍ ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း နည်းလမ်းကို အသုံးမပြုနိုင်ပါက ကုချန်အနေဖြင့် အကြီးမားဆုံး တိုက်ကွက်ကို ဆုံးရှုံးသွားမည်ဖြစ်ရာ ယင်းအား ကုချန် မမြင်တွေ့လိုသည်မှာ အသေအချာပင်။
သို့သော် ကွေ့ရွှီးနယ်မြေ၏ ဝင်ပေါက်မှာ နတ်ဆိုးနယ်မြေတွင် ရှိနေသဖြင့် သူ၏ ပင်မခန္ဓာကိုယ်ရော၊ တတိယကိုယ်ပွားပါ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်ပေသည်။
သူ့ကိုယ်သူ တိုက်ကွက်အနည်းငယ် ထပ်တိုးနိုင်မည့် နည်းလမ်းများကို ကုချန် စဉ်းစားနေစဉ်မှာပင် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
ကောင်းကင်ဘုံရှင်သန်ခြင်းတားမြစ်နယ်မြေဆီသို့ ချဉ်းကပ်လာသော တင့်တယ်လှပသည့် ပုံရိပ်တစ်ခုကို သူ ခံစားလိုက်ရ၏။
ထိုတင့်တယ်လှပသော ပုံရိပ်မှာ အခြားသူမဟုတ်ဘဲ လဝိညာဉ်ကောင်းကင်ဘုံ၏ အရှင်သခင်ဖြစ်သော ယွဲ့လင်အင်မော်တယ်ဘုရင်ပင် ဖြစ်လေသည်။
သူက ဘာကြောင့် ငါ့ကို လာရှာရတာလဲ။
ကုချန်သည် အနည်းငယ် စပ်စုလိုစိတ်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်မိ၏။
ယွဲ့လင်အင်မော်တယ်ဘုရင်ကို သူ ကယ်တင်ခဲ့၍ အနှစ်တစ်သိန်းကြာ ကုချန်ထံ အစေခံရန် သဘောတူညီချက် ရရှိပြီးကတည်းက သူသည် ကုချန်အပေါ် အပေါ်ယံတွင် လွန်စွာ ရိုသေလေးစားသော်လည်း စင်စစ်တွင်မူ သူသည် ကုချန်ကို ရှောင်ဖယ်နေခဲ့၍ သူ မဆင့်ခေါ်သရွေ့ ကုချန်နှင့် သိပ်အဆက်အသွယ် လုပ်လေ့မရှိပေ။
သို့သော် ယခု သူသည် ဘာကြောင့် ရုတ်တရက် သူ့ဆီ ရောက်လာရသနည်း။
ကောင်းကင်ဘုံရှင်သန်ခြင်းတားမြစ်နယ်မြေအတွင်းတွင်.....
ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့ရှေ့ရှိ ကောင်းကင်ဘုံရှင်သန်ခြင်းတားမြစ်နယ်မြေကို ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏ လှပသောမျက်လုံးများထဲတွင် အနည်းငယ် စိုးရိမ်ထိတ်လန့်မှုများ ရှိနေလေသည်။
ပြီးခဲ့သည့် အနှစ်နှစ်ရာအတွင်း ကုချန်သည် သူ့ကို ဆင့်ခေါ်ခြင်း မရှိသလို မည်သည့်တာဝန်ကိုမျှလည်း မပေးခဲ့ပေ။
ဤအချက်က ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိတ်ကို များစွာ သက်သာရာရစေခဲ့ပြီး အကယ်၍ အခြေအနေများ ဤအတိုင်း ဆက်သွားမည်ဆိုပါက အနှစ်တစ်သိန်း ဆိုသည်မှာလည်း သည်းခံရ ခက်ခဲမည် မဟုတ်ဟု ထင်မှတ်စေခဲ့သည်။
သို့သော် မကြာသေးမီက ဖြစ်ရပ်တစ်ခုကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်ကို မဖြစ်မနေ လာရောက်တွေ့ဆုံခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင် ရှောင်လင်ဧကရီထံမှ အမိန့်တစ်ခု ရရှိခဲ့သောကြောင့်ပင်။
ထိုအမြင့်ဆုံးဧကရာဇ်မှ ကုချန်ကို တွေ့လိုကြောင်း အထူးတောင်းဆိုလာခဲ့၏။
ကုချန်ကို တွေ့ရန် သူ့ကို ဘာကြောင့် အကြောင်းကြားရသနည်း။
ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ ရှောင်လင်ဧကရီသည် ကုချန်နှင့် သူ၏ ဆက်ဆံရေးကို သိထားပြီးဖြစ်ကာ ကောင်းကင်ဖုံးလွှမ်းအရှင်နှင့် အခြားသူများ သေဆုံးရခြင်း၏ နောက်ကွယ်မှ အမှန်တရားကိုလည်း ကျိန်းသေပေါက် သိထားပြီးဖြစ်ပေမည်။
ဤအချက်က ယွဲ့လင်အင်မော်တယ်ဘုရင်ကို စိုးရိမ်မကင်း ဖြစ်စေခဲ့၏။ ရှောင်လင်ဧကရီသည် အဖြစ်အပျက်များကို မသိခဲ့သည် မဟုတ်ဘဲ အားလုံးသိနေသော်လည်း ဝင်မစွက်ဖက်ရန် ရိုးရှင်းစွာ ရွေးချယ်ခဲ့ခြင်းသာ ဖြစ်သည်။
ထို့အပြင် ရှောင်လင်ဧကရီသည် ယခု ကုချန်ကို ဘာကြောင့် အထူးတောင်းဆိုပြီး တွေ့ချင်ရသနည်း။
သူတို့နှစ်ဦး သိနေကြလို့လား။
" ရှောင်လင်ဧကရီက ငါ့ကို တွေ့ချင်တယ်လို့ အထူးတောင်းဆိုလာတာလား "
အထက်ကောင်းကင်ဘုံ ပင်မခန်းမဆောင်အတွင်း၌ ယွဲ့လင်အင်မော်တယ်ဘုရင် လာရောက်ရခြင်း အကြောင်းရင်းကို နားထောင်ရင်း ကုချန်မှာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရ၏။
ထိုရှောင်လင်ဧကရီသည် ဘာကြောင့် သူ့ကို တွေ့ချင်ရသနည်း။
" အရှင်သခင်က ရှောင်လင်ဧကရီကို မသိဘူးလား "
ကုချန်၏တုံ့ပြန်မှုကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကုချန်နှင့် ရှောင်လင်ဧကရီတို့ မသိကြကြောင်း အကြမ်းဖျင်း ခန့်မှန်းမိသွား၏။
" အင်း မသိဘူး "
ကုချန်သည် ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်၏။ သူ အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာသည်မှာ ဘယ်နှစ်နှစ် ရှိသေးသနည်း။ အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့် ဘယ်လိုလုပ်၍ မိတ်ဆွေဖြစ်နိုင်မည်နည်း။
" ကျွန်မရဲ့ လဝိညာဉ်ကောင်းကင်ဘုံက လဝိညာဉ်အင်မော်တယ်ဘုရင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာပါ "
ကုချန်သည် ရှောင်လင်ဧကရီဖြစ်သည့် ဝိညာဉ်အင်မော်တယ်ဘုရင်အကြောင်း လုံးဝမသိသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူသိသမျှ အချက်အလက်အားလုံးကို စတင် မိတ်ဆက်ရှင်းပြလေသည်။
" ဒါပေမယ့် ရှောင်လင်ဧကရီက အမြဲတမ်း လောကီရေးရာတွေကနေ ကင်းကွာနေတတ်တော့ သူ့ရဲ့ လက်အောက်မှာရှိတဲ့ အင်မော်တယ်ဘုရင်တွေကို ပုံမှန်အားဖြင့် သိပ်ပြီး ဝင်မစွက်ဖက်ပါဘူး "
" ဒါပေမယ့် ရှောင်လင်ဧကရီက မြင့်မားလွန်းတဲ့ အဆင့်အတန်းရှိတယ်လို့ ဆိုကြပါတယ်... အင်မော်တယ်နယ်မြေထဲက အင်မော်တယ်ဧကရာဇ်တွေထဲမှာတောင်မှ ဝိညာဉ်အင်မော်တယ်ဘုရင်ဖြစ်တဲ့ ရှောင်လင်ဧကရီက အရှေးအကျဆုံး အင်မော်တယ်ဧကရာဇ်တွေထဲက တစ်ပါးပါပဲ! "